အခန်း (၆၇)
Vol. 5 Ch. 67
ချီကျင့်ချွန် တူတစ်စုံကို မချခင် (၂)ရက်အလို၌ မြို့ငယ်လေးထဲတွင် ထူးခြားသော လက္ခဏာတချို့ ပေါ်လာခဲ့သည်။ သံကြိုးရေတွင်းထဲတွင် ရှိနေသော ရေမျက်နှာပြင်က သိသိသာသာ ကျဆင်းသွားခဲ့သည်။ ရှေးဟောင်းသစ်ခါးပင်ကြီး၏ ပင်စည်မှနေ၍ သစ်ကိုင်းများ ကျိုးကျလာပြီး သစ်ရွက်များကလည်း အဝါရောင်ပြောင်းလဲ၍ ညှိုးခြောက်ကုန်ခဲ့သည်။
ထိုအရာများက နွေဦးရာသီနှင့် ဆောင်းရာသီအခြေအနေနှင့် လုံးဝကိုက်ညီမှု မရှိခဲ့ပေ။ ထို့ပြင် မြို့အပြင်ဘက်၌ ရှိနေသော သစ်သားနှင့် ရွှံ့ရုပ်ထုများစွာကလည်း ညအချိန်တွင် မီးရှုးမီးပန်းများကဲ့သို့ ရံဖန်ရံခါ ပေါက်ကွဲသွားတတ်သည်။
အလုပ်အားနေသူများကတော့ သွားကြည့်လိုက်ကြသည့်အချိန်တွင် ရွှံ့နတ်ရုပ်ထုများနှင့် သစ်သားနတ်ရုပ်ထုများ တစ်ဝက်ကျော် ပျောက်ကွယ်သွားခဲ့ကြောင်း တွေ့လိုက်ရသည်။
ဖုလုလမ်းကြားနှင့် မက်မွန်ပွင့်လမ်းကြားမှ မြင်းလှည်းများ၊ နွားလှည်းများကလည်း မရပ်မနား ထွက်သွားနေကြသည်။ ညလယ်ခေါင် အချိန်တွင်ပင် မြင်းခွာသံများ၊ နွားခွာသံများကို ကြားနေရသည့်အတွက် တခြားသူများကပင် ကောင်းကောင်း အိပ်ပျော်နိုင်ကြခြင်း မရှိချေ။
အဖိုးတန်ဝတ်စုံများကို ဝတ်ဆင်ထားကြသော လူစိမ်းများကတော့ အလျင်အမြန် ထွက်ခွာသွားနေကြ၏။ အများစုက မကြည်မလင်ဖြစ်နေကြပြီး (၂)ယောက်၊ (၃)ယောက်အဖွဲ့ဆီ ဖြစ်ကြသည်။ သူတို့က မြို့ငယ်လေးထဲတွင် ရှိနေသော ကျောင်းရှိရာကို လက်ညှိုးထိုးပြီး အတော်လေး ဒေါသထွက်နေကြ၏။
မြို့ငယ်လေး၏ အရှေ့တံခါးတွင် ရှိနေသော လူပျိုကြီးကျန်းတဖုန်းကိုလည်း မည်သည့်နေရာတွင်မျှ မတွေ့ရတော့ပေ။ မီးဖိုကြီးကြပ်သူကလည်း သူ့နေရာတွင် အစားထိုးရန် လူတစ်ယောက်ကို ရှာဖွေလိုခြင်း မရှိတော့ချေ။ ထို့ကြောင့် မြို့ငယ်လေးက ရှေ့သွား(၂)ချောင်း ဆုံးရှုံးလိုက်ရသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။
………….
လျှိုပါ့ချောင်နှင့် ချန်းစုန့်ဖုန်းတို့က မူလလမ်းကြောင်းအတိုင်းပြန်လာခဲ့ကြ၏။ သူတို့နှစ်ယောက်က အမိုးတံတားကို မြင်လိုက်ရသည့်အချိန်တွင် အတော်လေး မှောင်နေခဲ့ပြီ ဖြစ်သည်။
လျှိုပါ့ချောင်က စမ်းချောင်းအတိုင်း လျှောက်လာပြီး မျက်နှာသစ်ရန်အတွက် ထိုင်လိုက်သည်။ သူက ကျေနပ်မှုမရှိသလို ခံစားလိုက်ရသည့်အတွက် မြေပြင်ပေါ်တွင် ခြေပစ်လက်ပစ် ထိုင်ချလိုက်၏။ ထို့နောက် စမ်းချောင်းထဲသို့ ခေါင်းနှစ်လိုက်သည်။ နောက်ဆုံးတွင်တော့ သူက ခေါင်းပြန်ဖော်လိုက်ပြီး ကျေနပ်အားရစွာ အော်ဟစ်လိုက်၏။
တကိုယ်လုံး ချွေးပျံနေသော ချန်းစုန့်ဖုန်းကိုလှည့်ကြည့်ပြီး လျှိုပါ့ချောင်က စနောက်လိုက်သည်။
“မင်းလို စာသင်သားတစ်ယောက်က ကြက်တစ်ကောင်ကိုဖမ်းဖို့ အစွမ်းတောင်ရှိမှာ မဟုတ်ဘူး….”
ချန်းစုန့်ဖုန်းက ရေအနည်းငယ်ခပ်၍ သောက်လိုက်သည်။ သူက အက်ရှရှလေသံနှင့် ပြောလိုက်၏။
“ချီကျင့်ကြံသူတစ်ယောက်ဖြစ်လာဖို့ ငါ ကြိုးကြိုးစားစား လေ့ကျင့်နေရတဲ့ အကြောင်းပြချက်ကတော့ ငါ့ရဲ့ခန္ဓာကိုယ်ကို ပိုပြီးသန်မာလာစေချင်လို့ပဲ။ ငါက နောက်ထပ် နှစ်အနည်းငယ်လောက် အသက်ရှင်ချင်သလို နောက်ထပ်စာအုပ်တွေ ဖတ်ချင်သေးတယ်။ ငါက မင်းလို ဓားကျင့်ကြံသူတစ်ယောက်နဲ့ ဘယ်လိုရင်ဆိုင်နိုင်မှာလဲ။ ပြီးတော့ ဒီသုခဘုံလေးထဲမှာ ဓားကျင့်ကြံသူမဟုတ်တဲ့ ချီကျင့်ကြံသူတွေက အရေးနိမ့်ဆုံးပဲ။ တကယ်လို့ မင်းသာ ဂရုမစိုက်ဘူးဆိုရင် ကျင့်စဉ်အဆင့်ကိုတောင် ဆုံးရှုံးသွားနိုင်တယ်။ ကျင့်စဉ်အဆင့်က ပိုပြီးတော့ မြင့်လေလေ၊ ပိုပြီးတော့ ဆုံးရှုံးရလေလေပဲ။ ငါ့ရဲ့ကျင့်စဉ်အဆင့် နိမ့်ကျတာက ကောင်းသွားတယ်လို့ ငါလည်း လုံးဝမတွေးမိခဲ့ဘူး…”
လျှိုပါ့ချောင်က သူ့ပုခုံးကို လက်နှင့်ပုတ်လိုက်သည်။
“မင်းက ဂိုဏ်းပြောင်းပြီး ငါတို့လေမိုးကြိုးဥယျာဉ်ကို လာခဲ့ပါလား။ ငါတို့ဆီမှာ ဓားသိုင်းပညာကို လေ့ကျင့်နိုင်တဲ့အပြင် နောက်ပိုင်းမှာ ငါ မင်းကို ကာကွယ်ပေးလို့ ရတယ်…”
“စဉ်းစားကြည့်လိုက်စမ်း…
ဓားကျင့်ကြံသူ တစ်ယောက်ဖြစ်လာရင် လေထဲမှာ ဓားတစ်ချောင်းကိုစီးပြီး လျှပ်စီးကြောင်းတစ်ခုလို မြန်မြန်ဆန်ဆန် ပျံသန်းသွားနိုင်တယ်။ အထူးသဖြင့် မိုးကြိုးမုန်တိုင်းတစ်ခု တိုက်ခတ်နေတဲ့အချိန်မျိုးမှာ ဓားကို သွားချည် ပြန်ချည် စီးပြီး ဟန်ရေးပြနေလို့ရတယ်….”
