အခန်း (၆၁)
Vol. 5 Ch. 61
ပြဿနာရှာနေသော မိန်းမပျို ထွက်ခွာသွားသည့်အချိန်တွင် ကြည့်စရာ မရှိတော့သည့်အတွက် ယန်မိသားစုဆေးဆိုင်တွင် ရှိနေသော လူအုပ်ကြီးကလည်း လျင်မြန်စွာ လူစုခွဲသွားကြသည်။
ကျန်းတဖုန်းက တံစက်မြိတ်ဆီသို့ ပြေးလာပြီး ထိုင်နေခဲ့၏။ သူက အဘိုးကြီးယန်၏ အနားကို ကပ်လာရဲခြင်း မရှိချေ။ သူတို့နှစ်ယောက်လုံးက တပည့်များ ဖြစ်ကြသော်လည်း သူနှင့် လီအာ့အပေါ် ဆက်ဆံမှုက အလွန်ကွဲပြား၏။ ကျန်းတဖုန်းကတော့ သူ့ဆရာမျက်နှာလိုက်သည့်အတွက် အပြစ်တင်မိသော်လည်း တချို့အရာများကိုတော့ သူက လက်ခံရမည်ဖြစ်သည်။
ကျန်းတဖုန်းက ကြောက်လန့်စွာပြောလိုက်၏။
“ဆရာ …
ချီကျင့်ချွန်က စည်းမျဉ်းတွေအတိုင်း မလုပ်ဖို့ ဆုံးဖြတ်လိုက်ပြီ။ အချိန်ကျလာရင် ကျွန်တော်တို့က ဘာလုပ်သင့်တာလဲ…”
အဘိုးအိုက စကားတစ်ခွန်းမျှမပြောဘဲ မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။
ထိုအချိန်တွင် ကြောင်နက်လေးတစ်ကောင်က ဘယ်ကမှန်းမသိ ပေါ်လာပြီး အဘိုးအို၏ခြေထောက်နှင့် မလှမ်းမကမ်းတွင် ထိုင်နေ၏။ သူက အမွေးအမျှင်များကိုလှုပ်ရှားလိုက်ရာ မိုးရေစက်များက ပြန့်ကျဲသွားခဲ့သည်။
ကျန်းတဖုန်းက စိုးရိမ်စွာ ပြောလိုက်၏။
“စစ်တောင်တန်းက ပညာရှင်က တောင်ထိပ်ပေါ်က နတ်ဘုရားတစ်ပါးကို တကယ်ပဲ ဖိတ်ခေါ်ခဲ့တယ်။ အဲဒါက ပြဿနာတက်လာမှာလား။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနေရာကို စောင့်နေတဲ့ လူတွေအများကြီးရှိတယ်…”
အဘိုးအိုက စကားတစ်ခွန်းမျှမပြောသေးပေ။ ကျန်းတဖုန်းကတော့ သူ့ဆရာ၏ တိတ်ဆိတ်မှုနှင့် အသားကျနေပြီ ဖြစ်သည့်အတွက် အိုးတိုးအမ်းတမ်း ခံစားခဲ့ရခြင်း မရှိချေ။
သူက စိတ်ကူးထဲတွင် ချီကျင့်ချွန်အကြောင်း စဉ်းစားပြီး ကျိန်ဆဲလိုက်မိ၏။
“ခွေးကောင် ချီကျင့်ချွန်...
(၅၉)နှစ်တောင် အုပ်ချုပ်လာခဲ့တာ၊ ရက်နည်းနည်းလေးနဲ့ ဘာများကွဲပြားသွားမှာလဲ။ စာသင်သားတွေအားလုံးက ခေါင်းမာပြီး ကျိုးကြောင်းဆီလျော်မှုမရှိဘူး…”
နောက်ဆုံးတွင်တော့ အဘိုးအိုက ပြောလိုက်သည်။
“မင်းက စာပေမလေ့လာတဲ့အပြင် တော်တော်ဉာဏ်ထိုင်းတာပဲ…”
ကျန်းတဖုန်းကတော့ ရှက်ရွံ့နေသလို ခံစားရခြင်းမရှိဘဲ သူ့ကိုပြန်လှည့်၍ ပြောလိုက်သည်။
“ဆရာက ပုခုံးနဲ့ခြေထောက်ကို နှိပ်ပေးစေချင်နေတာလား…”
အဘိုးအိုက အေးစက်စွာ ပြောလိုက်၏။
“ငါ့မှာ သဂြိုဟ်စရိတ်မရှိဘူး။ ဒါကြောင့် မင်းက လက်လျော့လိုက်တော့…”
ကျန်းတဖုန်း၏မျက်နှာက နီရဲသွားခဲ့သည်။
“ဆရာ …
ဆရာရဲ့စကားလုံးတွေက တော်တော်လေး နာကျင်ဖို့ကောင်းတယ်။ ကျွန်တော်က တပည့်တစ်ယောက်အနေနဲ့ စွမ်းဆောင်ရည်မရှိပေမဲ့ ကျွန်တော်က သစ္စာရှိပါတယ်။ ကျွန်တော်က ဘာလို့ အဲဒီလိုအရာမျိုးကို ဂရုစိုက်ရမှာလဲ။ ကျွန်တော်က လီအာ့ရဲ့မိန်းမမှ မဟုတ်တာ…”
အဘိုးအိုက ပြန်ပြောလိုက်၏။
“မင်းက သူ့ထက်တောင် ပိုဆိုးသေးတယ်…”
ကျန်းတဖုန်း၏ မျက်နှာက မည်းမှောင်သွားခဲ့ပြီး ခေါင်းငိုက်စိုက်ကျသွားခဲ့၏။ သူ့ပုံစံက စိတ်ဝိညာဉ်ကင်းမဲ့သွားသော ရေခဲသစ်ပင်တစ်ပင်ကဲ့သို့ ဖြစ်သွားခဲ့သည်။ သို့သော် သူက ချက်ချင်း ဆိုသလိုပင် အံ့ဩသွားခဲ့၏။ သူ့ဆရာ၏စကားလုံးများက ခံနိုင်ဖွယ်ရာ မရှိသော်လည်း အနည်းဆုံးတော့ သူက စကားများများ ပြောခဲ့သည်။ ထိုအရာက အလွန်ရှားပါးလွန်းလှ၏။
သူက အရှေ့ပိုင်းတွင် ရှိနေသောအိမ်သို့ ပြန်ရောက်သည့်အချိန်တွင် အရက်သောက်ပြီး အောင်ပွဲခံမည်ဟု စဉ်းစားထား၏။ ကျန်းတဖုန်းက အလွန်ကျေနပ်နေသည့်အတွက် မေးလိုက်သည်။
“ဆရာတူအစ်ကိုကြီးက အဲဒီလူကို တားဆီးနိုင်ပါ့မလား…”
ယခုတစ်ကြိမ်တော့ ကျန်းတဖုန်းက အဘိုးအို သူ့ကို ပြန်ပြောသည့်အချိန်ထိ စောင့်မနေခဲ့ပေ။ သူက သူ့ပါးသူ ပြန်ရိုက်လိုက်၏။
“ဆရာတူအစ်ကိုကြီး …
တကယ်လို့ အစ်ကိုက သူ့ကို မတားနိုင်ဘူးဆိုရင်တော့ မျှော်လင့်ချက်ရှိတယ်။ တကယ်လို့ တားနိုင်မယ်ဆိုရင်တော့ နောက်ပိုင်းဘာမှလုပ်နိုင်မှာမဟုတ်တော့ဘူး…”
အဘိုးအိုက ပြန်မေးလိုက်သည်။
“ကျန်းတဖုန်း ….
