← Chapters

အခန်း (၇၇)

Vol. 6 Ch. 77

အခန်း (၇၇)

Vol. 6 Ch. 77

ပန်းပဲဖိုသို့ ရွမ်ရှို့ ပြန်ရောက်လာပြီးနောက် သူမ၏အဖေက တံစက်မြိတ်အောက်တွင် ရှိနေသော ဝါးထိုင်ခုံတွင် တစ်ယောက်တည်း ထိုင်နေကြောင်း တွေ့လိုက်ရသည်။ သူမက အရက်အိုးကို သူ့လက်ထဲသို့ ထည့်ပေးလိုက်ပြီး တခြားတစ်ခုံတွင် ထိုင်နေလိုက်၏။

"အဖေ ...

အဖေတို့ ဆွေးနွေးတာ ပြီးသွားပြီလား…"

ရွမ်ချုံက အရက်အိုးကို ဖွင့်ကြည့်လိုက်သည်။ သူက ထိုအရာကို မသောက်ခဲ့ပေ။ အနံ့ခံကြည့်လိုက်ရုံနှင့် အနည်းငယ် ခေါင်းကိုက်သွားသလို ခံစားလိုက်ရ၏။ ထိုအရာက အမှန်တကယ်ကို မက်မွန်နွေဦးအရက် ဖြစ်သော်လည်း ငွေစ(၂)စ မတန်ပေ။ ထိုအရာက ဈေးအပေါဆုံး မက်မွန်နွေဦးအရက်ဖြစ်ပြီး ကြေးပြား(၈)ခုသာ တန်ကြေးရှိ၏။

ရွမ်ချုံက အပြစ်ရှိသလို ထင်ရသော သူ့သမီးကို စိုက်ကြည့်လိုက်သည်။ သူမ၏လက်(၂)ဖက်က အင်္ကျီစကို ဆုပ်ကိုင်နေပြီး မျက်လုံးများက ပတ်ပတ်လည်ကို လျှောက်ကြည့်နေခဲ့သည်။ သူမက သူမ၏လုပ်ရပ်ပေါ်သွားမှာကို ကြောက်လန့်နေကြောင်း သိသာနေ၏။

ရွမ်ချုံက ရင်ထဲတွင် သက်ပြင်းချလိုက်ပြီး မသိချင်ယောင်ဆောင်ပေးလိုက်သည်။ သူက အရက်တစ်ငုံ သောက်လိုက်၏။ သူက အတော်လေးကို စိတ်ပျက်ပြီး မျက်နှာက မည်းမှောင်နေသော်လည်း ဖြည်းညင်းစွာ ပြောလိုက်သည်။

"ဟုတ်တယ် အကုန်လုံး အဆင်ပြေသွားပြီ။ ဒီကိစ္စတွေကို စီမံဖို့အတွက် အဖေက ဝူယွမ်လို့ခေါ်တဲ့ အရာရှိကို ရုံးတော်မှာ ရှာခိုင်းလိုက်မယ်။ ပြီးတော့ တောင်တန်းတွေ၊ မြစ်တွေရဲ့မြေပုံအဟောင်း၊ အသစ်တွေကို ယူခိုင်းထားတယ်။ ချန်းပင်အန်း ပြန်လာတဲ့အချိန်ကျရင် သူ့ကို အဖေ့ရဲ့ကိုယ်စားပြောပေး ... "

ရွမ်ရှို့က လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ပြုတ်ကျသွားသလို ခံစားလိုက်ရသည်။ သူမက အပြုံးနှင့် ပြောလိုက်၏။ ထို့နောက် သူမက ချောမွေ့သော ဝါးထိုင်ခုံလေးတွင် မှီ၍ထိုင်နေခဲ့သည်။

ရွမ်ချုံက ဤနေရာတွင် ရှိနေသော အခြေအနေကို ပြောပြရန် တွေးနေခဲ့၏။ အစတွင် အရာအားလုံးက ခက်ခဲသည်။ သို့သော် သူ၏စိတ်ခံစားချက်က ကောင်းမွန်နေခဲ့၏။ သူက ချန်းပင်အန်းနှင့် ပတ်သက်ပြီး ကောင်းသောအရာတစ်ခု ပြောသည်မှာ အမှန်တကယ်ကို ရှားပါးလှသည်။

"ရွှံ့ပုလင်းလမ်းကြားထဲက ကောင်လေးက ရိုးရှင်းပေမယ့် အရူးတစ်ယောက်တော့ မဟုတ်ဘူး ..."

ရွမ်ရှို့က အပြုံးနှင့် ပြောလိုက်၏။

"အဖေ ...

ဒါက ရူးမိုက်မှုတွေထဲက ညဏ်ကောင်းတယ်လို့ ခေါ်တာပဲလေ။ အဖေ သိတယ်မဟုတ်လား…"

ရွမ်ချုံက ထိုကိစ္စကို ပြန်မပြောခဲ့ပေ။ သူ့ရင်ထဲတွင်သာ တစ်ယောက်တည်းတီးတိုး ကျိန်ဆဲလိုက်မိ၏။

"ဘာကို ရူးမိုက်မှုတွေကနေ ညဏ်ကောင်းမှု ပေါ်လာမှာလဲ…"

ရွမ်ချုံက အဝေးတွင် ရှိနေသော စမ်းချောင်းကို စိုက်ကြည့်လိုက်သည်။ သူက အရက်အိုးကို လက်(၂)ချောင်းနှင့်ကိုင်ပြီး ညင်သာစွာ လှုပ်ရှားကြည့်လိုက်၏။

"အဖေ သူ့ကို တိုက်ရိုက်ပြောလို့မရနိုင်တဲ့ ကိစ္စတချို့ရှိတယ်။ အဖေက သူ့ကို အများကြီး မစဉ်းစားစေချင်ဘူး။ သူ့ကိုယ်သူ အရူးတစ်ယောက်လို့လည်း မတွေးစေချင်ဘူး။ သူ့ကို မနက်ဖြန် တွေ့တဲ့အချိန်ကျရင် ပြောလိုက်ပါ ..."

ရွမ်ရှို့က စိတ်ဝင်တစား မေးလိုက်သည်။

"ဘာကိစ္စပြောရမှာလဲ အဖေ…"

ရွမ်ချုံက ခဏကြာတိတ်ဆိတ်သွားခဲ့၏။ သူက အရက်အိုးကို မြှောက်ပြီး တစ်ငုံသောက်လိုက်၏။ ထို့နောက် ပြောလိုက်သည်။

