အခန်း (၈၀)
Vol. 6 Ch. 80
ချန်းပင်အန်း တောင်တန်းထဲမှ ထွက်လာပြီးနောက် ပန်းပဲဖိုသို့ အရင်ဆုံးသွားခဲ့သည်။ သူက ကျောက်တုံးတံတားကို ဖြတ်ကျော်လာသည့်အချိန်တွင် လူငယ်က လက်ဝါးနှစ်ဖက်ကို ပွတ်လိုက်ပြီး ခေါင်းငုံ့၍ လျင်မြန်စွာ ဖြတ်ကျော်သွားခဲ့၏။
သူ၏အမူအယာက အလွန်တည်ငြိမ်နေပြီး စိတ်ထဲတွင်လည်း တီးတိုးရေရွတ်နေခဲ့သည်။
"အင်မော်တယ်ဆရာကြီး ...
တကယ်လို့ တစ်ခုခု ပြောချင်တယ်ဆိုရင် ကျွန်တော့်ကို ပွင့်ပွင့်လင်းလင်းပြောလို့ ရပါတယ်။ ကျွန်တော့်ကို မရိုက်ပါနဲ့။ တကယ်လို့ တခြားတောင်းဆိုချက်တစ်ခုခု ရှိမယ်ဆိုရင်လည်း ကျွန်တော့်ကို ညပိုင်းအိပ်မက်ထဲမှာ လာပြောလို့ရတယ် ။ နေ့ခင်းကြောင်တောင် မဟုတ်ဘူးဆိုရင် အကောင်းဆုံးပဲ။ ကျွန်တော်က နည်းနည်းကြောက်တတ်လို့ပါ…"
ကျောက်တုံးတံတား၏ တခြားဘက်ကို ရောက်သည့်အချိန်တွင် ချန်းပင်အန်းက ဘေးကင်းလုံခြုံနေသေးသည်မှာ ကံကောင်းသွားခဲ့သည်။ လူငယ်လေးက အလွန်ဝမ်းသာသွားခဲ့ပြီး ဆရာရွမ်နှင့် ရွမ်ရှို့တို့ကို သွားရောက်ရှာဖွေခဲ့၏။ လူငယ်ကတော့ စိုးရိမ်မှုဟူသော အရသာကို သေချာမသိခဲ့ချေ။
ရွမ်ချုံက အမိုးအောက်တွင် ချန်းပင်အန်းကို စောင့်နေခဲ့၏။ သူတို့က ဝါးထိုင်ခုံတစ်ခုဆီတွင် ထိုင်နေကြသည်။ ရွမ်ရှို့ကတော့ သူမအဖေ၏နောက်တွင် ရပ်နေပြီး သူမ၏မျက်နှာပေါ်တွင် ဖုံးကွယ်ထား၍ မရနိုင်သော ဝမ်းသာမှုများ ပြည့်နှက်နေသည်။
တစ်ကိုယ်လုံးဖုန်မှုန့်များ ပြည့်နှက်နေသော လူငယ်လေးက သူ့ရှေ့တွင် ခြင်းတောင်းကို ချလိုက်ပြီးနောက် ဆေးပင်များ၏အောက်တွင် သိမ်းထားသော တောင်တန်းမြစ်မြေပုံ(၂)ခု ထည့်ထားသည့် အဝတ်အိတ်လေးကို ညင်သာစွာ ထုတ်ယူလိုက်ကြောင်း ရွမ်ချုံက မြင်လိုက်ရသည်။
သူက ထိုအရာကို ရွမ်ချုံဆီသို့ ပေးလိုက်သည့်အချိန်တွင် အပြစ်ရှိသလို ပြောလိုက်၏။
"ကျွန်တော်က မီးအိမ်တောင်ပေါ်ကို တက်တဲ့အချိန် တောင်တက်လမ်းကို ရေတံခွန်ကြီးတစ်ခု တားဆီးထားတယ်။ အဲဒီရေတံခွန်ရဲ့အောက်မှာရှိတဲ့ ရေကန်အနားမှာ နေရာတစ်ခု တွေ့လိုက်ရတဲ့အတွက် ကျွန်တော်က ခြင်းတောင်းကို သိမ်းထားခဲ့ပြီး လေဒဏ်မိုးဒဏ်ကို တားဆီးဖို့အတွက် သစ်ပင်ငယ်လေးတစ်ခု တည်ဆောက်ခဲ့တယ်။ သိပ်မကြာခင် ကျွန်တော်က ရေတံခွန်ရဲ့ထိပ်ကို တက်ပြီး သိပ်မကြာခင် ပြင်းပြင်းထန်ထန် မိုးရွာချလာတာတော့ တော်တော်လေး ကံဆိုးသွားခဲ့တာပေါ့။ အဲဒီမိုးတွေက အရမ်းကို သည်းလွန်းတယ်။ ကျွန်တော်အောက်ကို အမြန်ပြန်ဆင်းလာတဲ့အချိန်မှာ အဲဒီသစ်ကိုင်းလေးက ပြိုကျသွားခဲ့ပြီ။ ခြင်းတောင်းနဲ့ အဝတ်အိတ်ကလည်း မိုးရေတွေကြောင့် စိုသွားခဲ့တယ် ..."