မင်းက ဘာလို့ အောင်မြင်မှုမရတာလဲသိလား…”
ကျန်းတဖုန်းကတော့ နေရာတွင် ရပ်လိုက်မိသည်။ သူကတော့ သူ့ဆရာ၏မေးခွန်းကို စဉ်းစားကြည့်နေခဲ့၏။ သူက ထိုအရာကို သိချင်နေသည့်အတွက် သေချာ ပြင်ဆင်ထားခဲ့သည်။ အဘိုးအိုကတော့ သူ့ကို အဖြေပေးလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“မင်းက ရုပ်ဆိုးလို့…”
ကျန်းတဖုန်းက ခေါင်းကို လက်နှစ်ဖက်နှင့် အုပ်လိုက်ပြီး ခြံဝန်းထဲတွင် ကျလာနေသော မိုးရေစက်များကို ကြည့်နေခဲ့၏။ သူက ငိုချင်နေသော်လည်း မျက်ရည်မကျသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
………………
ရုံးတော်တာဝန်ခံက ဆက်၍ စောင့်နေရန် မလိုအပ်တော့သည့်အတွက် အခန်းထဲမှ ထွက်သွားခဲ့သည်။ ချန်းစုန့်ဖုန်းကတော့ မှတ်တမ်းများထဲတွင် ဆက်၍ ခေါင်းစိုက်နေခဲ့၏။ သို့သော် ချန်းသွမ့်အပေါ် အကြောက်တရားနှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ သူက အထက်တန်းလွှာ သခင်လေးတစ်ယောက်အလား လွတ်လပ်ပေါ့ပါးမှုတချို့ ပြန်လည်ရရှိလာခဲ့သည်။
သို့သော် သူက ထိုကဲ့သို့ ဖြစ်လာလေလေ ဘေးမှကြည့်နေသော လျှိုပါ့ချောင်က ပို၍ဇဝေဇဝါဖြစ်လာလေလေ ဖြစ်သည်။ သူ့ဆီတွင်တော့ အငြိုးအတေးများ ပြည့်လာသလို ထင်ရ၏။ သို့သော် သူက ပွင့်ပွင့်လင်းလင်း နေတတ်ပြီး မစဉ်းစားဘဲ စကားပြောတတ်သူ တစ်ယောက်ဖြစ်သည်။ လျှိုပါ့ချောင်ကလည်း အပြင်သို့ လမ်းလျှောက်ထွက်ချင်ခဲ့၏။ သူက စိတ်ပြေလက်ပျောက် သွားချင်နေခဲ့သည်။
ချန်းစုန့်ဖုန်းက ပြန်လှည့်ကြည့်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။
“ပါ့ချောင် …
နောက်ဆုံးတော့ မင်းက ထိုင်မနေနိုင်တော့ဘူးလား…”
လျှိုပါ့ချောင်က ထိုင်ခုံမှ ထလိုက်သည့်အချိန်တွင် ထိုစကားကိုကြားလိုက်သည့်အတွက် ပြန်ထိုင်လိုက်သည်။ သူက ဒေါသတကြီး ရယ်လိုက်၏။
“မင်းက ငါ့ကို စနောက်ဖို့ ခံစားချက်တော့ ရှိနေသေးတာပဲ။ မင်းက တော်တော်သဘောထားကြီးလွန်းတယ်…”
ချန်းစုန့်ဖုန်းက သူ့လက်ထဲတွင် ကိုင်ထားသော ရှေးဟောင်းစာအုပ်ကြီးကို ချထားလိုက်ပြီး ခါးသီးစွာ ပြောလိုက်သည်။
“ငါက မင်းကို စလိုက်တာပါ။ အခုပဲ ငါက မင်းအတွက် တရားမျှတမှုရဖို့ တိုက်ခိုက်ပေးခဲ့တယ်။ ဘယ်အရာက ငါ့အတွက်ကောင်းတာလဲ ဆိုတာတော့ ငါလည်း မသိတော့ဘူး..”
လျှိုပါ့ချောင်ကတော့ သူတော်စင်တစ်ယောက်သဖွယ် ခံနိုင်ရည်မရှိတော့ချေ။ သူက လက်ကို လျင်မြန်စွာ ဝှေ့ယမ်းပြလိုက်၏။
“မဟုတ်ဘူး မဟုတ်ဘူး။ ငါက အားနည်းသူကို အနိုင်ကျင့်နေတဲ့ မင်းရဲ့ဆွေမျိုးကိုပဲ အထင်သေးတာ။ ငါက သူ့ကို စကားနည်းနည်း ပြောလိုက်တယ်ဆိုတာ ငါ့ပါးစပ် ငါမထိန်းနိုင်လို့လေ။ မင်း ငါ့ကို ကျေးဇူးတင်စရာ မလိုဘူး…”
ချန်းစုန့်ဖုန်းက ထိုင်ခုံတွင် နောက်ကျောမှီလိုက်ပြီး တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။ အကယ်၍ လုံဝေတိုင်းပြည် ချန်းကလန်ထဲတွင်သာ ထိုကဲ့သို့ ပျင်းရိစွာ ထိုင်နေခြင်းကို အကြီးအကဲများ မြင်သွားမည်ဆိုလျှင် ကလေးများက အရိုက်ခံရနိုင်ပြီး အရွယ်ရောက်သူများက ပြစ်တင်ကြိမ်းမောင်းခံရနိုင်သည်။
အလွန်ချမ်းသာပြီး အစွမ်းထက်သော မိသားစုများမှ စာသင်သားများက သူတော်ကောင်းဆန်ပြီး ဟိတ်ဟန်များသည့်အတွက် သိုင်းပညာရှင်များ၏ လှောင်ပြောင်ခြင်းကို ခံရတတ်သည်။ သို့သော် စည်းမျဉ်းက စည်းမျဉ်းသာဖြစ်၏။ မွေးလာသည့်အချိန်ကတည်းစပြီး သူတို့က သတ်မှတ်ထားသောလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းခဲ့ရသည်။
မိသားစုအကြီးအသေးပေါ်လိုက်၍ သူတို့မြင်နေ ကြားနေရသည့်အရာများကပင် လွှမ်းမိုးမှုများ ရှိနေခဲ့၏။ ထို့ပြင် စကားပြောကောင်းပြီး ဟိတ်ဟန်များသော စာသင်သားများ ပြည့်နှက်နေသည့် တောင်ပိုင်းစမ်းချောင်း တိုင်းပြည်လည်း ရှိနေသေးသည်။ သူတို့ကတော့ လောကကျင့်ဝတ်အတိုင်း လိုက်နာမှုမရှိသည့်အတွက် နာမည်ကျော်ကြား၏။
လျှိုပါ့ချောင်က မေးလိုက်သည်။
“မင်းနဲ့ ချန်းသွမ့်ရဲ့ပတ်သက်မှုက ဘာလဲ။ ဘာလို့ မင်းက သူ့ကို ဒီလောက်တောင် ကြောက်နေရတာလဲ။ တကယ်လို့ မိသားစ ုလျှို့ဝှက်ချက်တွေနဲ့ ပတ်သက်နေတယ်ဆိုရင်တော့ ငါ မမေးခဲ့ဘူးလို့ပဲ သဘောထားလိုက်ပါ…”
ချန်းစုန့်ဖုန်းက မတ်တပ်ရပ်လိုက်ပြီး တံခါးဆီသို့ လျှောက်သွားခဲ့သည်။ သူက ထိုင်ခုံတွင် ထိုင်လိုက်ပြီး တိုးတိုးလေး မေးလိုက်၏။
“လျှိုမျိုးရိုး လူငယ်လေးရဲ့ကြွေဝယ်သူ တစ်ယောက်အနေနဲ့ အလှည့်အပြောင်းတွေ အများကြီး ကြုံလိုက်ရတဲ့အချိန်မှာ သူက လုံဝေတိုင်းပြည် ချန်းမိသားစုရဲ့ လက်ထဲကို ရောက်လာခဲ့တယ်။ အဲဒါက ဘာကြောင့်လဲဆိုတာ မင်း မသိချင်ဘူးလား…”
