အခန်း (၅၇)
Vol. 4 Ch. 57
သူတို့က မြို့ငယ်လေးအနားသို့ ရောက်လာခဲ့သည့်အချိန်တွင် စစ်တောင်တန်းမှ စစ်ကျောင်းကျင့်ကြံသူက မာခူရွှမ်၏ပုခုံးကို လွှတ်ပေးလိုက်သည်။
မာခူရွှမ်က အနည်းငယ် မူးဝေနေသလို ခံစားနေရ၏။ သူက ခေါင်းခါပြီး မေးလိုက်သည်။
"ပြဿနာကို ဘယ်သူလုပ်တာလဲဆိုတာ ဆရာသိလား။ အဲဒါက ကျွန်တော့်ရဲ့အဖေ ဒါမှမဟုတ် ဦးလေးက ကျွန်တော်တို့ မိသားစုရဲ့ရတနာတွေကို လိုချင်လို့များ ဖြစ်နိုင်မလား။ တခြားတစ်ယောက်က တောင်းဆိုနေပြီး တစ်ယောက်က မပေးချင်ဘူးဆိုရင် ဖြစ်နိုင်တာပဲလေ။ ရလဒ်ကတော့ လျှိုရှန်းယန်လိုပဲ ပြဿနာတက်တာလား…"
နောက်ကျောတွင် ဓားလွယ်ထားသော လူကြီးက မာခူရွှမ်ကို လျင်မြန်စွာ ခေါ်ဆောင်လာခဲ့သည်။ သူက ခေါင်းခါပြီး ပြောလိုက်၏။
"ကျန့်ယန်တောင်က တောင်ရွှေ့လူဝံကြီး စည်းမျဉ်းတွေကို ချိုးဖောက်ပြီး ပြတ်ပြတ်သားသား လုပ်ဆောင်နေတယ်ဆိုတာ ဓားသိုင်းကျမ်းကြောင့်ပဲ။ ဒါပေမဲ့ အရေးကြီးဆုံး အကြောင်းပြချက်ကတော့ ကျန့်ယန်တောင်နဲ့ လေမိုးကြိုးဥယျာဉ်တို့ရဲ့ အညှိုးအတေးတွေကြောင့်ပဲ။ လေမိုးကြိုးဥယျာဉ်က လျှိုပါ့ချောင်ကသာ သူ့နောက်ကနေ ဒီမြို့ထဲကို ရောက်မလာခဲ့ဘူးဆိုရင် လူဝံကြီးက ဒီလောက်ထိ ပြင်းပြင်းထန်ထန် လှုပ်ရှားမှာ မဟုတ်ဘူး။ ဒါကြောင့် မြို့ထဲမှာရှိတဲ့ ကျင့်ကြံသူတွေက တိုက်ခိုက်ကြမယ်ဆိုရင်တောင် ဒီလောက်ထိ ပြင်းပြင်းထန်ထန် မလုပ်ကြဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ဒီမြို့ကို ဆရာချီ ထိန်းချုပ်ထားတယ်လေ…"
ရုတ်တရက် ထိုလူက စကားထပ်မပြောတော့ပဲ အဝေးတွင် ရှိနေသော အမိုးတစ်ခုပေါ်ကို လှမ်းကြည့်လိုက်သည်။ ထိုအမိုးပေါ်တွင်တော့ အနက်ရောင် ကြောင်ရိုင်းလေးတစ်ကောင် ရှိနေ၏။
မာခူရွှမ်ကို မြင်လိုက်ရသည့်အချိန်တွင် ထိုကြောင်ရိုင်းလေးက ချက်ချင်း အော်ဟစ်လိုက်၏။ ထို့နောက်ကြောင်ရိုင်းလေးက တရုတ်ဇီးသီးပွင့်လမ်းကြားထဲသို့ စတင်ပြေးလွှားသွားခဲ့သည်။
ချက်ချင်းဆိုသလိုပင် မာခူရွှမ်၏ မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ သူက အရူးတစ်ယောက်ကဲ့သို့ အမိုးပေါ်တွင် ကြောင်ရိုင်းလေးနှင့်အတူ ပြေးလွှားသွားလာနေခဲ့၏။
ထိုလူကြီးကတော့ သက်ပြင်းချလိုက်မိပြီး လူငယ်၏နောက်မှ ဖြည်းဖြည်းမှန်မှန် လိုက်လာခဲ့သည်။ သူက မာခူရွှမ်ကို တားဆီးခဲ့ခြင်း မရှိချေ။
မာခူရွှမ်က အလွန်ရင်းနှီးသော လမ်းကြားလေးဆီသို့ ပြေးလာနေခဲ့၏။ ခြံဝန်းတံခါး ပွင့်နေသည်ကို မြင်သည့်အခါ ရဲတင်းသော လူငယ်လေးက အပြင်ဘက်တွင် ရပ်လိုက်ပြီး တံခါးကို ဖြတ်ကျော်ရဲခြင်း မရှိချေ။
နှစ်ပေါင်းများစွာ အတောအတွင်း သူ့မိသားစုခြံဝန်းတံခါးက တစ်ကြိမ်တစ်ခါမျှ ပွင့်နေခဲ့ခြင်း မရှိကြောင်း သူ သိနေသည်။ တရုတ်ဇီးသီးပွင့်လမ်းကြားထဲတွင် ဆင်းရဲပြီး အသုံးမကျသောသူများ ရှိနေသည်ဟု သူ့အဘွားက ပြောခဲ့ဖူး၏။ ဆင်းရဲသူ တစ်ယောက်၏ ရည်မှန်းချက်က တိုတောင်းပြီး မြင်းတစ်ကောင်၏ အမွှေးအမျှင်များကသာ ရှည်လျားသည်မှာ ကံဆိုးသွားသည်။
သူတို့မိသားစုကို တခြားလူများက မနာလိုဖြစ်နေကြသည့်အတွက် တံခါးကို တင်းတင်းကျပ်ကျပ် ပိတ်ထားရန်သာ အမြဲတမ်း မှာကြားခဲ့ကြောင်း သူ အမှတ်ရနေခဲ့သည်။ မဟုတ်လျှင်လည်း သူခိုးများ၏ ပစ်မှတ်ထားခြင်းကို ခံရနိုင်၏။
မာခူရွှမ်က နီရဲနေသော မျက်လုံးများနှင့် ခြံဝန်းထဲသို့ လျှောက်သွားခဲ့သည်။ အိမ်ကြီး၏ တံခါးက ပိတ်ထားခြင်း မရှိချေ။ မာခူရွှမ်က မြေပေါ်တွင် လဲကျနေသော ပိန်ပိန်ပါးပါး လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ ကြောင်ရိုင်းလေးက အဝတွင် ထိုင်နေပြီး ကြောက်လန့်နေသောလူများကဲ့သို့ ဖြစ်နေ၏။
"အဲဒီကို မသွားနဲ့…"
နောက်ကျောတွင် ဓားလွယ်ထားသောလူက လူငယ်၏ပုခုံးကို ဖိနှိပ်ပြီး ပြောလိုက်သည်။
"အခြေအနေတွေက ဒီအထိတောင် ဖြစ်လာနေပြီ။ စိတ်ကို အေးအေးထား..."
