← Chapters

အခန်း (၈၄)

Vol. 6 Ch. 84

အခန်း (၈၄)

Vol. 6 Ch. 84

ချန်ပင်အန်းက ပတ်ပတ်လည်ကို ချက်ချင်း လှည့်ကြည့်လိုက်သော်လည်း ထူးဆန်းသည့်အရာတစ်ခုမျှ မတွေ့ခဲ့ရပေ။ ထိုအချိန်ကျမှသာ သူက ကလေးမလေး၏လက်ကိုကိုင်ပြီး တိုးတိုးလေး ပြောလိုက်၏။

“စကားပြောလို့ရတဲ့ နေရာတစ်ခုကို သွားကြမယ်…”

ချန်းပင်အန်းက ခဏကြာ စဉ်းစားနေခဲ့သည်။ ‌စမ်းချောင်းက တိတ်ဆိတ်နေပြီး လူအများ၏ မျက်လုံးနှင့်နားထဲမှ ပုန်းအောင်းရန် အတော်လေးကို လွယ်ကူလှသည်။ သို့သော်လည်း သူက စမ်းချောင်းထဲတွင် ညစ်ပတ်နေသည့် အရာတစ်ခု ရှိနေသည်ကို သတိထားမိသည့် အချိန်ကတည်းကစပြီး ရေထဲကို အလွယ်တကူမသွားတော့ပေ။

အနီရောင်ဝတ်ကလေးမလေးက ထိုစကားကို အလျင်အမြန်ပြောလိုက်ပြီးနောက် သူမက ချက်ချင်း နောင်တရသွားခဲ့၏။ အဘယ်ကြောင့်ဆိုသော် ချန်းပင်အန်း၏ အနားတွင် အပြင်လူတစ်ယောက်ရပ်နေသည်ကို တွေ့လိုက်ရခြင်းကြောင့် ဖြစ်သည်။ ထိုအရာက အစိမ်းရောင်ဝတ်စုံဝတ်ဆင်ထားသော အစ်မရွမ်‌ဖြစ်၏။

လီပေါင်ဖျင်က ကျောက်တုံးပြာကမ်းပါး၏ နောက်ဘက်တွင် ရွမ်ရှို့ကို တွေ့ခဲ့ဖူးသော်လည်း ထိုအချိန်တွင် တာအိုသခင်ကျောင်းတော်မှ ရွှေလူငယ်နှင့် ကျောက်စိမ်းမိန်းမပျိုတို့လည်း ရှိနေခဲ့သည်။ သူတို့ထဲမှ တစ်ယောက်က အစိမ်းရောင်နှင့် အနီရောင် ငါး(၂)ကောင်ကို ထိန်းချုပ်ထားပြီး တခြားတစ်ယောက်ကတော့ အဖြူရောင်သမင်(၁)ကောင်ကို စီးနင်းနေခဲ့သည်။ သူတို့နှစ်ယောက်လုံးက ကလေးမလေး၏မိသားစုနှင့် ပတ်သက်နေကြ၏။

ထိုအချိန်တွင် ရွမ်ရှို့၏ပုံစံက သေချာပေါက် လူဆိုးတစ်ယောက်နှင့် တူညီနေခြင်း မရှိချေ။ သို့သော် ကလေးမလေးက ထိုကဲ့သို့လူမျိုးကို အကြောက်ဆုံးဖြစ်၏။ သူတို့က ရင်းနှီးမှု မရှိသော ပတ်သက်မှုမျိုး ရှိနေပြီး အလွန်သနားကြင်နာပုံရသော်လည်း အဆုံးတွင်တော့ ဓားတစ်ချက်ပင် မထုတ်ဘဲ လူအများကို သေစေနိုင်ကြသည်။

အစပိုင်းတွင်တော့ အဘိုးမာနှင့် ချွေးမျိုးရိုး လူငယ်တို့က အတူတူ လမ်းလျှောက်နေကြခြင်းဖြစ်ပြီး မေးခွန်းများ၊ စာပေများ အကြောင်းကို ကျယ်လောင်စွာ ပြောဆိုနေကြသည်။ သူတို့က ကဗျာများ ရွတ်ဖတ်ပြီး သီချင်းများပင် သီဆိုနေကြသေး၏။

လီဟွိုင်၏စကားအရ ချွေးမျိုးရိုးလူငယ်က အဘိုးမာ၏ တရားမဝင် သားတစ်ယောက်၊ သို့မဟုတ် သူ့မြေးပင် ဖြစ်နိုင်သည်ဟု ဆိုကြသည်။ မဟုတ်လျှင် သူတို့၏ဆက်ဆံရေးက ထိုမျှကောင်းမွန်နိုင်လိမ့်မည် မဟုတ်ချေ။

