← Chapters

အခန်း (၆၉)

Vol. 5 Ch. 69

အခန်း (၆၉)

Vol. 5 Ch. 69

မြို့ငယ်လေးက နှစ်ပေါင်း(၁၀၀)တွင် တစ်ကြိမ်ကြုံတွေ့ရန်ပင် ခက်ခဲသော လကြတ်မှုတစ်ခုကို ကြုံတွေ့လိုက်ရသလို ထင်မှတ်ရသည်။ ရုတ်တရက်ဆိုသလို အရာအားလုံး မည်းမှောင်သွားခဲ့ပြီး လူတိုင်းက ကိုယ့်လက် ကိုယ်ပင် ပြန်မမြင်နိုင်ကြတော့ပေ။

ထို့ပြင် မြို့အပြင်ဘက်၌ ရှိနေသော ရုပ်တုများကလည်း မီးရှူးမီးပန်းများကဲ့သို့ ပေါက်ကွဲသွားကြ၏။ အသံများက မကြာမကြာဆိုသလို ထွက်ပေါ်လာနေခြင်း ဖြစ်သည်။ အမှောင်ထုကြီးကြောင့် မြို့ငယ်လေးက တိတ်ဆိတ်သွားသည့်အချိန်တွင် ထိုအသံက ထူးထူးခြားခြားကို ကျယ်လောင်လွန်းလှသည်။

ထိုအရာက မြို့ငယ်လေးထဲတွင် ရှိနေသော သာမန်လူများ၏ ထင်မြင်ချက်များကို ပို၍နက်ရှိုင်းသွားစေခဲ့သည်။ မိသားစုကြီးများမှ ကလေးငယ်များကို သယ်ဆောင်သွားသော မြင်းလှည်းများ၊ နွားလှည်းများ၊ လမ်းကြိုလမ်းကြားထဲတွင် ရှိနေသော လူများအားလုံးကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် သူတို့အားလုံးက မသက်မသာ ခံစားနေကြရ၏။

မိသားစုကြီး(၄)ခုနှင့် ကလန်(၁၀)ခု၏ နံရံမြင့်ကြီးများထဲတွင် အစေခံတစ်ယောက် သို့မဟုတ် အစောင့်တစ်ယောက်က လုပ်ချင်ရာလုပ်ပြီး မီးအိမ်တစ်လုံးကို လေထဲသို့ မြှောက်လိုက်သည့်အချိန်တိုင်း သူတို့က ကျယ်လောင်စွာ အော်ဟစ်ကြိမ်းမောင်းခံရတတ်သည်။ တချို့သဘောထား ဆိုးသွမ်းသော အိမ်တော်ထိန်းများကတော့ ထိုမီးအိမ်များကိုပင် ရိုက်ခွဲပစ်ကြ၏။ သူတို့က အလွန်ကြောက်စရာကောင်းသော အမူအယာနှင့် ရန်သူများကို ကြည့်နေရသည့်အလား ထိုအစေခံများကို စိုက်ကြည့်နေခဲ့သည်။

ပန်းပဲဆိုင်တွင် …

ချန်းပင်အန်းနှင့် နင်ယောင်တို့က နေ့လည်စာစားပြီးနောက် ရေတွင်းအဝတွင် ထိုင်နေကြသည်။ မှောင်လာပြီးနောက် ချန်းပင်အန်းက ထူးဆန်းသည်ဟု ခံစားခဲ့ရသော်လည်း ခေါင်းငုံ့ပြီး အစားမပျက်ခဲ့ပေ။

ပန်းပဲဆိုင်တွင် ကျွေးသော စားစရာများက အလွန်အရသာရှိသည်။ စားစရာတိုင်းက အဆီ ပြည့်ဝပြီး နီရဲနေသော ဝက်သားများဖြစ်နေသည်။ ထို့ပြင် ထမင်းအလုံအလောက် ပေးသော်လည်း အသားကိုတော့ (၁)တုံးသာ စားရ၏။ ချန်းပင်အန်းကတော့ ထမင်း(၂)ပန်းကန်စားမှသာ ဗိုက်ဝသည်။

