အခန်း (၇၃)
Vol. 5 Ch. 73
ချန်းပင်အန်းက (၁၀)နှစ်နီးပါးခန့် မစားခဲ့ရသော တုတ်ထိုးသကြားလုံးကို စားနေပြီး သစ်ကိုင်းတစ်ကိုင်းနှင့်အတူ ရွှံ့ပုလင်းလမ်းကြားထဲသို့ ပြန်လာခဲ့သည်။ သူက သူ့အိမ်ထက် ပို၍ပျက်စီးနေသော အိမ်တစ်လုံးကို ဖြတ်သွားခဲ့ရသည့်အချိန်တိုင်း အပြစ်ရှိသလို ခံစားခဲ့ရပြီး ထိုအိမ်ကို ပြင်ဆင်ရန်အတွက် ဆရာရွမ်ဆီမှ ငွေစတချို့ ချေးယူ၍ရ၊မရ စဉ်းစားကြည့်နေခဲ့သည်။
သူက ငယ်စဉ်ကတည်းက ရွှံ့ပုလင်းလမ်းကြားထဲတွင် နေထိုင်ခဲ့သော်လည်း ထိုအိမ်တွင် နေထိုင်သူတစ်ယောက်ကိုမျှ မတွေ့ခဲ့ရပေ။ သူ့ကို တောင်ရွှေ့လူဝံကြီးက အမိုးပေါ်၌ လိုက်လံတိုက်ခိုက်ခဲ့သည့်အချိန်တွင် သူက ဤနေရာသို့ မျှားခေါ်လာခဲ့ပြီး လူဝံကြီးက အမိုးပေါ်တွင် အပေါက်တစ်ခုဖြစ်သွားအောင် ဖန်တီးပစ်ခဲ့သည်။
သူက ထိုအပျက်အဆီးအတွက် တာဝန်ယူပေးရမည်ဟု ချန်းပင်အန်းက ခံစားမိနေခဲ့၏။ မဟုတ်လျှင် သူက နောက်ပိုင်း လေဒဏ်မိုးဒဏ်များကို သေချာပေါက် ခံစားရနိုင်သည်။ အနည်းဆုံးတော့ ထိုအိမ်က နှစ်ပေါင်း(၂၀)၊ (၃၀)ခန့် ခံနိုင်ရည်ရှိသော်လည်း ယခုတော့ (၅)နှစ်ပင် ခံနိုင်ရည် မရှိနိုင်တော့ပေ။ အိမ်၏တိုင်လုံးများက အလွန်လျင်မြန်စွာ ပျက်စီးယိုယွင်းသွားပါလိမ့်မည်။
ထိုအချက်အရ ပြောရမယ်ဆိုလျှင် ချန်းပင်အန်း၏ ခန္ဓာကိုယ်ထဲ၌ ချိုက်ကျင်းကျန့်က သွေးကြောတစ်ခု အတင်းအကြပ် ဖွင့်လိုက်ခြင်းနှင့် တူညီနေသည်။ ထိုအရာက အပေါက်ဖြစ်နေသည့် အခြေအနေမျိုး ဖြစ်၏။ ထို့ကြောင့် ချန်းပင်အန်းက ပိုင်ရှင်မရှိသော ထိုအိမ်ကိုပြင်ဆင်ပေးရမည်ဟု တွေးမိလာခဲ့သည်။ ထိုအရာက လှပမှုမရှိသော်လည်း ကြံ့ခိုင်လာစေရန် ပြင်ဆင်ရဦးမည်ဖြစ်၏။
ချန်းပင်အန်းက ကြေးပြားလေးတစ်ပြားကို ထုတ်ပြီး အစစ်အမှန်ရွှေ၊ ငွေနှင့် တခြားကြေးပြားများကို လဲလှယ်ရမလား စဉ်းစားကြည့်နေခဲ့သည်။ ဥပမာအနေနှင့် ပြောရလျှင် ရန်မိသားစုဆေးဆိုင်မှ အဘိုးကြီးယန် သို့မဟုတ် ပန်းပဲဆိုင်မှ ဆရာရွမ်တို့ဆီတွင် ဖြစ်သည်။
သို့သော် ရွှေအဆီအနှစ်နှင့် ဖန်တီးထားသော ကြေးပြားများက ရရှိရန် အလွန်ခက်ခဲသည်။ ထိုအရာကို တစ်ပြားသုံးလိုက်သည့်အချိန်တိုင်း တစ်ပြား လျော့နည်းသွားနိုင်၏။ ငွေစနှင့် သာမန်ကြေးပြားများကိုတော့ နေရာတိုင်းတွင် ရနိုင်သည်။ အနည်းငယ် ကြိုးစား အားထုတ်လိုက်ရုံသာ လိုအပ်၏။
