အခန်း (၇၉)
Vol. 6 Ch. 79
ချန်းပင်အန်း တောင်ထဲမှ ထွက်မလာခင် မြို့ထဲရှိ ပြောင်းလဲမှုကြီးများကို သတိထားမိခဲ့သည်။ တိကျန်းတောင်ထိပ်မှနေ၍ မြို့ထဲသို့ လှမ်းကြည့်လိုက်သည့် အချိန်တွင် နေရာတိုင်း ဖုန်များ ပြည့်နှက်နေခြင်းကလွဲလျှင် မူတောင်ထိပ်ပတ်လည်၌ သန်မာသော လူငယ်၊ လူကြီး (၁၀၀)နီးပါးခန့်ကို တွေ့လိုက်ရသည်။
သူတို့အများစုကတော့ မီးဖိုအလုပ်သမားများ ဖြစ်ကြ၏။ သူတို့ဆီတွင် ကြံ့ခိုင်သော ခွန်အားများ ရှိကြပြီး အလွန် အလုပ်ကြိုးစားကြသည်။ သူတို့က လွှကြီးများကို သုံးပြီး ဧရာမသစ်ပင်ကြီးများကို ဖြတ်တောက်နေကြ၏။
ချန်းပင်အန်းက ထိုနေရာကို သွားကြည့်လိုက်ရာ သူနှင့် မီးဖိုတစ်ခုတည်းတွင် အတူတူ အလုပ်လုပ်ခဲ့သော မိတ်ဆွေတစ်ယောက်ကို တွေ့လိုက်ရသည်။ မေးကြည့်လိုက်သည့်အခါ မြို့ငယ်လေးထဲတွင် အဆောက်အဦးကြီး(၄)ခုကို တပြိုင်နက်တည်း တည်ဆောက်တော့မည်ဖြစ်ကြောင်း သိလိုက်ရ၏။ ထိုအရာများကတော့ ရုံးတော်၊ ဝမ်ချန်းစံအိမ်၊ စစ်ကျောင်းသူတော်စင် ကျောင်းဆောင်နှင့် မြို့နတ်ဘုရားကျောင်းဆောင်တို့ ဖြစ်ကြသည်။
ခေါင်းဆောင်ကတော့ ဝူယွမ်ဟုခေါ်သော ကြီးကြပ်သူအသစ်ဖြစ်သည်။ သူ၏နာမည် အဆင့်အတန်းကိုတော့ မြို့ငယ်လေးထဲတွင် ရှိနေသော လူအများစုက မသိခဲ့ကြပေ။ ထိုရုံးတော်က မည်ကဲ့သို့သော ရုံးတော်မျိုးဖြစ်ကြောင်းကိုလည်း မသိခဲ့ကြပေ။ သို့သော် သူတို့က ထိုအရာကို ဂရုစိုက်နေခြင်းလည်း မရှိချေ။
မည်သို့ဖြစ်စေကာမူ သူတို့အတွက်တော့ ထိုအရာက ထမင်းကျွေးနေသော အလုပ်တစ်ခုဖြစ်ပြီး လစာငွေကလည်း အလွန်မက်လောက်စရာ ကောင်းလှသည်။ နဂါးမီးဖိုကြီးတွင် အလုပ်လုပ်ခြင်းနှင့် ယှဉ်လိုက်လျှင် ပို၍အကျိုးအမြတ်ရ၏။
မီးဖိုအလုပ်သမားများကို အလုပ်ထုတ်လိုက်ပြီးနောက် မီးဖိုများ ပျောက်ကွယ်မသွားခင် သန်စွမ်းကြံ့ခိုင်သော မီးဖိုအလုပ်သမားများက တစ်နှစ်ပတ်လုံး လယ်ကွင်းထဲတွင် အလုပ်လုပ်ကြရသည်။ သူတို့က မိသားစုကို ကျွေးမွေးစောင့်ရှောက်ရန် မလွယ်ကူသည့်အပြင် ကြေးပြားအနည်းငယ် ရရှိရန်လည်း မလွယ်လှပေ။
ယခုတော့ မြို့ငယ်လေးထဲတွင် ရှိနေသော လူတိုင်းက သခင်လေးဝူယွမ်ကို ကြွယ်ဝခြင်းနတ်ဘုရားအဖြစ် သတ်မှတ်ထားကြ၏။ ထို့ပြင် ဝူယွမ်နှင့် သက်တူရွယ်တူ ဖြစ်သော လူငယ်လေးများ၊ မျိုးရိုးကြီး(၄)ခုနှင့် ကလန်(၁၀)ခုတွင် နေထိုင်ကြသော မကောင်းဆိုးဝါးအိုကြီးများကပင် သူ့ကိုအထူးလေးစားနေကြသည်။
သူတို့၏စကားလုံးများက ရုံးတော်နှင့် သာမန်လူများကြားထဲတွင် ရင်းနှီးမှုကို ဖြစ်ပေါ်စေနိုင်သည်။ သူတို့၏ မျက်လုံးထဲ၌ ပို၍အဆင်ပြေလာလေလေ သူတို့က ဖျက်ဆီးရန် ရည်ရွယ်ချက်များကို ဖုံးကွယ်ထားလေလေဖြစ်၏။
မြို့ငယ်လေးထဲတွင် နေထိုင်သူများက မျက်စိမကန်းကြပေ။ အကယ်၍ သူတို့က ရေကန်အောက်ခြေတွင် ရှိနေသော ဖားသူငယ်များ ဖြစ်နေလျှင်ပင် တခြားသူများ၏ ခံစားချက်များကို ကြည့်ရှုနိုင်သော သူတို့၏စွမ်းရည်က မဆိုးလှပေ။
ယခုတော့ ရုံးတော်မှ ဝူယွမ်က မိသားစု(၄)ခုနှင့် ကလန်(၁၀)ခုမှ ခေါင်းဆောင်များကို တောင်းဆိုပြီး မြို့ထဲမှ ကြံ့ခိုင်သန်စွမ်းသော လူငယ်(၅၀၀)၊ (၆၀၀)ခန့်ကို ငှား၍ သစ်ပင်များကို ခုတ်ပြီး တောင်ပေါ်မှ သယ်ဆောင်ခိုင်းသည်။