လျှိုပါ့ချောင်က ခေါင်းညိတ်ပြလိုက်သည်။ ဓားသိုင်းကျမ်းကို ယှဉ်ပြိုင်သူက လေမိုးကြိုးဥယျာဉ်မဟုတ်ဘဲ ဘယ်ကမှန်းမသိ ထွက်ပေါ်လာသော လုံဝေတိုင်းပြည်မှ ချန်းကလန် ဖြစ်နေခြင်းကိုတော့ တောင်ရွှေ့လူဝံကြီးက လုံးဝခန့်မှန်းမိလိမ့်မည် မဟုတ်ချေ။
ချန်းစုန့်ဖုန်းကတော့ စိတ်ပင်ပန်းနေပုံရ၏။ သူက အချိန်တော်တော်ကြာ စိတ်ဓာတ်ကျနေပုံရသည်။ အလွန်အတွေးများသော လူတစ်ယောက်က ပင်ပန်းသော်လည်း သူ၏ဝမ်းနည်းမှုများကို ဖွင့်ဟရန် လူတစ်ယောက် ရှာတွေ့ခဲ့သည်။ ထို့ပြင် သူက လျှိုပါ့ချောင်၏အကျင့်စရိုက်နှင့် စိတ်နေစိတ်ထားကို ယုံကြည်နေသည့်အတွက် ဖြည်းညင်းစွာ ပြောပြလိုက်၏။
“ငါတို့ချန်းကလန်က မင်းတို့လေမိုးကြိုးဥယျာဉ်နဲ့ ဆက်ဆံရေးကောင်းပေမဲ့ ချန်းကလန်ရဲ့ မျိုးဆက်တွေကတော့ ဘိုးဘေးသင်ကြားမှုတွေကို လိုက်နာရတယ်။ တောင်ထိပ်ပေါ်မှာရှိတဲ့ ပြဿနာတွေကို ဝင်ပါလို့မရဘူး။ ငါတို့က နှစ်ပေါင်းများစွာကြာအောင် အဲဒီစည်းမျဉ်းတွေကို လိုက်နာခဲ့ရတယ်။ ချန်းကလန် မျိုးဆက်တွေအတွက် တန်ဖိုးနည်းနည်းပဲရှိတဲ့ ဓားသိုင်းကျမ်းတစ်ခုက ချွင်းချက်တစ်ခု ဖြစ်နိုင်ပါ့မလား။ ချန်းကလန်က စာသင်သား မိသားစုတစ်ခုလေ။ ကျင့်ကြံသူမိသားစုတစ်ခုမှ မဟုတ်တာ။ ဒီလိုအရှုပ်အထွေးထဲကို ပတ်သက်လို့ရော ဘာများထူးခြားမှာလဲ…”
လျှိုပါ့ချောင်ကလည်း ထိုအရာကို စဉ်းစားကြည့်လိုက်သည်။
“ချန်းသွမ့်ရဲ့ကလန်က ဒီဓားသိုင်းကျမ်းကို သူတို့အတွက် လိုချင်နေတာလား။ သူ့ကလန်က လျှို့ဝှက်ထားတဲ့ ဓားကျင့်ကြံသူကလန်တစ်ခုလား…”
ချန်းစုန့်ဖုန်းက ခေါင်းခါပြီး ပြောလိုက်သည်။
“အဲဒီလို မဟုတ်ဘူး။ အစောပိုင်းမှာ တာဝန်ခံရွှယ်ပြောခဲ့တဲ့အတိုင်းပဲ မြို့ငယ်လေးထဲမှာရှိတဲ့ ချန်းမိသားစုက (၂)ခုကွဲသွားခဲ့တယ်။ ချန်းသွမ့်ကတော့ မြို့ငယ်လေးထဲကနေ အစောဆုံး ထွက်သွားခဲ့တဲ့ မိသားစုကပဲ။ သူတို့က ထွက်သွားပြီး အရှေ့ပိုင်းကုန်းမြေကြီးမှာတောင် မနေခဲ့ဘူး။ သူတို့က တခြားကုန်းမြေကြီးကို တိုက်ရိုက်ရွှေ့ပြောင်းသွားခဲ့တယ်။ မျိုးရိုးစဉ်ဆက် တိုးတက်လာပြီးနောက် ချန်းသွမ့်တို့ကလန်က ဒီကမ္ဘာကြီးထဲမှာ စံအိမ်စုစည်းရာလို့ နာမည်ကျော်ကြားတယ်။ ဒီသတင်းက အရှေ့ပိုင်းကုန်းမြေကြီးကို ပြန့်နှံ့လာတာမျိုး လုံးဝမရှိဘူး။ ငါတို့လုံဝေတိုင်းပြည် ချန်းကလန်က အတွင်းရေးကိစ္စတွေကို သိတယ်ဆိုတာ ငါတို့က သူတို့နဲ့နည်းနည်းလေး ပတ်သက်နေလို့ပဲ..”
လျှိုပါ့ချောင်က ခနဲ့သလို ပြောလိုက်သည်။
“ဒါဆိုရင် မောက်မာတဲ့ အဲဒီမိန်းကလေးက ပညာမတတ်တဲ့အတွက် အနိုင်ကျင့်တာလား။ သူတို့ရဲ့ကလန်မှာ ကုသိုလ်အဆောက်အဦးရှိလား…”
ချန်းစုန့်ဖုန်းက လက်နှစ်ချောင်းထောင်ပြလိုက်သည်။
လျှိုပါ့ချောင်က မျက်ခုံးပင့်လိုက်မိပြီး ပြောလိုက်၏။
“သေချာနားထောင် … ငါပြောတာက ကုသိုလ်အဆောက်အဦး။ ကျော်ကြားခြင်း အဆောက်အဦးမဟုတ်ဘူး…”
ချန်းစုန့်ဖုန်းကတော့ သူ့လက်ချောင်းကို ရုတ်သိမ်းခဲ့ခြင်းမရှိချေ။
လျှိုပါ့ချောင်က အနည်းငယ် အိုးတိုးအန်းတမ်းဖြစ်သွားပြီး ဆက်မေးလိုက်၏။
“ဒါဆိုရင် သူ့ရဲ့ကလန်မှာ သင်ကြားရေးနန်းတော်ရောရှိလား…”
လျှိုပါ့ချောင်တို့အခေါ် သင်ကြားရေးနန်းတော်ဟူသည်မှာ ကွန်ဖြူးရှပ်ကျောင်းတော်၏ သင်ကြားရေးနန်းတော်(၃)ခုနှင့် ကျောင်းတော်(၇၂)ခုကို ဆိုလိုခြင်းဖြစ်သည်။ တိုင်းပြည်ငယ်လေးတစ်ခုတွင်ပင် သာမန်ကျောင်းတော်တစ်ခုတည်ရှိရန် မဖြစ်နိုင်ပေ။ အလွန်ကြီးမားသော အရှေ့ပိုင်းကုန်းမြေကြီးတစ်ခုလုံးတွင်ပင် ချောက်ကမ်းပါးကျောင်းတော်နှင့် ကန်ကြည့်ကျောင်းတော်(၂)ခုသာရှိသည်။
ချန်းစုန့်ဖုန်းက လက်ညှိုးတစ်ချောင်းကို ဖြည်းညင်းစွာ ရုတ်သိမ်းလိုက်သည်။ လက်တစ်ချောင်း ကျန်နေသေး၏။ လျှိုပါ့ချောင်က မတ်တပ်ရပ်လိုက်ပြီး ထိုင်ခုံလက်ရန်းပေါ်သို့ လက်တင်လိုက်သည်။
သူကတော့ စိုးရိမ်ထိတ်လန့်သွားပြီး ပြောလိုက်၏။
“ငါက အဲဒီဘွားတော်လေးကို မြန်မြန်တောင်းပန်သင့်တယ်။ ဒီလိုနောက်ခံအင်အားမျိုး ရှိနေမှတော့ ချန်းစုန့်ဖုန်းကို စာအုပ်တွေ ရှာခိုင်းဖို့မပြောနဲ့ နွားတစ်ကောင်၊ မြင်းတစ်ကောင် ဖြစ်စေချင်တယ်ဆိုရင်တောင် ဘာပြဿနာမှမရှိဘူး…”
ချန်းစုန့်ဖုန်းက ပြုံးလိုက်သော်လည်း စကားတစ်ခွန်းမျှမပြောခဲ့ပေ။ ထိုအရာက လျှိုပါ့ချောင်၏ ထူးခြားချက်ဖြစ်၏။ သူက မည်မျှအရှက်ရသော ကိစ္စတစ်ခုဖြစ်စေကာမူ ပါဝင်ပတ်သက်သူများကို ဒေါသထွက်အောင် မလုပ်ခဲ့ပေ။
လျှိုပါ့ချောင်က လက်ပိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်၏။
“အခုတော့ အဲဒီဘွားတော်လေးရဲ့ ကြောက်စရာနောက်ကြောင်းကို ငါသိသွားပြီ။ မင်းက အဓိကအချက်ကို ဆက်ပြောနိုင်တယ်…”
ချန်းစုန့်ဖုန်းက ပြုံးလိုက်သည်။
“အမှန်အတိုင်းပြောရရင် အိမ်တော်ထိန်းရွှယ်က အဖြေကို ပြောပြီးသွားပြီလေ..”