ရွမ်ချုံက အဝတ်အိတ်ကို ဖွင့်ကြည့်လိုက်ရာ ဆီစိမ်စက္ကူနှင့် ပတ်ထားသော မြေပုံ(၂)ခုက အကောင်းအတိုင်း ရှိနေသေးကြောင်း တွေ့လိုက်ရသည်။ ပျက်စီးမှုက ပြောပလောက်စရာ မရှိချေ။ ထို့ပြင် ထိုအရာက မြေပုံမိတ္တူ(၂)ခုသာ ဖြစ်သည်။ ထို့ကြောင့် မီးဖိုကြီးကြပ်သူနှင့် လုံချွမ် တိုင်းပြည်ကြီးကြပ်သူတို့က ထိုအရာကို ပြန်တောင်းရန် ဆန္ဒမရှိကြခြင်းဖြစ်သည်။ သို့သော် ရွမ်ချုံကတော့ ထိုအမှန်တရားကို လူငယ်လေး သိအောင် ပြောပြလိုခြင်း မရှိချေ။
သူက မသက်မသာ ခံစားနေရသော ချန်းပင်အန်းကို ကြည့်ပြီး မေးလိုက်၏။
"မုန်တိုင်း ကျနေတဲ့အချိန် မီးအိမ်တောင်ပေါ်မှာရှိတဲ့ လုံချိုးရေတံခွန်ပေါ်ကို တက်သွားတယ် ...မင်းက သေချင်နေတာလား…"
ချန်းပင်အန်းက ပြုံးလိုက်ပြီး စကားပြန်မပြောခဲ့ပေ။ ရွမ်ချုံက လက်ဝှေ့ယမ်းပြလိုက်ပြီး လူငယ်လေးကို ပြန်ထိုင်ရန် အချက်ပြလိုက်သည်။ သူကတော့ သူ့ရှေ့တွင် ရပ်နေသော လူငယ်ကို မျက်စိစပါးမွေးမစူးချင်ခဲ့ပေ။
ချန်းပင်အန်းက အစိမ်းရောင် ဝါးထိုင်ခုံတွင် ပြန်ထိုင်လိုက်၏။ သူက မြေပုံ(၂)ခုကို ဆရာရွမ်ဆီသို့ ပြန်ပေးလိုက်နိုင်သည့်အချိန်တွင် သူ့ပုခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု ပြုတ်ကျသွားသလို ခံစားလိုက်ရ၏။ သူက အဖိုးတန်မြေပုံ(၂)ခု ပျက်စီးမှာကိုသာ မကြောက်လျှင် အနည်းဆုံးတော့ (၃)ရက်၊ (၄)ရက်ခန့်စော၍ ပြန်ရောက်လာနိုင်သည်။
ထို့ပြင် သူတို့က အချင်းချင်း အချိန်ကြာမြင့်စွာ မှီခိုနေခဲ့ရ၏။ သူတို့က အတူတူရှိနေသည်မှာ အတော်လေးကို ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထို့ကြောင့် လူငယ်လေးက ထိုမြေပုံ(၂)ခုကို ပြန်ပေးရန် အနည်းငယ် တွန့်ဆုတ်နေခဲ့၏။
ရာသီဥတုကြည်လင်သွားသည့်အချိန်တိုင်း သူက မြင်ကွင်း အကျယ်ဆုံးမြင်ရသည့် နေရာတစ်ခုကို ရွေးချယ်ပြီး ထိုမြေပုံ(၂)ခုကို ဖြန့်၍ ကြည့်တတ်သည်။ သူက အဝေးတွင် ရှိနေသော တောင်တန်းများ၊ မြစ်များကိုကြည့်ပြီး မြေပုံကို ပြန်လှည့်ကြည့်လိုက်၏။ လဝက်ခန့်အတောအတွင်း ချန်းပင်အန်းက ဆန္ဒများ မပြည့်ခဲ့ပေ။
ရွမ်ချုံက ထိုမြေပုံ(၂)ခုကို ချန်းပင်အန်းဆီသို့ ရုတ်တရက် ပစ်ပေးလိုက်၏။
"ထိုင်ခုံက မဆိုးပါဘူး။ ငါ့အတွက် နောက်ထပ်(၂)ခုလောက် လုပ်ပေးဦး ..။ မြေပုံကတော့ မင်းအတွက် ဆုကြေးပဲ။ ငါက မင်းကိုပေးလိုက်မယ်…"
ရွမ်ချုံက ရွှံ့ပုလင်းလမ်းကြားထဲမှ ထိုလူငယ်လေးကို သဘောမကျသေးသော်လည်း ထိုအတွက်ကြောင့် ချန်းပင်အန်းကို လုံးဝငြင်းဆန်နေခြင်းတော့ မရှိချေ။
ရွမ်ချုံက ထိုမြင်ကွင်းကို သေချာမြင်ယောင်ကြည့်နေခဲ့၏။ သည်းထန်စွာ ရွာသွန်းနေသော မိုးရေထဲတွင် ပိန်ပိန်ပါးပါး လူငယ်လေးက စိုးရိမ်မှုများနှင့်အတူ ရေတံခွန်ပေါ်မှ ပြန်ဆင်းလာနေခဲ့သည်။ ထို့နောက်တွင်မှ သူက စိတ်အေးလက်အေး မြေပုံကို ကြည့်နိုင်မည်ဖြစ်သည်။
ရွမ်ချုံ၏ မျက်လုံးထဲတွင်တော့ ထိုကဲ့သို့သော အပြုအမူက သူရဲကောင်းဆန်နေခြင်း မဟုတ်ချေ။ တစ်ဖက်တွင်တော့ ထိုအရာက ခေါင်းမာခြင်းသာဖြစ်သည်။ ရိုးရိုးသားသား ပြောရမည်ဆိုလျှင် ထိုကဲ့သို့ သနားစရာကောင်းသော လူငယ်လေးနှင့် ယှဉ်လိုက်မည်ဆိုလျှင် ရွမ်ချုံက အသက်ငယ်ငယ်လေးနှင့် အခြေအနေကို ကောင်းကောင်းသိနေသည့် စုန့်ကျိရှင်းကိုသာ ပို၍သဘောကျမိသည်။
သို့မဟုတ် ပျော်ပျော်ရွှင်ရွှင်နေတတ်ပြီး မည်သည့်အရာကိုမျှ စိုးရိမ်နေခြင်းမရှိသော လျှိုရှန်းယန်ကိုသာ ပို၍သဘောကျသည်။ သူ၏စွမ်းရည်များကို ပြသတတ်သော မာခူရွှမ်ကပင် အရည်အသွေးများစွာ ရှိနေခဲ့၏။ ငယ်စဉ်ကတည်းက ချီကျင့်ချွန်၏ နောက်လိုက်ဖြစ်ခဲ့သော ကျိုးယောင်ကပင် ချန်းပင်အန်းကဲ့သို့ ခေါင်းမာပြီး ဉာဏ်ထိုင်းခြင်း မဟုတ်ချေ။
သူ ရုတ်တရက် စိတ်ပြောင်းသွားရသည့် အကြောင်းပြချက်ကတော့ ချန်းပင်အန်းကို မြေပုံပေးရန် ဆင်ခြေတစ်ခု တွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူနှင့် ထိုလူငယ်၏ကြားထဲတွင် အလွှာပါးပါးတစ်ခု ခြားထားရန် ဆုံးဖြတ်လိုက်ခြင်းကြောင့်ဖြစ်၏။
ပန်းပဲဖိုက သူ့ကို ပန်းပဲပညာရှင် တပည့်အဖြစ် လက်ခံနိုင်သော်လည်း သူက ရွမ်ချုံ၏ ပထမတပည့်တော့ သေချာပေါက် ဖြစ်လာမည် မဟုတ်ချေ။ နောက်ပိုင်းတွင် သူက ကတိအတိုင်း သူ ဝယ်ထားသော တောင်များကို ကာကွယ်ပေးရမည်ဖြစ်သည်။ ထိုလူငယ်က သူ့သမီးနဲ့ မည်သည့်အရာမျှ မပတ်သက်စေချင်ခဲ့ပေ။
အဆုံးတွင်တော့ ရွမ်ချုံက နောက်ခံအင်အားကြောင့် ချန်းပင်အန်းကို အထင်သေးနေခြင်း မဟုတ်ပေ။ သူတို့၏လမ်းကြောင်းများက ကွဲပြား၏။ သူတို့က အတူတကွ ပေါင်းစပ်နိုင်ခြင်း မရှိကြပေ။
ရွမ်ချုံ၏တပည့်ကလည်း သူ့လို တူညီသော လမ်းကြောင်းကို လျှောက်လှမ်းမည့် လူတစ်ယောက်သာ ဖြစ်ရပါလိမ့်မည်။ သူတို့နှစ်ယောက်က ဆရာတပည့်များ ဖြစ်နိုင်သလို အတူတကွ အလုပ်လုပ်နိုင်သော မိတ်ဆွေများဖြစ်ပြီး ဂိုဏ်း၏ တိုးတက်အောင်မြင်မှုကို နှစ်ထောင်ပေါင်းများစွာ ကြိုးစားကြရမည်ဖြစ်၏။ ထို့ကြောင့် ဆရာတပည့်က စိတ်နေစိတ်ထား ကိုက်ညီရန် အလွန်အမင်းကို အရေးပါသည်။
ချန်းပင်အန်းကတော့ ဆရာရွမ်၏အတွေးများကို မသိခဲ့သည့်အတွက် ကွေ့ပတ်ပြန်လာခဲ့ရခြင်းဖြစ်သည်။ ထိုလူငယ်လေးက မြေပုံကိုယူလိုက်ပြီး ရင်ဘက်ထဲတွင် ပွေ့ပိုက်ထားခဲ့၏။ သူက ပြန်မေးလိုက်သည်။
"ရုံးတော်အကြံပေးကရော ... တစ်ခုခုပြောခဲ့သေးလား…"
ရွမ်ချုံက ခနဲ့သလို ပြောလိုက်သည်။
"အနည်းဆုံးတော့ နောက်ထပ်နှစ်ပေါင်း(၆၀) အတောအတွင်း ငါက ဒီလုံချွမ်တိုင်းပြည်ရဲ့ရှင်ဘုရင်ပဲ။ ဒါကြောင့် ငါ့ရဲ့စည်းမျဉ်းတွေက အရေးကြီးဆုံးပဲ…"
ရွမ်ရှို့က တီးတိုးပြောလိုက်သည်။
"အဖေ ...
