အခန်း (၅၆)
Vol. 4 Ch. 56
မြေခွေးများ၊ ယုန်များ ကျင်လည်ကျက်စားနေသော တောတောင်ထဲတွင် လူတစ်ယောက်က လမ်းလျှောက်နေရင်း အုတ်ဂူတစ်ခု၏ရှေ့တွင် ရုတ်တရက် ရပ်လိုက်သည်။ သူက မထင်မရှား အုတ်ဂူတစ်ခု၏ဘေးတွင် ထိုင်ချလိုက်ပြီး အုတ်ဂူ၏ ပတ်ပတ်လည်တွင် လွှမ်းခြုံထားသော နွယ်ပင်များကို ဖယ်ရှားလိုက်ရာ အုတ်ဂူ၏ မူလပုံသဏ္ဍာန် ပေါ်လာခဲ့သည်။ စကားလုံးများက ဝေဝါးနေသော်လည်း စကားလုံး တစ်စိတ်တစ်ပိုင်းတော့ ပေါ်နေသေးသည်။
ထိုလူက သက်ပြင်းချလိုက်မိ၏။
"နတ်ဘုရားလမ်းစဉ်က ပြိုလဲသွားပြီ။ စည်းမျဉ်းတွေ ၊ ဓလေ့ထုံးတမ်းတွေပဲ ဆက်လက်ဖွံ့ဖြိုးလာတော့တယ်။ ကျောင်းပေါင်း (၁၀၀) ရဲ့တိုက်ပွဲကလည်း စတင်တော့မယ်…"
ထိုလူက မတ်တပ်ရပ်လိုက်ပြီးနောက် စစ်တောင်တန်းကို ယခုအချိန်ထိ တရားဝင် ရောက်မလာသေးသော တပည့်ကို မြင်လိုက်ရသည်။ သူက ရောက်လာခဲ့သော နေရာနှင့် သူ၏နှုတ်ခမ်း၊ နား၊ နှာခေါင်းထောင့်မှ တတောက်တောက် စီးကျလာနေသော သွေးများကို ကြည့်နေခဲ့သည်။ သူ့မျက်နှာက မည်းမှောင်နေပြီး အလွန်ကြောက်စရာကောင်း၏။
လူငယ်က လက်ကိုမြှောက်လိုက်ပြီး သွေးများကိုသုတ်၍ အုတ်ဂူကို သေချာ စိုက်ကြည့်နေခဲ့သည်။ ထိုလူက ပြောလိုက်၏။
"မာခူရွှမ် …
အစောပိုင်းတုန်းက မင်းပေးတဲ့ အကြောင်းပြချက်အရ ဓားပျံကို အသုံးပြုတဲ့ မိန်းကလေးက တာ့ဆွေမင်းသားနဲ့ ပူးပေါင်းပြီး မင်းရဲ့ပထမဆရာကို သတ်ပစ်တယ်လို့ ပြောခဲ့တယ်။ ဒါကြောင့် မင်းက မြို့ထဲကနေ ထွက်မသွားခင် လက်တုံ့ပြန်ချင်တယ်လို့ ပြောခဲ့တယ်။ အဲဒါက ကျိုးကြောင်းသင့်တော်တယ်လို့ ခံစားမိတဲ့အတွက် ငါ မင်းကို မတားခဲ့ဘူး။ မင်းဘဝရဲ့ သေရေးရှင်ရေးက မင်းအပေါ်မှာပဲ တာဝန်ရှိတယ်ဆိုပြီး ခွင့်ပြုခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျင့်ကြံသူတစ်ယောက်အတွက်တော့ အန္တရာယ်နဲ့ အခွင့်အရေးဆိုတာ မဟာတာအိုလမ်းစဉ်မှာ ရန်သူတစ်ယောက်ကို တွေ့ရသလိုပဲ။ ဒါပေမယ့်..."
သို့သော် ထိုလူ၏လေသံက တဖြည်းဖြည်း လေးနက်လာခဲ့သည်။ သူက သူ့ရှေ့တွင် ရှိနေသော ပါရမီရှင်တပည့်ကို အလေးပေးခဲ့ခြင်း မရှိချေ။ သူက လေးလေးနက်နက် ပြောလိုက်၏။
"ဘာလို့ မင်းက ရွှံ့ပုလင်းလမ်းကြားထဲက ကောင်လေးကို ပစ်မှတ်ထားရတာလဲ။ ငါတို့စစ်တောင်တန်းက ကျင့်ကြံသူတွေ အထူးသဖြင့် ဓားတာအိုလေ့ကျင့်ထားတဲ့သူတွေက အပြစ်မဲ့တဲ့သူတွေကို သတ်လို့မရဘူးလို့ ငါပြောခဲ့တယ်…"
လူငယ်ကတော့ မေးခွန်းကို ပြန်မဖြေခဲ့ပေ။
"စစ်တောင်တန်းက ကျင့်ကြံသူတွေက ကံကြမ္မာနဲ့ ကံတရားကို ဂရုမစိုက်တဲ့သူတွေလား…"
ထိုလူက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"နှစ်ပေါင်း (၁၀၀၀) ကျော် သမိုင်းကြောင်းကို ပြန်ကြည့်လိုက်မယ်ဆိုရင် ကိုယ်ပိုင်အစွမ်းနဲ့ အခြေအနေကို ပြောင်းလဲနိုင်တဲ့သူတွေက စစ်ဂိုဏ်းက သူတော်စင်တွေပဲ။ ငါက စစ်ကျောင်း ကျင့်ကြံသူတစ်ယောက် ဖြစ်နေတဲ့အတွက် ငါတို့ဘိုးဘေးတွေရဲ့ လုပ်ရပ်တွေကို တမင်တကာ ချီးကျူးနေတာ မဟုတ်ဘူး…"
ထိုလူက လူငယ်ကို စိုက်ကြည့်လိုက်ပြီး သူ့ကို အလွယ်တကူ အလွတ်ပေးရန် ဆန္ဒမရှိချေ။ အကယ်၍ မာခူရွှမ်ကသာ သွေးဆာနေသော ကျွဲရိုင်းတစ်ကောင် ဖြစ်နေမည်ဆိုလျှင် ထိုကဲ့သို့ တပည့်မျိုးကို စစ်တောင်တန်းက ဘာကြောင့် လက်ခံမည်နည်း။
သီးသန့်တိုင်းပြည်များထဲတွင် ရှိနေသော စစ်တောင်တန်းမှ ကျင့်ကြံသူများက သူတို့၏ ကျင့်စဉ်အဆင့်များ တိုးတက်ရန်အတွက် တိုက်ပွဲများ တိုက်ခိုက်ကြသည်။ သူတို့က သေလုမျောပါး အခြေအနေမျိုးပင် ရောက်ခဲ့ရ၏။ သူတို့၏ရင်ထဲတွင် ထိန်းချုပ်နိုင်စွမ်း မရှိလျှင် သူတို့က နတ်ဆိုးလမ်းစဉ်ထဲသို့ အလွယ်တကူ ကျရောက်သွားနိုင်သည်။
