အခန်း (၇၆)
Vol. 6 Ch. 76
ချန်းပင်အန်းက ကျောက်တုံးတံတားနားသို့ ချဉ်းကပ်လာသည့်အချိန်တွင် တံတွေးမျိုချလိုက်မိပြီး ရှေ့ကို ဆက်မသွားရဲခဲ့ပေ။ ခဏကြာတွေဝေနေပြီးနောက် သူက စမ်းချောင်းအတိုင်း ရှေ့ကိုဆက်၍ လျှောက်သွားခဲ့သည်။
သူက စမ်းချောင်း၏ အကျဉ်းဆုံးနေရာကို ရောက်သည့်အချိန်တွင် အရှိန်နှင့်ပြေးလိုက်ပြီး ခုန်ကျော်လိုက်၏။ ထို့နောက်တွင်မှ သူက ကျောက်တုံးပြာကမ်းပါးဆီသို့ ဆက်လျှောက်သွားခဲ့သည်။ သူ၏ကွေ့ပတ်သွားခဲ့မှုက ရွမ်ရှို့နှင့် လွဲချော်သွားနိုင်ကြောင်း ချန်းပင်အန်းက မသိခဲ့ချေ။
အစိမ်းဝတ်မိန်းမပျိုက တံတားကို ဖြတ်လာခဲ့သည့်အချိန်တွင် မက်မွန်နွေဦး အရက်တစ်လုံးကို သယ်ဆောင်ထားခဲ့သည်။ သူမက မြို့ငယ်လေးထဲမှ အရက်ဝယ်ခဲ့သည့် အချိန်တွင် ခေါင်းငုံ့ပြီး မုန့်ဆိုင်ကို လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့၏။ သူမက ငွေစတချို့ကို သိမ်းထားချင်နေသည့်အတွက် အလွန်စားချင်နေသော မုန့်ဆိုင်များကို ငေးမောမိမှာ စိုးရိမ်နေခဲ့၏။
ချန်းပင်အန်းက လျှိုရှန်းယန်၏အိမ်သို့ ပထမဆုံး ပြန်လာခဲ့သည်။ သူက ရေနံဆီမီးခွက်ကို ထွန်းလိုက်ပြီး မီးခွက်နှင့်အတူ အိမ်ထဲတွင် လှည့်ပတ်သွားလာနေခဲ့၏။ မည်သည့်အရာမျှ ပျောက်ရှခြင်းမရှိကြောင်း သေချာသွားပြီးနောက် မီးအိမ်ကို မှုတ်လိုက်ပြီး တံခါးကို သော့ခတ်၍ ရွှံ့ပုလင်းလမ်းကြားထဲသို့ ပြန်လာခဲ့သည်။
သူ့အိမ်ထဲတွင် ရှိနေသော အပေါက်နှင့် အိမ်အိုကြီးကို ဖြတ်ကျော်လာပြီးနောက် ချန်းပင်အန်းက စိတ်သက်သာရာရသွားခဲ့၏။ သူ့ပုခုံးပေါ်တွင် ဝန်ထုပ်ဝန်ပိုးများ ရှိနေသေးသော်လည်း ရွှံ့ပုလင်းလမ်းကြားထဲမှ ထွက်လာခဲ့သည့် အချိန်ကထက်တော့ ပို၍ပေါ့ပါးသွားခဲ့သည်။
ချန်းပင်အန်းက ဝမ်းသာနေသလို ခံစားနေရ၏။ အိတ်ထဲတွင် ငွေကြေးများ ရှိနေသည့် ခံစားချက်က မဆိုးလှပေ။ ချန်းပင်အန်းက သူ့ဘဝတွင် ငွေစအနည်းငယ်ကိုသာ မြင်ခဲ့ဖူး၏။ သူက လေးလံသော ငွေတုံးများကို လုံးဝမမြင်ဖူးသည့်အတွက် ရွှေတုံးများကိုတော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
ချန်းပင်အန်းက သူ၏ဘိုးဘေးနေအိမ်သို့ ပြန်ရောက်လာခဲ့၏။ တံခါးကို တွန်းဖွင့်လိုက်ပြီးနောက် ခြံဝန်းတံခါးကို သေချာသော့ခတ်ခြင်း ရှိ၊မရှိ စစ်ဆေးကြည့်လိုက်၏။ အိမ်သို့ပြန်ရောက်လာပြီးနောက် သူက ရေနံဆီမီးအိမ်ကို သေချာဂရုတစိုက် ထွန်းလိုက်သည်။
မှေးမှိန်နေသော အဝါရောင်အလင်းတန်းက ရွှံ့နံရံပေါ်တွင် တောက်ပနေခဲ့သည်။ ချန်းပင်အန်းက နံရံအောက်ခြေတွင် ရှိနေသော မြေခရားထဲမှ ငွေအိတ်(၃)အိတ်ကို ထုတ်လိုက်၏။
ထိုအရာများကတော့ နွေဦးငွေကြေး၊ လောင်းကစားငွေကြေးနှင့် လစာငွေကြေးများ ဖြစ်ကြသည်။ တစ်အိတ်ဆီတွင် စုစုပေါင်း ရွှေအဆီအနှစ်ကြေးပြား(၂၅)ပြား၊ (၂၆)ပြားနှင့် (၂၈)ပြားအသီးသီး ရှိနေကြသည်။ သူ့ဆီတွင် စုစုပေါင်း ကြေးပြား(၇၉)ပြား ရှိနေခဲ့၏။
