အခန်း (၆၆)
Vol. 5 Ch. 66
စုန့်ကျိရှင်းက တောင်ထိပ်ပေါ်တွင် ရပ်နေခဲ့သည့်အတွက် ပို၍ကျယ်ပြန့်သော မြင်ကွင်းတစ်ခုကို မြင်နေရသည်။ ရွှံ့ပုလင်းလမ်းကြားထဲတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ပြီးနောက် သူက မျက်စိတဆုံး ရွှံ့နံရံများကိုသာ မြင်တွေ့ခဲ့ရသည်။
မိုင်ထောင်ပေါင်းများစွာ ရှည်လျားသော တောင်တန်းများ၊ မြစ်များက ခြေထောက်အောက်တွင် ရှိနေရသော မြင်ကွင်းကို ထိုလူငယ်က အလွန်သဘောကျနေခဲ့သည်။
စုန့်ချန်ကျင့်က အလွန်ဈေးကြီးသော်လည်း ရှေးကျသည့် ဝတ်ရုံကြီးကို လက်နှင့် သေချာပြင်ဆင်လိုက်၏။ တာ့လီ၏ ဦးရီးတော်က ယနေ့အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။
သူက အနောက်ဘက်တွင် ရှိနေသော တောင်မြင့်ကြီးတစ်လုံးကို လက်ညှိုးထိုးပြပြီး ပြောလိုက်၏။
"အဲဒီတောင်ကို ပိယွင်တောင်လို့ ခေါ်တယ်။ အနာဂတ်မှာတော့ အဲဒီအရာကို တာ့လီက အထွဋ်အမြတ် တောင်တန်း(၅)ခုရဲ့ အပြင်ဘက်မှာရှိတဲ့ တောင်(၁၀)လုံးထဲက တစ်လုံးအဖြစ် သတ်မှတ်လိမ့်မယ်။ ငါတို့ဘိုးဘေးတွေ ချမှတ်ခဲ့တဲ့ စည်းမျဉ်းဟောင်းတွေအရ အဲဒီတောင်ထိပ်ပေါ်မှာရှိတဲ့ တောင်တန်းနတ်ဘုရားကို မှတ်တမ်းတင်လိမ့်မယ်။ သူက ရွှေရောင်ရုပ်တုကို ဖန်တီးနိုင်ပြီး လူသားတွေရဲ့ ကိုးကွယ်ယုံကြည်မှုကို ခံရနိုင်တယ်။ သူက တာ့လီရဲ့အင်ပါယာကို စောင့်ရှောက်ပြီး အနီးအနား တိုင်းပြည်တွေကို ကာကွယ်လို့မရဘူး…”
“မြို့ထဲမှာရှိတဲ့ လူတွေကတော့ ပိယွင်တောင်ပေါ်မှာ ရပ်နေတဲ့အချိန် ငါတို့ရဲ့ခြေထောက်အောက်မှာရှိတဲ့ လုံတိုတောင်တန်းကိုပဲ မြင်ရလိမ့်မယ်။ ဘာလို့လဲဆိုတော့ လုံတိုတောင်တန်းကြီးကို ဝင်္ကပါကြီးတစ်ခုနဲ့ ကာကွယ်ထားတဲ့အတွက် သာမန်လူတွေက ဒီမှာရှိတဲ့မြင်ကွင်းတွေကို မမြင်ရဘူး။ ဒါကအခွင့်အရေးတစ်ခုပဲ။ ရုံးတော်က မှတ်တမ်းတွေအရ သမိုင်းကြောင်းထဲမှာ လုံတိုတောင်တန်းပေါ်ကို တက်သွားပြီး ဒီကမ္ဘာကြီးထဲကနေ အောင်အောင်မြင်မြင် ထွက်သွားနိုင်ခဲ့တဲ့သူတွေ အများကြီးရှိခဲ့တယ်…"
စုန့်ကျိရှင်းက မေးလိုက်သည်။
"ဒါဆိုရင် အဲဒီလူတွေအားလုံးက အခု အရမ်းကို ထူးချွန်နေကြပြီလား။ ကျွန်တော်တို့ တာ့လီမှာ ဒါမှမဟုတ် အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ သူတို့က ထိပ်တန်းပညာရှင်တွေ ဖြစ်လာပြီလား…"
စုန့်ချန်ကျင့်က အပြုံးနှင့် ပြောလိုက်၏။
"သူတို့ထဲက (၂)ယောက်ကတော့ တာ့လီမှာ အဆင်ပြေနေကြတယ်။ သူတို့က တစ်ယောက်နဲ့ တစ်ယောက် နှစ်(၃၀)လောက်ပဲ ကွာကြတယ်။ တစ်ယောက်ကတော့ စာသင်သား တစ်ယောက်ဖြစ်နေပြီး တခြားတစ်ယောက်ကတော့ သိုင်းပညာရှင် တစ်ယောက်ပဲ။ သူတို့ကို တာ့လီရဲ့အမွှာကျောက်စိမ်းညီနောင်လို့ လူသိများတယ်။ တစ်ယောက်ကတော့ သေဆုံးပြီးသွားတဲ့အချိန်မှာ စာသင်သားအဖြစ်ကနေ အဆင့်တက်သွားခဲ့တယ်။ တစ်ယောက်ကတော့ သူ့ရဲ့မျိုးဆက်တွေအတွက် အောင်မြင်မှု အမြောက်အများရခဲ့တဲ့ သိုင်းပညာရှင်တစ်ယောက် ဖြစ်ခဲ့တယ်။ ငါက အဲဒီ(၂)ယောက်ရဲ့ မျိုးဆက်တွေအပေါ် စိတ်သဘောထား မကောင်းနိုင်ပေမယ့် မိသားစု(၂)ခုက တာ့လီနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိတယ်။ အဲဒါကိုတော့ ငါကိုယ်တိုင်လည်း ဝန်ခံရမှာပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ရဲ့ ပူးပေါင်းတိုက်ခိုက်မှုတွေကြောင့်သာ မရှိရင် စုန့်ကလန်က ဒီအရေးအခင်းကနေ အသက်ရှင်နိုင်မှာ မဟုတ်ဘူး ..."
