အခန်း (၇၀)
Vol. 5 Ch. 70
မြို့ငယ်လေး၏ လက်ရှိအခြေအနေက တာ့လီစစ်သူကြီးတစ်ယောက် တည်ဆောက်ရန် အမိန့်ပေးထားသော အခေါင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။ တိုက်ပွဲက အဆုံးသတ်သွားပြီ ဖြစ်သည့်အတွက် သူက ထိုအရာကို စွန့်လွှတ်ပြီး ပိတ်စအနက်ကြီး ဖုံးလိုက်ရန်သာ ဆုံးဖြတ်လိုက်သည်။
ချန်းပင်အန်းက သူ့အိမ်ထဲတွင် မီးအိမ်ငယ်လေးတစ်ခုကို ထွန်းလိုက်ပြီး သူ၏ပိုင်ဆိုင်မှုများကို စတင်ရေတွက်နေခဲ့၏။ သူ့ဆီတွင် ကြေးပြား(၃)အိတ် ရှိနေပြီး တစ်ခုက နွေဦးကြေးပြား၊ တစ်ခုက အောင်နိုင်ခြင်းကြေးပြားနှင့် တစ်ခုက လောင်းကစားငွေကြေး ဖြစ်သည်။ တစ်အိတ်ကိုတော့ တာ့ဆွေအင်ပါယာမှ မင်းသားက ရွှေငါးနှင့် တွေ့ခွင့်ပေးခဲ့သည့်အတွက် ကျေးဇူးတင်သည့်အနေဖြင့် ပေးခဲ့ခြင်း ဖြစ်သည်။ ကုစန့်က တခြားအိတ်(၂)ခုကို ချန်ထားခဲ့၏။ ထိုအရာကတော့ ငါးသလဲထိုးလေးကို ဝယ်သည့် ငွေကြေးလည်း ဖြစ်သည်။
ချန်းသွမ့်က ကျေးဇူးတင်နေသည့်အနေဖြင့် သူ့ကို ပေးလိုသော ငွေ(၂)အိတ်ကိုတော့ တောင်ပေါ်မှ ပြန်ဆင်းလာသည့်လမ်းတွင် လျှိုရှန်းယန်ကို ပေးလိုက်ရန် သူမကို ချန်းပင်အန်းက တောင်းဆိုခဲ့သည်။ ချန်းသွမ့်က ရှုပ်ထွေးနေသော်လည်း သူ၏ တောင်းဆိုမှုကို ငြင်းဆိုနေခဲ့ခြင်း မရှိချေ။ သူမကတော့ ထိုလမ်းကြားလေးထဲမှ လူငယ်လေး၏ ရွေးချယ်မှုကြောင့် အံ့သြနေပုံရသည်။
သူမက ဘိုးဘေးများကို အရိုအသေ ပေးနိုင်ခဲ့သည့်အတွက် ခံစားချက် ကောင်းမွန်နေခြင်းလည်း ဖြစ်နိုင်သည်။ ချန်းသွမ့်က ပထမဆုံးအကြိမ် ပြုံးပြလိုက်ပြီး အသံတိုးတိုးနှင့် ကတိပေးလိုက်၏။ ထို့ကြောင့် ချန်းပင်အန်းက စိတ်အေးသွားခဲ့သည်။
သူမက ယင်းရင် ချန်းမိသားစုတွင် တိုက်ရိုက်မျိုးဆက်တစ်ယောက် ဖြစ်သည့်အတွက် သူမ၏ကတိစကားက ထိုကြေးပြား(၂)အိတ်ထက် သေချာပေါက် ပို၍တန်ဖိုးရှိနိုင်သည်။ ချန်းပင်အန်းကတော့ ထိုအရာကို မသိသလို ယုံကြည်ရဲခြင်းလည်း မရှိချေ။ သို့သော် သူမက ယင်းရင် ချန်းမိသားစုမှ တိုက်ရိုက်မျိုးဆက်တစ်ယောက်ဖြစ်ကြောင်း နင်ယောင် ပြောသည်ကို ကြားသည့်အချိန်မှသာ ချန်းပင်အန်းက စိတ်အေးနိုင်ခဲ့သည်။
ဆရာချီက သူ့ကို တံဆိပ်တုံး (၂)ကြိမ်တိတိ ပေးခဲ့သည်။ ပထမဆုံး တံဆိပ်တုံးကတော့ ကျန်းရှင်း ဖြစ်ပြီး ဒုတိယတစ်ခုကတော့ ချန်း ဖြစ်သည်။ ထိုအရာကတော့ ဆရာချီ သီးသန့်ရှာဖွေထားသော မြွေကျောက်တုံးများ ဖြစ်၏။ နောက်ထပ်တစ်ခုကတော့ ချန်းပင်အန်းပေးသော မြွေကျောက်တုံးများကို ဆရာချီ ထွင်းထုပေးခဲ့သော တံဆိပ်တုံး(၂)ခု ဖြစ်သည်။ တံဆိပ်တုံးတစ်ခုက သေးငယ်သော တံဆိပ်တုံး ဖြစ်ပြီး တခြားတစ်ခုကတော့ နန်းတွင်းတံဆိပ်တုံးတစ်ခု ဖြစ်၏။
တိုက်တိုက်ဆိုင်ဆိုင်ပင် ထိုတံဆိပ်တုံး(၂)ခုက တောင်တန်းများနှင့် ကြည်လင်နေသော ရေများပေါ်တွင် တံဆိပ်နှိပ်၍ ရနိုင်သည်။ တစ်ခုက ထူထဲပြီး တစ်ခုက နူးညံ့ပျော့ပျောင်း၏။ ဆရာချီက တောင်တန်းဟူသော စကားလုံးနှင့် ရေဟူသော စကားလုံးများကို အသီးသီး ထွင်းထုပေးခဲ့သည်။
နင်ယောင်၏ စကားအရ ထိုအရာကို တောင်တန်းရေ အမှတ်အသားစုံတွဲဟု ခေါ်ဆိုနိုင်သည်။ ချန်းပင်အန်းက စားပွဲပေါ်တွင် တာအိုသခင်လု၏ စာရွက်ပိုင်း(၃)ခုနှင့် ဆေးအညွှန်း(၂)ခုကို တင်လိုက်သည်။
တာအိုသခင်လု၏ စကားလုံးများက အဓိပ္ပာယ်မရှိကြောင်း နင်ယောင်က ပြောခဲ့၏။ သူ၏ စကားလုံးများက သီးသန့်တိုင်းပြည်တစ်ခုမှ ရောက်လာသော စာသင်သားများနှင့်တူညီနေပြီး နန်းတွင်းစစ်ဆေးမှုများကဲ့သို့ ဖြစ်နေသည်။ သူက အလွန်သိမ်မွေ့ညင်သာပြီး နှိမ့်ချတတ်၏။
ချန်းပင်အန်းကတော့ ထိုတာအိုသခင် လူငယ်လေး၏ လက်ရေး အတိမ်အနက်ကို ပြောပြနိုင်ခြင်း မရှိချေ။ နင်ယောင်က သဘောမကျသော်လည်း သူက ထိုစာရွက်ပိုင်း(၃)ခုကို အထင်မသေးရဲပေ။ ထို့ပြင် တာအိုသခင်လု ထွက်မသွားခင် သေချာပြောခဲ့၏။
ဤမြို့ငယ်လေးထဲတွင် စာအုပ်များ ဝယ်ယူရန်နှင့် မည်သို့စာဖတ်ရမည်ဖြစ်ကြောင်း သင်ယူရန် မလွယ်ကူကြောင်း ပြောခဲ့သည်။ အကယ်၍ ချန်းပင်အန်းကသာ မည်သို့ စာဖတ်ရမည်ဖြစ်ကြောင်း သင်ကြားချင်သည်ဆိုလျှင် ထိုဆေးအညွှန်းများနှင့် စတင်သင့်၏။
ထိုအချိန်တွင် ချန်းပင်အန်းက နောက်ဆုံးစာရွက်ပိုင်းလေးကို ကောက်ယူလိုက်သည်။ သူက ထိုစာရွက်အပိုင်းလေး၏ အဆုံးသတ်တွင် လုချန်းတံဆိပ်ဟူသော စကားလုံး(၄)ခုကို မြင်ခဲ့ရ၏။ သို့သော် သူကတော့ ထိုအရာကို အများကြီး စဉ်းစားမနေခဲ့ပေ။ ယခု သူ့ဆီတွင် တံဆိပ်တုံး(၄)ခု ရှိနေသည့်အတွက် ထိုစကားလုံးငယ်လေးများက ချစ်စရာကောင်းကြောင်း ခံစားမိခဲ့၏။
