← Chapters

အခန်း (၇၁)

Vol. 5 Ch. 71

အခန်း (၇၁)

Vol. 5 Ch. 71

ချန်းပင်အန်းက အိမ်ထဲမှနေ၍ မှင်တက်စွာ ထွက်လာပြီး ခြံဝန်းငယ်လေးထဲသို့ ရောက်လာခဲ့သည်။ သူက ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ရာ ခြစ်ခြစ်တောက် ပူလောင်နေသော နေလုံးကြီးကို တွေ့လိုက်ရ၏။ ထို့ကြောင့် သူ၏မြင်ကွင်းက အတော်လေးကို ကြည်လင်နေခဲ့သည်။ ကောင်းကင်ကြီးက ဖန်သားအလွှာများ ပျက်စီးသွားခဲ့သော ကြွေထည်တစ်ခုကဲ့သို့ ဖြစ်နေပြီး ကြည်လင်တောက်ပနေခဲ့၏။

သူ၏အသက်ရှုနှုန်းကပင် အနည်းငယ် ရပ်တန့်သွားကြောင်း ချန်းပင်အန်းက ခံစားလိုက်မိသည်။ သူက တံခါးဝတွင် ထိုင်ပြီး အသက်ကို အောင့်ထားလိုက်သည်။ ထို့နောက် လက်ချောင်းလေးများက လက်သီးကျင့်စဉ်ပုံစံအတိုင်း ဖန်တီးကြည့်နေခဲ့၏။ မိနစ်(၃၀)ကြာပြီးနောက် သူ၏အသက်ရှုသံက တည်ငြိမ်သွားကြောင်း ချန်းပင်အန်းက ခံစားလိုက်မိသည်။

သူက မတ်တပ်ရပ်တော့မည့်အချိန်တွင် မျက်လုံးထောင့်၌ တစ်စုံတစ်ခုကို မြင်လိုက်ရ၏။ သူက တံခါးပေါက်တွင် ပြန်ထိုင်လိုက်ပြီး မျက်လုံးပြူးကြီးများ‌နှင့် စိုက်ကြည့်နေခဲ့သည်။ ခြံဝန်း၏ ထောင့်‌တစ်နေရာတွင် အနက်ရောင် ကျောက်တုံးလေး(၁)တုံး တိတ်တဆိတ် ရှိနေခဲ့၏။

ထိုအရာက ဤကမ္ဘာကြီးထဲတွင် အကောင်းဆုံး ဓားသွေးကျောက်ဖြစ်သည့် နဂါးခေါင်းဖြတ်ကျောက်တုံး ဖြစ်သည်။ ချန်းပင်အန်းက အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး ထိုနေရာကို လျှောက်သွားခဲ့၏။ သူက ကျောက်တုံးဘေးတွင် ထိုင်လိုက်ပြီး သေချာဂရုတစိုက် စစ်ဆေးကြည့်နေခဲ့သည်။

ပျက်စီးသွားသော နတ်ရုပ်ထု၏အောက်တွင် ရှိနေသော ကျောက်တုံးနှင့် ယှဉ်လိုက်မည်ဆိုလျှင် ထိုကျောက်တုံးကတော့ တစ်ချက်တည်းနှင့် နှစ်ပိုင်းပိုင်းထားကြောင်း သိသာထင်ရှားနေသည်။

ချန်းပင်အန်းက မေးစေ့ကို ပွတ်လိုက်ပြီး နည်းနည်းချင်းဆီ ရွှေ့ကြည့်နေခဲ့၏။ သူက နေရာပြောင်းပြီး ပတ်ပတ်လည်တွင် ထိုင်ကြည့်နေခဲ့သည်။ သူက မူလနေရာကို ပြန်ရောက်သည့်အချိန်တွင် ထိုအရာက နတ်ရုပ်ထု၏ ခြေထောက်အောက်တွင် ရှိနေသော အရာဖြစ်ကြောင်း ပို၍သေချာသွားခဲ့သည်။ ထို့ကြောင့် ချန်းပင်အန်းက တကိုယ်လုံး အေးစက်သွားသလို ခံစားလိုက်ရ၏။

မိန်းကလေးနင်က စကားကြီး စကားကျယ်များ ပြောခဲ့သော်လည်း အေးစက်တည်ငြိမ်သော သူမ၏စကားလုံးများက သေချာပေါက် မှားယွင်းလိမ့်မည် မဟုတ်ချေ။ နဂါးခေါင်းဖြတ်ကျောက်တုံးက အလွန်မာကျောသည့်အတွက် ဓားအင်မော်တယ် တစ်ယောက်ကသာ ဖျက်ဆီး၍ ရနိုင်သည်ဟု သူမက ပြောခဲ့သည်။ ချန်းပင်အန်းက ထိုစကားကို ချွင်းချက်မရှိ ယုံကြည်နေခဲ့သည်။

ထိုသို့ဆိုလျှင် နဂါးခေါင်းဖြတ်ကျောက်တုံးက ခြေထောက်ပေါက်ပြီး ချန်းပင်အန်း၏ အိမ်ထဲသို့ ရောက်လာခြင်းပေလော။ ဤကမ္ဘာကြီးထဲတွင် အင်မော်တယ်များ၊ သရဲတစ္ဆေများရှိကြောင်း ချန်းပင်အန်းက သိထားပြီးသား ဖြစ်သည်။ ထို့ပြင် များပြားလွန်းလှသော ဝိညာဉ်ပေါင်းများစွာလည်း ရှိနေခဲ့၏။ သို့သော် ကျောက်တုံးတစ်တုံး ဝိညာဉ်ရှိလာနိုင်ချေက အလွန်မြင့်မားလိမ့်မည် မဟုတ်နိုင်ချေ။

ထို့ပြင် သူက လူတစ်ယောက်၏ အိမ်ထဲသို့ ဝမ်းမြောက်ဝမ်းသာ ရောက်လာခဲ့မည်လော။ သူ့အိမ်ထဲတွင် ဒုက္ခခံရခြင်းထက် မည်သည့်အရာကို လုပ်နိုင်မည်နည်း။ ထိုအရာက ရူးမိုက်သော ကျောက်တုံးဝိညာဉ်တစ်ကောင်များ ဖြစ်နေမည်လော။

ချန်းပင်အန်းက စူးစူးနစ်နစ်စိုက်ကြည့်၍ မေးလိုက်သည်။

“ဟေ့ ‌မင်းက စကားပြောတတ်လား။ ငါ ပြောတာကို နားလည်လား…”

ကျောက်တုံးကတော့ တုံ့ပြန်ခဲ့ခြင်း မရှိချေ။ သံသယဝင်နေသော လူငယ်လေးက ခေါင်းခါလိုက်မိ၏။ သူကတော့ ထိုအရာကို နားမလည်နိုင်ခဲ့မိပေ။ သို့သော် အိပ်မက်က အလွန်စစ်မှန်နေသည့်အတွက် ချန်းပင်အန်းက ယခုထိ သတိပြန်ဝင်မလာသေးပေ။

ယခု သူမြင်နေရသော အရာအားလုံးက ထူးဆန်းနေခဲ့၏။ ယခင်တုန်းက လေးလေးနက်နက် စဉ်းစားခဲ့ဖူးခြင်း မရှိသော အကြောင်းအရာငယ်လေးများက အတူတကွ ပေါင်းစပ်လိုက်သည့်အချိန်တွင် အဓိပ္ပာယ်ရှိလာသလို ထင်မှတ်ရသည်။

ဤကမ္ဘာကြီးထဲတွင် ထိုကဲ့သို့ အရာများ ရှိနေကြောင်း ဆရာချီက ပြောခဲ့ဖူး၏။ အပြင်ဘက်ကမ္ဘာကြီးကတော့ ပို၍ပင် ထူးဆန်းကြောင်း နင်ယောင်က ပြောခဲ့သေးသည်။ အဘိုးကြီးယောင်ကလည်း အကြောင်းအရာများစွာကို ပြောခဲ့ပြီးသား ဖြစ်သည်။

တောင်တန်းများထဲကို ဝင်ရောက်ရခြင်းက ရိုးရှင်းသောအရာတစ်ခု ဖြစ်သော်လည်း သူတို့အလေးထားရန် လိုအပ်သော အကြောင်းအရာများစွာ ရှိနေသေးသည်။ အဘိုးကြီးယောင်က ထိုအကြောင်းအရာများစွာကို ပြောပြခဲ့ဖူး၏။ ဥပမာအနေနှင့် ပြောရလျှင် တောင်တန်းနတ်ဘုရားများ၏ ထိုင်ခုံဖြစ်နိုင်သော ရှေးဟောင်းသစ်တုံးကြီးများ ဖြစ်သည်။ သူတို့က ထိုသစ်တုံးများပေါ်တွင် ထိုင်၍ မရနိုင်ချေ။

ဤကမ္ဘာကြီးထဲတွင် ရှိနေသော တောင်တန်းများအာလုံးက ကြီးကြီးသေးသေး တူညီသောဇစ်မြစ်တစ်ခုသာ ရှိသည်ဟု ပြောကြ၏။ တစ်ခုတည်းသော ကွဲပြားချက်ကတော့ ဘိုးဘေးများနှင့် မြေးမြစ်များ ဖြစ်သည်။

လက်ရှိအချိန်တွင် ချန်းပင်အန်းကတော့ အလွန်စိတ်ဝင်စားလာခဲ့၏။ သူက လီကျူးသုခဘုံတစ်ခုလုံးကို မြင်ချင်နေပြီး မြို့ငယ်လေးက မည်သည့်နေရာတွင် တည်ရှိနေကြောင်း သိချင်နေသည်။ ထိုအရာကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် တစ်ခုတည်းသောနည်းလမ်းကတော့ ပိယွင်တောင်ထိပ်ထက် ပို၍မြင့်မားသော တောင်တစ်တောင်ပေါ်သို့ တက်လှမ်းရန်သာ ဖြစ်သည်။

ချန်းပင်အန်းက သူ၏အတွေးများကို စုစည်းလိုက်ပြီး အနက်ရောင်ကျောက်တုံးလေးကို ငုံ့ကြည့်လိုက်၏။ သူက ထိုအရာကို ပန်းပဲဆိုင်ဆီသို့ ယူဆောင်သွားချင်ခဲ့သည်။ မိန်းကလေးနင်က ထိုဓားသွေးကျောက်တုံးကို သေချာပေါက် လိုအပ်နိုင်၏။ မိန်းကလေးနင်က ထိုအရာကို ဓားသွေးရန် အသုံးပြုမည်လော သို့မဟုတ် ဆရာရွမ်ကို ကျေးဇူးတင်သည့် လက်ဆောင်အဖြစ် ပေးမပေးကိုတော့ သူမကိုယ်တိုင်သာ ရွေးချယ်ရပါလိမ့်မည်။ ချန်းပင်အန်းကတော့ ဂရုမစိုက်ချေ။

