အခန်း (၅၈)
Vol. 4 Ch. 58
သစ်တော၏အစွန်တွင် ဓားပျံတစ်လက်က လေထဲ၌ ပျံဝဲနေခဲ့သည်။ မိသားစုစည်းမျဉ်းများ ချမှတ်ထားသော အကြီးအကဲတစ်ယောက်ကို တွေ့မြင်နေရသည့် ပညာတတ် မိန်းကလေးတစ်ယောက်က မျက်လွှာချပြီး အေးအေးဆေးဆေးရပ်နေသလို ပုံစံမျိုးဖြစ်နေသည်။
ဓားပျံ၏ ဘေးနားတွင်တော့ ခရီးသွားခဲ့ရသည့်အတွက် ပင်ပန်းနေပုံရသော သက်လတ်ပိုင်းအရွယ် ကွန်ဖြူးရှပ်စာသင်သားတစ်ယောက် ရပ်နေခဲ့သည်။ သူ၏ခေါင်းပေါ်တွင် ရှိနေခဲ့သော ဆံပင်တချို့ကပင် ဖြူနေခဲ့၏။
အကယ်၍ ကျိုးယောင်နှင့် စုန့်ကျိရှင်းတို့ နှစ်ယောက်ကသာ ဤနေရာ၌ ရှိနေခဲ့မည်ဆိုလျှင် ထိုစာသင်သား၏ ဆံပင်များက အနည်းငယ်ပိုဖြူလာကြောင်း သတိထားမိကြပါလိမ့်မည်။
ဓားပျံ၏ထိပ်ဖျားကတော့ ကျန့်ယန်တောင်မှ တောင်ရွှေ့လူဝံကြီးကို ချိန်ထားခဲ့သည်။ သူ့ခန္ဓာကိုယ်ထဲမှနေ၍ သူသေကိုယ်သေ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့၏။
နောက်ဆုံးတွင်တော့ ကျန့်ယန်တောင်မှ လူဝံကြီးက မနေနိုင်တော့ဘဲ လေးလေးနက်နက် မေးလိုက်မိသည်။
“စစ်တောင်တန်းက လူတွေက သွားလို့ရပြီး ဘာလို့ ငါက သွားလို့မရရတာလဲ။ ဆရာချီ… အဲဒါက မလွန်လွန်းဘူးလား…”
ထိုကဲ့သို့ မျက်နှာချင်းဆိုင် မေးခွန်းထုတ်နေခြင်းက အလွန်ရိုင်းစိုင်းသော်လည်း တောင်ရွှေ့လူဝံကြီးကတော့ မသင့်တော်သည့်အရာဟု တွေးမိခဲ့ခြင်း မရှိသေးပေ။ စစ်တောင်တန်းက အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် စစ်ကျောင်း အထွဋ်အမြတ်နယ်မြေတစ်ခု ဖြစ်သော်လည်း စည်းလုံးမှုမရှိသည့်အပြင် အစွမ်းထက်သော ဂိုဏ်းတစ်ဂိုဏ်းဟူသည့် အရာတစ်ခုလည်း မရှိချေ။
ကြီးမြတ်သောစွမ်းအားများ ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများ၊ ပညာရှင်များက စစ်တောင်တန်းမှ အဖွဲ့သားများကဲ့သို့ ပို၍တူညီနေကြ၏။ စစ်တောင်တန်း၏ စည်းမျဉ်းများက ကြီးမားပြီး ဗလာဖြစ်နေသည်ဟု နာမည်ကျော်ကြားသည်။ သူတို့ကို ချုပ်နှောင်ထားသည်ဟု သတ်မှတ်၍ မရနိုင်သည့်အတွက် မည်သို့စည်းလုံးနိုင်မည်နည်း။
ပင်ပန်းနေပုံရသော ချီကျင့်ချွန်က ဓားပျံကို အရင်ဆုံးပြောလိုက်သည်။
“သွားတော့... မင်းရဲ့သခင်က အခု အဆင်ပြေသွားပြီ…”
ဓားပျံကတော့ ခွင့်ပြုချက်ကို ရလိုက်သည့်အလား ဝမ်းမြောက်ဝမ်းသာ လှုပ်ရှားပြီး ချက်ချင်း ပြန်လှည့်၍ အဝေးကို ပျံသန်းသွားခဲ့၏။
တောင်ရွှေ့လူဝံကြီးက အကြောင်းပြချက်ကို စဉ်းစားမိသွားသည့်အတွက် ပိုမို၍ဒေါသထွက်သွားခဲ့၏။
“အဲဒီမိန်းကလေးက တကယ်ပဲ ဆရာချီရွေးချယ်ထားတဲ့ လူတစ်ယောက် ဖြစ်နေတာပဲ။ တကယ်လို့ ဆရာချီက လျှိုမိသားစုဓားသိုင်းကျမ်းကို စိတ်ဝင်စားနေတယ်ဆိုရင်လည်း ငါ့ကိုပြောလို့ရတယ်။ အဲဒီအရာက လေမိုးကြိုးဥယျာဉ်ရဲ့လက်ထဲကို ရောက်မသွားသ၍ ဆရာချီက သူ့ကို အမည့်မဲ့တပည့်အဖြစ် ခေါ်လိုက်မယ်ဆိုရင်တောင် ကိစ္စမရှိဘူး။ ဒါပေမဲ့ ဆရာချီ... ခင်ဗျားက အရမ်းကို သိုဝှက်လွန်းတယ်။ ဘာကြောင့် ဒီလိုမျိုး လုပ်ချင်ရတာလဲ။ အထိန်းအမှတ်အဆောက်အဦးတစ်ခု တည်ဆောက်ချင်လို့လား။ ခင်ဗျား ချီကျင့်ချွန်က အကျိုးအမြတ်တွေကို တိတ်တဆိတ် ယူဆောင်ပြီး ကျန့်ယန်တောင်ကတော့ ဆိုးရွားတဲ့ နာမည်ဂုဏ်သတင်းကို ရင်ဆိုင်ရမှာလား…”