သူ့ဆီတွင် ပိုက်ဆံအပို ရှိသည့် အချိန်တိုင်း တစ်နေ့နေ့တွင် မုန့်ဝယ်ပြီး အိမ်တွင် သိမ်းထားမည်ဟု ချန်းပင်အန်းက တွေးမိခဲ့သည်။ ထို့နောက် စာအုပ်၏ပထမဆုံး စာမျက်နှာနှင့် နောက်ဆုံးစာမျက်နှာတွင် ချန်းရှစ်ယီဟူသော စကားလုံးကို ငြင်သာစွာ တံဆိပ်နှိပ်ထား၍ ရသည်။
ချန်းပင်အန်းက ထိုအကြောင်းကို စိတ်ထဲ၌ တွေးလိုက်မိ၏။ သို့သော် ချန်းပင်အန်းက အနည်းငယ် အိုးတိုးအမ်းတမ်း ဖြစ်သွားသလို ခံစားလိုက်ရသည်။ သူ့ဆီတွင်ထိုတံဆိပ်ရှိနေသော်လည်း မှင်ရည်များ လိုအပ်နေသေး၏။
နဂါးးစီးလမ်းကြားထဲတွင် ရှိနေသော မုန့်ဆိုင်၏ အနားတွင်တော့ ပစ္စည်းမျိုးစုံ ရောင်းချသော ဆိုင်တစ်ဆိုင် ရှိသည်။ စုန့်ကျိရှင်းနှင့် ကျစ်ကွေးတို့က ထိုနေရာတွင် ပုံမှန်ဖောက်သည်များ ဖြစ်ကြသည်။ သူ၏ စာရေးကိရိယာပစ္စည်းမျိုးစုံကို ထိုဆိုင်မှဝယ်ထားခဲ့ခြင်း ဖြစ်သည်။ ချန်းပင်အန်းက ခဏကြာတွေဝေနေခဲ့ပြီး စာပေတတ်မြောက်လာသည့်တစ်နေ့ ထိုဆိုင်သို့သွားပြီး မင်ဘူးနှင့် စာအုပ်များသွားဝယ်မည်ဟု ဆုံးဖြတ်လိုက်သည်။
ထိုအရာများအပြင် သေချာရွေးချယ်ထားသော မြွေကျောက်တုံးများ အလုံး (၈၀)ခန့် ရှိပြီး သူတို့က မတူညီသော အရောင်များ ဖြစ်ကြသည်။ သူတို့က ရေထဲမှ ထုတ်ထားသည်မှာ အချိန်ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း အနည်းငယ်လေးပင် အရောင်မှိန်သွားခြင်း မရှိချေ။ ထိုကျောက်တုံးအိတ်ကို ဖွင့်ပြီး စားပွဲပေါ်သို့ တင်လိုက်သည်။ ထိုနေရာတွင် အရွယ်အစားမျိုးစုံ အရောင်မျိုးစုံ ဖြစ်နေသည့်အတွက် ကြည့်ရသည်မှာ လှပေနေသည်။
မူလတုန်းကတော့ ချန်းပင်အန်းက ထိုကျောက်တုံးများကို လျှိုရှန်းယန်ဆီသို့ ပေးလိုက်ရန် မျှော်လင့်ထားခဲ့သည်။ အချိန်အများစုတွင် စုန့်ကျိရှင်းက ရိုင်းစိုင်းပြီး ရန်လိုတတ်သော်လည်း သူပြောသည့်စကားတစ်ခုက အလွန်မှန်ကန်နေသည်။ အထူးသဖြင့် ရွှံ့ပုလင်းလမ်းကြား၏အပြင်ဘက်တွင် ရှိသော ဈေးဆိုင်တွင် ကြေးပြားအနည်းငယ်နှင့် ရောင်းချနိုင်သော အရာများက ထိုဆိုင်တွင် အနည်းဆုံး ငွေစ (၃) စ (၄) စ ခန့် ကုန်ကျနိုင်သည်။
စုန့်ကျိရှင်းက အပေါ်ယံပြောလိုက်ခြင်းဖြစ်သော်လည်း ချန်းပင်အန်းကတော့ ရင်ထဲတွင် မှတ်ထားခဲ့သည်။ အကယ်၍ သူကသာ မြွေကျောက်တုံးများကို မြို့ထဲတွင် ရောင်းချရန် ကြိုးစားလိုက်မည်ဆိုလျှင် ဈေးနှုန်းအမြင့်ဆုံးရရန် အခွင့်အရေးက အလွန်နည်းပါးသည်။ သို့သော် လျှိုရှန်းယန်ကသာ မြို့အပြင်ဘက်သို့ ယူသွားပြီး ယင်းရင် ချန်းမိသားစု ရှိနေသော နေရာ၌ ရောင်းချလျှင်တော့ မတူညီနိုင်တော့ချေ။ တစ်ယောက်ယောက်ကို သူ့ကို ဈေးနှိမ်ပြီး ဝယ်မည်ဆိုလျှင်ပင် ချန်းပင်အန်း ရောင်းသည့်ဈေးထက် အဆပေါင်းများစွာ ပို၍ ရနိုင်သေးသည်။
ထိုအရာကတော့ တန်ဖိုးမရှိသော အရာများကို ထိန်းသိမ်းထားခြင်းနှင့် အပြင်ဘက်သို့ ရောက်သွားသော မိတ်ဆွေကို အကျိုးအမြတ်ရစေလိုသည့် ရွေးချယ်မှုဖြစ်သည်။ ချန်းပင်အန်းအတွက် မည်သည့်အရာက ပို၍ကောင်းမွန်နေကြောင်း ရှင်းလင်းနေသည်။ မဟုတ်လျှင်လည်း ဘာကြောင့် သူက လျှိုရှန်းယန်နှင့် မိတ်ဆွေဖြစ်လာမည်နည်း။
ထို့ကြောင့် လေမိုးကြိုးဥယျာဉ်မှ လျှိုပါ့ချောင်က လူဆိုးတစ်ယောက်ဟု မတွေးမိခဲ့သော်လည်း ချန်းပင်အန်းက သူ့ကို အလေးမထားခဲ့ချေ။ လျှိုပါ့ချောင်က ညီအစ်ကိုပမာ ပြောဆိုနေပြီး နှိမ့်ချပြောဆိုခဲ့သည်ကိုပင် သူကတော့ လက်မခံခဲ့ချေ။
နောက်ဆုံးတွင်တော့ ချန်းပင်အန်းက ဆရာချီ၏ ဆရာပေးခဲ့သည်ဟု ဆိုသော ကျောက်ဆုံးဆံထိုးလေးကို ထုတ်လိုက်သည်။ ထိုအရာက ဘာထူးခြားမှုမှ မရှိသော သာမန်ပစ္စည်းတစ်ခုသာ ဖြစ်၏။ ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့ပြီး နှစ်လိုဖွယ်ကောင်းသော လူကြီးလူကောင်းတစ်ယောက်က ဆံထိုး ထိုးထားတတ်သည်ဟူသော စကားကို နင်ယောင်က ချန်းပင်အန်းကို တစ်ကြိမ်ရှင်းပြခဲ့ဖူးသည်။ ချန်းပင်အန်းက မည်သည့်စာအုပ်ကိုမျှ မဖတ်ဖူးသော်လည်း ထိုစကားလုံး အတိမ်အနက်ကို ခံစားမိနေခဲ့၏။
ရုတ်တရက်ဆိုသလို တံခါးမှနေ၍ နင်ယောင်၏အသံကို ကြားလိုက်ရသည်။
“နင် ဘာလို့ ဆံထိုး မဝတ်ထားရတာလဲ…။ ဆရာချီက နင့်ကို ပေးထားမှတော့ သုံးစေချင်မှာပဲပေါ့…”
ချန်းပင်အန်းက အနည်းငယ်မှင်တက်သွားပြီး အပြုံးနှင့် ပြန်မေးလိုက်သည်။
“မိန်းကလေးနင်က ဒီမှာ ဘာလာလုပ်တာလဲ…”
နင်ယောင်က ချန်းပင်အန်းနှင့် မျက်နှာချင်းဆိုင်စားပွဲတွင် ထိုင်လိုက်ပြီး သူ့လက်ထဲတွင် ကိုင်ထားသော ဆံထိုးလေးကို လှမ်းကြည့်လိုက်သည်။ သူမက ပြောလိုက်၏။
“ငါက ဒီဆံထိုးကိုသေချာစစ်ဆေးပြီးသွားပြီ။ ဘာမှမထူးခြားဘူး။ နဂိုတုန်းကတော့ အဲဒါက ကမ္ဘာငယ်လေးတစ်ခု ဖြစ်မယ်လို့ ငါက တွေးထားခဲ့တာ..”