ထို့ကြောင့် ချန်းပင်အန်းက ဆရာရွမ်ဆီမှ အရင်ဆုံးချေးငှားရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍ သူက ချေးငှား၍ မရနိုင်လျှင်တော့ ထိုပြဿနာကို ဖြေရှင်းရန် ရွှေအဆီအနှစ် ကြေးပြားတစ်ပြားကို အသုံးပြုရပါလိမ့်မည်။
ချန်းပင်အန်းက အမှန်တကယ်ကို စိတ်ပျက်နေမိခဲ့၏။ သို့သော် သူ့ရှေ့တွင် အရေးပါသော ပြဿနာများ ရှိနေသည့်အတွက် သူက မမြင်ချင်ယောင်ဆောင်၍ မရနိုင်ပေ။ သူက အခြားလူအပေါ် အကြွေးတင်မှာကို အလွန်ကြောက်လန့်နေခဲ့၏။
ချန်းပင်အန်းက ခြံဝင်းထဲသို့ ပြန်လာခဲ့ပြီး ကလေးမလေး ပေးလိုက်သော သစ်ကိုင်းကို ခြံဝင်းနံရံတွင် ထောင်ထားလိုက်သည်။ အဖိုးတန်သော ဓားသွေးကျောက်တုံးကတော့ ခြင်းတောင်းထဲတွင်သာ ရှိနေသေး၏။ သူက ထိုအရာကို ခြံဝင်းထဲတွင် ပစ်ချထား၍ မရနိုင်ပေ။ သူက အိမ်ထဲသို့ရွှေ့ထားလိုက်၏။
အကယ်၍ အလျင်လိုနေသည့် အတွက်ကြောင့်သာ မဟုတ်လျှင် ချန်းပင်အန်းက ခြံဝင်းထဲ၌ (၁၀)ပေခန့်ရှိသော တွင်းတစ်တွင်းတူးပြီး မသိမသာ မြှုပ်ထားခဲ့မည်ဖြစ်သည်။ နဂါးခေါင်းဖြတ်ကျောက်တုံးဟူသော နာမည်ကို ကြားလိုက်ရရုံနှင့် ထိုအရာက ရွှေအဆီအနှစ် ကြေးပြား(၃)အိတ်ထက်ပင် ပို၍တန်ဖိုးရှိနေသည်ဟု ခံစားမိနေခဲ့၏။
ထိုအချိန်တွင် ချန်းပင်အန်းက တစ်ဖက်ခြံမှ ကြက်ကလေးများ၏ အော်သံကို ကြားလိုက်ရသည်။ စုန့်ကျိရှင်းနှင့် ကျစ်ကွေးတို့ခြံထဲမှ ထွက်သွားခဲ့သည့်အချိန်တွင် သူတို့က ကြက်မကြီးများနှင့် ကြက်ကလေးများကို ဂရုမစိုက်နိုင်တော့ပေ။ သူတို့က ဆာနေလောက်ကြပြီဖြစ်၏။
ချန်းပင်အန်းက သူ့အိမ်ထဲမှ သော့တွဲနှင့် ဆန်လက်တစ်ဆုပ် ယူလိုက်ပြီး တစ်ဖက်ခြံသို့ သွားခဲ့သည်။ သူက ခြံဝင်းဆီသို့ လျှောက်သွားပြီး ကြက်ခြင်းတောင်းကိုဖွင့်၍ ကြက်ကလေးများကို အစာကျွေးလိုက်၏။ ကြက်ကလေးများကို အစာကျွေးလိုက်ပြီးနောက် ချန်းပင်အန်းက ဆန်များ ကျန်နေခြင်းရှိ၊မရှိ မီးဖိုချောင်တံခါးကို ဖွင့်ကြည့်လိုက်သည်။ ထိုအရာက ပျက်စီးပုတ်သိုးသွားခြင်းမှ ကာကွယ်ရန်လည်းဖြစ်၏။
သို့သော် သူက မီးဖိုချောင်သို့ ဝင်သွားခဲ့သည့်အချိန်တွင် မျက်လုံးပြူးသွားခဲ့သည်။ ထိုနေရာတွင် ဆန်ပုံးကြီးတစ်ပုံး ရှိနေသည်။ အဖုံးကို လှပ်လိုက်သည့်အချိန်တွင် အတွင်းထဲ၌ ပြည့်နေကြောင်း ချန်းပင်အန်းက တွေ့လိုက်ရသည်။ ထိုပုံးထဲတွင်တော့ အိုးများ၊ ပန်းကန်လုံးများ၊ စဉ့်နှီတုံးများ အစုံရှိနေပြီး နံရံပေါ်တွင် ကြက်သားခြောက်နှင့် ငါးခြောက်များကိုလည်း အတန်းလိုက် ချိတ်ထားကြောင်း တွေ့လိုက်ရသည်။ အရာအားလုံးက သန့်ရှင်းသပ်ရပ်နေခဲ့၏။