အကယ်၍ မူလစွပ်စွဲချက်များနှင့် မေခွန်းများက ဒေါသကြောင့် ပြောလိုက်ခြင်းဆိုလျှင်ပင် တောင်ရွှေ့လူဝံကြီး၏ စော်ကားသည့် စကားလုံးများက အတော်လေးကို ပြင်းထန်လှသည်။
ချီကျင့်ချွန်၏ အမူအယာကတော့ ပုံမှန်အတိုင်းသာဖြစ်ပြီး သူက ဖြည်းညင်းစွာ ပြောလိုက်၏။
“ငါ ချီကျင့်ချွန်က ဒီနေရာကို နှစ်ပေါင်း(၆၀)နီးပါးလောက် ထိန်းချုပ်လာရတဲ့ ကွန်ဖြူးရှပ်ကျောင်းတော်သားတစ်ယောက်ပဲ။ ငါ မင်းကို ရှင်းပြသင့်တဲ့ အရာတချို့ရှိတယ်။ ပထမဆုံး ငါနဲ့ အဲဒီမိန်းကလေးနဲ့ ဘာမှမပတ်သက်ဘူး။ သူက အရမ်းထူးချွန်တယ်ဆိုတာကိုတော့ ငါတွေ့ခဲ့တယ်။ အရှေ့ပိုင်းကုန်းမြေကြီးရဲ့ ဓားတာအိုတစ်စိတ်တစ်ပိုင်းဖြစ်တဲ့ ချီ၊ကျွဲ၊တိုက်ခိုက်ခြင်းဆိုတဲ့ စကားလုံး(၄)လုံးရှိတယ်။ မိန်းကလေးက အဲဒီဆိုင်းဘုတ်အောက်မှာ ရပ်နေတဲ့အချိန် စကားလုံး(၄)လုံးက သူနဲ့ အလိုလို ဆက်သွယ်လာခဲ့တယ်…”
“ဒါပေမဲ့ အဲဒီမိန်းကလေး ဓားဖန်တီးထားတဲ့ပစ္စည်းက စကားလုံး(၄)လုံးကို ထောက်ပံ့ရလောက်အောင် မလုံလောက်ဘူး။ ဒါကြောင့် ငါက စကားလုံး(၂)ခုကိုယူပြီး သူ့ဓားထဲကို ပေါင်းထည့်ပေးခဲ့တယ်။ ငါနဲ့ အဲဒီမိန်းကလေးရဲ့ ပတ်သက်မှုက အဲဒီနေရာမှာပဲ အဆုံးသတ်သွားပြီ။ မင်းထင်ထားသလို သူက ငါ ရွေးချယ်ထားတဲ့ တရားမဝင် တပည့်တစ်ယောက် မဟုတ်ဘူး..”
ချီကျင့်ချွန်က ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလို ရယ်လိုက်မိသည်။
“တကယ်လို့ ငါသာ ငါ့လူတွေဆီကနေ အရှက်မရှိ ခိုးယူချင်တယ်ဆိုရင် အပြင်လူတွေက ဘာများတတ်နိုင်မှာလဲ။ ငါက ဓားသိုင်းကျမ်းလေးတစ်ခုအတွက်နဲ့ လူတစ်ယောက်ရဲ့ အိပ်မက်တွေကို ဖျက်ဆီးပစ်ရမှာလား။ ငါ ချီကျင့်ချွန်က အဲဒီအရာတွေကို လုပ်ဆောင်ဖို့ နှစ်ပေါင်း(၆၀)လောက် အစီအစဉ်ဆွဲဖို့ လိုအပ်လို့လား..”
ကျန့်ယန်တောင်မှ ထိပ်တန်းပညာရှင် တစ်ယောက်ဖြစ်သော တောင်ရွှေ့လူဝံကြီးက လှည့်စားမှုများ၊ လှည့်ကွက်များကို တွေ့မြင်ခဲ့ရသည်။ သူက အထွဋ်အထိပ်တွင် ရှိနေသော ပညာရှင်များ၊ အင်မော်တယ်များ၏ အစွမ်းထက်သော နည်းလမ်းပေါင်းစုံကိုလည်း တွေ့ခဲ့ဖူး၏။ သူက ကွန်ဖြူးရှပ်စာသင်သား တစ်ယောက်၏ စကားကို မည်မျှအလွယ်တကူယုံကြည်နိုင်မည်လော။
သို့သော် မူလတုန်းက စကားလုံးများနှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ သူ့ပုံစံက အတော်လေးကို တည်ငြိမ်နေခဲ့သည်။
“ဒါဆိုရင် ငါက လူကြီးလူကောင်း တစ်ယောက်ရဲ့နှလုံးသားကို လူဆိုးတစ်ယောက်ရဲ့ပေတံနဲ့ တိုင်းမိသလိုဖြစ်နေတာလား…”
ချီကျင့်ချွန်က တောင်ရွှေ့လူဝံကြီးကို ကြည့်လိုက်သည်။
“ငါ ဒီကိုလာပြီး မင်းကို တားဆီးရတဲ့ အကြောင်းပြချက်နဲ့ စစ်တောင်တန်းက လူတွေကို သွားခွင့်ပေးလိုက်တဲ့ အကြောင်းပြချက်က အရမ်းရိုးရှင်းတယ်။ စစ်တောင်တန်းရဲ့ အမှန်တရား(၂)ခုဖြစ်တဲ့ အစစ်အမှန် လူကြီးလူကောင်းတစ်ယောက်နဲ့ အစစ်အမှန်လူဆိုးဆိုတဲ့ စကားလုံးကို လူတော်တော်များများက ဟာသလုပ်နေကြတယ်။ ဒါကြောင့် စစ်တောင်တန်းက ကျင့်ကြံသူပြောတဲ့ စကားတိုင်းကို ငါက ယုံကြည်ပေးနိုင်တယ်…”
“ဒါပေမဲ့ မင်းကတော့ မတူဘူး။ မင်းက လျှိုရှန်းယန်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် တိုက်ခိုက်ခဲ့ပြီး သူ့ရဲ့အနာဂတ်ကို ဖျက်ဆီးခဲ့တယ်။ ပြီးတော့ မင်းက မြို့ထဲကနေ ဖယ်ရှားမခံရအောင် သူ့အသက်ကိုတောင် တမင်တကာ လွှတ်ပေးခဲ့တယ်။ မင်းလိုလူမျိုးတွေက...”
