← Chapters

အခန်း (၆၅)

Vol. 5 Ch. 65

အခန်း (၆၅)

Vol. 5 Ch. 65

လေမိုးကြိုးဥယျာဉ်မှ လူငယ်ဓားပညာရှင်က မိန်းကလေးကို မြင်လိုက်ရသည့်အချိန်တွင် အလွန်စိတ်ဓာတ်တက်ကြွသွားခဲ့သည်။ သူ နင်ယောင်ကို ပထမဆုံး ပြောခဲ့သည့်အရာကတော့ …

“မိန်းကလေး တကယ်လို့ မင်းသာ နည်းနည်းလေး ပိုပြီးအသက်ကြီးမယ်ဆိုရင် ငါ့ရဲ့နတ်သမီးစုထက်‌ သေချာပေါက် နိမ့်ကျမှာ မဟုတ်ဘူး…”

ထိုအရာက ဤကမ္ဘာကြီးထဲတွင် ရှိနေသော မိန်းမပျိုတစ်ယောက်ကို လူငယ်ဓားကျင့်ကြံသူ၏ အမြင့်ဆုံး ချီးကျူးမှုဖြစ်သည်။

သို့သော် နင်ယောင်၏ အမူအယာကတော့ ကောင်းမွန်နေခဲ့ခြင်း မရှိချေ။ သူမက ဘာမျှမပြောနိုင်သေးခင် မြို့ငယ်လေး၏ ဘာသာစကားနှင့် ပြောနိုင်သော လျှိုပါ့ချောင်က ပြန်လှည့်လာပြီး ချန်းပင်အန်းကို လက်မထောင်ပြလိုက်သည်။

လေမိုးကြိုးဥယျာဉ်မှ ဓားပညာရှင် လူငယ်က ကြည်လင်နေသော မျက်လုံးများနှင့် သေချာစိုက်ကြည့်ပြီး ပြောလိုက်၏။

“မင်းက သာမန်ခန္ဓာကိုယ်တစ်ခုတည်းနဲ့ ကျန့်ယန်တောင်က တောင်ရွှေ့လူဝံကြီးကို စိန်ခေါ်ရဲတယ်။ အရေးကြီးဆုံးအရာကတော့ မင်းက အသက်ရှင်ခဲ့တယ်။ ဒါက တကယ့်ကို ဆန်းကြယ်မှုတစ်ခုပဲ…”

လျှိုပါ့ချောင်က အမှန်တကယ်ကို စိတ်ဝင်စားနေခဲ့သည်။ မြက်ဖိနပ်နှင့် လူငယ်လေးက ထိုကဲ့သို့ ကြောက်စရာကောင်းသော အစွမ်းမျိုး ထွက်ပေါ်လာအောင် မည်သို့လုပ်ဆောင်ခဲ့သနည်း။ လျှိုပါ့ချောင်က လက်ကို ရုတ်သိမ်းလိုက်ပြီး ဘေးချင်းယှဉ်၍ လမ်းလျှောက်နေသော ချန်းစုန့်ဖုန်း၊ ချန်းသွမ့်တို့နှင့်အတူ လမ်းလျှောက်နေခြင်း မရှိချေ။ ထိုအစား သူက ချန်းပင်အန်းနှင့် လမ်းလျှောက်လာခဲ့သည်။

သူက ပြန်လှည့်ကြည့်လိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

“ကျန့်ယန်တောင်က ငကြောက်တွေ ပြည့်နေတဲ့ တောင်တစ်တောင် ဆိုပေမဲ့ တောင်ရွှေ့လူဝံကြီးကတော့ ကြောက်စရာကောင်းတယ်လို့ နာမည်ကျော်ကြားတယ်။ သူ့ရဲ့ဂုဏ်သတင်းကလည်း တိုက်ပွဲပေါင်းများစွာကနေ ရလာခဲ့တာ။ အထူးသဖြင့် ကျန့်ယန်တောင်ရဲ့ တည်ထောင်သူဘိုးဘေး သေဆုံးသွားပြီး နှစ်ပေါင်း(၂၀၀)ကြာပြီးမှပဲ ကျန့်ယန်တောင်က တတိယမြောက်တောင်ထိပ်ကို ဖွင့်လှစ်နိုင်ခဲ့တာ။ ဒါတွေအားလုံးက ဒီလူဝံကြီးရဲ့ ကျေးဇူးတွေကြောင့်ပဲ။ မဟုတ်ရင် ကျန့်ယန်တောင်က ပတ်ပတ်လည်မှာရှိတဲ့ အင်အားစုတွေ ဖျက်ဆီးတာကို ခံနေရလောက်ပြီ…”

“အဲဒီအချိန်တုန်းက‌ ကျန့်ယန်တောင်ကတော့ ဘာလွှမ်းမိုးမှုမှမရှိတဲ့ ဂိုဏ်းလေးတစ်ခုသာသာပဲ။ သူတို့ရင်ဆိုင်နေတဲ့ ရန်သူတွေကလည်း သိပ်ပြီး အစွမ်းမထက်ဘူး။ တကယ်လို့ အဲဒီအချိန်ကသာ သူတို့က ငါတို့လေမိုးကြိုးဥယျာဉ်ကို လာပြီးရန်စခဲ့မယ်ဆိုရင်တော့ ဘာမှတောင် ကျန်မှာ မဟုတ်တော့ဘူး။ ဘိုးဘေးကသာ ဓားထိန်းချုပ်ရေးဝင်္ကပါတစ်ခု ဆုလာဘ်ပေးမယ်ဆိုရင် ငါ တစ်ယောက်တည်း ကျန့်ယန်တောင်ပေါ်ကို ပျံသန်းသွားပြီး ငါတို့ရဲ့မိုးကြိုးရေကန်ဓားဝင်္ကပါကို ဖျက်စီးလိုက်မှာပဲ။ အဲဒီဓားမိုးတွေ ကျလာရင် ကျန့်ယန်တောင်က လုံးဝပျက်စီးသွားနိုင်တယ်…”

လျှိုပါ့ချောင်က မြေပြင်ပေါ်သို့ တစ်စုံတစ်ခု ပစ်ချလိုက်သလို အမူအယာမျိုး လုပ်ပြလိုက်သည်။

နင်ယောင်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်၏။

“ကျန့်ယန်တောင်က နင်ပြောသလို အားမနည်းဘူး။ လေမိုးကြိုးဥယျာဉ်ကလည်း နင်ပြောသလောက် အစွမ်းမထက်ဘူး…”

