← Chapters

အခန်း (၈၁)

Vol. 6 Ch. 81

အခန်း (၈၁)

Vol. 6 Ch. 81

ပြုံးနေသော လူငယ်လေးကိုကြည့်ပြီး ချန်းပင်အန်းက စိုးရိမ်ထိတ်လန့်သွားသလို ခံစားခဲ့ရသည်။ သူ့ခန္ဓာကိုယ်ကလည်း အလိုလို တင်းကြပ်လာခဲ့၏။ ချိုက်ကျင်းကျန့်၊ ဖူနန်းဟွာတို့နှင့် တိုက်ခိုက်ခဲ့ရသည့်အချိန်တွင် သူတို့က အနားကို ရောက်လာလေလေ သူ၏နှလုံးသားက ပို၍တည်ငြိမ်လာလေလေဖြစ်သည်။

ကျန့်ယန်တောင်မှ တောင်ရွှေ့လူဝံကြီးနှင့် ရင်ဆိုင်ပြီး လိုက်လံတိုက်ခိုက်ခံရသည့် အချိန်တွင်ပင် ချန်းပင်အန်းကတော့ စလာသည့်အချိန်မှစ၍ သေဆုံးရန် ကြိုတင်ပြင်ဆင်ထားခဲ့သည်။ နောက်ပိုင်း သူက ထိုအရာကို စဉ်းစားကြည့်မိခဲ့သည့် အချိန်တွင် ကြောက်လန့်သွားသလို ခံစားခဲ့ရသော်လည်း တိုက်ခိုက်နေစဉ် အတောအတွင်း ချန်ပင်အန်းက စိုးရိမ်နေခဲ့ခြင်း မရှိချေ။ သေခြင်းတရားက မည်မျှနီးကပ်စေကာမူ သူက ထိုအရာကို လုံးဝဂရုမစိုက်ခဲ့ပေ။

သူ စိုးရိမ်ခဲ့သော အချိန်ကတော့ အင်မော်တယ်အုတ်ဂူတွင် တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှ မာကူရွှမ်နှင့် တိုက်ခိုက်ခဲ့ရသည့် အချိန်သာ ဖြစ်သည်။ လက်ရှိအချိန်တွင်တော့ ချန်းပင်အန်း၏ လက်ဖဝါးနှစ်ဖက်က ချွေးများ စိုနေခဲ့၏။ ချန်းပင်အန်း၏ မသိစိတ်အရ ပြောရမည်ဆိုလျှင် ချွေးချန်းက အံ့ဩစရာ မကောင်းလှပေ။

ချွေးချန်းက ကြွေထည်တောင်ပေါ်တွင် ခန့်မှန်း၍ မရနိုင်သော အဘိုးကြီးယန်ကို ရန်စရဲသည့်အတွက် သူက သေချာပေါက် လျှို့ဝှက်ဆန်းကြယ်လှသည်။ မဟုတ်လျှင် သူက စစ်ကျောင်းသူတော်စင်ရွမ်ချုံကို ကြောက်လန့်နေလိမ့်မည်ဖြစ်၏။

သူကတော့ မြက်ဖိနပ်နှင့် လူငယ်လေး၏ စိုးရိမ်ထိတ်လန့်မှုကို မမြင်ချင်ယောင်ဆောင်ထားခဲ့သည်။ သူက တာ့လီမြို့တော်ထဲတွင် ပုံပြင်ပေါင်းများစွာ ရှိနေသော မြေကွက်လပ်ရှိရာကို လှည့်ကြည့်လိုက်သည်။

ထို့နောက် သူက လက်ညှိုး(၁)ချောင်း ထောင်လိုက်ပြီး နွေးထွေးသော အမူအရာနှင့် ရယ်ပြလိုက်၏။

“စာသင်သားတွေရဲ့တာဝန်ယူမှု၊ တာအိုလမ်းစဉ်ရဲ့ သဘာဝတရားကြီးအပေါ် မျှော်လင့်ချက်၊ ဗုဒ္ဓလမ်းစဉ်ရဲ့ ပြင်ပအကူအညီကို မတောင်းဆိုနဲ့၊ စစ်ကျောင်းတော်ရဲ့ ချီ တိုက်ခိုက်ရေးကျွဲ။ ဒီဆိုင်းဘုတ်(၄)ခုနဲ့ စကားလုံး(၁၂)ခုမှာ ရေးသားသူရဲ့ နတ်ဘုရားစွမ်းရည်တွေ ပါဝင်နေတယ်။ ပြီးတော့ ဘာသာကြီး(၃)ခုနဲ့ မိသားစုတစ်ခုရဲ့ သူတော်စင်(၄)ယောက်က ဒီနေရာမှာ စည်းမျဉ်းတွေ ချမှတ်ထားပြီး သူတို့ရဲ့ ကံကြမ္မာတစ်စိတ်တစ်ပိုင်းကို တမင်တကာ ချန်ထားပေးကြတယ်..”