ချန်းစုန့်ဖုန်းက ရုတ်တရက် အပြုံးနှင့် ပြောလိုက်သည်။
“လေမိုးကြိုးဥယျာဉ်ထဲမှာ အကြိမ်အများဆုံး မိုးကြိုးပစ်ခံရတဲ့ ကျင့်ကြံသူက နာမည်ဘယ်လိုခေါ်ပါလိမ့်…”
လျှိုပါ့ချောင်က ချက်ချင်းပင် လက်ကာလိုက်သည်။
“ရပ်လိုက်…ရပ်လိုက်…”
ဓားသမားဟူသည်မှာလည်း ချီကျင့်ကြံသူ တစ်ယောက်သာ ဖြစ်သည်။ သို့သော် သာမန်ချီကျင့်ကြံသူများနှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် သူတို့၏ ခန္ဓာကိုယ်က သိုင်းပညာရှင်တစ်ယောက်နှင့် ယှဉ်နိုင်၏။ ရိုးရှင်းစွာ ပြောရမည်ဆိုလျှင် သူတို့၏အရိုး၊ ကြွက်သားနှင့် အနှစ်သာရများဖြစ်ပြီးဓားသမားများက (၂)ခုလုံးကို လေ့ကျင့်ကြရသည်။
တခြားသော ချီကျင့်ကြံသူများကတော့ သူတို့၏ခန္ဓာကိုယ်များကသာ သူတို့ကို ဆွဲထားခြင်းမရှိလျှင် သူတို့က ခန္ဓာကိုယ်ကို သီးသန့်လေ့ကျင့်ကြခြင်း မရှိကြပေ။ ချီကျင့်ကြံသူများက သူတို့၏ချီစွမ်းအင်များကိုသာ အားဖြည့်သန့်စင်ကြပြီး သူတို့၏ ခန္ဓာကိုယ်ကတော့ လေထဲ မိုးထဲတွင် ရှိနေသကဲ့သို့ ဖြစ်သည်။ သူတို့က ကိုယ့်ကိုယ်ကိုယ် ဆက်တိုက်အားဖြည့်လေ့ကျင့်နေကြ၏။ သို့သော် ဓားသမားများနှင့် ယှဉ်လိုက်မည်ဆိုလျှင် ခန္ဓာကိုယ်ကို လေ့ကျင့်သည့်နေရာ၌ သူတို့က အဆပေါင်းများစွာ နိမ့်ကျသည်။ သူတို့က မမောမပန်းနိုင်သော သိုင်းပညာရှင်များကဲ့သို့လည်း လုံးဝမဖြစ်နိုင်ပေ။
ဤကမ္ဘာကြီးထဲတွင် ရှိနေသော ချီကျင့်ကြံသူများအတွက်တော့ ဆက်တိုက်ပျက်စီးနေသော ခန္ဓာကိုယ်က ကမ္ဘာမြေကြီးနှင့် တသားတည်းဖြစ်နိုင်သည်။ ထိုအရာက လုံလောက်ပြီဆိုလျှင် အဆင်ပြေ၏။ လူတစ်ယောက်က ကံကောင်းထောက်မပြီး ပြိုင်ဘက်ကင်းမိုးကြိုးခန္ဓာ သို့မဟုတ် အစက်အပြောက်မဲ့ ဖန်သားခန္ဓာကို လေ့ကျင့်နိုင်မည်ဆိုလျှင်တော့ အကောင်းဆုံးဖြစ်သည်။ သို့သော် မလေ့ကျင့်နိုင်လျှင်လည်း ကိစ္စမရှိချေ။ လူတစ်ယောက်က ခေါင်းမာ၍ မရနိုင်ဘဲ တာအို၏အုတ်မြစ်ကိုလွဲချော်၍ မရနိုင်ပေ။
လျှိုပါ့ချောင်က အေးအေးဆေးဆေး မေးလိုက်၏။
“မင်းရဲ့အမျိုးက ဘယ်လိုကျင့်ကြံမှုအဆင့်မျိုးရှိလဲ…”
ချန်းစုန့်ဖုန်းက မသက်မသာ ပြန်ပြောလိုက်ရသည်။
“ငါက အဲဒီလိုအချက်အလက်မျိုးကို ဘယ်လိုလုပ်ပြီးသိမှာလဲ….”
လျှိုပါ့ချောင်က ရုံးတော်၏ ခန်းမကြီးထဲတွင် ဖြစ်ခဲ့သော ပြဿနာကို ပြန်စဉ်းစားမိခဲ့သည်။ သူက သက်ပြင်းချပြီး ပြောလိုက်၏။
“စုန့်ချန်ကျင့်က တကယ့်ကို အစွမ်းထက်လွန်းတယ်။ ကြောက်စရာ အကောင်းဆုံးအရာကတော့ သူက တော်တော်လေး အသက်ငယ်နေသေးတာပဲ။ သာမန်အဆင့်(၈)၊ အဆင့်(၉) သိုင်းပညာရှင်တွေအားလုံးက အသက်(၅၀)ကျော် (၆၀)လောက်တွေ ရှိကြတယ်။ အသက်(၁၀၀)ကျော်ရင်တောင် အသက်ကြီးတယ်လို့ မသတ်မှတ်နိုင်ဘူး။ ဒါပေမဲ့ ငါသိသလောက်ပြောရရင် စုန့်ချန်ကျင့်က အသက်(၄၀)လောက်ပဲ ရှိသေးတယ်။သူ့ရဲ့မောက်မာမှုတွေကို ဖိနှိပ်ဖို့လိုတယ်လို့ ပြောခဲ့တာ အံ့ဩစရာတော့ မဟုတ်ဘူး…”
ချန်းစုန့်ဖုန်းက တိုးတိုးလေး ပြောလိုက်သည်။
“သူက အချိန်ကိုက်မွေးလာပြီး ကောင်းကင်ဘုံရဲ့ကောင်းချီးပေးမှုကို ခံခဲ့ရတယ်လေ..”
အထက်ဘုံ(၅)ဆင့် ကျင့်ကြံသူများက အလွန်ရှားပါးပြီး ရှာတွေ့ရန်လည်း ခက်ခဲသည်။ သို့သော် အဆင့်(၈)နှင့် အဆင့်(၉) သိုင်းပညာရှင်များကတော့ ကမ္ဘာကြီးထဲတွင် အလွန်လူသိများသည်။ သူတို့က သီးခြားတိုင်းပြည်များနှင့် ဝေးကွာနေခြင်း မရှိကြပေ။
ထို့ပြင် သိုင်းပညာတိုးတက်မှုက သူသေကိုယ်သေ တိုက်ပွဲများအပေါ် မှီခိုနေရခြင်း ဖြစ်သည်။ သေခြင်း၊ရှင်ခြင်းကြားထဲတွင် နေထိုင်နိုင်ပြီး သေခြင်းရှင်ခြင်းကို မြင်တွေ့နိုင်မှသာ ဗုဒ္ဓလမ်းစဉ်၏ လွတ်မြောက်မှုနှင့် တာအိုလမ်းစဉ်၏ တည်ငြိမ်မှုဟူသော စိတ်အခြေအနေကို ရရှိနိုင်ပါလိမ့်မည်။
ထိပ်တန်းသိုင်းသခင်(၂)ယောက် အချင်းချင်း တိုက်ခိုက်ခြင်းကလွဲလျှင် အဆင့်(၈)နှင့် အဆင့်(၉)ပညာရှင်များက အလယ်ဘုံ(၅)ဆင့်တွင် ရှိနေသော ထိပ်တန်းချီကျင့်ကြံသူများကို အနိုင်ကျင့်တတ်ကြသည်။ အထူးသဖြင့် အဆင့်(၉) ပညာရှင်များက အထက်ဘုံ(၅)ဆင့်၏ အောက်တွင် ပြိုင်ဘက်ကင်းဟု ဆိုနိုင်သည်။ ဓားကျင့်ကြံသူများကသာ သူ့ကို ရင်ဆိုင်တိုက်ခိုက်နိုင်ကြ၏။
သို့သော် သူတို့ကလည်း ဆိုးဆိုးရွားရွား မရှုံးနိမ့်ခြင်းသာဖြစ်ပြီး အနိုင်ရရန်တော့ ခက်ခဲလှသည်။ ထိုအကြောင်းပြချက်ကြောင့်လည်း အဆင့်(၉) သိုင်းပညာရှင်များက မဆင်မခြင် လုပ်ဆောင်နေကြခြင်းဖြစ်၏။
အလယ်ဘုံ(၅)ဆင့်၏ နောက်ဆုံးအဆင့်ဖြစ်သော အဆင့်(၁၀)ပညာရှင်များကတော့ ဤကမ္ဘာကြီး၏ အရေးအခင်းများကို စိတ်မဝင်စားကြချေ။ သူတို့က ကလန်၏ အသက်ရှင်ရပ်တည်ရေးနှင့် သူတို့တိုင်းပြည်၏ အတက်အကျကိုလည်း လုံးဝဂရုမစိုက်ကြပေ။ သူတို့ကတော့ မဟာတာအိုဟူသော စကားလုံးကိုသာ ဂရုစိုက်ကြသည်။
လျှိုပါ့ချောင်ကတော့ တစ်ယောက်တည်း တွေးနေခဲ့၏။
“စုန့်ချန်ကျင့်က ဒီမြို့ထဲကနေ ထွက်သွားပြီးရင် ငါ့ရဲ့ကိုယ်ပိုင်အစွမ်းနဲ့ အဆောင်ဓားကို လာယူစေချင်ခဲ့တယ်။ ငါက လေမိုးကြိုးဥယျာဉ်ကို သတင်းပို့ပြီး အောင်ပွဲခံအခမ်းအနားကို ကျင်းပခိုင်းလိုက်ရင် ကောင်းမလား…”
ချန်းစုန့်ချန်းက ရယ်ရမလား ငိုရမလား မသိခဲ့ချေ။ ဒူးလောက်ပင် မရှိသော တသွင်သွင် စီးဆင်းနေသည့်ရေများကိုကြည့်ပြီး ချန်းစုန့်ချန်းက တာ့လီဦးရီးတော်၏အနားတွင် ထိုင်နေခဲ့သော လူငယ်လေးကို တွေးမိခဲ့သည်။ ချန်းစုန့်ချန်းက အခြေအနေအတိုင်း လိုက်လျောညီထွေ လုပ်ဆောင်ရမည်ဟု ဝိုးတဝါး ခံစားမိနေခဲ့၏။
လုံဝေတိုင်းပြည်ထဲတွင် ရှိနေသော ချန်းကလန်၏ ဘိုးဘေးနေအိမ်သို့ ပြန်ရောက်ပြီးသွားလျှင် သူတို့၏ကလန်က တာ့လီအင်ပါယာကို လောင်းကြေးထပ်ရန် တိုက်တွန်းမည်ဟု စဉ်းစားထားခဲ့သည်။ အကယ်၍ သူတို့က အရာအားလုံးကို တစ်ကြိမ်တည်း မရင်းနှီးနိုင်လျှင် ချန်းကလန်၏ တပည့်များကို တာ့လီနန်းတွင်းထဲသို့ ပို့ဆောင်ရန် စဉ်းစားထား၏။
ချန်းစုန့်ဖုန်းက တီးတိုးရေရွတ်လိုက်သည်။
“တာ့လီရဲ့အချိန်တွေ ရောက်လာခဲ့ပြီ။ ကောင်းကင်နဲ့မြေကြီးကလည်း စုစည်းလာပြီ။ ဒါကြောင့် ငါတို့ချန်းကလန်က နဂါးကို ထောက်ပံ့မှရမယ်။ ငါတို့က နဂါးအတွက်နဲ့ တခြားသူတွေကို ယှဉ်ပြိုင်လို့မရဘူး…”
လျှိုပါ့ချောင်က မေးလိုက်၏။
“မင်းက ဘာတွေ တစ်ယောက်တည်းရေရွတ်နေတာလဲ…”
ချန်းစုန့်ဖုန်းက မတ်တပ်ရပ်လိုက်ပြီး ခေါင်းခါပြလိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
“မင်းက ရွှံ့ပုလင်းလမ်းကြားထဲက ကောင်လေးကို စိတ်ဝင်စားနေတယ် ထင်တယ်..”