"သူ့ကို နဂါးကျောရိုးတောင်တန်းနဲ့ ပတ်သက်ပြီး အိပ်မက် မက်မနေဖို့ ပြောလိုက်ပါ။ နောက်ခံအင်အားမရှိတဲ့ အထက်ဘုံ(၅)ဆင့်က လူတချို့တောင် အဲဒီအရာကို တောင်းဆိုရဲမှာ မဟုတ်ဘူး။ ဖုန်းရွှယ်ကျောင်းဆောင်နဲ့ စစ်တောင်တန်းက နဂါးခေါင်းဖြတ် ကျောက်တုံးကြီးတွေ ရဖို့အတွက် တော်တော်လေး ကြိုးစားအားထုတ်ထားခဲ့တာ။ အဖေ့ရဲ့လက်ရှိအဆင့်အတန်းမျိုးနဲ့ သူတို့က အဲဒါကို ရနိုင်ရုံပဲရှိတယ်။ အဲဒီအရာကို တိတ်တဆိတ် လိုချင်နေတဲ့သူတွေ အများကြီး ရှိနေသေးတယ်။ ဒီအခြေအနေတွေကိုတော့ ချန်းပင်အန်းကို ရှင်းပြစရာမလိုဘူး။ သူ့ကို တည့်တည့်ပဲ ပြောလိုက်။ သူက နဂါးကျောရိုးတောင်တန်းနဲ့ ပတ်သက်ပြီး စဉ်းစားစရာမလိုဘူး။ ဒုတိယတစ်ချက်ကတော့ တာ့လီနန်းတွင်းက ဒီတောင်တွေကို ဈေးချိုချိုနဲ့ ရောင်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စုစုပေါင်း တောင်(၆၀)ပဲ ရှိတယ်။ ချန်းပင်အန်းက အများဆုံး တောင်(၅)တောင်ပဲ ဝယ်လို့ရမယ်။ တကယ်လို့ သူက ပိုပြီးဝယ်ချင်နေတယ်ဆိုရင် အဖေက သူနဲ့သူ့တောင်တွေကို အကာအကွယ်ပေးဖို့ ခက်တယ်။ တတိယတစ်ချက်ကတော့ အဖေက ရှန်ရှို့တောင်ကို အဓိကထားပြီး တောင်(၃)တောင်ကို တာ့လီကနေ တောင်းဆိုဖို့ စိတ်ကူးထားတယ်။ ချန်းပင်အန်းက မြေပုံကို စစ်ဆေးတဲ့အချိန်ကျရင် ရှန်ရှို့တောင်၊ ဖယောင်းအလင်းတောင်နဲ့ ဟုန်မင်တောင်ထိပ်ရဲ့အနားမှာရှိတဲ့ တောင်တွေကိုပဲ အလေးထားဖို့ ပြောလိုက်ပါ..”

“အဖေက အကျိုးအကြောင်း မဆင်ခြင်တတ်တဲ့ လူတစ်ယောက် မဟုတ်ဘူး။ သူက အနားမှာရှိတဲ့ တောင်တွေအားလုံးကို ဝယ်ဖို့ မတောင်းဆိုဘူး။ သူကတော့ ကြေးပြားတစ်ဝက်လောက် ထုတ်သုံးဖို့ပဲ လိုအပ်တာ။ ဘယ်လိုပဲဖြစ်ဖြစ် သူသာ ဉာဏ်ကောင်းမယ်ဆိုရင်တော့ အဖေ့ရဲ့ တောင်(၂)တောင် အနားမှာ နောက်ထပ်တောင်တွေ များများဝယ်လိမ့်မယ်။ ဒါက အမှန်ကန်ဆုံး လမ်းကြောင်းပဲ။ နောက်ဆုံးကျရင်တော့ သူ့ကို ကြေးပြားနည်းနည်းလောက် ချန်ထားဖို့ ပြောလိုက်ပါ။ ဒါဆိုရင် မြို့ထဲမှာ ဈေးဆိုင်တွေ ဝယ်လို့ရမယ်။ ဒီမြို့ထဲမှာ ဝယ်ဖို့အဆင်ပြေတဲ့ ဈေးဆိုင်တွေ အများကြီးရှိတယ်လို့ အဖေထင်တာပဲ။ အပြင်ဘက်မှာ အဆက်အသွယ်ရှိတဲ့ မြို့ထဲက လူအများစုက ထွက်သွားကြပြီဆိုတော့ တန်ဖိုးကလည်း သေချာပေါက် ဈေးကြီးမှာ မဟုတ်ဘူး။ အများဆုံး ကြေးပြားတစ်ပြားလောက်ပဲ တန်ကြေးရှိလိမ့်မယ်…"

ရွမ်ရှို့က အလေးထားပြီး မေးလိုက်သည်။

"အဖေ ...

ဘာလို့အဖေကိုယ်တိုင် အဲဒီဆိုင်တွေကို မဝယ်ရတာလဲ။ အဖေက သမီးရဲ့ကြေးပြား(၂)အိတ်ကို ယူတော့မလို့လား။ သမီးကို ကြေးပြားတစ်အိတ် အရင်ဆုံး ပြန်ပေးပါလား။ တစ်အိတ်ပဲ ယူလေ ... ဘယ်လိုလဲ…"

ရွမ်ချုံက အလွန်ဒေါသထွက်သွားပြီး ပြုံးချင်ယောင်ဆောင်၍ ပြောလိုက်သည်။

"အဖေသိမ်းထားပေးတဲ့ ကြေးပြားတွေကို စဉ်းစားမနေနဲ့။ အဲဒါကို လက်လွှတ်လိုက်ဖို့ပဲ အကြံပေးချင်တယ်။ ဪ ဒါနဲ့ချန်းပင်အန်းကို အဲဒီအရာတွေအတွက် ငွေပေးချေထားဖို့ ပြောလိုက်ပါ။ အခုအချိန်မှာ သူက မြို့ထဲမှာ အချမ်းသာဆုံး လူတစ်ယောက်ပဲ…"

ရွမ်ရှို့က စဉ်းစားမနေဘဲ ပြောလိုက်သည်။

"သမီးက အဲဒါကို ဘာလုပ်ရမှာလဲ။ သူက ဆင်းရဲတယ်လေ။ သူက တခြားလူဆီကနေ ငွေစတွေတောင် ချေးငှားနေရတာ…"

ရွမ်ချုံက ရှုံ့မဲ့သွားခဲ့၏။ သူက မနေနိုင်တော့ဘဲ ပြန်လှည့်ပြီး မေးလိုက်သည်။

"ဪ အဖေ့ရဲ့ငွေကတော့ ငွေမဟုတ်ဘူး ...ချန်းပင်အန်းရဲ့ ငွေကပဲ ငွေလား.."