ဓားများကို ထက်မြက်လာအောင် လုပ်ပေးနိုင်သော ဓားသွေးကျောက်က မည်ကဲ့သို့သော အရာဖြစ်ကြောင်း သိချင်ရုံသာ ရှိသည်။ ထိုအရာက အလားတူ ပုဆိန်တစ်လက်ကိုရော ထက်မြက်လာအောင် လုပ်ပေးနိုင်မည်လော။ ချန်းပင်အန်းက ကိစ္စရပ်များ လုပ်ဆောင်သည့်အချိန်တွင် လုံးဝတွေဝေနေခဲ့ခြင်း မရှိချေ။ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် ချက်ချင်း လှုပ်ရှားလိုက်၏။

သူက လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ဓားသွေးကျောက်ကို မြေပြင်ပေါ်မှ အနည်းငယ် မကြည့်လိုက်သည်။ ထိုအရာက အနည်းငယ် လေးသော်လည်း လုံးဝမရွှေ့နိုင်ခြင်းတော့ မဟုတ်ချေ။ ထိုအရာက လွယ်ကူလှ၏။

ချန်းပင်အန်းက အိမ်ထဲသို့ ပြန်ဝင်သွားပြီး ခြင်းတောင်းတ‌စ်တောင်းကို ယူလိုက်သည်။ သိပ်မကြာခင် လူငယ်လေးက နောက်ကျောတွင် ခြင်းတောင်းကိုလွယ်ပြီး ရွှံ့ပုလင်းလမ်းကြားထဲမှ ထွက်လာခဲ့၏။ သူက ဓားသွေးကျောက်ကိုတော့ အဝတ်နှင့်ဖုံးထားခဲ့သည်။

ရွှံ့ပုလင်းလမ်းကြားထဲမှ ထွက်လာပြီးနောက် လမ်းပေါ်တွင် လူပေါင်းများစွာ ရှိနေကြောင်း ချန်းပင်အန်းက တွေ့လိုက်ရသည်။ ရုတ်တရက် မည်းမှောင်သွားသော ညအချိန်ကြောင့် လူတိုင်းက စိုးရိမ်ထိတ်လန့်နေ‌ကြကြောင်း သူလည်း ခန့်မှန်းမိနေခဲ့၏။ ယခု နောက်ဆုံးတွင်တော့ သူတို့က နေမင်းကြီးကို ပြန်လည်မြင်တွေ့လိုက်ရပြီ ဖြစ်သည့်အတွက် အပြင်သို့ ထွက်လာပြီး လေကောင်းလေသန့် ရှုချင်နေခြင်းဖြစ်သည်။

ထို့ကြောင့် မြို့ထဲတွင် ရှိနေသူအများစုက အိမ်ထဲမှထွက်ပြီး လမ်းကြားလေးထဲတွင် လမ်းလျှောက်နေကြ၏။ သူတို့က အချင်းချင်းစကားပြောနေကြသည်။ မကြာခဏဆိုသလို လူများ ထွက်လာပြီး သံကြိုးရေတွင်းက လုံးဝခမ်းခြောက်သွားပြီ ဖြစ်ကြောင်း အော်ဟစ်ပြောဆိုနေကြ၏။ ရေတွင်းထဲတွင် နှစ်ထောင်ပေါင်းများစွာ ရှိနေခဲ့သော သံကြိုးကြီးကိုပင် တစ်စုံတစ်ယောက်က တိတ်တဆိတ် ယူဆောင်သွားခဲ့သည်။

လောကကြီးကို ဖရိုဖရဲဖြစ်စေချင်နေကြသော ကလေးငယ်တချို့လည်း ရှိသေးသည်။ သူတို့ကတော့ (၂)ယောက်၊ (၃)ယောက်အဖွဲ့လိုက် ‌လှုပ်ရှားဆော့ကစားနေကြပြီး သူတို့၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေကြ၏။

သူတို့က မထင်မှတ်ထားသော ရှေးဟောင်းသစ်ခါးပင်ကြီး၏အဖြစ်အပျက်ကိုလည်း ပြောနေကြသည်။ တစ်ညတည်းနှင့် ရှေးဟောင်းသစ်ခါးပင်ကြီးက အမြစ်ကျွတ်ထွက်သွားခဲ့ပြီး လမ်းပေါ်တွင် လဲကျနေခဲ့သည်။ မြေပြင်ပေါ်တွင်လည်း ပျက်စီးနေသော သစ်ကိုင်းကျိုးများ ခြောက်ကပ်နေသော သစ်ရွက်ခြောက်များ ပြည့်နှက်နေသည်။

ပထမတွင်တော့ အနီးနားတွင် ရှိနေသူများက ထိုအရာများကို အမှိုက်ဟုသာ ခံစားမိကြ၏။ ထို့ကြောင့် သူတို့က သစ်ကိုင်းများကို အိမ်တွင် မီးရှို့ရန် ကောက်ယူသွားကြသည်။ တချို့ပျင်းနေသော လူငယ်လေးများကိုလည်း သူတို့၏အဒေါ်များက ပုဆိန်နှင့် ပိုကြီးသောသစ်ကိုင်းများ ခုတ်ပေးရန် တိုက်တွန်းနေကြသည်။

မည်သူကမျှ သူတို့ကို မတားဆီးခြင်းတော့ မဟုတ်ချေ။ မြို့ငယ်လေးထဲတွင် မြိုးရိုးစဉ်ဆက် နေထိုင်ခဲ့ကြသော အဘိုးကြီးအများစုကတော့ ရင်ကွဲပက်လက် ဖြစ်နေကြသည်။ သူတို့က သစ်ခါးပင်ကြီးကို အခွင့်ကောင်းယူနေသော လူငယ်လူရွယ်အားလုံးကို ပြစ်တင်ကြိမ်းမောင်းနေကြ၏။

ထိုအဘိုးကြီးများက မြို့ငယ်လေး၏ နောက်ကြောင်းနှင့် ရှေးဟောင်းသစ်ခါးပင်ကြီး အကြောင်းကို ပြောဆိုပြီး ဖျောင်းဖျလိုကြသည်။ ထိုသစ်ပင်တွင် ဝိညာဉ်စွမ်းအားများ ရှိနေကြောင်း သူတို့က ပြောခဲ့၏။

နှစ်ပေါင်းများစွာ အတောအတွင်း ခြောက်သွေ့နေသော သစ်ကိုင်းများက ညအချိန်တွင်သာ ပြုတ်ကျလာတတ်ပြီး လမ်းလျှောက်သွားနေသူများ၏ ခေါင်းပေါ်သို့ ကျလာခဲ့ခြင်း မရှိချေ။ စပါးရိတ်သိမ်းမှု အဆင်ပြေသည့်အချိန်တိုင်း သစ်ခါးပင်ကြီး၏ ပန်းပွင့်များက လူအများစု၏ ဆာလောင်မှုကို ဖြေသိမ့်ပေးနိုင်ခဲ့သည်။

သို့သော် ထိုစကားလုံးများက အသုံးမဝင်ခဲ့ပေ။ လူငယ်များကတော့ သူတို့ကို လျစ်လျူရှုထားပြီး သစ်ပင်ကြီးကိုသာ ခုတ်ဖြတ်နေကြ၏။ ဒေါသကြီးသော လူများကတော့ အဘိုးကြီးများနှင့် ရန်ဖြစ်နေကြပြီး တွန်းထိုးကန်ကျောက် နေကြသည်။ အချုပ်အားဖြင့် ပြောရမည်ဆိုလျှင်တော့ အခြေအနေက အနည်းငယ်ရှုပ်ထွေးနေခဲ့၏။

ရှေးဟောင်းသစ်ခါးပင်အိုကြီး၏ အခြေအနေကို ကြားသည့်အခါ ချန်းပင်အန်းကလည်း နောက်ကျောတွင် ခြင်းတောင်းကိုလွယ်ပြီး တွေဝေနေခဲ့သည်။ သူက အရှိန်လျော့လိုက်ပြီး ‌ရှေးဟောင်းသစ်ခါးပင်ကြီးရှိရာကို ပြန်လှည့်ကြည့်လိုက်၏။ သူက ထိုသစ်ခါးပင်ကြီးဆီကို သွားကြည့်သင့်ကြောင်း သူ၏မသိစိတ်က ပြောပြနေသည်။ သို့သော် သူက ပန်းပဲဆိုင်ကိုအမြန်သွားသင့်သည်ဟု သူ့ရင်ထဲရှိ တခြားအသံတစ်ခုက ပြောဆိုနေခဲ့၏။

ရုတ်တရက်ဆိုသလို လေနှင့်အတူ ဖြတ်ကျော်သွားသော လူရိပ်တစ်ခုကို မြင်လိုက်ရသည်။ ထိုအရာကတော့ အနီရောင်အပေါ်ထပ် ဝတ်ဆင်ထားသော ကလေးမလေး တစ်ယောက်ဖြစ်သည်။ သူက ရယ်ရမလား၊ ငိုရမလား မသိတော့သည်မှာ ထိုကလေးမလေးက လူငယ်တစ်ယောက်၏ လက်မောင်းလုံးခန့် အရွယ်အစားရှိသော သစ်ခါးပင်သစ်ကိုင်းကြီးတစ်ခုကို‌ပုခုံးပေါ်တွင် သယ်ထားခြင်းဖြစ်သည်။

ထိုသစ်ကိုင်းက လူတစ်ယောက်နီးပါး မြင့်မား၏။ ထိုကလေးမ၏ ခြေလှမ်းများကတော့ လှည်းတစ်စီး၏ ဘီးလုံးများကဲ့သို့ မြန်ဆန်လွန်းလှသည်။ သူမက အလွန်လှုပ်ရှားပြီး ကစားချင်နေပုံရသည်။

ချန်းပင်အန်းက ကြည့်လိုက်ရုံနှင့် သူမကို မှတ်မိခဲ့၏။ သူမက လေလှိုင်းကဲ့သို့ သွားချည်ပြန်ချည် လုပ်နိုင်သော ကလေးမလေးတစ်ယောက် ဖြစ်သည်။ သူမက မြို့ထဲသို့ လှည့်ပတ်သွားလာနေရခြင်းကို သဘောကျ၏။

သူမနှင့် ကုစန့်တို့က အချင်းချင်း တိုက်ခိုက်ရာမှတဆင့် သိကျွမ်းလာကြခြင်း ဖြစ်သည်။ မကြာသေးခင် အချိန်အတွင်း သူမကို ကျောက်တုံးပြာကမ်းပါး၏ နောက်ကျောဘက်တွင်လည်း တွေ့ခဲ့ရ၏။