ထိုကြေးပြားများက ငွေကြေးများကို အလွန်ထူးခြားသော နည်းလမ်းတစ်မျိုးနှင့် အသုံးပြုခြင်းဖြစ်ကြောင်း နင်ယောင်က ရှင်းပြခဲ့ဖူးသည်။ သူတို့က အလွန်အဖိုးတန်နေသည်မှာ ရှားပါးခြင်းကြောင့် ဖြစ်၏။ အဓိက အကြောင်းပြချက်ကတော့ လူစိမ်းများက မြို့ထဲကို ဝင်ရောက်ရန် ကြေးပြားများကို လက်မှတ်အဖြစ် လိုအပ်သည်။ ထိုစည်းမျဉ်း၏မူလဇစ်မြစ်ကတော့ အတော်လေးကို ကြာခဲ့ပြီဖြစ်၏။ နင်ယောင်က အရှေ့ပိုင်းကုန်းမြေကြီး၏ ဒေသခံ မဟုတ်သည့်အတွက် အမှန်တရားကိုပြောမပြနိုင်ခဲ့ပေ။
ချန်းပင်အန်းက ထိုကြေးပြားအမျိုးအစား(၃)မျိုးမှ တစ်ခုဆီကို ထုတ်ယူပြီး စားပွဲပေါ်သို့ တင်လိုက်သည်။ နွေဦးကြေးပြားပေါ်တွင် နှစ်သစ်ကူးဟူသော စကားလုံးကို ရေးသားထားသည်။ ထိုအရာကို တိမ်တိုက်များပုံစံ ရေးဆွဲထားခြင်းဖြစ်ပြီး ချပ်ဝတ်အင်္ကျီ ဝတ်ထားသော နတ်ဘုရားတစ်ပါးက ဗုံတစ်လုံးကို တီးခတ်နေသော ရုပ်ပုံတစ်ခုရှိသည်။
လောင်းကစားငွေကြေးတွင်တော့ အဆိပ်(၅)မျိုး ဖြစ်သော မြွေ၊ ကင်းမြှီးကောက်၊ ကင်းခြေများ၊ တောက်တဲ့နှင့် ဖားပုံစံများ ရေးထိုးထားသည်။ အနောက်ဘက်တွင်တော့ မကောင်းဆိုးရွားတားဆီးရေး ကောင်းကင်ဟူသောစကားလုံးများကို ရေးထိုးထားသည်။ ထိုအချိန်တွင် လိပ်နှင့် မြွေတစ်ကောင်ပတ်နေသော ဓားတစ်လက်၏ပုံစံလည်း ရှိနေခဲ့သည်။
လစာငွေကြေး၏ ရှေ့ဘက်တွင်တော့ ‘လှိုက်လှိုက်လှဲလှဲ အလုပ်လုပ်ပါ’ဟူသော စကားလုံးကို ရေးထိုးထားပြီးအနောက်ဘက်တွင်တော့ ကောင်းကင်ပေါ်မှ နတ်ဘုရားများဟူသော စကားလုံးကို ရေးထိုးထားသည်။ ထိုငွေကြေးတွင်တော့ ထူးခြားသည့် ပုံသဏ္ဌာန်များမရှိဘဲ ပုံစံကလည်း အရိုးရှင်းဆုံးဖြစ်သည်။
ချန်းပင်အန်းက နွေဦးကြေးပြားတစ်ခုကို ကောက်လိုက်ပြီး အကြိမ်ကြိမ် စိုက်ကြည့်နေခဲ့၏။ ထိုကဲ့သို့ ကြေးပြားလေး(၁)ပြားက ကျန့်ကျူးတောင်တစ်ခုလုံးကို ဝယ်နိုင်လိမ့်မည်ဟု လူငယ်လေးက တွေးကြည့်ရန်ပင် ခက်ခဲနေခဲ့သည်။
ဆရာရွမ်ပြောသော တောင်ငယ်လေးကို ချန်းပင်အန်က သိနေခဲ့၏။ အဘိုးယောင်က သူ့ကို မြေသားများ ရှာဖွေရန် တောင်တန်းထဲသို့ ပထမဆုံး ခေါ်ဆောင်သွားခဲ့သည့် အချိန်တွင် သူတို့က ကျန့်ကျူးတောင်ထိပ်ပေါ်သို့ ရောက်ခဲ့သည်။
မြေသားများကို သူတို့၏အလေးချိန်၊ မြေဆွေးနှင့် တခြားအမျိုးအစားပေါ် မူတည်ပြီး အမျိုးအစားပေါင်းစုံ ခွဲခြားနိုင်သည်။ ပို၍ရှုပ်ထွေးသောအရာကတော့ ထိုမြေသားများက ရေ၊မီး၊သတ္တုနှင့် သစ်သားသဘာဝ မြေသားများကို ခွဲခြားရန်ဖြစ်သည်။ ထိုသို့ခွဲခြားရန်လည်း နည်းလမ်းပေါင်းစုံ ရှိနေခဲ့၏။
ချန်းပင်အန်းကတော့ မြေသားများကို စားပြီး အဘိုးယောင်၏ အသိပညာများကို အများဆုံး သင်ယူခဲ့ရသည်။ မထင်မရှားဖြစ်နေသော ကျန့်ကျူးတောင်ပေါ်တွင် အဘိုးယောင်က ဖနှောင့်ပေါက်လိုက်ပြီး ခေါင်းငုံ့၍ ဤနေရာတွင် မြေတူးရန် ချန်းပင်အန်းကိုပြောခဲ့သည်။ ထိုမြေသားများ၏အနံ့က ဤနေရာတွင် အများဆုံးဖြစ်ပြီး ထိုနေရာက အလွန်သေးငယ်သည်မှာ ကံဆိုးသွားခဲ့သည်။
