← Chapters

အခန်း (၆၃)

Vol. 5 Ch. 63

အခန်း (၆၃)

Vol. 5 Ch. 63

ထိုအချိန်တွင် လမ်းမငယ်လေးထဲ၌ မိုးများက တဖြည်းဖြည်း ရပ်တန့်သွားခဲ့သည်။ နင်ယောင်က ချန်းပင်အန်းကို ပြန်လှည့်ကြည့်လိုက်ရာ သူ၏အသက်ရှုသံက တည်ငြိမ်အေးချမ်းနေကြောင်း တွေ့လိုက်ရသည်။

သူမက အဘိုးကြီးယန်ကို သဘောမကျသော်လည်း ထိုအဘိုးကြီးက အစစ်အမှန် ပညာရှင်တစ်ယောက်ဖြစ်ကြောင်း ဝန်ခံရပါလိမ့်မည်။

နင်ယောင်က ခဏရပ်လိုက်ပြီး ယန်မိသားစု၏ မထင်မရှား ဆေးဆိုင်လေးကို လှည့်ကြည့်လိုက်သည်။

မိုးရွာပြီးစအချိန်တွင် ယန်မိသားစု၏ဆေးဆိုင်က မြူခိုးများထဲတွင် လွှမ်းခြုံထားသလို ဖြစ်နေ၏။ မိန်းမပျိုက အနည်းငယ် ပြင်ဆင်လိုက်သည်။

“အဘိုးကြီးယန်ကလည်း ရိုးရှင်းတဲ့ လူတစ်ယောက် မဟုတ်ဘူး…”

ချန်းပင်အန်းကတော့ ထိုအရာနှစ်ခု၏ ကွဲပြားမှုကို မကြားခဲ့ပေ။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။

“အဘိုးယန်က လူကောင်းတစ်ယောက်လို့ ထင်ပါတယ်။ အခု အဘိုးယန်က သူ့ရဲ့အစွမ်းကို ဖုံးကွယ်ထားတယ် ဆိုတာတော့ ကျွန်တော်သိတယ်။ မိန်းကလေးနင်… သူကလည်း ကျင့်ကြံသူတစ်ယောက်လို့ သတ်မှတ်နိုင်တယ် မဟုတ်လား…”

နင်ယောင်က ချန်းပင်အန်း နားမလည်နိုင်သော အရာတစ်ခုကို ပြောလိုက်သည်။

“နည်းနည်းတော့တူတယ်။ ဒါပေမဲ့ အဲဒါက နင့်အတွက်တော့ ဘာမှကွဲပြားမှာ မဟုတ်ဘူး…”

ယခု သူတို့က အမိုးတံတား၏ တောင်ဘက်စွန်းတွင် ရောက်နေပြီး ကံဆိုးမှုကမှ အသက်ရှင်နေခဲ့သော ချန်းပင်အန်းက အစိမ်းဝတ်မိန်းကလေး၏ နောက်ကျောကို လှည့်ကြည့်လိုက်သည်။ ထိုလူငယ်‌၏ စိတ်အခြေအနေက အလွန်ကွဲပြားနေခဲ့၏။

ခြေသံများကို ကြားသည့်အချိန်တွင် သူမက အပြုံးနှင့် မတ်တပ်ရပ်လိုက်သည်။ သူမက ဘေးချင်းယှဉ်၍ ရပ်နေသော အစိမ်းဝတ်မိန်းကလေးနှင့် မြက်ဖိနပ်စီး လူငယ်လေးကို တွေ့လိုက်ရသည်။ မြင်းမြီးဆံပင်နှင့် မိန်းမပျိုက အနည်းငယ် မသက်မသာ ခံစားလိုက်ရ၏။

ချန်းပင်အန်းကတော့ သူ့ရှေ့‌တွင် ရှိနေသော ရွမ်ရှို့ဟုခေါ်သည့် မိန်းကလေးကို သာမန်မိန်းကလေးတစ်ယောက်အဖြစ် သတ်မှတ်ရဲခြင်း မရှိချေ။ ထိုမိန်းကလေးက သူ့အတွက်တော့ အလွန်လေးနက်သော ပုံရိပ်တစ်ခုကို ဖန်တီးပေးနိုင်သေးသည်။

ရွမ်ရှို့က အလွန်အေးစက်ပြီး မာနကြီးသော နင်ယောင်ကို စိုက်ကြည့်လိုက်၏။ သူမက သူ့ကို နှုတ်မဆက်ရဲပေ။ နင်ယောင်ကလည်း အလွန်နူးညံ့သိမ်မွေ့ပြီး လှပသော မိန်းမပျိုကို လှည့်ကြည့်လိုက်၏။ သူမကလည်း သူ့ကို နှုတ်မဆက်ချင်ခဲ့ပေ။ သူတို့(၃)ယောက်က အမိုးတံတား၏ လှေကားမှ ဆင်းလာခဲ့ကြသည်။

ချန်းပင်အန်းက တိုးတိုးလေး ပြောလိုက်သည်။

“လျှိုရှန်းယန်က အဆင်ပြေတယ်လို့ ဆရာချီဆီကနေ ကြားခဲ့ရတယ်…”

ရွမ်ရှို့က ခေါင်းညိတ်ပြလိုက်၏။

“သူ နိုးလာပြီ...။ သူ့ကိုမြင်လိုက်ရတဲ့အချိန်မှာ ငရဲမင်းကြီးက သနားသွားတဲ့အတွက် လျှိုရှန်းယန်ရဲ့အသက်ကို လွှတ်ပေးလိုက်တယ်လို့ ယန်မိသားစုဆိုင်ရှင်ကတောင် ပြောတယ်။ သူသာ နိုးလာမယ်ဆိုရင် အဆင်ပြေပြီလို့ ဆိုင်ရှင်အိုကြီးကလည်း ပြောလိုက်တယ်။ နင်က စိုးရိမ်နေမှာ ကြောက်တဲ့အတွက် ငါက နင့်ကိုမြန်မြန် ပြောပြချင်ခဲ့ပါတယ်။ ဒါပေမဲ့ ငါ့အဖေက တံတားကို ကျော်သွားခွင့်မပေးဘူး…”

မိန်းကလေးက တေးသီငှက်လေးတစ်ကောင်ကဲ့သို့ မရပ်မနား ပြောနေခဲ့သည်။ အဆုံးတွင်တော့ သူမ၏ပုံစံက အနည်းငယ် တောင်းပန်ချင်သလိုဖြစ်သွား၏။ မည်သို့ဖြစ်စေကာမူ တချို့အရာများကိုတော့ ထိုမိန်းမပျိုကလည်း ကျယ်လောင်စွာ မပြောနိုင်ခဲ့ပေ။

လျှိုရှန်းယန် နိုးလာခဲ့ပြီးနောက် သူမ ပထမဆုံး လုပ်ခဲ့သည်မှာ အခန်းထဲမှ ပြေးထွက်သွားခဲ့ခြင်း ဖြစ်သည်။ သူမက အမိုးတံတားကို ရောက်သည့်အချိန်တွင် မြို့ထဲသို့ သွားခွင့်မပေးကြောင်း သူမအဖေ၏ သတိပေးချက်ကိုပင် လုံးဝမေ့နေခဲ့ပြီး ထိုလူငယ်လေးကို သတင်းပြောပြရန်သာ အလေးထားနေမိခဲ့သည်။

သူမက မြောက်ဘက်လှေကားထစ်မှ ဆင်းပြေးသွားတော့မည့်အချိန်တွင် သူမ၏နားရွက်ကို သူမ၏အဖေက ဆွဲခေါ်သွားခဲ့၏။ ထို့ကြောင့် မိန်းမပျိုက တောင်ဘက်လှေကားထစ်တွင် ထိုင်စောင့်နေခွင့်ပေးရန် သူမ၏အဖေကို မနည်းပြောခဲ့ရသည်။

ထိုအရာက မြင်မြင်ချင်း မေတ္တာသက်ဝင်ခြင်း မဟုတ်သလို စိတ်ကူးယဉ်ဆန်သော ချစ်ခြင်းမေတ္တာမျိုးလည်း မဟုတ်ချေ။ ထိုအရာက သနားကြင်နာသော စိတ်ခံစားချက်တစ်ခုသာ ဖြစ်သည်။ အဓိကအချက်ကတော့ ထိုမိန်းကလေးက သူ့ကို ကြိုက်လာအောင် ချန်းပင်အန်းက မလုပ်ခဲ့ပေ။

တစ်ဖက်တွင်တော့ သူမက သူ့အပေါ် စိတ်ကောင်းရှိနေခဲ့၏။ သူမက ချန်းပင်အန်းကို အသိအမှတ်ပြုထားသည်ဟု ဆိုနိုင်သည်။ မည်သို့ဖြစ်စေကာမူ သူတို့(၂)ယောက် ပထမဆုံးအကြိမ် တွေ့ခဲ့သည်မှာ ကျောက်တုံးပြာကမ်းပါးပေါ်တွင် ဖြစ်သည်။

လူငယ်လေးက တခြားလူတစ်ယောက်အတွက် ငါးဖမ်းရန် ရေထဲသို့ ဆင်းနေခဲ့၏။ ထို့နောက် သူ၏ဘယ်လက်တွင် ရှိနေသော ဒဏ်ရာက အလွန်ပြင်းထန်စွာ နာကျင်ခဲ့သည့်အတွက် လေပူများကိုပင် မှုတ်ထုတ်ခဲ့ရသည်။ သို့သော် သူကတော့ နောင်တရနေသလို ခံစားခဲ့ရခြင်း မရှိချေ။