ရွမ်ရှို့က တိုးတိုးလေးရယ်ပြီး ပြောလိုက်သည်။

"သမီးက သူနဲ့မရင်းနှီးဘူးလေ…"

ရွမ်ချုံက သွေးအန်လုမတတ် ခံစားလိုက်ရ၏။

"မရင်းနှီးလို့ပဲ အဖေအတွက် အရက်အစုတ်အပြတ် ဝယ်လာပြီး အဲဒီကောင်လေးကို ချေးငှားပေးဖို့အတွက် ငွေစတွေ သိမ်းထားတယ်။ ဘယ်လိုအရာမျိုးကိုမှ ရင်းနှီးမယ်လို့ ထင်တာလဲ မသိဘူး…"

ရွမ်ချုံက အရက်ကိုသာ မော့သောက်လိုက်ရသည်။

"ဘယ်လိုပဲဖြစ်ဖြစ် အဖေက ပြောစရာရှိတဲ့အရာတွေအားလုံး ပြောပြီးသွားပြီ။ သမီး မနက်ဖြန်ကျရင် စကားလုံးသေချာရွေးချယ်ပြီး ချန်းပင်အန်းကို ပြောလိုက်လို့ရတယ်"

ထို့နောက် သူက အဝေးသို့ ထွက်သွားခဲ့၏။ အမှန်အတိုင်း ပြောရမည်ဆိုလျှင်တော့ ပြောသင့်သည့်အရာများကို သူ့သမီးက မနက်ဖြန် ပြောပါလိမ့်မည်။ ရွမ်ချုံကတော့ ထိုအရာကို စဉ်းစားကြည့်လေလေ ပို၍မျက်နှာပျက်လာလေလေဖြစ်၏။

သူက သူ့သမီးကို အော်ငေါက်နိုင်ခြင်း မရှိသလို ထိုလူငယ်ကို အပြစ်တင်၍လည်း မရနိုင်ပေ။ သူကတော့ သူ့မိန်းမကိုသာ အသံတိုးတိုးနှင့် ကျိန်ဆဲလိုက်မိ၏။ ထို့နောက် မည်သူမျှမရှိသောနေရာသို့ လမ်းလျှောက်သွားခဲ့ပြီး အရက်အိုးကို လွှတ်ပစ်လိုက်သည်။ ထိုအရာကို ဆက်မသောက်နိုင်တော့ပေ။

ထို့နောက် သူက ပျံသန်းလာပြီး မျက်စိတမှိတ်အတွင်း မြို့ထဲတွင် အရက်ရောင်းချသော ဆိုင်ရှေ့တွင် ဆင်းသက်လိုက်၏။ ထိုအချိန်တွင် ဆိုင်က ပိတ်သွားပြီဖြစ်သည်။ သူက တံခါးကိုခပ်ပြင်းပြင်း ခေါက်လိုက်ရာ သိပ်မကြာခင် ခြံဝင်းထဲမှ အိပ်ချင်မူးတူး ထလာသော အမျိုးသမီးတစ်ယောက်ကို တွေ့လိုက်ရသည်။

သူမက ဝသီအတိုင်း ကျိန်ဆဲနေပုံရ၏။

"ဒီလောက်နောက်ကျမှ ဘာလာလုပ်တာလဲ။ ညကြီးသန်းခေါင် အရက်သောက်နေတယ်။ ဘာလို့ကျင်ငယ်သောက်ပြီး အေးဆေးမနေရတာလဲ။ ငွေလာဖြုန်းချင်နေသေးတာလား။ ပြီးတော့ ညကြီးသန်းခေါင် မုဆိုးမတစ်ယောက်ရဲ့ အိမ်ကို တံခါးလာခေါက်တာ ခြေကျိုးမှာ မကြောက်ဘူးလား…"

သူမကတော့ လုံးဝယဉ်ကျေးသိမ်မွေ့နေခြင်း မရှိခဲ့ချေ။ ရွမ်ချုံက မျက်နှာပျက်ပျက်နှင့် တံခါးတွင်ရပ်နေခဲ့၏။ စကားတစ်ခွန်းမျှ ပြန်မပြောခဲ့ပေ။

ရောက်လာသူက ပန်းပဲဖိုမှ ဆရာရွမ်ဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ အမျိုးသမီး၏ပုံစံက ချက်ချင်း ပြောင်းလဲသွားခဲ့သည်။ သူမ၏မျက်လုံးများက အရည်ရွှန်းလဲ့လာပြီး သူ့လက်ကို လှမ်းဆွဲလိုက်၏။

ရွမ်ချုံ၏လက်က သံတုံးသံခဲများပမာ မာကျောနေခဲ့သည်။ ထိုအခါ အမျိုးသမီးကတော့ ပို၍ပင်နှစ်လိုစွာ ပြုံးနေခဲ့၏။ သူမက ေဦးဆောင်သွားခဲ့ပြီး ရွမ်ချုံ၏ရင်ခွင်ထဲသို့ လဲကျမတတ်ဖြစ်နေခဲ့သည်။ ပန်းပဲဆိုင်မှ ဆရာရွမ်ကတော့ သူမ၏ခံစားချက်များကို နားမလည်ခဲ့သည်မှာ ကံဆိုးသွားသည်။

အဆုံးတွင်တော့ သူက ငွေစကိုပစ်ပေးလိုက်ပြီး အရက်(၂)အိုးကိုယူ၍ အဝေးသို့ထွက်ခွာသွားခဲ့၏။ အမျိုးသမီးက တံခါးဝတွင်ရပ်ပြီး မျက်နှာပေါ်တွင် လှောင်ပြောင်သရော်မငများ ပြည့်နှက်နေသည်။ သူမက ကျယ်လောင်စွာ စနောက်ကျီစယ်လိုက်၏။

"အဆုံးမှာတော့ ဒီလိုအစွမ်းထက်တဲ့ လူတစ်ယောက်ကလည်း တစ်ယောက်တည်း ဖြစ်ရတာပဲ။ ဆရာရွမ် ... ကျွန်မရဲ့ဆရာရွမ် ... နောက်ပိုင်း ကျွန်မရဲ့ဆိုင်မှာ အရက်လာဝယ်တဲ့အချိန်ကျရင် ကျွန်မက ရှင့်ကို ဈေး(၂)ဆ ယူတော့မယ်။ တစ်နေ့နေ့ ဆရာရွမ်ရဲ့ခါးက သန်မာနေမယ်ဆိုရင်တော့ ကျွန်မက ပိုက်ဆံတစ်ပြားမှ မယူဘူး ။ ရှင်က အရက်သောက်ဖို့အတွက် ကျွန်မနဲ့အိပ်ပေးရုံပဲ…."

ရွမ်ချုံက လမ်းအဆုံးသို့ အေးအေးဆေးဆေး လျှောက်သွားခဲ့သည်။ သူက မြို့၏တောင်ဘက်တွင် ရှိနေသော ပန်းပဲဖိုသို့ ပြန်မသွားခဲ့ပေ။ ထိုအစား မြောက်ဘက်တွင် ရှိနေသော တောင်ကုန်းငယ်လေးဆီသို့ ထွက်လာခဲ့၏။ ထိုနေရာတွင် ပျက်စီးနေသောကြွေထည်များက တောင်တစ်တောင်လို ပုံနေခဲ့သည်။

ရွမ်ချုံက တောင်ကုန်းငယ်လေးနှင့် ခြေလှမ်း(၃၀)ခန့်အကွာတွင် ရပ်လိုက်ပြီး တင်ပျဉ်ခွေ ထိုင်နေခဲ့၏။ ထိုအချိန်တွင် မလှမ်းမကမ်းမှနေ၍ အသံတစ်သံကို ကြားလိုက်ရသည်။

"တိုက်ဆိုင်လိုက်တာ...မင်းလည်း ဒီမှာရှိနေတာပဲ…"

ရွမ်ချုံက ခေါင်းညိတ်ပြလိုက်ပြီး အရက်တစ်အိုးကို ပစ်ပေးလိုက်သည်။ အဘိုးအိုက အရက်အိုးကိုယူလိုက်ပြီး ချိန်ဆ၍ ပြောလိုက်၏။

