← Chapters

အခန်း (၇၅)

Vol. 5 Ch. 75

အခန်း (၇၅)

Vol. 5 Ch. 75

နေဝင်ရီတရောအချိန်တွင် မရင်းနှီးသော ဧည့်သည်တစ်ယောက်က ပန်းပဲဆိုင်ကို ရောက်လာခဲ့သည်။ ထိုလူက အသက်(၃၀)အရွယ်သာ ရှိနေသေး၏။ သူက အရပ်ရှည်ရှည် မျက်ခုံးမွှေးချွန်ချွန်နှင့် သင့်တင့်သော အသားအရေမျိုး ရှိသည်။ နူးညံ့သိမ်မွေ့ပြီး မိန်းမဆန်သော သူ၏ရုပ်ရည်နှင့် ကြွက်သားများ ပြည့်နေသော သန်သန်မာမာ ခန္ဓာကိုယ်ကို ပေါင်းစပ်လိုက်သည့်အချိန်တွင် သူ့ပုံစံက တမျိုးလေး ဆွဲဆောင်မှု ရှိနေခဲ့သည်။

ရွမ်ချုံက ထိုလူ၏ အဆင့်အတန်းကို သိသွားခဲ့ပြီးနောက် ကန်ကြည့်ကျောင်းတော်မှ ချွေးမင်ဟွမ်ကို လက်ခံခဲ့သလို ပုံစံမျိုး မဟုတ်တော့ပေ။ သူက ပန်းပဲဆိုင်၏ တံခါးဝတွင် ထိုလူနှင့် စကားပြောနေခဲ့၏။ ယခုတစ်ကြိမ်တော့ ထိုနေရာကို ဝါးထိုင်ခုံ(၂)လုံးနှင့် အရက်(၂)အိုး လာပို့ရန် ရွမ်ရှို့ကို ခိုင်းလိုက်သည်။

ထိုလူကတော့ တွေဝေနေခဲ့ခြင်း မရှိချေ။ သူက အရက်အိုးကို ယူလိုက်ပြီး အဖုံးကိုဖွင့်၍ တစ်ကျိုက် သောက်လိုက်၏။ သူက အပြုံးနှင့် ပြောလိုက်သည်။

“ဆရာရွမ်…

ဒီတစ်ကြိမ် ဆရာရဲ့လုပ်ရပ်က နန်းတွင်းထဲမှာ တုန်လှုပ်သွားစေခဲ့တယ်။ နန်းတွင်းက ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲဆိုတာတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ မီးဖိုကြီးကြပ်သူတစ်ယောက်၊ လုံချွမ်တိုင်းပြည်ရဲ့ ပထမဆုံးအရာရှိတစ်ယောက်အနေနဲ့ ကျွန်တော်ကတော့ တော်တော်လေး အကျိုးရှိအောင် လုပ်ခဲ့တယ်…”

“ပြောရမယ်ဆိုရင်တော့ ကျွန်တော်ကပဲ လာလည်တဲ့အချိန်မှာ အရက်ကောင်းတစ်အိုး ယူလာသင့်တာလေ။ ဒါပေမဲ့ ဒီကိုလာတဲ့လမ်းမှာ ကြိုမမြင်နိုင်တဲ့ အဖြစ်အပျက် အကြောင်းကို ကြားလိုက်ရတဲ့အတွက် ကျွန်တော်က မြင်းကို အမြန်ဒုန်းစိုင်းပြီး စီးလာခဲ့ရတာ။ နဂါးစီးလမ်းကြားထဲက ဝယ်ထားတဲ့ တရုတ်ဇီးသီးအရက်(၂)အိုး အတွက်တော့ ကျွန်တော်က ဆရာရွမ်ဆီမှာ အရင်ဆုံး အကြွေးတင်နေတယ်လို့ပဲ သတ်မှတ်လိုက်ပါ့မယ်…”

ဆရာရွယ်ကတော့ လက်ကာပြပြီး ပြောလိုက်သည်။

“မင်းက ဒီလိုမျိုး ယဉ်ယဉ်ကျေးကျေး ပြောစရာ မလိုပါဘူး။ တကယ်လို့ မင်းနဲ့ ငါနဲ့သာ ဒီနေ့ သဘောတူညီမှုရမယ်ဆိုရင် နောက်ပိုင်းသောက်ဖို့ စကားပြောဖို့ အခွင့်အရေးတွေ အများကြီး ရှိနေသေးတယ်။ တကယ်လို့ အလုပ်မဖြစ်ဘူးဆိုရင်တော့ ငါတို့က ဒီလောက်ထိ အချိန်ဖြုန်းစရာ မလိုဘူးလေ…”

ထိုလူက ကျေနပ်စွာ ရယ်လိုက်မိသည်။ သူ့ပုံစံက ရာထူး(၂)ခု ယူဆောင်ထားသော တာ့လီနန်းတွင်းမှ အရာရှိ တစ်ယောက်နှင့် မတူပေ။ သူက နှုတ်ခမ်းထောင့်တွင် ရှိနေသော အရက်များကို သုတ်လိုက်သည်။ ထို့နောက် အရက်အိုးကို ပြန်တင်ထားလိုက်၏။ သူက အရက်သောက်နေရင်း စကားပြောချင်စိတ်ရှိပုံ မရချေ။

“ကျားလုတောင်ထိပ်ကို တာ့လီနန်းတွင်းက အချိန်အတိုင်းအတာတစ်ခုအထိ ပိတ်ထားခဲ့တယ်။ ဒါပေမဲ့ ဒါက နန်းတွင်းရဲ့ မှတ်တမ်းတွေထဲမှာ တရားဝင် ထုတ်ပြန်ထားတဲ့ အရာတစ်ခုပဲ။ နယ်မြေခံတိုင်းပြည်မှတ်တမ်းတွေအရ လုံကျိတောင်လည်း ရှိနေသေးတယ်။ တောင်ရဲ့တစ်ဝက်လောက်မှာတော့ နဂါးခေါင်းဖြတ် ကျောက်တုံးတွေ အများအပြားရှိတယ်။ ကျွန်တော် ဒီနေရာကို ရောက်မလာခင် ဘုရင်ကြီးနဲ့ အမတ်ကြီးတွေကို တွေ့ခဲ့တယ်။ ဘုရင်ကြီးကတော့ အဲဒီအရာတွေကို ဖုန်းရွှယ်ကျောင်းဆောင်နဲ့ ဆရာကြီးရဲ့ စစ်တောင်တန်းကို ပေးသင့်တယ်လို့ ပြောတယ်။ ဆရာရွမ်တို့ နှစ်ဖွဲ့လုံးက အဲဒီအရာကို မျှဝေပြီး ယူနိုင်တယ်လေ…”

“အဖွဲ့(၂)နှစ်ဖွဲ့က နဂါးခေါင်းဖြတ် ကျောက်တုံးတွေကို ဘယ်လို ခွဲခြားမလဲ ဆိုတာကတော့ ဆရာရွမ်တို့ရဲ့သဘောအတိုင်းပါပဲ။ ပြီးတော့ ဂိုဏ်းအသီးသီးဆီ ပြန်ပို့တဲ့ကိစ္စကို ကျွန်တော်တို့ တာ့လီနန်းတွင်းက ဝင်ပြီး နှောင့်ယှက်မှာ မဟုတ်ဘူး။ တကယ်လို့ တာ့လီရဲ့ အကူအညီကို လိုအပ်တယ်ဆိုရင်တော့ တာ့လီရဲ့ အမိန့်အောက်မှာရှိနေတဲ့ တောင်ရွှေ့လူဝံငယ်လေး(၂)ယောက်ကို ခိုင်းစေပြီး ကျားလုတောင်ကို ဖျက်ဆီးခိုင်းလို့ရတယ်။ ဒါဆိုရင်တော့ နဂါးခေါင်းဖြတ် ကျောက်တုံးတွေ ပေါ်လာမှာပေါ့။ ဆရာရွမ်က အားနာဖို့ မလိုပါဘူး…”