ချန်းပင်အန်းကတော့ မီးဖိုအနားတွင် ရှိနေသော ထင်းချောင်းများကြောင့် အတော်လေး စိတ်ဝင်စားသွားခဲ့သည်။ သူက အနားကို ကပ်သွားပြီး ထိုင်ချကြည့်လိုက်၏။ ထိုအရာက ကျစ်ကွေးဓားနှင့် ခုတ်ခဲ့သော သစ်သားရုပ်တုဖြစ်ကြောင်း တွေ့လိုက်ရသည်။
သူမကတော့ သစ်သားများကို မည်သို့ခုတ်ရမည်ဖြစ်ကြောင်း မသိခဲ့ပေ။ ထို့ကြောင့် အချိန်အတော်ကြာ ခုတ်ခဲ့သည့်ကိုပင် အကျိုးသက်ရောက်မှု အနည်းငယ်သာ ရှိခဲ့၏။ အကယ်၍ ချန်းပင်အန်းသာဆိုလျှင် လူတစ်ရပ်ခန့် အရွယ်အစားရှိသော ထိုသစ်သားရုပ်တုကို အပိုင်းပိုင်းအစအစ ခုတ်ပစ်နိုင်ပါလိမ့်မည်။
ထိုအချိန်တွင် ချန်းပင်အန်းက ထိုင်၍ ငုံ့ကြည့်လိုက်၏။ ထိုသစ်သားရုပ်တုက အလွန်ထူးဆန်းကြောင်း တွေ့လိုက်ရသည်။ ရုပ်တု၏ ခန္ဓာကိုယ်ပေါ်တွင် အနီရောင် အစက်အပျောက်များစွာ ပြည့်နှက်နေသည်။ တချို့နေရာများတွင်တော့ အလွန်သိပ်သည်းစွာ ရှိနေသော အမှတ်အသားများစွာ ရှိနေပြီး တချို့နေရာများတွင်တော့ အနီရောင် အစက်လေးတစ်စက်သာ ရှိ၏။
ချန်းပင်အန်းက ထိုသစ်သားရုပ်တု၏ လက်မောင်းကို ကောက်ယူပြီး သေချာစိုက်ကြည့်လိုက်သည်။ ထိုအနီရောင် အစက်တစ်စက်ချင်းဆီ၏ ဘေးနားတွင် အလွန်သေးငယ်သော စကားလုံးလေးများ ရှိနေခဲ့၏။ ထိုအနီရောင်အစက်များက ဆန်စေ့အရွယ်အစားခန့်သာ ရှိသည်။ ထို့ကြောင့် ထိုစကားလုံးလေးများကတော့ ပို၍ပင် သေးငယ်ပြီး ဖတ်၍ မရနိုင်ပေ။
သို့သော် သူက ချန်းပင်အန်းဖြစ်၏။ သာမန်လူတစ်ယောက်သာဆိုလျှင် ထိုအနီရောင်အစက်နှင့် အနက်ရောင်စကားလုံးများကို မြင်တွေ့ရရုံသာရှိသည်။ ချန်းပင်အန်းကတော့ ပျက်စီးသွားသော ခြေလက်များကို အတူတကွ ပြန်ဆက်ရန် ကြိုးစားလိုက်၏။
သိပ်မကြာခင် သစ်သားရုပ်တုက မူလပုံစံအတိုင်း ပြန်ရောက်သွားခဲ့သည်။ သစ်သားရုပ်တုတွင် ကြီးကြီးမားမား ပျက်စီးမှုမရှိခဲ့သည်မှာ ကံကောင်းသွား၏။ သို့သော် အနီရောင်အစက်နှင့် အနက်ရောင်စကားလုံးများ ရှိနေသည့်နေရာများစွာကတော့ ကျစ်ကွေး၏ဓားနှင့် ခုတ်ထားခြင်းကို ခံခဲ့ရသည်။ စုစုပေါင်း ပြီးပြည့်စုံသော အမှတ်အသားနှင့် စကားလုံး (၇၀)၊ (၈၀) ရာခိုင်နှုန်းခန့်သာ ကျန်နေတော့သည်။