အလွန်တက်ကြွနေသော အဘိုးမာက ဤကမ္ဘာကြီးထဲတွင် တရားမျှတသော လူကြီးလူကောင်းများ၏ လက်ထဲ၌ သေဆုံးသွားရလိမ့်မည်ဟု မည်သူကမျှမထင်ထားခဲ့ကြပေ။ အစောပိုင်းတွင် အဘိုးမာ ပြောခဲ့သောစကားများအရ အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ရှိနေသော ကွန်ဖြူးရှပ်သူတော်စင်များအားလုံးထဲတွင် စီနီယာသခင်နှင့် ဂျူနီယာသခင်ဟု လူသိများသော လူ(၂)ယောက် ရှိခဲ့သည်။

သခင်လေးချွေးကတော့ ကန်ကြည့်ကျောင်းတော်မှ အနာဂတ်ခေါင်းဆောင် တစ်ယောက်ဖြစ်သည်။ ကြိုမမြင်နိုင်သော အဖြစ်အပျက်များ မတိုင်ခင် လူတိုင်းက ချွေးမင်ဟွမ်အပေါ် ကောင်းမွန်သော ခံစားချက်များ ရှိနေကြ၏။ သူက ယဉ်ကျေးသိမ်မွေ့ပြီး အလွန်ဗဟုသုတပြည့်စုံသည်။ သူက အရာအားလုံးကို သိနေသည့်အလား မေးခွန်းတိုင်းကို ပြန်ဖြေပေးနိုင်၏။

စလာသည့် အချိန်ကတည်းကစပြီး လင်းရှို့ယီ တစ်ယောက်တည်းကသာ ချွေးမင်ဟွမ်ကို သဘောမကျခဲ့ခြင်းဖြစ်သည်။ သို့သော် မက်မွန်ပွင့်လမ်းကြားထဲတွင် ကြွယ်ဝချမ်းသာသော မိသားစုမှ လူတစ်ယောက် ဖြစ်သည့်အတွက် သူက အေးစက်ပြီး ရှုတည်တည် အမူအရာနှင့် မွေးဖွားလာခြင်းဖြစ်ပုံရသည်။ လူတိုင်းက သူ့အပေါ် အကြွေးတင်နေသလို ပုံစံမျိုးလည်းဖြစ်၏။

သူက တခြားကလေး(၄)ယောက်နှင့် ခပ်တန်းတန်းဖြစ်နေသည်မှာ စလာသည့် အချိန်ကတည်းကစပြီး အကြိမ်ပေါင်းများစွာ လှောင်ပြောင်သရော်နေခဲ့ခြင်းကြောင့် ဖြစ်သည်။ သူက မည်သည့်အရာကို ဆိုလိုချင်ကြောင်း တစ်ယောာက်မျှနားမလည်နိုင်ကြပေ။

ထိုကလေးမလေးက ဘာကြောင့် သူ့ကို ရန်လိုသော မျက်လုံးများနှင့်ကြည့်နေကြောင်း ရွမ်ရှို့က နားမလည်နိုင်သော်လည်း သူမက အကြံပေးလိုက်သည်။

“နင်က အသစ်ဆောက်ထားတဲ့ ဓားထုလုပ်ရေးအခန်းထဲကို သွားကြပါလား…”

အလွန်ထိတ်လန့်ကြောက်ရွံ့နေသော ကလေးမလေးက ချန်းပင်အန်း၏လက်ကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး ခေါင်းခါပြလိုက်သည်။ သူမက သနားစဖွယ် အမူအရာနှင့် ပြောလိုက်၏။

“ချန်းပင်အန်း …

လူစိမ်းတွေ ရှိတဲ့နေရာကို မသွားချင်ဘူး၊ အဆင်ပြေလား…”

ချန်းပင်အန်းက လီပေါင်ဖျင်၏လက်ကို ညင်သာစွာ ကိုင်ထားခဲ့ပြီး တိုးတိုးလေး ပြောလိုက်သည်။

“ငါ့ကို ယုံပါ။ ပန်းပဲဆိုင်ထဲမှာရှိတဲ့ ဓားထုလုပ်ရေးအခန်းက အလုံခြုံဆုံးပဲ…”