သူတို့က တစ်ကြိမ် တွေ့ခဲ့ဖူးသည်။ သူမက အင်မော်တယ်များ၏ နောက်မှ လိုက်လာပြီး တာအိုသခင်မိန်းမပျိုနှင့် ရင်းနှီးသော ပတ်သက်မှုတစ်ခု ရှိပုံရသည်။ ချန်းပင်အန်းက သူမကို မြွေကျောက်တုံးငယ်လေးတစ်တုံးပင် ပေးခဲ့သေး၏။

ချန်းပင်အန်းက သူမကို လှမ်းခေါ်လိုက်သည်။

အနီရောင်အပေါ်ထပ်အင်္ကျီနှင့် ကလေးမလေးက ပြန်လှည့်လိုက်၏။ ချန်းပင်အန်းဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ သူမက ပြုံးပြလိုက်သည်။ သူမက ကြည်လဲ့နေသော မျက်လုံးများနှင့် ပြောလိုက်၏။

“တကယ်လို့ နင် ပြောစရာရှိတယ်ဆိုရင် မြန်မြန်‌ပြော …ငါ နားထောင်နေတယ်။ ငါက ပုရွက်ဆိတ်တွေကို နေရာရွှေ့ပေးဖို့ အလုပ်များနေသေးတယ်…”

ချန်းပင်အန်းက ရယ်ချင်စိတ်ကို ထိန်းထားပြီး လက်ဝှေ့ယမ်းပြလိုက်သည်။

“ငါက နင်နဲ့ ဆွေးနွေးစရာကိစ္စတစ်ခုရှိတယ်။ အချိန်နည်းနည်းလေးပဲ ပေးရမှာပါ…”

အနီရောင်အပေါ်ထပ်နှင့် ကလေးမလေးက ပုခုံးပေါ်တွင် တင်ထားသော သစ်ကိုင်းကို ပစ်ချလိုက်သည်။ သူမက မော့ကြည့်လိုက်ပြီး အနည်းငယ်‌ ဇဝေဇဝါဖြစ်နေပုံရ၏။

ချန်းပင်အန်းက မေလိုက်သည်။

“နင်က ဒီသစ်ကိုင်းကို သယ်သွားမလို့ မဟုတ်လား…”

ကလေးမလေးက ခေါင်းညိတ်ပြလိုက်ပြီး နောင်တရစွာ ပြောလိုက်သည်။

“တကယ်လို့ ငါက မြန်မြန်သယ်မသွားဘူးဆိုရင် တခြားလူက လုသွားလိမ့်မယ်။ ငါက အားနည်း‌တယ်လေ၊ ဒီတော့ ဒီလိုသစ်ကိုင်းလောက်ပဲ သယ်နိုင်တယ်။ ငါက နောက်ထပ်နည်းနည်းလောက်တော့ ထပ်ပြီး အကောင်းဆုံး ကြိုးစားရဦးမယ်….”

ချန်းပင်အန်းက စိတ်ထဲတွင် စဉ်းစားကြည့်လိုက်၏။ သူက ပြောလိုက်သည်။

“တကယ်လို့ နင့်ရဲ့အိမ်က ဖုလုလမ်းကြားထဲမှာဆိုရင် တော်တော်လေးဝေးတယ်။ တကယ်လို့ နင်ငါ့ကို ယုံတယ်ဆိုရင်တော့ ဒီသစ်ကိုင်းကို ငါ့ရဲ့ခြံဝန်းထဲမှာ အရင်ဆုံး ထားခဲ့လို့ရတယ်။ ဒါဆိုရင် နောက်ထပ် သွားယူလို့ရပြီ…”

ကလေးမလေးက အခြေအနေကို တိတ်တဆိတ် စဉ်းစားကြည့်နေပုံရသည်။ သူမက အလေးအနက် စဉ်းစားနေသည့်အချိန်တွင်ပင် ချန်းပင်အန်း၏ မျက်လုံးနှင့် အမူအရာကို စောင့်ကြည့်နေသေး၏။

ချန်းပင်အန်းဆီတွင် ဆိုးရွားသော ရည်ရွယ်ချက် မရှိကြောင်း ခံစားမိသည့်အခါ သူမက ခေါင်းညိတ်၍ ပြောလိုက်သည်။

“ဒါဆိုရင် နင်က ငါ့ကို ဘာလုပ်ပေးစေချင်တာလဲ။ ငါ အရင်ဆုံးပြောမယ်။ ငါက အရမ်းကြီးတဲ့ သစ်ကိုင်းတစ်ခုဆိုရင် မသယ်နိုင်ဘူး။ အဲဒါက အရမ်းလေးတယ်။ အခုတောင် ငါ့ရဲ့ပုခုံးပေါ်မှာ မီးတောက်နေသလို ခံစားနေရတာ…”

ချန်းပင်အန်းက သော့တစ်တွဲကို ထုတ်လိုက်သည်။ သူက ထိုသော့များထဲမှ တစ်ချောင်းကိုယူပြီး ကလေးမလေးကို ပေးလိုက်၏။

“ဒါက ငါ့ရဲ့ခြံဝန်းသော့ပဲ ယူလိုက်။ ငါ့ကို ဘာမှပြန်လုပ်ပေးစရာ မလိုပါဘူး။ နင်က သစ်ကိုင်းတွေ ယူနေတဲ့အချိန် မြေပြင်ပေါ်မှာ အဝါရောင်သစ်ရွက်တွေ ရှိမရှိပဲ ရှာကြည့်စေချင်တာ။ တကယ်လို့ ရှိတယ်ဆိုရင် ငါ့အတွက် သိမ်းထားပေးပါ…”

ကလေးမလေးက သော့ကိုမယူခဲ့ပေ။ သူမက မျက်လုံးပြူးလိုက်၏။

“အဲဒါပဲလား…”

ချန်းပင်အန်းက ပြုံးလိုက်သည်။

“ဟုတ်တယ်… အဲဒါပဲ။ ငါ့အိမ်က ဘယ်မှာရှိတယ်ဆိုတာ သိတယ်မဟုတ်လား…”

သူမက ပြန်ပြောလိုက်၏။

“ရွှံ့ပုလင်းလမ်းကြားရဲ့ဘယ်ဘက်ကနေ ရေတွက်ကြည့်လိုက်မယ်ဆိုရင် (၁၂)အိမ်မြောက်…”

အဆုံးတွင်တော့ သူမက သော့ကို မယူခဲ့ပေ။

“နင့်ရဲ့ခြံဝန်းနံရံက မမြင့်ဖူးလေ။ ငါက သစ်ကိုင်းကို ပစ်ထည့်လိုက်လို့ရတယ်။ ခြံဝန်းတံခါးကို ဖွင့်ဖို့မလိုဘူး…”

အနီရောင်အပေါ်ထပ်အင်္ကျီနှင့် ကလေးမလေးက ပြန်လှည့်ပြီး ထွက်ပြေးသွားသည်ကို မြင်သည့်အခါ ချန်းပင်အန်းက သော့ကို ပြန်သိမ်းလိုက်ရသည်။ သူမကလည်း သူ့လို လူတစ်ယောက်ဟုပင် ခံစားမိခဲ့၏။ သူမက လမ်းကြားလေးများထဲတွင် လှည့်ပတ်သွားလာနေစဉ် သူကတော့ တောင်တန်းများပေါ်တွင် သွားလာခဲ့ရသည်။

ချန်းပင်အန်းက မြို့ထဲမှ ထွက်သွားပြီးနောက် တောင်ဘက်သို့ ဦးတည်လာခဲ့၏။ သူက အမိုးတံတားနားကို ချဉ်းကပ်လာသည့်အချိန်တွင် ထိုအရာက ပျောက်ကွယ်သွားကြောင်း တွေ့လိုက်ရသည်။ သူ၏မှတ်ဉာဏ်ထဲ၌ ရှိနေခဲ့သော ကျောက်တုံးတံတားအိုကြီးအဖြစ်သာ ပြန်လည်ရောက်ရှိသွားခဲ့သည်။

ဘာကြောင့်မှန်း မသိသော်လည်း ချန်းပင်အန်းက သူ့ရှေ့တွင် ရှိနေသော တံတားအိုကြီးကို ပို၍သဘောကျနေသည်။ ချန်းပင်အန်းက ကျောက်တုံးတံတား၏ အစွန်တွင် ရပ်နေခဲ့၏။ ဘာကြောင့်မှန်း မသိသော်လည်း သူက အလွန်ထူးဆန်းသော အိပ်မက်အကြောင်းကို စဉ်းစားမိနေခဲ့သည်။

ထို့နောက် သူက ဖြည်းညင်းစွာ သက်ပြင်းချလိုက်မိပြီး တံတားပေါ်သို့ ‌ဖြည်းဖြည်းချင်း လျှောက်သွားခဲ့သည်။ သူက တံတားအလယ်နှင့် နီးလာလေလေ ပို၍စိတ်လှုပ်ရှားလာလေလေ ဖြစ်သည်။ သူက တစ်ကိုယ်လုံး ချွေးပျံနေခဲ့သော်လည်း တံတား၏အဆုံးကို ရောက်သည့်အချိန်ထိ မည်သည့်အရာမျှမဖြစ်ခဲ့ပေ။ ချန်းပင်အန်းက ကိုယ့်ကိုယ်ကိုယ် ရယ်လိုက်မိပြီး ပန်းပဲဖိုသို့ အလွန်လျင်မြန်စွာ ပြေးသွားခဲ့၏။

……………

ကျောက်တုံးပြာကမ်းပါး၏ တခြားတစ်ဖက်တွင် အဘိုးကြီးယန်က ထိုင်နေပြီး ဆေးတံကြီးကို သောက်နေခဲ့၏။ အဘိုးအို၏ ခြေထောက်အောက်တွင် ရှိနေသော ရေထဲတွင် လှုပ်ရှားပြီး အလင်းရောင်များ ထွက်ပေါ်လာသည်။ ရေမျက်နှာပြင်ပေါ်တွင် ရေမှော်ပင်များ လှုပ်ရှာ‌းနေသလို ထင်မှတ်ရသည်။ နေရောင်အောက်တွင်တော့ ထိုအရာကို ပြောပြ၍ မရနိုင်ပေ။

ရေပြင်ပေါ်တွင် ဝေဝါးနေသော အဘွားအိုတစ်ယောက်၏ မျက်နှာ တဖြည်းဖြည်း ပေါ်လာခဲ့သည်။ သို့သော် သူမကတော့ ရေထဲတွင် အနက်ရောင်ဆံပင်များ ရှိနေသော ခေါင်းတစ်လုံးသာ ဖြစ်၏။ ထိုအချိန်တွင် အဘွားအိုက မိဘများ ဆုံးရှုံးသွားသည့်အတွက် လူတစ်ယောက်ကဲ့သို့ ဝမ်းနည်းနေသည်။

သူမက တုန်ယင်နေသော အသံနှင့် ပြောလိုက်၏။

“အင်မော်တယ်...

