အခန်း (၆၄)
Vol. 5 Ch. 64
ချန်းပင်အန်းက ပန်းပဲဖိုတွင် ယာယီတပည့်တစ်ယောက် ဖြစ်လာခဲ့သည်။ ဆရာရွမ်၏စကားအရ သူက လျှိုရှန်းယန်၏အလုပ်များကို ကိုယ်စားလုပ်ဆောင်ပေးရန် လိုအပ်သည်။ သူ့ဆီတွင်ရေတွင်းတူးရန်၊ အိမ်ဆောက်ရန်နှင့် တူးမြောင်းများ တူးရန်အတွက် လူတချို့ လိုအပ်နေသေးသည်။ မဟုတ်လျှင် လျှိုရှန်းယန်ကို ဆက်ထားရန် အကြောင်းပြချက် မရှိတော့ချေ။
ထို့ကြောင့် ချန်းပင်အန်းက ဆိုင်ထဲတွင် အလုပ်အများဆုံး လူတစ်ယောက် ဖြစ်လာခဲ့သည်။ ခန္ဓာကိုယ်နှင့် လုပ်ဆောင်ရသော အလုပ်မှန်သရွေ့ မြက်ဖိနပ်နှင့် လူငယ်လေးက အစွမ်းထက်သော လူငယ်တိုင်းထက် နိမ့်ကျနေခဲ့ခြင်း မရှိချေ။ အလုပ်လုပ်နေစဉ် အတောအတွင်း ချန်းပင်အန်းက လျှိုရှန်းယန်ဆီကို မကြာခဏသွားတတ်သည်။
သေခြင်းတရားမှ လွတ်မြောက်လာခဲ့သော အရပ်ရှည်ရှည် လူငယ်လေးက ရေငုံနှုတ်ပိတ်နေပြီး နေမကောင်း ဖြစ်နေခဲ့သည်။ သူက အမြဲလိုလို အိပ်ရာထဲတွင် လှဲနေပြီး မျက်နှာကျက်ကိုသာ မှင်တက်စွာ စိုက်ကြည့်နေခဲ့၏။ သူနှင့် စကားပြောနေသော ချန်းပင်အန်းကလွဲလျှင် လျှိုရှန်းယန်က မည်သူ့ကိုမျှစကားမပြောခဲ့ပေ။ ထိုအရာနှင့် ပတ်သက်ပြီး ချန်းပင်အန်းကလည်း မသက်မသာ ခံစားနေခဲ့ရ၏။
လျှိုရှန်းယန်က ဆိုးဆိုးရွားရွား ဒဏ်ရာရနေသော်လည်း ရင်ဘတ်တွင် ရှိနေသော ဒဏ်ရာပြန်ကျက်သည့်အရှိန်က ချန်းပင်အန်း၏ ဘယ်လက်ထက်ပင် အဆပေါင်းများစွာ ပို၍လျင်မြန်နေသည်မှာ ကံကောင်းသွား၏။
နင်ယောင်က ရွှံ့ပုလင်းလမ်းကြားထဲတွင် ရှိနေသော အိမ်ငယ်လေးထဲတွင် ဆက်နေထိုင်ခဲ့သည်။ ဆရာရွမ်ဟု ခေါ်သောလူကလည်း သူမအတွက် ဓားတစ်လက် ဖန်တီးပေးရန် မထင်မှတ်ထားစွာ သဘောတူလိုက်၏။
အံ့ဩစရာအကောင်းဆုံးအရာကတော့ အကယ်၍ သူမသာ ကံကောင်းမည်ဆိုလျှင် ဓားကို နှစ်ဝက်အတွင်း ထုလုပ်နိုင်မည်ဟု ဆရာရွမ်က ပြောခဲ့သည်။ အကယ်၍ ကံဆိုးမည်ဆိုလျှင်တော့ (၁၀)နှစ်ကျော်ပြီးသွားလျှင် အောင်မြင်နိုင်ခြင်း မရှိတော့ချေ။ နင်ယောင်က ထိုအရာနှင့် ပတ်သက်ပြီး အလွန်စိတ်အေးသွားခဲ့၏။ သူမ၏ကံတရားက အမြဲကောင်းမွန်သည်ဟု အပြုံးနှင့် ပြောခဲ့သည်။ သူမက နှစ်ဝက်သာ စောင့်ဆိုင်းရမည်ဖြစ်၏။
နင်ယောင်က ချန်းပင်အန်း၏ဘိုးဘေးနေအိမ်တွင် နေ့စဉ်နေထိုင်ခဲ့သော်လည်း သူမက ဆေးအိုးများနှင့် တခြားပစ္စည်းများကို ပန်းပဲဆိုင်သို့ ပို့ပေးထားခဲ့သည့်အတွက် ချန်းပင်အန်းက အချိန်ကုန်သက်သာသွားခဲ့၏။
