အခန်း (၇၈)
Vol. 6 Ch. 78
(၅)ရက်တာ ကုန်ဆုံးသွားခဲ့ပြီး နေလုံးကြီးက အနောက်ဘက်ကို ကျဆင်းလာခဲ့သည်။ နောက်ဆုံးတွင်တော့ ချန်းပင်အန်းက မြေပုံအသစ်ပေါ်တွင် ရှိနေသော လိပ်ဦးခေါင်းတောင်ထိပ်ပေါ်သို့ တက်ရောက်နိုင်ခဲ့၏။ (၁၀)မိုင် ပတ်ပတ်လည် အတောအတွင်း ထိုတောင်ထိပ်က အပေါ်ဘက်ကို ချွန်ထွက်နေပြီး တိမ်တိုက်များထဲသို့ ရောက်ရှိနေခဲ့သည်။
ချန်းပင်အန်းက ဆန်မုန့်ခြောက်ကို ဝါးစားလိုက်ပြီး တောင်ထိပ်ပေါ်မှ ထိုးထွက်နေသော သစ်ပင်အိုကြီး၏သစ်ကိုင်းပေါ်တွင် ထိုင်နေခဲ့သည်။ အေးစက်သော လေပြေလေညင်းများ တိုက်ခတ်လာသည့် အချိန်တွင် လူငယ်လေး၏ နဖူးပေါ်တွင် ရှိနေသော ဆံပင်များက လှုပ်ရှားသွားခဲ့၏။ ဝါးခြင်းတောင်းကိုတော့ သစ်ပင်အောက်တွင် နေရာချထားခဲ့သည်။
ချန်းပင်အန်းက နောက်ကျောတွင် ဝါးခြင်းတောင်းကိုလွယ်ပြီး သစ်ပေါ်သို့ တက်ရဲသည့်သတ္တိမျိုးတော့ မရှိချေ။ ယခင်တုန်းကတော့ လူငယ်လေးက သစ်ပင်တက်ခြင်းကို အလွန်ခက်ခဲသော တာဝန်တစ်ခုအဖြစ် သတ်မှတ်ထားခဲ့ပြီး အဘိုးယောင်၏နောက်မှ အမြဲလိုက်ချင်နေခဲ့သည်။
ယခုလို မဟုတ်သည်မှာ သူက ပင်ပန်းသည့်အချိန်တွင် ရပ်တန့်ပြီး အဝေးတွင် ရှိနေသော အစိမ်းရောင်တောင်တန်းများနှင့် ကြည်လင်သောရေများကို ငေးကြည့်နေတတ်သည်။ ထို့ပြင် ချန်းပင်အန်းကို အံ့ဩသွားစေနိုင်သော မြင်ကွင်းပေါင်းများစွာက တာ့လီနန်းတွင်း ပိတ်ဆို့ထားသော တောင်တန်းများသာ ဖြစ်သည်။
လူငယ်လေးကတော့ စကားနည်းသော အဘိုး၏နောက်မှ လိုက်ပြီး ထိုအရာများကို ကွေ့ပတ်သွားလာခဲ့ရ၏။ လိပ်ခေါင်းတောင်ကလည်း ထိုတောင်များထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။
လမ်းတလျှောက်တွင် ချန်းပင်အန်းက မရင်းနှီးသော ကြီးကျယ်ခမ်းနားသည့် မြင်ကွင်းပေါင်းများစွာကို တွေ့မြင်ခဲ့ရ၏။ မိုးရွာပြီးနောက် ထွက်ပေါ်လာသော သက်တန့်ငယ်လေးတစ်ခုကလည်း ရေတံခွန်များကဲ့သို့ အလွှာလိုက် ထွက်ပေါ်လာနေခဲ့သည်။ လူငယ်လေးက ထိုအရာကို လက်နှင့် ထိ၍ ရသလို ထင်မှတ်ရပြီး သူ့အိမ်ကို ပြန်ယူသွားချင်နေခဲ့သည်။
ကျောက်တောင်ထိပ်ပေါ်တွင် နားခိုနေကြသော ငှက်ပေါင်း(၁၀၀၀)ကျော်လည်း ရှိနေကြ၏။ ထို့ပြင် နံရံ၌ ကပ်ညှိနေကြသော နှင်းပွင့်လေးများကလည်း ကန့်လန့်ကာတစ်ခုသဖွယ် ဖြစ်နေခဲ့သည်။ ထိုအရာက အလွန်မက်စောက်ပြီး အလွန်အန္တရာယ်များသည့် တောင်ထိပ်တစ်ခုဖြစ်သည်။