မနေ့ညက ကျွန်မ အဲဒီအနားကို တကယ်မသွားရဲခဲ့ဘူး။ ကျွန်မက ခဏခဏ ကြိုးစားခဲ့တယ်။ ဒါပေမဲ့ ကြိုးစားလိုက်တဲ့အချိန်တိုင်း ဆီပူအိုးထဲကို ခုန်ဆင်းနေရသလို ခံစားခဲ့ရတယ်။ အဲဒါက အပိုင်းပိုင်းအစစ လှီးဖြတ်ခံရတာထက်တောင် ပိုပြီးတော့ ဆိုးသေးတယ်။ အင်‌‌မော်တယ်... ကျေးဇူးပြုပြီးတော့ ကျွန်မကိုခွင့်လွှတ်ပေးပါ။ ကျွန်မ လုပ်နိုင်တဲ့အရာ ဘာမှမရှိဘူး…”

အဘိုးကြီးယန်က အေးစက်စွာ ပြောလိုက်သည်။

“ငါက မင်းကိုအပြစ်ပေးဖို့ ရောက်လာတာ မဟုတ်ဘူး။ မင်းက နောက်ပိုင်းမှာလည်း အတူတူပဲ ဖြစ်နေလိမ့်မယ်။ မင်းလုပ်နိုင်တဲ့ အရာကိုပဲ လုပ်ပါ။ မဆင်မခြင် မလုပ်နဲ့။ အခု မင်းရှေ့မှာ အခွင့်ကောင်းတစ်ခုရှိနေတယ်။ အဲဒါကို ယူချင်လား၊ မယူချင်ဘူးလား ဆိုတာတော့ မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ရလိမ့်မယ်…”

အဘွားအိုမျက်နှာက ရေထဲတွင် လှုပ်ရှားနေခဲ့သည်။ သူမဆီတွင် ကြောက်လန့်မှု အနည်းငယ်လည်း ရှိနေခဲ့၏။ အင်မော်တယ်က သူမအတွက် လမ်းကြောင်းတစ်ခု ပြသပေးနေသည်ကို ကြားသည့်အခါ သူမက သေချာအာရုံစိုက်၍နားထောင်နေခဲ့သည်။

အဘိုးအိုက ဖြည်းညင်းစွာ ပြောလိုက်၏။

“အခု ဒီကမ္ဘာငယ်လေးက လူသားကမ္ဘာကြီးထဲကို ‌ဖြည်းညင်းစွာ ပြန်ရောက်သွားပြီး ကမ္ဘာမြေကြီးနဲ့ ဆက်သွားလိမ့်မယ်။ အဲဒါက အခြေကျဖို့အတွက် တော်တော်လေး အရေးပါတဲ့အချိန်တစ်ခုပဲ။ သိပ်မကြာခင် ဒီနေရာက တာ့လီအင်ပါယာရဲ့ပိုင်နက်နဲ့ ဆက်သွယ်သွားလိမ့်မယ်။ မင်းကို မြစ်အဘွားအိုအဖြစ်ပဲ ဆက်နေပြီး မြစ်နတ်ဘုရားအဖြစ် မသတ်မှတ်ရသေးဘူးဆိုတာ မင်းက တိုင်းပြည်တစ်ခုမှာ တရားမဝင်သေးတဲ့ လူတစ်ယောက် ဖြစ်နေသေးလို့ပဲ။ မင်းက တရားဝင်နေရာတစ်ခု အမှန်တကယ် မရသေးဘူး။ ခြေတစ်လှမ်းက ကောင်းကင်နဲ့မြေကြီးလောက်တောင် ကွဲပြားသွားနိုင်တယ်…”

‌သူက ဆေးတံကြီးနှင့် အမိုးတံတားကို ထိုးပြပြီး ပြောလိုက်သည်။

“အကြောင်းပြချက်ကတော့ မင်းရဲ့ပိုင်နက်က သေးငယ်လို့ မဟုတ်ဘူး။ မင်းရဲ့ပိုင်နက်က တစ်ဝက်ပြတ်နေလို့ပဲ။ အဲဒီတံတားကို မြင်လား၊ အဲဒီတံတားက မင်းရဲ့အနာဂတ်ကို ဖြတ်တောက်ပစ်နေတာ။ အခု မင်းကသာ တံတားအောက်ကနေ ကူးသွားနိုင်မယ်ဆိုရင် ကောင်းမွန်တဲ့ အနာဂတ်တစ်ခု ရှိလာလိမ့်မယ်။ မင်းရှိနေတဲ့ စမ်းချောင်းကလည်း အနာဂတ်မှာ အရေးပါတဲ့ မြစ်ပေါင်းများစွာရဲ့ အရင်းအမြစ် ဖြစ်လာလိမ့်မယ်။ ဒီလိုမိုင်(၁၀၀)လောက် ဆံပင်အရှည်ပဲ ရှိတဲ့ အဆင့်နိမ့် မြစ်နတ်ဘုရားတစ်ယောက်ကို မပြောနဲ့၊ မိုင်(၁၀၀၀)လောက် ဆံပင်အရှည်ရှိတဲ့ မြစ်နတ်ဘုရားရာထူးကိုတောင် တာ့လီက ပေးဖို့ မခက်ဘူး…”

(မှတ်ချက် ။ ။ မြစ်နတ်ဘုရားတွေရဲ့အစွမ်းကို ဆံပင်အရှည်နဲ့ တိုင်းတာပါတယ်)

အဘွားအို၏ မျက်လုံးများက အနည်းငယ် လှုပ်ရှားလာခဲ့သည်။

အဘိုးကြီးယန်က သူမကို အတင်းအကြပ် တိုက်တွန်းခဲ့ခြင်းမရှိချေ။ သူက အပြုံးနှင့် ပြောလိုက်၏။

“ရွှံ့ထဲမှာ နေရတာ တော်တော်လေး သက်တောင့်သက်သာရှိတယ် မဟုတ်လား။ မင်းက ဘာလို့ တခြားသူတွေရဲ့ အကူအညီ လိုအပ်မှာလဲ…”

အဘွားအိုကတော့ အလွန်ကြောက်လန့်နေသည့် အတွက်ကြောင့် အဘိုးအိုကို ဆန့်ကျင်ရဲခြင်း မရှိချေ။ ယခု အင်‌မော်တယ်၏ ခနဲ့သလိုစကားကို ကြားလိုက်ရသည့်အခါ တစ်စုံတစ်ခု မှားယွင်းနေကြောင်း သူမက သိသွားခဲ့၏။ သူမက ချက်ချင်းပင်တောင်းပန်လိုက်သည်။

ထိုအချိန်တွင် ရေကန်ထဲ၌ ရှိနေသော စမ်းချောင်းက ရုတ်တရက် လှုပ်ရှားလာခဲ့၏။ အဘိုးအိုက အေးစက်စွာ ပြောလိုက်သည်။

“မင်းက အမြှီးကုတ်ပြီး တောင်းပန်နေရတဲ့ ငါးတစ်ကောင်အဖြစ် ရှင်သန်မလား။ ရေတွေရဲ့ကံကြမ္မာကို စောင့်ကြပ်ရတဲ့ မြစ်နဂါးတစ်ကောင် ဖြစ်လာမလား ဆိုတာကတော့ ဒီအပေါ်မှာပဲ မူတည်နေတယ်။ ပြီးတော့ အစောပိုင်းမှာ ငါပြောခဲ့တဲ့စကားကို မမေ့ပါနဲ့။ ဒါက ပြန်လှည့်လို့မရတဲ့ လမ်းကြောင်းတစ်ခုပဲ။ မင်းက အဆုံးကိုပဲ ဆက်သွားလို့ရမယ်။ ဒီကမ္ဘာကြီးထဲမှာ တစ်ကြိမ်တည်း လုပ်ဆောင်ရုံနဲ့ အရာအားလုံး ပြီးသွားတဲ့အရာမျိုး ဘာမှမရှိဘူး။ ပြောရမယ်ဆိုရင်တော့ ဒီမြို့ငယ်လေးထဲမှာ လူတိုင်းက ကံကောင်းနေပေမဲ့ မင်းရဲ့အလှည့်တော့ မဟုတ်သေးဘူး…”

အင်မော်တယ်က ပို၍တည်ငြိမ်လေလေ အဘွားအိုက ပို၍စိုးရိမ်လာလေလေဖြစ်သည်။ နောက်ဆုံးတွင်တော့ သူမက အံကြိတ်ပြီး ရေထဲသို့ ငုပ်ရှိုးသွားခဲ့၏။ ခဏကြာပြီးနောက် အဘွားအို၏ပုံရိပ်က ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ကျောက်တုံးပြာကမ်းပါးနှင့် အမိုးတံတား၏ ကြားထဲတွင် ရှိနေသော စမ်းချောင်းထဲတွင်တော့ အစိမ်းရောင်အရိပ်တစ်ခုက အောက်ဘက်ကို ကူးခတ်သွားခဲ့၏။ ထိုအရိပ်က ကျောက်တုံးတံတားနားသို့ ချဉ်းကပ်လာခဲ့သည့်အချိန်တွင် အရှိန်လျော့သွားခဲ့သည်။

အဆုံးတွင်တော့ ရေထဲတွင် ကူးခတ်နေသော လိပ်တစ်ကောင်ကဲ့သို့ဖြစ်သွားခဲ့၏။ အမိုးတံတား၏အောက်တွင် ရှိနေသော ရေကန်နက်ကြီးနှင့် (၁၀)ပေ‌ခန့် အကွာကို ရောက်သည့်အချိန်တွင် အဘွားအိုက ရုတ်တရက် အရှိန်မြန်လိုက်သည်။ သူမက ကြွယ်ဝချမ်းသာမှုနှင့် ကံတရားများအတွက် သူမ၏အသက်ကို စွန့်စားရန် ဆုံးဖြတ်လိုက်၏။ သူမက ဖြတ်ကူးသွားခဲ့သည်။

အဘွားအိုက တခဏအတွင်း (၁၀)ပေကျော် ရောက်သွားခဲ့ပြီးနောက် ရေထဲတွင် လည်နေခဲ့သည်။ သူမ၏ အသက်ရှင်ရပ်တည်မှုကို အောင်ပွဲခံရန်အတွက် သူမက စက်ဝိုင်းသဖွယ် လှည့်ပတ်နေခဲ့၏။ ထိုအချိန်တွင် ပိန်ပိန်းပါးပါး ခန္ဓာကိုယ်၏ ပတ်ပတ်လည်တွင်လည်း အနက်ရောင်ဆံပင်များ လွှမ်းခြုံလာပြီး အသွေးအသားများတော့ မရှိချေ။