ချန်းပင်အန်းက လျှိုရှန်းယန်၏အိမ်တွင် နေထိုင်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူခိုး အခိုးခံရမှာကို စိုးရိမ်နေခြင်းကြောင့်ဖြစ်၏။ ချန်းပင်အန်းက ညအချိန် ကျောက်တုံးများရှာရန် စမ်းချောင်း၏အလယ်သို့ သွားခဲ့သော်လည်း အဆုံးတွင်တော့ ကျောက်တုံးတစ်တုံးမျှ မတွေ့ခဲ့ရပေ။ ကျောက်တုံးပြာကမ်းပါး၏ အရှေ့ဘက်တွင် ရှိနေသော တွင်းထဲတွင်လည်း ကျောက်တုံးတစ်တုံးမျှ မတွေ့ရတော့ပေ။
နင်ယောင်၏စကားအရ မြွေကျောက်တုံးများကလည်း လူတစ်ယောက်နှင့် တူညီနေ၏။ သူတို့ဆီတွင် ဝိညာဉ်များ ရှိနေသည်။ ထိုဝိညာဉ်သာ မရှိလျှင် သာမန်ချမ်းသာသော မိသားစုတစ်ခု၏ မှင်ကျောက်တုံးအဖြစ်သာ အသုံးပြုနိုင်၏။ သို့သော် ဝိညာဉ်ရှိနေသည့်အတွက် ထိုအရာက နဂါးဝတ်ရုံဝတ်ဆင်ထားသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။ ထိုအရာ(၂)ခု၏ကွဲပြားမှုက မိုးနှင့်မြေပမာ ကွာခြားလွန်းလှ၏။
ချန်းပင်အန်းက စမ်းချောင်းဆီကို လျှောက်သွားသည့်အချိန်တိုင်း သက်ပြင်းချလိုက်မိသည်။ နင်ယောင်က ချန်းပင်အန်းဆီသို့ သော့တွဲများကို ယူဆောင်လာခဲ့၏။ တစ်စုံတစ်ယောက်က ခြံဝန်းထဲတွင် ချထားခဲ့သည်ဟု သူမက ပြောခဲ့သည်။
သူမက သော့များကို စမ်းသပ်ကြည့်လိုက်ရာ တစ်ဖက်ခြံတွင် ရှိနေသော စုန့်ကျိရှင်းတို့၏သော့များ ဖြစ်နေကြောင်း တွေ့လိုက်ရ၏။ ထိုအရာက ခြံဝန်းတံခါးနှင့် အိမ်တံခါးအပါအဝင် အရာအားလုံးကို ဖွင့်နိုင်သည်။
စုန့်ကျိရှင်းက ဘာလုပ်ချင်နေကြောင်း ချန်းပင်အန်းလည်း ခန့်မှန်းနိုင်ခဲ့ခြင်း မရှိချေ။ ပုံမှန်အားဖြင့် ပြောရလျှင်တော့ သူ၏ပုံစံအရ အိမ်ကို သန့်ရှင်းရေးလုပ်ရန် ချန်းပင်အန်းကို အကူအညီတောင်းမည် မဟုတ်ချေ။ မည်သို့ဖြစ်စေကာမူ စုန့်ကျိရှင်း၏ အကျင့်စရိုက်အရ အိမ်တစ်ခုလုံး ပြိုကျသွားမည်ဆိုလျှင်ပင် အပြင်လူကို သူ့ပိုင်နက်ထဲသို့ ဝင်ခွင့်ပေးလိမ့်မည် မဟုတ်ချေ။
ချန်းပင်အန်းက စုန့်ကျိရှင်းအကြောင်းကို တခြားသူများထက် ပို၍သိနေခဲ့၏။ စုန့်ကျိရှင်းက အလွန်ရက်ရောသော လူတစ်ယောက် ဖြစ်သည်။ သူကိုယ်တိုင် အတွက်ဖြစ်စေ၊ အစေခံမလေးအတွက်ဖြစ်စေ သူက အိတ်ထဲတွင် ရှိနေသော ကြေးပြား(၁၀)ပြားလုံးကို အသုံးပြုပါလိမ့်မည်။
တချိန်တည်းတွင် စုန့်ကျိရှင်းက အလွန်ကပ်စေးနည်းသော လူတစ်ယောက်လည်း ဖြစ်၏။ သူသာ တစ်စုံတစ်ခုကို ထိန်းချုပ်ချင်သည်ဆိုလျှင် ကြေးပြား(၁)ပြားမျှ ထုတ်လိမ့်မည် မဟုတ်ချေ။ ပြောရမည်ဆိုလျှင်တော့ စုန့်ကျိရှင်းက သူပေးချင်သည့် အရာတိုင်းကို ပေးနိုင်ခြင်းထက် ထိုအရာထက် မပိုခဲ့ပေ။
အကယ်၍ တစုံတစ်ယောက်ကသာ သူ့ဆီမှ တစ်ခုခုတောင်းဆိုလိုက်မည်ဆိုလျှင် သူက သေချာပေါက်ပေးချင်တော့မည် မဟုတ်ချေ။ သူ၏စိတ်ခံစားချက်များ ကောင်းမွန်နေသည့် အချိန်တွင်တော့ သူက ပိုးဖဲဝတ်ရုံအပြင် ပန်းပွင့်လေးများပါ အပိုထည့်ပေးနိုင်သည်။ သို့သော် သူက ခံစားချက်ကောင်းသည်ဖြစ်စေ၊ မကောင်းသည်ဖြစ်စေ စုန့်ကျိရှင်းကတော့ ဆောင်းရာသီတွင် မီးသွေးများ ပေးလိမ့်မည် မဟုတ်ချေ။