ကလေးမလေးက ချန်းပင်အန်း၏မျက်လုံးထဲကို စိုက်ကြည့်လိုက်သည်။ သူမ ငယ်ရွယ်စဉ် စမ်းချောင်းဆီသို့ ပထမဆုံး လျှောက်လာခဲ့သည့်အချိန်၌ ကြည်လင်နေသော စမ်းရေများကိုတွေ့ခဲ့ရသည်။ ထိုစီးဆင်းနေသော ရေများက အလွန်နှေးကွေးလွန်းလှသည့်အတွက် သူမက အောက်ခြေကိုပင် မြင်နိုင်၏။

လက်ရှိအချိန်တွင် သေရေးရှင်ရေးအခြေအနေတစ်ရပ်ကို ကျရောက်ခဲ့ရသော ကလေးမလေးကတော့ ဝမ်းနည်းပူဆွေးမှုများ ပြည့်နှက်နေခဲ့၏။ သူမက နောက်တစ်ကြိမ် ငိုလိုက်ပြီး တရှံ့ရှုံ့ပြောလိုက်၏။

“ချန်းပင်အန်း … ငါ့ကိုမလိမ်ပါနဲ့…”

ချန်းပင်အန်းက သူမကို စိုက်ကြည့်လိုက်သည်။

“ငါ နင့်ကို မလိမ်ပါဘူး…”

ရွမ်ရှို့က သူတို့(၂)ယောက်ကို ဓားထုလုပ်ရေးအခန်းဆီသို့ ခေါ်သွားပြီး တံခါးဖွင့်ရန် သော့ထုတ်လိုက်သည်။ သူမက နေရာတွင်ရပ်ပြီး ပြုံးပြလိုက်၏။

“ငါ အထဲကို ဝင်မလာတော့ဘူး။ ငါက အပြင်ဘက်ကို စောင့်ကြည့်ပေးမယ်။ တကယ်လို့ ငါ့အဖေ ရောက်လာရင်တောင် ငါ သူ့ကိုဝင်ခွင့်မပေးဘူး…”

ချန်းပင်အန်းက အနည်းငယ် ရှက်ရွံ့စွာ ရှင်းပြလိုက်သည်။

“နင်က သူ့အတွက် စားစရာနဲ့ သောက်စရာတစ်ခုခု ယူလာပေးလို့ရနိုင်မလား။ သူ့ဆီမှာ စိုးရိမ်မှုမရှိတော့တဲ့ အချိန်ကျရင် ချက်ချင်းလဲကျသွားမှာ ဆိုးရတယ်။ အခုချိန်မှာ သူ့ရဲ့ဗိုက်ကိုဖြည့်ဖို့က အရေးကြီးတယ်။ ငါ ငယ်ငယ်တုန်းကလည်း အဲဒီလို ခံစားခဲ့ရတာ…”

ရွမ်ရှို့က ခေါင်းညိတ်ပြလိုက်ပြီး နောက်ပြန်လှည့်သွားခဲ့သည်။ သူမက လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ ပိုးသားအိတ်ငယ်လေးတစ်ခု ပေါ်လာခဲ့၏။ သူမက ထိုအရာကို ချန်းပင်အန်း၏ လက်ထဲသို့ထည့်ပေးပြီး ပြောလိုက်သည်။

“ဒီအိတ်ထဲမှာတော့ မက်မွန်ကိတ်(၅)လုံးရှိတယ်။ ဒါတွေ အရင်ဆုံး စားထားလိုက်။ ငါက သူ နင်မသွားအောင် ရေတစ်အိုး သွားယူလိုက်ဦးမယ်…”

ချန်းပင်အန်းနှင့် လီပေါင်ဖျင်တို့က မျက်နှာချင်းဆိုင် ထိုင်နေခဲ့သည်။ ထိုကလေးမလေးက မက်မွန်ကိတ်ကို ယူလိုက်သော်လည်း စားရန်းစိတ်ကူးရှိပုံမရချေ။

ချန်းပင်အန်းက တိုးတိုးလေး ပြောလိုက်၏။

“ဘာတွေဖြစ်ခဲ့တာလဲ ငါ့ကိုပြောပါဦး…”

လီပေါင်ဖျင်က အလွန်နှေးကွေးစွာ ပြောလိုက်၏။ ထိုအရာက စိတ်မရှည်တတ်သော သူမ၏အကျင့်စရိုက်နှင့် လုံးဝကို ဆန့်ကျင်ဘက်ဖြစ်နေခဲ့သည်။ သို့သော် ကလေးမလေးက ဖြည်းညင်းစွာ ပြောပြနေသည့်အတွက် ချန်းပင်အန်းက အတွေးများကို ခွဲခြားပြီး ပြဿနာကို သေချာစဉ်းစားသုံးသပ်နိုင်ခဲ့သည်။