ထိုရည်ရွယ်ချက်ကြောင့် ယွမ်မုဖုန်းတောင်ထိပ်တွင် အထူးဆင်ခြေလျှောတစ်ခု ဖန်တီးထားသည်။ အဘယ်ကြောင့်ဆိုသော် တိုင်လုံးအဖြစ် အသုံးပြုနိုင်သော သစ်ပင်ကြီးများစွာကို တောင်ထိပ်ပေါ်မှ ပုခုံးထမ်း၍ သယ်ဆောင်ရမည်ဆိုလျှင် အလွန်အချိန်ကုန်နိုင်သည်။ ထို့ကြောင့် သူတို့က ဆင်ခြေလျှောအတိုင်း လျှောချလိုက်ခြင်းသာဖြစ်၏။
သစ်ပင်ကြီးများက တောင်ခြေသို့ အလိုလို ရောက်သွားလိမ့်မည်ဖြစ်သည်။ သို့သော် ထိုနည်းလမ်းက ယွမ်မုဖုန်း တောင်ထိပ်ပေါ်တွင်တော့ အနာအဆာများ ဖြစ်လာစေနိုင်သည်။
သူတို့က တောင်တန်းထဲတွင် အလုပ်လုပ်ခြင်းအပြင် ရေထဲတွင်လည်း အလုပ်လုပ်နေခဲ့ကြသည်။ မြို့ငယ်လေးထဲတွင် ရှိနေသော လူငယ်လူရွယ်များစွာက စမ်းချောင်းထဲမှ သဲနှင့် ကျောက်တုံးများကို ခက်ခက်ခဲခဲ တူးယူနေကြ၏။
ထို့နောက် သူတို့က ရုံးတော် တည်ဆောက်မည့်နေရာအဖြစ် မြို့ငယ်လေး၏ အရှေ့တံခါးကိုရွေးချယ်ကြသည်။ သူတို့က ကျန်းတဖုန်း၏ အဝါရောင်ရွှံ့အိမ်လေးကို ဖျက်ဆီးပစ်လိုက်ပြီး အုတ်မြစ်အသစ် ပြန်လည်တည်ဆောက်နေကြသည်။ နှစ်ပေါင်းများစွာ မုန်တိုင်းဒဏ်ကို ခံနိုင်ရည်ရှိခဲ့သော သစ်သားတံခါးကပင် လုံးဝကို ပျက်စီးသွားခဲ့၏။
ချန်းပင်အန်း တောင်ထဲမှ ထွက်လာခဲ့သည့်အချိန်တွင် ဖြောင့်ဖြူးနေသော တောင်တက်လမ်းမကို ရွေးချယ်ခဲ့ခြင်း မရှိချေ။ ထိုအစား သူက စမ်းချောင်းပေါ်တွင် ရှိနေသော ကျောက်တုံးများပေါ်သို့ တိုက်ရိုက်ခုန်၍ စမ်ချောင်းအောက်ခြေကို ခုန်ဆင်းလာခဲ့သည်။ ထိုအရာက အတော်လေးကို အချိန်ကုန်သက်သာ၏။
မြို့ငယ်လေးထဲမှ လူတချို့ကတော့ နောက်ကျောတွင် ခြင်းတောင်းတစ်ခု လွယ်ထားသော လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရသော်လည်း အံ့ဩနေကြခြင်း မရှိချေ။ ငယ်စဉ်ကတည်းက တောင်တန်းများပေါ်တွင် ဆေးပင်များ ခူးတတ်ပြီး မီးသွေးဖုတ်တတ်သော ရွှံ့ပုလင်းလမ်းကြားထဲမှ မိဘမဲ့ တစ်ယောက်ရှိကြောင်း သူတို့က သိနေကြသည်။ သူ တောင်ထဲကို ဝင်သွားသည့်အချိန်တိုင်းသူက မျောက်တစ်ကောင်ကဲ့သို့ဖြစ်သွားပြီး မည်သူကမျှ သူ့ကို အမီမလိုက်နိုင်ပေ။
ချန်းပင်အန်းက စမ်းချောင်း(၂)ခု ဆုံသည့်နေရာတွင် ရပ်လိုက်သည်။ သူက နောက်ထပ် ပေ(၂၀)ခန့် လမ်းလျှောက်လိုက်မည်ဆိုလျှင် ထိုနေရာ၌ အပေါက်များ ပြည့်နှက်သော ချောက်ကမ်းပါးတစ်ခု ရှိသည်။ ထိုနေရာတွင် လူတစ်စု ရပ်နေကြ၏။
ချောက်ကမ်းပါး၏အနားတွင် ရှိနေသော ရေထဲမှနေ၍ အပြာရောင်ကျောက်ပြားတစ်ခု ထိုးထွက်နေသည်။ ထိုအပေါ်တွင်တော့ အရပ်ရှည်ရှည် သန်သန်မာမာနှင့် လူငယ်နှစ်ယောက် ရပ်နေ၏။
သူတို့၏ခါးတွင်တော့ ရွှေရောင်ဓားအိမ်တစ်ခုဆီ ချိတ်ဆွဲထားသည်။ သူတို့က အပြင်ဘက်တွင် အပြာရောင်ခြုံလွှာနှင့် အနက်ရောင်ဝတ်စုံကို သပ်သပ်ရပ်ရပ် ဝတ်ဆင်ထားကြသည်။ သူတို့၏ဆံပင်တွင်တော့ ဆံထိုးတစ်ခုနှင့် သေချာချည်နှောင်ထားကြသည်။ သူတို့ဆီမှ ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာနေခဲ့၏။
မြက်ဖိနပ်နှင့် လူငယ်လေး ပေါ်လာသည့် အချိန်တွင် လူ(၂)ယောက်က မျက်ခုံးပင့်၍ ဘယ်ကမှန်းမသိ ပေါ်လာသော ချန်းပင်အန်းကို စိုက်ကြည့်လိုက်သည်။ သူတို့၏လက်ကလည်း ဓားလက်ကိုင်ပေါ်သို့ တင်လိုက်ကြ၏။
