အခန်း (၆၈)
Vol. 5 Ch. 68
အလွန်ကြီးမားသော ချီကျင့်ချွန်၏ ပုံရိပ်ယောင်ခန္ဓာကိုယ်က သန့်စင်သော အဖြူရောင်အလင်းတန်းတစ်ခုကဲ့သို့ ဖြစ်နေသည်။ သူက အရှေ့ပိုင်းကုန်းမြေကြီး၏ မြောက်ဘက်စွန်းတွင် တည်ငြိမ်စွာ ထိုင်နေခဲ့၏။
တိမ်ပင်လယ်ကြီးက လှုပ်ရှားလာပြီး ချီကျင့်ချွန်၏ ခေါင်းပေါ်သို့ ဖြည်းညင်းစွာ ဖိနှိပ်လာခဲ့သည်။ ချီကျင့်ချွန်က အပေါ်ကို မော့ကြည့်ပြီး အသာအယာပြုံးလိုက်မိ၏။ တိမ်ပင်လယ်၏ အပေါ်ဘက်တွင်တော့ အလွန်ကြောက်စရာကောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။
“ချီကျင့်ချွန် …
ကောင်းကင်တာအိုက တကိုယ်ကောင်းဆန်တယ်ဆိုတာ မင်းလည်း သိနေတာပဲ။ ကွန်ဖြူးရှပ်ကျောင်းတော်က တပည့်တစ်ယောက် ဖြစ်နေမှတော့ မင်းက လီကျူးသုခဘုံအပေါ် ခံစားချက်တွေ ရှိတယ်ဆိုတာ နားလည်ပေးလို့ရတယ်။ တကယ်လို့ အခုမင်းရဲ့စိတ်ကို ပြောင်းလဲလိုက်မယ်ဆိုရင် ငါတို့က ဆွေးနွေးလို့ ရနိုင်သေးတယ်…”
ကောင်းကင်ပေါ်တွင် ရှိနေသော အင်မော်တယ်၏ စကားလုံးများနှင့်အတူ တိမ်တိုက်ပင်လယ်ကြီးထဲတွင် မိုးခြိမ်းသံများ ထွက်ပေါ်လာခဲ့သည်။ လျှပ်စီးကြောင်းများ၊ မိုးခြိမ်းသံများကလည်း တိမ်တိုက်ပင်လယ်ကြီး၏ အောက်ခြေမှနေ၍ ဆက်တိုက်ထွက်ပေါ်လာခဲ့၏။ စကားလုံးများက ဥပဒေဖြစ်သည်။
တခြားသော အင်မော်တယ်တစ်ယောက်ကလည်း ခနဲ့သလို ပြောလိုက်၏။
“မင်းက ဒီစာဂျပိုးနဲ့ အပိုစကားတွေ ဘာလို့ပြောနေတာလဲ။ မင်းက ကောင်းကင်ဘုံကို အာခံချင်တဲ့ ကိစ္စတစ်ခုခု လုပ်ချင်နေတယ်ဆိုရင် ငါ့ရဲ့လက်သီးက သဘောတူမလား မတူဘူးလား အရင်ဆုံးမေးသင့်တယ်…”
တချိန်တည်းတွင် အလွန်ကြီးမားသော ရွှေရောင်လက်ဖဝါးကြီးတစ်ခုက တိမ်တိုက်ပင်လယ်ကြီးကို ဖယ်ရှားလိုက်သည်။ အလွန်သိပ်သည်းသော တိမ်တိုက်များကို အဝေးသို့ ဖယ်ရှားလိုက်ပြီးနောက် တွင်းပေါက်ကြီးတစ်ခု ပေါ်လာခဲ့၏။
ထိုအချိန်တွင် ချီကျင့်ချွန်၏ ပုံရိပ်ယောင်ခန္ဓာကိုယ် ရှေ့တွင် အလင်းတိုင်လုံးကြီး ပေါ်လာခဲ့သည်။ အနောက်ဘက်မှနေ၍ ဓမ္မရွတ်ဖတ်သံတစ်ခုလည်း ထွက်ပေါ်လာပြီး ကရုဏာတရားများ ပြည့်နှက်နေသည့် အမူအရာနှင့် ပြောလိုက်သည်။
“ဒကာလေးချီ ….