သူ့လိုလူတစ်ယောက်ကို ဘယ်လိုလုပ် အထင်သေးလို့ရနိုင်မှာလဲ…"
ရွမ်ချုံကတော့ သူ့သမီး၏စကားကို မကြားချင်ယောင်ဆောင်နေခဲ့သည်။ သူက ချန်းပင်အန်းကို လေးလေးနက်နက် ပြောလိုက်၏။
"ဒီတော့ အလုပ်ကိစ္စပဲ ပြောကြမယ်။ မင်းက ဘယ်တောင်(၅)တောင်ကို ရွေးချယ်ထားခဲ့တာလဲ ..."
ချန်းပင်အန်းက မတ်မတ်ထိုင်လိုက်သည်။
"ရှန်ရှို့တောင်ရဲ့ ပတ်ပတ်လည်မှာ ကျွန်တော်က တောင်(၃)တောင် ရွေးချယ်ထားတယ်။ အဲဒါကတော့ ရတနာတောင်၊ တိမ်တိုက်နီတောင်နဲ့ အင်မော်တယ်မြက်ပင်တောင်တို့ပါ…"
ရွမ်ချုံက ခေါင်းညိတ်ပြောလိုက်၏။
"မင်းက အမြင်စူးရှတာပဲ။ ရတနာတောင်က နေရာကျယ်တယ်။ အဲဒီတောင်(၆၀)ထဲမှာ အကောင်းဆုံးလို့ ပြောလို့ရတယ်။ ပြီးတော့ အဲဒါက အခွံသက်သက် မဟုတ်ဘူး .။ တကယ်လို့ နောက်ပိုင်းမှာ တောင်တွေကို ကာကွယ်ပေးမယ့် ဝင်္ကပါအတွက်သာ မစဉ်းစားခဲ့ဘူးဆိုရင် ငါက ဟုန်မင်တောင်ထိပ်ကို လက်လွှတ်ပြီး ရတနာတောင်ထိပ်ကိုပဲ ရွေးချယ်မိမှာ။ ဘယ်လိုပဲဖြစ်ဖြစ် မိုင်(၁၀၀၀)ပတ်ပတ်လည်မှာ ရှိနေတဲ့ တောင်တန်းနဲ့မြစ်တွေထဲမှာ တောင်တန်းနတ်ဘုရားတစ်ပါး မစောင့်ရှောက်ဘူးဆိုရင် ဒါမှမဟုတ် လျှို့ဝှက်ရတနာတစ်ခု မရှိဘူးဆိုရင်တောင် နယ်မြေကြီးကြီးမားမားပိုင်တဲ့သူက ပိုပြီးတော့ အကျိုးအမြတ်ရှိတယ်…”
“အင်မော်တယ်မြက်ပင်တောင်ကတော့ ဖုန်းရွှေအများဆုံး ရတနာနယ်မြေတစ်ခုပဲ။ အဲဒါက သစ်ပင်ဝိညာဉ်တစ်ခု မွေးထုတ်ပေးနိုင်တယ် ။ အဲဒီနေရာက တော်တော် သေးတာတော့ ကံဆိုးတာပေါ့။ တကယ်လို့ သစ်ပင်ဝိညာဉ်တစ်ခု ပေါ်လာမယ်ဆိုရင်တောင် သူ့ရဲ့အုတ်မြစ်နဲ့ ပုံစံက အရမ်းကောင်းမှာ မဟုတ်ဘူး ... အကြောင်းပြချက်ကလည်း အရမ်းရိုးရှင်းပါတယ်။ ရေကန်ငယ်လေးတစ်ခုက နဂါးတစ်ကောင်ကိုတော့ မွေးထုတ်ပေးနိုင်မှာ မဟုတ်ဘူးလေ..”
“တိမ်တိုက်နီတောင်ကလည်း သာမာန်ပါပဲ။ မြင့်မားပြီး လှပတဲ့ မြင်ကွင်းတွေ ရှိတာကလွဲရင် ကျင့်ကြံမှုအတွက် ဘာအကျိုးအမြတ်မှ မရှိဘူး ။ မင်းက ယွင်ရှားတောင်လို တိမ်သစ်မြစ်ကျောက်တုံးတွေ တူးဖော်ဖို့ စွမ်းရည်မျိုး ရှိတယ်ဆိုရင်တော့ အဲဒါက တော်တော်လေး အကျိုးအမြတ်ရှိနိုင်တယ်။ မင်းက ရေကန်ဝါတောင်ပေါ်မှာရှိတဲ့ ရေကန်ကို မတွေ့ခဲ့ဘူးလား ..."
ရွမ်ချုံ၏ နောက်ဆုံးမေးခွန်းကြောင့် ချန်းပင်အန်းက တွေဝေသွားခဲ့သည်။
"ကျွန်တော် တွေ့ခဲ့ပါတယ် ..."