"မုဆိုးမလျှိုရဲ့ဆိုင်ကို အခုအချိန် အရက်သွားဝယ်တဲ့ ယောကျာ်းတိုင်းက အခွင့်အရေးအယူခံရတာပဲ…"

ရွမ်ချုံကတော့ ထိုအကြောင်းကို မပြောချင်ခဲ့ပေ။ ထိုအစား သူက ပြန်မေးလိုက်၏။

"အဘိုးကြီးယန်…

ကြီးကြပ်သူအသစ်ဝူယွမ်ရဲ့အနားမှာပါလာတဲ့ ကောင်လေးက ဘယ်သူလဲ။ ကျွန်တော်က သူ့ကို လုံးဝစစ်ဆေးလို့မရဘူး။ ဒါပေမယ့် အပေါ်ယံမှာတော့ သူက သာမန်လူတစ်ယောက်နဲ့ လုံးဝမတူဘူး…"

ထိုအဘိုးအိုက ယန်မိသားစုဆေးဆိုင်မှ အဘိုးအိုယန် ဖြစ်သည်။ သူက အရက်တစ်ငုံ သောက်လိုက်၏။

"သူ့ရဲ့နောက်ကြောင်းက မရှင်းဘူး။ ဒါပေမယ့် ရှေးစကားပုံ တစ်ခုရှိတယ်လေ။ ရောက်လာတဲ့သူက မရင်းနှီးနိုင်သလို ရင်းနှီးတဲ့သူတွေကလည်း ရောက်လာမှာ မဟုတ်ဘူး…"

အဘိုးယန်က ထိုစကားကို ပြောလိုက်ပြီး အပြုံးနှင့်မော့ကြည့်လိုက်သည်။

ကြွေထည်တောင်ထိပ်၏ အပေါ်တွင် အစိမ်းရောင်ဝတ်စုံ ဝတ်ထားသော လူငယ်လေး တစ်ယောက်ရှိသည်။ သူက လက်ပိုက်ထားပြီး မျက်ခုံးကြားတွင် မှဲ့တစ်လုံး ရှိနေ၏။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေသည်။

လူငယ်က လက်တစ်ဖက်ကို ဝှေ့ယမ်းပြောလိုက်၏။

"အထဲကို ဝင်လာပြီဆိုရင် နယ်ခံတွေကို နှုတ်ဆက်ရမယ်။ ကျောင်းဆောင်ထဲကိုဝင်တဲ့ အချိန်ကျရင်လည်း နတ်ဘုရားတွေကို အရိုအသေပေးရလိမ့်မယ်။ ကျုပ်က စည်းမျဉ်းတွေကို သိပါတယ်။ ပထမဆုံး ကျုပ်က ဆရာရွမ်ကို နှုတ်ဆက်တယ်။ ပြီးတော့ ဆရာကြီးယန်ကိုလာပြီး တွေ့တယ်။ ကျုပ်က ဘာမှမှားတာ မရှိပါဘူး.."

အဘိုးယန်က ဆက်ပြီး အရက်သောက်မနေတော့ပေ။ သူက တစ်နေရာမှ ကြိုးတစ်ချောင်းကို ယူလိုက်ပြီး အရက်အိုးကို ခါးတွင် ချည်နှောင်လိုက်၏။ ထို့နောက် သူ၏ဆေးတံကြီးကိုထုတ်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"တောင်တန်းတွေထဲကို ဝင်ရောက်တာ၊ ရေကန်တွေထဲကို ဝင်ရောက်တာနဲ့ အဆောင်ရေးဆွဲတာတွေက လူတိုင်း လုပ်နိုင်တယ် ... ဒါပေမယ့် မင်းက အဆောင်တွေကို ရေးဆွဲနေတာလား။ ဒါမှမဟုတ် အဆောင်တွေကို ရေးဆွဲတဲ့ အင်မော်တယ်လားဆိုတာ ငါ မသိဘူး…"

လူငယ်က လက်ကို ရုတ်သိမ်းလိုက်ပြီး ရှေ့ကို အနည်းငယ် လျှောက်လာခဲ့သည်။ သူက အပြုံးနှင့် ပြောလိုက်၏။

"ဆရာကြီးယန်နဲ့ ဆရာရွမ်တို့က ဘယ်လောက်ပဲ အထင်လွဲနေပါစေ ... ခင်ဗျားတို့(၂)ယောက်ကို နှုတ်ဆက်ပြီးသွားရင် ကျုပ်တို့က ထပ်ပြီး ပတ်သက်စရာ မလိုတော့ပါဘူး။ တကယ်လို့ ရှိခဲ့မယ်ဆိုရင်တောင် အဲ့ဒါက ရှင်းဝန်စံအိမ် တည်ဆောက်မှုနဲ့ပဲ ပတ်သက်နေမှာစိုးရတယ်။ ကျုပ်က အဲဒီအရာကို ယာယီတာဝန်ယူထားရတာ။ ဒါကြောင့် ခင်ဗျားတို့(၂)ယောက်နဲ့တော့ ဆက်သွယ်မှုတော့ လုပ်ရလိမ့်မယ်။ ဝမ်ချန်းစံအိမ်နဲ့ စစ်ကျောင်းသူတော်စင် ကျောင်းဆောင်အတွက်တော့ ကျုပ်က ဂရုမစိုက်ဘူး။ ကျုပ်က ရှင်းဝန်စံအိမ်ကိုပဲ တာဝန်ယူထားရတာ။ အဲဒါကလည်း နှမ်းစေ့တစ်စေ့အရွယ်အစားလောက်ပဲ ရှိပါတယ်လေ…"

လူအများ၏အကြားတွင် ပြောဆိုနေကြသော အကြောင်းအရာများအရ တိုင်းပြည်တစ်ပြည်၏ ပိုင်နက်ထဲတွင် တိုင်းပြည်အရာရှိများကသာ ထိုနယ်ပယ်၏ ကိစ္စရေးရာကို ထိန်းချုပ်ပိုင်ခွင့်ရှိသည်။ ရှင်းဝန်အရှင်၏ ရုပ်တုနှင့် ပတ်သက်ပြီး သူက နေ့ရောညပါ စောင့်ကြည့်နေရမည့် တာဝန်တစ်ခုရှိသည်။

ဆရာရွမ်က မျက်မှောင်ကြုတ်လိုက်မိ၏။

"သူက တာ့လီအထွေထွေရုံးတော်ရဲ့ အကြီးအကဲတစ်ယောက်များလား။ ဒါမှမဟုတ် မြေစာရင်းရုံးတော်က ချီကျင့်ကြံသူ တစ်ယောက်လား…"

သို့သော် သူ၏နောက်ခံက အထွေထွေရုံးတော်ဖြစ်စေ မြေစာရင်းရုံးတော်ဖြစ်စေ တာ့လီ၏တစ်နေရာရာမှဖြစ်စေ နန်းတွင်းထဲမှဖြစ်စေ သူက ကြွေထည်တောင်ထိပ်ပေါ်တွင် ရဲတင်းစွာ ရပ်နေနိုင်သည့်အတွက် အနည်းဆုံးတော့ အလယ်ဘုံ(၅)ဆင့်၏ အမြင့်ဆုံးဖြစ်သော အဆင့်(၁၀)အလွှာတွင် ရှိနေသော ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်သည်။ ထို့ကြောင့် ထိုလူငယ်က သေချာပေါက် လူငယ်တစ်ယောက် မဟုတ်နိုင်ပေ။