ဆရာရွမ်က အပြုံးနှင့် ပြောလိုက်သည်။

“တာ့လီက တော်တော်လေးကို လှိုက်လှိုက်လှဲလှဲ ရှိနေတာပဲ…”

ကြီးကြပ်သူအသစ်က စကားပြောတော့မည့်အချိန်တွင် ဆရာရွမ်က ဆက်ပြောလိုက်သည်။

“ငါ ဒီကို ရောက်မလာခင် ဖုန်းရွှယ်ကျောင်းဆောင်နဲ့ စစ်တောင်တန်းတို့က သဘောတူညီမှုတစ်ခု ရထားတယ်။ ငါ ရွမ်ချုံ ၊ ဖုန်းရွှယ်ကျောင်းဆောင်နဲ့ စစ်တောင်တန်းတို့က နဂါးခေါင်းဖြတ်ကျောက်တုံးကို တစ်ပိုင်းစီ ခွဲယူကြမယ်။ မင်းတို့ ဘုရင်ကြီးကလည်း ကောလာဟလတချို့ကို ကြားမယ် ထင်တာပဲ။ ငါက ဒီနေရာမှာ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ဖို့ စိတ်ကူးရှိတယ်။ ဒါကြောင့် ငါတို့ သားအဖ(၂)ယောက်က ဖုန်းရွှယ်ကျောင်းဆောင်ကနေ ထွက်လာခဲ့တာ။ ဒါပေမဲ့ တာ့လီကသာ သဘောတူမယ်ဆိုရင်တော့ နှစ်ပေါင်း(၆၀) ပြည့်သွားရင် တောင်တစ်တောင်ကို ရွေးချယ်ပြီး ငါ့အတွက် ဂိုဏ်းတစ်ဂိုဏ်း စတည်ထောင်လို့ ရမယ်…”

ကြီးကြပ်သူ၏ မျက်နှာပေါ်တွင် ရှိနေသော ဝမ်းသာမှုများက ဖုံးကွယ်ထား၍ မရနိုင်ပေ။ သူက ဆရာရွမ် ထိုစကားပြောမည့်အချိန်ကို စောင့်နေသလို ထင်မှတ်ရသည်။ သူက ချက်ချင်းပင် ပြောလိုက်၏။

“ဆရာရွမ်…

စိတ်မပူပါနဲ့။ ပိယွင်တောင်ကလွဲရင် ဒီပိုင်နက်ထဲမှာ စုစုပေါင်း တောင်(၆၁)လုံး ရှိတယ်။ ဆရာရွမ်က ဂိုဏ်းရဲ့အုတ်မြစ်အတွက် ကြိုက်တဲ့ တောင်(၃)တောင်ကို ရွေးချယ်နိုင်တယ်။ တကယ်လို့ ဆရာရွမ်က အလျင်စလို မဆုံးဖြတ်ချင်သေးဘူး ဆိုရင်လည်း ကျွန်တော်ကဒီလီကျူးသုခဘုံရဲ့ မြေပုံအဟောင်းနဲ့ အသစ်တွေကို အရင်ဆုံး ပြပေးမယ်။ ပြီးမှ ဆရာရွမ်နဲ့အတူ အဲဒီတောင်တန်းတွေကို ရှာဖွေ စစ်ဆေးကြည့်ကြတာပေါ့။ အဲဒီအချိန်ကျရင်တော့ ဆရာရွမ်က ဆုံးဖြတ်ချက် ချနိုင်ပြီလေ။ ဘယ်လိုသဘောရလဲ…”

ဆရာရွမ်ကဲ့သို့သော ကျင့်ကြံသူတစ်ယောက်က တောင်တန်းများ မြစ်များကို ကာကွယ်ရန် အကူအညီပေးသည်မှာ တိုင်းပြည်တိုင်းအတွက် အလွန်ကောင်းမွန်သော အကျိုးအမြတ်တစ်ခု ဖြစ်သည်။ အထူးသဖြင့် ရွမ်ချုံက ဤနေရာတွင် အခြေချမည်ဆိုသော စကားလုံး ဖြစ်၏။ သူက တာ့လီ၏ ပြင်ပအကြီးအကဲ တစ်ယောက် သို့မဟုတ် ‌တော်ဝင်နန်းဆရာ တစ်ယောက်အဖြစ် နေထိုင်လိမ့်မည် မဟုတ်ချေ။

ထိုအရာက လူတိုင်း ဝင်ချည် ထွက်ချည် ပြုလုပ်နိုင်သော အခြေအနေမျိုးလည်း မဟုတ်ချေ။ ရွမ်ချုံက တာ့လီပိုင်နက်ထဲတွင် သူ၏ အကိုင်းအခက်များကို အမှန်တကယ် ဖြန့်ကျက်တော့မည် ဖြစ်သည်။ သူက မထင်မှတ်ထားစွာ တိုင်းပြည်၏ ကံကြမ္မာနှင့် ကံကြမ္မာပတ်သက်နေတော့မည် ဖြစ်၏။

မီးဖိုကြီးကြပ်သူ အငယ်လေး တစ်ယောက်ကို မပြောနှင့်၊ တာ့လီဘုရင်ကပင် သူ့ကို ဤနေရာ၌ မြင်ရမည်ဆိုလျှင် အတော်လေး ဝမ်းသာပါလိမ့်မည်။ တာ့လီတွင် စစ်သည်တော်များစွာ ရှိနေပြီး သူတို့ကို စုန့်ချန်ကျင့်က ဦးဆောင်သည်။

ပြည်နယ်(၅)ခု၏ အထက်တွင် ရှိနေသော ပညာရှင်များက အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် အမြင့်ဆုံး ဖြစ်၏။ သို့သော် တောင်ပေါ်တွင်တော့ အင်မော်တယ် အနည်းငယ်သာ ရှိပြီး သူတို့တွေက တာ့လီ၏ အစွမ်းထက်သော နန်းတွင်းအင်အားစုများ အလုံးစုံ မဟုတ်ကြပေ။ ထိုအရာက တာ့လီအင်ပါယာ၏ အားနည်းချက်လည်း ဖြစ်ခဲ့သည်။

ရွမ်ချုံက အပြုံးနှင့် ပြောလိုက်၏။

“တောင်တစ်တောင်ကို ယူဖို့တော့ ဘာမှ မစိုးရိမ်ပါနဲ့။ ပြောရမယ်ဆိုရင် မင်းတို့ မပေးချင်တဲ့ ပိယွင်တောင်ကလွဲရင် တခြားတောင်တွေကလည်း ဘာမှ အလေးထားစရာ မလိုဘူးလေ…”

လူငယ်ကြီးကြပ်သူက အနည်းငယ် ရှက်ရွံ့သွားပုံရ၏။ အမှန်အတိုင်း ပြောရလျှင် ဤနေရာသို့ သူ ရောက်မလာခင် ရွမ်ချုံက တာ့လီ၌ ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ရန် ဖြစ်နိုင်ချေရှိကြောင်း တာ့လီဘုရင်နှင့် သူ့ဆရာကသာ ခံစားမိခဲ့ကြသည်။ သို့သော် ထိုဖြစ်နိုင်ချေက ကြီးမားမှု မရှိချေ။ အဘယ်ကြောင့်ဆိုသော် တာ့လီက လုံလောက်သော သဘောထားကို ပြသမှု မရှိခြင်းကြောင့် ဖြစ်သည်။

နဂါးခေါင်းဖြတ်ကျောက်တုံးများကကော။ အကယ်၍ ရွမ်ချုံကသာ ဖုန်းရွှယ်ကျောင်းဆောင်နှင့် စစ်တောင်တန်းတို့ကို ညှိနှိုင်းပေးနိုင်သည့် စွမ်းရည်မရှိလျှင် တာ့လီက ဖုန်းရွှယ်ကျောင်းဆောင်၊ စစ်တောင်တန်းတို့နှင့် ရန်သူဖြစ်ရဲသော အခြေအနေ မရှိချေ။ ထိုတန်ကြေးက အလွန်ကြီးမားလှသည်။ အစွမ်းထက်သော တာ့လီအင်ပါယာကပင် မတတ်နိုင်ပေ။

