အခန်း (၅၅)
Vol. 4 Ch. 55
ချန်းပင်အန်းက ဘယ်ဘက်နှင့် ညာဘက်ခြေဖျားကို မြေကြီးထဲတွင် မသိမသာ လှုပ်ရှားကြည့်လိုက်သည်။ သူက ပို၍ပေါ့ပါးလာသော ခြေထောက်နှင့် အသားကျစေရန် ကြိုးစားနေပုံရ၏။ မာခူရွှမ်က ကျောက်တုံး(၅)တုံးကို ကောက်ယူလိုက်ကြောင်း သူလည်း သတိထားမိလိုက်သသည်။ (၄)တုံးကို ဘယ်ဘက်လက်ထဲတွင် ကိုင်ထားပြီး တစ်တုံးကို ညာဘက်လက်တွင် ကိုင်ထား၏။
မာခူရွှမ်က ဓားအိမ်အလွတ် ကိုင်ထားသော လူစိမ်းမိန်းမပျိုကိုကြည့်၍ တည်ငြိမ်နေခဲ့သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
“အခု အဆင်ပြေသွားပြီ။ ဒီတိုက်ပွဲက ငါနဲ့ချန်းပင်အန်း နှစ်ယောက်ချင်း တိုက်ခိုက်ရတဲ့ တိုက်ပွဲပဲ။ ငယ်ငယ်တုန်းက ငါ့အဘွား ပြောပြတဲ့ပုံပြင်တွေအရ တိုက်ပွဲရဲ့ရှေ့မှာ စစ်သူကြီး(၂)ယောက် စီးချင်းထိုးတဲ့အချိန် အကူအညီတောင်းတဲ့သူက သူရဲကောင်းလို့ မခေါ်ထိုက်ဘူး။ တကယ်လို့ စစ်သူကြီးတစ်ယောက်က ရန်သူကို သတ်ပစ်နိုင်မယ်ဆိုရင် တပ်ဖွဲ့က စိတ်ဓာတ်တက်ကြွလာပြီး တိုက်ပွဲကို အနိုင်ရသွားတတ်တယ်…”
နင်ယောင်က မာခူရွှမ်ကိုကြည့်ပြီး စိတ်ရှုပ်သွားသလို ခံစားနေရသည်။ သူမကတော့ ထိုကဲ့သို့ လူတစ်ယောက်ကို လုံးဝမမြင်ဖူးချေ။ ရွှံ့ပုလင်းလမ်းကြားထဲမှ စုန့်ကျိရှင်းက အလွန်ဉာဏ်နီဉာဏ်နက်များပြီး သူ့စာအုပ်များထဲမှအတိုင်း ဟန်ရေးပြရသည်ကို သဘောကျသည်။ သူ့ပုံစံက ဆရာငယ်လေး တစ်ယောက်ကဲ့သို့ ပြုမူဆက်ဆံနေပြီး အနည်းဆုံးတော့ စာသင်သားတစ်ယောက်ကဲ့သို့ဖြစ်နေသေး၏။
သူမ၏ရှေ့တွင် ရှိနေသော အရပ်ပုပုနှင့် လူငယ်ကတော့ ချန်းပင်အန်းထက် အသားပိုဖြူခြင်း မရှိသည့်အပြင် သူ၏မျက်လုံးများက အလွန်ကြီးသည်။ သူ့ပုံစံတစ်ခုလုံးက အလွန်ထူးဆန်းသော ခံစားမှုတစ်ခု ပေးနိုင်ပြီး အထူးသဖြင့် ဦးတည့်ရာ ပြောနေသော စကားလုံးမျိုး ဖြစ်သည်။ အဘွားအိုတစ်ယောက်က သူမ၏မျက်နှာပေါ်တွင် မိတ်ကပ်အမှုန့်များ လိမ်းထားသလိုမျိုး ဖြစ်နေ၏။ အခြေအနေက အတော်ဆိုးရွားလှသည်။
ချန်းပင်အန်းကတော့ တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှ သူနှင့် ရွယ်တူကောင်လေးကို မည်သည့်စကားမျှ မပြောခဲ့ပေ။ သူက ခါးကို အနည်းငယ်ကုန်းလိုက်ပြီး ခြေထောက်ထဲတွင် စွမ်းအားများ စုစည်း၍ တဟုန်ထိုး ပြေးလာသော မြင်းတစ်ကောင်ကဲ့သို့ ရှေ့ကို ပြေးဝင်သွားခဲ့၏။
“တော်တော်မြန်တာပဲ…”
ပြေးထွက်လာသော ချန်းပင်အန်းကိုကြည့်နေရင်း မျက်စိတမှိတ်အတွင်း သူတို့နှစ်ယောက်၏ အကွာအဝေးက ပေ(၂၀)ကျော် နီးကပ်လာခဲ့သည်။
အလွန်အတွေ့အကြုံရှိပြီး ဗဟုသုတပြည့်စုံသော နင်ယောင်ကပင် ခံစားချက်များ ပြည့်နှက်စွာ သက်ပြင်းချလိုက်မိ၏။ ချန်းပင်အန်းက ဤကမ္ဘာကြီးထဲတွင် ရှိနေသော သက်တူရွယ်တူများမဆိုထားနှင့် မြေခွေးများ၊ယုန်များထက်ပင် ပို၍လျင်မြန်စွာ ပြေးနိုင်သည်ဟု ဆိုနိုင်သည်။ ထိုအရာက ကိစ္စမရှိချေ။
