အခန်း (၅၉)
Vol. 4 Ch. 59
တရုတ်ဇီးသီးပွင့်လမ်းကြားထဲတွင် ရှိနေသော မာမိသားစု၏ ဘိုးဘေးနေအိမ်ထဲတွင် ရွှေရောင်ချပ်ဝတ်အင်္ကျီဝတ် နတ်ဘုရားက ခြံဝင်းထဲသို့ ပြန်ရောက်လာခဲ့သည်။ ထူးဆန်းစွာပင် ထိုကဲ့သို့ ကြီးမားသော နတ်ဘုရားတစ်ပါး လမ်းပတ်လျှောက်နေခြင်းကို လူတစ်ယောက်မျှ သတိမထားမိခဲ့ပေ။
လူငယ်လေးမာခူရွှမ်က တံခါးအပြင်ဘက်တွင် ရှိနေသော လှေကားထစ်တွင် ထိုင်နေခဲ့၏။ သူက ရွှေရောင်ချပ်ဝတ် အင်္ကျီဝတ် နတ်ဘုရားကို မြင်လိုက်ရသည့် အချိန်တွင် သူ၏မျက်နှာပေါ်၌ မျှော်လင့်ချက်များ ပြည့်နေခဲ့၏။
စစ်ကျောင်းတော်မှ ကျင့်ကြံသူကလည်း မေးလိုက်သည်။
"အခြေအနေ ဘယ်လိုရှိလဲ…"
ထိုနတ်ဘုရားက ရွှေရောင်ချပ်ဝတ်အင်္ကျီ ဝတ်ဆင်ထားပြီး အလွန်တည်ငြိမ်အေးချမ်းသော မျက်နှာအမူအရာတစ်ခု ရှိသည်။ သူက နှုတ်ခမ်းကို အနည်းငယ် လှုပ်ရှားလိုက်သော်လည်း မာခူရွှမ်ကတော့ စကားတစ်ခွန်းမျှ မကြားနိုင်ခဲ့ပေ။ သူက အတွင်းထဲတွင် ရှိနေသော ဓားကျင့်ကြံသူကို စိတ်လှုပ်ရှားစွာ လှည့်ကြည့်လိုက်၏။
ဓားကျင့်ကြံသူက သက်ပြင်းချပြီး ပြောလိုက်သည်။
"မင်းရဲ့အဘွားက အသက်ရှင်နေစဉ် အပြစ်တွေ အများကြီး ကျူးလွန်ခဲ့တယ်လို့ သူပြောတယ်။ သူမသေခင် သူ့ရဲ့စိတ်ဝိညာဉ်(၃)သွယ်နဲ့ ခန္ဓာကိုယ်ဝိညာဉ်(၇)ခုတို့က လေထဲမှာ ချထားတဲ့ ဖယောင်းတိုင်တစ်ခုလိုပဲ။ ဒါကြောင့် မင်းရဲ့အဘွား သေပြီးသွားတဲ့အချိန်မှာ သူ့ရဲ့အသက်နဲ့ ဝိညာဉ်ကလည်း တပြိုင်နက်တည်း ပျက်စီးသွားခဲ့တယ်။ ဒီမြို့လေးက တခြားနေရာတွေနဲ့ မတူဘူး။ ဒီမြို့လေးက တစ္ဆေသရဲတွေနဲ့ တခြားပစ္စည်းတွေကို ဆန့်ကျင်တတ်တယ်။ ဒါကြောင့် သူက မင်းအဘွားရဲ့လက်ကျန်စိတ်ဝိညာဉ်ကို ရှာလို့မရဘူး ..."
မာခူရွှမ်၏မျက်နှာက ကြောက်စရာကောင်းလာခဲ့သည်။ သူက နတ်ဘုရားကို မော့ကြည့်ပြီး အော်ဟစ်လိုက်၏။
"ခင်ဗျားက ဘယ်လိုနည်းလမ်းပဲသုံးသုံး ကျုပ်ဂရုမစိုက်ဘူး။ ကျုပ်အဘွားရဲ့ ဝိညာဉ်ကို သွားရှာပေး…"
စစ်ကျောင်းတော်မှ ဓားကျင့်ကြံသူက အနည်းငယ် မျက်နှာပျက်သွားခဲ့၏။ မာခူရွှမ်က ထိုနတ်ဘုရားကို ဒေါသထွက်အောင် လုပ်လိုက်မိမှာ ကြောက်ရွံ့နေခဲ့သည်။
သူက လူငယ်ကို တားရန် ပြင်လိုက်စဉ် ရွှေရောင်ချပ်ဝတ်အင်္ကျီဝတ် နတ်ဘုရားက အရှေ့ပိုင်းကုန်းမြေကြီး၏ ဘာသာစကားနှင့် ပြောလိုက်သည်။
"ငါက မလုပ်ချင်တာမဟုတ်ဘူး ... ငါမလုပ်နိုင်တာ…"
ထိုစကားကို ပြောလိုက်ပြီးနောက် အလွန်ကြီးကျယ်ခမ်းနားသော ရွှေရောင်အလင်းတန်းများ လွှမ်းခြုံနေသည့် နတ်ဘုရားက အတွင်းထဲတွင် ရှိနေသော စစ်တောင်တန်းမှ ကျင့်ကြံသူကို ကြည့်လိုက်သည်။
တစ်ဖက်လူက သူ၏အငွေ့အသက်တစ်ခုကို ထုတ်ယူလိုက်ပြီး လက်(၂)ဖက်ကို ဆုပ်လိုက်သည်။ ထို့နောက် ခြံဝင်းထဲတွင် နတ်ဘုရားကို (၃)ကြိမ်တိတိ ဦးညွတ်လိုက်သည်။ သူ တစ်ကြိမ် ဦးညွှတ်လိုက်သည့်အချိန်တိုင်း ဓားကျင့်ကြံသူ၏ နီဝမ်သွေးကြောထဲမှနေ၍ ရွှေရောင်ချီစွမ်းအင်လေးတစ်မျှင် ထွက်သွားခဲ့သည်။
ထိုအရာကို ရွှေရောင်ချပ်ဝတ် အင်္ကျီဝတ်နတ်ဘုရားက သိပ်မွေ့စွာ ရှုရှိုက်လိုက်သည်။ (၃)ကြိမ်တိတိ ရှူရှိုက်လိုက်ပြီးနောက် နတ်ဘုရားက အလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး ဤနေရာမှ ထွက်ခွာသွားခဲ့သည်။
စစ်တောင်တန်းမှ ဓားပညာရှင်၏ မျက်နှာကတော့ ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့၏။ သူက ထိုင်ခုံတစ်ခုကို ဆွဲယူပြီး ထိုင်လိုက်သည်။ လေပူများကိုလည်း မှုတ်ထုတ်လိုက်မိ၏။ ထို့ကြောင့်လည်း နတ်ဘုရားတစ်ပါးကို ဖိတ်ခေါ်ရခြင်းက ပြန်လည်ပို့ဆောင်ရခြင်းထက် ပို၍လွယ်ကူကြောင်း ပြောခဲ့ကြခြင်း ဖြစ်နိုင်သည်။
