အခန်း (၉၀)
Vol. 6 Ch. 90
ချန်းပင်အန်းက အိုက်လျန်ကို အတော်လေး သံသယဝင်နေသော်လည်း အိုက်လျန်က အလွန်စိတ်ဝင်စားစရာကောင်းသော လူတစ်ယောက်ဖြစ်ကြောင်း ဝန်ခံရပါလိမ့်မည်။ သူ့ဆီတွင် လုံးဝစီးနင်းခြင်းမရှိသော မြည်းတစ်ကောင်ရှိနေပြီး သူက လီဟွိုင်နှင့် အမြဲလိုလို ရန်ဖြစ်နေတတ်သည်။
သူက အရက်သောက်သည့်အချိန်တိုင်း လင်းရှို့ယီကို လိမ်ညာပြောဆိုတတ်ပြီး ဤကမ္ဘာကြီးထဲတွင် အကောင်းဆုံးအရာက အရက်ကောင်းနှင့် မိန်းမလှလေးများ ဖြစ်ကြောင်း ပြောတတ်သည်။ ချန်းပင်အန်း လေ့ကျင့်နေသည့်အချိန်တိုင်း သူက ချန်းပင်အန်း၏ပတ်ပတ်လည်တွင် စက်ဝိုင်းသဖွယ် သွားလာနေခဲ့သည်။
အကယ်၍ သူကသာ ထိုလက်သီးသိုင်းကို အမြင့်ဆုံးအဆင့်ထိ ပြည့်ပြည့်ဝဝ ကျွမ်းကျင်သွားမည်ဆိုလျှင် အလွန်အစွမ်းထက်သော သိုင်းပညာရှင် တစ်ယောက် ဖြစ်လာမည်ဟု ပြောခဲ့ပြီး သူ စိတ်ကြိုက်တိုက်ခိုက်နိုင်မည်ဟု ပြောဆိုတတ်သည်။ သို့သော် ကြမ်းတမ်းခက်ထန်မှုက အဖြေမဟုတ်ကြောင်း သူက ချန်းပင်အန်းကို ပြောခဲ့၏။
အကယ်၍ ချန်းပင်အန်းကသာ သူ့ဘဝတွင် ရှေ့ဆက်လျှောက်လှမ်းချင်သည်ဆိုလျှင် အိုက်လျန်ကဲ့သို့ စိတ်ဆန္ဒအတိုင်းသာ လုပ်ဆောင်ရန် ပြောဆိုတတ်သည်။ ထို့ပြင် သူက ပြိုင်ဘက်ကင်းဓားသမား တစ်ယောက်ဖြစ်ကြောင်း ကျူးဟယ်၏ရှေ့တွင် ကြွားဝါနေတတ်ပြီး သူ့ဓားကို ထုတ်လိုက်သည့်အချိန်တိုင်း ရန်သူကို မပြောနှင့် သူကိုယ်တိုင်ပင် ကြောက်လန့်သွားတတ်ကြောင်း ပြောတတ်သည်။
ကျူးဟယ်ကတော့ ပြုံးရုံလေးပြုံးပြီး ခေါင်းညိတ်နေတတ်၏။ သို့သော် ကျူးလုကတော့ သူ့စကားကို ယုံကြည်ပေးခဲ့ခြင်း မရှိဘဲ သူ၏ဓားစွမ်းရည်များကို ပြသရန်သာ တောင်းဆိုနေခဲ့သည်။ သူမက ကြောက်စရာကောင်းသော ဓားသိုင်းပညာများကို ပြသရန် တောင်းဆိုခဲ့ခြင်း မဟုတ်ဘဲ ပန်းကန်လုံးတစ်လုံး အရွယ်အစားခန့်ရှိသော သစ်ပင်တစ်ပင်ကို ခုတ်ချရန်သာ တောင်းဆိုခဲ့ခြင်းဖြစ်သည်။
သို့သော် အိုက်လျန်ကတော့ သူ၏ဓားသိုင်းပညာများကို ပြသရန် နေ့ကောင်းရက်သာ မဟုတ်သေးကြောင်း အမြဲတုံ့ပြန်တတ်သည်။ သူက ဓားတစ်ချောင်းကို အမြဲတမ်း အသုံးပြုနိုင်သော ဓားသမားတစ်ယောက် ဖြစ်သော်လည်း သူ၏ဓားသိုင်းပညာများကို ပြသရန် မှန်ကန်သော ခံစားချက်တစ်ခုရှိရမည်ဖြစ်သည်။ မည်သို့ဖြစ်စေကာမူ ထူးဆန်းသော အမူအကျင့်များသာ မရှိလျှင် အစွမ်းထက်သော ဓားသမားတစ်ယောက် ဖြစ်နိုင်မည်လော။
သူကတော့ ပြင်းထန်သောလေလှိုင်း၊ သိပ်သည်းသော နှင်းကျဆင်းမှုနှင့် အလွန်ပြင်းထန်သော မိုးရွာသည့်နေ့မျိုးတွင်သာ သူ၏ဓားသိုင်းပညာကိုပြသရန် စိတ်ဝင်စားသည်ဟု ပြောတတ်သည်။ ဥပမာအနေနှင့် ပြောရလျှင် မိုးသည်းထန်စွာ ရွာသွန်းနေတိုင်း သူ့ဓားက ရေတစ်စက်မျှမထိဘဲ လေထုကြီးကို မည်မျှလျင်မြန်စွာ ခုတ်ပစ်နိုင်ကြောင်း ပြသနိုင်ပါလိမ့်မည်။
ကျူးလုက အထင်သေးစွာ တံတွေးထွေးမိခဲ့၏။ ထို့နောက် ချက်ချင်း လှည့်ထွက်သွားခဲ့သည်။ အိုက်လျန်ကတော့ ထိုအရာကို အနည်းငယ်လေးပင် စိတ်ဝင်စားခဲ့ခြင်း မရှိချေ။ ထိုအစား သူက ကျူးဟယ်ကိုသာ လှည့်ကြည့်ပြီး သူ့သမီးက အကျင့်စရိုက်မကောင်းကြောင်း မှတ်ချက်ပေးခဲ့သည်။
အကယ်၍ သူမ၏ ဆိုးရွားသော အပြုအမူကြောင့် မည်သူကမျှ ကျူးလုကို လက်မထပ်ချင်လျှင် သူက အနစ်နာခံပြီး ကျူးလုကို လက်ထပ်ပေးမည်ဟုပင် ကျူးဟယ်ကို ပြောခဲ့သေးသည်။ ကျူးဟယ်က သူ၏ယောက္ခထီး တစ်ယောက် ဖြစ်လာမည့်အတွက် အလွန်ဂုဏ်ရှိသည်ဟုလည်း ပြောခဲ့၏။
ထိုအချိန်မှစ၍ ကျူးဟယ်က အိုက်လျန်နှင့် စကားပြောဆိုရန် ကြိုးစားခဲ့ခြင်း မရှိတော့ဘဲ အိုက်လျန်က တစ်ယောက်တည်း စိတ်ပျက်လက်ပျက် အမူအရာနှင့် အရက်သောက်နေရသည်။
ရက်အနည်းငယ်ကြာပြီးနောက် သူတို့က သံအဆောင်မြစ်ကို နီးကပ်လာခဲ့ပြီး ကောင်းကင်ပေါ်မှ မိုးဖွဲလေးများ ကျဆင်းလာခဲ့သည်။ ထိုအရာက သည်းထန်သော မုန်တိုင်းတစ်ခုမဟုတ်ဘဲ မိုးရွာရုံသက်သက်သာ ဖြစ်၏။
အိုက်လျန်က လမ်းလျှောက်ရန်သာ အာရုံစိုက်နေပြီး သူ့နောက်တွင် သူ့မြည်းကို ဆွဲခေါ်လာခဲ့သည်။ ရုတ်တရက်ဆိုသလို ကျူးလုက သူ့လမ်းကို တားဆီးထားလိုက်၏။ သူ့မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာတစ်ခုပေါ်လာပြီး သူမက ဘာလိုချင်နေကြောင်း လျင်မြန်စွာ နားလည်သွားခဲ့၏။
သူက ပြောလိုက်သည်။
“အခုမိုးရွာပြီဆိုတော့ ငါ့ရဲ့ဓားသိုင်းပညာကို ပြစေချင်နေတာ မဟုတ်လား။ ဘာမှမစိုးရိမ်ပါနဲ့။ ငါ မမေ့ပါဘူး။ ဘာလို့ ငါ့ကို အရူးတစ်ယောက်လို ကြည့်နေရတာလဲ။ မင်းက အရမ်းငယ်သေးတယ်ဆိုတော့ ငါ့လို အစွမ်းထက်ဓားသမားတစ်ယောက်ဆီမှာ စည်းမျဉ်းတွေ ဘယ်လောက်ရှိလဲဆိုတာ နားမလည်သေးဘူး။ မိုးက သည်းသည်းမည်းမည်း မရွာသေးဘူး။ တကယ်လို့ ငါက ငါ့ရဲ့ဓားကို မြက်ပစ်တစ်ခုလို အသုံးပြုလိုက်မယ်ဆိုရင်တောင် ငါ့ရဲ့ဓားက တရားမျှတမှုမရှိဘူးလို့ ခံစားရလိမ့်မယ်။ နေဦး ..။ ငါက ထူးခြားတဲ့ဓားသိုင်းပညာကို ပြောနေတာ မဟုတ်ဘူးနော်။ ဒါကြောင့် ငါ့မှာ ဘယ်လိုစွမ်းရည်ရှိလဲဆိုတာ မပြခင် မိုးသည်းထန်စွာ ရွာတာကို စောင့်နေရလိမ့်မယ်။ အချိန်ကျလာရင် ငါက သံအဆောင်မြစ်ကို ဖြတ်ပစ်နိုင်တယ်ဆိုတာ အာမခံတယ်။ တကယ်လို့ မင်းက ငါ့ကို ငိုယိုပြီး တပည့်အဖြစ် လက်ခံဖို့ တောင်းပန်ရင်တောင် ငါက လက်ခံမှာမဟုတ်ဘူး..”