နောက်ဆုံးတွင်တော့ သူက အလွန်ကြီးမားသော ကွင်းပြင်တစ်ခုတွင် ဆင်းသက်လိုက်မိ၏။ ထိုအခါ သူ၏မြင်ကွင်းများက ကျယ်သွားခဲ့ပြီး သူက အသက်ကိုဝဝ ရှုလိုက်မိသည်။
ညအချိန်တွင် လူငယ်လေးက အင်္ကျီတစ်ထည်ကို ထပ်ဝတ်၍ ခြင်းတောင်းကိုမှီပြီး အိပ်ပျော်နေသည်။ သူက ကောင်းကင်ပေါ်မှ အင်မော်တယ်များ၏ စကားသံတိုးတိုးကို ကြားနေရသလို ထင်မှတ်ရ၏။
(၃)ရက်ကြာ သွားလာခဲ့ပြီးနောက် ချန်းပင်အန်းက ဆရာရွမ်ပြောသော ရှန်ရှို့တောင်သို့ ရောက်လာခဲ့သည်။ ထိုရှန်ရှို့တောင်၏ မြောက်ဘက်နှင့် အနောက်ဘက်တွင် တျန်းတန်းတောင်နှင့် ဟုန်မင်တောင်တို့ အသီးသီး ရှိနေကြ၏။ သူတို့က ရှန်ရှို့တောင်နှင့် ပူးပေါင်း၍ တြိဂံပုံသဏ္ဌာန်ဖြစ်နေကြပြီး တဖက်ဆီတွင် ဧရာမတောင်မြင့်ကြီးများကဲ့သို့ဖြစ်နေကြ၏။
မြေပုံအရ ထိုတောင်ထိပ်နှင့် မိုင်(၁၀၀)အတောအတွင်း အရွယ်အစားအမျိုးမျိုး ရှိနေသော တောင်(၅)တောင် ရှိနေခဲ့သည်။ ပို၍သေးငယ်သော တောင်ကတော့ တိမ်တိုက်နီတောင်နှင့် အင်မော်တယ်မြက်ပင်တောင်တို့ဖြစ်ကြပြီး ကြီးမားသော တောင်များကတော့ သားကောင်စင်မြင့် တောင်၊ ရေကန်ဝါတောင်နှင့် ရတနာတောင်တို့ ဖြစ်ကြသည်။
ချန်းပင်အန်းက ရှန်ရှို့တောင်ကို ရောက်မလာခင် အင်မော်တယ်မြက်ပင်တောင်နှင့် သားကောင်တောင်တို့ကို ရောက်ခဲ့ဖူးသည်။ အင်မော်တယ်မြက်ပင်တောင်က ကျန့်ကျူးတောင်ထက် အနည်းငယ်လေးသာ ပို၍ကြီးမားသည်။ ထိုတောင်က နိမ့်သော်လည်း သစ်ပင်များက အလွန်စိမ်းလန်းနေပြီး မြင့်မားသော သစ်ပင်ကြီးများစွာ ရှိနေသည်။
ရေကန်ဝါတောင်ကလည်း အလားတူသာ ဖြစ်သည်။ တောင်တစ်ဝက်တွင်တော့ သေးငယ်သောရေကန်လေးတစ်ခု ရှိ၏။ အဝေးမှကြည့်လိုက်မည်ဆိုလျှင် ရေကန်က အဝါရောင်ဖြစ်ပြီး အနီးကပ်ကြည့်လိုက်မည်ဆိုလျှင်တော့ အလွန်အမင်းကို ကြည်လင်နေသည်။ သို့သော် ထိုရေကန်ငယ်လေးကလွဲလျှင် ရေကန်ဝါတောင်က သူ့ခြေထောက်အောက်တွင် ရှိနေသော ရှန်ရှို့တောင်ထက် ပို၍နိမ့်ကျသည်ဟု ခံစားမိခဲ့၏။
ချန်းပင်အန်းက နောက်ထပ်(၄)ရက်ခန့် အချိန်ပေးပြီး ဟုန်မင်တောင်နှင့် ပတ်ပတ်လည်တွင် ရှိနေသော တောင်များကို လှည့်ပတ်သွားလာကာ တောင်(၃)ခုကို ရွေးချယ်ခဲ့သည်။ အင်မော်တယ်မြက်ပင်တောင်၊ ရတနာတောင်နှင့် တိမ်တိုက်နီတောင်..