လျှိုပါ့ချောင်ကလည်း မတ်တပ်ရပ်ပြီး အေးအေးဆေးဆေး ပြောလိုက်သည်။
“မတော်တဆတွေ့ခဲ့တာပဲလေ။ တွေ့ဆုံခြင်းနဲ့ ခွဲခြားခြင်းဆိုတာ သူ့သဘောအတိုင်းပဲလေ။ ငါတို့က နောက်တစ်ကြိမ် ပြန်တွေ့ရမလားဆိုတာ ဘယ်သူက ပြောနိုင်မှာလဲ..”
သူတို့နှစ်ယောက်က စမ်းချောင်းဘေးတွင် ရှိနေသော မြက်ပင်များပေါ်တွင်နင်းလိုက်ပြီး ကမ်းစပ်သို့ လျှောက်သွားကြသည်။ ချန်းစုန့်ဖုန်းက မေးလိုက်၏။
“တောင်ပိုင်းစမ်းချောင်းတိုင်းပြည်ထဲမှာရှိတဲ့ သုခဘုံက ဒီနှစ်ဆောင်းရာသီမှာ ဖွင့်မယ်လို့ ငါ ကြားတယ်။ လူပေါင်းများစွာကိုလည်း ဝင်ခွင့်ပေးလိမ့်မယ်။ မင်းက အခုချိန်ထိ အဆင့်မတက်သေးဘူးဆိုတော့ အဲဒီကိုသွားပြီး ကံစမ်းချင်သေးလား…”
လျှိုပါ့ချောင်က အပြုံးနှင့် ပြောလိုက်၏။
“ငါက မသွားဖို့ ဆုံးဖြတ်ပြီးသွားပြီ။ ပုရွက်ဆိတ်ပိုင်နက်ထဲကိုသွားပြီး ဟန်ရေးပြရတာက ငါ့အတွက်တော့ တော်တော်လေး ရှက်စရာကောင်းတယ်…”
ချန်းစုန့်ဖုန်းက ခေါင်းခါပြီး ပြောလိုက်သည်။
“ငါ့မိသားစုမှာရှိတဲ့ ဆရာကြီးလျှူက တစ်ကြိမ်ပြောခဲ့ဖူးတယ်။ စိတ်အခြေအနေဆိုတာက မှန်တစ်ချပ်လိုပဲ။ များများပွတ်တိုက်လေလေ ပိုပြီးတော့ တောက်ပလာလေလေပဲ။ ဒါကြောင့် စိတ်အခြေအနေကို လေ့ကျင့်တာက တာအိုဘိုးဘေးရဲ့ ကြာပန်းပလ္လင်ပေါ်မှာ ထိုင်နေရသလိုမျိုး အကျိုးအမြတ်ရှိတယ်။ ရံဖန်ရံခါ တွားသွားတာတွေ၊ လှိမ့်တာတွေကလည်း အကျိုးအမြတ်မရှိတဲ့ အရာတစ်ခုမှ မဟုတ်တာ။ သုခဘုံတစ်ခုကို သွားတာက အရင်ဘဝကို မေ့လျော့နေတဲ့ စွန့်ပစ်ခံ အင်မော်တယ်တစ်ယောက်ဖြစ်လာနိုင်သလို ဝမ်းနည်းမှုတွေ အတွေ့အကြုံမျိုးစုံကိုလည်းခံရနိုင်တယ်လေ..”
ချန်းစုန့်ဖုန်း စကားပြောပြီးအောင် စောင့်မနေဘဲ လျှိုပါ့ချောင်က အော်ပြောလိုက်သည်။
“ငါကတော့ အနိုင်အရှုံးကို အရမ်းဂရုစိုက်တဲ့ လူတစ်ယောက်ပဲ။ ငါက စိတ်ဝိညာဉ်စွမ်းအားနည်းပါးတဲ့ သုခဘုံကို သွားပြီး အတားအဆီးကို မချိုးဖြတ်နိုင်ဘူးဆိုရင် ငါ့အတွက် အပြစ်ဖြစ်သွားနိုင်ပြီး ငါ့ရဲ့မွေးရပ်မြေကို ပြန်သွားတဲ့အချိန်ကျရင် ငါ့ရင်ထဲမှာ အဖုအထစ်တစ်ခု သေချာပေါက်ဖြစ်လာလိမ့်မယ်။ ရလာမဲ့အကျိုးအမြတ်က ဆုံးရှုံးမှုကို မကာမိဘူး။ ဆိုးကျိုးတွေက ပိုပြီးတော့များတယ်..”
“ပြီးတော့ ငါသာ ဂရုမစိုက်ဘူးဆိုရင် အဲဒီသုခဘုံမှာရှိတဲ့ နယ်မြေခံတွေ အနိုင်ကျင့်တာကိုလည်း ခံရနိုင်သေးတယ်။ ဒါဆိုရင် ငါ့ရင်ထဲမှာ နောက်ထပ် အဖုအထစ်တစ်ခု ဖြစ်လာနိုင်တယ်။ ပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်တော့ တကယ်လို့ ငါက တန်ဖိုးကြီးကြီးတစ်ခု ပေးရမယ်ဆိုရင်တော့ တာအိုသခင် တစ်ယောက်အဖြစ် ကမ္ဘာကြီးထဲကို သေချာပေါက် ဆင်းသက်လာနိုင်လိမ့်မယ်။ အဲဒါဆိုရင်တော့ ငါက ပျော်ရွှင်ရမှာပေါ့။ ဒါပေမဲ့ ဒီလိုနည်းလမ်းက ငါ့ရဲ့မူလရည်ရွယ်ချက်နဲ့ ဆန့်ကျင်မသွားနိုင်ဘူးလား…”
လျှိုပါ့ချောင်က လက်နှစ်ဖက်ကို ခေါင်းနောက်သို့ တင်လိုက်ပြီး အထင်သေးစွာ ပြောလိုက်သည်။
“ရိုးရိုးရှင်းရှင်း ပြောရမယ်ဆိုရင်တော့ ငါတို့အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ သုခဘုံ(၃)ခုက ပြောင်းလဲသွားတာကြာပြီ။ သူတို့တွေက ငွေကြေးချမ်းသာတဲ့တိုင်းပြည်က လူတွေအတွက် ပျော်စရာနေရာတွေ ဖြစ်နေကြပြီ။ သူတို့တွေက အင်မော်တယ်တွေရဲ့ စည်းမျဉ်းအောက်မှာရှိတဲ့ ပြည့်တန်ဆာအိမ်တွေလို့ပြောရင်တောင် မမှားနိုင်ဘူး။ အခြေအနေတွေက မကောင်းတော့ဘူး…”
ချန်းစုန့်ဖုန်းက အပြုံးနှင့် ပြောလိုက်သည်။
“မင်းက အရာအားလုံးကို သိမ်းကြုံးပြီး ပြောလို့မရဘူးလေ။ ငါတို့လို လူစိမ်းတွေမပြောနဲ့ နယ်မြေခံတွေထဲမှာတောင် ပါရမီရှင်တွေ နည်းမှမနည်းတာ…”
လျှိုပါ့ချောင်က မျက်ခုံးပင့်၍ ပြောလိုက်သည်။
“သုခဘုံတစ်ခုမှာ လူတွေ အများကြီးရှိတယ်။ ဒါပေမဲ့ နှစ်စဉ်နှစ်တိုင်း လူဘယ်နှစ်ယောက် ထွက်လာနိုင်လို့လဲ။ တစ်ယောက်တောင် မထွက်တာမျိုးတွေ ရှိတယ်လေ။ ငါတို့နေရာကနေ အောင်အောင်မြင်မြင် ထွက်လာနိုင်တဲ့လူတွေက လွန်ခဲ့တဲ့ နှစ်ရာပေါင်းများစွာ အတောအတွင်း လူဘယ်နှစ်ယောက်ရဲ့နာမည်ကို ငါတို့က မှတ်မိကြလို့လဲ။ လက်ချိုးရေလို့တောင် ရတယ်။ ဒါကြောင့် အဲဒီသုခဘုံတွေကို ဘာလို့ဒီလောက်တောင် လေးစားနေကြလဲဆိုတာ ငါလည်း နားမလည်နိုင်တော့ဘူး။ မင်းကသာ သုခဘုံတစ်ခုရဲ့ အုပ်စိုးခွင့် တစ်စိတ်တပိုင်းကို ပိုင်ဆိုင်ထားမယ်ဆိုရင် အကျိုးအမြတ်တွေက အထက်ဘုံ(၅)ဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ အကျိုးအမြတ်တွေထက် သေချာပေါက်နည်းမှာမဟုတ်ဘူး။ သူတို့က ရူးနေကြတာများလား…”
ချန်းစုန့်ဖုန်းက အပြုံးနှင့် ပြောလိုက်သည်။
“သုခဘုံတွေရဲ့ အကျိုးအမြတ်က အရမ်းကို များတယ်။ ရံဖန်ရံခါ အံ့ဩစရာ တစ်ခုနှစ်ခုတောင် ရှိလာနိုင်တယ်။ အရေးကြီးဆုံးအရာကတော့ အဲဒီအကျိုးအမြတ်တွေ အားလုံးကို တခြားသူတွေက ခံစားနေကြတာပဲ။ ဘယ်သူကရော ဝေစုခွဲပေးချင်ဦးမှာလဲ..”