ထို့ကြောင့် သူက စားဖိုမှူးဆီမှ ဟင်းတစ်တုံး ရသည့်အချိန်တိုင်း ပထမ ထမင်းပန်းကန်ကို အသားမပါဘဲ စားတတ်သည်။ အဆုံးတွင်တော့ သူက ထိုဝက်သားနီချက် အနည်းငယ်ကို နည်းနည်းချင်းစီ ဖဲ့ပြီး စားတတ်၏။ ထို့နောက် သူက ဒုတိယမြောက် ထမင်းပန်းကန် သွားယူပြီးမှ အသားကို အကုန်စားတတ်သည်။

ချန်းပင်အန်းက ထိုသို့စားနေသည်ကို မြင်သည့်အချိန်တိုင်း နင်ယောင်က ရယ်ချင်နေခဲ့၏။ တစ်ဖက်တွင်တော့ ရွမ်ရှို့က နင်ယောင်ကဲ့သို့ မဟုတ်ချေ။ ချန်းပင်အန်းကိုကြည့်ပြီး သူမ၏ မျက်လုံးထဲတွင် သနားကြင်နာမှုများ ပြည့်နှက်နေခဲ့၏။

လက်ရှိအချိန်တွင် ချန်းပင်အန်းက လက်တစ်ဖက်၌ ပန်းကန်လုံးဖြူ အလွတ်တစ်လုံးကို ကိုင်ထားပြီး တခြားလက်တစ်ဖက်တွင် တူတစ်စုံကို ကိုင်ထားသည်။ သူက ပတ်ပတ်လည်ကို လှည့်ကြည့်ရန် ကြိုးစားနေသော်လည်း ပေ(၂၀)၊ (၃၀)အတွင်း ရှိနေသော မြင်ကွင်းများကိုသာ ဝိုးတဝါး မြင်နေရသည်။

ပထမဆုံး (၂)ရက် အတောအတွင်း ဆရာရွမ်၏ ပန်းပဲဆိုင်တွင် နွားတစ်ကောင်ကဲ့သို့ အလုပ်လုပ်ပေးခြင်းအပြင် ချန်းပင်အန်းက သူ၏လမ်းလျှောက်ပုံစံကို လေ့ကျင့်ရန် (၆)နာရီခန့် အချိန်ယူခဲ့ရသည်။

နေ့အချိန် (၁)နာရီ၊ နေ့လည်ပိုင်းမှ ညနေပိုင်းအထိ (၁)နာရီ၊ ညအချိန်တွင် (၂)နာရီနှင့် တခြားအချိန်(၂)နာရီ ဖြစ်သည်။ နောက်ပိုင်းတွင်တော့ ချန်းပင်အန်းက လမ်းလျှောက်သည့်အချိန်တိုင်း သူ၏လက်(၁၀)ချောင်းကို လက်သီးပုံစံအတိုင်း ဖန်တီးရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။

သို့သော် ထိုအရာက သူ၏အသက်ရှုခြင်းကို ခက်ခဲစေကြောင်း တွေ့လိုက်ရပြီး ခြေလှမ်းများကပင် မတည်ငြိမ်နိုင်တော့ပေ။ ထို့ကြောင့် သူက ပြတ်သားစွာ လက်လျှော့လိုက်သည်။ ချန်းပင်အန်းက မည်သူမျှ သတိမထားသည့်အချိန်တိုင်း သူ၏ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သော ပုံစံကိုသာ လေ့ကျင့်ချင်ခဲ့သည်။

အမှန်အတိုင်း ပြောရလျှင် ချန်ပင်အန်း အတွက်တော့ ယောင်ရှန်သိုင်းကျမ်းထဲတွင် ရှိနေသော ပုံစံနေရာတွင် ကြွေထည် ထုလုပ်သည့်ပုံစံကို အစားထိုးထားခြင်း ဖြစ်သည်။