ထိုနေရာက ထောင့်ငယ်လေး တစ်နေရာတွင် ကပ်နေသော လူတစ်ယောက်နှင့် တူညီသည်။ အကယ်၍ ခေါင်းထုတ်လိုက်မည်ဆိုလျှင် ခေါင်းကို တိုက်မိသွားနိုင်၏။ ခြေထောက် ထုတ်လိုက်မည်ဆိုလျှင်လည်း ခြေထောက်က တိုက်မိသွားနိုင်၏။
ချန်းပင်အန်းက နွေဦးငွေကြေးကို ညင်သာစွာ ချလိုက်ပြီး လောင်းကစားငွေကြေးကို ညင်သာစွာ ကောက်ယူလိုက်သည်။ သို့သော် သူက ထိုအရာကို လျင်မြန်စွာ ပြန်ချထားလိုက်၏။ လူငယ်လေး၏ မျက်နှာက အနည်းငယ် မည်းမှောင်နေခဲ့သည်။
(၅)လပိုင်း (၅)ရက်နေ့တွင် အဆိပ်(၅)ကောင်က အတူတကွ ပေါ်လာတတ်သည်။ လူငယ်လေး၏ မွေးနေ့ကလည်း ထိုနေ့ ဖြစ်နေခဲ့၏။ ထိုနေ့တွင် မွေးဖွားသော ကလေးငယ်များက ကံမကောင်းကြောင်း တစ်ဖက်ခြံမှ စုန့်ကျိရှင်းကပင် ပြောတတ်သည်။
ချန်းပင်အန်းက ခေါင်းခါပြီး နောက်ဆုံးလစာငွေကြေးကို ကောက်ယူလိုက်သည်။ ထို့နောက် သူက ရိုးရှင်းသော စကားလုံးအနည်းငယ်ကို ရေးကြည့်လိုက်၏။ ရုတ်တရက်ဆိုသလို ချန်းပင်အန်းက တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့သည်။
သူက မိန်းကလေးနင် ၊ ဖူနန်းဟွာနှင့် ချိုက်ကျင်းကျန့်တို့ကို ပထမဆုံး တွေ့ခဲ့ရသည့်အချိန်တွင် သူတို့က မြို့ငယ်လေး၏တံခါးထဲသို့ ဝင်လာခဲ့ခြင်းဖြစ်သည်။ သူတို့တစ်ယောက်ချင်းဆီက တံခါးစောင့်ကို ကြေးပြား(၁)အိတ်ဆီ ပေးကြရ၏။ အဆုံးတွင်တော့ ထိုကြေးပြားများက မည်သူ၏လက်ထဲတွင် အဆုံးသတ်သွားခဲ့သနည်း။ ထိုအရာက တာ့လီအင်ပါယာ၏အိတ်ထဲတွင် အဆုံးသတ်သွားခြင်းပေလော။
ချန်းပင်အန်းက သက်ပြင်းချလိုက်မိသည်။ သူကတော့ ခေါင်းပေါက်မတတ် စဉ်းစားလျှင်ပင် အဖြေမထုတ်နိုင်သော မေခွန်းကို ဆက်လက်စဉ်းစားလိုခြင်း မရှိချေ။ သူ့ရင်ထဲတွင် စတင်တွက်ချက်ကြည့်လိုက်၏။
ကျန့်ကျူးတောင်ကဲ့သို့ တောင်ငယ်လေးတစ်ခုက နွေဦးကြေးပြားတစ်ပြားသာ လိုအပ်သည်ဟု ဆရာရွမ်က ပြောခဲ့သည်။ ရွှမ်လီတောင်ထိပ်နှင့် ကြာပန်းမီးအိမ်တောင်ထိပ်ကဲ့သို့ အလယ်အလတ်အရွယ်အစား တောင်ထိပ်တစ်ခုကတော့ ကြေးပြား(၁၀)ပြားမှ (၁၅)ပြားအထိ လိုအပ်သည်။ ခြောက်ကပ်နွေဦးတောင်တန်းနှင့် လောင်ကျွမ်းခြင်းအမွှေးတိုင်တောင်တန်းတို့ကဲ့သို့ တောင်တန်းကြီးများကတော့ ကြေးပြား(၂၅)ပြားမှ အပြား(၃၀)အထိ လိုအပ်နိုင်သည်။
ချန်းပင်အန်းက ဆရာရွမ် ပြောချင်နေသည့်အဓိပ္ပာယ်ကို နားလည်ရန် အချိန်အနည်းငယ်ပေး၍ စဉ်းစားရန်သာ လိုအပ်သည်။ ပထမဆုံး တာ့လီအင်ပါယာက ဆရာရွမ်ကို အတော်လေး လေးစားနေခဲ့သည်။ ထို့ကြောင့် သူ့ကို တောင်(၃)တောင် အလကားပေးလိုက်ခြင်းဖြစ်၏။
ဒုတိယအချက်ကတော့ ဆရာရွမ်ကသာ ဂိုဏ်းတစ်ခု တည်ထောင်ချင်သည်ဆိုလျှင် တောင်(၃)တောင်က အချင်းချင်း ဆက်သွယ်နေပြီး နီးကပ်နေလျှင် အကောင်းဆုံး ဖြစ်သည်။ ထိုကဲ့သို့ မဟုတ်ဘဲ တစ်ခုက အရှေ့၊ တစ်ခုက အနောက်တွင် ဖြစ်နေလျှင် မသင့်တော်နိုင်တော့ပေ။