သုခဘုံမှ ထွက်လာသော လူအများစုတွင် ကောင်းမွန်သောဘဝများ ရှိကြသည်။ လျှိုပါ့ချောင်က ပြန်မေးလိုက်၏။
“မင်းက ချန်းမျိုးရိုးကောင်လေးကို သဘောမကျဘူးလား…”
ချန်းစုန့်ဖုန်းက ခဏကြာစဉ်းစားပြီး သူ့အတွေးများကို ပြောပြရန် ရွေးချယ်လိုက်သည်။
“တကယ်လို့ ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ပတ်သက်လာရင်တော့ ငါ့ဆီမှာ သူနဲ့ပတ်သက်ပြီး ဘာထင်မြင်ချက်မှ မရှိဘူး။ ဒါပေမဲ့ အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ သူ့ရဲ့တည်ရှိမှုက ငါတို့မိသားစုတစ်ခုလုံးအတွက်တော့ အရမ်းရှက်ဖို့ကောင်းတယ်။ လီကျူးသုခဘုံမှာရှိတဲ့ ချန်းမိသားစုဝင်တွေက ဒီကုန်းမြေကြီးထဲမှာ ဟာသတစ်ခု ဖြစ်နေခဲ့တာ။ ဒီမြို့ငယ်လေးထဲမှာတော့ တစ်ယောက်ပဲ ကျန်တော့တယ်။ တခြားသူတွေကတော့ တခြားမိသားစုတွေရဲ့ အစေခံတွေဖြစ်သွားကြပြီ။ ဒီတော့ သူတို့တွေက ဟာသဖြစ်သွားရင်လည်း ပုံမှန်ပါပဲ။ လုံဝေတပ်ဖွဲ့ ချန်းမိသားစုရဲ့မျက်လုံးထဲမှာတော့ ငါတို့တွေက ဘိုးဘေးတူညီနေပေမဲ့ မြို့ငယ်လေးထဲမှာရှိတဲ့ ချန်းမျိုးရိုးကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာလောက်မှာပဲ သမိုင်းကြောင်းရှိတယ်။ အဲဒီမှာ ဘာချစ်ခင်မြတ်နိုးမှုမှမရှိဘူး။ ဒါပေမဲ့ လုံဝေတပ်ဖွဲ့မှာရှိတဲ့ ချန်းမိသားစုရဲ့ ပြိုင်ဘက်တွေကတော့ အဲဒီလိုမြင်ကြမှာ မဟုတ်ဘူး။ ဒီလိုအခြေအနေမျိုးမှာ ရွှံ့ပုလင်းလမ်းကြားထဲက ကောင်လေးက မိသားစုကြီးတစ်ခုခုရဲ့ အစေခံတစ်ယောက်ဖြစ်လာမယ်ဆိုရင်တော့ အဆင်ပြေတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက နှစ်ပေါင်းများစွာ စကားဝိုင်းတွေရဲ့ထိပ်ဆုံးခေါင်းစဉ်တစ်ခု ဆက်ဖြစ်နိုင်ဖို့ ခက်ခဲတယ်လေ…”
“ဒါပေမဲ့ ဒီကောင်လေးကတော့ အံကြိတ်ပြီး ခံနိုင်ရည်ရှိခဲ့တယ်လေ။ သူရဲ့တည်ရှိမှုကလည်း တော်တော်လေးကို စိတ်ဝင်စားဖို့ကောင်းတယ်။ လူအများစုကတော့ မြို့ငယ်လေးထဲမှာရှိတဲ့ ချန်းမိသားစုက တစ်ယောက်တည်း မဖြစ်နိုင်တော့ဘူးလို့တောင် အလောင်းအစား ထပ်နေကြတာ..”
လျှိုပါ့ချောင်က မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။
“ဒါက အဲဒီကောင်လေးရဲ့အမှားမှ မဟုတ်တာ…”
ချန်းစုန့်ဖုန်းက အပြုံးနှင့် ပြောလိုက်သည်။
“ဟုတ်တယ်။ သူက ဘာမှားခဲ့လို့လဲ။ ဒါပေမဲ့ အဆုံးမှာတော့ ဒီကမ္ဘာကြီးထဲမှာ ရှင်းရှင်းလင်းလင်းရှင်းပြဖို့ ခက်ခဲတဲ့အရာတွေ ရှိတာပဲလေ..”
လျှိုပါ့ချောင်က ခေါင်းခါပြီး ပြောလိုက်သည်။
“ရှင်းရှင်းလင်းလင်း ရှင်းပြဖို့တော့ တော်တော်လေးခက်တယ်။ အမှန်အတိုင်းပြောရရင် မင်းတို့ကမှ မသင့်တော်တာပဲ။ အဲဒီလူငယ်လေးက အရမ်းကို အားနည်းလွန်းတဲ့အတွက် မင်းတို့က မှန်တယ်လို့ ထင်နေကြတာ။ ပြီးတော့ လုံဝေတပ်ဖွဲ့ ချန်းမိသားစုရဲ့ဂုဏ်သတင်းက အဲဒီကောင်လေးရဲ့ဂုဏ်သတင်းထက် အဆပေါင်းများစွာ ပိုပြီးကြီးတယ်လေ။ ဒါပေမဲ့ မင်းတို့ကို ရယ်နေကြတဲ့လူတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ မင်းက ပုံမှန်ပါပဲ။ ဒါကြောင့် အခြေအနေက ပိုပြီးတော့ အိုးတိုးအမ်းတမ်းဖြစ်နေတာ…”
“အဆုံးမှာတော့ မင်းတို့က ကိုယ့်ရဲ့မပြည့်စုံမှုကို ဝန်မခံနိုင်ကြဘူး။ ဒါကြောင့် လူငယ်လေးက အဓိကတရားခံဖြစ်တယ်လို့ မင်းတို့က စွပ်စွဲနေကြတာ။ တကယ်လို့ လီကျူးသုခဘုံထဲကို အလွယ်တကူ ဝင်လာလို့မရတဲ့ အချက်ကြောင့်သာ မဟုတ်ရင် ဒီလမ်းကြားထဲမှာရှိတဲ့ ကောင်လေးက လုံဝေတပ်ဖွဲ့ ချန်းမိသားစုရဲ့ လုပ်ကြံမှုကိုတောင် ခံရနိုင်တယ်…”
ချန်းစုန့်ဖုန်း၏မျက်နှာက နီရဲနေခဲ့၏။ ထိုအချိန်တွင် သူကတော့ ရှက်ရွံမှုကြောင့် ဒေါသထွက်နေခဲ့သည်။
လျှိုပါ့ချောင်က ခေါင်းကို လက်နှစ်ဖက်နှင့် ကိုင်ထားပြီး ကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်၏။ သူက အေးအေးဆေးဆေး အမူအယာနှင့် ပြောလိုက်သည်။
“မင်း ချန်းစုန့်ဖုန်းက အဲဒီလိုလူမျိုးမဟုတ်ဘူးဆိုတာ ငါသိတယ်။ ဒါပေမဲ့ မင်းလို လူနည်းနည်းပဲရှိတာ ကံဆိုးတာပဲ။ မင်းလို မဟုတ်တဲ့လူတွေက ပိုပြီးတော့များတယ်။ ငါတို့လေမိုးကြိုးဥယျာဉ်က ဓားသိုင်းကျမ်းရသွားမှာကို ကျန့်ယန်တောင်က တောင်ရွှေ့လူဝံကြီးက အရမ်းကြောက်နေခဲ့တယ်။ ဘာလို့လဲဆိုတော့ အဲဒီအရာကို သူကိုယ်တိုင် မရနိုင်လို့ပဲ။ ဒါကြောင့် သူက လျှိုမျိုးရိုးကောင်လေးကို လက်သီးတစ်ချက်တည်းနဲ့ သတ်ပစ်ချင်ခဲ့တယ်။ အဲဒါကရော သင့်တော်မှုရှိတယ်လို့ မင်း ထင်လား။ ငါကတော့ မသင့်တော်ဘူးလို့ တွေးမိတာပဲ။ ဒါပေမဲ့ အဲဒါက အသုံးဝင်လို့လား။ အဲဒါက အသုံးမဝင်ဘူးလေ။ ငါက လူဝံအိုကြီးကို တိုက်ရိုက်စိန်ခေါ်ဖို့တောင် မလုပ်ရဲဘူး…”
လျှိုပါ့ချောင်က သက်ပြင်းချလိုက်ပြီး လက်တစ်ဖက်ကို လွှတ်လိုက်သည်။ သူက ဗိုက်ကို လက်နှင့် ပွတ်လိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သလို ပြောလိုက်၏။
“ငါက စကားတွေ အများကြီး ပြောတတ်တယ်။ ငါ့ရဲ့လက်သီးကလည်း အစွမ်းမထက်ဘူး။ ငါက လုံလောက်အောင်လည်း မမြန်ဘူး။ မဟုတ်ရင် ငါက စည်းမျဉ်းစည်းကမ်းတွေ အများကြီးကို ဗိုက်ထဲမှာပဲ စုဆောင်းထားရမှာပေါ့။ ငါက ဒီကမ္ဘာကြီးနဲ့ စကားကောင်းကောင်းပြောရဦးမယ်…”
ချန်းစုန့်ဖုန်းက လေပူများကို မှုတ်ထုတ်လိုက်သည်။
“ဒါဆိုရင် အဲဒီကောင်လေးက မဆိုးဘူးလို့ မင်းက ထင်နေတာလား…”
လျှိုပါ့ချောင်က နေလုံးကြီး ကျဆင်းသွားသော အနောက်ဘက်ကို လှည့်ကြည့်လိုက်သည်။
“မဆိုးဘူးလား။ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ…”
ချန်းစုန့်ဖုန်းက ဇဝေဇဝါဖြစ်သွားခဲ့၏။
လျှိုပါ့ချောင်က အပြုံးနှင့်ပြောလိုက်သည်။
“ငါက အဲဒီကောင်လေးကို မြင်လိုက်ရတဲ့အချိန်မှာ တော်တော်လေး ရှက်ရွံ့သွားခဲ့တယ်…”
ချန်းစုန့်ဖုန်းကတော့ လက်မခံနိုင်ကြောင်း တွေ့လိုက်ရသည်။ သူက ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်၏။
“မင်းက ဘာလို့ဒီလိုတွေးရတာလဲ….”