မင်းရဲ့စိတ်ကို တည်ငြိမ်အောင်ထားပြီး ဗုဒ္ဓသန့်စင်နယ်မြေထဲကို ကူးပြောင်းလိုက်ပါ…”
ချီကျင့်ချွန်က အသံတိုးတိုးနှင့် ပြောလိုက်၏။
“နဂါးသတ်တိုက်ပွဲ ပြီးဆုံးသွားတဲ့အချိန်ကစပြီး မြို့ငယ်လေးက နှစ်ပေါင်း(၃၀၀၀)လောက် ကံကောင်းမှုတွေကို ကြုံတွေ့ခဲ့ရတယ်။ အနာဂတ်မျိုးဆက်တွေကလည်း အရမ်းကို ထူးချွန်လာကြလိမ့်မယ်။ ဒါပေမဲ့ ဒါက သူတော်စင်(၄)ယောက် ချမှတ်ထားတဲ့ စည်းမျဉ်းဆိုမှတော့ လီကျူးသုခဘုံလေးထဲမှာ ပထမဆုံး အခြေချခဲ့ကြတဲ့ ကျင့်ကြံသူတွေက ဆန့်ကျင်ခဲ့တာ မရှိကြဘူး။ ကျုပ် ချီကျင့်ချွန်ကလည်း ဒီကိစ္စကို ဝင်ရောက်နှောင့်ယှက်ပိုင်ခွင့်မရှိဘူး။ အခုကောင်းကင်တာအိုက ဒီကမ္ဘာငယ်လေးကို ဖိနှိပ်ချင်နေတယ်။ လာခဲ့ပါ... ကျုပ် ချီကျင့်ချွန်က မြို့ငယ်လေးထဲမှာရှိတဲ့ လူတွေရဲ့ကိုယ်စား ဒီကပ်ဘေးကို ရင်ဆိုင်မယ်။ ကောင်းကင်တာအိုနဲ့စည်းမျဉ်းတွေက အချည်းနှီးကျမလာစေရဘူး။ ဘာကြောင့် ခင်ဗျားတို့က ကျုပ်ကိုတားနေရတာလဲ…”
တိမ်တိုက်ပင်လယ်ကြီးထဲတွင် ဧရာမတွင်းပေါက်ကြီးတစ်ခု ဖန်တီးထားခဲ့သော အင်မော်တယ်က အားရပါးရလိုက်သည်။
“ဟားဟား...ဟားဟား...ဟားဟား…
ချီကျင့်ချွန် မင်းက အကြောင်းပြချက်ကို မသိတာလား။ ဒါမှမဟုတ် ရူးချင်ယောင်ဆောင်နေတာလား…”
ချီကျင့်ချွန်ကတော့ လက်ကို ဆန့်ထုတ်လိုက်ပြီး လေဟာနယ်ထဲတွင် ရှိနေသော လီကျူးသုခဘုံကို ဆုပ်ကိုင်ထားခဲ့သည်။ သူက လက်ကို လက်သီးအဖြစ် ဆုပ်လိုက်ပြီး လက်ဖဝါးထဲသို့ ထည့်ထားလိုက်၏။ သူ၏လက်ဖဝါးပေါ်တွင် ကမ္ဘာငယ်လေး ရှိနေပြီးအပေါ်ဘက်တွင်တော့ မြို့ငယ်လေး ရှိနေသည်။ အလွန်လျှို့ဝှက်ဆန်းကြယ်သော မြင်ကွင်းများကလည်း ညအချိန်အဖြစ် ရုတ်တရက် ပြောင်းလဲသွားခဲ့၏။
ထိုအချိန်တွင် မြို့ငယ်လေးကို ကာကွယ်ထားသော အဖြူရောင်လက်ဖဝါးကတော့ ပတ်ပတ်လည်မှနေ၍ မမြင်ရသော တိုက်ခိုက်မှုတစ်ခုကို ခံစားလိုက်ရသလို ထင်မှတ်ရသည်။ အဖြူရောင်အလင်းတန်းများက သူ၏လက်ခုံပေါ်မှ ဖြာထွက်လာနေခဲ့၏။
နှင်းပွင့်လေးများကလည်း ငှက်တောင်လေးများကဲ့သို့ ထင်မှတ်ရပြီး သူ၏လက်ခုံပေါ်မှ အညှာအတာကင်းမဲ့စွာ ကျဆင်းလာနေသော တောင်တန်းကြီးတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။ သို့သော် သူတို့က မြေပေါ်ကို မထိခင် လေထဲ၌ ပျောက်ကွယ်သွားခဲ့၏။
တိမ်တိုက်ပင်လယ်ကြီးထဲရှိ အပေါက်နားတွင် ထိုင်နေသော အင်မော်တယ်က ခနဲ့သလို ပြောလိုက်သည်။
“စာသင်သားလေး...
မင်းက မဟာတာအိုကို ဆန့်ကျင်ပြီး ကိုယ့်ကိုယ်ကိုယ် အထင်ကြီးနေတာပဲ။ ဒီတော့လည်း ငါက မင်းနဲ့အရင်ဆုံး ကစားပေးရတာပေါ့…”
အကယ်၍ ကုန်းမြေကြီး၏အဝေးမှ လှမ်းကြည့်နေပြီး အင်မော်တယ်များ ဖန်တီးထားသော ဝင်္ကပါကို ဖောက်မြင်နိုင်မည်ဆိုလျှင် အလွန်ထူးခြားသော မြင်ကွင်းကို ဝိုးတဝါး မြင်ကြရပါလိမ့်မည်။
တိမ်တိုက်ပင်လယ်ကြီးထဲရှိ ဧရာမအပေါက်ကြီးထဲတွင် အနက်ရောင်အစက်လေးတစ်ခု ပေါ်လာခဲ့၏။ ထို့နောက် ဓားထိပ်ဖျားတစ်ခု ပေါ်လာခဲ့ပြီး နောက်ဆုံးတွင်တော့ ပုံရိပ်တစ်ခုလုံး ပေါ်လာခဲ့သည်။ ထိုအရာက အိတ်ကပ်အရွယ်အစားခန့်ရှိသော ဓားပျံတစ်ချောင်းဖြစ်ပြီး ချီကျင့်ချွန် ပုံရိပ်ယောင်ခန္ဓာ၏ လက်ညှိုးတစ်ချောင်း အရွယ်အစားခန့်ရှိသည်။