ထို့ကြောင့် နန်းတွင်းက ဉာဏ်ကောင်းသည်ဟု ဆိုနိုင်၏။ ဆရာရွမ်က တန်ဖိုးအကြီးဆုံးတောင်(၃)တောင်ကို ရွေးချယ်မည် မဟုတ်ကြောင်း သူတို့က သိနေကြသည်။ ထို့ကြောင့် သူတို့က ရက်ရောချင်ယောင်ဆောင်နေခဲ့ခြင်း ဖြစ်၏။ အဆုံးတွင်တော့ ချန်းပင်အန်းက ဆရာရွမ်၏ ခွင့်ပြုချက်အတိုင်း တောင်တစ်ခုကို ရွေးချယ်ရပါလိမ့်မည်။
ချန်းပင်အန်းက ပို၍သေးငယ်သော တောင်(၁)ခု၊ (၂)ခုကိုလည်း ရွေးချယ်နိုင်သည်ဟု ခံစားမိခဲ့သည်။ ဥပမာအနေနှင့် ပြောရလျှင် ကျန့်ကျူးတောင်က အလွန်သင့်တော်၏။ မည်သူမျှဂရုမစိုက်သော ထိုတောင်ငယ်လေးကို ချန်းပင်အန်းကတော့ အလွန်ဂရုစိုက်သည်။ တောင်(၁)တောင်က မည်မျှသေးငယ်စေကာမူ တောင်(၁)တောင်သာဖြစ်နေသေးသည်။ ထို့ပြင် ကြေးပြား(၁)ပြားသာဖြစ်၏။
ချန်းပင်အန်းက ထိုတောင်ငယ်လေးကို ယူထားရမည်ဟု ခံစားမိနေခဲ့သည်။ ချန်းပင်အန်းက ဆရာရွမ် ပြောပြသော ဈေးအကြီးဆုံးတောင်များကို စိတ်မဝင်စားခြင်း မဟုတ်ချေ။ သူက သူ့အတွက် ကောင်းမွန်ခြင်း မရှိနိုင်သော တောင်ကြီး(၁)တောင်ကို စိတ်ပါလက်ပါ ဝယ်လိုခြင်း မရှိချေ။
သူက အများဆုံးကြေးပြား(၁)အိတ်သာ အသုံးပြုမည်ဟု တွက်ချက်ထားခဲ့သည်။ ထို့နောက် ကျန့်ကျူးတောင်နှင့် အလားတူတောင်ငယ်လေးတချို့ကို ဝယ်နိုင်သည်။ သူက ကြေးပြား(၁၀)ပြားခန့် အသုံးပြုရန် စဉ်းစားလိုက်၏။ တခြားတောင်များကိုတော့ ဆရာရွမ်နှင့်သာ တိုင်ပင်ရပါလိမ့်မည်။
သူက တောင်(၃)တောင်ကို ရွေးချယ်လိုက်ပြီးနောက် ချန်းပင်အန်းက သူနှင့်အနီးနားတွင် ရှိနေသော တောင်များကို အစွမ်းကုန်ဝယ်ရမည်ဖြစ်၏။ နဂါးခေါင်းဖြတ်ကျောက်တုံး ရှိနေသော အမည်မသိတောင်တန်းကိုတော့ ချန်းပင်အန်းက လုံးဝလက်လျော့ထားခဲ့သည်။ သူက ထိုအရာကိုထိ၍ မရကြောင်း သူ့ကိုယ်သူ သတိပေးထားခဲ့သည်။
အကယ်၍ မည်သူမျှမသိလျှင်ပင် ချန်းပင်အန်းကတော့ သူ့ရှေ့တွင် ရှိနေသော အခွင့်ကောင်းကို ဝယ်၍မရနိုင်ပေ။ ယခု မြို့အပြင်ဘက်မှ ဧည့်သည်များ ဆက်တိုက်ရောက်လာနေသည်။ ထိုအရာက ပြင်ပကမ္ဘာကြီးနှင့် သီးခြားဖြစ်နေသော သုခဘုံလေးတစ်ခု မဖြစ်နိုင်တော့ပေ။
ချန်းပင်အန်းက တောင်တန်းများထဲတွင် လှည့်ပတ်သွားလာနိုင်၏။ နောက်ပိုင်းတွင် သူ့ကို တားဆီးနိုင်သူများ ရှိလာနိုင်ပြီး ကောင်းကင်ပေါ်၌ ဓားပျံနှင့် ပျံသန်းနေနိုင်သော အင်မော်တယ်များလည်း ရှိနေသေးသည် မဟုတ်ပေလော။
သူက တောင်အတွက် ငွေပေးချေပြီးသွားလျှင် ထိုတောင်များဆီကို ကိုယ်တိုင်သွားရန် ချန်းပင်အန်းက စဉ်းစားထားခဲ့သည်။ ချန်းပင်အန်းကတော့ သေချာမသိဘဲ ငွေသုံး၍ ဝယ်ယူရမည်ကို အတော်လေး မသက်မသာ ခံစားနေရ၏။ အကယ်၍ ထိုအရာက အကျိုးအမြတ်ရှိသော အလုပ်တစ်ခုဖြစ်ကြောင်း သိနေလျှင်ပင် သူကတော့ မလုပ်ချင်ခဲ့ပေ။ အထူးသဖြင့် သူက အခက်အခဲမျိုးစုံနှင့် အသားကျနေခဲ့၏။
ယခု ချန်းပင်အန်းဆီတွင် အရောင်မှိန်မသွားသေးသော မြွေကျောက်တုံး(၈)တုံး ရှိနေသည်။ တခြားသော မြွေကျောက်တုံးများက သူ့အိမ်နှင့် လျှိုရှန်းယန်၏ အိမ်ထဲတွင် ဖွက်ထားခဲ့၏။ ထိုအရာကလည်း အများအပြား ရှိနေသည်။