စုန့်ကျိရှင်းက တောင်ထိပ်ပေါ်တွင် ရှိနေသော လေပြေလေညှင်းများကို ခံစားနေရင်း အထက်သို့ တက်လှမ်းသွားသလို ခံစားနေရသည်။ သူက မေးလိုက်၏။
"တခြားလူတွေကရော..."
စုန့်ချန်ကျင့်က လေပူများကို မှုတ်ထုတ်လိုက်ရာ ပို၍လန်းဆန်းသွားသလို ခံစားလိုက်ရ၏။ သူက လက်တစ်ဖက်ကို အသုံးချပြီး မြင့်တက်လာသော နေမင်းကြီးကို ဖိနှိပ်နေရသည့်အလား ခန္ဓာကိုယ်ထဲရှိ တိုးတက်လာသော ချီစွမ်းအင်ပင်လယ်ကြီးကို ဖိနှိပ်လိုက်သည်။
သူကသာ ဤတံခါး၏ အပြင်ဘက်သို့ ထွက်လိုက်သည်နှင့် သိုင်းပညာရှင်များ၏ အထွဋ်အထိပ်ဖြစ်သော အဆင့်(၁၀)ကို ချက်ချင်း ရောက်နိုင်မည်ဟု အလွန်သေချာနေခဲ့သည်။
အထက်ဘုံ(၅)ဆင့်ကို မရောက်သေးသော ချီကျင့်ကြံသူများက သိုင်းပညာ အထွဋ်အထိပ်ကို ရောက်နေသော ပညာရှင်တစ်ယောက်ကို အနိုင်ရရန် အခွင့်အရေးမရှိပေ။ သူတို့က ဖျက်ဆီးပြီး အသတ်ခံရမည်သာ ဖြစ်သည်။
စုန့်ချန်ကျင့်က သူ၏စိတ်အခြေအနေကို တည်ငြိမ်အောင် ကြိုးစားလိုက်ပြီး လူငယ်လေးကို အမှန်အတိုင်း ပြောပြလိုက်၏။
"သူတို့အားလုံးက သေသွားပြီ။ ငါ့ရဲ့လက်နဲ့ လူတစ်ယောက်ကို သတ်ခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ ငါက အဆင့်(၇)ပညာရှင်တစ်ယောက်ပဲ ရှိသေးတယ်။ အဲဒီလူကတော့ သူ့ရဲ့ဘဝအထွဋ်အထိပ်ကို ရောက်နေတဲ့ ဓားပညာရှင် တစ်ယောက်ပဲ။ အဲဒီအချိန်မှာ ငါတို့က အချင်းချင်း တော်တော်လေးကို အလှမ်းဝေးတယ်လို့ ပြောလို့ရတယ်။ အဆုံးမှာတော့ ငါက တာ့လီရဲ့ တောင်ပိုင်းနယ်စပ်မှာရှိတဲ့ မြေခွေးဖြူခံတပ်လို့ခေါ်တဲ့ နေရာတစ်ခုမှာ သူ့ကို မိသွားခဲ့တယ်။ သူ့ရဲ့မှော်လက်နက်တွေ ၊ အသက်ကယ်ဓားပျံတွေအားလုံးကို ဖျက်ဆီးပစ်လိုက်ပြီး ငါက သူ့ရဲ့လည်ပင်းကို ချုပ်နှောင်ထားခဲ့တယ်။ သူ့မှာ တခြားရွေးချယ်ခွင့် မရှိတော့ဘူး။ ဒါကတော့တာ့လီရဲ့အသုံးတော်ခံဖြစ်ဖို့ ငြင်းဆန်တဲ့ လူတိုင်းအတွက် တစ်ခုတည်းသော ရလဒ်ပဲ…”
“စုန့်မိသားစုက ချီကျင့်ကြံသူတွေကို ကောင်းကောင်းဆက်ဆံတယ်ဆိုတာကတော့ အမှန်ပဲ။ ဒါပေမယ့် အဲဒီချီကျင့်ကြံသူတွေက ကြိုးကြိုးစားစား အလုပ်လုပ်ပေးဖို့တော့ လိုအပ်တယ် .။ တကယ်လို့ အပေါ်ယံပဲဆိုရင်တောင် ကိစ္စမရှိဘူး…"
ထိုတိုက်ပွဲ၏ ဒုတိယတစ်ဝက်ခန့်တွင် စုန့်ချန်ကျင့်က အဆင့်(၈)သို့ ရောက်ရှိသွားခဲ့သည်။
စုန့်ကျိရှင်းကတော့ သူ့ဦးလေး၏ ဒဏ္ဍာရီဆန်သော အတွေ့အကြုံများကို စိတ်မဝင်စားပေ။ သူက စိတ်ဝင်တစား မေးလိုက်၏။
"သူတို့ကို တခြားတိုင်းပြည်တွေက ပိုပြီးလစာကောင်းကောင်းနဲ့ ကမ်းလှမ်းကြလို့လား။ ဒါကြောင့် သူတို့က တာ့လီကို သစ္စာဖောက်ဖို့ တွေဝေမနေကြတာလား…"
စုန့်ချန်ကျင့်က အပြုံးနှင့် ပြောလိုက်သည်။
"အချိန်အများစုမှာတော့ ရှေ့မှာရှိတဲ့ ဓားသမားတွေ သစ္စာဖောက်သွားတာက အဲဒါကြောင့်ပဲ။ တာ့လီအင်ပါယာက သီးခြားနယ်မြေတစ်ခုမှာ တည်ရှိနေတယ်။ လူတွေကလည်း အရိုင်းဆန်ကြတယ်။ ပြီးတော့ သိုင်းပညာရှင်တွေကို ကိုးကွယ်တဲ့ တိုင်းပြည်တစ်ခုပဲ။ သိုင်းပညာရှင်တွေက အရေအတွက် များပြားလာပေမယ့် သူတို့က ထိုက်တန်မှုတော့ မရှိကြဘူး။ ဒါပေမယ့် သိမ်မွေ့နူးညံ့တဲ့ ချီကျင့်ကြံသူတွေကတော့ ရှားတယ်။ ဒါကြောင့် သူတို့တွေ ပေါ်လာတဲ့အချိန်တိုင်း အရင် တာ့လီအင်ပါယာက သူတို့ကို ကိုးကွယ်တတ်တယ်။ ငါ့ရဲ့အစ်ကိုဖြစ်တဲ့ လက်ရှိဘုရင်ကလည်း ချွင်းချက်မရှိဘူး…"
"တစ်ချိန်မှာတော့ ဓားကျင့်ကြံသူက နန်းတော်ထဲမှာ ငါ့အစ်ကိုနဲ့တွေ့ဖို့အတွက် နန်းတော်ထဲကို ဝင်လာခဲ့တယ်။ သူ့နောက်ကျောမှာ ဓားကိုလွယ်ပြီး နန်းတော်ထဲကို လျှောက်လာတဲ့အချိန် သူ့ပုံစံက တော်တော်လေးကို မောက်မာနေတဲ့အတွက် တော်တော်စိတ်ပျက်စရာ ကောင်းတယ်။ အဲဒီအချိန်မှာ သူက သင့်တော်တဲ့ အဆောင်ရတနာတစ်ခုကို ရသွားတာတော့ ကံကောင်းတယ်။ နန်းတွင်းထဲမှာရှိတဲ့ လူတိုင်းက သူတို့ရဲ့စွမ်းအားအထွဋ်အထိပ်ကို ရောက်နေကြတာ။ ဒါကြောင့် ငါ့ကိုတွေ့တဲ့အချိန်မှာတောင် သူက ငါ့ကို မနှုတ်ဆက်ခဲ့ဘူး ..."