အဘွားအိုက စမ်းချောင်းထဲတွင် မတ်မတ်ရပ်နေပြီး အမိုးတံတားကို ကြည့်နေခဲ့သည်။ နောက်ဆုံးတွင်တော့ သူမက ဓားအိုကြီးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ ထိုဓားအိုကြီးက သံချေးတက်နေသည်။ သူမက ကလေးဘဝအရွယ်၊ မိန်းမပျိုအရွယ်နှင့် အဘွားအိုအရွယ်တွင် မြင်ခဲ့ရသည့်အချိန်တွင်လည်း ကွဲပြားမှုမရှိချေ။

သို့သော် တခဏအတွင်း သူမ၏မျက်လုံးများက ပေါက်ကွဲသွားတော့မလို ထင်မှတ်ရသည်။ သူမက အော်ဟစ်ငိုကြွေးလိုက်မိ၏။ ထိုအခါ စမ်းချောင်းက လှုပ်ရှားလာပြီး ရေလှိုင်းများလည်း ထွက်ပေါ်လာသည်။ အချိန်တော်တော်ကြာပြီးနောက် စမ်းချောင်းက ငြိမ်သက်သွားခဲ့၏။ အဘွားအိုက မျက်လုံးပြန်မြင်လိုက်ရသော်လည်း သူမ၏အငွေ့အသက်က အားနည်းနေသည်။

ထိုအချိန်တွင် သူမ၏နားထဲ၌ အင်မော်တယ်၏စကားသံကို ကြားလိုက်ရ၏။

“သူက နင့်ကိုဂရုမစိုက်ဘူး။ ဘာဘို့လဲဆိုတော့ နင့်ရဲ့ဘိုးဘေးတွေကြောင့်ပဲ။ ကိုယ့်ရဲ့ကံတရားကို အဆုံးစွန်ထိ တွန်းမပို့နဲ့။ နင်က နောက်ပိုင်း ကျောက်တုံးတံတားကို ဖြတ်ကျော်သွာတဲ့အချိန်တိုင်း လုံးဝမော့မကြည့်မိစေနဲ့…”

အဘွားအိုက ဒယိမ်းဒယိုင်နှင့် ပြောလိုက်သည်။

“မကြည့်တော့ပါဘူး။ ကျွန်မ နောက်တစ်ကြိမ် မကြည့်တော့ပါဘူး…”

အဘိုးအို၏အသံက တိုးတိုးလေး ထွက်ပေါ်လာခဲ့၏။

“မင်းက စမ်းချောင်းရဲ့အောက်ထဲကို ဆင်းသွားပြီး ရောက်နိုင်သမျှ ကူးကြည့်လိုက်။ မင်းက ပန်းပဲဆိုင်ကို ဖြတ်ကျော်သွားတဲ့အချိန်မှာလည်း မောက်မာမနေနဲ့။ အရမ်းကြီး စိုးရိမ်မနေနဲ့။ မင်းလို လူတစ်ယောက်က ဒီစမ်းချောင်းကို မည်းမှောင်သွားအောင် လုပ်နိုင်ရုံပဲရှိတယ်။ ‌ဒီရေအဆီအနှစ်တွေ ထွက်ပေါ်လာပြီဆိုရင် ဓားဖန်တီးတဲ့ နေရာမှာလည်း ကောင်းလာလိမ့်မယ်။ ဒါကြောင့် ဆရာရွမ်က မင်းကို အခက်တွေ့အောင် လုပ်မှာမဟုတ်ဘူး။ တကယ်လို့ မင်းကသာ ကြိုးကြိုးစားစား လုပ်ဆောင်ပေးမယ်ဆိုရင် သူတို့က မင်းကို အခွင့်အရေးတချို့ ပေးကောင်းပေးနိုင်တယ်…”

“လီကျူးသုခဘုံက ပျက်စီးသွားပြီး စိတ်ဝိညာဉ်‌စွမ်းအားတွေက မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားနေပေမဲ့ အနည်းဆုံးတော့ နှစ်(၃၀) (၄၀)လောက် ခံနိုင်သေးတယ်။ ဆရာရွမ်က သူတော်စင်‌တစ်ယောက် ဖြစ်နေပြီ။ သူ့အတွက်တော့ ဒါက ကောင်းတဲ့ အရာတစ်ခုပဲ…”

အဘွားအိုက စိတ်သက်သာရာရသွားပြီး ထိတ်လန့်စွာ ပြောလိုက်သည်။

“ကျွန်မက အင်မော်တယ်ရဲ့ဆုံးမစကားကို နာခံပါ့မယ်…”

………….

ကျောက်တုံးပြာကမ်းပါး၏ တခြားတစ်ဖက်တွင် လူတစ်ယောက်က လေးစားမှုများ ပြည့်နေသော အသံနှင့် ပြောလိုက်၏။

“‌ဆရာကြီး...

ဆရာကြီးက တော်တော်အစွမ်းထက်တာပဲ။ မြစ်နတ်ဘုရားဂုဏ်ပုဒ်ကိုတောင် ပေးနိုင်တယ်။ အဓိကအချက်ကတော့ ဆရာကြီးကို ကောင်းကင်တာအိုကတောင် မနှောင့်ယှက်နိုင်တာပဲ…”

အဘိုးကြီးယန်ကတော့ မူလအတိုင်း ဆက်၍ ထိုင်နေခဲ့သည်။ သူက ပြန်လှည့်မကြည့်ဘဲ ပြောလိုက်၏။

“မြစ်အဘွားအိုနဲ့ မြစ်နတ်ဘုရားဆိုတာ စကားလုံးတစ်ခုပဲ ကွာခြားတာလေ။ မင်းလို စာသင်သားတစ်ယောက်က နားမလည်ဘူးလား…”

ရောက်လာသည့်လူကတော့ ကန်ကြည့်ကျောင်းတော်မှ အတော်ဆုံးစာသင်သား ချွေးမင်ဟွမ် ဖြစ်သည်။ သူက ဤနေရာမှ နောက်ဆုံးထွက်သွားသည့် အပြင်လူတစ်ယောက်လည်း ဖြစ်၏။

အလွန်တက်ကြွပြီး ချောမောခန့်ညားသော စာသင်သားက အပြုံးနှင့် ပြောလိုက်သည်။

“ဒါကကို တော်တော်လေး အံ့ဩစရာကောင်းနေပြီ။ ဒီလိုပျက်စီးနေတဲ့ လမ်းကြောင်းတစ်ခုပေါ်မှာ လမ်းကြောင်းငယ်လေးတစ်ခု ဖန်တီးပေးလိုက်တယ် ဆိုတော့ ကျွန်တော်က ဒီလိုစွမ်းရည်မျိုးကို မလေးစားဘဲ မနေနိုင်တော့ဘူး…”

အဘိုးကြီးယန်က အေးစက်စွာ မေးလိုက်သည်။

“ကောင်လေး... မင်းက ငါ့ကိုသိနေတာလား…”

ချွေးမင်ဟွမ်က ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်သည်။

“တောင်ထိပ်သခင်က ကျွန်တော့်ကို ပြောမပြခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော်က နည်းနည်းတော့ ခန့်မှန်းနိုင်တယ်…”

အဘိုးကြီးယန်က စိတ်မရှည်နိုင်စွာ ပြောလိုက်၏။

“ဝေးဝေးသွားစမ်း... မင်းက ငါနဲ့စကားပြောဖို့ အရည်အချင်း မရှိဘူး။ မင်းရဲ့ တောင်ထိပ်သခင်ကပဲ ပိုပြီးတော့သင့်တော်တယ်…”

ချွေးမင်ဟွမ်က ထွက်မသွားခဲ့ပေ။ ထိုအစား သူက ကျောက်တုံးပြာကမ်းပါးပေါ်တွင် ထိုင်ချလိုက်၏။ သူက မထိုင်ခင် ခါးတွင် ချိတ်ထားသော ကျောက်စိမ်းပြားလေးကို သေချာဆုပ်ကိုင်ထားရန်လည်း မမေ့ခဲ့ပေ။

ထို့နောက် သူက အပြာရောင်ကောင်းကင်ကြီးကို မော့ကြည့်လိုက်ပြီး တိုးတိုးလေး ရေရွတ်လိုက်၏။

“သူ့မှာ အရမ်းကို ကြီးကျယ်တဲ့ ကျင့်စဉ်အဆင့်တစ်ခု ရှိတယ်။ ဒါပေမဲ့ လီကျူးသုခဘုံကို ကာကွယ်ပြီး ကောင်းကင်တာအို အပြစ်ပေးတာကို တားဆီးဖို့အတွက် အရာအားလုံး စွန့်လွှတ်ခဲ့တယ်။ အဆုံးမှာတော့ သူက အသက်စကားလုံး(၂)ခုကိုပဲ အသုံးချခဲ့တယ်။ ဆရာကြီးယန်... ဆရာချီရဲ့ကိစ္စကို ဘယ်လိုမြင်လဲ…”

အဘိုးကြီးယန်ကတော့ မျက်နှာပျက်ပျက်နှင့် မီခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။

ချွေးမင်ဟွမ်က တီးတိုးရေရွတ်လိုက်၏။

“သူက လူအများအတွက် သူ့အသက်ကို စွန့်လွှတ်လိုက်တယ်ဆိုတာ အရမ်းကို ဆုံးရှုံးမှုကြီးတယ်။ သူက ချောက်ကမ်းပါးကျောင်းတော်ရဲ့ တောင်ထိပ်သခင် တစ်ယောက်ဖြစ်ပြီး ကွန်ဖြူးရှပ်လမ်းစဉ် စတုတ္ထသူတော်စင်ရဲ့ ဂုဏ်အယူရဆုံး တပည့်တစ်ယောက်ပဲ။ သူက လူ(၅၀၀၀) (၆၀၀၀)လောက်ရဲ့ နောက်ဘဝအတွက် သူ့အသက်နဲ့ လဲလှယ်ဖို့ ထိုက်တန်ရဲ့လား…”

“ငါတော့ တန်တယ်လို့ မထင်ဘူး။ တကယ်လို့ ငါသာဆိုရင် သေချာပေါက် လုပ်မှာ မဟုတ်ဘူး…”

အဘိုးကြီးယန်က မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။

“မင်းက ငါ့ကို နားဒုက္ခပေးလို့ရတယ်။ မဟုတ်ရင် မင်းက ဘဝတလျှောက်လုံး ကျောင်းတော်တစ်ခုရဲ့ တောင်ထိပ်သခင် လုံးဝဖြစ်လာမှာ မဟုတ်ဘူး။ မင်းက စကားနည်းနည်းပြောခဲ့မှတော့ ဘာကြောင့် ငါတို့က စကားမပြောရမှာလဲ..”