ပထမဓား ပေါ်လာပြီးနောက် ဒုတိယဓား ပေါ်လာခဲ့သည်။ ထိုဓားက တခြားတစ်နေရာမှ ကျဆင်းလာခဲ့၏။ တတိယဓားနှင့် စတုတ္ထဓားတို့ကလည်း တိမ်တိုက်ပင်လယ်ကြီးထဲမှ တစ်ချောင်းပြီး တစ်ချောင်း ကျဆင်းလာနေခဲ့သည်။ စုစုပေါင်း ဓားပျံ(၁၂)ချောင်းဖြစ်၏။ သူတို့က အစီအစဉ်အတိုင်း လှုပ်ရှားနေပြီး လေထဲတွင် ပျံဝဲနေကြသည်။
ထိုအရာက ဝင်္ကပါတစ်ခု ဖန်တီးထားသော တပ်ဖွဲ့တစ်ခုပမာ ဖြစ်နေပြီး သူတို့၏စက်ဝိုင်းက တင်းတင်းကြပ်ကြပ် လှုပ်ရှားနေကြ၏။ သူတို့က ဝင်္ကပါထဲတွင် ပြောင်းလဲရန် အမိန့်ကို စောင့်နေခဲ့သည်။
တိမ်တိုက်ပင်လယ်ကြီး၏ အပေါ်ဘက်တွင်တော့ ဧရာမရွှေရောင်လူရိပ်ကြီးတစ်ခုက တင်ပျဉ်ခွေထိုင်နေခဲ့၏။ သူက ဧရာမရွှေရောင်မျက်လုံးကြီးများကို ဖွင့်ကြည့်ပြီး လက်သီးနှစ်ဖက်ကို ဒူးနှစ်ဖက်ပေါ်သို့ တင်ထားခဲ့၏။ သူက ညာဘက်လက်သီးနှင့် လက်ညှိုးကို ဖြည်းညင်းစွာ လှုပ်ရှားလိုက်သည်။
ထိုအချိန်တွင် ပထမဆုံးဓားပျံက ချီကျင့်ချွန်၏လက်သီးရှိရာကို ကျရောက်သွားခဲ့သည်။ ဓားပျံ၏အရှိန်ကလည်း လျှပ်စီးကြောင်းပမာ လျင်မြန်လွန်းလှ၏။ လမ်းကြောင်းပေါ်တွင်တော့ သူက အဆုံးမဲ့တိမ်တိုက်တစ်ခုကို ဆွဲခေါ်လိုက်သည်။
ချက်ချင်းဆိုသလိုပင် ဓားပျံက ချီကျင့်ချွန်ပုံရိပ်ယောင်ခန္ဓာ၏ လက်မောင်းကို ထိုးဖောက်သွားခဲ့သည်။ ထိုအရာက မြေပြင်နှင့် ပေအနည်းငယ်ခန့်အကွာကို ရောက်သည့်အချိန်တွင် ချက်ချင်း ရပ်တန့်သွားခဲ့သည်။
တိမ်တိုက်ပင်လယ်ကြီး၏ အပေါ်ဘက်တွင်တော့ ရွှေရောင်လူရိပ်ကြီးက ညာဘက်လက်ညှိုးကို ညင်သာစွာ ဝှေ့ယမ်းလိုက်သည်။ ထိုအချိန်တွင် ဓားပျံက တစ်ပတ်ပြန်လည်လာပြီး ကောင်းကင်ပေါ်သို့ ပြန်ရောက်လာခဲ့၏။ တစ်ချိန်တည်းတွင် သူက ဘယ်ဘက်လက်ချောင်းလေးများကို အနည်းငယ် လှုပ်ရှားလိုက်သည်။
ထိုအခါ မူလတုန်းက လေထဲတွင် လွင့်မျောနေသော ဓားပျံများက ရုတ်တရက် ကျဆင်းလာပြီး ချီကျင့်ချွန်၏ လက်မောင်းကို နောက်တစ်ကြိမ် ထိုးစိုက်လိုက်ပြန်သည်။ လက်နှစ်ချောင်းက မြင့်လိုက်တက်လိုက်နှင့် ဖြစ်နေခဲ့၏။ ဓားပျံ(၁၂)ချောင်းကလည်း အတည့်အတိုင်း အောက်ဘက်ကို ဆင်းသက်သွားလိုက် အပေါ်ကို ပြန်ရောက်သွားလိုက်နှင့် တိုက်ခိုက်နေခဲ့ကြသည်။
ချီကျင့်ချွန် ပုံရိပ်ယောင်ခန္ဓာ၏လက်မောင်းကို ဓားပျံများက ထိုးဖောက်သွားပြီးနောက် ဒဏ်ရာအပေါက်များ ဖြစ်ပေါ်လာပြီး အတွင်းထဲတွင် အနက်ရောင်အပေါက်များစွာ ပေါ်လာခဲ့သည်။ မူလတုန်းက အဖြူရောင်ဖြစ်နေသော ပုံရိပ်ယောင်ခန္ဓာနှင့် ယှဉ်လိုက်မည်ဆိုလျှင် ယခုပုံစံက အတော်လေးကို ထိတ်လန့်စရာကောင်း၏။
ချီကျင့်ချွန်၏အမူအရာကတော့ တည်ငြိမ်နေသည်။ ထိုအချိန်တွင် နောက်ထပ်ဓားပျံများက သူ့ကို ထိုးဖောက်ရန် ရောက်လာပြီး ဆက်လက်တိုက်ခိုက်နေကြောင်း မြင်လိုက်ရ၏။ ထိုအရာက အမှန်တကယ်ကို ရန်လိုနေသော လှုပ်ရှားမှုတစ်ခု ဖြစ်သည်။
ချီကျင့်ချွန်က တိုးတိုးလေးရေရွတ်လိုက်၏။
“ေ….”