ဤကဲ့သို့ လှောင်အိမ်ကမ္ဘာကြီးထဲတွင် ချန်းပင်အန်းက သူ့ခန္ဓာကိုယ်ကို ထိုကဲ့သို့ အတိုင်းအတာထိ လေ့ကျင့်နိုင်ရန်အတွက် ဆယ်စုနှစ်ပေါင်းများစွာ ကြိုးစားထားခဲ့ရသည်။ ထိုအရာက နင်ယောင် အလေးစားမိဆုံး အရာတစ်ခုဖြစ်၏။ နင်ယောင်က ခဏကြာ စဉ်းစားမိခဲ့သည်။ အခက်အခဲမျိုးစုံကို ခံနိုင်ရည် ရှိနေသည်မှာလည်း ပါရမီတစ်မျိုးဟု သတ်မှတ်နိုင်ခြင်းပေလော။
လူငယ်(၂)ယောက်၏ အကွာအဝေးက ချက်ချင်းဆိုသလို ထက်ဝက်ခန့် လျော့ကျသွားခဲ့သည်။ ချန်းပင်အန်းကတော့ မာခူရွှမ်၏ မျက်နှာအမူအယာ ပြောင်းလဲမှုသေးသေးလေးကိုပင် ရှင်းရှင်းလင်းလင်း မြင်နိုင်၏။
ခဏကြာ အံ့ဩသွားပြီးနောက် မာခူရွှမ်၏ခံစားချက်များက အကြောက်တရားများအဖြစ် ပြောင်းလဲလာပြီး လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။ ထို့နောက် သူက စဉ်းစားနေခြင်း မရှိဘဲ လက်ကို လျင်မြန်စွာ မြှောက်လိုက်၏။ သူ၏သေးသေးသွယ်သွယ်လက်ထဲတွင် အလွန်ကြောက်စရာကောင်းသော အစွမ်းများ ပြည့်နှက်လာသည်။
မာခူရွှမ်၏ ညာဘက်လက် လှုပ်ရှားမှုကို စိုက်ကြည့်နေသော ချန်းပင်အန်းက အတည့်အတိုင်း ပြေးသွားခဲ့ခြင်း မရှိချေ။ တခဏအတွင်း သူက ညာဘက်ကို လှည့်လိုက်၏။
မာခူရွှမ်၏လက်က အနည်းငယ် တန့်သွားသည်။ သူ၏လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည့်အချိန်တွင် သူ၏ပစ်မှတ်ဖြစ်သော ချန်းပင်အန်းက အတည့်အတိုင်း ပြေးလာရာမှ လမ်းကြောင်းပြောင်းသွားခဲ့သည်။
ပစ်လိုက်သော ကျောက်တုံးက အလွန်ကြောက်စရာကောင်း၏။ ထိုအရာက တောင်တန်းကြီးတစ်ခုကဲ့သို့ ကြောက်စရာကောင်းခြင်း မရှိသော်လည်း လျော့တွက်၍တော့ မရနိုင်သေးပေ။
လှုပ်ရှားနေခဲ့သော ချန်းပင်အန်းကတော့ ရပ်တန့်နေခဲ့ခြင်း မရှိခဲ့ချေ။ သူက ခါးကို လှုပ်ရှားလိုက်ပြီး ခန္ဓာကိုယ်အပေါ်ပိုင်းကို အနည်းငယ် ယိမ်းလိုက်၏။ ကျောက်တုံးက သူ၏မျက်လုံးနှင့် နဖူးပေါ်တွင် ရှိနေသော ဆံပင်ရှေ့မှ ဖြတ်ကျော်သွားခဲ့၏။ မြက်ဖိနပ်နှင့် လူငယ်လေးက ကျောက်တုံးကြောင့် ပေါ်လာသော လေလှိုင်းတစ်ခုကိုပင် ခံစားမိခဲ့သည်။
ထိုအချိန်တွင် ကျန်ရှိနေသော ကျောက်တုံးများကို ကိုင်ထားသည့် မာခူရွှမ်၏ ဘယ်ဘက်လက်က ပေါ့ပေါ့ပါးပါး လှုပ်ရှားလိုက်ရာ ကျောက်တုံးတစ်တုံးက သူ၏ညာဘက်လက်ဖဝါးထဲသို့ ရောက်လာခဲ့သည်။ တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှ အရပ်ပုပု လူငယ်လေးကတော့ ဒုတိယတစ်ကြိမ် တိုက်ခိုက်မှုတွင် ချန်းပင်အန်းကို အနိုင်ရနိုင်မည်ဟု ကြိုမတွေးထားခဲ့ပေ။
ထို့ကြောင့် သူက နေရာတွင် ရပ်နေခဲ့ခြင်း မရှိဘဲ ညာဘက်ကို စတင်ပြေးထွက်သွားခဲ့၏။ တချိန်တည်းတွင် သူက ဒုတိယမြောက်ကျောက်တုံးနှင့် လှမ်းပစ်လိုက်သည်။
မြက်ဖိနပ်နှင့် လူငယ်လေးက သတိပေးချက်မရှိဘဲ ရုတ်တရက် ငုံ့ချလိုက်၏။ သူ့လက်က မြေပြင်နှင့် ထိလုနီးပါးဖြစ်သွားသည်။ ကျောက်တုံးက နောက်ကျောပေါ်မှ လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့ပြီး ချန်းပင်အန်း၏ အဝတ်အစားများကို စုတ်ဖြဲသွားခဲ့သည်။ ထိုအရာကြောင့် ခြစ်ရာတစ်ခုတည်းသာ ကျန်နေခဲ့သည်မှာ ကံကောင်းသွား၏။