ရွမ်ချုံက ရုတ်တရက် ပြောလိုက်၏။

“ဖုန်းရွှယ်ကျောင်းဆောင်နဲ့ စစ်တောင်တန်းတို့က ဘာမှမတောင်းဆိုဘူးဆိုမှတော့ မင်းတို့ တာ့လီတိုင်းပြည်က ထက်မြက်တဲ့ နတ်ဘုရားလက်နက်(၂)ခု ထုတ်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ အဲဒါက ဓားရှည်တစ်လက်ပဲဖြစ်ဖြစ်၊ ဓားမောက်တစ်လက်ပဲဖြစ်ဖြစ်၊ ကိစ္စမရှိဘူး။ အချိန်ကျလာရင် ဒီနေရာမှာရှိတဲ့ စစ်ကျောင်း ကျင့်ကြံသူ(၂)ယောက်ဆီ ပေးလိုက်ပြီး နဂါးခေါင်းဖြတ်ကျောက်တုံးကို ခွဲဖို့အတွက် အသုံးပြုနိုင်တယ်။ မင်းက နန်းတွင်းကို အရင်သတင်းပို့လိုက်ပြီး ဘုရင်ကြီးရဲ့ အဖြေကို စောင့်နေလိုက်ပေါ့။ ဘာမှအလျင်လိုစရာ မလိုပါဘူး…”

လူငယ်က ခဏကြာ စဉ်းစားပြီး လေးလေးနက်နက် ပြောလိုက်သည်။

“ဒီကိစ္စကိုတော့ ကျွန်တော်ပဲ ဆုံးဖြတ်ပေးနိုင်ပါတယ်။ ကျွန်တော်က ဆရာရွမ်ကို အရင်ဆုံး ကတိပေးပါမယ်…”

ရွမ်ချုံက ခေါင်းညိတ်ပြလိုက်ပြီး အရက်ကို တစ်ငုံ သောက်လိုက်သည်။ သူကတော့ ထိုလူငယ်၏ သဘောထားနှင့် သတ္တိကို အတော်လေး ကျေနပ်နေခဲ့၏။ မည်သို့ဖြစ်စေကာမူ သူက ဝူယွမ်ဟုခေါ်သော ထိုလူငယ်နှင့် အချိန်အတော်ကြာ ဆက်ဆံရမည် ဖြစ်သည်။

အကယ်၍ ထိုသူကသာ ဉာဏ်ထိုင်းသော လူတစ်ယောက်ဆိုလျှင် အတော်လေး ပင်ပန်းရပါလိမ့်မည်။ အကယ်၍ သူက ကပ်စေးနည်းပြီး ကြောက်ရွံ့တတ်သော လူတစ်ယောက်ဆိုလျှင် ပို၍ ပင်ပန်းရမည်ဖြစ်၏။

ဝူယွမ်က ခဏကြာ တွေဝေနေပြီး အရက်တစ်ခွက်ကို သောက်လိုက်၏။ သူက အားတင်းပြီး ပြောလိုက်သည်။

“ဆရာရွမ်…

ပထမဆုံး မြို့အပြင်ဘက်မှာရှိတဲ့ နဂါးမီးဖိုကြီးတွေကို ကြွေထည်လုပ်ဖို့အတွက် ပြန်ပြီးတော့ ဖွင့်ရလိမ့်မယ်။ ဒါပေမဲ့ အခုကစပြီး သူတို့တွေက နန်းတွင်းထဲမှာ အသုံးပြုမယ့် သာမန်ကြွေထည်တွေကိုပဲ လုပ်တော့မယ်။ ဒုတိယတစ်ချက်ကတော့ မြို့ရဲ့အရှေ့ပိုင်းမှာ ရုံးတော်အသစ်တစ်ခု တည်ဆောက်ပြီးသွားရင် တာ့လီရဲ့ စည်းမျဉ်းတွေကို ကပ်ထားရလိမ့်မယ်။ ရုံးတော်က အစောင့်တွေကလည်း မြို့ထဲမှာ အဲဒီသတင်းတွေကို ဖြန့်ကြရလိမ့်မယ်။ ရည်ရွယ်ချက်ကတော့ ဒီမြို့ထဲမှာရှိတဲ့ သာမန်လူတွေက တာ့လီမျိုးနွယ်ဝင်တွေဆိုတာ သိစေချင်ရုံသက်သက်ပါပဲ…”

ရွမ်ချုံ၏ အမူအရာက အေးစက်နေခဲ့သည်။ သူက လုံချွမ်တိုင်းပြည်မှ ဝူယွမ်ကို ကြည့်လိုက်၏။

တစ်ဖက်လူကတော့ အပြုံးနှင့် ရှင်းပြလိုက်သည်။

“ဒါက အပေါ်ယုံ လုပ်ဆောင်မှု သက်သက်ပါပဲ။ ဒီမြို့လေးထဲမှာ နောက်ထပ် နှစ်ပေါင်း(၆၀)အတောအတွင်း ဆရာရွမ်ရဲ့စည်းမျဉ်းတွေက အရေးကြီးဆုံးပဲ။ အဲဒီနောက်မှာတော့ မျိုးရိုးကြီး(၄)ခုနဲ့ ကလန်(၁၀)ခုရဲ့ စည်းမျဉ်းတွေ ရှိမယ်။ တာ့လီရဲ့ စည်းမျဉ်းတွေကတော့ အောက်ဆုံးမှာပါပဲ။ တကယ်လို့ ပြဿနာတစ်ခုခု ဖြစ်မယ်ဆိုရင် အဲဒီအစီအစဉ်အတိုင်းပဲ ပြဿနာကို ဖြေရှင်းရလိမ့်မယ်…”

“တာ့လီက ဒီမြို့ငယ်လေးရဲ့ မိုင်(၁၀၀၀) ပတ်ပတ်လည်အတွင်း ဆရာရွမ်ရဲ့ လုပ်ရပ်တွေကို လုံးဝမနှောင့်ယှက်တဲ့အပြင် ချွင်းချက်မရှိ ဆရာရွမ်နဲ့အတူ ရပ်တည်ပေးမယ်။ ဆရာရွမ်က ခရမ်းမြူခိုးမြစ် ကျင့်ကြံသူရဲ့ ခန္ဓာကိုယ်ကို ဖျက်ဆီးလိုက်သလိုမျိုးပဲလေ။ သူက မြို့တော်မှာရှိတဲ့ သူ့ရဲ့ အဆက်အသွယ်တွေကိုသုံးပြီး ဘုရင်ကြီးကိုတောင် ဆင်ခြေပေးနေသေးတယ်။ ကျွန်တော့်ဆရာက ဒီသတင်းကို ကြားတဲ့အချိန် ဘာမှမပြောဘဲ အဲဒီကျင့်ကြံသူရဲ့ စိတ်ဝိညာဉ်ကို လူလွှတ်ပြီး သတ်ပစ်ခဲ့တယ်…”

ရွမ်ချုံက မျက်မှောင်ကြုတ်ပြီး အနည်းငယ် စိတ်မရှည်နိုင် ဖြစ်နေခဲ့သည်။

“နောက်ပိုင်း အဲဒီလို အပိုအလုပ်တွေ မလုပ်ဖို့ မင်းရဲ့ဆရာကို ပြောလိုက်။ အဲဒါက ဘာများအသုံးဝင်လို့လဲ။ ငါက စည်းမျဉ်းတွေကို ပြင်ဆင်နေတဲ့ ပန်းပဲပညာရှင်သက်သက်ပဲ။ မင်းတို့ တာ့လီက တော်တော်လေး စဉ်းစားပေးနေတယ်။ မင်းတို့က ငါ့ကို အမှန်တကယ် အကျိုးအမြတ်တွေ အလုံအလောက် ပေးဖို့လိုတယ်။ ငါက အဲဒီအရာတွေကို လက်ခံမလား၊ လက်မခံဘူးလားဆိုတာက တခြား ပြဿနာတစ်ခုပဲ…”