ကျူးဟယ်က လျင်မြန်စွာ လျှောက်လာပြီး သူ့သမီးကို အဝေးသို့ တိတ်တဆိတ် ဆွဲခေါ်သွားခဲ့သည်။ မိုးရေများက သည်းထန်မှု မရှိသည့်အတွက် သူတို့က နှောင့်နှေးနေခြင်းမရှိဘဲ ပုံမှန်အတိုင်း ခရီးသွားလာနိုင်သည်။
အိုက်လျန်က သူ၏ဝါးဦးထုပ်ကို သေချာပြင်ဆင်လိုက်ပြီး ခေါင်းခါ၍ သက်ပြင်းချလိုက်မိသည်။ သူ၏အဖြူရောင်မြည်းနှင့်အတူ ရှေ့ဆုံးမှ လမ်းလျှောက်နေပြီး သူ့ပုံစံက အထီးကျန်ဆန်နေသော လူတစ်ယောက်ကဲ့သို့ထင်ရ၏။
သူ ကံဆိုးသွားခဲ့သည်မှာ နှစ်ရက်ကြာပြီးနောက် ကောင်းကင်ဘုံက ကျူးလု၏ တောင်းဆိုမှုကို အဖြေပေးလိုက်သည့်အလား အလွန်သည်းထန်သော မုန်တိုင်းတစ်ခု ကျရောက်လာခဲ့သည်။
အိုက်လျန်၏ မျက်နှာပေါ်တွင် မကျေနပ်သည့် အမူအရာတစ်ခုပေါ်လာပြီး အော်ပြောလိုက်၏။
“မင်းတို့က ဘာကြည့်နေတာလဲ။ ငါ့မျက်နှာပေါ်မှာ ပန်းပွင့်နေလို့လား။ မြန်မြန် အကာအကွယ်ယူကြမယ်။ တကယ်လို့ ငါတို့ရဲ့အဖိုးတန် ပေါင်ဖျင်လေးက အအေးဒဏ်ကြောင့် နေမကောင်းဖြစ်သွားမယ်ဆိုရင် ဘယ်လိုလုပ်မလဲ။ မင်းတို့ဆီမှာ သနားညှာတာစိတ်တောင် မရှိဘူးလား။ ငါ့ရဲ့ဓားသိုင်းပညာကို အချိန်မရွေး ကြည့်လို့ရတယ်။ မင်းတို့က လီပေါင်ဖျင်ကို အေးခဲပြီး သေသွားတာ မြင်ချင်ကြတာလား…”
အဆုံးတွင်တော့ လူတိုင်းက ဧရာမသစ်ပင်ကြီးတစ်ပင်ကြီးအောက်တွင် စုစည်းလိုက်ကြပြီး အကာအကွယ်အဖြစ် အသုံးချလိုက်ကြသည်။ သူတို့က အိုက်လျန်ကို သေချာစိုက်ကြည့်နေကြ၏။
လီဟွိုင်ကတော့ ဟန်ဆောင်၍ပြုံးလိုက်ပြီး သူ့အမေ၏လေသံကို အတုခိုး၍ပြောလိုက်သည်။
“မိုးကြိုးမုန်တိုင်းတစ်ခု မရှိတာ ခင်ဗျားက ကံကောင်းသွားတယ်။ မဟုတ်ရင် ခင်ဗျားကို အရင်ဆုံး မိုးကြိုးပစ်ချခံရမှာ…”
ကျူးလုကတော့ ခနဲ့သလို စိုက်ကြည့်နေပြီး ပုံမှန်အားဖြင့် မည်သည့်အရာကိုမျှစိတ်မဝင်စားသော လင်းရှို့ယီကပင် မျက်လုံးထဲ၌ အထင်သေးမှုများ ပေါ်လာခဲ့သည်။
ထိုအချိန်တွင် ကျူးဟယ်ကတော့ အိုက်လျန်နှင့် လုံးဝစကားပြောဆိုလိုခြင်း မရှိချေ။ သူက သစ်ပင်၏အောက်တွင် ထိုင်နေပြီး မုန့်ခြောက်များကို ဝါးစားနေခဲ့၏။ ခရီးစဉ် ဤနေရာသို့ ရောက်လာသည့် အတောအတွင်း သူက အိုက်လျန်ကို အကြိမ်ပေါင်းများစွာ စစ်ဆေးကြည့်ခဲ့သည်။
အကယ်၍ အိုက်လျန်က အလွန်အစွမ်းထက်သော စစ်ကျောင်းကျင့်ကြံသူ တစ်ယောက်ဖြစ်နေလျှင်ပင် သူက သူပြောသလို ဓားသမားတစ်ယောက်တော့ သေချာပေါက် မဟုတ်နိုင်ပေ။ အကယ်၍ သူက အမှန်အတိုင်း ပြောနေလျှင်တော့ ကျူးဟယ်က သူ့ကို သမက်အဖြစ် လက်ခံရန် ပို၍ဝမ်းမြောက်ဝမ်းသာ ရှိပါလိမ့်မည်။ အမှန်အတိုင်းပြောရလျှင် သူက အိုက်လျန်၏ ယောက္ခထီးအဖြစ်ပင် လက်ခံရန် ဆန္ဒရှိနေသည်။
ပန်းပဲဖိုမှ ပထမဆုံး ထွက်လာသည့်အချိန်နှင့် ယှဉ်လိုက်မည်ဆိုလျှင် လီပေါင်ဖျင်က အတော်လေးကို တိတ်ဆိတ်ပြီး အချိန်အများစုတွင် ချန်းပင်အန်း၏ဘေး၌ တိတ်တိတ်ဆိတ်ဆိတ် ထိုင်နေရန်သာ ရွေးချယ်ခဲ့သည်။ သူမက ကျူးဟယ်နှင့် ကျူးလုတို့ကို သူမ၏ခြင်းတောင်းပင် သယ်ခိုင်းခြင်း မရှိချေ။
ချန်းပင်အန်းကတော့ ပုံမှန်အတိုင်း လေ့ကျင့်နေပြီး ထိုမြင်ကွင်းက လူတိုင်းအတွက် အသားကျနေခဲ့သည်။
တခြားသူများ ကြည့်နေသည့်အတွက် အိုက်လျန်က အတော်လေး မသက်မသာခံစားလာရသည်။ ထို့ကြောင့် သူက သူတို့ကိုကျောပေးထားပြီး ငွေရောင်ဘူးသီးခြောက်ထဲမှ အရက်များကို သောက်နေခဲ့၏။
မိုးတိတ်သွားသည့်အချိန်တွင် အိုက်လျန်က ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး သစ်ကိုင်းတစ်ခု သွားရှာမည်ဟု ပြောခဲ့သည်။ နောက်ဆုံးတွင်တော့ အလွန်ထူးခြားသော သူ၏ဓားသိုင်းပညာကို လူတိုင်းကိုပြတော့မည်ဖြစ်၏။
သို့သော် လူတိုင်းက သူ့ကိုကြည့်နေကြသည့်အချိန်တွင် အိုက်လျန်က သစ်ကိုင်းတစ်ခု ရှာမတွေ့လျှင်တော့ သူလုပ်နိုင်သည့် အရာမရှိကြောင်း ပြောခဲ့သည်။ ဓားအင်မော်တယ် တစ်ယောက်အတွက် သင့်တော်သော လက်နက်တစ်ခုကို ရှာဖွေခြင်းက သာမန်လူသားတစ်ယောက် မိန်းမရှာခြင်းထက် ပို၍ခက်ခဲသည်။
လူတိုင်းက သူ့ကိုကြည့်နေကြပြီး စကားတစ်ခွန်းမျှ မပြောချင်ကြတော့ပေ။
အိုက်လျန်က တောင်ထိပ်ပေါ်သို့ တစ်ယောက်တည်း တက်သွားပြီး မြေပြင်ကတော့ မိုးရေများကြောင့် ချော်နေသည့်အတွက် လဲကျလုမတတ် ဖြစ်သွားခဲ့သည်။ သူက ချက်ချင်းပင် ခြေချော်သွားသည့်အချက်ကို ဖုံးကွယ်ရန်အတွက် လက်သီးသိုင်းကွက် အနည်းငယ်ကို လှုပ်ရှားပြလိုက်သည်။ သူက လူတိုင်းကို ကတိပေးထားသည့်အတိုင်း သူ၏ဓားသိုင်းပညာကို ပြသရန် သွေးပူလေ့ကျင့်ခန်း လုပ်ဆောင်နေသလို ထင်ရ၏။
အိုက်လျန် မြင်ကွင်းထဲမှ ပျောက်ကွယ်သွားပြီးနောက် သတိပေးချက်မရှိဘဲ မိုးက ပို၍ပြင်းထန်စွာ ရွာသွန်းလာခဲ့သည့်အတွက် လူတိုင်းလည်း သတိလက်လွတ် ဖြစ်သွားကြသည်။ ချန်းပင်အန်းက မျက်လုံးပြန်ဖွင့်လိုက်ရာ သစ်ပင်အောက်တွင် ရှိနေသော မြည်းကို တွေ့လိုက်ရသည်။
ခဏကြာစဉ်းစားနေပြီးနောက် သူက မတ်တပ်ရပ်ပြီးပြောလိုက်၏။
“ငါ အိုက်လျန်ကို သွားရှာလိုက်မယ်…”
ကျူးဟယ်ကလည်း မတ်တပ်ရပ်လာပြီး ပြောလိုက်၏။
“ငါလည်း မင်းနဲ့အတူလိုက်ခဲ့မယ်။ ဒီလိုရာသီဥတုမျိုးက တစ်ယောက်တည်းသွားဖို့ တော်တော်လေး အန္တရာယ်များတယ်…”
ချန်းပင်အန်းက ခေါင်းခါပြီး တုံ့ပြန်လိုက်သည်။
“မလိုပါဘူး။ ကျွန်တော်က တောင်ပေါ်မှာ မီးသွေးဖုတ်၊ ဆေးပင်ခူးတဲ့အချိန် ဒီလိုအခြေအနေမျိုးကို အကြိမ်ပေါင်းများစွာ ကြုံဖူးတယ်။ ဒါကြောင့် ကျွန်တော့်ကို စိုးရိမ်ဖို့မလိုဘူး။ ပြီးတော့ ဦးလေးက လူတိုင်းကို စောင့်ရှောက်ဖို့ ဒီမှာနေခဲ့မှရမယ်..”