ထိုအရာက ကြောက်စရာကောင်းသော်လည်း ဒဏ်ရာက နက်ရှိုင်းမှု မရှိချေ။ ထိုအချိန်တွင် သူတို့(၂)ယောက်၏ အကွာအဝေးက တစ်ဝက်ခန့် ထပ်မံလျော့ကျသွားသည်။ သူက အကွာအဝေးကို တိုးမြှင့်သင့်ကြောင်း မာခူရွှမ်က နားလည်နေသော်လည်း ချန်းပင်အန်း၏အရှိန်က အလွန်လျင်မြန်လှသည်။
တစ်ဖက်တွင်တော့ မာခူရွှမ်၏ တည်နေရာပြောင်းလဲမှုက လှည်းအိုကြီးတစ်စီးကို ဆွဲနေသော ကျွဲအိုကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ ထို့ကြောင့် ချန်းပင်အန်း၏ မျက်နှာက အနားကို နီးကပ်လာသည့်အချိန်တွင် သူ၏အမူအယာက အလွန်ပြတ်သားနေပြီး မျက်လုံးများက တလက်လက် တောက်ပနေသည်။
တစ်ဖက်တွင်တော့ မာခူရွှမ်၏ မျက်နှာအမူအယာက အနည်းငယ်တွေဝေနေသလို ထင်မှတ်ရ၏။ သူက ကျောက်တုံးများနှင့် တိုက်ခိုက်နေခြင်းကို လက်လျော့ပြီး နောက်ဆုတ်သွားရမည်လော။ သို့မဟုတ် သူက တစ်ချက်ပစ်ပြီး တတိယမြောက် ကျောက်တုံးတွင် အနိုင်အရှုံးကို ဆုံးဖြတ်သင့်မည်လော။
မာခူရွှမ်၏ တွေဝေမှုက ချန်းပင်အန်းကို ပို၍အားတက်သွားစေခဲ့သည်။ ထိုအချိန်တွင် မြက်ဖိနပ်နှင့် လူငယ်လေးကတော့ ရွှံ့ပုလင်းလမ်းကြားထဲမှ ကောင်လေးနှင့် မတူတော့ပေ။
ထိုကဲ့သို့ အရေးကြီးသော အခြေအနေမျိုးတွင် မာခူရွှမ်က နောက်ကို တစ်လှမ်းဆုတ်လိုက်ပြီး လက်ကို နောက်တစ်ကြိမ် ဝှေ့ယမ်းလိုက်သည်။ မာခူရွှမ်က သူ့လက်ထဲတွင်ရှိနေသော ကျောက်တုံးကို ယုံကြည်နေကြောင်း ထင်ရှား၏။
ထိုအထီးကျန်ဆန်သော လူငယ်လေးက တိုက်ခိုက်ရန် မပြောနှင့် မည်သူနှင့်မျှ ခိုက်ရန် ဖြစ်ပွားခဲ့ခြင်းမျိုး လုံးဝမရှိချေ။ သူ ငယ်စဉ်ကတည်းက သက်တူရွယ်တူများနှင့် အပြင်သို့ သွားလာဆော့ကစားရခြင်းကို သဘောမကျခဲ့ပေ။ ချန်းပင်အန်း၊ ကုစန့်တို့နှင့် ယှဉ်လိုက်မည်ဆိုလျှင် သူ့ပုံစံက အထီးကျန်သော ကြောင်ရိုင်းလေး တစ်ကောင်ကဲ့သို့ဖြစ်နေ၏။ သူက လုပ်စရာမရှိသည့် အချိန်တိုင်း ကျောက်တုံးတစ်တုံးကိုယူပြီး ပစ်တတ်သည်။
သူ၏အစွမ်းက အလွန်ပေါ့ပါး၏။ သူက အေးအေးဆေးဆေး ကစားနေသယောင် ထင်မှတ်ရသော်လည်း မည်သူကမျှအလေးအနက်မထားခဲ့ပေ။ မာခူရွှမ်က အမိုးတံတားအောက်တွင် ရှိနေသော ကမ်းစပ်တွင် မည်သူမျှ မရှိသည့်အချိန်တိုင်း တစ်ယောက်တည်း ဆော့ကစားနေတတ်သည်။
အနည်းငယ်ပါးသော ကျောက်တုံးများကတော့ ရေမျက်နှာပြင်ပေါ်တွင် (၁၀)ကြိမ်ခန့် ခုန်သွားပြီးမှ အမိုးတံတား၏ တစ်ဖက်ကမ်းစပ်တွင် ရှိနေသော ကျောက်နံရံကို တိုက်မိသွားခဲ့ကြသည်။ တစ်ခါတရံ မာခူရွှမ်က ကျောက်တုံးပြာကမ်းပါးပေါ်တွင် ထိုင်နေတတ်ပြီး ရေထဲတွင် ကူးခတ်နေသော ငါးများကို ကျောက်တုံးနှင့် ပစ်တတ်သည်။ ငါးကို ထိသည်ဖြစ်စေ၊ မထိသည်ဖြစ်စေ ကျောက်တုံးများက ရေထဲတွင် လှိုင်းကတော့တစ်ခု လုံးဝပေါ်မလာခဲ့ပေ။ ရလဒ်အနေနှင့် တရုတ်ဇီးသီးပွင့်လမ်းကြားထဲတွင် ရှိနေသော ခြံဝန်းထဲတွင် သို့မဟုတ် အမိုးပေါ်တွင် ငှက်အသေများစွာ ပြည့်နှက်နေတတ်၏။
သူတို့(၂)ယောက်၏ ကြားထဲတွင် ခြေလှမ်း(၁၀)လှမ်းပင် မကွာတော့ပေ။ မာခူရွှမ်၏ ကျောက်တုံးကို (၂)ကြိမ်တိတိ ရှောင်တိမ်းလိုက်ပြီးနောက် ချန်းပင်အန်း၏ ခြေလှမ်းများက သွက်လက်ပေါ့ပါးလာပြီး ကြွက်သားများ၊ အရိုးများပင် ပေါ်လာခြင်း မရှိခဲ့ပေ။ မြက်ဖိနပ်နှင့် လူငယ်လေးက အလွန်ပေါ့ပါးသော သစ်ရွက်လေး တစ်ရွက်ပမာ ထင်မှတ်ရ၏။