ဓားပျံတစ်လက်က ချီကျင့်ချွန် ပုံရိပ်ယောင်ခန္ဓာကိုယ်၏ လက်မောင်းကို ထိုးစိုက်လိုက်ပြန်သည်။ သို့သော် ယခုတကြိမ်တော့ သူ့လက်ကို မထိုးစိုက်နိုင်သေးခင် ထိုအရာက လေလှိုင်းတစ်ခု၏ တိုက်ခတ်ခြင်းကို ခံလိုက်ရသည်။ ထိုဓားပျံသာမက နောက်မှ လိုက်လာသောဓားပျံ (၁၁)ချောင်းကပင် အောင်မြင်မှုမရှိဘဲ လှည့်ပြန်သွားခဲ့ရ၏။
သူတို့က ချီကျင့်ချွန်၏ ပုံရိပ်ယောင်ခန္ဓာကိုယ် ပတ်ပတ်လည်တွင် လှည့်ပတ်နေကြပြီး တိကျသော လမ်းကြောင်းတစ်ခုအတိုင်း ဖြည်းညင်းစွာ ပျံသန်းနေကြသည်။ ဓားများက တိုက်ခိုက်ရန် အခွင့်အရေးကို စောင့်နေခဲ့ကြ၏။ ထိုအရာတွင်သာမက ကမ္ဘာမြေကြီးကြားထဲတွင် နွေဦးလေလှိုင်းများ တိုက်ခတ်လာပြီး ကျဆင်းလာသော တိမ်တိုက်များကို ထိန်းချုပ်ပေးထားသည်။
ရင်ဘတ်ဗလာနှင့် ဧရာမရွှေရောင်လူရိပ်ကြီးက လေထဲတွင် ပျံဝဲနေသော ဓားပျံ(၁၂)လက်ကို ငုံ့ကြည့်လိုက်၏။ သူက ထိုဓားပျံ(၁၂)လက်ထဲတွင် အားနည်းချက် ရှာမတွေ့ကြောင်း မြင်လိုက်ရသည့်အခါ အနည်းငယ် အံ့ဩသွားခဲ့၏။
ချီကျင့်ချွန်ကတော့ လူသားကျင့်ကြံသူများအတွက် အလွန်အစွမ်းထက်လွန်းလှသော ထိုဓားပျံများကို အလေးထားနေခဲ့ခြင်း မရှိချေ။ သူက ဆုပ်ထားသော လက်သီးဆုပ်ကိုသာ စိုက်ကြည့်နေခဲ့၏။ ဤကမ္ဘာကြီးထဲတွင်တော့ အလွန်ရှေးကျသော အဝါရောင်ပုလဲလုံးတစ်လုံး ရှိသည်ဟု ဆိုခဲ့ကြ၏။
ကောင်းကင်ဘုံတွင် ပျံဝဲနေသော ပုလဲဟူသည်မှာ အရှေ့ပိုင်းကုန်းမြေကြီး၏ အပေါ်ဘက်တွင် ရှိနေသော လီကျူးသုခဘုံလေးဖြစ်သည်။ ထိုအရာက နှစ်ပေါင်း(၃၀၀၀)ခန့် ရှိနေခဲ့၏။ ယခုတော့ နောက်ထပ်သူတော်စင် တစ်ယောက် ဖြစ်သော ရွမ်ချုံ၏ လက်ထဲတွင် နှစ်ပေါင်း(၆၀)ဆက်၍ ရှိနေပါလိမ့်မည်။
ထိုသုခဘုံကို ကာကွယ်ထားသော အပြင်ဘက်နံရံကလည်း ပျက်စီးနေပြီဖြစ်၏။ ထိုအရာက ကြွေထည်အပိုင်းအစတစ်ခု၏ အပေါ်ဘက် ကြွေသားမျက်နှာပြင် ကွာကျသွားသလိုမျိုး ဖြစ်သည်။ လက်ရှိအချိန်တွင်တော့ ကောင်းကင်ဘုံ၏ နည်းလမ်းများက ခုခံ၍ မရနိုင်သော နည်းလမ်းများနှင့်အတူ ဖျက်ဆီးနေခဲ့၏။ မည်သူကမျှ နေရာတွင် သေဆုံးသွားခြင်း မရှိသေးသော်လည်း မြို့ထဲတွင် ရှိသော လူတိုင်းက သူတို့၏နောက်ဘဝကို ဆုံးရှုံးသွားကြရပါလိမ့်မည်။
ချီကျင့်ချွန်က ထိုအရာကို ဗုဒ္ဓကျမ်းစာများထဲတွင် ဖတ်ထားခဲ့ရပြီး အလွန်ဆိုးရွားသော အကျိုးဆက်တစ်ခုကိုပင် တွက်ချက်နိုင်ခဲ့သည်။ မြို့ငယ်လေးထဲတွင် ရှိနေသော လူပေါင်း(၆၀၀၀)ခန့်က ကောင်းကင်ဘုံ၏ စွမ်းအားကို ကြံ့ကြံ့ခံနိုင်ရန် ဓားစာခံများ ဖြစ်သွားခဲ့ကြသည်။
သူတို့က အနောက်ပိုင်း ဗုဒ္ဓတိုင်းပြည်၏ ဆာလောင်နေသော တစ္ဆေလမ်းစဉ်ထဲသို့ ထာဝရ ကျရောက်သွားနိုင်ပြီး လုံးဝလွတ်မြောက်နိုင်တော့မည် မဟုတ်ချေ။ လီကျူးသုခဘုံ၏ နောက်ဆုံး သူတော်စင်တစ်ယောက်ဖြစ်သော ရွမ်ချုံက စစ်ကျောင်းကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး ဓားဖန်တီးသူတစ်ယောက်ဖြစ်သည်။ သူကတော့ မြို့ငယ်လေးထဲတွင်ရှိနေသော လူများ၏ဘေးကင်းလုံခြုံမှုကိုတာဝန်ယူရန် မလိုအပ်ပေ။ ထိုအစား သူက ကောင်းကင်ဘုံ၏အပြစ်ပေးမှုမှနေ၍ လူတစ်ယောက်မျှ လွတ်မသွားစေရန်သာ လိုအပ်သည်။
