← Chapters

အခန်း (၇၄)

Vol. 5 Ch. 74

အခန်း (၇၄)

Vol. 5 Ch. 74

ချန်းပင်အန်းက ပန်းပဲဖိုသို့ ပြန်လာခဲ့သည်။ အလုပ်လုပ်ပြီးနောက် နေ့ခင်းပိုင်း ထမင်းစားနားချိန်ကို အခွင့်ကောင်းယူပြီး ချန်းပင်အန်းက ဆရာရွမ်ကို သွားရောက်ရှာဖွေခဲ့၏။

ဆရာရွမ်က မိန်းကလေးရွမ်နှင့်အတူ တံခါးဝတွင် ထိုင်နေခဲ့သည်။ ချန်းပင်အန်းက သူ့ဆီတွင် ငွေစ(၁၅)စ၊ (၁၆)စခန့် ချေးချင်ကြောင်း ပြောခဲ့၏။

ရွမ်ချုံကတော့ ချန်းပင်အန်းက ‌ဘာကြောင့်ငွေချေးသလဲပင် မမေးခဲ့ပေ။ သူက တူကိုပြန်ချလိုက်ပြီး မြက်ဖိနပ်နှင့် လူငယ်လေးကို စိုက်ကြည့်လိုက်စ။

“ဝေးဝေးသွားစမ်း…”

ချန်းပင်အန်းက အဝေးသို့ လျင်မြန်စွာ ထွက်သွားခဲ့သည်။

ရွမ်ရှို့က မျက်မှောင်ကြုတ်ပြီး ပြောလိုက်၏။

“အဖေ …

စကားကို ကောင်းကောင်းမပြောတတ်ဘူးလား…”

ရွမ်ချုံက နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။

“သူ့ကို မရိုက်တာတောင် တော်လှပြီလေ…”

ရွမ်ရှို့က မတ်တပ်ရပ်ပြီး ပြောလိုက်၏။

“သူက အဖေ့ရဲ့တပည့်ဖြစ်ဖို့အတွက် ကြိုးကြိုးစားစား အလုပ်လုပ်နေတာ။ ဒါပေမဲ့ အဖေကတော့ သူ့ကို လစာကြေးပြား(၁)ပြားတောင် မပေးခဲ့ဘူး။ ညမှောင်တဲ့ အချိန်ကျရင်လည်း လူတိုင်းက သူတို့ရဲ့အခန်းထဲမှာ အိပ်နေ၊စကားပြောနေကြတယ်။ ချန်းပင်အန်းတစ်ယောက်တည်းပဲ ရေတွင်းထဲက မြေကြီးတွေကို သယ်နေသေးတာ။ သူက အဲဒါနဲ့ အလုပ်များနေပြီး လုံးဝအနားမယူခဲ့ဘူး။ အဖေ… ဒီအချိန်အတောအတွင်း ဘယ်သူက အလုပ်အကြိုးစားဆုံးလဲဆိုတာ မသိဘူးလား။ အဖေ့ကိုယ်အဖေ ပြန်ပြီးတော့ မေးကြည့်လိုက်ဦး။ သူက ငွေစ(၁၅)စ၊(၁၆)စလောက် ချေးပေးဖို့တောင်းဆိုတာ အရမ်းလွန်နေလို့လား…”

ရွမ်ချုံ၏ မျက်နှာက မည်းမှောင်သွားပြီး စကားမပြောခဲ့ပေ။ သူက စဉ်းစားလိုက်၏။

“ငါလည်း အဲဒါတွေကို ကောင်းကောင်းသိတယ်။ ဒါကြောင့်လည်း ငါက ငါ့ကို ကပ်ဖားလုပ်ဖားလုပ်ဖို့ ကြိုးစားနေတဲ့ ဒီကောင်လေးကို သတ်ပစ်ချင်နေတာ…”

အကယ်၍ ထိုလူငယ်ကသာ ကျန့်ယန်တောင်မှ တောင်ရွှေ့လူဝံကြီး၏ ကျင့်ကြံမှုနှင့် စွမ်းရည်မျိုး ရှိနေမည်ဆိုလျှင်တော့ သူ့အဖေကလည်း ချီကျင့်ချွန်ဆီမှ သင်ယူနိုင်ပြီး သူ့ကို မသေမရှင် ဖြစ်သွားအောင် တိုက်ခိုက်နိုင်သည်။ သို့သော် ထိုအရာကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် ရွမ်ချုံက အနည်းငယ် စိတ်ပျက်သွားခဲ့၏။

သူကတော့ ဤကမ္ဘာကြီးထဲတွင် သူတော်စင်တစ်ယောက်ဟူသော အဆင့်အတန်းမျိုး မရှိလျှင်ပင် တောင်ရွှေ့လူဝံကြီးကိုတော့ အနိုင်ရ‌နိုင်သေးသည်။ သို့သော် သူက ချီကျင့်ချွန်ကဲ့သို့ ခြေတစ်ချက်တည်းနှင့် အနိုင်ရရန် လုံးဝမဖြစ်နိုင်ပေ။

ရွမ်ချုံက သူ့ကိုယ်သူနှစ်သိမ့်လိုက်၏။ သူက စစ်ကျောင်းတော်မှ ဓားကျင့်ကြံသူ တစ်ယောက်ဖြစ်သော်လည်း သူ၏အစစ်အမှန်လေ့လာမှုက တိုက်ခိုက်ရာတွင် မဟုတ်ချေ။ သူက ဤကမ္ဘာကြီးထဲရှိ ဓားဖန်တီးသူများထဲမှ အတော်ဆုံးတစ်ယောက် ဖြစ်ချင်ခဲ့၏။ သူက ကိုယ်ပိုင်အသက်ဝိညာဉ်များကို အားဖြည့်ပေးနိုင်သော သက်ရှိဓားတစ်လက်ကို ဖန်တီးချင်နေခဲ့သည်။

ထိုသို့ဆိုလျှင် ဤကမ္ဘာကြီးထဲ၌ အသက်ရှင်နိုင်၊ သေနိုင်၊ လေ့ကျင့်နိုင်၊ ပြန်လည်ဝင်စားနိုင်သော နောက်ထပ်သက်ရှိတစ်ယောက် ရှိလာနိုင်သည်။ ထိုသက်ရှိက မဟာလမ်း‌စဉ်ကိုပင် လျှောက်လှမ်းနိုင်သေး၏။

ရွမ်ချုံက သူ၏ပန်းကန်လုံးနှင့်တူကို ပြန်ချလိုက်ပြီး ကောင်းကင်ကြီးပေါ်သို့ မော့ကြည့်လိုက်သည်။

“ချီကျင့်ချွန် သေသွားတာနဲ့ မင်းတို့က ဥပဒေမဲ့လုပ်လို့ရပြီလို့ ထင်နေတာလား။ ငါက စည်းမျဉ်းတွေကို ရှင်းရှင်းလင်းလင်း ပြောထားပြီးသားပဲ။ အခုမင်းတို့က စည်းမျဉ်းတွေကို မလိုက်နာဘဲ ငါ့ရဲ့စွမ်းရည်တွေကို ပြခိုင်းချင်နေတယ်။ ဒါဆိုရင်တော့ မင်းတို့က သွားသေလိုက်တော့….”