စုန့်ကျိရှင်းက ပြန်မေးလိုက်သည်။
"ပြီးတော့ရော ..."
စုန့်ချန်ကျင့်က သူ့တူလေးကို အရူးတစ်ယောက်ကဲ့သို့ ပြန်လှည့်ကြည့်လိုက်၏။
"ပြီးတော့ သူ သေသွားခဲ့တာ မဟုတ်လား…"
စုန့်ကျိရှင်း၏ မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့သည်။
"ဦးလေး ...
ဦးလေးကို နှုတ်မဆက်တဲ့အတွက်ကြောင့်ပဲ တိုင်းပြည်ရဲ့ထောက်တိုင်တစ်ခုလို့ ခေါ်ရမယ့် ကျင့်ကြံသူတစ်ယောက်ကို သတ်လိုက်တာလား ... "
စုန့်ချန်ကျင့်က တည်ငြိမ်စွာ ပြောလိုက်သည်။
"တချို့လွှတ်ပေးလို့မရတဲ့ လူတွေရှိတယ်..."
စုန့်ကျိရှင်း၏ မျက်လုံးထဲတွင် သံသယများ ပြည့်နှက်နေသည်။ ထိုကဲ့သို့ မောက်မာရိုင်းစိုင်းသော တာ့လီတော်ဝင်မိသားစုက ဘာကြောင့်ယခုအချိန်ထိ ရှင်သန်နေရကြောင်း သူလည်း နားမလည်နိုင်တော့ပေ။
စုန့်ချန်ကျင့်က အပြုံးနှင့်ပြောလိုက်သည်။
"မင်းမသိသေးတာ တစ်ခုတော့ရှိတယ်။ အဲဒါကတော့ အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ ချီကျင့်ကြံသူတွေရဲ့ တိုင်းပြည်တစ်ခုပဲ ရှိတယ်။ သူတို့မှာ ဘယ်လိုနောက်ခံမျိုးပဲရှိရှိ သူတို့က ဘုရင်အတွက် ကြိုးကြိုးစားစား တိုက်ခိုက်ဖို့ နယ်စပ်တိုက်ပွဲကွင်းပြင်ကို သွားကြရတာပဲ ... သူတို့က (၃)နှစ် တိုက်ခိုက်ကြရလိမ့်မယ်။ တကယ်လို့ စစ်ရေးအရ အောင်မြင်မှုမရခဲ့ဘူးဆိုရင် သူတို့က နယ်စပ်မှာဆက်နေပြီး သူတို့အတွက် လုံလောက်တဲ့ အကျိုးဆောင်မှုတွေရပြီးမှ အိမ်ကို ပျော်ပျော်ရွှင်ရွှင် ပြန်လာနိုင်ကြတယ်.."
စုန့်ကျိရှင်းက ပို၍ပင် ဇဝေဇဝါဖြစ်သွားခဲ့၏။
"ဦးလေး ...
တာ့လီက ချီကျင့်ကြံသူတွေကို သဘောအကျဆုံးပဲလို့ ပြောခဲ့တာ မဟုတ်လား။ ဘာလို့ ဒီလိုစည်းမျဉ်းတစ်ခု ရှိနေရတာလဲ။ ပြောရမယ်ဆိုရင် အဲဒီလူတွေက တိုက်ပွဲကွင်းပြင်ထဲမှာ သေဆုံးသွားမှာကို တာ့လီက မကြောက်ဘူးလား ... "
စုန့်ချန်ကျင့်က ရယ်ပြီး ပြောလိုက်သည်။
"ငါက တပ်ဖွဲ့အင်အားကို ထိန်းချုပ်ပြီးမှပဲ အဲဒီစည်းမျဉ်းကို အသက်သွင်းလိုက်တာ.."