ဧရာမရွှေရောင်လူရိပ်ကြီး၏အသံက ကောင်းကင်ကြီးတစ်ခုလုံးကို ပျံ့နှံ့နေသော ဗုံသံတစ်ခုကဲ့သို့ ထင်ရသည်။ သူက ရယ်ပြီး ပြောလိုက်၏။
“မင်း ချီကျင့်ချွန်က မရိုးရှင်းဘူးလို့ လူတချို့က ပြောကြတယ်။ မင်းမှာ အသက်စကားလုံး(၂)ခုတောင် ရှိတယ်။ နွေဦးလေပြေဆိုတဲ့ စကားလုံးအပြင် မင်းဆီမှာ စည်းမျဉ်းတွေကို ချိုးဖောက်နိုင်တဲ့ တိတ်ဆိတ်မှုဆိုတဲ့ စကားလုံးလည်း ရှိနေသေးတယ်။ လာခဲ့.. လာခဲ့။ ငါက အဲဒါကို ကြည့်ချင်သေးတယ်…”
ဧရာမလူရိပ်ကြီးက စကားတစ်ခွန်း ပြောလိုက်သည့်အချိန်တိုင်း သူ့ဒူးကို လက်သီးနှင့် တစ်ကြိမ်ပုတ်လိုက်သည်။ (၃)ကြိမ် ပုတ်လိုက်ပြီးနောက် တိမ်တိုက်ပင်လယ်ကြီးက အိုးထဲတွင် ဆူပွက်နေသော ရေများကဲ့သို့ ပြင်းပြင်းထန်ထန် လှုပ်ရှားလာခဲ့၏။
တိမ်တိုက်ပင်လယ်ကြီး၏ အောက်ခြေတွင် သာမန်မျက်လုံးနှင့် မမြင်ရသော လေလှိုင်းလေးလည်း လှုပ်ရှားသွားခဲ့သည်။ အလင်းရောင်များကလည်း ဖရိုဖရဲ ဖြစ်လာပြီး အလင်းအမှောင်တလှည့်ဆီ ပြောင်းလဲနေခဲ့၏။
ဧရာမလူသန်ကြီးက ပြောလိုက်သည်။
“မင်းမှာ နွေဦးလေပြေရှိတယ်။ ငါ့မှာလည်း မင်းကို အေးခဲသွားအောင်လုပ်နိုင်တဲ့ မိုးဓားပျံတွေရှိတယ်…”
သူက ထိုစကားကို ပြောလိုက်ပြီးနောက် အလွန်များပြားလှသော ရွှေရောင်ချည်မျှင်လေးများက တိမ်တိုက်ပင်လယ်ကြီးနှင့် လေပြည်လေညင်းများကို ထိုးဖောက်လာခဲ့သည်။ လူသန်ကြီး၏ ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်လိုက်မည်ဆိုလျှင် ထိုရွှေရောင်အလင်းတန်းလေးများက လက်သည်းခွံ အရွယ်အစားခန့်သာရှိသော ပန်းထိုးအပ်ကလေးများကဲ့သို့ဖြစ်နေသည်။ သူတို့က အလွန်သိပ်သည်းလွန်းလှပြီး အနည်းဆုံး (၁၀၀၀၀)ကျော် ရှိနေခဲ့၏။ သူတို့အားလုံး စုစည်းလိုက်သည့်အချိန်တွင် အရှိန်အဝါက အလွန်ကြောက်စရာ ကောင်းလွန်းလှသည်။
ချီကျင့်ချွန်ကတော့ သူ၏လက်သီးကိုသာ စိုက်ကြည့်နေသေး၏။ ထိုစကားကို ကြားလိုက်ရပြီးနောက် သူ၏အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိချေ။ သူက တိုးတိုးလေး ပြောလိုက်၏။
“ကောင်းမွန်တဲ့ မိုးတွေကတော့ ရာသီဥတုကို သိတယ်။ နွေဦးရာသီ ရောက်တဲ့အချိန်မှာ အဲဒီအရာက မလွဲမသွေ ဖြစ်လာရမှာပဲ…”
ပုံရိပ်ယောင်ခန္ဓာ၏ ပတ်ပတ်လည်တွင် ရှိနေသော မြေပြင်ပေါ်တွင် မိုးရေစက်များ ကျဆင်းလာနေခဲ့သည်။ မိုးရေစက်တစ်ခုချင်းဆီက သေးငယ်ပြီး လျစ်လျူရှု၍ ရနိုင်သော်လည်း သူတို့က ရေကန်ကြီးတစ်ခုပမာ ကြီးမားလွန်းလှ၏။ ထို့နောက် ထိုမိုးရေစက်များက သာမန်အမြင်နှင့် ဆန့်ကျင်ပြီး ကောင်းကင်ပေါ်သို့ တက်သွားကြသည်။
မိုးကန့်လန့်ကာကြီးက ပြောင်းပြန် ဖြစ်နေခဲ့၏။ ထိုအရာများ အားလုံးကတော့ စာသင်သား သူတော်စင် ချီကျင့်ချွန် ရေရွတ်လိုက်သော ကဗျာကြောင့်သာ ဖြစ်သည်။ ရွှေရောင်မိုးဓားပျံများက အပေါ်မှ ကျဆင်းလာနေခဲ့၏။ မြေပြင်ပေါ်မှ ထွက်ပေါ်လာသော နွေဦးမိုးရေ ကန့်လန်ကာကတော့ အောက်ခြေမှ အပေါ်ကို တက်သွားခဲ့၏။ သူတို့က အချင်းချင်း ကြောက်စရာကောင်းစွာ တိုက်ခိုက်မိနေခဲ့သည်။