သို့သော် ချန်းပင်အန်းနှင့် မာခူရွှမ်တို့က တိုက်မိတော့မည့်အချိန်တွင် ချန်းပင်အန်းက သူ၏အားသာချက်ကို ပြလိုက်သည်။ သူက ခြေလှမ်းကြီး(၃)လှမ်း လှမ်းလိုက်ပြီး ထိုခြေလှမ်းများက အလွန်လျင်မြန်ပြီး ကြမ်းတမ်း၏။
သူ ခြေချလိုက်သည့်အချိန်တွင် ဓားတစ်လက်ကို ထုလိုက်သော တူတစ်ချောင်းကဲ့သို့ ဖြစ်နေ၏။ သူက ခြေထောက်မြှောက်လိုက်သည့်အချိန်တွင် တောင်တစ်တောင်ကို ဆွဲယူလိုက်သကဲ့သို့ ထင်မှတ်ရသည်။ ခြေ(၃)လှမ်းနှင့် သူတို့၏အကွာအဝေးအတွင်း ရောက်ရှိလာခဲ့၏။
မာခူရွှမ်က ကျောက်တုံးနှင့်ပစ်ရန် အချိန်မရခဲ့ပေ။ ပြောရမည်ဆိုလျှင် ထိုအခြေအနေက ပြီးဆုံးသွားပြီဟု ပြောရပေလိမ့်မည်။ သို့သော် ချန်းပင်အန်း၏ ရင်ထဲတွင်တော့ ဘာကြောင့်မှန်းမသိဘဲ လှုပ်ရှားလာခဲ့ရ၏။
သို့သော် သူကတော့ ထိတ်လန့်တကြား နောက်ပြန်ဆုတ်သွားခဲ့ခြင်းမရှိချေ။ အဘယ်ကြောင့်ဆိုသော် အခြေအနေက အရေးကြီးနေပြီဖြစ်၏။ သူက နောက်ပြန်ဆုတ်၍ မရနိုင်တော့သည့်အတွက် လေထဲသို့ ခုန်လိုက်ပြီး စွန့်စားကြည့်လိုက်သည်။
မာခူရွှမ်က ကြောက်စရာကောင်းစွာ ပြုံးလိုက်၏။ သူက ဘယ်ဘက်လက်ကို လွှတ်ချလိုက်ပြီး ကျန်ရှိနေသော ကျောက်ခဲကို အဝေးသို့ လွှင့်ပစ်လိုက်သည်။ သူက ညာဘက်လက်ကိုမြှောက်၍ လက်သီးဆုပ်လိုက်၏။ ထိုအခွင့်အရေးကို အရယူပြီး လက်သီးနှင့် ထိုးလိုက်သည်။
သူက စလာသည့် အချိန်ကတည်းက ချန်းပင်အန်းကို ထောင်ချောက်ဆင်ထားခဲ့ခြင်း ဖြစ်၏။ တွေဝေနေချင်ယောင်ဆောင်လိုက်သည်မှာ ချန်းပင်အန်းကို သူ့အနားသို့ ကပ်လာရန် အခွင့်အရေးတစ်ခု တမင်တကာ ပေးလိုက်ခြင်းလည်းဖြစ်သည်။
သူက ကျောက်တုံးကိုအသုံးပြုပြီး တိုက်ခိုက်ရန် ရွေးချယ်ခဲ့ရသည့် အကြောင်းပြချက်ကလည်း ရွှံ့ပုလင်းလမ်းကြားထဲမှ ကောင်လေးကို အရူးလုပ်ရန် စီစဉ်ထားခြင်းသာဖြစ်၏။ ရန်သူကို သူ၏အားနည်းချက်များ ပြသလိုက်သည်မှာ လူဝံအိုကြီးဆီမှ လွတ်မြောက်သွားခဲ့သော ထိုလူငယ်လေးကဲ့သို့ လှည့်ဖျားလိုက်ခြင်းဖြစ်သည်။
လက်တကမ်းစာ အကွာအဝေးက လက်သီးတစ်ခုစာ အကွာအဝေးဖြစ်သည်။ ချန်းပင်အန်းက သူ၏ဘယ်ဘက်လက်ကို အလွန်သတိထားနေခဲ့၏။ ရလဒ်အနေနှင့် သူ၏လက်သီးက မာခူရွှမ်၏ ညာဘက်လက်သီးနှင့် ထိပ်တိုက်ရင်ဆိုင်လိုက်ရသည်။
လက်သီးချင်း တိုက်ခိုက်မိလိုက်သည့် အချိန်တွင် နှစ်ယောက်လုံးက တပြိုင်နက်တည်း နောက်ပြန်လွင့်သွားခဲ့ကြ၏။ ချန်းပင်အန်းနှင့် မာခူရွှမ်တို့က နောက်ကို လွင့်သွားကြပြီး မြေပြင်နှင့် ပြင်းထန်စွာ တိုက်မိသွားကြသည်။ သူတို့နှစ်ယောက်က ခြေလှမ်း(၂၀)ကျော် ဝေးကွာသွားကြ၏။
မာခူရွှမ်ကတော့ ဒူးတစ်ဖက်ကို ထောက်လိုက်ပြီး အသက်ကို ဝဝရှုလိုက်သည်။ ထို့နောက် သူ့လက်ကို မြှောက်လိုက်ပြီး လက်သီးကို ဖြေလျော့လိုက်၏။ အဘယ်ကြောင့်ဆိုသော် သူ့လက်ထဲတွင် မပစ်ရသေးသော ကျောက်တုံးတစ်တုံး ရှိနေသေးသည်။ ယခု ထိုလူငယ်၏လက်ဝါးက သွေးများနီရဲနေခဲ့၏။
မာခူရွှမ်က ပြုံးလိုက်ပြီး သူ့ဗိုက်ကို ပွတ်လိုက်သည်။ သူ့မျက်လုံးများက ဝင်းလက်တောက်ပနေပြီး ချန်းပင်အန်းကိုကြည့်၍ အားရပါးရ ရယ်လိုက်၏။