စုန့်ကျိရှင်းက ချက်ချင်း နားလည်သွားပြီး ပြောလိုက်သည်။
"ဓားသမားက တိုက်ပွဲကို မသွားဘဲ ဦးလေးကို အရှက်ရအောင် လုပ်ခဲ့လို့လား ။ တခြားချီကျင့်ကြံသူတွေက သူ့လို လိုက်လုပ်ပြီး တာ့လီတပ်ဖွဲ့နဲ့ လူတွေရဲ့ စိတ်ဓာတ်ကို ပျက်စီးသွားစေမှာ ကြောက်လို့လား။ ဒါကြောင့် ဦးလေးက မကောင်းဆိုးဝါးကို နမူနာအနေနဲ့ ရှင်းပစ်ဖို့ ရွေးချယ်ခဲ့တာလား ... "
စုန့်ချန်ကျင့်က ခေါင်းခါပြီး ပြောလိုက်သည်။
"အဲဒီဓားသမားက ငယ်ငယ်ကတည်းက နယ်စပ်မှာ တပ်ဖွဲ့နဲ့ ပူးပေါင်းခဲ့တယ် ... တစ်နှစ်အတွင်း သူက စစ်ရေးအောင်မြင်မှု အလုံအလောက်ရခဲ့ပြီး တာ့လီမှာလည်း အောင်မြင်ကျော်ကြားတဲ့ ဂုဏ်သတင်းတစ်ခု ရှိတယ်…"
စုန့်ကျိရှင်းက အလွန်ဒေါသထွက်သွားခဲ့၏။
"ဒါဆိုရင် အကြောင်းပြချက်က ဘာလဲ။ ဦးလေးက သူ့ကို မနာလိုဖြစ်နေလို့လား။ ဒါမှမဟုတ် စုန့်ကလန်အပေါ် ပြစ်မှုကျူးလွန်ထားလို့လား။ ဒါမှမဟုတ် သူက ရန်သူနဲ့တိတ်တဆိတ် ပူးပေါင်းခဲ့လို့လား ..."
စုန့်ချန်ကျင့်၏ အဖြေက အလွန်ရိုးရှင်းသည်။
"ကျင့်ကြံသူတွေနဲ့ သိုင်းပညာရှင်တွေက မတူညီတဲ့ လမ်းကြောင်းတွေ ဖြစ်ကြပေမယ့် ကျင့်ကြံသူတွေကတော့ ပိုပြီးတော့ အဆင်ပြေကြတယ် ... ပြောရမယ်ဆိုရင်တော့ ရှို့ဟူဆိုတဲ့ စကားလုံးထဲမှာ ရွှေရောင် အကိုင်းအခက်တွေ၊ ကျောက်စိမ်းသစ်ရွက်တွေ ပါနေသလိုမျိုးပဲ။ တကယ်လို့ ငါတို့ကသာ အဲဒီ(၂)မျိုးထဲမှာ အထူးချွန်ဆုံးလူကို ရွေးချယ်ရမယ်ဆိုရင် အထက်ဘုံ(၅)ဆင့်မှာရှိတဲ့ ချီကျင့်ကြံသူတွေက တောင်ထိပ်ပေါ်မှာ ရပ်နိုင်တယ်လို့ ပြောကြတယ် ... ငါ့လို သိုင်းပညာရှင် တစ်ယောက်ကတော့ ပိယွင်တောင်ထိပ်ပေါ်မှာပဲ ရပ်နိုင်တယ်…”
“ဒါပေမယ့် သိုင်းပညာရှင်တစ်ယောက်က အထက်ဘုံ (၅)ဆင့်မှာရှိတဲ့ ကျင့်ကြံသူ တစ်ယောက်ကို တိုက်ခိုက်ဖို့ မဖြစ်နိုင်တာတော့ မဟုတ်ဘူး ... သေချာပြောရမယ် ဆိုရင်တော့ လူသားကမ္ဘာကြီးရဲ့အမြင်အရ သိုင်းပညာရှင်တစ်ယောက်ဆိုတာ ဘယ်လိုတိုက်ခိုက်ရမလဲ၊ သတ်ပစ်ရမလဲဆိုတာကို သိတဲ့လူတစ်ယောက်ပဲ။ သူက တခြားကျင့်ကြံသူတွေထက် နိမ့်ကျတယ် ။ ဒါကြောင့် ငါတို့က နန်းတော်ထဲမှာ တွေ့တဲ့အချိန် သူက ငါ့ကိုမနှုတ်ဆက်တဲ့အပြင် ငါ့ကို အထင်သေးသလို စိုက်ကြည့်ခဲ့တယ်။ အဲဒါက ရန်စလိုက်တာပဲ ... ငါက သူ့ကို ဘယ်လိုပြုမူဆက်ဆံရမလဲဆိုတာ သင်ပေးချင်ခဲ့တယ်…"
စုန့်ကျိရှင်းက အံ့ဩသွားခဲ့၏။
"တကယ်လို့ ... ဦးလေးက သူ့ကို ဘယ်လိုပြုမူဆက်ဆံရမလဲ သင်ပေးချင်တယ်ဆိုရင် အနည်းဆုံးတော့ သူ့အတွက် လမ်းတစ်ခု ချန်ထားသင့်တယ်။ ဦးလေးက ဘာကြောင့် သူ့ကို သတ်ပစ်လိုက်ရတာလဲ…"
စုန့်ချန်ကျင့်ကတော့ ထိုလူနှင့် ပတ်သက်ပြီး ဆက်မပြောချင်တော့ပေ။
"ငါနဲ့ သူသေကိုယ်သေ တိုက်ခိုက်ခဲ့တဲ့ လူအကြောင်းကို မင်း တကယ်သိချင်နေတာလား... "
စုန့်ကျိရှင်းက သတိလက်လွတ် တံတွေးမျိုချလိုက်မိပြီး စကားပြန်မပြောခဲ့ပေ။
………………..
လှည်း(၃)စီးက အရင်ဆုံး ထွက်ခွာသွားခဲ့ချိန်၌ နောက်တွင် ရှိနေသော လူ(၂)ယောက်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေခဲ့၏။ တစ်ကြိမ်တွင် စုန့်ချန်ကျင့်က ကောင်းကင်ပေါ်မှ ပြုတ်ကျလာပြီး မြေကြီးထဲတွင် တွင်းပေါက်ကြီးတစ်ခုပင် ဖြစ်လာစေခဲ့သည်။ ထိုအရာက အနည်းဆုံးတော့ ပေ(၁၀၀)ခန့် ရှိနေခဲ့သည်။
ထို့နောက် စုန့်ချန်ကျင့်က တုံ့ပြန်တိုက်ခိုက်ခဲ့သည်။ ထိုအချိန်တွင် လူငယ်က မြင်းလှည်း၏ အမိုးပေါ်သို့ တက်နေခဲ့သည့်အတွက် နဂါးတစ်ကောင်၏ အငွေ့အသက်မျိုး ရှိနေသော လူသန်ကြီးကို မြင်လိုက်ရသည်။
စုန့်ချန်ကျင့်ကြောင့် တောင်ငယ်လေးတစ်တောင်ကပင် ပျက်စီးသွားခဲ့ရပြီး ထွက်ပေါ်လာသော ဖုန်မှုန့်များက အလွန်ကြောက်စရာ ကောင်းလွန်းလှ၏။ အမှန်အတိုင်းပြောရလျှင် စုန့်ချန်ကျင့်နှင့် ထိုလူ၏ တိုက်ခိုက်မှုက ထူးဆန်းအံ့ဩဖွယ်ရာ မရှိချေ။ လက်သီးချင်း တိုက်ခိုက်နေခြင်းသာဖြစ်၏။
စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် သူတို့က အချင်းချင်းဒဏ်ရာရအောင် တိုက်ခိုက်နေကြပြီး အသက်တစ်ခုအတွက် အသက်တစ်ခုကို စတေးနေခြင်းဖြစ်သည်။ ထိုကဲ့သို့သော ယှဉ်ပြိုင်မှုမျိုးက ကျိုးကြောင်းသင့်လျော်မှုပင် မရှိချေ။
……………….
