အခန်း (၈၂)
Vol. 6 Ch. 82
ကျဉ်းမြောင်းပြီး မည်းမှောင်နေသော ရွှံ့ပုလင်းလမ်းကြားထဲမှ ထွက်လာပြီး ကျယ်ဝန်း တောက်ပသည့် အာလန်လမ်းကြားထဲသို့ လျှောက်ဝင်လာသည်ကို လျင်မြန်စွာ မြင်တွေ့လိုက်ရသော လူငယ်၏ ခြေလှမ်းများက မှုန်ဝါးနေခဲ့သည်။ သူ၏အင်္ကျီလက်ထဲတွင်တော့ ရွှံ့ပုလင်းလမ်းကြား၏ နံရံထဲမှ ခိုးယူလာသော နှစ်သစ်ကူးစာသားများကို ကိုင်ထားခဲ့သည်။
ထိုအချိန်တွင် အကြံပေးရုံးတော် တည်ဆောက်သည့်နေရာတွင် ရှိနေရမည့် အရပ်ရှည်ရှည် လူငယ်က တံခါးအပြင်ဘက်တွင် ရပ်နေခဲ့၏။ သူက အချိန်တော်တော်ကြာ စောင့်နေပုံရပြီး မျက်လုံးမှိတ်၍ အသက်ကို ဖြည်းညင်းစွာရှူနေခဲ့၏။
ခြေသံကိုကြားသည့်အချိန်တွင် သူက မျက်လုံးဖွင့်ကြည့်လိုက်ရာ အလွန်ရင်းနှီးသော်လည်း ထူးဆန်းနေသည့် လူငယ်ကို မြင်လိုက်ရသည်။ သူက လျင်မြန်စွာ ပြန်လှည့်လာပြီး လက်နောက်ပစ်၍ ရပ်လိုက်၏။ သူက တလေးတစား ခေါ်လိုက်သည်။
"ဆရာ..."
လူငယ်က ဝူယွမ်၏လက်ထဲသို့ နှစ်သစ်ကူးစာသားများ ထည့်ပေးလိုက်သည်။ ထို့နောက် သော့တစ်ချောင်း ထုတ်ပြီး တံခါးကိုဖွင့်လိုက်၏။ သူက တံခါးထဲသို့ ဝင်တော့မည့်အချိန်တွင် နောက်ကို ခြေတစ်လှမ်းဆုတ်လိုက်ပြီး တံခါးကို ပြန်ပိတ်လိုက်သည်။
ဝူယွမ်ကတော့ သူ့ဆရာ၏နောက်ကျောကို ဝင်တိုက်မိမလို ဖြစ်သွားခဲ့၏။ လုံချွမ်တိုင်းပြည်မှ အရာရှိက နောက်ကို အလျင်အမြန် ပြန်ဆုတ်လိုက်ရပြီး သူ့ဆရာ၏ အပြုအမူကြောင့် ဇဝေဇဝါ ဖြစ်နေပုံရသည်။
ချွေးချန်းဟုခေါ်သော လူငယ်က လက်ပိုက်ပြီး တံခါးနတ်ဘုရား ပန်းချီကားတစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
"မင်း ယောက္ခမရဲ့ဘိုးဘေးကို ဒီမှာချိတ်ထားတယ်။ ဒါက အရမ်းအံ့ဩစရာ မကောင်းဘူးလား…"
ထိုကဲ့သို့ အိုးတို့အန်းတန်း စကားပြောဆိုမှုကြောင့် ဝူယွမ်က အနည်းငယ် ခေါင်းကိုက်နေခဲ့သည်။ သူက ယောက္ခမနှင့် ကောင်းမွန်သော ဆက်ဆံရေး မရှိသော်လည်း သူနှင့် ယခုထိ လက်မထပ်ရသေးသော ဇနီးလောင်းတို့က အချင်းချင်း အမှန်တကယ် သဘောကျနေကြသည်။
သူတို့က မြို့တော်ထဲတွင် နာမည်ကျော် စုံတွဲတစ်ခုလည်း ဖြစ်ခဲ့၏။ အထူးတလည် ပြောရမည်ဆိုလျှင် ကဗျာစာပေ ကျွမ်းကျင်သော ဟန်ကလန်မှ ချောမောခန့်ညားသည့် စာသင်သားက မြို့တော်သို့ ရောက်လာခဲ့သော်လည်း နန်းတွင်းစာမေးပွဲတွင် ကျရှုံးခဲ့သည်။ သို့သော် သူက မိန်းမလှလေး၏ နှလုံးသားကိုတော့ အနိုင်ရခဲ့၏။
မည်သူကမျှ ထိုမင်္ဂလာပွဲနှင့် ပတ်သက်ပြီး အကောင်းမြင်စိတ်မရှိသည့် အခြေအနေမျိုးတွင် သူကတော့ တခဏအတွင်း တာ့လီတော်ဝင်နန်းဆရာ၏ တပည့်တစ်ယောက် ဖြစ်လာခဲ့သည်။ သူ့နာမည်က နန်းတွင်းထဲကို တုန်လှုပ်သွားစေနိုင်ပြီး လူတိုင်း ချီးကျူးရသည့် ပုံပြင်တစ်ပုဒ် ဖြစ်လာခဲ့၏။
ထိုအရာကို ရှင်ဘုရင်ကပင် သတိထားမိသွားပြီး ဝူယွမ်ကို နန်းတွင်းထဲသို့ ဆင့်ခေါ်ခဲ့သည်။ နောက်ပိုင်း ယောက္ခမလောင်းက ဝူယွမ်ကို မျက်စိမှိတ်ထားပေးလိုက်ပြီး သူ့သမီးရှေ့တွင် ထပ်မံခြိမ်းခြောက်ခဲ့ခြင်း မရှိတော့ချေ။
ချွေးချန်းက တံခါးထဲကိုဝင်လာပြီး အေးအေးဆေးဆေး ပြောလိုက်၏။
"ငါက မေးခွန်းတစ်ခုကို စဉ်းစားနေတာ...။ ငါတို့ ကွန်ဖြူးရှပ်ကျောင်းတွေမှာ ‘အမှန်တရားကို လှိုက်လှိုက်လှဲလှဲ ယုံကြည်ရမယ်’၊ ‘ကောင်းမှုကုသိုလ် လုပ်ဆောင်ရမယ်’၊ ‘ကမ္ဘာကြီးကို အုပ်ချုပ်ရမယ်’ဆိုပြီး သစ္စာဆိုကြရတယ်။ အဲဒီအရာကို အခုချိန်ထိ နားလည်ဖို့ အခွင့်အရေးရှိမရှိတော့မသိဘူး…"
ဝူယွမ်က တိုးတိုးလေး မေးလိုက်သည်။
"ဆရာ…
ဆရာ့ဆီမှာ အဖြေတစ်ခုရှိတယ် မဟုတ်လား…"
ချွေးချန်းက အပြုံးနှင့် ပြောလိုက်၏။
"အဲဒါက တော်တော်ခက်တယ်…"
ဝူယွမ်လည်း ပြန်ပြောစရာစကား မရှိခဲ့ချေ။
ချွေးချန်းက အပြုံးနှင့် မေးလိုက်၏။
"မင်းက အသုံးမဝင်တဲ့ မေးခွန်းတစ်ခုကို မေးလိုက်တယ်လို့ ထင်နေတာလား…"
ဝူယွမ်က ရိုးရိုးသားသား ပြန်ဖြေလိုက်သည်။
"နည်းနည်းပါပဲ…"
ဆရာနှင့်တပည့်၏ စကားပြောဆိုမှုက အလွန်ထူးဆန်းနေသည့်အတွက် ချွေးချန်းက ဒေါသထွက်နေခဲ့ခြင်း မရှိချေ။ သူက ဝူယွမ်ကိုကြည့်ပြီး နောင်တရစွာ ပြောလိုက်၏။
"ဒီကမ္ဘာကြီးထဲမှာ ရလဒ်က အဖိုးမတန်နိုင်တော့တဲ့ကိစ္စတွေ အများကြီးရှိတယ်။ အဓိကကတော့ ဖြစ်စဉ်ကပဲ အရေးပါသွားတာကြောင့်ပဲ..."
ဝူယွမ်က အားတင်းပြီး မေးလိုက်၏။
"ဆရာ ကျွန်တော်ကို ဥပမာတစ်ခုပေးလို့ရလား…"
ချွေးချန်းက ဝူယွမ်ကို စားပွဲဆီသို့ခေါ်သွားပြီး ပြောလိုက်သည်။
"ဥပမာအနေနဲ့ ပြောရရင် မင်းနဲ့ယွမ်ရှန့်ကျူးတို့ပေါ့။ အခု မင်းတို့က အချင်းချင်း ချစ်မြတ်နိုးနေကြတယ်။ မင်းက သူ့လက်ကို ကိုင်ထားနိုင်ရင် အရမ်းပျော်ရွှင်နိုင်တယ်။ နောက်ဆုံး မင်းက သူနဲ့လက်ထပ်ပြီး မင်္ဂလာခုတင်ပေါ် ရောက်သွားတဲ့ အချိန်ကျရင်လည်း ပျော်ရွှင်နေဦးမှာပဲ…"
ချွေးချန်းက ဝူယွမ် ထိုင်ရန်အတွက် နေရာတစ်ခု ပေးလိုက်ပြီး မတ်တပ်ရပ်၍ ဆိုင်းဘုတ်ပြားတစ်ခုကို မော့ကြည့်လိုက်သည်။ သူက ပြောလိုက်၏။
"ဒါပေမဲ့ မင်းကတော့ ယွမ်မိသားစုရဲ့အကြီးဆုံးသမီးနဲ့ လက်ထပ်မဲ့ အခွင့်အရေးကိုတော့ လက်လျော့လိုက်တယ်။ ဘာလို့လဲဆိုတော့ ပျင်းစရာကောင်းတဲ့ ရလဒ်ကြောင့်ပဲ မဟုတ်လား…"
ထိုအရာက အဓိကပြောချင်နေသော အရာမဟုတ်ကြောင်း ချွေးချန်းကိုယ်တိုင်လည်း ခံစားမိနေခဲ့သည်။
"နောက်ထပ်ကိစ္စတစ်ခု ထပ်ပြောကြမယ်။ ကျင့်ကြံခြင်းကိုပဲ ဥပမာအနေနဲ့ သတ်မှတ်လိုက်...။ သာမန်ချီကျင့်ကြံသူတွေရဲ့ ရည်ရွယ်ချက်က သေချာပေါက် အလယ်ဘုံ (၅) ဆင့်ပဲ။ ပါရမီရှိတဲ့သူတွေကပဲ အထက်ဘုံ (၅) ဆင့်ကို ရွေးချယ်ကြလိမ့်မယ်…”
“နောက်ထပ် ဥပမာတစ်ခုကတော့ အရာရှိတစ်ယောက်ပဲ။ ရည်မှန်းချက် နည်းတဲ့သူကတော့ အဆင့်နိမ့် အရာရှိအဖြစ်ပဲ ရည်မှန်းထားကြလိမ့်မယ်။ ပိုပြီးတော့ ရည်မှန်းချက်ကြီးတဲ့သူတွေကတော့ အဆင့်မြင့်အရာရှိဖြစ်ဖို့အတွက် မျှော်မှန်းထားကြလိမ့်မယ်။ ပြီးတော့ တောင်ထိပ်ပေါ်ကို တက်လှမ်းရတဲ့ ခရီးအရှည်ကြီးမှာ လူပေါင်းများစွာက တောင်ထိပ်ပေါ်မှာရှိတဲ့ မြင်ကွင်းတွေကိုပဲ မော့ကြည့်နေကြတာ...။ သူတို့ရဲ့ ပတ်ပတ်လည်မှာ စိမ်းလန်းစိုပြေနေတဲ့ သစ်ပင်တွေ၊ သူတို့ခြေထောက်အောက်မှာရှိတဲ့ ပန်းပွင့်လေးတွေရဲ့ အလှတရားကိုတော့ မမြင်နိုင်ကြဘူး။ တကယ်လို့ သူတို့က မြင်နိုင်ကြတယ်ဆိုရင်တောင် အဲဒီအရာတွေကို ကြည့်ရှုခံစားဖို့ ရပ်တန့်ကြမှာ မဟုတ်ဘူး။ ဒါကြောင့် သူတော်စင်တွေ သင်ကြားပေးတဲ့အရာတွေက အကျိုးမဲ့သက်သက်ပဲ။ ဒီကမ္ဘာကြီးထဲမှာ လှပတဲ့အရာတွေ အများကြီးရှိတယ်…"