ပထမတွင်တော့ နင်ယောင်က သူ့နောက်မှ ရံဖန်ရံခါ လိုက်လာတတ်သည်။ သူမက သူ့ကို အကြိမ်အနည်းငယ် ထောက်ပြလိုက်ပြီးနောက် သူမက ပေါ်မလာတော့ပေ။ ချန်းပင်အန်းကလည်း မလိုလားအပ်သောအရာများကို မဖြစ်ချင်ခဲ့ပေ။

နေ့ခင်းပိုင်းတွင် သူက စမ်းချောင်းတစ်လျှောက် လက်သီးကျင့်စဉ်ကို လေ့ကျင့်တတ်သည်။ ထို့နောက် သူက ပန်းပဲဖိုမှ (၁)မိုင်ခန့်အကွာသို့ ပြေးသွားပြီးမှ စတင်လေ့ကျင့်တတ်ခြင်းဖြစ်၏။ ထို့နောက် သူက တစ်ပတ်ကြီး ပြန်လာရသည့်အတွက် (၁၀)မိုင်ခန့် လျှောက်ခဲ့ရသည်။ ချန်းပင်အန်းအတွက်တော့ ထိုအရာက ချိုးဖျက်၍ မရနိုင်သော စည်းမျဉ်းအသစ်တစ်ခု ဖြစ်သည်။

ရေတွင်းအဝ၌ ထိုင်နေရင်း နင်ယောင်က အနက်ရောင် ကန့်လန့်ကာကြီး ဖုံးကွယ်ထားသော ကောင်းကင်ကြီးကို မော့ကြည့်နေခဲ့သည်။ သူမက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။

ချန်းပင်အန်းက တီးတိုးပြောလိုက်သည်။

"ဒါက ဆရာချီနဲ့ ပတ်သက်နေတာလား ..."

နင်ယောင်က သူ့ကို အမှန်အတိုင်း ပြောပြရန် စီစဉ်ထားခြင်း မရှိချေ။ သူမက ဝိုးတဝါးသာ ပြန်ဖြေလိုက်၏။

"ဆရာချီက ဒီသုခဘုံရဲ့ ပိုင်ရှင်ဖြစ်နေမှတော့ သူနဲ့ပတ်သက်နေမှာပေါ့…"

ချန်းပင်အန်းက နောက်တစ်ကြိမ် မေးလိုက်သည်။

"စုန့်ကျိရှင်းနဲ့ ကျစ်ကွေးတို့ရဲ့စကားအရ ဆရာချီက ကျိုးယောင်နဲ့အတူ ဒီမြို့ထဲကနေ ထွက်သွားမယ်လို့ စီစဉ်နေတယ်လို့ ကြားတယ်။ အဆုံးမှာ ဘာလို့သူက ထွက်မသွားခဲ့ရတာလဲ…."

နင်ယောင်က ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်သည်။

"သူတော်စင်တစ်ယောက်ရဲ့စိတ်က နဂါးတစ်ကောင်ရဲ့ သွေးကြောလိုပဲ။ အဲဒီအရာက မိုင်ထောင်ပေါင်းများစွာ ဆန့်ထုတ်လို့ရတယ်။ ငါက မခန့်မှန်းနိုင်ဘူးလေ။ ခန့်မှန်းကြည့်ဖို့လည်း အရမ်းပျင်းတယ်…"

ထိုစကားကို ပြောလိုက်ပြီးနောက် သူမက ချန်းပင်အန်း၏ လက်ထဲသို့ ပန်းကန်လုံးနှင့်တူများ ထည့်ပေးလိုက်သည်။ သူမက မတ်တပ်ရပ်လိုက်ပြီး သူမအတွက် ပေးထားသော ရွှံ့အိမ်ငယ်လေးထဲသို့ ဝင်သွားခဲ့၏။ ဆရာရွမ်က ဘာကြောင့်သူမအပေါ် အလွန်ယဉ်ကျေးနေကြောင်း နင်ယောင်က သိချင်နေခဲ့သည်။