အင်မော်တယ်မြက်ပင်တောင်က သေးငယ်ပြီး ရတနာတောင်ကတော့ ကြီးမားသည်။ တိမ်တိုက်နီတောင်ကတော့ မြင့်မား၏။ ထိုတောင်(၃)ခုထဲတွင် ရတနာတောင်ကိုတော့ ချန်းပင်အန်းက အချိန်အကြာဆုံး ပေးခဲ့ရသည်။
တိမ်တိုက်များက အလွန်နက်ရှိုင်းပြီး တောင်တန်းကြီးက အလွန်မြင့်မားသည်။ မြစ်များက အလွန်ရှည်လျားသည်ဟု ပြောတတ်ကြ၏။ သူ၏အရွယ်အစားက ချန်းပင်အန်း သွားခဲ့ဖူးသော တောင်တန်းများစွာထဲတွင် ပိယွင်တောင်နှင့် အင်မော်တယ်မြက်ပင်တောင်ပြီးလျှင် ဒုတိယဖြစ်သည်။
သို့သော် ချန်းပင်အန်းက ဇဝေဇဝါဖြစ်နေခဲ့၏။ ရတနာတောင်က အလွန်ကြီးမားသော နယ်မြေတစ်ခုဖြစ်ပြီး ဟုန်မင်တောင်နှင့် ကပ်လုနီးပါးဖြစ်နေသည်။ ထို့ပြင် ချန်းပင်အန်းကဲ့သို့ ထုံထိုင်းသော လူတစ်ယောက်ကပင် ထိုတောင်ပေါ်ရှိ လှပသောမြင်ကွင်းများကို ခံစားမိနိုင်၏။ ဘာကြောင့် ဆရာရွမ်က သားကောင်တောင်ကို လက်လျော့ပြီး ရတနာတောင်ကို မရွေးချယ်ခဲ့ရသနည်း။
သူ ရွေးချယ်လိုက်သော တောင်(၃)ခုက ကြေးပြား(၄၅)ပြားခန့် ပေးရမည်ဟု ချန်းပင်အန်းက တွက်ချက်ကြည့်ခဲ့သည်။ ကျန်ရှိနေသော ကြေပြား(၃၅)ပြားတွင် ကျန့်ကျူးတောင်အတွက် နွေဦးကြေပြား(၁)ပြား သုံးရလိမ့်မည်။ စုစုပေါင်း ကြေးပြား(၃၄)ပြား ကျန်နေသေးသည့်အတွက် ချန်းပင်အန်းက တောင်မြင့်ကြီး တစ်လုံးကို ရက်ရက်ရောရော ဝယ်ယူ၍ ရနိုင်သေးသည်။
မည်သို့ဖြစ်စေကာမူ ခြောက်ကပ်နွေဦးတောင်တန်း၊ လောင်ကျွမ်းခြင်းအမွှေးတိုင် တောင်တန်းနှင့် ဝိညာဉ်ကျက်သရေတောင်တန်းတို့ကလည်း ကြေပြား(၂၅)ပြားမှ အပြား(၃၀)အထိသာ ပေးရနိုင်သည်။ ဆရာရွမ်က လျှို့ဝှက်ချက်တစ်ခုကိုလည်း ပြောပြခဲ့၏။
နောက်ပိုင်းတွင် မိုင်(၁၀၀၀)အတွင်း ရှိနေသော နယ်မြေထဲတွင် တာ့လီနန်းတွင်းက တောင်တန်းနတ်ဘုရားတစ်ပါး၊ တောင်တန်းသခင်(၃)ပါး နေရာချထားမည်ဟု ပြောထားခဲ့၏။