ဝူယွမ်က လေးလေးနက်နက် စဉ်းစားကြည့်နေခဲ့သည်။
ချွေးချန်းက ရုတ်တရက် ရယ်လိုက်၏။
"မင်းက ဒီလိုအကျိုးမရှိတဲ့စကားကိုတောင် ယုံတာပဲလား။ ဒီကမ္ဘာကြီးထဲမှာ ပျင်းစရာ အကောင်းဆုံးအရာကတော့ ယုတ္တိဗေဒပဲ…"
ဝူယွမ်က မသက်မသာ ပြောလိုက်ရသည်။
"အရင်တုန်းကဆိုရင်တော့ ကျွန်တော်က ဒီလိုပြဿနာမျိုးကို လေးလေးနက်နက် စဉ်းစားမှာ မဟုတ်ဘူး။ ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ဆရာက တံခါးပိတ်လေ့ကျင့်နေရာကနေ ထွက်လာတယ်။ ပြီးတော့ ပထမဆုံး ဒီဝတ်စုံကို ပြောင်းလဲခဲ့တယ်။ ပြီးတော့ အကြောင်းပြချက်မရှိဘဲ မိတ်ဆွေကောင်းတစ်ယောက်နဲ့ တွေ့ဖို့အတွက် ဒီမြို့ငယ်လေးကို ရောက်လာခဲ့တယ်။ ဒီတော့ ကျွန်တော်လည်း သေချာမပြောတတ်တော့ဘူး…"
ချွေးချန်းက ရယ်လိုက်ပြီးနောက် ထိုင်ခုံပေါ်တွင် ပျင်းရိစွာ မှီနေခဲ့သည်။
"ငါတို့ပြောနေတဲ့ စည်းမျဉ်းနိယာမတွေအားလုံးက အပိုတွေပဲ။ ငါက ဗဟုသုတထက် အောင်မြင်မှုကို ပိုပြီးတန်ဖိုးထားပေမယ့် ဗဟုသုတက မလိုအပ်တာလည်း မဟုတ်ဘူး။ ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ သာမန်လူတစ်ယောက်က တစ်စုံတစ်ခုကို ရရှိဖို့အတွက် ကြိုးစားအားထုတ်နေမယ်ဆိုရင်တောင် သူ့မှာ ပါရမီနဲ့ပတ်သက်ပြီး ပြောဖို့အခွင့်အရေးမရှိဘူး…"
ချွေးချန်းက ထိုင်ခုံလက်ရန်းကို လက်ချောင်းလေးများနှင့် ဖြည်းညင်းစွာ ပုတ်နေခဲ့သည်။ သူ့မျက်နှာက တည်ငြိမ်အေးချမ်းနေပြီး သူက အပြုံးနှင့် ပြောလိုက်၏။
"အမှန်တကယ် ကြိုးစားနေတဲ့သူတွေကပဲ ပါရမီရှင်တွေနဲ့ ယှဉ်လိုက်မယ်ဆိုရင် စိတ်ဓာတ်ကျတယ်ဆိုတဲ့ ခံစားမှုတွေကို သိကြတာ...။ အဲဒီအချိန်ကျရင်တော့ သူတို့က ရုတ်တရက် နိုးထလာပြီး အဲဒီပါရမီရှင်တွေကို တကယ်မယှဉ်နိုင်ဘူးဆိုတာ ကိုယ့်ကိုယ်ကိုယ် နားလည်သွားကြလိမ့်မယ်…"
ဝူယွမ်က ပြုံးလိုက်၏။
"ဒါဆိုရင် အရှေ့ပိုင်းကုန်းမြေကြီးထဲမှာရှိတဲ့ ကျားကစားသမားတွေ အားလုံးကလည်း ဆရာနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာ အဲဒီလိုစိတ်အခြေအနေမျိုး ရှိနေလောက်တယ်…"
ချွေးချန်းက ရှုံ့မဲ့သွားခဲ့သည်။
"ဒါပေမဲ့ တချို့ကိစ္စတွေမှာတော့ ငါ့လို ပါရမီရှင်တစ်ယောက်ကလည်း အဲဒီလူတွေကို ပြန်ပြီးတော့ ကြည့်ရတာပဲလေ…"
ဝူယွမ်က ခေါင်းခါပြလိုက်၏။
"ကျွန်တော်တော့ အဲဒါကိုမယုံဘူး…"
ချွေးချန်းက တရားမျှတမှုများ ပြည့်နှက်နေပုံရသော ကြီးကြပ်သူကို လက်ညှိုးထိုးလိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"တပည့်လေးဝူ …
ဒီလိုရန်စတဲ့နည်းလမ်းမျိုးက တော်တော်လေးကို ကိုးရို့ကားရားနိုင်တယ်…"
ဝူယွမ်က ရယ်လိုက်ပြီး လက်သီးဆုပ်၍ တောင်းပန်လိုက်သည်။
"ဆရာ့ရဲ့အမြင်အာရုံက တော်တော်စူးရှပါတယ်…"
ဝူယွမ်၏မျက်လုံးထောင့်တွင်တော့ သူက သလင်းကျောက်ကဲ့သို့ ကြည်လင်နေသော အသားအရေ ရှိနေသည့် သစ်သား လူငယ်လေးတစ်ယောက်ကို ရံဖန်ရံခါ မြင်နေရသည်။
သူက ငြိမ်သက်နေပုံရပြီး မျက်လုံးများကတော့ ဗလာဖြစ်နေ၏။ သူက ခြံဝန်းနှင့် မလှမ်းမကမ်းတွင် ရှိနေသော ခုံတန်းရှည်တစ်ခုတွင် ထိုင်နေခဲ့သည်။ သူ့လက်ကိုတော့ ဒူး (၂) ဖက်ပေါ်သို့ ညင်သာစွာ တင်ထားပြီး ခေါင်းကို အနည်းငယ် မော့ထား၏။ သူ့ပုံစံက ရေတွင်းထဲတွင် ရှိနေသော ဖားတစ်ကောင်ကဲ့သို့ ဖြစ်နေသည်။
အမှန်အတိုင်း ပြောရလျှင် ဝူယွမ်က အခန်းထဲသို့ဝင်လာခဲ့ပြီး သူ့ကို မြင်လိုက်ရသည့် အချိန်တွင် တစ်ကိုယ်လုံး မသက်မသာ ခံစားနေခဲ့ရသည်။ သို့သော် သူ့ဆရာက အရင်ဆုံး ထုတ်မပြောသည့်အတွက် သူလည်း မည်သည့်အရာမျှ မမေးချင်ခဲ့ပေ။
ဝူယွမ်က စားပွဲပေါ်တွင် ရှိနေသော နှစ်သစ်ကူးစာသားများကို ကြည့်လိုက်၏။ သူက တစ်ခုကို ယူကြည့်လိုက်ပြီး သေသေချာချာ လေ့လာနေခဲ့သည်။ သူက ခေါင်းမော့ပြီး မေးလိုက်၏။
"ဆရာ …
ဒီစာသားတွေကို ဘယ်သူရေးထားတာလဲ။ ဒီလူက တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတယ်…"
ချွေးချန်းက သန်းဝေလိုက်ပြီး ပို၍သက်သောင့်သက်သာရှိသော ပုံစံမျိုး ပြောင်းလဲလိုက်သည်။
"အချိန်အတိုင်းအတာတစ်ခုအထိတော့ သူ့ကို စုန့်ကျိရှင်းလို့ပဲ ခေါ်လို့ရသေးတယ်။ ဒါပေမယ့် နှစ်အနည်းငယ် အတောအတွင်း သူက နန်းတွင်းမှတ်တမ်းထဲမှာ စုန့်မူဆိုတဲ့ နာမည် ပြန်ပြောင်းသွားလိမ့်မယ်…"
ထိုစာသားများက အလွန်ပြဿနာများသည်ဟု ဝူယွမ်က ချက်ချင်း ခံစားမိခဲ့သည်။ သူက မနေနိုင်တော့ဘဲ မေးလိုက်မိ၏။
"ဆရာ …
ဒီစာသားတွေကို ဘာအတွက် လိုချင်နေတာလဲ…"
ချွေးချန်းက ပြုံးလိုက်သည်။
"ဒါက မင်းရဲ့ဆရာတူအစ်ကိုကြီးကို အမြင်ကျယ်လာအောင်လို့ပါ။ မဟုတ်ရင် ငါက အသက်ကြီးနေလို့ သူ့ထက်ပိုပြီး ကောင်းကောင်းရေးနိုင်တာလို့ သူက အမြဲတမ်း ပြောနေတာလေ။ ဒါပေမဲ့ အခုတော့ ဒီစာသားတွေကို သူ့ရဲ့အမွှာညီလေးက ရေးထားတာ...။ သူ့မှာ ဆင်ခြေပေးစရာ မရှိတော့ဘူးလို့ ထင်တာပဲ…"
ဝူယွမ်က ခဏကြာစဉ်းစားပြီး ရယ်ချင်စိတ်ကို ထိန်းထားလိုက်သည်။ သူက တိုးတိုးလေး ပြောလိုက်၏။
"ဥပမာအနေနဲ့ပြောရရင် စုန့်ကျိရှင်းက တောအရပ်မှာပဲ နေပြီး တစ်နေ့လုံး ဘာမှလုပ်စရာမရှိဘူး။ သူက လက်ရေးအတတ်ပညာ လေ့ကျင့်မှုကိုပဲ အလေးထားတယ်။ ဒါကြောင့် သူက ကြိုးစားအားထုတ်ပြီး ပါရမီကို ဖြည့်ဆည်းနိုင်တယ်။ ဒါကြောင့် သူ့ရဲ့လက်ရေးအတတ်ပညာက ပိုပြီးတော့ ကောင်းလာတာလား…"
ချွေးချန်းက ထိတ်လန့်သွားခဲ့သည်။
"အဲဒါက အလုပ်ဖြစ်လို့လား…"
ဝူယွမ်က အပြုံးနှင့် ခေါင်းညိတ်ပြလိုက်၏။
"ဆရာတူအစ်ကိုက အဲဒါကို လက်ခံနိုင်ပါလိမ့်မယ်…"
ချွေးချန်းက ခေါင်းခါပြလိုက်သည်။
"မင်းက ဘယ်လောက်ပဲပြောပြော မင်းပြောတဲ့စကားက မလုံလောက်သေးဘူး။ စည်းမျဉ်းက စည်းမျဉ်းပဲ…"
ဝူယွမ်က ထိုစာသားများကို စားပွဲပေါ်သို့ပြန်တင်ပြီး အေးအေးဆေးဆေး မေးလိုက်၏။
"ဆရာ …
ဆရာ့ရဲ့ဆရာက တော်တော်လေး စည်းကမ်းတင်းကျပ်ခဲ့တာဖြစ်မယ်…"
သူ့ဆရာ၏ဆရာက မည်သူဖြစ်ကြောင်း ဝူယွမ် လုံးဝမသိခဲ့ချေ။ သူ့ဆရာ၏ နောက်ကြောင်းကိုပင် သေချာမသိခဲ့ချေ။ တာ့လီတွင် ထိုအကြောင်းအရာကို သိသည့် လူအရေအတွက်က လက်ချိုးရေတွက်၍ ရနိုင်၏။
ချွေးချန်းက ရုတ်တရက် မတ်မတ်ထိုင်ပြီး ပြောလိုက်သည်။
"အဲဒါမှားတယ်။ ဆရာ ငါ့ကို သင်ပေးခဲ့တဲ့အချိန်မှာ ငါ မင်းကိုသင်ပေးတဲ့အချိန်နဲ့ အတူတူနီးပါးလောက်ပဲ။ ဒါကြောင့်လည်း သူ့ရဲ့နောက်ခံကို မေ့သွားတဲ့ ကျောင်းသားတစ်ယောက်ပဲ ဖြစ်ရမယ်လို့ ငါ့ရဲ့ဆရာက ငါ့ကို သင်ကြားပေးခဲ့တာ...။ ဟုတ်တယ်။ သူက သူ့ရဲ့ဆရာကို လှည့်စားပြီး သူ့ရဲ့ဘိုးဘေးတွေကိုတောင် ဖျက်ဆီးပစ်ခဲ့တာ..."