“ချန်းပင်အန်း…
နောက်တစ်ကြိမ် လာရဲသေးလား…”
ချန်းပင်အန်း၏ ဘယ်ဘက်လက်ကတော့ သူ့ထက်ပို၍ အခြေအနေဆိုးရွားသည်။ လမ်းကြားလေးထဲတွင် ယွင်ရှားတောင်မှ ချိုက်ကျင်းကျန့်နှင့် တိုက်ခိုက်ခဲ့ရသည့် အချိန်တွင် ကြွေထည်အပိုင်းအစကြောင့် သူ့လက်ဝါးက နက်နက်ရှိုင်းရှိုင်း ဒဏ်ရာရနေခဲ့သည်။
ဤအချိန်အတောအတွင်း သူက ယန်မိသားစုဆေးဆိုင်မှ ပေးခဲ့သော လျှို့ဝှက်ဆေးအညွှန်းကိုသုံးနေသော်လည်း ဒဏ်ရာက အကောင်းအတိုင်းပြန်ဖြစ်ရန် အနည်းဆုံး ရက်(၁၀၀)ခန့် အချိန်ပေးရသည်။ လူငယ်လေး၏ခန္ဓာကိုယ်က မည်မျှမာကျောစေကာမူ သူက အသွေးအသားများ အသစ်ပြန်ပေါ်လာနိုင်သော အင်မော်တယ်တစ်ပါးမဟုတ်ချေ။
ထို့ကြောင့် မာခူရွှမ်နှင့် လက်သီးချင်း တိုက်ခိုက်လိုက်သည့်အချိန်တွင် ချန်းပင်အန်းက အတော်လေး အရေးနိမ့်နေခဲ့၏။ ပတ်တီးစည်းထားသော ချန်းပင်အန်း၏ ဘယ်ဘက်လက်က ထိန်းချုပ်၍မရစွာ တုန်ခါနေခဲ့သည်။ ပတ်တီးထဲမှနေ၍ သွေးများ စီးကျလာနေပြီး ခြေထောက်အောက်တွင် ရှိနေသော မြက်ခင်းပြင်ပေါ်သို့ တစက်စက် ကျနေခဲ့၏။
ချန်းပင်အန်းက အသက်ကိုပြင်းပြင်းရှုလိုက်ပြီး ဗိုက်ထဲမှ နာကျင်မှုကို ရှင်းရှင်းလင်လင်း ခံစားမိနေခဲ့သည်။ သူ၏နာကျင်မှုက သူ၏လှုပ်ရှားမှုအပေါ် မည်မျှသက်ရောက်မှုရှိမရှိ သူက စမ်းသပ်ကြည့်ချင်ခဲ့၏။ ထိုအရာကလည်း သူ၏အလေ့အထကြောင့်ဖြစ်သည်။
ချန်းပင်အန်းက ဆင်းရဲသော လူငယ်တစ်ယောက်ဖြစ်၏။ သူ့ဆီတွင် ပိုင်ဆိုင်သည့်အရာ အလွန်နည်းပါးသည့်အတွက် သူက အရာအားလုံးကို တွက်ချက်ရသည်။
တစ်ဖက်တွင်တော့ စုန့်ကျိရှင်းနှင့် လုကျန့်ချွန်ကဲ့သို့ ချမ်းသာသောလူငယ်များက သူတို့၏အိတ်ကပ်ထဲတွင် ရှိနေသော ကြေးပြားအနည်းငယ်ကို သေချာပေါက် ဂရုစိုက်လိမ့်မည်မဟုတ်ချေ။ သူတို့က အသေးစိတ်ကို ဂရုမစိုက်သော်လည်း ပြဿနာကြီးတစ်ခုမဟုတ်ချေ။ သို့သော် ချန်းပင်အန်းကတော့ ထိုသို့မလုပ်နိုင်ပေ။
ရလဒ်အနေနှင့် တခြားသူများ ချန်းပင်အန်းကို မြင်သည့်အမြင်က သိုသိပ်ပြီး သိမ်မွေ့နူးညံ့ကာ စိတ်ရှည်သည်။ ဘယ်ကမှန်းမသိ ပေါ်လာသော မာခူရွှမ်က ချန်းပင်အန်းနှင့် သူသေကိုယ်သေ တိုက်ခိုက်ချင်နေသော်လည်း နင်ယောင်နှင့် သူကတော့ ကျိုးကြောင်းသင့်လျော်မှုမရှိသော လူထူးဆန်းများ မဟုတ်ကြပေ။ အနည်းဆုံးတော့ နင်ယောင်က သူမ၏စွမ်းရည်ကို ပြသခဲ့သည်။ သို့သော် မာခူရွှမ်ကလည်း လုံးဝခန့်မှန်းကြည့်၍ မရနိုင်ပေ။
ချန်းပင်အန်းက ပြန်လှည့်လာခဲ့ခြင်းမရှိချေ။ သူက နင်ယောင်ကို ကျောပေးထားပြီး လက်ကို အသာအယာ ဝှေ့ယမ်းပြလိုက်၏။ သူက အဆင်ပြေသေးသည်ဟု အချက်ပြလိုက်ခြင်းလည်းဖြစ်သည်။
မာခူရွှမ်က ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်၏။ သူ့အရှေ့တွင် ရှိနေသော လူငယ်လေးက မြက်တဆုပ်ကို ဆုပ်ယူလိုက်ပြီး လက်ဖဝါးတွင် ရှိနေသော သွေးများကို သုတ်လိုက်သည်။ ချန်းပင်အန်းကလည်း မတ်တပ်ရပ်လိုက်၏။