လျှိုပါ့ချောင်ကတော့ အိုးတိုးအမ်းတမ်း ဖြစ်သွားသည့် လက္ခဏာမျိုး မပြခဲ့ပေ။ သူက ချက်ချင်းပင် ခေါင်းစဉ်ပြောင်းပြီး ချန်းပင်အန်းကိုကြည့်၍ လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်၏။

“ဒီအမိုးတံတားရဲ့ အရင်တံတားက ကျောက်တုံးတံတားခုံးတစ်ခုလို့ ကြားဖူးတယ်။ ဒီကျောက်တုံးတံတားခုံးရဲ့ အောက်မှာတော့ ရေထဲကနေ နဂါးတွေ ထွက်မလာအောင် တားဆီးထားတဲ့ ဓားအို‌ကြီးတစ်ချောင်း ရှိနေတယ်။ အဲဒီလို အိုဟောင်းနေတဲ့ အရာတစ်ခုက သေချာပေါက် သာမန်ပစ္စည်းတစ်ခု မဟုတ်နိုင်ဘူး။ အဲဒါက ကမ္ဘာမြေကြီးကို တုန်လှုပ်စေနိုင်ပြီး မကောင်းဆိုးရွားတွေ၊ သရဲ‌တစ္ဆေတွေကို ရှင်းပစ်နိုင်တဲ့ စိတ်ဝိညာဉ်ရတနာတစ်ခု ဖြစ်နိုင်တယ်…”

လျှိုပါ့ချောင်က သစ်သားစြင်္ကံပေါ်တွင် အားနှင့် ခြေဆောင့်ချလိုက်ပြီး ပြောလိုက်၏။

“ဒါပေမဲ့ ငါက ကြမ်းပြင်ပေါ်မှာ လှဲကြည့်ပြီး လက်နဲ့ အကြိမ်ကြိမ် ခေါက်ကြည့်ခဲ့တယ်။ ဒါပေမဲ့ ဘာသဲလွန်စမှ မတွေ့ခဲ့ဘူး။ ကြည့်ရတာ ဒီပစ္စည်းက ငါနဲ့ရေစက်မရှိတာများ ဖြစ်နိုင်မလား။ ပုံမှန်အားဖြင့် ပြောရမယ်ဆိုရင်တော့ အဲဒီလိုလည်း မဖြစ်နိုင်ဘူး။ တကယ်လို့ ဒီဓားအိုကြီးကသာ အစစ်အမှန် နတ်ဘုရားလက်နက်တစ်ခုဆိုရင် ငါ့လို ဓားပါရမီရှင်တစ်ယောက်ကို ရွေချယ်ရမှာပဲ မဟုတ်လား။ ဒီဓားအိုကြီးက အချိန်ကြာနေတဲ့ ရှေးဟောင်းပစ္စည်းတစ်ခုပဲ ဖြစ်နိုင်တာများ ဖြစ်နေမလား။ တော်တော်လေးနှမြောစရာပဲ…”

သူ့အနားတွင် ရှိနေသော ချန်းပင်အန်းက အနည်းငယ် အံ့ဩသွားခဲ့သည်။ ထိုလူငယ်က နောက်ပြောင်နေခြင်း ဟုတ်ပုံမရချေ။ သူ့ပုံစံက အလွန်လေးနက်နေ၏။ သူကတော့ အကျိုးအကြောင်း သက်သေများ ပြသခဲ့ခြင်း မရှိသော်လည်း သူက အပိုစကားများ ပြောနေခြင်း မဟုတ်နိုင်ပေ။

ချန်းပင်အန်း စိတ်ရှုပ်ခြင်း မရှုပ်ခြင်းကို လျှိုပါ့ချောင်က ဂရုမစိုက်ခဲ့ပေ။ သူကတော့ မြို့ငယ်လေးထဲတွင် စိတ်ဝင်စားစရာကောင်းသော ပုံပြင်များအကြောင်းကို ပြောနေခဲ့၏။ သူက အလွန်လျှို့ဝှက်ဆန်းကြယ်သော ကံကြမ္မာအကြောင်းကိုလည်း ပြောနေပြီး သံကြိုးရေတွင်းထဲမှ သံကြိုးကို ဆွဲထုတ်နိုင်ကြောင်းလည်း ပြောနေခဲ့၏။

သူက ရက်အနည်းငယ် အတောအတွင်း လှည့်ပတ်သွားလာနေခဲ့သော်လည်း သူနှင့် သက်ဆိုင်သော ကံကြမ္မာတစ်ခုကို ရှာတွေ့ခဲ့ခြင်း မရှိချေ။ အဆုံးတွင်တော့ ပျက်စီးနေသော လမ်းကြားလေးထဲတွင် သူက လှည့်ပတ်ကြည့်လိုက်ရာ တံခါးအပေါ်တွင် ရှိနေသော နံရံပေါ်၌ စိုက်ထားသည့် ကြေးနီရောင် မှန်ငယ်လေးတစ်ချပ်ကို‌ တွေ့လိုက်ရသည်။

သူက ထိုမှန်ကိုကြည့်ရန် လှေကားပေါ်သို့ တက်လိုက်၏။ ထိုအရာကတော့ နတ်ဆိုးထုတ်ဖော်ကြေးမုံဖြစ်သည်။ ထိုကြေးမုံပေါ်တွင် တိမ်တိုက်နှင့်မိုးကြိုးသဏ္ဌာန် စကားလုံးငယ်လေး(၈)ခု ရေးထိုးထား၏။

“နေမင်းကြီးနဲ့ လရဲ့အလင်းရောင်ကြောင့် ကမ္ဘာကြီးက တောက်ပနေတယ်…”

သူက အလွန်ဝမ်းသာသွားသည့်အတွက် လှေကားပေါ်တွင် မတ်တပ်ရပ်ပြီး ကျယ်လောင်စွာ အော်ဟစ်မိခဲ့၏။

စြင်္ကံလမ်းကို ဖြတ်လာပြီးနောက် ချန်းသွမ့်နှင့် ချန်းစုန့်ဖုန်းတို့က အရှိန်ကို လျော့လိုက်ကြပြီး ချန်းပင်အန်းကို လမ်းပြခိုင်းလိုက်သည်။ သူတို့အဖွဲ့က စမ်းချောင်းအပေါ်ဘက်သို့ တောက်လျှောက် ဆက်သွားနေခဲ့ကြ၏။

ချန်းပင်အန်းက နောက်ကျောဘက်တွင် အဝါရောင်ဝါးရွက်များ ပြည့်‌နေသော ခြင်းတောင်းကြီးတစ်ခုကို သယ်လာသည်။ ချန်းစုန့်ဖုန်းကတော့ ချစ်စရာကောင်းသော အစိမ်းရောင် ဝါးသေတ္တာလေးတစ်ခုကို သယ်ဆောင်ထား၏။