သူ၏ခေါင်းပေါ်တွင်တော့ အလွန်ဆန်းပြားသော ဖြစ်စဉ်တစ်ခု ပေါ်နေခဲ့၏။ သို့သော် ချီကျင့်ချွန်ကတော့ မြင်လည်းမမြင်သလို၊ ကြားလည်းမကြား၊ စကားလည်း မပြောခဲ့ပေ။ ချီကျင့်ချွန်၏ လက်သီးပတ်ပတ်လည်တွင်တော့ လေထဲမှ လျှပ်စီးနဂါးလေးများ ထွက်ပေါ်လာပြီး သူ၏လက်ခုံပေါ်တွင် ပျက်စီးသွားခဲ့သည်။
လျှပ်စီးများက ခရမ်းရောင်၊ အပြာရောင်နှင့် အဖြူရောင်အဖြစ် အရောင်(၃)ရောင် ကွဲပြားသွားသည်။ ထိုအရာများက ရှုပ်ထွေးနေပုံရသော်လည်း ထိုလျှပ်စီးကြောင်း(၃)ခုက အလွန်ရိုးရှင်းပြီး အချင်းချင်း ရောယှက်နေခြင်း မရှိကြပေ။ သူတို့က ပိုက်ကွန်ကြီး(၃)ခုအဖြစ် ပေါင်းစပ်လာကြ၏။ ပုံရိပ်ယောင်ခန္ဓာ၏ လက်သီးက ပျက်စီးသွားခဲ့ပြီး ဓားပျံများ၏အစွမ်းကလည်း တဖြည်းဖြည်း အားနည်းလာခဲ့၏။
ချီကျင့်ချွန်က တိုးတိုးလေး ပြောလိုက်သည်။
“တည်ငြိမ်ရမဲ့ အချိန်ကိုရောက်ပြီ…”
လျှပ်စီးကြောင်း(၃)မျိုးထဲတွင် အဖြူရောင်လျှပ်စီးကြောင်းတစ်ခုတည်းကသာ မတုန်မလှုပ် ရပ်နေခဲ့၏။ သို့သော် တခြားသော လျှပ်စီးကြောင်း(၂)မျိုးကတော့ စည်းမျဉ်းကို လိုက်နာနေသေးသည်။ ထို့ကြောင့် အနီရောင်လျှပ်စီးကြောင်းတစ်ခုက အဖြူရောင်လျှပ်စီးကြောင်းကို ဖျက်ဆီးလိုက်ပြီး အပြာရောင်လျှပ်စီးကြောင်းက အနီရောင်လျှပ်စီးကြောင်းကို ချုပ်နှောင်လိုက်သည်။ ကောင်းကင်ပိုက်ကွန်ကြီးက တဖြည်းဖြည်း ကျဉ်းလာပြီး မည်သည့်အရာမျှ လွတ်မြောက်သွားမည့်ပုံမရှိတော့ချေ။
တိမ်တိုက်ပင်လယ်ကြီး၏ အပေါ်ဘက်တွင်တော့ အိုမင်းရှေးကျသော အသံတစ်ခု ထွက်လာခဲ့၏။
“လှုပ်ရှားမှုတွေ ငြိမ်သက်မှုတွေမှာ စည်းမျဉ်းတစ်ခုရှိတယ်…”
သို့သော် ပြန့်ကျဲနေသော လျှပ်စီးပိုက်ကွန်(၃)ခုက မျက်စိတမှိတ်အတွင်း ကောင်းကင်ဘုံ၏အစွမ်းများကို ပြန်လည်ရရှိလာခဲ့သည်။ တစ်ကြိမ်ပြီးတစ်ကြိမ် သူတို့က ချီကျင့်ချွန် ပုံရိပ်ယောင်ခန္ဓာ၏လက်သီးကို တိုက်ခိုက်နေကြ၏။
ချီကျင့်ချွန်က တိုးတိုးလေး သက်ပြင်းချမိလိုက်သည်။
“တိုက်ပွဲအသေးအမွားတွေ တော်လောက်ပြီ။ ချီကျင့်ချွန် မင်းက ငါ့လက်သီးကို ရင်ဆိုင်ရဲလား…”
တိမ်တိုက်ပင်လယ်ကြီးထဲတွင် ရှိနေသော အပေါက်ထဲမှနေ၍ ရွှေရောင်လက်သီးကြီးတစ်ခု ကျဆင်းလာပြီး ချီကျင့်ချွန်၏ ခေါင်းပေါ်သို့ ရောက်လာခဲ့သည်။ ချီကျင့်ချွန်၏ ညာဘက်လက်က လေထဲသို့ မြှောက်လိုက်ပြီး လက်ဖဝါးနှင့် လက်သီးကို တားဆီးထားလိုက်၏။
ရုတ်တရက်ဆိုသလို ချီကျင့်ချွန်၏ ပုံရိပ်ယောင်ခန္ဓာက ပေ(၁၀၀၀)ခန့် အောက်သို့ နိမ့်ကျသွာခဲ့ပြီး တိမ်တိုက်ပင်လယ်ကြီးကလည်း လေလှိုင်းများကြောင့် ပေ(၁၀၀၀)ခန့် မြင့်တက်သွားခဲ့သည်။ ကောင်းကင်နှင့် မြေကြီးကြားထဲတွင် ပေ(၂၀၀၀)ခန့် အကွာအဝေး ရှိနေသလို ထင်မှတ်ရ၏။