အနားတွင် မည်သူမျှမရှိကြောင်း မြင်လိုက်ရသည့်အခါ မူလက ထိုင်ခုံတွင် ထိုင်နေသော ရွမ်ချုံက လေပေါ်သို့ အလင်းတန်းတစ်ခုသဖွယ် ပျံသန်းသွားခဲ့သည်။

တိမ်တိုက်ပင်လယ်ကြီး၏ အပေါ်ဘက်တွင်တော့ နန်းတော်ဝတ်စုံနှင့် အမျိုးသမီးအနည်းငယ် ၊ ပိုးဖဲဝတ်ရုံနှင့် ကျောက်စိမ်းခါးပတ်များ ပတ်ထားသော လူအနည်းငယ် ရှိနေကြသည်။ သူတို့က ကောင်းကင်ကြီးပေါ်တွင် လမ်းလျှောက်နေကြပြီး ရယ်ကာမောကာနှင့် စကားပြောနေကြ၏။ သူတို့အားလုံးက အင်မော်တယ်များဖြစ်ကြသည်။ မကြာခဏဆိုသလို သူတို့က လီကျူးသုခဘုံရှိနေသော ကုန်းမြေကြီးကိုကြည့်ပြီး ချီးကျူးစကားများ ပြောနေကြ၏။

ထိုအချိန်တွင် ကျယ်လောင်သောအသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ရွှေရောင်ဆံထုံးတစ်ခုနှင့် အမျိုးသမီးတစ်ယောက်၏ ဦးခေါင်းက ပေါက်ကွဲသွားခဲ့၏။ ထို့နောက် သူမ၏အနားတွင် ရှိနေသော မိန်းမလှလေး တစ်ယောက်ကလည်း ခေါင်းနှစ်ခြမ်း ကွဲသွားခဲ့သည်။

ရွမ်ချုံကတော့ ရွှေရောင်တိမ်တိုက်ပင်လယ်ကြီး၏အပေါ်ဘက်တွင် လွင့်မျောနေသေး၏။ သူ၏မျက်လုံးများက အလွန်ထက်မြက်နေပြီး ပတ်ပတ်လည်ကိုကြည့်၍ ခနဲ့သလို ပြောလိုက်သည်။

“ဘာလဲ … မင်းတို့က ဒီလိုအသေးအမွှားလေးတွေနဲ့ ငါ့ရဲ့သည်းခံနိုင်စွမ်းကို စမ်းသပ်နေကြတာလား။ မင်းတို့က ငါ့ကို အထင်သေးနေကြတာ မဟုတ်ဘူးလား။ ငါ ရွမ်ချုံက ပန်းပဲပညာရှင် တစ်ယောက်ဖြစ်တဲ့အတွက် ချီကျင့်ချွန်ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်လိမ့်မယ်။ ဒါပေမဲ့ မင်းတို့လို အဆင့်(၁၀)မှာရှိတဲ့ ကျင့်ကြံသူတွေကို သတ်ဖို့တော့ ခက်ခဲနေမှာလား…”

“ဒါကြောင့် အခုကစပြီး စည်းမျဉ်း(၁)ခုပဲရှိမယ်၊ လူ‌တိုင်း နားထောင်ကြ။ တကယ်လို့ မင်းတို့တွေက နယ်စပ်အပြင်ဘက်မှာ ပုန်းနေပြီး လီကျူးသုခဘုံကို တပ်မက်နေကြမယ်ဆိုရင် ငါ ရွမ်ချုံ စိတ်မကြည်တာနဲ့ မင်းတို့ကို သုခဘုံရဲ့ အပေါ်ကနေဖမ်းပြီး ခေါင်းကို ဖျက်ဆီးပစ်မယ်။ ယုံတာ၊ မယုံတာကတော့ မင်းတို့သဘောပဲ…”

ရွမ်ချုံက ထိုစကားကို ပြောလိုက်ပြီးနောက် နယ်စပ်မှ ပျံသန်းလာခဲ့သည်။ တခဏအတွင်း သူက လက်တစ်ဖက်နှင့် အဘိုးအိုတစ်ယောက်၏ ဦးခေါင်းကို ဖိနှိပ်ချလိုက်ပြီး သူ့ကို နယ်စပ်မျဉ်းထဲသို့ ဆွဲခေါ်လိုက်သည်။

သူက လက်(၅)ချောင်းကို ဖိနှိပ်၍ အားထည့်လိုက်ရာ အဘိုးအိုက တောင်းပန်လိုက်သည်။

“ဆရာရွမ်...

ရာရွမ် စကားကောင်းကောင်းပြောကြရအောင်။ ကျွန်တော်က အနားမှာရှိတဲ့ ခရမ်းမြူခိုးမြစ်ထဲကပါ...”

အဘိုးအို စကားပြောပြီးသည်ကို စောင့်မနေဘဲ ရွမ်ချုံက ထိုအင်မော်တယ်ပညာရှင်၏ ဦးခေါင်းကို ဖျက်ဆီးပစ်လိုက်ပြီ အလောင်းကိုတော့ သုခဘုံ၏ အပြင်ဘက်သို့ ပစ်ထုတ်လိုက်သည်။ သို့သော် ရွမ်ချုံက အလောင်းထဲမှ ထွက်သွားသော အစိမ်းရောင်အလင်းတန်းကိုတော့ အေးစက်စွာ စိုက်ကြည့်နေခဲ့၏။ သူက ခြိမ်းခြောက်သည့်အချိန်တွင် တစ်ဖက်လူကို အလွန်ကြောက်လန့်သွားအောင် လုပ်ဆောင်၍ မရနိုင်ပေ။

(၃)ပေခန့်ပင် မရှိသော အစိမ်းရောင်အလင်းတန်းက မိုင်(၁၀၀၀)နီးပါးခန့် ရူးသွပ်စွာ ပျံသန်းသွားခဲ့ပြီး ခရမ်းရောင်မြူခိုးများ လွှမ်းချုံနေသော အစိမ်းရောင်မြစ်တစ်ခုထဲသို့ ဝင်ရောက်သွားခဲ့သည်။ မြစ်ရေက အလွန်တောက်ပပြီး တာ့လီအင်ပါယာထဲတွင် ရှိနေသော မြစ်ကြီးများထက်ပင် အဆပေါင်းများစွာ ပို၍သာလွန်နေခဲ့၏။

လက်(၅)ချောင်းတွင် သွေးများ စွန်းထင်းနေသော ရွမ်ချုံက ကျယ်လောင်စွာ ပြောလိုက်သည်။

“နှစ်ပေါင်း(၆၀) အတောအတွင်း အရာအားလုံးက အတူတူပဲဖြစ်နေလိမ့်မယ်…”

ကျင့်ကြံသူမိန်းမပျိုတစ်ယောက်က တိမ်တိုက်များထဲတွင် ပုန်းနေခဲ့သည်။ သူမက ဒေါသတကြီး ပြောလိုက်၏။

“တော်တော်လေးကို ရက်စက်ကြမ်းကြုတ်တဲ့ နည်းလမ်းပဲ။ နယ်မြေတစ်ခုရဲ့ ကံကြမ္မာကို ထိန်းချုပ်တဲ့ သူတော်စင်က ဒီလိုမျိုး လုပ်ရတာလား…”

ရွမ်ချုံက ဒေါသတကြီး ရယ်မောလိုက်သည်။

“မင်းက ဉာဏ်ကောင်းတာပဲ။ မင်းက အဝေးကြီးမှာ ပုန်းနေပြီးမှ ငါ့ကို အတင်းပြောရဲတယ်။ ငါက မင်းကို ဘာမှမလုပ်နိုင်တော့ဘူးလို့ ထင်နေတာလား။ ငါက ချီကျင့်ချွန်လို စာပေ လေ့လာနေတဲ့ လူမျိုးမဟုတ်ဘူး။ မင်းက ငါ့လိုစစ်ကျောင်းတော်က ဓားကျင့်ကြံသူ တစ်ယောက်ဆီမှာ လောကကျင့်ဝတ်တွေ၊ ကိုယ်ကျင့်တရားတွေ အကြောင်းကို လာပြီးပြောနေတာလား။ မင်း ခေါင်းထဲမှာ တစ်ခုခုများ မှားနေတာလား”

ရွမ်ချုံက သူ့လက်ကို အောက်ချလိုက်ပြီး လက်နှစ်ချောင်းကို စုစည်းလိုက်သည်။ ထို့နောက် သူ့စိတ်ထဲတွင် တိတ်တဆိတ် ရေရွတ်လိုက်၏။

“ကောင်းကင်၊ ‌တစ္ဆေ၊ မိုးကြိုးမီးရေကန် …

အမိန့်ကို နာခံလိုက်တော့..”