မာခူရွှမ်က အေးစက်စွာ ကြည့်လိုက်ပြီး အခန်းထဲသို့ ဝင်သွားခဲ့၏။ သူက အေးစက်နေသော အလောင်း၏ဘေးတွင် ထိုင်ချလိုက်ပြီး အဘွားအို၏လက်ကို ဆုပ်ကိုင်လိုက်သည်။ သူက သူမ၏မျက်နှာကို စိုက်ကြည့်နေပြီး အချိန်အတော်ကြာ စကားမပြောခဲ့ပေ။
နောက်ကျောတွင် ဓားလွယ်ထားသောလူက သူ့ခါးတွင် ချိတ်ထားသော ကျားအဆောင်လေးကို ဖြုတ်လိုက်၏။ ထိုအဆောင်လေး၏အရောင်ကလည်း ယခင်တုန်းကထက် အနည်းငယ် ပို၍မှေးမှိန်နေသည်။ သူက ထိုအရာကို အင်္ကျီအိတ်ထဲတွင် ဖြည်းညင်းစွာ သိမ်းလိုက်၏။
ဓားလွယ်ထားသောလူက ခဏကြာ အနားယူနေခဲ့သည်။ ထို့နောက် သူက မတ်တပ်ရပ်လိုက်ပြီး လူငယ်လေး၏အနားကို လျှောက်မသွားခဲ့ဘဲ လူငယ်လေးကို ကျောပေးပြီး ဝင်ပေါက်တွင်ထိုင်၍ ဖြည်းညင်းစွာ ပြောလိုက်သည်။
"မင်းအဘွားက တံခါးမှာ အရိုက်ခံရတာ ဖြစ်နိုင်တယ် ..။ စွမ်းအားက အရမ်းကိုကြီးမားလွန်းတဲ့အတွက် သူက အိမ်ထဲကို လွင့်သွားပြီး သေသွားခဲ့တာ။ ငါပြောမယ့်စကားကို မင်းက ကြားချင်မှာတော့ မဟုတ်ဘူး။ ဒါပေမယ့် အနည်းဆုံးတော့ မင်းက အမှန်အတိုင်းသိသင့်တယ်…”
“ဒီအရာကို လုပ်နိုင်တဲ့သူအများစုက ချီကျင့်ကြံရေး ပညာရှင်တွေပဲ။ သူတို့က သူတို့ရဲ့စွမ်းအားကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ မသိကြဘူး။ ပြီးတော့ မင်းအဘွားရဲ့ ခန္ဓာကိုယ်ကလည်း လုံလောက်အောင် အစွမ်းမထက်တဲ့အတွက် သေသွားခဲ့ရတာ။ ဒါကို ချီကျင့်ကြံရေးပညာရှင် တစ်ယောက်က လုပ်ဆောင်တယ်ဆိုတော့ ရွှံ့ပုလင်းလမ်းကြားထဲမှာ ရှိနေတဲ့ ချန်းပင်အန်းရယ် လူစိမ်းမိန်းကလေးတို့နဲ့ အများဆုံး ပတ်သက်နေနိုင်တယ်။ ဒါပေမယ့် အမိုးတံတားမှာ မင်းကြောင့် စိတ်အခြေအနေ ပျက်စီးသွားခဲ့တဲ့ မိန်းကလေးလည်း ဖြစ်နိုင်သေးတယ်။ ပထမဖြစ်နိုင်ခြေကတော့ အရမ်းနည်းတယ်။ ဒုတိယဖြစ်နိုင်ခြေကတော့ အရမ်းများတယ်။ မင်းက ချန်းပင်အန်းကို သွားသတ်လိုက်တဲ့အတွက် မင်းရဲ့အဘွားက ဒီလိုပြဿနာမျိုး ကြုံလိုက်ရတာ။ မင်းက အဲဒီကိုသွားပြီး ကံတရားကို ရှင်းလင်းချင်ခဲ့တယ်လေ။ ဒါပေမယ့် မင်းထွက်သွားတဲ့အချိန်မှာ လူတစ်ယောက် ရောက်လာလိမ့်မယ်လို့ မင်းလည်း မထင်ထားခဲ့ဘူး…"
မာခူရွှမ်က တုန်ရင်နေသော လက်တစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး သူ့အဘွား၏ ပါးပေါ်သို့ တင်ထားခဲ့သည်။ သူ့အဘွား၏မျက်နှာက ယောင်ကိုင်းနေပြီး အစိမ်းရင့်ရောင် ပြောင်းလဲနေခဲ့၏။
လူငယ်လေးက တိုးတိုးလေး ပြောလိုက်သည်။
"ဒါဆိုရင် ကျွန်တော့်အဘွားကို သတ်လိုက်တာက ကျွန်တော်ကိုယ်တိုင်ပဲပေါ့…"
ဓားလွယ်ထားသောလူက ပြောလိုက်သည်။
"သာမာန်လူသားတွေရဲ့ အမြင်အရ ဟုတ်တယ်။ ဒါပေမယ့် ပြောရမယ်ဆိုရင်တော့…"
မာခူရွှမ်ကတော့ သူ့စကားကို ဆက်ပြီး နားမထောင်ချင်တော့ပေ။ သူက မတ်တပ်ရပ်လိုက်ပြီး ကြောက်စရာကောင်းသော အပြုံးနှင့် ပြောလိုက်၏။
"ကျွန်တော်က မြို့တစ်မြို့ကို ဖျက်ဆီးလို့မရနိုင်သလို တိုင်းပြည်တစ်ပြည်ကိုလည်း ဖျက်ဆီးလို့မရနိုင်ဘူး။ အပြစ်မရှိတဲ့လူတွေကိုလည်း သတ်ပစ်လို့မရနိုင်ဘူး။ အဲဒီအရာတွေ လုပ်လို့မရနိုင်ဘူးဆိုရင် လက်တုံ့ပြန်တဲ့အနေနဲ့ လူသတ်လို့ရောရလား…"
ထိုလူပြန်ဖြေသည်ကို စောင့်မနေဘဲ မာခူရွှမ်က ဆက်ပြောလိုက်သည်။
"တကယ်လို့ အဲဒီလိုအရာမျိုးကိုတောင် မလုပ်နိုင်ဘူးဆိုရင်တော့ စစ်ကျောင်း ကျင့်ကြံသူတစ်ယောက်ဖြစ်တော့ရော ဘာများအသုံးဝင်မှာလဲ ။ ကျွန်တော်က လုပ်ချင်တာလုပ်လို့ရတဲ့ မကောင်းဆိုးဝါးတစ်ယောက် လုပ်တာကမှ ပိုပြီးမကောင်းဘူးလား။ ကျွန်တော်က ဘာလို့ တာအိုသခင်ဂိုဏ်းတွေကို ပူးပေါင်းဖို့ သဘောတူရမှာလဲ…"
ထိုလူက ခဏကြာ စဉ်းစားနေပြီး ပြောလိုက်သည်။