ဆရာရွမ်က သူမ၏အဆင့်အတန်းကို သိနေခြင်းများ ဖြစ်နိုင်မည်လော။ ဖြစ်နိုင်ချေကလည်း အလွန်နည်းပါး၏။ မည်သို့ဖြစ်စေကာမူ တောင်ကွား‌တောင်က အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် တည်ရှိခြင်း မဟုတ်ချေ။

ထို့ပြင် တောင်ကွားတောင်က ပြင်ပကမ္ဘာကြီးနှင့် အဆက်အသွယ်လည်း လုံးဝမရှိချေ။ အလွန်နာမည်ကျော်ကြားသော်လည်း ဧည့်သည်အနည်းငယ်သာ ရှိသည်။ ထို့ပြင် တောင်ကွားတောင်၌ နေထိုင်သောသူများကပင် သူမ၏အဆင့်အတန်းကို သေချာမသိကြပေ။

သို့သော် နင်ယောင်က တံတားကို ဖြတ်ကျော်နိုင်သော လူတစ်ယောက်ဖြစ်သည်။ အကယ်၍ တံတားက အတည့်အတိုင်း မဟုတ်လျှင်ပင် သူမကတော့ သူမ၏ ဓားနှင့် လမ်းအတည့် ဖန်တီးနိုင်သေး၏။ အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် နံပါတ်(၁) ဓားဖန်တီးရှင်ဖြစ်သော ဆရာရွမ်က သူမကို အလေးထား၍ ဆက်ဆံနေခဲ့သည်။

ချန်းပင်အန်းက ပန်းကန်လုံးနှင့် တူများကို ယူလိုက်ပြီး မီးဖိုချောင်ထဲသို့ သွားတော့မည့် အချိန်တွင် မလှမ်းမကမ်းမှနေ၍ လူတစ်ယောက် လျှောက်လာကြောင်း မြင်လိုက်ရသည်။ ထိုအရာက အင်္ကျီလက်ကျယ်နှင့် လူငယ်လေး တစ်ယောက်ဖြစ်၏။ သူ့ပုံစံက ချန်းစုန့်ဖုန်းထက် စာသင်သားတစ်ယောက်နှင့် ပို၍တူညီနေသည်။

သူ့ဆီတွင် ပြောပြ၍ မရနိုင်သော ခံစားမှုတစ်ခု ရှိနေ၏။ သူက ထိုလူငယ်လေးကို ကြည့်လိုက်ရာ သူ့ပုံစံက ရွှံ့ပုလင်းလမ်းကြားထဲတွင် သူနှင့် တွေ့ခဲ့သော ကြီးကြပ်သူစုန့်ကဲ့သို့ ဖြစ်သည်။ ထိုလူငယ်က ရေတွင်းအဝတွင် တစ်ယောက်တည်း ထိုင်နေသော မြက်ဖိနပ်နှင့်လူငယ်လေးကို မြင်သည့်အခါ အနည်းငယ် အံ့သြသွားပုံရသည်။ သူက လူငယ်လေး၏အနားသို့ လျှောက်လာပြီး အပြုံးနှင့် ပြောလိုက်၏။

"ငါက ဆရာရွမ်ကို ရှာနေတာ။ သူ ဘယ်မှာလဲ မင်းသိလား…"

ယခုတစ်ကြိမ်တော့ ချန်းပင်အန်းက ရွှံ့ပုလင်းလမ်းကြားထဲတွင် လုပ်ဆောင်ခဲ့သလို ဖုံးကွယ်နေခြင်း မရှိခဲ့ပေ။ သူက ထိုလူကို ညွှန်ပြလိုက်၏။