ဆေးခြင်းတောင်းကို လွယ်ထားသော ချန်းပင်အန်းက မလှုပ်မယှက် ရပ်နေခဲ့၏။ သူ၏အမူအရာက ပုံမှန်အတိုင်းအသာ ဖြစ်သည်။ လူငယ်လေးက ချိုက်ကျင်းကျန့်နှင့် ဖူနန်းဟွာတို့ကို တိုက်ခိုက်ခဲ့ဖူးသည်။ သူက ကျန့်ယန်တောင်မှ တောင်ရွှေ့လူဝံကြီး၏ လိုက်လံတိုက်ခိုက်ခြင်းကိုလည်း ခံခဲ့ရ၏။
နောက်ဆုံးတွင်တော့ သူက သူနှင့်သက်တူရွယ်တူ ဖြစ်သော မာခူရွှမ်ကို သတ်ပစ်လုနီးပါး ကြုံခဲ့ရသည်။ သူ၏ပြိုင်ဘက်များက သူ့ထက် ပို၍အဆင့်မြင့်ပြီး အစွမ်းထက်သူများ ဖြစ်ကြ၏။ မဟုတ်လျှင်လည်း သူတို့က တိုက်ခိုက်ရေး ကောင်းမွန်သောသူများ ဖြစ်ကြပြီး ကောင်းကင်ဘုံ၏ ကောင်းချီးပေးမှုကို ရရှိထားသူများ ဖြစ်ကြသည်။ သို့သော် အဆုံးတွင်တော့ ချန်းပင်အန်းက အသက်ရှင်ခဲ့သေး၏။
ထို့ကြောင့် ဓားကိုင်ထားသော လူ(၂)ယောက်၏ ကြောက်မက်ဖွယ်ရာ မျက်လုံးများက မြို့ငယ်လေးထဲတွင် ရှိနေသော လူများကို ကြောက်ရွံ့တုန်လှုပ်သွားစေနိုင်သော်လည်း ချန်းပင်အန်းကိုတော့ လှုပ်ရှားသွားစေနိုင်ခြင်း မရှိချေ။
သို့သော် ချန်းပင်အန်းကတော့ ပြဿနာများကို ရှုပ်ထွေးစေလိုခြင်း မရှိချေ။ သူက ကမ်းခြေကို လျှောက်သွားပြီး စမ်းချောင်းဘေးတွင် ရှိနေသော တောင်တက်လမ်းအတိုင်း မြို့ထဲသို့သွားတော့မည့်အချိန်တွင် ထိုလူများ၏အနားတွင် လူငယ်တစ်ယောက်ကို မြင်လိုက်ရသည်။
လူငယ်က သူ့ကို ပြုံးပြလိုက်ပြီး စမ်းချောင်းဘေးတွင် ထိုင်၍ တစ်စုံတစ်ခု ပြောနေပုံရ၏။ ထိုအဖွဲ့က ချက်ချင်းပင် သူတို့၏ဓားလက်ကိုင်ကို လွှတ်လိုက်ကြသည်။ တင်ပျဉ်ခွေထိုင်နေသော လူငယ်က ဖြည်းညင်းစွာ မတ်တပ်ရပ်လိုက်၏။ သူကတော့ ဓားကိုင်ထားသော လူ(၂)ယောက်ထက် ခေါင်းတစ်ဝက်ခန့် ပို၍အရပ်မြင့်သည်။ သူ၏အသားအရည်က မိန်းကလေးတစ်ယောက်ကဲ့သို့ဖြစ်နေပြီး မျက်နှာက အနည်းငယ် မိန်းမဆန်သည်။
သူက ချန်းပင်အန်းကို လက်ဝှေ့ယမ်းပြလိုက်ပြီး မြို့ငယ်လေး၏ဘာသာစကားနှင့် ပြောလိုက်၏။
“ဘာမှမကြောက်နဲ့။ မင်းက ကိုယ့်လမ်း ကိုယ်ဆက်သွားလို့ရတယ်။ ငါတို့က လူဆိုးတွေမဟုတ်ပါဘူး…”
မြို့ငယ်လေး၏ ဘာသာစကားက အနည်းငယ်ဝေဝါးနေသော်လည်း ချန်းပင်အန်းက ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။
ခဏကြာစဉ်းစားပြီးနောက် ချန်းပင်အန်းက အရပ်ရှည်ရှည် လူငယ်ကို ပြုံးပြလိုက်ပြီး ကမ်းစပ်ကို လက်ညှိုးထိုးပြလိုက်သည်။ သူက မကြာခင် ကမ်းစပ်ကိုသွားပြီး သူတို့ကို မနှောင့်ယှက်ကြောင်း အချက်ပြလိုက်ခြင်းလည်း ဖြစ်၏။ ထို့နောက် ချန်းပင်အန်းက ထိုလူစကားပြန်ပြောသည်ကို စောင့်မနေတော့ဘဲ ကမ်းစပ်သို့ ခုန်ဆင်းလိုက်သည်။ သူက တဖြည်းဖြည်း အရိပ်များ ပြည့်နှက်သော သစ်တောကြီးထဲတွင် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့၏။
မိန်းမဆန်သော ရုပ်ရည်နှင့် လူငယ်က လက်ကို ပြန်လည်ရုတ်သိမ်းလိုက်သည်။ သူ့အနားတွင် ရှိနေသော နောက်လိုက်များကတော့ ရယ်ချင်စိတ်ကို ထိန်းထားလိုက်ကြ၏။
ထိုလူက ပြောလိုက်သည်။
“ဒီကောင်လေးက တော်တော်လေးကို အရည်အချင်းရှိတယ်။ ဒီနေရာမှာ ထူးခြားတဲ့လူတွေ ပြည့်နေတယ်လို့ ပြောသားပဲ။ ဒါကြောင့် ဒီနေရာက မြို့တော်လောက် မတိုးတက်ဘူးလို့ မပြောနဲ့တော့။ ဒီလိုနေရာငယ်လေးမှာလည်း ကိုယ်ပိုင်ထူးခြားတဲ့အရာတွေ ရှိနေတာပဲ….”