ကျူးဟယ်က အခြေအနေကို ခဏကြာစဉ်းစားပြီးနောက် ခေါင်းညိတ်သဘောတူလိုက်သည်။
“ဒါဆိုလည်း ဂရုစိုက်ပါ…”
ချန်းပင်အန်းက လီပေါင်ဖျင်၏ခေါင်းကိုပုတ်ပြီး ညင်သာစွာ ကတိပေးလိုက်၏။
“ငါ ပြန်လာခဲ့မယ်…”
……………
ဝူယွမ်က အလွန်အလုပ်များနေသည့်အတွက် တစ်နေ့လုံး အနားယူရန် အချိန်ပင် မရခဲ့ပေ။ သူက မြို့၏အရှေ့ပိုင်းတွင် တိုင်းပြည်ရုံးတော် တည်ဆောက်ရန်အတွက် ကိုယ်တိုင်ကြီးကြပ်ရသည့်အပြင် ဝမ်ချန်းစံအိမ်နှင့် စစ်ကျောင်းသူတော်စင် ကျောင်းဆောင်အတွက် နေရာရွေးချယ်သည့်ကိစ္စကိုလည်း လုပ်ဆောင်နေရသည်။
မျိုးနွယ်(၄)ခုနှင့် ကလန်(၁၀)ခုထဲတွင် မြို့ထဲမှ ထွက်သွားသော ကလန်(၆)ခုကို ဖယ်လိုက်လျှင် (၈)ခု ကျန်နေသေးသည်။ အမိုးခုံး အဆောက်အဦးတွင် ရှိနေသော စာသားများကို ကူးယူနေစဉ်အတောအတွင်း အထွေထွေရေးရာဌာနမှ လက်ယာအမှတ်ကြီး တုံဟူက ဝူယွမ်ထက် ပို၍အာဏာရှိနေခဲ့သည်။
ရလဒ်အနေနှင့် ဖုလုလမ်းကြား၊ မက်မွန်ပွင့်လမ်းကြားတွင် ရှိနေသော ကလန်ကြီးများက သူ့ကို အလေးအနက်မထားကြတော့ပေ။ ထိုသို့ဆိုရာတွင် သူကတော့ တစ်အိမ်ချင်းဆီ လိုက်သွားပြီး အာခြောက်မတတ် ပြောခဲ့ရသည်။ လည်ချောင်းများကပင် မီးလောင်နေသလို ခံစားနေရ၏။
သူက မီးဖိုကြီးကြပ်ရေးရုံးတော်သို့ ပြန်ရောက်လာသည့်အချိန်တွင် ထိုင်ခုံပေါ်၌ ခြေပစ်လက်ပစ် ထိုင်ချလိုက်ပြီး မျက်နှာကျက်ကို မျက်တောင်မခပ်တမ်း စိုက်ကြည့်နေမိခဲ့၏။
သူ၏စာသင်သား ကိုယ်ရံတော်ကလည်း သူ့အနားတွင် ရပ်နေခဲ့သည်။ ကလန်ခေါင်းဆောင်များ အားလုံးဆီသို့ သွားခဲ့သည့်အချိန်တွင် သူလည်း အတူတူ လိုက်ပါခဲ့သည်။ ထိုကလန်ခေါင်းဆောင်များက လုံးဝငြင်းဆန်ခဲ့ခြင်း မရှိသော်လည်း ပူးပေါင်းခြင်းလည်း မရှိကြပေ။ သူတို့က တစ်ယောက်ကို တစ်ယောက် ဘော်လီဘောပုတ်နေကြ၏။
သူတို့ထဲမှ တစ်ယောက်ကတော့ ဝမ်ချန်းစံအိမ်တည်ဆောက်မည့် ကြွေထည်တောင်နှင့်ကိစ္စကို လျှိုကလန်တွင် ဆွေးနွေးရမည်ဟု လျှိုကလန်ခေါင်းဆောင်က ပြောခဲ့သည်။ တခြားတစ်ယောက်ကတော့ ဝေ့ကလန်က အင်မော်တယ်အုတ်ဂူ၏ နေရာအများစုကို ပိုင်ဆိုင်ထားသည့်အတွက် ကလန်ခေါင်းဆောင်များက ထိုအရာကို သဘောတူမတူ ဆွေးနွေးရဦးမည်ဟု ပြောခဲ့ကြပြန်သည်။
ထိုအရာက သူတို့ကလန်၏အုတ်မြစ်အတွက် အလွန်အမင်းကို အရေးကြီးသည်ဟု လျှိုကလန်နှင့် ဝေ့ကလန်ခေါင်းဆောင်များက ကြေညာခဲ့၏။ ထို့ကြောင့် လူတိုင်းက သေချာဆွေးနွေးရမည်ဟု ပြောကြားခဲ့သည်။ မဟုတ်လျှင် သူတို့က မြို့ထဲတွင် ရှိနေသော တခြားမိသားစုများ၏ အပြစ်တင်ခြင်းကို ခံရနိုင်၏။
ထိုကဲ့သို့ ဆက်ဆံမှုများကြောင့် စာသင်သားကိုယ်ရံတော်က ဒေါသထွက်နေသော်လည်း သူက အသက်ငယ်ငယ်လေးကတည်းက ထိုကဲ့သို့ အတွေ့အကြုံများစွာ ရှိနေခဲ့သည်။ ထို့ကြောင့် သူက ထိုကစားပွဲများ၏ စည်းမျဉ်းနှင့် ပို၍ရင်းနှီးနေခဲ့၏။
အရာရှိတစ်ယောက်ဆီတွင် တာဝန်ထမ်းဆောင်ရခြင်းက အလွန်ခက်ခဲပြီး နယ်မြေတစ်ခု၏ ဦးဆောင်သူအရာရှိကို တာဝန်ထမ်းဆောင်ရခြင်းက ပို၍ခက်ခဲကြောင်း သိနေသည်။ ထို့ကြောင့် သူက ဒေါသကို လွှမ်းမိုးခွင့်မပေးခဲ့ပေ။
ထိုအချိန်တွင် သူ၏အဖွဲ့သားများစွာက အခြေအနေကို လာရောက်မေးမြန်းလိုက်ကြရာ သူက ခေါင်းခါပြလိုက်ပြီး ယခုအချိန်တွင် သူတို့နှင့် ဝေးဝေးနေရန် အချက်ပြလိုက်သည်။ သူက ဝူယွမ်ကို တိတ်တိတ်ဆိတ်ဆိတ် အနားယူခွင့်ပေးထားခဲ့၏။
ရုတ်တရက်ဆိုသလို ဝူယွမ်က အပြုံးနှင့် ပြောလိုက်သည်။
“ငါ့ကို မစိုးရိမ်ပါနဲ့။ ငါ အဆင်ပြေပါတယ်။ ငါက မြို့တော်မှာရှိတဲ့ အရက်ကို ရုတ်တရက် သတိရသွားတာပါ…”
ထိုအချိန်ကျမှသာ စာသင်သား ကိုယ်ရံတော်က ထိုင်ပြီး ပြောလိုက်၏။
“လီကလန်က မြို့တော်ကို ရေွှ့သွားတာ နှမြောဖို့ ကောင်းတယ်။ မဟုတ်ရင် ကျွန်တော်တို့က ကလန်ခေါင်းဆောင် လီဟုန်ဆီကနေ အကူအညီတောင်းလို့ရတယ်။ တကယ်လို့ သူကသာ ကျွန်တော်တို့ကို ကူညီပေးနိုင်မယ်ဆိုရင် ကျွန်တော်တို့ အလုပ်တွေလုပ်ဖို့ ပိုပြီးတော့ လွယ်ကူသွားနိုင်တယ်။ ကျွန်တော်တို့ကလန်က မြို့တော်မှာရှိတဲ့ လီကလန်နဲ့ တော်တော်လေး ရင်းနှီးမှုရှိတယ်။ ဒါကြောင့် သူတို့ကသာ ကျွန်တော်တို့အတွက် စကားနည်းနည်းပြောပေးလိုက်မယ်ဆိုရင် ဒီမြို့ထဲမှာရှိတဲ့ လီကလန်ဂိုဏ်းခွဲကလည်း သေချာပေါက် ကူညီပေးမှာပဲ…”
ဝူယွမ်က သူ့ကို အေးစက်စွာ စိုက်ကြည့်ပြီး အပြစ်တင်ကြိမ်းမောင်းလိုက်သည်။
“မင်းက အရူးလား။ မင်းတို့ကလန်ရဲ့ အဆက်အသွယ်တွေက မင်းရဲ့အဆက်အသွယ်မှ မဟုတ်တာ။ မင်းက ကလန်ရဲ့အဆက်အသွယ်တွေကို တစ်ကြိမ်သုံးလိုက်တဲ့အချိန်တိုင်း ကလန်ထဲမှာ မင်းရဲ့အဆင့်အတန်းက ကြီးကြီးမားမား ထိခိုက်သွားရလိမ့်မယ်။ ဒါက လူတစ်ယောက်ဆီကနေ လက်ရေးစကားလုံးတစ်ခုကို တောင်းဆိုသလိုမျိုး မရိုးရှင်းဘူး။ ဒီတော့ မင်းက ရူးမိုက်တဲ့အရာတွေ မလုပ်တာ ပိုကောင်းမယ်…”
“ကျွန်တော်က ဒီပြဿနာကို မဖြေရှင်းနိုင်မှာ စိုးရိမ်နေတဲ့အတွက် အကူအညီပေးဖို့ပဲ ကြိုးစားတာပါ..”
