အခန်း (၈၃)
Vol. 6 Ch. 83
ချန်းပင်အန်းက နောက်ကျောတွင် မြေကြီးများ ထည့်ထားသော ခြင်းတောင်း(၁)တောင်းနှင့်အတူ ရေတွင်းထဲမှ တက်လာခဲ့သည့်အချိန်တွင် စိတ်ထဲ၌ အနည်းငယ် ရှုပ်ထွေးနေခဲ့သည်။
ရေတွင်း၏ အပြင်ဘက်တွင်တော့ စာသင်သားတစ်စု ရပ်နေကြ၏။ ခေါင်းဆောင်ကတော့ အထွေထွေရေးရာဌာနမှ အဘိုးကြီးဖြစ်ပြီး သူက အထိမ်းအမှတ် အဆောက်အဦးတွင် လှေကားထောင်၍ ကြီးကြပ်သူကို ကျယ်လောင်စွာ ပြစ်တင်ကြိမ်းမောင်းခဲ့ဖူးသော အဘိုးကြီးလည်း ဖြစ်သည်။
သူ့ဘေးတွင်တော့ အမိုးတံတားကို တည်ဆောက်ခဲ့သော ယခင်ကြီးကြပ်သူ ရှိနေခဲ့၏။ သူက စုန့်ကျိရှင်း၏အဖေ သခင်ကြီးစုန့်ဟုလည်း ပြောကြသည်။ သူ၏အသားအရေက မြို့ငယ်လေးထဲတွင် နေထိုင်စဉ်ကထက် အနည်းငယ် ဖြူဖပ်ဖြူရော်ဖြစ်နေခဲ့၏။ တခြားသော လူ(၅)ယောက်၊ (၆)ယောက်ခန့်ကတော့ အသက်(၃၀)၊ (၄၀)ဝန်းကျင်သာ ရှိနေသေးသည်။
သူတို့အားလုံးဆီတွင် ထူးခြားသော စိတ်နေစိတ်ထားနှင့် ပုံသဏ္ဌာန်များ ရှိကြပြီး သူတို့က သခင်ကြီးစုန့်ထက်ပို၍ အဆင့်မြင့်သော အရာရှိများ ဖြစ်ကြသည်။ အမှန်အတိုင်း ပြောရလျှင် ချန်းပင်အန်း တစ်ယောက်တည်းသာ အံ့ဩမှင်တက်နေခြင်း မဟုတ်ချေ။
အထွေထွေရေးရာဌာနမှ ရောက်လာသော အရာရှိအဖွဲ့က တာ့လီ၏ ဌာနကြီး(၆)ခုထဲတွင် အဆင့်အတန်းအမြင့်ဆုံးဖြစ်ကြပြီး သူတို့ကလည်း မြို့ငယ်လေးထဲတွင် ရွှေအဆီအနှစ်ကြေးပြား(၃)အိတ် ပိုင်ဆိုင်ထားသော လူချမ်းသာတစ်ယောက်ကို မြင်လိုက်ရသည့်အတွက် အလွန်အံ့ဩနေခဲ့ကြသည်။
သူတို့၏ရှေ့တွင် တစ်ကိုယ်လုံး ဖုန်များ ဖုံးလွှမ်းနေသော ဆင်းဆင်းရဲရဲ လူငယ်လေးက တာ့လီအင်ပါယာ၏ ရတနာတစ်ဝက်နှင့် ညီမျှသော ကြွယ်ဝချမ်းသာမှုများ ရှိနေခြင်းပေလော။ သူက ငွေကြေးအမြောက်အများကို အသုံးပြုပြီး လော်ပိုတောင် အပါအဝင် တောင်(၅)တောင်ကို ဝယ်ယူခဲ့ခြင်းပေလော။
ရွမ်ချုံကတော့ ပေါ်မလာသေးပေ။ ထိုအစား အစိမ်းဝတ် မိန်းမပျို ရွမ်ရှို့နှင့် လုံချွမ်တိုင်းပြည်မှ အရာရှိဝူယွမ်တို့ကသာ ဘေးချင်းယှဉ်၍ ရပ်နေကြသည်။ ဝူယွမ်က သူ့ကို အနည်းငယ် တည်ငြိမ်အေးချမ်းစွာ စိုက်ကြည့်နေပြီး ခေါင်းငုံ့ထားခဲ့၏။
အလွန်ကြောက်စရာကောင်းသော နောက်ခံအင်အား ရှိသည်ဟု အများစုက ထင်ကြေးပေးနေသော အရာရှိဝူက အထွေထွေရေးရာဌာနမှ အရာရှိများနှင့် ရင်ဆိုင်ရသည့် အချိန်တွင် မျက်နှာပျက်နေခဲ့သည်။ မည်သို့ဖြစ်စေကာမူ အပြင်အဖွဲ့တစ်ဖွဲ့က သူ၏ပိုင်နက်ထဲတွင် ရှိနေသော အဆီတဝင်းဝင်း အသားတုံးကြီးကို ယူဆောင်သွားသည့်အချိန်တွင် မည်သူကမျှဝမ်းသာနိုင်လိမ့်မည် မဟုတ်ချေ။