နောက်တနေ့တွင် ရွမ်ရှို့ကလည်း အသေးစိတ် ရှင်းပြခဲ့သည်။ တောင်တန်းသခင် ဟူသည်မှာ အထွေထွေရုံးတော်မှ ရွေးချယ်ထားသော သင့်တော်သည့် လူတစ်ယောက်ဖြစ်သည်။ သူက နယ်မြေသမိုင်းကြောင်းထဲတွင် နာမည်ကျော် တစ်ယောက်ဖြစ်နိုင်ပြီး တိုက်ပွဲထဲတွင် သေဆုံးသွားခဲ့သည့် စစ်သူကြီးတစ်ယောက်လည်း ဖြစ်နိုင်သည်။ တာ့လီဘုရင်က သူ့ကို အသိအမှတ်ပြုပြီး တောင်တန်းသခင်အဖြစ် နေရာချထားပေးမည်ဖြစ်၏။
သူက အနီရောင်စုတ်တံကို အသုံးပြုပြီး တောင်တန်းနှင့်မြစ်မှတ်တမ်းများကို တရားဝင် ရေးသားခွင့်ရှိလာလိမ့်မည် ဖြစ်၏။ အမွှေးတိုင်ထွန်းပြီး ပူဇော်သည့်ပွဲတစ်ခု ပြီးဆုံးသွားလျှင် သူက ကောင်းကင်ဘုံ၏ကိုယ်စား လူသားကမ္ဘာကြီးကို ကင်းလှည့်နေရသည့် ကောင်ကင်သားတော်တစ်ပါး ဖြစ်လာပါလိမ့်မည်။
ထို့နောက် မြေစာရင်းရုံးတော်က ရွှေမှတ်တမ်းနှင့် ကျောက်စိမ်းစုတ်တံတစ်ခုကို တော်ဝင်နန်းဆရာလက်ထဲသို့ ပေးလိုက်ပြီး သူကိုယ်တိုင် နာမည်ရေးထိုးခိုင်းပါလိမ့်မည်။ ထို့နောက် သူက တောင်ခြေတွင် မြုပ်နှံရန် လူတစ်ယောက် စေလွှတ်လိုက်မည်ဖြစ်၏။ နောက်ဆုံးတွင်တော့ ရုံးတော်က ရွှံ့ရုပ်ထုတစ်ခု ဖန်တီးရန်နှင့် တောင်တန်းနတ်ဘုရားကျောင်းဆောင်ကို ပူဇော်ထားရန် လူတစ်ယောက်ကို ခိုင်းစေနိုင်သည်။
ထိုတောင်တန်းနတ်ဘုရားက လူအများ၏ ကိုးကွယ်ယုံကြည်မှုကို ရရှိနိုင်ပြီး တောင်တန်းထဲတွင် ရှိနေသော သတ္တဝါများကို ကာကွယ်နိုင်သည်။ မကောင်းဆိုးရွားများ၊ သရဲတစ္ဆေမျိုးစုံကိုလည်း တားမြစ်ဖိနှိပ်နိုင်ပြီး နယ်စပ်ကို ဖြတ်ကျော်လာသော အရာအာလုံးကို ထိန်းသိမ်းထားနိုင်သည်။
ချန်းပင်အန်းကတော့ သူ ရွေးချယ်လိုက်သော အင်မော်တယ်မြက်ပင်တောင်နှင့် တောင်တန်း(၃)ခုတွင် တောင်တန်းနတ်ဘုရားတစ်ပါး ရှိနေရန် မျှော်လင့်ထားခြင်း မရှိခဲ့ချေ။ ထိုအစား သူကတော့ ငွေအများဆုံး အသုံးပြုထားသော တောင်မြင့်ကြီးပေါ်တွင် တစ်ယောက်ရှိရန်သာ မျှော်လင့်ထားခဲ့၏။