စဉ်းစားကြည့်လိုက်မည်ဆိုလျှင် သတ်ဖြတ်ရေးစွမ်းအားများ ပိုင်ဆိုင်ထားသော ကျင့်ကြံသူတစ်ယောက်က မြို့တစ်မြို့နှင့် တိုင်းပြည်တစ်ပြည်ကို ဖျက်ဆီးရန် မည်မျှ လွယ်ကူမည်နည်း။ စစ်ကျောင်းတော်နှင့် ကွန်ဖြူရှပ်ကျောင်းတော်က တောင်အောက်တွင် ရှိနေသော တိုင်းပြည်များကို ငြိမ်းချမ်းမှုများ ဖန်တီးပေးနိုင်သော ပင်မထောက်တိုင်ကြီး (၂) ခု ဖြစ်သည်။
စစ်ကျောင်းတော်မှ ကျင့်ကြံသူများကသာ မသင့်တော်သော အခြေအနေမျိုးသို့ ရောက်နေမည်ဆိုလျှင် ကျင့်စဉ်အဆင့်က ပို၍မြင့်မားလေလေ နန်းတွင်းထဲတွင် သူ့အဆင့်အတန်းက ပို၍မြင့်မားလေလေဖြစ်ပြီး တိုင်းပြည်တစ်ခုလုံး၏ စိတ်ဓာတ်အပေါ် သူတို့၏သက်ရောက်မှုက ပို၍ကြီးမားလှသည်။
သမိုင်းကြောင်းထဲတွင်တော့ အတိတ်သင်ခန်းစာများက ထင်ထင်ရှားရှား ရှိနေသေး၏။ လူသားများ၏ နှလုံးသားကို အပိုင်သိမ်းရန် ခက်ခဲသော်လည်း ဆုံးရှုံးရန်တော့ လွယ်ကူလှသည်။ ထိုအရာကို စာသင်သား သူတော်စင်က ပြောခဲ့သော်လည်း စာဖတ်များသော စစ်ကျောင်းတော်မှ စစ်သူကြီးများကလည်း ထိုအရာကို လေးလေးနက်နက် ထောက်ခံကြသည်။
"သူငယ်ငယ်တုန်းက သူ့အဖေ သေသွားခဲ့တယ်။ အဲဒီလူက မသေခင် မြို့ငယ်လေးထဲမှာ နာမည်ကျော် အလုပ်သမားတစ်ယောက်ပဲ။ သူ့ရဲ့လက်မှုပညာကလည်း အရမ်းကောင်းတဲ့အပြင် သူက ရိုးသားတယ်။ နောက်ပိုင်းမှာတော့ သူက ရုတ်တရက် သေသွားပြီး သူ့ခန္ဓာကိုယ်ကို ဘယ်မှာမှ မတွေ့တော့ဘူး။ ကျွန်တော့်ရဲ့အဘွားက အဲဒါကို လုံးဝဝန်မခံပေမယ့် မိုးကြိုးမုန်တိုင်းတွေ တိုက်ခိုက်နေတဲ့ ညတစ်ညကို ကျွန်တော် ရှင်းရှင်းလင်းလင်း မှတ်မိနေသေးတယ်။ ကျွန်တော်က မိုးခြိမ်းသံတွေကြောင့် နိုးလာခဲ့တဲ့အချိန်မှာ ကျွန်တော့်အဘွားက အနားမှာ မရှိတာကို တွေ့လိုက်ရတယ်။ ကျွန်တော် တံခါးဖွင့်လိုက်တဲ့အချိန်မှာ ကျွန်တော့်ရဲ့အဖေက ခိုးကြောင်ခိုးဝှက်ပြန်လာပြီး ထိတ်လန့်ကြောက်ရွံ့နေတာကို မြင်ခဲ့ရတယ်။ ကျွန်တော့်ရဲ့အမေကတော့ ကျွန်တော့်အဖေရဲ့ နောက်ကျောကို ပွတ်ပေးနေပြီး နှစ်ကိုယ်ကြား ဝမ်းမြောက်ဝမ်းသာ စကားပြောနေတာ တော်တော်လေးကို ထူးဆန်းတယ်…"
လူငယ်က မျက်မှောင်ကြုတ်လိုက်မိပြီး ကလေးဘဝ အိပ်မက်ဆိုးများကို မှတ်မိရန် အကောင်းဆုံး ကြိုးစားနေရသည်။
"ကျွန်တော့်အဘွားကတော့ ဘာစကားမှမပြောခဲ့ဘူး။ သူ့ပုံစံကို ကြည့်ရတာကလည်း ပျော်ရွှင်နေတဲ့ ပုံစံမျိုးမရှိဘူး။ အဲဒီအစား ကျွန်တော့်ရဲ့အဖေကို ဒေါသထွက်နေခဲ့တယ်…"
‘သူ့အဖေသေသွားတာနဲ့ နင်က အဲဒီကလေးရဲ့အမေကို လက်ထပ်ဖို့ အခွင့်အရေးရမယ်လို့ ထင်နေတာလား။ နင်က ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ပြန်မကြည့်ဘူးလား။ ရွှံ့ပုလင်းလမ်းကြားထဲမှာရှိတဲ့ ချန်းမိသားစုက မျိုးရိုးစဉ်ဆက် ကလေးတစ်ယောက်ပဲ ရှိခဲ့တယ်။ နင်က လူတစ်ယောက်ကို ထိခိုက်အောင်လုပ်ခဲ့ပြီး နင့်ကြောင့် မိသားစု (၃) ယောက်လုံး သေသွားမှာ မကြောက်ဘူးလား…’
‘လက်ရှိ ချန်းမိသားစုရဲ့လက်ရှိမျိုးဆက်မှာ ဆက်ခံသူတစ်ယောက်မှ မရှိတော့ဘူး။ သူတို့ဘိုးဘေးတွေ လက်တုံ့ပြန်မှာကို မကြောက်ဘူးလား။ အနည်းဆုံးတော့ အဲဒီမိန်းကလေးရဲ့အကျင့်စရိုက်ကို မသိဘူးလား။ သူက နင့်ကို နောက်ထပ် လက်ထပ်မယ်လို့ ထင်နေတာလား…’
"အဲဒီအချိန်မှာ ကျွန်တော့်အဖေကတော့ ကောက်ကျစ်စွာ ပြုံးနေခဲ့တယ်။ သူက အဲဒီကိစ္စတွေကို လုပ်ပြီးသွားတဲ့အတွက် သိပ်မကြာခင် ဆုလာဘ်ရမယ်လို့လည်း ခံစားမိနေခဲ့တယ်။ မိသားစုရဲ့ရှေ့မှာတောင် သူက နောင်တရနေပြီး အပြစ်ရှိနေချင်ယောင် မဆောင်ခဲ့ဘူး။ အဆုံးမှာတော့ ကျွန်တော့်ရဲ့အဘွားက ကျွန်တော့်အမေကို လက်ညှိုးထိုးပြီး ကြိမ်းမောင်းခဲ့တယ်။ ကျွန်တော့်အမေကလည်း လူကောင်းတစ်ယောက် မဟုတ်ဘူး။ ချွေးမနဲ့ ယောက္ခမက တိုက်ခိုက်လုမတတ် ရန်ဖြစ်နေကြတာ...”