အဆုံးတွင်တော့ ဝူယွမ်က အထိမ်းအမှတ်အဆောက်အဦး၏ အောက်တွင် ဖြစ်ခဲ့သော ကိစ္စများကို မထင်မှတ်ထားသော နည်းလမ်းနှင့် နောက်ဆုတ်သွားခဲ့ပြီး အထွေထွေရေးရာဌာနမှ လက်ယာအမတ်ကြီးတုန်ဟူကို စကားလုံး(၁၆)ခုလုံး ကူးယူခွင့်ပေးလိုက်ရသည်။
အဆင့်(၇) ရှိနေသော ချီကျင့်ကြံသူတစ်ယောက်ဆိုလျှင်ပင် ဆိုင်းဘုတ်ပေါ်၌ ရှိနေသော စကားလုံးများအားလုံးက အသက်စွမ်းအင် ကင်းမဲ့သွားပြီး ယခင်တုန်းကကဲ့သို့ အဖိုးတန်သော ဖုန်းရွှေစကားလုံးများ မဖြစ်နိုင်တော့ကြောင်း သိနေခဲ့သည်။ သို့သော် လက်ယာအမတ်ကြီးတုန်ကတော့ အလွန်ရိုင်းစိုင်းပြီး ဆိုင်းဘုတ်များကိုဖြုတ်ချသွားခဲ့သည့်အပြင် ထိုစကားလုံးများအားလုံးကိုလည်း သူနှင့်အတူ ယူဆောင်သွားခဲ့သည်။
ထို့နောက် သူက အထွေထွေရေးရာဌာနမှ လက်အောက်ငယ်သားများကို ဦးဆောင်ပြီး မက်မွန်ပွင့်လမ်းကြားထဲတွင် ရှိနေသော မိသားစုတစ်ခု၏ ခြံဝန်းထဲတွင် နေထိုင်ခဲ့သည်။
ဝူယွမ်က မြို့ငယ်လေးထဲတွင် ကြီးမားသော တည်ဆောက်မှုများကို အသုံးချပြီး သာမန်လူများကြားထဲတွင် နာမည်ကြီးရန် လုပ်ဆောင်ရသည်မှာ မလွယ်ကူလှပေ။ တခဏအတွင်း သူက မူလအခြေအနေကို ပြန်ရောက်သွားခဲ့ရ၏။
ထိုအရာကိုမြင်သည့်အခါ ဖုလုလမ်းကြားနှင့် မက်မွန်ပွင့်လမ်းကြားထဲတွင် နေထိုင်သူများက ဝမ်းသာနေကြပြီး စကားဝိုင်းများ၏ ခေါင်းစဉ်လည်း ဖြစ်လာခဲ့သည်။ ဝူယွမ်က အသုံးမဝင်သောလူတစ်ယောက်ဟု အများစုက ခံစားနေမိကြ၏။ အကယ်၍ ဝူယွမ်ကသာ ခေါင်းမာပြီး အထွေထွေရေးရာဌာနကို အဆုံးထိ ဆန့်ကျင်နိုင်မည် ဆိုလျှင်တော့ သူတို့က ထိုလူငယ်ကို လေးစားကြမည်ဟုလည်း လူတချို့က ပြောနေကြသည်။
ယခုတော့ သူက နောက်ပိုင်း အရာရှိဝတ်စုံ ဝတ်ထားသည့်အချိန်တွင်ပင် အထွေထွေရေးရာဌာနတွင်တော့ ငကြောက်တစ်ယောက် ဖြစ်သွားပါလိမ့်မည်။
စကားပြောပြီးသွားသည့်အချိန်တွင် လက်ထောက်အမတ်ကြီးက ပတ်ပတ်လည်ကို လှည့်ကြည့်ပြီး ပြုံးလိုက်၏။ မီးဖိုကြီးကြပ်သူ တစ်ယောက် ဖြစ်ခဲ့ဖူးသော သခင်ကြီးစုန့်ကလွဲလျှင် အထွေထွေရေးရာဌာနမှ တခြားအရာရှိများအားလုံးကတော့ တိုးတိုးလေး ရယ်လိုက်မိကြသည်။
ချန်းပင်အန်းက အနည်းငယ်ရှက်ရွံ့သွားခဲ့၏။ သူကတော့ ထိုလူများပြောနေသော တာ့လီဘာသာစကားကို နားမလည်နိုင်ပေ။ ဝူယွမ်က အနည်းငယ် ရှုံ့မဲ့သွားခဲ့၏။ မြို့ငယ်လေး၏ ဘာသာစကားကို ကျွမ်းကျင်သော သခင်ကြီးစုန့်က ထိုရုံးတော်အရာရှိကို ကူညီပေးရန် ဆန္ဒမရှိပေ။
အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ယောက်က မတူညီသောလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေခြင်းဖြစ်ပြီး မကြာသေးခင်ကမှ သူတို့(၂)ယောက်က အချင်းချင်း ပြဿနာဖြစ်ထားခဲ့သေးသည်။ အကယ်၍ ဘုရင်ကြီးကသာ သူနှင့်အတူ လိုက်လာရန် စုန့်ယုကျန်းကို တာဝန်မပေးခဲ့လျှင် သူက အလွန်ပြဿနာများသောအလုပ်ကို လုပ်လိမ့်မည် မဟုတ်ချေ။
အထွေထွေရေးရာဌာနမှ ခြံဝန်းထဲတွင် စာသင်သားများ ပြည့်နှက်နေပြီး သူတို့က သစ်လုံးတံတားတစ်ခုပေါ်တွင် လူနှင့် မြင်းထောင်ပေါင်းများစွာကို တိုက်ခိုက်ခဲ့သော စာသင်သား၏မျိုးစေ့များ ဖြစ်ကြသည်။ ထို့ကြောင့် ထိုရုံးတော်ထဲရှိ စကားလုံးတိုက်ပွဲက အလွန်ထူးခြားအံ့ဩဖွယ်ကောင်းနေခဲ့၏။
စုန့်ယုကျန်းက မြို့ငယ်လေးထဲတွင် နေထိုင်ရသည်ကို အသားကျနေသော လူထူးဆန်းတစ်ယောက်ဖြစ်သည်။ မြို့တော်ကို ပြန်ရောက်သွားပြီးနောက် သူက စကားတစ်ခွန်းမျှမပြောခဲ့သလို မကျေမနပ်ဖြစ်သလို ခံစားခဲ့ရခြင်းလည်း မရှိချေ။
လက်ယာအမတ်ကြီးတုန်က အထွေထွေရေးရာဌာနထဲတွင် ဘဝတလျှောက်လုံး တာဝန်ထမ်းဆောင်ခဲ့သည်။ အထွေထွေရေးရာဌာနက တာ့လီနန်းတွင်းထဲတွင် စစ်မက်ရေးရာဌာနကို ယှဉ်ပြိုင်နိုင်သည့် တစ်ခုတည်းသော ရုံးတော်လည်းဖြစ်၏။ တုန်ဟူက အထွေထွေရေးရာဌာနတွင် တတိယမြောက် ဩဇာအာဏာရှိသူ တစ်ယောက်ဖြစ်သည်။
ထို့ကြောင့် သူက အလွန်ကောက်ကျစ်စဉ်းလဲသော မြေခွေးအိုကြီး တစ်ကောင်လည်းဖြစ်၏။ သူက သူ့အမှားကို ချက်ချင်းနားလည်သွားပြီး အဖြေတစ်ခုကို ရှာဖွေချင်ခဲ့သည်။ သူက ပြန်လှည့်လာပြီး ဆရာရွမ်၏သမီးကို ပြုံးပြလိုက်၏။ သူမက သူ့အတွက် သတင်းစကားတစ်ခု ပါးပေးရန် မျှော်လင့်နေခဲ့သည်။
သို့သော် တုန်ဟူက ထိုအတွေးကို ချက်ချင်းဖယ်ရှားလိုက်၏။ စစ်ကျောင်းတော်မှ သူတော်စင်ကို ဘုရင်ကြီး ကိုယ်တိုင်ကပင် အထူးဧည့်သည် တစ်ယောက်အဖြစ် သတ်မှတ်ထားရခြင်းဖြစ်သည်။ အထွေထွေးရေးရာဌာနမှ လက်ယာအမတ်ကြီး တစ်ယောက်ဖြစ်သော သူက ဆရာရွမ်၏သမီးကို ခိုင်းစေရဲသည်။
အကယ်၍ ထိုမိန်းကလေးကသာ ကျင့်ဝတ်နားမလည်သော မိန်းကလေး တစ်ယောက်ဖြစ်နေလျှင် သူ့ကို လျစ်လျူရှုထားနိုင်ပြီး သူမ၏အဖေကိုပင် သွားရောက်တိုင်ကြားနိုင်သေးသည်။ ထို့နောက် ဆရာရွမ်က မြို့တော်ကို စကား(၁)ခွန်း၊(၂)ခွန်းလောက် လှမ်းပြောလိုက်ရန်သာ လိုအပ်သည်။