လျှိုပါ့ချောင်ကတော့ ချန်းပင်အန်း၏ ခြင်းတောင်းထဲတွင် မည်သည့်အရာများ ရှိနေကြောင်း အလွန်စိတ်ဝင်စားနေသည့်အတွက် အဖြေရှာချင်နေသည်။ ထို့ကြောင့် သူက ချန်းပင်အန်းကို နှေးနှေးသွားရန် ပြောလိုက်၏။

သူက ချန်းပင်အန်း၏နောက်မှ လိုက်လာခဲ့ပြီးနောက် ခြင်းတောင်းကို သေချာရှာဖွေကြည့်လိုက်ရာ ရှုပ်ပွနေသော ပစ္စည်းအမြောက်အများကို တွေ့လိုက်ရသည်။ ထိုအထဲတွင် ထပ်ထားသော ဝါးဦးထုပ်(၃)လုံး၊ အိုး(၂)လုံး၊ ရေနွေးအိုး(၁)လုံး၊ ဆီများထည့်ထားသောဘူးလေး(၁)ခု၊ ပုဆိန်အကြီးအသေး(၂)ခု၊ ကျောက်ခဲငယ်လေး(၂)ခုနှင့် မီးမွှေးရန် တုတ်တစ်ထုပ်ကို တွေ့လိုက်ရသည်။

ခြင်းတောင်း၏ အောက်ခြေတွင်တော့ တစ်ဝက်ဖြတ်ထားသော ဝါးကျည်တောက်များကို အတူတကွ နေရာချထား၏။ စုစုပေါင်း ဝါးကျည်တောက် (၇)ခု၊ (၈)ခုခန့် ရှိနေပြီး ငါးမျှားချိတ်နှင့် ငါးမျှားကြိုးများ ပြည့်နေသော အဝတ်အိတ်လေးတစ်ခုလည်း ပါဝင်နေသည်။

လျှိုပါ့ချောင်က မေးလိုက်၏။

“ချန်းပင်အန်း …

အဲဒီဝါးကျည်တောက်တွေက ဘာလုပ်ဖို့လဲ…”

ချန်းပင်အန်းက ပြန်ဖြေလိုက်သည်။

“စုစုပေါင်း ဝါးကျည်တောက်(၈)ခု ရှိတယ်။ သူတို့ထဲက (၆)ခုထဲမှာတော့ ဝါးကျည်တောက်တစ်ခုကို ထမင်းလုံး(၄)လုံးဆီ ထည့်ထားတယ်။ တခြား(၂)လုံးမှာတော့ အလွယ်တကူ မပုတ်သိုးနိုင်တဲ့ အသီးအရွက် ဆားရည်စိမ်တွေ ထည့်ထားတယ်…”

လျှိုပါ့ချောင်၏ မျက်နှာပေါ်တွင် အတော်လေးကို ကျေနပ်သွားခဲ့၏။ သူ၏ခြေလှမ်းကလည်း အနည်းငယ် ပေါ့ပါးသွားခဲ့ပြီး ကျယ်လောင်စွာ ပြောလိုက်သည်။

“ဆားရည်စိမ်လား... ငါက အဲဒီအရာတွေ စားခဲ့ဖူးတယ်….”

ချန်းပင်အန်းက သူ့ကို ထူးဆန်းစွာ ကြည့်လိုက်၏။ ဆားရည်စိမ်စားရခြင်းမှာ အလွန်ကြီးမြတ်နေခြင်းပေလော။ သူက ရေမသောက်ဘဲ ဝါးကျည်တောက်ထဲတွင် ရှိနေသော ဆားရည်စိမ်တစ်ခုလုံးကို စားနိုင်မည်ဆိုလျှင်သာ အတော်လေး အံ့ဩစရာကောင်းပါလိမ့်မည်။

လျှိုပါ့ချောင်က ရုတ်တရက် စိတ်ဝင်တစား မေးလိုက်၏။

“တောင်ပေါ်ကို သွားတဲ့ ခရီးလမ်းမှာ ငါတို့တွေက အများဆုံး(၃)ကြိမ်ပဲ စားဖို့ လိုလိမ့်မယ်။ ငါတို့က အဲဒီဝါးကျည်တောက် ဆားရည်စိမ်(၂)ဘူး လိုလို့လား။ အဲဒီဆားရည်စိမ်တွေနဲ့ဆိုရင် ငါက ထမင်းပန်းကန်လုံးတစ်ဝက်လောက်တောင် စားနိုင်တယ်…”

ချန်းပင်အန်းကတော့ မည်သည့်လမ်းကြောင်းက အမြန်ဆုံးဖြစ်ကြောင်း စဉ်းစားနေပုံရသည်။ သူက‌ အေးအေးဆေးဆေး ပြောလိုက်၏။

“မိန်းကလေးနင်နဲ့ ငါက ဆားရည်စိမ်ဝါးကျည်တောက်တစ်ခု စားမယ်။ မင်းနဲ့ မင်းရဲ့မိတ်ဆွေ(၂)ယောက်က ကျန်တဲ့ဟာကို အတူတူစားနိုင်တယ်….”

လျှိုပါ့ချောင်က သေချာစဉ်းစားနေခဲ့၏။ သူက တိုးတိုးလေးရယ်ပြီး ပြောလိုက်သည်။

“ဒီလောက်လည်း ယဉ်ကျေးမနေပါနဲ့။ ငါက မင်းတို့နဲ့ အတူတူစားလို့ရပါတယ်…”

နင်ယောင်က ပြတ်သားစွာ ပြောလိုက်၏။

“မရဘူး။ နင်က နင့်မိတ်ဆွေတွေနဲ့ပဲ သွားပြီးစားလိုက်…”

လျှိုပါ့ချောင်က ဒေါသတကြီး ပြန်မေးလိုက်သည်။

“ဘာလို့လဲ….”