“အဲဒီရုံးအကူရဲ့လက်ထဲမှာ ကိုင်ထားတဲ့ပစ္စည်းကိုမြင်လား။ အဲဒါက စကားလုံးတွေကို ကူးယူဖို့အတွက် အထူးအသုံးပြုရတဲ့အရာမျိုးပဲ။ သူ့ရဲ့ရည်ရွယ်ချက်ကတော့ ဒီစကားလုံးတွေရဲ့ အနှစ်သာရတွေ၊ ချီစွမ်းအားတွေနဲ့ ဝိညာဉ်တွေကို ဖယ်ရှားဖို့ပဲ။ ပထမဆုံး ကူးယူတဲ့ စကားလုံးတွေက သေချာပေါက် အကောင်းဆုံးပဲလေ။ အဲဒါက ဝိညာဉ်အရရော တူညီလုနီးပါးဖြစ်တယ်။ နောက်ပိုင်းတွေကတော့ မူလအခြေအနေထက် တဖြည်းဖြည်းပိုဝေးသွားပြီး သူ့ရဲ့တန်ဖိုးကလည်း တဖြည်းဖြည်း လျော့ကျလာနိုင်တယ်။ ‘ပြင်ပအကူအညီကို မတောင်းဆိုနဲ့’ဆိုတဲ့ စကားလုံး(၄)ခုကလွဲရင် တခြားဆိုင်းဘုတ်(၃)ခုကတော့ ကျောက်ပြား(၄)ခုထက်ပိုပြီး ခံနိုင်ရည်ရှိမှာ မဟုတ်လောက်ဘူး။ အထူးသဖြင့် စစ်ကျောင်းတော်ရဲ့ ‘ချီတိုက်ခိုက်ရေးကျွဲ’ဆိုတဲ့စကားလုံးပဲ။ ကြည့်ရတာ မကြာသေးခင်ကမှ စကားလုံး(၂)‌ခု ပျောက်ဆုံးသွားပြီထင်တယ်။ အဲဒီကနေ ကျောက်ပြား(၂)ပြားဆီ ကူးပြီးသွားရင် အဲဒါက ပျက်စီးသွားပြီလို့ သတ်မှတ်နိုင်တယ်…”

ချန်းပင်အန်းက အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ ထိုအရာတွင် ပြသနာပေါင်းများစွာ ပါဝင်ပတ်သက်နေလိမ့်မည်ဟု သူလည်း မသိခဲ့ပေ။ စကားလုံးများက စာအုပ်ထဲတွင် စီစဉ်ထားသည့်အပြင် နှစ်သစ်ကူးစာသားများအဖြစ် နံရံပေါ်တွင်လည်း ချိတ်ဆွဲတတ်ကြသည်။ သေဆုံးသွားသူ၏ အုတ်ဂူပေါ်တွင်လည်း နာမည်များ ရေးထိုးတတ်ကြ၏။

ဘာကြောင့်မှန်းမသိသော်လည်း ချန်းပင်အန်းက သူ့ကို လက်ဆောင်အဖြစ် ပေးခဲ့သော ဆရာချီ၏ တံဆိပ်တုံးလေးများကို စဉ်းစားမိသွားသည်။ ထို့ပြင် တာအိုသခင်လု၏ ဆေးစာရွက်ကိုလည်း အမှတ်ရသွားခဲ့၏။

ချွေးချန်းက ဆက်ပြောလိုက်သည်။

“စာရေးသားဖို့ အသုံးပြုတဲ့ စာရွက်က အရမ်းအဖိုးတန်ပြီး စာရွက်(၁)ခုချင်းဆီကလည်း သစ်သားတစ်ခုနီးပါးလောက် ထူတယ်။ အဲဒါက တခြားကုန်းမြေကြီးမှာရှိတဲ့ တာအိုလမ်းစဉ်ဂိုဏ်းတွေအတွက်တော့ တကယ် ထူးခြားတဲ့ရတနာတစ်ခုပဲ။ အဲဒီအရာကို လေမိုးကြိုးစာရွက်လို့ ခေါ်တယ်။ စာရေးတဲ့အချိန်မှာ စုတ်တံထိပ်ဖျားက စာရွက်နဲ့ ပွတ်တိုက်သွားတဲ့အချိန် လေသံနဲ့ မိုးကြိုးသံတွေကို ဖန်တီးနိုင်တယ်။ ငါတို့ဘုရင်ကြီးရဲ့ ရတနာတိုက်ထဲမှာတောင် အများကြီးမရှိဘူး။ သူက အဲဒီအရာတွေကိုသုံးဖို့ တော်တော်လေး စဉ်းစားရတယ်။ သူက နှစ်သစ်ကူးချိန်ရောက်တဲ့ အချိန်တိုင်း အကျိုးဆောင်ထားတဲ့အရာရှိတွေ၊ အမတ်ကြီးတွေကိုတော့ လက်ဆောင်ပေးတတ်တယ်…”

“ဒါကြောင့် အထွေထွေရေးရာဌာနက ဒီတစ်ကြိမ် အဲဒီစကားလုံးတွေကို ရယူဖို့ ဆုံးဖြတ်ထားကြတာ၊ အနာဂတ်‌လမ်းကြောင်း တောက်ပနေတဲ့ ငါတို့ရဲ့ အရာရှိဝူကတော့ အရမ်းကို ဉာဏ်နီဉာဏ်နက်များပြီး အရာအားလုံးကို ထိန်းချုပ်ချင်နေတယ်။ သူက နောက်ပိုင်း မြို့ငယ်လေးကို လာတဲ့အချိန်ကျရင် အတားအဆီးတွေ အများကြီးတွေ့ရတော့မယ်လို့ ထင်တာပဲ…”

ချန်းပင်အန်းကတော့ ကောင်းကင်စာအုပ်တစ်ခုကို နားထောင်နေရသလို ခံစားလိုက်ရသည်။ သူ့ဘေးတွင် ရှိနေသော လူငယ်က ကြွားဝါပြီး ပြောဆိုနေသည်ဟု ထင်ရသော်လည်း သူက အပိုစကားများ ပြောဆိုနေသည်ဟု ချန်းပင်အန်းက မတွေးမိခဲ့ပေ။