ကျစ်ကွေးက သူ့အိမ်ထဲသို့ သော့များ တမင်တကာ ပစ်ထားခဲ့ခြင်းပေလော။ ဖြစ်နိုင်ချေက မြင့်မားမှု မရှိကြောင်း ချန်ပင်အန်းက ခံစားမိခဲ့၏။ ဤအချိန် အတောအတွင်း တံခါးဖွင့်ရန် သော့ကိုအသုံးပြုခဲ့ကြောင်း နင်ယောင်ပြောသည့် စကားကို ကြားသည့်အချိန်တွင် သူက တွေဝေသွားခဲ့၏။ သူက စကားတချို့ ပြောချင်နေသော်လည်း ရပ်တန့်လိုက်သည်။
ထို့ကြောင့် နင်ယောင်က မျင်မှောင်ကြုတ်လိုက်မိ၏။ သူမ၏ရှည်ရှည်သွယ်သွယ် မျက်လုံးတစ်စုံက အတော်လေးကို ထူးခြားနေသည်။ သူမက ချန်းပင်အန်းကို စိုက်ကြည့်နေခဲ့၏။
ထိုအချိန်တွင် ရွမ်ရှို့က မလှမ်းမကမ်းမှနေ၍ ထိုမြင်ကွင်းကို စိုက်ကြည့်နေခဲ့သည်။ သူမကတော့ ချန်းပင်အန်းမြို့ထဲမှ ဝယ်လာပေးသော စားစရာများကို တိတ်တဆိတ် စားနေခဲ့သည်။
အဆုံးတွင်တော့ နင်ယောင်က အရင်ဆုံးပြန်လှည့်ပြီး ထွက်သွားခဲ့၏။ ထိုနေ့တွင်တော့ သူမက ချန်းပင်အန်းကို ဆေးကျိုခိုင်းခဲ့ခြင်း မရှိချေ။ သူမက အိုးကို သယ်ဆောင်ပြီး ပန်းပဲဆိုင်၏အနောက်ဘက် နေရာလွတ်ကို ယူသွား၍ တစ်ယောက်တည်း နေ့ဝက်ခန့် အချိန်ကုန်နေခဲ့၏။ သူမ၏ မျက်နှာပေါ်တွင်လည်း မီးခိုးငွေ့များ ပြည့်နှက်နေပြီး သူမက အိုးတစ်ခုလုံး မည်းတူးသွားအောင် ကြိုချက်လိုက်မိသည်။
ထိုအချိန်တွင် မြင်းမြီးဆံပင်နှင့် အစိမ်းဝတ်မိန်းမပျိုက အဝေးမှ ဖြတ်သွားခဲ့၏။ သူမက အနားသို့ လျှောက်လာသည့်အချိန်တွင် နီရဲနေသော ဖရဲသီးကို စားနေခဲ့သည်။ နင်ယောင်ကတော့ မြေပေါ်တွင် ထိုင်နေပြီး ဆေးအိုးကို ကြောက်စရာကောင်းစွာ စိုက်ကြည့်နေခဲ့၏။ ထိုအရာက ဓားရေးလေ့ကျင့်ခြင်းထက် ပို၍ခက်ခဲသည်ဟု ခံစားနေမိခဲ့သည်။
သူမ၏မျက်နှာပေါ်တွင်လည်း မကျေနပ်မှုများ ပြည့်နှက်နေခဲ့၏။
‘ဒီကမ္ဘာကြီးထဲမှာ ငါ နင်ယောင် မလုပ်နိုင်တဲ့အရာ ရှိသေးလို့လား။ ကြည့်ရတာတော့ ဒီကမ္ဘာကြီးထဲမှာ ဆေးကျိုတဲ့အရာလောက် ခက်တာမရှိဘူးထင်တယ်…’
ချန်းပင်အန်းက သူမ၏ဘေးကို တိတ်တဆိတ် လျှောက်လာပြီး သူမအတွက် ဆေးကျိုရန် နောက်တစ်ကြိမ် ကူညီပေးလိုက်သည်။ သူ၏လှုပ်ရှားမှုများက အလွန်ကျွမ်းကျင်ပြီး လျင်မြန်နေခဲ့၏။
နင်ယောင်၏ နှုတ်ခမ်းလေးများက အနည်းငယ် လှုပ်ရှားသွားသော်လည်း သူ့ကို တားဆီးနေခဲ့ခြင်းမရှိချေ။ ချန်းပင်အန်းက အာရုံစိုက်မနေသည့်အချိန်တွင် သူမက မျက်နှာကို သုတ်လိုက်ရသည်။
လူငယ်လေးကတော့ အိုးဘေးတွင် ထိုင်နေပြီး အပူချိန်ကို သေချာဂရုတစိုက် ကြည့်နေခဲ့၏။ သူက လက်နှစ်ဖက်ကို ဒူးပေါ်သို့ တင်ထားပြီး မေးစေ့က လက်ပေါ်သို့ မှီထားခဲ့၏။