စာသင်သားကိုယ်ရံတော်က အပြုံးနှင့်ပြောလိုက်သည်။
ဝူယွမ်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
“တကယ်လို့ ငါကသာ ပြဿနာကို ဒီလိုမျိုးလက်လျော့တတ်တဲ့ လူတစ်ယောက်ဆိုရင် စစ်သူကြီးရဲ့ခြေထောက်ကိုချိုးပြီး သူ့သမီးကို ခေါ်သွားလောက်ပြီ..”
ထိုစကားကြောင့် ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။ စာသင်သားကိုယ်ရံတော်က ရယ်ချင်စိတ်ကိုထိန်းပြီး ပြောလိုက်၏။
“ဒီလိုအမွှန်းတင်တဲ့ စကားမျိုးပြောမယ်ဆိုရင်လည်း သီးသန့်အချိန်မှာပဲ ပြောဖို့အကြံပေးချင်တယ် သခင်လေးဝူ..”
ဝူယွမ်က ထိုင်ခုံနောက်ကို မှီလိုက်၏။ သူကတော့ အနည်းငယ်လေးပင် စိတ်ပျက်သွားခြင်း မရှိသည့်အပြင် အပြုံးနှင့်ပြန်ဖြေခဲ့သည်။
“ဟုတ်တယ်လေ။ တကယ်လို့ ငါ့ယောက္ခမသာ အခုချိန် ငါ့ဆီလာလည်မယ်ဆိုရင် ငါက ထိုင်ခုံကနေထပြီး သူ့ကို ရေနွေးကြမ်းတချို့ သွားတိုက်မှာပဲ။ ငါပြန်ရောက်လာတဲ့ အချိန်ကျရင် သူပင်ပန်းနေလားမေးပြီး သူ့ရဲ့ပုခုံးကို နှိပ်ပေးရမှာပေါ့..”
ခန်းမထဲတွင် ရှိနေသော လူတိုင်းက အားရပါးရ ရယ်လိုက်ကြသည်။ ဝင်ပေါက်၏ ဘေးတစ်ဖက်တချက်စီတွင် ရပ်နေသော ကိုယ်ရံတော်များကပင် အချင်းချင်း ကြည့်နေမိကြ၏။
ထိုခဏတွင် ဝူယွမ်က မတ်မတ်ထိုင်လိုက်သည့်အတွက် အခန်းထဲတွင် ရှိနေသော လူတိုင်းက အနည်းငယ် ငြိမ်သက်သွားကြပြီး သူနောက်ထပ်ပြောမည့်စကားကို စောင့်နေခဲ့ကြသည်။
ဝူယွမ်က မနှေးမမြန် အမူအရာနှင့် ပြောလိုက်၏။
“လီကလန်က ထွက်သွားပြီ။ လုကလန်ကတော့ ကြားနေဖို့ ဆုံးဖြတ်ပြီး ဒီကိစ္စကို ဝင်မပါဘူး။ ကျိုးကလန်ကတော့ သူတို့ရဲ့မျိုးနွယ်ခေါင်းဆောင် နေမကောင်းဖြစ်နေတယ်လို့ ပြောထားတယ်။ သူတို့ရဲ့မျိုးနွယ်ခေါင်းဆောင် ပြန်ကောင်းလာမှပဲ သူတို့က ဆုံးဖြတ်နိုင်မယ်လို့ ပြောထားတယ်…”
“စုန့်ကလန်ကတော့ ရင်ဆိုင်ဖို့ အခက်ခဲဆုံးပဲ။ ဖုလုလမ်းကြားပေါ်မှာရှိတဲ့ မျိုးရိုးကြီး(၄)ခုက နဂါးမီးဖိုကြီး(၁၀)ခုကျော်ကို ပိုင်ဆိုင်ထားတယ်။ မူလတုန်းက လီကလန်ရဲ့ မီးဖိုကြီးတွေကိုလည်း မက်မွန်ပွင့်လမ်းကြားထဲမှာရှိတဲ့ ဝေ့ကလန်နဲ့ လျှိုကလန်တို့ဆီကို ပေးထားတယ်။ ငါက ရုံးတော်ထဲမှာရှိတဲ့ မှတ်တမ်းတွေအားလုံးကို စုစည်းပြီး အဲဒီကလန်တွေကြားထဲမှာရှိတဲ့ ပတ်သက်ဆက်နွယ်မှုတွေကို ဖော်ထုတ်စေချင်တယ်။ ဒီမြို့ငယ်လေးက ဘယ်လောက်ထိရှုပ်ထွေးမလဲ ကြည့်ကြတာပေါ့…”
“တကယ်လို့ ငါတို့က မြို့ထဲမှာရှိတဲ့ ထိပ်တန်းကလန်တွေကို မသိမ်းသွင်းနိုင်ဘူး ဆိုရင်တောင် အောက်ခြေမှာရှိတဲ့ ကလန်လေးတွေနဲ့ပဲ စကြတာပေါ့။ ကလန်(၁၀)ခုရဲ့ အောက်ခြေမှာရှိတဲ့ ကလန်အနည်းငယ်ကလွဲရင် တော်တော်လေးကို လွှမ်းမိုးနိုင်ပြီး ဖုလုလမ်းကြားနဲ့ မက်မွန်ရွက်လမ်းကြားကို မသွားချင်သေးတဲ့ မာကလန်လည်း ရှိသေးတယ်။ သူတို့ကို ဘိုးဘေးတွေက တစ်ခုခု တားမြစ်ထားခဲ့တာ ဖြစ်နိုင်တယ်..”
“သူတို့က နဂါးမီးဖိုကြီး(၂)ခု ပိုင်ဆိုင်ထားတယ်။ လက်ရှိ ငါက မီးဖိုကြီးကြပ်သူ တစ်ယောက် ဖြစ်နေမှတော့ နဂါးမီးဖိုကြီးတွေအားလုံးရဲ့ အခြေအနေကို ဆုံးဖြတ်ပေးလို့ရတယ်။ ငါက ကူညီပေးချင်နေတဲ့ ကလန်တွေအားလုံးရဲ့ အကူအညီကိုယူပြီး တချိန်တည်းမှာပဲ ငါတို့မီးဖိုကြီးကြပ်သူရဲ့ စုဆောင်းမှုတွေအားလုံး ကုန်သွားမယ်ဆိုရင်တောင် ငါတို့ရဲ့ဦးတည်ချက်ကို ပြည့်စုံအောင် တတ်နိုင်သမျှ လုပ်ရမှာပဲ…”
“သူတို့က ကြွေထည်တောင်ကို ယူချင်ယူထားနိုင်ပေမဲ့ အင်မော်တယ်အုတ်ဂူကတော့ တော်တော်အရေးကြီးတယ်။ ဒီတော့ အဲဒီနေရာကို ကလန်တွေကြားထဲမှာခွဲဝေတဲ့အချိန် သဘောမတူမှုတွေ ဖြစ်လာနိုင်တယ်။ အဲဒီအချိန်ကျရင် ငါတို့က တထိုင်တည်း ဝင်သိမ်းလိုက်ရုံပဲ။ အခုချိန်မှာတော့ သူတို့က ငါ့ကို စိတ်ကြိုက် နှင်ထုတ်နိုင်ကြတယ်။ ဒါပေမဲ့ သူတို့ကျဆင်းသွားတဲ့အချိန်ကျရင်တော့ မြေခွေးအိုကြီးတွေက ငါ့ကို တောင်းပန်လာရလိမ့်မယ်…”
ထိုအရာက ဝူယွမ်၏ကြေညာချက်တစ်ခုဖြစ်သည်။ သူကတော့ စိတ်ပျက်သွားရမည့်အစား သက်ပြင်းချလိုက်ပြီး ထိုင်ခုံတွင် ပြန်ထိုင်လိုက်၏။
“ငါက ဒီလိုမျိုး အသက်ရှင်လို့မရနိုင်ဘူး။ ငါ့ရဲ့ကံဆိုးတွေမှုတွေ ဘယ်အချိန်မှာ အဆုံးသတ်မှာလဲ။ ဆရာ …ကျွန်တော် အပန်းဖြေဖို့ မိန်းမလှလေးတွေ ရှာမပေးချင်ဘူးလား။ ရုံးတော်တစ်ခုလုံးမှာရှိတဲ့ မိန်းမတွေအားလုံးကလည်း အသက်ကြီးတာနဲ့ ကလေးတွေပဲရှိတယ်။ သူတို့တွေက သက်တူရွယ်တူ မိန်းကလေးတစ်ယောက်မှ မရှိဘူး။ ဒီမှာရှိတဲ့ မိန်းကလေးတွေက အလှဆုံးလို့ပြောတာ မဟုတ်လား…”
ထိုအချိန်တွင် ချွေးချန်းက ရောက်လာပြီး ကိုယ်ရံတော်နှစ်ယောက်စောင့်နေသော ဝင်ပေါက်အပြင်ဘက်တွင် ရပ်လိုက်သည်။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာ၏။
“သခင်လေးဝူ …
စစ်သူကြီးယွမ်ဆီကို စာတစ်စောင် ရေးလိုက်ပြီး သူ့ရဲ့အစေခံမလေးနှစ်ယောက်ကို မြို့တော်ကနေ ဒီနေရာပို့ပေးဖို့ ပြောလိုက်ရမလား…”
ဝူယွမ်က ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး သူ့ဆရာက တော်ဝင်နန်းဆရာဖြစ်ကြောင်း ဖော်ပြလိုခြင်းမရှိသလို သူ၏အပြစ်ကို ကျယ်လောင်စွာ ကြေညာလိုခြင်းလည်းမရှိချေ။ တချိန်တည်းတွင် သူက အတော်လေး စိတ်အေးသွားသလို ခံစားလိုက်ရပြီး ဘာကြောင့် သူ့ဆရာက သူ့ဆီကို ရောက်လာကြောင်း စဉ်းစားနေမိခဲ့သည်။
ချွေးချန်းကတော့ ဝူယွမ်၏ကိုယ်ရံတော်များနှင့် စကားပြောရန် ဆန္ဒရှိပုံမရပေ။ သူက ပြန်လှည့်ပြီး ညွှန်ကြားလိုက်၏။
“ငါနဲ့လိုက်ခဲ့…”
ဝူယွမ်က အခန်းထဲတွင် ရှိနေသူတိုင်းကို တိတ်တိတ်နေရန် အချက်ပြလိုက်ပြီး အခန်းထဲမှ လျင်မြန်စွာ ထွက်လိုက်၏။ ကိုယ်ရံတော်နှစ်ယောက်က သူနှင့်အတူ လိုက်လာချင်နေသော်လည်း သူက တားဆီးထားလိုက်ပြီး တစ်ယောက်တည်း ဆက်သွားလိုက်သည်။
သူက တိတ်ဆိတ်သော လမ်းလေးအတိုင်း ဆင်းသွားသည့်အချိန်တွင် ချွေးချန်းက မေးလိုက်၏။
“လုကလန်က အကျဉ်းသားတွေက တောင်ထဲကို ရောက်လာပြီလား..”