နောက်ပိုင်းတွင်တော့ လျှိုရှန်းယန် ကံဆိုးသွားခဲ့သည့်အချိန်တွင်လည်း ထိုလူငယ်လေးက ရှေ့ထွက်လာပြီး တာဝန်ယူသင့်သည့်အရာကို တာဝန်ယူခဲ့သည်။ ထိုအရာက ချန်းပင်အန်း စုဆောင်းထားခဲ့သော ကောင်းမှုကုသိုလ်များ ဖြစ်နေခဲ့၏။ ထိုအရာများအားလုံးက ချန်းပင်အန်း၏ ဇွဲသတ္တိရှိမှုကြောင့်လည်း ဖြစ်သည်။ ရွမ်ရှို့ဟူသော မိန်းမပျိုက ထိုအရာကို မြင်နေခဲ့ရ၏။

အမှန်အတိုင်း ပြောရလျှင် ချန်းပင်အန်းက ပို၍များပြားသောအရာများကိုပင် လွဲချော်သွားခဲ့သည်။ ဥပမာအနေနှင့် ပြောရလျှင် ငါးခြင်းတောင်းထဲတွင် ရှိနေသော ရွှေငါး၊ ကုစန့်ကို ပေးခဲ့သော ငါးသလဲထိုးလေး၊ ခြေ(၄)ချောင်းမြွေ၊ လူငယ်လေး၏ရှေ့တွင် လွင့်မျောနေခဲ့သော သေစ်ရွက်များနှင့် အစရှိသည့်အရာများဖြစ်သည်။

သူ လွဲချော်သွားခဲ့သော ကံကောင်းမှုများ၊ အခွင့်အရေးများအားလုံးကို ထိုလူငယ်က ဖမ်းဆုပ်မိခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် ချန်းပင်အန်းက ကံကောင်းမှုများနှင့် ပြည့်နှက်နေသော လူတစ်ယောက် ဖြစ်နေခြင်းကြောင့်ဖြစ်သည်။

ချန်းပင်အန်း၊ နင်ယောင်နှင့် ရွမ်ရှို့တို့က အမိုးတံတားပေါ်မှ ဆင်းလာခဲ့ကြသည်။ လူငယ်နှင့်မိန်းမပျိုတို့ကတော့ စမ်းချောင်းထဲတွင် လျင်မြန်စွာ လျော့ကျသွားခဲ့သော ရေမျက်နှာပြင်ကို သတိထားမိခဲ့ခြင်း မရှိချေ။

မူလတုန်းကတော့ ရေစက်များက အမိုးတံတား၏ အောက်ဘက်တွင် ကပ်နေပြီး အမိုးတံတား၏ လက်ရန်းများပေါ်တွင် စုစည်းနေသောအရာများ ဖြစ်ကြသည်။ အဆုံးတွင်တော့ သူတို့အားလုံးက စမ်းချောင်းထဲသို့ ကျဆင်းသွားခဲ့ပြီး ရေထဲသို့ ပေါင်းစပ်သွားခဲ့သည်။

…………..

တစ်ချိန်တည်းတွင် ယန်မိသားစုဆေးဆိုင်၏ အနောက်ဘက်ခြံဝန်းထဲ၌ ရှိနေသော ဗွက်အိုင်လေးများက ပုံရိပ်များအဖြစ် ပြောင်းလဲသွားပြီး တခြားခြံဝန်းများကဲ့သို့ ဖြစ်သွားခဲ့၏။ သိပ်မကြာခင် ရေမျက်နှာပြင်ပေါ်၌ မီးခိုးငွေ့များ လွှမ်းခြုံနေသော ဝေဝေဝါးဝါး လူရိပ်တစ်ခု ရပ်နေခဲ့သည်။ ထိုအရာက မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရသော ခါးကုန်းကုန်း အဘွားအိုတစ်ယောက်ဖြစ်ကြောင်း သိနိုင်၏။

အဘိုးကြီးယန်ကတော့ ထူးဆန်းနေခြင်း မရှိပေ။ သူက ဆေးတံကြီးကို နောက်တစ်ကြိမ် သောက်လိုက်ပြီး မေးလိုက်၏။

“မင်းက ဘာမြင်ခဲ့တာလဲ…”

ထိုလူရိပ်က ရေ‌ထဲတွင် ရေမှော်ပင်များသဖွယ် လှုပ်ရှားနေခဲ့သည်။ သူမက အက်ရှရှလေသံနှင့် ပြောလိုက်၏။

“အဲဒီမိန်းကလေးက ဒီမှာ နောက်တက်လာမဲ့ သူတော်စင်ရဲ့တစ်ဦးတည်းသောသမီးပဲ။ သူ့ရဲ့နောက်ကြောင်းက တော်တော်လေးကို အဆင့်အတန်းမြင့်တယ်။ ဘာလို့ သူက လမ်းကြားထဲက ကောင်လေးကို သဘောကျသွားခဲ့ရတာလဲ…”

အဘိုးကြီးယန်က ခနဲ့သလို ပြောလိုက်၏။

“အဲဒါပဲလား…”

ရေပေါ်တွင် ရှိနေသော အဘွားအိုက တုန်လှုပ်သွားခဲ့ပြီး နောက်တစ်ကြိမ် စကားမပြောရဲပေ။

အဘိုးအိုက ဖြည်းညင်းစွာ ပြောလိုက်၏။

“မင်းက ဒီလောက်ထိ ရောက်လာမှတော့ ငါ မင်းကို သိထားသင့်တဲ့ စည်းမျဉ်းတွေ ပြောမယ်။ မဟုတ်ရင် နောက်ပိုင်း မင်း သေသွားတဲ့အချိန်ကျရင်‌တောင် ဘာဖြစ်သွားလဲဆိုတာကို မသိလိုက်တဲ့အတွက် အမှားကို ခံစားမိမှာမဟုတ်ဘူး…”

အဘိုးအိုကတော့ တစ်စုံတစ်ခုကို စဉ်းစားနေပုံရပြီး အလျင်အမြန် စကားမပြောခဲ့ပေ။ မိုးရေစက်များ ရပ်တန့်သွားပြီးနောက် ခြံဝန်းထဲတွင် ရှိနေသော ရေများက တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။ အဘွားအို၏ပုံရိပ်ကလည်း တဖြည်းဖြည်း ပို၍ဝေဝါးလာခဲ့သည်။

သူမက သနားစဖွယ် ပြောလိုက်၏။

“အင်မော်တယ်...

ကျွန်မက ကျွန်မရဲ့မြေးလေးကို နောက်ထပ်တွေ့ချင်သေးတယ်…”

အတွေးများ နှောင့်ယှက်ခံလိုက်ရသည့် အဘိုးကြီးယန်က အနည်းငယ် စိတ်မရှည်နိုင် ဖြစ်သွားခဲ့၏။

“အဲဒါက မင်းကိစ္စလေ။ ငါက ဒီကိစ္စကို ဆက်ပြီးတော့ ဂရုမစိုက်နိုင်တော့ဘူး…”

ထိုစကားကို ပြောလိုက်သည့်အချိန်တွင် အဘိုးအို၏မျက်လုံးများက အနည်းငယ် တွေဝေသွားပုံရသည်။ သူက တစ်ယောက်တည်း ပြောလိုက်၏။

“မင်းက ကံကောင်းတယ်။ တကယ်လို့ မင်းကသာ ဂိုဏ်း(၃)ဂိုဏ်းရဲ့ လက်ထဲကို ရောက်သွားမယ်ဆိုရင် နောက်ဘဝ ရှိနိုင်တော့မှာ မဟုတ်ဘူး။ ဗုဒ္ဓလမ်းစဉ်မှာတော့ မျောက်ကို မျှားခေါ်ပြီး မြင်းပေါ်တင်ပေးတယ်ဆိုတဲ့ ဆိုရိုးစကားတစ်ခု ရှိတယ်။ အတွေးတွေ၊ စကားလုံးတွေက အရမ်းအရေးပါတဲ့အရာ(၂)ပဲ…”

“ကွန်ဖြူးရှပ်ကျောင်းတော်သားတွေက နည်းနည်းလေး ပိုပြီးတော့ ကောင်းကြတယ်။ ဒါပေမဲ့ သူတို့ကလည်း ဒီလောက် ဂရုမစိုက်ပါဘူး။ သူတို့က သူတို့ရဲ့တပည့်တွေ၊ မြေးတပည့်တွေကိုပဲ လှိုက်လှိုက်လှဲလှဲ သင်ကြားပေးတာ။ သူတို့ကို ဂရုစိုက်ပြီး သူတို့မပြောသင့်တဲ့အရာကို‌ မပြောခိုင်းကြဘူး။ တစ်ဖက်မှာတော့ တာအိုလမ်းစဉ်က အတွေးတွေရဲ့ အရေးပါမှုကိုပဲ မြှင့်တင်ကြတယ်။ သူတို့ကတော့ ရန်သူရဲ့ကျင့်ကြံမှုမှာ အတွင်းနတ်ဆိုးအဖြစ် သတ်မှတ်ခံရတာကိုလည်း စိတ်ဝင်စားနေကြမှာ မဟုတ်ဘူး။ သူတို့က ဗုဒ္ဓလမ်းစဉ်ထက်တောင် ပိုပြီးတော့ တင်းကြပ်တယ်။ ဒါကြောင့် လူပေါင်းများစွာက လမ်းမှားကို ရောက်သွားပြီး လမ်းမှားကျင့်ကြံသူတွေ ဖြစ်သွားကြတာ…”

“တာအိုလမ်းစဉ်က တည်ငြိမ်အေးချမ်းမှုနဲ့ ကိုယ့်ကိုယ်ကိုယ် စစ်ဆေးမှုကို အလေးထားတယ်။ မင်းကသာ တာအိုလမ်းစဉ်ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ မေးခွန်းတွေကို လေ့လာလိုက်မယ်ဆိုရင်တော့ ခေါင်းထဲမှာ ရှုပ်ထွေးသွားလိမ့်မယ်..”