အဘိုးမာ မသေခင် ကလေး(၅)ယောက်၏ ခရီးလမ်းက အလွန်ချောမွေ့နေခဲ့၏။ နွားလှည်းနှင့် မြင်းလှည်း (၂)စီးက မိုင်(၁၀၀)ခန့် သွားလာခဲ့ကြသည်။ အဘိုးမာနှင့် ကန်ကြည့်ကျောင်းတော်မှ ချွေးမင်ဟွမ်တို့ကလည်း ကောင်းကောင်း စကားပြောနေကြပြီး အသက်ကွာခြားသော်လည်း မိတ်ဆွေများ ဖြစ်လာကြ၏။

သို့သော် တစ်ရက်တွင်တော့ အဘိုးမာက သူတို့၏အိမ်စာများကို စစ်ဆေးနေသည့် အချိန်တွင် သူက ချွေးမင်ဟွမ်နှင့် ဆွေးနွေးချင်သည်ဟု ရုတ်တရက်ပြောခဲ့သည်။ သူတို့က လူချင်းခွဲ၍ သွားခဲ့၏။ မည်သို့ဖြစ်စေကာမူ ကောင်းမွန်သည့် အရာများအားလုံးက အဆုံးသတ်ကို ရောက်လာခဲ့သည်။

သူတို့အဖွဲ့က အချိန်တော်တော်ကြာ စောင့်နေခဲ့သော်လည်း အဘိုးမာနှင့် ချွေးမင်ဟွမ်တို့ ပြန်လာသည်ကို မတွေ့ခဲ့ရပေ။ ထို့ကြောင့် လီပေါင်ဖျင်နှင့် လီဟွိုင်တို့က သူတို့ကို ရှာဖွေရန် ထွက်သွားခဲ့ကြ၏။

အဆုံးတွင်တော့ လီဟွိုင်က သွေးအိုင်ထဲတွင် လဲကျနေသော အဘိုးမာကို အရင်ဆုံး ရှာတွေ့ခဲ့သည်။ သူ၏လက်နှင့် ခြေထောက်များကို မပြောနှင့် အဘိုးအို၏ ဒဏ်ရာများက အလွန်ပြင်းထန်လွန်းလှသည့်အတွက် မျက်လုံးနှင့် နားထဲမှပင် သွေးများ စီးကျနေခဲ့၏။

အဘိုးအို၏ခန္ဓာကိုယ်က စမ်းချောင်းထဲမှ မလိုက်သော ဝါးခြင်းတောင်းတစ်ခုကဲ့သို့ ခံစားနေရသည်။ သေအံ့ဆဲဆဲဖြစ်နေသော အဘိုးမာက လီပေါင်ဖျင်ကို သူ့အနားသို့ ခေါ်လာပေးရန် လီဟွိုင်ကို တောင်းဆိုခဲ့သည်။

လီပေါင်ဖျင် အနားသို့ ရောက်လာပြီးနောက် အဘိုးအိုက သူမ၏လက်ကိုသာ ကိုင်ထားခဲ့၏။ ဘာကြောင့်မှန်း မသိသော်လည်း မူလတုန်းက စကားတစ်ခွန်းမျှမပြောနိုင်သော အဘိုးအိုက လီပေါင်ဖျင်ကို ရိုးရှင်းစွာ ရှင်းပြပေးခဲ့သည်။ ထိုအရာက နောက်ဆုံးထွက်သက်ရောင်ခြည်ကြောင့် ဖြစ်နိုင်သလို သူ၏နောက်ဆုံးကြိုးစားအားထုတ်မှုကြောင့်လည်း ဖြစ်နိုင်သည်။

ထိုအချိန်တွင် အနီရောင်အင်္ကျီဝတ်ထားသော ကလေးမလေးကတော့ တရှုံ့ရှုံ့ ငိုနေခဲ့၏။ ချန်းပင်အန်းက မည်သို့နှစ်သိမ့်ရမှန်း မသိသည့် လူငယ်တစ်ယောက် ဖြစ်သည်။ သူက ကလေးမလေး၏အနားသို့ တိတ်တဆိတ် ခုံရွှေ့လိုက်ပြီး သူမ၏မျက်ရည်များကို သုတ်ပေးလိုက်၏။

သူက ပြန်ပြောလိုက်သည်။

“မငိုနဲ့... မငိုနဲ့…”