ချန်းပင်အန်းက မတ်တပ်ရပ်လိုက်ပြီး မီးဖိုချောင်ထဲတွင် ရှိနေသော မီးကို ထွန်းလိုက်ရာ ပို၍လင်းထိန်လာခဲ့သည်။ ထိုအချိန်ကျမှသာ သူက ဆက်ထိုင်ပြီး သေချာစစ်ဆေးကြည့်လိုက်သည်။ သူက အသေးစိတ်တစ်ခုကိုမျှ လွဲချော်ခဲ့ခြင်း မရှိချေ။
အချိန်(၂)နာရီနီးပါးခန့် ကြာသွားခဲ့၏။ ချန်းပင်အန်းကတော့ ထိုစကားလုံးအများစုကို မသိပေ။ သို့သော် ထိုစုတ်ချက်တည်ဆောက်ပုံကို အကောင်းဆုံးမှတ်မိရန် ကြိုးစားနေသေး၏။ ချန်းပင်အန်းက စာရေးခြင်းနှင့် စာဖတ်ခြင်းကို သင်ယူလိုစိတ်ရှိသည်။
ချန်းပင်အန်းက နဂါးမီးဖိုကြီး၌ အလုပ်လုပ်ခဲ့သည့်အချိန်တွင် တောင်ထိပ်ပေါ်သို့တက်၍ အဝေးမှ မြို့ငယ်လေးကို ကြည့်ခဲ့ရသော အကြိမ်ပေါင်းများစွာ ရှိခဲ့သည်။ ရွှံ့ပုလင်းလမ်းကြားရှိရာကို လှမ်းကြည့်ခြင်းအပြင် ဒုတိယ သူ သိချင်သည့် နေရာကတော့ ကျောင်းဖြစ်သည်။
သူ ငယ်စဉ်ကတော့ ထိုကျောင်းသို့ ခဏခဏသွားခဲ့၏။ သူက နံရံကိုမှီပြီး စာဖတ်နေသော အသံများကို အမြဲတမ်း နားထောင်နေတတ်သည်။ သူတို့ပြောသည့်အရာများကို နားမလည်နိုင်သော်လည်း သူ့စိတ်ထဲတွင်တော့ တည်ငြိမ်အေးချမ်းမှုကို ခံစားခဲ့ရသည်။ သူ၏နှလုံးသားကလည်း အလွန်တည်ငြိမ်လာနိုင်ပြီး တစ်နေ့ခင်းလုံး ခံစားခဲ့ရသော ဝမ်းနည်းပူဆွေးမှုများ အားလုံးက ပျောက်ကွယ်သွားခဲ့၏။
ထိုအချိန်တွင် ရွှံ့ပုလင်းလမ်းကြားထဲမှ မိဘမဲ့ကောင်လေးအတွက်တော့ တုတ်ထိုးသကြားလုံးစားခြင်းထက် ပို၍အပေါ်ယံဆန်လွန်းလှသည်။ သူက အဝေးမှနေ၍ ငေးကြည့်နေရုံသာ တတ်နိုင်၏။
လက်ရှိအချိန်တွင်တော့ ချန်းပင်အန်းက မျက်လုံးမှိတ်လိုက်ပြီး သူ့ခေါင်းထဲတွင် ပြီးပြည့်စုံသော သစ်သားရုပ်တုတစ်ခုကို ပြန်လည်တည်ဆောက်နေခဲ့သည်။ သူ၏မှတ်ဉာဏ်ထဲ၌ ဝေဝါးနေသော အစိတ်အပိုင်းများ ရှိလျှင် ချန်းပင်အန်းက မျက်လုံးဖွင့်ပြီး အလျင်အမြန် စစ်ဆေးကြည့်ခဲ့ခြင်း မရှိချေ။ သူက ထိုအရာများကို ကျော်လွှားသွားခဲ့၏။
ရလဒ်အနေနှင့် စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် သစ်သားရုပ်တုပေါ်တွင် မပြည့်စုံသောစကားလုံး(၄၀) ၊(၅၀)ခန့် ရှိသည်။ ထိုအရာများကို တစ်ခုချင်းဆီ မှတ်သားလိုက်ပြီးနောက် ချန်းပင်အန်းက ပင့်သက်ရှိုက်လိုက်ပြီး နောက်တစ်ကြိမ် ပြန်လည်တည်ဆောက်ခဲ့ပြန်သည်။
