အခန်း (၇၂)
Vol. 5 Ch. 72
ချန်းပင်အန်းက ပိန်ပိန်ပါးပါးနှင့် အားနည်းပုံ ရသော်လည်း ပုခုံးပေါ်တွင် သစ်ကိုင်းများကို ထမ်း၍ ရွှံ့ပုလင်းလမ်းကြားထဲ၌ လမ်းလျှောက်သွားသည့် အချိန်တွင်တော့ အနီဝတ်ကလေးမလေးက မှင်တက်သွားခဲ့သည်။ အကယ်၍ သူမကသာ ခေါင်းမာနေခဲ့ခြင်း မရှိလျှင် သူမ၏ပုခုံးသေးသေးလေးပေါ်တွင် ရှိနေသော သစ်ကိုင်းများကိုလည်း သယ်ပေးမည်သာ ဖြစ်သည်။
ရွှံ့ပုလင်းလမ်းကြား၏ ဝင်ပေါက်တွင်တော့ ဆံပင်ကျစ်ဆံမြီးနှင့် ကလေးမလေး တစ်ယောက်ရပ်နေပြီး သူမ၏ပါး(၂)ဖက်ကတော့ ဆောင်းရာသီ၏ အအေးဓာတ်ကြောင့် အေးခဲနေသလို ထင်မှတ်ရ၏။
အနီဝတ် ကလေးမလေးက သစ်ကိုင်းများ သယ်နေသည်ကို မြင်သည့်အခါ သူမက ဆူပုတ်ပုတ်မျက်နှာနှင့် ပြောလိုက်သည်။
"လီပေါင်ဖျင် ...
သစ်ကိုင်းတွေကို ချခဲ့ပြီး ငါနဲ့အတူ ကျောင်းကို လိုက်ခဲ့ရမယ်။ အဘိုးမာက ဒီနေ့တော်တော်လေး ထူးဆန်းနေတာ နင် မသိဘူး။ သူက ဆရာချီလိုအင်္ကျီ ဝတ်ထားပြီး ငါတို့ကို စာသင်ဖို့ ချောက်ကမ်းပါးကျောင်းတော်ဆီ ခေါ်သွားမယ်လို့ ပြောတယ်။ တကယ်လို့ အဘိုးမာကသာ ငါတို့ကို ဒေါသထွက်သွားမယ်ဆိုရင် နင့်အမှားကြောင့်ပဲ..."
အနီဝတ် ကလေးမလေးကတော့ ထိုစကားများကို နားထောင်နေခဲ့ခြင်း မရှိချေ။ သူမက ခါးတွင် ရှိနေသော ပန်းထိုးအိတ်လေးထဲမှ ချန်းပင်အန်း ပေးထားသည့် အစိမ်းရောင် သစ်ရွက်လေးကိုယူပြီး သူ့အဖော်၏ရှေ့တွင် ကြွားဝါနေခဲ့သည်။
သူမက အေးအေးဆေးဆေး အမူအရာနှင့် ပြောလိုက်၏။
"နင့်မှာ ဒါမျိုး မရှိဘူး။ ဒါပေမယ့် ငါ့မှာတော့ အများကြီးရှိတယ်…"
ကျစ်ဆံမြီးနှင့် ကလေးမလေးကတော့ ထိုအရာကို ထူးဆန်းနေသည်ဟုသာ ခံစားမိခဲ့သည်။ သစ်ရွက်တစ်ခုကို ပြသနေခြင်းက မည်သည့်အရာ ကောင်းမွန်ကြောင်း သူမ မသိသော်လည်း သူမက လီပေါင်ဖျင်ကို ကြည့်မနေနိုင်ခဲ့ပေ။ သူမက အရိုက်ခံချင်နေပုံရ၏။
ပြဿနာကတော့ ကျောင်းတွင် သက်တူရွယ်တူကလေးများ ရှိနေသော်လည်း လီဟွိုင်ကဲ့သို့သော ပြဿနာရှာတတ်သည့် ကလေးတစ်ယောက်ကပင် လီပေါင်ဖျင်ကို မရိုက်ရဲကြပေ။ တစ်ကြိမ်တွင် လီဟွိုင်က သူမ၏ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး မြေပေါ်တွင် လှဲချ၍ သေချင်ယောင်ဆောင်ခဲ့သည်။
လီပေါင်ဖျင်ကတော့ အလျှော့မပေးခဲ့ပေ။ သူမက လီဟွိုင်၏ဘောင်းဘီကို ဆွဲချွတ်ပြီး သစ်ပင်တစ်ပင်ပေါ်တွင် ချိတ်ထားခဲ့၏။
အောက်ပိုင်းဗလာ ဖြစ်နေသော လီဟွိုင်က အော်ဟစ်ငိုယို၍ အိမ်သို့ ပြန်သွားခဲ့သည်။ သူ့အမေကလည်း ရင်ဆိုင်ရန် မလွယ်လှပေ။ သူမက စကားတစ်ခွန်းမျှ မပြောဘဲ လီဟွိုင်ကို ဖုလုလမ်းကြားထဲသို့ ခေါ်လာခဲ့၏။ အဆုံးတွင်တော့ ထိုအမျိုးသမီးက လီမိသားစုဆီသို့ မရောက်ခင် အလွန်ကြီးကျယ်ခမ်းနားသော ကျောက်ခြင်္သေ့များ၊ တံခါးနတ်ဘုရားများနှင့် မြင့်မားသော ခြံဝင်းနံရံများကို မြင်လိုက်ရသည်။