အကယ်၍ သူက ထိုအရာကို မပြောလျှင် ပိုကောင်းသည်။ အရာရှိ၏စကားလုံးကြောင့် သူတို့က ရယ်ချင်စိတ်ကို ထိန်းထားနိုင်ခြင်း မရှိကြတော့ပေ။ ထိုအရပ်ရှည်ရှည် လူငယ်ကတော့ မြို့ငယ်လေးထဲတွင် ရှိနေသော လူအများ၏ မျက်လုံးထဲတွင် ကြွယ်ဝခြင်းနတ်ဘုရားဟု သတ်မှတ်ထားသသည့် ဝူယွမ်ဖြစ်သည်။ သူက မီးဖိုကြီးကြပ်သူဖြစ်ပြီး လုံချွမ်တိုင်းပြည်၏ ပထမတန်းစားအရာရှိလည်း ဖြစ်သည်။
သူ့လက်အောက်ငယ်သားများ၏ လှောင်ပြောင်မှုကို ရင်ဆိုင်ရသည့်အခါ သူက ဒေါသထွက်နေခြင်း မရှိချေ။ သူက ထိုင်လိုက်ပြီး မူလခေါင်းစဉ်ကို ဆက်ပြောလိုက်၏။
“လုံချွမ်တိုင်းပြည်ရုံးတော်၊ ဝမ်ချန်းစံအိမ်၊ စစ်ကျောင်းသူတော်စင် ကျောင်းဆောင်နဲ့ မြို့နတ်ဘုရားကျောင်းဆောင်။ နာမည်အတွက်တင် အနည်းဆုံး စကားလုံး(၁၅)ခု၊ (၁၆)ခုလောက် လိုလိမ့်မယ်။ လီကျူးသုခဘုံက ဒီတစ်ကြိမ် တည်တည်ငြိမ်ငြိမ် ကျဆင်းလာပြီး တာ့လီပိုင်နက်နဲ့ ချောချောမွေ့မွေ့ ဆက်သွားတဲ့အတွက် ဘုရင်ကြီးက ဝမ်းမြောက်နေတယ်။ သူက ဒီမြေမျက်နှာသွင်ပြင် (၇၀)ရာခိုင်နှုန်းကနေ (၈၀)ရာခိုင်နှုန်းလောက်ထိ ထိန်းသိမ်းထားနိုင်ပြီး ပြောင်းလဲမှုကြီးကြီးမားမား မရှိဘူး။ ဒါကြောင့် သူက အရမ်းဝမ်းသာနေပြီး ဝမ်ချန်းစံအိမ် ဆိုင်းဘုတ်အတွက် စကားလုံးတစ်ခု ပေးခဲ့တယ်…”
ဝူယွမ်က ထိုစကားကို ပြောသည့်အချိန်တွင် အလွန်ချောမောခန့်ညားသော လူငယ်တစ်ယောက်က အပြုံးနှင့် ပြောလိုက်သည်။
“ဆရာဝူ …
ဘုရင်ကြီးကို ကျွန်တော်တို့ တိုင်းပြည်ရုံးတော်အတွက်ရော လက်ရေးဆိုင်းဘုတ်တစ်ခု မတောင်းဆိုခဲ့ဘူးလား…”
ဝူယွမ်က သက်ပြင်းချပြီး ပြောလိုက်၏။
“ငါက တောင်းဆိုခဲ့တာပေါ့။ ငါက မတောင်းဆိုဘဲ နေပါ့မလား။ ဒါပေမဲ့ ဘုရင်ကြီးက သဘောမတူခဲ့ဘူး။ ဒီတော့ ငါက ဘာလုပ်နိုင်မှာလဲ။ ငါတို့က ဒီကိစ္စအတွက် ဘုရင်ကြီးကို အပြစ်တင်လို့လည်း မရဘူးလေ။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက တိုင်းပြည်ငယ်လေး တစ်ခုရဲ့ ရုံးတော်ပဲကို။ တကယ်လို့ ဘုရင်ကြီးရဲ့ တော်ဝင်ရွှေစုတ်တံ အပ်နှင်းခံရမယ်ဆိုရင် မြို့စားတွေ၊ နယ်စားတွေအများကြီးက ဘယ်လိုတုံ့ပြန်ကြမှာလဲ။ ငါက နောက်ပိုင်း ရုံးတော်ထဲမှာ အလုပ်လုပ်ချင်သေးတယ် မဟုတ်လား…”
လူတိုင်းက နားလည်စွာပြုံးပြလိုက်ကြသည်။
ဝူယွမ်က သူတို့အားလုံးကို နှစ်သိမ့်လိုက်၏။
“ဒါပေမဲ့ ဆရာလျူနဲ့ အကြံပေးချီတို့က သဘောတူတာတော့ ကံကောင်းသွားတယ်။ အချိန်ကျလာရင် သူတို့က တိုင်းပြည်ရုံးတော်နဲ့ စစ်ကျောင်းသူတော်စင်ကျောင်းဆောင်မှာ ချိတ်ဆွဲဖို့အတွက် စကားလုံး(၂)စုံ ပို့ပေးလိမ့်မယ်။ အခုပြဿနာကတော့ ဝမ်ချန်းစံအိမ်မှာ စကားလုံး(၃)စုနဲ့ မြို့နတ်ဘုရားကျောင်းဆောင်မှာ စကားလုံး(၂)စု လိုနေသေးတယ်။ မင်းတို့က နည်းလမ်း မစဉ်းစားမိဘူးလား။ ငါကိုယ်တိုင် စုတ်တံကိုင်စေချင်နေတာလား။ ငါ့ရဲ့လက်ရေးပညာက တီကောင်တွန့်နေသလိုပဲ။ ငါ့ဆရာကတောင် ငါ့ကိုသင်ပေးပြီး စိတ်ဓာတ်ကျသွားခဲ့တယ်။ တကယ်လို့ အဲဒါက ရှက်စရာမကောင်းဘူးလို့ ထင်တယ်ဆိုရင်တော့ ကိစ္စမရှိပါဘူး။ ငါ့ရဲ့ဘဝမှာ တစ်ခုတည်းသော အခွင့်အရေးကတော့ ငါ့ရဲ့ကိုယ်ပိုင်လက်ရေးနဲ့ ရေးထားတဲ့ ဆိုင်းဘုတ်တစ်ခု ရလာတော့မှာပေါ့…”
အလွန်ထူးခြားသော စိတ်နေစိတ်ထားရှိသည့် လူငယ်က ခဏကြာစဉ်းစားလိုက်သည်။
“ဒါဆိုရင် ကျွန်တော်ရဲ့အဘိုးဆီကို စာ(၁)စောင်ရေးလိုက်မယ်။ ကျွန်တော့်အဘိုးက ဆရာကြီးပိုင်ချိုးနဲ့ တော်တော်လေးကို ရင်နှီးတယ်။ သူက ကျွန်တော်တို့ သခင်ကြီးဝူအတွက် အောင်မြင်ဖို့ နည်းလမ်းရှိမရှိ စဉ်းစားပေးနိုင်မလားကြည့်ရမယ်..”