လျှိုပါ့ချောင်ကတော့ ဝမ်းနည်းမှုကို ဖယ်ရှားရန် ပြောတော့မည့်စကားလုံးများကို မျိုချလိုက်သည်။ ချန်းစုန့်ဖုန်းက သူ့ကိုမကြိုက်သော်လည်း သူကတော့ သာမန်စာသင်သားတစ်ယောက်ထက် ပို၍ကောင်းမွန်သေး၏။ သူက သူဖြစ်ချင်သည့်အရာကို ယှဉ်ပြိုင်တတ်သည်။ အလွန်စကားများသော လျှိုပါ့ချောင်ကတော့ လမ်းတလျှောက်လုံး တိတ်ဆိတ်နေခဲ့၏။
……………
ညအချိန်တွင် ချန်းပင်အန်းက မီးတုတ်(၃)ခု ဖန်တီးလိုက်ပြီး သူတို့(၃)ယောက်က မီးအလင်းရောင်နှင့် ဆက်လက်ထွက်ခွာလာခဲ့ကြ၏။ နောက်ဆုံးတွင်တော့ သူတို့က တောင်ခြေကို ရောက်လာခဲ့ကြသည်။
ချန်းပင်အန်းက နဖူးမှကျလာသော ချွေးများကိုသုတ်လိုက်ပြီး နင်ယောင်ကို ပြောလိုက်၏။
“မိန်းကလေးနင် …
ဒီတောင်ကို နန်းတွင်းက တားမြစ်ထားတယ်လို့ သူ့ကိုပြောလိုက်ပါ။ သူ့မှာရော တားမြစ်ချက်တစ်ခုရှိလား…”
နင်ယောင်က ထိုသတင်းကို ချန်းသွမ့်ဆီသို့ ပြောလိုက်ရာ ချန်းသွမ့်က ခေါင်းခါပြလိုက်သည်။ ချန်းသွမ့်က လှည့်ကြည့်လိုက်ရာ ယင်းရင် ချန်းမိသားစု၏ ဘိုးဘေးအုတ်ဂူက ဤနေရာတွင် သေချာပေါက်ရှိနေကြောင်း အလွန်သေချာသွားခဲ့၏။ လေလွင့်ခရီးသွားတစ်ယောက်က မွေးရပ်မြေကို ပြန်ရောက်လာပြီးနောက် ရင်ထဲတွင် ပဲ့တင်သံတစ်ခုကို ကြားရတတ်သည်။
ချန်းသွမ့်က မျက်လုံးကို ဖြည်းညင်းစွာ မှိတ်လိုက်၏။ ခဏကြာပြီးနောက် သူမက ထိုင်လိုက်ပြီး မြေပြင်ပေါ်တွင် လက်ချောင်းလေးများနှင့် စကားလုံးရှည်ကြီးတစ်ခု ရေးသားလိုက်သည်။ စာရေးလိုက်ပြီးနောက် သူမ၏နှုတ်ဖျားမှ တိုးတိုးလေး ရေရွတ်လိုက်၏။
နောက်ဆုံးတွင်တော့ သူမက လက်ဖဝါးကို အသုံးချပြီး ခြေရာလက်ရာများအားလုံးကို ဖြည်းညင်းစွာ ဖယ်ရှားလိုက်သည်။ သူမက မတ်တပ်ရပ်လိုက်ပြီးနောက် မှော်အင်းကွက်များ ပြည့်နှက်နေသော နေရာကို လျှောက်သွားပြီး ဖျက်ဆီး၍ တောင်ပေါ်သို့ တက်သွားခဲ့၏။
သူမကို ချန်းပင်အန်း လမ်းပြရန်ပင် မလိုတော့ပေ။ သူတို့(၃)ယောက်က တောင်တစ်ဝက်ကို ရောက်လာခဲ့၏။ ချန်းပင်အန်းက မလှမ်းမကမ်းကို လက်ညှိုးထိုးပြလိုက်သည်။
ထိုနေရာတွင်တော့ တောင်ကုန်းငယ်လေးတစ်ခုပေါ်တွင် ပေါက်ရောက်နေသော သစ်ပင်ကြီးတစ်ပင် ရှိနေသည်။ ထိုသစ်ပင်၏ပင်စည်က ထူးဆန်းပြီး အလွန်ဖြောင့်တန်းနေခဲ့၏။ ထိုအရာက ဝါးပင်ထက်ပင် ပို၍ဖြောင့်တန်းနေသည်။ ချန်းပင်အန်းက စိတ်သက်သာရာရသွားပြီး ခေါင်းညိတ်ပြလိုက်၏။
“ဒီမှာရှိနေတာပဲ…”
ချန်းသွမ့်က လေးလေးနက်နက် ပြောလိုက်သည်။
“ငါ့ကို တောင်ခြေမှာ ပြန်စောင့်နေပါ..”
နင်ယောင်က ချန်းပင်အန်း၏ အင်္ကျီလက်ကို ဆွဲလိုက်ပြီး သူတို့က တောင်အောက်သို့ အတူတူဆင်းသွားသင့်ကြောင်း အချက်ပြလိုက်၏။ ချန်းသွမ့်က စာအုပ်သေတ္တာကို ချလိုက်ပြီး ဘိုးဘေးများကို ကန်တော့ရန် ပြင်ဆင်ထားသောအရာများကို သေချာချလိုက်သည်။
လမ်းတစ်ဝက်တွင်တော့ ချန်းသွမ့်က ခဏကြာမှင်တက်နေမိခဲ့၏။ သူမက သစ်ပင်လေးကို မှင်သက်စွာကြည့်နေမိခဲ့သည်။ သူမ၏မျက်လုံးထဲတွင်လည်း ဝမ်းသာမှုကြောင့် မျက်ရည်များ စီးကျလာခဲ့သည်။
“ထင်ထားတဲ့အတိုင်းပဲ... တကယ်ထင်ထားတဲ့အတိုင်းပဲ…”
အဆုံးတွင်တော့ ထိုမိန်းမပျိုက (၃)ကြိမ်တိတိ အရိုအသေပေးလိုက်ပြီး မြေကမူလေးကို (၉)ကြိမ် ဦးချလိုက်သည်။
ထို့နောက် ချန်းသွမ့်က မြေပေါ်တွင် ထိုင်လိုက်ပြီး တုန်ရီနေသောအသံနှင့်ပြောလိုက်၏။
“ယင်းရင် ချန်းမိသားစုက ဘိုးဘေးရဲ့အကာအကွယ်အတွက် ကျေးဇူးတင်ပါတယ်..”
တောင်ခြေတွင် ရှိနေသော ချန်းပင်အန်းနှင့် နင်ယောင်တို့က ခြင်းတောင်း၏ တစ်ဖက်တစ်ချက်တွင် ကျောပေးပြီး ထိုင်နေကြသည်။ နင်ယောင်က မေးလိုက်၏။
“နင်က လမ်းတစ်ဝက်မှာ ဘာလို့ပိုပြီးရှည်လျားတဲ့ လမ်းကြောင်းကနေ လာခဲ့ရတာလဲ”
ချန်းပင်အန်းက အလွန်အံ့ဩသွားခဲ့သည်။
“မိန်းကလေးနင် ဘယ်လိုဖြစ်ပြီး ပြောနိုင်ရတာလဲ…”
နင်ယောင်က ဓားအိမ်ကို ကိုင်ထာပြီး သူ့ကိုလက်နှင့် တွန်းလိုက်သည်။ သူက ဓားအိမ်နှင့် လူငယ်၏ခါးကို လှမ်းရိုက်လိုက်၏။
“အပိုတွေ မပြောနဲ့…”
မြက်ဖိနပ်နှင့် လူငယ်လေးက ပြုံးလိုက်ပြီး ခါးကို ညင်သာစွာ ပွတ်လိုက်သည်။ သူက အသံတိုးတိုးနှင့် ပြောလိုက်၏။
“ကျွန်တော် မိန်းကလေးကို မပြောခဲ့ဘူးလား။ ဒီတောင်တန်းပေါ်မှာ အနက်ရောင်ကျောက်တုံးတွေ ပြည့်နေတဲ့ ချောက်ကမ်းပါးတစ်ခု ရှိတယ်လို့ ပြောခဲ့တယ်လေ။ မိန်းကလေးက အဲဒါကို နဂါးခေါင်းဖြတ်ကျောက်တုံးလို့ ပြောခဲ့တာပဲ။ သူတို့တွေ့သွားမှာကို စိုးရိမ်နေတာလေ။ အဲဒါက ဘာအတွက်ကောင်းလဲ ဆိုတာကို သူက သိနေနိုင်တယ်။ တကယ်လို့ သူ့မှာ မကောင်းတဲ့ ရည်ရွယ်ချက်တွေ ရှိနေရင် ဘယ်လိုလုပ်မလဲ။ အဲဒါက တခြားသူတွေကို မထိခိုက်စေချင်ရင်တောင် သတိမထားလို့မရဘူးလေ။ ကျွန်တော်က အဲဒီစည်းမျဉ်းကိုတော့ နားလည်ပါတယ်…”
နင်ယောင်က ပြုံးလိုက်၏။
“သူက အဲဒီနေရာကို လမ်းပေါက်သွားမှာ စိုးရိမ်နေတာ မဟုတ်လား။ မဟုတ်ရင် နင်က လက်ဗလာနဲ့ ပြန်ရမှာလေ…”
ချန်းပင်အန်းက တိုးတိုးလေး ရယ်လိုက်မိသည်။
“မိန်းကလေးနင်က တည့်တည့်ပြောတတ်တာပဲ။ မိန်းကလေးနင်ဆီမှာ မိတ်ဆွေများများမရှိဘူး မဟုတ်လား…”
ရုတ်တရက်ဆိုသလို ချန်းပင်အန်းက နောက်တစ်ကြိမ် နာကျင်သွားခဲ့ရသည်။ သူက လက်တစ်ဖက်ကို ပွတ်လိုက်ပြီး တခြားလက်တစ်ဖက်က ခါးကို ပွတ်နေခဲ့၏။
ချန်းပင်အန်းက နင်ယောင်၏ နောက်ကျောကို တံတောင်နှင့် ညှင်သာစွာထိ၍ မေးလိုက်သည်။