ဆေးတံသောက်နေသော အဘိုးအိုက တိမ်ပင်လယ်ကြီးထဲတွင် ပုန်းအောင်းနေသော ‌နဂါးတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ အဘွားအိုက ပို၍ပင် ရှုပ်ထွေးသွားခဲ့၏။ မည်သို့ဖြစ်စေကာမူ သူမက ဤနေရာတွင် မွေးဖွားကြီးပြင်းလာခဲ့ခြင်းဖြစ်သည်။ သူမက မည်သည့်စာအုပ်ကိုမျှ မဖတ်ခဲ့ဖူးချေ။ သူမက ထိုကဲ့သို့ အလွန်လျှို့ဝှက်ဆန်းကြယ်သည့် သုံးသပ်ချက်များကိုလည်း နားမလည်နိုင်ပေ။ သူမက အတတ်နိုင်ဆုံး မှတ်မိနေရန်သာ ကြိုးစားနေရ၏။

အဘိုးကြီးယန်က ရုတ်တရက်‌ ရယ်လိုက်သည်။

“မင်းက အဲဒီအရာတွေကို မှတ်မိနေစရာ မလိုဘူး။ ဘာလို့လဲဆိုတော့ ငါတို့က ဂရုမစိုက်လို့ပဲ…”

အဘွားအိုက တွေဝေနေခဲ့သည်။

အဘိုးကြီးယန်က ထပ်ပြောလိုက်၏။

“မင်းက ဘယ်လိုစဉ်းစားလဲဆိုတာ ငါတို့ဂရုမစိုက်ဘူး။ မင်းဘာလုပ်တာလဲဆိုတာကိုပဲ ငါတို့က ဂရုစိုက်တယ်…”

အဘွားအိုက လေးလေးနက်နက် ပြောလိုက်သည်။

“အင်မော်တယ်ကြီး …

ကျွန်မ မှတ်ထားပါ့မယ်…”

အဘိုးကြီးယန်က နှုတ်လမ်းကို တွန့်ကွေး၍ ပြုံးလိုက်သည်။

“မင်းက မြစ်အဘွားအို တစ်ယောက်ဖြစ်နေတဲ့အတွက် မြစ်ထဲမှာရှိတဲ့ ကိစ္စရပ်တွေကို တာဝန်ယူရလိမ့်မယ်။ အဲဒါက မင်းကိုယ်တိုင်အတွက် ကံကောင်းမှုတွေ စုဆောင်းနိုင်သလို လူသားတွေရဲ့ ကိုးကွယ်ယုံကြည်မှုကိုလည်း ရရှိနိုင်တယ်။ တကယ်လို့ လူတွေကသာ မင်းအတွက် ကျောင်းဆောင်တစ်ခု ဆောက်ပေးမယ်။ ရွှေခန္ဓာတစ်ခု ဖန်တီးပေးပြီး ကျောင်းဆောင်ထဲမှာ ရုပ်ထုတစ်ခု တည်ဆောက်ပေးမယ်ဆိုရင်တော့ အဲဒါက မင်းရဲ့စွမ်းရည်တွေ ဖြစ်လာလိမ့်မယ်။ အဲဒီနောက်မှာတော့ နန်းတွင်းက မင်းကို လက်ခံလာဖို့အတွက် ကြိုးစားရလိမ့်မယ်။ အဲဒါဆိုရင် မင်းက တိုင်းပြည်တစ်ပြည်ရဲ့မြစ်ချောင်းတွေ တောင်တွေထဲမှာ မျိုးရိုးစဉ်ဆက်မှတ်တမ်းတစ်ခု ရှိလာနိုင်ပြီး တရားဝင်အဆင့်အတန်းတစ်ခု ရရှိလိမ့်မယ်။ တကယ်လို့ အဲဒီလို မလုပ်နိုင်ဘူးဆိုရင်တော့ အနည်းဆုံး နယ်မြေမှတ်တမ်းထဲမှာတော့ မှတ်တမ်းတင်ထားနိုင်ရမယ်…”

“တကယ်လို့ မင်းကို ကိုးကွယ်နေတဲ့ ဘိုးဘေးကျောင်းဆောင်ကို လမ်းမှားကျောင်းဆောင်အဖြစ် သတ်မှတ်ပြီး နန်းတွင်းက ဖယ်ရှားဖို့ အမိန့်ပေးမယ်ဆိုရင်‌တော့ မင်းရဲ့ဘဝကြီးက နယ်လှည့်ဝိညာဉ်တွေထက်တောင် ပိုပြီးတော့ ခက်ခဲလာလိမ့်မယ်…”

အဘွားအိုက အားတင်းပြီး မေးလိုက်သည်။

“အင်မော်တယ်ကြီး …

အရင်တုန်းကပြောခဲ့သလို ကျွန်မတို့က ဒီနေရာမှာ အရာအားလုံးကို တားမြစ်ထားတယ်။ ကျွန်မလို မြစ်အဘွားအိုတစ်ယောက်က သက်တမ်းရှည်ဖို့ကလွဲရင် ဘာများလုပ်နိုင်မှာလဲ။ အင်မော်တယ်ကြီး… ကျောင်းဆောင်ထဲမှာရှိတဲ့ ကိုးကွယ်ယုံကြည်မှု၊ မြစ်ချောင်းတွေ တောင်တန်းတွေရဲ့ မျိုးရိုးစဉ်ဆက်မှတ်တမ်းနဲ့ နယ်မြေခံတိုင်းပြည်မှတ်တမ်းတွေလား…”

အဘိုးကြီးယန်က ပြောလိုက်သည်။

“အဲဒါကတော့ အရင်တုန်းကပဲ။ နောက်ပိုင်းမှာ ဘာဖြစ်လာမလဲဆိုတာ ပြောဖို့ခက်တယ်။ နောက်ပိုင်းမှာတော့ ဒီနေရာက လိုဏ်ဂူငယ်လေးတစ်ခုအဖြစ်ကနေ ဘာအတားအဆီးမှမရှိတော့တဲ့ သုခဘုံလေးအဖြစ် ပြောင်းလဲသွားလိမ့်မယ်။ လူတိုင်းက ဒီကိုလာနိုင်ပြီး ကြေးပြား(၃)အိတ်ပေးစရာ မလိုတော့ဘူး…”

“ဒါကြောင့်လည်း တာ့လီအင်ပါယာရဲ့အုတ်မြစ်က ရိုးရှင်းမှုမရှိခဲ့တာပဲ။ တချို့အရာတွေကို နှစ်ပေါင်း(၆၀) စောပြီးတော့ လုပ်ဆောင်နိုင်တယ်။ နှစ်ပေါင်း(၆၀) နောက်ကျပြီးမှလည်း လုပ်ဆောင်နိုင်တယ်။ ရလဒ်ကတော့ ကွဲပြားသွားမှာပဲ…”

အဘွားအိုက အံကြိတ်ပြီး မေးလိုက်၏။

“အင်မော်တယ်ကြီး …

အင်မော်တယ်ကြီးက ကျွန်မကို ကာကွယ်ပေးတယ်ဆိုတာ ကျွန်မရဲ့မြေးကြောင့်လား..”

အဘိုးကြီးယန်က ခေါင်းညိတ်ပြလိုက်ပြီး သူ၏ရည်ရွယ်ချက်ကို ဖုံးကွယ်ထားခဲ့ခြင်း မရှိချေ။

အဘွားအိုက နောက်တစ်ကြိမ် မေးလိုက်၏။

“ဒါဆိုရင် ဘာလို့အင်မော်တယ်ကြီးက ကျွန်မရဲ့မာခူရွှမ်ကို စစ်တောင်တန်းဆီ ခေါ်သွားခွင့်ပေးလိုက်ရတာလဲ။ ဘာလို့ သူ့ကို အင်မော်တယ်ကြီးကိုယ်တိုင် လေ့ကျင့်မပေးခဲ့ရတာလဲ…”

မြစ်အဘွားအိုအဖြစ် ပြောင်းလဲသွားသော အဘွားအိုကတော့ တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှ အဘွားမာဖြစ်သည်။

အဘိုးကြီးယန်က ဆေးတံကြီးကို လက်နှင့် ပုတ်လိုက်၏။ ထိုအချိန်တွင် ရေပြင်ပေါ်၌ ရှိနေသော အဘွားအို၏စိတ်ဝိညာဉ်က ချက်ချင်းပင် လှုပ်ရှားအော်ဟစ်နေခဲ့သည်။ နာကျင်မှုတစ်ခုက သတိပေးချက်မရှိဘဲ ထွက်ပေါ်လာခဲ့၏။ ထိုအရာက သာမန်လူသားတစ်ယောက်၏ နှလုံးသားထဲတွင် ကွဲကြေနေသလို အရိုးကြေမွသွားသလို နာကျင်မှုမျိုးဖြစ်၏။ ထိုအဘွားအိုက မည်သို့ခံနိုင်ရည်ရှိမည်နည်း။

အဘိုးကြီးယန်က အေးစက်စွာ ပြောလိုက်သည်။

“ငါ့မျက်လုံးထဲမှာတော့ ကောင်းခြင်းဆိုးခြင်းဆိုတာ ကွဲပြားမှုမရှိဘူး။ ငါက တခြားအရာတွေအပေါ် အခြေခံပြီးတော့ တိုင်းတာမှာလည်း မဟုတ်ဘူး။ ဒါကြောင့် ငါက မင်းရဲ့လုပ်ရပ်တွေကို ‌ကြိုက်တယ်လို့တော့ မထင်နဲ့။ အရင်တုန်းကတော့ ငါက မင်းနဲ့ပြဿနာမဖြစ်ချင်ဘူး။ ဒါပေမဲ့ နောက်ပိုင်းမှာ ငါသာ မင်းကို ဖျက်ဆီးပစ်ချင်တယ်ဆိုရင် အတွေးတစ်ခုပဲ လိုတယ်။ ဒါကြောင့် မင်းရဲ့ကံတရားကို မစမ်းသပ်ချင်နဲ့….”