သူက တတိယအဆင့် အရာရှိတစ်ယောက်သာ ဖြစ်နေသေး၏။ သို့သော် သက်တောင့်သက်သာ ဖြစ်သလို လုံးဝမခံစားရပေ။ အဘိုးအိုက စိတ်ထဲတွင်တော့ လှုပ်ရှားနေသော်လည်း အမှန်တိုင်းပြောရလျှင် ထိုအရာက ခဏလေးသာ ဖြစ်သည်။
လက်ထောက်အမတ်ကြီးတုန်က သူ၏မူလရည်ရွယ်ချက်ကို ပြောင်းလဲရန် ဆုံးဖြတ်လိုက်၏။ သူက ဆရာရွမ် နေထိုင်မှု အဆင်ပြေမပြေ ထိုမိန်းမပျိုကို အပြုံးနှင့် မေးချင်ခဲ့သည်။ သို့သော် မြို့ငယ်လေးထဲတွင် ရှိနေသော ဖုလုလမ်းကြားနှင့် မက်မွန်ပွင့်လမ်းကြားထဲတွင် ရိုးရှင်းလှပသော အိမ်ဂေဟာတစ်ခုရရှိရန် သူက အထွေထွေရေးရာဌာနမှ အကူအညီကို လိုအပ်နိုင်မည်လော။
သို့သော် တခဏအတွင်း ထိတ်လန့်စရာ ကောင်းသောအရာတစ်ခု ဖြစ်ခဲ့သည်။ အထွေထွေရေးရာဌာနမှ အရာရှိများအားလုံး၏ မျက်လုံးထဲတွင် ချဉ်းကပ်ရန် မဖြစ်နိုင်သော ဆရာရွမ်၏သမီးက တောသားလေး၏ အနားသို့ လျင်မြန်စွာ လျှောက်သွားပြီး လက်ထောက်အမတ်ကြီးတုန်ပြောသည့်စကားကို ပြောပြလိုက်သည်။
လူငယ်က ထိုမိန်းမပျိုပြောသည့်စကားများကို တည်ငြိမ်စွာ နားထောင်နေသည့်အတွက် အထွေထွေရေးရာဌာနမှ အရာရှိများက အမှန်တကယ်ကို အံ့ဩသွာခဲ့ကြ၏။ ချန်းပင်အန်းကတော့ မြို့တော်မှ ရောက်လာသော အထူးဧည့်သည်များ၏ စိတ်အခြေအနေများကို မသိဘဲ နေမည်လော။
ရွမ်ရှို့ပြောပြသော စကားများကို သေချာနားထောင်လိုက်ပြိးနောက် ချန်းပင်အန်းက အပြုံးနှင့် ပြောပြလိုက်သည်။
“ရှို့ရှို့ …
ငါက နဂါးမီးဖိုအလုပ်သမားတစ်ယောက် ဖြစ်ခဲ့တယ်ဆိုတာ အဲဒီအဘိုးကြီးကို ကျေးဇူးပြုပြီး ပြောပြပေးပါ။ အခု ငါက ပန်းပဲဆိုင်မှာ ဝေယျာဝစ္စတွေ လုပ်နေတယ်။ ငါက အဲဒီတောင်တွေက်ု ဝယ်နိုင်တာက ဆရာရွမ်ကြောင့်လို့ ပြောလိုက်ပါ…”
သူမကို ရှို့ရှို့ဟု ခေါ်လိုက်သည်ကို ကြားသည့်အခါ အစိမ်းဝတ်မိန်းမပျိုက ပြုံးလိုက်မိပြီး သူမ၏မျက်လုံးလေးများကလည်း လခြမ်းကွေးလေးပမာ ပြောင်းလဲသွားခဲ့သည်။ အဆုံးတွင်တော့ သူမက အရှေ့ပိုင်းကုန်းမြေကြီး၏ တရားဝင်ဘာသာစကားကို အသုံးပြုပြီး တာ့လီမှ လက်ယာအမတ်အိုကြီးကို အရာအားလုံး ရှင်းပြလိုက်သည်။
အထွေထွေရေးရာဌာနမှ အရာရှိများအားလုံးက ကုန်းမြေကြီး၏ ဘာသာစကားကို ကျွမ်းကျွမ်းကျင်ကျင်တတ်မြောက်ကြသည်။ မဟုတ်လျှင် တာ့လီအင်ပါယာက မြောက်ပိုင်းလူရိုင်းများအဖြစ်သာ သတ်မှတ်နိုင်မည် မဟုတ်ပေလော။ တာ့လီမြို့တော်ဝန်၏အဆိုအရ ထိုဘာသာစကားကို ကောင်းမွန်စွာ ကျွမ်းကျွမ်းကျင်ကျင် ပြောဆိုနိုင်ခြင်းကပင် ချမ်းသာသူများနှင့် ဆင်းရဲသူများကြားထဲရှိ ကွာဟမှုတစ်ခု ဖြစ်သည်။