တခဏအတွင်း ကောင်းကင်ကြီးပေါ်တွင် အငွေ့အသက်(၂)ခု လျင်မြန်စွာ‌ထွက်ပေါ်လာပြီး ကမ္ဘာကြီးပေါ်တွင် လေလှိုင်း(၂)ခု တိုက်ခတ်လာသလို ထင်မှတ်ရသည်။

တခြားသော အသံတစ်ခုက အလျင်အမြန် သတိပေးလိုက်၏။

“အဲဒါက ရွမ်ချုံရဲ့ အသက်လေလှိုင်းနဲ့ ‌မိုးကြိုးဓားတွေပဲ။ လန်တင်... မြန်မြန်နောက်ပြန်ဆုတ်တော့။ ရွမ်ချုံရဲ့ အသက်ပစ္စည်းတွေက သာမန်လူတွေနဲ့ မတူဘူး။ အဲဒါက သူ့ရဲ့သွေးကြောမှတ်တွေထဲမှာ အားဖြည့်ထားတာ မဟုတ်ဘူး။ သူ့ရဲ့ပတ်ပတ်လည် မိုင်(၃၀၀၀)အတွင်း ကမ္ဘာကြီးထဲမှာပဲ ရှိနေတာ။ သူတို့နဲ့အတူ ‌စစ်ကျောင်းတော်က ရေနတ်ဘုရား(၂)ပါးလည်း နေရာတိုင်းကို လိုက်နေကြတယ်..”

တိမ်တိုက်ပင်လယ်ကြီး၏ အပေါ်ဘက်တွင် ရောင်စုံအကောင်လေး တစ်ကောင်က ထွက်ပြေးရန် ကြိုးစားနေခဲ့သည်။ ထိုအလင်းတန်း၏ အပြင်ဘက်တွင်တော့ ကြည်လင်တောက်ပနေသော မက်မွန်ပွင့်ကဲ့သို့ အရာများက သူတို့၏သခင်ကို ကာကွယ်ပေးနေကြ၏။

ထိုအစိမ်းရောင်အလင်းတန်းက တခဏအတွင်း မိုင်(၈၀၀)ခန့် သွားလာခဲ့ပြီးနောက် ကောင်းကင်ပေါ်မှ အစိမ်းရောင် အလင်းလေးတစ်ခု ကျဆင်းလာပြီး သူ့ခေါင်းကို ထိုးဖောက်သွားခဲ့၏။ ‌အစောပိုင်းတွင် သူမကို ထွက်ပြေးရန် ပြောခဲ့သောလူကတော့ ထူးခြားသော နည်းလမ်းကို အသုံးပြုပြီး ထွက်ပြေးသွာခဲ့သည်။

နောက်ဆုံးတွင်တော့ ကောင်းကင်ကြီးက တိတ်ဆိတ်သွားခဲ့ပြီး မည်သူကမျှထပ်မံဆူညံရဲခြင်း မရှိတော့ချေ။

ရွမ်ချုံက ခနဲ့သလို ပြုံးလိုက်ပြီး ထိုလူများနှင့် ဆက်၍ အချိန်ပေးမနေတော့ပေ။ သူက ပန်းပဲဆိုင်၏အနားတွင် ရှိနေသော စမ်းချောင်းအနားတွင် ဆင်းသက်လိုက်သည်။ သူက သတ်ဖြတ်ချင်စိတ်များ၊ အငွေ့အသက်များ ပြည့်နှက်နေသော လက်တစ်ဖက်ကို စမ်းချောင်းထဲတွင် ဆေးကြောလိုက်သည်။

‌ရွမ်ချုံက တိုးတိုးလေး သက်ပြင်းချပြီး အေးစက်စွာ ပြောလိုက်၏။

“ချီကျင့်ချွန် …

တကယ်လို့ မင်းသာ ငါ့ရဲ့တစ်ဝက်လောက် လုပ်နိုင်ဦးမယ်ဆိုရင် ဒီလိုအခြေအနေမျိုးကို ကျရောက်သွားဦးမှာလား…”

…………

ကမ်းစပ်တွင်တော့ ချန်းပင်အန်းက ဒယိမ်းဒယိုင် လျှောက်လှမ်းနေခဲ့သည်။ အပြန်လမ်းတွင် သူက ပုံမှန်လေ့ကျင့်မှုကို လုပ်ဆောင်ခဲ့ပြီး အရိုးနှင့် ကြွက်သားများက ပျော့ပြောင်းသွားခဲ့သည်။

ထိုအချိန်တွင် ဆရာရွမ်က စမ်းချောင်းထဲမှနေ၍ ကမ်းစပ်သို့ လျှောက်လာကြောင်း ချန်းပင်အန်းက ‌ရုတ်တရက် မြင်လိုက်ရ၏။ သူက တွေဝေနေပြီး အရှိန်ကို လျော့လိုက်သည်။ သူက ထပ်မံတောင်းဆိုလိုခြင်း မရှိတော့ချေ။ ဘာကြောင့်မှန်း မသိသော်လည်း ဆရာရွမ်က သူ့အပေါ် စိတ်သဘောထားကောင်းမရှိသလို ခံစားနေရ၏။ ဆရာရွမ် သူ့ကိုကြည့်နေသည့်အကြည့်မျိုးက အဘိုးယောင်ကဲ့သို့ အထင်သေးမှုများ ပြည့်နှက်နေခဲ့သည်။

ရွမ်ချုံကတော့ လူငယ်လေးကို လျစ်လျူရှုလိုက်ပြီး ပန်းပဲဖိုသို့ တစ်ယောက်တည်း ပြန်သွားခဲ့၏။

ချန်းပင်အန်းက စမ်းချောင်းထဲကို ရုတ်တရက် လှည့်ကြည့်လိုက်သည်။ ထိုနေရာက တည်ငြိမ်နေပြီး သာမန်မဟုတ်သောအရာများ မရှိချေ။ သို့သော် ချန်းပင်အန်း၏ ရင်ထဲတွင်တော့ တင်းကြပ်သွားခဲ့၏။ သူ့နောက်ကျော‌တွင် ဓားတ်လက် ရှိနေသလို ထင်မှတ်ရသည်။ ထိုစမ်းချောင်းထဲတွင် မကြာသေးခင်ကမှ သေဆုံးသွားသော ရေသရဲ‌တစ်ကောင်က သူ့ကိုစိုက်ကြည့်နေသလို ခံစားရ၏။

သို့သော် နေ့ခင်းပိုင်းဖြစ်သည့်အတွက် စမ်းချောင်းက သိမ်မွေ့ညင်သာစွာ စီးဆင်းနေခဲ့၏။ ချန်းပင်အန်းက လက်မလျော့ခဲ့ပေ။ သူက ကျောက်တုံးအနည်းငယ်ကို ကောက်ပြီး စမ်းချောင်းထဲသို့ ပစ်ချကြည့်လိုက်၏။ သူက စမ်းချောင်းထဲတွင် ရှိနေသော လှုပ်ရှားမှုများကို သေချာစစ်ဆေးကြည့်လိုက်ပြီး သဲလွန်စတချို့ရှာဖွေရန် ကြိုးစားကြည့်လိုက်သည်။

ချန်းပင်အန်းက အချိန်ကြာကြာ ကြည့်လာလေလေ တစ်စုံတစ်ခု မှားယွင်းလာသည်ဟု ခံစားမိလေလေဖြစ်သည်။ နေ့အချိန်တွင်ပင် စမ်းချောင်းကြီးက မည်းမှောင်နေသော ခံစားမှုတစ်ခု ပေးနိုင်ခဲ့၏။ ချန်းပင်အန်းက ကျောက်တုံးပြာကမ်းပါး၏ အောက်တွင် ရှိနေသော တွင်းနက်ကြီးထဲသို့ ဒိုင်ဗင်ထိုးသွားခဲ့သည့် အချိန်မျိုးတွင်ပင် ထိုကဲ့သို့ မခံစားမိခဲ့ပေ။