ထိုသို့ဆိုလျှင်တော့ မိသားစုအကျိုးစီးပွားများကို ဆရာရွမ်က နောက်ထပ်နှစ်ပေါင်း(၃၀ဝ)တိတိ ကာကွယ်ပေးပါလိမ့်မည်။ အကယ်၍ သူက ဤနေရာမှ အဝေးတွင်ရှိနေသော သီးသန့်တောင်တစ်ခုကို စောင့်ကြပ်ရန် တောင်နတ်ဘုရားတစ်ပါး ဖိတ်ခေါ်လိုက်မည်ဆိုလျှင်တော့ ချန်းပင်အန်းက ပို၍စိတ်အေးသွားသလို ခံစားရပါလိမ့်မည်။
နွေဦးကြေးပြားတစ်ပြားသာ တန်ကြေးရှိပြီး သေးငယ်သော ကျန့်ကျူးတောင်ကိုတော့ ချန်းပင်အန်းကလွဲလျှင် မည်သူကမျှသဘောကျလိမ့်မည် မဟုတ်ချေ။ လက်ရှိအချိန်တွင်တော့ ချန်းပင်အန်းက တိမ်တိုက်နီတောင်ထိပ်ပေါ်တွင် ရှိနေသော ကျောက်တုံးကြီးတစ်တုံးပေါ်တွင် ထိုင်နေခဲ့သည်။ သူ့ရှေ့တွင်တော့ တာ့လီ လုံချွမ်တိုင်းပြည်၏ မြေပုံအသစ်တစ်ခု ရှိနေ၏။
လူငယ်လေးက ထိုတောင်တန်း၏ တည်နေရာနှင့် နာမည်များကို သေချာမှတ်သားနေခဲ့သော်လည်း နောက်ဆုံးတောင်ကို ဝယ်ယူရန် ဆုံးဖြတ်ချက် မချရသေးချေ။ မြက်ဖိနပ်နှင့် လူငယ်လေးက ပါးကို လက်နှစ်ဖက်နှင့် ကိုင်ထားပြီး မျက်မှောင်ကြုတ်နေမိ၏။ သူ့ခန္ဓာကိုယ်က သိမ်မွေ့စွာ လှုပ်ရှားနေခဲ့သည်။
လူငယ်လေး၏ အတွေးများကလည်း မိုင်ထောင်ပေါင်းများစွာအထိ ပျံ့လွင့်နေခဲ့၏။ သူက ထိုတောင်များကို ဝယ်ယူပြီးသွားလျှင် ဘာလုပ်နိုင်မည်နည်း။ ချန်းပင်အန်း၏ ရင်ထဲတွင်တော့ ထိုအရာနှင့် ပတ်သက်ပြီး အဖြေမရှိသေးပေ။ သို့သော် သူကသာ နောက်နှစ်ပေါင်း(၃၀၀)တိတိ ထိုတောင်(၅)တောင်၏ အမည်ခံပိုင်ရှင်တစ်ယောက် ဖြစ်လာတော့မည်ဟု တွေးမိလိုက်သည့်အချိန်တိုင်း အလွန်ပျော်စရာ ကောင်းသောအရာတစ်ခု ဖြစ်သည်။
သူက ပထမဆုံး မိန်းမယူ၍ မိသားစုတစ်ခုကို စတင်၍ရသည်။ ထို့နောက် သူ၏သားသမီးများဆီကို လက်ဆင့်ကမ်းပေး၍ ရနိုင်၏။ နောက်ပိုင်းတွင်တော့ သူ၏သားသမီးများက သူ၏မြေးမြစ်များဆီသို့ ဆက်လက် လက်ဆင့်ကမ်းလွှဲပေးကြပါ့လိမ့်မည်။ မိန်းမတစ်ယောက်ယူခြင်းက အရေးကြီးသော အရာတစ်ခု မဟုတ်သေးသော်လည်း သူက စဉ်းစားရန် လိုအပ်နေသည်။