တုန်ဟူ၏အမူအရာက ပို၍ပင်နှစ်လိုဖွယ်ကောင်းလာခဲ့၏။ သူက သိမ်မွေ့စွာ ခေါင်းညိတ်ပြလိုက်သည်။ မိန်းကလေးရွမ် ရှင်းပြသည့်စကားကို နားထောင်ပြီးနောက် သူက ချန်းပင်အန်းကိုထပ်ပြီး မနှောင့်ယှက်တော့ကြောင်း ပြောလိုက်ပြီး ဆရာရွမ်ကို နှုတ်ဆက်ကြောင်း မိန်းကလေးရွမ်မှတဆင့် ပြောလိုက်သည်။
ဆရာရွမ်က ဓားဖန်တီးရန် အလုပ်များနေသည့်အတွက် သူတို့က သူ့ကို မနှောင့်ယှက်ချင်ခဲ့ပေ။ မဟုတ်လျှင် ဆရာရွမ်ကို အချိန်တော်တော်ကြာ လေးစားနေခဲ့သော ဘုရင်ကြီးက သူတို့ကို သေချာပေါက် အပြစ်ပေးပါလိမ့်မည်။
ရွမ်ရှို့ကတော့ ထိုကဲ့သို့ စကားများကို စိတ်မဝင်စားချေ။ သူမက ဘာမျှမဖြစ်သည့်အလား ခေါင်းညိတ်ပြလိုက်၏။ ထိုအပြုအမူကြောင့် အလွန်ဉာဏ်နီဉာဏ်နက်များသည့် လက်ယာအမတ်အိုကြီးက မကျေမနပ် ဖြစ်သွားခဲ့ခြင်း မရှိချေ။
မိန်းကလေးရွမ်ကို တာ့လီမြို့တော်ထဲတွင် ရှိနေသော နေရာအနည်းငယ်နှင့် မိတ်ဆက်ပေးလိုက်ပြီးနောက် သူက အဖွဲ့ကို ဦးဆောင်ပြီး တည်ငြိမ်စွာ ထွက်ခွာသွားခဲ့၏။ စုန့်ယုကျန်းက အဖွဲ့၏နောက်မှ လိုက်သွားခဲ့သည်။ ဝူယွမ်ကတော့ စုန့်ယုကျန်း၏ နောက်မှနေ၍ လိုက်သွားခဲ့၏။
ရွမ်ရှို့ကတော့ ချန်းပင်အန်းနှင့်အတူ ခြင်းတောင်းထဲမှ မြေကြီးများကို သွန်ထုတ်နေသည်။ သူမက လမ်းလျှောက်လာရင်း ပြောလိုက်၏။
“တောင်တွေ ဝယ်တဲ့ကိစ္စက သိပ်မကြာခင် ပြီးသွားတော့မယ်လို့ ငါ့အဖေက ပြောတယ်။ တာ့လီမှာ အထွေထွေရေးရာဌာနက အရာရှိတွေအပြင် ဒီကိုရောက်လာဖို့အတွက် မြေပညာရှင် ချင်တျန်းကျန့်လည်း လိုအပ်နေသေးတယ်။ နင်နဲ့အတူတူ အဖွဲ့(၃)ဖွဲ့ လက်မှတ်ထိုးဖို့ လိုအပ်တယ်။ ဒါပေမဲ့ ချင်းဝူဆရာကြီး(၂)ယောက်ဦးဆောင်တဲ့ မြေပညာရှင်တွေက တောင်တွေပေါ်မှာရှိတဲ့ မြေမျက်နှာသွင်ပြင်အခြေအနေနဲ့ ဖုန်းရွှေတွေကို သေချာဂရုတစိုက် စစ်ဆေးနေသေးတယ်။ နောက်ထပ် ရက်နည်းနည်းလောက်ကြာမှပဲ သူတို့က ပြန်ထွက်လာကြလိမ့်မယ်…”
ချန်းပင်အန်းက ခဏကြာစဉ်းစားပြီး ခြင်းတောင်းကို ချထားလိုက်သည်။ သူကပ တ်ပတ်လည်တွင် အလုပ်များနေသူများကိုကြည့်ပြီး မေးလိုက်၏။
“ငါတို့က စမ်းချောင်းကိုသွားပြီး စကားပြောကြမလား…”
ရွမ်ရှို့က အပြုံးနှင့် ပြောလိုက်သည်။
“ရတယ်လေ…”
ရွမ်ရှို့က အသံတိုးတိုးနှင့် ပြောလိုက်သည်။