သို့သော် သူက မျက်လုံးမှိတ်လိုက်သည်နှင့် ခေါင်းထဲတွင် လှုပ်ရှားလာပြီး အနည်းငယ် ခေါင်းမူးလာခဲ့၏။ ချန်းပင်အန်းက သူ့ကိုယ်သူ အတင်းအကြပ် တွန်းအားပေးခဲ့ခြင်း မရှိချေ။ တချို့သော ကြိုးစားအားထုတ်မှုများက ကြိုးကြိုးစားစားလုပ်ဆောင်ရန် မလိုအပ်ပေ။ မဟုတ်လျှင် အခြေအနေက ပို၍ ဆိုးရွားသွားနိုင်၏။
ချန်းပင်အန်းက ကြွေထည်များကို မည်သို့မီးဖုတ်ရမည်ဖြစ်ကြောင်း သင်ယူခဲ့ပြီးနောက် ထိုအရာနှင့် ပတ်သက်ပြီး နက်ရှိုင်းသော ခံစားမှုတစ်ခု ရခဲ့သည်။ သူ့ဆီတွင် ပါရမီရှိခြင်းကြောင့် မဟုတ်ဘဲ သူက တစ်နေ့လုံး အဘိုးယောင်၏ ကြိမ်းမောင်းမှုကို ခံခဲ့ရခြင်းကြောင့် ဖြစ်သည်။
ချန်းပင်အန်းက သစ်သားရုပ်တုကို ခေါင်းထဲတွင် ပြန်လည်စီစဉ်လိုက်ပြီး မီးဖို၏ထောင့်တွင် ပုံထားလိုက်သည်။ မီးဖိုထဲမှ ထွက်လာပြီး ခြံဝင်းတံခါးကို ပိတ်ထားလိုက်ပြီးနောက် မြို့၏အရှေ့ဘက်သို့သွားပြီး တံခါးစောင့်ကို သွားရှာရန် ဆုံးဖြတ်လိုက်သည်။
သူက ပန်းပဲဖိုတွင် တရားဝင်တပည့်တစ်ယောက် ဖြစ်လာပြီးနောက် ထိုနေရာတွင်သာ နေထိုင်ရတော့မည်ဖြစ်၏။ သူက စာပို့ပေးနိုင်မည် မဟုတ်တော့ပေ။ ထို့ကြောင့် ချန်းပင်အန်းက ထိုလူပျိုကြီးကို သွားရောက် ပြောဆိုချင်ခဲ့၏။ သို့သော် သူက တစ်ကြိမ်သွားရှာခဲ့သော်လည်း ရှာမတွေ့ခဲ့ပေ။
ချန်းပင်အန်းက အရှေ့တံခါးဆီသို့ ပြေးလာခဲ့၏။ ထိုနေရာတွင် အဝါရောင်ရွှံ့အိမ်လေးက သော့ခတ်ထားဆဲသာဖြစ်ပြီး တံခါးက ပိတ်နေသေးသည်။ သူက သက်ပြင်းချလိုက်ပြီး တံခါးစောင့်ထိုင်ခဲ့ဖူးသော သစ်ငုတ်တိုပေါ်တွင် ထိုင်နေခဲ့၏။
မြို့ငယ်လေးက တောင်တန်းကဲ့သို့ မဟုတ်ချေ။ ထို့ကြောင့် သူက တောင်တန်းနတ်ဘုရားထိုင်ခုံကို အလေးထားရန် မလိုအပ်ပေ။ ချန်းပင်အန်းက ထိုနေရာတွေ ငေးငိုင်၍ ထိုင်နေမိခဲ့၏။ သူအတွက်တော့ အလုပ်လုပ်နေရာမှ အနားယူသည်မှာ အလွန်ရှားပါးသည်။
အချိန်တော်တော်ကြာပြီးနောက် မြို့ထဲ လမ်းမပေါ်မှ လှည်းဘီးသံများကို ကြားလိုက်ရသည်။ ချန်းပင်အန်းက ပြန်လှည့်ကြည့်လိုက်သည်။ ရှေ့တွင် နွားလှည်းတစ်စီး ရှိနေပြီး နောက်မှနေ၍ မြင်းလှည်း(၂)စီး လိုက်ပါလာခဲ့သည်။