“ကျွန်တော့်အဖေကတော့ အသစ်ကို သဘောကျပြီး အဟောင်းကို မေ့တတ်တဲ့ လူတစ်ယောက်လေ။ အဲဒီအချိန် မြို့ငယ်လေးထဲမှာရှိတဲ့ အိမ်နီးချင်းတွေတစ်ယောက်မှ သူတို့ကို မကြိုက်ကြဘူး။ သူကတော့ မိန်းမဖြစ်သူကိုပဲ အကူအညီပေးခဲ့ပြီး အမေဖြစ်သူကို အကူအညီမပေးခဲ့ဘူး။ အဆုံးကျတော့ ကျွန်တော့်ရဲ့အဘွားက မြေပေါ်မှာ ထိုင်ချလိုက်ပြီး ရင်ဘတ်ကို စည်တီးနေခဲ့တယ်။ သူက ငိုကြွေးနေခဲ့ပြီး မာမိသားစုက ဒီလိုနတ်ဆိုးတစ်ကောင်ကို မိသားစုထဲ ခေါ်မိခဲ့တဲ့အတွက် ပြဿနာတက်တယ်လို့လည်း ပြောခဲ့တယ်…"
အတွေးပင်လယ်ဝေနေသော ထိုလူငယ်လေးကိုကြည့်ပြီး ထိုလူက မေးလိုက်သည်။
"မင်းက အရင်မျိုးဆက်ရဲ့ ကံကောင်းခြင်းတွေ၊ ကံဆိုးခြင်းတွေ၊ မကောင်းမှုတွေအားလုံးကို မင်းဆီ ယူချင်နေတာလား။ မင်းမိဘနဲ့ မင်းရဲ့အဘွားကို အဆုံးသတ်ကောင်းစေချင်နေတာလား…."
မာခူရွှမ်က ပြုံးလိုက်သည်။
"ကျွန်တော်က ကျွန်တော့်ရဲ့မိဘတွေအပေါ် ဘာခံစားချက်မှမရှိဘူး။ ကျွန်တော့်အဘွားကိုပဲ စိုးရိမ်တာ...။ သူက ကျွန်တော်နဲ့အတူ စစ်တောင်တန်းကို မသွားချင်ဘူး။ သူက အဘိုးရဲ့အုတ်ဂူဘေးမှာပဲ ခေါင်းချချင်တယ်လို့ ပြောခဲ့တယ်။ တကယ်လို့ သူသာ မိုင်ပေါင်းသောင်းကျော်အဝေးမှာ ရှိနေတဲ့ စစ်တောင်တန်းကို သွားမယ်ဆိုရင် သူ့ရဲ့မြေးဖြစ်တဲ့ ကျွန်တော်က သူ့ရဲ့အရိုးပြာအိုးကို အိမ်ထိ သယ်လာဖို့ ဒုက္ခများလိမ့်မယ်။ ပြီးတော့ သေဆုံးပြီးသွားရင် ရှင်သန်သူတွေရဲ့ ကမ္ဘာကြီးက အရမ်းကို ခက်ခဲတယ်လို့ သူက ကြားဖူးတယ်။ သူ့အတွက် အသက်ရှင်နေစဉ် ခက်ခဲတာ လုံလောက်နေပြီ။ သေပြီးသွားတဲ့အချိန်မှာ နောက်ထပ် ထပ်ပြီး မခံစားချင်တော့ဘူး…"
ထိုလူက ပြောလိုက်၏။
"ဒါကို လက်ခံနိုင်ပါတယ်။ ဒါပေမဲ့ ကျိုးကြောင်းသင့်တော်မှုတော့ မရှိဘူး။ ဒီတစ်ခုတည်းပဲလား။ ဒီတစ်ကြိမ်တော့ ရှိစေတော့...။ နောက်ထပ် မလုပ်မိစေနဲ့.."
မာခူရွှမ်က နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ သူ၏ခံစားချက်များက အေးစက်နေခဲ့၏။ သူက ခေါင်းခါခဲ့ခြင်း မရှိသလို သဘောတူခဲ့ခြင်းလည်း မရှိချေ။
ထိုလူက ပြုံးလိုက်ပြီး လူငယ်၏ဒဏ်ရာပေါ်သို့ ဆားသိပ်ပေးလိုက်၏။
"မင်းက သက်တူရွယ်သူတစ်ယောက်ကြောင့် ရှုံးနိမ့်သွားခဲ့ရတာကို ဘယ်လိုခံစားရလဲ…"
မာခူရွှမ်က ဒေါသတကြီး ပြောလိုက်သည်။
"တကယ်လို့ အဲဒီမိန်းကလေးသာ တိတ်တဆိတ် ဓားတစ်ချောင်း မပေးခဲ့ဘူးဆိုရင် ကျွန်တော် ချန်းပင်အန်းကို ရှုံးရမှာလား။ စလာတဲ့အချိန်ကတည်းကစပြီး ကျွန်တော်က စွမ်းအား (၇၀) ရာခိုင်နှုန်းပဲ သုံးခဲ့တာ...။ တကယ်လို့ ကျွန်တော်သာ ကစားချင်နေတာ မဟုတ်ဘူးဆိုရင်..."
ထိုလူက ခနဲ့သလို ပြောလိုက်သည်။
"ကြောင်နဲ့ကြွက်လို ကစားနေတာလား။ ထားလိုက်ပါတော့...။ မင်းက ချန်းပင်အန်းကိုသတ်ဖို့ မင်းရဲ့စွမ်းအား (၇၀) ရာခိုင်နှုန်းကို သုံးချင်နေတယ်။ တစ်ချိန်တည်းမှာပဲ အဲဒီမိန်းကလေးကို သတိမထားမိအောင်လုပ်တယ်။ မင်းက ခဲတစ်လုံးတည်းနဲ့ ငှက် (၂) ကောင်ကို သတ်ချင်နေတာပဲ။ ဒါပေမဲ့ အိပ်မက်ဆိုတာကတော့ လှပါတယ်လေ…"
လူငယ်၏မျက်နှာက နီရဲသွားခဲ့သည်။ သူက အိုးတိုးအမ်းတမ်း အမူအရာနှင့် ဒေါသတကြီး ပြောလိုက်၏။
"ခင်ဗျားက ဘယ်လိုဆရာမျိုးလဲ…"
ထိုလူက ကျယ်လောင်စွာ ရယ်လိုက်သည်။ သူတို့ (၂) ယောက်က မြို့ထဲသို့ ပြန်လာခဲ့ကြ၏။
လူငယ်က မေးလိုက်သည်။
"ကျန့်ယန်တောင်နဲ့ယှဉ်လိုက်မယ်ဆိုရင် စစ်တောင်တန်းက ပိုပြီးမြင့်တာလား နိမ့်တာလား…"
ထိုလူက အပြုံးနှင့် ပြန်မေးလိုက်၏။
"မင်းက အမှန်အတိုင်းသိချင်တာလား လိမ်ပြီးပြောတာကို သိချင်တာလား…"
လူငယ်က မျက်ခုံးပင့်လိုက်သည်။
"လိမ်ပြီးပြောတာကရော ဘယ်လိုလဲ…"
ထိုလူက ပြောလိုက်၏။
"ဒါဆိုရင်တော့ အဆင့်အတူတူလောက်ပဲ…"
လူငယ်က ဝမ်းနည်းစွာ သက်ပြင်းချလိုက်မိ၏။ သူ့ဆီတွင် ဆရာ (၂) ယောက် ရှိနေသည့်အတွက် ကံဆိုးသွားသည်ဟု ခံစားမိလိုက်သည်။ တစ်ယောက်ကတော့ အကြောင်းပြချက်မရှိဘဲ မြို့ငယ်လေးထဲရှိ နဂါးစီးလမ်းကြားထဲတွင် သေဆုံးသွားခဲ့သည်။ တခြားတစ်ယောက်ကတော့ စွမ်းဆောင်ရည်မရှိသော်လည်း စည်းမျဉ်းများစွာ ရှိနေ၏။
ထိုလူက အပြုံးနှင့် ပြောလိုက်သည်။
"အပေါ်ယံမှာတော့ ကျန့်ယန်တောင်က ဓားတာအိုအုတ်မြစ်တစ်ခုပဲ။ ဒါပေမယ့် အရှေ့ပိုင်းကုန်းမြေကြီးထဲမှာရှိတဲ့ ကျင့်ကြံသူတွေရဲ့ ရင်ထဲမှာတော့ သူတို့ရဲ့ အဆင့်အတန်းက သူတို့ရဲ့ရန်သူ လေမိုးကြိုးဥယျာဉ်ထက် အတော်လေး နိမ့်ကျတယ်။ ဒါကြောင့် ကျန့်ယန်တောင်က ပထမတန်းဂိုဏ်းတစ်ခုလို့ မသတ်မှတ်နိုင်ဘူး။ သူတို့က အပေါ်ယံဟန်ပြအနေနဲ့ပဲ ရှိတာ...”