ထိုအခါ သူမက အလွန်ဒေါသထွက်သွားသည့်အတွက် လီဟွိုင်ကို နောက်တစ်ကြိမ် ရိုက်ခဲ့၏။ သူမက လီမိသားစုအိမ်တံခါးကိုပင် မခေါက်ခဲ့ဘဲ သူ့သား၏နားရွက်ကိုဆွဲပြီး မြို့အနောက်ဘက်တွင် ရှိနေသော အိမ်ပျက်လေးဆီသို့ ပြန်ခေါ်လာခဲ့သည်။
သို့သော် ထိုညတွင်တော့ ထိုအမျိုးသမီးက ကြက်တစ်ကောင်သတ်ပြီး ကင်စားခဲ့သည်။ လီဟွိုင်က ထိုင်ခုံပေါ်တွင် ဘောင်းဘီမပါဘဲ မတ်တပ်ရပ်နေပြီး တခြားလူများထက် ပျော်ရွှင်စွာ စားသောက်နေခဲ့၏။ သူကတော့ လီပေါင်ဖျင်ကြောင့် အရှက်ရခဲ့သည့် အဖြစ်အပျက်ကိုပင် သတိမရနိုင်တော့ပေ။
ကျစ်ဆံမြီးနှင့် ကလေးမလေးက လက်ကာပြောလိုက်ပြီး သူမ၏မျက်နှာပေါ်တွင်လည်း အထင်သေးမှုများ ပြည့်နှက်နေသည်။
"အဲဒါက သစ်ရွက်တစ်ရွက်ပဲလေ။ ဘာများ ဂုဏ်ယူစရာရှိလို့လဲ။ မနေ့ညတုန်းကဆိုရင် ငါ့အဘိုးက ငါ့ကို ရွှေပေသီးတစ်ခု ပေးခဲ့တယ်။ ရွှေနဲ့လုပ်ထားတဲ့ ပေသီးက ဒီလောက်တောင်ကြီးတယ်…"
ကျစ်ဆံမြီးနှင့် ကလေးမလေးက ပြောနေခဲ့သော်လည်း အနီဝတ်ကလေးမလေးကတော့ သူမ၏ကိုယ်ပိုင်ကမ္ဘာလေးထဲတွင် နစ်မျောနေခဲ့သည်မှာ သနားစရာကောင်းလှသည်။ သူမက ရွှေပေသီးကို လုံးဝဂရုမစိုက်ခဲ့ပေ။ သူမက သူမ၏အဖော်ရှေ့တွင် သစ်ရွက်လေးကိုသာ ဆက်၍ ဝှေ့ယမ်းပြနေခဲ့၏။
သူမက ရှေ့တွင်ရှိနေသော ချန်းပင်အန်းကို လက်ညှိုးထိုးပြလိုက်သည်။
"သူ ငါ့ကို ပေးခဲ့တာလေ ...။ ငါ့အိတ်ထဲမှာ အများကြီးရှိသေးတယ်…"
ကျစ်ဆံမြီးနှင့်ကလေးမလေးက သက်ပြင်းချလိုက်မိသည်။ လီပေါင်ဖျင်နှင့် ပထမဆုံး တွေ့ခဲ့သည့်နေ့မှစ၍ သူမက အလွန်စိတ်ရှုပ်ခဲ့ရသည်။ သူမက ပြောချင်သည့် စကားကိုသာ ပြောပြီး နားထောင်ချင်သည့်အရာကိုသာ ကြားသည်။ သူမ လုပ်ချင်သည့် အရာကိုသာ လုပ်တတ်၏။
နဂါးစီးလမ်းကြားထဲတွင် သက်တူရွယ်တူများများ မရှိသည့် အချက်ကြောင့်သာ မဟုတ်လျှင် ကျစ်ဆံမြီးနှင့် ကလေးမလေးက သူမနှင့်အတူ ဆော့ကစားရန် ဆန္ဒရှိမည် မဟုတ်ချေ။
ဆရာချီကပင် လီပေါင်ဖျင်နှင့် ပတ်သက်ပြီး အကြိမ်ပေါင်းများစွာ မသက်မသာ ခံစားခဲ့ရ၏။ လီပေါင်ဖျင်ကတော့ အလွန်ထူးဆန်းသော မေးခွန်းပေါင်းများစွာကို မေးတတ်သည်။ သို့သော် ဆရာချီက လေးလေးနက်နက် ပြန်ဖြေတတ်၏။ သူက လီပေါင်ဖျင် နားလည်နိုင်သော အဖြေတစ်ခုကို မပေးနိုင်ခဲ့သည်မှာ ကံဆိုးသွားခဲ့သည်။