စုန့်ချန်ကျင့်က လူငယ်လေး၏ ခေါင်းကို ပုတ်လိုက်၏။ သူက နွေးထွေးဖော်ရွေသော လေသံနှင့်ပြောလိုက်သည်။
"ငါ့အစ်ကိုက အရမ်းကို ရည်မှန်းချက်ကြီးတယ်။ တာ့ဆွေ အင်ပါယာရဲ့ရှင်ဘုရင်က တာ့လီကို အာရုံစိုက်နေတဲ့အချိန် သူကတော့ အရှေ့ပိုင်းကုန်းမြေကြီးရဲ့ တောင်ဘက်အပိုင်းမှာရှိတဲ့ နဂါးအိုမြို့ကို စိတ်ဝင်စားနေခဲ့တယ်။ ငါ့လို တိုင်းပြည်ရဲ့ တပ်ဖွဲ့အင်အားကို ထိန်းချုပ်ထားတဲ့ တပ်ဖွဲ့ထဲမှာ လူတစ်ယောက်က မင်းအဖေကို ရိုသေလေးစားနိုင်ဦးမယ်လို့ ထင်နေသေးတာလား…"
စုန့်ကျိရှင်းက အပြုံးနှင့် ပြောလိုက်သည်။
"ဦးလေး ပြောချင်နေတာကို ပြောလိုက်ပါ…"
စုန့်ချန်ကျင့်က လက်ကိုပြန်ရုတ်လိုက်ပြီး လေးလေးနက်နက် ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ ငါ ဖြစ်စေချင်တဲ့အရာက အထွဋ်အထိပ်ကို ကျော်လွန်သွားတဲ့ သိုင်းပညာရှင်တွေရဲ့မြင်ကွင်းကို မြင်ချင်တာပဲ။ ငါ အဲဒီနေရာကို ရောက်သွားတဲ့အချိန်ကျမှသာ ငါ စုန့်ချန်ကျင့်က အချည်းနှီး နေထိုင်တာမျိုး မဖြစ်တော့မှာ ... "
ထိုအချိန်တွင် လူငယ်လေး၏ရင်ထဲတွင်တော့ လှိုင်းလုံးများ ထွက်ပေါ်လာခဲ့သည်။ သူက တုန်ယင်နေသော အသံနှင့်မေးလိုက်၏။
"တကယ်လို့ ကျွန်တော်သာ သေချာအာရုံစိုက်လိုက်မယ်ဆိုရင် ဒီနေ့ဦးလေးလို အဆင့်မျိုးကို ရောက်နိုင်မှာလား ..."
စုန့်ချန်ကျင့်က ခေါင်းခါပြီး ပြောလိုက်သည်။
"တကယ်လို့ မင်းသာ သိုင်းပညာကို လေ့ကျင့်မယ်ဆိုရင် အများဆုံး အဆင့်(၈)ထိပဲ ရောက်နိုင်လိမ့်မယ်။ နောက်ထပ်အနာဂတ် မရှိနိုင်တော့ဘူး ...ဒီတော့ မင်းက ချီကျင့်ကြံသူ တစ်ယောက်ဖြစ်တာ ပိုပြီးတော့ကောင်းတယ်။ မင်းရဲ့အောင်မြင်မှုကလည်း သေချာပေါက်ပိုပြီး မြင့်မားနိုင်တယ်…"
စုန့်ကျိရှင်းက အနည်းငယ် နားမလည်နိုင် ဖြစ်သွားသည်။
"ဘာလို့ ကျွန်တော်က သိုင်းပညာမှာ အဆင့်(၈)ထိပဲ ရောက်နိုင်တာလဲ ..."