နင်ယောင်က အေးစက်စွာ ရယ်လိုက်သည်။
“နင်က ရယ်ချင်နေရင်လည်း ရယ်လိုက်လေ…”
ချန်းပင်အန်းက သူမကို မရယ်ခဲ့ပေ။ သူက သိမ်မွေ့စွာ လှုပ်ရှားနေသော အစိမ်းရောင်မီးတောက်များကို စိုက်ကြည့်ပြီး တိုးတိုးလေး ပြောလိုက်၏။
“မိန်းကလေးနင် …
မိန်းကလေးနင်က ဆိုးဆိုးရွားရွား ဘာမှမလုပ်ဘူးလို့ ကျွန်တော်က တွေးထားတာ။ ဒါပေမဲ့ ဒီသော့က တခြားလူရဲ့ပစ္စည်းလေ။ ကျွန်တော်တို့ရဲ့ခြံဝန်းထဲမှာ ဘာကြောင့်ပဲ ချန်ခဲ့ ချန်ခဲ့၊ တံခါးကိုတော့ သွားဖွင့်တာ မကောင်းဘူးပေါ့။ တကယ်လို့ စုန့်ကျိရှင်းနဲ့ ကျစ်ကွေးတို့က ဘဝတလျှောက်လုံး မြို့ကိုပြန်မလာတော့ဘူးဆိုရင်တောင် တစ်ဖက်ခြံက သူ့ရဲ့ခြံပဲ။ ကျွန်တော်တို့က အပြင်လူတွေပဲ…”
နင်ယောင်က ရှုံ့မဲ့သွားခဲ့သည်။
“နင်က တကယ့်ကို လူကောင်းတစ်ယောက်ပဲ။ ပြီးတော့ အရမ်းခေါင်းမာတဲ့အပြင်တော်တော်လေးကို ပွစိပွစိနိုင်တာပဲ…”
ထိုအချိန်တွင် ချန်းပင်အန်းနှင့် နင်ယောင်တို့က တပြိုင်နက်တည်း လှည့်ကြည့်လိုက်မိကြသည်။ သူတို့က ပိန်ပိန်သွယ်သွယ်နှင့် အလွန်ချောမောခန့်ညားသော လူငယ်တစ်ယောက်ကို မြင်လိုက်ရ၏။ ကြည့်လိုက်ရုံနှင့် သူက လူစိမ်းတစ်ယောက်ဖြစ်ပြီး စာသင်သား တစ်ယောက်ဖြစ်ကြောင်း ပြောနိုင်သည်။
ထိုလူက သူ့ကို ထူးဆန်းစွာ ကြည့်နေကြောင်း ချန်းပင်အန်းက သတိထားမိခဲ့၏။ သူက ကျန့်ယန်တောင်မှ တောင်ရွှေ့လူဝံကြီးကဲ့သို့ မောက်မာခြင်း မရှိသလို နဂါးအိုမြို့မှ ဖူနန်းဟွာကဲ့သို့လည်း မာနကြီးနေခြင်း မရှိချေ။ သူက တာအိုသခင်လုနှင့် မိန်းကလေးနင် တို့ကဲ့သို့လည်း မဟုတ်ချေ။
ထိုလူငယ်၏အကြည့်က အလွန်ရှုပ်ထွေးပြီး ဆန့်ကျင်ဘက်များ ဖြစ်နေခဲ့၏။ သူ့ဆီတွင် သနားညှာတာမှုများ၊ လေးစားမှုနှင့် အထင်သေးမှုများ ရောယှက်နေသလို ထင်မှတ်ရသည်။ နောက်ဆုံးတွင်တော့ လူငယ်လေးက တိတ်တဆိတ်ထွက်ခွာသွားရန် ရွေးချယ်လိုက်၏။
နင်ယောင်က မျက်မှောင်ကြုတ်လိုက်မိသည်။
“သူက နင့်ဆီကိုရောက်လာတာ သေချာတယ်လေ။ ဘာဖြစ်တာလဲ…”
ချန်းပင်အန်းကလည်း ဇဝေဇဝါဖြစ်သွားခဲ့၏။ သူက ခေါင်းခါပြီး ပြောလိုက်သည်။
“ကျွန်တော်လည်း နားမလည်ဘူး…”
အပြင်လူ၏နှောင့်ယှက်မှုကြောင့် လူငယ်နှင့် မိန်းမပျို၏ကြားထဲတွင် ရှိနေသော အဖုအထစ်လေးက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ရသည်။ သို့သော် သိပ်မကြာခင် ထိုလူငယ်က ပြန်လာခဲ့၏။ သူ့ဘေးတွင်တော့ အလွန်ခြေတံရှည်သော မိန်းမပျိုတစ်ယောက် ပါလာခဲ့သည်။ ရွမ်ရှို့ကလည်း သူတို့နှင့်အတူ ပါလာခဲ့၏။
ရွမ်ရှို့က ရှင်းပြလိုက်သည်။