ဝူယွမ်ကတော့ ခေါင်းထဲတွင် မူးသွားသလို ခံစားလိုက်ရသည်။
ချွေးချန်းက တည်ငြိမ်စွာ ပြောလိုက်၏။
"မင်း နားကြားလွဲတာ မဟုတ်ဘူး…"
ချွေးချန်းက ထပ်ပြောလိုက်သည်။
"ငါက ပညာသင်ကြားနေတဲ့အချိန်မှာ အခုလိုမျိုး မဟုတ်ခဲ့ဘူး။ အသိပညာနဲ့ ကောင်းမှုဆိုတဲ့ အရာတစ်ခုခုကိုပဲ ပြောရဲခဲ့တာ...။ ငါ့ဆရာ ငါ့ကို ဆုအဖြစ်ပေးခဲ့တဲ့ စကားလုံးတွေ ရှိတယ်။ သာမန်လူသားတွေ မျိုးဆက်ပြတ်တောက်မှုရဲ့ အဓိကတရားခံဆိုတဲ့ စကားလုံးပဲ…"
ချွေးချန်းက ပို၍ မတ်မတ်ထိုင်လိုက်ပြီး သူ့တပည့်၏ မျက်လုံးထဲကို တည့်တည့်စိုက်ကြည့်လိုက်သည်။
"ဒေါသထွက်စရာအကောင်းဆုံးအရာက ဘာလဲ မင်းသိလား။ အဲဒါက ငါ့ဆရာပဲ။ ငါက ခေါင်းစဉ်တစ်ခုခုကို ပြောနေတဲ့အချိန်မျိုးမှာ သူက ငါပြောပြီးတဲ့အထိ မစောင့်ဘဲ အမြဲတမ်း ငါ့စကားကို ကြားဖြတ်ပြောခဲ့တယ်။ စာပေသင်ကြားမှုနဲ့ ပတ်သက်ပြီး စည်းကမ်းကြီးတယ်လို့ နာမည်ကြီးတဲ့ ငါ့ဆရာက ငါ့ရဲ့မေးခွန်းကို ပြန်ဖြေဖို့အတွက် တစ်ရက်တောင် မစဉ်းစားခဲ့ဘူး။ သူက (၂) နာရီ ဒါမှမဟုတ် အမွှေးတိုင်တစ်တိုင်စာ အချိန်တောင် မယူဘဲ ငါ့ကိုပြန်ပြောခဲ့တယ်။ ငါ့ဆီမှာ ဆရာတူညီတစ်ယောက်ရှိတယ်။ သူက ငါ့ဆရာကို မေးခွန်းတစ်ခု မေးလိုက်တဲ့အချိန်တိုင်း ငါ့ဆရာက သူ့ကို အမြဲတမ်း သေသေချာချာ ရှင်းပြတယ်။ သူ့က အချိန်အကြာကြီး လေ့လာနေသလိုမျိုးပဲ။ သူက နည်းနည်းလေး မှားသွားမှာကိုတောင် ကြောက်နေခဲ့တယ်။ တစ်ကြိမ်တုန်းကဆိုရင် ငါ့ဆရာက သူ့ရဲ့မေးခွန်းကိုပြန်ဖြေဖို့အတွက် အချိန်ဘယ်လောက်ကြာလဲ မင်းသိလား…"
ချွေးချန်းက လက်တစ်ချောင်း ထောင်ပြလိုက်သည်။ ဝူယွမ်က သူ တတ်နိုင်သမျှ စဉ်းစားပြီး ပြန်ဖြေလိုက်၏။
"တစ်လလား ဆရာ..."
ထိုအချိန်တွင် တာ့လီတော်ဝင်နန်းဆရာက အလွန်ထူးဆန်းသော မျက်နှာအမူအရာမျိုး ရှိနေခဲ့သည်။ သူကတော့ မပြုံးမရယ်သော အမူအရာနှင့် ပြောလိုက်၏။
"(၁၀) နှစ်..."
ဝူယွမ်က တံထွေးကို မျိုချလိုက်မိပြီး နောက်ထပ်စကားတစ်ခုမျှ မပြောရဲတော့ပေ။
ချွေးချန်းက အသက်ကို ပြင်းပြင်းရှူလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် လှောင်သလို ပြောလိုက်၏။
"တကယ်လို့ ငါ့မိတ်ဆွေဟောင်းတွေရဲ့ ပုံပြင်ဒဏ္ဍာရီတွေက စာအုပ်အပုံကြီးလို ဖြစ်နေရင်တောင် ကိစ္စမရှိဘူး။ ဒါပေမဲ့ ငါက ဘာလုပ်နိုင်မှာလဲ…"
ချွေးချန်းက မတ်တပ်ရပ်လိုက်ပြီး အလွန်ရှုပ်ထွေးသော ခံစားချက်များကို ဖယ်ရှားလိုက်သည်။ သူက ဝူယွမ်ကို ပြောလိုက်၏။
"ဒီနေ့ ငါ မင်းကို ဒီနေရာ လာခိုင်းလိုက်တယ်ဆိုတာ လူတစ်ယောက်နဲ့ တွေ့စေချင်လို့ပဲ။ ငါ့မှာ လုပ်စရာကိစ္စတစ်ခုရှိတယ်။ မင်းက တံခါးမှာ သွားစောင့်နေလိုက်ဦး…"
ဝူယွမ်က မတ်တတ်ရပ်လိုက်ပြီး ထွက်သွားခဲ့သည်။
ချွေးချန်းကတော့ အလွန်ချောမောခန့်ညားသော ရုပ်ရည်ရှိနေသည့် လူငယ်၏အနားသို့ လျှောက်သွားခဲ့၏။ သူက သူ့ဘေးတွင် ထိုင်လိုက်ပြီး ဟာကွက်တစ်ခုကို ရှာနေသည့်အလား မေးစေ့ကို လက်နှင့်ပွတ်နေခဲ့သည်။
ကြယ်ရောင်များ တလက်လက် တောက်ပနေသည့်အချိန်တွင် ဝူယွမ်က ဝါးဦးထုပ် ဆောင်ထားသော လူတစ်ယောက်နှင့်အတူ ခန်းမထဲသို့ ပြန်ဝင်လာခဲ့သည်။ ထို့နောက် ချွေးချန်းက မတ်တပ်ရပ်လိုက်ပြီး သူတို့ (၂) ယောက်ကို ပြောလိုက်၏။
"ငါတို့က တစ်လှေတည်း စီးနေတာပဲ။ အေးအေးဆေးဆေး ထိုင်လို့ရတယ်…"
ထိုလူ ထိုင်လိုက်ပြီးနောက် သူက ဝါးဦးထုပ်ကို ညင်သာစွာ ချွတ်လိုက်ရာ ချောမောခန့်ညားသော်လည်း ဖြူဖပ်ဖြူရော်ဖြစ်နေသည့် မျက်နှာလေးတစ်ခု ပေါ်လာခဲ့သည်။ သူ့ပုံစံက ဆိုးဆိုးဝါးဝါး ဒဏ်ရာရထားသည့်အလား ဖြစ်နေခဲ့၏။ သူက ဆက်တိုက် ချောင်းဆိုးနေပြီး သူ့ဆီမှ သွေးရနံ့များ ထွက်နေခဲ့သည်။
ဝူယွမ်က မျက်နှာပျက်သွားခဲ့၏။
"ကန်ကြည့်ကျောင်းတော်က ချွေးမင်ဟွမ်လား…"
ထို့နောက် ဝူယွမ်က သူ့ဆရာကို လျင်မြန်စွာ လှည့်ကြည့်လိုက်သည်။
"ချွေးချန်း ၊ ချွေးမင်ဟွမ် တာ့လီတော်ဝင်နန်းဆရာ ၊ ကန်ကြည့်ကျောင်းတော် ဖြစ်နိုင်တာက..."
ဝူယွမ်က တစ်ကိုယ်လုံး ကြက်သီးမွေးညင်းထသွားခဲ့ပြီး ရင်ထဲတွင် တုန်လှုပ်သွားခဲ့သည်။ သူက ထိုအိမ်ထဲမှ အသက်ရှုရပ်သွားမှာကိုပင် စတင်စိုးရိမ်လာခဲ့၏။
သူ့ဆရာက လူသတ်သည့်အချိန်တွင်ပင် သူ၏လုပ်ဆောင်မှုက စည်းမျဉ်းများအတိုင်းသာ လိုက်နာတတ်သည်။ သို့သော် ပြဿနာကတော့ တာ့လီအင်ပါယာတွင် ရှိနေသော မည်သည့်ရန်သူကမျှ သူ့ဆရာ၏ စည်းမျဉ်းများကို နားမလည်နိုင်ကြပေ။ ဝူယွမ်ကဲ့သို့ တပည့်အရင်းတစ်ယောက်ကပင် သူ့ဆရာ၏အတွေးကို အမှန်တကယ် နားလည်နိုင်သည်ဟု မတွေးရဲချေ။
ချွေးချန်းက လူငယ်၏ဘေးတွင် ရှိနေသော ထိုင်ခုံဆီသို့ ရွှေ့လိုက်သည်။ သူက ဝူယွမ်နှင့် ချွေးမင်ဟွမ်တို့ကို နောက်ကျောပေးထားပြီး အပြုံးနှင့် ပြောလိုက်၏။
"ဘာမှစိုးရိမ်မနေနဲ့။ မင်းတို့တွေထဲက တစ်ယောက်က ငါ လေးစားရတဲ့ကလန်ရဲ့ မျိုးဆက်တစ်ယောက်...။ တခြားတစ်ယောက်ကတော့ ငါ့ရဲ့အမွေအနှစ်ကို ဆက်ခံမယ်လို့ မျှော်လင့်ထားတဲ့ ငါ သဘောအကျဆုံး တပည့်တစ်ယောက်ပဲ။ ဒါကြောင့် မင်းတို့ (၂) ယောက်က အချင်းချင်း ခန့်မှန်းနေစရာ မလိုဘူး။ ကောင်းကောင်းမွန်မွန် စကားပြောကြည့်လို့ရတယ်…"
ဝူယွမ်က အားတင်းပြီး မေးလိုက်သည်။
"ဆရာ …
ဒါဆိုရင် ဆရာကရော ချွေးကလန်ကလား…"
ချွေးချန်းက သူ့ကို လျစ်လျူရှုထားခဲ့၏။
ချွေးမင်ဟွမ်က မချိပြုံးပြုံး၍ ပြောလိုက်သည်။
"ငါ့ရဲ့ဘိုးဘေးလေးက ချွေးကလန်ကနေ မောင်းထုတ်ခံခဲ့ရတာ တော်တော်လေးကို ကြာခဲ့ပြီ။ သူက ငါတို့ကို သီးသန့်ဘိုးဘေးခန်းမထဲမှာ နေထိုင်ဖို့ အမိန့်ပေးထားပြီး သီးခြားအုတ်ဂူနဲ့ သေဖို့တောင် အမိန့်ပေးထားခဲ့တယ်…"
ဝူယွမ်က မျက်နှာပျက်နေပြီး ခံစားချက်များကလည်း မသေချာပေ။
ပြန်လှည့်မကြည့်သော ချွေးချန်းက အပြုံးနှင့် ပြောလိုက်၏။
"ဘာမှမစိုးရိမ်ပါနဲ့။ ငါတို့ရဲ့ဘုရင်ကြီးက စလာကတည်းက အဲဒီအတိတ်တွေအားလုံးကို သိထားခဲ့ပြီးသားပါ။ ဪ... ဒါနဲ့ ချွေးမင်ဟွမ် .. ဝူယွမ်ရဲ့မေးခွန်းတွေအားလုံးကို မချွင်းမချန် ပြန်ဖြေပေးလိုက်ပါ…"
ဝူယွမ်က ချက်ချင်းပင် စိတ်ဝင်စားလာပြီး အရေးကြီးဆုံးမေးခွန်းကို တိုက်ရိုက် မေးလိုက်သည်။
"ချီကျင့်ချွန်ရဲ့သေဆုံးမှုက ဆရာ လုပ်လိုက်တာလား…"
ချွေးချန်းက ထိုစကားကို မပြောချင်ခဲ့ပေ။
ချွေးမင်ဟွမ်၏ အမူအရာကတော့ ပုံမှန်သာ ဖြစ်ပြီး ပြန်ဖြေလိုက်၏။
"ချီကျင့်ချွန်က ချောက်ကမ်းပါးကျောင်းတော်ကနေ လျှို့ဝှက်စာတစ်စောင်ရခဲ့တယ်။ အဲဒီစာကို ရေးတဲ့သူက ကျောင်းတော်တစ်ခုထဲမှာ ချုပ်နှောင်ခံထားရတဲ့ ချီကျင့်ချွန်ရဲ့ဆရာ တကယ်သေသွားပြီလို့ ချီကျင့်ချွန်ကို ပြောထားတယ်.."