ချန်းပင်အန်းက အကြောင်းအရာတစ်ခုကိုတော့ သေချာသိသွားခဲ့၏။ ဤကမ္ဘာကြီးထဲတွင် နတ်ဆိုးများ၊ လေလွင့်ဝိညာဉ်များ ရှိနေသည်။ အတိတ်တုန်းက မြို့ငယ်လေးထဲတွင် ဆရာချီ ရှိနေသည့်အတွက် မည်သည့်မကောင်းဆိုးရွားကမျှ ကျူးကျော်ဝင်ရောက်နိုင်ခြင်း မရှိချေ။ ယခု ဆရာချီက မရှိတော့သည့်အတွက် နေရာတိုင်းတွင် တစ္ဆေသရဲများ၊ ဝိညာဉ်များ ရှိနေနိုင်၏။ သူက သတိထားရမည် ဖြစ်သည်။

အကယ်၍ နောက်တက်မည့် သူတော်စင်ဟုခေါ်သော ဆရာရွမ်ရှိနေလျှင်ပင် ချန်းပင်အန်းကတော့ သတိမထားဘဲ မနေရဲပေ။ မည်သို့ ဖြစ်စေကာမူ ချန်းပင်အန်းက ဆရာချီကို ပို၍ယုံကြည်နေသေး၏။ သူက အပြုံးမရှိသော ဆရာရွမ်ကို လေးစားသော်လည်း သူနှင့် ရင်းနှီးလိုခြင်း မရှိချေ။

ချန်းပင်အန်းက သူ့မသိစိတ်အတိုင်း လုပ်ဆောင်ပြီး စမ်းချောင်းထဲတွင် ရှိနေသော ထူးဆန်းမှုကို စစ်ဆေးရဲသည်မှာ ဆရာရွမ် ယခုလေးမှ ထွက်ခွာသွားခြင်းကြောင့် ဖြစ်သည်။ ရေထဲတွင် အစစ်အမှန် သရဲ‌တစ္ဆေများရှိမရှိ သူလည်း သေချာမတွေးမိပေ။ သို့သော် သူတို့က သူတော်စင်တစ်ယောက်၏ မျက်စိရှေ့တွင် ရေထဲမှ ထွက်လာပြီး သူ့ကို သတ်ရဲမည်လော။

ထို့ပြင် ချန်းပင်အန်းဆီ၌ ဆရာချီ ပေးခဲ့သော တံဆိပ်တုံးများ ရှိနေသေးသည်။ သူတို့ထဲမှ တစ်ခုက ရေတံဆိပ်တုံး ဖြစ်သည့်အတွက် လူငယ်လေးက အလွန်သတ္တိရှိနေခဲ့၏။

ချန်းပင်အန်းက ကျောက်တုံးလက်တစ်ဆုပ်စာခန့် ပစ်လိုက်ပြီးနောက် ကျောက်တုံးထပ်ကောက်ရန် ပြင်လိုက်စဉ် မနီးမဝေးမှ လူတစ်ယောက်က မေးလိုက်၏။

“နင် ဘာတွေလုပ်နေတာလဲ….”

ထိုမိန်းမပျိုက အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမက ရွမ်ရှို့ဖြစ်၏။

ချန်းပင်အန်းက ရေကိုဖြေရှင်းရန် အာရုံစိုက်နေသည့်အတွက် မိန်းကလေးရွမ် ချဉ်းကပ်လာသည်ကို သတိမထားမိခဲ့ပေ။ သူမက သူ့ကို ရယ်မောမှာကိုလည်း ကြောက်‌လန့်နေခြင်း မရှိသည့်အတွက် စမ်းချောင်း၏ မျက်နှာပြင်ကို လက်ညှိုးထိုးပြပြီး ရိုးရိုးသားသား ပြန်ဖြေလိုက်၏။

“ရေထဲမှာ ညစ်ပတ်တဲ့အရာ တစ်ခုခု ရှိနေတယ်လို့ ခံစားမိနေတယ်။ ငါက အဲဒါကို ဖယ်ထုတ်ဖို့ ကျောက်တုံးနဲ့ ပစ်ကြည့်နေတာ…”

ရွမ်ရှို့က စမ်းချောင်းကို သေချာစိုက်ကြည့်လိုက်ပြီး သူမ၏မျက်နှာလေးက မည်းမှောင်သွားခဲ့၏။

ချန်းပင်အန်းက မေလိုက်သည်။

“အဲဒီမှာ တကယ်ပဲ ပြဿနာရှိတာလား…”

ရွမ်ရှို့က ခေါင်းခါပြီး ပြောလိုက်၏။

“ငါတော့ ဘာမှမမြင်ပါဘူး…”

ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်သည်။

“ကြည့်ရတာ ငါပဲ သံသယလွန်နေတာ ဖြစ်မှာပါ…”

ရွမ်ရှို့က တီးတိုးပြောလိုက်သည်။

“နင် အရင်ဆုံး ပြန်လိုက်လေ။ ငါက ဒီမှာတစ်ခုခုစားပြီးမှ ဆိုင်ကိုပြန်တော့မယ်။ တကယ်လို့ ငါ့အဖေမေးရင် ငါ့ကို တွေ့ခဲ့တယ်လို့ မပြောနဲ့….”

ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်၏။ ထို့နောက် သူက တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့ပြီး မြေပြင်ပေါ်တွင် ရှိနေသော ချွန်ထက်သည့် ကျောက်တုံးတစ်တုံးကို ကောက်လိုက်သည်။ သူက မေးလိုက်၏။

“မိန်းကလေးရွမ် …

စကားလုံးတွေက ဘယ်လိုအဓိပ္ပာယ်ရှိပြီး သူတို့ကို ဘယ်လိုဖတ်ရတာလဲ…”

ရွမ်ရှို့ကတော့ ရန်သူကြီးတစ်ယောက်ကို ရင်ဆိုင်လိုက်ရသလို ခံစားလိုက်ရ၏။

“စာဖတ်ဖို့လား….”

ဤကမ္ဘာကြီးထဲတွင် စာအုပ်များက ကြောက်ရာအကောင်းဆုံး ရန်သူများ ဖြစ်ကြသည်။ ရွမ်ရှို့က စာအုပ်များထဲတွင် ရှိနေသော စာမျက်နှာတစ်မျက်နှာကို မြင်လိုက်ရသည့်အချိန်တိုင်း အလွန်ခေါင်းကိုက်နေခဲ့၏။ မူလတုန်းကတော့ သူမက သူမ၏အမေနှင့်အတူ လိုက်လာခဲ့ပြီးနောက် စာသင်ကျောင်းတွင်လေ့လာရန် သွားခဲ့သည်။ သူမက သံကို အပူပေးခြင်းနှင့် ဓားထုလုပ်သည့်အလုပ်များကို မကူညီနိုင်ခဲ့ပေ။ သို့သော် သူမကတော့ ပို၍ပင် သေချင်နေခဲ့၏။

နောက်တော့ သူမက ဗိုက်ဆာသည်ဟုဆိုကာ တစ်ရက်ပြီးတစ်ရက် အချိန်ဆွဲနေခဲ့၏။ ရွမ်ရှို့က ထိုကဲ့သို့ ဆင်ခြေများကိုသာ ပေးနေခဲ့သည့်အတွက် ရွမ်ချုံက သူမကို စာမသင်ခိုင်း‌တော့ပေ။