“အဲဒါက ဘာကြီးလဲ…”
ချန်းပင်အန်းကတော့ သူမပြောသည့်စကားကို နားမလည်ခဲ့ချေ။
နင်ယောင်က စားပွဲပေါ်ရှိ ချန်းပင်အန်း၏ တန်ဖိုးအရှိဆုံး ပစ္စည်းများကို ကြည့်ပြီး ရှင်းပြလိုက်သည်။
“နင်က သီးခြားကမ္ဘာတွေအကြောင်း ကြားခဲ့ဖူးတယ်မဟုတ်လား..။ သာမန်လူတွေကတော့ အဲဒီအကြောင်းကို အလေးအနက်ထားကြမှာ မဟုတ်ဘူး။ အဲဒါက စာသင်သားတွေ သုံးကြတဲ့ စကားလုံးတွေလို့ပဲ သတ်မှတ်လိုက်ကြမှာ။ ဒါပေမဲ့ အမှန်အတိုင်းပြောရရင် အဲဒီအရာက အမှန်တကယ် ရှိတယ်..”
“ကောင်းကင်ဘုံရဲ့အောက်မှာ ကမ္ဘာ (၂)မျိုးရှိတယ်။ တစ်ခုကတော့ ငါတို့အခုရှိနေတဲ့ လီကျူးသုခဘုံလိုပဲ။ အဲဒါက ကမ္ဘာကြီး (၁၀)ခုနဲ့ ကမ္ဘာငယ် (၃၆)ခုထဲမှာ တစ်ခုအပါအဝင်ပဲ။ အဲဒီကမ္ဘာကြီးတွေထဲက တချို့က အရမ်းကို ကျယ်ပြန့်တယ်။ တာအိုဘိုးဘေးတစ်ယောက်ဆီမှာဆိုရင် ကြာပန်းပွင့်ကမ္ဘာကြီးတစ်ခုရှိတယ်လို့ ဒဏ္ဍာရီထဲမှာ ပြောခဲ့ဖူးတယ်။ အဲဒါက ကမ္ဘာငယ် (၃၆)ခုထဲက တစ်ခုပဲ ဆိုပေမဲ့ အဲဒီကမ္ဘာငယ်ထဲမှာရှိတဲ့ ကြာရွက်တစ်ခုကတောင် တာ့လီမြို့တော်ထက် ပိုပြီး ကြီးတယ်…”
ချန်းပင်အန်းက အလွန်ထိတ်လန့်သွားခဲ့သည်။
“အဲဒါက ဖြစ်နိုင်ပါ့မလား…”
နင်ယောင်က အပြုံးနှင့် လက်မထောင်ပြလိုက်၏။ သူမက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“ငါလည်း အဲဒါကို မယုံခဲ့ဘူး။ ဒါကြောင့် တစ်နေ့နေ့ ငါ့ရဲ့ကိုယ်ပိုင်မျက်လုံးနဲ့ မြင်ပြီးသွားရင် မှန်မမှန် ပြန်လာပြောမယ်…”
ချန်းပင်အန်းက တိုးတိုးလေး ပြောလိုက်၏။
“တော်တော်လေးကို ထူးဆန်းတဲ့ နေရာပါလား။ အဲဒီနေရာကို လူတိုင်းဝင်လို့မရဘူး မဟုတ်လား။”
နင်ယောင်က ရယ်ကာမောကာနှင့် ပြန်ဖြေလိုက်၏။
“ငါက ဘာမှမဟုတ်တဲ့ လူတစ်ယောက်လို့ နင်က ထင်နေတာလား…”
ချန်းပင်အန်းက ခေါင်းစဉ်ပြောင်းလိုက်သည်။
“မိန်းကလေးနင်။ သီးခြားကမ္ဘာတွေနဲ့ ပတ်သက်ပြီး ဆက်ပြောပြပေးပါဦး…”
နင်ယောင်က အလွန်သေးငယ်ပြီး ထူးခြားသော မြွေကျောက်တုံးတစ်တုံးကို ကောက်ယူလိုက်သည်။ ထိုအရာက မက်မွန်ပွင့်ကဲ့သို့ အရာတစ်ခု ဖြစ်၏။ သူမက ထိုကျောက်တုံးလေးကို လက်ဖဝါးထဲတွင်ပွတ်ပြီး ပြောလိုက်သည်။
“သီးခြားကမ္ဘာတိုင်းက ကောင်းကင်ဘုံနဲ့ ဆက်သွယ်နိုင်ပြီး သူတို့မှာလည်း စွမ်းအားတွေ ပြည့်ဝနေတယ်။ အဲဒါက အစစ်အမှန် အင်မော်တယ်တစ်ပါးရဲ့ နေအိမ်လိုပဲ။ ကျင့်ကြံသူတွေက အဲဒီကမ္ဘာထဲမှာ လေ့ကျင့်မယ်ဆိုရင် တစ်ဝက်လောက် ကြိုးစားရုံနဲ့ (၂)ဆလောက် ရတာမျိုး ဖြစ်နိုင်တယ်။ အဲဒီကမ္ဘာတွေရဲ့ ပိုင်ရှင်က အရမ်းကို ကံကောင်းကြတဲ့ လူတွေပဲ။ ကမ္ဘာကြီးတွေအားလုံးကို ဂိုဏ်း(၃)ဂိုဏ်းထဲမှာ အစွမ်းထက်ဆုံး ပညာရှင်တွေက ခွဲဝေယူထားကြတယ်။ တခြားဘယ်သူကမှ စိတ်ကူးကြည့်လို့တောင် မရဘူး။ ကမ္ဘာငယ်(၃၆)ခုကတော့ လျို့ဝှက်နယ်မြေတွေလိုပဲ။ သူတို့တွေထဲမှာတော့ နတ်သမီးကမ္ဘာငယ်က အလှဆုံးပဲ။ ပြီးတော့ ဘိုးဘေးလေလှိုင်းနယ်မြေကတော့ အဆန်းကြယ်ဆုံးနဲ့ အန္တရာယ်အများဆုံးပဲ။ လီကျူးသုခဘုံကတော့....”