ထိုအချိန်တွင် ချီကျင့်ချွန်က ပြုံးလိုက်သည်။
“ငါမေ့တော့မလို့... မင်းက လူမှမဟုတ်တာ…”
တောင်ရွှေ့လူဝံကြီးက မျက်မှောင်ကြုတ်လိုက်မိပြီး လက်သီးကို တင်းတင်းဆုပ်လိုက်မိသည့်အတွက် အရိုးအဆစ်များကပင် အသံများ မည်လာခဲ့သည်။ အကယ်၍ သူတို့၏ ကမ္ဘာမကြေရန်သူဖြစ်သော လေမိုးကြိုးဥယျာဉ် သို့မဟုတ် သူတို့ကို မကြိုက်သော ကျန့်ယန်တောင်မှ ကျင့်ကြံသူများက သူ့ကို ထိုကဲ့သို့လှောင်ပြောင်သရော်လိုက်မည်ဆိုလျှင် နှစ်ပေါင်း(၁၀၀၀)ကျော် အသက်ရှင်နေထိုင်ခဲ့သော လူဝံကြီးက စိတ်ထဲထည့်ထားလိမ့်မည်မဟုတ်ချေ။
သို့သော် သူ့ရှေ့တွင် ရှိနေသော သက်လတ်ပိုင်းအရွယ် စာသင်သားက တည်ငြိမ်အေးချမ်းသောလေသံနှင့် ပြောနေသည့်အတွက် တောင်ရွှေ့လူဝံကြီးက အရှက်ခွဲခံရသလို ခံစားမိနေခဲ့သည်။
ချီကျင့်ချွန်က တောင်ရွှေ့လူဝံကြီး၏ဒေါသကို လုံးဝသတိမထားမိခဲ့ပေ။ သူက ဆက်ပြောလိုက်၏။
“ငါ မင်းကို တားလိုက်တယ်ဆိုတာ ကျန့်ယန်တောင်အတွက် ရည်ရွယ်ပြီး တားဆီးလိုက်တာပဲ။ မင်းတို့ရဲ့တိုက်ပွဲမှာ မိန်းကလေးက သူ့ရဲ့အသက်ပစ္စည်းကို သုံးလုနီးပါး ဖြစ်ခဲ့တယ်။ မင်းက ကျန့်ယန်တောင်ကဆိုတော့ ဓားချီစွမ်းအင်တွေ၊ ဓားဆန္ဒတွေကို နှစ်ပေါင်း(၁၀၀၀)လောက် ရင်ဆိုင်ဖူးမှာပေါ့။ မင်းက အဲဒီဖိအားကို မခံစားမိဘူးလား…”
“ဒီမိန်းကလေးက သေခါနီးဆဲဆဲ ရုန်းကန်နေရုံပဲလေ။ ဆရာချီက ဒီလိုတာအိုမှော်အစွမ်း နည်းနည်းလေးကိုသုံးပြီး ခြိမ်းခြောက်ချင်သေးတာလား..”
လူဝံကြီးက အားရပါးရရယ်လိုက်ပြီး နားလည်ချင်ယောင်ဆောင်လိုက်သည်။
“မင်းရဲ့ဆရာက အသက်ကြီးလာတဲ့အတွက် သူ့ရဲ့ကြီးမြတ်မှုကို ဆုံးရှုံးသွားတယ်လို့ လူတစ်ယောက်က ပြောခဲ့တယ်။ သူ့ရဲ့အဆင့်အတန်းကလည်း ထပ်ခါထပ်ခါ နိမ့်ကျလာခဲ့တာ။ အဆုံးမှာတော့ သူက ကွန်ဖြူးရှပ်ကျောင်းတော်ကနေ နေရာဖယ်ပေးလိုက်ရပြီး အပိုင်းပိုင်းအစစ ပျက်စီးသွားခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ ငါက မယုံခဲ့ဘူး။ ကွန်ဖြူးရှပ်ကျောင်းတော်ရဲ့(၄)ယောက်မြောက် သူတော်စင်လို့ တွေးထားခဲ့တဲ့အတွက် အနာဂတ်မှာ ဒဏ္ဍာရီထဲက တာအိုသခင်ကို တွေ့ခွင့်ရခဲ့မယ်ဆိုရင်တောင် အနည်းဆုံးတော့ စကားနည်းနည်းပဲပြောတဲ့ စာသင်သားတစ်ယောက်ဖြစ်နေမှာပဲ။ ဒါပေမဲ့ ကြည့်ရတာတော့ မင်းဆရာ မင်းကို ပေးခဲ့တဲ့ စာသင်သားမျိုးဆက်ကတော့ မျိုးဆက်(၂)ဆက်အကြာမှာ ပြတ်တောက်သွားရတော့မယ်…”
“လူကြီးလူကောင်းတစ်ယောက်ရဲ့ ဂုဏ်သတင်းက မျိုးဆက်(၅)ဆက်ပြီးမှပဲ ပြတ်တောက်ရလိမ့်မယ်လို့ ဘယ်သူက ပြောခဲ့တာလဲ။ မင်းတို့ရဲ့ စာသင်သားမျိုးဆက်က ဘာလို့ဒီလောက်တောင် အသုံးမကျရတာလဲ။ မင်းရဲ့ဆရာက စကားကြီးစကားကျယ်ပြောရတာကို သဘောကျတာများဖြစ်နိုင်မလား။ သူက အတိတ်နဲ့ အနာဂတ်ကို ဖန်တီးနိုင်တဲ့ ကွန်ဖြူးရှပ်သူတော်စင် တစ်ယောက်မဟုတ်ဘူး။ သူက နှစ်ပေါင်း(၁၀၀၀)လောက် လုံးဝပေါ်မလာဖူးတဲ့ လူလိမ်တစ်ယောက် သက်သက်ပဲ…”
ချီကျင့်ချွန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသော်လည်း တောင်ရွှေ့လူဝံကြီး၏ စကားကို စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် ကြားဖြတ်မပြောဘဲ တိတ်တဆိတ်နားထောင်နေခဲ့သည်။
လူဝံအိုကြီးက ကျေနပ်စွာ ရယ်လိုက်၏။ သူက ရှေ့ကိုတက်လာပြီး စာသင်သားကို လက်ညှိုးထိုးလိုက်သည်။
“ချီကျင့်ချွန် …
မင်းတို့စာသင်သားတွေက လောကကျင့်ဝတ်တွေ ချိုးဖောက်မိမှာကို အကြောက်ဆုံး မဟုတ်လား။ ငါက စည်းမျဉ်းတွေအတိုင်း လုပ်ဆောင်နေတယ်။ မင်း ငါ့ကို ဘာလုပ်နိုင်မှာလဲ…”
ချီကျင့်ချွန်က မြို့ကို လှည့်ကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိသည်။ သူက တောင်ရွှေ့လူဝံကြီးကို နောက်တစ်ကြိမ်ကြည့်ပြီး ပြန်မေးလိုက်၏။
“မင်းပြောလို့ပြီးပြီလား…”
တောင်ရွှေ့လူဝံကြီးက မှင်တက်သွားခဲ့သသည်။ သူက သက်လတ်ပိုင်းအရွယ် စာသင်သားကို ခြေဆုံးခေါင်းဆုံးကြည့်လိုက်ပြီး လက်ညှိုးကို ရုတ်သိမ်းလိုက်၏။
“ပျင်းစရာကောင်းလိုက်တာ။ ရွှံ့ရုပ်ထုတစ်ခုကမှ စိတ်နေသဘောထားရှိဦးမယ်။ စာသင်သားတစ်ယောက်ဆီမှာ ပိုကောင်းတဲ့သဘောထားရှိမယ်လို့ ငါလည်း မထင်ထားဘူး။ သူက ကြိမ်းမောင်းနေတဲ့အချိန်မျိုးမှာတောင် ပြန်မပြောခဲ့ဘူးပဲ..”