စုန့်ချန်ကျင့်က ပြုံးလိုက်၏။
"အဆင့် (၈)ပဲတဲ့လား ... "
စုန့်ကျိရှင်း၏ မျက်နှာက အနည်းငယ် နီရဲသွားသည်။
စုန့်ချန်ကျင့်ကတော့ လူငယ်လေး၏ နားမလည်မှုကို ဂရုမစိုက်ခဲ့ပေ။ သူက မျက်မှောင်ကြုတ်၍ အဝေးကို ကြည့်လိုက်၏။ သူက ဖြည်းညင်းစွာ ပြောလိုက်သည်။
"ချီကျင့်ကြံသူတွေက ကောင်းကင်ဘုံကို အမှီပြုနေရတဲ့ အလုပ်အကိုင်တစ်ခုပဲ ... ကောင်းမွန်တဲ့ဘဝတစ်ခု ရဖို့အတွက်က အရမ်းအရေးကြီးတယ်။ ဒီနေ့မင်းက ဒီနေရာမှာ အခွင့်ကောင်းတစ်ခုကို ကြုံတွေ့လိုက်ရနိုင်သလို မနက်ဖြန် ရတနာတစ်ခုကို ရနိုင်တယ် ၊ နောက်တစ်နေ့ကျရင်တော့ မင်းက မထင်မှတ်ဘဲ လျှို့ဝှက်အင်မော်တယ်တစ်ယောက်ကို တွေ့ရနိုင်တယ်။ နောက်တစ်နေ့ကျရင်တော့ မင်းက မြင်ကွင်းတွေကိုကြည့်နေရုံနဲ့ ဉာဏ်အလင်းပွင့်မှုလည်း ရချင်ရသွားနိုင်တယ်။ မင်းက ဘာအလုပ်ပဲလုပ်လုပ် ... မင်းရဲ့ကျင့်စဉ်အဆင့်က တိုးတက်နေမှာပဲ…”
“ငါတို့လို သိုင်းပညာရှင်တွေကတော့ အရမ်းကွဲပြားတယ်။ ငါတို့မှာ ဖြတ်လမ်းနည်းဆိုတာ မရှိဘူး။ ငါတို့က တစ်ကြိမ်ကို ခြေတစ်လှမ်းပဲ လှမ်းနိုင်တယ်။ အဲဒါက အရမ်းပျင်းဖို့ကောင်းတယ်…"
စုန့်ကျိရှင်းဆီတွင် ခံစားချက်များ ရောထွေးနေခဲ့သည်။ သူက အနည်းငယ် စိတ်ပျက်နေခဲ့၏။
စုန့်ချန်ကျင့်က သူ့တူကို လျစ်လျူရှုထားခဲ့သည်။ သူက မြင်းလှည်းဆီကို ပြန်လှည့်လျှောက်သွားခဲ့၏။ သူက မိန်းမပျို၏ နောက်ကျောကို မြင်လိုက်ရသည့်အချိန်တွင် ခဏကြာ တွေဝေနေခဲ့၏။ ထို့နောက် သူမဆီသို့ လျှောက်သွားပြီး ခေါင်းမော့ကြည့်လိုက်သည်။
စုန့်ချန်ကျင့်က တစ်ယောက်တည်း ပြောလိုက်၏။
"အစစ်အမှန်နဂါးတစ်ကောင်ရဲ့ ချီစွမ်းအားတွေက ပုလဲလုံးတွေအဖြစ် စုစည်းနေတယ်။ ကမ္ဘာကြီးထဲမှာရှိတဲ့ ရေနဂါးတွေအားလုံးကလည်း ပုလဲလုံးကို အဖိုးတန်တယ်လို့ သတ်မှတ်ထားတယ်။ အဲဒီအရာက ကျင့်ကြံသူတစ်ယောက်ရဲ့ အသက်ဝိညာဉ်တစ်ခုလိုပဲ…"
အစေခံမလေးကျစ်ကွေးက ပြန်လှည့်လာခြင်း မရှိသော်လည်း သူမ၏မျက်နှာပေါ်တွင် စိုးရိမ်မှု အနည်းငယ် ရှိနေခဲ့သည်။ စုန့်ချန်ကျင့်က အပြုံးနှင့် ပြောလိုက်၏။
"လေလှိုင်းတွေက ရေလှိုင်းတွေကို မြင့်တက်စေနိုင်တယ်ဆိုတဲ့ စကားလုံးကို အမိုးတံတားပေါ်မှာ ရေးသားဖို့အတွက် ငါတို့တာ့လီက အပြင်လူတွေမျှော်မှန်းလို့ မရနိုင်တဲ့အရာတစ်ခု ပေးဆပ်ခဲ့ရတယ် .။ လေလှိုင်းတွေက ရေလှိုင်းတွေကို မြင့်တက်စေနိုင်တယ်။ ဘာကြောင့် ရေလှိုင်းတွေက မြင့်တက်မှာလဲ .။ ရေနဂါးတွေက မြစ်ကိုကူးနေတဲ့အချိန်မှာ အနှောင့်အယှက် မဖြစ်နိုင်ဘူး မဟုတ်လား။ ဒီမင်းသားကတော့ အဲဒီအရာတွေကို ဂရုမစိုက်ဘူး။ အရာအားလုံးက နင့်သခင်လေးရဲ့ နှလုံးသားကင်းမဲ့တဲ့အဖေရဲ့ ဆန္ဒတွေပဲ။ ဒီလိုဏ်ဂူငယ်လေးထဲကနေ ထွက်သွားပြီးရင် မြို့တော်မှာရှိတဲ့ ရှို့ဟူကလွဲရင် ဘယ်သူကမှ နင့်အနားမှာရှိမှာ မဟုတ်ဘူး…"
စုန့်ချန်ကျင့်က ပြန်လှည့်ကြည့်လိုက်ပြီး မိန်းမပျို၏ မျက်နှာကိုကြည့်လိုက်သည်။
"နင့်ရဲ့ကံတရားက ငါ့ရဲ့တူနဲ့ ပတ်သက်နေတဲ့အပြင် နင်တို့က အောင်မြင်မှုတွေ၊ ကျရှုံးမှုတွေကို အတူတူမျှဝေကြရလိမ့်မယ်။ နင်က အရမ်းကြီး မောက်မာမနေသင့်ဘူး ။ ပြီးတော့ နင့်ဆီမှာ တိုက်ခိုက်ဖို့အတွေးမျိုး ပေါ်မလာချင်ဘူး။ တာ့လီဘုရင်နဲ့ ငါ့တူလေး စုန့်ကျိရှင်းရဲ့မျက်နှာကို ထောက်ထားပြီး ငါက ချွင်းချက်အနေနဲ့ မင်းကို အခွင့်အရေး(၂)ကြိမ်ပေးမယ်။ ဒါပေမယ့် (၃)ကြိမ်တော့ ဖြစ်မလာစေနဲ့ ... "
မိန်းမပျိုက ရုတ်တရက် ဒေါသထွက်သွားခဲ့သည်။ သူမက ပြန်လှည့်လာပြီး နောက်ကိုခြေ(၂)လှမ်း ဆုတ်သွားခဲ့၏။ သူမက ခြိမ်းခြောက်နေသော တာ့လီဦးရီးတော်ကို စိုက်ကြည့်လိုက်သည်။