အလွန်နူးညံ့သိမ်မွေ့သော ကျင့်ကြံသူက အဘိုးယန်ကို စိုက်ကြည့်ပြီး ပြောလိုက်၏။

"ဆရာကြီး …

ကျွန်တော်က စကားတစ်ခွန်းကိုတော့ အရင်ဆုံးပြောရလိမ့်မယ်။ တောင်းပန်တာထက် လုံလုံခြုံခြုံနေရတာက ပိုပြီးတော့ ကောင်းတယ်လေ…"

အဘိုးယန်က ဆေးတံကြီးကို တစ်ချက်ရှိုက်လိုက်သည်။ အဆုံးတွင်တော့ သူက မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်၏။ မီးခိုးငွေ့များက ကမ္ဘာမြေကြီးထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

အလွန်နူးညံ့သိမ်မွေ့သော လူငယ်လေးက လက်(၂)ဖက်ကို အင်္ကျီအိတ်ထဲတွင် ထည့်ထားသေးသည်။ သို့သော် သူ၏အင်္ကျီလက်ကတော့ အနည်းငယ် လှုပ်ရှားသွားခဲ့၏။ သူက လက်(၁၀)ချောင်းကို လှုပ်ရှားလိုက်သလို ထင်မှတ်ရသည်။

ဆရာရွမ်က သက်ပြင်းချလိုက်မိ၏။

"ကျုပ်အနေနဲ့ ပြောရရင်တော့ ခင်ဗျားတို့(၂)ယောက်လုံးက လက်လျော့လိုက်သင့်တယ်။ မဟုတ်ရင် ကျုပ်တို့(၃)ယောက် တိုက်ခိုက်ပြီး ဒီနယ်မြေကြီးကို တကယ်ဖျက်ဆီးပစ်ချင်နေတာလား…."

လူငယ်က သူ၏အင်္ကျီအိတ်ထဲမှ လက်(၂)ဖက်ကို ပြန်ထုတ်လိုက်ပြီး လေထဲသို့ မြှောက်ပြလိုက်၏။ သူက စိတ်ကို လျင်မြန်စွာ ပြောင်းလဲလိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"ငါက ပြဿနာမရှိပါဘူး ..."

အဘိုးကြီးယန်ကလည်း နှာခေါင်းရှုံ့လိုက်၏။ ထိုအဘိုးကြီးယန်၏ နှာခေါင်းထဲမှနေ၍ ခရမ်းရောင် မီးခိုးငွေ့(၂)ခုက လျင်မြန်စွာ ထွက်ပေါ်လာခဲ့သည်။ အဘိုးအိုက ခနဲ့သလို ပြောလိုက်၏။

"မင်းက တော်တော်လေး သိထားတာပဲ…"

လူငယ်က နှာခေါင်းကို လက်နှင့်သပ်လိုက်သည်။

"အများကြီးမဟုတ်ပါဘူး။ ဒါပေမယ့် နည်းနည်းလေးလည်း မဟုတ်ဘူး။ ဥပမာအနေနဲ့ ပြောရရင် ခင်ဗျားကို အရင်တုန်းက ဆရာကြီးယန်လို့ ခေါ်ခဲ့တာ မဟုတ်ဘူး။ ချင် ..."

လူငယ်က စကားလုံးတစ်ခုကို တမင်တကာ ပြောလိုက်သည်။ ထိုအရာက စနောက်ခြင်း မဟုတ်သလို ဟာသလုပ်နေခြင်းလည်း မဟုတ်ချေ။

သူ့နှုတ်ဖျားမှ ထိုစကား ထွက်တော့မည့်အချိန်တွင် အဘိုးကြီးယန်၏ သတ်ဖြတ်ချင်စိတ်များကို အမှန်တကယ် ခံစားမိနေခဲ့၏။ ထိုအရာက အလွန်ဆုံးဖြတ်ချက် ပြတ်သားနေသည့်အတွက် သူကချက်ချင်းပင် နောက်တစ်လှမ်း ဆုတ်လိုက်မိသည်။

လူငယ်က နောက်ဆုတ်သွားခဲ့ပြီး အပြုံးနှင့် ပြောလိုက်၏။

"ငါတို့က ဒီနေရာမှာပဲ လူချင်းခွဲကြတာပေါ့။ နောက်တစ်ကြိမ် ပြန်မတွေ့ဖို့ မျှော်လင့်မိပါတယ်။ နေမင်းကြီးဆီကိုသွားတဲ့လမ်း၊ သစ်လုံးအိမ်ကို သွားတဲ့ တံတားနဲ့ ငရဲတံခါးကို သွားတဲ့လမ်း။ ကိုယ့်လမ်း ကိုယ်သွားကြတာပေါ့ ... ကိုယ့်အစွမ်းကိုယ် ရှိကြတာပဲလေ.."

အစိမ်းဝတ်လူငယ်က ခြေရာလက်ရာမရှိ ပျောက်ကွယ်သွားခဲ့သည်။

ရွမ်ချုံက အသံတိုးတိုးနှင့် ပြောလိုက်၏။

"သူက အထက်ဘုံ(၅)ဆင့်မှာ ရှိနေနိုင်တယ်…"

အဘိုးကြီးယန်က ခနဲ့သလို ပြောလိုက်၏။

"ပြဿနာမဖြစ်စေနဲ့။ မင်း ရွမ်ချုံကလည်း အထက်ဘုံ(၅)ဆင့်မှာပဲ မဟုတ်ဘူးလား။ အရှေ့ပိုင်းကုန်းမြေကြီးက ဘယ်လောက်ပဲသေးသေး ကုန်းမြေကြီး(၉)ခုထဲက တစ်ခု အပါအဝင် ဖြစ်နေသေးတယ်လေ။ ပြီးတော့ အဆင့်(၁၁)နဲ့ အဆင့်(၁၂) ချီကျင့်ကြံသူတွေကို မပြောနဲ့ ။ အဆင့်(၁၃) ချီကျင့်ကြံသူတွေတောင် ပေါ်လာဖို့ အခွင့်အရေး ရှိသေးတာပဲ…"

ရွမ်ချုံက စိတ်အေးမနေနိုင်ခဲ့ပေ။ သူက ခေါင်းခါပြီး ပြောလိုက်၏။

"ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်က အခုမှ အဆင့်(၁၁)ကို တက်လှမ်းနိုင်ရုံပဲ ရှိသေးတယ်။ ကျွန်တော်ရဲ့အဆင့်က အခုထိ မတည်ငြိမ်သေးဘူး။ ကျွန်တော်က စစ်ကျောင်းတော်ကဖြစ်ပြီး တိုက်ခိုက်ခြင်းနဲ့ သတ်ဖြတ်ခြင်းမှာ ကျွမ်းကျင်ပေမယ့် ..."