ဝူယွမ်က မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုအရာက သူ လုံးဝ မကြားခဲ့ဖူးသော ဧရာမလျှို့ဝှက်ချက်ကြီးတစ်ခု ဖြစ်သည်။ ဖြစ်နိုင်ခြေရှိနေသည်မှာတော့ ကွန်ဖြူးရှပ်ကျောင်းတော်ကြီး (၃) ခုနှင့် ကျောင်းတော် (၇၂) ခု၏ ခေါင်းဆောင်များကသာ အခြေအနေအရပ်ရပ်ကိုသိရန် အရည်အချင်း ရှိပုံရသည်။
သို့သော် ဝူယွမ်ကဲ့သို့ အထက်တန်းလွှာမိသားစုမှ စာသင်သားများကတော့ ကောလာဟလ အများစုကိုသာ ကြားခဲ့ဖူးသည်။ နှစ်ပေါင်း (၁၀၀) အတောအတွင်း ကွန်ဖြူးရှပ်ကျောင်းတော်ထဲတွင် ပူဇော်ထားသော (၄) ခုမြောက် သူတော်စင်ရုပ်တုကို စာပေသူတော်စင်ရာထူးမှ ဖယ်ရှားလိုက်ပြီး သူတော်စင် (၇၂) ယောက်ထဲမှ တစ်ယောက်အဖြစ်သို့ ပြန်ရွှေ့ထားလိုက်သည်။
ထို့နောက် သူက စာပေသူတော်စင်နေရာမှ အဆင့်လျော့ကျသွားခဲ့ပြီး စာရင်း၏ အောက်ဆုံးကို ရောက်သွားခဲ့၏။ ဤနှစ် နွေဦးရာသီအစောပိုင်းတွင် ထိုအရာကို ကွန်ဖြူးရှပ်ကျောင်းဆောင်မှ ရွှေ့ထုတ်ပစ်ခဲ့သည်။ ထို့ပြင် လူတစ်ယောက်က ထိုအရာကို တာအိုကျောင်းဆောင်ထဲ၌ တိတ်တဆိတ် ကိုးကွယ်ရန် ကြိုးစားခဲ့သော်လည်း ထိုအရာကို ရှာတွေ့သွားခဲ့၏။
အဆုံးတွင်တော့ ထိုအရာကို မသိနားမလည်သော လူတစ်စုက ဖျက်ဆီးပစ်ခဲ့သည်။ ထိုသူတော်စင် ဘဝတစ်လျှောက်လုံး ရေးသားထားခဲ့သော စာအုပ်များ၊ စာတမ်းများ အားလုံးကလည်း တားမြစ်ဖျက်ဆီးခံခဲ့ရ၏။ သူ ထုတ်ထားသော စည်းမျဉ်းများ၊ ဥပဒေများ အားလုံးကိုလည်း တိုင်းပြည်က ဖယ်ရှားပစ်ခဲ့ပြီး သူ့နာမည်ကို တရားဝင်သမိုင်းကြောင်းထဲမှ ဖယ်ရှားပစ်ခဲ့သည်။
ပထမဆုံး ဆိုးနေရာမှ ပို၍ဆိုးရွားသွားခဲ့သည်။ ထို့နောက် ပျက်စီးလုဆဲဆဲ အခြေအနေကို ကျရောက်သွားခဲ့၏။ အဆုံးတွင်တော့ တစ်ညတည်းနှင့် ခြေရာလိုက်ရာမရှိ ပျောက်ကွယ်သွားခဲ့သည်။
ချွေးမင်ဟွမ်က အလွန်ထိတ်လန့်စရာကောင်းသော သတင်းတစ်ခုကိုလည်း ပြောပြခဲ့သည်။ ချောက်ကမ်းပါးကျောင်းတော်ကို ကျောင်းတော် (၇၂) ခုထဲမှ ဖယ်ရှားလိုက်ပြီဟူသော သတင်းဖြစ်၏။
တာ့လီအင်ပါယာက ထိုအရာကို လက်မခံချင်ပေ။ ချီကျင့်ချွန်နှင့် ကျောင်းတော်က သာမန်လူများကို စာပေသင်ကြားပေးပြီး တာ့လီအင်ပါယာကို မြောက်ပိုင်းလူရိုင်းများ ဟူသော အဆင့်အတန်းမှ ဖယ်ရှားနိုင်ရန် အကျိုးဆောင်ပေးထားခဲ့သည်။ ထို့ပြင် ထိုကျောင်းတော်ကသာ အရှေ့ပိုင်းကုန်းမြေကြီး၏ မြောက်ပိုင်းတွင် ရှိနေသော စာသင်သားများကို ဆွဲဆောင်မှုမရှိခဲ့လျှင် တာ့လီ၏ လူထုစနစ်များအားလုံးက သိသိသာသာ သက်ရောက်သွားပါလိမ့်မည်။
သို့သော် ထိုအခြေအနေများကို ခုခံ၍ မရနိုင်ပေ။ တာ့လီကလည်း တားဆီး၍ မရနိုင်ပေ။ တာ့လီအင်ပါယာက ချီကျင့်ချွန်တစ်ယောက်အတွက်နှင့် အစွမ်းထက်သော အင်အားစုများစွာကို ရန်စလောက်သည်အထိ ဉာဏ်တုံးနေခြင်းလည်း မရှိချေ။
"ပြင်ပအကူအညီတွေ မရနိုင်မှတော့ ချီကျင့်ချွန်က ချောက်ကမ်းပါးကျောင်းတော် ဖယ်ရှားခံရတာကနေ ကာကွယ်ဖို့အတွက် သူ့အစွမ်း သူအားကိုးဖို့ပဲ ရှိတော့တယ်လေ။ ဒီပြဿနာကြီးက လျှို့ဝှက်စာနဲ့အတူ ချီကျင့်ချွန်ရဲ့ စားပွဲခုံပေါ်ကို ရောက်လာခဲ့တာ...။ ပြီးတော့ နှစ်ပေါင်း (၆၀) ကာလ ပြီးဆုံးသွားပြီဆိုရင် သူက လီကျူးသုခဘုံထဲကနေ ထွက်လာမယ်ဆိုတာ အကုန်လုံးသိနေကြတယ်။ ကြောက်စရာကောင်းတဲ့ အမှန်တရားတစ်ခုကတော့ သူက ဒီနေရာမှာ ခိုလှုံနေတဲ့အချိန် သူ့ရဲ့ကျင့်စဉ်အဆင့်က လျော့ကျသွားရမယ့်အစား ကွန်ဖြူးရှပ်ကျောင်းတော်ထဲမှာ အရေးပါတဲ့ လူတချို့ထက်တောင် ပိုပြီးတော့ အစွမ်းထက်လာခဲ့တယ်…”
“အဲဒါက ကွန်ဖြူးရှပ်ကျောင်းတော်နဲ့ တာအိုကျောင်းတော်တွေအတွက်တင် မဟုတ်ဘူး။ အတွေး (၁၀၀) ကျောင်းမှာရှိတဲ့ အရေးပါတဲ့လူတချို့ကလည်း မသက်မသာ ခံစားကြရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့က လူအိုကြီး တစ်ယောက်ကိုတောင် ဖိနှိပ်ဖို့တောင် မလွယ်ခဲ့ဘူးလေ။ တကယ်လို့ လူသစ်တစ်ယောက်သာ ထပ်ရောက်လာမယ်ဆိုရင် တော်တော်လေး ရယ်စရာကောင်းသွားလိမ့်မယ်…"
ချွေးမင်ဟွမ်က ပြုံးလိုက်ပြီး လူငယ်လေး ချွေးချန်းကို စိုက်ကြည့်လိုက်သည်။ ချွေးမင်ဟွမ်၏ မျက်လုံးထဲတွင် လေးစားမှုများ ပြည့်နှက်နေခဲ့၏။
"အဲဒီအချိန်မှာ ရွမ်ချုံ စောစောပေါ်လာတာက ဆုံးဖြတ်ချက်ပြတ်သားတဲ့ လုပ်ဆောင်မှုတစ်ခုပဲ။ သူက ချီကျင့်ချွန်ရဲ့ နောက်ဆုတ်မယ့် လမ်းကြောင်းတွေအများစုကို လုံးဝဖြတ်တောက်ပစ်လိုက်တယ်…"
ချွေးချန်းက မတ်တပ်ရပ်လိုက်ပြီး လူငယ်၏မျက်လုံးကို လက်ချောင်းလေးများနှင့် ညင်သာစွာ ဖွင့်ပေးလိုက်သည်။ ချွေးမင်ဟွမ်၏ စကားကိုကြားသည့်အခါ သူက တီးတိုးရေရွတ်လိုက်၏။
"အရက် ဘယ်မှာလဲ။ ငါက ဆိုင်ကိုဖြတ်လာတဲ့အချိန်တုန်းက နည်းနည်းလောက် ဝယ်လာသင့်တာ..."