ချီကျင့်ချွန်က အပြုံးနှင့် ပြောလိုက်သည်
“မင်းက သိချင်ရင် စမ်းကြည့်နိုင်တယ်လေ…”
တောင်ရွှေ့လူဝံကြီးက စိတ်လှုပ်ရှားသလို ထင်မှတ်ရသော်လည်း တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ လူဝံကြီးက မေးလိုက်၏။
“ချီကျင့်ချွန် …
မင်းက ငါ့ကိုဝင်သွားဖို့ တာဆီးဦးမှာလား…”
ချီကျင့်ချွန်က ပြန်ဖြေလိုက်၏။
“ကျန့်ယန်တောင်က အကျိုးဆက်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး…”
လူဝံကြီးက လေးလေးနက်နက် ပြန်မေးလိုက်သည်။
“တကယ်ပဲလား…”
ချီကျင့်ချွန်ကတော့ လျှို့ဝှက်ဆန်းကြယ်နေသယောင် ဟန်ဆောင်နေခြင်းမရှိသလို လူဝံကြီး၏ဒေါသအတွက် လမ်းဖယ်ပေးလိုခြင်းလည်း မရှိချေ။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။
“ဟုတ်တယ် တကယ်ပဲ…”
ကျန့်ယန်တောင်မှ လူဝံကြီးက မေးစေ့ကို လက်နှင့် ပွတ်လိုက်သည်။ နောက်ဆုံးတွင်တော့ သူက ချီကျင့်ချွန်ကိုကြည့်လိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။
“အဲဒီကောင်စုတ်လေးနှစ်ယောက်က ကံကောင်းသွားတယ်။ သူတို့ကိုပြောလိုက်..။ ငါ သူတို့ကိုထပ်ပြီးမမြင်ချင်ဘူး…”
လူဝံကြီးက ပြန်လှည့်ပြီး အဝေးသို့ ထွက်ခွာသွားခဲ့သည်။ ထို့နောက် သူက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး ချီကျင့်ချွန်ကို လက်မထောင်ပြလိုက်၏။ တဖြည်းဖြည်းနှင့် လက်မက ပြောင်းပြန်ဖြစ်သွားပြီး အောက်သို့စိုက်သွားခဲ့သည်။
ချီကျင့်ချွန်က မီးခိုးရောင်ဖြစ်နေသော ကောင်းကင်ကြီးကို မော့ကြည့်လိုက်၏။ မိုးရွာတော့မည်ဖြစ်သည်။ ရုတ်တရက်ဆိုသလို မြို့ထဲမှ အသံတစ်ခုကိုကြားလိုက်ရ၏။ ထိုအရာကတော့ စစ်တောင်တန်းမှကျင်ကြံသူ၏တောင်းဆိုမှုဖြစ်သည်။ ချီကျင့်ချွန်က သူ့ကိုခွင့်ပြုပြီး စစ်တောင်တန်းမှ ကိုးကွယ်သော နတ်ဘုရားတစ်ပါးကို ဖိတ်ခေါ်ခွင့်ပြုရန် မျှော်လင့်နေခြင်းဖြစ်သည်။
ချီကျင့်ချွန်က ခေါင်းညိတ်ပြီး တိုးတိုးလေး ပြောလိုက်၏။
“ကောင်းပါပြီ…”
ချီကျင့်ချွန်က ထိုစကားကို ပြောလိုက်သည်နှင့် တပြိုင်နက် လူတချို့က သူတို့၏ခေါင်းပေါ်ကို မော့ကြည့်လိုက်ကြသည်။ ကောင်ကင်ကြီးပေါ်တွင် ရွှေရောင်အလင်းစက်တစ်ခု ပေါ်လာခဲ့၏။ ထို့နောက် အလွန်အမင်းကို ပါးလွှာသော ရွှေရောင်မျဉ်းကြောင်းလေးတစ်ခုက ကောင်းကင်ကြီးပေါ်မှ ဆင်းသက်လာခဲ့ပြီး မျက်စိတမှိတ်အတွင်း မြို့ငယ်လေးထဲကို ကျရောက်လာခဲ့သည်။
“ဆရာချီလား…”
ချီကျင့်ချွန်က သူ့နောက်မှနေ၍ လူငယ်တစ်ယောက်၏အသံကို ကြားလိုက်ရသည်။ ချီကျင့်ချွန်က ပြန်လှည့်ကြည့်လိုက်ရာ သူ့ဆီကို ပြေးလာနေသော လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်ကို မြင်လိုက်ရ၏။
အစိမ်းရင့်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော မိန်းမပျိုကို မြင်လိုက်ရသည့်အချိန်တွင် သူက သက်ပြင်းချလိုက်မိသည်။ စာသင်သားလေး ကျိုးယောင်ကတော့ သူမကိုမြင်မြင်ချင်း သဘောကျသွားခဲ့၏။ ထိုမိန်းကလေးက တခြားလူများ၏ နှလုံးသားကို ထိခိုက်စေနိုင်သော ဓားတစ်လက်ဖြစ်ကြောင်း သူက ထိုလူငယ်လေးကို ပြောခဲ့ဖူးသည်။ ထိုအရာက မည်သည့်အရာဖြစ်ကြောင်း လူငယ်လေးကျိုးယောင်က မသိခဲ့သလို သူ့စကား၏ အဓိပ္ပာယ်ကို နားလည်ခဲ့ခြင်းလည်းမရှိချေ။ သူက ထိုအရာ၏သက်ရောက်မှုကိုသာ ခံနေရသေးသည်။