“လီကျူးသုခဘုံကရော ဘယ်လိုမျိုးလဲ…”
ချန်းပင်အန်းက စိတ်ဝင်တစား မေးလိုက်သည်။
နင်ယောင်က အနည်းငယ် စဉ်းစားသွားခဲ့သည်။ သူမက လက်(၂)ချောင်း ထောင်ပြလိုက်ပြီး ညှင်သာစွာ ပြောပြလိုက်၏။ “ဒါကတော့ အသေးဆုံးပဲ။ ပြီးတော့ ဒီလောက်လေးပဲ ကြီးတယ်။ ဒီနေရာက သေးလွန်းလို့ ပြောပြလို့တောင် မရနိုင်ဘူး။”
ချန်းပင်အန်းက တင်ပျဉ်ခွေ ထိုင်လိုက်သည်။ သူက စားပွဲခုံကို မှီထားခဲ့၏။ ထို့နောက် လက်သီးဆုပ်ပြီး လက်ချောင်းလေးများကို တစ်ချောင်းချင်းဆီ ဖြန့်ထုတ်လိုက်သည်။ သူက အပြုံးနှင့် တိုးတိုးလေး ပြောလိုက်၏။
“ဒါပေမဲ့ ကျွန်တော်က ဒီနေရာမှာ ဆရာချီ၊ အဘိုးယန်၊ လျှိုရှန်းယန်၊ ကုစန့်တို့အပြင် မိန်းကလေးနင်နဲ့ တွေ့ခဲ့ရတယ်…”
နင်ယောင်က အပြုံးနှင့် ပြောလိုက်သည်။
“ဒါပေမဲ့ ငါကတော့ ဒီနေရာမှာ ဆရာချီ၊ အဘိုးကြီးယန်၊ လျှိုရှန်းယန်၊ ကုစန့်နဲ့ နင့်ကို တွေ့ခဲ့ရတယ်လေ။ ပြီးတော့ ပစ္စည်းတွေကိုပဲသိမ်းနိုင်တဲ့ လေဟာနယ် နယ်မြေတစ်ခုလည်း ရှိသေးတယ်။ ဗုဒ္ဓလမ်းစဉ် ပညာရှင်တွေကတော့ အဲဒီအရာတွေကို လေဟာနယ် ပုတီးစေ့လို့ ခေါ်ကြတယ်။ တာအိုသခင်တွေကတော့ လေဟာနယ်လက်အိတ်လို့ ပြောကြတယ်။ တခြားကျန်တဲ့ ကျောင်းတော်တွေမှာလည်း သူတို့ရဲ့ ကိုယ်ပိုင်နာမည်တွေ ရှိကြတယ်။ ဒါပေမဲ့ သူတို့ရဲ့ ပစ္စည်းတွေက ကမ္ဘာငယ်လေးတစ်ခုကို ထိန်းသိမ်းထားနိုင်တဲ့ နယ်မြေလေးတစ်ခုပါပဲ…”
“ပြောရမယ်ဆိုရင် ပစ္စည်းသေးသေးလေးထဲမှာ ပစ္စည်းတွေ အများကြီး သိမ်းထားနိုင်တယ်။ ဒါပေမဲ့ တကယ့် အစစ်အမှန်ကမ္ဘာတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ အဲဒီလိုရတနာမျိုးက သက်ရှိတွေကို ထိန်းသိမ်းထားလို့ မရနိုင်ဘူး…”
“ငါ့အမေ တန်ဖိုးအထားဆုံး ကျောက်စိမ်းလက်ကောက်တစ်ခု ရှိတယ်။ အဲဒီ အတွင်းထဲမှာရှိတဲ့ လေဟာနယ် နယ်မြေရဲ့ အရွယ်အစားက ဒီအိမ်ရဲ့ အရွယ်အစားလောက် ရှိတယ်…”
အပြင်ဘက်ကမ္ဘာကြီး အကြောင်းကို မသိသော မြက်ဖိနပ်နှင့် လူငယ်လေးကတော့ အနည်းငယ် စိတ်ပျက်နေခဲ့သည်။
“အဲဒါက တော်တော်သေးတာပဲ။ တာအိုဘိုးဘေးရဲ့ ကြာပန်းတစ်ရွက်ကတော့ မြို့ကြီးတစ်မြို့လောက်တောင် ကြီးတယ်..”
နင်ယောင်က ဒေါသထွက်သွားခဲ့၏။ သူမက ရှေ့ကိုတိုးလာပြီး ချန်းပင်အန်း၏ခေါင်းကို ရိုက်ရန် ပြင်လိုက်သည်။
ချန်းပင်အန်းက နောက်သို့ လျင်မြန်စွာ ဆုတ်သွားပြီး ဘယ်ဖက်နှင့် ညာဖက်သို့ ရှောင်တိမ်းလိုက်၏။ နင်ယောင်က အကြိမ်ပေါင်းများစွာ တိုက်ခိုက်ခဲ့သော်လည်း မထိခဲ့ပေ။ ထို့ကြောင့် သူမက လက်ထဲတွင် ကိုင်ထားသော မြွေကျောက်တုံးနှင့်ပစ်ရန် ပြင်လိုက်သည်။
ချန်းပင်အန်းက စိုးရိမ်တကြီး ပြောလိုက်သည်။
“မပစ်ပါနဲ့။ မပစ်ပါနဲ့။ တကယ်လို့ ထောင့်တွေ ပျက်စီးသွားမယ်ဆိုရင် ကြေးပြားတွေ အများကြီး ဆုံးရှုံးရလိမ့်မယ်…”
နင်ယောင်က မြွေကျောက်တုံးကို ပြန်ချလိုက်ပြီး နောက်တစ်ကြိမ် လက်မြှောက်လိုက်သည်။ ချန်းပင်အန်းက အလွန်ကြောက်လန့်သွားသည့်အတွက် မျက်လုံးကို လျင်မြန်စွာ မှိတ်လိုက်၏။ သူက ထိုအရာကို ကြည့်မနေနိုင်ပေ။
“ဗုန်း....”