လျှိုပါ့ချောင်က စဉ်းစားသွားခဲ့၏။
“လျှိုမျိုးရိုးကောင်လေးရဲ့ဘိုးဘေးက ဒီမြို့ငယ်လေးထဲမှာ ချန်းသွမ့်တို့ ဘိုးဘေးရဲ့အုတ်ဂူအစောင့်လား…”
ချန်းစုန့်ဖုန်းက ခေါင်းညိတ်ပြလိုက်သည်။
“အဲဒါက အမှန်ပဲ…”
လျှိုပါ့ချောင်က အံ့ဩသွားခဲ့၏။
“အဲဒါလည်းမဟုတ်သေးဘူး။ ဓားသိုင်းကျမ်းကို ကျန့်ယန်တောင်ရဲ့သစ္စာဖောက်က လျှိုမိသားစုထဲမှာ ထားခဲ့တာ မဟုတ်ဘူးလား။ သူက ငါတို့လေမိုးကြိုးဥယျာဉ်ရဲ့ ဘိုးဘေးတွေထဲက တစ်ယောက်လေ။ ဘယ်လိုပဲဖြစ်ဖြစ် အချိန်ကလည်း မကိုက်ဘူး။ သူက ချန်းသွမ့်တို့ကလန်ရဲ့ အုတ်ဂူအစောင့် ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..”
ချန်းစုန့်ဖုန်းက ရှင်းပြလိုက်သည်။
“စလာကတည်းက လျှိုမိသားစုက ချန်းသွမ့်တို့ ချန်းကလန်ရဲ့ အုတ်ဂူအစောင့်ဆိုတာတော့ ငါက အတည်ပြုနိုင်တယ်။ မင်းတို့လေမိုးကြိုးဥယျာဉ်ထဲမှာ ပုန်းနေတဲ့ ဓားကျင့်ကြံသူက လျှိုမိသားစုဝင်တစ်ယောက် ဘယ်လိုဖြစ်လာပြီး ဓားသိုင်းကျမ်းကို ဘယ်လိုလက်ဆင့်ကမ်းပေးခဲ့လဲ ဆိုတာတော့ ငါတို့မသိသေးတဲ့ အကြောင်းအရာတွေ ရှိနေနိုင်တယ်။ ဒါကြောင့် အဆုံးမှာတော့ အဲဒီမိသားစုရဲ့ အမွေပစ္စည်းက(၂)ခုဖြစ်နေတာ ဓားသိုင်းကျမ်းနဲ့ ချပ်ဝတ်အင်္ကျီ။ ချန်းသွမ့်က ရတနာတွေကို စိတ်မဝင်စားဘူး။ သူက သူ့ရဲ့ဘိုးဘေးကို အရိုအသေပေးဖို့ပဲ ရောက်လာခဲ့တာ။ အဲဒီအပြင် လျှိုမိသားစုမှာ မျိုးဆက်ရှိမရှိ လာပြီး ကြည့်နေတာပဲ။ သူတို့သဘောထားက ဘယ်လိုပဲရှိရှိ သူက သူတို့တွေကို သူ့မိသားစုဆီ ခေါ်သွားပြီး အစွမ်းကုန်ပျိုးထောင်ပေးလိမ့်မယ်။ ဒါက လျှိုမိသားစုဘိုးဘေးရဲ့အုတ်ဂူအစောင့်ကို ပြန်လည်ပေးဆပ်တယ်လို့ သတ်မှတ်နိုင်တယ်..”
လျှိုပါ့ချောင်၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့သည်။
“ဒီလိုမိသားစုကြီးတစ်ခုက ဘိုးဘေးတွေကို ကန်တော့ဖို့အတွက် မိန်းကလေးတစ်ယောက်ကို ခွင့်ပြုလိုက်တာလား။ သူက တာ့လီဦးရီးတော်ရဲ့ လက်ထဲမှာ အသတ်ခံရလုနီးပါး ဖြစ်သွားခဲ့တာလေ။ ချန်းစုန့်ဖုန်း… ငါလည်း စာတွေ အများကြီးဖတ်ဖူးတယ်။ အင်မော်တယ်တွေ တိုက်ခိုက်တာက ဒီကမ္ဘာကြီးထဲမှာ နည်းလမ်းတွေ အများကြီး ဆိုတာလည်း သိတယ်။ ဒါကြောင့် အဲဒီမိန်းကလေးက အတုလုပ်တယ်တော့ မထင်ဘူး…”
ချန်းစုန့်ဖုန်းက ခေါင်းခါပြီး ပြောလိုက်သည်။
“သူ့ကိုတွေ့တဲ့အချိန်မှာ ငါ့ရဲ့အဘိုးက ဘယ်လောက်တောင် ယဉ်ကျေးနေသလဲဆိုတာ မင်းမှ မမြင်ခဲ့ရတာ..”
ထိုအရာက သူတို့၏ဘိုးဘေးပညာရှင် တစ်ယောက် ဖြစ်နေသည့်အတွက် ချန်းစုန့်ဖုန်းက အမှန်အတိုင်း ပြောနိုင်ခြင်း မရှိချေ။ သူကတော့ ဝိုးတဝါးသာ ပြောလိုက်ရသည်။
သူ့မိသားစုက သူမအတွက် တံခါးဖွင့်ပေးခဲ့ရသည်။ မိသားစုခေါင်းဆောင်က သူမကို လေးလေးနက်နက် ဦးညွှတ်ခဲ့ရ၏။ မိသားစုထဲတွင် ရှိနေသော လူတိုင်းကလည်း သူမကို အရေးကြီးဧည့်သည်တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့ပြီး ကြိုဆိုရေးအခမ်းအနားတွင် ပင်မထိုင်ခုံ၌ ထိုင်ခွင့်ပေးထားခဲ့သည်။ ထိုအချက်များအားလုံးကို ချန်းစုန့်ဖုန်းက တွေးကြည့်၍ပင် ရနိုင်၏။
လျှိုပါ့ချောင်က ဇဝေဇဝါဖြစ်သွားသည်။
“အဲဒီလျှိုမျိုးရိုးကောင်လေးက လူဝံအိုကြီးကြောင့် သေလုမျောပါး ဖြစ်သွားတာ မဟုတ်လား…”
ချန်းစုန့်ဖုန်းက သက်ပြင်းချလိုက်သည်။
“မင်းပဲ ပြောခဲ့တာပဲလေ။ သူက အသတ်ခံရလုနီးပါးဖြစ်သွားတာ…”
ချန်းစုန့်ဖုန်းက မတ်တပ်ရပ်လိုက်ပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားခဲ့၏။ အပြင်ဘက်တွင် လေရိုင်းများက တိုက်ခတ်နေပြီး သူကတော့ မိုးရွာကျတော့မည့် ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့သည်။
ချန်းစုန့်ဖုန်းက တိုးတိုးလေး ပြောလိုက်၏။
“ဆရာရွမ်က ချန်းသွမ့်တို့ အကြီးအကဲတစ်ယောက်နဲ့ မိတ်ဆွေကောင်းတွေ ဖြစ်ခဲ့တယ်ထင်တယ်။ သူတို့က ကမ္ဘာလောကကြီးကို အတူတူ ခရီးသွားခဲ့ပြီး ရင်းနှီးတဲ့မိတ်ဆွေဖြစ်ခဲ့ကြတယ်…”
လျှိုပါ့ချောင်က အလေးထား၍ မေးလိုက်သည်။
“မင်းပြောတဲ့ ဆရာရွမ်ဆိုတာက ချီကျင့်ချွန်ရဲ့နေရာကို အစားထိုးမဲ့ ရွမ်ချုံလား။ သူက ချန်းသွမ့်တို့ မိသားစုကြောင့် ဒီနေရာကို တာဝန်ယူလိုက်တာလား…”
ချန်းစုန့်ဖုန်းက တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါက အဲဒီအရာနဲ့ ပတ်သက်ပြီး ဘာမှမပြောခဲ့ဘူး…”
လျှိုပါ့ချောင်က အံ့ဩသွားခဲ့သည်။ ထို့ကြောင့်လည်း ဤမိန်းကလေးက စုန့်ချန်ကျင့်၏ ရှေ့တွင်ပင် အလွန်ပြတ်သားနေခဲ့ခြင်းဖြစ်သည်။ မိသားစုအစွမ်းက အဝေးတွင် ရှိနေသော်လည်း သူတော်စင်တစ်ယောက်၏ အကာအကွယ်က သူမ၏ရှေ့တွင် ရှိနေခဲ့၏။ သူမက မမောက်မာဘဲ မည်သို့ရှိနိုင်မည်နည်း။
လျှိုပါ့ချောင်က ရုတ်တရက် မေးလိုက်သည်။