မျက်ခုံးကြားထဲတွင် မှဲ့ ရှိနေသော လူငယ်က တာ့လီမှ အရာရှိတစ်ယောက် မဟုတ်ကြောင်း ပြောခဲ့သော်လည်း သူ့ပုံစံက လိမ်နေခြင်း ဟုတ်ပုံမရချေ။ သူက ပန်းပဲဆိုင်၌ ပေါ်လာခဲ့သည့်အချိန်တွင်လည်း အရာရှိဝူယွမ်နှင့်အတူ ရောက်လာခဲ့သည်။ သူက ဝူယွမ်၏ လက်ထောက်တစ်ယောက် ဖြစ်နိုင်သည်ဟုပင် ရွမ်ရှို့က ပြောခဲ့၏။

ထိုကဲ့သို့ လက်ထောက်ဟူသည်မှာ သူ့သခင်၏အနားတွင် ခရီးသွားချိန်တိုင်း စာအုပ်သေတ္တာကို သယ်ဆောင်ရသော လူများကိုခေါ်ဆိုခြင်းဖြစ်သည်။ သို့သော် ယခုတော့ သူ့ရှေ့တွင် သူ့ကိုယ်သူ ရှို့ဟူဟု နာမည်ခေါ်သော ခပ်ချောချောလူငယ်က သေချာပေါက် ရိုးရှင်းမှုမရှိနိုင်ဟု ချန်းပင်အန်းက သေချာသွားခဲ့သည်။ သူ၏အသိပညာအရဖြစ်စေ၊ ချောမောခန့်ညားမှုအရဖြစ်စေ ချန်းစုန့်ဖုန်းထက် နိမ့်ကျနေခြင်း မရှိချေ။ နဂါးအိုမြို့မှ သခင်လေး ဖူနန်းဟွာနှင့် ယှဉ်လိုက်မည်ဆိုလျှင်လည်း နိမ့်ကျနေခြင်း မရှိခဲ့ချေ။

ချန်းပင်အန်း၏ သဘောထားအရ ပြောရမည်ဆိုလျှင် သူသိသမျှ လူများအားလုံးက အလွန်ထူးခြားသော အဖွဲ့အစည်းလေးတစ်ခု ဖြစ်သည်။ ဥပမာ‌အနေနှင့် ပြောရလျှင် မီးဖိုကြီး၏ခေါင်းဆောင်ဖြစ်သော အဘိုးယောင်က စကားနည်းသော လူတစ်ယောက်ဖြစ်သည်။ သူ ရံဖန်ရံခါ စကားပြောသည့်အချိန်တွင်လည်း လူများကို ဆူပူကြိမ်းမောင်းခြင်းသာ ဖြစ်သည်။

သို့သော် အဘိုးယောင် တောင်တန်းများပေါ်သို့ သွားသည့်အချိန်တိုင်း သူက အတော်လေးကို သဘောကျတတ်၏။ သူ့ခန္ဓာကိုယ်က လူငယ်တစ်ယောက်ထက်ပင် ပို၍ကြံ့ခိုင်သန်စွမ်းသည်‌ဟူသော ထင်မြင်ချက်မျိုး ပေးနိုင်သည်။

နောက်ထပ် ဥပမာတစ်ခုကတော့ ဆေးဆိုင်မှ အဘိုးကြီးယန်ဖြစ်၏။ သူကတော့ အသင့်အတင့်သာ ဖြစ်သည်။ သူနှင့် ချန်းပင်အန်း၏ ဆက်ဆံရေးက မည်မျှဆိုးသွမ်းစေကာမူ သူက ချန်းပင်အန်းကို မည်သည့်အရာမျှမလုပ်ခဲ့ချေ။ သို့သော် သူ၏ဆက်‌ဆံရေးက မည်မျှကောင်းစေကာမူ ပစ္စည်းများ တမင်တကာ ပိုပေးခြင်းလည်း မရှိချေ။

ထို့ပြင် မကြာသေးခင်ကမှ သူနှင့် တွေ့ခဲ့ရသော မိန်းကလေးနင်ယောင်လည်း ရှိသေးသည်။ သူမကတော့ သူရဲကောင်းဆန်သော အကျင့်စရိုက်မျိုး ရှိ၏။ ထို့ပြင် သူ၏အစစ်အမှန်နောက်ကြောင်းကို ဖော်ထုတ်ခဲ့သော တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှ မာခူရွှမ်လည်း ရှိနေသေး၏။ သူကတော့ ထက်မြက်ပြီး ရိုင်းစိုင်းသော အပြုအမူမျိုး ရှိသည်။

ရှို့ဟူဟု နာမည်ခေါ်သော ချွေးချန်းကလည်း အတူတူသာ ဖြစ်၏။ သူက ဖူနန်းဟွာနှင့် ချိုက်ကျင်းကျန့်တို့လို အင်မော်တယ်တပည့်များထက် ပို၍အဆင့်မြင့်သော လူငယ်တစ်ယောက် ဖြစ်ပုံရသည်။ သူ့ရှေ့တွင် ရှိနေသည်မှာ အင်မော်တယ်ပညာရှင် တစ်ယောက်ဖြစ်မည်ဟုပင် ချန်းပင်အန်းက ခံစားမိခဲ့၏။ ထိုလူငယ်က အလွန်စကားများပြီး သူ၏စကားပြောဆိုနိုင်မှုက လေမိုးကြိုးဥယျာဉ်မှ လျှိုပါ့ချောင်ကိုပင် ယှဉ်နိုင်သည်။