မာခူရွှမ်က မျက်ရည်များကို သုတ်လိုက်ပြီး ပင့်သက်ရှိုက်လိုက်မိ၏။ သူက ခြေလှမ်းကို နှေးလိုက်ပြီး တိုးတိုးလေး ခေါ်လိုက်မိသည်။
"အဘွား…"
စစ်ကျောင်းတော်မှ ဓားကျင့်ကြံသူက အဘွားအိုဆီသို့ အရင်ဆုံး ရောက်လာခဲ့၏။ သူက အဘွားအို၏ နှာခေါင်းထိပ်ကို လက် (၂) ချောင်းနှင့် စစ်ဆေးကြည့်လိုက်ရာ သူမက အသက်မရှုတော့ပေ။
ကြောင်နက်လေးကတော့ အလွန်ကြောက်လန့်နေသည့်အတွက် အိမ်ထဲသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့ပြီး တခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။
ဓားလွယ်ထားသော လူက ခဏကြာစဉ်းစားပြီး မာခူရွှမ်ကိုကြည့်၍ လေးလေးနက်နက် ပြောလိုက်သည်။
"ရပ်လိုက်...။ မင်းက အစွမ်းထက်တဲ့ ယန်ချီစွမ်းအားတွေနဲ့ မွေးဖွားလာတာ...။ တကယ်လို့ နောက်ထပ် ခြေတစ်လှမ်း ကပ်လာမယ်ဆိုရင် ဒီအိမ်ထဲမှာ မင်းအဘွားရဲ့ စိတ်ဝိညာဉ်လက်ကျန် နည်းနည်းလေးရှိနေဦးမယ်ဆိုရင်တောင် မင်းကြောင့် ပျက်စီးသွားရလိမ့်မယ်…"
လူငယ်၏မျက်နှာက မည်းမှောင်သွားခဲ့ပြီး သူက မငိုမိစေရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။
ထိုလူက ဆုံးဖြတ်ချက်ချလိုက်၏။ သူ၏ခါးတွင် ရှိနေသော ကျားအဆောင်လေးကို ဆုပ်ကိုင်လိုက်ပြီးနောက် သူက လေးလေးနက်နက် ပြောလိုက်သည်။
"ဆရာချီ …
ဒီကိစ္စက လျှော့တွက်လို့မရဘူး။ ဆရာ့မှာ ဆရာ့ရဲ့စည်းမျဉ်းတွေရှိသလို ကျွန်တော့်မှာလည်း ကျွန်တော့်ရဲ့အခက်အခဲတွေရှိတယ်။ ဆရာချီက ဒီကိစ္စကိုဝင်ပြီး မနှောင့်ယှက်ဖို့ မျှော်လင့်ပါတယ်…"
ထိုစကားကို ပြောလိုက်ပြီးနောက် သူ၏အငွေ့အသက်များက လုံးဝကို ပြောင်းလဲသွားခဲ့သည်။ သူ၏အဝတ်အစားများက လှုပ်ရှားလာပြီး ဆံနွယ်များကလည်း လှုပ်ရှားလာခဲ့၏။ သူက စကားလုံးတချို့ကို ရွတ်ဆိုလိုက်ပြီးနောက် စကားလုံး (၅)ခုနှင့် အဆုံးသတ်လိုက်သည်။
"စစ်တောင်တန်းက သူတော်စင်ကို ဖိတ်ခေါ်ပါတယ်…"
မာခူရွှမ်က ပြန်လှည့်ကြည့်လိုက်ပြီး အံ့ဩမှင်တက်နေပုံရသည်။ ထိုအချိန်တွင် ကောင်းကင်ပေါ်မှ ဆင်းသက်လာသော အရပ် (၁၀) ပေခန့် အမြင့်ရှိ ရွှေရောင်ချပ်ဝတ်အင်္ကျီ ဝတ်ဆင်ထားသော အင်မော်တယ်တစ်ယောက်ကို မြင်လိုက်ရသည်။
သူက လက်သီး (၂) ဖက်ကို ရင်ဘတ်ပေါ်သို့ တင်လိုက်ပြီး ကျယ်လောင်သောအသံနှင့် ပြောလိုက်၏။
"စစ်တောင်တန်းက မျိုးဆက်… ငါ မင်းအတွက် ဘာလုပ်ပေးရမလဲ…"
"ဒီနေရာမှာ မှော်အစွမ်းတွေကို တားမြစ်ထားတယ်။ ကျွန်တော်က စိတ်ဝိညာဉ်တွေကို ဖမ်းယူတဲ့နေရာမှာ သိပ်ပြီး မတော်ဘူး။ ကျေးဇူးပြုပြီး ဒီအိမ်ကို စစ်ဆေးဖို့အတွက် ကူညီပေးပါ။ တကယ်လို့ လှည့်ပတ်သွားလာနေတဲ့ ဒီအဘွားကြီးရဲ့စိတ်ဝိညာဉ်ကို ရှာတွေ့မယ်ဆိုရင် သိမ်းထားပေးပါ။ ကျေးဇူးပြုပြီး သူ့ရဲ့အုတ်မြစ်ကို မထိခိုက်ပါစေနဲ့…"
ရွှေရောင်ချပ်ဝတ်အင်္ကျီ ဝတ်ဆင်ထားသော အင်မော်တယ်က ခဏကြာ တိတ်ဆိတ်သွားပြီးနောက် ခေါင်းညိတ်၍ ပြောလိုက်သည်။
"ကောင်းပါပြီ…"
ရွှေရောင်အလင်းတန်းများ ပျောက်ကွယ်သွားပြီး အင်မော်တယ်စစ်သူကြီးကလည်း ပျောက်ကွယ်သွားခဲ့သည်။
………………
လုံဝေတပ်ဖွဲ့ ချန်းမိသားစုမှ မျိုးဆက်တစ်ယောက်ဖြစ်သော ချန်းစုန့်ဖုန်းက ကျယ်ဝန်းသော အခန်းတစ်ခုထဲတွင် စာအုပ်များကို ဖတ်ကြည့်နေခဲ့သည်။ သူ့ခြေထောက်အောက်တွင်တော့ အနီရောင် သေတ္တာတစ်ခုရှိနေပြီး ထိုသေတ္တာ၏ တစ်ဝက်ခန့်တွင် အဝါရောင် ရှေးဟောင်းစာအုပ်များနှင့် ပြည့်နှက်နေခဲ့၏။
မိန်းမပျိုကတော့ သစ်သားသေတ္တာထဲမှ စာအုပ်တစ်အုပ်ကို ကောက်ယူလိုက်ပြီး မလှမ်းမကမ်းတွင် ရှိနေသော ပြတင်းပေါက်အနားတွင် ရပ်နေခဲ့သည်။ သူမက စာရွက်များကို ဖြည်းညင်းစွာ လှန်ကြည့်နေခဲ့၏။