ချီကျင့်ချွန်က အမှန်တရားကို ပြောပြလိုခြင်း မရှိချေ။ ထိုမိန်းကလေးတွင် နှလုံးသားတာအိုတစ်ခုရှိနေပြီး ထိုအရာက အရက်စက်ဆုံးဖြစ်သည်ဟု ပြောပြရန် ခက်ခဲ၏။ အရက်စက်ဆုံး ဟူသည်မှာ အောက်တန်းကျခြင်းမျိုးမဟုတ်ဘဲ အဆင့်မြင့်သည့် ချီးကျူးမှုမျိုး ဖြစ်သည်။
ဤကမ္ဘာကြီးထဲတွင် လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်၏ ချစ်ခြင်းမေတ္တာက တစ်ခုတည်းသာရှိသည်။ တောင်အောက်တွင် ရှိနေသော လူသားကမ္ဘာကြီးထဲတွင်တော့ ထိုကဲ့သို့ မေတ္တာတရားက လူသားများ၏နှလုံးသားကို လှုပ်ရှားစေပြီး သူတို့အတွက် အသေခံနိုင်သည့် စိတ်ဆန္ဒမျိုးပင်ရှိတတ်သည်။ သို့သော် တောင်ထိပ်ပေါ်ရှိ ကျင့်ကြံမှုကတော့ အဆပေါင်းများစွာ ပို၍ရှုပ်ထွေး၏။
မြက်ဖိနပ်နှင့် လူငယ်လေးကို မြင်လိုက်ရသည့်အခါ ချီကျင့်ချွန်၏အပြုံးက အသက်ဝင်လာခဲ့၏။ သူက သိမ်မွေ့ညင်သာသောအသံနှင့် ပြောလိုက်သည်။
“မင်းက တိုက်ပွဲပေါင်းများစွာကို ဆက်တိုက် တိုက်ခိုက်ခဲ့တယ်။ မင်းက ကမ္ဘာကြီးတစ်ခုလုံးကို လှုပ်ရှားစေခဲ့တာပဲ…”
ချန်းပင်အန်းက အနည်းငယ် ရှက်ရွံ့သွားခဲ့၏။
ချီကျင့်ချွန်က သူ့ဆီကို လျှောက်သွားခဲ့သည်။
“ငါ မင်းကို ကိစ္စ(၂)ခုပြောပြမယ်။ တစ်ခုကတော့ ကျန့်ယန်တောင်က တောင်ရွှေ့လူဝံကြီးက နောက်ဆုတ်သွားပြီ။ သိပ်မကြာခင် မြို့ထဲကနေ ထွက်သွားလိမ့်မယ်…”
ချန်းပင်အန်းက တွေဝေနေခဲ့ခြင်း မရှိဘဲ ချက်ချင်းမေးလိုက်၏။
“လူဝံကြီးက မြို့ရဲ့အရှေ့တံခါးကနေ ထွက်သွားမှာလား…”
ချီကျင့်ချွန်က လက်ကာပြလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။
“ငါ အရင်ဆုံး ပြောပါရစေ။ လျှိုရှန်းယန်က အသက်ရှင်သွားပြီ…”
လူငယ်လေး၏ခန္ဓာကိုယ်က တင်းကြပ်သွားခဲ့၏။ သူက သတိထား၍ မေးလိုက်သည်။
“ဆရာချီ …
လျှိုရှန်းယန်က တကယ်အသက်ရှင်နိုင်မှာလား…”
ချီကျင့်ချွန်က ခေါင်းညိတ်ပြီး ပြောလိုက်၏။
“လူတစ်ယောက်က သူ့ကို ကူညီပေးခဲ့တယ်။ လျှိုရှန်းယန်ရဲ့အသက်က အန္တရာယ်မရှိတော့ဘူး။ ဒါပေမဲ့ သတင်းဆိုးကတော့ သူ့ရဲ့ခန္ဓာကိုယ်က ဆိုးဆိုးရွားရွား ဒဏ်ရာရသွားတယ်။ သူက အရင်တုန်းကလို လွတ်လွတ်လပ်လပ် သွားလာနိုင်မှာ မဟုတ်တော့ဘူး…”
ချန်းပင်အန်းက ပြုံးလိုက်၏။ လွန်ခဲ့သော ရက်အနည်းငယ် အတောအတွင်း ထိုလူငယ်၏စိတ်က အစွမ်းကုန် ဆွဲတင်ထားသော လေးကြိုးတစ်ချောင်းကဲ့သို့ ဖြစ်နေသည်။ သူက အနည်းငယ်လေးပင် စိတ်အေးနေခဲ့ခြင်း မရှိချေ။
လျှိုရှန်းယန်က အသက်ရှင်နိုင်တော့မည်ဖြစ်ကြောင်း ကြားလိုက်ရသည့်အခါ သူက စိတ်အေးသွားခဲ့ပြီး နောက်ပြန်လဲကျ၍ လုံးဝသတိလစ်သွားခဲ့၏။ နင်ယောင်က လူငယ်လေး အလျင်အမြန်ဖက်ထားလိုက်သည်။
ချီကျင့်ချွန်က ရှင်းပြလိုက်၏။
“အစမှာ ယွင်ရှားတောင်က ချိုက်ကျင်းကျန့်က ချန်းပင်အန်းကို သွေးကြောတွေ ဖွင့်ပေးခဲ့တယ်။ သူ့ရဲ့စိတ်ကိုလည်း အတင်းအကြပ် ဖျက်ဆီးခဲ့တယ်။ အမှန်အတိုင်းပြောရရင် သူ့ရဲ့အဆီအနှစ်၊ ချီစွမ်းအားနဲ့ ဝိညာဉ်တွေက စိမ့်ထွက်နေတာပဲ။ အဆုံးမှာတော့ ဒီတစ်ကြိမ် လျှိုရှန်းယန်ရဲ့ အဖြစ်အပျက်နဲ့ ကြုံခဲ့ရတယ်။ ဒါကြောင့် သူ့မှာ ရွေးချယ်ခွင့် မရှိတော့ဘဲ သူ့ရဲ့စွမ်းရည်ကို လှုံ့ဆော်ဖို့အတွက် အကောင်းဆုံးကြိုးစားခဲ့ရတယ်။ ဒါကတော့ ရေခရားကို ဖျက်ဆီးလိုက်တယ်လို့ ခေါ်တာပဲ။ မူလတုန်းကတော့ သူ့မှာ နှစ်ဝက်လောက်ပဲ သက်တမ်းက ကျန်တော့တယ်။ ဒါပေမဲ့ အခုတော့ (၁၀)နှစ်လောက် ကျန်သွားပြီ။ သူက ရွှံ့ပုလင်းလမ်းကြားထဲကနေ မြို့ရဲ့အမိုးပေါ် ၊ တောင်တန်းတွေထဲမှာရှိတဲ့ စမ်းချောင်းနဲ့ သစ်တောထဲကို ပြေးသွားတဲ့အချိန်တိုင်း အချိန်တိုင်း သူ့ရဲ့အသက်က တဖြည်းဖြည်း လျော့ကျနေတယ်လို့ ဆိုလိုတာပဲ။ ဒီကောင်လေးကလည်း ဒီကိစ္စကို ကောင်းကောင်းကြီး သိနေခဲ့တယ်…”