"ဆက်ပြောပါဦး ... တခြားတောင်(၂)ခုကရော…"
ရွမ်ချုံကတော့ မူလခေါင်းစဉ်ကို ဆက်မပြောခဲ့ပေ။ သူကတော့ တာဝန်အတိုင်း လုပ်ဆောင်ပြီးပြီဟု သတ်မှတ်နိုင်သည်။ သူက လျှို့ဝှက်ချက်များကို ထုတ်ပြောရန် ဆန္ဒမရှိချေ။ အဘယ်ကြောင့်ဆိုသော် ရေကန်ဝါတောင်ပေါ်တွင် ရှိနေသော ရေကန်ငယ်လေးက အင်မော်တယ်မြက်ပင်တောင်နှင့် တူညီနေသည်။
တစ်ခုကွဲပြားသည်မှာ အင်မော်တယ်မြက်ပင်တောင်ပေါ်၌ သစ်ပင်ဝိညာဉ်တစ်ခု ပေါ်ထွက်လာရန် အခွင့်အရေး ရှိနေပြီး ရေကန်ဝါတောင်ပေါ်တွင်တော့ ရေတွင်းအဝကဲ့သို့ ကြီးမားသော စပါးအုံးမြွေတစ်ကောင် ရှိသည်။ ထိုအရာက နယ်မြေခံ မြွေတစ်ကောင်ဖြစ်ပြီး တိုက်ပွဲထဲတွင် ရှုံးနိမ့်သွားခဲ့ခြင်းကြောင့် လက်တကမ်းတွင် ရောက်နေသော မဟာတာအိုအခွင့်အရေးကို ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။သို့သော် မဟာတာအို၏ အံ့သြဆန်းကြယ်မှုများက သူ၏လမ်းကြောင်းများအားလုံးကို ဖြတ်တောက်နိုင်ခဲ့ခြင်း မရှိချေ။
နဂါးဘုရင်ခြင်းတောင်းနှင့် အဖမ်းခံခဲ့ရသော ရွှေငါးက တာ့ဆွေအင်ပါယာသို့ ရောက်သွားခဲ့သည်။ လက်ကောက်အဖြစ် ပြောင်းလဲနေသော မီးနဂါးကလည်း ရွမ်ရှို့၏ လက်ကောက်ဝတ်တွင် ရှိနေခဲ့၏။ ငါးသလဲထိုးလေးကတော့ လျှိုကျစ်မောက်၏ အနားတွင် ရှိနေပြီး သစ်သားနဂါးကတော့ ကျိုးယောင်၏လက်ထဲတွင် ရှိနေသည်။ အဝါရောင်ခြေ(၄)ချောင်းမြွေလေးကတော့ ဝမ်ကျူး၏နောက်ကို လိုက်သွားခဲ့၏။
ထိုသတ္တဝါ(၅)ကောင်က လီကျူးသုခဘုံ၏ မဟာအခွင့်အရေးကြီး(၅)ခုဖြစ်ပြီး နှစ်ပေါင်း(၃၀၀၀)မတိုင်ခင် စုဆောင်းထားခဲ့သော အခွင့်အရေးများလည်း ဖြစ်သည်။ ဓားအားဖြည့်ခြင်း ဘူးသီးခြောက်၊ နတ်ဆိုးထုတ်ဖော်ကြေးမုံနှင့် တခြားသော မှော်ရတနာများ၊ စိတ်ဝိညာဉ်ရတနာများကတော့ မဆိုးလှသော်လည်း ထိုသက်ရှိအခွင့်အရေး(၅)ခုနှင့် ယှဉ်လိုက်လျှင် သူတို့က အတော်လေးကို နိမ့်ကျနေသည်။
ရေကန်ဝါတောင်ပေါ်တွင် ရှိနေသော ဧရာမစပါးအုံးမြွေကြီးက တစ်ဖက်တွင်တော့ ကံဆိုးမှုမှနေ၍ အကျိုးအမြတ်များ ရှိလာခဲ့သည်။ ကီလိုမီတာ(၁၀၀၀)အတောအတွင်း သူ့ကို ယှဉ်ပြိုင်နိုင်သော ပြိုင်ဖက်တစ်ယောက်မျှမရှိခဲ့ပေ။ သူက ထိုနယ်မြေ၏ အုပ်စိုးသူတစ်ယောက် ဖြစ်လာသည်။
နောက်ပိုင်းတွင် တောင်ပိုင်နတ်ဘုရားများ၊ မြစ်နတ်ဘုရားများ နေရာချပြီးသွားသည့်အချိန် ထိုစပါးအုံးမြွေကြီးကသာ ဉာဏ်ကောင်းမည်ဆိုလျှင် သူတို့ထဲမှ တစ်ယောက်၏ ဆင့်ခေါ်မှုကို ခံရနိုင်ပြီး တာ့လီနန်းတွင်း၏ အကာအကွယ်ပေးမှုကို ရရှိနိုင်သည်။ ထို့နောက် သူက ချောမွေ့သော လမ်းကြောင်းတစ်ခု ရှိလာနိုင်ပြီး ကျင့်ကြံမှုလမ်းကြောင်းပေါ်သို့ အမှန်တကယ် တက်လှမ်းနိုင်ပါလိမ့်မည်။
ချန်းပင်အန်းကပြောလိုက်၏။
"ကျွန်တော်က ကျန့်ကျူးတောင်နဲ့ လော်ပိုတောင်ကို ဝယ်ဖို့ စီစဉ်ထားတယ် ..."
ရွမ်ချုံက အံ့သြသွားခဲ့ပြီး စိတ်ဝင်တစား မေးလိုက်၏။
"ကျန့်ကျူးတောင်ကတော့ အဆင်ပြေပါတယ်။ အဲဒါက နွေဦးကြေးပြားတစ်ပြားပဲ တန်ကြေးရှိတာလေ။ ဒါက ငွေကြေးနဲ့ ဝယ်လို့မရတဲ့ ရတနာတစ်ခုလို့တောင် ပြောလို့ရတယ်။ ဒါပေမယ့် မင်းက လော်ပိုတောင်ကို ဘယ်လိုများ သဘောကျခဲ့ရတာလဲ။ ပုံမှန်အားဖြင့် ပြောရရင်တော့ ဒီတောင်က လုံချွမ်တိုင်းပြည်ရဲ့ အနောက်တောင်ဘက်မှာ ရှိနေတာ။ မင်းရဲ့အခြေအနေအရ မင်းက အဲဒီနေရာကိုလည်း ရောက်ဖူးမှာ မဟုတ်ဘူး။ အဲဒါက တာ့လီရဲ့ တားမြစ်တောင်တစ်ခု ဖြစ်ခဲ့တယ်။ မင်းက နာမည်ကိုကြည့်ပြီး ဘယ်လိုရွေးချယ်ခဲ့တာလဲ ..."