လေမိုးကြိုးဥယျာဉ်မှ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သော လျှိုပါ့ချောင်က သူနှင့်မျက်နှာချင်းဆိုင်တွင် ထိုင်နေပြီး အဘိုးအိုနှင့် စကားပြောနေခဲ့သည်။
စိတ်သဘောထားကောင်းပုံရသော အဘိုးအိုက အပြုံးနှင့် ပြောလိုက်၏။
"လီမိသားစုက လီဟုန်ကိုယ်တိုင် ငါတို့ရုံးတော်ကို ရောက်လာပြီး မြို့ထဲမှာရှိတဲ့ ချန်းမိသားစုရဲ့မှတ်တမ်းတွေကို တိုက်တိုက်ဆိုင်ဆိုင် တောင်းဆိုလိုက်တာ ကံကောင်းသွားတယ်။ ပြီးတော့ သူကလည်း လွန်ခဲ့တဲ့နှစ် (၃၀၀) (၄၀၀) လောက်က မှတ်တမ်းတွေကိုပဲ လိုချင်နေတာလေ။ မင်းသားက သဘောတူလိုက်တယ်။ ဒါကြောင့် ငါက မှတ်တမ်းရဲ့အပေါ်ပိုင်းမှာရှိတဲ့ စာအုပ်(၇၀) (၈၀) လောက်ကို ယူသွားဖို့ လီဟုန်ကို ပြောလိုက်တာ...။ အောက်ခြေမှာရှိတဲ့ စာအုပ်တွေက ပိုပြီးတော့ ရှေးကျသလို သခင်လေးချန်းတို့မိသားစု လိုချင်နေတဲ့အရာတွေ ဖြစ်နေတယ်။ ပြောရမယ်ဆိုရင်တော့ တကယ်လို့ ရုံးတော်ကသာ အဲဒီအရာတွေကို နွေရာသီမှာ နေမလှမ်းခဲ့ဘူးဆိုရင် ပိုးကောင်တွေကိုက်လို့ ပျက်စီးသွားတာ ကြာလောက်ပြီ…"
ပြတင်းပေါက်နားတွင် ရပ်နေသော ချန်းသွမ့်ကတော့ ခေါင်းမော့ကြည့်ခဲ့ခြင်းပင် မရှိချေ။ သူမက တည်ငြိမ်စွာ မေးလိုက်၏။
"ချန်းမျိုးရိုးရှိတဲ့သူတွေက ဖုလုလမ်းကြားနဲ့ မက်မွန်ပွင့်လမ်းကြားထဲမှာရှိတဲ့ မျိုးရိုးကြီး(၄) ခုနဲ့ ကလန် (၁၀) ခုမှာ အစေခံတွေ၊ အစောင့်တွေ ဖြစ်လာကြတယ်လို့ ကြားဖူးတယ်။ တချို့ချန်းမိသားစုဝင်တွေကတော့ အဲဒီမိသားစုကြီးတွေရဲ့ သစ္စာခံတွေတောင် ဖြစ်လာကြတယ်။ သူတို့က အဲဒီလူတွေကို မျိုးရိုးစဉ်ဆက် အရိုအသေပေးနေရတဲ့အပြင် မြို့ထဲမှာရှိတဲ့ သာမန်လူတွေကို မြင်တဲ့အချိန်မှာလည်း မောက်မာကြတယ်…"
တာဝန်ခံအိုကြီးက အနည်းငယ် ရှက်ရွံ့သွားခဲ့၏။ မိန်းမပျိုက မျိုးရိုးကြီး (၄) ခုနှင့် ကလန် (၁၀) ခုဟူသော စကားလုံးများကို ထိန်ထိန်းသိမ်းသိမ်း ပြောခဲ့သည်။ သူမက နှစ်ပေါင်း (၁၀၀၀) ကျော် သက်တမ်းရှိနေသော လုံဝေတပ်ဖွဲ့ချန်းမိသားစုမှ ဆွေမျိုးတစ်ယောက် ဖြစ်သည်။
သို့သော် သူမက အစေခံတစ်ယောက်ကဲ့သို့ ထိုင်နေပြီး မှတ်တမ်းများကို တိတ်တဆိတ် ဖတ်နေခဲ့သည်။ ထို့ပြင် ချန်းမျိုးရိုးရှိသော ထိုမိန်းကလေးက အကြောင်းအရာများကို ရှင်းရှင်းလင်းလင်း နားလည်နေခဲ့၏။ ထိုသို့ဆိုလျှင် သူမ၏အစစ်အမှန် အဆင့်အတန်းကလည်း ရှည်ကြာပြီး အဆင့်အတန်းမြင့်မားပုံရသည်။
တာဝန်ခံအိုကြီးက ထိုအရာကို ကောင်းကောင်းကြီး သိနေခဲ့၏။ တာဝန်ခံအိုကြီးဆီတွင် ချန်းမျိုးရိုးအစေခံများ၊ အလုပ်သမားများ မရှိသော်လည်း သူက ဤမြို့ငယ်လေးထဲတွင် နယ်မြေခံအင်အားစုများဖြစ်ကြသော ထိုမိသားစုကြီးများနှင့် ရင်းနှီးသော ဆက်ဆံရေးတစ်ခု ရှိသည်။
သူကတော့ မသင့်တော်သောကိစ္စကြောင့် နဂါးတစ်ကောင်ကို ရန်စလိုခြင်း မရှိချေ။ စကားလုံးများကို သေချာ စဉ်းစားလိုက်ပြီးနောက် အဘိုးအိုက လက်ထဲတွင် ကိုင်ထားသော ရေနွေးခွက်ကိုချလိုက်ပြီး ဖြည်းညင်းစွာ ပြောလိုက်၏။
"မိန်းကလေးချန်း …
ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ လုပ်နိုင်တဲ့အရာ ဘာမှမရှိဘူး။ ကျွန်တော်တို့ ရုံးတော်မှာရှိတဲ့ အကြီးအကဲတစ်ယောက်ရဲ့စကားအရ အစောပိုင်းနှစ်တွေမှာတော့ ဒီမြို့ထဲမှာ ဘိုးဘေးမတူတဲ့ ချန်းမိသားစု (၂) ခုရှိတယ်။ တစ်ခုကတော့ မြို့အပြင်ဘက်ကို ရောက်သွားတာ တော်တော်လေးကို ကြာနေပြီ။ မြို့ထဲမှာ သူတို့နဲ့ တိုက်ရိုက်ပတ်သက်နေတဲ့ မျိုးဆက်တစ်ခုမှ မကျန်တော့ဘူး။ ဒါပေမဲ့ အဲဒီချန်းမိသားစုက မြို့ထဲကနေ ထွက်သွားတဲ့အချိန်မှာ အုတ်ဂူစောင့်တစ်ယောက် ချန်ထားခဲ့တယ်လို့ ကြားဖူးတယ်။ အဲဒါက အရမ်းကြာနေပြီဆိုတော့ အဲဒီချန်းမိသားစုရဲ့ အုတ်ဂူတွေကို သန့်ရှင်းပေးပြီး အမွှေးတိုင်ထွန်းပေးမယ့် မိသားစုရှိမရှိလည်း မသေချာတော့ဘူး…”