ကျောက်တုံးက စားပွဲပေါ်သို့ အရှိန်ဖြင့် ပြုတ်ကျသွားခဲ့ပြီး နင်ယောင်ကို ဗိုက်ကို လက်နှင့်နှိမ့်၍ အားရပါးရ ရယ်နေခဲ့သည်။
ချန်းပင်အန်းက မျက်လုံးဖွင့်လိုက်ပြီးနောက် မသက်မသာ ပြောလိုက်ရသည်။
“မိန်းကလေးနင်…
ဒီလောက်ထိ ကလေးမဆန်လို့ မရဘူးလား…”
နင်ယောင်က မျက်တောင်ရှည်ကြီးများကို မော့ကြည့်လိုက်သည်။ သူက တံတောင်နှင့် သပ်ချလိုက်သည့်အခါ စားပွဲပေါ်တွင် ရှိနေသော ကျောက်တုံးများက ပျောက်ကွယ်သွားခဲ့၏။
ချန်းပင်အန်းက လက်တစ်ဖက်နှင့် ခေါင်းကုတ်နေမိပြီး သူ၏အမူအရာက အနည်းငယ် ပျက်ယွင်းနေသည်။ သူက မိန်းကလေးနင်နှင့် အကျိုးအကြောင်းပြောရန် မဖြစ်နိုင်ပေ။
နင်ယောင်ကတော့ စားပွဲခုံအောက်တွင် သူမ၏လက်တစ်ဖက်နှင့် ကုတ်နေခဲ့၏။ မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့မည့် ကျောက်တုံးများက သူမ၏ လက်ဖဝါးပေါ်တွင်သာ ပြန်ကျလာခဲ့သည်။ ချန်းပင်အန်းကတော့ ခေါင်းကို လက်(၂)ဖက်နှင့် ကိုင်ထားပြီး သနားစရာပုံစံမျိုး ဖြစ်နေသည်။
နင်ယောင်က ချန်းပင်အန်းကို စနောက်မနေတော့ဘဲ လေးလေးနက်နက် ပြောလိုက်၏။
“နင်က နောက်ပိုင်း ဘာလုပ်မယ်လို့ စဉ်းစားထားလဲ….”
ချန်းပင်အန်းက ခဏကြာစဉ်းစားပြီး ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
“ဆရာရွမ်ကို အကူအညီ ပေးပြီးသွားရင် ကျွန်တော်က တောင်ပေါ်မှာ မီးသွေးဖုတ်မယ်။ ပြီးတော့ ဆေးပင်တွေခူးပြီး ယန်မိသားစု ဆေးဆိုင်မှာ ပြန်ရောင်းမယ်…”
နင်ယောင်က ခဏကြာ စဉ်းစားပြီး ပြန်မေးလိုက်သည်။
“ကျန့်ယန်တောင်က တောင်ရွှေ့လူဝံကြီး အပြင် ချင်းဖုန်းမြို့က ရှုမျိုးနွယ် အမျိုးသမီး လျှိုကျစ်မောက်၊ ဖူနန်းဟွာနဲ့ ချိုက်ကျင်းကျန့်တို့ရဲ့ နောက်မှာရှိတဲ့ နဂါးအိုမြို့နဲ့ ယွင်ရှားတောင်တို့လည်း ရှိနေသေးတယ်။ နင်က ဘာလုပ်မှာလဲ။ တကယ်လို့ သူတို့က နင့်ကို ပြဿနာ ရှာမယ်ဆိုရင် နင်က ဘယ်နေရာကို ပြေးမှာလဲ…”
နင်ယောင်က ချန်းပင်အန်း စကားပြန်ပြောသည့်အချိန်ကို စောင့်မနေဘဲ တိုးတိုးလေး ပြောလိုက်သည်။
“ဒါကြောင့်လည်း နင်က ဘယ်လို ပြဿနာမျိုးပဲရှိရှိ ပန်းပဲဆိုင်မှာ အရှက်မရှိ ဆက်နေဖို့ တာအိုသခင်လုက ပြောခဲ့တာ။ အဲဒါက အမှန်ကန်ဆုံး လမ်းကြောင်းပဲ…”
ချန်းပင်အန်းက အနည်းငယ် စိုးရိမ်စွာ ပြောလိုက်သည်။
“ဆရာရွမ် ပြဿနာတက်ရင် ဘယ်လိုလုပ်မလဲ…”
နင်ယောင်က ခနဲ့သလို ပြောလိုက်၏။
“ဒီလိုနယ်မြေငယ်လေးတစ်ခုကို ထိန်းချုပ်ဖို့ အခွင့်အာဏာရှိတဲ့ သူတော်စင် တစ်ယောက်က အဲဒီလိုပြဿနာမျိုးကို ဘာလို့ ကြောက်နေမှာလဲ…”
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။
“ဒါဆိုရင်တော့ ကျွန်တော်က ဆရာရွမ်ကို အမှန်အတိုင်း ပြောပြလိုက်မယ်။ သူက ကျွန်တော့်ကို တပည့်တစ်ယောက်အဖြစ် လက်ခံချင်လား ဆိုတာကတော့ စောင့်ကြည့်ကြတာပေါ့…”
နင်ယောင်က မေးစေ့ကို လက်တစ်ဖက်နှင့် ထောက်ထားပြီး တခြားတစ်ဖက်နှင့် မြွေကျောက်တုံးလေးကို ကောက်လိုက်သည်။
“ဒီမြို့ငယ်လေးထဲမှာ ကြေးပြားတစ်အိတ်နဲ့ မဖြေရှင်းနိုင်တဲ့အရာ ဘာမှမရှိဘူး။ တကယ်လို့ ရှိခဲ့မယ်ဆိုရင်တောင် ကြေးပြား(၂)အိတ်နဲ့ လုံလောက်တယ်…”
ချန်းပင်အန်းက ဝမ်းနည်းစွာ ပြောလိုက်၏။
“ကျွန်တော့်ရင်ထဲမှာတော့ နာကျင်သွားရတယ်လေ…”
နင်ယောင်က မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“နင်က အဲဒီအရာတွေ အားလုံးကို လျှိုရှန်းယန်ဆီပေးဖို့ စဉ်းစားနေတဲ့ အချိန်တုန်းကကော နာကျင်မသွားရဘူးလား…”
ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်သည်။
“အဲဒီအရာ(၂)ခုက မတူဘူး။ နှိုင်းယှဉ်လို့လည်း မရဘူးလေ…”
နင်ယောင်က မျက်ခုံးပင့်၍ ပြောလိုက်သည်။
“နောက်ပိုင်း မိန်းကလေး တစ်ယောက်ယောက်ကသာ နင့်ရဲ့မိန်းမ ဖြစ်လာမယ်ဆိုရင် သူက နင့်ကို နေ့တိုင်း ရိုက်နေမယ်လို့ ထင်ရတာပဲ…”
ချန်းပင်အန်းက လေးလေးနက်နက် ပြောလိုက်သည်။
“တကယ်လို့ ကျွန်တော့်မှာ မိန်းမတစ်ယောက် ရှိလာရင်တော့ ဒါက နောက်ထပ် ကိစ္စတစ်ခု ဖြစ်သွားပြီ။ ကျွန်တော်က ကျွန်တော်ရဲ့မိန်းမကို အပြစ်ရှိသလို ခံစားရအောင် ရူးမိုက်နေမှာ မဟုတ်ဘူးလေ…”
နင်ယောင်၏မျက်နှာပေါ်တွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့သည်။
လူငယ်လေးက တင်ပျဉ်ခွေ ထိုင်လိုက်၏။ သူ့မျက်နှာပေါ်တွင် ရှားရှားပါးပါး ဂုဏ်ယူဝံ့ကြွားမှုတချို့ ရှိနေခဲ့သည်။