တစ်ခါတစ်ရံ ဆရာချီက မေးခွန်းတစ်ခုကို စိတ်လှုပ်ရှားစွာ စဉ်းစားနေခဲ့ပြီး နောက်တစ်နေ့တွင် လီပေါင်ဖျင်ကို သင်ကြားပေးရန် ကြိုးစားခဲ့သည်။ အဆုံးတွင်တော့ လီပေါင်ဖျင်က မေးခဲ့သော မေးခွန်းကို မေ့လျော့သွားခဲ့၏။
သူမက ငါးသလဲထိုးဖမ်းခြင်း၊ ပုရစ်ဖမ်းခြင်းနှင့် စွန်လွှတ်ခြင်းများ လုပ်ဆောင်သည့်အချိန်တွင် အဝေးသို့ ထွက်ပြေးတတ်ပြီး ဆရာချီကိုသာ ချန်ထားခဲ့တတ်သည်။
ချန်းပင်အန်းက သစ်ကိုင်းများကို ပုခုံးပေါ်တွင် ထမ်း၍ သယ်လာခဲ့သည်။ သူက နောက်ပြန်လှည့်ကြည့်ခဲ့ခြင်း မရှိချေ။ သူက အသံကျယ်ကျယ်နှင့် မေးလိုက်၏။
"အခုကျောင်းထဲမှာ လူဘယ်နှစ်ယောက်ရှိသေးလဲ…"
လီပေါင်ဖျင်က သစ်ကိုင်းကို သယ်ရင်း ပုခုံးကို အနည်းငယ်ပြင်လိုက်သည်။ သူမက ရှေ့နောက် အကြိမ်ပေါင်းများစွာ ပြောင်းလဲနေရပြီး ပုခုံးတစ်ခုလုံး နာကျင်နေပုံရ၏။
ကျစ်ဆံမြီးနှင့် ကလေးမလေးက ချက်ချင်းဖြေလိုက်သည်။
"အခု(၅)ယောက်ပဲ ကျန်တော့တယ်။ ကျွန်မ၊ လီပေါင်ဖျင်၊ လီဟွိုင်၊ လင်းရှို့ယီနဲ့ တုံရှိုကျင်းတို့ပဲ…"
သူမဆီတွင် လုပ်စရာမရှိသည့်အတွက် ကျောင်းတွင် ရှိနေသော အခြေအနေကို တဆက်တည်း ဆက်ပြောလိုက်သည်။
"ဆရာချီက ကျွန်မတို့အားလုံးကို စာပေသင်ကြားပေးဖို့အတွက် ခေါ်သွားမယ်လို့ ကတိပေးခဲ့တယ်။ ကျွန်မတို့က ချောက်ကမ်းပါးကျောင်းတော်မှာ သွားပြီးစာသင်ရမှာ။ အဲဒီအချိန်တုန်းကတော့ ကျောင်းထဲမှာ လူ(၁၄)ယောက်၊ (၁၅)ယောက်လောက် ရှိနေသေးတယ်။ ကျွန်မတို့မိသားစုတွေ အားလုံးကလည်း သဘောတူကြတယ်။ နောက်ပိုင်းမှာတော့ ဖုလုလမ်းကြားနဲ့ မက်မွန်ပွင့်လမ်းကြားထဲမှာ နေကြတဲ့ လူချမ်းသာကလေးအများစုက နေမကောင်းဘူးလို့ပြောပြီး ကျောင်းကို မလာကြတော့ဘူး။ နောက်ပိုင်းမှာတော့ သူတို့က မြို့ထဲကနေ ထွက်သွားပြီး သူတို့ရဲ့ဆွေမျိုးတွေဆီကို သွားရောက် ခိုလှုံကြတယ်ဆိုတာ လီပေါင်ဖျင်ပြောလို့ ကြားခဲ့ရတယ်…”
“ချောက်ကမ်းပါးကျောင်းတော်ကို သွားတော့မယ့်အကြောင်း ကြားတဲ့အချိန် အဲဒီလူတွေက အပျော်ဆုံးပဲ။ ဘာလို့ သူတို့က ဒီလောက်ပျော်နေကြလဲဆိုတာတောင် ကျွန်မ သေချာမသိဘူး။ သူတို့က ဆရာချီနဲ့အတူ ဒီလိုခရီးရှည်ကြီးတစ်ခု သွားရမှာဆိုတော့ မပင်ပန်းကြဘူးလား…"
ကလေးမလေး၏အသံက ကလေးဆန်သော်လည်း သူမ၏စကားလုံးများက ရှင်းလင်းနေသည်။ သူမက လူကြီးလေးတစ်ယောက်ကဲ့သို့ ရင့်ကျက်ပြီး သိမ်မွေ့ညင်သာ၏။ ချန်းပင်အန်းကာ ကုစန့်ကိုပင် တွေးမိခဲ့သည်။ သို့သော် သူမကတော့ ဖြူကောင်လေး တစ်ကောင်ကဲ့သို့ ဖြစ်နေခဲ့၏။ ထို့ကြောင့် သူမက အနည်းငယ် ကွဲပြားသည်။
ချန်းပင်အန်းက အပြုံးနှင့်မေးလိုက်၏။
"ဒါဆိုရင် မင်းနာမည်က ဘယ်လိုခေါ်လဲ ..."