“တခြားချန်းမိသားစုကတော့ ဟိုးအရင် မိသားစုကြီးတွေထဲက တစ်ခုဖြစ်ခဲ့ပြီး အဆင့်လည်း အရမ်းမြင့်တယ်။ ဒါပေမဲ့ ကမ္ဘာကြီးရဲ့ပြဿနာတွေက ခန့်မှန်းလို့ မရနိုင်တာ ကံဆိုးသွားတာပဲလေ။ အတွင်းအပြင် အကြိမ်ကြိမ် ပြောင်းလဲသွားခဲ့ပြီးတဲ့နောက် သူတို့က တဖြည်းဖြည်း ကျဆင်းသွားခဲ့ရတယ်။ အထူးသဖြင့် လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၀) ကျော်အတောအတွင်း မိန်းကလေးချန်း ပြောခဲ့သလိုပဲ မျိုးဆက်တစ်ခုချင်းဆီက တဖြည်းဖြည်း ပိုပြီးဆိုးရွားလာခဲ့တယ်။ အခုတော့ ကိုယ်ပိုင်မိသားစုရှိနေတဲ့ ချန်းမိသားစုဝင်တွေတောင် မရှိတော့ဘူး…"
"မဟုတ်သေးဘူး။ ကျွန်တော် အခုမှတ်မိသွားပြီ။ ကျန်နေသေးတဲ့ ချန်းမိသားစုဝင် တစ်ယောက်တော့ ရှိတယ်။ သူက မြို့ငယ်လေးထဲမှာ ရှိနေတဲ့ ချန်းမိသားစု အားလုံးထဲမှာ တစ်ဦးတည်းသောလူပဲ ဖြစ်လိမ့်မယ်။ သူက မျိုးရိုးကြီး (၄) ခုနဲ့ ကလန် (၁၀) ခုကို အားကိုးနေတဲ့လူမျိုးလည်း မဟုတ်ဘူး…”
“အဲဒီကလေးရဲ့အဖေကတော့ ကြွေထည်လုပ်တဲ့နေရာမှာ တော်တော်လေးကို အရည်အချင်းရှိတဲ့အပြင် အရင်ကြီးကြပ်သူ (၂) ယောက်ရဲ့ ချီးကျူးမှုကိုတောင် ခံရတယ်။ အဲဒါကြောင့်လည်း ကျွန်တော်က သူ့ကို ရှင်းရှင်းလင်းလင်း သိနေတာပဲ။ ဒါပေမဲ့ သူက အစောကြီး သေသွားခဲ့တယ်။ အခု သူ့ကလေးက ဘယ်လိုဖြစ်နေပြီလဲ ဆိုတာတော့ ကျွန်တော်လည်း မသိဘူး။ ကျွန်တော်က မြင်ဖူးကြားဖူးတဲ့အရာတွေကို ပြောပြရုံပါပဲ။ မြို့ငယ်လေးက ချန်းမိသားစုရဲ့မျိုးဆက်တွေကို တန်းတူညီမျှ ဆက်ဆံခဲ့တယ်။ အထူးသဖြင့် စုန့်မိသားစုနဲ့ ကျိုးမိသားစုတို့ပဲ။ စံအိမ်ရဲ့ခေါင်းဆောင်ကလည်း ချန်းမျိုးရိုးပဲ။ သူတို့က သခင်နဲ့အစေခံတွေလို ဖြစ်နေပေမယ့် သူတို့က မိသားစုတစ်ခုနဲ့ တူပါတယ်…"
ထိုသမိုင်းကျောင်းများအားလုံးကို တစ်ကြိမ်တည်းနှင့် ပြောပြလိုက်ပြီးနောက် အဘိုးအိုက ပြန်လှည့်လာပြီး ရေနွေးခွက်ကိုယူ၍ သောက်လိုက်သည်။
ချန်းသွမ့်က အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။
"တာဝန်ခံရွှယ်က နားလည်မှုရှိတဲ့ လူတစ်ယောက်ပါပဲ။ ဒါကြောင့် ရုံးတော်က ဒီလောက်ထိ ချောချောမွေ့မွေ့ လည်ပတ်နိုင်နေတာ..."
အဘိုးအိုက ကျေနပ်သွားခဲ့၏။
"မိန်းကလေးချန်းကလည်း အရမ်းကြင်နာတတ်ပါတယ်။ ကျွန်တော်တို့လိုလူတွေက ကျွန်တော်တို့ လုပ်နိုင်စွမ်းရှိတဲ့ အရာတွေကို သိထားရင် အကောင်းဆုံး ကြိုးစားနိုင်ပါတယ်။ ဒါက အလုပ်တစ်ခုကို ပြင်းပြင်းထန်ထန်ကြိုးစားနေတဲ့ ဘဝတစ်ခုပဲလေ…"
ချန်းသွမ့်က ပြုံးလိုက်ပြီး မတ်မတ်ထိုင်နေသော ချန်းစုန့်ဖုန်းကို လှည့်ကြည့်လိုက်သည်။ သူမက အေးစက်စွာ ပြောလိုက်၏။
"နင်က အဲဒါကို မလုပ်နိုင်တော့ဘူးဆိုရင်လည်း သေတ္တာကို အထက်အောက်လှန်ပြီး အောက်ခြေမှာရှိတဲ့ မှတ်တမ်းတွေနဲ့စလိုက်...။ နင်က အခုလေးပဲ တာဝန်ခံရွှယ် ပြောတဲ့စကားတွေကို မကြားခဲ့ဘူးလား။ ဒီမြို့ငယ်လေးထဲမှာ လွန်ခဲ့တဲ့နှစ်ပေါင်း (၁၀၀၀) အတွင်းရှိနေတဲ့ မှတ်တမ်းတွေက တခြားချန်းမိသားစုနဲ့ပဲ ပတ်သက်နေတယ်။ ငါထင်တာမမှားရင် မြို့ငယ်လေးထဲမှာရှိတဲ့ ချန်းမိသားစုက နင်တို့လုံဝေတပ်ဖွဲ့ ချန်းမိသားစုရဲ့ ဘိုးဘေးတွေနဲ့တူမယ်လို့ သတ်မှတ်နိုင်တယ်…"
"ဘာလဲ ဒီမျိုးရိုးစဉ်ဆက်မှတ်တမ်း အစကနေ အဆုံးထိ နာမည်တွေအားလုံးက အစေခံတွေ အစောင့်အရှောက်တွေမှ မဟုတ်တာ..."