လူငယ်က ရုတ်တရက် အပြုံးနှင့် မေးလိုက်၏။

“ချန်းပင်အန်း …

မင်းက ငါ့ကို စုန့်ကျိရှင်းရဲ့ခြံဝန်းထဲ ခေါ်သွားပေးလို့ ရမလား…”

ချန်းပင်အန်း၏ ရင်ထဲတွင် တင်းကြပ်သွားခဲ့၏။ သူက အေးအေးဆေးဆေးပုံစံနှင့် ပြန်မေးလိုက်သည်။

“ဒါပေမဲ့ အထိမ်းအမှတ် အဆောက်အဦးက ဒီမှာပဲ ရှိနေသေးတယ် မဟုတ်လား..”

လူငယ်က ပြုံးလိုက်သည့်အချိန်တွင် သူ့ပုံစံကတော့ ထိခိုက်မှု မရှိနိုင်သော အင်မော်တယ်တစ်ပါးကဲ့သို့ ထင်ရသည်။

“ငါ့ဆီမှာ မကောင်းတဲ့ အကြံအစည်တွေ ရှိနေမှာကို မင်းက စိုးရိမ်နေတယ်ဆိုတာ ငါသိတယ်။ အမှန်အတိုင်း ပြောရမယ်ဆိုရင်တော့ ငါက စုန့်ကျိရှင်းရဲ့ညီလေးနဲ့ တော်တော်လေး ရင်းနှီးတယ်။ သူ့ရဲ့အစ်ကိုကြီးက ဒီမြို့ငယ်လေးထဲမှာ (၁၀)နှစ်ကျော် ဘယ်လိုနေထိုင်ခဲ့လဲဆိုတာ သူက တော်တော်သိချင်နေတာ။ သူက ငါ့ကို ကိုယ်တိုင်သွားကြည့်ပေးဖို့ တောင်းဆိုထားတယ်။ ငါ မြို့တော်ကို ပြန်သွားတဲ့အချိန်ကျရင် ငါ သူ့ကို ပြောပြရမယ်လေ…”

ချန်းပင်အန်းက မေးလိုက်၏။

“သူက စုန့်ကျိရှင်းရဲ့ညီဆိုမှတော့ ဘာလို့ သူကိုယ်တိုင် မမေးရတာလဲ…”

လူငယ်က လက်ဖျောက်တီးလိုက်ပြီး ချီးကျူးလိုက်သည်။

“ချန်းပင်အန်း…

မင်းက တော်တော်ဉာဏ်ကောင်းတာပဲ။ မင်းက ဟာကွက်ကို ဒီလောက်မြန်မြန် တွေ့သွားတယ်…”

ချန်းပင်အန်းကတော့ ထိုလူငယ်၏ အတွေးများကို လိုက်မမီတော့ပေ။

လူငယ်က နဖူးကို ပွတ်လိုက်ပြီး မသက်မသာ ပြောလိုက်ရ၏။

“သူ့ရဲ့မိဘတွေကြောင့် သူ့အစ်ကိုစုန့်ကျိရှင်းနဲ့ သူ့ရဲ့ပတ်သက်မှုက တော်တော်လေးဆိုးတယ်။ မိသားစုကြီးတွေထဲမှာရှိတဲ့ ပြဿနာတွေကလည်း ရွှံ့ပုလင်းလမ်းကြားထဲမှာရှိတဲ့ အသေးအဖွဲကိစ္စတွေလိုပဲလေ။ ဒီတော့ မင်းပဲ စဉ်းစားကြည့်ပါတော့….”

ချန်းပင်အန်းက အပြုံးနှင့် မေးလိုက်၏။

“တကယ်လို့ ငါ သဘောမတူရင် မင်းက ငါ့ကိုပြဿနာရှာမှာလား…”

လူငယ်က ဇဝေဇဝါဖြစ်သွားခဲ့၏။ သူက သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ပြောလိုက်သည်။

“ငါ့ပုံစံက မကောင်းတဲ့ လူတစ်ယောက်နဲ့ တူလို့လား။ မင်းက မျက်လုံးဖွင့်ပြီး ငါ့ကိုသေချာကြည့်လိုက်စမ်း။ ငါ့ပုံစံက လူတစ်ယောက်ရဲ့ မိသားစုတစ်ခုလုံးကို သတ်ပစ်တဲ့ လူမျိုးနဲ့တူလို့လား…”

ချန်းပင်အန်းက ရိုးရိုးသားသား ပြန်ဖြေလိုက်၏။

“မတူပါဘူး…”

လူငယ်က လေပူများကို မှုတ်ထုတ်လိုက်သည်။

“ဒါဆိုရင် မင်းက ဘာလို့ လူဆိုးတစ်ယောက်လိုမျိုး ငါ့ကို ပြောနေရတာလဲ…”

သူက လက်ပိုက်ပြီး နှာခေါင်းရှုံ့လိုက်၏။

“တကယ်လို့ မင်းက ငါ့ကို ခေါ်မသွားချင်ဘူးဆိုရင်လည်း ငါ့ဘာသာပဲ လမ်းမေးလိုက်တော့မယ်…”

ချန်းပင်အန်းက ပြန်မေးလိုက်၏။

“မင်းဆီမှာ သော့မရှိဘူးလေ။ မင်းက ခြံဝန်းထဲကို ဝင်လို့မရဘူး။ မင်းက ဘာသွားလုပ်မှာလဲ…”

လူငယ်၏မျက်နှာအမူအရာက ပြောင်းလဲသွားပြီး ပြောလိုက်သည်။

“ချန်းပင်အန်း ..