ချန်းပင်အန်းက အနည်းငယ် ရှက်ရွံ့သွားခဲ့ပြီး အကြောင်းပြချက်ကို မပြောချင်ခဲ့ပေ။ ထိုအချိန်တွင် ချန်းပင်အန်းက မြေပုံပေါ်၌ နောက်ဆုံးတောင်ကို ရွေးချယ်ရန် တွေဝေနေခဲ့သည်။ အဆုံးတွင်တော့ ငှက်တစ်ကောင်က သူ့ခေါင်းပေါ်မှာ ပျံသွားခဲ့ပြီး ထိုမြေပုံပေါ်တွင် ငှက်ချေး ပါချခဲ့၏။
ချန်းပင်အန်းက ထိုအရာကို အလျင်စလို သုတ်လိုက်ရာ ထိုငှက်ချေး ပါချသည့်နေရာက လော်ပိုတောင်ဟူသော စကားလုံးပေါ်တွင် ဖြစ်နေခဲ့သည်။ ထို့ကြောင့် ချန်းပင်အန်းက စဉ်းစားမနေတော့ဘဲ လော်ပိုတောင်ကိုသာ ပြတ်သားစွာ ရွေးချယ်လိုက်၏။ ထိုတောင်၏နာမည်က ကံကောင်းခြင်း၊ ကံဆိုးခြင်းကို သူလည်း စိတ်မဝင်စားချေ။
တောင်တန်းများနှင့် မြစ်များတွင် နတ်ဘုရားများ ရှိနေသည်ဟု အဘိုးယောင်က ပြောခဲ့ဖူး၏။ ထို့ကြောင့် ချန်းပင်အန်းက ထိုအရာကို တောင်တန်းနတ်ဘုရား၏ သဲလွန်စဟု သတ်မှတ်ခဲ့သည်။
ရွမ်ချုံက ခဏကြာစဉ်းစားနေခဲ့၏။
"မင်းက လော်ပိုတောင်ကို ရွေးချယ်ဖို့ လုံးဝမဖြစ်နိုင်တာတော့ မဟုတ်ဘူး။ ဒါဆိုရင်တော့ ပြီးသွားပြီ ... လော်ပိုတောင်၊ ရတနာတောင်၊ အင်မော်တယ်မြက်ပင်တောင်၊ တိမ်တိုက်နီတောင်နဲ့ကျန့်ကျူးတောင်။ တောင်(၅)တောင် နှစ်ပေါင်း(၃၀၀) ... ဒီအချိန်အတောအတွင်း မင်းက တောင်တစ်တောင်ကို အပေါက်ဖောက်ပြီး ရွှေ့သွားမယ်ဆိုရင်တောင် ဘယ်သူကမှ မင်းကိုတားဆီးမှာမဟုတ်ဘူး။ တောင်ပေါ်မှာ ထွက်သမျှအရာအားလုံး၊ သစ်ပင်တွေဖြစ်စေ ၊ စိတ်ဝိညာဉ်ဆေးပင်တွေဖြစ်စေ ၊ ငှက်တွေဖြစ်စေ မှော်သားရဲတွေဖြစ်စေ လျှို့ဝှက်ရတနာတွေကတောင် စာချုပ်မှာ လက်မှတ်ထိုးထားတဲ့သူရဲ့ အပိုင်ပဲ ဖြစ်လိမ့်မယ် ..."
ချန်းပင်အန်းက ခေါင်းညိတ်ပြီး ပြောလိုက်သည်။
"ကျွန်တော် နားလည်ပါပြီ…"
ရွမ်ချုံက စိတ်ရှည်လက်ရှည် ပြောလိုက်၏။
"ပထမဆုံး မင်းမသေခင် မင်းက အဲဒီတောင်(၅)တောင် အမွေဆက်ခံခွင့်ကို တစ်ယောက်ယောက်ရဲ့ နာမည်ပြောင်းချင်တယ်ဆိုရင်တော့ လုံချွမ်တိုင်းပြည်ရဲ့ ရုံးတော်ကနေတဆင့် တာ့လီနန်းတွင်းကို သတင်းပို့ရလိမ့်မယ်။ ဒါပေမယ့် တာ့လီရဲ့အခွန်ဌာနက လျှို့ဝှက်စာအုပ်တစ်ခုကို သိမ်းထားလိမ့်မယ်။ မင်းက မင်းရဲ့နာမည်အောက်မှာရှိတဲ့ တောင်(၅)တောင်မှာ တစ်တောင်ချင်းဆီကို အမွေဆက်ခံခွင့်အတွက် ချရေးထားလို့လည်းရတယ်။ တကယ်လို့ မင်းက တစ်နေ့နေ့ ရုတ်တရက်သေသွားခဲ့မယ်ဆိုရင် မင်းမသေခင် အချည်းနှီး မဖြစ်တော့ဘူးပေါ့။ နောက်တစ်ခုကတော့ နှစ်ပေါင်း(၃၀၀)အတောအတွင်း မင်းက အဲဒီတောင်တွေကို ရောင်းချင်တယ်ဆိုရင် အချိန်မရွေး နေရာမရွေး ဆုံးဖြတ်လို့တော့ မရနိုင်ဘူး။ မင်းက အနည်းဆုံး တာ့လီရုံးတော်က အကြီးအကဲ(၃)ယောက်ရဲ့ ထောက်ခံမှုကိုရမှပဲ အရောင်းအဝယ် လုပ်လို့ရနိုင်မယ်။ ပြီးတော့ ငါက အဲဒီတောင်တွေကို ရောင်းဖို့တော့ အကြံမပေးချင်ဘူး။ ဘာလို့လဲဆိုတော့ မင်းက ဘယ်လောက်ဈေးကောင်းကောင်းနဲ့ ရောင်းရောင်း အဆုံးမှာတော့ ဆုံးရှုံးမှုတွေ ဖြစ်လာနိုင်တယ် ..."
ရွမ်ချုံက နယ်မြေတစ်ခုကို ထိန်းချုပ်ရသော စစ်ကျောင်း သူတော်စင်တစ်ပါး ဖြစ်သော်လည်း သူက ရုတ်တရက် ချမ်းသာလာသည့် လူငယ်တစ်ယောက်နှင့် စီးပွားရေးကိစ္စများ ဆွေးနွေးနေရသည်။ အမှန်အတိုင်းပြောရလျှင်တော့ ထိုအရာက ကျိုးကြောင်းဆီလျော်မှုရှိ၏။
ထိုအရာက ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ရသည့် အဓိကအကြောင်းပြချက်များနှင့် ပတ်သက်နေပြီး တာအိုကို သက်သေပြနိုင်သော သူ့သမီး၏အခွင့်အရေးလည်း ဖြစ်သည်။ ထို့ကြောင့် ရွမ်ချုံက သူ့ကို စိတ်လိုလက်ရ ဖျောင်းဖြနေရ၏။ သူက ထိုအကြောင်းပြချက်ကို ဖျက်ဆီးနိုင်ပြီး လူငယ်လေး၏ရှေ့တွင် အခြေအနေကို နည်းနည်းချင်းဆီ ရှင်းပြရန် ဆန္ဒရှိနေခဲ့သည်။
ရွမ်ချုံက မေးလိုက်၏။
"ချန်းပင်အန်း ...
မင်းဆီမှာ တောင်းဆိုစရာ တစ်ခုခုရှိသေးလား…"
ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်၏။
"မရှိတော့ပါဘူး…"
ရွမ်ချုံက ပြောလိုက်သည်။
"ဒါဆိုရင်တော့ ဒီလောက်ပဲ။ မင်းဆီမှာ ကြေးပြားတချို့ ကျန်နေဦးမယ်လို့ ထင်တယ်။ မင်းက မြို့ထဲမှာရှိတဲ့ ဆိုင်တွေကို ဝယ်ဖို့ ငါ ကူညီပေးမယ်။ မင်းက အဲဒီဆိုင်တွေကို ဝယ်ဖို့အတွက် အခွင့်ကောင်း ယူလို့ရတယ်။ ဒါပေမယ့် မင်းလုပ်နိုင်တာထက်တော့ ပိုပြီးတော့ မလုပ်မိစေနဲ့။ နောက်ပိုင်း မြို့ငယ်လေးထဲမှာ လူကောင်းလူဆိုး အစုံရောက်လာလိမ့်မယ်…."