သို့သော် ရွမ်ရှို့က လူငယ်လေး၏ရှေ့တွင်တော့ သူမ၏အကြောက်တရားများကို ပြသလိုခြင်းမရှိချေ။ သူမက တည်ငြိမ်ချင်ယောင်ဆောင်ပြီး အားတင်း၍ ပြုံလိုက်၏။

“အရင်ဆုံး ရေးပြပါဦး…”

ချန်းပင်အန်းက မြေပေါ်တွင် ကျောက်တုံးနှင့် စကားလုံး(၂)ခုကို ရေးပြလိုက်သည်။

ရွမ်ရှို့၏ခန္ဓာကိုယ်က ပြောင်းလဲသွားခဲ့၏။ သူမက တက်ကြွလာပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။

“အဲဒီစကားလုံး(၂)ခုက အရမ်းရိုးရှင်းတယ်။ ငါ ငယ်ငယ်ကတည်းက သိနေတာ။ အဲဒါက ရှန်ဆိုတဲ့ စကားလုံးနဲ့ တင်ဆိုတဲ့ စကားလုံးပဲ။ သူတို့က လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောမှတ်တွေရဲ့နာမည်ပဲလေ။ ရှန့်တင်ဆိုတာက သွေးကြောမှတ်တစ်ခုပဲ။ ငါတို့လူသားတွေက သက်ရှိအားလုံးနဲ့ နတ်ဆိုးတွေ အားလုံးရဲ့ခေါင်းဆောင်ဖြစ်နေပြီး မဟာတာအိုလမ်းစဉ်ကို ကျင့်ကြံကြတဲ့သတ္တဝါတွေနဲ့ နတ်ဆိုးတွေက လူသားခန္ဓာကိုယ်အဖြစ် ပြောင်းလဲကြတယ်ဆိုတာ ငါတို့ရဲ့လူသားခန္ဓာကိုယ်က ကျင့်ကြံမှုအတွက် အသင့်တော်ဆုံးဖြစ်နေလို့ပဲ။ ‌အရွယ်မျိုးစုံရှိနေတဲ့ သွေးကြော(၃၆၅)မှတ်က ရွှေငွေရတနာတောင်ကြီးလိုပဲလို့ ရှေးဟောင်းဘိုးဘေးတွေက ပြောခဲ့ဖူးတယ်…”

“သွေးကြောမှတ်တွေဆိုတာ ချီစွမ်းအားတွေ ဝင်လိုက်ထွက်လိုက်ဖြစ်နေ‌တဲ့နေရာမျိုးပဲ။ ငါတို့ရဲ့စိတ်ဝိညာဉ်(၃)မျိုးနဲ့ ဝိညာဉ်(၆)မျိုးကတော့ မိသားစုတစ်ခုမှာ ထမင်းပန်းကန်တစ်ချပ်ဆီ စားတဲ့ကလေးတစ်ယောက်လိုပဲ။ သူတို့တွေက အချင်းချင်း အားဖြည့်ပြီး သန်မာလာအောင် ကူညီပေးနေကြတယ်…”

ရွမ်ရှို့က ရှင်းပြလိုက်သည်။

ထို့နောက် သူမက လက်ညှိုးနှင့် ခေါင်းကို ဖိလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

“ရှန့်တင်သွေးကြောက ဒီနေရာမှာရှိတယ်။ နင့်ရဲ့နဖူးအပေါ်ဘက် (၅)စင်တီမီတာလောက် အကွာမှာရှိတယ်။ ဒီသွေးကြောမှတ်က ငါနဲ့ငါ့အဖေလို ဓားကျင့်ကြံသူတွေအတွက်တော့ သိပ်ပြီးအရေးမပါဘူး။ ပြောရမယ်ဆိုရင်တော့ ဒါက မဖြစ်မနေ တိုက်ခိုက်ရမယ့် နေရာတစ်ခုမဟုတ်ဘူး။ ဒါကိုလွှတ်ထားလိုက်လို့လည်း ရတယ်။ ဒါပေမဲ့ အသက်ရှင်ချင်တဲ့သူတွေအတွက်တော့ ဒီသွေးကြောမှတ်က အရမ်းကိုအရေးပါတယ်။ နတ်ဘုရားတွေ၊ တစ္ဆေတွေက သိပ်ပြီးကြောက်စရာမကောင်းဘူးလို့ ငါ့အဖေက ပြောဖူးတယ်။ သူတို့ရဲ့ နတ်ဘုရားစွမ်းအားတွေက ဘယ်လောက်ပဲ အစွမ်းထက်ထက် သူတို့ရဲ့တစ္ဆေလမ်းစဉ်က ဘယ်လောက်ပဲကျယ်ကျယ် သူတို့က လူတစ်ယောက်ရဲ့အမိုးအောက်မှာ ရှိနေတဲ့ သက်ရှိတွေလိုပဲ။ သူတို့တွေက ပြောစရာတောင်မလိုဘူး….”

ချန်းပင်အန်းက ထိုအရာကို နားမလည်နိုင်သော်လည်း မှတ်ထားလိုက်သည်။ သူက ကျုကျွယ်နှင့် ထိုက်ယွမ်ဟူသော စကားလုံးများကိုလည်း မေးလိုက်သေး၏။

‌ရွမ်ရှို့က တစ်ခုချင်းဆီ ဖြေပေးနေခဲ့သည်။ သူမက စာဖတ်ရခြင်းကို သဘောမကျသော်လည်း ထိုအရာက ကွန်ဖြူးရှပ်သူတော်စင်များ၏ စာအုပ်ကြီးများကိုသာ သဘောမကျခြင်း ဖြစ်သည်။ သူမက စစ်ကျောင်းတော်မှ ကျင့်ကြံမှုနှင့် ဓားကျင့်ကြံမှုကိုတော့ အလွန်သဘောကျ၏။ သူမက ငယ်စဉ်ကတည်းက ထိုသွေးကြောမှတ်များ၏ နာမည်ကို သေချာမှတ်ထားခဲ့သည်။

ချန်းပင်အန်း မမေးရသေးခင် မိန်းမပျိုက တိုးတိုးလေးရယ်ပြီး ပြောလိုက်၏။

“နောက်ပိုင်း ငါတို့မှာ အချိန်ရှိရင်တော့ ငါက အဲဒီနာမည်တွေ၊ နေရာတွေနဲ့ သွေးကြော(၃၆၅)မှတ်ရဲ့ အသုံးဝင်မှုတွေကို ပြောပြမယ်…”

ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်သည်။

“ကျွန်တော်က မိန်းကလေးရွမ်ကို ဒုက္ခပေးသလို ဖြစ်နေပြီ…”

ရွမ်ရှို့က မေးလိုက်၏။

“ငါ နင့်ကို မုန့်တွေ သွားဝယ်ပေးဖို့ ခဏခဏ တောင်းဆိုခဲ့တာပဲလေ။ အဲဒါက ပြဿနာပေးတယ်လို့ နင်ထင်လို့လား…”

ချန်းပင်အန်းက ခေါင်းခါပြလိုက်၏။

“အဲဒါက ကိစ္စမရှိပါဘူး။ ဒုက္ခလည်း မများဘူးလေ…”

ရွမ်ရှို့က အပြုံးနှင့် ပြန်ပြောလိုက်သည်။

“အဲဒီလိုပဲလေ။ အတူတူပဲပေါ့….”