“အဲဒီ ခရမ်းမြူခိုးမြစ် ကျင့်ကြံသူက အမှိုက်ကောင်ပဲ။ ငါသာ သူ့ကို တကယ် သတ်ချင်တယ်ဆိုရင် သူက လွတ်သွားနိုင်ဦးမှာလား။ တကယ်လို့ သူ့မှာ ခြေထောက်(၁၀၀) ရှိနေရင်တောင် ထွက်မပြေးနိုင်ဘူး။ တကယ်လို့ ငါသာ တကယ် သတ်ချင်တယ်ဆိုရင် တာ့လီမှာ လူဘယ်နှစ်ယောက်ကများ ငါ့ကို တားဆီးနိုင်မှာလဲ။ တကယ်လို့ သူတို့က တားဆီးနိုင်မယ်ဆိုရင်တောင် ငါ့ကို တားဆီးရဲကြမှာလား…”

ဝူယွမ်၏မျက်နှာက အနည်းငယ် ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့သည်။ သူ့အသံကလည်း အနည်းငယ် ခြောက်ကပ်ကပ် ဖြစ်သွားပြီး ပြောလိုက်၏။

“ဆရာရွမ်…

ကျွန်တော် နားလည်ပါပြီ…”

ရွမ်ချုံက အခြေအနေကို တင်းမာအောင် မလုပ်ချင်ခဲ့ပေ။ မည်သို့ဖြစ်စေကာမူ သူတို့က ပထမဆုံးအကြိမ် တွေ့ရခြင်း ဖြစ်၏။ တစ်ဖက်လူက သူ မျှော်လင့်ထားသည့်အတိုင်း လုပ်‌ဆောင်နိုင်မည်ဟု တွေးထား၍ မရနိုင်ပေ။ ထိုအရာက သူတို့ကို ဖိအားပေးလိုက်ခြင်း ဖြစ်နိုင်၏။

ရလဒ်အနေနှင့် သူက အရင်ဆုံး မေးလိုက်သည်။

“သီးသန့်တိုင်းပြည်တစ်ခုမှာ ဝမ်ချန်းစံအိမ်နဲ့ စစ်သူတော်စင်ကျောင်းဆောင် တည်ဆောက်ခြင်း၊ တောင်တန်းနဲ့မြစ် နတ်ဘုရားတွေ ချမှတ်ခြင်းနဲ့ နယ်မြေခံ ကိုးကွယ်ပူဇော်မှုတွေကို တားမြစ်ဖို့က နန်းတွင်းရဲ့တာဝန်တွေပဲ။ အခု မင်းက ဘာလုပ်ဖို့ အစီအစဉ်ရှိလဲ….”

အစောပိုင်းတွင် အနည်းငယ် ဆုံးရှုံးသွားသလို ခံစားခဲ့ရသော ဝူယွမ်က အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

“ဝမ်ချန်းစံအိမ်နဲ့ စစ်သူတော်စင် ကျောင်းဆောင်နဲ့ ပတ်သက်ပြီး ကျွန်တော်တို့ တာ့လီနန်းတွင်းက မြေပညာရှင် ချင်းတျန်းကျန်က နေရာတစ်နေရာ ရွေးထားတယ်။ အဲဒါကတော့ မြို့ရဲ့မြောက်ဘက်မှာရှိတဲ့ ကြွေတောင်တန်းနဲ့ မြို့ရဲ့ အရှေ့တောင်ဘက်မှာရှိတဲ့ အင်မော်တယ် အုတ်ဂူတို့ပဲ။ အဲဒီ(၂)နေရာမှာ ကိုးကွယ်ယုံကြည်သူတွေလည်း မရှိကြတော့ဘူးလေ။ သူတို့ထဲက တစ်ယောက်ကတော့ စာသင်သားတစ်ယောက် ဖြစ်ခဲ့ပြီး တခြားတစ်ယောက်ကတော့ စစ်ကျောင်းကျင့်ကြံသူတစ်ယောက် ဖြစ်ခဲ့တယ်။ သူတို့က ကျွန်တော်တို့ တာ့လီအပေါ် တော်‌တော်လေးလည်း အကျိုးဆောင်ခဲ့တယ်။ ဘယ်လိုသ‌ဘောရလဲ ဆရာရွမ်….”

ဆရာရွမ်၏ စကားသံကတော့ ချိုသာနေခြင်း မရှိချေ။

“စာသင်သားတွေနဲ့ စစ်ကျောင်းကျင့်ကြံသူတွေရဲ့ ကိုးကွယ်ယုံကြည်မှုအတွက်ဆိုရင် အဲဒီ(၂)နေရာက တော်တော်လေး သင့်တော်ပါတယ်။ ဒါပေမဲ့ တည်နေရာကို အဲဒီလိုပဲ ဆုံးဖြတ်လိုက်တာလား။ မင်းက ဆရာကြီးယန်ရဲ့ ထင်မြင်ချက်ကို မမေးတော့ဘူလား..”

ဝူယွမ်က အံ့သြမှင်တက်သွားခဲ့သည်။ သူက စိတ်ဝင်တစား ပြန်မေးလိုက်၏။

“ဆရာရွမ်….

ဆရာကြီးယန် ဆိုတာ ဘယ်သူလဲ…”

ရွမ်ချုံက အနည်းငယ် မျက်မှောင်ကြုတ်မိခဲ့သည်။ သူက ပြန်ပြောလိုက်၏။

“မင်းရဲ့ဆရာ ရှို့ဟူက ဒီကိစ္စကိုတောင် မပြောလိုက်ဘူးလား။ သူက မင်းကို နန်းတွင်းနဲ့ ပတ်သက်တဲ့အရာတွေ ကြီးကြပ်ဖို့သက်သက်ပဲ လွှတ်လိုက်တာလား။ ဝူယွမ်… ငါ့ကို ပွင့်ပွင့်လင်းလင်း ပြောစမ်း။ မင်းလည်း ချီကျင့်ချွန်လို အခြေအနေမျိုးပဲလား။ မင်းက ဒီနေရာကို စွန့်ပစ်ခံရပြီး အဆင့်နှိမ့်ခံလိုက်ရတာလား။ ဒီလိုဆိုရင်တော့ ငါတို့ သဘောတူခဲ့တဲ့စကားတွေကို ပြန်ပြီး ရုတ်သိမ်းရလိမ့်မယ်…”

ဝူယွမ်ဆီတွင် ပြောစရာစကားလုံး မရှိခဲ့ပေ။ သူက မည်သို့ ရှင်းပြရမှန်း မသိခဲ့သည့်အတွက် ပို၍ ရှုပ်ထွေးသွားခဲ့၏။

………………

အဝေးတွင် ရှိနေသော ရေတွင်းတစ်တွင်း၏ဘေးတွင် -

သက်တူရွယ်တူ လူ(၃)ယောက်က မြေပြင်ပေါ်တွင် ထိုင်နေ၏။ ရွမ်ရှို့က ချန်းပင်အန်းကို သွေးကြောမှတ်များ၊ သူတို့၏လုပ်ဆောင်ချက်နှင့် ကျင့်ကြံခြင်း၏ အဓိပ္ပာယ်များအကြောင်းကို ရှင်းပြနေခဲ့သည်။

တခြားသော လူငယ်လေး တစ်ယောက်ကတော့ အရှက်မရှိ လာရောက် သင်ကြားပေးရန် တောင်းဆိုနေခြင်း ဖြစ်သည်။ ပထမတွင် ရွမ်ရှို့နှင့် ချန်းပင်အန်းတို့ကတော့ သူတို့၏လက်‌ရေးများကို ဖျက်ပြီး စကားမပြောခဲ့ကြပေ။ သူတို့(၂)ယောက်က သူ့ကို စိုက်ကြည့်နေခဲ့၏။