"မင်းသာ အကျိုးဆက်တွေအားလုံးကို လက်ခံနိုင်သ၍ အဆင်ပြေပါတယ်။ ဒီနေ့လိုပေါ့။ ပြီးတော့ ငါ မင်းကို ရှင်းရှင်းလင်းလင်း မပြောခဲ့တဲ့ အရာတစ်ခုရှိတယ်။ ဥပမာအနေနဲ့ ပြောရရင် လူတစ်ယောက်ကို သတ်တဲ့အချိန် လူတိုင်းမှာ ကိုယ်ပိုင်သတ်မှတ်ချက်တွေ ရှိတယ်။ မင်း သတ်နိုင်တဲ့ လူအရေအတွက်နဲ့ ငါ သတ်နိုင်တဲ့ လူအရေအတွက်ကလည်း လုံးဝကို ကွဲပြားတယ်။ ငါက မင်းထက်ပိုပြီး အစွမ်းထက်လို့မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ လူတစ်ယောက်ရဲ့စိတ်နေစိတ်ထားက အရမ်းအရေးပါတယ်။ တကယ်လို့ ငါက လူ(၁၀၀)ကို သတ်လိုက်မယ်ဆိုရင်တောင် သူတို့အားလုံးက သတ်သင့်တဲ့လူတွေပဲ ဖြစ်လိမ့်မယ်။ တကယ်လို့ မင်းက လူ(၂)ယောက်(၃)ယောက်ကို သတ်လိုက်မယ်ဆိုရင် သူတို့တွေက မသတ်သင့်တဲ့လူတွေ ဖြစ်နိုင်တယ်…"
မာခူရွှမ်က ခနဲ့သလို ပြောလိုက်၏။
"ကျွန်တော်က သတ်သင့်လား၊ မသတ်သင့်လား ဘာလို့ခင်ဗျားကိုမေးပြီး သတ်ပေးဖို့ တောင်းဆိုရမှာလဲ။ ကျုပ်က ခင်ဗျားရဲ့အကူအညီကို လိုအပ်လို့လား။ ကျုပ်က အခုအချိန်ထိ စစ်တောင်တန်းက တရားဝင်တပည့်တစ်ယောက် မဟုတ်ဘူးဆိုတာ မေ့တော့မလို့…"
လူငယ်က အဘွားအို၏ မျက်နှာကို ငုံ့ကြည့်လိုက်ပြီး ခန်းမကြီး၏ အလယ်မြေကွက်လပ်ကို လှည့်ကြည့်၍ အော်လိုက်သည်။
"လာခဲ့ ... ရှေ့ကနေ လမ်းပြစမ်း…"
ထိုအချိန်တွင် မြေကွက်လပ်စားပွဲအောက်မှနေ၍ ကြောင်နက်ကလေးတစ်ကောင် ခုန်ထွက်လာပြီး မာခူရွှမ်က သူ့နောက်မှ လိုက်သွားခဲ့သည်။
ထိုလူကတော့ မည်သည့်အရာကိုမျှ ဂရုမစိုက်ခဲ့ပေ။ လွန်ခဲ့သော နှစ်ပေါင်း(၁၅၀)ခန့်တွင် သူ၏တိုင်းပြည်က ပျက်စီးသွားခဲ့ရသည်။ တောင်တန်းနှင့်မြစ်များ ဖျက်ဆီးခံလိုက်ရပြီး နှစ်ပေါင်း(၁၀၀)ကျော် တိုက်ပွဲများ ဖြစ်ခဲ့၏။
ထိုအရာက အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် အဆိုးရွားဆုံး ပြည်နယ်တစ်ခု ဖြစ်ခဲ့သည်။ မိသားစုပေါင်း (၁၀)သန်းကျော် သေဆုံးသွားခဲ့ရပြီး တိုင်းပြည်အသစ်တစ်ခု အဆုံးသတ်သွားရသည့်အချိန်တွင် မိသားစု(၈)သိန်းပင် မကျန်တော့ပေ။ အဆုံးတွင်တော့ ကလေးငယ်များစွာက သေဆုံးသွားပြီးနောက် မြှုပ်စရာပင် မလိုခဲ့ပေ။ ထိုလူကတော့ ထိုကလေးများထဲမှ တစ်ယောက်ဖြစ်ခဲ့၏။
သူက ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်သည်။ လူသတ်သမားက မြို့အပြင်ဘက်ကို ထွက်သွားပြီဟူသော စကားကို မာခူရွှမ်သိအောင် ပြောပြခြင်းနှင့် ယှဉ်လိုက်လျှင် ဆရာရွမ်ကို မေးခွန်းတစ်ခုသာ မေးချင်ခဲ့သည်။
အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် နှစ်ထောင်ပေါင်းများစွာအတွင်း ဗုဒ္ဓလမ်းစဉ်က ဘာကြောင့် တဖြည်းဖြည်း ဆုတ်ယုတ်သွားခဲ့ကြောင်း သူက သိချင်နေခဲ့၏။ ဘာကြောင့် တိုင်းပြည်ငယ်လေး အနည်းငယ်ကသာ ဗုဒ္ဓလမ်းစဉ်ကို ကိုးကွယ်နေရသနည်း။
ဤမြို့ငယ်လေးထဲတွင်တော့ ဗုဒ္ဓလမ်းစဉ်က အားအနည်းဆုံး အင်အားစုတစ်ခုဖြစ်ပြီး ကံကြမ္မာစက်ဝိုင်းက အလွန်ထင်ရှားလွန်းလှသည်။ စစ်ကျောင်းတော်မှ ဓားကျင့်ကြံသူက အဝေးမှနေ၍ လူငယ်လေး၏နောက်မှ လိုက်သွားခဲ့၏။
မာခူရွှမ်က စစ်ကျောင်းတော်မှ တပည့်တစ်ယောက်ဖြစ်သော်လည်း သူကတော့ ထိုလူငယ်လေး၏ ကိုယ်ရေးကိုယ်တာ ရန်ငြိုးများကို ဝင်မပါချင်ခဲ့ပေ။ သူတို့က တိုက်ပွဲကွင်းပြင်ထဲတွင် အတူတူရှင်သန်ပြီး အတူတူသေနိုင်ကြသည်။ သူတို့က ကျင့်ကြံရေးလမ်းကြောင်းတွင်လည်း ကိုယ့်ပြဿနာကိုယ် တာဝန်ယူရမည်သာ ဖြစ်သည်။ သို့သော် မည်သည့်အရာမျှ အကြွင်းမဲ့တူညီနေခြင်း မရှိချေ။
ဥပမာအနေနှင့် ပြောရလျှင် မာခူရွှမ်က ချန်းပင်အန်း၏လက်ထဲ၌ သေတော့မည့် အချိန်တွင်တော့ ထိုလူက အကြောင်းပြချက်(၂)ခုကြောင့် ကယ်တင်ခဲ့သည်။ တစ်ခုကတော့ မာခူရွှမ်ကဲ့သို့သော ပါရမီရှင်တစ်ယောက်ကို မသေစေလိုခြင်းကြောင့်ဖြစ်သည်။