ကျစ်ဆံမြီးနှင့် ကလေးမလေးက တည်ငြိမ်စွာ ပြောလိုက်သည်။
"ကျွန်မနာမည်လား။ ကျွန်မနာမည်က ရှစ်ချွန်ကျားလို့ ခေါ်တယ်။ ဒါကြောင့် ရှင်က ကျွန်မကို မိန်းကလေးရှစ်လို့ ခေါ်လို့ရတယ်…"
ချန်းပင်အန်းက ပြန်ပြောစရာ စကားလုံး မရှိတော့ချေ။ လီပေါင်ဖျင်ကတော့ သူ့ကိုကြည့်ပြီး ပြောလိုက်၏။
"နင်က သူ့ကို ရှစ်ထိုကလေးလို့ ခေါ်လို့ရတယ်…"
ထိုစကားကြောင့် ရှစ်ချွန်ကျားက ဒေါသထွက်နေသော ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ ဖြစ်သွား၏။ သူမက လီပေါင်ဖျင်ကို ဒေါသတကြီး ပြောလိုက်၏။
"နင်လည်း ငါ့ကို ရှစ်ထိုကလေးလို့ ခေါ်လို့မရဘူး…"
သူမ ဒေါသထွက်နေသည်ကို သဘောကျနေသော လီပေါင်ဖျင်ကတော့ သူငယ်ချင်းမလေး၏ နာမည်ကို စဉ်းစားမနေတော့ပေ။ ထို့ကြောင့် သူတို့က ရှစ်ချွန်ကျား၏ တုံ့ပြန်မှုကို အလေးမထားခဲ့ပေ။
တစ်ဖက်တွင်တော့ ရှစ်ချွန်ကျားက လေးနက်သော အကျင့်စရိုက်မျိုး ရှိသည်။ သူမက ထိုနာမည်ပြောင်ကို မခေါ်ရန် လီပေါင်ဖျင်ကို မရပ်မနား တိုက်တွန်းနေခဲ့သည်။ အဘယ်ကြောင့်ဆိုသော် နောက်ပိုင်း ဆရာချီ၏ ချောက်ကမ်းပါးကျောင်းတော်သို့ ရောက်သွားသည့် အချိန်တွင် လီပေါင်ဖျင်ကသာ သူမကို ရှစ်ထိုကလေးဟု တစ်ကြိမ်ခေါ်လိုက်မည်ဆိုလျှင် ထိုနာမည်ပြောင်ကို လုံးဝဖယ်ရှား၍ မရနိုင်ကြောင်း သိနေခြင်းကြောင့်ဖြစ်၏။
သူ့နောက်တွင် ကလေးမလေး(၂)ယောက်စကားများနေသည်ကို နားထောင်ပြီး ချန်းပင်အန်းက မေးလိုက်သည်။
"ဖုလုလမ်းကြားထဲမှာ လီမိသားစု စံအိမ်တွေ အများကြီးပဲ။ နင့်ရဲ့အိမ်က ဘယ်နေရာလဲ…"
ထိုအရာက မျိုးရိုးကြီး(၄)ခုထဲမှ တစ်ခု မဟုတ်လျှင် အဆင်ပြေသည်ဟု ချန်းပင်အန်းက တွေးမိခဲ့သည်။ မည်သို့ဖြစ်စေကာမူ ကျန့်ယန်တောင်မှ လူဝံအိုကြီးကို မျှားခေါ်ရန်အတွက် သူက ဖုလုလမ်းကြားပေါ်တွင် ရှိနေသော ရှေးဟောင်းသစ်ခါးပင်ကို သုံး၍ လီမိသားစု စံအိမ်နံရံပေါ်ကို တက်ခဲ့သည်။ ပြောရမည်ဆိုလျှင် ချန်းပင်အန်းက ငှက်လှောင်အိမ်ထဲရှိ အစာခွက်(၂)ခုကိုပင် လောက်လေးနှင့် ပစ်ခွဲခဲ့သေး၏။
ရှစ်ချွန်ကျားက မကြည်မသာ အမူအရာနှင့် ပြောလိုက်သည်။