ဝူယွမ်က ခေါင်းခါပြီး ပြောလိုက်သည်။
“မြောက်ဘက်ဆုံး နတ်ဘုရားသခင်တောင်ရဲ့ ဝင်ပေါက်ကို ရောက်မလာသေးတဲ့ အကျဉ်းသား(၆၀၀) ရှိနေသေးတယ်။ သူတို့တွေက အဆင့်အတန်း အမြင့်ဆုံးအကျဉ်းသားတွေနဲ့ အများစုက လုတိုင်းပြည်ထဲမှာ အစွမ်းထက်ဆုံး အချမ်းသာဆုံး မျိုးဆက်တွေပဲ။ သူတို့က တော်တော်လေးလည်း ငယ်သေးတယ်။ အသက်က (၁၄)နှစ်ကနေ (၂၀)အတွင်း ရှိလိမ့်မယ်…”
ဝူယွမ်၏မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“ဆရာက သူတို့တွေအားလုံးကို ကြိုပြီးတော့ စုမလို့လား…”
“အစီအစဉ်က ပြောင်းလဲလို့ရတယ် မဟုတ်လား…”
ချွေးချန်းက ပြောလိုက်သည်။
“အခုချိန်မှာ ငါက ကမ်းစပ်မှာ ပိတ်မိနေတဲ့ ရေနဂါးတစ်ကောင်လိုပဲ။ ဒါကြောင့် ငါက မင်းဆီမှာ အသေးစိတ် အတည်ပြုဖို့လိုတယ်။ မင်းအခုလုပ်နေတဲ့ အရာတွေအားလုံးကို လွှတ်ချလိုက်ပြီး နတ်ဘုရားသခင်တောင်ရဲ့ ဝင်ပေါက်ကို တတ်နိုင်သမျှ မြန်မြန်သွားလိုက်။ ပြီးတော့ ရှားယုလုလို့ ခေါ်တဲ့ အကျဉ်းသားကိုရှာပြီး မြို့တော် ပို့ပေးလိုက်…”
“အကျဉ်းသားတွေကို လုံချွမ်တိုင်းပြည်ဆီ ခေါ်လာတဲ့လူတွေက စုန့်ချန်ကျင့် အယုံကြည်ရဆုံး လက်အောက်ငယ်သားတွေပဲ။ အဲဒီရဲမက်တွေက ကျွန်တော့်ကို သစ္စာခံထားတာမျိုး မရှိဘူး။ သူတို့က ရှားယုလုကို ခေါ်သွားဖို့ ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို လက်ခံပါ့မလား…”
ဝူယွမ်က သတိထား၍ မေးလိုက်သည်။
ချွေးချန်းက စိတ်မရှည်နိုင်သော အမူအရာနှင့် လက်ကာပြီး ပြောလိုက်၏။
“ငါက မင်းအတွက် လမ်းကြောင်းခင်းပေးထားပြီးသား။ မင်းလုပ်ဖို့ လိုတာက အဲဒီနေရာကိုသွားဖို့ပဲ…”
“ဆရာက အဆင်ပြေရဲ့လာ…”
ဝူယွမ်က စိုးရိမ်တကြီး မေးလိုက်သည်။
“ငါက အသက်ရှင်နိင်ပါသေးတယ်….”
ချွေးချန်းက ပြန်ပြောလိုက်၏။
ထိုစကားကြောင့် ဝူယွမ်က နောက်ထပ် တွေဝေနေခြင်း မရှိတော့ဘဲ သူ့ကိုယ်ရံတော်နှစ်ယောက်ကို ချက်ချင်းခေါ်ပြီး မြင်းပေါ်သို့တက်ကာ ထွက်ခွာသွားခဲ့သည်။
ဝူယွမ် ထွက်ခွာသွားသည့်အချိန်တွင် ချွေးချန်းက တစ်ယောက်တည်း လမ်းလျှောက်နေပြီး မျက်နှာပျက်ပျက်နှင့် ပြောနေခဲ့၏။
“ခြေတစ်လှမ်းမှားလိုက်တာနဲ့ အခြေအနေတစ်ရပ်လုံးက ဇောက်ထိုးမိုးမျှော် ဖြစ်သွားတယ်။ အခုချိန်ထိတော့ ငါက မရှုံးသေးဘူး။ ငါ့ရဲ့အစီအစဉ်တွေက လုံးဝပျက်စီးသွားတာပဲရှိတယ်။ ကိစ္စမရှိဘူး။ အနိုင်ရဖို့ အခွင့်အရေး နည်းနည်းလေးရှိနေရင်တောင် လုံလောက်ပါတယ်…”
“ဒါက ငါ့ရဲ့စိတ်အခြေအနေကို သန့်စင်ဖို့အတွက် အတွေ့အကြုံတစ်ခုလို့ သတ်မှတ်ရမှာပဲ။ အဆိုးဆုံးကို ရောက်လာပြီဆိုရင်တောင် ငါက အစီအစဉ်အသစ်တစ်ခုနဲ့ ပြောင်းလဲလို့ရတယ်။ ငါက ဆရာနဲ့ ချီကျင့်ချွန်တို့ နှစ်ယောက်လုံးထက် ကျော်လွန်နိုင်မယ် မဟုတ်လား။ နေဦး …အခုစဉ်းစားကြည့်လိုက်မယ်ဆိုရင် ငါက လိပ်ငကြောက်တစ်ကောင်လို ဖြစ်နေတာပဲ..”
အဆုံးတွင်တော့ ချွေးချန်းက သက်ပြင်းချလိုက်မိသည်။
“သူ့ရဲ့ကံတရားက တော်တော်လေးကို ထူးခြားနေသေးတာပဲ။ ဘာလို့ သူက ဒီလိုအချိန်မျိုးကျမှ ဒီနေရာကို ရောက်လာရသေးတာလဲ။ အခု သူက နာမည်ကျော်ကြားနေပြီ။ ငါ လုပ်လို့ရတဲ့အရာကတော့ ဒီကစားပွဲကနေ ကျားစေ့လေးတွေကို တတ်နိုင်သမျှ ဖယ်ရှားဖို့ပဲ။ မဟုတ်ရင် သူက အရာအားလုံးကို ယူသွားလိမ့်မယ်။ ငါက ယုံတောင် မယုံနိုင်ဘူး…”
အကယ်၍ တစ်စုံတစ်ယောက်ကသာ ထိုအချိန်၌ မီးဖိုကြီးကြပ်သူရုံးတော်ဝင်ပေါက်ကို ဖြတ်သန်းသွားမည်ဆိုလျှင် ချွေးချန်း တစ်ယောက်တည်း ပြောနေသော စကားများကို ကြားနိုင်ပါလိမ့်မည်။
“ငါက မရူးဘူး။ ငါက ဒီလိုအရာမျိုးအတွက် ရူးစရာ အကြောင်းမရှိဘူး။ ဒါနဲ့ ကိစ္စမှမရှိတာ။ ငါက ဘာလို့ရူးရမှာလဲ။ ငါက ဒေါသထွက်နေရုံပဲရှိတာ…”
…………..