“မိန်းကလေးက အသီးစားချင်လား။ ကျွန်တော်က လမ်းမှာ သစ်သီး(၃)လုံးခူးခဲ့တယ်။ အင်္ကျီထဲမှာ သိမ်းနေခဲ့တာ။ သူကတော့ အဲဒါကိုမြင်မှာ မဟုတ်ဘူး…”
နင်ယောင်က မကြည်မသာ အမူအယာနှင့် ပြောလိုက်သည်။
“ဒီရာသီမှာ ဘယ်သစ်သီးက အရသာရှိမှာလဲ…”
ချန်းပင်အန်းက ပြန်လှည့်လာပြီး မက်မွန်သီးအရွယ်အစားရှိသော အနီရောင်သစ်သီး(၂)လုံးကို ပေးလိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
“မိန်းကလေးနင် မသိလို့။ ဒီလိုအသီးတွေက နွေဦးရာသီမှာပဲ စားလို့ရတာ။ အဲဒါက ဆောင်းရာသီအစောပိုင်းမှာ အသီးသီးပြီး နွေဦးရာသီအစပိုင်းမှာ မှည့်တတ်တယ်။ အခုလုံးဝကို မှည့်နေပြီ။ အရသာကလည်း အရမ်းကောင်းတော့ မတော်တဆ လျှာကိုက်မိမှာတောင် စိုးရတယ်။ ပိုပြီးထူးဆန်းတာကတော့ တောင်တန်းတွေ အများကြီးထဲမှာ ဒီလိုသစ်သီးမျိုးက ဒီနယ်မြေထဲမှာပဲ သီးတယ်။ ကျွန်တော်က မြေအမျိုးအစားတစ်မျိုးကို ရှာဖွေဖို့အတွက် အဘိုးယောင်နဲ့ ဒီကိုလာခဲ့ဖူးတယ်။ တခြားနေရာမှာ အရသာကောင်းတဲ့သစ်သီးတချို့ရှိပေမဲ့ ကျွန်တော်ကတော့ ဒီနေရာကိုပဲလာပြီး စားတတ်တယ်။ အဲဒီအသီးတွေက ဒီအသီးလောက် စားမကောင်းဘူးလို့ ခံစားမိတယ်…”
နင်ယောင်က သစ်သီး(၂)လုံးကို ကြည့်လိုက်ပြီး အရသာမကောင်းလျှင် ပြန်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။
“နင်က နေရာတကာ လိုက်ပြီး စားနေတာ။ နင်က တောင်တန်းထဲမှာနေတဲ့ ဝက်ဝံကြီးတစ်ကောင်လား…”
ချန်းပင်အန်းက အသီးကိုကိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
“ကျွန်တော် ငယ်ငယ်တုန်းက ကျွန်တော့်မိသားစုက အရမ်းဆင်းရဲတယ်။ ဒါကြောင့် ကျွန်တော် ဗိုက်ဆာတဲ့အချိန်တိုင်း စားစရာမရှိဘူး။ တချိန်တုန်းကဆိုရင် ကျွန်တော်က သေချာမစူးစမ်းဘဲ စားမိခဲ့လို့ ဗိုက်အောင့်ခဲ့တယ်။ အဲဒီနာကျင်မှုက အရမ်းပြင်းထန်လွန်းတဲ့အတွက် လမ်းကြားလေးထဲမှာတောင် လူးလှိမ့်နေခဲ့ရတယ်။ အဲဒါက ပထမဆုံးအကြိမ် ကျွန်တော့်ရဲ့နှလုံးခုန်သံကို ပြန်ကြားခဲ့ရတဲ့အချိန်ပဲ။ နှလုံးခုန်သံက မိုးခြိမ်းသံတစ်ခုလို ကြားနေရတာ…”
နင်ယောင်ကတော့ လူငယ်လေး ပြောသည့်စကားကို သေချာမကြားရပေ။ သူမက အသီးစားရန် အလုပ်များနေခဲ့၏။ သူမက ပထမဆုံးတစ်ကြိမ် ကိုက်ကြည့်လိုက်သည့်အချိန်တွင် ထိုအသီးက ထူးထူးခြားခြားကို ချိုမြနေကြောင်း ခံစားလိုက်ရသည်။
ထိုအသီးက ဗိုက်ထဲသို့ ဝင်ရောက်သွားပြီးနောက် ခန္ဓာကိုယ်တစ်ခုလုံး နွေးထွေးသွားသလို ခံစားလိုက်ရသည်။ သူမ၏ခန္ဓာကိုယ်က မြေနဂါးတစ်ကောင်၏ နေအိမ်ကဲ့သို့ဖြစ်လာပြီး ထိုသစ်သီးကတော့ မီးသွေးအိတ်တစ်အိတ်ကဲ့သို့ ဖြစ်သည်။
နင်ယောင်က မျက်လုံးမှိတ်လိုက်ပြီး ကိုယ်တွင်းအင်္ဂါများကို ခံစားကြည့်လိုက်၏။ သူမက တကိုယ်လုံးသက်တောင့်သက်သာ ခံစားနေရပြီး မည်သည့်အရာမျှ မှားယွင်းနေခြင်း မရှိပေ။ ထိုသို့ဆိုလျှင် ဤသစ်သီးက တောင်ခြေတွင် တွေ့နိုင်သော ကောင်းကင်ဘုံမှ ပစ္စည်းတစ်ခုဟု သတ်မှတ်နိုင်သည်။ ထိုအသီးမျိုးက ကန့်သတ်ချက်ရှိနိုင်၏။
အကယ်၍ သာမန်လူသားတိုင်းပြည်တစ်ခုတွင်ဆိုလျှင် အလွန်မြင့်မားသော ဈေးနှုန်းနှင့် ရောင်းချနိုင်ပါလိမ့်မည်။ သို့သော် ကျင့်ကြံသူများကိုတော့ စိတ်ဝင်စားအောင် ဆွဲဆောင်ရန် မလုံလောက်သေးပေ။ တောင်ခြေတွင် ရှိနေသော သာမန်လူများအတွက်တော့ ထိုအရာက သူတို့၏အသက်ကို ဆွဲဆန့်နိုင်သော အဖိုးမဖြတ်နိုင်သည့် ရတနာတစ်ခုဖြစ်သည်။
အကယ်၍ နင်ယောင်ကသာ ထိုအရာကို စောစောသိခဲ့မည်ဆိုလျှင် ထိုအသီးကို ယူခဲ့မည် မဟုတ်ချေ။ နင်ယောင်က အနည်းငယ် နောင်တရသွားသလို ခံစားလိုက်ရ၏။ သူမက နှုတ်ခမ်းကိုသုတ်လိုက်ပြီး ကျန်နေသော သစ်သီးကိုပြန်ပေးလိုက်သည်။
“ဒါက အရသာမကောင်ဘူး ငါ နင့်ကိုပြန်ပေးမယ်…”
ချန်းပင်အန်းက ထိုအရာကိုပြန်ယူထားလိုက်ရ၏။ သူက အနည်းငယ် စိတ်ပျက်သွားပုံရသည်။ မိန်းကလေးနင်က ထိုအသီးကို သဘောကျမည်ဟု သူကတော့ တွေးနေမိခဲ့၏။
နင်ယောင်က ခြင်းတောင်းကို ခြေထောက်နှင့်ကန်ပြီး အေးအေးဆေးဆေး မေးလိုက်သည်။
“နင်က အသီးတစ်လုံးကို ချန်းသွမ့်လို့ခေါ်တဲ့ မိန်းကလေးအတွက် ချန်ထားဦးမှာလား…”
ချန်းပင်အန်းက ခေါင်းခါပြလိုက်သည်။
“ကျွန်တော်က ဘာလို့သူ့ကိုပေးရမှာလဲ။ ကျွန်တော်တို့က ဘာမှမပတ်သက်ဘူးလေ။ ကျွန်တော်က လျှိုရှန်းယန်အတွက်ပဲ ချန်ထားမှာ…”
နင်ယောင်က ရုတ်တရက် စိတ်ဝင်တစား မေးလိုက်သည်။
“တကယ်လို့ ရွမ်ရှို့ ဒီမှာရှိတယ်ဆိုရင် ချန်းသွမ့်အစား ရွမ်ရှို့ကိုတော့ ပေးမှာ မဟုတ်လား..”
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်၏။
“ပေးမှာပေါ့…”
နင်ယောင်က နောက်တစ်ကြိမ် မေးလိုက်သည်။
“ဒါဆိုရင် နင့်မှာ အသီး(၂)လုံးရှိတယ်ဆိုရင် နင်က ငါ့ကိုပေးမှာလား၊ ရွမ်ရှို့ကို ပေးမှာလား..”
ချန်းပင်အန်းက စဉ်းစားမနေဘဲပြန်ဖြေလိုက်သည်။
“(၁)လုံးကို မိန်းကလေးနင်ကို ပေးပြီး (၁)လုံးကို ရွမ်ရှို့ကို ပေးမယ်။ ကျွန်တော်ကတော့ မိန်းကလေးတို့ စားတာကို ထိုင်ကြည့်နေမယ်လေ…”
ချန်းပင်အန်းက နောက်တစ်ကြိမ် အလစ်ချောင်းတိုက်ခိုက်မှုကို ခံလိုက်ရပြန်သည်။ သူက နောက်ကျောကို လက်နှင့်ပွတ်လိုက်ပြီး အပြစ်ကင်းမဲ့စွာ ပြောလိုက်၏။
“မိန်းကလေးနင် ဘာဖြစ်လို့လဲ…”
နင်ယောင်က နောက်တစ်ကြိမ် မေးလိုက်သည်။
“တကယ်လို့ (၁)လုံးတည်းပဲ ရှိတယ်ဆိုရင်ကော…”
ချန်းပင်အန်းက ပြုံးလိုက်သည်။
“ကျွန်တော်က မိန်းကလေးနင်ကိုပဲ ပေးမှာပေါ့…”
“ဘာလို့လဲ..”