နင်ယောင်က မေးလိုက်၏။
“ဆရာချီ …
ချန်းပင်အန်းကို ကယ်တင်ဖို့အတွက် ဘာလုပ်ဖို့ လိုအပ်တာလဲ ပြောပြပေးပါ…”
ချီကျင့်ချွန်က ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။ ထိုအရာက တာအိုနှလုံးသား၏ လျှို့ဝှက်ဆန်းကြယ်မှုလည်းဖြစ်သည်။ ထိုမိန်းကလေးက ချန်းပင်အန်းအပေါ် ခံစားချက်များ ရှိနေ၏။ မဟုတ်လျှင် သူမက သူနှင့်အတူ ယခုလိုဘေးချင်းယှဉ်၍ တိုက်ခိုက်လိမ့်မည် မဟုတ်ချေ။
သာမန်လူများကသာ သတင်းဆိုးကို ကြားသည့်အချိန်တွင် သူတို့ဆီ၌ စိုးရိမ်ထိတ်လန့်မှု၊ ဝမ်းနည်းမှုနှင့် သနားကြင်နာစိတ်များသာ ထွက်ပေါ်လာတတ်သည်။ အရှိန်၊ စွမ်းအားနှင့် အတိမ်အနက်ကတော့ ကွဲပြား၏။ သို့သော် နင်ယောင်ဆီတွင်တော့ ထိုကဲ့သို့အရာမျိုး မရှိချေ။ သူမက ချက်ချင်းပင် သူမ အသိချင်ဆုံးရလဒ်ကို မေးလိုက်၏။ သူမက သူ့ကို မည်သို့ကယ်တင်နိုင်မည်နည်း။
ကျင့်ကြံရေးကမ္ဘာကြီးထဲတွင် လူတစ်ယောက်က ကျင့်ကြံနိုင်သည်။ တဆင့်ချင်းဆီ အပေါ်ကို တက်လှမ်းသွား၍ ရနိုင်၏။ တစ်ခုကွဲပြားသည်မှာ ခြေလှမ်းတစ်လှမ်းချင်းဆီက အရွယ်အစား မတူညီကြပေ။ ကျင့်ကြံရေးနှလုံးသားကလည်း ထာဝရရှိနိုင်၏။
လမ်းကြောင်းများစွာလည်း ရှိနေပြီး လမ်းတစ်လမ်းချင်းဆီက မဟာလမ်းစဉ်ကိုအတည်ပြုနိုင်သည်။ လမ်းတစ်လမ်းချင်းဆီကသာ ကိုယ်တိုင်ဖောက်ထားသော လမ်းတစ်ခုဆိုလျှင် မည်သူကမျှလမ်းပြနိုင်မည် မဟုတ်ချေ။ ကျင့်ကြံမှုနှလုံးသားထဲတွင်တော့ တာအိုနှလုံးသား ပိုင်ဆိုင်ထားသူများက ခြေတစ်လှမ်းတည်းနှင့် ကောင်းကင်ဘုံကို တက်လှမ်းနိုင်သည်။ ထို့ကြောင့် မိန်းမပျိုက ကြည်လင်တောက်ပနေသော မျက်လုံးများနှင့် ထိုလူငယ်လေးကို သေသေချာချာကြည့်ခဲ့ပြီး သူက သူမကိုကြိုက်မကြိုက် တိုက်ရိုက်မေးခဲ့ခြင်းဖြစ်၏။
ချီကျင့်ချွန်က ကြာပန်းဆံထိုးနှင့် တာအိုသခင် လူငယ်ကို စဉ်းစားမိသွားပြီး သူ၏ခံစားချက်များ ပို၍လေးနက်လာခဲ့သည်။
နင်ယောင်က ထိုင်ချလိုက်ပြီး ချန်းပင်အန်းကို နောက်ကျောတွင် သယ်လိုက်၏။ သူမက မေးလိုက်သည်။
“ဆရာချီ …
ကျေးဇူးပြုပြီး ပြောပြပါ။ ဒါပေမဲ့ ကျွန်မက ကိစ္စတစ်ခုကိုတော့ အရင်ပြောပါရစေ။ ယန်မိသားစုဆေးဆိုင်က အဘိုးကြီးက ဒဏ်ရာကုသတဲ့နေရာမှာ အရမ်းကောင်းတယ်လို့တော့ မထင်ဘူး။ တဖက်မှာတော့ ချန်းပင်အန်းက အရင်ဆိုင်ရှင်ဟောင်းကို သိနေတယ်…”
ချီကျင့်ချွန်က အလွန်လေးနက်သော မိန်းမပျိုကို ကြည့်လိုက်ပြီး ထူးဆန်းသော မေးခွန်းတစ်ခု မေးလိုက်သည်။
“ဒီလောကကြီးထဲမှာ ကောင်းကင်ဘုံကို ဆန့်ကျင်တဲ့အရာကဘာလဲ။ ဘယ်အရာက အချိန်စီးကြောင်းတွေကို ဆန့်ကျင်နိုင်တာလဲ…”
နင်ယောင်က စဉ်းစားမနေဘဲ ပြန်ဖြေလိုက်သည်။
“လူတစ်ယောက်က ဓားတစ်လက်တည်းနဲ့ နတ်ဆိုးတွေ အားလုံးကို ရှင်းပစ်ဖို့ပဲ…”
ချီကျင့်ချွန်က ရယ်ရမလား ငိုရမလားပင် မသိတော့ပေ။ သူက မသက်မသာ ပြောလိုက်၏။
“အဲဒါက ကျင့်ကြံခြင်းပဲ…”
နင်ယောင်ကလည်း စဉ်းစားလိုက်သည်။
“အဲဒါက ကျွန်မပြောတာနဲ့ အတူတူပါပဲ…”
ချီကျင့်ချွန်က သူတို့ရှိနေခဲ့သည့်နေရာနှင့် တခြားတစ်နေရာကို လက်ညှိုးထိုးပြလိုက်သည်။