ပန်းပဲဖိုတွင် သစ်လွင်နေသော အစိမ်းရောင် ဝါးထိုင်ခုံလေးများကို တံစက်မြိတ်အောက်တွင် ချထားခဲ့သည်။ ရွမ်ရှို့က ဒေါသတကြီး ထွက်သွားပြီး ဆရာရွမ်နှင့် ရွှံ့ပုလင်းလမ်းကြားကို လာရောက်ခဲ့သော အမျိုးသမီးတို့သာ ကျန်နေတော့၏။ သူတို့ကတော့ ရွမ်ရှို့ထွက်သွားသည့်အပေါ် တစ်စုံတစ်ခု ခံစားရခြင်း မရှိကြပေ။
အဝေးတွင် ရှိနေသော စမ်းချောင်း၏အစပ်တွင်တော့ ယန်ဟွာ၊ ရှုဟွင်းရန်နှင့် ဝမ်ယိဖူတို့ ရပ်နေကြသည်။
ဝါးထိုင်ခုံပေါ်တွင် ထိုင်နေသော အမျိုးသမီးက ထွက်သွားသော ရွမ်ရှို့ကို ကြည့်နေရာမှ ပြန်လှည့်လာခဲ့၏။ သူမက ရွမ်ရှို့ကို ဒေါသထွက်သွားစေရန် လုပ်လိုက်ခြင်းဖြစ်သည်။ ယခု သူမနှင့် ရွမ်ချုံတို့ နှစ်ယောက်တည်းသာ ရှိတော့သည့်အတွက် သူမက လာရောက်လည်ပတ်ရသည့် အကြောင်းအရင်းကို ပြောပြလိုက်သည်။
“ဆရာချီနဲ့ ဆရာရွမ်တို့ရဲ့ကြားထဲမှာ သဘောတူညီမှုတစ်ခုခုရှိလား။ ဒါကြောင့် ချန်းပင်အန်းရဲ့နောက်ကို လီကလန်က သိုင်းပညာရှင်တွေ လိုက်သွားတာလား..”
“မရှိဘူး…”
ရွမ်ချုံက တည့်တည့်သာ ပြန်ဖြေလိုက်သည်။
“ဒါဆိုရင် ဆရာရွမ်ရဲ့တောင်တွေအနားမှာ တောင်(၃)တောင်ဝယ်လို့ ချန်းပင်အန်းကို ကာကွယ်ပေးမယ်လို့ သဘောတူခဲ့တာလား..”
အမျိုးသမီးက မေးလိုက်သည်။
ရွမ်ချုံက ခေါင်းညိတ်ပြလိုက်၏။
“ဟုတ်တယ်။ သူက တာ့လီအင်ပါယာထဲကနေ ထွက်မသွားခင် ဘာမှမထိခိုက်စေရဘူးလို့ ငါ သူ့ကို ကတိပေးထားတယ်…”
အမျိုးသမီးက ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်ရာ မုန်တိုင်းတစ်ခုကျတော့မလို အနက်ရောင်တိမ်တိုက်များ ပြည့်နှက်နေခဲ့သည်။
“ဒီလိုလုပ်ပါလား ဆရာရွမ်။ ကျွန်မက ရှန်ရှို့တောင်ရဲ့အနားမှာ တောင်(၄)တောင် ဝယ်ဖို့အတွက် လူတစ်ယောက်ကို ခိုင်းလိုက်မယ်။ ပြီးတော့ ကျွန်မတို့ တာ့လီအင်ပါယာကနေ လက်ဆောင်အဖြစ် ဆရာရွမ်ကို ပေးမယ်…”
ရွမ်ချုံ၏မျက်နှာပေါ်တွင် ခနဲ့တဲ့တဲ့ အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“မင်းက အဲဒီတောင်တွေကိုဝယ်ဖို့အတွက် ငွေကြေးသုံးဖို့ လိုအပ်တယ်လို့ ပြောချင်တာလား။ အဲဒီရွှေအဆီအနှစ်ကြေးပြားတွေက လက်တစ်ဖက်တည်းကနေ ထွက်ပြီး တာ့လီအင်ပါယာရဲ့လက်ထဲကို ပြန်ရောက်သွားမှာပဲလေ။ ဘာလို့များ အချိန်ကုန်ခံနေရတာလဲ….”
အမျိုးသမီးက ခေါင်းခါပြီး အပြုံးနှင့် ပြောလိုက်သည်။
“စည်းမျဉ်းက စည်းမျဉ်းပဲ။ ကျွန်မက စည်းမျဉ်းတွေကို လိုက်နာရတာ သဘောကျတဲ့ လူတစ်ယောက်တော့မဟုတ်ဘူး။ ဒါပေမဲ့ ရှင့်ရဲ့စည်းမျဉ်းနဲ့ ဘုရင်ကြီးရဲ့ စည်းမျဉ်းတွေကိုတော့ ကျွန်မ သေချာပေါက်လိုက်နာရမယ်။ ကျွန်မက လူကောင်းတစ်ယောက် ဟုတ်တယ်လို့ မပြောရဲပေမဲ့ ကျွန်မက ကိုယ့်စွမ်းရည်နဲ့ တတ်နိုင်တဲ့အရာကိုပဲ လုပ်တတ်တယ်…”
ရွမ်ချုံကတော့ ထိုအကြောင်းအရာနဲ့ပတ်သက်ပြီး မှတ်ချက်ပေးခဲ့ခြင်းမရှိချေ။ ထိုအစား သူက မေးလိုက်၏။
“မင်းက ဘာလို့ အဲဒီကောင်လေးကို သတ်ချင်နေရတာလဲ။ သူ့ကို ဘာလို့ဒီလောက်တောင် အလျင်အမြန် သတ်ချင်နေရတာလဲ။ တာ့လီအင်ပါယာထဲကနေ သူ ထွက်သွားတဲ့အချိန်ထိ မစောင့်နိုင်ဘူးလား…”
အမျိုးသမီး၏လေသံက တည်ငြိမ်နေပြီး သူမ၏မျက်လုံးများက ခိုင်မြဲနေခဲ့သည်။
“သူ သေမှရမယ်။ သူသေသွားပြီဆိုရင် အဲဒီခေါင်းတုံးပြောခဲ့သလို ကံကြမ္မာက အမှန်တကယ် ရှိနေမယ်ဆိုရင်တောင် ကိစ္စမရှိဘူး။ သူ့အဖေ သေသွားတဲ့အချိန်မှာ ကျွန်မတို့က သူ့ကို အသုံးချပြီး မူအာအတွက် ပိုပြီးများတဲ့ အခွင့်အရေးတွေရခဲ့တယ်။ ဒါတွေအားလုံးက ကျွန်မနဲ့အတူတူပဲ အဆုံးသတ်သွားရလိမ့်မယ်…”
“မင်းဆီမှာ ကံကြမ္မာကို ဖြတ်တောက်နိုင်တဲ့ အလင်းတန်းကို မမြင်နိုင်တဲ့စွမ်းရည်တစ်ခုခုများ ရှိနေတာလား…”
ရွမ်ချုံက တည်ငြိမ်စွာ မေးလိုက်သည်။
အမျိုးသမီးက ထိုစကားကို တုံ့ပြန်ခဲ့ခြင်း မရှိသလို ငြင်းဆန်ခဲ့ခြင်းလည်း မရှိချေ။
ရွမ်ချုံက ခေါင်းခါပြီး ဆက်ပြောလိုက်၏။
“ဒီလိုဆိုရင်တောင် မင်းက ဘာလို့ သူ့ကိုအလျင်စလို သတ်ချင်နေလဲဆိုတာ ရှင်းမပြရသေးဘူး…”
“မူအာက သိပ်မကြာခင် မြို့တော်ကို ရောက်တော့မယ်။ သူရောက်တာနဲ့ အရမ်းကို ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခုက သူ့ဆီကို ရောက်လာတော့မယ်။ ကြိုမမြင်နိုင်တဲ့ အဖြစ်အပျက်တွေကို ရှောင်တိမ်းဖို့အတွက် ကျွန်မက သူ့ကို နှောင့်နှေးစေနိုင်တဲ့ အရာအားလုံးကို ဖယ်ရှားပစ်မှရမယ်….”
ရွမ်ချုံက ထိုရှင်းပြချက်ကို လုံးဝစိတ်မဝင်စားကြောင်း အမျိုးသမီးက မြင်လိုက်သည့်အတွက် သူမက ရွေးချယ်စရာမရှိတော့ဘဲ လျှို့ဝှက်အဖြစ်အပျက်များကို ပြောပြလိုက်ရသည်။
“တကယ်လို့ မူအာရဲ့ရင်ထဲမှာ ရှိနေတဲ့ အဖုအထစ်တွေကသာ သာမန်ကျင့်ကြံသူ တစ်ယောက်ဆီမှာ ရှိနေမယ်ဆိုရင် အဲဒါက အကျိုးသက်ရောက်မှု နည်းနည်းလေးပဲ ရှိတယ်။ မဟာတာအိုလမ်းစဉ်က ရှည်လျားတဲ့ ခရီးလမ်းတစ်ခုပဲ။ တကယ်လို့ သူက အလယ်ဘုံ(၅)ဆင့်ကို မရောက်ခင် အဲဒီအဖုအထစ်ကို မဖြေရှင်းနိုင်ဘူးဆိုရင် တာ့လီအင်ပါယာက ပြင်ပအင်အားသုံးပြီး အဲဒီအဖုအထစ်ကို အတင်းအကြပ် ဖယ်ရှားရလိမ့်မယ်။ သူ့ဆီမှာ အတွင်းနတ်ဆိုးတွေ ဖြစ်လာမယ်ဆိုရင် သူက အထက်ဘုံ(၅)ဆင့်ကို တက်လှမ်းဖို့အတွက် ခက်ခက်ခဲခဲ ကြိုးစားရလိမ့်မယ်…”
“ဒါပေမဲ့ မြို့တော်မှာရှိတဲ့ အခွင့်အရေးက လူတိုင်းအတွက် မဟုတ်ဘူး။ ဒါကြောင့် အဲဒီအရာကို အခုကတည်းက ဖြေရှင်းဖို့လိုတယ်။ အဲဒါမတိုင်ခင် အဲဒီအရူး ချွေးချန်းက အရာအားလုံးကို ကြိုမြင်နေရတယ်လို့ ပြောနေပေမဲ့ ရှုံးနိမ့်သွားခဲ့ရတယ်။ သူက အဲဒီကောင်လေးရဲ့ သန့်စင်မှုကိုတောင် ဖယ်ရှားနိုင်ခြင်း မရှိဘူး။ ဒါကြောင့် ကျွန်မလည်း ရွေးချယ်စရာ မရှိတော့ဘဲ ဒုတိယအကောင်းဆုံး အခြေအနေကို ဖြေရှင်းရတာ။ ဒါကတော့ ချန်းပင်အန်းရဲ့ဦးခေါင်းကို မူအာဆီ လက်ဆောင်ပို့ပြီး သူ့ရဲ့စိတ်အခြေအနေကို တည်ငြိမ်အောင် ကြိုးစားစေချင်တာပဲ..”