ဝူယွမ်က ဇဝေဇဝါ ဖြစ်နေသည်ကို မြင်သည့်အခါ ချွေးမင်ဟွမ်က ရှင်းပြလိုက်သည်။
"ရွမ်ချုံ လီကျူးသုခဘုံကို ရောက်လာတာ တော်တော်လေးကြာသွားပြီ။ ဒီစစ်ကျောင်းသူတော်စင်က မြို့ငယ်လေးရဲ့ကိစ္စတွေကို ဝင်မပါပေမယ့် ရွမ်ချုံ ရှိနေရတဲ့ အကြောင်းအရင်းကကို အဓိပ္ပါယ်ရှိတယ်။ ဒါကြောင့် ချီကျင့်ချွန်က ကျောင်းတော် (၃)ခုနဲ့ မိသားစုတစ်ခုက သူတော်စင်တွေနဲ့ အပေးအယူလုပ်ပြီး မြို့ထဲမှာ ဆက်နေလို့ မရနိုင်တော့ဘူး။ ပြီးတော့ သူက ချောက်ကမ်းကျောင်းတော်ရဲ့ ဆက်လက်ရပ်တည်ခွင့်အတွက် ဒီမြို့ငယ်လေးမှာ နောက်ထပ်နှစ်ပေါင်း (၆၀) ဆက်ပြီး အချုပ်ခံမယ်ဆိုတဲ့ အပေးအယူမျိုးလုပ်လို့လည်း မရနိုင်တော့ဘူး…"
ချွေးမင်ဟွမ်က အပြုံးနှင့် ပြောလိုက်သည်။
"သူတို့ရဲ့ဆရာက သေသွားပြီ။ သူ့ရဲ့စာတွေကို ဘယ်သူမှ မဖတ်တော့ဘူး။ သူ့ရဲ့စည်းမျဉ်းတွေကို ဘယ်သူကမှ မကြေငြာတော့ဘူး။ ချီကျင့်ချွန် အရှေ့ပိုင်းကုန်းမြေကြီးကို ရောက်လာပြီးတဲ့နောက် ဖုန်းဆိုးမြေမှာ သူကိုယ်တိုင် အားကြိုးမာန်တက်တည်ထောင်ခဲ့တဲ့ ချောက်ကမ်းပါးကျောင်းတော်ကလည်း ပျက်စီးသွားပြီ။ ဒီတော့ လူသားကမ္ဘာကြီးထဲမှာ သူ ရပ်တည်ဖို့ နေရာ မရှိတော့ဘူး။ သူ့ကို ထောက်ပံ့ပေးနေတဲ့ ငြိမ်းချမ်းမှုကလည်း ပျောက်ကွယ်သွားပြီ။ သူက ဘာလို့ မသေရမှာလဲ။ ချီကျင့်ချွန်ရဲ့သေခြင်းတရားကပဲ တခြားသူတွေကို စိတ်အေးသွားအောင် လုပ်ဆောင်ပေးနိုင်တယ်။ ပျက်စီးနေတဲ့ ချောက်ကမ်းပါးကျောင်းတော်ကိုတော့ သူတို့က နောက်ထပ် စိတ်ဝင်စားမှာ မဟုတ်တော့ဘူး။ အမှန်အတိုင်းပြောရရင် ချီကျင့်ချွန်ကြောင့်သာ မဟုတ်ရင် ချောက်ကမ်းပါးကျောင်းတော်က ကျောင်းတော် (၇၂)ခုထဲက တစ်ခုဖြစ်လာဖို့မပြောနဲ့ ငါတို့ကန်ကြည့်ကျောင်းတော်ရဲ့ တစ်ဝက်တောင်ရှိမှာ မဟုတ်ဘူး…"
ချွေးချန်းက မှတ်ချက်ဝင်ပေးလိုက်သည်။
"ကန်ကြည့်ကျောင်းတော်မှာ အုတ်မြစ်တွေ အများကြီးရှိတယ်။ ဒါပေမဲ့ သက်ဝင်လှုပ်ရှားမှု မရှိဘူး။ တကယ်လို့ ကန်ကြည့်ကျောင်းတော်ကို ပြောင်းလဲမှုတွေ အများကြီး ဖြစ်လာစေခဲ့တဲ့ ချောက်ကမ်းပါးကျောင်းတော်ကြောင့်သာ မဟုတ်ရင် အခြေအနေက ပိုပြီးတော့တောင် ဆိုးသွားနိုင်တယ်။ နောက်ပိုင်း ပြောင်းလဲမှုကြီးတွေ ကြုံလာရရင် တဖြည်းဖြည်းနဲ့ အဆင့်နိမ့်သွားပြီး ပျောက်ကွယ်သွားနိုင်တယ်…"
ချွေးမင်ဟွမ်က ရင်ထဲတွင် ချီးကျူးလိုက်မိသည်။
"ဘိုးဘေးလေးရဲ့အမြင်အာရုံကလည်း တော်တော်လေးကို စူးရှလွန်းတယ်…"
နောက်ဆုံးတွင်တော့ ချွေးချန်းက လူသားဝိညာဉ်မရှိသော လူငယ်လေးကို နှိပ်စက်မနေတော့ပေ။ သူက ရေမရှိသော ရေကန်ဘေးတွင်ရပ်ပြီး အပြာရောင် ကောင်းကင်ကြီးကို မော့ကြည့်လိုက်သည်။
သူက အကြည့်ကို ရုပ်သိမ်းလိုက်ပြီးနောက် ထူးဆန်းသော ဆုံးဖြတ်ချက်တစ်ခုကို ပြောလိုက်၏။
"ဒါကြောင့် ငါက စာမေးပွဲကြီးတစ်ခု သေချာစီစဉ်ထားတယ်။ အဲဒီစာမေးပွဲမှာတော့ ဖြေဆိုသူတစ်ယောက်ပဲ ရှိတယ်။ အဲဒါကတော့ ရွှံ့ပုလင်းလမ်းကြားထဲက ချန်းပင်အန်းလို့ခေါ်တဲ့ မိဘမဲ့ကလေးပဲ။ သူ့ရဲ့နောက်ကြောင်းက သာမန်ပဲ။ ဒါပေမဲ့ သူကြီးပြင်းလာတဲ့ အတွေ့အကြုံတွေက အရမ်းစိတ်ဝင်စားဖို့ကောင်းတယ်…"
ဝူယွမ်က ပို၍ပင် ရှုပ်ထွေးသွားခဲ့၏။ ထိုအရာက မည်သည့်အဓိပ္ပါယ် ဖြစ်နေသနည်း။ ချွေးချန်းက လက်နောက်ပစ်ပြီး ရေကန်ပတ်ပတ်လည်တွင် ဖြည်းညင်းစွာ လျှောက်လှမ်းနေခဲ့သည်။
သူက ခေါင်းငုံ့ပြီး တစ်ယောက်တည်း ရေရွတ်လိုက်၏။
"ယေဘုယျကျကျ ပြောရမယ်ဆိုရင်တော့ ချီကျင့်ချွန် သေခါနီးအချိန်မှာ သူက နောက်ဆုံးအကြိမ် ရုန်းကန်မှုလုပ်ခဲ့တယ်။ အဲဒီနောက် ငါတို့က လူ (၃) ယောက်ကို အလေးထားဖို့ လိုအပ်တယ်။ သူနဲ့အတူ လီကျူးသုခဘုံထဲမှာ ဒုက္ခခံခဲ့ရတဲ့ ဆရာတူညီ မာကျန်း ၊ သူ့ရဲ့ဗဟုသုတတွေကို တစ်ဆင့်ချင်းဆီ သင်ကြားပေးခဲ့တဲ့ ကျိုးယောင်၊ ပြီးတော့ သူနဲ့သာမန်ပတ်သက်မှုပဲရှိတယ် ထင်ရတဲ့ စုန့်ကျိရှင်း ။ ဘာလို့လဲဆိုတော့ အဲဒီလူ (၃) ယောက်က ချီကျင့်ချွန်ရဲ့မျှော်လင့်ချက် ဖြစ်နိုင်ခြေ အများဆုံးပဲ..”
“ငါက မာကျန်းကို ချောက်ကမ်းပါးကျောင်းတော်ရဲ့အမွေအနှစ်တွေ ဆက်ခံစေချင်တယ်။ တပည့် တစ်ယောက်တည်းရှိမရှိက ကိစ္စမရှိပါဘူး။ ကျိုးယောင်ကတော့ ကျောင်းရဲ့အမွေအနှစ်ကို ဆက်ပြီးတော့ တာဝန်ယူစေချင်တယ်။ တာ့လီအင်ပါယာပဲဖြစ်ဖြစ် အရှေ့ပိုင်းကုန်းမြေကြီးထဲမှာပဲဖြစ်ဖြစ် အဲဒါက ကိစ္စမရှိဘူး။ အစမှာတော့ ချီကျင့်ချွန်က သူ့ရဲ့စာအုပ်တွေအားလုံး စုန့်ကျိရှင်းကို ပေးလိုက်တဲ့ အကြောင်း သိတဲ့အချိန်မှာ စုန့်ကျိရှင်းကို သူ့ရဲ့ဆက်ခံသူတွေထဲက တစ်ယောက်လို့ ငါက တွေးမိခဲ့တယ်။ ဒါပေမဲ့ သိပ်မကြာခင် အဲဒါက အယောင်ပြထားတယ်ဆိုတာ နားလည်သွားတယ်…"
ချွေးချန်းက ထိုအချက်ကို ပြောလိုက်ပြီးနောက် အချိန်တော်တော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ သူက သုံးသပ်ချက်များကို တစ်ခုချင်းစဆီ ပြန်လည်စဉ်းစားပြီး အမှားမရှိစေရန် ပြင်ဆင်နေခဲ့၏။
ဝူယွမ်က သတိထား၍ ဝင်ပြောလိုက်သည်။
"အယောင်ပြနောက်ကွယ်မှာ ချန်းပင်အန်းဆိုတဲ့ လူငယ်လေး ပုန်းအောင်းနေတာလား…"
သူ၏အတွေးများကို နှောင့်ယှက်ခံလိုက်ရသော ချွေးချန်းက ခြေလှမ်းကို ရုတ်တရက် ရပ်လိုက်သည်။ သူက ဝူယွမ်ကို အေးစက်စွာ စိုက်ကြည့်လိုက်၏။
ဝူယွမ်က ချက်ချင်း မတ်တပ်ရပ်လိုက်သည်။ သူ၏နဖူးပေါ်တွင်လည်း ချွေးသီးချွေးပေါက်များ စီးကျလာပြီး သူက အရိုအသေပေး၍ ပြောလိုက်၏။
"ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ ဆရာ..."
ချွေးချန်းက ရှေ့ကို ဆက်၍ လျှောက်သွားခဲ့သည်။
"မာကျန်းက သူ့ရဲ့တပည့်တစ်ဝက်လို့ သတ်မှတ်နိုင်တယ်။ ဒါပေမယ့် ချီကျင့်ချွန်နဲ့ ယှဉ်လိုက်မယ်ဆိုရင် သူက အရမ်းကို ဝေးကွာလွန်းတယ်။ သူ့ရဲ့နှလုံးသားက ကောင်းကင်ကြီးထက် ပိုပြီးမြင့်မားပေမယ့် သူ့ရဲ့ဘဝကတော့ စာရွက်ထက်တောင် ပိုပြီးတော့ ပါးလွှာသေးတယ်။ ငါက မာကျန်းကို လှည့်စားဖို့အတွက် ချွေးမင်ဟွမ်ကို တောင်းဆိုခဲ့တယ်။ သူ့ကို ချောက်ကမ်းပါးကျောင်းတော်ရဲ့ တောင်ထိပ်သခင်အဖြစ် ချီကျင့်ချွန်ရဲ့နေရာမှာ အစားထိုးဖို့ လှည့်စားခဲ့တာ...။ ကျောင်းတော် (၇၂) ခုထဲက တစ်ခုဆိုတဲ့ ဂုဏ်ပုဒ်က ပျောက်ကွယ်သွားပေမယ့် ကျောင်းတော်က ဆက်ပြီးတော့ ရှိနေသေးတယ်။ ဒီတော့ ကျောင်းတော်မှာ တောင်ထိပ်သခင်တစ်ယောက် လိုအပ်နေတယ်လေ။ ဒီလိုဆိုရင် ချီကျင့်ချွန်ရဲ့စာပေမျိုးဆက်အရ ငါတို့တာ့လီအင်ပါယာကလည်း ဆက်ပြီးလက်ခံနိုင်သေးတယ်။ ဒါက အဖွဲ့အစည်း အသီးသီး သဘောတူထားတဲ့ ရလဒ်တစ်ခုပဲ…”
“ဒါပေမဲ့ ငါက အဲဒါကို မကြိုက်ဘူး။ ဒီလိုပျော်စရာအဆုံးသတ်မျိုးက အရမ်းပျင်းစရာ ကောင်းတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာပေမျိုးဆက်ကို လိုချင်နေတဲ့ ကွန်ဖြူးရှပ် အဖွဲ့အစည်းတွေထဲမှာတောင် အတွေးအမျိုးမျိုး ရှိတယ်။ ချီကျင့်ချွန်နဲ့ ချောက်ကမ်းပါးကျောင်းတော်သာ အတူတူ ပျောက်ဆုံးသွားမယ်ဆိုရင် လူသားတွေရဲ့ နှလုံးသားက ပြောင်းလဲနိုင်ပြီး ပြာပုံထဲကနေ မြင့်တက်လာနိုင်တယ်။ ဒါကြောင့် ငါက ပိယွင်တောင်ပေါ်မှာ ကျောင်းတော်အသစ် တည်ထောင်ဖို့ အကြံပေးခဲ့တာ...”