ချန်းပင်အန်း၏ မျက်နှာက အနည်းငယ် နီရဲနေခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဆရာရွမ်…"
ရွမ်ချုံက တိုးတိုးလေး ရယ်လိုက်မိ၏။
"လူကြီးလူကောင်း တစ်ယောက်က ကောင်းမှုလုပ်ရတာပဲလေ ... လူဆိုးတစ်ယောက်ကလည်း မကောင်းတာ လုပ်ကြရတာပဲ…"
ချန်းပင်အန်းက ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူက ထိုစကား၏အဓိပ္ပါယ်ကို နားမလည်ခဲ့ပေ။
ရွမ်ချုံက လက်ကာပြလိုက်ပြီး သူ့ကို အဝေးသို့နှင်ထုတ်လိုက်သည်။
"မင်းက ကိုယ့်အလုပ်ကိုယ် သွားလုပ်တော့။ ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာမှမစိုးရိမ်နဲ့။ ပြီးတော့ မင်းက ငယ်ငယ်လေး ရှိသေးတယ်။ မင်းက အဆင့်တွေ၊ ကျင့်စဉ်တွေအကြောင်း ပြောနိုင်တဲ့အဆင့်ကို မရောက်သေးဘူး ..."
ချန်းပင်အန်းက မတ်တပ်ရပ်လိုက်ပြီးနောက် ကျောတွင် ခြင်တောင်းကို လွယ်လိုက်သည်။ ထိုအချိန်တွင် ရုတ်တရက် ရွမ်ချုံပြောသည့်စကားကို ကြားလိုက်ရ၏။
"ဆရာချီ ထွက်သွားပြီးတဲ့နောက် ဆရာချီကို ရံဖန်ရံခါ သတိရနေတာက ပြဿနာမဟုတ်ဘူး။ ဒါက လူသားသဘာဝပဲ။ ဒါပေမယ့် မင်းက အဲဒီအထဲမှာ နစ်မွန်းမသွားစေနဲ့။ မင်းက အကြောင်းအရာတွေကို အဆုံးစွန်ထိ စုံစမ်းဖို့လည်း မကြိုးစားနဲ့။ မင်းက တောင်(၅)တောင်နဲ့ ဈေးဆိုင်(၁)ဆိုင်၊ (၂)ဆိုင်လောက်ကို ဝယ်ပြီးသွားတဲ့အချိန်ကျရင် သက်တောင့်သက်သာ အိပ်နေပြီး ငွေတွေ သိမ်းနေရုံပဲ။ မင်းက လက်ထပ်ပြီး ကလေးတွေလည်း ယူလို့ရတယ်။ မင်းက မင်းရဲ့ဘိုးဘေးတွေကိုတောင် ကောင်းကောင်းမွန်မွန် ထားလို့ရတယ်…”
“ငါ ရွမ်ချုံပဲဖြစ်ဖြစ် တာ့လီနန်းတွင်းပဲဖြစ်ဖြစ် ငါတို့က မင်းနဲ့ မင်းမိသားစုလုပ်ငန်းတွေကို ဂရုစိုက်ပေးမှာပါ။ မင်းရဲ့ဘေးကင်းလုံခြုံမှုက တခြားအရာတွေအားလုံးထက် ပိုပြီးတော့အရေးပါတယ်။ တနေ့နေ့မှာ မင်းရဲ့ကံတရားက ပြောင်းလဲလာပြီး မင်းက ကျင့်ကြံမှုလမ်းကြောင်းကို မလျှောက်နိုင်ဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ ... မင်းဆီမှာ အခွင့်အရေးမရှိတာမှ မဟုတ်တာ…"
ချန်းပင်အန်းက တိတ်တဆိတ် ထွက်သွားခဲ့သည်။
လူငယ်လေးဆိုင်ထဲမှ ထွက်သွားပြီးနောက် ရွမ်ရှို့က ဝါးထိုင်ခုံတွင်ထိုင်ပြီး မေးလိုက်သည်။
"အဖေ ...
အဲဒီစကားက ဘာကိုပြောချင်တာလဲ…”
ရွမ်ချုံက တည်ငြိမ်စွာ ပြောလိုက်၏။
"အတွေးအခေါ် နိမ့်ကျတဲ့ လူဆိုးတစ်ယောက်က ငြိမ်းချမ်းမှုပဲ တွေးနေတဲ့ လူကြီးလူကောင်း တစ်ယောက်နဲ့ ယှဉ်လိုက်ရင် ပိုပြီးနိမ့်ကျတယ်လို့ ဆိုလိုတာလေ.."
ရွမ်ရှို့က ထူးဆန်းစွာ ပြောလိုက်သည်။
"အဲဒါက ဘာများမှားနေလို့လဲ။ ငြိမ်းချမ်းတဲ့နေရာတစ်ခုကို ပြောင်းလိုက်မယ်ဆိုရင် ဘယ်သူကမှ အမှားရှာလို့ မရနိုင်တော့ဘူး။ အဲဒါက ဘယ်လိုဖြစ်ပြီး လူဆိုးတစ်ယောက် ဖြစ်နိုင်မှာလဲ။ ဒီစကားကို ဘယ်သူက ပြောခဲ့တာလဲ ... ဒါကအဓိပ္ပာယ်ရှိတယ်လို့ မထင်ဘူး…"
ရွမ်ချုံ၏မျက်နှာက မည်းမှောင်သွားခဲ့သည်။ သူက တိုးတိုးလေးပြောလိုက်၏။
"ဒါကြောင့်လည်း သူ့ရဲ့နှလုံးသားအေးချမ်းတဲ့နေရာက သူတို့ရဲ့အိမ်ပဲလို့ စာသင်သားသူတော်စင်တွေက ပြောခဲ့ကြတာလေ ..."
ရွမ်ရှို့က ဒေါသတကြီး ပြန်ပြောလိုက်၏။
"စာသင်သားတွေက တော်တော်လေးကို စိတ်ရှုပ်ဖို့ကောင်းတယ်.။ သူတို့က ဒီကမ္ဘာကြီးထဲမှာ စည်းမျဉ်းတွေပဲ ပြောနေကြတာ…"
ရွမ်ချုံက စိတ်လိုလက်ရ ပြောလိုက်သည်။
"ရှို့ရှို့ ...
အဓိကအကြောင်းပြချက်ကတော့ သမီးက စာပေမလေ့လာချင်လို့ မဟုတ်ဘူးလား ..."
မိန်းမပျိုက အံ့ဩသွားချင်ယောင်ဆောင်လိုက်သည်။ သူမက လျင်မြန်စွာ မတ်တပ်ရပ်ပြီး ပြောလိုက်၏။
"အဖေ ...