“အမှန်အတိုင်း ပြောရရင် ကျန့်ယန်တောင်ရဲ့ အုတ်မြစ်က အရမ်းကို နက်ရှိုင်းတယ်။ ဒါပေမဲ့ သွေးကြွေးပြဿနာတွေ ပေါ်လာပြီးတဲ့နောက် လေမိုးကြိုးဥယျာဉ်ထဲမှာ ဓားတာအိုနဲ့ ပတ်သက်ပြီး အရမ်းကိုမြင့်မားတဲ့ ပါရမီရှင်တစ်ယောက် ပေါ်လာခဲ့တယ်။ သူက အရမ်းကို ထူးချွန်လွန်းတဲ့အတွက် ကျန့်ယန်တောင်က နှစ်ရာပေါင်းများစွာ အရှက်ကွဲမှုကို ကြုံခဲ့ရတယ်…"
မာခူရွှမ်က စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
"ဆရာက ကျန့်ယန်တောင်ကို ဘယ်လောက်ပဲချီးကျူးချီးကျူး စစ်တောင်တန်းက ကျန့်ယန်တောင်ထက် နိမ့်တယ်ဆိုတဲ့ အချက်ကတော့ ပြောင်းလဲသွားမှာ မဟုတ်ဘူး.."
ထိုလူက အပြုံးနှင့် ပြောလိုက်၏။
"မာခူရွှမ် …
မင်း မှားနေပြီ။ ကျန့်ယန်တောင်နဲ့ စစ်တောင်တန်းရဲ့ ကွာဟချက်က ကျန့်ယန်တောင်ကြောင့်ပဲ ဖြစ်နိုင်လိမ့်မယ်…"
လူငယ်က အံ့ဩမှင်တက်သွားခဲ့၏။ ထိုလူပြောချင်သည့် အဓိပ္ပါယ်ကို နားလည်သွားပြီးနောက် သူက အပြုံးနှင့် ပြောလိုက်သည်။
"အဲဒါကမှ သဘောကျစရာကောင်းသေးတယ်…"
ထိုလူက သူ့ကို သတိပေးလိုက်သည်။
"ဂိုဏ်းက ဂိုဏ်း၊ မင်းက မင်းပဲ…"
အရမ်းပုပုလူငယ်က အပြုံးနှင့် ပြောလိုက်၏။
"ဆရာလည်း မှားနေပြီ။ ကျွန်တော် ဆိုလိုတာ စစ်တောင်တန်းက ဒီလောက် အဆင့်မြင့်နေမှတော့ ကျွန်တော်က နောက်ပိုင်း သိုင်းပညာလေ့ကျင့်တဲ့အချိန် ကျွန်တော်နဲ့ လက်ရည်စမ်းဖို့ လူရှာဖို့အတွက် အချိန်ကုန်လူပင်ပန်း သက်သာတယ်လေ။ ကျွန်တော့်အနားမှာ အသုံးမဝင်တဲ့သူတွေ ဝိုင်းနေတာမျိုး မဟုတ်တော့ဘူးပေါ့…"
ထိုလူက ရယ်လိုက်သည်။
"ရွှံ့ပုလင်းလမ်းကြားထဲက ကောင်လေးက အဲဒီလို ရဲတင်းတဲ့စကားတွေ ပြောနေမယ်ဆိုရင် ပိုပြီးသင့်တော်တာ မဟုတ်လား…"
လူငယ်က ဒေါသတကြီး ပြောလိုက်သည်။
"ဒါက ဆရာတစ်ယောက်ရဲ့အပြုအမူလား။ နောက်ပိုင်းကျရင် ကျွန်တော် လက်တုံ့ပြန်မှာကို မကြောက်ဘူးလား…"
ထိုလူက လက်နောက်ပစ်လိုက်ပြီး သူ၏ဓားအိမ်ကို လက်နှင့်ပုတ်လိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"ဒီဓားကလွဲရင် ငါက တစ်ယောက်တည်းပဲ။ တကယ်လို့ ငါသေသွားမယ်ဆိုရင် ငါ့ရဲ့တာအိုက ပျောက်ကွယ်သွားလိမ့်မယ်။ လက်တုံ့ပြန်တော့ရော ဘာများအသုံးဝင်မှာလဲ…"
လူငယ်က ဇဝေဇဝါ ဖြစ်သွားခဲ့၏။
"စစ်တောင်တန်း ရှိနေသေးတယ် မဟုတ်လား…"
ထိုလူက သူ့ကို စိုက်ကြည့်လိုက်သည်။
"စစ်တောင်တန်းက အရှေ့ပိုင်းကုန်းမြေကြီးထဲမှာရှိတဲ့ တခြားဂိုဏ်းတွေနဲ့ မတူဘူး။ မင်းက တောင်ပေါ်ကိုရောက်ရင် နားလည်ပါလိမ့်မယ်..."
ထိုလူ၏ခါးတွင် ရှိနေသော ကျားအဆောင်လေးက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ထိုလူက ထိုအဆောင်ကို လက်နှင့်ကိုင်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်၏။
"မြို့ကို မြန်မြန်ပြန်ကြမယ်။ ငါတို့ စစ်ကျောင်းကျင့်ကြံသူတွေက ကံကြမ္မာတွေကို ကြိုတင်သိမြင်ပြီး ကံဆိုးမှုတွေကို ရှောင်တိမ်းနိုင်တယ်။ ငါတို့က အနာဂတ်ကို ကြိုမြင်နိုင်တဲ့ မသိစိတ်မျိုး ရှိကြတယ်…"
လူငယ်က မျက်ခုံးပင့်၍ ပြောလိုက်သည်။
"တကယ်လို့ မြို့ငယ်လေးက ဇောက်ထိုးမိုးမျှော်ဖြစ်သွားပြီး အပြင်လူတွေနဲ့ မြို့သူမြို့သားတွေ အချင်းချင်း သတ်ဖြတ်ကြမယ်ဆိုရင်တောင် ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး။ ဒီတော့ အပေးအယူတစ်ခုလုပ်ကြစို့။ ကျွန်တော်က လူသားတွေရဲ့ အသက်ကို မြက်ပင်တွေလို သဘောမထားဘူးလို့ ကတိပေးနိုင်တယ်။ ဒါပေမယ့် ကျွန်တော်က အန္တရာယ်ကျနေတဲ့သူတွေကို ကူညီပေးဖို့အတွက် သူရဲကောင်းဆန်တဲ့ အလုပ်မျိုးတော့ မလုပ်နိုင်ဘူး…"
ထိုလူ၏အမူအရာက တည်ငြိမ်နေခဲ့သည်။ သူက လူငယ်၏ပုခုံးကိုကိုင်ပြီး အမိန့်ပေးလိုက်၏။
"စကားမပြောနဲ့တော့ အသက်အောင့်ထား..."