သူက အစောပိုင်းတွင် စမ်းချောင်းထဲမှ ထွက်ပြေးခဲ့သည့် အတွက်ကြောင့် ဟုတ်မဟုတ်တော့ သေချာမသိပေ။ ထိုကျောက်တုံးများ၏ အရောင်က အနည်းငယ် ကွဲပြားနေပြီး သူတို့က ရေထဲမှထွက်လာသည့်အချိန်တွင် တောက်ပမှုမရှိတော့ချေ။ သူတို့က အနည်းနှင့်အများ စိတ်ဝိညာဉ်စွမ်းအားများ လျော့နည်းသွားကြ၏။
ထိုအရာကတော့ ရွှံ့ပုလင်းလမ်းကြားထဲတွင် ကုစန့်ကို ပထမဆုံးမြင်ခဲ့ရသည့်အချိန် သို့မဟုတ် ဖုလုလမ်းကြားတွင် လီပေါင်ဖျင်ကို မြင်ခဲ့ရသည့်အချိန်ကကဲ့သို့ ထူးခြားသောခံစားမှုတစ်မျိုးသာဖြစ်သည်။ သူတို့က ဉာဏ်ကောင်းပြီး ထက်မြက်သည့် ကလေးငယ်များဖြစ်ကြ၏။
ချန်းပင်အန်းက ကြေးပြား(၃)အိတ်ကို သိမ်းလိုက်ပြီး ရွှံ့အိုးထဲသို့ ပြန်ထည့်လိုက်သည်။ သူက တောင်တန်းထဲသို့ ဝင်ကြည့်ရန်အတွက် ဆရာရွမ်ကို တောင်းဆိုရမည့်အကြောင်း စဉ်းစားမိသည့်အခါ အနည်းငယ် ခေါင်းကိုက်သွားမိခဲ့သည်။
အဘိုးယောင်ကလည်း ထိုကဲ့သို့သာ ဖြစ်၏။ ဆရာရွမ်လည်း အတူတူသာ ဖြစ်သည်။ သူက အကြီးအကဲများနှင့် ရင်းနှီးသော ဆက်ဆံရေးမရှိနိုင်ဟုပင် ချန်းပင်အန်းက သံသယဝင်နေမိ၏။ အထူးသဖြင့် ဆရာများနှင့် ဖြစ်သည်။
ချန်းပင်အန်းက ထောင့်တစ်နေရာသို့ လျှောက်သွာခဲ့ပြီး ခြင်းတောင်းဘေးတွင် ထိုင်လိုက်သည်။ သူက အတွင်းထဲတွင် ရှိနေသော နဂါးခေါင်းဖြတ်ကျောက်တုံးကို စိုက်ကြည့်လိုက်ပြီး အနက်ရောင်ကျောက်တုံးကို လက်နှင့် ကိုင်ကြည့်လိုက်၏။ ထိုအရာက အနည်းငယ်အေးစက်နေခဲ့သည်။
ထိုကဲ့သို့ မထင်မရှားကျောက်တုံးတစ်ခုက မိန်းကလေးနင်နှင့် ဘာကြောင့် ဆက်သွယ်နိုင်ကြောင်း သူလည်း စိတ်ဝင်စားနေခဲ့၏။ မိန်းကလေးနင်ကတော့ ဓားပေါ်တွင် စီးနင်းနိုင်သော အင်မော်တယ် တစ်ယောက်ဖြစ်သည်။ နဂါးခေါင်းဖြတ်ကျောက်တုံးနှင့် မည်မျှထက်မြက်သော ဓားတစ်လက် ဖန်တီးနိုင်မည်နည်း။
ချန်းပင်အန်းက တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့ပြီး သစ်ခါးပင်သစ်ရွက်(၅)ခုကို ထုတ်လိုက်သည်။ အနီဝတ်ကလေးမလေး၏ အိတ်ထဲတွင် ရှေးဟောင်းသစ်ခါးပင် သစ်ရွက်(၈)ခု ရခဲ့သည်။ ချန်းပင်အန်းက (၃)ခုကို သူမဆီသို့ ပြန်ပေးခဲ့၏။
ချန်းပင်အန်းက သစ်ရွက်များကို သေချာစိုက်ကြည့်နေခဲ့သည်။ ထိုသစ်ရွက်များက ပါးလွှာပြီး အတော်လေး မာကျောပုံရသော်လည်း သစ်ရွက်၏သွေးကြောများတွင် စီးဆင်းနေသော အရောင်များကို ဆုံးရှုံးသွားရသည်မှာ နှမြောစရာကောင်းသည်။ ထိုအရာကလည်း ဘိုးဘေးချီးမြှောက်မှုများကြောင့် ဖြစ်နိုင်သည်ဟု ချန်းပင်အန်းက ယူဆမိနေခဲ့သည်။ ထိုသစ်ရွက်များပေါ်တွင်တော့ အစိမ်းရောင်အနည်းငယ်လေးသာ ကျန်နေတော့သည်။
ချန်းပင်အန်းက ထိုသစ်ရွက်(၅)ရွက်ကို ယောင်ရှန်သိုင်းကျမ်းထဲ၌ ညှပ်ထားခဲ့သည်။ ထိုသို့လုပ်ဆောင်လိုက်ပြီးနောက် ချန်းပင်အန်းက ခြံဝန်းထဲတွင် သိုင်းကွက်များကို စတင်လေ့ကျင့်နေခဲ့သည်။ ဘယ်ဘက်နှင့် ညာဘက်တွင် ရှိနေသော အိမ်နီးချင်းများက တစ်ယောက်ပြီး တစ်ယောက်အဝေးကို ထွက်သွားခဲ့ကြသည်။