သမီးဆီမှာ ဘာလို့ ဒီလောက်ကြီးမားတဲ့ ခွန်အားတွေ ရှိနေတာလဲ။ သမီးက သံပဲ သွားထုတော့မယ်…"
ချန်းပင်အန်းကတော့ ယန်မိသားစုဆေးဆိုင်သို့ ပြေးသွားခဲ့ပြီး ခြင်းတောင်းထဲတွင် ရှိနေသော ဆေးပင်အများစုကို ဆိုင်အကူလက်ထဲသို့ ထည့်ပေးလိုက်သည်။ ထိုအလေးချိန်ကို ချိန်လိုက်ပြီးနောက် ချန်းပင်အန်းက ငွေစ(၂)ခုကို လက်ခံရခဲ့သည်။
အမှန်အတိုင်းပြောရလျှင် ရှားပါးသော ဆေးပင်များစွာကို ဆိုင်သို့ပေးခဲ့ခြင်းဖြစ်၏။ တချို့သော ဆေးပင်အချို့ကိုတော့ ဆိုင်အကူငယ်လေးကပင် သေချာမသိချေ။ ထိုအရာက အဘိုးကြီးယန် အလွန်တန်ဖိုးထားသော ဆေးပင်များဖြစ်၏။ ထိုပန်းပွင့်များနှင့် ထိုသစ်ပင်များကလည်း အမှန်တကယ် တန်ဖိုးရှိသောအရာများ ဖြစ်သည်။
သို့သော် ယခုတစ်ကြိမ် ချန်းပင်အန်း တောင်ပေါ်သို့သွားသော ခရီးလမ်းက ဆေးပင်ခူးရန် မဟုတ်ချေ။ သူက ထိုအရာမှ ငွေကြေးများ ရနိုင်ရန်လည်း စဉ်းစားမထားခဲ့ပေ။ အမှန်အတိုင်း ပြောရလျှင် တောင်ပေါ်တွင် မည်သို့မီးသွေးဖုတ်ရမည်ဖြစ်ကြောင်း သင်ယူခဲ့ပြီးနောက် ချန်းပင်အန်းက ယန်မိသားစု ဆိုင်အကူဆီတွင် ဆေးပင်များကို အမြဲလိုလို ရောင်းချတတ်သည်။
သူက လီအာ့ဟု ခေါ်သော ရိုးသားသည့်ဆိုင်အကူဆီတွင် ရောင်းချခြင်းကလွဲ၍ ဆေးပင်များကို ရောင်းချသည့် အချိန်တိုင်း ငွေကြေးဆုံးရှုံးရသည်။ အဘိုးကြီးယန်က ချန်းပင်အန်း၏ ဆေးပင်များကို လုံးဝလက်မခံခဲ့ပေ။ အကယ်၍ ချန်းပင်အန်းကသာ ထိုအရာများကို အလကားလာပေးမည်ဆိုလျှင် အဘိုးကြီးယန်က လမ်းမပေါ်သို့ လွှင့်ပစ်တတ်၏။ သို့သော် သူက ဆိုင်အကူနှင့် ဆိုင်ရှင်ကို ရောင်းမည်ဆိုလျှင်တော့ ဈေးနှုန်းက မည်မျှနည်းစေကာမူ အဘိုးကြီးယန်က လျစ်လျူရှုထားခဲ့သည်။
ယခုတစ်ကြိမ်တော့ ချန်းပင်အန်းက အဘိုးကြီးယန်ကို မတွေ့ခဲ့ရပေ။ ဆိုင်ထဲမှ ထွက်လာပြီးနောက် လမ်းပေါ်တွင် လူပေါင်းများစွာ ဆွေးနွေးနေကြကြောင်း ချန်းပင်အန်းက တွေ့လိုက်ရသည်။
ခြေ (၁၂) ချောင်း အထိမ်းအမှတ်အဆောက်အဦးတွင် ကိစ္စကြီးတစ်ခုခု ဖြစ်နေကြောင်း သူတို့က ပြောနေကြ၏။ မူလကြီးကြပ်သူအဟောင်း သခင်ကြီးစုန့်က အလွန်ကြီးကျယ်ခမ်းနားသောပုံစံနှင့် မြို့ငယ်လေးထဲသို့ ပြန်ရောက်လာခဲ့သည်ဟု သူတို့က ပြောနေကြသည်။ ထို့ပြင် ယခုတစ်ကြိမ် သူက အထွေထွေရေးရာ အမတ်ကြီးဦးဆောင်သော စာသင်သားအဖွဲ့နှင့် အရာရှိများကို ခေါ်လာခဲ့သည်။ သူက ဆိုင်းဘုတ်(၄)ခုတွင် ရှိနေသောစာများကို သဘောကျနေခဲ့၏။
မည်သို့ဖြစ်စေကာမူ သူတို့အားလုံးက စာသင်သားများဖြစ်သည့်အတွက် ထိုအရာကို နားလည်ပေး၍လည်း ရနိုင်သည်။ သို့သော် ဘာကြောင့်မှန်း မသိသော်လည်း ထိုသတင်းကိုကြားသည့်အခါ ဝူယွမ်က တောင်ပေါ်မှ ချက်ချင်းပြေးဆင်းလာခဲ့၏။ သူက အဝေးတွင် သစ်ခုတ်နေသော အခြေအနေက ိုသွားရောက်ကြည့်ရှုရန်အတွက် ရှောင်ဝူကိုသာ ခိုင်းစေထားခဲ့သည်။ ထို့နောက် ဝူယွမ်က သူ၏ကိုယ်ရံတော်များကို တောင်ထဲမှ ခေါ်ထုတ်လာပြီး ကြီးကြပ်သူအဟောင်း အမတ်ကြီးစုန့်နှင့် အဖွဲ့ကို အလျင်အမြန် တားဆီးလိုက်၏။
လုပ်စရာမရှိသည့်အတွက် ချန်းပင်အန်းကလည်း ထိုလူများနှင့်အတူ အထိမ်းအမှတ် အဆောက်အဦးဆီသို့ လိုက်လာခဲ့သည်။ သူက လူအုပ်ကြီးနှင့် အဝေးတွင် ရပ်နေခဲ့၏။ ထိုအချိန်တွင် အထိမ်းအမှတ်အဆောက်အဦး၏ ဆိုင်းဘုတ်(၄)ခုအောက်တွင် လှေကား(၈)ခုကို မြင်လိုက်ရသည်။
ဆိုင်းဘုတ်တစ်ခုချင်းဆီ၏ ဘယ်ဖက်နှင့်ညာဖက်ခြမ်းတွင် လှေကားတစ်ခုဆီ ထောင်ထားကြ၏။ လက်ရှိအချိန်တွင်တော့ ဆိုင်းဘုတ်တစ်ခု၏ ဘယ်ဖက်နှင့် ညာဖက်တွင် မတူညီသော အသက်အရွယ် ကြီးနေသည့် စာသင်သား(၂)ယောက်သာ ရှိသည်။ အသက်ကြီးသော စာသင်သားကတော့ ခေါင်းငုံ့နေပြီး သူ့ခြေထောက်အောက်တွင် ရှိနေသော လူတစ်ယောက်ကို ပြစ်တင်ကြိမ်းမောင်းနေသလို ထင်ရသည်။
လူတစ်ယောက်က ချန်းပင်အန်း၏ ပုခုံးကိုပုတ်ပြီး ရယ်ကာမောကာနှင့် ပြောလိုက်၏။