ရွှေရောင်အင်မော်တယ်၏ လက်သီးက တစ်ခုပြီးတစ်ခု ကျဆင်းလာနေပြီး လက်သီးတစ်ခုချင်းဆီတိုင်းတွင် မိုးကြိုးတစ်ခု၏ စွမ်းအားများ ပါဝင်နေခဲ့သည်။ အရှေ့ပိုင်းကုန်းမြေကြီး၏ တောင်(၅)တောင်ကပင် ထိုလက်သီးကို ခံနိုင်ရည်ရှိလိမ့်မည် မဟုတ်ချေ။
ချီကျင့်ချွန်၏ အဖြူရောင် ပုံရိပ်ယောင်ခန္ဓာကတော့ လက်ကို အပေါ်သို့သာ မြှောက်ထားခဲ့သည်။ ပထမဆုံး ပုံရိပ်ယောင်ခန္ဓာ၏ လက်ဖဝါးပေါ်တွင် ဧရာမအပေါက်ကြီးတစ်ခု ပေါ်လာခဲ့၏။ ထို့နောက် လက်ဖဝါးတစ်ခုလုံးက ပေါက်ကွဲပျက်စီးသွားခဲ့သည်။ ထို့နောက် ရွှေရောင်လက်သီးက သူ့လက်မောင်းကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်ခဲ့၏။
ပုံရိပ်ယောင်ခန္ဓာ ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့သော ချီကျင့်ချွန်က ပုံမှန်အတိုင်း ဆက်၍ ရှိနေသေး၏။ သူကတော့ လက်သီးဆုပ်ထားသောသူ၏ ဘယ်လက်ကိုသာ အာရုံစိုက်နေသေးသည်။ လက်သီးမှနေ၍ လက်တစ်ဖက်လုံး ထို့နောက် ပုခုံး၊ အရာအားလုံးတွင် လျှပ်စီးကြောင်းများ ဖုံးလွှမ်းနေသော တာအိုတံဆိပ်များ လွှမ်းခြုံနေခဲ့သည်။ စကားလုံးတစ်ခုချင်းဆီတိုင်းက အိမ်တစ်အိမ်ကဲ့သို့ ကြီးမားလှ၏။
အဘိုးအို၏အသံက ဆက်လက်ထွက်ပေါ်လာခဲ့သည်။
“ခေါင်းမမာနဲ့ ချီကျင့်ချွန်။ မင်းသာ ဆန္ဒရှိတယ်ဆိုရင် ကျင့်ကြံမှုအတွက် ငါ့နောက်ကို လိုက်လို့ရသေးတယ်…”
ချီကျင့်ချွန်က အပေါက်များ ပြည့်နှက်နေသော လက်ကို မော့ကြည့်လိုက်သည်။ သူ့ဆီတွင် တာအိုသခင်ဂိုဏ်းမှ သူတော်စင်၏ အထွဋ်အထိပ်သဘောတရားများ လွှမ်းခြုံထားသလို ထင်မှတ်ရ၏။ သူက ကောင်းကင်ဘုံ၏ ကိုယ်စားတရားမျှတမှုကို ဆောင်ရွက်ပေးခြင်းက ကောင်းမွန်သော နည်းလမ်းတစ်ခု ဖြစ်သည်။
ချီကျင့်ချွန်က တိုးတိုးလေး သက်ပြင်းချလိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။
“တိတ်ဆိတ်သွားလိုက်တော့…”
အဘိုးအိုက အလွန်ဒေါသထွက်သွားခဲ့၏။
“ချီကျင့်ချွန် … အတင့်ရဲလှချည်လား…”
ချီကျင့်ချွန်၏ တိတ်ဆိတ်ခြင်းဟူသော စကားလုံးက စကားလုံး(၂)ခုကို လွှမ်းခြုံသွားခဲ့သည်။ ကောင်းကင်ပေါ်တွင်တော့ လက်ညှိုး(၂)ခုက ဓားတစ်ချောင်းသဖွယ် ဖန်တီးလိုက်ပြီး တိမ်တိုက်ပင်လယ်ကြီးကို အလွယ်တကူ ဖျက်ဆီး၍ ခုတ်ချလိုက်သည်။ ထိုအရာက လက်သီးဆုပ်ထားသော ချီကျင့်ချွန်၏ လက်ကို ပုခုံးမှ တိုက်ရိုက်ဖြတ်ပစ်လိုက်ခြင်းဖြစ်၏။
အဝေးတွင်တော့ နောင်တတရားများ ပြည့်နှက်နေသည့် သက်ပြင်းချသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ စာသင်သား သူတော်စင်က စည်းမျဉ်းများကို ကျော်လွှားနိုင်ခဲ့ခြင်း မရှိချေ။ ချီကျင့်ချွန်က တာအိုသခင်ဂိုဏ်း၏ မိုးကြိုးရေကန်ကို ဖြတ်ကျော်နိုင်ခဲ့ခြင်း မရှိချေ။
ထိုလက်ချောင်းဓားက ချီကျင့်ချွန်၏လက်ကို အောင်အောင်မြင်မြင် ခုတ်ဖြတ်လိုက်ပြီးနောက် သူ့သခင်၏ ဒေါသက ရှိနေသေးပုံရသည်။ လက်နှစ်ချောင်းက တိမ်တိုက်ပင်လယ်ကြီးထဲသို့ လျင်မြန်စွာ နောက်ပြန်ဆုတ်သွားခဲ့ပြီး ထိုနေရာတွင် ရပ်တန့်နေခဲ့ခြင်း မရှိချေ။ ထိုအစား ပို၍လျင်မြန်သောအရှိန်နှင့် ရောက်လာပြီး လေထဲတွင် လွင့်မျောနေသော လက်သီးကို အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်လိုက်ပြန်သည်။