သူက မာခူရွှမ်ကို စစ်တောင်တန်းပေါ်တွင် ကိုယ့်ကိုယ်ကိုယ် ဖိအားပေးစေချင်နေ၏။ ပါရမီအရဖြစ်စေ စိတ်နေစိတ်ထားအရဖြစ်စေ မာခူရွှမ်က ပို၍မြင့်မားသော အဆင့်တစ်ခုသို့ ရောက်ရှိစေချင်ခဲ့သည်။ မာခူရွှမ်က စစ်ကျောင်းတော်မှ ပညာရှင်များ၏ ကိုယ်စားပြုတစ်ယောက်ဖြစ်လာပြီး ရှုပ်ထွေးနေသော ကမ္ဘာကြီးထဲတွင် တောက်ပလာရန် မျှော်လင့်နေခဲ့သည်။
ဒုတိယအကြောင်းပြချက်ကတော့ ဆရာချီက မာခူရွှမ်နှင့် ချန်းပင်အန်းတို့၏ကြားထဲတွင် အနိုင်အရှုံးပေါ်လာလျှင် လုံလောက်ပြီဟု ပြောခဲ့သည်။ သူတို့က သူသေကိုယ်သေ တိုက်ခိုက်ရန် မလိုအပ်ပေ။
မူလတုန်းကတော့ ဆရာချီက ရွှံ့ပုလင်းလမ်းကြားထဲတွင် နေထိုင်သော လူငယ်လေး သေမှာကို စိုးရိမ်နေခြင်းကြောင့်ဟု ထိုလူက တွေးခဲ့မိသည်။ နောက်ပိုင်းတွင်တော့ ထိုသို့မဟုတ်ကြောင်း နားလည်လာခဲ့ရ၏။
ထိုလူက လူငယ်လေး၏နောက်မှ လိုက်လာပြီး ခဏကြားပြီနောက် မာခူရွှမ်၏ စိတ်လှုပ်ရှားမှုများက ပျောက်ကွယ်သွားပြီး သူ၏ခြေလှမ်းများက နှေးကွေး၍ သက်သောင့်သက်သာ ရှိလာကြောင်း တွေ့လိုက်ရ၏။ အဆုံးတွင်တော့ သူ့ပုံစံက ဈေးဝယ်ထွက်လာသော သာမန်လူငယ်လေး တစ်ယောက်ကဲ့သို့ ဖြစ်လာ၏။
သို့သော် ထိုအချိန်တွင် ကြောင်နက်ကလေးက အမိုးပေါ်မှနေ၍ လူငယ်၏ ပုခုံးပေါ်သို့ ခုန်ဆင်းလာပြီး မြေပြင်ပေါ်သို့ ခုန်ချသွားသည်။ သူက ပြန်လှည့်ပြီး ပြေးထွက်သွားသည့် အချိန်တွင် ပစ်မှတ်ကိုတွေ့ပြီဖြစ်ကြောင်း လူငယ်ကို ပြောလိုက်ခြင်းဖြစ်၏။
ထို့နောက် လူငယ်က တဟုန်ထိုး ပြေးထွက်သွားခဲ့ပြီး သူ၏အရှိန်အဝါကလည်း နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့သည်။
နွေဦးရာသီမိုးများက ပေါ့ပါးသော်လည်း လမ်းပေါ်တွင် လမ်းလျှောက်နေသူ အများစုကတော့ အလျင်စလို သွားလာနေကြသည်။ သူတို့က အမိုးအကာများ အောက်တွင် နားခိုနေကြ၏။
အလွန်လှပသော အဝတ်အစားများ ဝတ်ဆင်ထားသည့် လူငယ်တစ်ယောက်နှင့် မိန်းမပျိုတစ်ယောက်တို့က နဂါးစီးလမ်းပေါ်တွင် လမ်းလျှောက်နေကြသည်။ သူတို့ဆီတွင် ကိုယ်ပိုင်အခွင့်အရေးများ ရှိနေသလို ထင်မှတ်ရသည်။ သူတို့၏မျက်နှာပေါ်တွင် ဝမ်းသာမှုများ ပြည့်နှက်နေကြသည်။
သို့သော် လူငယ်လေးကတော့ ကံကောင်းမှုနှင့်ကံဆိုးမှု၏အဓိပ္ပါယ်များကို သင်ကြားပေးချင်နေပုံရ၏။ လူငယ်က သူတို့၏နောက်တွင် ခြေလှမ်း(၅၀)ခန့်စတင် ပြေးသွားခဲ့သည်။ သူက ခြေလှမ်း(၂ဝ)ခန့် အဝေးကို ရောက်သည့်အချိန်တွင် ကျယ်လောင်စွာ အော်လိုက်၏။
လူငယ်က ပြန်လှည့်ကြည့်လိုက်သည့်အချိန်တွင် မာခူရွှမ်က သူ့ကို လက်သီးနှင့် ထိုးလိုက်သည်။ ခေါင်းကို လက်သီးတစ်ချက် ထိုးလိုက်ခြင်းဖြစ်၏။ လူငယ်က နောက်သို့ လွင့်သွားခဲ့ပြီး လမ်းမပေါ်သို့ အရှိန်ပြင်းစွာ လဲကျသွားခဲ့သည်။ သူ့ခန္ဓာကိုယ်ကလည်း အနည်းငယ် တွန့်လိမ်နေပြီး သူကပြန်ထရန် ရုန်းကန်နေခဲ့ခြင်းပင် မရှိချေ။
မာခူရွှမ် လက်သီးနှင့် ထိုးလိုက်သည့်အတွက် ထိုလူငယ်က မြေပြင်ပေါ်တွင် လဲကျသွားပြီးနောက် သူက မိန်းမပျို၏ဘေးတွင် ရပ်လိုက်သည်။ သူက ခန္ဓာကိုယ်ကို လှုပ်ရှားလိုက်ပြီး ဘယ်ဘက်လက်နှင့် မိန်းမပျို၏ လည်ပင်းကို ညှစ်ထားလိုက်၏။
သူ့ထက် ခေါင်းတစ်လုံးခန့် ပို၍အရပ်ရှည်သော မိန်းမပျိုက လူငယ်၏ လက်ထဲတွင် ပါလာပြီး လေထဲသို့ အနည်းငယ် မြောက်လာခဲ့သည်။ ထို့နောက် မိန်းမပျိုက မြေပြင်ပေါ်သို့ လဲကျသွားခဲ့၏။ မာခူရွှမ်က ခြေထောက်တစ်ဖက်နှင့် မိန်းမပျို၏ နဖူးပေါ်ကို နင်းထားခဲ့သည်။
သူက ရှုပ်ထွေးနေပုံရသော မိန်းမပျို၏မျက်နှာကို စိုက်ကြည့်ပြီး ပြောလိုက်၏။
"တရားခံက မြို့ထဲမှာ မရှိဘူးဆိုတာ ငါသိတယ်။ ဒါပေမယ့် ကိစ္စမရှိဘူး။ အဲဒီအရာကို ငါကိုယ်တိုင် စုံစမ်းနိုင်တယ်…."