နင်ယောင်က ပြန်မေးလိုက်သည်။
ချန်းပင်အန်းက ရိုးသားစွာ ပြန်ဖြေလိုက်၏။
“မိန်းကလေးရွမ်က ဒီမှာမရှိဘူးလေ။ ဒါပေမဲ့ မိန်းကလေးနင်ကတော့ ရှိတယ်…”
လူငယ်၏နောက်ကျောက (၂)ကြိမ် အရိုက်ခံလိုက်ရသည်။ ချန်းပင်အန်းက အလွန်နာကျင်သွားသည့်အတွက် မတ်တပ်ရပ်ပြီး အနားသို့ လျှောက်သွားခဲ့၏။ ရလဒ်အနေနှင့် နင်ယောင်က ခြင်းတောင်းကြီးထဲသို့ ဖင်ထိုင်ကျသွားခဲ့သည်။ ချန်းပင်အန်းက သူမကို ခြင်းတောင်းထဲမှ လျင်မြန်စွာ ဆွဲထုတ်ပေးလိုက်ရ၏။
နင်ယောင်က ဒေါသထွက်နေခြင်း မရှိဘဲ ချန်းပင်အန်းကို စိုက်ကြည့်နေခဲ့သည်။ ချန်းပင်အန်းက ခြင်းတောင်းကို ကိုင်ထားပြီး သူတို့(၂)ယောက်က ကျောချင်းကပ်၍ ထိုင်လိုက်ပြန်သည်။
နင်ယောင်က မေးလိုက်၏။
“အဲဒီသစ်ပင်က ဘယ်လိုသစ်ပင်မျိုးလဲဆိုတာ နင်သိလား…”
ချန်းပင်အန်းက ခေါင်းခါပြလိုက်သည်။
“ကျွန်တော်မသိဘူး။ ကျွန်တော်က ဒီနေရာမှာပဲ မြင်ဖူးတာ။ တခြားတောင်တန်းတွေ ပေါ်မှာတော့ အဲဒီလိုသစ်ပင်တွေတစ်ပင်မှ မရှိဘူး…”
နင်ယောင်က လေးလေးနက်နက် ပြောလိုက်သည်။
“တကယ်လို့ မိသားစုတစ်ခုက အဲဒီလိုသစ်ပင်တစ်ခုကို မွေးထုတ်နိုင်တယ်ဆိုရင် သူတို့မိသားစုထဲမှာ စာသင်သား သူတော်စင်တစ်ယောက် ပေါ်လာတော့မယ်လို့ လက္ခဏာပြနေတာပဲ။ ပြီးတော့ အဲဒီစာသင်သားက အမှန်တရားကို မြတ်နိုးလိမ့်မယ်။ ဒါကြောင့် သူက ဒီကမ္ဘာကြီးထဲမှာ သေချာပေါက် အခွင့်အရေးပေးခံရလိမ့်မယ်…”
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။
“စာသင်သားသူတော်စင်...အမှတ်အသား၊ အမှန်တရား...”
မြက်ဖိနပ်နှင့်လူငယ်လေးကတော့ ထိုအရာများကို နားမလည်ခဲ့ပေ။
နင်ယောင်က မေးလိုက်သည်။
“နင်က တောင်ပေါ်မှာရှိတဲ့ မိန်းကလေးကို အားမကျဘူးလား။ ဒီသစ်ပင်က နင့်ရဲ့ဘိုးဘေးအုတ်ဂူမှာ ဘာလို့မပေါက်တာလဲဆိုပြီး မတွေးမိဘူးလား…”
ချန်းပင်အန်းက ထိုမေးခွန်းကိုပြန်မဖြေနိုင်ခဲ့ပေ။ သူက ဝမ်းသာစွာပြောလိုက်၏။
“ဒီနှစ်ချင်းမင်ပွဲတော်မှာ ကျွန်တော်က ကျွန်တော့်မိဘတွေရဲ့ အုတ်ဂူဆီကို သွားလည်နိုင်တယ်လေ။ အဲဒါကတင် တော်တော်ကျေနပ်စရာ ကောင်းနေပါပြီ..”
နင်ယောင်က ရုတ်တရက် မတ်တပ်ရပ်လိုက်သည်။ ယခုတစ်ကြိမ်တော့ ခြင်းတောင်းပေါ်တွင် ချန်းပင်အန်း ထိုင်ရမည့်အလှည့်ဖြစ်၏။ သူမက ဗိုက်ကို လက်နှင့်ဖိပြီး ရယ်နေခဲ့သည်။
………….
မြို့ကျောင်းလေးထဲတွင် ကလေး(၅)ယောက်သာ ကျန်နေတော့၏။ သူတို့ကတော့ မတူညီသော နောက်ခံမှ ရောက်လာပြီး အသက်လည်း မတူညီကြပေ။ သူတို့ထဲတွင် အနီရောင် အပေါ်ထပ်အင်္ကျီဝတ်ထားသော ကလေးမလေး တစ်ယောက်ရှိသည်။
သူမက ဖုလုလမ်းကြားထဲမှ ရောက်လာသော်လည်း ကျောင်းတွင် မည်သူ့ကိုမျှ အနိုင်မကျင့်ခဲ့ပေ။သို့သော် သူမက ထိုကလေးများနှင့် ဆော့ကစားခြင်းကိုလည်း သဘောမကျပေ။ သူမက တစ်ယောက်တည်း လှည့်ပတ်သွားလာရခြင်းကိုသာ သဘောကျ၏။
မြို့၏အနောက်ဘက်ဆုံးအပိုင်းတွင် နေထိုင်သော လီအာ့၏သားဖြစ်သူ လီဟွိုင်ကလည်း ဤရွာကျောင်းလေးထဲတွင် စာသင်နေခဲ့သည်။ သူ့မိဘများက သူ့ညီမကိုခေါ်၍ မြို့ထဲမှ ထွက်ခွာသွားပြီး သူတစ်ယောက်တည်းသာ ကျန်ခဲ့တော့သည်။ လီဟွိုင်က ငိုကြွေးနေခဲ့ခြင်း မရှိသလို ပြဿနာလည်း မရှာခဲ့ချေ။ ထိုအစား သူက အလွန်ပျော်ရွှင်နေခဲ့၏။ နောက်ဆုံးတွင်တော့ သူ့ကို တခြားသူများက ထိန်းချုပ်နိုင်ခြင်း မရှိတော့ချေ။
သို့သော် ညအချိန်တွင် သူ့ဦးလေး၏အိမ်၌ အိပ်မက်ဆိုးမက်သည့်အတွက် နိုးလာပြီး အသံကုန် အော်ဟစ်နေခဲ့သည်။ ရလဒ်အနေနှင့် သူ့ဦးလေးနှင့်ဒေါ်လေးက နိုးလာပြီး သူ့ကိုရိုက်ရန် ကြိုးစားလိုက်ကြသည်။ တစ်ယောက်ကတော့ ကြိမ်လုံး ယူလာပြီး တစ်ယောက်ကတော့ တံမျက်စည်းတစ်ချောင်းကို ယူလာခဲ့၏။
တခြား(၃)ယောက်ကတော့ မက်မွန်ပွင့်လမ်းကြား၊ နဂါးစီးလမ်းကြားနှင့် တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှ ဖြစ်ကြသည်။ သူတို့က ကလေးငယ်(၂)ယောက်နှင့် ကလေးမလေး(၁)ယောက် ဖြစ်၏။ အတန်းပြီးသွားသည့်အချိန်တွင် ဆရာချီက သူတို့ကို လက်ရေးပန်းချီတစ်ခုဆီပေးခဲ့သည်။ ထိုအရာများကို သေချာသိမ်းထားရန် မှာခဲ့ပြီး သေချာကူးရေးရန်လည်း မှာကြားခဲ့သည်။ သူက (၃)ရက်နေလျှင် သူတို့၏အိမ်စာကို စစ်ဆေးမည်ဟ ုပြောခဲ့၏။ ထိုအရာကတော့ ချီဟူသောစကားလုံးဖြစ်သည်။
ကလေးငယ်များ ထွက်ခွာသွားပြီးနောက် တံမျက်စည်းလှဲနေသော အဘိုးအိုက အဝတ်အစား ပြောင်းလဲလိုက်သည်။ သူက ဆရာချီ၏စာကြည့်ခန်းသို့ ရောက်လာပြီး ကြမ်းပြင်တွင် ထိုင်ချလိုက်၏။ အဘိုးအိုက နွေဦး၊ ဘုရင်၊ ပထမ လဟူသော မေးခွန်းတစ်ခုကို မေးလိုက်သည်။ ချီကျင့်ချွန်က နွေဦးဟူသည် မည်သည့်အရာဖြစ်ကြောင်း ဘုရင်ဟူသည်မှာ မည်သည့်အရာဖြစ်ကြောင်း မည်သည့်အရာက မှန်ကန်ပြီး မည်သည့်အရာက လဖြစ်ကြောင်း ရှင်းပြလိုက်သည်။
ထိုအရာကတော့ ကွန်ဖြူးရှပ်ကျောင်းတော်များ၏ မေးခွန်းမေးခြင်းဟူသည့် ဓလေ့တစ်ခုဖြစ်သည်။ စာသင်နေချိန် အတောအတွင်း ဆရာက သင်ပြသူကို မေးခွန်းမေးရန် စီစဉ်ထားရသည်။ ဆရာက မေးခွန်းတစ်ခုမှနေ၍ မေးခွန်းပေါင်းများစွာပင် မေးနိုင်သည်။
ဆရာချီနှင့် အဘိုးအိုတို့ ပထမဆုံးတွေ့သည့်အချိန်တွင်လည်း ထိုမေးခွန်းမေးမြန်းခြင်းနှင့် စတင်ခဲ့၏။ ထိုအရာက လွန်ခဲ့သော နှစ်ပေါင်း(၈၀)ခန့်တွင် ဖြစ်သည်။ သို့သော် ထိုအချိန်တွင်တော့ ချီကျင့်ချွန်က မေးရသူဖြစ်ပြီး ပြန်ဖြေသည့်သူက သူတို့(၂)ယောက်၏ ဆရာဖြစ်သည်။
အဘိုးအိုက မေးခွန်းများအားလုံးကို မေးလိုက်ပြီးနောက် ချီကျင့်ချွန်ကိုကြည့်လိုက်၏။
“ငါတို့ချောက်ကမ်းပါးကျောင်းတော်ကို မသွားခင် ဆရာ့ရဲ့အမှာစကားကို မှတ်မိသေးလား..”