သူတို့ (၂) ယောက် ပျောက်ကွယ်သွားခဲ့ပြီး ခဏကြာပြီးနောက် မိုင်အနည်းငယ်အကွာတွင် ပေါ်လာခဲ့သည်။ ထိုကဲ့သို့ အကြိမ်ကြိမ် ပေါ်လာခဲ့သည့် အချိန်တွင် မာခူရွှမ်ကတော့ ရေပွက်များကဲ့သို့ ခံစားနေရ၏။
……………
မာခူရွှမ်၏ ကျောက်တုံးကြောင့် နောက်ကျောတွင် ဒဏ်ရာရခဲ့ခြင်းကလွဲလျှင် ချန်းပင်အန်းဆီ၌ ပြင်ပဒဏ်ရာများများ မရှိခဲ့ချေ။ သို့သော် ချန်းပင်အန်းက ကောင်းမွန်နေသည်ဟု ဆိုလိုနေခြင်း မဟုတ်ချေ။ ပြဿနာအများဆုံး အစိတ်အပိုင်းကတော့ သူ၏ဘယ်လက် ဖြစ်သည်။
သူက ရေထဲသို့ ငါးဖမ်းရန် သွားခဲ့ရသည့်အတွက် သူ၏ကုသမှုက အရှိန်နှေးနေခဲ့သည်။ မာခူရွှမ်နှင့် တိုက်ခိုက်ခဲ့ပြီးနောက် လက်သီးချင်း ယှဉ်ပြိုင်ခဲ့ရသည့်အခါ အခြေအနေက ပို၍ဆိုးရွားသွားခဲ့၏။ ချန်းပင်အန်းက ပျက်စီးနေသော အဝတ်စကို စုတ်ဖြဲလိုက်ပြီး ခါးတွင် ရှိနေသော အိတ်ကလေးကို ဖွင့်ကာ အတွင်းထဲရှိ ဆေးရည်များကို ထုတ်လိုက်သည်။
ထိုအရာက ရန်မိသားစုဆေးဆိုင်မှ ပေးထားသော ဆေးအညွှန်းအတိုင်း ဖန်တီးထားသည့်ဆေး ဖြစ်၏။ ထိုအရာက နာကျင်မှုကို သက်သာစေခြင်းကလွဲလျှင် တခြားအသုံးဝင်မှု မရှိချေ။
နင်ယောင်က ရိုးရှင်းသော ဓားလေးကို ယူလိုက်ပြီးနောက် သူမ၏အင်္ကျီအတွင်းပိုင်းကို ဖြဲလိုက်သည်။ သူမက တစ်ကိုယ်လုံး ချွေးများစိုရွှဲနေသော ချန်းပင်အန်း၏ဒဏ်ရာကို စည်းပေးလိုက်ပြီး ပြန်မေးလိုက်၏။
"ရန်မိသားစုဆေးဆိုင်က ဆေးအညွှန်းက တကယ်အသုံးဝင်တာလား…"
ချန်းပင်အန်းက ဘယ်ဘက်လက်ကို ညင်သာစွာ ခါပြလိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
"တော်တော်လေးကို အသုံးဝင်ပါတယ်။ စောနတုန်းကပဲ နာနေတာလေ။ ကျွန်တော်က ဒီလိုနာကျင်မှုမျိုးကို (၂) ကြိမ်ခံခဲ့ဖူးတယ်…"
နင်ယောင်က အပြစ်တင်လိုက်၏။
"နင့်ရဲ့လက်ဖဝါးပေါ်မှာ အရိုးတွေတောင် တွေ့နေရတယ်။ ဒါကို မနာဘူးလား။ နင်က ပြိုင်ဘက်ကင်းနတ်ဘုရားခန္ဓာ ဒါမှမဟုတ် တာအိုဘိုးဘေးခန္ဓာလေ့ကျင့်ထားတယ်လို့ ထင်နေတာလား။ နင့်ကို ဘယ်သူက အတင့်ရဲခိုင်းလို့လဲ။ နင်တို့က တစ်ယောက်ချင်း တိုက်ခိုက်မယ်လို့ ပြောခဲ့တာမဟုတ်လား။ ဒါပေမယ့် နင်တို့ (၂) ယောက် တိုက်ခိုက်တဲ့အချိန်မှာ သူက ဘာမှမမှားခဲ့ဘူး။ ငါ နင်ယောင်ကတောင် ရှက်သလို မခံစားခဲ့ရဘူး…"
"နင်ကတော့ သူရဲကောင်းဖြစ်ချင်နေတာ...။ နင်က ကျန့်ယန်တောင်ကလူဝံကြီးနဲ့ တိုက်ခိုက်ခဲ့တဲ့အချိန်မှာလည်း ဘာလို့များ ငါက ဝမ်းမြောက်ဝမ်းသာ လက်ခုပ်မတီးမိတာလဲ…"
ချန်းပင်အန်းက သူမ၏အမြင်နှင့် ပတ်သက်ပြီး ငြင်းခုံရန်ပြင်လိုက်သည်။ မိန်းမပျိုက သူ့ကို စိုက်ကြည့်လိုက်ပြီး လူငယ်က ချက်ချင်း ခေါင်းညိတ်ပြလိုက်၏။
"မိန်းကလေးနင်ပြောတာ မှန်ပါတယ်…"
နင်ယောင်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ငါ မသိဘူးလို့ နင်ထင်နေတာလား…"
ချန်းပင်အန်းက ပြုံးလိုက်၏။ သူကတော့ သူမ၏လက်ထဲတွင် ရှိနေသော ဓားကို ခိုးကြည့်လိုက်သည်။ ပထမ ကြည့်လိုက်သည့်အချိန်တွင် ထိုဓားက သေးငယ်ပြီး ချစ်စရာကောင်းသော်လည်း သေချာ စိုက်ကြည့်လိုက်သည့် အချိန်တွင်တော့ ထက်မြတ်ပြီး အေးစက်နေသည်။ ထိုဓားက ပိုင်ရှင်နှင့် ဆန့်ကျင်ဘက်ဖြစ်သည်ဟု သူက ခံစားမိနေခဲ့၏။
နင်ယောင် ချန်းပင်အန်း၏ ညာဘက်လက်ကို မြှောက်ခိုင်းလိုက်ပြီး သူ၏လက်မောင်းတွင် ချည်ထားသော ဓားအိမ်ထဲသို့ ဓားကို ညင်သာစွာ ထည့်ပေးလိုက်သည်။ သူမက သတိပေးလိုက်၏။
"နင့်ရဲ့ကံတရားကို တွန်းအားပေးမနေနဲ့။ နင်က ဒီဓားနဲ့ပတ်သက်ပြီး ဘယ်လိုအတွေးမျိုးမှ မရှိတာ ပိုပြီးကောင်းတယ်…"
ချန်းပင်အန်းက မသက်မသာ ပြောလိုက်သည်။
"မိန်းကလေးနင် စဉ်းစားတာတွေ အရမ်းများနေပြီ…"
နင်ယောင်က လက်တစ်ဖက်ရှိနေသည့် နတ်ရုပ်တုကြီးကို လက်ညှိုးထိုးပြလိုက်သည်။
"ဒီအနက်ရောင်အောက်ခံကျောက်တုံးတွေကို ဘယ်လိုလုပ်လို့ရလဲဆိုတာ နင်သိလား…"
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကျွန်တော်သိတယ်။ မိန်းကလေးနင်က မှန်ကန်တဲ့သူကို လာမေးလိုက်တာပဲ။ ကျွန်တော်တို့ကသာ စမ်းချောင်းအတိုင်း တောင်တန်းပေါ်ကို သွားမယ်ဆိုရင် အချိန်အကြာကြီး လမ်းလျှောက်ရမယ်။ အနည်းဆုံးတော့ နေ့ဝက်လောက် လမ်းလျှောက်ပြီးသွားရင် အနက်ရောင် ကျောက်တုံးကမ်းပါးကြီးတစ်ခုကို မြင်ရလိမ့်မယ်။ အဲဒီမှာ ကျောက်တုံးမျိုးစုံရှိနေပြီး အဲဒီကျောက်တုံးတွေကလည်း အရမ်းမာကျောတယ်။ တူနဲ့ထုမယ်ဆိုရင်တောင် ပျက်စီးသွားမှာမဟုတ်ဘူး။ ပုဆိန်ကိုသုံးပြီး ခုတ်ဖို့ကတော့ လုံးဝမဖြစ်နိုင်ဘူး..”