ဝူယွမ်က သူ့ပုခုံးကို ပုတ်လိုက်သည်။
“ဒါဆိုရင်တော့ ငါက မင်းကိုပဲ တာဝန်ပေးရတော့မယ်။ တကယ်လို့ ဆိုင်းဘုတ်က မလုံလောက်သေးဘူးဆိုရင် တိုင်းပြည်ရုံးတော်က မျက်နှာပျက်ရလိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ ငါက မင်းကိုပဲ တာဝန်ယူခိုင်းရမယ်…”
လူငယ်၏မျက်နှာက တင်းမာသွားခဲ့သည်။ သူကတော့ ကိုယ့်သေတွင်း ကိုယ်တူးမိသလို ခံစားမိခဲ့၏။ အနီးအနားတွင် ရှိနေသော သက်တူရွယ်တူ အပေါင်းအဖော်များကတော့ သူ့ကို သနားနေကြသည်။
အရာရှိဝူ၏ စိတ်နေစိတ်ထားက အလွန်နာမည်ကျော်ကြား၏။ သူက မြို့တော်ထဲတွင် အကြီးမားဆုံး ဆိုးဆေးစက်ရုံကြီးတစ်ခုကိုပင် ဖွင့်ရဲသည်။ သူက ထိုကဲ့သို့ လူတစ်ယောက်နှင့် မည်ကဲ့သို့ရင်ဆိုင်ရဲမည်နည်း။
အရာရှိ အငွေ့အသက်မရှိသော ထိုလူငယ်များက အရှေ့ပိုင်းကုန်းမြေကြီး၏ မြောက်ပိုင်းအင်ပါယာထဲတွင် မထင်မရှား ဖြစ်ကြသည်။ သူတို့အားလုံးက ကိုယ်ရံတော်များ ဖြစ်ကြ၏။
တရားဝင်အရာရှိရာထူးကို လူထုရေးရာနှင့် စစ်မက်ရေးရာအရာရှိများအဖြစ် ခွဲခြားထားသည်။ လူထုရေးရာ အရာရှိများကတော့ ဗျူဟာခေါင်းဆောင်ကို အကြံပေးရသည့် ဗျူဟာရေးဆွဲရေးအရာရှိများကဲ့သို့ ဖြစ်ကြသည်။
စစ်မက်ရေးရာ အရာရှိများကတော့ သူတို့၏ခါးတွင် ရွှေရောင်ဓားမောက်တစ်လက်ဆီကို ချိတ်ထားကြသည်။ သူတို့က ဗျူဟာမှူး၏ ကိုယ်ရံတော်များအဖြစ် တာဝန်ထမ်းဆောင်ကြရပြီး ဗျူဟာမှူး၏ ဘေးကင်းလုံခြုံမှုကိုလည်း တာဝန်ယူရသည်။ သို့သော် ထိုနောက်လိုက်များ၏ ရာထူးများက နန်းတွင်းထဲတွင် တရားဝင်အရာရှိစာရင်းထဲ ပါဝင်နေခြင်း မရှိချေ။
အထက်တန်းလွှာမိသားစုမှ ကလေးငယ်များက အရာရှိဖြစ်လာကြသည့်အချိန်တွင် သူတို့၏မိသားစုများက သူတို့ကို လူထုရေးရာနှင့် စစ်မက်ရေးရာကိုယ်ရံတော်များအဖြစ် တာဝန်ထမ်းဆောင်ရန် ငှားရမ်းတတ်ကြသည်။ နန်းတွင်းကလည်း ခွဲတမ်းတစ်ခုရ၏။ ထိုလူများက (၂)ယောက်မှနေ၍ လူ(၂၀)အထိ ပမာဏရှိကြပြီး သူတို့အားလုံးက တာ့လီအင်ပါယာ၏ လစာငွေကို ရရှိတတ်ကြသည်။
ဝူယွမ်က ဆင်းရဲသောမိသားစုမှဖြစ်ပြီး ကိုယ်ရံတော်ငှားရန် မတတ်နိုင်ပေ။ ထိုလူထုရေးရာ ကိုယ်ရံတော်များကတော့ နန်းတွင်းမှ ပေးထားခဲ့ခြင်းဖြစ်သည်။ သို့သော် လုံချွမ်တိုင်းပြည်က တာ့လီပိုင်နက်ထဲရှိ နယ်မြေတစ်ခုသာ ဖြစ်၏။ ထိုအရာက တိုင်းပြည်တစ်ခုပင် မဟုတ်ချေ။ မူလတုန်းကတော့ လူထုရေးရာနှင့် စစ်မက်ရေးရာ ကိုယ်ရံတော်တစ်ယောက်ဆီသာ ပေးထားခဲ့၏။
ရွှေရောင်ဓားမောက် ချိတ်ဆွဲထားသော စစ်မက်ရေးရာ ကိုယ်ရံတော် နှစ်ယောက်ကတော့ အလွန်ထူးခြားသော အကျိုးဆောင်မှုများ ရှိနေသည့် တာ့လီတပ်ဖွဲ့မှ ပညာရှင်များ ဖြစ်ကြသည်။ မဟုတ်လျှင် သူတို့က ထိုကဲ့သို့ ဓားမောက်များကို ချိတ်ဆွဲရန် အရည်အချင်းရှိလိမ့်မည် မဟုတ်ချေ။