အမျိုးသမီး၏မျက်နှာပေါ်တွင် အပြစ်ရှိသလို အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“ချန်းပင်အန်းက ချွေးချန်းရဲ့စစ်ဆေးမှုကို မအောင်မြင်တဲ့အတွက် အသတ်ခံလိုက်ရတယ်လို့ ကျွန်မက မူအာကို လိမ်ပြောဖို့ စဉ်းစားခဲ့တယ်။ ကျွန်မက ဒီအလိမ်အညာကို အတည်ပြုနိုင်ဖို့အတွက် အသေးစိတ် အခြေအနေလေးတွေကိုတောင် သေချာစဉ်းစားထာခဲ့တယ်။ ဒါပေမဲ့ ကျွန်မက အဲဒီလိုစွန့်စားမှုမျိုး မလုပ်ချင်ဘူး။ တကယ်လို့ မူအာကသာ အဲဒီကံကြမ္မာကို ရသွားလို့ ထူးခြားတဲ့ပါရမီမျိုး ပိုင်ဆိုင်သွားပြီဆိုရင် အမှန်တရားက သူ့ခေါင်းပေါ်မှာ မိုးထားတဲ့ဓားတစ်လက်လို ဖြစ်လာလိမ့်မယ်။ တကယ်လို့ အမှန်တကယ် ဖြစ်ခဲ့တဲ့အရာတွေကို သူတွေ့သွားမယ်ဆိုရင် သူ့ရဲ့တာအိုနှလုံးသားက ချက်ချင်း ပျက်စီးသွားဖို့ အခွင့်အရေးလည်း များတယ်…”
ရုတ်တရက်ဆိုသလို ပြင်းထန်သော မုန်တိုင်းကြီးတစ်ခု ကျရောက်လာခဲ့သည်။ ရွမ်ချုံက အပြင်ဘက်တွင် ကျနေသော မုန်တိုင်းကြီးကို အလေးမထားဘဲ မေးလိုက်၏။
“ဒီလောက်ထိ ပြဿနာများရအောင် သူ့ရင်ထဲမှာ ဘယ်လိုအဖုအထစ်မျိုးရှိနေလို့လဲ..”
“အဲဒီခွေးအိုကြီး အဘိုးယောင်က အဲဒီကောင်လေးကို အမှန်အတိုင်း ပြောပြလိုက်တယ်လေ။ သူက (၅)လပိုင်း (၅)ရက်နေ့မွေးလို့ သူ့မိဘတွေ လူမဝင်စားနိုင်တာ ဆိုတဲ့စကားကို ဦးနှောက်မရှိတဲ့သူတွေကတောင် ယုံမှာမဟုတ်ဘူး။ ဒီကောင်လေးကတော့ အဲဒီစကားကြောင့် သူ့အမေကို ပေးထားတဲ့ကတိကို ဖျက်ခဲ့တယ်။ အမှန်တရားကို သိသွားတဲ့အချိန်မှာ သူက နဂါးမီးဖိုကြီးဆီကနေ အရူးတစ်ယောက်လို ပြန်လာခဲ့တယ်။ အဲဒီနောက်မှာ သူဘာလုပ်ခဲ့လဲ ရှင်သိလား…”
“သူက မူအာကို သွားမရှာခဲ့သလို အိမ်ကိုလည်းပြန်မလာခဲ့ဘူး။ အဲဒီအစား ရွှံ့ပုလင်းလမ်းကြားရဲ့ အပြင်ဘက်မှာပဲ မူအာတစ်ယောက်တည်း ရှိနေတဲ့အချိန်ကို စောင့်ပြီးမှ တိုက်ခိုက်ခဲ့တယ်။ သူက မူအာကို နံရံနဲ့ကပ်ပြီး လည်ပင်းကို ညှစ်ထားခဲ့တာ။ သေမလိုပဲ။ ဒါပေမဲ့ အဆုံးမှာတော့ သူက မူအာကို မသတ်နိုင်ခဲ့ဘူး။ သူ့မှာ အဲဒီလိုရည်ရွယ်ချက်မျိုးရှိတယ်ဆိုရင်တောင် သူပဲ သေရမှာလေ…”
“အဲဒီအသုံးမကျတဲ့ သူလျှိုတွေက တချိန်လုံး အရိပ်ထဲကနေ ဖြစ်ခဲ့တဲ့အရာတွေကို စောင့်ကြည့်နေကြတာ။ ဒါပေမဲ့ သူတို့က ဘုရင်ကြီးရဲ့အမိန့်ကြောင့် မူအာသေသွားမယ်ဆိုရင်တောင် ဝင်ပြီးနှောင့်ယှက်ကြမှာ မဟုတ်ဘူး။ အဲဒီအရူးတွေက တာဝန်မကျေပွန်မှုအတွက် အကြိမ်တစ်သောင်းလောက် အသတ်ခံရသင့်တယ်…”
အမျိုးသမီးက အကောင်းဆုံး တည်ငြိမ်နေရန် ကြိုးစားလိုက်ပြီး ထိုလျှို့ဝှက်ချက်ကို ရွမ်ချုံဆီသို့ ထုတ်ဖော်ပြောပြခဲ့သည်။ ထို့ကြောင့် သူမ၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်လာခဲ့၏။
“ဒီကမ္ဘာကြီးထဲမှာ ဒီလိုအောက်တန်းကျတဲ့အရာတွေ ရှိနေသေးတာလား..”
“သူ့ရဲ့လုပ်ရပ်က မူအာရဲ့ရင်ထဲမှာ အကြီးမားဆုံး အဖုအထစ်တစ်ခုဖြစ်လာခဲ့တယ်။ လုံးဝဖြေရှင်းလို့လည်း မရနိုင်ခဲ့ဘူး။ အရင်နှစ်တွေအတောအတွင်း မူအာက အဲဒီအဖြစ်အပျက်ကြောင့် မကြာခဏ အိပ်မက်ဆိုးကနေ လန့်နိုးလာတတ်တယ်။ ချန်းပင်အန်းက ဘာလို့ အဲဒီနေ့မှာ သူ့ကို မသတ်ခဲ့ရတာလဲဆိုတာ သူ နားမလည်နိုင်ခဲ့ဘူး။ ဘာလို့ သူက ကျစ်ကွေးမရှိတဲ့အချိန်ကျမှ တိုက်ခိုက်ဖို့ ရွေးချယ်ရတာလဲ။ တကယ်လို့ သူသာ ချန်းပင်အန်းရဲ့နေရာမှာဆိုရင် ချန်းပင်အန်းကို တစ်စစီဖျက်ဆီးပစ်မယ်လို့ မူအာက ပြောခဲ့ဖူးတယ်။ သူသာဆိုရင် ချန်းပင်အန်းကို ချစ်မြတ်နိုးတဲ့သူတွေရဲ့ရှေ့မှာလည်း လုပ်ခဲ့မှာပဲ။ ဒီတော့ ဒါတွေအားလုံး ကျွန်မမှာပဲ အပြစ်ရှိတယ်လို့ ပြောရလိမ့်မယ်…”
မိုးရေစက်များက တဖျောက်ဖျောက် ကျဆင်းလာနေသည်မှာ ကလေးနှစ်ယောက်၏ ငိုကြွေးသံများကဲ့သို့ဖြစ်နေခဲ့သည်။ စုန့်ကျိရှင်းက မြေပေါ်သို့ လဲကျသွားခဲ့ပြီး လည်ပင်းကို လက်နှင့်ကိုင်၍ မျက်လုံးထဲတွင် အကြောက်တရားများပြည့်နှက်နေခဲ့၏။ ထိုအချိန်တွင် ချန်းပင်အန်းကတော့ လက်သီးကိုတင်းတင်းဆုပ်ပြီး ရွှံ့ပုလင်းလမ်ကြားထဲသို့ ဝင်သွားခဲ့သည်။
အချိန်တော်တော်ကြာ တိတ်ဆိတ်နေပြီးနောက် အမျိုးသမီး၏အတွေးများက ပျောက်ကွယ်သွားခဲ့ပြီး ခဏကြာစဉ်းစား၍ ပြောလိုက်၏။
“အမိုးတံတားမှာ ဘာတွေဖြစ်ခဲ့တယ်ဆိုတာ ရှင်လည်း ခန့်မှန်းမိတယ် မဟုတ်လား..”
ရွမ်ချုံကတော့ မကျေမနပ် ဖြစ်နေပုံရပြီး အံကြိတ်လိုက်သည်။
“တကယ်လို့ ငါသာ ဒါတွေအားလုံးကို သိခဲ့ရမယ်ဆိုရင် ဒီနေရာကိုတောင် လာခဲ့မှာ မဟုတ်ဘူး..”