“သူတို့က မြို့ငယ်လေးရဲ့ဘာသာစကားကို မပြောနိုင်ဘူး။ ဒါကြောင့် ငါ့ကို အကူအညီတောင်းခဲ့တာ။ ချန်းပင်အန်း …ဒီအစ်မက လျှိုရှန်းယန်ကို ကယ်တင်ပေးခဲ့တဲ့ တစ်ယောက်ပဲ။ နင့်လိုပဲ သူ့ရဲ့မျိုးရိုးနာမည်က ချန်းပဲ။ ဒါပေမဲ့ သူကတော့ အရှေ့ပိုင်းကုန်းမြေကြီးက မဟုတ်ဘူး။ အစ်မချန်းရဲ့ အနားမှာရှိတဲ့ သူကတော့ လုံဝေတပ်ဖွဲ့ ချန်းမိသားစုက အကြီးဆုံးမြေးပဲ။ သူ့နာမည်က ချန်းစုန့်ဖုန်းလို့ခေါ်တယ်…”
“အစ်မချန်းရဲ့စကားအရ ချန်းစုန့်ဖုန်းက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာလောက်မှာ နင်တို့ချန်းမိသားစုရဲ့ ဆွေမျိုးတစ်ယောက်ပဲ။ အစ်မချန်းကတော့ နှစ်ပေါင်း(၁၀၀၀)၊(၂၀၀၀)လောက် နောက်ဆုတ်လိုက်မယ်ဆိုရင်တောင် နင်နဲ့ ဘာမှမဆိုင်ဘူး။ ဒီတစ်ကြိမ် အစ်မချန်းက သူ့ရဲ့ဘိုးဘေးတွေကို အရိုအသေပေးဖို့အတွက် ရောက်လာခဲ့တာ။ ဒါပေမဲ့ ဒီမြို့ထဲမှာ ကြီးကြပ်သူ ရုံးတော်တည်ဆောက်တဲ့နေရာကနေ ဖုလုလမ်းကြားနဲ့ မက်မွန်ပွင့်လမ်းကြားထဲမှာရှိတဲ့ မိသားစုကြီးတွေအထိ ဘယ်သူကမှ သူ့ဘိုးဘေးတွေ မြှုပ်ထားတဲ့နေရာကို မသိကြဘူး…”
“လျှိုရှန်းယန်က နင့်နာမည်ကို ပြောခဲ့တယ်။ နင်က ဒီမြို့ထဲမှာ ပတ်ဝန်းကျင်နဲ့ ရင်းနှီးမှုအရှိဆုံး လူတစ်ယောက်လို့ ပြောတယ်။ ဒီတော့ နင့်ကို လာရှာရတာက အကောင်းဆုံး ရွေးချယ်မှုပဲ။ တကယ်လို့ နင်သာ ကူညီပေးမယ်ဆိုရင် နင့်အတွက် ကြေးပြား(၁)အိတ်ပေးမယ်လို့ အစ်မချန်းက ပြောတယ်။ နင် သဘောတူနိုင်မယ်လို့ ထင်တာပဲ…”
အစိမ်းဝတ်မိန်းမပျိုက ထိုစကားကို ပြောသည့်အချိန်တွင် တိတ်တဆိတ် လက်နှစ်ချောင်း ထောင်ပြလိုက်သည်။ ထို့ပြင် သူမ၏နှုတ်ဖျားမှနေ၍ (၂)အိတ်ဟူသော အရာကိုလည်း ပြောနေခဲ့၏။ ရွမ်ရှို့က ချန်းပင်အန်းကို စိတ်ရှိသလောက် တောင်းဆို၍ရကြောင်း ပြောနေခဲ့သည်။ မဟုတ်လျှင် ဤမြို့ငယ်လေးထဲ၌ အရောင်းအဝယ်မျိုး မရှိနိုင်တော့ပေ။
ချန်းပင်အန်းက သေချာစဉ်းစားပြီး အပြုံးနှင့် ပြောလိုက်၏။
“သူ ရှာနေတယ်လို့ ထင်ရတဲ့ နေရာတစ်ခုကိုတော့ တွေးမိတယ်။ အပေးအယူကိစ္စကိုတော့ ထားလိုက်ပါတော့။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက နည်းနည်းလောက် လမ်းလျှောက်လိုက်ရုံပါပဲ…”
ရွမ်ရှို့က အနည်းငယ် စိုးရိမ်သွားခဲ့၏။
ထိုအချိန်တွင် နင်ယောင်က ရှေ့ကိုတစ်လှမ်းလျှောက်လာပြီး အရှေ့ပိုင်းကုန်းမြေကြီး၏ ဘာသာစကားနှင့် ပြောလိုက်သည်။