"သူလား ... သူ့အိမ်အပြင်ဘက်မှာ သစ်ခါးပင် တစ်ပင်ရှိတယ်။ အရင်တုန်းကတော့ သူ့မိသားစုက သူ့ကို အပြင်ထွက်ခွင့်မပေးတဲ့အချိန်တိုင်း သူက နံရံပေါ်ကိုတက်ပြီး အဲဒီသစ်ခါးပင်အတိုင်း ဖုလုလမ်းကြားပေါ်ကို ဆင်းလာတာ။ တစ်ကြိမ်တော့ သူ့မိဘတွေက အရမ်းဒေါသထွက်သွားတဲ့အတွက် လှေကားကို နေရာရွှေ့ထားခဲ့တယ်။ ဒါပေမယ့် သူကတော့ အဲဒီကနေ ခုန်ချခဲ့တယ်။ အဲဒီနောက်မှာတော့ သူက ကျောင်းကို တစ်လလောက် မလာနိုင်ခဲ့ဘူး။ နောက်ထပ်(၂)လတိတိ သူက ချိုင်းထောက်နဲ့ လာခဲ့ရတယ်…"
ထိုအရာက ရှက်စရာဟု လီပေါင်ဖျင်ကတော့ မခံစားမိခဲ့ချေ။ ထိုအစား သူမက လေးလေးနက်နက် ပြောလိုက်၏။
"ငါက အဲဒါကို သေချာပြန်စဉ်းစားကြည့်ခဲ့တယ်။ အဲဒီတစ်ကြိမ်တုန်းက ငါ ဆင်းတဲ့ ပုံစံမှားနေတာ။ ငါက ခြေထောက်ကို အတည့်အတိုင်း မရပ်လိုက်သင့်ဘူး။ ဒါကြောင့် ငါ့ခြေထောက် ပြန်ကောင်းသွားတဲ့အချိန် နောက်တစ်ကြိမ်ပြန်ပြီး ကြိုးစားကြည့်ခဲ့တယ်…"
ရှစ်ချွန်ကျားက နှာခေါင်းရှုံ့၍ ပြောလိုက်၏။
"အဲဒါက နောက်ထပ်လဝက်လောက် ကျောင်းပျက်တဲ့ ကိစ္စမဟုတ်လား ..."
လီပေါင်ဖျင်က ရှုံ့မဲ့သွားခဲ့သည်။
"တတိယတစ်ကြိမ် ကြိုးစားမယ်ဆိုရင် အဆင်ပြေတာပဲ မဟုတ်လား…"
ရှစ်ချွန်ကျားက ဒေါသတကြီး ပြောလိုက်၏။
"နောက်ထပ် တစ်နှစ်နေရင် နင့်ရဲ့ခန္ဓာကိုယ်က မြန်မြန်ဆန်ဆန် ကြီးထွားလာတော့မှာလေ။ အဲ့ဒါဆိုရင် နင်က ခံနိုင်ရည်ရှိသွားပြီပေါ့။ ဒါက နင်ဆင်းတဲ့ပုံစံနဲ့ ဘာမှမဆိုင်ဘူး…"
ချန်းပင်အန်းကတော့ ထိုကလေးမလေး(၂)ယောက်၏ရန်ပွဲကို ဝင်မပါခဲ့ပေ။ ပထမဆုံး သူက ခေါင်းကိုက်နေခဲ့၏။ အကယ်၍ လီမိသားစုကသာ သူ့ကို မှတ်မိသွားမည်ဆိုလျှင် တံခါးပိတ်ထားပြီး ခွေးလွှတ်၍ ကိုက်ခိုင်းနိုင်သည်။
ဒုတိယတစ်ချက်ကတော့ ချန်းပင်အန်းက သူတို့၏ပျော်ရွှင်မှုများနှင့် တည်ငြိမ်မှုများကို အားကျနေခဲ့သည်။ သူတို့ဆီတွင် အိမ်ကို အုပ်ထိန်းရန် အကြီးအကဲများ ရှိနေပြီး ကျောင်းတွင် အေးအေးဆေးဆေး စာပေလေ့လာနိုင်သည်။ ချန်းပင်အန်းက ခေါင်းကိုက်နေသော်လည်း လီပေါင်ဖျင်ကို ကူညီပေးရန် ဆုံးဖြတ်ထားခဲ့သည်။ ထိုအရာကလည်း ကံကြမ္မာဟုသာ ဆိုနိုင်၏။
သူက အနီဝတ်ကလေးမလေးကို ပြောပြီးသွားပြီဖြစ်သည့်အတွက် ကတိတည်ရမည် ဖြစ်သည်။ အဆုံးတွင်တော့ သူက အံကြိတ်ပြီး လီမိသားစုစံအိမ်ဆီသို့ လျှောက်လာခဲ့၏။ နောက်ဆုံးတွင်တော့ ကောင်းကင်ကြီးက ငိုက်မြည်းနေရာမှ နိုးထလာပုံရသည်။