သူမက ရုတ်တရက် အနည်းငယ် နောင်တရသွားပြီး ပြောလိုက်သည်။

“တကယ်လို့ နင်က အဲဒီသွေးကြောမှတ်တွေကို သိမယ်ဆိုရင်တောင် သိပ်ပြီးတော့ အဓိပ္ပာယ်ရှိမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာကြီးထဲမှာရှိတဲ့ ကျင့်ကြံမှုတွေမှာ လူတစ်ယောက်ချင်းဆီက သူတို့ရဲ့ချီစွမ်းအားတွေကို သန့်စင်တဲ့နည်းလမ်းတွေ မတူကြဘူး။ နည်းနည်းလေး ကွဲသွားတာနဲ့ ဆုံးရှုံးမှုတွေ ကြီးကြီးမားမား ဖြစ်နိုင်တယ်။ ငါတို့မိသားစုမှာတော့ ချီစွမ်းအားတွေကို ခွဲထုတ်ပြီး လေ့ကျင့်နိုင်တဲ့ ကျင့်စဉ်(၂)ခုရှိတယ်။ ဒါပေမဲ့ အပြင်လူတွေကို သင်ပေးလို့မရဘူး။ ဒါက ငါ့အဖေ သဘောတူတာ၊ မ‌တူတာနဲ့လည်းမဆိုင်ဘူး။ ချန်းပင်အန်း ငါ တောင်းပန်ပါတယ်..”

ချန်းပင်အန်းက တခြားလူများကို အခွင့်ကောင်းယူတတ်သော လူစားမျိုးမဟုတ်ချေ။ သူက အပြုံးနှင့် လျင်မြန်စွာ ရှင်းပြလိုက်၏။

“အဆင်ပြေပါတယ်။ ကျွန်တော်က စကားလုံးတွေကို သင်ယူချင်ရုံ သက်သက်ပါပဲ။ တခြားဘာမှမတွေးထားပါဘူး။ ပြီးတော့ ကျွန်တော့်မှာ လက်သီးကျင့်စဉ်တစ်ခုရှိတယ်။ အဲဒီကျင့်စဉ်ထဲမှာရှိတဲ့ လက်သီးသိုင်းကွက်တွေကလည်း ကျွန်တော့်အတွက်လေ့ကျင့်ဖို့ တော်တော်လေး အဆင်ပြေနေပြီ။ ကျွန်တော်က တခြားအရာကိုအာရုံစိုက်လို့ ရပါ့မလား…”

ရွမ်ရှို့က ပြုံးပြလိုက်၏။ ဤနေရာတွင် ရှိနေသော မြင်ကွင်းများက ထူးခြားလှသည်။

ချန်ပင်အန်းက သူမကို မကြည့်တော့ဘဲ မတ်တပ်ရပ်၍ ပြောလိုက်၏။

“မိန်းကလေးရွမ် …

အားတဲ့အချိန်ကျရင် ကျွန်တော် ရွှံ့ပုလင်းလမ်းကြားထဲကို သွားလိုက်ဦးမယ်…”

ရွမ်ရှို့က မတ်တပ်ရပ်ပြီး ခေါင်းညိတ်ပြလိုက်သည်။

“ကောင်းပြီလေ….”

ချန်းပင်အန်းက ပန်းပဲဆိုင်လို့ ပြန်လျှောက်သွားခဲ့သည်။

ရွမ်ရှို့ကတော့ ကမ်းစပ်အတိုင်း လျှောက်လာပြီး စမ်းချောင်းဆီသို့ ရောက်လာခဲ့သည်။ သူမက လက်ကိုင်ပဝါလေးတစ်ထည်ကို ထုတ်လိုက်လိုက်ပြီး ပါးစပ်ထဲသို့ မုန့်တစ်ခု ပစ်ထည့်လိုက်၏။ ထို့နောက် သူမက ‌ဖြည်းညင်းစွာ ဝါးနေပြီး အရသာခံ ကြည့်နေခဲ့သည်။

ချန်းပင်အန်း မြို့သို့ ရောက်သွားသည့်အချိန်တွင် သူမက အင်္ကျီလက်ကို‌ပင့်တင်လိုက်ရာ အနီရောင်လက်ကောက်လေးတစ်ခု ပေါ်လာခဲ့သည်။ သူမက ကြည်လင်နေသော စမ်းချောင်းကို ကြည့်လိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

“မီးနဂါး ရေပေါ်လမ်းလျှောက်…”

လက်ကောက်လေးက ချက်ချင်း‌ပင် အရည်အဖြစ် ပြောင်းသွားခဲ့သည်။ ထို့နောက် သက်ရှိသတ္တဝါတစ်ကောင် နိုးထလာပြီး လှုပ်ရှားလာခဲ့၏။ နောက်ဆုံးတွင်တော့ မီးတောက်များ လွှမ်းခြုံနေသော နဂါးလေးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

နဂါး၏ဦးခေါင်းနှင့် အမြှီးက တဆက်တည်း ဖြစ်နေပြီး မိန်းမပျို၏ လက်ကောက်ဝတ်တွင် ရစ်ပတ်နေခဲ့၏။ အစိမ်းဝတ်မိန်းမပျိုက အမိန့်ပေးလိုက်သည်။ (၁)ပေပင် မရှိသော အနီရောင်နဂါးလေးက စမ်းချောင်ထဲသို့ ခုန်ဝင်သွားခဲ့၏။ ‘(၃)လက်မ၊ (၃)ပေ၊ (၁၀)ပေ…’

မီးနဂါးက ရေပေါ်တွင်လည်း လမ်းလျှောက်နိုင်သည်။

ရွမ်ရှို့က အမိန့်ပေးလိုက်၏။

“ပြီးသွားပြီ…”

မီးနဂါးက (၁၀)ပေခန့်အကွာတွင် ဆက်လက်ကြီးထွားလာခြင်း မရှိတော့ချေ။ သို့သော် စမ်းချောင်းထဲတွင် ရှိနေသော ရေများအားလုံး အငွေ့ပျံသွားခဲ့၏။ ထိုအရာတွင်သာမက စမ်းချောင်းအပေါ်ဘက်တွင် ရှိနေသော ရေများကလည်း အလွန်ကြောက်လန့်နေသော ရဲမက်များကဲ့သို့ ဖြစ်နေကြသည်။ သူတို့က ရှေ့ကိုဆက်ပြီး တက်မလာရဲကြပေ။ ထို့ကြောင့် စမ်းချောင်း၏ရေမျက်နှာပြင်က မြင့်တက်လာပြီး အောက်ဘက်တွင် ရှိနေသော စမ်းချောင်းရေများက ရှေ့ကို ဆက်၍စီးဆင်းသွားနေကြ၏။

ရွမ်ရှို့က မျက်မှောင်ကြုတ်ပြီး စိုက်ကြည့်နေခဲ့သည်။ သူမက အမှန်တရား ထွက်ပေါ်လာသည့် အချိန်ထိ စောင့်နေခဲ့၏။ သူမက ခြောက်ကပ်နေသော စမ်းချောင်း၏ အောက်ခြေ‌သို့ လျှောက်သွားပြီး (၁၀)ပေခန့်ရှည်သော မီးနဂါးလေး၏နောက်ကို လိုက်သွားခဲ့၏။

ယခုလီကျူးသုခဘုံက ပျက်စီးသွားပြီဖြစ်ပြီး သူတော်စင်(၄)ယောက်ချမှတ်ထားသော ကန့်သတ်ချက်များက ပျောက်ကွယ်သွားသည်။ ထို့ကြောင့် မှော်အစွမ်းများ၊ သဘာဝလွန်အစွမ်းများက ကန့်သတ်ထားခြင်း မရှိနိုင်တော့ပေ။ ထို့ကြောင့်လည်း ရွမ်ချုံက စည်းမျဉ်း သတ်မှတ်လိုက်ခြင်းဖြစ်ပြီး ပြတ်သားစွာ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။

အကယ်၍ ဤနေရာက သုခဘုံလေး(၃၆)ခုထဲတွင် အသေးဆုံးဖြစ်နေသည့်အတွက် သဘာဝရတနာများ မရှိလျှင်ပင် သုခဘုံဟူသော အဆင့်အတန်းတော့ ရှိနေသေးသည်။ ဤနေရာတွင် ရှိနေသော အကျိုးအမြတ်များအားလုံးက ကျင့်ကြံမှုအတွက် သိသိသာသာ အကျိုးပေးနိုင်၏။ ယခုတော့ ကန့်သတ်ချက် ကြီးကြီးမားမား မရှိတော့သည့်အတွက် မည်သူ့ကိုမျှထိန်းချုပ်မှုမရှိသော်လည်း ပြင်ပကမ္ဘာမှ ကျင့်ကြံသူများ ဝင်ရောက်လာကြပါလိမ့်မည်။ ‌