မာခူရွှမ်က အရင်ဆုံး ပြေးဝင်လာခဲ့သည်။ သူ ရပ်နေသည့်နေရာတွင် ခြေထောက်တွန်းကန်အားကြောင့် တွင်းနှစ်ခုပင် ပေါ်လာခဲ့၏။ ပိန်ပိန်ပါးပါးနှင့် မျောက်တစ်ကောင်ကဲ့သို့ ဖြစ်နေသော လူငယ်လေးက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် လျင်မြန်လွန်းလှသည်။ သူက လေထဲသို့မြင့်မြင့်ခုန်လိုက်ပြီး ချန်းပင်အန်းကို ဒူးနှင့် တိုက်လိုက်၏။
ချန်းပင်အန်း၏လက်သီးက မာခူရွှမ်၏ဒူးနှင့် ရင်ဆိုင်လိုက်မိသည်။ သို့သော် မာခူရွှမ်၏ ခန္ဓာကိုယ်က လေထဲတွင် ရှေ့သို့ ငိုက်ကျလာခဲ့ပြီး သူ့လက်သီးက ချန်းပင်အန်း၏ နဖူးကို ထိုးမိခဲ့၏။ မူလတုန်းက ကွေးထားသော မာခူရွှမ်၏ခြေထောက်များကိုလည်း ချက်ချင်း ဆန့်ထုတ်လိုက်ပြီး ချန်းပင်အန်း၏ ရင်ဘတ်ကို ခြေထောက်နှင့် အရှိန်ပြင်းစွာ ကန်ချလိုက်သည်။
ချန်းပင်အန်းကတော့ ခေါင်းကို တူနှင့်အထုခံလိုက်ရသလို ခံစားလိုက်ရပြီး တချိန်တည်းတွင် ရင်ဘတ်ကလည်း နာကျင်သွားခဲ့ရ၏။ သူက နောက်ပြန်လဲကျသွားခဲ့သည်။
မာခူရွှမ်က လေထဲတွင် တစ်ပတ်ကျွမ်းထိုးလိုက်သည်။ အောက်သို့ပြန်ကျလာပြီးနောက် သူက ကြောက်စရာကောင်းစွာပြုံး၍ ရှေ့ကိုပြေးထွက်လာခဲ့ပြန်သည်။ သူက မတ်တပ်ပြန်ရပ်တော့မည့် ချန်းပင်အန်း၏ ရှေ့ကိုလျင်မြန်စွာ ရောက်လာပြီး ခြေထောက်နှင့် ကန်လိုက်သည်။
ချန်းပင်အန်းက သူ၏ခန္ဓာကိုယ်ရှေ့တွင် လက်နှစ်ဖက်ကို ကန့်လန့်ဖြတ် ကာထားလိုက်သည်။ သူ၏ဘယ်ဘက်လက်က အပြင်ဘက်တွင်ဖြစ်နေပြီး ညာဘက်လက်က အတွင်းထဲတွင်ထား၍ ရင်ဘတ်နှင့် မျက်နှာကို ကာကွယ်ထားခဲ့၏။
ထိုကန်ချက်ကြောင့် ချန်းပင်အန်းက နောက်သို့ လွင့်သွားခဲ့ပြန်သည်။ သို့သော် သူ၏ပင်မခန္ဓာကိုယ် အစိတ်အပိုင်းများကို ကာကွယ်နိုင်ပြီး သွေးထွက်သံယိုမြင်ကွင်းများ ပေါ်မလာခဲ့ပေ။ သူက ဆက်၍ လိမ့်သွားခဲ့၏။
မာခူရွှမ်ကတော့ သူ့ကို အလစ်မပေးဘဲ ရှေ့ကိုဆက်၍ပြေးလာခဲ့သည်။
ချန်းပင်အန်း၏ ခန္ဓာကိုယ် လိမ့်သွားနေခြင်း ရပ်တန့်သွားသည့် အချိန်တွင် သူက မသိမသာဖြစ်စေ တမင်တကာဖြစ်စေ ဒူတစ်ဖက်ထောင်၍ ခါးကို အနည်းငယ် ကွေးလိုက်သည်။
မာခူရွှမ်၏ အမူအယာက အေးစက်သွားခဲ့၏။ ထို့နောက် ချန်းပင်အန်းက လေးညို့မှပစ်လိုက်သော မြားတစ်စင်းကဲ့သို့ ပြေးထွက်လာခဲ့သည်။ တခဏအတွင်း သူက မာခူရွှမ်၏ရှေ့ကို ရောက်လာခဲ့၏။ သူ့အရှိန်က အလွန်အမင်းကို လျင်မြန်လွန်းလှသည်။
ယခင်တုန်းကနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူက လုံးဝမတူညီသော လူတစ်ယောက်အဖြစ် ပြောင်းလဲသွားခဲ့၏။ ရန်သူကို အားနည်းချက်များ ပြသခဲ့သည့် အပြုအမူမျိုးဖြစ်၏။ ချန်းပင်အန်းကလည်း ထိုအရာကို မည်သို့အသုံးချရမည်ဖြစ်ကြောင်း သိနေခဲ့သည်။
ယခုတစ်ကြိမ်တော့ မာခူရွှမ်က လက်သီးနှင့် တိုက်ခိုက်ရန် အချိန်မရသေးခင် ချန်းပင်အန်း၏ပုခုံးက သူ့ရင်ဘတ်ကို တိုက်ချသွားခဲ့သည်။ မာခူရွှမ်က နောက်ကို ဒယိမ်းဒယိုင်နှင့် လွင့်ထွက်သွားပြီး သူ၏ဗိုက်ထဲမှနေ၍ ပြင်းထန်သော နာကျင်မှုတစ်ခုကို ခံစားလိုက်ရ၏။
သူက ခေါင်းငုံ့ကြည့်လိုက်ပြီး ခါးကို ကွေးလိုက်ရာ ဘယ်ဘက်နားက ချန်းပင်အန်း၏ လက်သီးနှင့် ထိုးလိုက်သည်ကို ခံလိုက်ရသည်။ မူလတုန်းက အသာစီးရနေသော တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှ လူငယ်လေးက ထူးဆန်းသောပုံစံနှင့် လေထဲတွင် နောက်ပြန်လွင့်သွားခဲ့၏။