“ချန်းပင်အန်းက နင်တို့ရဲ့ဘိုးဘေးတွေကို အရိုအသေပေးဖို့အတွက် အုတ်ဂူဆီကို ခေါ်သွားလိမ့်မယ်။ ဒါပေမဲ့ နင်က ကြေးပြား(၂)အိတ် ထုတ်ပေးရလိမ့်မယ်။ ဘာညှိနှိုင်းချက်မှမရှိဘူး။ အခု သူက ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတယ်။ ဒီတော့ ခရီးရှည်ကြီးသွားဖို့ လွယ်ကူမှာ မဟုတ်ဘူး။ ဆရာချီကလည်း မြို့ထဲကနေ အပြင်လူတွေကို မြန်မြန်ထွက်သွားခိုင်းနေတယ်။ ချန်းပင်အန်းက သာမန်လူတစ်ယောက်ပဲ။ ဒါပေမဲ့ သူလည်း အလျင်အမြန်သွားရလိမ့်မယ်။ ငွေ(၁)အိတ်က မလုံလောက်ဘူး…”
ထိုမိန်းမပျိုကို ပထမဆုံး မြင်လိုက်ရသည့်အချိန်တွင် ချန်းသွမ့်နှင့် ချန်းစုန့်ဖုန်းတို့က မျက်ခုံးပင့်လိုက်မိကြသည်။ သူမကို မြင်လိုက်ရသည့်အချိန်တွင် သူတို့က အရာအားလုံးကို မေ့လျော့သွားခဲ့၏။ သူတို့က ဖုန်းဆိုးမြေထဲတွင် အလွန်လှပသော ပန်းပွင့်လေးတစ်ပွင့်ကို တွေ့လိုက်ရသလိုဖြစ်သည်။
ချန်းသွမ့်က ရှေ့တွင်ရှိနေသော မိန်းမပျိုကို ပွင့်ပွင့်လင်းလင်း ကြည့်လိုက်၏။ သူမက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ဓားတစ်လက်ကို ချိတ်ဆွဲထားသည်။ ထို့ကြောင့် ချန်းသွမ့်၏ခံစားချက်များက အနည်းငယ် ပြေလျော့သွားခဲ့၏။
သူမက အပြုံးနှင့်ပြောလိုက်သည်။
“နင်သာ ငါ့မိသားစုဘိုးဘေးအုတ်ဂူကို ရှာပေးနိုင်မယ်ဆိုရင် ငါက ငွေ(၂)အိတ် ပေးနိုင်တယ်။ ဒါပေမဲ့ အရင်ဆုံး ပြောထားမယ်။ ရှာမတွေ့ဘူးဆိုရင်တော့ ငွေ(၁)အိတ်မှ မပေးနိုင်ဘူး။ ဘယ်လိုလဲ...”
နင်ယောင်က လေးလေးနက်နက် ပြောလိုက်၏။
“ကောင်းပြီလေ။ သဘောတူတယ်…”
စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် ချန်းပင်အန်းက လုံးဝဝင်မပြောခဲ့ရချေ။
နင်ယောင်က ချန်းပင်အန်းကို လှည့်ကြည့်လိုက်၏။ သူမ၏မျက်လုံးထဲတွင်တော့ ‘စကားဝင်မပြောနှင့် ပြောလျှင် တစစီ ဖျက်ဆီးပစ်မည်’ဟူသောအဓိပ္ပာယ်မျိုး ပြည့်နှက်နေသည်။
ချန်းပင်အန်းက ရယ်ချင်စိတ်ကို ထိန်းထားပြီး တစ်ယောက်လည်း လေးလေးနက်နက် စဉ်းစားနေခဲ့၏။ သူက ရွမ်ရှို့ကို ပြောလိုက်သည်။
“ငါက မိန်းကလေးနင်အတွက် ဆေးကျိုပေးဖို့ လိုသေးတယ်လို့ သူတို့ကို ပြောပေးပါ။ နောက်ထပ်နာရီဝက်နေရင် သူတို့ကိုခေါ်သွားပေးမယ်။ ပြီးရင်တော့ ငါက လျှိုရှန်းယန်ကိုသွားပြီး စကားပြောလိုက်မယ်။ နောက်ဆုံးကျတော့ ငါက ဒီနေ့ကျန်နေခဲ့တဲ့ အလုပ်တွေကို မနက်ဖြန် ဆက်လုပ်ပေးမယ်လို့ ဆရာရွမ်ကို သွားပြောဖို့ မိန်းကလေးရွမ်ကို အကူအညီတောင်းရဦးမယ်…”
သူတို့က ချက်ချင်း ထွက်မသွားနိုင်သေးကြောင်း ကြားလိုက်ရသည့်အခါ ချန်းသွမ့်က အနည်းငယ် မပျော်ရွှင်နိုင်ဖြစ်သွားခဲ့သည်။ သူမက မြက်ဖိနပ်နှင့် လူငယ်လေးကိုကြည့်ပြီး ခံစားချက်များက မသေမချာဖြစ်နေခဲ့၏။
ချန်းပင်အန်းက နောက်ဆုတ်သွားရန် တွေဝေနေခဲ့ခြင်း မရှိချေ။ နင်ယောင်က လက်ပိုက်ပြီး အေးစက်စွာ ပြုံးလိုက်၏။