အမျိုးသမီးက မျက်ခုံးပင့်ပြီး ကြေညာလိုက်သည်။
“ဒါကြောင့်လည်း မူအာ မြို့ထဲကနေ ထွက်မသွားခင် အဲဒီနေရာမှာ အမွှေးတိုင် သွားထွန်းခိုင်းခဲ့တာပဲ။ သူက ဒီနေ့လို နေရာမျိုး ရောက်လာတယ်ဆိုတာ တာ့လီတော်ဝင်မိသားစုက ကလေးတွေ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားခဲ့လို့ပဲ။ အမိုးတံတားဆိုင်းဘုတ်ပေါ်မှာရှိတဲ့ စကားလုံးတစ်ခုချင်းဆီရဲ့ စုတ်ချက်တိုင်းက အသက်တစ်ခုဆီဆုံးရှုံးခြင်းနဲ့ အတူတူပဲ။ ဒါက သူ့အတွက် အဲဒီအရာတွေအားလုံးကို စတေးပေးလိုက်တာနဲ့ အတူတူပဲ…”
ရွမ်ချုံ၏မျက်နှာက မည်းမှောင်လာခဲ့သည်။ သူကတော့ နောက်ထပ်စကားပြောရန် ဆန္ဒရှိပုံမရချေ။
အမျိုးသမီးက မျက်မှောင်ကြုတ်ပြီး ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်၏။ သူမက ရွမ်ချုံကိုကြည့်ပြီး ဆွဲဆောင်မှုရှိသော အမူအရာနှင့် ပြောလိုက်သည်။
“ဆရာရွမ် …
တကယ်လို့ တောင်(၄)တောင်က အဲဒီကောင်လေးကို ပေးထားတဲ့ ကတိဖောက်ဖျက်ဖို့ မလုံလောက်ဘူးဆိုရင်လည်း အဆင်ပြေတယ်။ ကြိုက်တဲ့တန်ဖိုးကို ပြောပါ။ ကျွန်မတို့က ဆွေးနွေးလို့ရတယ်။ ဥပမာအနေနဲ့ ပြောရရင် ကျွန်မက မြို့တော်ကိုပြန်သွားပြီးရင် ရှင့်ရဲ့သမီး တာအိုအကူရရှိဖို့ စွမ်းနိုင်သမျှ ကူညီပေးဖို့ ဘုရင်ကြီးကို ဖျောင်းဖျပေးလို့ရတယ်…”
“သူ့ရဲ့တာအိုအကူက ဘာလဲဆိုတာ ကျွန်မမသိဘူး။ ဒါပေမဲ့ ဘုရင်ကြီးရဲ့ကိုယ်စား တာ့လီအင်ပါယာက သူ့ကိုကူညီပေးဖို့ နည်းလမ်းပေါင်းစုံ ကြိုးစားပေးနိုင်တယ်ဆိုတာတော့ ကတိပေးနိုင်တယ်။ ကျွန်မကိုယ်တိုင်အပြင် တော်ဝင်နန်းဆရာ ချွေးချန်းနဲ့ စုန့်ချန်ကျင့်ကတောင် ရွမ်ရှို့ကို အကူအညီပေးနိုင်ကြတယ်…”
“အခုကစပြီး လုံချွမ်တိုင်းပြည်ရဲ့ ကီလိုမီတာ(၅၀၀)အတွင်း ဝင်မလာခဲ့နဲ့။ တကယ်လို့ ငါသာ မင်းကို ဒီနယ်မြေထဲမှာ ထပ်မြင်ရမယ်ဆိုရင် မိန်းကလေးတစ်ယောက်ကို တိုက်ခိုက်တယ်ဆိုပြီး ငါ့ကို အပြစ်မတင်နဲ့…”
ရွမ်ချုံက အေးစက်စွာ ပြောလိုက်သည်။
အမျိုးသမီးက သက်ပြင်းချလိုက်မိ၏။
“ကောင်းပြီလေ ဒါဆိုလည်း သူက တာ့လီအင်ပါယာရဲ့နယ်စပ်ကိုရောက်တဲ့အထိ စောင့်ကြတာပေါ့…”
သူမက ဆင်းသွားခဲ့သည့်အချိန်တွင် ရွမ်ချုံက ရုတ်တရက်ပြောလိုက်သည်။
“မင်း ထိုင်သွားတဲ့ ထိုင်ခုံကို ချန်းပင်အန်း လုပ်ပေးသွားတာ…”
ထိုစကားကိုကြားသည့်အခါ အမျိုးသမီးက အနည်းငယ်ရယ်လိုက်ပြီး ဆွဲဆောင်မှုရှိရှိ ပြုံးလိုက်သည်။
“သူက ကျွန်မရဲ့တင်ပါးကို သွယ်ဝိုက်သော နည်းလမ်းနဲ့ ကိုင်သွားတယ်လို့ ရှင်က ပြောချင်နေတာလား….”
အမျိုးသမီးက တိုးတိုးလေးရယ်လိုက်ပြီး မုန်တိုင်းထဲသို့လျှောက်သွားခဲ့သည်။ ထို့ကြောင့် တစ်ကိုယ်လုံးရေများ ရွှဲစိုသွားခဲ့၏။ ရေစိုနေသော အဝတ်အစားများက သူမ၏ခန္ဓာကိုယ်ကောက်ကြောင်းများကို ပို၍ထင်းလာစေသော်လည်း ရွမ်ချုံကတော့ ခံစားချက်ကင်းမဲ့စွာ စိုက်ကြည့်နေခဲ့သည်။
………………
ချန်းပင်အန်း တောင်ထိပ်ပေါ်သို့ ရောက်သည့်အချိန်တွင် အိုက်လျန်က သူ့ကို နောက်ကျောပေး၍ ရပ်နေကြောင်းတွေ့လိုက်ရသည်။ သူက သူ၏ဝါးဓားကို ဓားအိမ်ထဲသို့ ဖြည်းညင်းစွာ ပြန်ထည့်လိုက်၏။
ဓားကို သိမ်းလိုက်ပြီးနောက် အိုက်လျန်က အပြုံးနှင့် ပြန်လှည့်လာပြီး ပြောလိုက်သည်။
“ဒီနေရာကို ရောက်မလာခင် ငါက မင်းထက်ပိုပြီး စိတ်ဝင်စားစရာကောင်းတဲ့ သိုင်ပညာရှင် လူငယ်တစ်ယောက်ကို တွေ့ခဲ့ရတယ်။ သူက ကဗျာစာသားတစ်ခု ရွတ်နေတာကိုလည်း မကြာခဏ ကြားခဲ့ဖူးတယ်။ ငါတောင် သူ့ကဗျာကို လိုက်ပြီးရွတ်မိတာပဲ။ မင်းက နားထောင်ကြည့်ချင်လား။ ဒီကမ္ဘာကြီးထဲမှာ မတရားမှုကို မြင်တဲ့အချိန်တိုင်း ငါ့ရဲ့ရင်ထဲမှာရှိတဲ့ဓားက အလိုလိုတုန်လှုပ်လာတယ် တဲ့လေ….”
အိုက်လျန်က ချန်းပင်အန်းဆီသို့ ဖြည်းညင်းစွာ လျှောက်လာခဲ့သည်။
“ငါက မတရားမှုကို မြင်တဲ့အချိန်တိုင်း ရပ်ကြည့်နေတတ်တဲ့ သူရဲကောင်းတစ်ယောက်မဟုတ်ဘူး။ ဒီကဗျာစာသားက ဒီလိုရာသီဥတုမှာ လူတွေကို သတ်ပြီးရင် ရွတ်ဆိုဖို့အတွက် အရမ်းသင့်တော်တယ်လို့ပဲ ခံစားမိခဲ့တာ..”
“ငါ မင်းကို လာရှာရတဲ့ အကြောင်းပြချက်(၂)ခုရှိတယ်။ ပထမဆုံးတစ်ခုကတော့ လမ်းမှာရှိနေတဲ့ ဓားအားဖြည့်ဘူးသီးခြောက်ကို ပြန်ယူဖို့ပဲ။ ဒုတိယတစ်ခုကတော့ မင်းရဲ့ခေါင်းမှာရှိတဲ့ ဆံထိုးကြောင့်ပဲ။ အဲဒီဆံထိုးကတော့ ပထမအကြောင်းပြချက်ထက် အဆပေါင်း(၁၀၀)လောက် ပိုပြီးတော့အရေးကြီးတယ်..”
အိုက်လျန်၏နောက်တွင် ရှိနေသော တောင်ကုန်းပေါ်တွင်တော့ ငြိမ်းချမ်းစွာ လဲကျနေသော ခန္ဓာကိုယ်များ ရှိနေကြသည်။ သူတို့နှစ်ယောက်လုံးက တာ့လီအင်ပါယာတွင် အစွမ်းထက်ဆုံး သိုင်းပညာရှင်နှင့် ကျင့်ကြံသူများဖြစ်ကြ၏။
“ခင်ဗျားက ဘယ်သူလဲ…”
ထိုလူက ဓားလက်ကိုင်ပေါ်သို့ လက်တင်ထားပြီး ချန်းပင်အန်းဆီသို့ ဖြည်ညင်းစွာ လျှောက်လာခဲ့သည်။
သူက ချန်းပင်အန်း၏ရှေ့တွင် ရပ်လိုက်ပြီးနောက် သူ၏ဦးထုပ်ကို မြှောက်ပြီး အပြုံးနှင့်ပြန်ဖြေလိုက်၏။
“လျန် ဆိုတာက ကရုဏာတရားကို ဆိုလိုတာလေ…”
Translated by Hein Htet.