ထိုလူငယ်၏ မျက်ခုံးကြားထဲတွင် အနီရောင်မှဲ့တစ်လုံးရှိပြီး သူ့ပုံစံက နဂါးတစ်ကောင်၏ ပုံစံကဲ့သို့ ထင်ရသည်။ သူ့ပုံစံက အတော်လေးကို သဘောကျဖွယ်ရာ ရုပ်ရည်မျိုး ဖြစ်သည်။

သို့သော် ချန်းပင်အန်းနှင့် ရွမ်ရှို့တို့ကတော့ သူ၏ စိတ်ရှည်နိုင်မှုနှင့် အရှက်မရှိမှုတို့ကို လျှော့တွက်မိခဲ့ကြသည်။ မြက်ဖိနပ်နှင့် လူငယ်လေးက ဘယ်ဖက်၊ အစိမ်းဝတ်မိန်းမပျိုက ညာဖက်မှနေ၍ ထိုလူငယ်ကိုကြည့်ပြီး ပြုံးနေမိကြသည်။

သူတို့(၃)ယောက်က နာရီဝက်ခန့် အချေအတင် ဖြစ်နေပြီးနောက် လူငယ်က သူ့အနားတွင် ရှိနေသော လူ(၂)ယောက်၏ ဇွဲသတ္တိကို လျှော့တွက်သွားမိသည်ဟု ခံစားမိလိုက်၏။ နောက်ဆုံးတွင်တော့ သူကသာ အရင်ဆုံး စကားပြောလိုက်ရသည်။

သူက မြို့ငယ်လေး၏ ဘာသာစကားကို အသုံးပြုပြီး မြို့တော်မှ ရောက်လာခြင်း ဖြစ်ကြောင်း ၊ ကြီးကြပ်သူနှင့်အတူ ဤနေရာသို့ ရှုခင်းများကြည့်ရန် ရောက်လာခြင်းဖြစ်ကြောင်း ပြောခဲ့သည်။ အထူးသဖြင့် သူက ကြွေတောင်တန်းကို မြင်ချင်နေသည်ဟု ပြောခဲ့၏။

“မင်းတို့က သွေးကြောမှတ်တွေအကြောင်း ဆက်ပြီး ပြောလို့ရတယ်လေ။ ဒီလောက်ကပ်စေးမနည်းပါနဲ့။ ငါ နားထောင်တာ ဘာများ မှားလို့လဲ။ ငါက အဲဒါကို နားထောင်ပြီးတာနဲ့ ချက်ချင်း အင်မော်တယ်တစ်ယောက် ဖြစ်သွားမှာမလို့လား…”

ထို့နောက် ချန်းပင်အန်းနှင့် ရွမ်ရှို့တို့က သူတို့၏ကိုယ်ပိုင်အလုပ်များနှင့် အလုပ်ရှုပ်နေကြပြီး ထိုထူးဆန်းသော ကောင်လေးကို အလေးမထားခဲ့ကြပေ။

“နင့်လက်ရေးက တော်‌တော်ဆိုးတာပဲ။ ကြည့်လိုက်တာနဲ့ စာမကြိုးစားမှန်း သိသာတယ်။ ဒါက ရေပေါ်မှာ ပေါ်နေတဲ့ ဆီတွေလိုပဲ…”

“မိန်းကလေး…

မင်းရှင်းပြတဲ့အရာတွေကလည်း မပြည့်စုံဘူး။ အိုးရဲ့တစ်ဝက်က ဆူပွက်နေပြီး တခြားသရဲတစ္ဆေတွေက ရယ်နေသလိုမျိုး ဖြစ်နေတယ်…”

“မင်းက သွေးကြောမှတ်တွေအကြောင်း ပြောသွားတာ ကျော်သွားပြီလေ။ ထပ်ပြီးတော့ မပြောတော့ဘူးလား…”

“မိန်းကလေး…

ရှန့်ကြုံးသွေးကြောက ဘယ်နေရာမှာ ရှိလဲဆိုတာ ဘာလို့ သူ့ကို ရှင်းမပြရတာလဲ။ သူ့ကို နေရာပြဖို့ ခက်ခဲနေတာလား…ဟမ်း..ဒီလိုသာ ရှက်နေမယ်ဆိုရင်တော့ ငါက ကူညီပေးနိုင်တယ်လေ…”

“မိန်းကလေး …

မင်းရဲ့မျက်လုံးထဲမှာ လူသတ်ချင်တဲ့ အငွေ့အသက်တွေ တွေ့နေတယ်…”

“မိန်းကလေး။ မင်းက နားလည်မှု လွဲနေပြီ။ ငါပြောတာက ရှန့်ကြုံးသွေးကြော ဘယ်နေရာမှာ ရှိလဲဆိုတာ ပြပေးရုံပဲလေ…”

“မိန်းကလေး….

ရှန့်ကြုံးသွေးကြောကို အင်မော်တယ်တွေကတောင် ရှာတွေ့ဖို့ခက်တယ်။ ဘာလို့ ငါ့ကို အကူအညီ မတောင်းရတာလဲ…”

“ဟူး...မိန်းကလေး …

မင်းက ဘာလို့ လူကို လိုက်ပြီး ရိုက်နေတာလဲ…”

“ငါ မှားပါပြီ။ ငါ မှားပါပြီ…”

“မိန်းကလေး…

မင်းက အနောက်ဘက်မှာ သွေးကြောမှတ်(၃)ခုကို လွဲသွားပြီလေ။ ရှေးဟောင်းပညာရှင်တွေက ပြောခဲ့ဖူးတယ်။ အနောက်ဘက် သွေးကြောမှတ်တွေက အရေးကြီးဆုံးပဲ။ အဲဒီထဲမှာ ချန့်ချန်သွေးကြောကို ဖွင့်လှစ်ရတာက အဓိက အချက်ပဲ။ ဒါက အရမ်းကို အရေးကြီးကြောင်း ပြနေတယ်…”

အဆုံးတွင်တော့ ကြီးကြပ်သူ ဝူယွမ် ပေါ်လာခဲ့သည့်အတွက်ကြောင့် ချန်းပင်အန်းနှင့် ရွမ်ရှို့တို့လည်း အသက်ကို ဝဝ ရှူနိုင်ခဲ့ကြသည်။ အလွန်စကားများပြီး နဖူးပေါ်တွင် မှဲ့နီတစ်လုံး ရှိနေသော လူငယ်က တာ့လီကြီးကြပ်သူနှင့်အတူ လှည့်ထွက်သွားခဲ့ကြ၏။

ချန်းပင်အန်းနှင့် ရွမ်ရှို့တို့က ရေတွင်းအဝတွင် ထိုင်နေကြသည်။ ရွမ်ရှို့က သူတို့နှစ်ယောက်၏ နောက်ကျောကိုကြည့်ပြီး တိုးတိုးလေး ပြောလိုက်သည်။ “အသက်ကြီးတဲ့သူက ကြီးကြပ်သူ။ သူ့ဘေးမှာ ရှိတဲ့လူကတော့ ငါလည်း သေချာမသိဘူး။ ဒါပေမဲ့ သူနဲ့ပတ်သက်ပြီး ထူးဆန်းတဲ့အရာတွေ ဘာမှမခံစားမိခဲ့ဘူး။ ဖြစ်နိုင်တာကတော့ သူက အဲဒီလူငယ်‌လေးရဲ့ စာရေးသမား ကောင်လေးလည်း ဖြစ်နိုင်တယ်။ အပြင်ဘက်မှာရှိတဲ့ မိသားစုကြီးတွေမှာ အဲဒီလို စာသင်ဖော်သင်ဖက်တွေ ရှိကြတယ်…”

ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။

ထိုအချိန်တွင် ရွမ်ချုံက ရေတွင်းနံဘေးသို့ လမ်းလျှောက်လာခဲ့ပြီး ရှုတည်တည်နှင့် ပြောလိုက်၏။

“ချန်းပင်အန်း ငါနဲ့လိုက်ခဲ့…”

ချန်းပင်အန်းက မတ်တပ်ရပ်လိုက်သည်။ သူမ၏အဖေက ငွေချေးပေးရန် သဘောတူတော့မည်ဟု မိန်းကလေးရွမ်က ပြောထားသည့်အတွက် သူက (၁၀)ရက်နီးပါးခန့် စောင့်နေခဲ့ရသည်။ သူက စကားမတည်တော့ခြင်းပေလော။

အစိမ်းဝတ်မိန်းမပျိုက အနည်းငယ် အပြစ်ရှိသွားသလို ခံစားလိုက်ရပြီး ချန်းပင်အန်း၏နောက်မှ လိုက်လာခဲ့သည်။

ရွမ်ချုံက ဝါးထိုင်ခုံတွင် ထိုင်လိုက်ပြီး ချန်းပင်အန်းကို ဝူယွမ် ထိုင်ခဲ့သော ထိုင်ခုံပေါ်တွင် ထိုင်ခိုင်းလိုက်သည်။

ရွမ်ရှို့က ချောင်းဟန့်ပြီး အပြုံးနှင့် ပြောလိုက်၏။

“အဖေ ….