မိန်းမလှလေး၏မျက်လုံးများက နီရဲနေပြီး သူမ၏နှာခေါင်းနှင့် မျက်လုံးများထဲမှ သွေးများစီးကျလာခဲ့သည်။ သူမက ကြောက်လန့်နေသော အမူအရာနှင့် လူငယ်ကို စိုက်ကြည့်နေခဲ့၏။
လူငယ်၏မျက်နှာက အလွန်ကြောက်စရာကောင်းလွန်းလှသည်။
"ငါ မာခူရွှမ်က နင့်ရဲ့ကျင့်ကြံမှုအခြေအနေကို ဖျက်ဆီးခဲ့တယ်။ တကယ်လို့ နင်က လက်တုံ့ပြန်ချင်နေတဲ့အတွက် ငါ့ကိုသေအောင် သတ်လိုက်မယ်ဆိုရင်တောင် ငါက ကံတရားကို လက်ခံပြီး နင့်အပေါ် မုန်းတီးနေမှာ မဟုတ်ဘူး။ တကယ်လို့ နင်က လက်တုန့်မပြန်ချင်ဘူးဆိုရင်တောင် ငါက စိတ်ကောင်းရှိနေသေးရင် နင်နဲ့ ကစားပေးနေဦးမှာပဲ။ ငါ့အနေနဲ့ ပြောရရင်တော့ ဒါက ဖြစ်သင့်ဖြစ်ထိုက်တဲ့ အခြေအနေတစ်ရပ်ပဲ…"
မိန်းမပျိုက သူမ၏ဂိုဏ်းတွင် အလွန်မာနကြီးသူတစ်ယောက် ဖြစ်ပုံရပြီး ထိုကဲ့သို့ မြင်ကွင်းမျိုးကို လုံးဝမြင်ဖူးပုံမရချေ။ သူမက အလွန်ကြောက်လန့်နေသည့်အတွက် လူငယ်ပြောသည့်စကားကိုပင် မမှတ်မိနိုင်ခဲ့ပေ။
သူမက သနားညှာတာပေးရန် တောင်းဆိုလိုက်၏။
"ငါ့ကိုသွားခွင့်ပေးပါ ... ကျေးဇူးပြုပြီး ငါ့ကိုသွားခွင့်ပေးပါ။ ငါက နင့်အဘွားကို မသတ်ခဲ့ဘူး။ အဲဒါနဲ့ပတ်သက်ပြီး ငါ ဘာမှမသိဘူး…"
လူငယ်က ခြေထောက်တွင် ရှိနေသော စွမ်းအားကို တဖြည်းဖြည်း တိုးမြှင့်လိုက်ပြီး မိန်းမပျို၏ခေါင်းကို မြေကြီးထဲသို့ ဖြည်းညင်းစွာ ဖိနှိပ်လိုက်သည်။
"ငါ နင့်ကို ဘယ်လောက်အထိ မုန်းလဲသိလား။ အပြစ်တစ်ခု ကျူးလွန်ပြီးသွားတာကိုတောင် နင်က ဂရုမစိုက်ခဲ့ဘူး။ နင်က အပြစ်ရှိသလို မခံစားခဲ့ရဘူး။ နည်းနည်းလေးတောင် မရှိဘူး…"
လူငယ်၏စကားသံထဲတွင် အမုန်းတရားများ ပါဝင်နေပြီး မျက်လုံးထဲတွင် မျက်ရည်များ ပြည့်နှက်နေခဲ့သည်။
မိန်းမပျိုက မာခူရွှမ်၏ခြေထောက်ကို ခက်ခက်ခဲခဲဖက်လိုက်၏။ သူမ၏မျက်လုံးထဲတွင် မျက်ရည်များ စီးကျနေပြီး သူမက တောင်းပန်လိုက်၏။
"ငါ့ကိုသွားခွင့်ပေးပါ ...ငါ့အဘိုးက ရေလှိုင်းမြင်းတပ်ရဲ့ တပ်မှူးပါ။ ငါကသူ့အချစ်ဆုံး မြေးမလေးတစ်ယောက်ပဲ .။ငါ နင့်ကိုလျော်ကြေးပေးပါ့မယ်။ နင် တောင်းဆိုတဲ့ အရာမှန်သမျှကို ငါသဘောတူပါတယ်…"
လူငယ်က အပြုံးတုနှင့် ပြောလိုက်၏။
"ဟုတ်လား တိုက်ဆိုင်လိုက်တာ .။ ငါက ငါ့ရဲ့အဘွားမာလန်းဟွာရဲ့ မြေးတစ်ယောက်ပဲ…"
လူငယ်က ရုတ်တရက် ခြေထောက်ကို မြှောက်လိုက်ပြီး မိန်းမပျို၏မျက်နှာကို ဖိနပ်နှင့် ပွတ်လိုက်သည်။
"ရေလှိုင်းမြင်းတပ် မဟုတ်လား။ စောင့်နေလိုက် ... ငါ နင့်ကို ဖြည်းဖြည်းချင်းလာပြီး ကစားမယ်…"
လူငယ်က ခြေထောက်ကို ရုတ်သိမ်းလိုက်ပြီး ဘေးဘယ်ညာကို လှည့်ကြည့်လိုက်သည်။ ဘယ်ဘက်တွင်တော့စစ်တောင်တန်းမှလူက နောက်ကျောတွင် ဓားကို လွယ်ပြီး ရပ်နေခဲ့သည်။ ညာဘက်တွင်တော့ ဆီစိမ်းထီးတစ်ချောင်းကို ကိုင်ထားသည့် စာသင်သား လူငယ်လေးတစ်ယောက်ရှိသည်။
သူကတော့ သနားစရာကောင်းသည့် မိန်းမပျို၏အနားတွင် ရပ်နေပြီး မာခူရွှမ်ကို ကြည့်နေခဲ့၏။ ထီးကိုင်ထားသော လူငယ်က သူ့ခြေထောက်အောက်တွင် ရှိနေသော မိန်းမပျိုကို သတ်ပြီးသွားသည်အထိ စောင့်နေခြင်းဖြစ်ကြောင်း မာခူရွှမ်၏မသိစိတ်က ပြောပြနေခဲ့သည်။
မာခူရွှမ်က ရုတ်တရက် ထိုင်ချလိုက်သည်။ မိန်းမပျိုက ထွက်ပြေးရန် ကြိုးစားလိုက်သော်လည်း လူငယ်က သူမ၏လည်ပင်းကို ဖိနှိပ်ထားခဲ့သည်။ မိန်းမပျိုက မလှုပ်ရှားရဲသည့်အချိန်တွင် လူငယ်က လွှတ်ပေးလိုက်ပြီး သူ၏မျက်နှာကို လက်ဝါးနှင့် ရိုက်လိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်သည်။