နွားလှည်းပေါ်တွင်တော့ ကလေးများ ထိုင်နေကြ၏။ သူတို့က ရင်းနှီးသော မျက်နှာလေးများဖြစ်ကြပြီး အနီရောင်ဝတ် လီပေါင်ဖျင်နှင့် ပါး(၂)ဖက် နီရဲနေသော ရှစ်ချွန်ကျားတို့ ဖြစ်ကြသည်။ သူတို့အပြင် ရှစ်ချွန်ကျား ပြောခဲ့သော တပည့်(၃)ယောက်လည်း ပါနေသေး၏။ သူတို့ကတော့ လီဟွိုင် ၊ တုံရှိုကျင်းနှင့် လင်းရှို့ယီတို့ ဖြစ်ကြသည်။
နွားလှည်းပေါ်တွင် ရှိနေသော ကလေး(၅)ယောက်က စကားပြောဆိုနေကြ၏။ လှည်းမောင်းသမားကတော့ မရင်းနှီးသော သက်လတ်ပိုင်း လူကြီးတစ်ယောက် ဖြစ်သည်။ စာသင်ကျောင်းတွင် တံမြက်စည်းလှဲသော အဘိုးအိုကတော့ လှည်းမောင်းသမား၏ နောက်တွင် ထိုင်နေခဲ့၏။
ချန်းပင်အန်းက ပတ်ပတ်လည်ကို လှည့်ကြည့်နေခဲ့သည်။ ဖုလုလမ်းကြားထဲရှိ မျိုးရိုးကြီး(၄)ခုမှ ရောက်လာသော အနီဝတ်ကလေးမလေးမှလွဲလျှင် တခြားကလေး(၄)ယောက်ကတော့ ကွဲပြားစွာ ဝတ်ဆင်ထားကြသည်။
ရှစ်ချွန်ကျား၏ဘိုးဘေးများက မျိုးရိုးစဉ်ဆက် နဂါးစီးလမ်းကြားထဲတွင် နေထိုင်ခဲ့ကြပြီး စားစရာဆိုင်တစ်ခုကို ရောင်းကြသည်။ သူတို့က စားစရာနှင့် အဝတ်အစားအတွက် စိတ်ပူနေရန် မလိုအပ်ပေ။ သို့သော် သူတို့က ချမ်းသာသည်ဟု သတ်မှတ်နိုင်ခြင်း မရှိချေ။ ထို့ကြောင့် ကလေးမလေး၏ အဝတ်အစားများက သက်သောင့်သက်သာရှိပြီး နွေးထွေးသည်ဟုသာ သတ်မှတ်နိုင်သည်။
ရှစ်ချွန်ကျား၏ဘေးတွင်တော့ သူမနှင့် သက်တူရွယ်တူ ရှိသော်လည်း မျက်နှာအမူအယာ အေးစက်နေသည့် ကလေးတစ်ယောက်ရှိသည်။ သူကတော့ အနက်ရောင် မြေခွေးသိုးမွှေးဝတ်ရုံတစ်ခုကို ဝတ်ဆင်ထားသည်။ သူ့မျက်နှာက အနည်းငယ်ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သူ့မျက်လုံးများက အေးစက်နေခဲ့၏။
လီဟွိုင်၏အဖေလီက မြို့ထဲတွင် အလုပ်မရှိသူတစ်ယောက်ဟု နာမည်ကျော်ကြားသည်။ လီဟွိုင်ဆီတွင် လီဟွေဟုခေါ်သော အစ်မတစ်ယောက် ရှိ၏။ သို့သော် သူ့မိဘများနှင့် အစ်မက တခြားသို့ ထွက်ခွာသွားခဲ့ပြီး လီဟွိုင် တစ်ယောက်တည်းသာ သူ့ဦးလေး၏အိမ်တွင် ကျန်နေခဲ့သည်။ ယခု သူလည်း မွေးရပ်မြေမှ ထွက်လာပြီဖြစ်ပြီး အဘိုးမာနှင့်အတူ ချောက်ကမ်းပါးကျောင်းတော်သို့ လိုက်သွားခဲ့သည်။
နောက်ဆုံးလူငယ်လေးကတော့ ပါးလွှာသော အင်္ကျီတစ်ခုကို ဝတ်ဆင်ထား၏။ သူကတော့ အပေါက်ဖာထားပုံရသော အပေါ်ထပ်အင်္ကျီ(၂)ထည်ကိုလည်း ဝတ်ဆင်ထားသည်။ သူ့ပုံစံကတော့ ဆင်းရဲသော လမ်းကြားလေးတစ်ခုတွင် ကြီးပြင်းသော ကလေးငယ်လေး တစ်ယောက်နှင့် တူညီနေ၏။
လီပေါင်ဖျင် ၊ လီဟွိုင် ၊ ရှစ်ချွန်ကျား ၊ လင်းရှို့ယီ ၊ တုံရှိုကျင်း….