“ဆရာကြီးချင်းဝူနဲ့ တခြားသာမန်မြေပညာရှင်တွေအပြင် အတွေးအခေါ်(၁၀၀)ကျောင်းက ချီကျင့်ကြံသူတွေ၊ တခြားကျောင်းတော်တွေက ပညာရှင်တွေလည်း ဒီနေရာကို ရောက်လာကြလိမ့်မယ်။ သူတို့တွေထဲမှာ တောင်ရွှေ့လူဝံငယ်လေး(၂)ကောင်လည်း ပါလာတယ်။ တစ်ယောက်ကတော့ ငွေရောင်နောက်ကျောလူဝံနဲ့ တခြားတစ်ယောက်ကတော့ လက်ရှည်လူဝံပဲ။ သူတို့ကို တောင်တွေနဲ့ သစ်တောတွေထဲမှာ နေရာချထားလိမ့်မယ်။ တောင်တန်းတွေကို ဖျက်ဆီးပြီး နေရာရွှေ့ချင်တဲ့ အချိန်မျိုးမှာပဲ သူတို့ကို လိုအပ်လိမ့်မယ်..”
“ပြီးတော့ တာအိုအဆောင်ဂိုဏ်း ဖန်တီးထားတဲ့ ချပ်ဝတ်စစ်သည်တော်တွေလည်း ရှိနေသေးတယ်။ အဲဒါကလည်း အရမ်းကို မှော်ဆန်တဲ့အရာတစ်ခုပဲ။ အသက်ချီစွမ်းအားတွေနဲ့ အဆောင်စာရွက်ပါးပါးလေးတွေ ပေါင်းစပ်နိုင်တဲ့ ချီကျင့်ကြံသူတွေက အဲဒီအရာတွေကို ပေ(၇၀)၊ (၈၀)လောက် အမြင့်ရှိတဲ့ ချပ်ဝတ်အင်္ကျီဝတ် စစ်သည်တော်တွေအဖြစ် ပြောင်းလဲနိုင်ကြတယ်။ သူတို့ရဲ့အစွမ်းကလည်း အရမ်းကြောက်ဖို့ကောင်းတယ်။ သူတို့က တောင်ရွှေ့လူဝံကြီးလောက် အစွမ်းမထက်ပေမဲ့ အမိန့်ကို နာခံမှုအပိုင်းမှာ အရမ်းကောင်းမွန်ကြတယ်။ ဒီတော့ မတော်တဆမှုတွေ ဖြစ်မလာနိုင်ဘူး…”
“တောင်ရွှေ့လူဝံတွေကတော့ နည်းနည်းလေး ဒေါသကြီးကြတယ်။ အထူးသဖြင့် ငယ်ရွယ်တဲ့ လူဝံတွေပဲ။ သူတို့ကို သိမ်းသွင်းဖို့က တော်တော်လေးခက်တယ်။ သူတို့ထိန်းချုပ်မှု လွတ်သွားတယ်ဆိုရင် သေချာပေါက် သေရတာပဲ။ တကယ်လို့ သူတို့ကိုဖိနှိပ်ပြီး သတ်ပစ်လိုက်မယ်ဆိုရင်တောင် ဆုံးရှုံးမှုက တော်တော်လေးကြီးတယ်…”
“မိုမိသားစု သခင်ကြီး ဖန်တီးထားတဲ့ ရုပ်သေးတွေလည်း ရှိနေသေးတယ်လို့ ကြားမိတယ်။ ငါကတော့ အဲဒါကို မမြင်ဖူးဘူး။ တကယ်လို့ အခွင့်အရေးရှိတယ်ဆိုရင်တော့ ငါကိုယ်တိုင်သွားပြီး ကြည့်ရမယ်။ ငါ့အဖေက နင့်အတွက် ဆိုင်(၂)ဆိုင် ရွေးပေးထားတယ်။ တစ်ဆိုင်ကတော့ နှစ်သစ်ကူးဆိုင်ပဲ။ တခြားဆိုင်ကတော့ မြက်ဆိုင်ပဲ။ အဲဒီဆိုင်(၂)ဆိုင်က ဘေးချင်းကပ်ရှိနေပြီး နင်လည်း အရမ်းရင်းနီးတယ်။ တကယ်လို့ နင်က ဆန့်ကျင်စရာမရှိဘူးဆိုရင် ငါ့အဖေက အရောင်းအဝယ် ချက်ချင်းလုပ်ဖို့ ကူညီပေးလိမ့်မယ်။ ဒီလိုအရောင်းအဝယ်လေးတွေက တိုင်းပြည်တစ်ပြည်ရဲ့ ဖုန်းရွှေနဲ့ မပတ်သက်သလို တောင်တန်းတွေ၊ မြစ်တွေရဲ့ ကံကြမ္မာနဲ့လည်း မပတ်သက်ဘူး။ ဒီတော့ တောင်(၁)တောင်ကို ဝယ်ရတာလောက် ပြဿနာမများဘူး….”