ပထမဆုံး မိန်းကလေးနင်က ဆရာရွမ်၏ အစွမ်းအကြောင်းကို ပြောပြထားသည်။ ဒုတိယတစ်ချက်ကတော့ သူ့ရှေ့တွင် ရှိနေသူက ဆိုးသွမ်းသော လူတစ်ယောက်ဟူသော ခံစားချက်မျိုး မရခဲ့ပေ။

ချန်းပင်အန်းက ယဉ်ယဉ်ကျေးကျေး မေးလိုက်၏။

"ကျွန်တော် လမ်းပြပေးဖို့ လိုသေးလား…"

လူငယ်က အလျင်လိုနေခြင်း မရှိချေ။ သူက ချန်းပင်အန်းကိုကြည့်ပြီး အပြုံးနှင့် ပြောလိုက်၏။

"မလိုပါဘူး။ နည်းနည်းလောက်ပဲ သွားရမှာပါ။ ပြဿနာမရှိဘူး။ ကျေးဇူးတင်ပါတယ်…"

ချန်းပင်အန်းက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။ သူက မီးဖိုချောင်ဆီသို့ လျှောက်သွားသည့် အချိန်တွင် ထိုလူကတော့ အဝေးတွင် ရှိနေသော ဓားမီးဖိုအခန်းတစ်ခုထဲသို့ လျှောက်သွားခဲ့သည်။

ချန်းပင်အန်းက ပန်းကန်လုံးနှင့်တူများကို ပြန်ထားလိုက်ပြီးနောက် ယာယီတပည့်များအားလုံးက အိမ်ငယ်လေးများထဲတွင် စုစည်းနေကြောင်း တွေ့လိုက်ရသည်။ သူတို့က မီးအိမ်များကိုထွန်းပြီး ဘာကြောင့် နေနှင့်ည ပြောင်းလဲနေကြောင်း ပြောနေကြ၏။

တချို့လူများကတော့ တောင်တန်းနတ်ဘုရားတချို့က နယ်ခြားကို ဖြတ်သန်းသွားပြီး စမ်းချောင်းထဲတွင် ရှိနေသော ရေများကို လျော့ကျအောင် လုပ်နေသည်ဟု အတပ်ပြောနေကြသည်။ ထို့ကြောင့် စမ်းချောင်းကို အုပ်ချုပ်ရသော မြစ်နတ်ဘုရားက ဒေါသထွက်သွားပြီး နတ်ဘုရားများကြားထဲတွင် တိုက်ပွဲတစ်ခု ပေါ်လာခြင်းဟု ပြောနေကြ၏။

ရှေးလူကြီးများ၏ စကားကို ကိုးကားပြီး ငြင်းဆန်နေသူများလည်း ရှိနေသေးသည်။ ဤနေရာကို နန်းတွင်းက တားမြစ်ထားခြင်း ဖြစ်သည့်အတွက် တောင်တန်းနတ်ဘုရားတစ်ပါး မည်သို့ရှိနိုင်မည်နည်း။ ထို့ပြင် ဤကဲ့သို့ စမ်းချောင်းငယ်လေးထဲတွင် မြစ်နတ်ဘုရားတစ်ပါးလည်း ပေါ်လာရန် လုံးဝမဖြစ်နိုင်ပေ။

ချန်းပင်အန်းကတော့ သူတို့၏ အငြင်းအခုံတွင် ပါဝင်ခဲ့ခြင်း မရှိချေ။ သူက လုပ်စရာလည်း မရှိသည့်အတွက် နောက်ဆုံးရေတွင်း၏ အောက်ခြေကို စိုက်ကြည့်နေခဲ့၏။