ဒီထိုင်ခုံ(၂)ခုကို ချန်းပင်အန်း လုပ်ထားတာလေ။ ဒါက မဆိုးဘူး မဟုတ်လား…”

ရွမ်ချုံက မည်းမှောင်နေသော မျက်နှာအမူအရာနှင့် ပြောလိုက်သည်။

“အဖေ ချန်းပင်အန်းနဲ့ အလုပ်ကိစ္စ ပြောမလို့ ရှို့ရှို့။ ဝင်မရှုပ်နဲ့…”

ချန်းပင်အန်းက မတ်မတ်ထိုင်လိုက်သည်။

“ဆရာရွမ် ကျေးဇူးပြုပြီး ပြောပါ…”

ရွမ်ချုံက သူ၏အင်္ကျီအိတ်ထဲမှ ငွေစများ ထုတ်လိုက်သည်။ ထိုအရာက ငွေစ (၃)စ (၄)စဆခန့် ရှိ၏။

“မြို့ထဲမှာရှိတဲ့ နဂါးစီးလမ်းကြားထဲကိုသွားပြီး အဖေ့အတွက် မက်မွန်နွေဦး အရက်တစ်အိုး သွားဝယ်လိုက်။ ကျန်တာကိုတော့ သမီးအတွက် စားစရာ ဝယ်လိုက်..”

ရွမ်ရှို့က အနည်းငယ် မကျေမနပ် ဖြစ်သွားသည်။

ရွမ်ချုံက ငွေစများကို ပြန်သိမ်းရန် ဟန်ဆောင်လိုက်သည်။

“ဒါဆိုလည်း ပန်းပဲခန်းကိုသွားပြီး မီးဖိုတွေကို သွားကြည့်လိုက်။ (၂)နာရီအတွင်း ပြီးမှရမယ်…”

ရွမ်ရှို့က ချက်ချင်းပင် ငွေကို ကောက်ယူပြီး ထွက်ပြေးသွားခဲ့သည်။

သူ့သမီး အဝေးသို့ ပြေးသွားပြီးနောက် ရွမ်ချုံက တည့်တည့်သာ မေးလိုက်၏။

“ချန်းပင်အန်း…

မင်းဆီမှာ ရွှေအဆီအနှစ် ကြေးပြား (၃)အိတ် ရှိတယ် မဟုတ်လား…”

ချန်းပင်အန်း၏ အမူအရာက ပုံမှန်သာဖြစ်သည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။ “ဟုတ်ပါတယ်…”

ရွမ်ချုံက လူငယ်လေး၏ ရိုးသားမှုကို သဘောကျပုံရသည်။ သူ၏ ခံစားချက်များက အနည်းငယ် ကောင်းမွန်လာခဲ့သည်။

“ဒီမြို့ငယ်‌လေးထဲမှာ မင်းလိုမျိုး ရွှေအဆီအနှစ် ကြေးပြား(၃)အိတ် ရှိတဲ့လူ မရှိဘူး။ ဖုလုလမ်းကြား၊ မက်မွန်ပွင့်လမ်းကြားထဲမှာရှိတဲ့ မိသားစု(၄)ခုနဲ့ ကလန်(၁၀)ခုထဲမှာတောင် စုန့်မိသားစု လက်ထဲမှာပဲ ကြေးပြား(၂)အိတ် ရှိတယ်။ အများစုဆီမှာတော့ ကြေးပြားတစ်အိတ်ပဲ ရှိကြတယ်။ ပြီးတော့ မြို့ငယ်လေးထဲမှာရှိတဲ့ မိသားစုငယ်လေး(၈)ခုကလည်း သူတို့ရဲ့မိသားစုရတနာတွေနဲ့ ကြေးပြားတစ်အိတ် လဲလှယ်ထားကြတယ်။ အခြေခံအားဖြင့် ပြောရရင်တော့ မြို့ငယ်လေးထဲမှာ တန်ဖိုးရှိတဲ့ ပစ္စည်းတွေ အားလုံးက ရောင်းပြီးသွားကြပြီ။ (၇)ခု (၈)ခုလောက်ပဲ ကျန်တော့တယ်။ သူတို့တွေကလည်း ပစ္စည်းကောင်းတွေ အနေနဲ့ ရှိနေသေးတယ်…”

“နောက်ပိုင်း မြို့ငယ်လေးထဲကို အပြင်လူတွေ အများကြီး ထပ်ရောက်လာတော့မယ်။ ဒါပေမဲ့ မင်းက အသက်အန္တရာယ် မရှိပါဘူး။ ငါ မင်းကို ဒီလောက်ထိ ပြောပြနေရတယ်ဆိုတာ မင်းက အဲဒီကြေးပြား(၃)အိတ်ကို ကောင်းကောင်း အသုံးချနိုင်ဖို့ မျှော်လင့်နေလို့ပဲ။ မင်းရဲ့ လက်ထဲမှာ ပျောက်ပျက်မသွားစေနဲ့။ အဲဒီအရာတွေကို ကောင်းကောင်းကြီး အသုံးချလိုက်…”

“ငါက ဒီမြို့လေးကို နှစ်ပေါင်း(၆၀)တိတိ တံခါးဖွင့်ပေးထားတယ်။ လူပေါင်း(၂၀)၊ (၃၀)လောက်က မြို့ငယ်‌လေးထဲကို ဝင်လာတဲ့အချိန် သူတို့ရဲ့ အခွင့်အရေးတွေကို လွတ်လပ်စွာ ရှာဖွေနိုင်ကြလိမ့်မယ်။ အခုကစပြီး အရင်တုန်းကလို စည်းမျဉ်းမျိုးတွေ မရှိတော့ဘူး။ ဒီမြို့လေးက တာ့လီအင်ပါယာထဲမှာရှိတဲ့ သာမန်မြို့ငယ်လေး တစ်မြို့လိုပဲ ဖြစ်လာလိမ့်မယ်…”

“ဒါ့ကြောင့် မင်းရဲ့ရွှေအဆီအနှစ် ကြေးပြား(၃)အိတ်က တော်တော်လေး စိတ်ဝင်စားစရာ ကောင်းနေတယ်။ အဆုံးမှာတော့ မင်းအတွက် မလိုလားအပ်တဲ့ ပြဿနာတွေ အများကြီး ဖြစ်လာစေနိုင်တယ်။ ငါက ပြဿနာ မတက်ချင်တဲ့ လူတစ်ယောက်ပဲ။ အချိန်ကျလာရင် ငါက မင်းအတွက် သေချာပေါက် ရပ်တည်ပေးရလိမ့်မယ်။ ဒါပေမဲ့ ငါက (၂)ရက်၊ (၃)ရက်ကြာတိုင်း အဲဒီလို အစုတ်အပြတ် ပညာရှင်တွေနဲ့ ရင်ဆိုင်ရမှာ တော်တော်လေး ရှက်တယ်…”