“ဒါဆိုရင် ငါ့ကို အသက်ကြွေထည်နဲ့ ဝယ်တဲ့လူတွေအကြောင်း ပြောပြပေးပါဦး။ ငါ အဲဒါကို တော်တော်လေး စိတ်ဝင်စားတယ်။ ဒါပေမဲ့ လေမိုးကြိုးဥယျာဉ်မှာ အဲဒါမျိုး တစ်ခုမှမရှိဘူး။ ငါ့ဆရာက ငါ့ကို ဒီနေရာဆီ အတင်းအကြပ်သွားခိုင်းခဲ့တဲ့အချိန်မှာ ငါက ကြားဖူးရုံပဲရှိတာ။ အရှေ့ပိုင်းကုန်းမြေကြီးရဲ့ထိပ်ဆုံးမှာ ဒီမြို့လေးထဲကနေ ထွက်လာတဲ့ နာမည်ကျော်ပညာရှင် နည်းနည်းရှိတယ် မဟုတ်လား…”
ချန်းစုန့်ဖုန်းက ခဏကြာ တွေဝေနေခဲ့သည်။ သို့သော် သူက အရာအားလုံးကိုပြောပြရန် ရွေးချယ်လိုက်၏။ သူက ကောင်းကင်ဘုံ၏ လျှို့ဝှက်ချက်ကို ပြောပြလိုက်သည်။
“ဒါကတော့ သာမန်ကမ္ဘာကြီးထဲမှာ ကျောက်တုံးနဲ့ အလောင်းအစား လုပ်သလိုပဲ။ နှစ်စဉ်နှစ်တိုင်း ဒီမြို့ငယ်လေးထဲမှာ ကလေး(၃၀)နီးပါး မွေးဖွားကြတယ်။ နဂါးမီးဖိုကြီး အခု(၃၀)က သူတို့ရဲ့အဆင့်အလိုက် နဂါးမီးဖိုမှာ ကြွေထည်လုပ်ဖို့အတွက် ကလေးတစ်ယောက်ဆီကို ရွေးချယ်ရတယ်။ ဥပမာအနေနဲ့ ပြောရရင် ဒီမြို့လေးထဲမှာ ဒီနှစ် ကလေး(၃၂)ယောက် မွေးဖွားတယ်ဆိုရင် ထိပ်ဆုံးမှာရှိတဲ့ နဂါးမီးဖိုကြီး(၂)ခုက ကြွေထည်(၂)ခုဆီ ရလိမ့်မယ်။ တကယ်လို့ နောက်နှစ်မှာ ကလေး(၂၉)ယောက်ပဲ မွေးတယ်ဆိုရင်တော့ အောက်ဆုံးမှာရှိနေတဲ့ နဂါးမီးဖိုကြီးက ဘာထုတ်လုပ်မှုမှ မရှိနိုင်တော့ဘူး။ ဒါကြောင့် ဒီမြို့ငယ်လေးထဲမှာ မွေးဖွားပြီး ကြီးပြင်းလာတဲ့လူတွေမှာ ကိုယ်ပိုင်အသက်ကြွေထည်တွေ ရှိလာကြတယ်။ လက်ရှိဒီကုန်းမြေကြီးရဲ့နာမည်ကျော်ဖြစ်နေတဲ့ ချောင်ကျိနဲ့ ရှဲ့ရှစ်တို့လည်း ချွင်းချက် မရှိဘူး။ သူတို့ထဲက တစ်ယောက်ကတော့ ကောင်းကင်သခင်ဖြစ်လာနိုင်တဲ့ တာအိုသခင် တစ်ယောက်ဖြစ်နေပြီး တခြားတစ်ယောက်ကတော့ အကန့်အသတ်မဲ့ သတ်ဖြတ်စွမ်းအားတွေ ရှိနေတဲ့ ဓားအင်မော်တယ်တစ်ယောက်ပဲ…”
“အပြင်ဘက်ကမ္ဘာကြီးနဲ့ ယှဉ်လိုက်မယ်ဆိုရင် ဒီမြို့ငယ်လေးထဲမှာ နဂါးတစ်ကောင် ပေါ်လာဖို့ လွယ်ကူပေမဲ့ နဂါးဖြစ်ဖို့ ပေးဆပ်ရတဲ့တန်ဖိုးက အရမ်းကြီးတယ်။ အဲဒီကြွေထည်တွေက အလယ်ဘုံ(၅)ဆင့်ကို အောင်အောင်မြင်မြင် ရောက်သွားပြီဆိုရင် သူတို့အတွက် နောက်ဘဝ မရှိနိုင်တော့ဘူး။ တကယ်လို့ သူတို့က ဘဝတလျှောက်လုံး အလယ်ဘုံ(၅)ဆင့်ကို မရောက်နိုင်ဘူးဆိုရင်တော့ သူတို့ရဲ့စိတ်ဝိညာဉ်က ပျောက်ကွယ်သွားပြီး အရာအားလုံးက အဆုံးသတ်သွားလိမ့်မယ်။ တာအိုဘိုးဘေးတွေ၊ ဗုဒ္ဓဘိုးဘေးတွေကတောင် သူတို့ကို ဘာမှလုပ်မပေးနိုင်ဘူး…”
“ဒီအချိန်အတောအတွင်း သူတို့ကို ကြွေဝယ်သူတွေက ခေါ်ဆောင်သွားကြလိမ့်မယ်။ သူတို့ရဲ့သေခြင်း၊ရှင်ခြင်းကလည်း တခြားသူရဲ့လက်ထဲမှာပဲ ရှိလိမ့်မယ်။ ချောင်ကျိနဲ့ ရှဲ့ရှစ်တို့လို လူတွေလည်း အတူတူပဲ။ ပြောရမယ်ဆိုရင်တော့ ချောင်ကျိနဲ့ရှဲ့ရှစ်တို့လို အစွမ်းထက်ပညာရှင်တစ်ယောက် ဖြစ်လာပြီဆိုရင်တော့ ကြွေဝယ်သွားသူက သူတို့ကို ကိုးကွယ်ယုံကြည်စေချင်တာထက် တခြားဘာမှမလိုချင်ကြဘူး။ သူတို့က အဲဒီကြွေထည်ရဲ့ပိုင်ရှင်လို့ ဘယ်လိုလုပ်ပြီး ပြောရဲကြမှာလဲ…”
“ဘယ်လိုပဲဖြစ်ဖြစ် ဒါက နှစ်ဦးနှစ်ဖက် အကျိုးအမြတ်အတွက်ပဲလေ။ ချောင်ကျိနဲ့ ရှဲ့ရှစ်တို့လို တိုက်ခိုက်စွမ်းရည်ရှိနေတဲ့ မိသားစုတိုင်းက အေးအေးဆေးဆေး အိပ်နိုင်ကြတယ်။ အကြောင်းပြချက်ကလည်း အရမ်းရိုးရှင်းတယ်လေ။ သူတို့က အသေးအဖွဲကိစ္စတွေကို ဝင်မပါကြဘူး။ ဒါပေမဲ့ မိသားစုရဲ့သေရေးရှင်ရေးအချိန်မျိုးကို ရောက်လာတဲ့အချိန်မှာတော့ သေချာပေါက် ကူညီပေးကြမှာပဲ။ တကယ်လို့ မင်းက မိသားစုအတွက် တိုက်ခိုက်မပေးချင်ဘူးဆိုရင် အဆင်ပြေတယ်။ ငါက မင်းရဲ့အသက်ကြွေကို ဖျက်ဆီးလိုက်ပြီး လူတိုင်း အတူတူသေလိုက်ကြရုံပဲလေ..”
လျှို့ပါ့ချောင်က ကြားလိုက်ရသော စကားလုံးများကြောင့် အံ့ဩမှင်တက်နေမိခဲ့သည်။ ထို့ကြောင့်လည်း တာ့လီအင်ပါယာက နှစ်ပေါင်း(၂၀၀)၊ (၃၀၀)အတွင်း လျင်မြန်စွာ တိုးတက်လာခဲ့ရခြင်း ဖြစ်သည်။ သူတို့က ကုန်းမြေကြီးတစ်ခုလုံး၏ မြောက်ပိုင်းနယ်မြေများကိုပင် ဝါးမြိုနိုင်သော အရှိန်အဝါတစ်ခုကို ဖန်တီးနိုင်ခဲ့၏။
ချန်းစုန့်ဖုန်းကတော့ ထိုဇာတ်လမ်းထဲတွင် နစ်မြောနေပုံရသည်။ သူက ထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေထိုင်ပြီး မေးစေ့ကို လက်ဝါးနှင့် ပွတ်နေခဲ့၏။ သူက မေးစေ့ကို ပွတ်နေရင်း ပြောလိုက်သည်။
“ဒီမြို့ထဲမှာရှိတဲ့ မိန်းကလေးတွေနဲ့ ယောကျ်ားလေးတွေက အသက်(၆)နှစ်နဲ့ အသက်(၉)နှစ်အရွယ်မှာ ကြီးမားတဲ့ အတားအဆီးတစ်ခုရှိတယ်ဆိုတာ ငါသိတယ်။ အဲဒါက ကျင့်ကြံမှုအတွက် စည်းမျဉ်းတွေလိုပဲ။ တစ်ချိန်တည်းမှာပဲ လူတစ်ယောက်ရဲ့ အနာဂတ်ကျင့်ကြံရေး အောင်မြင်မှုအဆင့်ကိုလည်း သိနိုင်တယ်။ တကယ်လို့ အဲဒီအချိန်မှာ ကြွေဝယ်သူက မြို့ငယ်လေးကို ရောက်လာပြီး အနာဂတ် တောက်ပတဲ့ကလေးကို ခေါ်သွားမယ်ဆိုရင် တန်ဖိုးမရှိတဲ့ ကြွေထည်တွေကရော ဘာဖြစ်သွားမှာလဲ။ ဒီမြို့ငယ်လေးထဲမှာ အလောင်းအစား ရှုံးနိမ့်သွားတဲ့ ကလေးငယ်တွေနဲ့ တန်ဖိုးမရှိတဲ့ သူတို့ရဲ့အသက်ကြွေတွေက ဘာဖြစ်သွားမှာလဲ။ နဂါးမီးဖိုကြီးတွေက သူတို့ကို ဘယ်လိုဖြေရှင်းတာလဲ….”