စာသင်သားက အပြုံးနှင့် ပြောလိုက်သည်။

“အဲဒါဆိုရင် ကောင်းတာပေါ့။ ကျွန်တော်က နောက်ထပ်မေးစရာ မလိုတော့ဘူး…”

အဘိုးအိုက စမ်းချောင်းလေးကို ငုံ့ကြည့်လိုက်သည်။

“ဒါပေမဲ့ အဲဒီမတိုင်ခင် ငါမင်းကို မေးချင်တဲ့ မေးခွန်းတစ်ခု ရှိတယ်…”

ချွေးမင်ဟွမ်က ခေါင်းညိတ်ပြီး ပြောလိုက်၏။

“မေးသာမေးပါ ဆရာကြီး…”

အဘိုးအိုက ‌ဖြည်းညင်းစွာ ပြောလိုက်သည်။

“မင်းက ချီကျင့်ချွန်ကို ဒီလိုအခြေအနေမျိုးထိ မရောက်ရောက်အောင် တစ်လှမ်းချင်းဆီ တွန်းပို့ခဲ့တာ မဟုတ်လား…”

ပထမတော့ ချွေးမင်ဟွမ်က အံ့ဩသွားခဲ့သည်။ ထို့နောက် သူက မချိပြုံးပြုံးပြီး စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်၏။

“ဆရာကြီး …

ကျွန်တော့်ကို အထင်ကြီးနေတာ မဟုတ်ဘူးလား…”

အဘိုးကြီးယန်က ပြန်လှည့်မလာခဲ့ပေ။ သူ့ရှေ့တွင်တော့ မီးခိုးတိမ်တိုက်များ ထွက်ပေါ်လာခဲ့၏။

“ငါက တခြားအရာတွေမှာ တော်ချင်မှတော်မယ်။ ဒါပေမဲ့ လူတွေရဲ့စိတ်ကို ဖတ်တဲ့နေရာမှာတော့ အရမ်းတော်တယ်။ ဒါကြောင့် မင်းက ဒီနေရာကို ရောက်မလာသင့်ဘူး…”

ချွေးမင်ဟွမ်က အပြုံးနှင့်‌ ရှင်းပြလိုက်၏။

“တကယ်လို့ နည်းနည်းလေး နောက်ကျမယ်ဆိုရင်တောင် ကွန်ဖြူးရှပ်လမ်းစဉ် စတုတ္ထသူတော်စင်က ကွန်ဖြူးရှပ်ကျောင်းတော်ကနေ အဆင့် ပြုတ်ကျသွားတာ နှစ်ပေါင်း(၈၀)လောက် ရှိနေပြီ။ ကျွန်တော်က အခုမှ အသက်(၃၀)ပဲ ရှိသေးတယ်လေ။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်ပါ့မလဲ…”

အဘိုးအိုက ပြန်လှည့်ကြည့်လိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“ဒါဆိုရင် မင်းက ဒီနေရာကို ရောက်လာခဲ့တယ်ဆိုတာ တိုင်းပြည်ကာကွယ်ရေး ကျောက်စိမ်းပြားကို လာယူတာ သက်သက်ပဲဖြစ်ပြီး ဒီလိုကံဆိုးမှုမျိုးနဲ့ မထင်မှတ်ဘဲ တွေ့ခဲ့ရတယ်လို့ ပြောချင်တာလား။ မင်းက အပိုတွေ ပြောချင်နေတယ်ဆိုရင်လည်း တခြားသူကိုပဲ သွားပြောလိုက်တော့…”

ချွေးမင်ဟွမ်ကတော့ အလွန်တည်ငြိမ်သော အမူအရာနှင့် ပြန်ပြောလိုက်သည်။

“ဒီကမ္ဘာကြီးထဲမှာ တည်မြဲတဲ့အရာ ဘာမှမရှိပါဘူး…”

“တိုက်ဆိုင်မှုမရှိတဲ့ ဇာတ်လမ်းတွေလည်း မရှိဘူး…”

အဘိုးကြီးယန်ကတော့ ပြုံးချင်ယောင်ဆောင်လိုက်မိ၏။

ချွေးမင်ဟွမ်က အချိန်မဖြုန်းချင်တော့သည့်အတွက် အဓိကအချက်ကိုသာပြောခဲ့သည်။

“ကျွန်တော်က ပိယွင်တောင်ကို အရမ်းသဘောကျနေတယ်။ အဲဒီနေရာမှာ ကျောင်းတော်အသစ်တစ်ခု တည်ဆောက်ချင်တယ်။ ကျွန်တော်က ဒီ‌မှာ ဧည့်သည် တစ်ယောက်ဆိုမှတော့ ရောမရောက်ရင် ရောမလို ကျင့်သင့်တာပေါ့။ ဒါကြောင့် ကျွန်တော်က ဆရာကြီးယန်ကို လာပြီးတော့ နှုတ်ဆက်တာပါ။ ဆရာကြီးမှာ ဘာတောင်းဆိုစရာရှိလဲ…”

အဘိုးကြီးယန်က မျက်မှောင်ကြုတ်လိုက်မိပြီး စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။ ချွေးမင်ဟွမ်က ထိုအဘိုးအိုကို တွန်းအားမပေးရဲချေ။ သူက ဖြည်းညင်းစွာ မတ်တပ်လိုက်ပြီး တိုးတိုးလေး ပြောလိုက်၏။

“ဆရာကြီး ဘာမှမစိုးရိမ်ပါနဲ့။ ဆရာကြီးသာ သဘောမတူဘူးဆိုရင် ကျွန်တော်ကလည်း ကျောင်းတော် တည်ဆောက်ဖို့လုပ်မှာ မဟုတ်ပါဘူး။ တကယ်လို့ တနေ့နေ့ အဆင်ပြေတယ်လို့ စဉ်းစားမိတယ်ဆိုရင် မီးဖိုကြီးကြပ်သူကနေတဆင့် ကန်ကြည့်ကျောင်းတော်က ချွေးမင်ဟွမ်ကို သတင်းပို့လိုက်လို့ ရပါတယ်…”

အဘိုးကြီးယန်က ခေါင်းညိတ်ပြီး သူ့ကို ဆန့်ကျင်မနေခဲ့ပေ။

ချွေးမင်ဟွမ်က ဦးညွှတ်ပြီး ထွက်ခွာသွားခဲ့၏။ သူ့လို ကျားစေ့ငယ်လေးတစ်ခုနှင့် ယှဉ်လိုက်မည်ဆိုလျှင် ကန်ကြည့်ကျောင်းတော်က နတ်ဘုရားတစ်ပါးဖြစ်စေ၊ တခြားအရာဖြစ်စေ သူကတော့ တာ့လီအင်ပါယာ၏ တခြားနေရာများကို သွားရောက်ရှာဖွေ၍ ရနိုင်သေးသည်။ သို့သော် သူတို့က ပိယွင်တောင်ကိုရွေးချယ်ခဲ့၏။

အမှန်အတိုင်း ပြောရလျှင်တော့ အဘိုးအိုက ကိစ္စမရှိသည့်အတွက် ထိုအရာကို အလွန်အမင်းဂရုစိုက်နေခြင်း မရှိချေ။ အဘိုးအို ဂရုစိုက်သည့်အရာကတော့ အမိုးတံတားတွင် ညအချိန် ရွမ်ချုံကို ချီကျင့်ချွန် ပြောခဲ့သော စကားသာဖြစ်သည်။

အဆုံးတွင်တော့ သူက တစ်ညလုံး အမိုးတံတားတွင် တစ်ယောက်တည်း ထိုင်နေပြီး အရုဏ်တက်ချိန်ကျမှသာ မြို့ထဲသို့ ပြန်လာခဲ့သည်။ ဤအချိန်အတောအတွင်း ချီကျင့်ချွန်က မည်သည့်စကားများ ပြောခဲ့ပြီး မည်သည့်အရာများ လုပ်ခဲ့သနည်း။

အဘိုးအိုက သူ၏ဆေးတံကြီးနှင့်အတူ မတ်တပ်ရပ်လိုက်ပြီး အသံတိုးတိုးနှင့် အပြစ်တင်လိုက်၏။

“သူတို့တွေ တစ်ယောက်မှ ရင်ဆိုင်ဖို့ မလွယ်ဘူး…”

………….

ကျောင်းထဲတွင်တော့ ကလေး(၄)ယောက်က အချင်းချင်း ရှုပ်ထွေးစွာ ကြည့်နေမိကြသည်။ ထိုကလေးများက ဆရာချီကို မမြင်ကြရပေ။

ထိုအစား တစ်နှစ်ပတ်လုံး တံမြက်စည်းလှဲနေသော အဘိုးအိုကိုသာ တွေ့လိုက်ရ၏။ သူက ဆရာချီကဲ့သို့ ကွန်ဖြူးရှပ်စာသင်သားဝတ်စုံကို ဝတ်ဆင်ထားပြီး ခါးတွင် ကျောက်စိမ်းပြားတစ်ခုကို ချိတ်ထားခဲ့သည်။ သူ၏ဆံပင်များကိုလည်း သပ်သပ်ရပ်ရပ် ဖီးထားပြီး ခေါင်းပေါ်တွင် ဆံထိုးတစ်ခု ထိုးထား၏။

ထိုအဘိုးအိုက ဆရာချီ၏ ထိုင်ခုံတွင် ထိုင်၍ ဆရာချီက သူ့ကို ဆရာအဖြစ် သတ်မှတ်ပေးခဲ့ပြီး ချောက်ကမ်းပါးကျောင်းတော်၏ တောင်ထိပ်သခင်အဖြစ် တာဝန်ပေးခဲ့ကြောင်း ပြောခဲ့သည်။ ထို့ကြောင့် သူက သူတို့ကို ကျောင်းတော်သို့ ပို့ဆောင်‌ပေးရလိမ့်မည်ဖြစ်၏။

ဆရာချီ၏ ကလေးငယ်များက ခရီးရှည်ကြီးသွားရန် သဘောတူထားပြီး သူတို့မိသားစု အကြီးအကဲများကလည်း ထိုအရာကို သဘောတူထားခဲ့သည်။ အဘိုးအိုက ယခင်တုန်းကလို သနားကြင်နာမှု မရှိတော့ချေ။ သူက မေးလိုက်၏။

“လီပေါင်ဖျင်က ဘယ်မှာလဲ။ ဘာလို့ သူက ကျောင်းကို ရောက်မလာသေးတာလဲ…”

အနီရောင်အပေါ်ဝတ် ကလေးမနှင့်မတည့်သော လီဟွိုင်က အဘိုးအိုကို ချက်ချင်းပြောလိုက်သည်။

“သစ်ခါးပင်ကြီး လဲကျနေတာကိုကြားလို့ လီပေါင်ဖျင်က ထွက်သွားတယ်။ ကျွန်တော် သူ့ကို တားလို့မရဘူး။ သူက တော်တော်လေး ဆိုးတယ်လေ။ ကျွန်တော်က သူ့ကို ဖျောင်းဖျဖို့ ကြိုးစားပေမဲ့ ကျွန်တော့်စကားကို နားမထောင်ဘူး။ သူက ကျွန်တော့်ကိုတောင် ရိုက်ချင်နေသေးတယ်…”