ချန်းစုန့်ဖုန်း၏ နဖူးမှ ချွေးများ စီးကျလာနေသည်။ သူ၏နှုတ်ခမ်းက အနည်းငယ် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး စကားတစ်ခွန်းမျှ ပြန်မပြောရဲပေ။ သူက ထိုင်ခုံမှ အလျင်အမြန် မတ်တပ်ထလိုက်ပြီး သေတ္တာကိုလှန်၍ စာအုပ်များကို နေရာရွှေ့လိုက်သည်။
ရုံးတော်မှ တာဝန်ခံအိုကြီးကတော့ နောက်ကျောကို မတ်မတ်ထားလိုက်ပြီး အလုပ်များနေရာမှ အနည်းငယ် သက်သောင့်သက်သာ ဖြစ်သွားသလို ခံစားလိုက်ရသည်။
လျှိုပါ့ချောင်က ဆက်ပြီး ရပ်ကြည့်မနေနိုင်တော့ပေ။ ချန်းစုန့်ဖုန်း၏ အကျင့်စရိုက်က နူးညံ့ပျော့ပြောင်းပြီး သူက သူက လုံဝေတပ်ဖွဲ့ ချန်းမိသားစု၏ အနာဂတ် ခေါင်းဆောင်တစ်ယောက် ဖြစ်လာနိုင်သည်။ ချန်းသွမ့်က မည်ကဲ့သို့သော နောက်ခံအင်အားမျိုး ရှိစေကာမူ သူတို့က မိသားစုတစ်ခုတည်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ အနည်းဆုံးတော့ လေးစားမှုပေးရဦးမည် ဖြစ်သည်။
ထို့ကြောင့် လျှိုပါ့ချောင်က အသံတိုးတိုးနှင့် ပြောလိုက်၏။
"ချန်းသွမ့် …
ချန်းစုန့်ဖုန်းက နင့်ကို ကူညီပေးနေတာ ငါလည်းမြင်တယ်လေ။ နင်က သူ့ကို ဒီလိုကြမ်းကြမ်းတမ်းတမ်းတော့ မပြောသင့်ဘူး…"
ချန်းစုန့်ဖုန်းက လျှိုပါ့ချောင်ကို အလျင်အမြန် မော့ကြည့်လိုက်သည်။ တစ်ဖက်လူက မျက်လုံးပြူးကြီးနှင့် ပြန်လှည့်ကြည့်လိုက်၏။
"ရှင်ဘုရင်ဆီမှာတောင် ဆင်းရဲတဲ့ ဆွေမျိုးတွေ ရှိကြတာပဲလေ။ အဲဒါက ချွင်းချက်ရှိသေးလို့လား။ တကယ်လို့ ချွင်းချက်ဆိုရင်တောင် တခြားသူတွေကို အထင်သေးလို့ရမှာလား…"
သူက တည့်တည့်အတိုင်းသာ ပြောလိုက်သည်။ ထိုအရာက လေမိုးကြိုးဥယျာဉ်မှ လျှိုပါ့ချောင်၏ အစစ်အမှန် စိတ်နေစိတ်ထားလည်း ဖြစ်သည်။
ချန်းစုန့်ဖုန်း၏ မျက်နှာပေါ်တွင် ခါးသီးမှုများ ပြည့်နှက်နေ၏။
တာဝန်ခံအိုကြီးက ခေါင်းငုံ့ပြီး ရေနွေးသောက်နေခဲ့သည်။ သူကတော့ ထိုအရာများကို မမြင်ချင်ယောင်ဆောင်ထားခဲ့သည်။
ချန်းသွမ့်က ခဏကြာစဉ်းစားနေခဲ့ပြီး အပြုံးနှင့် ပြောလိုက်၏။
"အဲဒါလည်း အဓိပ္ပါယ်ရှိသားပဲ…"
ယခုတစ်ကြိမ်တော့ လျှိုပါ့ချောင်က အတော်လေး မသက်မသာ ခံစားရသွားသည်။
ချန်းသွမ့်က လက်ထဲတွင် ကိုင်ထားသော စာအုပ်ကို စားပွဲပေါ်တင်လိုက်ပြီး လေကောင်းလေသန့်ရှူရန် အပြင်သို့သွားရန် စဉ်းစားနေခဲ့သည်။ တာဝန်ခံရွှယ်ကတော့ အိမ်ရှင်ဖြစ်နေသည့်အတွက် ထိုချန်းမိသားစုမှ မိန်းကလေးကို ဧည့်ဝတ်ကျေချင်ခဲ့သည်။
ချန်းသွမ့်က ရုံးတော်၏ ဘေးဘက်ခန်းမထဲမှ အပြင်သို့ ထွက်လာပြီး စြင်္ကံလမ်းတွင်ရပ်၍ အဝေးကို ငေးကြည့်နေခဲ့သည်။ ရုံးတော်၏ အပြင်ဘက်တွင်တော့ အလွန်ကြီးမားသော လေးထောင့်မြေကွက်လပ်ကြီးတစ်ခု ရှိသည်။
တံခါးနှင့် မျက်နှာချင်းဆိုင်တွင်တော့ အထိမ်းအမှတ် အမိုးခုံးတစ်ခုရှိနေပြီး ထိုနေရာတွင် အလွန်ရှေးကျသော စကားလုံးကြီးတစ်ခုကို ရေးသားထားသည်။ ထိုစကားလုံးများကတော့ ယွဲ့ဟူသော စကားလုံးဖြစ်သည်။
ယွဲ့ဟူသည်မှာ အပေါ်ဘက်တောင်ထိပ်နှင့် အောက်ဘက်အကျဉ်းထောင်ဟု ဆိုလိုခြင်းဖြစ်သည်။ ထိုအရာကလည်း ရှားပါးသောအရာ မဟုတ်ချေ။ သီးသန့်တိုင်းပြည်တိုင်း ၊ ပြည်နယ်တိုင်းတွင် သူတို့၏အုပ်ချုပ်မှုအောက်၌ ရှိနေသော စည်းမျဉ်းများက တောင် (၅) တောင်ကဲ့သို့ ဖြစ်နေကြသည်။ အရှေ့၊ အနောက်၊ တောင်၊ မြောက်၊ အလယ်စသည့်အရာများ ဖြစ်ကြ၏။