အဘိုးအိုက ခေါင်းခါပြီး လှည့်ထွက်သွားခဲ့၏။ သူက လက်ထဲတွင် ဆေးတံကြီးကိုကိုင်ပြီး မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။

"မင်းမှာလည်း အကြောင်းတရားတွေ ရှိနေတာပဲ။ ဒီကမ္ဘာကြီးထဲမှာ ကျင့်ကြံသူ(၁၀)သန်းကျော် ရှိတယ်။ အဆင့်(၁၀) ကျင့်ကြံသူတွေကတောင် တော်တော်လေး ရှားနေပြီ။ အထက်ဘုံ(၅)ဆင့်က ပညာရှင်တွေကတော့ ပြောမနေနဲ့တော့။ အဆုံးမှာတော့ မင်းက အဲဒီလူကို ကြောက်နေတယ်။ ဒါပေမယ့် အဲဒီလူကလည်း မင်းကိုကြောက်နေတာပဲ။ မင်းတို့(၂)ယောက်လုံးက အပြစ်ရှိနေသလို ခံစားနေကြရတာလေ…"

ရွမ်ချုံက ထိုအရာကို စဉ်းစားကြည့်လိုက်ပြီး သဘောတူလိုက်သည်။ သူက အဆုံးသတ်ကို ရောက်နေသော လူစားမျိုး မဟုတ်ချေ။ သူက ထူးဆန်းသော လူငယ်၏ နောက်ခံကို စိတ်မဝင်စားချေ။ နှစ်ဖက်စလုံးက ကိုယ့်အလုပ် ကိုယ်လုပ်နေလျှင်တော့ အကောင်းဆုံးဖြစ်၏။

ထို့နောက် ရွမ်ချုံက ကျယ်လောင်သောအသံနှင့်အတူ လေထဲသို့ ပျံသန်းသွားခဲ့သည်။ တိမ်တိုက်ပင်လယ်ကြီးထဲသို့ ရောက်ရှိသွားပြီးနောက် သူက စမ်းချောင်းအစပ်တွင် လျင်မြန်စွာ ဆင်းသက်လိုက်သည်။

မြို့ငယ်လေးထဲသို့ အေးအေးဆေးဆေး လမ်းလျှောက်လာသော အဘိုးကြီးယန်ကတော့ အပြုံးနှင့် ပြောလိုက်၏။

"လူငယ်တွေက တော်တော် တက်ကြွနေကြတာပဲ…"

အစိမ်းဝတ်လူငယ်လေးကတော့ မြို့ထဲတွင် ရှိနေသော လမ်းကြားလေးထဲတွင် လမ်းလျှောက်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့သည်။

"ညပိုင်းတားမြစ်ထားတဲ့ ညစောင့်တစ်ယောက်နဲ့ ဈေးတစ်ခုလည်း ရှိတယ်။ စောင့်နေတဲ့အရာတွေအများကြီးပါပဲလား။ ငါတို့ရုံးတော်ကတော့ အလုပ်များရတော့မယ်…"

မျက်ခုံးကြားထဲတွင် မှဲ့တစ်လုံးရှိနေသော လူငယ်လေးက သော့တွဲများကို ညင်သာစွာ ဝှေ့ယမ်းနေပြီး အာလန်လမ်းကြားဟုခေါ်သော လမ်းကြားတစ်ခုထဲသို့ လျှောက်လာခဲ့သည်။ ထိုအရာက တရုတ်ဇီးသီးပွင့်လမ်းကြား၏ အနားတွင်ရှိနေ၏။ ထိုလမ်းကြားထဲတွင် အစွမ်းထက်သော လူ(၂)ယောက်ရှိသည်ဟု ပြောကြသည်။ သို့သော် သူတို့က မည်သူများဖြစ်ကြောင်းနှင့် မည်သည့်အရာများ ဖြစ်ခဲ့ကြောင်း တစ်ယောက်မျှ မပြောနိုင်ခဲ့ပေ။

အချိန်ကြာလာသည်နှင့်အမျှ ထိုအရာက ရှေးဟောင်းသစ်ခါးပင်အိုကြီး၏အောက်တွင် လူအိုကြီးများ၏ စကားဝိုင်းတစ်ခု ဖြစ်လာခဲ့သည်။ ယခုတော့ သစ်ခါးပင်အိုကြီးက လဲကျသွားခဲ့ပြီး မြို့ငယ်လေး၏ လူဦးရေကလည်း သိသိသာသာ လျော့ကျသွားခဲ့၏။ ကလေးများကတော့ အလွန်အကျွံ ခံစားနေကြခြင်းမရှိဘဲ လူငယ်လေးများကလည်း အမြင်ကျယ်လာသလို ခံစားနေကြရသည်။ သူတို့၏နယ်မြေက ပွင့်သွားသည်မှာ ကောင်းသွား၏။ အဘိုးကြီးများကသာ ရံဖန်ရံခါ သက်ပြင်းချတတ်ကြသည်။

အာလန်လမ်းကြားနှင့် တရုတ်ဇီးသီးပွင့်လမ်းကြားထဲတွင် ချမ်းသာသောလူများများ မရှိချေ။ သူတို့က လူချမ်းသာများနှင့် နှိုင်းယှဉ်ရန် မလုံလောက်သော်လည်း ဆင်းရဲသူများထက် ပို၍ပြည့်စုံကြ၏။ ဥပမာအနေနှင့် ပြောရလျှင် ထိုလမ်းကြား(၂)ခုထဲ၌ ရှိနေသော လူများကို မြင်သည့်အချိန်တွင် ရွှံ့ပုလင်းလမ်းကြားထဲမှ လူများကတော့ ခေါင်းပင်မော့မကြည့်ရဲကြပေ။

အဘွားမာနှင့်သူ့မြေး မာခူရွှမ်တို့က တရုတ်ဇီးသီးပွင့်လမ်းကြားထဲတွင် နေထိုင်ခဲ့ကြသည်။ မြို့ငယ်လေးထဲတွင်တော့ သူတို့မိသားစုက အလွန်ဆိုးရွားသည်ဟု သတ်မှတ်နိုင်၏။

လူငယ်က အိမ်တစ်အိမ်၏ တံခါးဝတွင် ရပ်လိုက်သည်။ တံခါးတွင်တော့ အသစ်ဆေးခြယ်ထားသော တံခါးနတ်ဘုရားများ ရှိနေ၏။ လူငယ်က ဓားတိုတစ်ချောင်း ကိုင်ထားသည့် ငွေရောင်ချပ်ဝတ်အင်္ကျီဝတ် တံခါးနတ်ဘုရားတစ်ယောက်ကို ကြည့်လိုက်သည်။ ထိုအရာက ကြီးကျယ်ခမ်းနားပြီး ခြေထောက်တွင် ရွှေရောင်ကြက်ဖတစ်ကောင် ရပ်နေခဲ့၏။

လူငယ်က အပြုံးနှင့် ပြောလိုက်သည်။

"ပိုးဖဲအင်္ကျီတွေကို ဝတ်ပြီး အိမ်ပြန်လာရတာက ပိုပြီးတော့ ထူးခြားတာပဲ…"