ချန်းစုန့်ဖုန်းက တိုးတိုးလေး ပြောလိုက်သည်။
“သူတို့ကို နဂါးမီးဖိုထဲကနေ ထုတ်ယူသွားကြတယ်။ ပြီးတော့ တနေရာတည်းမှာပဲ ခွဲပြီး လွှတ်ပစ်လိုက်ကြတယ်။ မြို့အပြင်ဘက်မှာ ကြွေထည်တောင်တစ်ခုရှိတယ်။ အဲဒီနေရာမှာ ပစ်ထားခဲ့တာပဲ..”
လျှို့ပါ့ချောင်က အနည်းငယ် မကြည်မသာဖြစ်သွားခဲ့၏။ သူက ပြန်မေးလိုက်သည်။
“အဲဒီကလေးတွေကရော ဘာဖြစ်သွားတာလဲ…”
ချန်းစုန့်ဖုန်းက ခေါင်းခါပြီး ပြောလိုက်သည်။
“သူတို့နဲ့ ပတ်သက်ပြီး ငါလည်း လုံးဝမကြားဖူးဘူး။ ဒါပေမဲ့ အခြေအနေကောင်းမယ်လို့တော့ မထင်ဘူး…”
လျှိုပါ့ချောင်က သက်ပြင်းချလိုက်ပြီး ပါးကို လက်နှစ်ဖက်နှင့် ပြင်းပြင်းထန်ထန် ပွတ်လိုက်မိသည်။ ထိုအရာက အဖွဲ့အစည်းအသီးသီးမှ သူတော်စင်များ ကိုယ်တိုင်ဆုံးဖြတ်ထားသည့် လျှို့ဝှက်ကိစ္စတစ်ခုဖြစ်သည်။ သူ့လို လေမိုးကြိုးဥယျာဉ်မှ သာမန်ကျင့်ကြံသူတစ်ယောက်က အပြစ်ပြော၍ရနိုင်သော အရာတစ်ခုမဟုတ်ချေ။ သို့သော် ထိုလူငယ်လေးကတော့ အနည်းငယ် မကျေမနပ် ဖြစ်နေခဲ့၏။
အချိန်တော်တော်ကြာ တိတ်ဆိတ်သွားပြီးနောက် လျှိုပါ့ချောင်က တိုးတိုးလေး ပြောလိုက်သည်။
“ဒါဆိုရင် ဒီနေရာကနေ ထွက်လာတဲ့သူတိုင်းက နယ်ရုပ်လေးတွေပေါ့…”
ချန်းစုန့်ဖုန်းက ပြောလိုက်၏။
“ကျင့်ကြံမှုလမ်းကြောင်းမှာ ဘယ်သူကရော နယ်ရုပ်မဟုတ်လို့လဲ…”
လျှိုပါ့ချောင်က အနည်းငယ်ဝမ်းနည်းသွားခဲ့ပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။
“အဲဒါတော့အမှန်ပါပဲလေ…”
…………….
အိမ်တံခါးက တိုးတိုးလေး ပွင့်သွားခဲ့သည်။ မြက်ဖိနပ်စီးထားသော ဖြူဖပ်ဖြူရော် မျက်နှာနှင့် လူငယ်လေးက တံခါးပေါက်မှ ခြေဖော့၍ လျှောက်လာပြီး သစ်သားတံခါးကို တိုးတိုးလေး ပြန်ပိတ်လိုက်သည်။ သူက အဘိုးယန်၏ပုံစံအတိုင်း ခုံငယ်လေးတစ်ခုကိုရွှေ့ပြီး လှေကားထစ်တွင် ထိုင်နေခဲ့၏။
မိုးရေစက်များက ကျဆင်းလာပြီး ကောင်းကင်ကြီးက ညအချိန်အလား မည်းမှောင်နေခဲ့သည်။ သို့သော် ဘာကြောင့်မှန်း မသိသော်လည်း အလွန်ပြင်းထန်သော မုန်တိုင်းများ တိုက်ခတ်နေသည့်အချိန်တွင် တံစက်မြိတ်အောက်၌ မိုးရေစက်များများ မရှိချေ။
အဘိုးအိုက အချိန်တော်တော်ကြာ ထိုင်နေသော်လည်း သူ့အင်္ကျီပေါ်တွင် ရေငွေ့အနည်းလေးသာ ရှိသည်။
ချန်းပင်အန်းက လက်ချောင်းလေးများကို လှုပ်ရှားနေပြီး ခြံဝန်းထဲတွင် ရေကန်ငယ်လေးကဲ့သို့ ဖြစ်နေသော ရေများကို တိတ်တဆိတ်ကြည့်နေခဲ့၏။
အဘိုးအိုက ဆေးတံကြီးကိုရှိုက်ပြီး မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။ အလွန်များပြားသော မီးခိုးငွေ့များက ပတ်ပတ်လည်တွင် ပြည့်နှက်နေခဲ့၏။ တံစက်မြိတ်အောက်တွင် ရှိနေသော မီးခိုးငွေ့များနှင့် တံစက်မြိတ် အပြင်ဘက်တွင် ရှိနေသော မိုးရေစက်များက အချင်းချင်း ရောယှက်သွားခဲ့၏။ ကမ္ဘာမြေကြီး၏ ကြားထဲတွင် မမြင်ရသော မျဉ်းတစ်ကြောင်း ရှိနေသလို ထင်ရသည်။
အဘိုးအိုက ထိုကလေးငယ်ကို မမုန်းရသည့် အကြီးမားဆုံး အကြောင်းပြချက်ကတော့ မည်ကဲ့သို့သော အခြေအနေမျိုး ဖြစ်စေကာမူ ထိုကလေးက သူ့ကိုနှောင့်ယှက်ခြင်း မရှိချေ။ သူက စကားမပြောချင်လျှင် ထိုကလေးကလည်း ပါးစပ်မဟခဲ့ပေ။ ထိုကလေးက သူ့တပည့်လီအာ့နှင့် အလွန်တူညီနေခဲ့၏။ ကျန်းတဖုန်းကတော့ အတော်လေးကို နိမ့်ကျလွန်းသည်။
ချန်းပင်အန်းက တိုးတိုးလေး ပြောလိုက်၏။
“အဘိုးယန် …
အရင်နှစ်တွေအတွက် ကျေးဇူးတင်ပါတယ်…”
အဘိုးအိုက မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
“ငါ့ကိုကျေးဇူးတင်တာလား။ ငါ မှတ်မိသလောက် ပြောရမယ်ဆိုရင် ငါမင်းကို အခမဲ့ ဘာမှမကူညီဖူးဘူးလေ။ ငါ မင်းဆီကနေ အခကြေးငွေ မယူတဲ့အချိန် ရှိခဲ့လို့လား..”