အဘွားအိုက မြေပေါ်တွင်ဒူးထောက်ပြီး တောင်းပန်လိုက်သည်။

“အင်မော်တယ်ကြီး …

ကျွန်မ မလုပ်ရဲပါဘူး။ ကျွန်မ မလုပ်ရဲပါဘူး…”

စစ်တောင်တန်းမှ ဓားကျင့်ကြံသူများက ယင်မျိုးရိုး အစစ်အမှန်အင်မော်တယ်ကို ဖိတ်ခေါ်ရန် အတော်လေး ပေးဆပ်ခဲ့ရသည်။ လူငယ်လေးမာခူရွှမ်၏ ရိုင်းစိုင်းသော မေးခွန်းကို ရင်ဆိုင်ရသည့်အချိန်တွင် စစ်တောင်တန်းမှ ဓားကျင့်ကြံသူ၏ ရင်ထဲတွင်ပင် လှုပ်ရှားသွားသလို ခံစားခဲ့ရ၏။

သူက အစစ်အမှန်အင်မော်တယ်၏ ဒေါသကို ကြောက်လန့်နေခဲ့သည်။ ဘာကြောင့် အစစ်အမှန်အင်မော်တယ်က မာခူရွှမ်ကိုပြန်ဖြေခဲ့ရသနည်း။ ဘာကြောင့် သူက သာမန်လူသားကမ္ဘာကြီး၏ စကားနှင့် ပြန်ပြောခဲ့ရသနည်း။ ‘ငါက မလုပ်နိုင်တာ’ဟု ပြန်ပြောခဲ့ခြင်းဖြစ်သည်။

ထိုအရာက နတ်ဘုရားတစ်ပါး ပြန်ဖြေနိုင်သော မေးခွန်းတစ်ခုလည်း မဟုတ်ချေ။ သို့သော် အလွန်အဆင့်မြင့်မားသည်ဟု သတ်မှတ်နိုင်သော ဓားကျင့်ကြံသူကပင် ထိုအချက်ကို နားမလည်နိုင်ခဲ့ပေ။ အစစ်အမှန်အင်မော်တယ်ဆီတွင် သူမသိနိုင်သော စည်းမျဉ်းကန့်သတ်ချက်များရှိသည်ဟုသာ တွေးမိခဲ့၏။

သို့သော် ခြံဝန်းငယ်လေးထဲ၌ ရှိနေသော အဘိုးအိုကတော့ ထိုအရာကို ကောင်းကောင်းကြီး သိနေခဲ့သည်။ ထိုလူငယ်လေးမာခူရွှမ်က ရွေးချယ်ခံ လူငယ်တစ်ယောက်ဖြစ်၏။ သူက အစေခံမလေးကျစ်ကွေးထက် အနည်းငယ်လေးပင် နိမ့်ကျနေခြင်း မရှိချေ။

“ဝမ်ကျူး... ဝမ်ကျူး…

ထိုစကားလုံးက ကျူးဟူသော စကားလုံးမှ ဖွဲ့စည်းထားခြင်းဖြစ်သည်။ အစစ်အမှန် နဂါးတစ်ကောင်ထဲတွင် အဖိုးတန်ဆုံးအရာက ဘာများဖြစ်နေသနည်း။ ဘာကြောင့် သူမက တာ့လီမင်းသား စုန့်ကျိရှင်းကို အားကိုရန် ရွေးချယ်ခဲ့သနည်း။

ဤကမ္ဘာကြီးထဲတွင် ရှိနေသော ရှင်ဘုရင်များက သူတို့ကိုယ် သူတို့ အစစ်အမှန်နဂါးများအဖြစ် ယူဆထားကြသည်။ လူတစ်ယောက်၏ ကံတရားက တိုင်းပြည်၏ထီးနန်းနှင့် ဆက်သွယ်ထားသည်ဆိုလျှင် သူတို့နှစ်ယောက်က ပူးပေါင်းပြီး အချင်းချင်း အားဖြည့်ပေးနိုင်ကြပါလိမ့်မည်။

ထို့ပြင် ကျင့်ကြံမှုလမ်းကြောင်းက ရှည်လျား၏။ ကံတရား၊ ပါရမီ၊ အုတ်မြစ်၊ အခွင့်အရေးနှင့် အကျင့်စရိုက်ကိုလည်း ခွဲခြား၍ မရနိုင်ပေ။ သို့သော် အဆုံးတွင်တော့ ကျင့်ကြံမှုလမ်းကြောင်းတွင် ရှေ့ဆက်သွားရန် လမ်းတစ်ခုရှိနေပြီး ပါရမီရှင်များက နောက်ပိုင်းမှ မွေးဖွားလာသည့် အချိန်မျိုးလည်း ရှိတတ်သည်။ ထို့ကြောင့် ကျိန်းသေပေါက် သတ်မှတ်နိုင်သော အရာမရှိချေ။

မြို့ငယ်လေးထဲတွင်တော့ မာခူရွှမ်နှင့် ကျစ်ကွေးတို့အပြင် စုန့်ကျိရှင်း၊ ကျိုးယောင် ကုစန့်၊ ရွမ်ရှို့၊ လျှိုရှန်းယန်တို့ ကလေးများက သူတို့၏ ကိုယ်ပိုင်အခွင့်အရေးများ၊ ကံတရားများရှိနေပြီး ကောင်းကင်ဘုံ၏ အခွင့်အရေးပေးမှုကို ရရှိသည်ဟု ဆိုနိုင်၏။ သူတို့၏အောင်မြင်မှုက တခြားလူများထက် ကျော်လွန်နိုင်မည်ဟု အဘိုးကြီးယန်ကပင် မပြောရဲပေ။

အဘိုးကြီးယန်က ခြံဝန်းထဲတွင် ရှိနေသော ရေပွက်လေးများကိုကြည့်ပြီး ပြောလိုက်၏။

“သွားတော့။ အခုတော့ အမိုးတံတားကို စောင့်ကြည့်ဖို့ပဲလိုတယ်….”

အဘွားအိုက ကြောက်လန့်တကြား ပြောလိုက်သည်။

“အင်မော်တယ်ကြီး …

ကျွန်မက အမိုးတံတားအနားကိုတောင် ကပ်လို့မရဘူးလေ။ အထူးသဖြင့် အဲဒီရေကန်ကြီးပဲ။ ကျွန်မက အနားကို ကပ်သွားတဲ့အချိန်တိုင်း ဆီပူတွေထဲမှာ အပြုတ်ခံရသလို ခံစားနေရတယ်…”

အဘိုးကြီးယန်က ပြုံးလိုက်သည်။

“မင်းက အနားကို ကပ်သွားဖို့ မလိုပါဘူး။ အမိုးတံတားကို စောင့်ကြည့်နေဖို့ပဲလိုတယ်။ နောက်ပိုင်း အမိုးတံတားအောက်ကနေ တစ်ခုခုထွက်လာမယ်ဆိုရင် အဲဒါကို သေချာစောင့်ကြည့်ဖို့လိုတယ်…”

အဘွားအိုက အလျင်အမြန် အမိန့်နာခံပြီး ထွက်ခွာသွားခဲ့၏။ ခြံဝန်းထဲတွင် ရှိနေသော ရေပွက်လေးများ၏ အပေါ်ဘက်တွင် အဘွားအို၏ပုံရိပ်ကလည်း ချက်ချင်း ပျောက်ကွယ်သွားခဲ့၏။

“ဆရာ... ဆရာ”

ယန်မိသားစုဆေးဆိုင်၏ ‌အနောက်ဘက်တံခါးတွင် ကျန်းတဖုန်းက ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သတင်းကောင်းကိုပြောရန် အလျင်အမြန် ရောက်လာခဲ့သည်။ သူတို့နှစ်ယောက်က တစ်ယောက်ပြီးတစ်ယောက် အနောက်ဘက်ခြံဝန်းကို‌ရောက်လာခဲ့ကြ၏။

ရှေ့မှပြေးလာသော ကျန်းတဖုန်းက လေလှိုင်းတစ်ခုကဲ့သို့ လျှောက်လာခဲ့သည်။

“ဆရာတူအစ်ကိုကြီး ပြန်လာပြီ။ သတင်းကောင်းပါလာတယ်…”

အဘိုးကြီးယန်က ကျန်းတဖုန်း၏နောက်တွင် ရှိနေသော ရိုးသားသည့်လူကြီးကို လှည့်ကြည့်လိုက်ရာ ထိုလူက ခေါင်းညိတ်ပြလိုက်၏။ သို့သော် ထိုလူက တစ်စုံတစ်ခုပြောချင်နေသော်လည်း တွေဝေနေပုံရသည်။ သူ့ဆီတွင် မေးခွန်းများ ပြည့်နေသော်လည်း သူ၏စကားလုံးများက အိုးတိုးအန်းတမ်းဖြစ်နေနိုင်သည့်အတွက် မည်သည့်နေရာမျှစရမှန်း မသိခဲ့ချေ။

အဆုံးတွင်တော့ ထိုလူက တိုးတိုးလေးပြောလိုက်သည်။

“ဆရာ …

ဘာလို့မာခူရွှမ်ကို တပည့်အဖြစ် လက်ခံပြီး ဟိုကောင်လေးကိုတော့ လက်မခံလိုက်ရတာလဲ။ ကျွန်တော်က အဲဒီမာမျိုးရိုးကောင်လေးကို သဘောမကျဘူး..”