တခြားကလေးငယ်(၃)ယောက်ကလည်း တိတ်တဆိတ် အပြစ်တင်နေကြ၏။ လီဟွိုင်က အမှန်တကယ်ကို သူ့အမေကဲ့သို့ဖြစ်သည်။ သူက လိမ်ပြောသည့်နေရာတွင် တခြားသူများထက် ပို၍တော်နေခဲ့၏။

အဘိုးအိုက ဆံပင်ကျစ်ဆံမြီးနှင့် ကလေးမလေးတစ်ယောက်ကို လှည့်ပြီး ပြောလိုက်သည်။

“လီပေါင်ဖျင်ကို ပြန်လာဖို့ သွားပြောလိုက်။ ငါတို့က ဒီနေ့ပဲ မြို့ထဲကနေ ထွက်သွားတော့မယ်…”

ကလေးမလေးက မထချင်ထချင်နှင့် မတ်တပ်ရပ်လိုက်ပြီး ကျောင်းထဲမှ ထွက်သွားခဲ့သည်။ လီဟွိုင်က ငယ်ရွယ်ပြီး အတော်လေးကို နှုတ်ကြမ်းသည်။ သူကတော့ မီးလောင်ရာ လေပင့်ပေးရန် မမေ့ခဲ့ပေ။ သူက အဘိုးအိုကို ပြောလိုက်၏။

“အဘိုးမာ …

လီပေါင်ဖျင်က တော်တော်ဆိုးတယ်။ သူ့ကို ကောင်းကောင်းဆုံးမမှရမယ်။ မဟုတ်ရင် သူက အောင်မြင်မှာ မဟုတ်ဘူး။ ဆရာချီ မရှိမှတော့ အဘိုးမာကပဲ သူ့ကို တာဝန်ယူရလိမ့်မယ်…”

အဘိုးအိုက သူ့ကို ရှုတည်တည်နှင့် စိုက်ကြည့်လိုက်သည်။ လီဟွိုင်က အလွန်ကြောက်လန့်သွားသည့်အတွက် ငြိမ်သွားခဲ့၏။ သူက ရင်ထဲတွင် အဘိုးအိုကို ကျိန်ဆဲနေခဲ့သည်။ အတိတ်တုန်းကတော့ လီဟွိုင်က ဆရာချီ၏ စည်းမျဉ်းများကို အလွန်ပျင်းရိနေခဲ့၏။ ယခုတော့ သူက ဆရာချီ၏သနားကြင်နာမှုကို လွမ်းဆွတ်နေခဲ့သည်။

ကျောင်း၏ဘေးတွင် ရှိနေသော ချီကျင့်ချွန် ပိုင်ဆိုင်သည့်အခန်းထဲတွင် ကန်ကြည့်ကျောင်းတော်မှ ချွေးမင်ဟွမ်က စားပွဲခုံတစ်ခု၏နောက်တွင် ထိုင်နေပြီး ပတ်ပတ်လည်ကို ကြည့်နေခဲ့၏။ ထိုနေရာကို ယူထားသော စာသင်သားက ပြုံးနေသော်လည်း စိတ်ပျက်လက်ပျက်နှင့် တီးတိုးရေရွတ်လိုက်သည်။

“စာအုပ်လည်း များများမရှိဘူး…”

……….

ချန်းပင်အန်းက ပန်းပဲဆိုင်သို့ ရောက်လာခဲ့သည့်အချိန်တွင် သတင်းတစ်ခုကို ကြားလိုက်ရသည့်အတွက် အနည်းငယ် ရှုပ်ထွေးသွားခဲ့၏။ နင်ယောင်က အရုဏ်မတက်ခင် မြို့ထဲမှ ထွက်သွားခဲ့သည်။ သူမက တောင်ကွားတောင်တွင် နေထိုင်သည်ဟု ရွမ်ရှို့က ပြောခဲ့၏။

သူမက ဓားပျံနှင့်အတူ စာတစ်စောင်ကို ရခဲ့၏။ ထိုသတင်းကိုကြားသည့်အခါ မိန်းကလေးနင်က ဆိုင်မှ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။ ထိုအချိန်ကျမှသာ မိန်းကလေးနင်က သူ့ကို နှုတ်ဆက်ရန် ရွှံ့ပုလင်းလမ်းကြားထဲသို့ ရောက်လာကြောင်း ချန်းပင်အန်းလည်း နားလည်သွားခဲ့သည်။ ချန်းပင်အန်းက နင်ယောင် ယာယီနေထိုင်ခဲ့သော အိမ်ငယ်လေး၏ တံစက်မြိတ်အောက်တွင် ရပ်နေပြီး နှုတ်ခမ်းကို တင်းတင်းစေ့ထားမိသည်။

ရွမ်ရှို့က တိုးတိုးလေး ပြောလိုက်၏။

“ဓားအိမ်ကို ခဏပြန်ငှားသွားဦးမယ်လို့ မိန်းကလေးနင်က နင့်ကို ပြောခိုင်းခဲ့တယ်။ နောက်ကျရင် သူက နင့်ကိုပြန်ပေးလိမ့်မယ်…”

ချန်ပင်အန်းက ခေါင်းခါပြီး ပြန်ပြောလိုက်သည်။

“အဲဒါက အဆင်ပြေပါတယ်…”

ရွမ်ရှို့က တစ်စုံတစ်ခုပြောချင်နေသော်လည်း ရပ်တန့်လိုက်၏။

မိန်းကလေးရွမ်ကို ထိုစကားများပြောခြင်းက အဓိပ္ပာယ် မရှိကြောင်း ချန်းပင်အန်းလည်း နားလည်နေခဲ့၏။ သူက ခေါင်းကုတ်ပြီး ပြောလိုက်သည်။

"ဒါဆိုလည်း ကျွန်တော်က ရွှံ့ပုလင်းလမ်းကြားထဲကို အရင်ဆုံးပြန်လိုက်ဦးမယ်…”

ရွမ်ရှို့က ခေါင်းညိတ်ပြလိုက်၏။ ချန်းပင်အန်းက ထွက်သွားခဲ့သည်။ ထိုအချိန်တွင် ရွမ်ရှို့က တစ်စုံတစ်ခုကို အမှတ်ရသွားပြီးအော်ပြောလိုက်၏။

“ချန်းပင်အန်း …

နင်က ဆိုင်မှာ ခဏဆက်ပြီး အလုပ်လုပ်လို့ရတယ်လို့ ငါ့အဖေက ပြောလိုက်တယ်။ သူက နောက်ပိုင်းမှာ နင့်ရဲ့အကူအညီကို လိုကောင်းလိုနိုင်တယ်…”

ချန်းပင်အန်းက ပြန်လှည့်လာပြီး အပြုံးနှင့် ပြောလိုက်သည်။

“ကျေးဇူးတင်ပါတယ်…”

အစိမ်းဝတ်မိန်းကလေးက လှပစွာ ပြုံးပြလိုက်၏။

ချန်းပင်အန်းကတော့ စမ်းချောင်းဘေးတွင် တစ်ယောက်တည်း လမ်းလျှောက်နေခဲ့သည်။ သူက ကျောက်တုံးတံတားကို ရောက်လာသည့်အချိန်တွင် ရုတ်တရက် ရပ်လိုက်ပြီး ကျောပေါ်တွင် သယ်ထားသော ခြင်းတောင်းကို ချလိုက်၏။ သူက ကျောက်တုံးတံတား၏အစွန်တွင် ထိုင်ပြီး ခြေထောက်နှစ်ဖက်ကို လေထဲတွင် လွှဲနေခဲ့သည်။

အလွန်လေးလံသော နဂါးခေါင်းဖြတ်ကျောက်တုံး ထည့်ထားသည့် ခြင်းတောင်းကတော့ သူ့ဘေးတွင် ချထားခဲ့၏။ မြက်ဖိနပ်နှင့် လူငယ်လေးက ညင်သာစွာ လှုပ်ရှားနေခဲ့သည်။

မိန်းကလေးနင် ထွက်ခွာသွားသည့်အတွက် လူငယ်လေးက အလွန်ဝမ်းနည်းနေခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူမက ထွက်သွားမည်ဖြစ်ကြောင်း အစကတည်းက သိထားခြင်းကြောင့် ဖြစ်သည်။ သို့သော် သူ မပြောနိုင်ခဲ့သောစကားတချို့တော့ ရှိနေသေး၏။

အချိန်တော်တော်ကြာပြီးနောက် ချန်းပင်အန်းက အမိုးတံတားအောက်ရှိ အလွန်ကြီးမားသော ရေပွက်ကြီး‌တစ်ခုကြောင့် သတိပြန်ဝင်လာခဲ့သည်။ ချန်းပင်အန်းက အလျင်အမြန် ပြန်လှည့်လိုက်ရာ ခြင်းတောင်းက မရှိတော့ကြောင်း တွေ့လိုက်ရသည်။

ချန်းပင်အန်းက စဉ်းစားမနေခဲ့ပေ။ သူက ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်ပြီး စမ်းချောင်းထဲသို့ ခုန်ဆင်းလိုက်၏။ ရေထဲသို့ ရောက်သွားပြီးနောက် ရေထဲတွင် လျင်မြန်စွာ နေရာပြောင်းလိုက်ပြီး အောက်ခြေသို့‌ ငုပ်လာခဲ့သည်။

ချန်းပင်အန်းက မျက်လုံးဖွင့်ကြည့်လိုက်သည့်အချိန်တွင် အလင်းရောင်အနည်းငယ်ကို ‌ဝိုးတဝါး မြင်လိုက်ရ၏။ ထိုခဏတွင် ချန်းပင်အန်းက သတိလွတ်သွားခဲ့သည်။ ထို့နောက် ချန်းပင်အန်းက မှန်ကဲ့သို့ ကြည်လင်နေသော မျက်နှာပြင်ပေါ်တွင် တစ်ယောက်တည်း ရပ်နေကြောင်း တွေ့လိုက်ရ၏။ သူက ခြေထောက်ကို ညှင်သာစွာ နင်းလိုက်သည့်အချိန်တိုင်း ဝဲကတော့လေးများ ထွက်ပေါ်လာသော်လည်း မှန်မျက်နှာပြင်ကတော့ ပျက်စီးသွားခြင်း မရှိချေ။

ချန်းပင်အန်းက ရုတ်တရက် လက်ကိုမြှောက်ပြီး မျက်လုံးကို ဖုံးကွယ်လိုက်သည်။ သူ့ရှေ့တွင်တော့ ကမ္ဘာကြီးတစ်ခုလုံး လင်းထိန်နေသော အလင်းတန်းတစ်ခု ရှိနေသည်။ အလင်းတန်းများ ပျောက်ကွယ်သွားသည့်အချိန်တွင် ချန်းပင်အန်းက လေထဲတွင် လက်ပိုက်၍ ထိုင်နေသော လူတစ်ယောက်ကို မြင်လိုက်ရ၏။