ချန်းပင်အန်းက ပြုံးလိုက်သည်။ အဘိုးယန်က သူ့ကို ယန်မိသားစုဆေးဆိုင်အတွက် တောင်ထိပ်ပေါ်သို့ ဆေးပင်များ ခူးခိုင်းသည့်အချိန်တွင် ဈေးနည်းနည်းနှင့် ဝယ်ယူခဲ့သော်လည်း ဆေးဆိုင်မှ ပြန်ရောင်းသည့်ဆေးများကလည်း ဈေးနည်းနည်းနှင့်သာ ရောင်းချခဲ့ခြင်းဖြစ်သည်။ ထိုအရာက တရားမျှတ၏။ အမှန်တိုင်းပြောရလျှင် ထိုအရာက သူ့အတွက် လက်တွေ့အကျဆုံးအကူအညီတစ်ခုဖြစ်ကြောင်း ချန်းပင်အန်းက သိနေခဲ့သည်။
ထို့ပြင် သူကိုယ်တိုင်ဖန်တီးထားသော ဆေးတံကြီးက မည်မျှတန်ကြေးရှိမည်နည်း။ ချန်းပင်အန်းက နေမကောင်း၊ ရောဂါမရဘဲ နှစ်ပေါင်းများစွာ ခံနိုင်ရည်ရှိခဲ့သည်။ ပြောရမည်ဆိုလျှင် အဘိုးကြီးယန် သူ့ကို သင်ထားပေးခဲ့သော အသက်ရှုလေ့ကျင့်နည်းကို အားကိုးခဲ့ရခြင်းဖြစ်၏။
အဘိုးအိုက ကောင်းကင်ပေါ်ကိုမော့ကြည့်လိုက်သည်။ သူက အပြုံးနှင့်ပြောလိုက်၏။
“တခြားသူတွေကတော့ အကူအညီ နည်းနည်းပေးတဲ့အချိန်မှာ လူသားတွေကို ဒုက္ခကနေ ကယ်တင်လိုက်တဲ့ ဗုဒ္ဓတစ်ပါးလို ဟန်ဆောင်ကြတယ်။ အထူးသဖြင့် အရေးပါတဲ့သူတွေက သူတို့ရဲ့သွားထဲမှာရှိတဲ့ သွားချေးနည်းနည်းကို ထုတ်ပေးလိုက်တာနဲ့ သူတို့က အရမ်းကျေးဇူးတင်ကြတယ်။ သူတို့ရဲ့ မသိနားမလည်မှုတွေကိုတောင် မသိဘဲ သူတို့ရဲ့ အပြစ်ကင်းစင်မှုကြောင့် လှုပ်ရှားသွားပြီး ဂရုဏာတရားကိုပြန်ပြီး ပေးဆပ်ဖို့တောင် ခံစားခဲ့ကြတယ်။ ဒါကြောင့် သစ္စာမရှိတဲ့ အရာရှိတွေနဲ့ မောက်မာတဲ့ကျောင်းသားတွေ ရှိလာကြတာပဲ။ သူတို့တွေကတော့ ကိုယ့်ရဲ့အုတ်မြစ်ကို မေ့နေကြတဲ့ အရူးတွေနဲ့တူတယ်။ သူတို့က ဗိုက်ထဲကနေ ထွက်မလာသင့်ဘူး…”
ချန်းပင်အန်းက ခေါင်းကုတ်ပြီး အနည်းငယ် စိုးရိမ်သွားခဲ့သည်။ အဘိုးအိုက ဘာပြောနေကြောင်း သူလည်း မသိခဲ့ပေ။
အဘိုးအိုက ပြန်လှည့်လာပြီး သူ့ကို အေးစက်စွာ ပြောလိုက်သည်။
“ငါက မင်းကိုပြောနေတာ မဟုတ်ဘူး…”
ထိုအချိန်တွင် ချန်းပင်အန်းက ရုတ်တရက် ရင်းနှီးသောလူတစ်ယောက်ကို မြင်လိုက်ရသည့်အတွက် အနည်းငယ် မှင်တက်သွားခဲ့သည်။
ပင်မခန်းမကြီး၏ တံခါးအနောက်ဘက်တွင် စြင်္ကံတစ်ခုရှိသည်။ သက်လတ်ပိုင်းအရွယ် စာသင်သားက လက်ထဲတွင် ထီးတစ်ချောင်းကို ကိုင်ပြီး တခြားလက်တစ်ဖက်တွင် ခုံတစ်ခုကို ကိုင်ထားသည်။ တံခါးကို ဖြတ်လာပြီးနောက် သူက စြင်္ကံတွင် ခုံကို ချထားလိုက်၏။
သူက ထီးကို ခုံပေါ်တွင် တင်ထားခဲ့ပြီး လက်နှစ်ဖက်နှင့် သူ၏အဝတ်များကို ခါလိုက်သည်။ ထို့နောက် သူက ထိုင်လိုက်ပြီး ခြံဝန်း၏ တံစက်မြိတ်အောက်တွင် ရှိနေသော အဘိုးအိုနှင့် လူငယ်တို့ကို ပြုံးပြလိုက်၏။
သူက နွေးထွေးစွာ ပြောလိုက်သည်။
“ချောက်ကမ်းပါးကျောင်တော်က ချီကျင့်ချွန်က ဆရာကြီးယန်ကို အရိုအသေပေးပါတယ်…”
စာသင်သား၏ဖိနပ်များက မိုးရေစိုနေပြီး ရွှံ့များပေနေသည်။ သူ၏အဝတ်အစားများလည်း အတူတူသာဖြစ်၏။
အဘိုးအိုကတော့ သူ၏ဆေးတံနှင့် စာသင်သားကိုချိန်ပြီး ပြောလိုက်၏။
“မင်းရောက်လာတဲ့ ပထမဆုံးနေ့ကတည်းက မင်းက မအောင်မြင်နိုင်ဘူးဆိုတာ ငါသိတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာခဲ့တာကိုတောင် မင်းဆီကနေ ဆင်ခြေတစ်ခုမှ မကြားရဘူး။ ဒါက တော်တော်လေး ထူးဆန်းတယ်။ ချီကျင့်ချွန်… မင်းက အရှက်ခွဲမှုကို လက်ခံတဲ့ လူတစ်ယောက် မဟုတ်ပါဘူး။ ဒါကြောင့် မင်းက ဒီတစ်ကြိမ် ရူးသွပ်သွားမယ်ဆိုရင်တောင် ငါက အံ့ဩနေမှာ မဟုတ်ဘူး..”
ချီကျင့်ချွန်က ဗိုက်ကို ပွတ်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“ကျွန်တော့်မှာလည်း မကျေနပ်တာတွေ ရှိပါတယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ဗိုက်ထဲမှာ အဲဒါတွေ ပြည့်နေပြီလေ။ ကျွန်တော်က ကျယ်ကျယ်လောင်လောင် မပြောတာပဲ ရှိပါတယ်…”
အဘိုးကြီးယန်က ခဏကြာစဉ်းစားနေခဲ့၏။
“ငါက မင်းရဲ့စွမ်းရည်တွေကိုတော့ မသိဘူး။ ဒါပေမဲ့ မင်းရဲ့ဆရာက စကားလုံး(၄)လုံးကို ပြောရဲခဲ့တဲ့အတွက် ငါ့မျက်လုံးထဲမှာတော့ သူ့ကို လူတစ်ယောက်အဖြစ် သတ်မှတ်ပေးနိုင်တယ်…”
အဘိုးအိုက သူ့ကို လက်မထောင်ပြလိုက်၏။
ချီကျင့်ချွန်က ခါးသီးစွာ ပြုံးလိုက်မိသည်။
“ကျွန်တော့်ဆရာက တကယ်ပဲ ပိုပြီးဗဟုသုတကြွယ်ဝပါတယ်…”
အဘိုးအိုက ခနဲ့သလို ပြောလိုက်၏။
“ငါက စာသင်သားတစ်ယောက် မဟုတ်ဘူး။ တကယ်လို့ မင်းဆရာရဲ့ဗဟုသုတက အထွဋ်အမြတ်သခင်တွေထက် ပိုပြီးမြင့်မားမယ်ဆိုရင်တောင် ငါကတော့ သူ့ကိုအကောင်းပြောမှာ မဟုတ်ဘူး…”
ချီကျင့်ချွန်က လေးလေးနက်နက် မေးလိုက်သည်။
“ဆရာကြီးယန်…
ကျွန်တော့်ဆရာရဲ့ စကားလုံး(၄)ခုက မှန်တယ်လို့ထင်လား…”
အဘိုးအိုက ရယ်လိုက်၏။