အဘိုးကြီးယန်က သူ့ကို စိုက်ကြည့်လိုက်သည်။

“ဒါကြောင့် မင်းက အဲဒီရွှေငါးကို ဖမ်းပြီး ချန်းပင်အန်းဆီကို ရောင်းလိုက်တာလား…”

သက်လတ်ပိုင်းလူက ကျန်းတဖုန်းထက် ပို၍သတ္တိရှိသည်။ သူက ချန်းပင်အန်း ထိုင်သွားခဲ့သော ထိုင်ခုံရှည်တွင် ဝင်ထိုင်လိုက်၏။

“ဘာဖြစ်လို့လဲ။ ကျွန်တော်က ဝမ်းသာတယ်လေ။ ဆရာက အဲဒီကလေးကို သဘောမကျဘူးလား…”

အကယ်၍ ချန်းပင်အန်းသာ ဤနေရာ၌ ရှိနေမည်ဆိုလျှင် သေချာပေါက် ထိတ်လန့်မိပါလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ထိုသက်လတ်ပိုင်းလူကြီးက လမ်းပေါ်တွင် သူ့ကို ငါးရောင်းခဲ့သောလူဖြစ်သည်။

အဘိုးကြီးယန်က ဒေါသတကြီး ရယ်လိုက်၏။

“ဒါဆိုရင် ရလဒ်ကရော အဲဒီခြင်းတောင်းနဲ့ ရွှေငါးက ချန်းပင်အန်းဆီကို ရောက်သွားလား…”

ထိုလူက မျက်နှာပျက်သွားခဲ့ပြီး စကားတစ်ခွန်းမျှမပြောခဲ့ပေ။

ကျန်းတဖုန်းကတော့ မီးလောင်ရာ လေပင့်ပေးလိုက်၏။

“ဆရာတူအစ်ကိုကြီး ….

ကျွန်တော်က ဆရာတူအစ်ကိုကြီးကို အပြစ်တင်ချင်တာတော့ မဟုတ်ဘူး။ ဒါပေမဲ့ ဆရာတူအစ်ကိုကြီးက နဂါးဘုရင်ခြင်းတောင်းကို ဖြုန်းတီးပစ်ခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစ်ကိုက တာ့လီရဲ့ရန်သူဖြစ်တဲ့ တာ့ဆွေအင်ပါယာက မင်းသားဆီကို ပေးလိုက်ရတယ်လေ…”

“နောက်ပိုင်း စုန့်ချန်ကျင့်က အစ်ကို့ကို အလွတ်ပေးမှာ မဟုတ်လောက်ဘူး။ ပြီးတော့ ကျွန်တော်တို့က ကိုယ့်ပိုင်နက်ထဲမှာ ရှိနေတဲ့အရာတွေကို လက်လွှတ်မခံသင့်ဘူးလေ။ ကျွန်တော်ရဲ့ တူလေးနဲ့ တူမလေးဆီကို ပေးလိုက်တယ်ဆိုရင်တော့ အဆင်ပြေပါသေးတယ်။ ဘာလို့ အစ်ကိုက ဒီလိုမျိုးတွေ လျှောက်တွေးနေရတာလဲ။ တကယ်လို့ အစ်ကို တကယ်ပဲ မလုပ်နိုင်ဘူးဆိုရင် ကျွန်တော့်ကိုပေးလို့ရတယ်လေ..”

အဘိုးကြီးယန်က ကျန်းတဖုန်းကို အေးစက်စွာ စိုက်ကြည့်လိုက်၏။

ကျန်းတဖုန်းက တိတ်ဆိတ်သွားခဲ့ပြီး နောက်ထပ်စကားတစ်ခွန်းမျှ မပြောရဲတော့ပေ။ သူက လက်မြှောက်လိုက်ပြီး လှေကားထစ်တွင် ငြိမ်သက်စွာ ထိုင်နေခဲ့၏။

အဘိုးအိုက ပြောလိုက်သည်။

“ဖူနန်းဟွာကိုခေါ်ပြီး နဂါးအိုမြို့ကိုသွားတော့…”

ကျန်းတဖုန်း၏မျက်နှာပေါ်တွင် အံ့ဩမှုများ ပြည့်နှက်နေခဲ့၏။ သူက ပြန်လှည့်ကြည့်လိုက်ရာ ခံစားချက်ကင်းမဲ့နေသော အဘိုးအို၏မျက်နှာကို မြင်လိုက်ရသည်။ မြို့ငယ်လေးကို စောင့်ရှောက်နေသော ထိုလူကြီးက သူ၏အကြည့်ကို ဖြည်းညင်းစွာ ရုတ်သိမ်းလိုက်၏။

သူက ဒူးနှစ်ဖက်ကို ပွတ်လိုက်ပြီး ခါးသီးစွာ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် သူက စကားတစ်ခွန်းမျှမပြောခဲ့ဘဲ ဆိုင်အနောက်ဘက်တံခါးမှနေ၍ ဆင်းသွားခဲ့၏။ ‌သူ့နောက်မှနေ၍ အဘိုးအို၏အသံကို ကြားလိုက်ရသည်။

“မင်းက သေရမယ်ဆိုရင်တောင် မင်းရဲ့အဆင့်အတန်းကို ထုတ်မပြောနဲ့…”

ကျန်းတဖုန်း၏အပြုံးက ပို၍လေးနက်သွားခဲ့သည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး ပြန်လှည့်လာခဲ့ခြင်း မရှိချေ။ သူက ခြေလှမ်းများကို မြန်လိုက်၏။ သူက ခန်းမကြီး၏ အနောက်တံခါးစြင်္င်္ကံသို့‌ ရောက်သည့်အချိန်တွင် ပြန်လှည့်လာပြီး ဒူးထောက်၍ (၃)ကြိမ် ဦးချလိုက်သည်။

သူက အသံတိုးတိုးနှင့်ပြောလိုက်၏။

“ဆရာ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပါ…”

စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် အဘိုးအိုက စကားတစ်ခွန်းမျှမပြောခဲ့ပေ။ ကျန်းတဖုန်းက ယန်မိသားစုဆေးဆိုင်မှ ဝမ်းနည်းစွာ ထွက်ခွာသွားခဲ့၏။

ထိုင်ခုံရှည်တွင် ထိုင်နေသော လီအာ့က ကျန်းတဖုန်းအတွက် ဝမ်းနည်းနေသလို ခံစားနေရ၏။

“ဆရာ ဆရာက အရမ်းကိုပဲ…”

အဘိုးအိုက ရယ်လိုက်သည်။

“ဘာလဲ မဆင်မခြင်လုပ်တယ်လို့ ပြောချင်တာလား…”

လီအာ့က ခေါင်းညိတ်ပြလိုက်၏။

“ဆရာတူညီလေးက ဆိုးရွားတဲ့အရာတွေ ဘာမှမလုပ်ခဲ့ပေမဲ့ သူက ဆရာ့အပေါ် တကယ်ကောင်းပါတယ်။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ကျွန်တော်တောင် အဲဒီအပိုင်းမှာ သူ့ကိုမယှဉ်နိုင်ဘူး…”

အဘိုးအိုကတော့ မှတ်ချက်မပေးခဲ့ချေ။

“ဘယ်လိုပဲဖြစ်ဖြစ် သူက အမြစ်မရှိတဲ့ ပေါင်းပင်တစ်ခုပဲလေ။ သူက လမ်းမဘေးမှာရှိတဲ့ ပေါင်းပင်တွေကိုတောင် မယှဉ်နိုင်ဘူး။ သူက ဘယ်နေရာမှာပဲသေသေ ကိစ္စမရှိပါဘူး..”