“အဲဒီချောက်ကမ်းပါးရဲ့တစ်ဖက်မှာတော့ လျှိုမြောင်အရှည်ကြီးတွေရှိတယ်။ လျှိုမြောင်ကြီးတွေရဲ့ အတွင်းပိုင်းကတော့ နည်းနည်းလေး လျောစောက်ဖြစ်နေပြီး မြေပြန့်အတိုင်းတော့ မရှိဘူး။ အဘိုးကြီးယောင်က အဲဒီနေရာကို ဖြတ်သွားတဲ့ အချိန်တိုင်း သူ့ရဲ့ပုဆိန်ကို သွေးတတ်တယ်…"
နင်ယောင်က နဖူးကိုလက်နှင့်ပွတ်ပြီး ရယ်ရမလား ငိုရမလား မသိခဲ့ပေ။
"သစ်ပင်ခုတ်တဲ့ပုဆိန် သွေးတာလား…"
ချန်းပင်အန်း၏ မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့သည်။
"အဲဒါက တန်ဖိုးရှိတာလား…"
နင်ယောင်က ဒေါသတကြီး ပြောလိုက်သည်။
"ဘယ်လောက်တန်ဖိုးရှိရှိ နင်က အဲဒီတောင်ထိပ်ကနေ နည်းနည်းလေးတောင် ရနိုင်လို့လား။ ငါ နင့်ကို ပြောပြမယ်။ အင်မော်တယ်တွေတောင် အဲဒီလို မလုပ်နိုင်ဘူး။ သတ်ဖြတ်စွမ်းရည် မြင့်မားတဲ့ ဓားအင်မော်တယ်တစ်ယောက်ကသာ နတ်ဘုရားလက်နက်တစ်ခုကို မသုံးဘူးဆိုရင် (၂) ပေ (၃) ပေလောက်ရှိတဲ့ ကျောက်တုံးတစ်တုံးပဲ ဖြတ်နိုင်လိမ့်မယ်။ အဲဒီအရာကို ဓားကျင့်ကြံသူတွေကတော့ နဂါးခေါင်းဖြတ် ကျောက်တုံးလို့ခေါ်ကြတယ်။ အဲဒီအပိုင်းအစတစ်ခုချင်းဆီတိုင်းက အဖိုးမဖြတ်နိုင်အောင် တန်ကြေးရှိတယ်…"
ချန်းပင်အန်းက လေးလေးနက်နက် စဉ်းစားနေခဲ့သည်။ နင်ယောင်၏မျက်လုံးများက ရုတ်တရက် ဝင်းလက်တောက်ပသွားခဲ့သည်။
"ဒီနတ်ရုပ်တုရဲ့ကျောက်တုံးအောက်မှာ အသင့်ပြင်ထားပြီးသား ကျောက်တုံးတစ်တုံးရှိတယ် မဟုတ်လား။ ဒါက အရမ်းကြီးတော့ (၂) ပိုင်းခွဲလို့ ရတယ်လေ…"
ချန်းပင်အန်းကတော့ ခေါင်းမီးတောက်သွားသလို ဖြစ်သွားခဲ့သည်။ သူက လျင်မြန်စွာ အကြံပေးလိုက်၏။
"မိန်းကလေးနင် …
ကျွန်တော်တို့က အဲဒါကိုခွဲပြီး အိမ်ပြန်ယူလို့မရဘူး။ အဲဒီနတ်ရုပ်တုက တော်တော်လေးတောင် သနားဖို့ကောင်းနေပြီ။ တကယ်လို့ သူခြေကုတ်ယူထားတဲ့အရာကို ကျွန်တော်တို့ကသာ ယူသွားလိမ့်မယ်ဆိုရင်..."
နင်ယောင်က ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ပြောလိုက်သည်။
"အဝေးကို ယူသွားဖို့လား။ ငါက အဲဒီလိုလူမျိုးလား…"
ထို့နောက် ချန်းပင်အန်းက နတ်ရုပ်တုဆီကို မိန်းကလေးနှင့်အတူ လျှောက်လာခဲ့သည်။ ဆေးရုံစုံခြယ်ထားသော ရုပ်တု၏ရှေ့တွင် ရပ်နေရင်း နင်ယောင်က ရှေ့ကို တစ်လှမ်းလျှောက်သွားခဲ့၏။ သူမ၏လက် (၂) ဖက်က ဓားအိမ်များပေါ်တွင် လက်တင်ထားခဲ့သည်။
သူမက မော့ကြည့်ပြီး အော်ပြောလိုက်၏။
"ကျွန်မ နာမည် နင်ယောင်လို့ခေါ်တယ်။ ဒီနေ့ ရှင်ကသာ အဲဒီ (၃) ပေ ကျောက်တုံးပေးမယ်ဆိုရင် နောက်ပိုင်း ကျွန်မ ဓားအင်မော်တယ် တစ်ယောက် ဖြစ်လာတဲ့အချိန် ရှင့်ကို အဆ (၁၀၀) အဆ (၁၀၀၀) ပြန်ပြီးပေးမယ်…"
ချန်းပင်အန်းကတော့ ပါးစပ်ဟောင်းသားဖြစ်နေရင်း စဉ်းစားနေမိသည်။
"အဲဒါက ဖြစ်နိုင်ပါ့မလား…."
ထင်ထားခဲ့သည့်အတိုင်း ရွှံ့ရုပ်တုက လှုပ်ရှားခဲ့ခြင်း မရှိချေ။ မိန်းမပျိုကတော့ လက်လျော့ခဲ့ခြင်းမရှိဘဲ ပြောလိုက်၏။
"တကယ်လို့ ရှင်က အပိုင်မပေးချင်ဘူးဆိုရင်လည်း ကျွန်မ နင်ယောင်က ရှင့်ဆီကနေ ငှားလို့မရဘူးလား။ ရှင် ငှားပေးလိုက်တဲ့အရာကို တစ်ချိန်ချိန်မှာ ပြန်ပေးလို့ရတယ်လေ…"
နင်ယောင်က ပြန်လှည့်လာပြီး ချန်းပင်အန်းကို ရှုံ့မဲ့ပြလိုက်၏။
"ငါက ငှားနေတာပါ လုယူနေတာ မဟုတ်ဘူး။ နင် ငါပြောတာ နားလည်လား.."