နင်ယောင်က မေးငေါ့ပြလိုက်ပြီး အဖြေက ချန်းပင်အန်းဆီတွင် ရှိကြောင်း ပြသလိုက်သည်။ သူမက လျှိုပါ့ချောင်နှင့် စကားပြောချင်နေခြင်း မရှိကြောင်း ဆိုလိုခြင်းလည်းဖြစ်၏။

လျှိုပါ့ချောင်က လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ မကျေနပ်မှု အနည်းငယ် ရှိနေသော်လည်း စိတ်ဝင်စားမှုတချို့ ရှိနေခဲ့၏။

ချန်းပင်အန်းက အပြုံးနှင့် ခေါင်းခါပြလိုက်သည်။

ထို့ကြောင့် လျှိုပါ့ချောင်လည်း မသက်မသာ သက်ပြင်းချလိုက်ရ၏။

“မင်းက မိတ်ဆွေထက် မိန်းကလေးတွေကို ပိုပြီးတန်ဖိုးထားတယ်ဆိုတာ ငါ နားလည်သွားပြီ….”

နင်ယောင်က ခနဲ့သလို ပြောလိုက်၏။

“နင်က ဒီလောက်မြန်မြန်ကြီး မိတ်ဆွေတွေ ဖြစ်သွားတာလား။ ဒါဆိုရင်တော့ နင့်မှာ အနည်းဆုံး မိတ်ဆွေ(၁)ထောင်ကျော် ရှိလောက်တယ်။ မဟုတ်ရင်တောင် (၁)သောင်းလောက် ရှိလောက်မယ် မဟုတ်လား…”

လျိုပါ့ချောင်က သူမကို စိုက်ကြည့်လိုက်သည်။

“အဲဒါလည်း ဖြစ်နိုင်တာပဲလေ…”

နင်ယောင်က မျက်ခုံးပင့်ပြီး ထပ်ပြောလိုက်၏။

“ဘာလို့ ဒီလောက်တောင် နည်းနေရတာလဲ…”

လျိုပါ့ချောင်က လျှာထုတ်၍ နှုတ်ခမ်းကို သပ်လိုက်၏။

“မိန်းကလေးနင် မင်းရဲ့အကျင့်စရိုက်ကတော့ ငါ့ရဲ့နတ်သမီးစုလောက် မကောင်းဘူး..”

နင်ယောင်က မျက်မှောင်ကြုတ်လိုက်မိသည်။

“ကျန့်ယန်တောင်က စုကျားကို ပြောတာလား…”

လျှိုပါ့ချောင်က ပို၍ပင် ဂုဏ်ယူနေပုံရ၏။

“ဟုတ်တယ်။ စုကျား… ဟယ်ကျစ်ရှိုး။ သူတော်စင်တစ်ယောက်က ပြောဖူးတယ်။ လယ်သမားကောင်းတွေကတော့ အများကြီးပဲ။ ငါ့နတ်သမီးစုရဲ့နာမည်ကတော့ အရမ်းစိတ်လှုပ်ရှားစရာကောင်းတယ် မဟုတ်လား..”

နင်ယောင်က ချန်းပင်အန်း သေချာပေါက်နားလည်နိုင်မည် မဟုတ်သော မေးခွန်းတစ်ခုကို မေးလိုက်သည်။

“တကယ်လို့ နင်ကသာ စု‌ကျားကို အဲဒီလောက်ကြိုက်နေတယ်ဆိုရင် သူ နင့်ကို ပြန်ကြိုက်လိုက်မယ်ဆိုရင်တောင် ဘာတွေဖြစ်လဲဆိုတာ စဉ်းစားမိတယ်မဟုတ်လား..”

လျှိုပါ့ချောင်က ချက်ချင်းပင် မျက်နှာပျက်သွားခဲ့၏။ သူက ဒယိမ်းဒယိုင်ဖြစ်သွားပြီး အပြစ်ရှိသလို အမူအယာနှင့် တိုးတိုးလေး ရေရွတ်လိုက်သည်။

“သူက ငါ့လို လူတစ်ယောက်ကိုကြိုက်ဖို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”

လျှိုပါ့ချောင်က လူဆိုးတစ်ယောက် မဟုတ်ကြောင်း ချန်းပင်အန်းက ခံစားမိနေခဲ့သည်။ ချန်းသွမ့်နှင့် ချန်းစုန့်ဖုန်းတို့ကတော့ ရှေ့တွင် သွားနေသော သူတို့(၃)ယောက်နှင့် ခြေလှမ်း(၁၀)လှမ်းကျော် ဝေးကွာနေခဲ့သည်။

လျိုပါ့ချောင်နှင့် မြက်ဖိနပ် လူငယ်လေးတို့က တဖြည်းဖြည်း ရင်းနှီးလာကြောင်း မြင်လိုက်ရသည့်အခါ ချန်းစုန့်ဖုန်းက အနည်းငယ် အားကျသွားခဲ့၏။ လျှိုပါ့ချောင်က လူအများနှင့် ဆက်ဆံရာတွင် အလွန်ကောင်းမွန်ပုံရသည်။ ဤကမ္ဘာကြီးထဲတွင် လူပေါင်းစုံရှိနေပြီး ဘုရင်၊ စစ်သူကြီးနှင့် အစေခံမျိုးစုံရှိနေသော်လည်း သူ စကားမပြောနိုင်သော လူတစ်ယောက်မျှမရှိချေ။

ချန်းစုန့်ဖုန်းက အသံတိုးတိုးနှင့် မေးလိုက်၏။

“အဲဒီအမျိုးသမီးက သတင်းကို သိသိချင်း ရုံးတော်ကို ချက်ချင်း ရောက်လာပြီး ချင်းဖုန်းမြို့က ရှို့မိသားစုရဲ့ တောင်းပန်မှုအနေနဲ့ ချပ်ဝတ်အင်္ကျီကို ပြန်ပေးဖို့ ကမ်းလှမ်းခဲ့တယ်။ နင်က ဘာလို့ လက်မခံခဲ့ရတာလဲ…”

ချန်းသွမ့်က မြို့ငယ်လေးထဲကို ဝင်မလာခင် အချိန်ကထက် ပို၍နှစ်လိုဖွယ်ကောင်းနေကြောင်း သိသာနေသည်။ အကယ်၍ ယခင်တုန်းကသာ ချန်းစုန့်ဖုန်းက ထိုမေခွန်းကို မေးလိုက်မည်ဆိုလျှင် သူမက လျစ်လျူရှူထားမည်ဖြစ်၏။