ချီကျင့်ချွန်က ပြုံးလိုက်ပြီး စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။ အဘိုးအိုက သူ့မေခွန်းသူ ပြန်ဖြေလိုက်၏။
“သူငါ့ကို ပေးလိုက်တဲ့ စကားလုံးက ‘ကမ္ဘာမြေကြီးက လူကြီးလူကောင်းတစ်ယောက်ကို မွေးထုတ်ပေးနိုင်တယ်’ဆိုတဲ့ စကားလုံးနဲ့ ‘လူကြီးလူကောင်းတစ်ယောက်က ကမ္ဘာမြေကို အုပ်စိုးနိုင်တယ်’ဆိုတဲ့ စကားလုံးပဲ။ သူ မင်းကို ပေးလိုက်တဲ့ စကားလုံးကတော့ ‘မင်းက နောက်ထပ်သင်လို့ မရနိုင်တော့ဘူး။ အစိမ်းရောင်က အပြာရောင်ကနေလာတယ်’ဆိုတဲ့စကားလုံးပဲ…”
အဘိုးအိုက အလွန်စိတ်လှုပ်ရှားလာခဲ့သည်။
“ဆရာက မင်းကို အရမ်းမျှော်လင့်ထားခဲ့တာ။ မင်းက သူ့ထက်ကျော်လွန်နိုင်တယ်လို့ မျှော်လင့်နေခဲ့တာ။ မင်းက ဘာကြောင့် ဒီနေရာမှာပဲ ဆက်နေပြီး နံရံနဲ့ကျော ကပ်နေတဲ့အချိန်ထိ ပြန်မလှည့်ချင်ရသေးတာလဲ။ မင်းက ဒီမြို့ထဲမှာရှိတဲ့ လူ(၅၀၀၀)၊ (၆၀၀၀)လောက်အတွက် မင်းရဲ့နှစ်ပေါင်း(၁၀၀)ကျင့်ကြံမှုနဲ့ နှစ်ပေါင်း(၁၀၀၀) မဟာလမ်းစဉ်ကို ဘာကြောင့်စွန့်လွှတ်ရတာလဲ။ တကယ်လို့ မင်းက သာမန်စာသင်သား တစ်ယောက်ဆိုရင်တော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ မင်းက ချီကျင့်ချွန်လေ။ ငါတို့ဆရာရဲ့ တန်ဖိုးအထားဆုံး၊ ဂုဏ်အယူရဆုံးတပည့်တစ်ယောက်။ မင်းက ဘဝအသစ်စပြီး ဂိုဏ်းအသစ်တစ်ခု တည်ထောင်နိုင်တဲ့ အရည်အချင်းမျိုး ရှိနေတဲ့ စာသင်သားတစ်ယောက်လေ…”
အဘိုးအိုက တုန်ယင်နေသော အမူအယာနှင့်ပြောလိုက်သည်။
“ငါသိတယ်။ ဗုဒ္ဓလမ်းစဉ်က မင်းအပေါ် မှားယွင်းခဲ့တာပဲ။ သက်ရှိတွေအားလုံးက တန်းတူပဲလေ။ ဆရာက အဆင့်နိမ့်နဲ့ အဆင့်မြင့်တွေအကြောင်း ပြောခဲ့တာကို မင်း မေ့သွားပြီလား…”
ချီကျင့်ချွန်က အပြုံးနှင့် ခေါင်းခါပြလိုက်သည်။
“ဆရာက ဆရာပါပဲ။ သူ့ရဲ့အသိပညာ ဗဟုသုတတွေက ကြီးကျယ်ပေမဲ့ သူ့ရဲ့ကျိုးကြောင်းတွေးခေါ်နိုင်စွမ်းက မမှန်သေးဘူးလို့ ထင်တယ်…”
အဘိုးအိုကတော့ အလွန်ထိတ်လန့်သွားခဲ့၏။ သူ၏မျက်နှာပေါ်တွင် အံ့ဩမှုများ ပြည့်နှက်နေပြီး ဒေါသတကြီး အော်ပြောလိုက်သည်။
“လောကကျင့်ဝတ်တွေကို သိတဲ့လူကမှ လူအစစ်ပဲ…”
ချီကျင့်ချွန်က အပြုံးနှင့်ပြန်ဖြေလိုက်၏။
“လူကြီးလူကောင်းတစ်ယောက်က နောက်ဆုတ်တဲ့အချိန်မှာ နောက်ဆုတ်တာပဲလေ။ ရှေ့တိုးမယ်ဆိုရင်လည်း ရှေ့တိုးတာပဲ…”
နောက်ထပ်အကြောင်းပြချက် မရှိတော့သည့်အတွက် သူတို့က မိုင်ထောင်ပေါင်းများစွာ ဝေးကွာသွားသလို ထင်မှတ်ရသည်။ ထိုစကားကိုကြားလိုက်ရပြီးနောက် အဘိုးအို၏ မျက်နှာအမူအယာက သိသိသာသာ ပြောင်းလဲသွားခဲ့ပြီး အံ့ဩမှုများ ပြည့်နှက်လာခဲ့၏။
ချီကျင့်ချွန်က သက်ပြင်းချလိုက်ပြီး သူ့နောက်ကို နှစ်ပေါင်း(၆၀)ခန့် လိုက်လာခဲ့သော ဆရာတူညီလေးကို ကြည့်လိုက်သည်။ သူက လေးလေးနက်နက် ပြောလိုက်၏။
“အခြေအနေတွေက ဒီလောက်ထိဖြစ်လာခဲ့ပြီ။ ကလေးတွေကို ချောက်ကမ်းပါးကျောင်းတော်ဆီပို့ပေးဖို့ မင်းလက်ထဲကိုပဲ အပ်လိုက်တော့မယ်..”
အဘိုးအိုက ခေါင်းညိတ်ပြလိုက်ပြီး အလွန်ရှုပ်ထွေးသော အမူအယာနှင့် ထွက်ခွာသွားခဲ့၏။
ချီကျင့်ချွန်က တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
“ဆရာ …
ဒီကမ္ဘာကြီးထဲမှာ အမှန်တရားဆိုတာ ရှိသေးလို့လား…”
……………..
အရုဏ်မတက်ခင် မြင်းလှည်း(၂)စီးက ဖုလုလမ်းကြားထဲမှ ထွက်လာပြီး မြို့ထဲမှ အစောကြီးထွက်သွားခဲ့သည်။ နေထွက်ချိန်တွင် မြက်ဖိနပ်နှင့် လူငယ်လေးက အဝတ်အိတ်ကြီး(၂)ထုတ်ကို သယ်ဆောင်ထားပြီး မီးဖိုကြီးကြပ်သူ၏ အပြင်ဘက်တွင် လူတစ်ယောက်ကို စောင့်နေခဲ့၏။ အိတ်တစ်အိတ်တွင် ကြေးပြားများပြည့်နေပြီး တခြားတစ်အိတ်တွင်တော့ သူတန်ဖိုးအထားရဆုံး မြွေကျောက်တုံးများပြည့်နေခဲ့သည်။
သို့သော် နေထွက်လာသည့်အချိန်ထိ လူငယ်လေးက ထွက်ခွာသွားသော မြင်းလှည်းများကို မတွေ့ခဲ့ရပေ။ သူက ရုံးတော်အစောင့်ဆီတွင် ချန်းသွမ့်တို့အဖွဲ့အကြောင်း မေးလိုက်သည့်အခါ သူတို့က မကြာသေးခင်ကမှ မြို့ထဲက ထွက်ခွာသွားကြောင်း အစောင့်က အပြုံးနှင့် ပြောလိုက်သည်။
မြက်ဖိနပ်နှင့်လူငယ်လေးက အံ့ဩသွားခဲ့၏။ လျှိုရှန်းယန်က အရုံတက်မှ မြို့ထဲမှ ထွက်သွားရန် သူနှင့် သဘောတူထားသည် မဟုတ်ပေလော။ ထိုအချိန်တွင် လူငယ်လေး၏မြင်ကွင်းများက အနည်းငယ်ဝေဝါးသွားခဲ့သည်။
အစောင့်ကို ကျေးဇူးတင်စကားပြောလိုက်ပြီးနောက် လူငယ်လေးက ပြန်လှည့်ပြီး ပြေးသွားခဲ့သည်။ မြို့ထဲမှ ပြေးထွက်လာပြီးနောက် လူငယ်လေးက မိုင်(၆၀)နီးပါးခန့် ပြေးလွှားနေခဲ့၏။ နောက်ဆုံးတွင်တော့ သူက ဆင်ခြေလျှောတစ်ခုအတိုင်း လိုက်လာခဲ့သည်။
ပင်ပန်းသွားသော လူငယ်လေးက ဆင်ခြေလျှော၏အပေါ်သို့ လျှောက်သွားပြီး မျက်စိတဆုံး မြင်နေရသော လမ်းမကြီးကို ငေးကြည့်နေခဲ့၏။ လူငယ်က တောင်ကုန်း၏ထိပ်တွင် ထိုင်နေပြီး သူ့ဘေးတွင်တော့ သူ မပေးလိုက်ရသော ကြေပြားများနှင့် ကျောက်တုံးများ ရှိနေခဲ့သည်။
ဓားရှည်နှင့် ဓားမောက်ကိုင်ထားသော မိန်းမပျိုက သူ့ဘေးတွင် တိတ်တဆိတ် ထိုင်နေခဲ့၏။ သူမက အသက်ကို မနည်းရှုနေရပြီး ဒေါသတကြီး ပြောလိုက်သည်။
“နင်က ငွေမက်တဲ့လူ မဟုတ်ဘူးလား။ အခု ဘာလို့ ဒီလောက်တောင် ရက်ရောနေရတာလဲ။ နင်က နင့်ရဲ့ပိုင်ဆိုင်မှုတွေအားလုံး ပေးပစ်ချင်နေတာလား။ လျှိုရှန်းယန်က နင့်မိတ်ဆွေဆိုရင်တောင် သူက ဒီလောက်ထိ မထိုက်တန်ပါဘူး…”
လူငယ်လေးကတော့ အဝေးကိုသာ ငေးကြည့်နေမိခဲ့လေသည်။
Translated by Hein Htet