မင်းက တော်တော်ငယ်သေးတာပဲ…”

သူကတော့ ပြုံးလိုက်ပြီး စကားတစ်ခွန်းမျှမပြောခဲ့ချေ။ ချန်းပင်အန်းက ထိုကဲ့သို့ အပြုံးမျိုးနှင့် အလွန်ရင်းနှီးနေ၏။ လျှိုရှန်းယန်နှင့် ကုစန့်တို့ဆီတွင် ထိုကဲ့သို့အပြုံးမျိုး မကြာခဏပေါ်လာတတ်သည်။

ချန်းပင်အန်းက သက်ပြင်းချလိုက်၏။

“‌ဒါဆိုလည်း ငါ မင်းကို ရွှံ့ပုလင်းလမ်းကြားထဲ ခေါ်သွားပေးမယ်။ ခြံဝန်းနံရံပေါ်ကို ကျော်မတက်ရဘူး။ ငါက မင်းကို ဝင်ပေါက်ဆီ လိုက်ပို့ပေးမယ်…”

လူငယ်က ချန်းပင်အန်း၏ပုခုံးကို အားနှင့် ပုတ်လိုက်သည်။

“မင်းက စောစောပြောတာမဟုတ်ဘူး…”

ထို့နောက် လူငယ်က လူသူရှုပ်ထွေးနေသော အထိမ်းအမှတ်အဆောက်အဦးမှနေ၍ အဝေးကို ထွက်သွားခဲ့သည်။ သူက ရုတ်တရက် ရပ်လိုက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်၏။ ခြင်းတောင်းသယ်ထားသော ချန်းပင်အန်းကတော့ မျက်နှာချင်းဆိုင်ဘက်သို့ လျှောက်သွားခဲ့သည်။ ထိုအချိန်တွင် အနည်းငယ် ရှက်ရွံ့သွားသော လူငယ်က သူ့ဆီကို အမီလိုက်လာခဲ့၏။

ရွှံ့ပုလင်းလမ်းကြားထဲသို့ ရောက်လာခဲ့ပြီးနောက် လူငယ်က ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီး နှုတ်ခမ်းကို လျှာနှင့်သပ်လိုက်သည်။

“ဒါက ဒဏ္ဍာရီထဲက ရွှံ့ပုလင်းလမ်းကြားပေါ့။ ပုန်းအောင်းနေတဲ့ နဂါးတွေ၊ ကျားတွေ ရှိနေတယ်။ ပါရမီ‌ရှင်တွေလည်း အများကြီးရှိတယ်။ နောက်ထပ် နှစ်ရာပေါင်းများစွာကြာရင် တရုတ်ဇီးသီးပွင့်လမ်းကြား၊ ဖုလုလမ်းကြားနဲ့ မက်မွန်ပွင့်လမ်းကြားတို့ကတောင် ဒီနေရာကို ယှဉ်နိုင်မှာ မဟုတ်တော့ဘူး…”

လူငယ်က ထိုကဲ့သို့ စကားလုံးများကို ပြောလိုက်သည့်အချိန်တွင် သူ့ပုံစံက လေးလံနေသည်ဟု မခံစားရပေ။ လမ်းတလျှောက်တွင် လူငယ်က နံရံနိမ့်နိမ့်များ၏ နောက်ဘက်တွင် ရှိနေသော ခြံဝန်းများကို မကြာခဏ လှမ်းကြည့်တတ်သည်။

ချန်းပင်အန်းက စုန့်ကျိရှင်း၏ ခြံဝန်းဝင်ပေါက်ဆီသို့ သူ့ကိုခေါ်သွားခဲ့၏။

“ဒီမှာပဲ…”

လူငယ်က လမ်းကြားထဲတွင် ရပ်လိုက်ပြီး စုန့်ကျိရှင်း ကိုယ်တိုင်ရေးထားသော နှစ်သစ်ကူးစာသားများကို ကြည့်လိုက်သည်။ သူက မျက်ခုံးပင့်လိုက်မိပြီး သက်ပြင်းချလိုက်၏။

“ဒါက စုန့်ကျိရှင်းနဲ့ အစေခံမလေး ကျစ်ကွေးနေတဲ့ခြံဝန်းလား။ သူ့ရဲ့လက်ရေးက တော်တော်ကောင်းတာပဲ။ သူ့ညီထက်တော့ အဆပေါင်းများစွာ‌ ပိုကောင်းတယ်။ ငါက ကြည့်လေလေ၊ ပိုပြီးတော့ သဘောကျလေလေပဲ…”

လူငယ်က ပြောလိုက်ပြီး ရှေ့ကိုလျှောက်၍ နှစ်သစ်ကူးစာသားများကို ဆုတ်ဖြဲရန် ခြေဖျားထောက်လိုက်သည်။

ချန်းပင်အန်းက စိုးရိမ်သွားခဲ့ပြီး လူငယ်ကို အလျင်အမြန် တားဆီးလိုက်၏။

“မင်းက ဘာလုပ်နေတာလဲ…”