ထိုအခါ လူကောင်းနှင့် လူဆိုးများ ရောနေနိုင်ပြီး သူတို့၏ ရည်ရွယ်ချက်များကိုလည်း ရှင်းရှင်းလင်းလင်းမသိနိုင်ပေ။ အဆုံးတွင်တော့ အသက်ရှင်ရပ်တည်ရန် ကံကောင်းနေသော လိပ်အိုကြီးများကလွဲလျှင် မြို့ငယ်လေးထဲတွင် ရှိနေသော လူ(၆၀၀၀) ကျော်က (၁)ရက်အတွင်း သေဆုံးသွားနိုင်၏။

စစ်ကျောင်းတော်က အလွန်စည်းမျဉ်းတင်းကျပ်သည်။ သို့သော် သူတို့က ကွန်ဖြူးရှပ်စာသင်သားများထက် ပို၍သက်တောင့်သက်သာရှိ၏။ သူတို့က အခြေအနေနှင့် နေရာပေါ်ကြည့်၍ လိုက်လျောညီထွေ လှုပ်ရှားတတ်သည်။

နာရီဝက်ခန့် ကြာပြီးနောက် စမ်းချောင်း၏ ဘယ်ဘက်နှင့်ညာဘက်တွင် သွားလာနေသော မီးနဂါးလေးက ပစ်မှတ်တစ်ခုကို ရှာတွေ့သွားပုံရ၏။ သူက လက်သည်းနှင့် ကုတ်လိုက်ပြီး ‌သူ့ခေါင်းကို ဖြည်းညင်းစွာ ငုံ့လိုက်သည်။

ရွမ်ရှို့က မီးနဂါးလေးရှိရာကို လျှောက်သွားပြီး ငုံ့ကြည့်လိုက်၏။ မီးနဂါး၏ လက်သည်းအောက်တွင်တော့ ဆံပင်များ ရှိနေသော အမျိုးသမီးတစ်ယောက် ရှိသည်။ သူမ၏ခါးတွင်တော့ ဆံပင်ရှည်များက ကာကွယ်ပေးထားသည်။

သူမက စိတ်ဝင်တစား ပြောလိုက်၏။

“မြစ်နတ်ဘုရားငယ်လေး တစ်ယောက်ကများ ငါ့အိမ်ရှေ့မှာ မဆင်မခြင် လုပ်ရဲတာလား။ ငါ့အဖေက မြစ်နတ်ဘုရား(၆)ယောက်ကို ဆက်တိုက်သတ်ပစ်ခဲ့တယ်။ နင် အဲဒါကို မကြားဖူးဘူးလား…”

ညှိုးခြောက်နေသော အဘွားအိုတစ်ယောက်အဖြစ်မှ မိန်းမပျိုတစ်ယောက် ပြောင်းလဲသွားခဲ့သော အဘွားမာက တောင်းပန်လိုက်သည်။

“အင်မော်တယ် …

ကျွန်မကဒီတိုင်းပဲဖြတ်သွားတာပါ။ ကျွန်မက တခြားသူတွေကို ထိခိုက်အောင်လုပ်ဖို့ ဆန္ဒမရှိပါဘူး။ ပြီးတော့ ကျွန်မက စမ်းချောင်းရဲ့အလေ့အကျင့်ကို တိုးမြင့်ပြီး သူတော်စင်ရွမ်ကို ကူညီပေးဖို့ မျှော်လင့်နေတာပါ။ ကျွန်မက နည်းနည်းလေး အကျိုးဆောင်ပေးချင်တာပါ။ ကျေးဇူးပြုပြီး အင်မော်တယ်က ဒေါသမထွက်ပါနဲ့။ တကယ်လို့ သဘောမကျဘူးဆိုရင် ကျွန်မက ညအချိန်မှပဲ ထွက်လာပါ့မယ်…”

ရွမ်ရှို့က တည့်တည့်ပြောလိုက်သည်။

“ရှင်က ချန်းပင်အန်းကိုသိလား…”

“ချန်းပင်အန်းက ရွှံ့ပုလင်းလမ်းကြားထဲက မိဘမဲ့ကောင်လေးပါ။ ကျွန်မတို့က မကြာခဏ တွေ့ဖူးတယ်။ ဒါပေမဲ့ ဘာပြဿနာမှမရှိပါဘူး။ ကျွန်မက စမ်းချောင်းနားမှာ မြို့ငယ်လေးထဲက လူတွေကို တွေ့ရတာ တော်တော်ရှားတယ်လေ။ ဒီနေ့ အဲဒီကောင်လေးက သိုင်ပညာ လေ့ကျင့်နေတာကို တွေ့ခဲ့ရတယ်။ ကျွန်မလည်း စိတ်ဝင်စားနေလို့ ကြည့်မိတာပါ။ ဒီလိုပြဿနာတက်သွားမယ်လို့ ကျွန်မလည်း မထင်ထားဘူး။ အင်မော်တယ် …ကျေးဇူးပြုပြီး ကျွန်မကို ဗွေမယူပါနဲ့….”

ရွမ်ရှို့က လက်ကို ဝှေ့ယမ်းလိုက်ရာ မီးနဂါးလေးက ရှေးဟောင်းအင်းကွက်များ ရှိနေသော အနီရောင်လက်ပတ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။ ထိုအရာကို မိန်းမပျို၏ လက်ကောက်ဝတ်တွင် ဝတ်ထားခဲ့၏။ ရွမ်ရှို့က အဝေးတွင် ရပ်နေပြီ သူမ၏နောက်တွင်တော့ လှုပ်ရှားနေသော စမ်းချောင်းတစ်ခုရှိသည်။

သို့သော် နောက်ထပ်ဖြစ်သွားခဲ့သည့် အရာကြောင့် အဘွားမာက အလွန်ကြောက်လန့်သွားခဲ့၏။ စမ်းချောင်းက ရန်သူကို တွေ့လိုက်ရသည့်အလား အလိုလိုပြန်လှည့်သွားပြီး အောက်ဘက်ကို စီးဆင်းသွားခဲ့သည်။ ကြောက်စရာ အကောင်းဆုံးအရာကတော့ အစိမ်းဝတ်မိန်းမပျိုက မည်သည့်တာအိုနည်းလမ်းကိုမျှ အသုံးပြုခဲ့ခြင်းမရှိချေ။

ရွမ်ရှို့က အပြုံးနှင့် ပြောလိုက်၏။

“ဘာမှ မှင်တက်‌မနေနဲ့။ ကျွန်မကို တရုတ်ဇီးသီးပွင့်လမ်းကြားနဲ့ ရွှံ့ပုလင်းလမ်းကြား အကြောင်းကိုပြောပြပါ။ ရှင် သိထားတဲ့အရာအားလုံးကို ပြောပြပါ….”