လူငယ်က တံခါးကိုဖွင့်ပြီး ဝင်သွားခဲ့၏။ ထိုအရာက သေးငယ်သော်လည်း ထူးခြားသည့် အိမ်တစ်လုံးဖြစ်သည်။ သူ၏အပေါ်ဘက်တွင်တော့ လေးထောင့်ပုံသဏ္ဍာန် အမိုးတစ်ခုရှိနေပြီး အောက်ဖက်တွင်တော့ ရေကန်လေးတစ်ခု ရှိသည်။ လေဝင်လေထွက်ကလည်း ကောင်းမွန်၏။

ဒုတိယထပ်တွင်တော့ အလွန်လှပသော အခန်းတစ်ခုရှိပြီး ညအချိန် ကြယ်များကို ကြည့်ရှုရန်နှင့် ဆောင်းတွင်းတွင် နှင်းများကိုကြည့်ရန် သင့်တော်သည်။ လူငယ်ကတော့ အလွန်ကျေနပ်ပြီး တီးတိုးရေရွတ်နေခဲ့၏။

"မဆိုးဘူး မဆိုးဘူး။ ဒါက လေ့ကျင့်ဖို့အတွက် နေရာကောင်းတစ်ခုပဲ…"

လူငယ်က သစ်သားထိုင်ခုံတစ်ခုကို နေရာရွှေ့လိုက်ပြီး ရေကန်၏အနားတွင် ထိုင်လိုက်သည်။ ထို့နောက် သူက အင်္ကျီလက်ကို လှုပ်ရှားလိုက်ရာ ပျက်စီးသွားသော ကြွေထည်ပုံကြီးတစ်ခု ထွက်လာခဲ့၏။ အပိုင်းအစများက လက်သီးဆုပ်အရွယ် ကြီးမားလှပြီး သေးငယ်သော အစိတ်အပိုင်းများကတော့ ဆန်စေ့အရွယ်အစားခန့် ဖြစ်သည်။

သူတို့က မရေမတွက်နိုင်သော အစိတ်အပိုင်းများဖြစ်နေကြ၏။ အဆုံးတွင်တော့ အပြည့်ဖြစ်သည်။ ထိုအရာကို ခြင်းတောင်းတစ်ခုနှင့်ပင် ထည့်ထား၍ မရနိုင်ပေ။ သူတို့အားလုံးက ရေကန်၏အပေါ်ဘက် လေထဲတွင် ပျံဝဲနေကြ၏။ သူက အင်္ကျီလက်ကို လှုပ်ရှားလိုက်ရုံနဲ့ ထိန်းချုပ်နိုင်သည်ဟု ဆိုနိုင်သည်။ လူငယ်က ပတ်ပတ်လည်ကိုကြည့်လိုက်ပြီး မျက်ခုံးများကို လှုပ်ရှားလိုက်၏။

သူက တစ်ယောက်တည်း ပြောလိုက်သည်။

"ငါက ဘယ်နေရာကနေ စတင်ရမှာလဲ ... အဲဒါက မင်းပဲ…"

နောက်ဆုံးတွင်တော့ သူက စိတ်လှုပ်ရှားစရာအကောင်းဆုံး အနီရောင်‌ကြွေထည်ကို မြင်လိုက်ရသည်။ စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားလိုက်ရာ ကြွေထည်ပုံကြီးထဲမှ တစ်စုံတစ်ခု ထွက်ပေါ်လာပြီး သူ့ရှေ့ လေထဲတွင် ရပ်တန့်သွားသည်။ ထို့နောက် ထိုကြွေထည်အပိုင်းအစလေးတစ်ခုက တောင်တန်းထဲမှ ပျံသန်းလာပြီး လူငယ်ဆီကို ရောက်လာခဲ့၏။ သူက ထိုအရာကို နေရာတစ်ခုတွင် ညင်သာစွာ ချထားလိုက်၏။ ထိုအရာက ‌ကြွေထည်အပိုင်းအစများကို ပေါင်းစပ်ထားသလို ထင်မှတ်ရသည်။

နောက်တစ်နေ့ ပန်းပဲဆိုင်တွင် ရွမ်ရှို့က ချန်းပင်အန်းကို မြေပုံ(၂)ခုပေးခဲ့သည်။ တစ်ခုက အဟောင်းဖြစ်ပြီး အဝါရောင် ပေါက်နေ၏။ မြေပုံပေါ်တွင်တော့ တောင်တန်းများ၏ နာမည်များ အစဉ်လိုက် ရှိနေသည်။ မြေပုံအသစ်ကိုတော့ မှင်နှင့် ရွေးဆွဲထားခြင်းဖြစ်ပြီး နဂါးကျောရိုးတောင်၊ ကျန့်ကျူးတောင်နှင့် ရှန်ရှို့တောင်တို့ကဲ့သို့ နာမည်များ ရေးသားထားသည်။

နောက်ဆုံးတွင်တော့ တာ့လီအင်ပါယာ လုံချွမ်တိုင်းပြည်ဟူသော နာမည်တစ်ခုပါသည်။ ရွမ်ရှို့က နေရာများနှင့် တောင်တန်းများ၏နာမည်ကို လက်ညှိုးထိုးပြပြီး ချန်းပင်အန်းကို တစ်ခုချင်း ရွတ်ပြ မိတ်ဆက်နေခဲ့သည်။

နောက်ဆုံးတွင်တော့ သူမက သူ့ကို သတိပေးလိုက်၏။

"ဒီမြေပုံ(၂)ခုက လက်သည်းခွံလောက်ပဲ ကွာပေမယ့် တောင်တန်းတွေထဲကို ဝင်သွားတဲ့အချိန်ကျရင် အဲဒါက မိုင်ပေါင်းများစွာ ကွာဝေးတာကို တွေ့ရလိမ့်မယ်။ လီကျူးသုခဘုံက တာ့လီမြေပြင်ပေါ်ကို ကျလာတဲ့အတွက် မြေပြင်က ပြင်းပြင်းထန်ထန် လှုပ်ရှားသွားခဲ့တယ်။ တချို့အုတ်မြစ်မခိုင်တဲ့ တောင်တန်းကြီးတွေက အဲဒီအချိန်မှာ ပျက်စီးသွားခဲ့တယ်။ အဲဒီအချိန်မှာ လမ်းမတွေမှာလည်း အပျက်အစီးတွေ ရှိလာနိုင်တယ်။ နင်က ဂရုစိုက်မှရမယ်…"

ချန်းပင်အန်းက မြေပုံ(၂)ခုကို သေချာသိမ်းလိုက်ပြီး နောက်ကျောတွင် ခြင်းတောင်းတစ်ခုကို လွယ်လိုက်သည်။ ထိုအရာက ချန်းသွမ့်တို့ကို တောင်တန်းထဲသို့ ခေါ်ဆောင်သွားသည့်အချိန်ကနှင့် တူညီနေခဲ့သည်။

သူက ရွမ်ရှို့ကို တောင်းပန်လိုက်၏။

"ဒီတစ်ကြိမ်တော့ ငါက ရှန်ရှို့တောင်နဲ့ မြေပုံပေါ်မှာရှိတဲ့ ဟုန်မင်တောင်တဝိုက်ကို သွားလိုက်မယ်။ ငါက အနည်းဆုံးလဝက်လောက်တော့ အချိန်ပေးရမယ်ထင်တယ်။ အများဆုံးတော့ ပြန်လာဖို့ တစ်လလောက် အချိန်ကုန်လိမ့်မယ်…"