လူငယ်က အပြစ်မရှိသလို ပြောလိုက်သည်။

"စုန့်ကျိရှင်းက ဘဝ‌တလျှောက်လုံး ဒီနေရာကို ပြန်လာတော့မှာ မဟုတ်ဘူး။ တကယ်လို့ ငါကသာ ဒီစာသားတွေကို ထားခဲ့မယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပျောက်သွားလိမ့်မယ်။ ငါက အဲဒါကိုသိမ်းထားပြီး မြို့တော်ဆီ ယူသွားမလို့…”

ချန်းပင်အန်းက ခေါင်းခါပြလိုက်သည်။

“မရဘူး။ နှစ်(၁)နှစ် မဆုံးသေးခင် ဒီနှစ်သစ်ကူးစာသားတွေကို ဖြဲပစ်လို့မရဘူး။ မဟုတ်ရင် မိသားစုတစ်ခုလုံး ကံဆိုးမိုးမှောင်ကျလိမ့်မယ်…”

လူငယ်က အာမေဋိတ်သံတစ်ခုနှင့် ငြင်းဆန်လိုက်သည်။

"မြို့ငယ်လေးထဲမှာ အဲဒီလိုဓလေ့တစ်ခု ရှိနေတာလား…”

ချန်းပင်အန်းက မေးလိုက်၏။

"မင်းက ငါ့ခြံဝန်းထဲကို လိုက်ခဲ့ချင်လား”

လူငယ်က လက်ကာပြလိုက်သည်။

“ထားလိုက်ပါတော့။ ဒါက နေရာသေးသေးလေးပဲ။ ငါက ရေနွေးတစ်ခွက်တောင် မသောက်ချင်ဘူး။ သွားတော့မယ်၊ စကားမစပ် ဒါက လမ်းအပွင့် မဟုတ်လား။ ငါက ရှေ့ကို ဆက်သွားမယ်ဆိုရင်လည်း ဒီလမ်းကနေ ထွက်နိုင်တယ် မဟုတ်လား..”

ချန်းပင်အန်းက ပြုံးလိုက်၏။

“ဟုတ်တယ်။ ထွက်သွားလို့ရတယ်…”

လူငယ်က ရှေ့သို့ လျှောက်သွားခဲ့ပြီး လက်မြှောက်၍ ချန်းပင်အန်းကို လက်ပြခဲ့သည်။

ချန်းပင်အန်းကတော့ ထူးဆန်းသော လူငယ် ထွက်သွားသည်ကို ကြည့်နေပြီး သူ့ခြံဝန်းထဲသို့ ဝင်လာခဲ့၏။ သူက နံရံအခြေတွင် ရှိနေသော သစ်ခါးပင်သစ်ကိုင်းကို မြင်သည့်အခါ ခြင်းတောင်းကို ချလိုက်ပြီး ထိုင်ခုံအပုလေးတစ်ခုယူ၍ ထိုင်ချလိုက်၏။

ထိုအချိန်တွင် ချန်းပင်အန်းက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး ရွှံ့ပုလင်းလမ်းကြားထဲသို့ ပြေးထွက်လိုက်သည်။ ချက်ချင်းဆိုသလိုပင် ခိုးကြောင်ခိုးဝှက် လူငယ်က အလွန်လျင်မြန်စွာ ထွက်ပြေးသွားခဲ့၏။

ချန်းပင်အန်းက စုန့်ကျိရှင်း၏ တံခါးဆီသို့ ရောက်လာခဲ့သည့်အချိန်တွင် နှစ်သစ်ကူးစာသားများ အခိုးခံလိုက်ရကြောင်း မြင်လိုက်ရသည်။ ချန်းပင်အန်းက မူလနေရာတွင် ရပ်နေပြီး ခြံဝန်း၏ဘေးနှစ်ဖက်တွင် ရှိနေသော ချောမွေ့နေသည့် နံရံများကို ကြည့်နေမိခဲ့သည်။ သူလည်း ပြောစရာစကားမရှိသည့်အတွက် ပြုံးရုံလေးသာ ပြုံးနေမိခဲ့၏။

“ဒါက ဘယ်လိုလူမျိုးလဲ။ သူ့အပြုအမူက အတော်လေး ဆိုးလိုက်တာ…”

ချန်းပင်အန်းက သက်ပြင်းချလိုက်ပြီး သူ့ခြံဝန်းထဲသို့ ပြန်လျှောက်လာခဲ့သည်။

အချိန်တော်တော်ကြာပြီးနောက် သူက အဘိုးကြီးယန်ကို သွားရှာခဲ့သည်။

အဘိုးကြီးယန်က ဖြည်းညင်းစွာ ပြောလိုက်၏။

“မင်းက ဒီလောက် အသက်ငယ်ငယ်လေးနဲ့ ဘာလို့သက်ပြင်းချနေရတာလဲ။ အသက်စွမ်းအားတချို့ စုဆောင်းဖို့တောင် လွယ်တာ မဟုတ်ဘူး။ မင်းကတော့ အဲဒါတွေကို မှုတ်‌ထုတ်နေတယ်။ အထူးသဖြင့် သိုင်းပညာလေ့ကျင့်တဲ့သူတွေအတွက်ပဲ”

ချန်းပင်အန်းက ထိတ်လန့်သွားခဲ့ပြီး လေးလေးနက်နက် ပြောလိုက်သည်။

“ကျွန်တော် မှတ်ထားပါ့မယ်…”

အဘိုးအိုက မေးလိုက်၏။

“မိန်းကလေးနင်က ဘာလို့ ရုတ်တရက်ထွက်သွားရတာလဲ။ သူ့ကြောင့် ငါက ငွေ(၁)အိတ် ဆုံးရှုံးလိုက်ရပြီ…”

ချန်းပင်အန်းက အဘိုးအို၏ဘေးတွင် ထိုင်ပြီး ခေါင်းခါပြလိုက်သည်။

“ကျွန်တော်လည်း သေချာမသိဘူး။ မိန်းကလေးနင်က တောင်ကွားတောင်လို့ ခေါ်တဲ့နေရာမှာ တစ်ခုခုလုပ်စရာရှိနေတာပဲ သိတယ်..”