ချန်းပင်အန်းကတော့ တစ်ယောက်တည်း အလုပ်ရှုပ်နေပြီး သူ့ကိုယ်သူပင် လုံးဝမေ့လျော့သွာခဲ့၏။ သူ၏လက်သီးချက်များက စမ်းချောင်းတစ်ခုသဖွယ် စီးဆင်းလာခဲ့သည်။ သူက ထိုအရာကို အကြိမ်(၁)သန်း လေ့ကျင့်နိုင်မှသာ သိုင်းပညာလမ်းကြောင်းကို စတင်နိုင်မည်ဟု မိန်းကလေးနင်ယောင်က ပြောခဲ့သည်။ ချန်းပင်အန်းက ပျင်းရိမနေချင်ခဲ့ပေ။
သူက သစ်သားရုပ်ထုပေါ်တွင် ရေးသားထားသော စကားလုံးများနှင့် အမှတ်အသားများကိုလည်း သေချာစဉ်းစားကြည့်နေခဲ့၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးက သက်တောင့်သက်သာရှိပြီး ပူလောင်နေသလို ခံစားနေရသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် မီးနဂါးတစ်ကောင် လှုပ်ရှားနေသလို ခံစားနေရပြီး ခေါင်းမှခြေဖျားထိအောင် ရောက်လာခဲ့၏။ ထိုဖြစ်စဉ်က အခက်အခဲများ ရှိနေပြီးချောမွေ့မှုမရှိချေ။
ထိုသွေးကြောမှတ်များက ပျက်စီးနေသလို ထင်မှတ်ရပြီး ဖြတ်သန်းသွားလာရန် ခက်ခဲပုံရသည်။ သွေးကြောမှတ်တစ်ခုနှင့် တစ်ခုကြားထဲတွင် ရှိနေသော လမ်းကြောင်းများက မဟာလမ်းစဉ် သေချာပေါက် မဟုတ်နိုင်ပေ။ တချို့က ကျယ်ပြီး တချို့က မညီမညာ ဖြစ်နေ၏။ တချို့က ကျဉ်းမြောင်းပြီး မက်ဆောက်သည်။
မီးနဂါးတစ်ကောင် ဖြတ်ကျော်သွားသည့်အချိန်တွင် ထိုအရာက တံတားတစ်ခုကို ဖြတ်သွားသော လူတစ်ယောက်ကဲ့သို့ ယိမ်းထိုးလှုပ်ရှားနေခြင်း ဖြစ်သည်။ နောက်ဆုံးတွင်တော့ မီးနဂါးက သူ၏ဗိုက်အောက်ပိုင်း ဒန်တျန်အနားတွင် ရှိနေသော သွေးကြောမှတ်များစွာထဲတွင် ကူးချည်သန်းချည် လုပ်ဆောင်ခဲ့သည်။ ထိုနဂါးက သူ နေထိုင်ရန် အသင့်တော်ဆုံးနေရာတစ်ခုကို ရှာဖွေနေသလို ထင်မှတ်ရ၏။
သိုင်းပညာလမ်းကြောင်းတွင် အဆင့်(၃)ဆင့် ရှိကြောင်း နင်ယောင်က ပြောခဲ့ဖူးသည်။ ပထမဆုံးအဆင့်ကတော့ ရွှံ့သန္ဓေသားနယ်ပယ် ဖြစ်သည်။ ပြီးပြည့်စုံသော အထွဋ်အထိပ်ကို ရောက်သည့်အချိန်တွင် သူတို့က ချီစွမ်းအားများကို ထုတ်ပေးနိုင်မည်ဖြစ်၏။
ထိုအရာက ကျောင်းဆောင်တစ်ခုထဲတွင် ရှိနေသော ရွှံ့ရုပ်ထုတစ်ခုကဲ့သို့ ချီစွမ်းအားများက ဒန်တျန်ထဲသို့ ရောက်ရှိလာပြီး တောင်(၁)တောင်ကဲ့သို့ မလှုပ်မယက် တည်ရှိနေနိုင်သည်။
ထို့နောက် ခန္ဓာကိုယ်က အသစ်တဖန် ပြောင်းလဲလာပြီး ကြွက်သားနှင့်အရိုးများကို စတင်အားဖြည့်နိုင်မည်ဖြစ်၏။ ထိုသို့ဆိုလျှင် တကိုယ်လုံးက နွေဦးရာသီသို့ကျရောက်သွားသော ညှိုးခြောက်သွားသည့် သစ်ပင်တစ်ပင်ကဲ့သို့ ဖြစ်နေပါလိမ့်မည်။ ချန်းပင်အန်းက ထိုလမ်းကြောင်းကို လျှောက်လှမ်းနေခြင်းဖြစ်၏။
နာမည်ကျော် ဆရာတစ်ယောက်၏ လမ်းပြမှုမရှိသည့်အတွက် ထိုအရာက နှေးကွေးသည်ဟု သတ်မှတ်နိုင်ခြင်း မရှိချေ။ သူကတော့ ပါရမီနည်းပါးမှုကို ကြိုးစားအားထုတ်မှုနှင့် ဖြည့်ဆည်းနေခဲ့၏။ (၈)နှစ်တိတိ သူက တောင်တန်းများပေါ်တွင် သွားလာပြီး မြစ်ချောင်းများကို ဖြတ်ကျော်ခဲ့သည်။ ထိုအရာက ကြမ်းတမ်းသော်လည်း အသက်ရှုကျင့်စဉ်တစ်ခုကို ရရှိခဲ့၏။ (၈)နှစ်အတောအတွင်း သူက သိုင်းပညာလမ်းကြောင်း၏ ပထမအဆင့်ကို ချိုးဖျက်နိုင်ခြင်း မရှိခဲ့ချေ။