သေချာစဉ်းစားကြည့်လိုက်ပြီးနောက် တစ်ယောက်တည်း ရူးသွပ်စွာ ရယ်နေမိသော ချန်းပင်အန်းက သတိပြန်ဝင်လာပြီး အနည်းငယ် ရှက်ရွံ့သွားမိခဲ့၏။ ချန်းပင်အန်းက နောက်ပြန်လှဲချလိုက်သည်။ သူက အနည်းငယ် အိပ်ချင်နေပြီး ခဏကြာ အိပ်စက်ချင်နေခဲ့သည်။
အချိန်တော်တော်ကြာပြီးနောက် ချန်းပင်အန်းက မျက်လုံးဖွင့်ကြည့်လိုက်၏။ သူက ရုတ်တရက် ခေါင်းကိုက်လာပြီး နေ့ခင်းကြောင်တောင် အိပ်မက်တစ်ခု မက်နေခြင်းပင်လော။ ထိုအရာကတော့ အဝတ်ဖြူနှင့်လူကို တတိယအကြိမ် အိပ်မက်မက်နေခြင်း ဖြစ်သည်။
ပထမတစ်ကြိမ်က အမိုးတံတားပေါ်တွင်ဖြစ်ပြီး ဒုတိယတစ်ကြိမ်က ကျောက်တုံးတံတားအောက်တွင် ဖြစ်သည်။ ယခုတစ်ကြိမ်ကတော့ တောင်ထိပ်ပေါ်တွင် ဖြစ်၏။
ယခုတစ်ကြိမ်တော့ အဖြူရောင်ဝတ်စုံဝတ်ထားသော လူတစ်ယောက်က ချန်းပင်အန်းနှင့် (၂)ပေခန့်အကွာတွင် တင်ပျဉ်ခွေထိုင်နေခဲ့သည်။ သို့သော် ချန်းပင်အန်းက တစ်ဖက်လူ၏ ရုပ်ရည်ကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ သူက သတိထားပေးလိုက်လျှင်လည်း မကောင်းကြောင်းချန်းပင်အန်းက ခံစားမိနေခဲ့၏။
သူက အားတင်းလိုက်ပြီး လှမ်းခေါ်လိုက်သည်။
“ဆရာကြီး…”
ဖျောက်...
တခဏအတွင်း ချန်းပင်အန်းက မျက်နှာကို တစ်စုံတစ်ခုနှင့် အရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။
အိပ်မက်ထဲမှ နိုးထလာပုံရသော ချန်းပင်အန်းက ရုတ်တရက် ထိုင်လိုက်ရာ မူလနေရာတွင် ထိုင်နေသေးကြောင်း တွေ့လိုက်ရ၏။ ပတ်ပတ်လည်ကို ကြည့်လိုက်သည့်အချိန်တွင်လည်း ထူးဆန်းသည့်အရာတစ်ခုမျှမတွေ့ခဲ့ရပေ။ သို့သော် သူ့ပါးကို ကိုင်ကြည့်လိုက်သည့်အချိန်တွင် အမှန်တကယ် နာကျင်နေခဲ့၏။ လူငယ်လေးကတော့ ခေါင်းထဲတွင် ခက်ခက်ခဲခဲစဉ်းစားနေခဲ့သော်လည်း အဖြေရှာနိုင်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် သူလည်း ခေါင်းကိုသာ တဗျင်းဗျင်း ကုတ်နေမိခဲ့၏။
Translated by Hein Htet