အမှန်အတိုင်းပြောရရင် ဝူယွမ်က တာ့လီပိုင်နက်ထဲရှိ လုံချွမ်တိုင်းပြည်တွင် ပထမဆုံးအရာရှိ ဖြစ်နိုင်ပြီး ထိုအရာက ပြသနာပေါင်းများစွာကို ရှင်းပြရန် လုံလောက်သည်။ ထိုလူငယ်၏ ဆရာကတော့ တာ့လီတော်ဝင်နန်းဆရာ ရှို့ဟူ ဖြစ်သည်။ သူ့ယောက္ခမလောင်းကလည်း တာ့လီ၏ တိုက်ပွဲထဲတွင် သက်တမ်းတစ်ဝက်ခန့် ကုန်ဆုံးခဲ့သော အဓိကထောက်တိုင်တစ်ခုဖြစ်၏။
သူတို့ကို စနောက်လိုက်ပြီးနောက် ဝူယွမ်က အလေးအနက် ပြောလိုက်သည်။
“အဲဒီအဆောက်အဦး(၄)ခုက တော်တော်လေးကို အလုပ်များလိမ့်မယ်။ ပြီးတော့ အင်မော်တယ်အုတ်ဂူနဲ့ ကြွေထည်တောင်ကိုတော့ သူတော်စင်ရွမ်နဲ့ ဖုလုလမ်းကြား၊ မက်မွန်ပွင့်လမ်းကြားထဲမှာရှိတဲ့ မိသားစု(၄)ခုက ကိုင်တွယ်ကြလိမ့်မယ်။ ဒါပေမဲ့ ကြည့်ရတာတော့ အခုကစပြီးတော့ အခြေအနေတွေက ချောမွေ့မှာ မဟုတ်တော့ဘူး။ ဒါပေမဲ့ အဓိကပြဿနာကတော့ နန်းတွင်းက အထွေထွေရေးရာ အမတ်ကြီး ချင်တျန်းကျန့်က တောင်တန်းနဲ့ မြစ်နတ်ဘုရားတွေ အပ်နှင်းဖို့အတွက် ဒီနေရာကို ရောက်လာလိမ့်မယ်။ တကယ်လို့ တောင်တန်းနတ်ဘုရားနဲ့ ပတ်သက်ပြီး အတင်းအကြပ် ကန့်ကွက်မနေဘူးဆိုရင် ဘုရင်ကြီးက ငါတို့လုံချွမ်တိုင်းပြည်ကို ကိုယ်တိုင်ရောက်လာနိုင်တယ်…”
သူတို့တစ်ယောက်ချင်းဆီ၏ မျက်နှာက တဖြည်းဖြည်း ပို၍လေးနက်လာကြောင်း ဝူယွမ်က မြင်နေရသည်။ သူက မုန့်တစ်ခုကို ထုတ်ယူပြီး တစ်ကိုက် စားလိုက်၏။
ထို့နောက် အေးအေးဆေးဆေး ပြောလိုက်သည်။
“တောင်တန်းနတ်ဘုရားကျောင်းဆောင်ကို ငါတို့ပိုင်နက်ထဲမှာရှိတဲ့ တိမ်တိုက်နီတောင်ပေါ်မှာ ဆောက်တာပဲဖြစ်ဖြစ်၊ တာ့လီရဲ့ မြောက်ပိုင်း ပိုင်နက်အသစ်မှာ ဆောက်တာပဲဖြစ်ဖြစ် အဲဒါက ငါတို့ဝင်ရှုပ်လို့ရတဲ့ အရာမဟုတ်ဘူး။ တိုင်းပြည်အတွင်းထဲမှာတော့ ငါတို့က ငါးအသေးလေးအဆင့်ပဲ ရှိတယ်။ ဒီတော့ ငါတို့အလုပ်လုပ်နေတဲ့အချိန် နန်းတွင်းအရာရှိကြီးတွေနဲ့ ပတ်သက်ပြီး ဘာမှစိုးရိမ်မနေနဲ့။ သူတို့လုပ်ချင်တဲ့အရာတွေ လုပ်ပါစေ…”
သူ့အနားတွင် ရှိနေသော လူများ၏ခံစားချက်က အနည်းငယ်ပိုကောင်းလာသည်။ ဝူယွမ်က ခြောက်ကပ်နေသော မုန့်ကို တိတ်တဆိတ်စားလိုက်၏။ သူက ခဏကြာ စဉ်းစားပြီး ဝေဝါးစွာ ပြောလိုက်သည်။
“ပြီးတော့ သတင်းကောင်းနဲ့ သတင်းဆိုးတစ်ခုဆီလည်း ရှိတယ်။ လုတိုင်းပြည် ပျက်စီးသွားပြီးတဲ့နောက် ပျက်စီးသွားတဲ့ တိုင်းပြည်ထဲမှာ အသက်ရှင် ကျန်နေခဲ့တဲ့သူတွေက အမြဲတမ်း ပြဿနာကြီးတစ်ခု ဖြစ်နိုင်တယ်။ ငါတို့ လုံချွမ်တိုင်းပြည်က အကျဉ်းသား (၅၀၀၀)ကနေ (၁၀၀၀၀)အထိ ရလိမ့်မယ်။ အဲဒါကတော့ အကျဉ်းသားမျိုးစုံပဲ။ ဒါကြောင့် တာ့လီတပ်ဖွဲ့က လမ်းတလျှောက်မှာ တင်းတင်းကြပ်ကြပ် စောင့်ကြပ်နေပြီး အဲဒီအကျဉ်းသားတွေ ရွှေ့ပြောင်းဖို့အတွက် တာဝန်ယူပေးလိမ့်မယ်…”
“ငါတို့အတွက်တော့ ဒီလှုပ်ရှားမှုက ကောင်းကျိုးရော ဆိုးကျိုးရော (၂)ခုလုံးရှိတယ်။ ကောင်းကျိုးကတော့ ငါတို့လုံချွမ်တိုင်းပြည်က တိုင်းပြည်ကြီးတစ်ခုရဲ့ ကနဦးပုံစံ ရောက်လာနိုင်တယ်။ ဆိုးကျိုးကတော့ ငါတို့က မရင်းနီးတဲ့နေရာမှာ စတင်ဖို့အတွက် ပိုပြီးတော့ ခက်ခဲနိုင်တယ်။ ငါတို့က နယ်မြေခံတွေ အနိုင်မကျင့်အောင်လို့ တော်တော်လေးကို ကြိုးစားရလိမ့်မယ်…”