“ကွန်ဖြူးရှပ်ကျောင်းတော် (၃) ခုကလည်း နှစ်ပေါင်း (၅၀) အတောအတွင်း အဲဒီကျောင်းတော်အသစ်ကို ကျောင်းတော် (၇၂) ခုထဲက တစ်ခုအဖြစ် တိုးမြှင့်ပေးမယ်လို့ သဘောတူထားတယ်။ ငါတို့ဘုရင်ကြီးကလည်း အဲဒီအရာကို အကြံကောင်းတစ်ခုလို့ တွေးထားတယ်။ တန်ဖိုးမရှိတော့တဲ့ ချီကျင့်ချွန်နဲ့ ယှဉ်လိုက်မယ်ဆိုရင် တာ့လီရဲ့အမိန်ကို နာခံတဲ့ ရုပ်သေးတစ်ရုပ်ကို အစားထိုးလိုက်တာက ပိုပြီးတော့ကောင်းတယ်လေ။ ဒါက တာ့လီရဲ့ တောင်ပိုင်းစိုးမိုးမှုအတွက်လည်း ပိုပြီးတော့ သင့်တော်တယ်…”
“ဒါကြောင့် ချွေးမင်ဟွမ်က မာကျန်းကို နောက်တစ်ကြိမ် လိမ်ခဲ့တယ်။ အကြောင်းအရာတွေက ဒီလောက်ထိ ဖြစ်နေမှတော့ သူက သစ္စာပြောင်းလဲပြီး ချောက်ကမ်းပါးကျောင်းတော်နဲ့ ရေစက်ဖြတ်ဖို့ ပြောခဲ့တယ်။ မြို့ငယ်လေးကို ပြန်လာပြီးသွားရင် သူက ကျောင်းတော်အသစ်ရဲ့ တောင်ထိပ်သခင်အသစ် ဖြစ်လာနိုင်တယ်။ ပြီးတော့ သူက ကျောင်းတော်အသစ်ရဲ့ ပထမဆုံး တောင်ထိပ်သခင်လည်း ဖြစ်လာလိမ့်မယ်။ ချောက်ကမ်းပါးကျောင်းတော်ကနေ သင်ယူပြီး တခြားသူတွေကို အားကိုးနေတာထက်တော့ ပိုပြီးတော့ ကောင်းတယ် မဟုတ်လား…"
ချွေးချန်းက ဆက်၍လျှောက်လှမ်းနေခဲ့၏။ သို့သော် သူက တိတ်တဆိတ် အသက်ရှူနေသော ချွေးမင်ဟွမ်ကို စိုက်ကြည့်လိုက်သည်။
"အဲဒီအချိန်မှာ တစ်ခုခုဖြစ်ခဲ့လား…"
ချွေးမင်ဟွမ်က ခေါင်းညိတ်ပြလိုက်၏။
"အဲဒီအချိန်မှာ သူက သံသယဝင်လာပြီး ကျွန်တော့်ကို ခပ်ခွာခွာ နေလာခဲ့တာပဲ။ အဲဒီအချိန်မှာတော့ သူက ဘာမှသေချာမပြောခဲ့ဘူး။ ကျွန်တော်က သတိထားနေပေမဲ့ အဲဒီအမှိုက်ကောင် မာကျန်းက တော်တော်လေး ရက်စက်ကြမ်းကြုတ်မယ်လို့ မထင်ထားခဲ့ဘူး။ သူက ဘာမှကို ထိန်ချန်မထားဘဲ သူ့ရဲ့သွေးကြောတွေ သွေးကြောမှတ်တွေ အပျက်စီးခံပြီး ကျွန်တော်ကို သတ်ချင်နေသေးတယ်…"
ချွေးချန်းက ခေါင်းညိတ်ပြလိုက်သည်။
"မာကျန်းက ချီကျင့်ချွန်ထက် အဆပေါင်းများစွာ အဆင့်နိမ့်ပေမယ့် သူက အဲဒီလူရဲ့ လက်အောက်မှာ (၁၀) နှစ်ကျော်လောက် နေထိုင်ခဲ့ရတယ်။ ဒီတော့ သူကလည်း အရူးတစ်ယောက် မဟုတ်ဘူး…"
ချွေးမင်ဟွမ်က ပါးစပ်ကို လက်နှင့် အုပ်လိုက်ပြီး သွေးတစ်ပွက် ထွေးထုတ်လိုက်သည်။ လက်သီးကို တင်းတင်းဆုပ်လိုက်ပြီးနောက် သူ့မျက်နှာအမူအရာက အနည်းငယ် နီရဲလာပြီး အေးအေးဆေးဆေး ဖြစ်သွားသည်။
ဝူယွမ်က ပြန်မေးလိုက်၏။
"ဆရာ …
ချောက်ကမ်းပါးကျောင်းတော်ရဲ့ နောက်ဆုံးကျန်နေတဲ့ ဆရာက ကျောင်းသားတွေကို ဦးဆောင်ပြီး တာ့လီရဲ့ရန်သူတိုင်းပြည်ဖြစ်တဲ့ တာ့ဆွေတိုင်းပြည်ထဲကို ဘာလို့သွားစေချင်ရတာလဲ။ ပြီးတော့ ဘာလို့ ချောက်ကမ်းပါးကျောင်းတော်ဆိုတဲ့ နာမည်ကို ဆက်ပြီး အသုံးပြုခွင့်ပေးရတာလဲ။ တာ့လီဘုရင်ကြီးက အဲဒါကို ဘယ်လိုလုပ်ပြီး လက်ခံမှာလဲ။ ကျွန်တော်တော့ အဖြေမရှာနိုင်တော့ဘူး…”
ချွေးချန်းက ဖြည်းညင်းစွာ ပြောလိုက်သည်။
"ပထမဆုံး ချောက်ကမ်းပါးကျောင်းတော်က ရှင်သန်နေဦးမယ်ဆိုရင်တောင် နာမည်ပဲ ရှိတော့တယ်။ ကျောင်းတော် (၇၂) ခုထဲက တစ်ခုဆိုတဲ့ နာမည်သာ မရှိရင် အဲဒါက အခွံသက်သက်ပဲ။ အဲဒါက အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ အထူးချွန်ဆုံး စာသင်သားတွေ ရှိနေတဲ့ ကန်ကြည့်ကျောင်းတော်ကို ယှဉ်ပြိုင်နိုင်မှာ မဟုတ်တော့ဘူး…”
“ဒုတိယတစ်ချက်ကတော့ ကျောင်းတော်အသစ်ကို ပိယွင်တောင်ပေါ်မှာ တည်ထောင်ပြီးသွားရင် ကန်ကြည့်ကျောင်းတော်ရဲ့ ဒုတိယတောင်ထိပ်သခင်က လာပြီးတော့ ကြီးကြပ်လိမ့်မယ်။ ပြီးတော့ ဒုတိယတောင်ထိပ်သခင်က မင်းဘေးမှာ ထိုင်နေတဲ့သူပဲလေ…”
“တတိယတစ်ချက်ကတော့ တာ့ဆွေအင်ပါယာက ချောက်ကမ်းပါးကျောင်းတော်နဲ့ ထွက်ပြေးလာတဲ့လူတွေကို လက်ခံလိုက်တာက အာလူးပူတစ်ခုကို ကိုင်လိုက်ရသလိုပဲ။ ငါတို့တာ့လီက တာ့ဆွေအင်ပါယာကို အချိန်မရွေး တိုက်ခိုက်ဖို့အတွက် ဆင်ခြေတစ်ခုလည်း ရသွားတယ်။ အဲဒီအချိန် ရောက်လာရင် ချောက်ကမ်းပါးကျောင်းတော်က တာ့လီရဲ့ပိုင်နက်ထဲမှာ ဆက်ပြီး ရှိနေဦးမှာလား..”
“ချောက်ကမ်းပါးကျောင်းတော်က တာ့လီအင်ပါယာရဲ့ လက်အောက်ခံဆိုတာ လူတိုင်းက သိနေကြတယ်။ ဒါပေမဲ့ ဘယ်တိုင်းပြည်ရဲ့အင်ပါယာက ကန်ကြည့်ကျောင်းတော်ကို သူတို့ရဲ့ကိုယ်ပိုင်ကျောင်းတော်အဖြစ် ခေါ်ရဲလို့လဲ။ တိုင်းပြည်တစ်ပြည်ကို တာ့လီရဲ့အကြွင်းမဲ့ထိန်းချုပ်မှုဆိုတာ ဘုရင်ကြီး ကလေးဘဝကတည်းက အိပ်မက်မက်နေခဲ့တဲ့ အရာတစ်ခုပဲ။ ဘုရင်ကြီးက ချီကျင့်ချွန်ကို လျော်ကြေးပေးဖို့ ဆန္ဒရှိခဲ့တယ်။ ချီကျင့်ချွန် ကျောင်းတော်သခင် ဖြစ်နေတဲ့ နှစ်တွေအတောအတွင်း သူက မျက်နှာမပျက်ချင်ရင်တောင် ဘုရင်ကြီးကတော့ ချီကျင့်ချွန်ကို အရမ်းလေးစားတယ်…"
ချွေးချန်းက ရုတ်တရက် ရယ်လိုက်၏။
"ဒါပေမယ့် အဓိကအကြောင်းပြချက်ကတော့ ငါက အဲဒီအရာကို လိုအပ်တယ်လေ။ ငါက ဒီကစားပွဲမှာ အဲဒီအရာတွေအားလုံးကို လိုအပ်တယ်။ ချီကျင့်ချွန်က လီကျူးသုခဘုံထဲမှာ သေဆုံးသွားဖို့ လိုအပ်တဲ့အပြင် သူက ငါ့ရဲ့ကျားကွက်အတိုင်း လိုက်ပါကစားပြီး ငါ သူ့ကို ရွေးချယ်စေချင်တဲ့ ကျားစေ့ကို ရွေးချယ်ဖို့လည်း လိုအပ်တယ်။ အဆုံးမှာတော့ ငါက အဲဒီအရာတွေကို တစ်ခုချင်းဆီ ဖျက်ဆီးပစ်မှာပဲ..”
“ချီကျင့်ချွန် မသေခင် သူ့ရဲ့လက်ထဲမှာ မျိုးစေ့လေး နည်းနည်းကိုင်ထားတယ်။ ငါက အဲဒီအရာကို သူ့ရဲ့ပတ်ပတ်လည်မှာရှိတဲ့ လူတွေ လက်ထဲကိုပဲ ပေးလိုက်နိုင်တယ်။ စာပေမျိုးဆက်က အရေးကြီးဆုံးပဲ။ သူ ယုံကြည်ရတဲ့ တပည့်တွေ သေသွားမယ်ဆိုရင်တောင် မျိုးဆက်ကတော့ ပြတ်တောက်သွားမှာ မဟုတ်ဘူး။ ဒါကြောင့် အဲဒီမျိုးစေ့လေးတွေနဲ့ စာပေကံတရားကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးဘူး…”
“ချီကျင့်ချွန်က သဲလွန်စတွေကို ဖမ်းဆုပ်မိနိုင်တယ်။ ဒါပေမဲ့ ငါက အဲဒါကို အဖြေမရှာနိုင်သေးဘူး။ ငါက ငါ့ရဲ့အကြံကို သက်သေပြဖို့အတွက် အချက်အလက်တွေ လိုအပ်နေသေးတယ်။ ဒါကြောင့် ဒီစစ်ဆေးမှုနဲ့ ကစားပွဲက သူ့ရဲ့စာပေမျိုးဆက်ကို ဖြတ်တောက်နိုင်မယ့်အပြင် ငါ့ရဲ့တာအိုကို သက်သေပြနိုင်ဖို့ အခွင့်အရေးတစ်ခုလည်း ဟုတ်တယ်.."