ကြည့်ရသည်မှာ ချန်းပင်အန်း၏ ကံတရားက ပြောင်းလဲသွားပုံရ၏။ တံခါးစောင့်ကလည်း သူ့ကို မမှတ်မိခဲ့ဘဲ လီပေါင်ဖျင်ကလည်း စံအိမ်ထဲထိ သစ်ကိုင်းများကို သယ်သွားရန် မတောင်းဆိုခဲ့ပေ။ ချန်းပင်အန်းက ပြန်လှည့်သွားတော့မည့် အချိန်တွင် လီပေါင်ဖျင်က သူ့ပုခုံးပေါ်တွင် ထမ်းထားသော သစ်ကိုင်းကို သူ့လက်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုအရာက သူမ၏ပြန်လည်ပေးဆပ်မှုဟု ပြောခဲ့၏။
ချန်းပင်အန်းက ထိုကလေးမလေး၏ သနားကြင်နာမှုကို ငြင်းဆန်ခဲ့ခြင်း မရှိချေ။ သူက ထိုအရာကို ပခုံးပေါ်တွင် သယ်ဆောင်ပြီး နှုတ်ဆက်စကား ပြောလိုက်၏။ တံခါးစောင့်ကတော့ သခင်မလေး၏ ထူးဆန်းသော အကျင့်စရိုက်ကို ရင်းနှီးနေပြီးသားဖြစ်သည်။
သူမက မီးရှို့ရန်ပင် မလွယ်သော သစ်ခါးပင်၏ သစ်ကိုင်းများကို သယ်ဆောင်လာခဲ့သည့်အတွက် အံ့ဩနေခဲ့ခြင်း မရှိချေ။ သခင်မလေး၏ အနီရောင်အပေါ်ထပ်အင်္ကျီကြောင့်သာ အနည်းငယ် ခေါင်းကိုက်သွားသလို ခံစားလိုက်ရခြင်းဖြစ်၏။ ထိုအရာက သစ်ကိုင်းများထက် ပို၍တန်ကြေးရှိသည်။
သခင်မလေးက အသက်(၅)နှစ်ပင် မပြည့်သေးခင် စမ်းချောင်းကိုသွားပြီး ဂဏန်းကြီးတစ်ကောင်ကို တစ်ယောက်တည်း ဖမ်းခဲ့သည်။ အိမ်ပြန်လာသည့် အချိန်တွင် ငိုပြီး လက်ကိုမြှောက်ထားခဲ့၏။ သူမ၏လက်တွင်တော့ လက်မများကို ညှပ်ထားသော ဂဏာန်းတစ်ကောင် ရှိနေသည်။ ထို့ကြောင့် သူမ၏မိဘများနှင့် ဘိုးဘေးများက အလွန်ဒေါသထွက်ခဲ့ရ၏။ ယခုအချိန်ထိ အစိမ်းရင့်ရောင်အခွံနှင့် အနီရောင်လက်မများ ရှိနေသော ဂဏန်းက သူမ၏ငါးကန်ထဲတွင် ရှိနေခဲ့သည်။ သူ၏သခင်မလေးက စာပေလေ့လာရခြင်းကို သဘောမကျဘဲ လုပ်စရာမရှိလျှင် စကားပြောဆိုနေတတ်၏။
ထွက်ခွာသွားသော ချန်းပင်အန်းကို ကြည့်လိုက်ပြီး ရှစ်ချွန်ကျားက အနားတွင် ရှိနေသော လီပေါင်ဖျင်ကို အပြုံးနှင့် ကြည့်လိုက်သည်။
"ဒါဆိုရင် နင့်ရဲ့ရှေ့သွား တစ်ချောင်း ကျိုးသွားအောင် လုပ်လိုက်တာက သူလား…"
လီပေါင်ဖျင်က ရှစ်ချွန်ကျား၏နောက်မှ လျှောက်လာပြီး သူမ၏ကျစ်ဆံမြီးကို လက်(၂)ဖက်နှင့် ဆွဲလိုက်သည်။ ထိုအရာများကို လေထဲသို့ ဆွဲမြှောက်ရန် ကြိုးစားလိုက်၏။
"ငါပြောတာကိုယုံလိုက် ... ဒီတစ်ကြိမ်တော့ ဒါက သေချာပေါက် အလုပ်ဖြစ်လိမ့်မယ်.."