နင်ယောင်၏ မွေးရပ်မြေကလွဲလျှင် သီးသန့်တိုင်းပြည်များနှင့် သိုင်းလောကထဲတွင် လူချမ်းသာနှင့် လူဆင်းရဲများကြား၌ ကွဲပြားမှုတစ်ခု ရှိနေကြသည်။ သိုင်းပညာလမ်းကြောင်းက အဆင့်မြင့်တက်လာသည့်အချိန် ယှဉ်ပြိုင်သည့် အလေ့အထမျိုး မရှိသည်မှာ အတော်ကံကောင်းသွား၏။
သိုင်းပညာလမ်းကြောင်းသို့ ပို၍ဝင်ရောက်လာလေလေ သိုင်းပညာရှင်များက ပို၍ထူးခြားလာလေလေဖြစ်ပြီး သူတို့၏ခြေလှမ်းတိုင်းက ပို၍လေးနက်လာလေလေ ဖြစ်သည်။ သိုင်းပညာလမ်းကြောင်းပေါ်တွင် သူတို့၏ခြေတစ်လှမ်းချင်းဆီကလည်း ပို၍ခိုင်မာလာခဲ့၏။
သို့သော် ချန်းပင်အန်းကဲ့သို့ နှေးကွေးသော လူတစ်ယောက်အတွက်တော့ ထိုအရာက အရှက်မရှိဟု သတ်မှတ်နိုင်ခြင်း မရှိချေ။ မည်သို့ဖြစ်စေကာမူ ပထမဆုံး အတားအဆီးတွင် ပိတ်မိနေသော အစွမ်းထက်မိသားစုမှ လူငယ်ပေါင်းမြောက်များစွာ ရှိနေခဲ့၏။ သူတို့က ဘဝတလျှောက်လုံး ချီစွမ်းအားတည်ရှိမှုကို ရှာမတွေ့ကြပေ။ သို့သော် လက်ရှိအခြေအနေတွင်တော့ ချန်းပင်အန်းကလည်း သိုင်းပညာပါရမီရှင် တစ်ယောက်ဟု သတ်မှတ်နိုင်ခြင်းတော့ မရှိချေ။
ချန်းပင်အန်းက ရုတ်တရက် နိုးထလာပြီး ချီစွမ်းအင် အနည်းငယ်ကို ရှုရှိုက်လိုက်သည်။ သူက ခြံဝန်းထဲတွင် ဖြည်းညင်းစွာ လမ်းလျှောက်နေပြီး ခြေလက်များကို ဖြည်းဖြည်းချင်းဆီ ဖြေလျော့နေခဲ့၏။
ထို့နောက် ချန်းပင်အန်းက ခေါင်းငုံ့ပြီး နံရံနားတွင် ရှိနေသော သစ်ခါးပင်သစ်ကိုင်းကို ကြည့်လိုက်သည်။ သူ့ခေါင်းထဲတွင် အကြံတစ်ခု ရခဲ့၏။ သူက ထိုအရာကို သစ်သားဓားတစ်ခုအဖြစ် ဖန်တီးချင်ခဲ့သည်။
သူ ငယ်ရွယ်စဉ် သူ့မိဘများ သေဆုံးသွားသည့်အချိန်၌ သူ့အဖော်များက အင်မော်တယ်အုတ်ဂူတွင် ကစားနေသည်ကို အဝေးမှ ကြည့်နေဖူးသည်။ မိန်းကလေးအများစုက စွန်လွှတ်နေတတ်ကြပြီး ယောကျ်ားလေးအများစုကတော့ သူတို့အဖေများ ပြုလုပ်ပေးသော သစ်သားနှင့် ဝါးဓားများကို အသုံးပြု၍ ဆော့ကစားနေတတ်ကြ၏။ ထိုအရာက အတော်လေးကို ပျော်စရာကောင်းခဲ့သည်။
ထိုအချိန်တွင် ချန်းပင်အန်းကလည်း သူ့အတွက် တစ်ခုလိုချင်ခဲ့၏။ နောက်ပိုင်းတွင်တော့ သူက မီးဖိုကြီးတွင် တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။ သူက တစ်နှစ်ပတ်လုံး ပြေးလွှားနေခဲ့ရသည့်အတွက် ထိုအတွေးကို လက်လျော့ခဲ့ရ၏။
ချန်းပင်အန်းက သစ်ကိုင်းရှေ့တွင် ထိုင်လိုက်သည်။ ထိုအရာက သစ်သားဓားတစ်ခု ဖန်တီးရန် ပြဿနာမရှိဟု ခံစားမိခဲ့သော်လည်း ဓား(၂)ခုလုပ်ရန်တော့ ပို၍ခက်ခဲသည်။ ချန်းပင်အန်းက ပထမဆုံး အိမ်အပြင်ဘက်တွင် ရှိနေသော သစ်ကိုင်းကို ရွှေ့လိုက်၏။
ထို့နောက် ပုဆိန်ကိုယူပြီး လမ်းကြောင်းပေးရန်သာ လိုအပ်သည်။ သူက သူ့အတွက် သစ်သားဓားတစ်ချောင်းလုပ်ရန် အဆင်သင့်ဖြစ်နေခဲ့သည်။ သို့သော် ချန်းပင်အန်းက ပုဆိန်နှင့် အပေါက်ဝတွင် ထိုင်နေသည့်အချိန်၌ အနည်းငယ် တွေဝေနေခဲ့သည်။ သူက သေချာစဉ်းစားကြည့်လိုက်ပြီးနောက် ပုဆိန်ကိုပြန်သိမ်းလိုက်၏။