တောင်ထိပ်တံခါးပေါ်တွင်တော့ အင်ပါယာကိုယ်တိုင် ရေးသားထားသော စကားလုံး (၂) ခု ရှိသည်။ ထိုဆိုင်းဘုတ်ပေါ်တွင် ရှိနေသော ယွဲ့ဟူသည့်စကားလုံးက ရှေးဟောင်းစကားလုံးများနှင့် ရေးသားထားခြင်း ဖြစ်၏။
စာသင်သားများ၊ ကဗျာဆရာများနှင့် အင်မော်တယ်ကျင့်ကြံသူများ၏ နောက်ပိုင်းမျိုးဆက်များက ထိုအရာနှင့် ပတ်သက်ပြီး ရှင်းလင်းချက် ထောင်ပေါင်းများစွာ ရှိလာကြသည်။ အစစ်အမှန် အကြောင်းပြချက်ကတော့ သမိုင်းကြောင်းထဲတွင် တိမ်ကောသွားခဲ့ပြီ ဖြစ်၏။
ချန်းသွမ့်က ထိုနေရာတွင် လူရိပ် (၂) ခု၏နောက်ကျောကို မြင်လိုက်ရပြီး တစ်ယောက်က ကြီးကြီးနှင့် တစ်ယောက်က သေးသေး ဖြစ်သည်။ သူတို့က အထိမ်းအမှတ်အမိုးခုံး၏ အဖြူရောင်ကျောက်တုံးလှေကားထစ်တွင် ထိုင်နေပြီး အချင်းချင်း တီးတိုးပြောနေကြ၏။
သူမက ခဏကြာ စဉ်းစားနေခဲ့ပြီးနောက် ခိုးနားမထောင်ချင်သည့်အတွက် ဖြည်းညင်းစွာ လျှောက်သွားခဲ့သည်။ ချန်းသွမ့်က သူတို့၏နောက်တွင် ရှိနေသော လှေကားထစ်ဆီသို့ ရောက်လာခဲ့သည့်အချိန်၌ အသာအယာ ချောင်းဟန့်လိုက်၏။
ထိုနှစ်ယောက်တွင် တစ်ယောက်က အားရပါးရ စကားပြောနေပြီး တခြားတစ်ယောက်က စိတ်ဝင်တစား နားထောင်နေလိမ့်မည်ဟု သူမကလည်း မထင်ထားခဲ့ပေ။ သူတို့က ချန်းသွမ့် ပေါ်လာသည်ကိုပင် သတိမထားမိခဲ့ပေ။
သူမက အဝေးဆုံး လှေကားထစ်တွင် ထိုင်လိုက်၏။ သူမက အေးအေးဆေးဆေး ထိုင်နေသော်လည်း သူမ ထိုင်နေသည့်ပုံစံက အလွန်အဆင့်အတန်းမြင့်မားသလို ထင်ရသည်။
လူရိပ်အကြီးနှင့် အသေးက အရှေ့ပိုင်းကုန်းမြေကြီး၏ ဘာသာစကားကို အသုံးပြုနေသည့်အတွက် ချန်းသွမ့်က နားလည်နိုင်သည်။ မဟုတ်လျှင် သူမက ဤမြို့ငယ်လေးထဲကို လာရောက်လိမ့်မည် မဟုတ်ချေ။
သူမက ဤမြို့ငယ်လေး၏ ဘာသာစကားကို မရင်းနှီးသည့်အတွက် ချန်းစုန့်ဖုန်း၊ လျှိုပါ့ချောင်တို့နှင့် လာခဲ့သည့် လမ်းတလျှောက်တွင်လည်း အလွန်တိတ်ဆိတ်နေခဲ့သည်။ အဓိက အကြောင်းပြချက်ကတော့ စကားမပြောလိုခြင်းကြောင့်ဖြစ်ပြီး သူမက ချန်းစုန့်ဖုန်းနှင့် လျှိုပါ့ချောင်တို့ကို စကားမပြောချင်သလို ခံစားနေရသည်။
အပေါ်ယံတွင်တော့ လျှိုပါ့ချောင်က ပေါ့ပျက်ပျက် ဖြစ်နေသော်လည်း အတွင်းပိုင်းတွင်တော့ သူက ဓားကို လေ့ကျင့်ရန်သာ အာရုံစိုက်ခဲ့သည်။ သူက စိတ်ဝင်စားစရာ ကောင်းသော်လည်း အမှန်အတိုင်းပြောရလျှင်တော့ ပျင်းစရာကောင်း၏။
ချန်းစုန့်ဖုန်းကတော့ သူ့မိသားစု ပြန်လည်ရှင်သန်ရေးကိုသာ အာရုံစိုက်နေခဲ့သည်။ သူက ရိုးရှင်းပုံရသော်လည်း အလွန် အတွေးများလွန်းသည်။ အရှေ့ပိုင်းကုန်းမြေကြီးမှ ထိပ်တန်းပါရမီရှင် (၂) ယောက်က သူမနှင့် လမ်းကြောင်းတူညီနေခြင်း မရှိချေ။ မတူညီသော လမ်းကြောင်းကို လျှောက်လှမ်းနေသူများက အတူတကွ နေထိုင်၍ မရနိုင်ပေ။
လူငယ်က သူ့ထက် (၁၀) နှစ်ခန့် ပို၍အသက်ကြီးသော မိန်းမပျိုကို ကြည့်လိုက်သည်။ သူမအပေါ် သူ၏ထင်မြင်ချက်ကလည်း သာမန်သာ ဖြစ်၏။
ချန်းသွမ့်က စကားမပြောဘဲ ထိုနေရာတွင် တိတ်တဆိတ် ထိုင်နေခဲ့သည်။ သို့သော် ကလေးမလေးက တလက်လက် တောက်ပနေသော အစိမ်းရောင် ဘူးသီးခြောက်တစ်လုံးကို ကိုင်ထားကြောင်း မြင်သည့်အခါ သူမက မျက်ခုံးပင့်လိုက်မိသည်။