လီအာ့က သက်ပြင်းချပြီး ပြောလိုက်၏။

“ဆရာတူညီလေးက ဒီတစ်ကြိမ် မြို့ထဲကနေ ထွက်သွားပြီးရင် တော်တော်လေး မသက်မသာ ခံစားနေရလိမ့်မယ်…”

“ပြောရမယ်ဆိုရင်တော့ အမွေအနှစ်တွေကို လက်ဆင့်ကမ်းပေးချင်တယ်ဆိုရင် တပည့်(၃)ယောက် လိုအပ်တယ်။ သူတို့ထဲက တစ်ယောက်ကတော့ အရမ်းအသုံးဝင်ပြီး ဂိုဏ်းကို အောင်မြင်မှုတွေ ယူဆောင်လာပေးဖို့ လိုအပ်တယ်။ ဆရာ သေသွားပြီးတဲ့အချိန်ကျရင် သူက ဝန်ထုပ်ဝန်ပိုးကို ခံနိုင်ရည်ရှိပြီး အရာအားလုံးကို သည်းခံနိုင်ရမယ်။ သူက အတွင်းအပြင်အင်အားစုတွေကိုလည်း ရင်ဆိုင်ကြရလိမ့်မယ်..”

“နောက်တစ်ယောက်ကတော့ အမွေအနှစ်တွေကို ဆက်ပြီး ဖြန့်ဝေရမယ်။ သူ့ရဲ့စွမ်းရည်က ပထမလူထက် နိမ့်ကျနိုင်ပေမဲ့ သူက ကြံခိုင်သန်မာတဲ့ အကျိုးသက်ရောက်မှု ရှိရမယ်။ တကယ်လို့ အသုံးဝင်တဲ့ တပည့်က သေသွားမယ်ဆိုရင်တောင် အဲဒီလူက ဂိုဏ်း ဆက်လက်တည်ရှိဖို့အတွက် အာမခံနိုင်ရမယ်…။ ဂိုဏ်းက အထွဋ်အထိပ်ကို ရောက်နေတဲ့အချိန်မှာ သူ့ရဲ့အသုံးဝင်မှုက မသိသာဘူး။ ဂိုဏ်းက အန္တရာယ်ရှိတဲ့ အချိန်မှာတော့ သူက အရမ်းအရေးပါလာပြီ…”

“နောက်ဆုံးတစ်ယောက်ကတော့ စိတ်ဝင်စားစရာ ကောင်းတယ်။ သူ့မှာ ထူးချွန်တဲ့ပါရမီ၊ ထူးခြားတဲ့အုတ်မြစ်နဲ့ အရာအားလုံး ရှိရလိမ့်မယ်။ သူကတော့ တော်တော်လေး စိတ်ဝင်စားဖို့လည်း ကောင်းတယ်။ သူက ဆရာနဲ့ဂိုဏ်းကို ကျေးဇူးသိတတ်ဖို့ မလိုဘူး။ ပြောရမယ်ဆိုရင်တော့ တပည့်ကို သင်ကြားပေးပြီး ဆရာက ဆာလောင်မှုကြောင့် သေဆုံးသွားသလိုမျိုးပဲ။ ဒါက နောက်ဆုံးတပည့်အတွက် အခြေအနေကို ပြောတာ…”

လီအာ့က စိတ်ဝင်တစားမေးလိုက်သည်။

“ကျွန်တော်ရယ် ဆရာတူညီလေးနဲ့ မာခူရွှမ်။ ကျွန်တော်တို့က ဘယ်လိုလူတွေလဲ…”

အဘိုးကြီးယန်က အပြုံးနှင့် ပြောလိုက်၏။

“ဒီလောက်နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။ ငါ့မှာ တပည့်(၃)ယောက်ပဲရှိတယ်လို့ မင်းကို ဘယ်သူပြောလဲ…”

ထိုလူက အံ့ဩမှင်တက်သွားခဲ့၏။ သူ့အပြုံးက အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်နေသည်။

“ကျွန်တော် အဲဒါကို မေ့သွားပြီ…”

အဘိုးကြီးယန်က ရယ်လိုက်၏။

“ဒါဖြင့် စုန့်ချန်ကျင့်ရော…”

ထိုလူက လေးလေးနက်နက် စဉ်းစားနေခဲ့ပြီး အဆုံးတွင်တော့ စကား(၂)ခွန်းသာ ပြောခဲ့သည်။

“မဆိုးပါဘူး….”

အဘိုးကြီးယန်က ဆေးတံကြီးကို သောက်လိုက်ပြီး ‌မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်၏။ သူက စဉ်းစားနေရင်း ပြောလိုက်သည်။

“သူက တော်တော်လေးကို အစွမ်းထက်တယ်…”

လီအာ့က ပြန်ပြောလိုက်၏။

“စုန့်ချန်ကျင့်က လက်ခံပါ့မလား…”

သူ့တပည့် စကားဆုံးအောင် နားမထောင်ဘဲ အဘိုးကြီးယန်က ဖနောင့်ပေါက်လိုက်သည်။ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့၏။

လီအာ့က ရယ်လိုက်သည်။

“ဆရာ …

အရင်နှစ်တွေအတွင်း ကျွန်တော်တို့ လုပ်ခဲ့တဲ့အရာတွေက လျှို့ဝှက်တယ်လို့ မသတ်မှတ်နိုင်ဘူး။ ကျွန်တော်တို့က ဘာလို့ အဲဒီအရာကို ဂရုစိုက်ဖို့ လိုအပ်တာလဲ..”

အဘိုးကြီးယန်က ‌ဖြည်းညင်းစွာ ပြောလိုက်သည်။

“မင်းက ဟန်တောင်‌ မဆောင်ချင်တော့ဘူးလား။ မင်းက ဆန့်ကျင်ဖို့ ကြိုးစားနေတာလား…”

ထိုလူက ပြန်မေးလိုက်သည်။

“အဲဒါက အကြောင်းအရာ(၂)ခု မဟုတ်လား…”

အဘိုးကြီးယန်က ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ရာ သူ့အကြည့်က ကောင်းကင်ကြီးကိုပင် ဖောက်မြင်နေရသလို ထင်ရသည်။ အဘိုးအိုက တိတ်ဆိတ်နေခဲ့၏။

လီအာ့ကတော့ ရင်ထဲတွင်တော့ လေးလံနေသည့်အတွက် ပြန်မေးလိုက်သည်။

“ဆရာ …

ကျွန်တော်ရဲ့ကလေး(၂)ယောက်ကို ချောက်ကမ်း‌ပါးကျောင်းတော်ဆီ တကယ်ပဲ ပို့လိုက်ရမှာလား…”

အဘိုးကြီးယန်က ပြောလိုက်သည်။

“ချီကျင့်ချွန်က ဒီအရာကို အလဲအလှယ်အနေနဲ့ အသုံးချချင်မှတော့ ဘာလို့မပို့ရမှာလဲ။ ဒီလိုကံကောင်းတဲ့အရာတစ်ခုက နှစ်ပေါင်း(၁၀၀)မှာ တကြိမ်ပဲဖြစ်မယ်လို့ ပြောရင်တောင် လွန်မယ်မထင်ဘူး…”

လီအာ့က မေးလိုက်သည်။

“ဘာကြောင့် ချီကျင့်ချွန်က ချန်းပင်အန်းကို တစ်ကြိမ်တည်း မပေးခဲ့ရတာလဲ..”

အဘိုးကြီးယန်က ရယ်လိုက်၏။

“အဲဒီအရာက ချန်းပင်အန်းကို ကူညီပေးနေတာလို့ မင်း ထင်လား။ အဲဒီကလေးက မြန်မြန်မသေနိုင်တာနဲ့တင် တော်တော်လေးကို ကံကောင်းနေပြီ။ ယုံချင်ယုံ မယုံချင်နေ။ တကယ်လို့ မင်းက သူ့ကို နဂါးဘုရင်ခြင်းတောင်းနဲ့ ရွှေငါးလေး အောင်အောင်မြင်မြင် ပေးနိုင်ခဲ့မယ်ဆိုရင် ချန်းပင်အန်းက (၃)ရက်အတွင်း မြို့ရဲ့တစ်နေရာမှာ သေသွားရလိမ့်မယ်…”

ထိုလူက ‌ဇဝေဇဝါ ဖြစ်နေခဲ့၏။

“ချန်းပင်အန်း အသက်(၆)နှစ်မတိုင်ခင် သူ့အဖေက သူ့ရဲ့အသက်ကြွေထည်ကို ဖျက်ဆီးခဲ့တယ်။ ဘာကန့်သတ်ချက်မှ မရှိတော့ဘူး။ ဒါကြောင့် ဒီကလေးက ကောင်းမွန်တဲ့ အခွင့်အရေးတွေကို ထိန်းသိမ်းထားနိုင်စွမ်း မရှိပေမဲ့ ကောင်းတာရော ဆိုးတာရော (၂)ခုလုံး ဖြစ်နိုင်တယ်။ သူက အမှောင်ခန်းထဲမှာ ရှိနေတဲ့ မီးခွက်လေးတစ်ခုလိုပဲ။ ဒါကြောင့် အကြောင်းအရာတွေ အများကြီးဖြစ်ခဲ့တာ၊ ဒီအချိန် အတောအတွင်း ဒီကောင်လေးက တစ်ခုခုကို ရခဲ့တယ်။ ဒါက သာမန်ပဲ မဟုတ်လား…”