"ချန်းပင်အန်း …
တိုက်ဆိုင်လိုက်တာ ... မင်းလည်း ဒီမှာပြပွဲကြည့်ဖို့ ရောက်လာတာလား…"
ချန်းပင်အန်းက ပြန်လှည့်ကြည့်လိုက်သည်။ ထိုအရာက မျက်ခုံးကြားထဲတွင် အနီရောင်မှဲ့တစ်လုံး ရှိနေသော စကားများသည့် လူငယ်ဖြစ်သည်။ သူက ထိုလူငယ်၏ စကားကို အမှန်တကယ် ကြောက်လန့်နေသည့်အတွက် ပြောလိုက်၏။
"ငါက ဒီလိုပဲ လျှောက်ကြည့်နေတာပါပဲ။ သူတို့ပြောတဲ့စကားကို ငါမှ နားမလည်တာ ... ငါက အိမ်ပဲပြန်တော့မယ်…"
ထိုလူငယ်က အပြုံးနှင့် ပြောလိုက်သည်။
"မပြန်ပါနဲ့ဦး .။ မင်းနားမလည်ရင် ငါမင်းကို ရှင်းပြမယ်လေ။ ဒီကိစ္စက တော်တော် စိတ်ဝင်စားဖို့ကောင်းတယ်။ တကယ်လို့ မင်းက လွဲသွားမယ်ဆိုရင် နောက်ပိုင်း နောင်တရနေလိမ့်မယ်။ အရာရှိဝူယွမ်က ဒီမြို့ငယ်လေးရဲ့ လက်ရှိအရာရှိလေ။ သူက သူ့ထက်ပိုပြီး အဆင့်မြင့်တဲ့ အထွေထွေရေးရာအမတ်ကြီးနဲ့ ပြဿနာဖြစ်နေတာ။ လှေကားပေါ်မှာ ရပ်နေတဲ့သူကတော့ အထွေထွေရေးရာ အမတ်ကြီးရဲ့ အကူတစ်ယောက်ပဲ။ သူကလည်း တာ့လီအမတ်ကြီးရဲ့ အရေးပါတဲ့သူတစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ တစ်ဖက်မှာတော့ အတွေ့အကြုံရှိတဲ့ ကြီးကြပ်သူသခင်ကြီးစုန့်က ဒီဆိုင်းဘုတ်အတွက် သူ့မှာ တာဝန်ရှိတယ်လို့ ရင်ဘတ်ကိုပုတ်ပြီး ပြောနေတာ ။ သူက သေချာပေါက် ဒီစကားလုံးတွေကိုယူမယ်လို့ ပြောနေတယ်။ သူက သူ့ရဲ့မွေးရပ်မြေကို ပြန်ပို့မယ်လို့ မပြောရဲဘူး။ ဒါပေမယ့် အဲဒီအရာကို အထွေထွေရေးရာဌာနဆီ သေချာပေါက် ပြန်ပို့မှာပဲလေ။ ဒါကြောင့် သူက အဆင့်(၅) အရာရှိတစ်ယောက် ဖြစ်လာတာ…”
“ဒီတစ်ကြိမ်တော့ အထွေထွေရေးရာဌာနက အရာရှိတွေက တောင်တန်းနတ်ဘုရားနဲ့ မြစ်နတ်ဘုရားတွေ နေရာချပေးမယ့် အခြေအနေပေါ် အခွင့်ကောင်းယူပြီး ဒီဆိုင်းဘုတ်တွေကို လိုချင်နေတာ။ တစ်ဖက်မှာတော့ အရာရှိဝူက ဒီမြို့ထဲမှာရှိတဲ့ ရတနာတွေအားလုံးကို သူ့ကိုယ်ပိုင်အဖြစ် သတ်မှတ်ထားတယ်။ သူတို့က ဒီမြို့ထဲမှာရှိတဲ့ ရတနာတွေကို ယူသွားချင်နေတယ်ဆိုတာ ကြားတဲ့အချိန် သူက သဘောတူမှာလား…”
“ပြောရမယ်ဆိုရင်တော့ သူက အရှက်ကွဲတာကို သည်းခံနိုင်မယ်ဆိုရင်တောင် မိသားစု(၄)စုနဲ့ ကလန်ကြီး(၁၀)ခုက မြေခွေးအိုကြီးတွေကို အသိပေးဖို့ လိုတယ်လေ။ သူတို့တွေက သူ့ကိုအရူးတစ်ယောက်လို စောင့်ကြည့်နေကြတာ။ တကယ်လို့ သူသာ အခုချိန် နောက်ဆုတ်လိုက်မယ်ဆိုရင် သူက နောက်ပိုင်း ဒီကလန်ကြီးတွေကို ထိန်းချုပ်ဖို့အတွက် တော်တော်လေး ခက်သွားနိုင်တယ်။ လူထုရေးရာနဲ့ စစ်မက်ရေးရာကျောင်းဆောင်တွေကလည်း ကောင်းကောင်းမပြီးသေးတဲ့အပြင် ကျောင်းဆောင်တွေရဲ့ နေရာကလည်း အဆင်မပြေသေးဘူး။ ဒါကြောင့် အဲဒါက သေချာပေါက် ပျက်စီးသွားလိမ့်မယ်…"
ချန်းပင်အန်းက လူငယ် ရှင်းပြသည့်အရာကိုနားထောင်ပြီးနောက် ပြန်မေးလိုက်သည်။
"မင်းက ဘယ်သူလဲ .။ မင်းက ဘာလို့ ဒီလောက်တောင် သိနေရတာလဲ…"
လူငယ်က လက်ညှိုးထောင်လိုက်ပြီး သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"ငါ လား ... ငါက တာ့လီနန်းတွင်းက အရာရှိတစ်ယောက်မဟုတ်ဘူး ... ငါက ချွေးမျိုးရိုး။ ငါ့ကိုတော့ ချွေးချန်းလို့ နာမည်ပေးထားတယ်။ ချန်းဆိုတဲ့ နာမည်က တော်တော်လေးကို ရှားတယ်လေ။ ရေးဖို့လည်း ခက်တယ်။ ပြီးတော့ တော်တော်လေး ပြဿနာများတယ်။ မင်းက ဘာမှမစိုးရိမ်ပါနဲ့ ..."
ချန်းပင်အန်းက လူငယ်၏ မျက်လုံးထဲကို စိုက်ကြည့်လိုက်သည်။ လူငယ်၏ အမူအယာက တည်ငြိမ်နေခဲ့သည်။
သူက အပြုံးနှင့် ပြောလိုက်သည်။
"ငါက မင်းထက်ပိုပြီး အသက်ကြီးတယ်လေ။ဒါကြောင့် မင်းက ငါ့ကို ဆရာဦးလေးချန်းလို့ ခေါ်လို့ရတယ်…”
ချန်းပင်အန်းက ပြုံးလိုက်၏။
ထိုလူငယ်ကလည်း ပြုံးလိုက်ပြီး လက်နှစ်ဖက်ဖြင့် ပါးကိုပွတ်လိုက်သည်။
"ဒါဆိုလည်း မင်း ငါ့ကိုလွယ်လွယ်ကူကူ ခေါ်နိုင်တဲ့ နာမည်တစ်ခု ရှိတယ်။ အဲဒါကတော့ ရှို့ဟူဆိုတဲ့နာမည်ပဲ…"
Translated by Hein Htet.