မြို့ငယ်လေးထဲမှ ကလေး(၅)ယောက်က လေဒဏ်မိုးဒဏ် အကာအကွယ်မရှိသော နွားလှည်းပေါ်တွင်စီး၍ အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် မရေမတွက်နိုင်သော စာသင်သားများ၏ နှလုံးသားဖြစ်သည့် ချောက်ကမ်းပါးကျောင်းတော်ဆီသို့ ဦးတည်သွားလာနေကြ၏။
ထိုအချိန်တွင် တိုင်းပြည်ပေါင်းများစွာ ပြည့်နှက်နေသော ကုန်းမြေကြီးပေါ်တွင် အစွမ်းထက်သော မိသားစုမှ မျိုးဆက်များကပင် သူတို့၏သားသမီးများကို ထိုကျောင်းတော်သို့ ပို့ဆောင်ရန် မည်မျှခက်ခက်ခဲခဲကြိုးစားခဲ့ရကြောင်း သူတို့မသိကြပေ။
သူတို့က ကွန်ဖြူးရှပ်သူတော်စင်ဆီမှ တိုင်းပြည်အုပ်ချုပ်သော နည်းလမ်းများကို သင်ယူချင်ကြပြီး ကမ္ဘာကြီးကို ငြိမ်းချမ်းစေချင်ကြသည်။ ချီကျင့်ချွန်ကို ဆရာအဖြစ် ခေါ်နိုင်သည်မှာ မည်မျှရှားပါးသော အခွင့်အရေးတစ်ခုဖြစ်ကြောင်း သူတို့က မသိကြပေ။
တစ်ဖက်တွင်တော့ ဆရာချီက စိတ်ထားကောင်းသည်ဟုသာ ကလေးများက ခံစားမိနေကြ၏။ သူက အမြဲလိုလို တည်ငြိမ်ပြီး ရင်းနှီးဖွယ်ရာ ပုံစံမျိုး မရှိချေ။ ဆရာချီက ရံဖန်ရံခါ ပြုံးပြတတ်၏။ ကလေးများကတော့ သူ့ကို အလွန်ပျော်ရွှင်အောင် မည်သို့လုပ်ပေးခဲ့ကြောင်းပင် မသိကြပေ။
လီပေါင်ဖျင်က အလွန်စူးရှသော မျက်လုံးများ ရှိနေသည့်အတွက် သစ်ငုတ်တိုပေါ်တွင် ထိုင်နေသော ချန်းပင်အန်းကို မြင်သွားသည်။ သူမက နွားလှည်းပေါ်မှ လျှပ်စီးကြောင်းတစ်ခုကဲ့သို့ ခုန်ဆင်းလာခဲ့ပြီး ချန်းပင်အန်းဆီကို ပြေးလာခဲ့၏။ သူမက သူ့ရှေ့တွင် ရပ်လိုက်ပြီး ဘာပြောရမှန်း မသိခဲ့ပေ။
အဆုံးတွင်တော့ သူမက ရင်ဘတ်ကို လက်နှင့် ပုတ်ပြီး ပြောလိုက်သည်။
"ငါက အရမ်းဝေးတဲ့နေရာကို သွားတော့မယ် ... "
သူမ၏မျက်နှာလေးပေါ်တွင် ဂုဏ်ယူဝင်ကြွားမှုများ ပြည့်နှက်နေခဲ့၏။
ထိုအချိန်တွင် ဆံထိုး ထိုးထားသော အဘိုးအိုက ကျယ်လောင်စွာ အော်ပြောလိုက်သည်။
"လီပေါင်ဖျင် ... "
အဘိုးအိုက မကြည်မသာ ဖြစ်နေသော်လည်း သူက နွားလှည်းမောင်းသမားကို ရပ်ရန် ပြောလိုက်သည်။ ကလေးမလေးက ချက်ချင်းပင် ပြန်လှည့်ပြီး နွားလှည်းဆီသို့ ပြေးသွားခဲ့၏။ ထိုအချိန်တွင် နောက်ဘက်၌ ရှိနေသော လူငယ်က သူမ၏နာမည်ကို လှမ်းခေါ်ကြောင်း ကြားလိုက်ရသည်။
သူမက ပြန်လှည့်ကြည့်လိုက်ရာ သူက သူမကို လက်သီးနှင့် ဝှေ့ယမ်းပြပြီး ထိုအရာကို လှုပ်ရှားပြလိုက်ကြောင်း မြင်လိုက်ရသည်။ သူက သူမကိုကြိုးစားရန် ပြောပြလိုက်ခြင်း ဖြစ်၏။ လီပေါင်ဖျင်ကလည်း သူ့ကို လက်သီးဖြင့် ဝှေ့ယမ်းပြလိုက်ပြီး ကြိုးစားမည်ဟု ပြန်ပြောခဲ့သည်။