အထက်တန်းလွှာမိသားစုတွင် မွေးဖွားခဲ့သော လူငယ်လေးက ပြောလိုက်သည်။
“ဒါဆိုရင် ကျွန်တော်တို့က အဲဒီကလန်ကြီးတွေကို ခွဲဝေပေးပြီး သူတို့ကို အုပ်ချုပ်နိုင်မှာလား…”
ဝူယွမ်က စဉ်းစားမနေဘဲ ခေါင်းခါ၍ ပြောလိုက်သည်။
“အဲဒါက တော်တော်ခက်တယ်။ ငါတို့က အခုမှ ဒီကိုရောက်တာလေ။ ဘယ်သူက ငါတို့ကိုယုံကြည်ပေးဦးမှာလဲ…”
ဝူယွမ်က လေးလေးနက်နက် ပြောလိုက်၏။
“ငါတို့က ရန်သူကို သတိပေးမဲ့အစား သေချာစဉ်းစားပြီးမှ ချဉ်းကပ်ဖို့ ကြိုးစားရလိမ့်မယ်။ ဖြည်းဖြည်းကြိုးစားလေလေ ပိုပြီးတော့ ကောင်းလေလေပဲ။ ငါတို့က သမိုင်းကြောင်း အရမ်းရှုပ်ထွေးတဲ့ ဒီနေရာကို အခုမှ ရောက်လာကြတာ။ မင်းတို့အားလုံးကလည်း အနာဂတ်ကောင်းတွေ ရှိချင်လို့ ငါ့နောက်က လိုက်လာကြတာ။ ဒါပေမဲ့ ငါတို့က တစ်ခုတော့ ရှင်းရှင်းလင်းလင်း သိထားဖို့ လိုတယ်။ အခက်အခဲတွေ အများကြီး ကြုံလာခဲ့ရတဲ့ စမ်းသပ်မှုတွေကပဲ ကြွယ်ဝချမ်းသာမှုတွေ ရနိုင်တယ်။ ဒါကြောင့် မင်းတို့ထဲမှာ မြန်မြန်အဆင့်တက်ချင်နေပြီး (၁)နှစ် (၂)နှစ်အတွင်း ချမ်းသာချင်တဲ့သူတွေ ရှိနေတယ်ဆိုရင်တော့ အခုပဲ လှည့်ပြန်သွားဖို့ ပြောချင်တယ်။ ငါ ဝူယွမ်က မင်းတို့လာခဲ့ရတဲ့ ကုန်ကျစားရိတ်ကို ပြန်ပေးမယ်…”
လူထုရေးရာနှင့် စစ်မက်ရေးရာ ကိုယ်ရံတော်(၆)ယောက်က ဆုံးဖြတ်ချက် ပြတ်သားနေပုံရပြီ တစ်ယောက်မျှနောက်ပြန်ဆုတ်မည့် လက္ခဏာမျိုး မရှိကြပေ။
ဝူယွမ်က တိုးတိုးလေး ပြောလိုက်၏။
“ငါ ပြောတာကိုမှတ်ထား၊ အလျင်စလို မလှုပ်ရှားနဲ့…”
ဝူယွမ်၏စကားက အချည်းနှီးပြောလိုက်ခြင်းလည်း မဟုတ်ချေ။ သူ မြို့ထဲသို့ ဝင်လာပြီး သိပ်မကြာခင် ဆုံးရှုံးမှုတစ်ခု ကြုံလိုက်ရသည်။ ထိုအချိန်တွင် တာ့လီ၏ နန်းတွင်းတပ်ဖွဲ့များက ခရမ်းမြူခိုးမြစ် ချီကျင့်ကြံသူကို ဖိနှိပ်ရန် စေလွှတ်ခဲ့ရသည်။ ဝူယွမ်က စွန့်စားပြီး နန်းတွင်းမှ အကူအညီကို တောင်းဆိုလိုက်ခြင်းဖြစ်၏။
သူက အရင်ဆုံးလှုပ်ရှားပြီး နောက်မှသာ သတင်းပို့လိုက်သည့်အတွက် ဆရာရွမ်၏ အခွင့်အရေးပေးမှုကို ရရှိခဲ့သည်။ ထို့နောက် သူက သူတော်စင်၏ လွှမ်းမိုးမှုကို အသုံးချပြီး မြို့ထဲတွင် ရှိနေသော မိသားစု(၄)ခုနှင့် ကလန်(၁၀)ခုကို ဖိနှိပ်နိုင်ခဲ့သည်။ အမှန်အတိုင်း ပြောရလျှင်တော့ ဘုရင်ကြီးက ထိုကိစ္စကို အလေးမထားခဲ့ပေ။ သို့သော် ထိုအချိန်တွင် ဆရာရွမ်တုံ့ပြန်မှုကြောင့် ဝူယွမ်က ချွေးပျံသွားခဲ့ရသည်။ သူက သူ့ကိုယ်သူပင် ရိုက်ချင်နေမိခဲ့၏။
လူတစ်ယောက် စိတ်ဝင်တစား မေးလိုက်သည်။
“ဒါဆိုရင် အဲဒီလူတွေက ချီကျင့်ကြံသူတွေအတွက် ပိုင်နက်တွေရလာဖို့ တမင်တကာ တောင်တန်းတွေကို ဖွင့်ပေးလိုက်တာလား…”