လွတ်လပ်မှု ပြန်ရသွားပြီးနောက် အဘွားမာ၏ရုပ်ရည်က ပြန်ကောင်းလာခဲ့သည်။ သို့သော် တခဏအတွင်း သူမက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။ ရေတံခွန်ကဲ့သို့ဖြစ်နေသော သူမ၏အနက်ရောင်ဆံပင်များက အတော်လေးကို တိုလာခဲ့သည်။ သူမက နှလုံးကွဲကြေ‌သွားသောအမူအရာနှင့် ပြောလိုက်၏။

“ဘာလို့ ကျွန်မရဲ့ကျင့်စဉ်အဆင့်က နိမ့်ကျသွားရတာလဲ…”

မုန့်စားနေသော အစိမ်းဝတ်မိန်းမပျိုက ဝိုးတဝါး ပြောလိုက်သည်။

“‌ဪ ငါသိပြီ။ စိတ်မကောင်းပါဘူး။ ငါက ရေတွေရဲ့ရန်သူဖြစ်တဲ့ မီးနတ်ဘုရား ခန္ဓာကိုယ်နဲ့ မွေးဖွားလာတယ်ဆိုတာကို ပြောဖို့မေ့သွားတယ်…”

အဘွားမာက သူ့ကိုယ်သူ တည်ငြိမ်အောင် မနည်းကြိုးစားလိုက်ရသည်။ သူမက တိတ်တဆိတ် ငိုကြွေးပြီး တောင်းပန်လိုက်ရ၏။

“အင်မော်တယ် …ကျေးဇူးပြုပြီး ကျွန်မကို ခွင့်လွှတ်ပေးပါ..”

ရွမ်ရှို့က ခဏကြာ စဉ်းစားပြီး ပြောလိုက်၏။

“ကျွန်မက နောက်ပိုင်း ရှင့်ဆီကနေ မေးစရာရှိတယ်။ ကျွန်မက ကျွန်မရဲ့အသက်‌အငွေ့အသက်တွေကို ဖုံးကွယ်ထားမှာမို့လို့ ဘာမှမစိုးရိမ်ပါနဲ့…”

အဘွားမာက ငြင်းဆန်ရဲခြင်း မရှိသည့်အတွက် သဘောတူလိုက်ရသည်။

ရွမ်ရှို့က ကမ်းစပ်သို့ လျှောက်သွားပြီး ပြန်လှည့်လာခဲ့၏။

“ပြီးတော့ အဲဒီတစ်ခုပါပဲ….”

အဘွားမာက သူမကို ဘာမျှမလုပ်ရဲချေ။ မိန်းမပျိုက ကမ်းစပ်သို့ ပြန်‌လျှောက်သွားပြီးနောက် ပန်းပဲဆိုင်သို့ လျှောက်သွားခဲ့၏။

အဘွားမာ၏ခန္ဓာကိုယ်က စမ်းချောင်းထဲသို့ နိမ့်ဝင်သွားခဲ့သည်။ သူမ၏မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ရာ မကျေနပ်မှုများ ပြည့်နှက်နေခဲ့၏။ သို့သော် ဆုံးရှုံးမှုများစွာကို ကြုံတွေ့ခဲ့ရပြီး‌နောက် ဒေါသကို မည်သို့ဖိနှိပ်ရမည်ဖြစ်ကြောင်း သိနေခဲ့သည်။

တခြားသူများ၏အတွေးများဆီမှ အခြေခံသော အတွေးပေါင်းစုံကလည်း သူမ၏နှလုံးသားထဲတွင် ပြင်းပြင်းထန်ထန် ထွက်ပေါ်လာခဲ့၏။

“အရူးမ…

ကိုယ့်စိတ်ကိုယ် ထိန်းလိုက်စမ်း။ ဒီမိန်းကလေးရဲ့ အခွင့်အရေးက ဘာလဲဆိုတာသိလား။ အဲဒါက ကုန်းမြေကြီးပေါ်မှာရှိတဲ့ မြစ်နတ်ဘုရားတွေအားလုံးကို သတ်ပစ်ဖို့ပဲ။ မင်းက အခုမှမြစ်နတ်ဘုရားငယ်လေးအဆင့်ပဲ ရှိသေးတယ်။ သူ့ကို သတ်ချင်စိတ် ပေါ်လာရဲသေးတာလား။ လူတွေ ဝိုင်းရယ်မှာ မကြောက်ဘူးလား။ တကယ်လို့ သူက နင့်ကို သတ်ခိုင်းလိုက်မယ်ဆိုရင် အဆုံးမှာ သေသွားရမဲ့လူက နင်ပဲ ဖြစ်လိမ့်မယ်…”

“သူက ရေထဲမှာရှိတဲ့အရာတွေနဲ့ ပတ်သက်ပြီး ဘယ်လောက်တောင် အာရုံခံစားနိုင်စွမ်းရှိလဲဆိုတာ သိလား။ ဒါကြောင့် နင်ထင်ထားတာက မှန်တယ်။ နောက်ပိုင်း သူ ပထမဆုံးသတ်မဲ့ မြစ်နတ်ဘုရားက နင်ဖြစ်သွားလိမ့်မယ်။ ဒါကြောင့် နင်က အခြေအနေကို ဘယ်လိုပြင်ဆင်ရမလဲဆိုတာ သေချာစဉ်းစားသင့်တယ်…”

“ဒီကပ်ဆိုးက နင့်အတွက် ဒုက္ခတစ်ခု ဖြစ်သွားနိုင်သလို အခွင့်ကောင်းတစ်ခုလည်း ဖြစ်သွားနိုင်တယ်။ ဒါက နောက်ဆုံးအကြိမ် သတိပေးနေတာပဲ။ တကယ်လို့ စည်းမျဉ်းတွေကို ဖောက်ဖျက်ပြီး တစ်ခုခုလုပ်မယ်ဆိုရင်တော့ ဘယ်သူမှမသိလိုက်ဘဲ သေသွားရလိမ့်မယ်….”

အဘိုးအို၏အသံ ပျောက်ကွယ်သွားပြီးနောက် သူမက ရေထဲတွင် လွင့်မျောနေခဲ့သည်။ သူမ၏ခန္ဓာကိုယ်က လှုပ်ရှားနေပြီး အသက်ကင်းမဲ့သွားသလို ဖြစ်နေခဲ့၏။ မဟာလမ်းစဉ်က ဝေဝါးပြီး ခန့်မှန်း၍မရနိုင်ပေ။

……….

သူ့သမီးက ပန်းပဲခန်းထဲသို့ ဝင်လာသည်ကို မြင်သည့်အခါ ‌ရွမ်ချုံက ဒေါသတကြီး ပြောလိုက်သည်။

“အသုံးမဝင်တဲ့ မြစ်နတ်ဘုရားတစ်ယောက်ကို အနိုင်ကျင့်ရတာ ပျော်စရာကောင်းလား…”

မိန်းမပျိုက အပြုံးနှင့် ပြောလိုက်၏။

“ဒါဆိုရင် သူက မြစ်တွေအားလုံးရဲ့နတ်ဘုရားဖြစ်လာမှပဲ အနိုင်ကျင့်တော့မယ်…”

ရွမ်ချုံက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

“ရှို့ရှို့ …

မြစ်နတ်ဘုရားတွေကို အထင်မသေးနဲ့။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က တောင်တန်းတွေ၊ ရေကန်တွေနဲ့ ကုန်းမြေကြီးတစ်ခုမှာရှိတဲ့ ပင်လယ်မှတ်တမ်းတွေထဲမှာ ရှိနေကြတဲ့ လမ်းမှန်ရေနတ်ဘုရားတွေပဲ။ သူက တိုင်းပြည်အသီးသီးမှာရှိတဲ့ တောင်တန်း(၅)သွယ် နတ်ဘုရားတွေလောက် မထူးချွန်ပေမဲ့ ရေထဲမှာ သူတို့ကိုသတ်ဖို့ မလွယ်ဘူး….”

မိန်းမပျိုက အေးအေးဆေးဆေး ပြောလိုက်သည်။

“ဒါဆိုလည်းသူတို့ကို ရေထဲမှာ မနေခိုင်းတော့ဘူးလေ…”

ရွမ်ချုံက ထိတ်လန့်သွားခဲ့ပြီး သူ့မျက်နှာပေါ်တွင် ပေါ်လာတော့မည့်အပြုံးကို မနည်းဖိနှိပ်ထားလိုက်ရလေ၏။

Translated by Hein Htet

All Chapters