သူ၏ခြေထောက်တစ်ဖက်က ကွေးနေပြီး တခြားလက်တစ်ဖက်ကတော့ ချောက်ကမ်းပါးအစွန်ပေါ်တွင် ထိုင်နေသလို ထင်ရသည်။ သူက ခြေထောက်တစ်ဖက်ကိုတင်ပြီး ခြေထောက်တစ်ဖက်ကို ကမ်းပါးပေါ်မှ ချထားခဲ့၏။

သူ့ပုံစံက အလွန်ပျင်းစရာကောင်းသည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးမှ အဖြူရောင်အလင်းတန်းများ ထွက်ပေါ်လာနေခဲ့၏။ ထိုအလင်းလေးများကလည်း ဆက်တိုက်လှုပ်ရှားနေခဲ့သည်။ ချန်းပင်အန်းက ထိုလူ၏မျက်နှာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။

ထိုလူက ရွှံ့ပုလင်းလမ်းကြားထဲတွင် မက်ခဲ့သော အိပ်မက်ထဲရှိ အမိုးတံတား၏ အလယ်တွင် ရပ်နေသောလူနှင့် တူညီနေခဲ့သည်။ ထိုအရာက တစ်ယောက်တည်းဖြစ်ကြောင်း ချန်းပင်အန်းက သေချာမသိခဲ့ပေ။

ထိုလူက ခေါင်းမော့ပြီး သမ်းဝေလိုက်၏။ သူက ‌ဖြည်းညင်းစွာ ပြောလိုက်သည်။

“ချီကျင့်ချွန်လို့ခေါ်တဲ့ စာသင်သားက ဒီကမ္ဘာကြီးကို အရမ်းစိတ်ပျက်နေပြီလို့ ပြောခဲ့တယ်။ မင်းကကော…”

ထိုလူက စကားပြောလိုက်ပြီး‌နောက် ချန်းပင်အန်းက အသက်ရှုရ ခက်ခဲလာပြီး အံကြိတ်လိုက်မိသည်။ သိပ်မကြာခင် သူ၏နှလုံးခုန်သံကို နောက်တစ်ကြိမ် ပြန်ကြားလိုက်ရ၏။ တစ်စုံတစ်ယောက်က ဗုံတီးနေသလို ထင်မှတ်ရသည်။ လူငယ်လေး၏ မျက်နှာက နီရဲလာပြီး သူ၏နှလုံးသားကို လက်နှင့်ဖိရန် ကြိုးစားလိုက်သည်။

နွေဦးက ကျရောက်လာတော့မည်ဖြစ်ကြောင်း နတ်ဘုရားများက ကမ္ဘာမြေကြီးကို အသိပေးနေသလို ထင်ရသည်။ အကယ်၍ အသံရောက်မလာလျှင် နွေဦးလည်း ရောက်လာလိမ့်မည် မဟုတ်ချေ။ ထိုလူက လက်ကို ဝှေ့ယမ်းလိုက်ရာ သူ၏အင်္ကျီလက်က နဂါးငွေ့တန်းတစ်ခုကဲ့သို့ လှုပ်ရှားသွားခဲ့၏။

ကျောက်တုံးတံတားပေါ်တွင်လူငယ်လေးကတော့ အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေမှ နိုးထလာခဲ့၏။ သူက ပြန်လှည့်ကြည့်လိုက်ရာ ခြင်းတောင်းက သူ့ဘေးတွင် ရှိနေကြောင်း မြင်လိုက်ရသည်။

လူငယ်က ခေါင်းကိုလက်နှင့်ကိုင်ပြီး နောက်တစ်ကြိမ် ရေရွတ်လိုက်မိ၏။

“နောက်တစ်ကြိမ် လာပြန်ပြီလား…”

ချန်းပင်အန်းက သူ့ကိုယ်သူ အားနှင့်ရိုက်ကြည့်လိုက်ရာ နာကျင်သွားခဲ့သည်။ သူက ချက်ချင်းပင် စိုးရိမ်တကြီး မတ်တပ်ရပ်လိုက်ပြီး နောက်ကျောတွင် ခြင်းတောင်းကိုလွယ်၍ အဝေးသို့ ထွက်ပြေးသွားခဲ့၏။

ချန်းပင်အန်းက ရွှံ့ပုလင်းလမ်းကြားဆီသို့ ပြန်ပြေးလာခဲ့သည်။ သူက တံခါးဖွင့်လိုက်ရာ ခြံဝန်းထဲတွင် ရှိနေသော သစ်ကိုင်းများစွာကို တွေ့လိုက်ရ၏။ ထိုကလေးမလေးက အမှန်တကယ်ကို ပြေးလိုက်သယ်လိုက် လုပ်နေပုံရသည်။ ချန်းပင်အန်းက ခြင်းတောင်းကို ချထားလိုက်ပြီး ခြံဝန်းတံခါးတွင် ထိုင်နေလိုက်၏။ တစ်ကိုယ်လုံးလည်း ချွေးပျံနေခဲ့သည်။

ထိုအချိန်တွင် ရွှံ့ပုလင်းလမ်းကြား၏ တစ်ဖက်အစွန်မှနေ၍ အနီရောင် အလင်းတန်းလေးတစ်ခု ပေါ်လာခဲ့သည်။ ကလေးမလေးက တကိုယ်လုံးချွေးများ စိုရွှဲနေခဲ့၏။ ချန်းပင်အန်းကို မြင်သည့်အခါ သူမက ပြုံးပြလိုက်သည်။ သူမက သစ်ကိုင်းတစ်ခုကို ထမ်းထားပြီး အသက်ကို မနည်းရှုနေရ၏။

ထို့နောက် သူမက အိတ်ထဲတွင် ထည့်ထားသော အစိမ်းရောင်သစ်ရွက်များကို ပေးလိုက်သည်။ ချန်းပင်အန်းက ထိုအရာများကို ယူပြီး ငုံ့ကြည့်လိုက်၏။ ဆရာချီ သူ့အတွက် တောင်းဆိုပေးသော သစ်ရွက်များနှင့် ယှဉ်လိုက်မည်ဆိုလျှင် ထိုသစ်ရွက်များက ဝါနေသေးသည်။ ထိုသစ်ရွက်များ၏ သွေးကြောများက ညှိုးခြောက်ပြီး အဝါရောင်ဖြစ်နေခဲ့၏။

သူတို့ကို အချိန်တော်တော်ကြာ စိုက်ကြည့်လိုက်ပြီးနောက် အတွင်းထဲတွင် အစိမ်းရောင်အလင်းတန်းများကို မတွေ့ခဲ့ရပေ။ ချန်းပင်အန်းက ပတ်ပတ်လည်ကို လှည့်ကြည့်နေသော အနီဝတ်ကလေးမလေးကို စိုက်ကြည့်လိုက်၏။ သူက အပြုံးနှင့် လက်ဖြန့်လိုက်သည်။

ကလေးမက ရှုပ်ထွေးနေခဲ့၏။ ချန်းပင်အန်းက သူ့လက်ကို ပြန်မရုတ်ခဲ့ပေ။ ခဏကြာပြီးနောက် သူမက အိတ်ထဲမှနေ၍ နောက်ဆုံးကျန်နေသော သစ်ရွက်လေးကို ထုတ်ပေးပြီး ချန်းပင်အန်း၏ လက်ဖဝါးကို ရိုက်လိုက်သည်။

ချန်းပင်အန်းက လက်ကိုဆက်၍ ဖြန့်လိုက်၏။

သူမ၏ပါးနှစ်ဖက်က ဖောင်းနေပြီး နောက်ထပ်သစ်ရွက်တစ်ရွက်ကို ထုတ်ပေးလိုက်သည်။ သူမက ဝမ်းနည်းနေသော မျက်နှာအမူအရာနှင့် ချန်းပင်အန်းကို ပေးလိုက်၏။ ချန်းပင်အန်းက ရယ်ချင်စိတ်ကို ထိန်းထားလိုက်ပြီး သစ်ရွက်(၈)ရွက်ကို ယူထားလိုက်သည်။ ထို့နောက် (၃)ရွက်ကို ကလေးမလေးဆီသို့ ပြန်ပေးလိုက်၏။

“ဒါက နင့်အတွက်…”

ကလေးမလေးက သစ်ရွက်များကို မယူခဲ့ပေ။ သူမ၏မျက်လုံးများထဲတွင် ရှုပ်ထွေးနေသလို ခံစားရ၏။

ချန်းပင်အန်းက ကလေးမလေး၏ခေါင်းကို လက်နှင့်ပုတ်လိုက်ပြီး သိမ်မွေ့စွာ ရှင်းပြလိုက်သည်။

“နင်က ဒါကို ဖွက်ထားတာနဲ့ ငါ နင့်ကို ပြန်ပေးလိုက်တာနဲ့ မတူဘူး။ နင်က နောက်ပိုင်း တခြားသူကို ပေးထားတဲ့ကတိတည်ရလိမ့်မယ်…”

ချန်းပင်အန်းက အပြစ်ကင်းစင်သော ကလေးမလေးကိုကြည့်ပြီး ပြုံးလိုက်၏။

“တကယ်လို့ နင်က ကြိုးကြိုးစားစား လုပ်မယ်ဆိုရင်တောင် အဲဒီအရာကို လုပ်နိုင်မှာ မဟုတ်သေးဘူး။ ငါပြောတာကို သေချာမှတ်ထား…”

သူပြောသည့်စကားက သင့်တော်သည်ဟု ကလေးမလေးက ခံစားမိသော်လည်း သူမက ရှက်ရွံ့နေခဲ့သည်။ ထို့ကြောင့် သူမက မျက်နှာလေးကိုအုပ်ပြီး ဒေါသတကြီး ပြောလိုက်၏။

“နင်က ဘာလို့ဆရာချီနဲ့ ဒီလောက်တောင် တူနေရတာလဲ။ ငါက နင့်ကိုထပ်ပြီးတော့ မကြိုက်တော့ဘူး…”

ချန်းပင်အန်းက ငိုရမလား၊ရယ်ရမလား မပြောတတ်တော့ပေ။ သူက ပြောလိုက်၏။

“ငါက ဒီသစ်ကိုင်းတွေကို နင့်ရဲ့အိမ်ထိသယ်သွားဖို့ ကူညီပေးမယ်။ တစ်ခေါက်တည်းနဲ့ လုံလောက်ပါတယ်…”

ပင်ပန်းနေသော ကလေးမလေး၏ ဝင်းလက်တောက်ပသွားခဲ့၏။ သူမက အပြုံးနှင့် ပြောလိုက်၏။

“ဒါဆိုရင်တော့ ငါက နင့်ကို နောက်ထပ်နည်းနည်းလောက် ထပ်ပြီးတော့ ကြိုက်လိုက်ဦးမယ်…”

Translated by Hein Htet

All Chapters