ချန်းသွမ့်၏ မျက်လုံးများက စူးရှပြီး ထက်မြက်၏။ ကြည့်လိုက်ရုံနှင့် ထိုအရာက သာမန်ပစ္စည်း မဟုတ်ကြောင်း သိနေခဲ့သည်။ အထက်တန်းဆန်သော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်နှင့် ကြွေရုပ်လေးတစ်ရုပ်ကဲ့သို့ လှပသော ကလေးမလေးတို့က ရွှံ့ပုလင်းလမ်းကြားထဲမှ စုန့်ကျိရှင်းနှင့် ကျန့်ယန်တောင်မှ ထောင်ကျိတို့ ဖြစ်ကြသည်။
မူလတုန်းကတော့ စုန့်ကျိရှင်းနှင့် စုန့်ချန်ကျင့်တို့က အခြေအနေမေးရန် လီမိသားစုစံအိမ်သို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ တွေ့တွေ့ချင်း သူက ထိုကလေးမလေးကို သဘောကျသွားခဲ့၏။ သူက ငယ်စဉ်ကတည်းက နူးညံ့သိမ်မွေ့ပြီး လှပသော အရာများကို သဘောကျနေခြင်းကြောင့်လည်း ဖြစ်နိုင်သည်။ ကြမ်းတမ်းပြီး ရိုးရှင်းသော အရာများကိုတော့ သူလည်း စိတ်မဝင်စားချေ။
ထောင်ကျိကလည်း စုန့်ကျိရှင်းကို အလွန်သဘောကျနေခဲ့၏။ သူတို့ (၂) ယောက်က မိတ်ဆွေကောင်းများ ဖြစ်လာကြသည်။ အရေးကြီးဆုံး အရာကတော့ သူတို့ (၂) ယောက်၏ ကြားထဲတွင် အသက်ကွာဟမှုတစ်ခု ရှိနေ၏။ သို့သော် သူတို့က စကားပြောနိုင်သေးသည်။ စုန့်ကျိရှင်းက ပုံမှန်မဟုတ်ဟုပင် ခံစားမိခဲ့ခြင်း မရှိချေ။
အဆုံးတွင်တော့ သူက သူ့ဦးလေး စုန့်ချန်ကျင့်ကို တောင်းဆိုပြီး ထောင်ကျိကို အပြင်ဘက်သို့ ခေါ်သွားရန် ပြောခဲ့၏။ စုန့်ကျိရှင်းက လီမိသားစု၏ သဘောထားကို စိတ်မဝင်စားခဲ့ပေ။ သူက ထိုကလေးမလေး၏ လက်ကိုကိုင်ပြီး လီစံအိမ်ထဲမှ ထွက်လာခဲ့သည်။
ထိုအချိန်တွင် သူက အစေခံမလေး ကျစ်ကွေးကို သေတ္တာထဲမှ အစိမ်းရောင် ဘူးသီးခြောက် ရှာခိုင်းလိုက်ပြီး တွေ့ဆုံခြင်းလက်ဆောင်အဖြစ် ထောင်ကျိကို ပေးလိုက်သည်။
ကလေးမလေးက စုန့်ကျိရှင်းကို အလွန်ခင်မင်နေခဲ့၏။ သူမက တီတီတာတာနှင့် မေးလိုက်သည်။
"အစ်ကိုမီးသစ်သား ..
ဒီခြေ (၁၂) ချောင်း အထိမ်းအမှတ်အမိုးခုံးအကြောင်းကို ပြောဖူးတယ်လေ။ ကျွန်မ ဒီနေရာကို ရောက်မလာခင် တာ့လီမှာရှိတဲ့ ချောက်ကမ်းပါးကျောင်းတော်က အခြေအနေ တော်တော်ဆိုးနေပြီလို့ ကျွန်မ အဘိုးပြောတာကို ကြားခဲ့ဖူးတယ်။ အဲဒီအထိမ်းအမှတ်အဆောက်အဦးပေါ်မှာ ချောက်ကမ်းပါးကျောင်းတော်က ဘာတွေရေးထားလဲဆိုတာ သိလား…"
စုန့်ကျိရှင်း၏ နာမည်တွင် ရှိနေသော နောက်ဆုံးစကားလုံး (၂) ခုကြောင့် ထောင်ကျိက သူ့ကို အစ်ကိုမီးသစ်သားဟု နာမည်ပြောင် ပေးထားခဲ့သည်။ စုန့်ကျိရှင်းက ထိုအရာကို ဂရုမစိုက်ခဲ့ပေ။ လက်ရှိအချိန်တွင် သူက ထိုကလေးမလေး ရောက်လာသည့် နေရာကိုလည်း ဂရုမစိုက်ခဲ့ပေ။
သူက ခေါင်းငုံ့ပြီး အပြုံးနှင့် ပြောလိုက်၏။
"အစ်ကို မသိဘူး။ အစ်ကိုက တစ်ဘဝလုံး ဒီမြို့ငယ်လေးထဲကနေ ဘယ်ကိုမှ ထွက်မသွားခဲ့ဖူးတဲ့အပြင် စာပေတွေကိုလည်း မလေ့လာခဲ့ဘူး။ မင်းနဲ့အကြာကြီး စကားပြောပြီးသွားတော့ ဗိုက်ထဲကတောင် ဆာလာပြီ…"
ကလေးမလေးက သက်ပြင်းချလိုက်မိ၏။
"အဘိုးလူဝံကြီးက အပြင်ဘက်မှာ လူသွားရှာနေတာ အခြေအနေ ဘယ်လိုဖြစ်သွားပြီလဲမသိဘူး…"
စုန့်ကျိရှင်းက ပြုံးလိုက်ပြီး ခေါင်းငုံ့၍ အင်္ကျီလေးကို ပုတ်လိုက်သည်။ ထိုအချိန်တွင် သူ၏မျက်လုံးများက ရှုပ်ထွေးနေခဲ့၏။
အဝေးတွင် ရှိနေသော ချန်းသွမ့်က ရုတ်တရက် တိုးတိုးလေး မေးလိုက်သည်။
"ညီမလေး …
မင်းရဲ့ဘူးသီးခြောက်က တစ်ခါတစ်ရံ အသံထွက်လာတတ်တာလား…"
ကလေးမလေးက ပြန်လှည့်ကြည့်လိုက်ပြီး လက် (၂) ဖက်နှင့် ဘူးသီးခြောက်ကို မြှောက်ပြလိုက်သည်။ သူမက အပြုံးနှင့် ဟန်ရေးပြလိုက်သည်။
"အစ်ကိုမီးသစ်သားက ကျွန်မကိုပေးထားတာ..."