ချွေးချန်းက ခုံတန်းရှည်တွင် ထိုင်နေသော လူငယ်၏နောက်သို့ လျှောက်သွားပြီး ခေါင်းကို ညင်သာစွာ ပုတ်လိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"ကဗျာတစ်ပုဒ် ကြားဖူးတယ်။ အင်မော်တယ်က ခေါင်းကို ကိုင်လိုက်တဲ့အချိန် ငါ့ရဲ့ဆံပင်က စည်းနှောင်သွားတယ်။ ငါက အင်မော်တယ်တစ်ယောက်ပဲ။ ဒီကဗျာက တကယ့်ကို အင်မော်တယ် အငွေ့အသက်တွေနဲ့ ပြည့်နှက်နေတယ်…"
လူငယ်၏ ခန္ဓာကိုယ်တွင် ရှိနေသော အဆစ်များက အက်ကွဲသွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူက ဒယိမ်းဒယိုင် အမူအရာနှင့် ဖြည်းညင်းစွာ မတ်တပ်ရပ်လာခဲ့၏။ သူ့မျက်လုံးများကတော့ အလင်းရောင်များ တလက်လက် တောက်ပနေခဲ့သည်။
သူက မတ်မတ်ရပ်လိုက်ပြီးနောက် သူ့ခန္ဓာကိုယ်နှင့် ယှဉ်တွဲ၍ ရှိနေသော ချွေးချန်းကို လှည့်ကြည့်လိုက်၏။ ထိုလူငယ်က စကားမပြောနိုင်ပေ။ သူက ယခုမှ စကားပြောဆိုရန် သင်ယူနေရသော ကလေးတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူက ဝမ်းသာပျော်ရွှင်စွာ ကခုန်နေခဲ့သည်။ တစ်ချိန်တည်းတွင် သူက ချွေးချန်းအပေါ် လေးစားမှုများ ရှိနေခဲ့၏။
ထိုအရာကို မြင်သည့်အခါ ကျင့်ကြံသူတစ်ယောက် မဟုတ်သော ဝူယွမ်ကို မပြောနှင့် ချွေးမင်ဟွမ်ကပင် အံ့သြသွားခဲ့သည်။ ဝူယွမ်က ဘာကြောင့်မှန်း မသိသော်လည်း ယနေ့ သူ့ဆရာ၏စကားများကို ကြားလိုက်ရပြီးနောက် တစ်ကိုယ်လုံး အေးစက်ပြီး အားနည်းသွားသလို ခံစားလိုက်ရသည်။
သူက အက်ရှရှလေသံနှင့် မေးလိုက်၏။
"ဆရာ …
ဘာလို့ကျွန်တော်တို့က လူသတ်ပြီး အဆုံးမသတ်လိုက်ရတာလဲ။ ဒီလောက်ပြဿနာများဖို့ လိုအပ်လို့လား…"
ချွေးချန်းက ထိုမေးခွန်းကို အချိန်တော်တော်ကြာ စောင့်နေသည့်အလား ရယ်လိုက်ပြီး စိတ်ဝင်စားစရာကောင်းသော မေးခွန်းတစ်ခုကို ရောက်လာခဲ့သည်။ သူက နှုတ်ခမ်းကို လျှာနှင့်သပ်ပြီး ပြောလိုက်၏။
"မဟာတာအိုတိုက်ပွဲက မိသားစုတစ်ခုထဲမှာ စစ်ဆေးတာလောက် ရိုးရှင်းမှုမရှိဘူး။ အဲဒါက ပြဿနာရဲ့ အရင်းအမြစ်ကို အမှန်တကယ် ဖယ်ရှားဖို့ အရမ်းအရမ်းခက်တယ်။ လူတွေကို အကြိမ်ပေါင်းများစွာ သတ်လိုက်တာက အရှုပ်အထွေးထဲမှာ ရိုးရှင်းလွန်းတဲ့အရာတစ်ခုပဲ။ ဒါကြောင့် နှလုံးသားကို ဖျက်ဆီးဖို့အတွက် လိုအပ်တယ်။ ကျင့်ကြံသူတစ်ယောက်က ဘာကြောင့် အဆင့် (၁၅) ကို ရောက်နိုင်တာလဲ။ ဘာလို့လဲဆိုတော့ နှလုံးသားကို ကျင့်ကြံနိုင်လို့ပဲ။ ခွန်အားကို ကျင့်ကြံတဲ့ သိုင်းပညာရှင်တစ်ယောက်က ဘာလို့ ဒီအဆင့်ကိုပဲ ရောက်နိုင်တာလဲ။ အဆင့် (၉) က အထွဋ်အထိပ်လေ။ အဆင့် (၁၀) ကို ရောက်နိုင်ဖို့က ပိုပြီးတော့တောင် ခက်သေးတယ်…”
ချွေးချန်းက မျက်နှာချင်းဆိုင်တွင် ရှိနေသော ရေကန်ထဲသို့ ခုန်လိုက်သည်။ သူက ရေကန်အောက်ခြေတွေ ရှိနေသော ရောင်စုံကျောက်ခဲများပေါ်သို့ နင်းလိုက်ပြီး ရေကန်ထဲတွင် လွတ်လပ်စွာ လမ်းလျှောက်နေခဲ့၏။ သို့သော် မျက်နှာပြင်နှင့် ယှဉ်လိုက်မည်ဆိုလျှင် ရေကန်ကတော့ ပို၍လှုပ်ရှားနေခဲ့သည်။
သူက ခဏကြာ စဉ်းစားပြီး ပြောလိုက်၏။
"ဒါဆိုရင် ငါက မင်းကို ရေကန်ထဲက ဖား (၂) ကောင်နဲ့ပတ်သက်ပြီး ပြောပြပေးမယ်။ နဂိုတုန်းကတော့ အဲဒီအရာတွေက လျှို့ဝှက်ချက်ပဲ။ နားထောင်ပြီးသွားရင်တော့ ငါ့ရဲ့နည်းလမ်းတွေကို မင်းတို့က နားလည်သွားလိမ့်မယ်..”
“တစ်ချိန်တုန်းက စစ်ကျောင်းတော်ကို ကူညီပြီး ဂိုဏ်းတစ်ဂိုဏ်း တည်ထောင်ချင်နေတဲ့ ပါရမီရှင် တစ်ယောက်ရှိခဲ့ဖူးတယ်။ နောက်ဆုံးအဆင့်ကို ကျရှုံးခဲ့ပေမယ့် သူက ကံကောင်းတဲ့လူတစ်ယောက်ပဲ။ ဒါကြောင့် ဘယ်သူကမှ သူ့ကိုမသတ်ရဲဘူး။ အဆုံးမှာတော့ အစစ်အမှန် သူတော်စင်တွေက သူ့ကို ဘယ်လိုရင်ဆိုင်ခဲ့လဲဆိုတာ မင်းတို့ သိလား…”
“သူတို့တွေက သူ့ကို သုခဘုံတစ်ခုဆီ ပို့လိုက်ပြီး သူ့ရဲ့ဘေးကနေ ကျားစေ့တွေအားလုံးကို စီစဉ်ထားခဲ့တယ်။ ပြီးတော့ သူ့ရဲ့စိတ်ဓာတ်ကို ဆက်တိုက်ဖျက်ဆီးပစ်ခဲ့တယ်။ ဒီဘဝမှာ သူက ရွာတစ်ရွာရဲ့ ဆရာတစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။ ဒါပေမဲ့ သူက စားစရာနဲ့အဝတ်အစားအတွက် ပူစရာမလိုဘူး။ နောက်ဘဝမှာတော့ သူက အားနည်းတဲ့ သားသတ်သမားတစ်ယောက် ဖြစ်သွားခဲ့တယ်။ ဒါပေမဲ့ သူ့အနားမှာ မိန်းမလှလေးတစ်ယောက် ရှိတယ်။ နောက်ဘဝမှာတော့ သူက အပျော်အပါးလိုက်စားတဲ့ လူငယ်တစ်ယောက်အဖြစ် ပြောင်းလဲသွားတယ်။ သူက ငွေကြေးတွေအားလုံးကို သုံးပြီးသွားတဲ့အချိန်မှာ လက်ရှိဘဝကို ပြန်ရောက်လာခဲ့တယ်။ နောက်ဘဝမှာတော့ သူက ငြိမ်းချမ်းမှုနဲ့ တိုးတက်မှုကို လိုချင်တဲ့ စာပေဘုရင်တစ်ပါး ဖြစ်လာတယ်…”
“အချုပ်အားဖြင့် ပြောရရင်တော့ သူ့ရဲ့ဘဝတွေအားလုံးမှာ သူက တခြားသူရဲ့ လက်ထဲ အမြဲတမ်း ထိန်းချုပ်ခံနေရတယ်။ အခုလည်း အတူတူပဲ။ စစ်ကျောင်းတော်ရဲ့ လူငယ်မျိုးဆက်က တိုက်ခိုက်ချင်စိတ် မရှိတော့ဘူး။ သူတို့က တိတ်တဆိတ်စောင့်ပြီး စစ်ကျောင်းတော်မှာရှိတဲ့ ဘိုးဘေးရဲ့သိစိတ်ကို နိုးထလာအောင် လုပ်ဆောင်ဖို့ပဲ တိတ်တဆိတ် ကြိုးစားနေခဲ့တာ...။ ဒါပေမဲ့ အခွင့်အရေးကတော့ အရမ်းနည်းတယ်..”
“သူတို့က ကျင့်ကြံမှုမှာ အမြစ်တွယ်နေတဲ့ အဘိုးကြီးတွေနဲ့ယှဉ်ပြီး စည်းမျဉ်းစည်းကမ်းတွေ ၊ ဗျူဟာတွေ ၊ စိတ်ရှည်မှုတွေ ဘယ်လိုလုပ်ပြီး ယှဉ်ပြိုင်နိုင်မှာလဲ။ သူတို့က ဘယ်လိုလုပ်ပြီး အနိုင်ရနိုင်မှာလဲ…”
“ပြီးတော့ စစ်ကျောင်းတော်မှာ နောက်ထပ်ရည်မှန်းချက်ကြီးပြီး ရက်စက်ကြမ်းကြုတ်တဲ့ လူတစ်ယောက်လည်းရှိတယ်။ သူ့ရဲ့တိုက်ခိုက်စွမ်းရည်က တော်တော်လေး ကြောက်စရာကောင်းပြီး အဆုံးမှာတော့ သူလည်း ဂရုမစိုက်မိတဲ့အတွက် အရာအားလုံးကို ဆုံးရှုံးသွားခဲ့ရတယ်။ ရုပ်သေးမိန်းကလေး တစ်ယောက်အတွက်နဲ့ သူ့ရဲ့စိတ်ဝိညာဉ်ကလည်း ပျံ့ကြဲသွားခဲ့တယ်..”
“အဲဒီနောက်မှာတော့ သူတော်စင်တွေက အခွင့်အရေးကို အရယူပြီး သူရဲ့စိတ်ဝိညာဉ်(၃) ခုနဲ့ ဝိညာဉ် (၆) ခုကို နေရာခွဲပြီး ဘာမှမကျန်တော့တဲ့အထိ ခွဲထားလိုက်ကြတယ်။ အဲဒီနောက်မှာတော့ သူက သုခဘုံတစ်ခုထဲမှာ ထိပ်တန်းအင်မော်တယ် တစ်ယောက် ဖြစ်လာတယ်။ သူ့ရဲ့စိတ်ဝိညာဉ်တစ်ခုချင်းဆီတိုင်းက သုခဘုံထဲကနေ ငါတို့ကမ္ဘာကြီးထဲကို အမှန်တကယ် တက်လှမ်းလာနိုင်ခဲ့တယ်။ ပြီးတော့ သူ့ရဲ့မဟာတာအိုလမ်းစဉ်ကလည်း ချောမွေ့နေပြီး အဲဒီစိတ်ဝိညာဉ်တစ်ခုချင်းဆီတိုင်းက အရှင်သခင်တွေ ဖြစ်လာကြတယ်…”
“ဒါဆိုရင် အနိမ့်ဆုံး ချီကျင့်ကြံမှု အဆင့် (၁၀) ၊ သိုင်းပညာလမ်းကြောင်း အဆင့် (၇) ရှိနေတဲ့ လူ (၉) ယောက်က သူတို့ရဲ့သီးခြားဖြစ်တည်မှုတွေကို စွန့်လွှတ်ပြီး လူတစ်ယောက်တည်းအဖြစ် ပြန်ပေါင်းမယ်လို့ မင်း ထင်လား။ အဲဒါက တော်တော်လေးကို ရှုပ်ထွေးတယ်လို့တော့ မထင်ရဘူး။ ဒါပေမယ့် အမှန်အတိုင်း ပြောရရင်တော့ အချိန်အကြာကြီးလုပ်ရတဲ့ အရာတစ်ခုပဲ…"
ချွေးချန်းက ပြောလိုက်သည်။
"မဟာတာအိုအတွက် ရုန်းကန်မှုတွေကတော့ တကယ့်ကို ရက်စက်ကြမ်းကြုတ်တယ်.."
နောက်ဆုံးတွင် ချွေးချန်းက ပျင်းရိစွာ ခါးဆန့်လိုက်ပြီး လည်ပင်းကို လက် (၂) ဖက်နှင့် ပွတ်လိုက်သည်။ သူက ပြုံးလိုက်၏။
"မာကျန်းကတော့ ဝမ်းနည်းမှုတွေ ၊ မကျေနပ်မှုတွေနဲ့ သေဆုံးသွားခဲ့ပြီ။ ကျိုးယောင်ကလည်း နွေဦးတံဆိပ်ပိုင်ရှင်ဆိုတဲ့ နာမည်ကို ဆုံးရှုံးသွားပြီ။ နောက်ဆုံးကျန်နေတဲ့ တိတ်ဆိတ်ခြင်းဆိုတဲ့ တံဆိပ်ကတော့ စည်းမျဉ်းကြီးတွေကို ချိုးဖျက်နိုင်တယ်။ အရမ်းကို ဆင်းရဲတဲ့ မိဘမဲ့ကလေးက အခက်အခဲတွေအများကြီးကို ကြုံတွေ့ခဲ့ရတယ်။ သူ့ရင်ထဲမှာလည်း တည်ငြိမ်တဲ့ဘဝတစ်ခုကို လိုချင်နေခဲ့တယ်။ အခုတော့ သူ့ရဲ့အိပ်မက်တွေက အမှန်တကယ် ဖြစ်လာခဲ့ပြီ။ သူက မြို့ငယ်လေးထဲမှာ အချမ်းသာဆုံး လူတစ်ယောက် ဖြစ်လာပြီ။ သူက တစ်ဘဝမှာ တစ်ကြိမ်သာရမယ့် အခွင့်အရေးကိုလည်း ရနေပြီ။ ကောင်းကျိုးတွေ ပြည့်နှက်နေတဲ့ တောင် (၅)တောင်ကလည်း သူ့ရဲ့လက်ထဲကို ရောက်နေပြီ။ နှစ်ပေါင်း (၃၀၀) အတောအတွင်း အဲဒီအကျိုးအမြတ်တွေ အားလုံးကို သူပဲ ပိုင်ဆိုင်ရတော့မှာ...”