ထို့နောက် သူက ရေတွင်းထဲမှ သဲများကို ခပ်ထုတ်နေခဲ့သည်။ သစ်သားလှေကားကို သုံးပြီး ရေတွင်းထဲမှ တက်လာပြီးနောက် ပန်းပဲအခန်းထဲမှ ထွက်လာသောလူကို မြင်လိုက်ရ၏။ သူက ထိုလူကို မြင်လိုက်သော်လည်း တားဆီးနေခဲ့ခြင်း မရှိချေ။ သူက ချန်းပင်အန်းကို အဝေးမှ နှုတ်ဆက်သွားခဲ့၏။

ချန်းပင်အန်းဆီတွင် ခံစားချက် အနည်းငယ်ပေါ်လာခဲ့သည်။ ထိုလူက လူကောင်းဖြစ်စေ လူဆိုးဖြစ်စေ အနည်းဆုံးတော့ ကျန့်ယန်တောင်၊ ယွင်ရှားတောင်၊ ချင်းဖုန်းမြို့နှင့် နဂါးအိုမြို့မှ လူများနှင့် ကွဲပြားသည်။

ချန်းပင်အန်က ရေတွင်းထဲမှ မြေကြီးများကို အကြိမ်ကြိမ်ခပ်ထုတ်နေခဲ့သည်။ ရေတွင်းထဲသို့ နောက်ဆုံးတစ်ကြိမ် သွားခဲ့ပြီးနောက် ရွမ်ရှို့က ရေတွင်းအနားတွင် ရပ်နေကြောင်း တွေ့လိုက်ရ၏။ သူမ၏လက်ထဲတွင် လက်ကိုင်ပုဝါတစ်ထည် ရှိနေပြီး စားစရာအနည်းငယ် ရှိနေသည်။

ချန်းပင်အန်း ပေါ်လာသည့်အချိန်တွင် ရွမ်ရှို့က သူ့ကို မုန့်တစ်ခု ပေးလိုက်၏။ တစ်ကိုယ်လုံး ဖုန်များ သဲများပေနေပြီး လက်(၂)ဖက်က ညစ်ပတ်နေသည့်အတွက် ချန်းပင်အန်းက အပြုံးနှင့် ခေါင်းခါပြလိုက်၏။

ထို့နောက် ရွမ်ရှို့က ရေတွင်းပေါ်တွင် ထိုင်နေပြီး နဂါးစီးလမ်းကြားထဲရှိ ဆိုင်တွင် ဖွင့်ထားသော စားစရာများကို စားနေခဲ့သည်။ အပြာဝတ်မိန်းမပျိုက ထိုအရာကို အလွန်ကျေနပ်နေပုံရပြီး သူမ၏စိတ်ဝိညာဉ်တစ်ခုလုံးက ပျော်ရွှင်ဝမ်းမြောက်နေပုံရသည်။

ချန်းပင်အန်းကတော့ တက်လိုက်ဆင်းလိုက်နှင့် မြေကြီးများကို ဆက်တိုက် ခပ်ထုတ်နေခဲ့၏။ (၁၀)ကြိမ်ခန့် လုပ်ဆောင်ပြီးနောက် ရွမ်ရှို့ကို လုံးဝမတွေ့ရတော့ပေ။ သို့သော် ရေတွင်းဘောင်ပေါ်တွင် လက်ကိုင်ပုဝါတစ်ထည်နှင့် မုန့်တစ်ခုကို တွေ့လိုက်ရသည်။ ထိုအရာက ဈေးဆိုင်တွင် အလွန်နာမည်ကြီးသော မက်မွန်ပွင့်သစ်သီးကိတ် ဖြစ်သည်။

ချန်းပင်အန်းက အံ့သြသွားခဲ့၏။ ထို့နောက် သူလည်း နောက်ကျောတွင် သယ်ထားသော ခြင်းတောင်းကို ချလိုက်သည်။ သူက ရေတွင်းဘောင်ပေါ်တွင် ထိုင်ပြီး လက်(၂)ဖက်ကို သူ၏အဝတ်များနှင့် သုတ်လိုက်၏။ ထို့နောက် လက်(၂)ချောင်းနှင့် ကိတ်မုန့်ကို ယူပြီး စားလိုက်သည်။