ရှစ်ချွန်ကျားက အလွန်ကြောက်လန့်သွားသည့်အတွက် ချက်ချင်း ထိုင်ချလိုက်ပြီး မျက်လုံးမှိတ်လိုက်၏။ သူမက လက်(၂)ဖက်ကို ခေါင်းပေါ်တွင် ဝှေ့ယမ်းနေပြီး လီပေါင်ဖျင်က သူမ၏ကျစ်ဆံမြီး(၂)ခုကို မဆွဲနိုင်ရန် ကာကွယ်နေခဲ့သည်။
သူမထက် အရပ်ပုသော လီပေါင်ဖျင်က အနားတွင် ထိုင်လိုက်ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
"ရှစ်ထိုကလေး ... ဒါက မနာပါဘူး။ ဒုတိယတစ်ကြိမ် စမ်းသပ်မကြည့်ရသေးလို့ပါ။ အဲဒါက အလုပ်ဖြစ်မဖြစ် နင်က ဘယ်လိုသိမှာလဲ။ ငါပြောတာ ဟုတ်တယ် မဟုတ်လား…"
ရှစ်ချွန်ကျားက အလွန်ကြောက်လန့်သွားသည့်အတွက် မျက်ရည်များ စီးကျလာခဲ့၏။
ထိုအချိန်တွင် တံခါးစောင့်က မနေနိုင်တော့သည့်အတွက် နဂါးစီးလမ်းကြားထဲမှ ဆိုင်ပိုင်ရှင်၏သမီးကို ကူညီပေးလိုက်သည်။
"အခုပဲ ဆရာမာက လီဟွိုင်ကိုလွှတ်ပြီး စာတစ်စောင် ပို့လိုက်တယ်။ ပြီးတော့ မြင်းလှည်းတစ်စီး ပြင်ဆင်ခိုင်းလိုက်တယ်။ သခင်မလေးက ပစ္စည်းတွေကိုယူပြီး ကျောင်းကို အရင်ဆုံးသွားပါ။ ပြီးရင် မိန်းကလေးရှစ်နဲ့အတူ ချောက်ကမ်းပါးကျောင်းတော်ကိုသွားဖို့ မြို့ထဲကနေ ထွက်သွားရတော့မယ်။ ကျောင်းကို မသွားခင် သခင်မလေးက နဂါးစီးလမ်းကြားကိုဝင်ပြီး မိန်းကလေးရှစ်ရဲ့ ပစ္စည်းတွေကို မြင်းလှည်းပေါ် တင်လိုက်ဦး ..."
လီပေါင်ဖျင်က ရှစ်ချွန်ကျားကို လွှတ်ပေးလိုက်ရသည်။ သူမ၏မျက်နှာလေးပေါ်တွင် စိတ်ပျက်မှုများ ပြည့်နှက်နေခဲ့၏။ သူတို့က တံခါးဆီသို့ လျှောက်သွားခဲ့သည့်အချိန်တွင် သူမက ရှစ်ချွန်ကျားအတွက် ဝမ်းနည်းနေသလို ခံစားခဲ့ရခြင်း မရှိချေ။ ကျစ်ဆံမြီးနှင့် ကလေးမလေးကတော့ သူမ၏ကျစ်ဆံမြီးကို ဖြုတ်ပစ်ရမည်ဟု တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။
"အား ..."
လီပေါင်ဖျင်က ရုတ်တရက် မော့ကြည့်၍ အော်ဟစ်လိုက်သည်။
ရှစ်ချွန်ကျားက သူမ ကြည့်နေသည့်နေရာသို့ လိုက်ကြည့်လိုက်ပြီး ပြောလိုက်၏။
"မိုးလည်း မရွာဘူး…"
……….
မြို့ငယ်လေး၏ အပေါ်ဘက်တွင်တော့ အနက်ရောင်တိမ်တိုက်ကြီးတစ်ခု ထွက်ပေါ်လာခဲ့သည်။ မြောက်ဘက်မှ တောင်ဘက်သို့ ပြည့်နှက်နေခဲ့၏။ ဖုလုလမ်းကြားထဲမှ ထွက်လာသော မြက်ဖိနပ်နှင့် လူငယ်လေးကလည်း ခေါင်းပေါ်ကို မော့ကြည့်နေခဲ့၏။
ထိုအချိန်တွင် လူငယ်လေးကတော့ အလွန်ထိတ်လန့်နေသည့်အတွက် စကားပင် မပြောနိုင်ခဲ့ပေ။ ဘာကြောင့် ထိုကဲ့သို့ အနက်ရောင်တိမ်တိုက်တစ်ခု ရှိနေရသနည်း။ ကောင်းကင်ပေါ်တွင် အလွန်သိပ်သည်းသော ဓားပျံများ ရှိနေသည်မှာ သေချာသည်။ အင်မော်တယ်များစွာက သူတို့၏ဓားနှင့်အတူ ကောင်းကင်တွင် ပျံသန်းနေကြ၏။
လူငယ်လေးက ဖြည်းညင်းစွာ မော့ကြည့်လိုက်ပြီး တောင်ဘက်သို့ ဦးတည်သွားနေသော တိမ်တိုက်များကို စိုက်ကြည့်လိုက်မိသည်။ ရုတ်တရက်ဆိုသလို တောင်ဘက်မှ မြောက်ဘက်သို့ သွားလာနေသော အနက်ရောင်အစက်လေးတစ်ခုက ပျံသန်းနေသော ဓားအင်မော်တယ်များနှင့် ဆန့်ကျင်ဘက်ကို ရောက်လာနေခဲ့သည်။