ထိုသစ်ခါးပင်က ရှေးဟောင်းသစ်ပင်ကြီးတစ်ပင်အဖြစ် သတ်မှတ်၍ မရနိုင်တော့ပေ။ မည်သို့ဖြစ်စေကာမူ ဆရာချီနှင့် သစ်ခါးပင်ကြီးက စကားပြောဆိုခဲ့၏။ ထို့ကြောင့် သူ့ရှေ့တွင် ရှိနေသော သစ်ကိုင်းကိုကြည့်ပြီး သူလည်း အနည်းငယ် အိုးတိုးအန်းတမ်း ခံစားနေခဲ့ရ၏။
ချန်းပင်အန်းက သစ်ကိုင်းကို နံရံအောက်ခြေတွင် ပြန်ထားလိုက်သည်။ သူက အမှန်တကယ် အိပ်မပျော်နိုင်ကြောင်း တွေ့လိုက်ရသည့်အတွက် ခြံဝန်းထဲသို့ ထွက်လာခဲ့၏။ တံခါးကို သော့ခတ်လိုက်ပြီးနောက် သူက ရွှံ့ပုလင်းလမ်းကြားထဲမှ ထွက်လာခဲ့သည်။
သူက ကျောက်တုံးတံတားဆီသို့ မထင်မှတ်ဘဲ ရောက်လာခဲ့ပြန်၏။ သူက နောက်ပိုင်းတွင် အမြဲတမ်း စမ်းချောင်းထဲသို့ မသွားနိုင်ကြောင်း စဉ်းစားမိသည့်အခါ အံကြိတ်ပြီး ကျောက်တုံးတံတားပေါ်သို့ လျှောက်လာခဲ့သည်။ သူက အလယ်တွင် ရှိနေသော ကျောက်ပြားပေါ်တွင်ထိုင်လိုက်ပြီး ခြေထောက်တစ်ဖက်ကို စမ်းချောင်းထဲသို့ တွဲလောင်းချထားခဲ့၏။
ချန်းပင်အန်းက အနည်းငယ် စိုးရိမ်နေခဲ့သည်။ သူက တိတ်တဆိတ် စီးဆင်းနေသော ရေများကိုကြည့်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။
“ဆရာကြီးက အင်မော်တယ်တစ်ယောက်ပဲဖြစ်ဖြစ်၊ မကောင်းဆိုးရွား တစ်ကောင်ပဲဖြစ်ဖြစ် ကျွန်တော်တို့က အချင်းချင်း ဘာရန်ငြိုးမှမရှိဘူးလေ။ တကယ်လို့ ကျွန်တော့်ကို တစ်ခုခုပြောချင်တယ်ဆိုရင် အိပ်မက်ထဲမှာ မပြောပါနဲ့။ အခုကျွန်တော်က ဒီနေရာကို ရောက်လာပြီ။ ကျွန်တော့်ကို ပြောလိုက်လို့ရတယ်…”
မိနစ်(၃၀) … မိနစ်(၅၀) …. (၂)နာရီ ….
အနည်းငယ်အေးသည်ကလွဲလျှင် ချန်းပင်အန်းက ထူးဆန်းသည့်အရာတစ်ခုကိုမျှ မခံစားခဲ့ရချေ။ ချန်းပင်အန်းက ကျောက်ပြားကို လက်ထောက်ပြီး ခြေထောက်နှစ်ဖက်ကို လှုပ်ရှားနေခဲ့၏။ သူက အဝေးကို ငေးကြည့်နေခဲ့သည်။ သူ ငယ်ငယ်တုန်းကတော့ ထိုစမ်းချောင်းက မည်သည့်နေရာတွင် အဆုံးသွားကြောင်း အလွန်သိချင်နေခဲ့၏။
ချန်းပင်အန်းက တစ်ယောက်တည်း ငေးငိုင်နေခဲ့သည်။ လျှိုရှန်းယန်၊ ကုစန့်၊ မိန်းကလေးနင်၊ ဆရာချီနှင့် အဘိုးယောင်တို့အားလုံး ထွက်သွားကြပြီဖြစ်သည်။ ချန်းပင်အန်းကလည်း လုံးဝချမ်းသာခဲ့ဖူးခြင်း မရှိချေ။ သို့သော် ထိုလူငယ်လေးက အထီးကျန်ဖူးခြင်းလည်း လုံးဝမရှိချေ။
မြက်ဖိနပ်နှင့်လူငယ်လေး၏ နောက်ကျောဘက် ကျောက်တုံးတံတား၏ တခြားတစ်ဖက်တွင်တော့ အဖြူရောင်ဝတ်စုံဝတ်ထားသော အရပ်ရှည်ရှည် လူရိပ်တစ်ခု ရှိနေသည်။ သူ့ပုံစံက အင်မော်တယ်တစ်ပါး၊ တစ္ဆေတစ်ကောင်ကဲ့သို့ ထင်မှတ်ရ၏။ သူကလည်း ကျောက်တုံးတံတားပေါ်သို့ လက်ထောက်ထားပြီး ခြေထောက်နှစ်ဖက်ကို လေထဲတွင် လွှဲယမ်း၍ ကောင်းကင်ကြီးပေါ်ကို မော့ကြည့်နေခဲ့သည်။
သို့သော် အဘိုးကြီးယန်နှင့် ရွမ်ချုံတို့ကပင် ထိုမြင်ကွင်းကို သတိမထားမိခဲ့ကြသည့်အတွက် တစ်ယောက်တည်း စကားပြောနေသော ချန်းပင်အန်းကတော့ သတိထားမိရန် ပို၍ခက်ခဲနေသေး၏။
Translated by Hein Htet.