ရွမ်ရှို့က တိုးတိုးလေး ပြောလိုက်သည်။

"ဒီလောက်တောင် ကြာတာလား ... ဒါဆိုရင် နင်က စားစရာတွေ အလုံအလောက် ဘယ်လိုယူသွားမှာလဲ…"

ချန်းပင်အန်းက တိုးတိုးလေး ရယ်လိုက်၏။

"ငါက တောင်တန်းတွေထဲမှာ အသက်ရှင်နေရတာ အသားကျနေပြီလေ။ ငါက တောရိုင်းတိရစ္ဆာန်တွေ၊ သစ်သီးမျိုးစုံကို စားလို့ရတယ်။ ရှာလို့လည်းရတယ်။ ငါက ကိုယ့်ကိုယ်ကိုယ်တော့ အငတ်မခံပါဘူး…"

ရွမ်ရှို့က ခေါင်းညိတ်ပြီး အပြုံးနှင့် ပြောလိုက်သည်။

"ငါ့အဖေက နင့်ကို ငွေစ(၁၀)စာ ချေးပေးဖို့ သဘောတူလိုက်ပြီ ...။ နင် တောင်တန်းတွေထဲကနေ ထွက်လာတဲ့အချိန်ကျရင် ငါနင့်ကိုသေချာပေါက် ပေးမယ်.."

ချန်းပင်အန်းက ထိုအရာကို စဉ်းစားကြည့်လိုက်ပြီး အမှန်အတိုင်း ပြောပြရန် ဆုံးဖြတ်လိုက်သည်။

"မိန်းကလေးရွမ် ...

ဘာမှဒုက္ခမခံပါနဲ့။ ငါ့ဆီမှာ ငွေရှာဖို့အတွက် နည်းလမ်းတစ်ခုရှိပါတယ်။ ငါက နင့်ကို (၁၀)ရက်ကနေ လဝက်လောက်အထိ မုန့်မစားတာလည်း မမြင်ချင်ဘူး…"

ရွမ်ရှို့၏မျက်နှာလေးက နီရဲသွားခဲ့သည်။ သူက အမှန်တရားကို မည်သို့သိသွားကြောင်း သူမလည်း နားမလည်နိုင်ခဲ့ပေ။

ချန်းပင်အန်းက အနည်းငယ် မသက်မသာ ခံစားလိုက်ရ၏။ သူက ပြုံးလိုက်ပြီး စကားမပြောခဲ့ပေ။ သူက ဆရာရွမ်၏သဘောထားကို သိနေခဲ့သည့်အတွက် သူသာ ငွေချေးမည်ဆိုလျှင် ထူးဆန်းနေပါလိမ့်မည်။ သူက မျက်လုံးမမြင်သည့် လူတစ်ယောက် မဟုတ်သည့်အတွက် ရွမ်ရှို့၏ ဖုံးကွယ်ထားမှုကို သေချာသိနေခဲ့၏။

သူမက အနည်းငယ် စိတ်ပျက်သွားကြောင်း မြင်သည့်အခါ ချန်းပင်အန်းက သူ့ကို နှစ်သိမ့်လိုက်သည်။

"မိန်းကလေးရွမ်ရဲ့ စေတနာကို အသိအမှတ်ပြုပါတယ်…"

ရွမ်ရှို့က နှုတ်ခမ်းကို ကိုက်လိုက်ပြီး ပြုံးပြလိုက်၏။

"ဒါဆိုရင် ငါ နင့်ကို လိုက်ပို့ပေးမယ်…"

ချန်းပင်အန်းက ချက်ချင်းပင် ထွက်ခွာသွားခဲ့၏။ သူက ပြန်လှည့်လာပြီး လက်ပြလိုက်သည်။

"မလိုပါဘူး ... ငါက ဒီလမ်းတွေနဲ့ ရင်းနှီးနေပြီ ... မျက်လုံးမှိတ်ပြီး သွားလို့တောင်ရတယ်…"

ရွမ်ရှို့က တိုးတိုးလေး ပြန်ပြောလိုက်၏။

"ကောင်းပြီလေ…"

ထို့နောက် သူမက သူ့ကို နှုတ်ဆက်လိုက်သည်။

ချန်းပင်အန်း ပန်းပဲဖိုမှ ထွက်သွားပြီးနောက် စမ်းချောင်းအတိုင်း လျှောက်သွားပြီး အပေါ်ဘက်ကို တက်သွားခဲ့သည်။ ချန်းပင်အန်းက မြို့အနားတွင် ရှိနေသော တောင်မြင့်ကြီးများကို စိတ်မဝင်စားချေ။ သူတို့က မကြီးသလို ဈေးနှုန်းက မကြီးသော်လည်း ဤနေရာတွင် မဝယ်ချင်ပေ။ ထိုအရာက မြို့နှင့် အလွန်နီးကပ်နေသည့်အတွက် အဆင်မပြေနိုင်ပေ။

ထို့ပြင် ဆရာရွမ်က သူ့ကို ပြောခဲ့သေး၏။ အစစ်အမှန်မြေသားတောင်၊ ယွမ်မိုတောင်နှင့် တခြားသော တောင်ထိပ်အနည်းငယ်ထဲတွင် တောင်တန်းများ၏ အုတ်မြစ်က မဆိုးလှပေ။ နှစ်ပေါင်းများစွာ ကြာပြီးနောက် သူတို့တွေအားလုံးနီးပါးက ဟောင်းလောင်းပေါက် ဖြစ်သွားသည်မှာ ကံဆိုးသွား၏။ ထိုကြောင့် သူတို့က ပန်းထိုးခေါင်းအုံးများကဲ့သို့သာ ဖြစ်သည်။

သူက ကျန့်ကျူးတောင်သို့ရောက်သည်အထိ အနောက်ဘက်ကို သွားရလိမ့်မည် ဖြစ်သည်။ ချန်းပင်အန်းက တစ်နေ့လုံး တစ်ညလုံး လမ်းလျှောက်နေခဲ့၏။ ဤအချိန် အတောအတွင်း သူက (၄)နာရီပင် ပြည့်အောင် အနားမယူခဲ့ပေ။

နောက်ဆုံးတွင်တော့ သူက တောင်ငယ်လေးတစ်တောင်ပေါ်သို့ တက်လိုက်ပြီး လေပူများကို မှုတ်ထုတ်လိုက်သည်။ သူက လေကို တစ်ဝကြီးရှူလိုက်ရာ မြက်ပင်ရနံ့များကို ရှုရှိုက်မိခဲ့၏။ မြက်ဖိနပ်နှင့်လူငယ်လေးက ရင်ဘတ်ကို လက်နှင့်ပုတ်လိုက်ပြီး အားရပါးရ အော်ဟစ်လိုက်လေသည်။

"ဒါက ငါ့အပိုင်ပဲကွ…"

Translated by Hein Htet.

All Chapters