"ကျွန်မက လူသားတစ်ယောက် မဟုတ်ဘူး ။ ဒါပေမယ့် ရှင်ကတော့ ကျွန်မကို လူသားကမ္ဘာကြီးရဲ့ စည်းမျဉ်းတွေနဲ့ ကန့်သတ်ချင်နေတာပဲ။ ဘယ်သူက မဆင်မခြင် လုပ်တာလဲ။ ရှင့်ရဲ့ရွှေရောင်စည်းမျဉ်းတွေက ကျွန်မနဲ့ ဘာဆိုင်လို့လဲ…"
စုန့်ချန်ကျင့်က အပြုံးနှင့် ပြောလိုက်၏။
"ငါက ဘာမှမမှားပါဘူး။ ငါက မင်းဆီက အသေးအဖွဲကိစ္စတွေကို လုံးဝတောင်းဆိုမှာ မဟုတ်ဘူး။ တစ်ဖက်မှာတော့ ငါက မင်းရဲ့အကြီးမားဆုံး အကာအကွယ်တစ်ခုပဲ…"
စုန့်ချန်ကျင့်က မိန်းကလေးကို စိုက်ကြည့်နေခဲ့သည်။ သူမဆီတွင် ထူးဆန်းသော ရွှေရောင်မျက်လုံးတစ်စုံရှိ၏။ နောက်ဆုံးတွင်တော့ သူက ပြောလိုက်သည်။
"ဒီတိုက်ပွဲပြီးဆုံးသွားရင် မင်းနဲ့ငါက တစ်လှေတည်းစီးနေတဲ့ မဟာမိတ်တွေ ဖြစ်သွားပြီ။ ဒီစကားကို မမေ့ပါနဲ့။ အထူးသဖြင့် မင်းက အရေးပါတဲ့ ဆုံးဖြတ်ချက်တွေ ချနိုင်လောက်တဲ့ အရည်အချင်းမျိုး ရှိလာတဲ့အချိန်ကျရင် ဒီစကားကိုသတိရပါ…"
စုန့်ချန်ကျင့်က ပြန်လှည့်ပြီး ထွက်သွားခဲ့သည်။ တစ်ဖက်တွင် ရှိနေသော မြင်းလှည်းပေါ်တွင်တော့ သက်လတ်ပိုင်းအရွယ် မြင်းလှည်းမောင်းသမားက တာ့လီဦးရီးတော်၏ အဖြူရောင်သိုးမွှေး ဝတ်ရုံကို ကြည့်နေခဲ့သည်။ သူက တိုးတိုးလေး ရယ်ပြီးပြောလိုက်၏။
"မင်းသား…
ဘယ်အချိန်ကျမှ ဝတ်ရုံအသစ်လဲမှာလဲ။ ဒါက တော်တော်လေးတောင်ကြာနေပြီ။ မင်းသားက အဲဒါဝတ်ရတာ မပင်ပန်းပေမယ့် ကျွန်တော်တို့က ကြည့်ရတာ ပင်ပန်းနေပြီ…"
စုန့်ချန်ကျင့်က မြင်းလှည်းပေါ်သို့ တက်လိုက်ပြီး ကန့်လန့်ကာကို မြှောက်လိုက်၏။ သူက ပြန်ပြောလိုက်သည်။
"ငါတို့က တာ့ဆွေအင်ပါယာကို အနိုင်ရပြီးမှပဲ ဒီကိစ္စကို ပြောကြတာပေါ့…"
မြင်းလှည်းမောင်းသမားက အားရပါးရ ရယ်လိုက်လေသည်။ အစွမ်းထက်သော တာ့လီဦးရီးတော်နှင့် ရင်ဆိုင်ရသည့်အချိန်တွင် သူ့ဆီ၌ အနှောင်အဖွဲ့ မရှိခဲ့ချေ။ စုန့်ချန်ကျင့်က စစ်တပ်ထဲတွင် နှစ်ပေါင်း(၂ဝ)ကျော် နေထိုင်ခဲ့၏။ သူက စစ်သူကြီး တစ်ယောက်၊ တပ်မှူးတစ်ယောက် ဖြစ်ခဲ့သော်လည်း တိုက်ပွဲတိုင်းကို ဦးဆောင်ရန် လုံးဝမဖြစ်နိုင်ပေ။ သူက တဲထဲတွင် အစီအစဉ်ချမှတ်ခြင်းကိုသာ ပို၍လုပ်ဆောင်တတ်၏။
သို့သော် တာ့လီ၏နယ်စပ်တွင် ရှိနေသော နေရာတိုင်းမီးခိုးများ ပြည့်နှက်နေသည့် အချိန်မျိုးတွင်တော့ စုန့်ချန်ကျင့်ကိုယ်တိုင် တိုက်ပွဲထဲတွင် တိုက်ခိုက်ခဲ့သည်။ သူကတော့ ဦးရီးတော် တစ်ယောက်ဖြစ်သော်လည်း နေ့စဉ်ဘဝတွင် အရက်သောက် မိန်းမရှုပ်ပွေသည့် ဘဝမျိုး လုံးဝမလုပ်ခဲ့ချေ။
စုန့်ချန်ကျင့်က မြင်းလှည်းပေါ်သို့ တက်လိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်ပြီး မျက်မှောင်ကြုတ်လိုက်မိ၏။
"ငါက လီကျူးသုခဘုံကနေ ထွက်သွားပြီးရင် မြို့တော်ကို မသွားဖို့ အဲဒီလူက တောင်းဆိုခဲ့တယ် ။ ငါက တောင်ခြေကိုရောက်ရင် မော့ကြည့်ဖို့လည်း သူက ပြောလိုက်တယ်။ ငါက ဘာကိုစောင့်နေရမှာလဲ။ ငါက ဘာကိုကြည့်ရမှာလဲ…"
စုန့်ကျိရှင်းနှင့် အစေခံမလေးကျစ်ကွေးတို့ကလည်း မြင်းလှည်းပေါ်သို့ တက်လိုက်ကြသည်။ မြင်းလှည်းက တံခါးမှ ထွက်သွားရန် အဆင်သင့်ဖြစ်နေ၏။
ကျစ်ကွေးက ရှုံ့မဲ့ပြီး တစ်ကိုယ်လုံး တုန်လှုပ်နေသည်ကို မြင်သည့်အခါ စုန့်ကျိရှင်းက စိုးရိမ်တကြီး မေးလိုက်၏။
"ဘာဖြစ်လို့လဲ…"
ကျစ်ကွေးက တုန်လှုပ်နေသည့်အသံနှင့် ပြောလိုက်၏။
"ဒီတံခါးရဲ့တခြားတစ်ဖက်မှာ ဆိုးရွားတဲ့အရာတွေ အများကြီးရှိတယ်လို့ ကျွန်မ ခံစားမိတယ်…"
စုန့်ကျိရှင်းက သူမကို အပြုံးနှင့် နှစ်သိမ့်လိုက်သည်။
"ငါ့ရဲ့ဦးလေးရှိနေတယ်လေ။ ဘာကိုကြောက်စရာလိုဦးမှာလဲ ... ဘာမှမကြောက်နဲ့။ ကောင်းကင်ကြီးပြိုကျရင်တောင် ငါတို့က ထိန်းထားနိုင်ပါသေးတယ်…"
ကျစ်ကွေးကတော့ မထင်မှတ်ထားစွာ ပို၍စိုးရိမ်လာခဲ့၏။ သူမက ရှုံ့မဲ့၍ ငိုလိုက်မိသည်။
"သူတောင် ထိန်းမထားနိုင်ရင် ဘယ်လိုလုပ်မလဲ…."