ချန်းပင်အန်းက မာခူရွှမ်၏ ခြေကျင်းဝတ်ကို ချက်ချင်း ဆုပ်ကိုင်လိုက်ပြီး သူ့ကို လေထဲတွင်လှည့်၍ အဝေးကို လှမ်းပစ်လိုက်ပြန်သည်။ သူက တစ်ပေခွဲခန့် အရပ်အမြင့်ရှိသော ထိုင်နေသည့် ရုပ်ထုတစ်ခုဆီကို တည့်တည့်ရောက်သွားခဲ့ခြင်း ဖြစ်၏။ အကယ်၍ မတော်တဆမဖြစ်လျှင်ပင် မာခူရွှမ်က ဆိုးဆိုးရွားရွား ဒဏ်ရာရသွားနိုင်သည်။
သို့သော် မာခူရွှမ်က ယခုအချိန်ထိ ပြင်ပပစ္စည်းများကို အားကိုးခဲ့ခြင်းမရှိဘဲ သူကိုယ်တိုင် ကြိုးစားလာခြင်းဖြစ်သည်။ သူက ခြေထောက်နှစ်ဖက်နှင့် ရုပ်ထု၏ဦးခေါင်းကို နင်းပြီး ခြေထောက်ကိုကွေး၍ ချန်းပင်အန်းကို ဦးခေါင်းနှင့် တိုက်ခိုက်ရန် ပြန်ဝင်လာခဲ့သည်။
သူ့ခန္ဓာကိုယ်က အလွန်ပြင်းထန်သော တန်ပြန်အားကို အသုံးချပြီး ချန်းပင်အန်း၏ အလစ်ချောင်းတိုက်ခိုက်မှုကဲ့သို့ လုပ်ဆောင်ခဲ့ခြင်းဖြစ်၏။ သူက မြားတစ်စင်းကဲ့သို့ အဝေးတွင် ရှိနေသော ရန်သူဆီကို ရောက်သွားခဲ့သည်။ သို့သော် မြင်လိုက်ရသော မြင်ကွင်းကြောင့် မာခူရွှမ်က အလွန်ထိတ်လန့်အံ့ဩသွားခဲ့ပြီး မျက်လုံးများ ပြူးကျယ်သွားခဲ့၏။
မူလတုန်းက ရပ်နေသော ချန်းပင်အန်းက လက်တစ်ဖက်ကို လေထဲတွင် မြှောက်ထား၏။ ထိုအချိန်တွင် သူ့လက်ထဲ၌ ဓားတိုတစ်ချောင်း ပေါ်လာပြီး ထိုဓားတို၏ ထိပ်ဖျားကတော့ သူ့ဆီကို လျင်မြန်စွာ ချည်းကပ်လာသော မာခူရွှမ်၏ဦးခေါင်းကို အတည့်အတိုင်း ချိန်ထားခဲ့သည်။ ထိုအရာကတော့ သေလမ်းရှာခြင်းဟု ခေါ်ရမည်ဖြစ်၏။
ချန်းပင်အန်း၏လက်က တုန်ခါနေသော်လည်း မာခူရွှမ်၏ ခန္ဓာကိုယ်ကို ထိုးစိုက်ရန် လုံလောက်သည်။ ဒဏ်ရာက ရင်ဘတ်၊ ဦးခေါင်းနှင့် လက်မောင်းပေါ် မူတည်ပြီး အခြေအနေက ကွဲပြားသွားနိုင်သည်။ အလွန်ဆိုးရွားသော အခြေအနေတစ်ရပ် ဖြစ်နေသည့်အတွက် မာခူရွှမ်က အလွန်ကြောက်လန့်နေသော်လည်း လုံးဝလက်မလျော့သေးပေ။ သူက ခန္ဓာကိုယ်ကို ခက်ခက်ခဲခဲ ပြန်လှည့်လိုက်ပြီး အနည်းငယ်ဖြစ်ဖြစ် ထိုဓားထိပ်ဖျားမှ သူ၏ပင်မခန္ဓာကိုယ်အစိတ်အပိုင်းများ မထိစေရန် ကာကွယ်ချင်ခဲ့သည်။
ထိုအချိန်တွင် လူငယ်နှစ်ယောက်၏ ကြားထဲ၌ လူရိပ်တစ်ခု ပေါ်လာခဲ့၏။ ထိုအရာက နောက်ကျောတွင် ဓားရှည်လွယ်ထားသော သက်လတ်ပိုင်း လူကြီးတစ်ယောက်ဖြစ်သည်။
သူက လှုပ်ရှားလိုက်ပုံ မရသော်လည်း မာခူရွှမ်ကတော့ ကမ္ဘာကြီးလည်သွားသလို ထင်မှတ်ရသည်။ သူက မြေပေါ်တွင် ခြေထောက်နှင့် ပြန်ကျလာသလို ထိုလူ၏ဘေးတွင် မတ်မတ်ရပ်နိုင်ခဲ့သည်။
ထို့နောက် ဓားလွယ်ထားသောလူက ဓားကိုင်ထားသော လူငယ်လေးကို လှည့်ကြည့်လိုက်၏။ သူ၏မျက်လုံးထဲတွင်တော့ လေးစားချီးကျူးမှုများ ပြည့်နှက်နေခဲ့သည်။ သူက အပြုံးနှင့်တိုးတိုး ပြောလိုက်၏။
“ဒီတစ်ကြိမ် မင်းတို့နှစ်ယောက် တိုက်ခိုက်တာ လုံလောက်ပြီ…”
ချန်းပင်အန်းက နောက်ကို တစ်လှမ်းဆုတ်သွားပြီး သူ၏နှုတ်ခမ်းထောင့်မှနေ၍ သွေးများစီးကျလာနေခဲ့၏။
ထိုလူက အပြုံးနှင့် ပြောလိုက်သည်။