ချန်းပင်အန်းက ခေါင်းခါပြလိုက်ပြီး ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
"ကျွန်တော် နားမလည်ဘူး…"
နင်ယောင်က လုယူခြင်းနှင့် ငှားယူခြင်းဟူသော စကားလုံး၏ ကွဲပြားမှုကို ရှင်းပြတော့မည့်အချိန်တွင် ချန်းပင်အန်းက ရုတ်တရက် အော်ပြောလိုက်သည်။
"သတိထား..."
တစ်ချိန်တည်းတွင် ချန်းပင်အန်းက နင်ယောင်ကို သူ့ဘေးသို့ ဆွဲခေါ်လိုက်သည်။
နှစ်ထောင်ပေါင်းများစွာ နေဒဏ် လေဒဏ်ကို ခံနိုင်ရည်ရှိခဲ့သော နတ်ရုပ်တုကြီးက ပြိုကျသွားခဲ့၏။ ထိုအရာက မြေပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး တစ်စစီ ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။ ခြေလက်တစ်ဖက်ပင် လုံးဝကို ကျန်မနေတော့ချေ။ ခေါင်းကဲ့သို့ဖြစ်နေသော အရာအားလုံးကပင် ပျက်စီးသွားခဲ့၏။
မြေကြီးထဲမှ ဖြစ်ပေါ်လာသော အရာက မြေကြီးထဲသို့ ပြန်ရောက်သွားခဲ့သည်။ လူသားကမ္ဘာကြီး၏ခရီးလမ်းက ထိုကဲ့သို့သာ ဖြစ်၏။ ထိုနတ်ရုပ်တုကြီး၏ လျှို့ဝှက်ဆန်းကြယ်မှုကတော့ သူတို့၏အရပ်အမြင့် ဖြစ်သည်။ ကျောက်ရုပ်တုက သူတို့၏အရပ်ထက်ပင် ပို၍ရှည်လျားနေ၏။ ပုံမှန်အားဖြင့် ပြောရလျှင်တော့ ချန်းပင်အန်းနှင့် နင်ယောင်တို့က ဒဏ်ရာမရလျှင်ပင် ဆိုးဆိုးဝါးဝါး ထိခိုက်သွားနိုင်သည်။
အဆုံးတွင်တော့ ရွှံ့ရုပ်တုကြီးက ရွှံ့များအဖြစ် ပြောင်းလဲသွားခဲ့ပြီး အဝေးဆုံး သူတို့၏ခြေထောက်နားအထိသာ ရောက်လာခဲ့သည်။ အတွေ့အကြုံ ဗဟုသုတ ပြည့်ဝသော နင်ယောင်က တံတွေးမျိုချမိလိုက်ပြီး အနည်းငယ် အပြစ်ရှိသွားသလို ခံစားလိုက်ရ၏။
သူမက ခေါင်းငုံ့နေပြီး လွင့်ပျံလာသော ဖုန်မှုန့်များကို ကြည့်လိုက်၏။
"ရှင်က တော်တော်လေး ကပ်စေးနည်းတာပဲ။ တကယ်လို့ မငှားချင်ဘူးဆိုရင်လည်း မငှားနဲ့ပေါ့။ ဘာလို့ အရာအားလုံးကို ဖျက်ဆီးပစ်ရတာလဲ…"
ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်သည်။
"ဒါက ငြင်းဆန်တာ မဟုတ်ဘူး သဘောတူလိုက်တာ..."
နင်ယောင်က လူငယ်လေးနှင့် ဘေးချင်းယှဉ်၍ ရပ်နေခဲ့သည်။ သူမက အပျက်အစီးများ ဖုန်မှုန့်များကိုကြည့်လိုက်ပြီး အဝေးတွင် သီးသန့်ဖြစ်တည်သွားသော အနက်ရောင် နဂါးခေါင်းဖြတ်ကျောက်တုံးကို ကြည့်လိုက်သည်။
နောက်ဆုံးတွင်တော့ သူမက ချန်းပင်အန်းကို လှည့်ကြည့်ပြီး လေးလေးနက်နက် မေးလိုက်၏။
"နင် သေချာရဲ့လား…"
ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။
"သေချာပါတယ်…"
နင်ယောင်က သူ့စကားကို ချွင်းချက်မရှိ ယုံကြည်နေခဲ့သည်။ သူမကိုယ်တိုင်ကပင် ဘာကြောင့်မှန်း မသိခဲ့ချေ။ နောက်ဆုံးတွင်တော့ ချန်းပင်အန်း၏ ဦးဆောင်မှုနှင့် နင်ယောင်က အပျက်အစီးများကို တွင်းတစ်ခုထဲသို့ရွှေ့လိုက်ပြီး မြေကြီးများနှင့် ဖုံးအုပ်ပေးခဲ့သည်။
ချန်းပင်အန်းက ခေါင်းငုံ့ပြီး တိတ်တဆိတ် ပြောလိုက်၏။
"လူသားတစ်ယောက်ပဲဖြစ်ဖြစ် နတ်ဘုရားတစ်ပါးပဲဖြစ်ဖြစ် ငြိမ်းချမ်းတဲ့နေရာမှာ အနားယူပါတော့..."
နင်ယောင်ကလည်း ခေါင်းငုံ့ပြီး တီးတိုးပြောလိုက်သည်။
"ငြိမ်းငြိမ်းချမ်းချမ်း အနားယူပါ…"
ထိုအရာများကို လုပ်ဆောင်လိုက်ပြီးနောက် နင်ယောင်က စိတ်ဝင်တစား မေးလိုက်သည်။
"ချန်းပင်အန်း …
ဒါက နင်တို့မြို့လေးရဲ့ ဓလေ့စရိုက်ပဲလား။ နင်တို့ရဲ့ဘိုးဘေးတွေ လက်ဆင့်ကမ်းလာတဲ့ စည်းမျဉ်းတစ်ခုလား…"
ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်သည်။
"မဟုတ်ဘူး။ ကျွန်တော့ဘာသာပဲ စဉ်းစားမိတာ..."
နင်ယောင်က မျက်ခုံးပင့်လိုက်မိသည်။
ချန်းပင်အန်းက အပြုံးနှင့် မေးလိုက်၏။
"မိန်းကလေးနင် ဒါတွေလုပ်ပေးလိုက်တော့ စိတ်ထဲမှာ သက်သောင့်သက်သာ ဖြစ်သွားသလို မခံစားရဘူးလား…"
နင်ယောင်က ခေါင်းခါပြလိုက်၏။
"ငါ ဘာမှမခံစားရဘူး…"
ချန်းပင်အန်းက ခေါင်းကုတ်လိုက်ပြီး အနက်ရောင်ကျောက်တုံးကို ကြည့်လိုက်သည်။ သူက မေးလိုက်၏။
"ဒါကို နဂါးခေါင်းဖြတ်ကျောက်တုံးလို့ ခေါ်တာလား…"
နင်ယောင်က ခေါင်းညိတ်ပြလိုက်သည်။
"ကျင့်ကြံသူတွေကတော့ အဲဒါကို ဓားသွေးကျောက်လို့ ခေါ်ကြတယ်။ တောင်ထိပ်ပေါ်မှာရှိတဲ့ ဓားကျင့်ကြံသူတွေကသာ နဂါးခေါင်းဖြတ်ကျောက်တုံးလို့ ခေါ်ကြတာ..."