အဘိုးယန်က ခေါင်းညိတ်ပြီး ‌ပြုံးလိုက်သည်။

“တောင်ကွားတောင်…

ငှက်တောင် ဖြတ်မပျံနိုင်တဲ့ နေရာငယ်လေးတစ်ခုပဲ။ အဲဒါက နေရာ(၂)ခုရဲ့ နယ်စပ်လို့လည်း ပြောလို့ရတယ်။ နှစ်ဖက်စလုံးက အချင်းချင်း သွားလာတာကို တားဆီးဖို့အတွက် တာအိုဘိုးဘေးရဲ့တပည့်(၃)ယောက်ထဲက တစ်ယောက်။ ခေါင်းဆောင်တစ်ယောက်က ကမ္ဘာမြေကြီးရဲ့နတ်ဘုရားစွမ်းအားတွေကိုသုံးပြီး အပြင်လူတွေကို ခြိမ်းခြောက်ခဲ့တယ်။ အဆုံးမှာတော့ တောင်ကွားတောင်က ကမ္ဘာလောကကြီးရဲ့ တောင်တံဆိပ်တစ်ခုဖစ်လာတာပဲ။ အဲဒါက အတော်လေးကို လွှမ်းမိုးနိုင်လွန်းတယ်…”

အဘိုးအို၏ စကားလုံးများထဲတွင် ခနဲ့မှုများ၊ စိတ်ပျက်မှုများ ပြည့်နှက်နေခဲ့သည်။ ချန်းပင်အန်းကတော့ အကြောင်းပြချက်ကို မသိခဲ့ချေ။

အဘိုးကြီးယန်က မေးလိုက်၏။

“မင်းက တောင်(၁)တောင်ဝယ်ဖို့ စဉ်းစားထားတာလား…”

ချန်းပင်အန်းက ထိုအဘိုးအို၏ရှေ့တွင် ဉာဏ်ထိုင်းနေသလို ဟန်ဆောင်နေခြင်းမရှိဘဲ ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။

“ကျွန်တော်က တောင်(၅)တောင်ဝယ်ဖို့ စဉ်းစားထားတယ်။ ရတနာတောင်၊ တိမ်တိုက်နီတောင်နဲ့ အင်မော်တယ်မြက်ပင်တောင်၊ အဲဒါတွေက ဆရာရွမ်ရဲ့ တောင်(၃)တောင်အနားမှာလေ။ ပြီးတော့ လော်ပိုတောင်နဲ့ ကျန့်ကျူးတောင်လည်း ပါသေးတယ်…”

အဘိုးအိုက လူငယ်၏စကားကိုကြားဖြတ်၍ ပြောလိုက်၏။

"မင်းက လော်ပိုတောင်ကို ဘာလို့ဝယ်ရတာလဲ။ မင်းကို ဘယ်သူက သဲလွန်စပေးခဲ့တာလဲ၊ ရွမ်ချုံလား။ အဲဒါလည်း မဖြစ်နိုင်ဘူး။ သူက အဲဒီအရာတွေနဲ့ မင်းကို ပတ်သက်စေချင်မှာ မဟုတ်ဘူး…”

ချန်းပင်အန်းက သံသယဝင်စွာ မေးလိုက်သည်။

“လော်ပိုတောင်က တော်တော်ထူးဆန်းလို့လား…”

အဘိုးအိုက ခဏကြာတွေဝေနေခဲ့ပြီး မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်သည်။ သူက ခေါင်းညိတ်ပြလိုက်၏။

“ပိယွင်တောင်နဲ့ အမွှေးတိုင်မီးတောက်တောင်ကလွဲရင် အဲဒီလော်ပိုတောင်က စိတ်ဝင်စားစရာ အကောင်းဆုံးပဲ။ ဒါပေမဲ့ တာ့လီရဲ့မြေပညာရှင် ချင်တျန်းကျန့်ကတောင် အဲဒီ‌အရာကို သေချာသိမှာမဟုတ်ဘူး။ ဒါကြောင့် ဈေးနှုန်းကလည်း သိပ်ပြီးမြင့်မှာမဟုတ်ဘူး။ မင်းကတော့ အကျိုးအမြတ် အကြီးကြီးရသွားပြီ…”

အဘိုးအို၏မျက်လုံးများက အလွန်ထက်မြက်နေပြီး သူ၏လေသံက ပို၍လေးလံနေခဲ့သည်။

“မင်းက ဘာလို့ဝယ်ခဲ့လဲဆိုတာတောင် မပြောရသေးဘူး…”