ချန်းသွမ့်က ရင်ထဲတွင် မကြည်မသာ ဖြစ်နေသော ခံစားချက်များကို သိမ်းဆည်းထားလိုက်၏။ သူမက ရွမ်ရှို့ကိုပြောလိုက်သည်။
“ရှို့ရှို့ …
ငါတို့က အမိုးတံတားမှာ သူ့ကိုစောင့်နေမယ်လို့ ပြောလိုက်ပါ။ ငါတို့က အများဆုံး တစ်နာရီထိပဲ စောင့်နေမယ်။ တကယ်လို့ အဲဒီအချိန်ထိ သူ့ကိုမတွေ့ရဘူးဆိုရင်တော့ အကျိုးဆက်တွေကို သူ့ကိုပဲ ခံခိုင်းလိုက်တော့…”
ရွမ်ရှို့က တည်ငြိမ်စွာ ပြန်ပြောလိုက်သည်။ ချန်းသွမ့်နှင့် ချန်းစုန့်ဖုန်းတို့ကလည်း အတူတူထွက်သွားခဲ့ကြ၏။
ရွမ်ရှို့က ပြုံးလိုက်သည်။
“ငါ အဖေ့ကို သွားပြောလိုက်မယ်…”
ချန်းပင်အန်းက နင်ယောင်အတွက် ဆေးကျိုပြီးသွားသည့်အချိန်တွင် လျှိုရှန်းယန်ကို သွားရှာခဲ့သည်။
ဆေးရနံ့များ ပြည့်နေသော အခန်းလေးထဲတွင် အိပ်ရာပေါ်၌ လှဲနေသည့် လျှိုရှန်းယန်က ခြေသံကြားသည့်အတွက် ပြန်လှည့်ကြည့်လိုက်သည်။ သူ့မျက်နှာက နီရဲနေခြင်း မရှိသေးသော်လည်း မူလတုန်းက ဖြူဖျော့ဖျော့မျက်နှာထက် အဆပေါင်းများစွာ ပို၍သက်သာလာခဲ့၏။
လျှိုရှန်းယန်က အပြုံးနှင့်ပြောလိုက်သည်။
“ချန်းသွမ့်လို့ခေါ်တဲ့ မိန်းကလေးက မင်းကိုလာရှာလား…”
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်၏။
“ငါ သူတို့ကို တောင်ပေါ်ခေါ်သွားမလို့…”
လျှိုရှန်းယန်က ခဏကြာစဉ်းစားခဲ့သည်။
“ငါက သူနဲ့အတူ ငါတို့အရှေ့ပိုင်းကုန်းမြေကြီးထက် ပိုကြီးတဲ့နေရာကို သွားတော့မယ်”
အမှန်အတိုင်းပြောရလျှင် ချန်းသွမ့်က လျှိုရှန်းယန်ကို တစ်ကြိမ်လာရှာခဲ့ဖူးသည်။ သို့သော် လျှိုရှန်းယန်ကတော့ စိတ်ဝင်စားခဲ့ခြင်း မရှိသည့်အတွက် သူမပြောခဲ့သည့်အရာများ ချန်းပင်အန်းကို ပြောမပြချင်ခဲ့ပေ။
လျှိုရှန်းယန်၏နှုတ်ခမ်းလေးက လှုပ်ရှားသွားခဲ့၏။
“အမှန်အတိုင်းပြောရရင် အရှေ့ပိုင်းကုန်းမြေကြီးဆိုတတောင် ဘာမှန်း ငါ မသိဘူး..”
ချန်းပင်အန်းက သူ့ကို ထူပေးပြီး အိပ်ယာပေါ်တွင် မှီနေခိုင်းလိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
“ငါကရော သိမယ်လို့ မင်းက ထင်လို့လား…”
လျှိုရှန်းယန်က မျက်ခုံးပင့်၍ မေးလိုက်၏။
“ငါက ဘာကိုအစိုးရိမ်ဆုံးလဲဆိုတာ မင်းသိလား…”
ချန်းပင်အန်းက ခေါင်းခါပြလိုက်သည်။
လျှိုရှန်းယန်က ပြန်လှည့်လာပြီး အမိုးကို လှမ်းကြည့်လိုက်၏။
“အနည်းဆုံးတော့ ဒီနေရာမှာ မင်းက ငါ့ကို အိပ်ရာကနေထဖို့ ကူညီပေးနိုင်သေးတယ်။ အဲဒီနောက်မှာတော့ ငါက အံ့ကြိတ်ပြီး ကိုယ်တိုင်ဖြေရှင်းလို့ရတယ်။ ဒါပေမဲ့ မြို့ထဲကနေ ထွက်သွားပြီးရင်တော့ ငါက လမ်းမှာ အပေါ့အလေးသွားမယ်ဆိုရင်တောင် ဘယ်လိုလုပ်ရမှာလဲ။ ငါ့ကို လာခေါ်တဲ့သူတွေက ကူညီပေးမယ်လို့ မင်းထင်လား..”