“သိုင်းကွက်ပုံစံတွေက ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်တယ်။ စိတ်ဝိညာဉ်ကိုတော့ နှစ်ပေါင်း(၁၀၀၀)လောက် အားဖြည့်ပေးနိုင်တယ်။ ဒါပေမဲ့ ချန်းပင်အန်းအတွက်တော့ အဲဒါက မျှခြေတစ်ခုကို ထိန်းသိမ်းပေးနိုင်ရုံပဲရှိတာ။ တကယ်လို့ သူသာ ကံကောင်းမယ်ဆိုရင်တော့ အကျိုးမြတ် နည်းနည်းလေးရမှာပေါ့…”
“သူနိုးလာတဲ့ အချိန်ကျရင် ငါ့ကိုယ်စား သူ့ကို ပြောပြပေးပါ။ တကယ်လို့ သူက ဘယ်အရာကိုမှ မလိုချင်တော့ဘူးဆိုရင်တောင် အသက်ရှင်ဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားရမယ်ဆိုတဲ့အကြောင်း သေချာပြောပေးပါ…”
နင်ယောင်က စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။ အမှန်အတိုင်းပြောရလျှင် သူမ၏အခြေအနေကလည်း ချန်းပင်အန်းထက် ပိုသာနေခဲ့ခြင်း မရှိချေ။ သို့သော် သူမ၏အုတ်မြစ်က အဆပေါင်းများစွာ ပိုကောင်းနေခဲ့၏။ ထို့ကြောင့် သူမက သတိလစ်သွားခဲ့ခြင်း မရှိချေ။
“ဆရာချီ …
ကျွန်မက ချန်းပင်အန်းကို ဒဏ်ရာကုသဖို့အတွက် ရွှံ့ပုလင်းလမ်းကြားထဲကို ခေါ်သွားရမလား။ ဒါမှမဟုတ် လျှိုရှန်းယန်ဆီကိုပဲ အရင်ဆုံးခေါ်သွားရမလား…”
ချီကျင့်ချွန်က အပြုံးနှင့် ပြောလိုက်၏။
“အခုတော့ အကုန်လုံး အဆင်ပြေပါတယ်…”
နင်ယောင်က ခဏကြာစဉ်းစားနေခဲ့၏။
“ကျွန်မရဲ့နောက်ကျောမှာ ရှိနေတဲ့ ကောင်လေးက မျက်လုံးဖွင့်တာနဲ့ လျှိုရှန်းယန်ကို အရင်ဆုံး မြင်ချင်မှာပဲ။ ဒီတော့ ကျွန်မက ဆရာရွမ်ရဲ့ပန်းပဲဖိုကိုပဲ သွားတော့မယ်…”
ချီကျင့်ချွန်က ခေါင်းညိတ်ပြီး ပြောလိုက်၏။
“ငါက မင်းနဲ့ခဏလိုက်ခဲ့မယ်…”
သူတို့နှစ်ယောက် ဘေးချင်းယှဉ်၍ လမ်းလျှောက်လာခဲ့သည်။ စာသင်သားက လက်နှစ်ဖက်ကို နောက်ပစ်ထားခဲ့ပြီး မိန်းမပျိုက လူငယ်လေးကို နောက်ကျောတွင် သယ်လာခဲ့၏။
နင်ယောင်က လမ်းလျှောက်နေရင်း ရုတ်တရက် မေးလိုက်သည်။
“ဆရာချီ …
ဒီသုခဘုံရဲ့အရှင်သခင်တစ်ယောက်ဆိုမှတော့ ဆရာချီက ပါရမီရှိတဲ့ တပည့်တွေကို ခေါ်ထားသေးလား….”
ချီကျင့်ချွန်က အပြုံးနှင့်ခေါင်းခါပြလိုက်သည်။
“မသင်ပေးခဲ့မိဘူး။ ငါကတော့ တပည့်မဟုတ်တဲ့ အကူကောင်လေးတစ်ယောက်ပဲ ခေါ်ထားခဲ့တယ်။ အရင်တုန်းကတော့ ငါက သံသယဝင်တာတွေကို ရှောင်တိမ်းချင်တယ်လေ။ အခုကြည့်ရတာတော့ ငါက မျိုးဆက်ကောင်းလေးတွေ အများကြီးလက်လွှတ်ခဲ့ရတာပဲ…”
နင်ယောင်က နောက်တစ်ကြိမ် ပြန်မေးလိုက်သည်။
“ဆရာချီ …
ဆရာချီက ဒီနေရာမှာ ရှိနေတဲ့ အရာအားလုံးကို သိနေနိုင်တာလား…”
ချီကျင့်ချွန်က အပြုံးနှင့် ပြောလိုက်၏။
“ငါသာ သိချင်တယ်ဆိုရင် သိနိုင်ပါတယ်။ ဒါပေမဲ့ အဲဒါတွေအားလုံးကတော့ အမှန်တရား မဖြစ်နိုင်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် နည်းနည်းလေးကွဲပြားသွားတာကနေ အမှားကြီးတစ်ခု ဖြစ်သွားနိုင်တာပဲလေ…”
ချီကျင့်ချွန်က အကြောင်းအရာတစ်ခုကိုတော့ မပြောခဲ့ပေ။ မြို့ငယ်လေးထဲမှ ထွက်သွားသည့်အချိန်မှစပြီး သူက ကမ္ဘာမြေကြီး၏ နှလုံးကြေးမုံစွမ်းအားများကို ဆုံးရှုံးလိုက်ရသည်။ အဘယ်ကြောင့်ဆိုသော် လူတစ်ယောက်က မြို့ငယ်လေးထဲတွင် ရှိနေသော ကွန်ဖြူးရှပ်သူတော်စင်၏ အမွေအနှစ်တစ်ခုဖြစ်သည့် ကျောက်စိမ်းပြားကို အဝေးသို့ယူဆောင်သွားခဲ့ခြင်းကြောင့်ဖြစ်သည်။ ထိုအရာက ဝင်္ကပါ၏ အဓိကဗဟိုတစ်ခုလည်း ဖြစ်၏။
နင်ယောင်က ခဏကြာစဉ်းစားပြီး မနေနိုင်တော့ဘဲ မေးလိုက်သည်။
“ဆရာချီ …
အခုဆရာချီက ဘယ်အဆင့်ကို ရောက်နေပြီလဲ။ အထက်ဘုံ(၅)ဆင့်ကို ရောက်နေပြီလား။ ပြီးတော့ ဆရာချီက ဒီကမ္ဘာကြီးထဲမှာ တကယ်ပဲ ပြိုင်ဘက်ကင်းဖြစ်နေပြီလား။ တကယ်လို့ မသင့်တော်ဘူးထင်ရင်တော့မဖြေလို့လည်းရပါတယ်။ ကျွန်မက ဒီတိုင်းပဲမေးလိုက်တာ…”