သူက မေးခွန်းကို ပြန်မဖြေခဲ့ပေ။
ချန်းသွမ့်က တိုးတိုးလေး ရယ်လိုက်၏။
စုန့်ကျိရှင်းက တိုးတိုးလေး ပြောလိုက်သည်။
"မိုးကြိုးမုန်တိုင်းတစ်ခု ထွက်လာတဲ့အချိန်တိုင်း အသံထွက်လာတတ်တယ်…"
ချန်းသွမ့်က ခေါင်းညိတ်ပြလိုက်၏။
"တကယ့်ကို ဓားသွားအားဖြည့် ဘူးသီးခြောက်တစ်ခုပါလား…"
စုန့်ကျိရှင်းက ဇဝေဇဝါ ဖြစ်သွားခဲ့၏။
ကျန့်ယန်တောင်မှ ကလေးမလေးက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
"ကျွန်မသိတယ် ကျွန်မသိတယ်။ ကျွန်မရဲ့မိသားစုမှာ ဓားသွားအားဖြည့် ဘူးသီးခြောက် (၃) ခုရှိတယ်။ ကျွန်မရဲ့အဘိုးမှာ တစ်ခုရှိတယ်။ အဲဒါကတော့ မီးခိုးရောင်ပုံစံပဲ။ ရုပ်လည်းဆိုးတယ်။ အဘိုးလျှိုဆီမှာရှိတဲ့ ဘူးသီးခြောက်ကတော့ အလှဆုံးပဲ။ အဲဒါက သေးသေးလေးနဲ့ လက်ဝါးအရွယ်လောက်ပဲ ရှိတယ်။ အဲဒီဘူးသီးခြောက်ထဲကနေ ဓားပျံလေးတွေ အများကြီး ထွက်လာတတ်တယ်။ အစ်မစုရဲ့ ဘူးသီးခြောက်ကတော့ ကြီးလည်းမကြီးဘူး သေးလည်းမသိဘူး။ အဲဒါက ခရမ်းရွှေရောင်ရှိတယ်။ ဒါပေမဲ့ အစ်မစုက ထုတ်မပြချင်ဘူး။ ကျွန်မက အကြိမ်ပေါင်းများစွာ တောင်းပန်ခဲ့ပေမယ့် ကြည့်လို့တောင်မရဘူး။ အစ်မစုက အဲဒါကို ချက်ချင်းသိမ်းသွားခဲ့တာ..."
ချန်းသွမ့်က ရှင်းပြလိုက်သည်။
"ညီမလေး …
မင်းရဲ့အစ်မစုကိုလည်း အပြစ်တင်လို့မရဘူး။ ခရမ်းရွှေရောင် ဓားသွားအားဖြည့် ဘူးသီးခြောက်က တော်တော်လေးကို ရှားတယ်။ အဲဒါက ထိပ်တန်းဘူးသီးခြောက် (၃)ခုထဲမှာတောင် စာရင်းဝင်တယ်။ အဲဒါက အရှေ့ပိုင်းကုန်းမြေကြီးတစ်ခုလုံးမှာ တစ်ခုတည်း ရှိနေတာတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်။ တခြားဓားသွားအားဖြည့် ဘူးသီးခြောက်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် ခရမ်းရွှေရောင် ဘူးသီးခြောက်က ဓားတွေကို အားဖြည့်ပေးတဲ့နေရာမှာ အရမ်းကောင်းတယ်။ ဒါပေမဲ့ သူ့ရဲ့အားနည်းချက်ကတော့ ပျက်စီးလွယ်တာပဲ။ သူက ချွန်ထက်တဲ့ လက်နက်တွေကြောင့် အလွယ်တကူ ပျက်စီးသွားနိုင်တယ်…"
ထောင်ကျိက အစိမ်းရောင် ဘူးသီးခြောက်လေးကို ဖတ်လိုက်သည်။
"ကျွန်မရဲ့ ဘူးသီးခြောက်ကရော..."
ချန်းသွမ့်က ပြုံးလိုက်၏။
"ဒါကလည်း တော်တော်လေး အဖိုးတန်ပါတယ်…"
ကလေးမလေးက စုန့်ကျိရှင်း၏ အင်္ကျီလက်ကိုကိုင်လိုက်ပြီး စိုးရိမ်စွာ ပြောလိုက်သည်။
"အစ်ကိုမီးသစ်သား ဒါကို ပြန်ယူချင်သေးလား…"
စုန့်ကျိရှင်းက ကလေးမလေး၏ ခေါင်းကိုပုတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် မေတ္တာတရားများ ပြည့်နှက်နေခဲ့၏။ သူက တိုးတိုးလေးရယ်ပြီး ပြောလိုက်သည်။
"ဒီဘူးသီးခြောက်လေးလောက် မပြောနဲ့။ ငါ့မှာ နောက်ထပ်ရှိသေးရင်တောင် ငါ မင်းကို ပေးဦးမှာပါ…"
ချန်းသွမ့်ကတော့ အလွန်စိတ်ဝင်စားစရာကောင်းသော ဇာတ်လမ်းတစ်ပုဒ်ကို တွေးမိသွားပုံရသည်။
"ဒဏ္ဍာရီထဲမှာ ပြောကြတာကတော့ ကောင်းကင်နဲ့မြေကြီး ကျောင်းဆောင်က လေလံပွဲတစ်ခုကို ကျင်းပခဲ့ဖူးတယ်။ နောက်ဆုံးပစ္စည်းကတော့ လုံးဝပေါ်မလာခဲ့ဖူးတဲ့ ဓားသွားအားဖြည့် ဘူးသီးခြောက် နွယ်ပင်တစ်ခုပဲ။ အဲဒီနွယ်ပင်ပေါ်မှာ ဘူးသီးခြောက် သေးသေးလေး (၆) လုံးရှိတယ်။ နောက်ပိုင်းမှာတော့ တာအိုဘိုးဘေးက အင်မော်တယ် တစ်ယောက်ဖြစ်လာပြီး သူကိုယ်တိုင် ငါတို့ကမ္ဘာကြီးထဲမှာ အဲဒီနွယ်ပင်ကို စိုက်ခဲ့တယ်လို့ ပြောကြတယ်။ နှစ်ထောင်ပေါင်းများစွာ ကြာခဲ့ပြီးတဲ့နောက် အဲဒီဘူးသီးခြောက်လေးတွေက အပင်ပေါက်လာပြီး မတူညီတဲ့ အရွယ်အစား အရောင်တွေရှိလာကြတယ်။ ဒါက တော်တော်လေးလည်း မှော်ဆန်ပါတယ်…"
စုန့်ကျိရှင်းကတော့ ရင်ထဲတွင် သက်ပြင်းချလိုက်မိသည်။
"ဒီကမ္ဘာကြီးထဲမှာ ထူးဆန်းတဲ့အရာတွေ မျိုးစုံရှိနေတာပဲ…"
Translated by Hein Htet.