“အချိန်မီ အကူအညီတွေကလွဲရင် ငါက သူ့ကို (၂) ကြိမ်တိတိ ကူညီပေးခဲ့တယ်။ ပထမတစ်ကြိမ်ကတော့ တောင်တန်းတွေကို ရွေးချယ်နေတဲ့အချိန်မှာ ကူညီပေးခဲ့တာပဲ။ ငါက အဲဒီတောင်ကို တောင်တန်းနတ်ဘုရားတစ်ပါး သတ်မှတ်ပေးဖို့ တာ့လီကို အမိန့်ပေးထားတယ်။ လူငယ်လေးက အရမ်းအံ့ဩနေမယ်လို့ မင်း မထင်ဘူးလား။ ဒုတိယတစ်ကြိမ်ကတော့ သိပ်မကြာခင် ဈေးနည်းနည်းနဲ့ ရောင်းတော့မယ့် အကင်ဆိုင်နဲ့ နှစ်သစ်ကူးဆိုင်ပဲ။ ဘာမှမဖြစ်ဘူးဆိုရင် ချန်းပင်အန်းက အဲဒီအရာတွေကို ဝယ်လိမ့်မယ်…”
“သေချာစဉ်းစားကြည့်လိုက်စမ်း။ မြို့ငယ်လေးရဲ့ အပြင်ဘက်မှာရှိနေတဲ့ တောင် (၅)တောင်က ရွှေငွေတွေပြည့်နေပြီး မြို့ငယ်လေးထဲမှာရှိတဲ့ ဆိုင်အိုကြီး (၂) ခုကလည်း အကျိုးအမြတ်တွေ ရှိနေတယ်။ ပြီးတော့ တောင်ခြေမှာ ရှိနေတဲ့ အရာရှိဝူယွမ်နဲ့ ကျောင်းတော်ရဲ့ ဒုခေါင်းဆောင်သခင်လေးချွေး ၊ တောင်ပေါ်မှာတော့ ငါက သူ့ကို တော်တော်လေး အလေးပေးထားတယ်။ ဒီကောင်လေးမှာ လုပ်ချင်တဲ့အရာတွေ ကျန်ဦးမယ်လို့ထင်လား။ ဒါပေမယ့်..."
ချွေးချန်းက ထိုစကားများကို ပြောနေသည့်အချိန်တွင် သူ့အပြုံးက အတော်လေး ကြောက်စရာကောင်းနေသည်။ သူက သူ့ကိုယ်သူ ပြန်ပြောလိုက်၏။
"အဲဒီစကားလုံး (၂) ခုက ဒီကမ္ဘာကြီးထဲမှာ ကြောက်စရာအကောင်းဆုံး အရာတစ်ခုပဲ.."
သူက ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ သူတို့အပြင်ကို ထွက်သွားတဲ့အချိန် မြင်းလှည်း (၂) စီးနဲ့ နွားလှည်းတစ်စီးပဲ။ သူတို့ပြန်လာတဲ့အချိန်မှာတော့ မြင်းလှည်းတစ်စီးနဲ့ နွားလှည်းတစ်စီးပဲ ပါတော့တယ်။ ကန်ကြည့်ကျောင်းတော်က သခင်လေးချွေးလည်း ပျောက်နေတယ်။ ကျောင်းသားတွေရဲ့ ဆရာမာကလည်း သေသွားပြီ။ မြင်းလှည်းမောင်းသမားက ချန်းပင်အန်းကိုရှာပြီး ဆရာချီနဲ့ ဆရာမာတို့ အသက်ရှင်နေစဉ်ဆန္ဒအရ ကလေး (၆) ယောက်ကို တာ့လီအင်ပါယာရဲ့ရန်သူဖြစ်တဲ့ တာဆွေတိုင်းပြည်ဆီ ခေါ်သွားပေးပြီး ချောက်ကမ်းပါးကျောင်းတော်ကို ရွှေ့သွားဖို့ မျှော်လင့်တဲ့အကြောင်း ပြောလိမ့်မယ်။ ဒီခရီးလမ်းကလည်း အရမ်းကို ခက်ခဲပြီး အန္တရာယ်တွေများလိမ့်မယ်။ အဆုံးမှာတော့ မြင်းလှည်းသမားက လူငယ်လေးကို ဖျောင်းဖျလိမ့်မယ်။ တကယ်လို့ ဆရာချီသာ အသက်ရှင်နေဦးမယ်ဆိုရင် ချောက်ကမ်းပါးကျောင်းတော်ကို တာ့ဆွေအင်ပါယာထဲအထိ စွန့်စားပြီး သွားစေချင်မှာ မဟုတ်ဘူးလို့ ပြောလိမ့်မယ်.."
ဝူယွမ်က သေချာပြန်မေးလိုက်သည်။
"တကယ်လို့ ကြောက်လန့်နေတဲ့ ကလေးငယ်တွေက မြို့ငယ်လေးထဲမှာ ဆက်ပြီး နေချင်တယ်ဆိုရင် ချန်းပင်အန်းက သွားစရာမလိုတော့ဘူး မဟုတ်လား။ ဒီတစ်ကြိမ် သခင်လေးချွေးရဲ့အစီအစဉ်ကရော အဲဒါလား.."
ချွေးမင်ဟွမ်က အပြုံးနှင့် ပြောလိုက်သည်။
"အဲဒီကလေးတွေ မြို့ထဲကနေ ထွက်သွားပြီး သိပ်မကြာခင် သူတို့မိသားစုတွေက တာ့လီမြို့တော်ကို ရွှေ့သွားကြပြီ။ တာ့လီမှာ သူတို့ရဲ့ကြွယ်ဝချမ်းသာမှုတွေ မရှားဘူးလေ။ ဒါပေမဲ့ ချောက်ကမ်းပါးကျောင်းတော်ကို ဝင်ခွင့်ရတာက ဘယ်လောက်ထိ ခက်ခဲလဲဆိုတာ အဲဒီကလေးတွေကိုပြောပြဖို့ မိသားစုတစ်ခုချင်းဆီတိုင်းက လူနည်းနည်းဆီ ချန်ထားခဲ့တယ်။ သူတို့မိဘတွေက သူတို့ကို ကျောင်းတော်ဆီ သွားစေချင်ပြီး ပြန်လာစေချင်မှာ မဟုတ်ဘူး…"
ချွေးချန်းကတော့ ခံစားချက်ကင်းမဲ့စွာ ရပ်နေခဲ့သည်။
ဝူယွမ်ကတော့ ပို၍သတိထားနေပြီး မေးလိုက်၏။
"သခင်လေးချွေး …
ဒီစာမေးပွဲက ချီကျင့်ချွန်ရဲ့စာပေမျိုးဆက်ကို လုံးဝဖြတ်တောက်ပစ်နိုင်လိမ့်မယ်လို့ ဘာကြောင့်များ သေချာနေရတာလဲ…"
ချွေးချန်းက မျက်ခုံးပင့်၍ ဝူယွမ်ကို စိုက်ကြည့်လိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
"ချီကျင့်ချွန်နဲ့ ငါက ဆရာတစ်ယောက်တည်းဆိုတာ မင်းက အခုထိ နားမလည်သေးဘူးလား။ သူ့ရဲ့ဆရာတူအစ်ကိုဖြစ်တဲ့ ငါက သူ့ကို ဆရာ့ရဲ့ကိုယ်စား ကွန်ဖြူးရှပ်အတွေးအခေါ်တွေ ရှင်းပြခဲ့ရတယ်။ ပြီးတော့ သူက (၃) နှစ်တိတိ လေ့လာခဲ့ရတယ်။ ဒါကြောင့် ငါ ချွေးချန်းက သူ့ရဲ့တာအိုကို မသိနိုင်ဘူးလား.."
ချွေးချန်းက ရေကန်ထဲမှ ထွက်လာပြီး တိုးတိုးလေး ပြောလိုက်သည်။
"လူကြီးလူကောင်းတစ်ယောက်မှာ သန့်စင်တဲ့ နှလုံးသားတစ်ခုရှိတယ်။ ဒါပေမဲ့ အဲဒါက အရာအားလုံးပဲ။ ချီကျင့်ချွန်ရဲ့ဘဝကတော့ အရမ်းကို ကောင်းလွန်းတယ်။ သူ့မှာ အသက်စကားလုံး (၂) ခုတောင် ရှိတယ်။ တကယ်လို့ သူသာ ဒီနေရာမှာ မသေသွားဘူးဆိုရင် အသက်စကားလုံး (၃) ခုတောင် ရှိလာနိုင်တယ်။ တကယ်လို့ သူမသေဘူးဆိုရင် ဘယ်သူဖြစ်မှာလဲ…"
ချွေးချန်းက တံခါးဆီသို့ လျှောက်သွားခဲ့၏။
"ငါက ဒီလိုကိစ္စငယ်လေးတွေကနေ ဒီလိုထောင်ချောက်ကြီးတစ်ခု ဖြစ်လာဖို့အတွက် လူပေါင်းများစွာကို သိမ်းသွင်းခဲ့ရတယ်။ အခွင့်အရေးကလည်း အရမ်းနည်းတယ်.."
ချွေးချန်းက လက်မြှောက်လိုက်ပြီး လက်မကို ဖိထားလိုက်သည်။ သူက နှုတ်ခမ်းကို လျှာနှင့်သပ်ပြီး ပြောလိုက်၏။
"တကယ်လို့ သူသာ ရှုံးနိမ့်သွားမယ်ဆိုရင်..."
ချွေးချန်း ပြောလိုက်သော နောက်ဆုံးစကားလုံးများကို မကြားရတော့ပေ။ ချွေးချန်းက တံခါးကို ဖွင့်လိုက်ပြီး အပေါက်ဝသို့ ရောက်သည့်အချိန်တွင် ရုတ်တရက် ရပ်လိုက်၏။ အရက်ဝယ်ချင်နေသော တာ့လီတော်ဝင်နန်းဆရာက အရက်သောက်ရန် ဆန္ဒမရှိတော့သလို ရုတ်တရက် ခံစားလိုက်ရသည်။ အဆုံးတွင်တော့ သူက အပေါက်ဝတွင် ရိုးရှင်းစွာ ထိုင်ချလိုက်၏။
ဝူယွမ်နှင့် ချွေးမင်ဟွမ်တို့က လူငယ်လေး၏ နောက်ကျောကိုကြည့်ပြီး ဘာဖြစ်သွားမှန်း မသိသည့်အတွက် အချင်းချင်း ကြည့်နေမိကြသည်။ ချွေးချန်းက လက် (၂) ဖက်ကို အင်္ကျီထဲသို့ ထည့်လိုက်ပြီး တစ်ဖက်တွင် ရှိနေသော အိမ်ကို လှမ်းကြည့်လိုက်၏။
တံခါးပေါ်တွင် ဈေးပေါသော အနက်ရောင်နှင့် အဖြူရောင် တံခါးနတ်ဘုရားများ၊ ရှုပ်ထွေးနေသော နှစ်သစ်ကူးစာသားများနှင့် ကံတရားများ ပတ်သက်နေသည့် ရုပ်ဆိုးဆိုး စကားလုံးများ ရေးဆွဲထားသည်။
ချွေးချန်းက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်၏။
"ချီကျင့်ချွန် …
အဆုံးမှာတော့ မင်းက စိတ်ပျက်ရလိမ့်မယ်…"
ထိုအချိန်တွင် တစ်နေရာရာမှနေ၍ ရယ်သံတိုးတိုး ထွက်လာခဲ့သည်။
"ဟုတ်လား ဘယ်လိုမျိုးလဲ…"
ချွေးချန်းကတော့ ထိုအရာနှင့် ပတ်သက်၍ တည်ငြိမ်နေပြီး အဝေးကို လှမ်းကြည့်လိုက်သည်။ သူက ခေါင်းညိတ်ပြီး ပြောလိုက်၏။
"အဲဒီအချိန် ရောက်လာမှပဲ ငါ အရက်သောက်တော့မယ်…"
Translated by Hein Htet.