“ငါက မာခူရွှမ်ကို ကယ်တင်ခဲ့တယ်။ ဒါကြောင့် ငါက မင်းအပေါ် အကြွေးတစ်ခု တင်သွားပြီ။ ငါ ဒီနေရာကနေ ထွက်သွားပြီရင် မင်းတို့နှစ်ယောက်ရဲ့နောက်ကို ဆက်မလိုက်ဖို့ ကျန့်ယန်တောင်က တောင်ရွှေ့လူဝံကြီးကို ဖျောင်းဖျပေးမယ်။ မင်းက ဘယ်လိုသဘောရလဲ…”
နင်ယောင်ကလည်း ချန်းပင်အန်း၏အနားကိုရောက်လာခဲ့သည်။ စစ်တောင်တန်းမှ ကျင့်ကြံသူက မိန်းမပျိုကို လေးလေးနက်နက်စိုက်ကြည့်၍ ချန်းပင်အန်းကို ပြောလိုက်သည်။
“မင်းမှာ အပေးအယူလုပ်ဖို့ အခွင့်အရေးမရှိဘူး။ တကယ်လို့ သဘောတူတယ်ဆိုရင် ခေါင်းညိတ်လိုက်။ သဘောမတူဘူးဆိုရင်လည်း တိတ်တိတ်ပဲ နေလိုက်တော့။ ဒါက မတရားဘူးလို့ ခံစားမိတယ်ဆိုရင် လူဝံအိုကြီးရဲ့လက်ထဲကနေ ကံကောင်းပြီး လွတ်မြောက်လာတဲ့အချိန် ဒီမြို့ထဲကနေ ထွက်လာပြီးတာနဲ့ စစ်တောင်တန်းမှာ တရားမျှတမှုကို ရှာဖွေဖို့ ငါ့ကိုလာရှာလို့ရတယ်…”
ချန်းပင်အန်းက နင်ယောင်ဆီမှ ငှားဓားသော ဓားကို သိမ်းလိုက်ပြီး သူ၏ညာဘက်အင်္ကျီထဲတွင် ဝှက်ထားလိုက်သည်။ သူက စစ်တောင်တန်းမှလူကြီးကို ခေါင်းညိတ်ပြီး ပြောလိုက်၏။
“အခွင့်အရေးရှိရင်တော့ လာခဲ့ပါ့မယ်…”
မာခူရွှမ်က စကားပြောရန် ပြင်လိုက်စဉ် ထိုလူက အေးစက်စွာ ပြောလိုက်၏။
“လူသေတွေက အသက်ရှင်နေတဲ့သူကို ရိုင်းရိုင်းစိုင်းစိုင်း စကားပြောခွင့်မရှိဘူး..”
မာခူရွှမ်က နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်ပြီး တိတ်တဆိတ် ခေါင်းငုံ့လိုက်သည်။ စစ်တောင်တန်းမှ ဆရာတပည့်က အဝေးတွင် တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။
ထိုအချိန်ကျမှသာ ချန်းပင်အန်းက နေရာတွင် ထိုင်ချလိုက်သည်။ နင်ယောင်က သူ့အနားကို အလျင်အမြန် လျှောက်လာပြီး စိုးရိမ်တကြီး မေးလိုက်၏။
“ဘယ်လိုလဲ။ ဘယ်နေရာမှာ ဒဏ်ရာက အဆိုးဆုံးလဲ။ နင်က တာအိုသခင်လုရဲ့ဆေးအညွှန်းကို သုံးဖို့ လိုအပ်သေးလား…”
ဒဏ်ရာရနေသော နှာခေါင်း၊ ရောင်ကိုင်းနေသော မျက်နှာနှင့် လူငယ်ဘေးက မချိပြုံးပြုံးလိုက်မိသည်။
“ကျွန်တော် အဆင်ပြေပါတယ်။ ကျွန်တော်က နာကျင်မှုကို ခံစားရပေမဲ့ ဒဏ်ရာက မပြင်းထန်လို့ နာကျင်မှုကို ခံစားနေရသေးတာ။ ဪ .. ဒါနဲ့ အခုချိန်သာ လူဝံကြီးရောက်လာမယ်ဆိုရင်...”
“သူ လာချင်လာပါစေ…”
မိန်းမပျိုက မြေပြင်ပေါ်တွင် ထိုင်ချလိုက်ပြီး မျက်ခုံးပင့်လိုက်မိသည်။
“နင်တောင် တိုက်ခိုက်ပြီးသွားပြီပဲ။ ငါလည်း တိုက်ခိုက်ရမှာပေါ့။ ဘာများ ကြောက်နေရမှာလဲ…”
ချန်းပင်အန်းက ရွေးချယ်စရာမရှိတော့ဘဲ ပြောချင်နေသော စကားလုံးများကို မျိုသိပ်ထားလိုက်ရသည်။ နင်ယောင်က လှပစွာ ပြုံးလိုက်ပြီး လူငယ်လေးကို လက်မထောင်ပြလိုက်၏။
“အရမ်းမိုက်တယ် …”
ကိုယ့်ကိုယ်ကိုယ် အဆင့်မြင့်သည်ဟု လုံးဝမတွေးခဲ့သော လူငယ်လေးက မျက်နှာပေါ်ရှိ အပြုံးကို ထိန်းနိုင်ရန် အကောင်းဆုံးကြိုးစားခဲ့ရသည်။ သူ့ပုံစံက ပို၍ပင် သက်တောင့်သက်သာ ရှိနေခဲ့၏။ သို့သော် သူက ပျော်ရွှင်နေကြောင်း လူတိုင်းက သိနိုင်သည်။ ထိုလူငယ်လေးကတော့ အလွန်ဂုဏ်ယူနေခဲ့ခြင်းဖြစ်၏။
Translated by Hein Htet.