ယခုတော့ သူမက စိတ်ရှည်လက်ရှည်ရှင်းပြလိုက်သည်။

“တကယ်လို့ ချင်းဖုန်းမြို့ကသာ အမှန်တရားကို သိနေပြီး အဲဒီလူငယ်လေးရဲ့ ဘိုးဘေးက ငါတို့ချန်းမိသားစုရဲ့ အုတ်ဂူစောင့်ဖြစ်တယ်ဆိုတာကို သိနေခဲ့မယ်ဆိုရင် သူတို့က ဒီလိုအရာမျိုးကို လုပ်ရဲတဲ့အတွက် တစ်စုံတစ်ခုပြန်ပြီးပေးဆပ်ရလိမ့်မယ်။ အဲဒါက ချပ်ဝတ်အင်္ကျီကို ပြန်ပေးလိုက်ရုံသက်သက် ရိုးရှင်းမှာ မဟုတ်ဘူး။ ဒါပေမဲ့ သူတို့က အဲဒီအတွင်းရေးပြဿနာတွေကို မသိခဲ့ဘူး။ မဟာလမ်းစဉ်ရဲ့ အခွင့်အရေးတွေက အရမ်းကိုအဖိုးတန်တယ်။ လူတိုင်းက အဲဒီအတွက် တိုက်ခိုက်နိုင်ကြတာပဲ။ ချင်းဖုန်းမြို့မှာရှိတဲ့ ချန်းမိသားစုကလည်း ဒီလောက်ထိ မောက်မာရိုင်းစိုင်းနေတာမျိုး မဟုတ်ဘူးလေ…”

ချန်းစုန့်ဖုန်းက အပြုံးနှင့် ပြောလိုက်၏။

“ကြည့်ရတာတော့ ချင်းဖုန်းမြို့ကလည်း ကျန့်ယန်တောင်ကို လှည့်စားဖို့ ရည်ရွယ်နေတာ ဖြစ်နိုင်တယ်။ တကယ်လို့ လူဝံကြီးကသာ ရှေ့ကနေ အရင်ဆုံး တိုက်ခိုက်ခဲ့တာ မဟုတ်ရင် ချင်းဖုန်းမြို့က အဲဒီချပ်ဝတ်အင်္ကျီကို ထုတ်ပေးမှာ မဟုတ်လောက်ဘူး…”

ချန်းသွမ့်က မူလမျက်နှာအမူအယာမျိုးပြန်ဖြစ်သွားပြီး ခနဲ့သလို ပြောလိုက်သည်။

“သူတို့က အခြေအနေကိုလိုက်ပြီး လိုက်လျောညီထွေ ဘယ်လိုဖြေရှင်းရမလဲဆိုတာပဲ သိတာ။ တကယ့်အစစ်အမှန် အခြေအနေကိုတော့ လုံးဝဂရုမစိုက်ကြဘူး…”

ချန်းစုန့်ဖုန်းက အသံတိုးတိုးနှင့် ပြောလိုက်သည်။

“သူတို့ဆီမှာ နှလုံးသားရှိပေမဲ့ အစွမ်းမရှိတာလည်း ဖြစ်ကောင်းဖြစ်‌နိုင်တာပဲလေ။ ကိစ္စတစ်ခုကို အကျိုးမဲ့လုပ်ရမဲ့အစား သူတို့က အကျိုးအမြတ် နည်းနည်းလေး ရချင်နေတာ ဖြစ်နိုင်တယ်…”

ချန်းသွမ့်က ပြန်လှည့်လာပြီး လုံဝေတိုင်းပြည် ချန်းမိသားစုမှ လူငယ်လေးကို ပြန်လှည့်ကြည့်လိုက်သည်။ သူမကတော့ ချန်းစုန့်ဖုန်း၏ စကားလုံးများကို မှတ်ချက်ပေးခဲ့‌ခြင်း မရှိချေ။

သူတို့က တောင်ပေါ်ကို တက်ရတော့မည်ဖြစ်သည်။ ချန်းပင်အန်းက ရပ်လိုက်ပြီး ပြောလိုက်၏။

“လျှိုပါ့ချောင် …

သူတို့ကို နောက်ကနေ မြန်မြန်လိုက်လာဖို့ ပြောလိုက်ပါ။ မြန်လေ ကောင်းလေပဲ..”

လျှိုပါ့ချောင်က မြို့ငယ်လေး၏ အမိုးတစ်ခုပေါ်မှနေ၍ မြက်ဖိနပ် လူငယ်လေးနှင့် တောင်ရွှေ့လူဝံကြီးတို့၏ တိုက်ပွဲအများစုကို ကြည့်ခဲ့ဖူးသည်။ သူက ပြန်လှည့်လာပြီး ချန်းစုန့်ဖုန်းတို့ကို ပြောပြလိုက်၏။

ချန်းသွမ့်လည်း ထိုနေရာတွင် ရှိနေခဲ့သည်။ ထို့ကြောင့် သူမက ချန်းပင်အန်းကို သာမန်လူငယ်လေး တစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့ခြင်းမရှိချေ။ ထို့ကြောင့် အဆုံးတွင်တော့ ချန်းစုန့်ဖုန်း တစ်ယောက်တည်းကသာ သူတို့ကို အချိန်ဖြုန်းသလို ဖြစ်နေခဲ့၏။

ထိုလူငယ်လေးက တောင်တန်းများပေါ်ကို တက်ပြီး ကဗျာများ ရေးသားခြင်း၊ အမည်မသိနေရာများ ရှာဖွေခြင်းများကို သဘောကျသူ‌ တစ်ယောက်ဖြစ်သော်လည်း တခြားတစ်ယောက်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် သူက ‌အတော်လေးကို အားနည်းနေခဲ့သည်။

ချန်းသွမ့်က သိုင်းပညာရှင်တစ်ယောက်ဖြစ်၏။ လျှိုပါ့ချောင်က ဤကမ္ဘာကြီးထဲတွင် ရှိနေသော ချီကျင့်ကြံသူများထဲတွင် ခန္ဓာကိုယ် လေ့ကျင့်ရန် အလေးထားရသော ဓားသမားတစ်ယောက် ဖြစ်သည်။ လူငယ်နှင့် မိန်းမပျိုတို့ကတော့ အလွန်အစွမ်းထက်သော ခန္ဓာကိုယ် ရှိနေသည့် တောင်ရွှေ့လူဝံကြီးကိုပင် ဆော့ကစားနိုင်ခဲ့ကြသည်။

တောင်တက်လမ်းက သွားလာရန်အလွန်ခက်ခဲ၏။ အထူးသဖြင့် မိုးရွာထားပြီး‌နောက် မြေပြင်ပေါ်တွင် ရွှံ့များပြည့်နေသည့်အတွက် ချော်ကျနိုင်သည်။ မကြာခဏဆိုသလို သူတို့က စမ်းချောင်းငယ်လေးများ၊ ကျောက်တုံးကမ်းပါးများကို ဖြတ်ကျော်လာရသည့်အတွက် ချန်းစုန့်ဖုန်း၏နှုတ်ခမ်းက ခြောက်ကပ်နေပြီး တစ်ကိုယ်လုံး ချွေးပျံနေခဲ့၏။