အဘိုးကြီးယန်က ရှင်းပြလိုက်သည်။

“ချန်းပင်အန်းသာ မြို့ထဲမှာ ရှိနေဦးမယ်ဆိုရင် ကံကောင်းနိုင်မှာ မဟုတ်ဘူး။ တကယ်လို့ အခွင့်အရေးက အရမ်းကြီးမားနေမယ်ဆိုရင်တော့ ဒီကလေးက ယူနိုင်မှာ မဟုတ်သလို ထိန်းသိမ်းထားနိုင်မှာလည်း မဟုတ်ဘူး။ သူက လက်ဗလာနဲ့ ဆင်းရဲတဲ့ဘဝမှာပဲ နေထိုင်ရလိမ့်မယ်။ သူ့အတွက်တော့ အသက်ရှင်ဖို့တောင် မလွယ်ဘူး။ တကယ်လို့ နတ်ဘုရား ကောင်းချီးပေးတဲ့ ကလေးငယ်တွေဆိုရင်တောင် ဘယ်သူကရော (၇)ကြိမ်၊(၈)ကြိမ်လောက် သေနိုင်မှာလဲ…”

သက်လတ်ပိုင်းလူကြီးက ပြုံးလိုက်သည်။

“ဒါကြောင့် ဆရာက သူ့ကို ကူညီပေးချင်နေတာပဲ။ ဆရာ ကူညီပေးတဲ့အရာတွေက ချန်းပင်အန်း လက်ခံနိုင်တဲ့အရာတွေပဲ မဟုတ်လား…”

အဘိုးကြီးယန်က ခဏကြာစဉ်းစားနေပြီး မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။

“မင်း ချန်းပင်အန်းကိုပေးဖို့ ကြိုးစားခဲ့တဲ့ အခွင့်အရေးက သူ့ကို သတ်ပစ်နိုင်တယ်ဆိုတာ သိသွားပြီလား။ တာ့ဆွေအင်ပါယာက မင်းသားနဲ့ မိန်းမစိုး၊ နင်ယောင်၊ လုပ်ကြံသူတွေ၊ ခေါင်းမာတဲ့ တာအိုသခင်တို့ကြောင့် ချန်းပင်အန်းက သေလုမျောပါး ‌ကြုံခဲ့ရတယ်…”

ထိုလူက မျက်မှောင်ကြုတ်လိုက်မိ၏။

အဘိုးကြီးယန်က ခေါင်းစဉ်ပြောင်းလိုက်သည်။

“အရင်တုန်းကတော့ ဒီကမ္ဘာကြီးကို စောင့်ကြပ်ဖို့ တာဝန်ယူရတဲ့ သူတော်စင်တွေ ပထမဆုံး လုပ်ရတဲ့အရာက သူတို့ဘိုးဘေးတွေ ချန်ထားခဲ့တဲ့ ရတနာ(၄)ခုကို စစ်ဆေးကြည့်ရတာပဲ။ သူတို့ ဒုတိယလုပ်ရတဲ့အရာကတော့ ငါ့ဆီကို ရောက်လာပြီး ငါ့ကို နှုတ်ဆက်ကြရတာပဲ။ ဒါပေမဲ့ အဲဒီသူတော်စင်တွေကတောင် အမှန်တရားကို သိကြပေမဲ့ ‌အကြောင်းပြချက်ကို မသိကြဘူး…”

“ငါ့ဆီကို ရောက်မလာတဲ့ လူ(၂)မျိုးရှိတယ်။ ပထမဆုံး တစ်မျိုးကတော့ အစောပိုင်းနှစ်တွေမှာ အများဆုံးပဲ။ အဲဒီအချိန်တုန်းက ‌အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ ဗုဒ္ဓလမ်းစဉ်က တော်တော်လေးကို ထွန်းကားခဲ့တယ်။ ပြီးတော့ ဘုန်းတော်ကြီးတွေလည်း အများကြီးရှိတယ်။ အဲဒီအဖွဲ့ကတော့ ဒီကိုရောက်မလာခဲ့ဘူး။ ဘာလို့လဲဆိုတော့ သူတို့က ကံကြမ္မာပတ်သက်မှုတွေ ရလာမှာကို စိုးရိမ်နေလို့ပဲ။ ဒုတိယတစ်မျိုးကတော့ ချီကျင့်ချွန်နဲ့တူတယ်။ အဆင့်မြင့်တဲ့လူတွေက သူ့ကို အမှန်တရားတွေ တမင်တကာ ပြောမပြခဲ့ဘူး။ ချီကျင့်ချွန်နဲ့ ငါက ပဋိပက္ခဖြစ်ပြီး တိုက်ခိုက်ဖို့ကို သူတို့က မျှော်လင့်နေကြတာ။ ဒီနေ့ ချီကျင့်ချွန် ရောက်လာတယ်ဆိုတာ အဲဒီအရာကို သူကိုယ်တိုင် ဖော်ထုတ်နိုင်ခဲ့တာ ဖြစ်နိုင်တယ်။ ဒါမှမဟုတ်...”

အဘိုးအို၏မျက်နှာက တည်ငြိမ်နေခဲ့သည်။

“ဒီလိုဖြစ်နိုင်ခြေကလည်း အရမ်းနည်းပါတယ်။ အကျိုးဆက်ကလည်း အရမ်းကြီးတယ်။ အဲဒါက မျှော်မှန်းကြည့်လို့တောင် မရနိုင်ဘူး။ ငါက မဟုတ်ပါစေနဲ့လို့ မျှော်လင့်မိပါတယ်။ အဲဒါက မဖြစ်သင့်ဘူးလေ…”

ဤကမ္ဘာငယ်လေးထဲတွင် နောက်ထပ်ကမ္ဘာတစ်ခု ရှိနေသည်။ ချီကျင့်ချွန်က နယ်မြေတစ်ခုကို အုပ်ချုပ်ရပြီး အဘိုးကြီးယန်ကတော့ စစ်မက်ရေးရာ မြို့တစ်မြို့ကဲ့သို့ ဖြစ်သည်။ သူက တခြားလူတစ်ယောက်၏ အရိပ်အောက်‌တွင် နေထိုင်သည်ဟူသော အခြေအနေမျိုး မရှိချေ။

အဘိုးကြီးယန်က ခံစားချက်များ ပြည့်နှက်စွာ ပြောလိုက်၏။

“ချီကျင့်ချွန်ရဲ့ရှေ့မှာ ရှိခဲ့တဲ့ စာသင်သားသူတော်စင်တစ်ယောက်က ပြောဖူးတယ်။ သူတော်စင်တွေက စည်းမျဉ်းတွေကို ပေတံတစ်ချောင်းလို အသုံးချပြီး အကောင်းဆုံး မြင်နိုင်အောင် ကြိုးစားရတယ်။ အရာအားလုံးကိုလည်း အတည့်အတိုင်းပဲ တွေးကြရတယ်။ အဲဒါက ဘာကိုဆိုလိုချင်တာလဲ…”

“ရိုးရိုးရှင်းရှင်းပြောရမယ်ဆိုရင်တော့ သာမန်လူတွေက သူတော်စင်တွေရဲ့ ငဲ့ညာမှုကို ကျေးဇူးတင်ရမှာပေါ့။ သူကတော့ အနာဂတ်မျိုးဆက်တွေ ကံဆိုးမှုတွေ မကြုံရအောင် စည်းမျဉ်းတွေ၊ ပုံစံတွေကို ချမှတ်ဖို့အတွက် တော်တော်လေး ကြိုးစားခဲ့ရတယ်။ အဲဒါဆိုရင် မင်းတို့က နောက်ဘဝမှာ လူသားအဖြစ်ပြန်ပြီး ဝင်စားဖို့ အခွင့်အရေးတစ်ခု ရှိလာမှာပဲ…”

ထိုလူက ခေါင်းကုတ်ပြီး ပြောလိုက်သည်။

“ဆရာ …

ဘာလို့ ကျွန်တော့်ကို ဒါတွေပြောနေရတာလဲ။ ကျွန်တော်လည်း နားမလည်ဘူး။ ဒါကြောင့် ကျန်းတဖုန်းပဲ ဆရာ့ကို စကားတွေ အများကြီးပြောတာ…”

အဘိုးကြီးယန်က အပြုံးနှင့် ပြောလိုက်၏။

“တကယ်လို့ မင်း လီအာ့က စကားပြောနိုင်တယ်ဆိုရင်တောင် ငါကတော့ မမေးဘူးလေ။ ‌တစ်ယောက်က ပြောပြီး တစ်ယောက်က နားထောင်တယ်။ တစ်ယောက်က မေးပြီး တစ်ယောက်က ဖြေတယ်။ ဒါက အမှန်ပဲ မဟုတ်လား..”