“တကယ်လို့ ကျွန်တော့်မိန်းမက မှားနေတယ်ဆိုရင်တောင် ကျန့်ယန်တောင်က လူဝံကြီး မပြောနဲ့။ မိန်းကလေးနင် ပြောတဲ့ တာအိုဘိုးဘေးဆိုရင်တောင် ကျွန်တော်က သူ့ကို သတ်ပစ်မှာပဲ။ ကျွန်တော် သတ်နိုင်တာ မသတ်နိုင်တာ ဆိုတာကို နောက်ထား။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က သူ့ကို အရင်ဆုံး သတ်ပစ်မှာပဲ…”
နင်ယောင်က အလွန် အံ့သြမှင်တက်သွားခဲ့သည်။ ချန်းပင်အန်းက ခေါင်းမာသော လူတစ်ယောက် မဟုတ်ဟု သူမက အမြဲလိုလို ခံစားမိခဲ့သည်။ ချိုက်ကျင်းကျန့်ကို သတ်ဖြတ်ခြင်းနှင့် ကျန့်ယန်တောင်မှ လူဝံကြီးကို တိုက်ခိုက်ခြင်းကလွဲလျှင် ချန်းပင်အန်းက လုံးဝ ဒေါသမထွက်ခဲ့ပေ။ သူကတော့ အလွန် နူးညံ့သော သဘောထား ရှိခဲ့သည်။ ထိုစကားလုံးများက ဖုနန်းဟွာနှင့် ချိုက်ကျင်းကျန့်တို့လို ပါရမီရှင်များ၏ ပါးစပ်မှ ထွက်လာလျှင်ပင် နင်ယောင်က အံ့သြနေလိမ့်မည် မဟုတ်ပေ။
သို့သော် ချန်းပင်အန်း၏ နှုတ်ဖျားမှ ထွက်လာခဲ့သည့်အချိန်တွင်တော့ နင်ယောင်က မယုံကြည်နိုင်ခဲ့ပေ။ သူမက မနေနိုင်တော့ဘဲ ပြန်မေးလိုက်၏။
“ဘာလို့လဲ…”
ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်သည်။
“ကျွန်တော့်အဖေက သူ့ဘဝမှာ တစ်ကြိမ်ပဲ တိုက်ခိုက်ခဲ့ဖူးတယ်။ အဲဒါကလည်း ကျွန်တော့်အမေအတွက်ပဲ။ လူတစ်ယောက်က နဂါးစီးလမ်းကြားထဲမှာ ကျွန်တော့်ရဲ့အမေကို ကြိမ်းမောင်းနေတဲ့အချိန် ကျွန်တော့်အဖေက ဒေါသထွက်သွားပြီး ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တယ်။ ကျွန်တော် ပြန်လာတဲ့အချိန် ကျွန်တော့်အမေက အချိန်အကြာကြီး ငိုနေခဲ့တယ်။ ဒါကျွေန်တော်က နိုင်တာမနိုင်တာက တစ်ပိုင်း၊ တိုက်တာ မတိုက်တာက တစ်ပိုင်းပဲ။ မိန်းမတစ်ယောက်ကို ကာကွယ်မပေးနိုင်ဘဲ ဘာလို့များ လက်ထပ်မှာလဲ…”
နင်ယောင်က ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
ချန်းပင်အန်းက ခေါင်းငုံ့ပြီး ရှက်ရွံ့စွာ ပြောလိုက်၏။
“ကျွန်တော့်ရဲ့အဖေက ကြွေထည်ဖုတ်တဲ့နေရာမှာ အရမ်းတော်တယ်။ ဒါပေမဲ့ တိုက်ခိုက်တဲ့နေရာမှာ မကျွမ်းကျင်ဘူး။ သူ အိမ်ကို ပြန်ရောက်လာတဲ့အချိန်မှာ သူ့ရဲ့မျက်နှာက ဖူးယောင်ပြီး စုတ်ပြတ်နေတာပဲ။ သူက ဆိုးဆိုးဝါးဝါး အရိုက်ခံခဲ့ရတာ…”
နင်ယောင်က နဖူးကို ကိုင်ထားပြီး စကားမပြောချင်ခဲ့ပေ။ သူမက ခဏကြာ တိတ်ဆိတ်နေပြီး မတ်တပ်ရပ်လိုက်သည်။
“ဆိုင်ကို ပြန်တော့မယ်…”
ချန်းပင်အန်းက မေးလိုက်၏။
“ကျွန်တော်က မိန်းကလေးကို ရွှံ့ပုလင်းလမ်းကြားရဲ့ ဝင်ပေါက်အထိ လိုက်ပို့ပေးရဦးမလား..”
နင်ယောင်က မကြည်မသာ ပြောလိုက်သည်။
“မလိုတော့ဘူး…”
ချန်းပင်အန်းက ခေါင်းမာမနေဘဲ နင်ယောင်ကို တံခါးပေါက်ဆီသို့သာ လိုက်ပို့ခဲ့သည်။
နင်ယောင်က ပြန်လှည့်မကြည့်ခဲ့ပေ။ လူငယ်လေးက တံခါးဝတွင် ရပ်နေမည်ဖြစ်ကြောင်း သူမ သိနေခဲ့၏။ လူကောင်းများ၏ နှလုံးသားက အလွန်နူးညံ့ပျော့ပျောင်းပြီး ပန်းပွင့်လေးများကဲ့သို့ ဖြစ်နေသည်။ ထိုအရာကိုယ်တိုင်ကပင် အလွန်လှပသော အရာတစ်ခု ဖြစ်၏။
ရွှံ့ပုလင်းလမ်းကြားထဲတွင် ရှိနေသော လူငယ်လေးက အားကိုးစရာ မရှိသည့်အတွက် အပြင်လူများက တောသားတစ်ယောက်ဟု ခေါ်နေကြပြီး သူက မြို့ထဲတွင် အညစ်အကြေးများကို တူးနေသော ပုရွက်ဆိတ်တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။ သို့သော် လူငယ်လေးတွင်လည်း ရှင်သန်ရန် ကိုယ်တိုင်ဘဝတစ်ခု ရှိနေသည်။
သူက ကောင်းမွန်သော ဘဝတစ်ခုတွင် နေထိုင်ချင်သော်လည်း ပျော်ရွှင်မှုအတွက် လောဘကြီးနေခြင်း မရှိချေ။ အမှန်အတိုင်း ပြောရလျှင် ထိုလူငယ်လေးက ငယ်စဉ်ကတည်းက အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသော ကလေးတစ်ယောက် ဖြစ်သည်။ အကယ်၍ သူ့မိဘများကသာ သေလွန်ပြီးနောက် သူ့အခြေအနေကို သိသွားကြလျှင် သေချာပေါက် စိတ်သက်သာရာ ရကြပါလိမ့်မည်။
ချန်းမိသားစုတွင် ချန်းပင်အန်းတစ်ယောက်တည်းသာ ကျန်နေခဲ့သော်လည်း သူက တစ်ယောက်တည်းနှင့် ကောင်းမွန်သော ဘဝကို ရှင်သန်နိုင်သေးသည်။ ထို့ကြောင့် သူ့မိဘများ ဆင်းသက်လာသော မိသားစုက မဆိုးကြောင်း ပြောပြနေသည်။ မိသားစုထဲ၌ လူတစ်ယောက်တည်း ကျန်နေလျှင်ပင် ဆက်လက်ရှင်သန်နိုင်သေးသည်။