နောက်ပိုင်းတွင်တော့ လျှိုပါ့ချောင်က ချန်းစုန့်ဖုန်း၏ စာအုပ်သေတ္တာကြီးကို သယ်ဆောင်ရန် ကူညီပေးခဲ့သည်ကိုပင် ချန်းစုန့်ဖုန်းကတော့ အသက်ကို မနည်းရှုနေရပြီး မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေခဲ့၏။

ဤအချိန်အတောအတွင်း အရှိန်လျော့ရန် ချန်းသွမ့်ကို တစ်ကြိမ်တောင်းဆိုခဲ့သည်။ ချန်းသွမ့်၏ ‌အဖြေကတော့ ခေါင်းခါပြခဲ့သည်။ သူတို့အဖွဲ့က စမ်းချောင်းငယ်လေးများကို ဖြတ်ကျော်သွားရန် လိုအပ်သည့်အချိန်တွင် ချန်းစုန့်ဖုန်းက ရေညှိုများတက်နေသော ကျောက်တုံးတစ်တုံးပေါ်သို့ နင်းမိခဲ့သည်။ ထိုအခါ သူက စမ်းချောင်းထဲသို့ ခြေချော်ကျသွားခဲ့ပြီး ရေနစ်သွားသည့် ကြွက်တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့၏။ သူ့ပုံစံက အတော်လေး သနားစရာကောင်းသည်။

ချန်းသွမ့်က ရပ်ပြီး ပြန်လှည့်လိုက်၏။ သူမက စကားတစ်ခွန်းမျှမပြောခဲ့သော်လည်း အတော်လေးကို မျက်နှာပျက်နေခဲ့သည်။ လျိုပါ့ချောင်က ချန်းစုန့်ဖုန်းကို ထူပေးရန် လျင်မြန်စွာ ပြန်လှည့်လာခဲ့၏။

ချန်းစုန့်ဖုန်းက တောင်းပန်သလို ပြောလိုက်သည်။

“ငါ အဆင်ပြေပါတယ်။ ဘာမှ စိုးရိမ်မနေနဲ့။ ငါ သေချာပေါက် လိုက်လို့မီတယ်..”

ချန်းပင်အန်းက ခြင်းတောင်းကိုချလိုက်ပြီး ကမ်းပါးပေါ်တွင် ထိုင်လိုက်၏။ သူက ပြောလိုက်သည်။

“(၁၅)မိနစ်လောက် အနားယူရင် သူ အဆင်ပြေပါလိမ့်မယ်…”

နင်ယောင်ကတော့ ကိစ္စမရှိချေ။ သူမက ချန်းပင်အန်း၏အနားတွင် ထိုင်လိုက်၏။ သူမကတော့ အလွန်ပျင်း‌နေသည့်အတွက် လက်တစ်ဖက်ကို ဓားရှည်နှင့် ဓားမောက်၏ လက်ကိုင်ပေါ်သို့ တင်ထားခဲ့သည်။ သူမက ညှင်သာစွာ ဖိနှိပ်ထားခဲ့ပြီး ဓားအိမ်နှင့်ကမ်းပါးကို တဒေါက်ဒေါက် ခေါက်နေခဲ့သည်။ ထိုအသံက စမ်းချောင်းစီးဆင်းသံနှင့် လိုက်လျောညီထွေ ကျလာခဲ့၏။

ချန်းသွမ့်က အသံတိုးတိုးနှင့် ပြောလိုက်သည်။

“ဆက်သွားကြစို့…”

ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်၏။

“တစ်ကြိမ်တည်းနဲ့စွမ်းအား အကုန်လုံးကို မသုံးနဲ့။ ခဏနားပြီးမှ ဆက်သွားကြတာ ကောင်းမယ်။ သူ တဖြည်းဖြည်းနဲ့ အသားကျသွားပြီဆိုရင် ကျွန်တော်တို့နဲ့ မီလာပါလိမ့်မယ်။ သူ့ရဲ့ခန္ဓာကိုယ်က အားနည်းနေတာ မဟုတ်ဘူး။ သူ အသက်ရှုတာက ပုံစံမမှန်တာ…”

ချန်းပင်အန်းက တောင်တန်းများကို တက်သည့်အချိန်၊ မြစ်များကို ကူးသည့်အချိန်တွင် အမှန်တကယ်ကို ပညာရှင်တစ်ယောက်ဖြစ်သည်။

ချန်းသွမ့်ကတော့ ချန်းပင်အန်း၏ ရှင်းပြချက်ကို နားမထောင်ခဲ့ပေ။ သူမက ချန်းစုန့်ဖုန်းကို တိုက်ရိုက်ပြောလိုက်၏။

“နင် မြို့ကိုပဲ ပြန်သွားလိုက်တော့…”

ချန်းစုန့်ဖုန်းက မျက်နှာပျက်နေခဲ့၏။ သူက အထွန့်တက်၍ မရနိုင်သော မိန်းမပျိုကိုကြည့်ပြီး လျှိုပါ့ချောင်ကို လှည့်ပြောလိုက်သည်။

“ဒါဆိုရင်တော့ ငါက စာအုပ်သေတ္တာကိုသယ်ဖို့ မင်းကိုပဲ အကူအညီတောင်းရတော့မယ်..”

လျှိုပါ့ချောင်က ဒေါသထွက်နေခဲ့၏။ သူက စာအုပ်သေတ္တာကို ယူလိုက်ပြီး ချန်းသွမ့်ဆီသို့ ပစ်ပေးလိုက်သည်။

“ငါလည်း မင်းနဲ့အတူ မလိုက်နိုင်တော့ဘူး…”

ချန်းသွမ့်၏ မျက်နှာအမူအယာကတော့ တည်ငြိမ်နေသည်။ သူမက စာအုပ်သေတ္တာကို ယူပြီး ကိုယ်တိုင်သယ်လိုက်၏။ ထို့နောက် ချန်းပင်အန်းကို ပြောလိုက်သည်။

“သွားကြစို့…”

ချန်းပင်အန်းက ခဏကြာစဉ်းစားလိုက်၏။ သူက ခြင်းတောင်းထဲမှ ဝါးကျည်တောက်(၂)ခုကိုယူပြီး လျှိုပါ့ချောင်ဆီကို ပစ်ပေးလိုက်သည်။

“မင်းတို့က အပြန်လမ်းမှာ ဗိုက်ဆာ‌နေမယ်ဆိုရင် ဒါနဲ့ဗိုက်ဖြည့်လို့ရတယ်…”