ထင်ထားသည့်အတိုင်း ချီကျင့်ချွန်က ပြန်မဖြေခဲ့ပေ။ မိန်းမပျိုက မျက်ခုံးပင့်လိုက်မိပြီး စကားတစ်ခွန်းမျှ မပြောခဲ့ပေ။
ချီကျင့်ချွန်က ခြေလှမ်းကို အရှိန်လျော့လိုက်ပြီး သူမကို လှည့်ကြည့်လိုက်၏။ လူငယ်လေးက မျက်တောင်ခတ်လိုက်ချိန်တွင် သက်လတ်ပိုင်းလူကြီးက မြင်လိုက်ရသည်။ ချီကျင့်ချွန်က အပြုံးနှင့် သူ၏ခြေလှမ်းကို တိတ်တဆိတ်မြန်လိုက်၏။
လူကြီးလူကောင်းတစ်ယောက်တွင် တခြားသူများကို အကူအညီပေးချင်သော မိန်းမလှလေးတစ်ယောက် ရှိသည်။ အချိန်တော်တော်ကြာ လမ်းလျှောက်လာပြီးနောက် ချီကျင့်ချွန်က ရပ်လိုက်ပြီး အပြုံးနှင့်ပြောလိုက်၏။
“ငါမင်းကို ဆက်လိုက်မပို့တော့ဘူး…”
နေရာတွင် ရပ်နေရင်း သက်လတ်ပိုင်းအရွယ် စာသင်သားက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ သူက ရှေ့ကို ခြေတစ်လှမ်းလှမ်းလိုက်သည်။ ချီကျင့်ချွန်က ချက်ချင်းဆိုသလိုပင် နဂါးခေါင်းဖြတ်ကျောက်တုံး၏ အနားတွင် ရောက်လာခဲ့၏။
ကွန်ဖြူးရှပ်သူတော်စင်များက စကားတစ်ခွန်းသာ ပြောတတ်ကြသည်။ ထိုအရာက အကောင်းဆုံးဟူသောအရာဖြစ်၏။ သူက ဤကမ္ဘာကြီးထဲတွင် မည်သူဖြစ်စေကာမူ စာတစ်လုံးရေးသည်ဖြစ်စေ၊ ထိုစာကိုဖတ်သည်ဖြစ်စေ ကွန်ဖြူးရှပ်သူတော်စင်များ၏ ကျင့်ကြံမှုကို တိုးမြှင့်စေနိုင်သည်။ အစက်အပြောက်လေးတစ်စက်က သမုဒ္ဒရာကြီးတစ်ခုကို ဖန်တီးနိုင်ပြီး ရေစက်လေးတစ်စက်ကပင် ကျောက်တုံးကို ထိုးဖောက်နိုင်သည်။
ချီကျင့်ချွန်ကတော့ ချွင်းချက်ဖြစ်၏။ သူ့ဆီတွင် စကား(၂)လုံးရှိသည်။ ထိုစကားလုံး၏ အဓိပ္ပာယ်က အလွန်အမင်းကို ဆန်းကြယ်လှ၏။
“တိတ်ဆိတ်မှုနှင့် နွေဦးရာသီ…”
ထို့ကြောင့်လည်း သူက ဤကမ္ဘာငယ်လေးသို့ အပြစ်ပေးခံခဲ့ရခြင်းဖြစ်ပြီး ပြင်ပကမ္ဘာကြီးနှင့် လုံးဝသီးခြားဖြစ်တည်နေခဲ့သည်။ ချီကျင့်ချွန်က ကွန်ဖြူးရှပ် ကျောင်းတော်(၃)ခု၏ လက်အောက်တွင် ရှိနေသော ကျောင်းတော်(၇၂)ခုမှ တောင်တန်းသခင်တစ်ယောက်သာ ဖြစ်သော်လည်း သူ့ကို သာမန်အမြင်နှင့် ဆက်ဆံ၍ မရနိုင်ပေ။
ရန်စမှုကို တုံ့ပြန်ခြင်း မရှိဘဲ အလွန်ကြောက်တတ်သော စာသင်သားက မျက်လုံးမှိတ်လိုက်ပြီး တတိယမြောက် ကျင်းဟူသော စုတ်ချက်ကို လေ့လာနေခဲ့သည်။ ထို့နောက် သူက လက်ချောင်းလေးနှစ်ခုကို ထုတ်လိုက်ပြီး လေထဲတွင် ညင်သာစွာ ရေးဆွဲလိုက်၏။ ထိုအခါ နဂါးခေါင်းဖြတ် ကျောက်တုံးက ချက်ချင်းပင် ထက်ပိုင်းပြတ်သွားခဲ့၏။
ချီကျင့်ချွန်က အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ သပ်သပ်ရပ်ရပ် ကျောက်တုံးလေးနှစ်ခု ပေါ်လာခဲ့သည်။ တစ်တုံးက ဆရာရွမ်၏ ပန်းပဲဆိုင်သို့ ကျရောက်သွားခဲ့ပြီး တခြားတစ်တုံးက ရွှံ့ပုလင်းလမ်းကြားထဲရှိ အိမ်ငယ်လေးထဲတွင် ပေါ်လာခဲ့သည်။
ထိုအရာများကို လုပ်ဆောင်လိုက်ပြီးနောက် ချီကျင့်ချွန်က လေးလေးနက်နက် စဉ်းစားနေခဲ့၏။ သူက အချိန်တော်တော်ကြာ စဉ်းစားနေသော ကျားကစားသမား တစ်ယောက်ကဲ့သို့ ဖြစ်သည်။ ထို့နောက် သူက မိုးရေများထဲတွင် ရပ်နေခဲ့၏။
အဆုံးတွင်တော့ မိုးရေများ ရွာကျလာပြီး လျှပ်စီးကြောင်းများ လင်းထိန်လာသည်။ မိုးခြိမ်းသံများလည်း ကြားနေရ၏။ ချီကျင့်ချွန်ကတော့ သတိပြန်ဝင်လာခြင်း မရှိသေးပေ။ မြို့ငယ်လေးထဲတွင် လူတိုင်းက ဆရာဟုခေါ်နေသော ချီကျင့်ချွန်က သူ့ဆရာအကြောင်းကို တွေးနေမိခဲ့လေ၏။
Translated by Hein Htet.