ချန်းပင်အန်းက ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။
“ရတယ်လေ။ ပြဿနာမရှိဘူး…”
ရွမ်ရှို့က ရုတ်တရက် တစ်စုံတစ်ခုကို အမှတ်ရသွားပြီး လျှို့ဝှက်ဆန်းကြယ်စွာ ပြောလိုက်သည်။
“ငါ့အဖေက ငါ့ကို သီးသန့်ပြောလိုက်တယ်။ အခုဒီမြို့ငယ်လေးက တာ့လီပိုင်နက်ထဲမှာ ရှိနေပေမဲ့ ဒီလမ်းတွေထဲမှာ ကျန်နေတဲ့ ရတနာတွေ၊ မှော်ပစ္စည်းတွေအားလုံးကို ဒီမြို့ငယ်လေးကပဲ ပိုင်ဆိုင်တာ။ ဒီတော့ အဲဒီပစ္စည်းတွေကို လာပေးတဲ့သူတွေကို ဈေးကောင်းကောင်းနဲ့ တိုင်းပြည်ရတနာအဖြစ် ဝယ်သွားကြလိမ့်မယ်။ အဆုံးမှာတော့ မြို့ငယ်လေးထဲမှာ ရှေးဟောင်းပစ္စည်း အခု(၂၀)နီးပါးလောက် ရခဲ့တယ်။ အဲဒီပစ္စည်းတွေကိုတော့ ဖုလုလမ်းကြားနဲ့ မက်မွန်ပွင့်လမ်းကြားထဲမှာ နေထိုင်တဲ့ သာမန်လူတွေက ပေးလိုက်ကြတာ၊ တန်ဖိုးကတော့ တစ်ဝက်စီပဲ။ ရောင်းချကြတဲ့တန်ဖိုးက သိပ်ပြီးတော့ မမြင့်ဘူး။ တာ့လီအင်ပါယာက ပစ္စည်း(၇)ခု၊ (၈)ခုလောက်ရသွားပြီး အဆုံးမှာတော့ ပစ္စည်းအခု (၃၀)လောက် ရသွားခဲ့တယ်။ ဒါကြောင့် သူတို့က တန်ကြေးအနေနဲ့ သူတို့ဝယ်ယူသူတွေကို အခမဲ့အနေနဲ့ တောင်(၃၀)ကို ဆုလာဘ်အဖြစ် ပေးလိမ့်မယ်။ ဘယ်တောင်ကို ဘယ်လိုဆုလာဘ်မျိုးပေးမယ်ဆိုတာကတော့ သာမန်လူတွေ မသိဘူး။ ဒါပေမဲ့ ရှန်ရှို့တောင်နဲ့ လော်ပိုတောင်ကတော့ သေချာပေါက်ပါမယ်ဆိုတာ ငါ့အဖေက သိတယ်။ ပြီးတော့ သူတို့တွေက ထူးခြားတဲ့ အရည်အသွေးရှိပြီး အကောင်းဆုံးတွေထဲက တစ်ခုပဲ။ ပြီးတော့ ငါ့အဖေရဲ့ရှန်ရှို့တောင်နဲ့ နင့်ရဲ့လော်ပိုတောင်တို့မှာ တာ့လီနန်းတွင်းက တောင်တန်းနတ်ဘုရားတစ်ပါးဆီ နေရာချထားပေးလိမ့်မယ်…”
ချန်းပင်အန်းက သက်ပြင်းရှည်ကြီး ချလိုက်ပြီး စမ်းချောင်းဘေးတွင် ထိုင်လိုက်သည်။ ထိုအရာက သူ့အတွက်တော့ စစ်မှန်နေခြင်းမရှိသလို ခံစားနေရ၏။ ရွှံ့ပုလင်းလမ်းကြားထဲမှ လူငယ်လေးက ထိုကဲ့သို့ နေ့တစ်နေ့ကို လုံးဝအိပ်မက်မက်ခဲ့ဖူးခြင်း မရှိချေ။
မြက်ဖိနပ်နှင့်လူငယ်လေး၏ အိပ်မက်ကတော့ နှစ်သစ်ကူးစာသားများ၊ ကြီးကျယ်ခမ်းနားသော တံခါးနတ်ဘုရားများ၊ အရသာရှိသော အသားလုံးများနှင့် ကြေးပြားအိတ်တစ်အိတ်သာ ဖြစ်သည်။
ရွမ်ရှို့ကလည်း သူ့ဘေးတွင် ထိုင်ချလိုက်ပြီး စိတ်ဝင်တစားမေးလိုက်၏။