အကယ်၍ သူကသာ နှစ်သစ်ကူး စာသားများ ဝယ်ယူရန် ငွေကြေးရှိနေလျှင်ပင် လူငယ်လေးက သူကိုယ်တိုင် ကြိုးစားမည်သာ ဖြစ်သည်။ ထိုလက်ရေး လှမလှကို မည်သူကမျှ ပြောလိမ့်မည် မဟုတ်ချေ။ တံခါးတွင် သူကိုယ်တိုင် ရေးသားထားသော “ဖူ” ဟူသည့်စကားလုံးကျု မည်သူကမှ ကူညီပေးထားခြင်း မဟုတ်ချေ။
လူတိုင်းက သူတို့၏ သေခြင်းရှင်ခြင်းကို ကိုယ်တိုင်သာ တာဝန်ယူရမည်ဖြစ်သည်။ သူတို့က ကောင်းကင်ဘုံမှ အရာအားလုံးကို တောင်းဆိုနေ၍ မရပေ။ ထို့ပြင် ထိုကဲ့သို့ လူမျိုးက သဘောထားကောင်းမွန်သော်လည်း ခေါင်းမာကြ၏။ သူ့ဘဝကလည်း အလွန်မာကျောလှသည်။
ရွှံ့ပုလင်းလမ်းကြားထဲမှ ထွက်လာသော မိန်းမပျိုက တစ်စုံတစ်ခုကို ဆုံးရှုံးသွားရပြီး အပြစ်ရှိသလို ခံစားလိုက်ရ၏။ သူမက နှုတ်မဆက်ဘဲ ထွက်သွားခဲ့သည်။
ချန်းပင်အန်း အိမ်ထဲသို့ ပြန်ရောက်လာပြီးနောက် ဆီမီးခွက်ကို တိတ်တဆိတ် ငေးကြည့်နေမိခဲ့သည်။ ထိုအချိန်တွင် ချန်းပင်အန်းက အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေနှင့် အိပ်မက်တစ်ခုထဲကို ရောက်သွားခဲ့၏။
သူက အမိုးတံတား၏ တောင်ဘက်အစွန်သို့ လမ်းလျှောက်သွားနေပုံရသည်။ လမ်းတလျှောက်တွင် အရာအားလုံး မှောင်မည်းနေသည်ကိုသာ ဝိုးတဝါး မှတ်မိခဲ့သည်။ သူက ရှေ့ဘက် ပေအနည်းငယ်ကိုပင် မမြင်နိုင်ပေ။ သို့သော် သူက လှေကားပေါ်သို့ တက်လိုက်သည်နှင့် တပြိုင်နက် ကမ္ဘာမြေကြီး၏ကြားထဲတွင် အလွန်တောက်ပသော အလင်းတန်းကြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။
ချန်းပင်အန်းက မှင်တက်နေသော အမူအရာနှင့် အမိုးတံတားပေါ်တွင် လျှောက်နေခဲ့၏။ ရုတ်တရက်ဆိုသလို တံတား၏ အလယ်ခေါင်တွင် အဖြူရောင် အလင်းတန်းတစ်ခု ပေါ်လာခဲ့သည်။ ထိုအရာက ကောင်းကင်ဘုံ၏ အလင်းတန်းထက်ပင် ပို၍ တောက်ပနေသလို ထင်မှတ်ရသည်။ အတွင်းထဲရှိ တာအိုအနှစ်သာရများကလည်း ပို၍လေးနက်နေသည်။
ချန်းပင်အန်းက နာကျင်မှုကို ခံစားနေရပြီး မျက်လုံးများက ပျက်စီးသွားတော့မလို ခံစားနေရသည်။ သို့သော် ဘာကြောင့်မှန်းမသိသော်လည်း သူက ထူးဆန်းသော မြင်ကွင်းများကို ပို၍ ရှင်ရှင်းလင်းလင်း မြင်လာရ၏။ အမိုးတံတား၏ အလယ်ခေါင်တွင် ဝေဝေဝါးဝါးနှင့် ရပ်နေသော အရပ်ရှည်ရှည် လူရိပ်တစ်ခု ရှိနေသည်။
သူ့ပုံစံက လမ်းကြားလေးထဲတွင် ချန်းပင်အန်း ပထမဆုံး တွေ့ခဲ့ဖူးသည့် ဆရာချီနှင့် အနည်းငယ် တူညီနေခဲ့၏။ သူ၏ အင်္ကျီလက်က လှုပ်ရှားနေပြီး အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူ့ပုံစံက နတ်ဘုရားတစ်ပါး သို့မဟုတ် အင်မော်တယ်တစ်ပါးနှင့် တူညီနေခဲ့၏။ သို့သော် ရှုပ်ထွေးနေသော သူ့စိတ်ထဲတွင်တော့ သူ့ရှေ့တွင် ရှိနေသောလူရိပ်က ဆရာချီထက် ပို၍ဝေဝါးကြောင်း သေချာနေသည်။
သူ သို့မဟုတ် သူမက လူသားကမ္ဘာကြီးနှင့် အဝေးတွင် ရှိနေပုံရသည်။ ချန်းပင်အန်းက ရှေ့ကို ဖြည်းညင်းစွာ လျှောက်သွားခဲ့၏။
ထိုအချိန်တွင် သူက အလွန်ဆွဲဆောင်မှုရှိသော မိန်းမပျိုတစ်ယောက်၏ တီးတိုးစကားသံများကို ကြားလိုက်ရသည်။
"ဒူးထောက်လိုက်စမ်း။ ဒူးထောက်လိုက်မယ်ဆိုရင် မင်းက ကံကောင်းမှုတွေ ရလိမ့်မယ်…"
ထို့နောက် တခြားတစ်ယောက်က အလွန်ကြီးကျယ်ခမ်းနားသောအမူအရာနှင့် အော်ပြောလိုက်သည်။
"သာမန်လူသားလေး…
ဘာလို့ အခုအချိန်ထိ ဒူးမထောက်ရသေးတာလဲ…"
ထို့နောက် အလွန်တည်ငြိမ်သောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"သာမန်လူသားတွေက ကမ္ဘာမြေကြီးကို ဒူးထောက်ဖို့ လိုအပ်တယ်။ ဒူးထောက်လိုက်မယ်ဆိုရင် မင်းက မဟာလမ်းစဉ်ရဲ့ အထွဋ်အထိပ်ကို တက်လှမ်းနိုင်လိမ့်မယ်…"
ထို့နောက် အက်ရှရှ လေသံတစ်ခု ပေါ်လာခဲ့၏။
"ဒူးထောက်လိုက်တာက သက်ရှည်တံတားကို ဖြတ်ကူးတာနဲ့ အတူတူပဲ။ အဲဒါက စိမ်းပြာရောင် တောင်တန်းလှေကားကို ဖြတ်ကျော်သွားပြီး ကမ္ဘာမြေကြီးရဲ့ အတားအဆီးကို ဖြတ်ကျော်လိုက်တာပဲ။ စဉ်းစားမနေနဲ့ ဒူးထောက်လိုက်။ မင်းက လက်ဆောင်ကို လက်မခံဘူးဆိုရင် အပြစ်ပေးခံရလိမ့်မယ်…"
ထိုအချိန်တွင် အလွန်ရင်းနှီးသော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
"ချန်းပင်အန်း…
အဲဒီနေရာမှာ ရပ်လိုက်။ ရှေ့ကို ဆက်မသွားတော့။ ပြန်လည်း လှည့်မလာနဲ့။ ဒူးလည်း မထောက်နဲ့။ မင်းရပ်နေတဲ့ နေရာမှာ အမွှေးတိုင်တစ်တိုင်စာလောက် ဆက်ပြီးတော့ ရပ်နေလိုက်။ မင်းရဲ့ လူသားခန္ဓာကိုယ်က နတ်ဘုရား ချီစွမ်းအင်တွေကို ဘယ်လောက်များမျာ ခံနိုင်ရည်ရှိမလဲ ကြည့်ကြသေးတာပေါ့။ ကောင်းကင်ဘုံရဲ့ ဆန္ဒကို မဆန့်ကျင်နဲ့…"