ချီကျင့်ချွန်က ခေါင်းပေါ်တွင် တင်ထားသော ညာဘက်လက်ကို ရုတ်သိမ်းလိုက်ပြီး သူ၏ခေါင်းပေါ်တွင် လျင်မြန်စွာ တားဆီးထားလိုက်သည်။ အင်မော်တယ်၏ လက်နှစ်ချောင်းက ရှေ့ကိုရောက်လာပြီး ချီကျင့်ချွန် ပုံရိပ်ယောင်ခန္ဓာ၏ လက်မောင်းကို ထိုးဖောက်သွားခဲ့သည်။ ရွှေရောင်ဧရာမလူရိပ်ကြီးဆီမှ ထွက်ပေါ်လာသော လက်သီးက ချီကျင့်ချွန် ပုံရိပ်ယောင်ခန္ဓာ၏ ဦးခေါင်းကို တည့်တည့် တိုက်ခိုက်လိုက်မိသည်။
ချီကျင့်ချွန်၏ ပုံရိပ်ယောင်က ပျက်စီးတော့မည့်အချိန်ကို ရောက်နေခဲ့၏။ သူ၏လက်က ပျက်စီးသွားသော်လည်း အင်္ကျီများကတော့ လှုပ်ရှားနေသေးသည်။ ထိုအရာက စာသင်သားတစ်ယောက်၏ အလှတရားလည်း ဖြစ်၏။ သို့သော် ထိုကဲ့သို့ ကြုံရလေလေ အခြေအနေက ပိုဆိုးလာလေလေဖြစ်သည်။
ခေါင်းကို လက်သီးနှင့် နောက်တစ်ကြိမ် အထိုးခံလိုက်ရပြီးနောက် ချီကျင့်ချွန်၏ ပုံရိပ်ယောင်ခန္ဓာက အောက်ကိုဆက်၍ နိမ့်ကျလာခဲ့၏။ လက်သီးချက် တစ်ချက်ပြီး တစ်ချက်ဆိုသလိုပင် ရပ်တန့်နေခဲ့ခြင်း မရှိသည့်အတွက် စာသင်သားက မြေပြင်ပေါ်သို့ အရှိန်နှင့် ကျလာနေခဲ့သည်။
ပျက်စီးသွားသော ပုံရိပ်ယောင်ခန္ဓာက သူ့ရှေ့တွင် ရှိနေသော လက်သီးနှင့် လီကျူးသုခဘုံကို ကာကွယ်ပေးနေခဲ့သည်။ ထို့ကြောင့်လည်း လူတိုင်းက သူ့ကိုတွေ့သည့်အချိန်တွင် ဆရာချီဟု လေးစားနေခဲ့ကြခြင်းဖြစ်၏။
ပုံရိပ်ယောင်ခန္ဓာ၏ နှုတ်ခမ်းများက အနည်းငယ်လှုပ်ရှားနေပြီး တိတ်တဆိတ် ရွတ်ဆိုနေခဲ့သည်။
“ကြယ်တွေက လည်ပတ်နေတဲ့အချိန် နေနဲ့လက တောက်ပတယ်။ ဥတုရာသီ(၄)ပါးက ယင်နဲ့ယန် တိုးပွားမှု၊ လေနဲ့မိုး တိုးပွားမှုနဲ့ အရာအားလုံးကို သဟဇာတဖြစ်အောင် မွေးဖွားလာနိုင်စေတယ်။ အဲဒီအရာတွေအားလုံးက ကိုယ်ပိုင်နည်းလမ်းနဲ့ အားဖြည့်နေကြတာပဲ…”
…………….
ကမ္ဘာငယ်လေးထဲတွင် ….
ရွာကျောင်းလေးထဲ၌ ကလေးငယ်တစ်ယောက်မျှ မရှိတော့ချေ။ အစိမ်းရောင်ဝတ်ထားသော စာသင်သား သူတော်စင် တစ်ယောက်တည်းသာ ထိုင်နေခဲ့၏။ သူ၏ဦးခေါင်းက ဖြူဖွေးနေပြီး ဆံပင်များကလည်း ဆွတ်ဆွတ်ဖြူနေခဲ့သည်။
ထိုစာသင်သား၏ ခန္ဓာကိုယ်မှနေ၍ သွေးများ စီးကျလာနေပြီး သူ၏အသွေးအသားများက ဆိုးဆိုးရွားရွား ပျက်စီးနေခဲ့၏။ သူ၏စိတ်ဝိညာဉ်က မြေပေါ်သို့ အရှိန်နှင့် ပြုတ်ကျသွားသော ကြွေထည်တစ်ခုထက်ပင် အဆပေါင်းများစွာ ပျက်စီးနေခဲ့သည်။
စာသင်သားကတော့ အလွန်ဝမ်းသာနေပုံရ၏။ သူက မျက်လုံးမှိတ်လိုက်ပြီး အပြုံးနှင့် ပျောက်ကွယ်သွားခဲ့သည်။ ဤကမ္ဘာကြီးထဲတွင် ချီကျင့်ချွန် ရှိနေသည်။ ကမ္ဘာကြီး ပျော်ရွှင်နေလျှင် သူလည်း ပျော်ရွှင်ရ၏။
ထိုနှစ် ဤကမ္ဘာကြီးထဲတွင်တော့ နွေဦးက နောက်ကျမှ ထွက်ခွာသွားခဲ့ပြီး နွေရာသီက အလွန်နောက်ကျမှ ရောက်လာခဲ့လေသည်။
Translated by Hein Htet