ချန်းပင်အန်းက ထိုင်ခုံတွင ်ထိုင်လိုက်ပြီး ခေါင်းကိုသာ ကုတ်နေမိခဲ့သည်။
လျှိုရှန်းယန်က ရုတ်တရက်ပြုံးလိုက်၏။
“ဒါပေမဲ့ ငါက တစ်ကြိမ်သေပြီးသွားပြီလေ။ ဘာတွေများ ကြောက်နေရဦးမှာလဲ”
ချန်းပင်အန်းက ပြောလိုက်၏။
“ဘဝက တဖြည်းဖြည်းပိုပြီး ကောင်းလာပါလိမ့်မယ်။ ဘာမှမစိုးရိမ်ပါနဲ့။ ကံဆိုးမှုကနေ အသက်ရှင် လွတ်မြောက်လာတဲ့လူတွေက နောက်ပိုင်းမှာ ကံကောင်းမှုတွေကိုပဲ တွေ့ရမယ်လို့ အဘိုးယောင်က ပြောခဲ့ဖူးတယ ်မဟုတ်လား…”
အဘိုးယောင်၏နာမည်ကို ပြောသည့်အချိန်တွင် လျှိုရှန်းယန်က အနည်းငယ် ဝမ်းနည်းသွားခဲ့သည်။
“အဘိုးယောင်က သူ့ဘဝမှာ စကားကောင်းအများကြီး မပြောခဲ့ဘူး။ သူက စိတ်ပျက်စရာ စကားလုံးတွေပဲ ပြောခဲ့တာ။ ကံဆိုးမှုတွေ၊ ကြိမ်းမောင်းတဲ့စကားတွေပဲ”
နင်ယောင်က တံခါးအပြင်ဘက်တွင် ရပ်နေပြီး စကားတစ်ခွန်းမျှမပြောခဲ့ပေ။
ချန်းပင်အန်းက လျှိုရှန်းယန်ကို စောင်ခြုံပေးလိုက်ပြီး မတ်တပ်ရပ်၍ပြောလိုက်၏။
“ငါ သူတို့ကို တောင်ပေါ်ခေါ်သွားလိုက်ဦးမယ်။ မင်း ကောင်းကောင်းအနားယူပါ…”
လျှိုရှန်းယန်က ခေါင်းညိတ်ပြလိုက်သည်။
“ဂရုစိုက်ဖို့ မမေ့ပါနဲ့..”
ချန်းပင်အန်းက နင်ယောင်နှင့်အတူ အခန်းထဲမှ တိတ်တဆိတ် ထွက်ခွာသွားခဲ့သည်။ ချန်းပင်အန်းက စိတ်ဝင်တစား မေးလိုက်၏။
“မိန်းကလေးနင်ကလည်း တောင်ပေါ်ကို လိုက်ခဲ့မှာလား..”
နင်ယောင်က မျက်မှောင်ကြုတ်လိုက်မိသည်။
“ငါက အဲဒီချန်းမျိုးရိုး(၂)ယောက်ကို မယုံဘူး…”
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။
“အဲဒါတော့ အမှန်ပဲ။ သတိထားလို့ ဘာမှမမှားပါဘူး…”
သူတို့(၂)ယောက်က စမ်းချောင်းအတိုင်း လျင်မြန်စွာ လျှောက်သွားခဲ့သည်။ နင်ယောင်က ပြောလိုက်၏။
“ဒီမြို့ထဲမှာ အပြင်လူအများစုက ထွက်သွားကြပြီ…”
နွေဦးရာသီမိုးကြိုးများက လှုပ်ရှားလာပြီး ဆောင်းခိုနေသော ပိုးကောင်များကလည်း သတိနှင့် ထွက်လာကြပြီဖြစ်သည်။ အဖွဲ့(၂)ဖွဲ့က အမိုးတံတား၏ တောင်ဘက်အစွန်တွင် တွေ့ဆုံခဲ့ကြ၏။
နင်ယောင်နှင့် လေမိုးကြိုးဥယျာဉ်မှ ဓားကျင့်ကြံသူတစ်ယောက်ဖြစ်သော လျှိုပါ့ချောင်အပြင် ချန်းမျိုးနွယ်(၃)ယောက်လည်း လိုက်ပါလာခဲ့ကြသည်။
Translated by Hein Htet