"မှတ်ထား ငါ့နာမည်က မာခူရွှမ် ..။ ငါ နင့်ကို သေချာပေါက် လာရှာမယ်။ ပြီးတော့ မြို့ထဲမှာ မရှိတဲ့လူကိုလည်း နင်က ကျေးဇူးတင်ရလိမ့်မယ်။ မဟုတ်ရင် ငါတို့ရဲ့ ဆက်ဆံရေးက ဒီလောက်ကောင်းမှာ မဟုတ်ဘူး…"
နောက်ဆုံးတွင်တော့ မာခူရွှမ်က မိန်းမပျို၏မျက်နှာပေါ်သို့ တံတွေးထွေးချလိုက်သည်။ ထို့နောက် လူငယ်က မတ်တပ်ရပ်လိုက်ပြီး စစ်တောင်တန်းမှ ပညာရှင်ဆီသို့ လျှောက်သွားခဲ့၏။ သူက အသံတိုးတိုးနှင့် မေးလိုက်သည်။
"အဲဒီလူက ဘယ်သူလဲ…"
စစ်ကျောင်းတော်မှ ဓားကျင့်ကြံသူက တည်ငြိမ်စွာ ပြောလိုက်သည်။
"သူက ကန်ကြည့်ကျောင်းတော်ရဲ့ အနာဂတ်အရှင်သခင် တစ်ယောက်ပဲ။ အဲဒါက ကွန်ဖြူးရှပ်ကျောင်းတော်(၇၂)ခုထဲက တစ်ခုလို့ ပြောလို့ရတယ်။ သူ့နာမည်က ချွေးမင်ဟွမ်။ သူ့ရဲ့နောက်ကြောင်းကတော့ ဝေဝေဝါးဝါးပဲ။ ဒီတစ်ကြိမ် သူက သူ့ရဲ့ဝှက်ဖဲကိုယူဖို့ ပြန်လာခဲ့တာ။ သူက တော်တော်လေးကို ကောက်ကျစ်တယ်။ ဒါကြောင့် မင်းက နောက်ပိုင်း သတိထားဖို့လိုတယ်။ ငါထင်တာ မမှားရင် သူက မင်းကိုတောင် စောင့်ကြည့်နေပြီ ထင်တာပဲ…"
မာခူရွှမ်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။
"ဒီလူက ကျောင်းတော်ထဲမှာရှိတဲ့ ဆရာချီနဲ့လုံးဝမတူတဲ့ ခံစားမှုမျိုးပေးနိုင်တယ်…"
ဓားကျင့်ကြံသူက ရယ်ပြီး ပြောလိုက်သည်။
"ဆရာချီလို စာသင်တာ ဘယ်နှစ်ယောက်ရှိမယ်လို့ မင်းက ထင်နေတာလဲ…"
သူက ခဏကြာ စဉ်းစားနေပြီးနောက် ရှင်းပြလိုက်သေးသည်။
"ဆရာချီက ဒီကမ္ဘာငယ်လေးထဲမှာ အပြစ်ပေးဖို့ သဘောတူလိုက်တယ်ဆိုတာ သူ့ရဲ့ကျင့်စဉ်အဆင့်က လျော့ကျသွားပြီး သူ့ဆရာရှုံးသွားတဲ့အချိန်မှာ သူ့ရဲ့စိတ်အခြေအနေက ပျက်စီးသွားတဲ့ အတွက်ကြောင့်လို့ အပြင်လောကကြီးထဲမှာ ပြောနေကြတယ်။ သူက ကောင်းကင်စည်းမျဉ်းတွေရဲ့ လွှမ်းမိုးမှုအောက်မှာ ရှိနေသေးပေမယ့် သူလုပ်ချင်တာကို လုပ်လို့ရတယ်။ ငါတော့ အဲဒီလိုမထင်ဘူး…"
မာခူရွှမ်က ထိုစကားများကို စိတ်ဝင်စားနေခြင်း မရှိချေ။ သူက ပြန်လှည့်လာပြီး မိန်းမပျို၏ဘေးတွင် ထိုင်နေသော ထီးကိုင်ထားသည့်လူငယ်ကို ကြည့်လိုက်သည်။ သူက သူမကို နှစ်သိမ့်ပေးနေပုံရ၏။
မာခူရွှမ်က အဝေးကိုကြည့်လိုက်ပြီးနောက် ကျောတွင် ဓားလွယ်ထားသောလူနှင့် အတူဘေးချင်းယှဉ်၍ လျှောက်သွားခဲ့သည်။ တရုတ်ဇီးသီးပွင့်လမ်းကြားထဲသို့ ပြန်လာခဲ့သည့် အချိန်တွင် လူငယ်၏ခြေလှမ်းများက လေးလံနေခဲ့သည်။
ထိုလူက ပြောလိုက်၏။
"မင်းရဲ့ခန္ဓာကိုယ်က ဆိုးဆိုးဝါးဝါး ဒဏ်ရာရနေတယ်။ လျှို့ဝှက်ဒဏ်ရာတွေ တစ်ခုမှ ချန်မထားနဲ့။ မဟုတ်ရင် မင်းရဲ့ကျင့်ကြံမှုလမ်းကြောင်းကို နှောင့်နှေးသွားစေလိမ့်မယ်…"
မာခူရွှမ်က မျက်နှာပေါ်တွင် ရှိနေသော မိုးရေစက်များကို သုတ်လိုက်ပြီး ရုတ်တရက် မေးလိုက်သည်။
"ကျွန်တော်တို့မြို့လေးက အပြင်လူတွေအတွက် ဘယ်လိုမျိုးလဲ…"
ဓားကျင့်ကြံသူက ပြန်ဖြေလိုက်သည်။
"မြို့အပြင်ဘက်မှာရှိတဲ့ စမ်းချောင်းလေးလိုပဲ။ ဒီနေရာမှာ လူပေါင်းစုံရှိနေတယ်။ မင်းရဲ့ ဒူးလောက်တောင် မရောက်တဲ့ ရေတိမ်တိမ်လေး ရှိနေသလို မင်းမမြင်ရတဲ့ ရေကန်နက်ကြီးတွေလည်း ရှိနေတယ်…"
မာခူရွှမ်က မေးလိုက်သည်။
"အရင်တုန်းကအေပြင်လူတွေ ရတနာတွေ လာရှာတဲ့အချိန်မှာ ရေနစ်ပြီး သေသွားကြဖူးလား…"
ဓားကျင့်ကြံသူက အပြုံးနှင့် ခေါင်းခါပြောလိုက်သည်။
"အတိတ်တုန်းကတော့ တစ်ယောက်မှ မရှိခဲ့ဘူး။ အချိန်အများစုမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြီးဆုံးသွားခဲ့ပြီး လူတိုင်းကလည်း ပျော်ရွှင်ကြရတယ်။ ဒီတစ်ကြိမ်ကတော့ ချွင်းချက်ပဲ.."