“ငါတော့ မထင်ဘူး။ အရင်တုန်းကတော့ ဒီကမ္ဘာကြီးထဲမှာရှိတဲ့ လူတွေအားလုံးက အဲဒီစကားလုံး(၄)ခုကို ယုံကြည်နေကြတဲ့အတွက် ငါက တော်တော်လေး စိတ်ရှုပ်မိတယ်။ လူတစ်ယောက်က မတူညီတဲ့ အခြေအနေနဲ့ ပြောလိုက်တဲ့ အချိန်မှာတော့ ငါက စိတ်သက်သာရာ ရသွားသလို ခံစားခဲ့ရတယ်။ အဲဒါလောက်ပါပဲ။ မင်းတို့စာသင်သားတွေက အချင်းချင်း တိုက်ခိုက်နေကြတယ်။ မင်းတို့ရဲ့ ဓလေ့ထုံးထမ်းတွေက ပျောက်ကွယ်သွားပြီး အပေါ်ယံတွေနဲ့ ဖုံးလွှမ်းသွားတာကို ငါက ကြည့်ရတာ သဘောကျတယ်လေ…”
ချီကျင့်ချွန်က စကားပြောရန် ပြင်လိုက်စဉ် အဘိုးအိုက လက်ကာပြလိုက်သည်။
“ယဉ်ကျေးမနေပါနဲ့။ ငါလည်း မကြားချင်တော့ဘူး။ ငါတို့က အမျိုးအစားတူတဲ့သူတွေမှ မဟုတ်တာ၊ ဒါက မျိုးရိုးစဉ်ဆက် အတူတူပဲ။ ဒီတော့ စည်းမျဉ်းစည်းကမ်းတွေကို မချိုးဖောက်နဲ့။ ပြီးတော့ အခု မင်းကို လူတိုင်းက မုန်းတီးနေကြပြီ။ ငါက မင်းနဲ့မိတ်ဆွေ မဖြစ်ရဲဘူး…”
ချီကျင့်ချွန်က ခေါင်းညိတ်ပြလိုက်၏။ သူက မတ်တပ်ရပ်လိုက်ပြီး ချန်းပင်အန်းကို လက်ပြလိုက်သည်။
“ငါက မင်းပေးထားတဲ့ မြွေကျောက်တုံး(၂)တုံးကိုသုံးပြီး သီးသန့်တံဆိပ်တုံး(၂)ခု ထွင်းထုထားတယ်။ တစ်ခုက လီ တံဆိပ်တုံးနဲ့ နောက်တစ်ခုကတော့ ရှောင်ကျွမ့် တံဆိပ်တုံးပဲ။ ငါ မင်းကို ပေးခဲ့မယ်…”
ချန်းပင်အန်းက မိုးရေထဲသို့ ပြေးထွက်သွားခဲ့သည်။ သူက ချီကျင့်ချွန်၏ရှေ့တွင် ရပ်လိုက်ပြီး အဖြူရောင်အိတ်ကလေးကို ယူလိုက်၏။
ချီကျင့်ချွန်က ပြုံးလိုက်သည်။
“ဒါကို သေချာထိန်းသိမ်းထားဖို့ မမေ့ပါနဲ့။ နောက်ပိုင်း မင်းက လက်ရေးပန်းချီတွေဖြစ်ဖြစ်၊ သဘောကျတဲ့ ပန်းချီကားတွေကိုဖြစ်ဖြစ် တွေ့ပြီဆိုရင် ဒီတံဆိပ်ကိုတင်ပြီး ကူးယူလို့ရတယ်…”
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။
“ကောင်းပါပြီ ဆရာ…”
အဘိုးကြီးယန်က လူငယ်လေး၏လက်ထဲတွင် ရှိနေသော အိတ်ကိုကြည့်ပြီး မေးလိုက်သည်။
“ချွန်ဆိုတဲ့စကားလုံးကရော ဘယ်နေရာမှာလဲ…”
ချီကျင့်ချွန်က ပြုံးလိုက်၏။
“ကျွန်တော်က အစောပိုင်းမှာ တံဆိပ်တုံးတစ်ခု ထွင်းပြီးသွားပြီ။ အဲဒီတံဆိပ်တုံးကို ကျိုးမိသားစုက ကလေးဆီ ပေးလိုက်တယ်…”
အဘိုးအိုက ရယ်လိုက်သည်။
“ချီကျင့်ချွန် မင်းက လူချမ်းသာတစ်ယောက်လား…”
ချီကျင့်ချွန်ကတော့ အဘိုးအို၏စကားကို ဂရုမစိုက်ခဲ့ပေ။ သူက နှုတ်ဆက်ပြီး ထွက်ခွာသွားခဲ့၏။
ထိုနေရာတွင် သစ်တုံးကြီးကဲ့သို့ ရပ်နေသော လူငယ်လေးကိုမြင်သည့်အခါ အဘိုးကြီးယန်က ဒေါသတကြီး ပြောလိုက်သသည်။
“မင်းက သူများပေးတဲ့ ပစ္စည်းကို အလကားယူလိုက်ပြီ။ အခု မင်းက အိမ်ပြန်ပြီး ပုန်းနေချင်တာလား။ မင်းက ဆရာချီနဲ့အတူ လိုက်သွားရမယ်ဆိုတာ မသိဘူးလား..”
လူငယ်လေးက ပင်မခန်းမ၏အနောက်တံခါးဆီသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။ အဘိုးအိုက ရယ်ပြီး ကြိမ်းမောင်းလိုက်၏။
“ထီးယူသွား။ မင်းရဲ့လက်ရှိခန္ဓာကိုယ်နဲ့ မိုးရေတွေကို ခံနိုင်ရည်ရှိမှာလား..”
ချန်းပင်အန်းက ဆိုင်အကူဆီမှ ထီးတစ်ချောင်း ငှားလိုက်ပြီး ဆရာချီ၏နောက်မှလိုက်သွားခဲ့သည်။ သူတို့က လမ်းထဲတွင် အတူတူလျှောက်နေခဲ့၏။
တံစက်မြိတ်အောက်တွင်တော့ အဘိုးအို တစ်ယောက်ထိုင်ပြီး ဆေးတံသောက်နေခဲ့သည်။ မီးခိုးငွေ့များက လေထဲတွင် လွင့်မျောနေခဲ့၏။ သူကတော့ တံဆိပ်တုံး(၂)ခုအကြောင်း စဉ်းစားနေခဲ့သည်။ သူတို့က အိတ်ထဲတွင်သာ ရှိနေသေးသော်လည်း တစ်စုံတစ်ခုလွဲမှားနေကြောင်း အဘိုးအိုက ခံစားမိခဲ့၏။ ထို့ကြောင့်လည်း သူက ချွန်ဟူသော စကားလုံးကို မေးခဲ့ခြင်းဖြစ်သည်။ ထိုအရာက အလွန်ထူးခြားသော အမြင်အာရုံတစ်ခုဖြစ်၏။
သိပ်မကြာခင် မြက်ဖိနပ်နှင့် လူငယ်လေးက ခြံဝန်းထဲကို ပြန်လာခဲ့သည်။
အဘိုးကြီးယန်က မေးလိုက်၏။
“သူက ဘာပြောသွားတာလဲ..”
ချန်းပင်အန်းက သက်ပြင်းချလိုက်ပြီး ထိုင်ခုံလေးတွင် ပြန်ထိုင်လိုက်သည်။
“လူကြီးလူကောင်းတစ်ယောက်က အနိုင်ကျင့်ခံရနိုင်တယ်လို့ ဆရာချီက ပြောခဲ့တယ်.”
အဘိုးကြီးယန်က မျက်နှာပျက်သွားခဲ့၏။
“ကွန်ဖြူးရှပ်ကျောင်းတော်က အဘိုးကြီးတွေ ရူးကုန်တာပဲ ဖြစ်ရမယ်။ တစ်စုံတစ်ယောက်က ချောက်ကမ်းပါးကျောင်းတော်နဲ့ ချီကျင့်ချွန်ကို ပစ်မှတ်ထားနေတာ သိသိကြီးနဲ့တောင် သူတို့က ရပ်ကြည့်နေပြီး ဘာမှမလုပ်ကြဘူး။ သူတို့က တကယ်ပဲ အသုံးမဝင်တော့ဘူးလို့ ထင်နေတာလား…”
ချန်းပင်အန်းကတော့ သူ့စကားကို ရှင်းရှင်းလင်းလင်း မကြားသည့်အတွက် မေးလိုက်သည်။
“အဘိုးယန် ဘာတွေပြောနေတာလဲ…”
အဘိုးအိုကတော့ စကားတစ်ခွန်းမျှမပြောခဲ့ပေ။ သူကတော့ သူတော်စင် တစ်ယောက် ဖြစ်ရမည့်အစား လူကြီးလူကောင်း တစ်ယောက်ဖြစ်ရသည်မှာ ဘာများကောင်းသနည်းဟု တစ်ယောက်တည်း ရေရွတ်နေမိခဲ့လေသည်။
Translated by Hein Htet