ချန်းပင်အန်းက အိုးတို့အမ်းတန်း အမူအရာနှင့် ပြောလိုက်၏။

“ကျွန်တော်က မြေပုံကို ကြည့်နေတဲ့အချိန် ကျွန်တော့်ရဲ့ခေါင်းပေါ်ကို ငှက်တစ်ကောင်ပျံသွားပြီး လော်ပိုတောင်ဆိုတဲ့ စကားလုံးပေါ်ကို ငှက်ချေးပါချခဲ့တယ်။ အရင်တုန်းက အဘိုးယောင် ခဏခဏပြောဖူးတယ်လေ။ တောင်တန်းတွေ၊ မြစ်တွေကြားထဲမှာ မမြင်ရတဲ့ နတ်ဘုရားတစ်ပါးရှိတယ်တဲ့။ အဲဒါက ကံကြမ္မာပဲလို့ ကျွန်တော်က ခံစားမိခဲ့တယ်လေ။ အဲဒီအချိန်တုန်းက ကျွန်တော်က ဘယ်တောင်ကို ဝယ်ရမလဲဆ်ုတာ တကယ်မသိခဲ့ဘူး။ ဒါကြောင့် ကျွန်တော်က ဝယ်ဖို့အတွက် ဒီတိုင်းပဲ ဆုံးဖြတ်လိုက်တာ…”

အဘိုးယောင်ဟူသော နာမည်ကိုကြားသည့်အခါ အဖြူရောင်မီးခိုးငွေ့များ၏ နောက်ကွယ်တွင် ရှိနေသော အဘိုးအို၏မျက်လုံးများက အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။ သူက ခေါင်းညိတ်ပြလိုက်၏။

“‌ဒီလိုဆိုရင်တော့ အဓိပ္ပာယ်ရှိပါတယ်လေ…”

ချန်းပင်အန်းက အပြုံးနှင့် မေးလိုက်၏။

“ဆရာရွမ်က အဲဒီတောင်(၅)တောင်ဝယ်ဖို့ ကျွန်တော့်ကို ကူညီပေးမယ်လို့ ကတိပေးထားတယ်။ ဒါဆိုရင် ကျွန်တော်က အကျိုးအမြတ်ရမှာလား…”

အဘိုးကြီးယန်က ခေါင်းညိတ်ပြီး တိုးတိုးလေး ပြောလိုက်သည်။

"မင်းက အကျိုးအမြတ်ရမှာပါ…”

အဘိုးအိုက အနည်းငယ် ရှုပ်ထွေးနေခဲ့၏။ လီကျူးသုခဘုံလေး၏ စည်းမျဉ်းကန့်သတ်ချက်များ မရှိတော့သည့်အတွက် ချန်းပင်အန်း၏ ကံတရားက ဆိုးရာမှ ကောင်းလာ‌ခြင်းပေလော။

ချန်းပင်အန်းက ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားခဲ့၏။

“နဖူးပေါ်မှာ မှဲ့တစ်လုံးရှိတဲ့ ကောင်လေးက သူ့ရဲ့မျိုးရိုးနာမည် ချွေးလို့ ပြောတယ်။ သူ့ရဲ့သိုင်းလောကနာမည်ကတော့ ရှို့ဟူလို့ ခေါ်တယ်။ ကျွန်တော်က သူ့ကို ဆရာဦးလေးလို့ခေါ်နိုင်တယ်လို့တောင် သူက ပြောနေတာ..”

အဘိုးယန်က စကားတစ်ခွန်းမျှပြန်မပြောခဲ့ပေ။

“ထင်ထားတဲ့အတိုင်းပဲ။ တာ့လီတော်ဝင်နန်းဆရာချွေးချန်း…”

သူ့ဆီတွင် တရားဝင်ရာထူးတစ်ခုျမရှိသော်လည်း သူက တာ့လီအင်ပါယာထဲတွင် ရှိနေသော ချီကျင့်ကြံသူများအားလုံး၏ အမည်ခံခေါင်းဆောင်တစ်ယောက်ဖြစ်သည်။ သူက အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ထိပ်တန်းပညာရှင်များထဲမှ တစ်ယောက်ဟုလည်း ဆိုနိုင်၏။ သို့သော် ဆရာဦးလေးဟူသောကိစ္စက မည်သည့်နေရာမှ ရောက်လာခဲ့သနည်း။

အဘိုးအိုက မတ်တပ်ရပ်ပြီး သူ့ကို သတိပေးလိုက်သည်။

“ဆရာချီ မင်းကို ပေးခဲ့တဲ့တံဆိပ်တုံးတွေကို သေချာသိမ်းထား။ အထူးသဖြင့် တိတ်ဆိတ်ခြင်းဆိုတဲ့စကားလုံး ပါနေတဲ့ တံဆိပ်တုံးပဲ။ အဲဒါကို သေချာဖွက်ထား။ ချွေးချန်းမှ မဟုတ်ဘူး။ နောက်ပိုင်း ဘယ်သူပဲတွေ့တွေ့၊ မင်းက မကြောက်နဲ့။ ဒါပေမဲ့ သူတို့ကိုလည်း အလွယ်တကူ ရန်မစမိစေနဲ့…”

“မင်းက တောင်(၅)တောင်ကို အောင်အောင်မြင်မြင် ဝယ်ပြီးသွားပြီဆိုတာ မမေ့ပါနဲ့။ မင်းက တိတ်တိတ်ဆိတ်ဆိတ်နေပြီး မလှုပ်ရှားတာ ပိုပြီးတော့ကောင်းတယ်။ တကယ်လို့ မင်းရဲ့ခြေထောက်တွေကို ငြိမ်နေမယ်ဆိုရင်တောင် ဘာမှမှားမှာ မဟုတ်ဘူး”

ချန်းပင်အန်းက သေချာစဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။

“ကျွန်တော် အဲဒါကို သေချာမှတ်ထားပါ့မယ်…”

Translated by Hein Htet

All Chapters