ချန်းစုန့်ဖုန်းက လျှိုပါ့ချောင်ကို တိုးတိုးလေး ဖျောင်းဖျနေခဲ့၏။ ထို့ကြောင့် သူလည်း ဝါးကျည်တောက်ကိုယူပြီး ပြုံးလိုက်သည်။

“ငါ ဒါကို သည်းမခံနိုင်တော့ဘူး။ ငါ မင်းနဲ့အတူ ပြန်လိုက်ခဲ့မယ်။ ငါတို့ရုံးတော်ကို ရောက်တဲ့ အချိန်ကျရင် အရက်ကောင်းကောင်း၊ စားစရာကောင်းကောင်း‌ သောက်ကြတာပေါ့။ အဲဒါက ပိုပြီး သက်တောင့်သက်သာရှိတယ် မဟုတ်လား…”

ချန်းသွမ့်က ပြန်လှည့်ပြီး ဆက်လျှောက်သွားခဲ့၏။

ချန်းပင်အန်းက ‌ခြင်းတောင်းကို သယ်လိုက်ပြီးနောက် အနည်းငယ် စိုးရိမ်နေခဲ့သည်။ သူက လျှိုပါ့ချောင်ကို ပြန်လှည့်ပြီး မေးလိုက်၏။

“မင်းက အပြန်လမ်းကို သိတယ် မဟုတ်လား…”

လျှိုပါ့ချောင်က ပြုံးပြလိုက်၏။

“ငါ မှတ်မိပါတယ်…”

ချန်းပင်အန်းက ခေါင်းညိတ်ပြီး နင်ယောင်နှင့်အတူ ထွက်သွားခဲ့သည်။ ရှေ့တွင် ရှိနေသော သူတို့(၃)ယောက်က တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့၏။

ချန်းစုန့်ဖုန်းကတော့ ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်နေပြီး မချိပြုံး ပြုံးလိုက်မိသည်။

“မင်းက ဘာလို့ အဲဒီလိုလုပ်ခဲ့ရတာလဲ။ မင်းတို့ လေမိုးကြိုးဥယျာဉ်က ယင်းရင်မှာရှိတဲ့ ချန်းမိသားစုနဲ့ ရင်းနှီးခွင့်ရမယ်ဆိုရင် ဆိုးရွားတဲ့အရာတစ်ခုတော့ မဟုတ်ဘူးလေ။ ဘာလို့ မင်းရဲ့ခံစားချက်တွေက ဆုံးဖြတ်ချက်တွေကို သက်ရောက်ခွင့်ပေးလိုက်ရတာလဲ…”

လျှိုပါ့ချောင်က ဝါးကျည်တောက်တစ်ခုကို ဖွင့်လိုက်ရာ အတွင်းထဲတွင် ထမင်းလုံး(၁)ခုကို မြင်လိုက်ရသည်။ သူက ဝမ်းမြောက်ဝမ်းသာပြောလိုက်၏။

“ချန်းပင်အန်းက အရိုးသားဆုံးပဲ။ သူကမှ ငါ့ရဲ့ညီအစ်ကိုကောင်းဖြစ်ဖို့ ထိုက်တန်သေးတယ်…”

လျှိုပါ့ချောင်၏ အကျင့်စရိုက်ကို သိနေသည့်အတွင် ချန်းစုန့်ဖုန်းက သူ့ကို နောက်ထပ်ဖြောင်းဖျနေခြင်း မရှိတော့ချေ။ ချန်းစုန့်ဖုန်းက စိတ်ဓာတ်ကျစွာ ပြောလိုက်၏။

“သူက တကယ့်ကို အသုံးမဝင်တဲ့ စာသင်သားတစ်ယောက်ပဲ…”

လျှိုပါ့ချောင်က တိုးတိုးလေး ပြောလိုက်သည်။

“တကယ်လို့ ငါသာ သိခဲ့မယ်ဆိုရင် ငါက အသီးအရွက်ဆားရည်စိမ် ဝါးကျည်တောက်တစ်ခုကိုပါ ချန်ခဲ့ဖို့ ချန်းပင်အန်းကို ပြောလိုက်မှာပဲ…”

သူက ထမင်းလုံးကို ကိုက်လိုက်ပြီး ပါးစပ်ထဲတွင် ဝါးစား‌ကြည့်နေခဲ့သည်။ သူက ဝေဝါးစွာ ပြောလိုက်၏။

“မင်း မှားသွားပြီ။ ဒီမြို့ငယ်လေးထဲမှာရှိတဲ့ ဆရာချီရဲ့ ဆရာက အရမ်းကို အစွမ်းထက်တယ်…”

ချန်းစုန့်ဖုန်း၏မျက်လုံးများက ဝေဝါးသွားခဲ့၏။

“ဆရာချီက ဘာလုပ်ချင်နေတယ်လို့ မင်းထင်လဲ…”

လျှိုပါ့ချောင်က အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။

“ငါက ဘယ်လိုလုပ်သိမှာလဲ”

ချန်းစုန့်ဖုန်းက ရေစိုနေသော အဝတ်များကိုခါလိုက်ပြီး သက်ပြင်းချလိုက်မိ၏။

“တကယ့်နတ်ဘုရားတွေပဲ သိမှာပဲလေ…”

……………

စမ်းချောင်းလေး၏ အနားတွင် ရှိနေသော ပန်းပဲဖိုတွင် လျှိုရှန်းယန်က နောက်တစ်ကြိမ် အိပ်ပျော်နေ၏။ ရွမ်ချုံက အိပ်ရာခေါင်းရင်းတွင် အလွန်တည်ငြိမ်သော အမူအယာနှင့် ထိုင်နေခဲ့သည်။ ထိုလူငယ်လေး၏ အငွေ့အသက် တစ်ခုချင်းဆီတိုင်းက ရှည်လျားသည်။

အဓိကအချက်ကတော့ သူ၏အသက်ရှုသံက တောင်တန်းပေါ်တွင် ရှိနေသော မြူခိုးများ၊ ရေကန်ထဲတွင်ရှိနေသော အငွေ့များကဲ့သို့ ဖြစ်နေခဲ့၏။ ထိုအရာက အဖြူရောင်ဖြစ်နေပြီး လေလှိုင်းများနှင့်အတူ ပျံ့နှံ့သွားခဲ့ခြင်း မရှိချေ။ သူ၏ပါးစပ်နှင့် နှာခေါင်းထဲတွင် နည်းနည်းချင်းဆီ စုစည်းနေခဲ့၏။