…………….
ယန်မိသားစုဆေးဆိုင်ထဲတွင် …
မိန်းမပျိုတစ်ယောက်က လူငယ်တစ်ယောက်ကို ကုန်းပိုးလာရင်း တံခါးပေါက်ကို လျင်မြန်စွာ ဖြတ်ကျော်လာခဲ့သည်။ သူမက သက်လတ်ပိုင်းအရွယ် ဆိုင်အကူကို မေးလိုက်၏။
"ဒီမှာအဘိုးကြီးယန်ရှိလား ..."
ထိုလူက အလွန်ထူးခြားသော မိန်းမပျိုကို မြင်လိုက်ရသည့်အတွက် သူမကို လျစ်လျူမရှုရဲပေ။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"သူက အနောက်ဘက်ခြံဝန်းထဲမှာ အခုလေးပဲ ဆေးပင်တွေ ထုတ်ပိုးပြီးတာ။ ဘာကိစ္စရှိလို့လဲ…"
မိန်းမပျိုက ခေါင်းညိတ်ပြလိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။
"ကျွန်မတို့က အဘိုးကြီးယန်နဲ့ ရင်းနှီးတယ်။ ကျွန်မက သူ့ဆီကနေ ဆေးတချို့ သွားတောင်းချင်လို့…"
ဆိုင်အကူက ခဏကြာစဉ်းစားနေပြီးနောက် ခေါင်းမာနေခဲ့ခြင်းမရှိချေ။ သူက သူတို့ကို ခြံအနောက်ဘက်တွင် ရှိနေသော ပင်မအခန်းထဲသို့ ဦးဆောင်ခေါ်လာခဲ့၏။ ထိုအချိန်တွင် အဘိုးအိုတစ်ယောက်က စားပွဲဝိုင်းတွင် ထိုင်ပြီး ဆေးတံကြီးတစ်လက်ကို ပုတ်နေခဲ့သည်။
အခန်း၏ ထောင့်တွင်တော့ အဝတ်အစား ဖရိုဖရဲနှင့် လူတစ်ယောက်ရပ်နေခဲ့၏။ သူကတော့ မြို့၏အရှေ့တံခါးကို စောင့်ရှောက်ရသော ကျန်းတဖုန်းဖြစ်သည်။ အဘိုးအို ရပ်နေသည်ကို တွေ့သည့်အချိန်တွင် ကျန်းတဖုန်းက အသက်ကို ရဲရဲပင် ရှုရဲချေ။ သူက ပုံမှန်ကဲ့သို့ အရှက်မရှိသော လူတစ်ယောက်လည်း မဟုတ်တော့ပေ။
အဘိုးကြီးယန်က သူ၏ဆေးတံကြီးကို ဝှေ့ယမ်းလိုက်ရာ ကျန်းတဖုန်းက အခန်းထဲမှ လျင်မြန်စွာ ထွက်သွားခဲ့၏။ အဘိုးကြီးယန်က မိန်းမပျို၏နောက်ကျောပေါ်ရှိ အလွန်ရင်းနှီးသော လူငယ်လေး ချန်းပင်အန်းကို ကြည့်လိုက်သည်။
ချန်းပင်အန်း၏ နှုတ်ခမ်းများက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ၏ခန္ဓာကိုယ်က တစ်ကိုယ်လုံး တုန်ယင်နေခဲ့၏။ သူ၏လက်(၂)ဖက်ကလည်း မိန်းမပျို၏လည်ပင်းကို ဖက်ထားခဲ့သည်။
အဘိုးကြီးယန်က မတ်တပ်ရပ်လိုက်ပြီး လက်တစ်ဖက်ကို နောက်ပစ်လိုက်၏။ တခြားလက်တစ်ဖက်ကတော့ ဆေးတံကြီးကို ကိုင်ထားသေးသည်။ သူက လူငယ်၏ ရှေ့ကိုလျှောက်လာပြီး လူငယ်လေးကိုကြည့်လိုက်၏။
သူက အက်ရှရှလေသံနှင့် ပြောလိုက်သည်။
"ငါ မင်းကို ဘယ်နှစ်ကြိမ် ပြောရမှာလဲ။ မင်းက ကံကောင်းတာ နည်းလေလေ ဘဝကြီးကိုပိုပြီးတော့ ခံစားသင့်လေလေပဲ။ ဘာလဲ ... မင်းက နည်းနည်းလေး ဒုက္ခရောက်တာနဲ့ သေချင်နေတာလား။ ဘာလို့ မင်းအမေနဲ့အတူတူ ထွက်မသွားရတာလဲ။ ဒါဆိုရင် ပိုပြီးတော့ ပြဿနာရှင်းမသွားဘူးလား။ မင်းရဲ့ဆရာယောင် ပြောတာမှန်တယ်။ သူ အသက်ရှင်နေတုန်းက မင်းက အသက်ရှည်ရှည်နေနိုင်မှာ မဟုတ်ဘူးလို့ အမြဲတမ်းပြောခဲ့တာ။ တကယ်လို့ သူက မင်းကို လက်မှုပညာနဲ့ အစစ်အမှန်သိုင်းပညာ သင်ပေးခဲ့မယ်ဆိုရင်တော့ အချည်းနှီးဖြစ်သွားရမှာပဲ။ ရေထဲကို ကျောက်ခဲပစ်လိုက်တာကမှ ရေပွက်ထနိုင်သေးတယ်…"
နင်ရောင်က မျက်နှာပျက်သွားခဲ့သည်။ သူမအနေနှင့် ပြောရလျှင် အဘိုးကြီးယန်က တစ်နေ့လုံး ပြုံးနေတတ်သည့် ကရုဏာရှင် အဘိုးအိုတစ်ယောက် ဖြစ်သင့်သည်။ သူက ထိုကဲ့သို့ အငေါ်တူးတတ်သော အဘိုးအိုတစ်ယောက်ဖြစ်နေမည်ဟု မည်သူကရော တွေးထားမည်နည်း။