ထိုအနက်ရောင်အစက်လေးက တဖြည်းဖြည်း ပို၍ကြီးမားလာခဲ့၏။ အဆုံးတွင်တော့ အလွန်မျက်စိကောင်းသော မြက်ဖိနပ်နှင့် လူငယ်လေးက နေ့ခင်းကြောင်တောင် သရဲတစ်ကောင်ကို တွေ့လိုက်ရသည့်အလား မျက်လုံးပြူးသွားခဲ့၏။
မြို့ငယ်လေး၏ အပေါ်ဘက် ကောင်းကင်ပေါ်တွင်တော့ အောက်ဘက်ကို နိမ့်ဆင်းလာသော ဓားပျံနှင့် လူတစ်ယောက် ရှိနေသည်။ သူက မြို့နှင့် ပေ(၁)ထောင်ခန့် အကွာကို ရောက်သည့်အချိန်တွင် ခဏရပ်လိုက်သည်။ ဓားပျံပေါ်တွင် ရပ်နေသော လူက မြို့ငယ်လေးကို ငုံ့ကြည့်ပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်နေခဲ့သည်။
ထို့နောက် သူက ဖုလုလမ်းကြားဆီသို့ ပျံသန်းလာခဲ့၏။ မျက်စိတမှိတ်အတွင်း သူက ဓားပျံနှင့် မိုင်ပေါင်း(၁)ထောင်ခန့် သွားလာနိုင်သလို ထင်ရသည်။ လေလှိုင်းများ၊ လေကိုခွင်းလာသော မိုးခြိမ်းသံများနှင့်အတူ သူက ချန်းပင်အန်း၏ရှေ့ကို ရောက်လာခဲ့၏။
ဓားပျံက မြေပြင်နှင့် ပေဝက်ခန့်အကွာတွင် ပျံဝဲနေပြီး ဓားပျံပေါ်တွင်တော့ အစိမ်းရင့်ရောင် ဝတ်စုံ ဝတ်ဆင်ထားသော မိန်းကလေးတစ်ယောက် ရှိသည်။ သူမက ဓားပျံပေါ်တွင် ရပ်နေခဲ့၏။
ခရီးသွားလာနေတတ်သော မိန်းကလေးက အပြုံးနှင့် လက်ပိုက်ထားခဲ့သည်။ သူမက သူရဲကောင်းဆန်ဆန် ပြောလိုက်သည်။
"ငါက နင့်ကို နှုတ်ဆက်သင့်တယ်လို့ ခံစားမိတယ် ... ဒါကြောင့် ရောက်လာခဲ့တာ.."
သို့သော် သစ်ကိုင်းသယ်ထားသော လူငယ်လေးက စကားတစ်ခွန်းမှ မပြောနိုင်သေးခင် သူမ၏ခြေထောက်အောက်တွင် ရှိနေသော ဓားက ဦးတည်ချက်ပြောင်းသွားပြီ တခဏအတွင်း ကောင်းကင်ပေါ်သို့တက်၍ ပျောက်ကွယ်သွားခဲ့သည်။
လူငယ်လေးက ရုတ်တရက် လက်မြှောက်လိုက်သော်လည်း မိန်းမပျိုနှင့် ဓားပျံကတော့ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ရှက်ရွံ့နေသော လူငယ်လေးက လက်ကို ရုတ်သိမ်းလိုက်ပြီး ခေါင်းကိုသာ ကုတ်နေမိခဲ့၏။ သူက မကြာခဏဆိုသလို ရွှံ့ပုလင်းလမ်းကြားဆီသို့ လှမ်းကြည့်နေခဲ့သည်။
ပထမတွင် မြက်ဖိနပ်နှင့် လူငယ်လေးက အနည်းငယ် စိတ်ပျက်သွားခဲ့သော်လည်း သိပ်မကြာခင် ဝမ်းသာသွားခဲ့၏။ ကြည့်ရသည်မှာ နင်ယောင်က အင်မော်တယ် တစ်ယောက်ဖြစ်ပုံရသည်။
ချန်းပင်အန်းက နဂါးစီးလမ်းကြားကို ဖြတ်ကျော်လာသည့်အချိန်တွင် ပထမဆုံးအကြိမ်အဖြစ် ကြေးပြားများသုံး၍ တုတ်ထိုးသကြားလုံးတစ်ခုကို ဝယ်လာခဲ့သည်။ သူက လမ်းလျှောက်ရင်း စားနေခဲ့၏။ ထိုသို့စားနေသည့်အချိန်တွင် ဘာကြောင့်မှန်း မသိသော်လည်း လူငယ်လေး၏ ရင်ထဲတွင် လစ်ဟာနေသလို ခံစားနေရသည်။ လူငယ်လေးက သေချာတွေးကြည့်လိုက်၏။ သူက ကြေးပြားများအတွက် ဝမ်းနည်းနေခြင်းကြောင့်များ ဖြစ်နိုင်မည်လော။
Translated by Hein Htet