အဘိုးကြီးယန်က မတ်တပ်ရပ်လိုက်ပြီး အဝေးကို လှမ်းကြည့်လိုက်သည်။

“တကယ်လို့ တစ်နေ့နေ့မှာ အဲဒီကလေးက ဒီမြို့ငယ်လေးထဲကနေ အသက်ရှင်လျက် ထွက်သွားနိုင်ပြီး အပြင်ဘက်မှာ ဆယ်စုနှစ် အနည်းငယ် သွားလာနိုင်မယ်ဆိုရင်တော့ ဒီမြို့ငယ်လေးက အရမ်းကြီးတယ်ဆိုတာ အံ့အားသင့်ဖွယ် တွေ့ရလိမ့်မယ်…”

သူ့ဆရာက မတ်တပ်ရပ်လိုက်သည့်အတွက် ထိုလူလည်း နောက်မှ လိုက်ထလိုက်ရသည်။ သူက မည်သို့ စကားပြောရမှန်းမသိသော်လည်း စည်းမျဉ်းများကိုတော့ နားလည်နေသေး၏။

အဘိုးကြီးယန်က ပြောလိုက်၏။

“မင်းလည်း ဒီမှာနေဖို့ မလိုဘူး။ မင်းရဲ့ကလေးတွေကိုခေါ်ပြီး တစ်နေ‌ရာရာကို သွားတော့။ အရှေ့ပိုင်းကုန်းမြေကြီးထဲမှာတော့ မင်းက ဘဝတလျှောက်လုံး အဆင့်တက်ဖို့ မျှော်လင့်ချက် မရှိတော့ဘူး။ စုန့်ချန်ကျင့်က သဘောထားသေးတဲ့ လူတစ်ယောက်ပဲ။ နောက်ပိုင်း သူက မင်းကို ကျော်သွားမဲ့အဖြစ်မျိုး လက်မခံချင်ဘူးဆိုရင် မင်းရဲ့ဆရာဖြစ်တဲ့ ငါက တော်‌တော်လေးကို စိတ်ပျက်ရလိမ့်မယ်။ စကားမစပ် မင်းရဲ့သားနဲ့သမီးကိုလည်း မခွဲနိုင်ဘူးဆိုရင် ခေါ်သွားလို့ရတယ်။ အများဆုံး မင်းက ချီကျင့်ချွန်ရဲ့လက်ဆောင်ကိုရတာ လျော့သွားတာပဲ ရှိမှာပေါ့…”

သက်လတ်ပိုင်းလူကြီးက ပြောလိုက်သည်။

“ဆရာ …

တကယ်လို့ ကျွန်တော့်မိန်းမက ကလေး(၂)ယောက်ကို သူနဲ့အတူ ခေါ်သွားဖို့ ခေါင်းမာနေမယ်ဆိုရင် ကျွန်တော် ဘာလုပ်ရမလဲ…”

အဘိုးကြီးယန်က ဒေါသတကြီး ပြောလိုက်၏။

“မင်းမိသားစုမှာ ဘယ်သူက သခင်လဲ…”

ထိုလူက မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။

“သူလေ…”

အဘိုးအိုက ပင့်သက်ရှိုက်လိုက်မိပြီး လက်ဝှေ့ယမ်း၍ ပြောလိုက်သည်။

“ဝေးဝေးသွားစမ်း... ဝေးဝေးသွားစမ်း။ မင်းတို့(၄)ယောက်လုံး လုပ်ချင်တာသာ လုပ်ကြတော့….”

လီအာ့က လှေကားထစ်မှ ဆင်းသွားခဲ့ပြီး ရုတ်တရက် ပြန်လှည့်လာခဲ့သည်။

“ဆရာ ဆရာကရော…”

အဘိုးအိုက ခုံတန်းရှည်တွင် ပြန်ထိုင်လိုက်ပြီး အိတ်ထဲမှ ဆေးရွက်ကြီးများကို ယူလိုက်သည်။ ထိုအခါ ဘာမှမရှိကြောင်း တွေ့လိုက်ရသည့်အတွက် သူလည်း လက်ကိုရုတ်သိမ်းပြီး တည်ငြိမ်စွာ ပြောလိုက်၏။

"ငါက ဘာလုပ်နိုင်မှာလဲ။ ငါက သေခြင်းတရားကိုပဲ စောင့်နေရမှာပေါ့…”

တံစက်မြိတ်‌အောက်တွင် လမ်းလျှောက်နေသော လူက ပြန်လှည့်ပြီး ရယ်လိုက်သည်။

“မာခူရွှမ်က အဲဒီအရာကို ယူသွားနိုင်မယ်လို့ ကျွန်တော်မထင်ဘူး…”

အဘိုးအိုက မျက်နှာပျက်နေခဲ့၏။ သူကတော့ တစ်ယောက်တည်းပြောလိုက်သည်။

“တကယ်လို့ သူတောင် ယူမသွားနိုင်ဘူးဆိုရင်တော့ ဘယ်သူမှ ယူသွားနိုင်မှာ မဟုတ်ဘူး…”

…………..

မြို့ငယ်လေးထဲတွင် ရှိနေသော မိသားစု‌(၄)ခုနှင့် ကလန်(၁၀)ခုက (၃)ရက်အတွင်း အပြင်လူများအားလုံး ထွက်သွားရမည်ဟူသော သတင်းစကားကို ကြားလိုက်ရသည်။ အချိန်အတိုင်းအတာတစ်ခုအထိ ထွက်ခွာခွင့်သာ ပေးထားပြီး ဝင်ခွင့်မပေးတော့ချေ။ သူတို့ဆီတွင် မကျေနပ်မှုများ ရှိနေကြသော်လည်း အဆုံးတွင်တော့ မည်သူကမျှထိုဆုံးဖြတ်ချက်ကို မေးခွန်းထုတ်နိုင်ခြင်း မရှိချေ။

အရှေ့ပိုင်းတွင် လီမိသားစုဘိုးဘေးကိုယ်တိုင်က ကျန့်ယန်တောင်မှ ကလေးမလေးကို လိုက်ပို့ခဲ့သည်။ နောက်တစ်နေ့တွင်တော့ မြို့၏အနောက်ဘက်မှနေ၍ ဆူညံသံများ ထွက်ပေါ်လာခဲ့၏။ ထိုအရာက ကမ္ဘာတုန်လှုပ်နေသည့်အသံကဲ့သို့ ဖြစ်သည်။

ကျန့်ယန်တောင်မှ တောင်ရွှေ့လူဝံကြီးက အလွန်ကြီးမားသော တောင်မြင့်ကြီးတစ်လုံးကို ချွတ်ယူနေခြင်းဖြစ်သည်။ သူ၏အစစ်အမှန်ပုံစံကို အသုံးပြုထားသော လူဝံကြီးက ‌ထိုတောင်ကို နောက်ကျောပေါ်တွင် သယ်ဆောင်ရန် ပြင်လိုက်သည်။

ထိုအချိန်တွင် လူဝံကြီး၏ပုခုံးက တစ်စုံတစ်ခု၏ ဖိနှိပ်ခြင်းကို ခံလိုက်ရသည့်အလား အနည်းငယ် စောင်းသွားခဲ့၏။ လူဝံကြီးက မော့ကြည့်လိုက်သည်။ သူ့ပုခုံးပေါ်တွင် ရှိနေသော တောင်ထိပ်ပေါ်တွင် အလွန်သေးငယ်သော လူတစ်ယောက်ရှိနေ၏။

“ချီကျင့်ချွန်…”

လူဝံကြီးက ရယ်လိုက်သည်။

“ချီကျင့်ချွန် … မင်း ဝင်မရှုပ်နဲ့…”

ချီကျင့်ချွန်က လေးလေးနက်နက် ပြောလိုက်၏။

“ဒီပိယွင်တောင်ကို ပြန်ချထားလိုက်…”

လူဝံကြီးက ပုခုံးကိုမြှောက်ပြီး ဒေါသတကြီး အော်လိုက်သည်။

“ငါက ပြန်မချတော့ ဘာဖြစ်လဲ….”

ထို့နောက် တောင်ရွှေ့လူဝံကြီးက တောင်၏အောက်ခြေမှနေ၍ ရုတ်တရက် မြှောက်လိုက်သည်။ ထို့နောက်‌ ဘေးသို့ လှိမ့်လိုက်ရာ အလွန်ကြီးမားသော ခန္ဓာကိုယ်ကြီးက အနားတွင် ရှိနေသော သစ်ပင်များစွာကိုပင် ပျက်စီးသွားစေခဲ့သည်။ ထို့နောက် အလွန်ကြီးမားသော လူဝံကြီးက မြေကြီးထဲတွင် ကျွံဝင်သွားခဲ့၏။

ထိုလူက အမှန်တကယ်ကို အစွမ်းထွက်လွန်းလှသည်။ သူနှင့် ယှဉ်လိုက်မည်ဆိုလျှင် တောင်ရွှေ့လူဝံကြီးက လူတစ်ယောက်၏ ခြေထောက်အောက်တွင် ရှိနေသော ပုရွက်ဆိတ်တကောင်ပမာ ဖြစ်နေခဲ့၏။ သူက နောက်ထပ် ခြေတစ်ချက်ဆောင့်လိုက်ရာ ခက်ခက်ခဲခဲ မတ်တပ်ထရန် ကြိုးစားနေသော လူဝံကြီးက မြေကြီးထဲသို့ နောက်တစ်ကြိမ် ကျွံဝင်သွားခဲ့ပြန်သည်။

နောက်တစ်ကြိမ် ဖနှောင့်နှင့် ပေါက်လိုက်သည့်အချိန်တွင် လူဝံကြီးက ဧရာမတွင်းနက်ကြီးထဲတွင် လဲကျသွားခဲ့သည်။ သူက တစ်ကိုယ်လုံး သွေးများပေပွနေပြီး သေအံ့ဆဲဆဲ ဖြစ်နေခဲ့၏။

ထိုလူကတော့ ကောင်းကင်ကြီးပေါ်ကို မော့ကြည့်‌နေခဲ့သည်။ သူက တောင်ရွှေ့လူဝံကြီးကို ငုံ့ကြည့်ပြီး ခနဲ့သလို ပြောလိုက်သည်။

“တကယ်လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း(၆၀)က ငါသာဆိုရင် ဒီနေရာကနေ ထွက်သွားပြီးတာနဲ့ ပထမဆုံးလုပ်မဲ့အရာက ကျန့်ယန်တောင်ကို တစစီဖျက်စီးပစ်ဖို့ပဲ….”

Translated by Hein Htet

All Chapters