ချန်းပင်အန်းက ခေါင်းညိတ်လိုက်မိသည်။ ထိုအရာက အမှန်တကယ်လည်း အရသာရှိ၏။ မည်သို့ဖြစ်စေကာမူ သူက ကြေးပြား(၁၀)ပြား စားလိုက်ရခြင်းဖြစ်သည်။ ထိုအရာကို စဉ်းစားလိုက်မိသည့်အခါ ချန်းပင်အန်းကတော့ ပို၍အရသာရှိသည်ဟုပင် ခံစားမိခဲ့၏။

နာရီအနည်းငယ်ကြာသွားသော်လည်း ကောင်းကင်ကြီးက နက်မှောင်နေသေး၏။ မကြာခဏဆိုသလို ‌ဗုံတီးသည့်အသံကဲ့သို့ အသံများ ထွက်ပေါ်လာနေခဲ့သည်။ ထိုအရာကလွဲလျှင် မြို့ငယ်လေးနှင့် ပတ်သက်ပြီး ထူးခြားသည့်အရာများ ဖြစ်မလာခဲ့ပေ။

ဆရာရွမ်ကတော့ ချွင်းချက်ဖြစ်၏။ သူက ပန်းပဲဖိုတွင် ယာယီအလုပ်သမားများကို (၂)ရက် အနားပေးလိုက်သည်။ သူကတော့ သူတို့ကို အိမ်ပြန်ခိုင်းလိုက်ပြီး အလင်းရောင် ပေါ်မလာမချင်း စောင့်ခိုင်းထားလိုက်ခြင်း ဖြစ်သည်။ ချန်းပင်အန်းလည်း သူတို့ထဲတွင် ပါဝင်နေခဲ့၏။

သူက မြို့ထဲသို့ ပြန်ရောက်လာပြီးနောက် လျှိုရှန်းယန်၏ အိမ်သို့သွားခဲ့သည်။ မည်သည့်အရာမျှ ပျောက်ဆုံးနေခြင်း မရှိကြောင်း တွေ့လိုက်ရသည့်အခါ သူလည်း မီးထွန်းလိုက်ပြီး တံခါးကို သော့ခတ်လိုက်သည်။ ထို့နောက် ရွှံ့ပုလင်းလမ်းကြားထဲတွင် ရှိနေသော သူ့အိမ်သို့ ပြန်ပြေးသွားခဲ့၏။

ဘာကြောင့်မှန်းမသိသော်လည်း ယနေ့မြို့ငယ်လေးက အသက်ကင်းမဲ့နေသလို ခံစားနေရ၏။ သူက အမိုးတံတားကို ဖြတ်လာခဲ့သည့် အချိန်တွင်လည်း သေချာမသိခဲ့ပေ။

အမိုးတံတား၏ အောက်ဘက်တွင် ရှိနေသော ရေထဲတွင် အရပ်ရှည်ရှည် မိန်းမပျိုတစ်ယောက် လွင့်မျောနေခဲ့သည်။ သူမ၏အဝတ်အစားများက အဖြူရောင်ဖြစ်ပြီး ဆံပင်များကလည်း အဖြူရောင်ဖြစ်၏။ သူမ၏လက်နှင့် ခြေထောက်များကတော့ ကျောက်စိမ်းများကဲ့သို့ ဖြူဖွေးနေခဲ့သည်။

သူမက စမ်းချောင်းကို မှန်တစ်ချပ်အဖြစ် အသုံးချပြီး ကြည့်နေခဲ့သည်။ ထို့နောက် ဆံပင်ကို လက်တစ်ဖက်နှင့် ကိုင်ထားပြီး ခေါင်းဖြီးနေခဲ့သည်။ မည်သူကမျှသူမ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

Translated by Hein Htet

All Chapters