ဝူယွမ်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“အဲဒီအပြင် နန်းတွင်းက တောင်ရွှေ့လူဝံငယ်လေး(၂)ကောင်ကို ထိန်းကျောင်းဖို့အတွက် ချီကျင့်ကြံသူတွေကိုလည်း စေလွှတ်လိမ့်မယ်။ တာအိုအဆောင်ဂိုဏ်းက ရှဲ့လင်စစ်သည်တော်နဲ့ တောင်ခွဲရုပ်သေးတွေ ပေါင်းလိုက်မယ်ဆိုရင် ငါတို့က (၁၀)နှစ်အတွင်း ဒီတောင်(၆၀)ကျော်ကို ဖွင့်လစ်နိုင်လိမ့်မယ်။ ပြီးတော့ တာအိုကျောင်းဆောင်တွေ၊ စံအိမ်တွေ၊ နေအိမ်တွေနဲ့ အရာအားလုံးလည်း ပေါ်လာလိမ့်မယ်…”
ဝူယွမ်၏ပတ်ပတ်လည်တွင် ရှိနေသော လူငယ်များအားလုံးက ကျေနပ်နေကြပုံ ပေါ်သည်။ မြို့၏ အခြားတစ်ဖက်တွင်တော့ မြင့်မားသောအဆောက်အဦးများက နေရာတိုင်းတွင် ရှိနေခဲ့၏။ တောင်တန်းထဲတွင်တော့ အင်မော်တယ်ရဲတိုက်များစွာ ရှိနေသည်။
လူတိုင်းက အချင်းချင်းကြည့်ပြီး ပြုံးနေမိကြ၏။ မည်သည့်စကားလုံးမျှ မလိုအပ်တော့ပေ။ လုံချွမ်တိုင်းပြည်၏ သမိုင်းကြောင်းထဲတွင် ပထမဆုံးအရာရှိများ ဖြစ်သည့်အတွက် သူတို့က သမိုင်းကြောင်းထဲတွင် မှတ်တမ်းတင်ခံရမည်ဖြစ်သည်။ သူတို့က ကြိုးစားပြီး ဝူယွမ်နှင့်အတူ တောက်ပသောအနာဂတ်အတွက် မကြိုးစားဘဲ နေကြမည်လော။
………….
ရှင်းယွမ်တောင်ထိပ်ပေါ်တွင် မျက်ခုံးကြားထဲ၌ မှဲ့ရှိနေသော လူငယ်က အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်၏။ ထိုအခါ တောင်ပေါ်တွင် ရှိနေသော တိမ်တိုက်ပင်လယ်ကြီး တစ်ဝက်ခန့်က ဘယ်မှညာသို့ ပြောင်းလဲသွားခဲ့သည်။ သူက အဝေးကို လှမ်းကြည့်ရန် ကြိုးစားလိုက်၏။ သူ့မြင်ကွင်းအဆုံးတွင်တော့ နွာလှည်းတစ်စီးနှင့် မြင်းလှည်းတစ်စီးပေါ်လာခဲ့သည်။
သူက အပြုံးနှင့် ပြောလိုက်၏။
“လောင်းကြမယ်၊ လောင်းကြမယ်။ ချီကျင့်ချွန် …
တကယ်လို့ ငါသာ ဒီအလောင်းအစားကို အနိုင်ရမယ်ဆိုရင် မင်း ချန်ထားခဲ့တဲ့ အမွှေးတိုင်တုတ်(၂)ချောင်းက လုံးဝကို ပြတ်တောက်သွားရလိမ့်မယ်။ သနားဖို့ကောင်းလိုက်တာ၊ တော်တော်လေး သနားဖို့ကောင်းတာပဲ…”
လူငယ်က သူ၏လက်ချောင်းလေးများထဲတွင် တံဆိပ်တစ်ခုကို ဖန်တီးလိုက်သည်။ ထိုတံဆိပ်ကတော့ နွေဦးကို ကြိုဆိုနေသော ကမ္ဘာကြီးဟူသည့်တံဆိပ်ဖြစ်၏။ ပြုံးနေသော လူငယ်က လက်ချောင်းလေးများထဲတွင် စွမ်းအား အနည်းငယ် စိုက်ထုတ်လိုက်သည်။ ထိုအချိန်တွင် တံဆိပ်က အက်ကွဲသွားခဲ့ပြီ အမှုန့်များအဖြစ် ပြောင်းလဲသွားခဲ့၏။
ထိုတံဆိပ်က အလွယ်တကူ ပျက်စီးသွားခဲ့ရသည့် အကြောင်းပြချက်ကလည်း အစစ်အမှန် စကားလုံး(၄)ခု၏ အဓိပ္ပာယ်ကြောင့်ဖြစ်သည်။ ထိုအရာက လူသားတစ်ယောက်၏ နှလုံးသားကို ပျက်စီးသွားအောင် လုပ်လိုက်သလိုမျိုးဖြစ်သည်။ ထို့ကြောင့် အလိုလိုပျောက်ကွယ်သွားပြီးသာဖြစ်၏။
သူက အကြည့်ကို လျင်မြန်စွာ ရုတ်သိမ်းလိုက်သည်။ နောက်ဆုံးတွင်တော့ ခြင်းတောင်းတစ်ခုကို သယ်ပြီး မြို့ငယ်လေးထဲ၌ တစ်ယောက်တည်း လမ်လျှောက်နေသော လူငယ်လေးတစ်ယောက်ကို မြင်လိုက်ရ၏။
Translated by Hein Htet