ချန်းပင်အန်းက ပြုံးလိုက်မိသည်။ အနီဝတ်ကလေးမလေး၏ ကြိုးစားအားထုတ်မှု အများစုက ကစားရန်အတွက် ဖြစ်သည်ဟုသာ သူလည်း ခံစားမိနေခဲ့သည်။ ချောက်ကမ်းပါးကျောင်းတော်၏ နေရာတိုင်းတွင် သူမ၏ခြေရာများ ရှိနေနိုင်၏။
ချန်းပင်အန်းက လှည့်ကြည့်လိုက်ရာ ကျောင်းတွင် တံမြက်စည်းလှည်းသော အဘိုးအိုကို မြင်လိုက်ရသည်။ အဘိုးအိုက သူ့ကို ခေါင်းညိတ်ပြလိုက်၏။ ချန်းပင်အန်းကလည်း သူ့ကို ပြုံးပြလိုက်ပြီး ပြန်လည်အသိအမှတ်ပြုလိုက်သည်။
တစ်ချိန်တည်းတွင် မြင်းလှည်း၏ နောက်ဘက်တွင် ရှိနေသော လူတစ်ယောက်က ကန့်လန့်ကာကို ညင်သာစွာ ဖွင့်လိုက်၏။ ထိုအရာက ခဏလေးသာ ဖြစ်သော်လည်း ချန်းပင်အန်းကတော့ ထိုလူ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ ထိုအရာက ဆရာရွမ်ကိုရှာရန် ပန်းပဲဆိုင်သို့ ရောက်လာခဲ့သော စာသင်သား ဖြစ်သည်။
နွားလှည်းနှင့် မြင်းလှည်းများ မြို့ထဲမှ ဖြည်းညင်းစွာ ထွက်သွားသည်ကို ချန်းပင်အန်းက စိုက်ကြည့်နေခဲ့၏။ အကယ်၍ ချန်းပင်အန်းကသာ နင်ယောင်ကဲ့သို့ ဓားပေါ်တွင် ပျံသန်းပြီး မိုင်ထောင်ပေါင်းများစွာ အမြင့်ရှိသော တောင်တန်းများ၊ မြစ်များကို ငုံ့ကြည့်ခွင့်ရမည်ဆိုလျှင် အလွန်ထူးခြားသော ဖြစ်စဉ်များကြောင့် သေချာပေါက် ထိတ်လန့်မိပါလိမ့်မည်။
…………..
လီကျူးသုခဘုံနှင့် တာ့လီအင်ပါယာ၏ နယ်စပ်တွင် ငှက်နှင့် မှော်သားရဲပေါင်းမျိုးစုံ ရှိနေကြသည်။ ပို၍ဝေးကွာသော နေရာတွင်တော့ ဤနေရာကို ရောက်လာနေကြသော မျိုးစိတ်ပေါင်းများစွာ ရှိနေကြ၏။ သူတို့က တစ်စုံတစ်ခုကို စုပ်ယူနေသလို ထင်ရသည်။ မမြင်ရသော နယ်စပ်တွင်တော့ သူတို့က ရှေ့ကိုခြေတစ်လှမ်းမျှ မလှမ်းရဲကြပေ။ သူတို့က နောက်ကိုလည်း ပြန်မဆုတ်ရဲကြပေ။
ထိုအချိန်တွင် နယ်စပ်အတွင်း ရှိနေသော စမ်းချောင်း၏ အဆုံးသတ်တွင် အဘွားအို တစ်ယောက် ရပ်နေခဲ့သည်။ သူမ၏ခန္ဓာကိုယ်အပေါ်ပိုင်းက ရေပေါ်တွင် ရှိနေပြီး အနက်ရောင်ဆံပင်များကတော့ ရေတံခွန်ကြီးကဲ့သို့ ကျဆင်းလာနေ၏။ သူမ၏ခန္ဓာကိုယ် ပတ်ပတ်လည်တွင် အနက်ရောင်ကြာပန်းတစ်ပွင့် ရှိနေခဲ့သည်။
မူလတုန်းက အစက်အပြောက်များ ပြည့်နှက်နေသော အဘွားအို၏မျက်နှာက ယခုတော့ အသက်(၄၀)အရွယ် အမျိုးသမီးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ထို့ပြင် မြေပြင်နှင့် တွဲဆက်နေပုံရသော ပိယွင်တောင်ထိပ်လည်း ရှိနေခဲ့သည်။ ထိုအရာက သာမန်မျက်လုံးထဲတွင် ဖြည်းညင်းစွာ မြင့်တက်လာနေခဲ့၏။
လေဟာနယ်ကမ္ဘာငယ်လေးက ပျက်စီးသွားပြီး သာမန်သုခဘုံတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ အတိတ်တွင် ရှိခဲ့သော လီကျူးသုခဘုံထဲရှိ လူများကတော့ နောက်ထပ်ဘဝ ရှိလာတော့မည် ဖြစ်၏။
Translated by Hein Htet