“ဒါကြောင့် ငါ မင်းကို အကြံတစ်ခု ပေးမယ်။ နားထောင်တာ နားမထောင်တာကတော့ မင်းရဲ့သဘောပဲ။ ငါမင်းကို အကြံမပေးခင် တစ်ခုတော့ ရှင်းရှင်းလင်းလင်း ကြိုပြီးတော့ ပြောရဦးမယ်။ အခုအချိန်မှာ ရွှေအဆီအနှစ် ကြေးပြားတွေက တန်ဖိုး အရှိဆုံးပဲ။ ဒါပေမဲ့ လူတိုင်းက သုံးနိုင်တာ မဟုတ်ဘူး။ မျိုးရိုးကြီး(၄)ခုအပြင် တခြားကလန်(၁၀)ခုတောင် ချွင်းချက် မရှိကြဘူး။ ဘာလို့လဲဆိုတော့ တာ့လီအင်ပါယာက ပိယွင်တောင်ကလွဲရင် တခြားတားမြစ်တောင်(၆၁)ခုကို ဖွင့်ပေးလိုက်ပြီး တာ့လီနဲ့ ရင်းနှီးတဲ့ အင်အားစုကြီးတွေ၊ ဂိုဏ်းတွေဆီကို ရောင်းချဖို့ ပြင်ဆင်နေလို့ပဲ…”

“အဲဒီတောင် (၆၁)လုံးရဲ့ တန်ကြေးကလည်း အရွယ်အစားပေါ် မူတည်ပြီး အမျိုးမျိုး ရှိတယ်။ အပြင်ဘက်ကမ္ဘာကြီးက ဘာလို့ အဲဒီတောင်တွေကို လိုချင်နေရတာလဲဆိုရင် အခု လီကျူးသုခဘုံရဲ့ဝင်္ကပါကြီးက ပျက်စီးသွားပြီဆိုတော့ သာမန်သုခဘုံတစ်ခုရဲ့ အနေအထားမျိုးကို လျော့ကျသွားပြီ။ သူ့ရဲ့ချီစွမ်းအားတွေက သိသိသာသာ လျော့ကျသွားပေမဲ့ သာမန်တောင်တန်းတွေထက်တော့ ပိုပြီးတော့ များနေသေးတယ်။ ဒါက တောင်တန်းနတ်ဘုရားတွေ စောင့်ကြပ်နေတဲ့ တောင်တွေထက် သေချာပေါက် နိမ့်မှာ မဟုတ်ဘူး။ ပြီးတော့ ဒီနေရာမှာ တာ့လီအင်ပါယာက တောင်တန်းနတ်ဘုရား(၃)ယောက်နဲ့ မြစ်နတ်ဘုရား (၂)ယောက် ချထားပေးမယ်လို့လည်း ကတိပေးထားတယ်။ ဒီနေရာကို ဒီလို ပညာရှင်တွေ စောင့်ကြပ်နေမှတော့ မိုင်တစ်ထောင်အတွင်း ရှိနေတဲ့ နယ်မြေတွေက နှစ်ပေါင်း(၆၀) ကြာတဲ့အထိတောင် စွမ်းအားတွေ ပြည့်နေဦးမှာပဲ။ ဒါကြောင့် တောင် ဝယ်ရတဲ့ အလုပ်က သေချာပေါက် အကျိုးအမြတ်ရှိမယ့် အလုပ်ပဲ….”

ချန်းပင်အန်းက မေးလိုက်သည်။

“တကယ်လို့ ကျွန်တော်က ဒီနေ့ တောင်တွေ ဝယ်ပြီး မနက်ဖြန် သေသွားရင် ဘယ်လိုလုပ်မလဲ။ အဲဒီနောက် ဘာတွေ ဖြစ်လာမှာလဲ…”

ထိုမေးခွန်းက သေချာပေါက် မေးသင့်သည့် မေးခွန်းတစ်ခု ဖြစ်သည်။

ရွမ်ချုံက အပြုံးနှင့် ပြောလိုက်၏။

“ပထမဆုံး မင်းကသာ မြို့ငယ်လေးထဲမှာ ရိုးရိုးသားသား အလုပ်လုပ်ပြီး ကောင်းကောင်းနေမယ်ဆိုရင် အကြောင်းပြချက်မရှိဘဲ မသေဘူးလို့ ငါကိုယ်တိုင် အာမခံပေးနိုင်တယ်။ ဥပမာအနေနဲ့ ပြောရရင် တကယ်လို့ တောင်ရွှေ့လူဝံကြီးက မင်းကို နောက်တစ်ကြိမ် ပြဿနာ လာရှာမယ်ဆိုရင်တောင် ဒီမြို့ငယ်လေး ပျက်စီးတာ မပျက်စီးတာကို စိုးရိမ်နေဖို့ မလိုဘူး…”

“ချီကျင့်ချွန် စိုးရိမ်ဖို့ လိုတဲ့အရာကို ငါက စိုးရိမ်နေမှာ မဟုတ်ဘူး။ ချီကျင့်ချွန် မလုပ်ချင်နေတဲ့ အရာကိုလည်း ငါက ဘာမှစိုးရိမ်မနေဘူး။ ဒါကြောင့် ငါက အဲဒီပြဿနာကို ဖြေရှင်းပေးနိုင်တယ်။ ဘာလို့လဲဆိုတော့ အဲဒီအချိန်မျိုးမှာ ငါလုပ်သင့်တဲ့အရာမလို့ပဲ။ ဒုတိယ တစ်ချက်ကတော့ တာ့လီအင်ပါယာက တာ့လီအပြင်ဘက်မှာရှိတဲ့ လူတွေရဲ့ ယုံကြည်ချက်တစ်ခုကို ရရှိဖို့အတွက် ဒီတောင်တွေကို ဈေးချိုချိုနဲ့ ရောင်းနေတယ်။ အဲဒါက ဆုံးရှုံးမှု တစ်ခုပဲ။ တောင်တစ်တောင်ကို ဝယ်ဖို့ သဘောတူလိုက်မယ်ဆိုရင် နှစ်ပေါင်း(၃၀၀)အတွင်း ဝယ်သူက သေသွားပြီး တောင်တန်းကို အမွေဆက်ခံဖို့ လူမရှိရင်တောင် ခွင့်ပြုချက် မရှိဘဲ တာ့လီက အဲဒီတောင်တန်းတွေကို ပြန်ယူမှာ မဟုတ်ဘူး။ အဲဒီအရာတွေကို စွန့်ပစ်ထားလိမ့်မယ်…”

“နောက်ဆုံး တစ်ချက်ကတော့ ငါက ဒီတစ်ကြိမ် တောင်(၃)တောင် အရင်ဆုံး ရွေးရလိမ့်မယ်။ အဲဒီနေရာမှာရှိတဲ့ ဖုန်းရွှေတွေက အကောင်းဆုံးပဲ။ တကယ်လို့ နောက်ပိုင်း မင်းကသာ တောင်နည်းနည်း ဝယ်နိုင်မယ်ဆိုရင် ငါတို့က အိမ်နီးချင်း လုပ်လို့ရတယ်။ တကယ်လို့ မင်းက ငွေကြေးအတွက် တောင်တန်းတွေ ဝယ်ဖို့ မသုံးဘူးဆိုရင်တောင် မင်းက ငါ့ဆီကို တောင်တန်းတွေ နှစ်ပေါင်း(၅၀၀)လောက် ငှားလို့ ရနိုင်သေးတယ်။ ဒါဆိုရင် မင်းက နှစ်စဉ်နှစ်တိုင်း အကျိုးအမြတ်တွေ ရနိုင်ပြီး မင်းရဲ့လုပ်အား အသီးအပွင့်ကို စံစားနိုင်တယ်။ ဒါက မင်းရဲ့ မျိုးဆက်တွေအတွက်လည်း အတူတူပဲ…”

ထိုအရာက အချမ်းသာဆုံးနှင့် ဂုဏ်အယူရဆုံး အရာတစ်ခု ဖြစ်သည်။ အထက်တန်းလွှာ မိသားစုဝင်များစွာ အိပ်မက်မက်နေသော အရာများလည်း ဖြစ်၏။ ရွမ်ချုံကတော့ ထိုအရာကို သေချာမပြောပြခဲ့ပေ။