ထိုအရာကတော့ အဘိုးကြီးယန်၏ သတိပေးချက် ဖြစ်သည်။သို့သော် ပြောနေရင်း အဘိုးကြီးယန်၏ စကားသံက တဖြည်းဖြည်း တိုးသွားခဲ့၏။
တချိန်တည်းတွင် လူတစ်ယောက်က နွေးထွေးစွာ ပြုံးပြလိုက်သည်။
“ချန်းပင်အန်း။ မင်းက ဘာလို့ ရပ်နေရတာလဲ။ ရှေ့ကို နည်းနည်းလောက် လမ်းလျှောက်ကြည့်ဖို့ ကြိုးစားပါလား…”
ထိုအသံကတော့ ဆရာချီနှင့်တူသည်။
ချန်းပင်အန်းက ခါးကို မတ်မတ်ထားလိုက်ပြီး ပတ်ပတ်လည်ကို မှင်တက်စွာ ကြည့်နေမိခဲ့သည်။ သူက ဆရာချီကို မေးမြန်းရန် မေးခွန်းအများအပြား ရှိနေခဲ့သည်။
ဆူညံသံများကတော့ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာခဲ့၏။
“ဒါက မာခူရွှမ်ရဲ့ အခွင့်အရေးပဲ။ ဒီကနေ ထွက်သွားစမ်း…”
“ကောင်စုတ်လေး…
တကယ်လို့ မာခူရွှမ်တောင် မရနိုင်ဘူးဆိုရင် အင်မော်တယ် နင်ယောင်ရဲ့ လက်ထဲကိုပဲ ရောက်သင့်တယ်။ မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ။ မင်းတို့ချန်းမိသားစုက တိုးတက်မလာနိုင်တော့တဲ့ ရွှံ့တုံးတစ်ခုပဲ။ မင်းက ဟိုးအရင်ကတည်းက သေသွားသင့်တာ။ မင်းက ဒီလိုနတ်ဘုရားပစ္စည်းမျိုးကို လိုချင်တပ်မက်ရဲသေးတာလား။ အရှက်မရှိတဲ့ ခွေးကောင်လေး…”
“ချန်းပင်အန်း…
မင်းက နင်ယောင်နဲ့ လျှိုရှန်းယန်တို့ကို ဂရုစိုက်တယ် မဟုတ်လား။ ပြန်လှည့်ပြီး မြို့ထဲကို သွားတော့။ ဒီအခွင့်အရေးကို မင်းရဲ့မိတ်ဆွေတွေအတွက် ထားလိုက်တာ ပိုပြီးတော့ မကောင်းဘူးလား။ ချီကျင့်ချွန်က မင်းတို့သာမန်လူတွေရဲ့ လုံခြုံမှုအတွက် သူ့ရဲ့ သေခြင်းတရားနဲ့ လဲလှယ်သွားပြီ။ နောက်ပိုင်းမှာ မင်းက သူဌေးတစ်ယောက် ဖြစ်နိုင်တယ်။ လက်ထပ်ပြီး ကလေးတွေလည်း ရလာနိုင်တယ်။နောက်ဘဝတစ်ခုလည်း ရှိနိုင်တယ်လေ။ ဒါက မကောင်းဘူးလား။ တကယ်လို့ မင်းသာ ရှေ့ကို နောက်တစ်လှမ်း လှမ်းရဲမယ်ဆိုရင် ငါက မင်းကို ပြာချပစ်မယ်…”
ချန်းပင်အန်းက ရှေ့ကို တစ်လှမ်း လှမ်းလိုက်သည်။ အမိုးတံတားက ကျယ်လောင်သော အသံနှင့်အတူ လှုပ်ရှားသွားခဲ့သည်။ ကမ္ဘာကြီးက တိတ်ဆိတ်သွားပြီး ဆူညံသံများက ပျောက်ကွယ်သွား၏။ ထိုအချိန်တွင် အကြောက်တရား၊ စိုးရိမ်ထိတ်လန့်မှုနှင့် အံ့သြနေသော သက်ပြင်းချသံများစွာ ထွက်ပေါ်လာခဲ့သည်။ အရာအားလုံးက ရှုပ်ထွေးနေခဲ့၏။
ချန်းပင်အန်းက ရှေ့ကို တစ်လှမ်း လှမ်းလိုက်ပြီးနောက် ဒုတိယတစ်လှမ်း လှမ်းလိုက်သည်။ ထိုအချိန်တွင် ဆရာချီက သူနှင့်အတူ လမ်းလျှောက်နေကြောင်း နားလည်သွားခဲ့၏။ အမိုးတံတားတစ်ခုလုံးနှင့် အပြင်ဘက်နယ်မြေကြီး တစ်ခုလုံးက ရုတ်တရက် မည်းမှောင်လာသည်။
လူငယ်လေးက ရပ်လိုက်သည့်အချိန်တွင် အလင်းရောင်ကြောင့် အစိတ်စိတ် အမွှာမွှာ ဖြစ်မသွားတော့ပေ။ ယခုတော့ သူက အကြောင်းပြချက်မရှိ ငိုနေမိ၏။ သူက မေးလိုက်သည်။
“ဆရာချီ … ထွက်သွားတော့မှာလား…”
“ဟုတ်တယ်။ ငါ ထွက်သွားတော့မယ်။ အပြင်ဘက်မှာ ငါ့ကို သေစေချင်နေတဲ့သူတွေ အများကြီး ရှိတယ်။ ဒါပေမဲ့ ငါ့မှာ ရွေးချယ်ခွင့် မရှိခဲ့ဘူး…”
“ဆရာချီ…
ကျွန်တော်တို့က ဘယ်သူ့ကို တွေ့ရမှာလဲ…”
“ငါတို့ မဟုတ်ဘူး။ မင်း တစ်ယောက်တည်းပဲ။ မင်းက လူတစ်ယောက်ကို တွေ့ရလိမ့်မယ်…”
ထို့နောက် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဆရာချီက လူတစ်ယောက်၏ တိုက်ခိုက်မှုကို ခံလိုက်ရသလို ထင်မှတ်ရသော်လည်း ဆရာချီကတော့ ကျေနပ်စွာ ရယ်နေခဲ့၏။ အဆုံးတွင်တော့ သူက လေးလေးနက်နက်ပြောရန် မမေ့ခဲ့ပေ။
“ချန်းပင်အန်း…
မဟာလမ်းစဉ်က မင်းရဲ့ခြေထောက်အောက်ကို ရောက်နေပြီ။ သွားလိုက်တော့…”
ချန်းပင်အန်းက ပင့်သက်ရှိုက်လိုက်မိပြီး ခြေထောက်ကို မြှောက်လိုက်၏။ သူက တတိယခြေလှမ်းကို ဆက်လှမ်းရန် ပြင်ဆင်လိုက်သည်။
ထိုအချိန်တွင် အဝေးမှနေ၍ ရောက်လာသော အသံတစ်ခုက ကမ္ဘာကြီးကို ထိုးဖောက်လာခဲ့သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
“မင်းက ကိစ္စတစ်ခုကို (၃)ကြိမ်ထက် ပိုပြီး မလုပ်မိစေနဲ့။ အလွန်အကျွံ မလုပ်မိစေနဲ့…”
အမိုးတံတား၏အလယ်တွင် ရှိနေသော လူတစ်ယောက်ကတော့ နှာခေါင်းရှုံ့လိုက်မိသည်။
ချန်းပင်အန်းက ရုတ်တရက် နိုးထလာချိန်၌ စားပွဲခုံပေါ်တွင် အိပ်ပျော်နေကြောင်း တွေ့လိုက်ရသည်။ ဆီမီးခွက်ကတော့ လောင်ကျွမ်းနေသေးသည်။ လူငယ်လေးက ပြတင်းပေါက် အပြင်ဘက်ကို သတိလက်လွတ် လှမ်းကြည့်မိလိုက်ရာ အရုဏ်တက်ချိန်ရောက်ပြီဖြစ်ကြောင်း တွေ့လိုက်ရလေသည်။
Translated by Hein Htet