……………..
မြို့ငယ်လေး၏ အကြီးဆုံးစားသောက်ဆိုင်ထဲတွင် ရှားရှားပါးပါး ဧည့်သည်တစ်ယောက် ရောက်လာခဲ့သည်။ ဆံပင်ဖြူနှင့် ကျောင်းဆရာက အရက်တစ်အိုးနှင့် စားစရာ အနည်းငယ်မှာခဲ့၏။ သူက တယောက်တည်း သောက်လိုက်စားလိုက်နှင့် လုပ်နေခဲ့သည်။
ယနေ့တော့ ဆရာက စာမသင်ခဲ့ပေ။ ကျောင်းသားများက တစ်ယောက်ပြီးတစ်ယောက် အိမ်သို့ပြန်သွားခဲ့ကြ၏။ သူက နောက်ဆုံးအရက်ကို သောက်ပြီး နောက်ဆုံးစားစရာကို စားပြီးသွားသည့် အချိန်တွင် တူတစ်စုံကို ညင်သာစွာ ချလိုက်၏။
စားပွဲခုံပေါ်တွင် ရိုက်သံတစ်ချက် ထွက်ပေါ်လာပြီးနောက် မိုင် (၁)ထောင်ခန့် ကျယ်ဝန်းသော သုခဘုံလေးတစ်ခုလုံးက တိတ်ဆိတ်သွားခဲ့၏။ အရာအားလုံးက ရပ်တန့်သွားခဲ့သည်။ ကမ္ဘာမြေကြီးကလည်း ချက်ချင်းပင် ပြိုကျလာခဲ့၏။
ထိုအချိန်တွင် တောင်ပေါ်၌ရှိနေသော အင်မော်တယ်များ၊ တောင်ခြေ၌ရှိနေသော သာမန်လူများအားလုံးက မော့ကြည့်လိုက်မိကြသည်။ တခဏကြာပြီးနောက် အင်မော်တယ်များထက် ပို၍အစွမ်းထက်သော အင်မော်တယ်တစ်ယောက် ရှိနေသလို ထင်မှတ်ရ၏။ သူက ကမ္ဘာမြေကြီးကိုပြောင်းလဲရန် အလွန်ကြီးကျယ်ခမ်းနားသော နတ်ဘုရားစွမ်းအားတစ်ခုကို အသုံးပြု၍ လီကျူးသုခဘုံတစ်ခုလုံးကို လွှမ်းခြုံပစ်လိုက်သည်။
………………
အရှေ့ပိုင်းကုန်းမြေကြီး၏ မြောက်ဘက် ကောင်းကင်ပေါ်တွင် မိုင်ထောင်ပေါင်းများစွာ အကျယ်ရှိသော တိမ်တိုက်များက ဖြည်းညင်းစွာ နိမ့်ဆင်းလာခဲ့၏။ ထိုနေရာတွင် အဖြူရောင်ဝတ်ဆင်ထားသော လူတစ်ယောက် ရှိသည်။
သူ၏အင်္ကျီလက်က လေထဲတွင် တဖျတ်ဖျတ်လွင့်နေပြီး သူ့အရပ်က ပေ(၁)ထောင် ခန့်ရှိပုံရ၏။ သူက ခါးကို မတ်မတ်ထိုင်နေပြီး သူ့ရှေ့တွင်တော့ လက်ဖဝါးအရွယ်အစားခန့် ရှိနေသော ပုလဲလုံးလေး တစ်လုံးရှိသည်။ ထိုလူ၏ပုံရိပ်ယောင်ခန္ဓာက အလွန်ကြီးမားလွန်းလှသည့်အတွက် အရှေ့ပိုင်းကုန်းမြေကြီးတစ်ခုလုံးကို သူ၏သီးခြားကျောင်းအဖြစ် သတ်မှတ်ထားသလို ထင်ရသည်။
အဆုံးမဲ့တိမ်တိုက်များ၏ အပေါ်တွင်တော့ မိုးခြိမ်းသံကဲ့သို့ အသံများ ထွက်ပေါ်လာခဲ့သည်။
"ချီကျင့်ချွန်….အတင့်ရဲလှချည်လား ...”
“ကျက်သရေ မရှိလိုက်တာ။ မင်းက အမိန့်ကိုနာခံမယ်ဆိုရင်တော့ သက်သာလိမ့်မယ်…"
စာသင်သားက ခေါင်းငုံ့ပြီး ပုလဲလုံးကို စိုက်ကြည့်လိုက်သည်။ သူက ဖြည်းညင်းစွာ ပြန်လှည့်လာပြီး နောက်ဆုံးတွင်တော့ ခေါင်းမော့၍ ပြောလိုက်၏။
"ကျုပ် ချီကျင့်ချွန်က ဒီမြို့ငယ်လေးထဲမှာ နှစ်ပေါင်း (၃)ထောင်လောက် စုစည်းထားတဲ့ ကောင်းကင်တာအိုရဲ့ တန်ပြန်သက်ရောက်မှုကို ရင်ဆိုင်မယ်…"
Translated by Hein Htet