“ဘာဖြစ်လို့လဲ…”
ချန်းပင်အန်းက တစ်စုံတစ်ခု ပြောချင်နေသော်လည်း တွေဝေနေခဲ့သည်။ သူက ဘာကြောင့်မှန်း ပြောပြနိုင်ခြင်းမရှိသလို ထင်မှတ်ရ၏။ ထို့ကြောင့် သူလည်း ခေါင်းခါပြရုံသာ တတ်နိုင်တော့သည်။ သူက မြက်ပင်လေးတစ်ခုကိုကောက်ယူလိုက်ပြိး ပါးစပ်ထဲတွင် ဝါးနေ၏။
ခဏကြာတိတ်ဆိတ်နေပြီးနောက် ချန်းပင်အန်းက ပြန်လှည့်လာပြီး အပြုံးနှင့် ပြောလိုက်သည်။
“မိန်းကလေးရွမ်…
စောနက အပြင်လူတွေရဲ့ရှေ့မှာ မိန်းကလေးရွမ်ကို ရှို့ရှို့လို့ ခေါ်လိုက်မိတယ်။ ကျေးဇူးပြုပြီး ဒေါသမထွက်ပါနဲ့။ ကျွန်တော်က အဆင့်မြင့်တဲ့အရာရှိတွေ အများကြီးကို မြင်တော့ အရမ်းကို စိုးရိမ်နေခဲ့တာ။ ဒါကြောင့် မိန်းကလေးနဲ့ အရမ်းရင်းနီးကြောင်း ဟန်ဆောင်ချင်ခဲ့တာပါ….”
ရွမ်ရှို့ကတော့ မသက်ဆိုင်သောမေးခွန်းကိုသာ ပြန်မေးခဲ့သည်။
“ဒါနဲ့ မကြာသေးခင် အတောအတွင်း နင့်မိတ်ဆွေရဲ့သတင်းကိုရော ကြားရပြီလား။ ဓားတစ်လက်နဲ့ ဓားမောက်တစ်လက် သယ်ဆောင်ထားတဲ့ တစ်ယောက်လေ..”
ချန်းပင်အန်းက ရှုပ်ထွေးသွားခဲ့ပြီး
“မိန်းကလေးနင်ကို ပြောတာလား။ သူ ထွက်သွားပြီးကတည်းက သူနဲ့ပတ်သက်တဲ့ သတင်းတွေ ဘာမှမသိရတော့ဘူး…”
ရွမ်ရှို့က ပြုံးလိုက်မိ၏။
ချန်းပင်အန်းက ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ပြီး ကျောက်တုံးတံတားရှိရာကို လှည့်ကြည့်လိုက်သည်။ ထိုအချိန်တွင် အလွန်ရင်းနှီးသော အနီရောင်လူရိပ်တစ်ခုက သူ့ဆီကို ပြေးလာနေခဲ့၏။ သူ၏ခြေထောက်(၂)ဖက်က လှည်းဘီးကဲ့သို့ အလွန်လျင်မြန်စွာ လှုပ်ရှားနေခဲ့သည်။
ချန်းပင်အန်းကတော့ ရင်ထဲတွင် ဆိုးရွားသောခံစားမှုတစ်ခု ပေါ်လာပြီး အလျင်အမြန် မတ်တပ်ရပ်လိုက်၏။ ထိုကလေးမလေးက တကိုယ်လုံး ညစ်ပတ်နေပြီး ဝတ်ဆင်ထားသော အနီရောင်အပေါ်ထပ်အင်္ကျီကလည်း စုတ်ပြဲနေသည်။ သူမက သူ့ကို မော့ကြည့်လိုက်၏။
သူမ၏မျက်နှာပေါ်တွင် မျက်ရည်များပြည့်နှက်နေပြီး သူမက ရင်ကွဲပက်လက် နာကျင်နေရပုံပေါ်သည်။ မျက်နှာလေးကလည်း နီရဲနေခဲ့သည်။ သူမက တရှုံ့ရှုံ့ငိုကြွေးနေရင်း ပြောလိုက်၏။
“ဆရာမာက သေသွားပြီ။ သူ မသေခင် နင့်ကို လာရှာဖို့ ငါ့ကို ခိုင်းလိုက်တယ်..”
Translated by Hein Htet.