ချန်းပင်အန်းက စိတ်ဝင်တစား မေးလိုက်၏။

“ဆရာရွမ်…

အဲဒီတောင်တွေရဲ့ အကြမ်းဖျင်းဈေးနှုန်းက ဘယ်လောက်လဲ…”

ရွမ်ချုံက အေးအေးဆေးဆေး ပြောလိုက်သည်။

“အသေးဆုံး တောင်ကတော့ တစ်ခုတည်းပဲ။ တာ့လီနန်းတွင်းကတော့ အဲဒါကို ကျန့်ကျူးတောင်လို့ နာမည်ပေးထားတယ်။ အဲဒီတောင်ရဲ့ဈေးနှုန်းကတော့ ရွှေအဆီအနှစ် ကြေးပြားတစ်ပြားပဲ။ ဒါပေမဲ့ အဲဒါက နွေဦးကြေးပြား ဖြစ်ရလိမ့်မယ်…”

ချန်းပင်အန်းက အံ့သြသွားခဲ့သည်။

“ကြေးပြားတစ်ပြားပဲလား…”

ရွမ်ချုံက ရယ်ပြီး ပြန်ပြောလိုက်၏။

“အဲဒါက နေရာအကြီးကြီး မဟုတ်ဘူး။ တောင်တစ်တောင်လို့ ခေါ်နိုင်ပေမဲ့ တောင်မြင့််ဆိုတဲ့ စကားလုံးနဲ့တောင် မနီးစပ်ဘူး။ ဒါက တောင်ကုန်းငယ်လေး တစ်ခုပဲ။ ပြောရမယ်ဆိုရင် နွေဦးကြေးပြားတစ်ပြားတောင် မတန်ဘူး။ တာ့လီက ရွှေအဆီအနှစ်ကြေးပြားကို တစ်ဝက် မဝက်နိုင်တဲ့အတွက် အဲဒီဈေးနဲ့ ရောင်းခဲ့တာ..”

ချန်းပင်အန်းက တီးတိုးရေရွတ်လိုက်သည်။

“ဒါက ကြေးပြားတစ်ပြားတည်းရယ်။ တောင်က ဘယ်လောက်ပဲသေးသေး နှစ်ပေါင်း(၃၀၀)လောက် ကျွန်တော်တို့ ပိုင်ဆိုင်နိုင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒါက တန်ပါတယ်…”

ရွမ်ချုံက ဆက်ပြောလိုက်သည်။

“ရွှန်လီတောင်၊ တာ့ယန်တောင်နဲ့ ကြာပန်းမီးအိမ်တောင်တို့လို အလယ်အလတ်တောင်တွေကတော့ ရွှေအဆီအနှစ်ကြေးပြား (၁၀)ပြားကနေ (၁၅)ပြား ဝန်းကျင် ရှိလိမ့်မယ်။ ခြောက်ကပ်နွေဦး တောင်၊ ရနံ့မီးရှို့တောင်နဲ့ ဝိညာဉ်အလှတရားတောင်လို ‌တောင်မြင့်ကြီးတွေကတော့ ကြေးပြား (၂၅)ပြားကနေ (၃၀) လောက်ထိ ပေးရလိမ့်မယ်။ ဘာလို့လဲဆိုတော့ အဲဒီနေရာတွေက အပြိုင်အဆိုင် လေလံဆွဲမယ့်လူတွေ ရှိလို့ပဲ…”

“နောက်ဆုံးမှာတော့ တာ့လီ လိုချင်နေတာက ရွှေအဆီအနှစ် ကြေးပြားတွေ မဟုတ်ဘူး။ မိသားစု (၄)ခုနဲ့ ကလန်ကြီး(၁၀)ခုအပြင် အရှေ့ပိုင်းကုန်းမြေကြီးထဲမှာရှိတဲ့ သူတို့ရဲ့အဆက်အသွယ်တွေကို လိုချင်နေတာပဲ။ သူတို့က နောက်ကွယ်မှာရှိတဲ့ အစစ်အမှန် ငွေကြေးတွေကို မျှော်လင့်နေတာ။ အဲဒါဆိုရင် သူတို့က တာ့လီနဲ့ ဆက်သွယ်နိုင်ကြပြီလေ…”

ချန်းပင်အန်းက မျက်မှောင်ကြုတ်လိုက်မိသည်။

“ဆရာရွမ်…

ကျွန်တော်က ဒီလိုအချိန်မျိုးမှာ အခွင့်အရေး ယူလိုက်တဲ့အတွက် ပြဿနာ ဖြစ်လာနိုင်လား။ သူတို့က ကျွန်တော့်ကို မမုန်းကြဘူးလား…”

ရွမ်ချုံက ရယ်လိုက်၏။

“မင်းမှာလည်း နောက်ခံအင်အား ရှိနေပြီပဲလေ။ အဝေးကြီးကို မကြည့်နဲ့။ နီးနီးလေးမှာပဲ ရှိတယ်…”

ချန်းပင်အန်းက ခေါင်းကုတ်နေပြီး ချက်ချင်း သ‌ဘောမတူခဲ့ပေ။

ရွမ်ချုံကတော့ ထိုလူငယ်လေး၏ မသိခြင်းအတွက် ဒေါသထွက်နေခြင်း မရှိချေ။ ထိုအစား သူက စိတ်သက်သာရာရစွာ ပြောလိုက်၏။

“မဆိုးပါဘူး။ မင်းက ချက်ချင်း သဘောမတူဘူး။ မင်းက ရွှံ့ပုလင်းလမ်းကြားကို ပြန်သွားပြီးသွားရင် ဒီကိစ္စကို သေချာစဉ်းစားလိုက်။ မနက်ဖြန်ကျရင် ငါ့ကို အဖြေပေးဖို့ ကြိုးစားပါ။ တကယ်လို့ မင်းက အရမ်းကြာနေမယ်ဆိုရင်တော့ ပြောင်းလဲမှုတွေ ရှိလာနိုင်တယ်။ ငါက မင်းကို ခြောက်လှန့်နေတာ မဟုတ်ဘူး။ အဲဒါက အမှန်တရားပဲ..”

ချန်းပင်အန်းက ပန်းပဲဆိုင်မှ ထွက်လာပြီးနောက် ကျောက်တုံးတံတားဆီသို့ လျှောက်သွားခဲ့သည်။ သူကတော့ ယခုအချိန်ထိ ထိတ်လန့်အံ့သြနေသေး၏။ လူငယ်လေးက သူ့ဆီ၌ ငွေကြေးများ ရှိလာနိုင်သည့် အနာဂတ်နေ့ရက်များကို စိတ်ကူးပုံ‌ဖော်ကြည့်နေခဲ့သည်။

ဥပမာအနေနှင့် ပြောရလျှင် သူက နေ့ရက်တိုင်း တုတ်ထိုး သကြားလုံးများကို စားနိုင်သည်။ သူ့ခြံဝန်းထဲတွင် နှစ်သစ်ကူး စာသားများ၊ တံခါးနတ်ဘုရားများနှင့် ကံကောင်းခြင်းဟူသော စကားလုံးများကိုလည်း အလှဆင်နိုင်၏။ သူ၏ဘိုးဘေးနေအိမ်ကိုလည်း အိမ်ကြီးအိမ်ကောင်းအဖြစ် ပြင်ဆင်နိုင်သည်။ သူ့မိဘများ၏ အုတ်ဂူကို သွားရောက်လည်ပတ်ချိန်တွင်လည်း အရက်ကောင်းကောင်းနှင့် စားစရာများ ဝယ်သွားနိုင်၏။

ချန်းပင်အန်းက ယခုလို နေ့တစ်နေ့ ရှိလာပြီး တောင်တန်းများစွာကို ပိုင်ဆိုင်နိုင်လိမ့်မည်ဟု လုံးဝ မတွေးမိခဲ့ချေ။

Translated by Hein Htet.

All Chapters