အဘိုးအိုက ခနဲ့တဲ့တဲ့ ပြောလိုက်၏။
"ဒဏ်ရာက နာလား…"
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်ပြီး စကားမပြောနိုင်ခဲ့ပေ။ သူက မိန်းမပျို၏ နောက်ကျောတွင် နိုးလာခဲ့သည့်အချိန်၌ ဆေးအရှိန်က ကုန်သွားပြီဖြစ်သည်။ သို့သော် ချန်းပင်အန်းက ခဏကြာ ခံနိုင်ရည် ရှိနေသေး၏။
နင်ရောင်က သူ့ကို အမိုးတံတားဆီသို့ သယ်လာခဲ့သည့်အချိန်တွင် သူက ဆက်၍ မခံနိုင်တော့ကြောင်း သိနေခဲ့၏။ ထို့ကြောင့်နင်ရောင်က စမ်းချောင်းအနားတွင် ရှိနေသော ဓားကိုပင် ပြန်မယူနိုင်တော့ဘဲ သူ့ကို ယန်မိသားစုဆေးဆိုင်သို့ အလျင်အမြန် သယ်လာခဲ့ရခြင်းဖြစ်သည်။
အဘိုးအိုက ပြုံးလိုက်၏။
"အဲဒါက နာမှာပေါ့ ... ဒါဆိုရင်လည်း ကောင်းကောင်းကြီး သည်းခံနေလိုက်…"
ထို့နောက် အဘိုးအိုက နင်ရောင်ကိုကြည့်ပြီး ပြောလိုက်သည်။
"သူ့ကို ထိုင်ခုံမှာ ထိုင်ခိုင်းလိုက်…"
ထို့နောက် အဘိုးအိုက တီးတိုးပြောလိုက်သည်။
"ဒီလို မိန်းကလေး တစ်ယောက်က မင်းကို သယ်ထားရတာ မရှက်ဘူးလား.."
နင်ရောင်က သူမ၏ဒေါသများကို ဖိနှိပ်လိုက်ပြီး ချန်းပင်အန်းကို ထိုင်ခုံတွင် ထိုင်ပေးလိုက်သည်။ သူမ လွှတ်ပေးလိုက်သည့်အချိန်တွင် လူငယ်က လှုပ်ရှားသွားခဲ့၏။ နင်ရောင်က သူ့ကို ထိန်းပေးတော့မည့်ဟန် ပြင်လိုက်သည်။
လူငယ်က စကားတစ်ခွန်းမျှမပြောသော်လည်း သူမ၏အကူအညီကို မလိုအပ်ကြောင်း မျက်လုံးများနှင့် အချက်ပြလိုက်သည်။ အဘိုးအိုက သူကိုယ်တိုင် လုပ်ထားသော ဆေးတံကြီးကို မှုတ်ထုတ်လိုက်ပြီး လူငယ်၏ခန္ဓာကိုယ်နှင့် ခံစားချက်ကို ကြည့်လိုက်သည်။ သူက ပြောလိုက်၏။
"တော်တော်ဆင်းရဲတဲ့ မိသားစုပဲ ... ဒါပေမယ့် မင်းမှာ အသိစိတ်တစ်ခုတော့ ရှိနေသေးတယ်…"
အဘိုးအိုက လူငယ်၏ နာကျင်မှုများကို လုံးဝဂရုစိုက်ပုံမရချေ။
"လျှိုရှန်းယန်ရဲ့ဘဝကတော့ ကောင်းတယ်...မင်းရဲ့ဘဝကတော့ ဈေးပေါတယ်။ နှစ်ပေါင်းများစွာ ကြာတာကိုတောင် မင်းက မသိသေးဘူးလား။ တကယ်လို့ သူတစ်ကြိမ် သေသွားမယ်ဆိုရင် မင်း (၁၀)ကြိမ်လောက် သေသွားတာနဲ့ အတူတူပဲ။ ငါ ပြောတာကို နားလည်လား..."
နင်ရောင်က အဘိုးအို၏ ခနဲ့တဲ့တဲ့ စကားလုံးများကို ခံနိုင်ရည်မရှိတော့သည့်အတွက် အသံတိုးတိုးနှင့် ပြောလိုက်သည်။
"ဆရာကြီးယန် …
ချန်းပင်အန်းရဲ့ဒဏ်ရာသက်သာအောင် အရင်ဆုံး ကူညီပေးလို့မရဘူးလား.."
အဘိုးအိုက ရပ်တန့်လိုက်သည်။ သူက အေးအေးဆေးဆေး ပြန်မေးလိုက်၏။
"မင်းက ယောကျ်ားတစ်ယောက်လား…"
နင်ရောင်က သူ့ကို လှည့်ကြည့်လိုက်သည်။
အဘိုးအိုကတော့ မိန်းမပျိုကို လျစ်လျူရှုထားပြီး လူငယ်လေးကိုသာ လှည့်ကြည့်လိုက်၏။ အဘိုးအိုက စဉ်းစားနေပုံရသည်။ နောက်ဆုံးတွင်တော့ သူက နှုတ်ခမ်းကိုတင်းတင်းစေ့လိုက်ပြီး သက်ပြင်းချလိုက်၏။ သူက ချန်းပင်အန်း၏ပုခုံး၊ လက်မောင်းနှင့်ခြေထောက်ကို သူ၏ဆေးတံကြီးနှင့် ပုတ်လိုက်သည်။ တခဏအတွင်း လူငယ်က ခေါင်းကို လက်တစ်ဖက်နှင့် ထောက်ပြီး ခုံတန်းလျားပေါ်တွင် ဘေးတစောင်း လှည့်လိုက်သည်။
အဘိုးအိုက ပြောလိုက်၏။
"မင်းက အိပ်လိုက်တော့ ..."
ချန်းပင်အန်းက ချက်ချင်း မျက်လုံးမှိတ်သွားခဲ့ပြီး ဟောက်သံများထွက်၍ပင် အိပ်ပျော်သွားခဲ့လေသည်။
Translated by Hein Htet.