နင်ယောင်က အနောက်တောင်ဘက်ကို ငေးကြည့်လိုက်သည်။ သူမ၏မျက်လုံးများက အဝေးကို ငေးမော့ကြည့်နေရင်း တီးတိုးပြောလိုက်၏။
"ငါ့ရဲ့မွေးရပ်မြေမှာတော့ အဲဒီအရာကို ဓားသွေးကျောက်လို့ ခေါ်ကြတယ်။ လူတိုင်းမှာ တစ်တုံးဆီ ရှိကြတယ်။ အရွယ်အစားကလည်း မတူဘူး။ ပုံမှန်အားဖြင့်တော့ လက်သီးဆုပ် အရွယ်လောက်ပဲ ရှိကြတယ်။ တချို့ကံမကောင်းတဲ့ မိသားစုရဲ့ ဓားကျင့်ကြံသူတွေ အဆင့်နိမ့်တဲ့သူတွေကတော့ လက်မအရွယ်အစားလောက်ရှိတဲ့ ဓားသွေးကျောက်တစ်တုံးပဲ ပိုင်ဆိုင်ကြတယ်။ သူတို့က အဲဒီအရာကို သူတို့ရဲ့ အသက်ထက်တောင် ပိုပြီးတန်ဖိုးထားကြတယ်လေ။ ငါ့မိသားစုမှာလည်း တစ်ခုရှိတယ်။ အဲဒါကတော့ တော်တော်ကြီးတယ်…”
ချန်းပင်အန်းက တိုးတိုးလေး မေးလိုက်၏။
"ဘယ်လောက်တောင်ကြီးတာလဲ…"
မိန်းမပျိုက တိုးတိုးလေး ပြန်ဖြေလိုက်သည်။
"ရွှံ့ပုလင်းလမ်းကြားထဲမှာရှိတဲ့ နင့်အိမ်ထက်တောင် ပိုပြီးကြီးတယ်…"
လူငယ်က ထိတ်လန့်သွားခဲ့၏။ သူက အားကျစွာ ပြောလိုက်သည်။
"မိန်းကလေးနင်ရဲ့ မိသားစုက တကယ့်ကို ချမ်းသာတာပဲ။ ဒီလိုဓားသွေးကျောက်ကြီး ရှိနေမှတော့ အခိုးခံရမှာကိုလည်း စိုးရိမ်ဖို့ မလိုတော့ဘူး။ ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ကျွန်တော်နဲ့တော့ မတူဘူး။ ကျွန်တော်ကတော့ ကြေးပြားတချို့ကို သိမ်းဆည်းထားဖို့အတွက်တောင် တော်တော်လေး ကြိုးစားနေရတယ်။ ကျွန်တော်က ဘယ်နေရာမှာ ဖွက်ထားရမလဲ မသိတဲ့အတွက် ကောင်းကောင်းတောင်မအိပ်နိုင်ဘူး.."
မွေးရပ်မြေမှ ထွက်ခွာလာခဲ့သော မိန်းမပျို၏ ဝမ်းနည်းမှုများက ပျောက်ကွယ်သွားသည်။ သူမက အပြုံးနှင့် ပြောလိုက်၏။
"ဒီဓားသွေးကျောက်ကို ငါတို့က တစ်ဝက်ဆီယူကြမယ်…”
လူငယ်က လက်ကာပြလိုက်၏။
"ကျွန်တော်က အဲဒါကို ဘာအတွက် လိုအပ်မှာလဲ။ ကျွန်တော့်ရဲ့အိမ်မှာ ပုဆိန်တစ်လက်ရှိတယ်။ ကျွန်တော်က ဒီလိုဈေးကြီးတဲ့ ဓားသွေးကျောက်တစ်ခု ဘာကြောင့်လိုမှာလဲ။ ကျွန်တော်က ပုဆိန်သွေးချင်တဲ့အချိန်တိုင်း ကျွန်တော်ရဲ့ရင်ထဲမှာ တဆစ်ဆစ် နာကျင်ရလိမ့်မယ်။ ဘာလို့များ ပြဿနာရှိမှာလဲ။ ဒါကြောင့် မိန်းကလေးနင်ပဲ ယူသွားလိုက်ပါ။ ဪ... ဒါနဲ့ မိန်းကလေးနင်က ဆရာရွမ်ဆီမှာ ဓားတစ်လက် ဖန်တီးခိုင်းချင်တာ မဟုတ်ဘူးလား။ ဒီတော့ တခြားတစ်ဝက်ကို ဓားအတွက် အဖိုးအခအဖြစ် ပေးလို့ရတယ်လေ…"
နင်ယောင်က မသက်မသာ ပြောလိုက်၏။
"ချန်းပင်အန်း …
နင်က တကယ်တုံးတာလား။ ဒါမှမဟုတ် ဉာဏ်တုံးချင်ယောင်ဆောင်တာလား…"
ချန်းပင်အန်းက ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။
"မိန်းကလေးနင် ကျွန်တော့်ကို လူကောင်းတစ်ယောက်လို့ပဲ သတ်မှတ်လိုက်ပါ…"
နင်ယောင်က လူငယ်လေးကို လက်ညှိုးထိုးလိုက်၏။ သူမက ရုတ်တရက် နားလည်သွားသော အမူအရာမျိုး ဖြစ်သည်။ သူမက မျက်မှောင်ကြုတ်၍ ပြုံးလိုက်၏။
"ချန်းပင်အန်း …
ငါ့ကို ရိုးရိုးသားသားပြောစမ်း။ နင် တစ်ခုခုကြံစည်နေတာလား။ နောက်ပိုင်းကျရင် ငါ့ကို နင့်ရဲ့မိန်းမလုပ်ခိုင်းဖို့ စဉ်းစားနေတာလား။ ဒါဆိုရင် အရာအားလုံးကို နင်ပဲ ပိုင်သွားတော့မှာလေ။ နင့်ရဲ့အတွေးတွေက တော်တော်ကြောက်စရာကောင်းတာပဲ.."
လူငယ်က ငိုချင်နေသော်လည်း မျက်ရည်များ ထွက်မလာခဲ့ပေ။ သူ၏နှုတ်ခမ်းကသာ ရှုံ့မဲ့သွားခဲ့၏။
နင်ယောင်က ရယ်လိုက်သည်။
"နင်က တော်တော်လေး ကြောက်သွားတာပဲ။ ငါ စနေတာပါ…"
ချန်းပင်အန်းက သက်ပြင်းချလိုက်မိ၏။ သူက အနည်းငယ် ပင်ပန်းနေသလို ခံစားနေရသည်။
နင်ယောင်က ရုတ်တရက် ပြောလိုက်သည်။
"သတိထား...။ ငါ့ရဲ့ဓားပျံက အပြန်လမ်းမှာ ရောက်နေပြီ…"
ချန်းပင်အန်းကတော့ ရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်နေရသည့်အလား ကြည့်နေခဲ့၏။
Translated by Hein Htet.