အဆုံးတွင်တော့ လူငယ်လေး၏မျက်နှာပေါ်တွင် (၃)လက်မခန့် အရှည်ရှိသော အဖြူရောင်နဂါးတစ်ကောင်ပုံရိပ် ပေါ်လာခဲ့သည်။ သူက ပုံစံတစ်ခုအဖြစ် အိပ်မက်မက်နေခြင်း ဖြစ်ပုံရသည်။ သူက တစ်ကြိမ်တည်းနှင့် အင်မော်တယ်ဓားတစ်ချောင်းကို ဖန်တီးနေခြင်းဖြစ်၏။

ရွမ်ချုံက မေးစေ့ကို လက်နှင့်ပွတ်ပြီး ချီးကျူးလိုက်မိသည်။

“သူလျှောက်နေတဲ့ လမ်းကြောင်းက အဆုံးမဲ့ဖျက်ဆီးပြီး အရာအားလုံးကို ပြန်လည်တည်ဆောက်ရတဲ့ လမ်းကြောင်းဖြစ်နေတာပဲ။ သွေးကြောမှတ်တွေ အားလုံး ပျက်စီးသွားတဲ့အချိန်မှာ ဘာအနှောင့်အယှက်မှ မရှိတော့ဘူး။ သူ့ရဲ့ခန္ဓာကိုယ်က လုံးဝပျက်စီးသွားပေမဲ့ နောက်ဆုံးမှာတော့ ဒီဓားက ပြီးဆုံးသွားခဲ့ပြီ။ ဒါက ထုလုပ်ဖို့ အသုံးပြုနိုင်သလို ဓားရေးလေ့ကျင့်ဖို့လည်း အသုံးပြုနိုင်တယ်။ ဒါကြောင့်လည်း ဒီဓားသိုင်းကျမ်းက ဒီလောက်တောင် နာမည်ကျော်ကြားနေရတာပဲ။ ဒါက အိပ်နေရင်း အိပ်မက်ထဲမှာတောင် လေ့ကျင့်လို့ရတယ်။ တကယ့်ကို မျှော်လင့်ချက်တွေ ပြည့်နေတာပဲ…”

ရွမ်ချုံက မတ်တပ်ရပ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်စွာ ပြောလိုက်သည်။

“ငါက ယင်းရင် ချန်းမိသားစုကို နှစ်ပေါင်း(၂၀)ငှားမယ်လို့ သဘောမတူခဲ့သင့်ဘူး…”

…………..

မြင်းလှည်း(၃)စီးက အဆုံးမဲ့တောင်ကြားလမ်းထဲတွင် သွားလာနေခဲ့သည်။ နောက်ဆုံးတွင်တော့ သူတို့က ထိပ်ဆုံးကို ရောက်လာခဲ့၏။ စုန့်ကျိရှင်းနှင့် ကျစ်ကွေးတို့က မြင်းလှည်းပေါ်မှ ဆင်းလိုက်ပြီး အချင်းချင်း ကြည့်လိုက်မိကြသည်။

တောင်ထိပ်အလယ်တွင် တိုင်လုံးကြီး(၂)ခုနှင့် တည်ဆောက်ထားသော အလွန်ကြီးမားသည့် စင်မြင့်ကြီးတစ်ခုရှိသည်။ သို့သော် တိုင်လုံးများက ရေလှိုင်းများကဲ့သို့ စီးဆင်းနေပြီး ရေလှိုင်းများ၏ အနောက်ဘက်တွင် ရှိနေသော မြင်ကွင်းများကိုတော့ ရှင်းရှင်းလင်းလင်း မမြင်ရပေ။ ထိုအရာက တံခါးတစ်ချပ်ကဲ့သို့ ထင်ရ၏။

မိန်းမပျိုက တံခါးကို စိုက်ကြည့်နေခဲ့သည်။

စုန့်ကျိရှင်းက ပြန်လှည့်လာပြီး တောင်တန်း၏အစွန်သို့ လျှောက်သွာခဲ့၏။ သူက အဝေးကိုကြည့်လိုက်ရာ အလွန်လှပသော မြစ်ချောင်းများ၊ တောင်တန်းများကို တွေ့လိုက်ရသည့်အတွက် ပေါ့ပါးလန်းဆန်းသွားသလို ခံစားလိုက်ရ၏။

တာ့လီဦး‌ရီးတော်ဖြစ်သော စုန့်ချန်ကျင့်ကတော့ မြေခွေးသားရေအပေါ်ထပ်ကို ခြုံထားခဲ့သည်။ သူ၏မျက်နှာက ဖြူဖပ်ဖြူရော် ဖြစ်နေသော်လည်း အတော်လေးကို တက်ကြွနေပုံရသည်။

သူက စုန့်ကျိရှင်း၏အနားသို့ ရောက်လာပြီး အပြုံးနှင့်ပြောလိုက်၏။

“ဒါက အရှေ့ပိုင်းကုန်းမြေကြီးထဲမှာရှိတဲ့ လီကျူးသုခဘုံပဲ။ ဒါက သုခဘုံ(၃၆)ခုထဲက တစ်ခုလို့ပြောလို့ရတယ်။ ဒီသုခဘုံက အကျယ်အဝန်းကြောင့် နာမည်ကျော်တာတော့ မဟုတ်ဘူး။ သူ့ရဲ့ပိုင်နက်က မိုင်(၁၀၀၀)လောက်ပဲရှိတယ်…”

စုန့်ချန်ကျင့်က နောက်ပြန်လှည့်လာခြင်းမရှိချေ။ သူက လက်မြှောက်လိုက်ပြီး နောက်တွင်ရှိနေသော တံခါးကို လက်ညှိုးထိုးပြလိုက်၏။

“ဒီတံခါးကိုဖြတ်ပြီး လှေကားကနေ ဆင်းသွားပြီဆိုရင် မိုင်(၃၀)လောက် သွားတာနဲ့ တာ့လီပိုင်နက်ထဲကို ရောက်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် မင်းတို့က နောက်ပြန်လှည့်ကြည့်မယ်ဆိုရင်တောင် ဒါကိုရှင်းရှင်းလင်းလင်းမြင်ရမှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ မင်းတို့က တစ်ခုတော့ နားလည်ထားဖို့လိုတယ်။ ဒီလီကျူးသုခဘုံက ကောင်းကင်ပေါ်မှာ ရှိနေတာပဲ..”

စုန့်ချန်ကျင့်က ခဏကြာရပ်နေခဲ့လေသည်။

“လီကျူး…”

Translated by Hein Htet

All Chapters