ကလေးမလေးက နှပ်ချေးများကို နှာခေါင်းရှုံ့လိုက်ပြီး ဆက်ပြောလိုက်၏။

“အဘိုးမာက ငါ့လက်ကို ကိုင်ထားပြီး နင့်ကိုတစ်ယောက်တည်း သွားရှာရမယ်လို့ ပြောခဲ့တယ်။ သူက ကန်ကြည့်ကျောင်းတော်နဲ့ တာ့လီမြို့တော်က လူတွေကို သတိထားရမယ်လို့လည်း ပြောခဲ့တယ်။ ဘယ်သူ့ကိုမှ မယုံကြည်နဲ့တဲ့…”

ချန်းပင်အန်း၏အမူအရာက အလွန်တည်ငြိမ်နေပြီး သူက ဆက်မေလိုက်သည်။

“ဒါဆိုရင် ရှစ်ချွန်ကျားနဲ့ တခြားသူတွေကရော ဘယ်နေရာမှာလဲ…”

မျက်နှာပေါ်တွင် မျက်ရည်များ ပြည့်နေသော လီပေါင်ဖျင်က အပြုံးနှင့် ပြောလိုက်၏။

“သူတို့(၄)ယောက်က မြင်းလှည်းသမားကို ရွှံ့ပုလင်းလမ်းကြားဆီခေါ်သွားကြတယ်။ မြင်းလှည်းသမားကလည်း လူကောင်းတစ်ယောက် မဟုတ်ဘူးလို့ လင်းရှို့ယီက ခံစားခဲ့ရတယ်လေ။ သူနဲ့သခင်လေးချွေးတို့ ပူးပေါင်းပြီး အဘိုးမာကို သတ်လိုက်တာလည်း ဖြစ်နိုင်တာပဲ…”

“ငါတို့က အဘိုးမာကို မြှုပ်ဖို့ နေရာတစ်ခု ရှာတွေ့ပြီးသွားတဲ့အချိန်မှာ ငါတို့က ချောက်ကမ်းပါးကျောင်းတော်ကို သွားစရာမလိုတော့ဘူးလို့ မြင်းလှည်းသမားက ပြောခဲ့တယ်။ ဘာလို့လဲ‌ဆိုတော့ ဆရာချီက ချောက်ကမ်းပါးကျောင်းတော်ကို ရန်သူတိုင်းပြည်ဆီ ရွှေ့သွားပြီဆိုတဲ့သတင်းကို ရခဲ့တယ်လို့ ပြောတယ်။ အဘိုးမာကသာ ငါတို့ကို ဦးဆောင်ပြီး ခေါ်မသွားဘူးဆိုရင် ငါတို့က တာ့ဆွေတိုင်းပြည်ထဲကို‌ မရောက်ခင် နယ်ခြားစောင့်တပ်ဖွဲ့ သတ်ဖြတ်တာကို ခံကြရလိမ့်မယ်…”

“အဲဒီတုန်းကတော့ ငါတို့ဆီမှာလည်း ဘာအတွေးမှ မရှိခဲ့ဘူး။ အဆုံးမှာတော့ ငါတို့ဘာလုပ်ရမလဲဆိုတာကိုတောင် အဘိုးမာက မပြောခဲ့ဘူးလေ။ ငါတို့က မြို့မှာရှိတဲ့‌ကျောင်းကိုပြန်သွားပြီး နောက်ထပ်ဆရာတစ်ယောက်ကို စောင့်ရမလား။ ဒါမှမဟုတ် တာ့ဆွေအင်ပါယာကိုသွားပြီး ချောက်ကမ်းပါးကျောင်းတော်မှာ ဆက်ပြီးတာ့ လေ့လာရမှာလား။ ဒါကြောင့် ငါတို့က မြင်းလှည်းသမားနဲ့အတူ ဒီကိုပြန်လာခဲ့တာ။ ဒါပေမဲ့ ငါတို့မိသားစု အကြီးအကဲတွေအားလုံးက တာ့လီမြို့တော်ကို ရွှေ့သွားပြီလို့ မြင်းလှည်းသမားက ပြောတယ်။ တကယ်လို့ မယုံဘူးဆိုရင်တော့ မြို့ထဲက လူတွေကို သွားမေးနိုင်တယ်တဲ့။ မေးကြည့်လိုက်မယ်ဆိုရင် သူက အမှန်အတိုင်းပြောနေတယ်ဆိုတာ သိလိမ့်မယ်လို့ ငါတို့ကိုပြောတယ်။ ဘာလို့လဲဆိုတော့ တာ့လီအင်ပါယာက မိသားစုတိုင်းကို မြို့ထဲမှာ လူတချို့ ချန်ထားခွင့်ပေးတယ်လေ..”

ရွမ်ရှို့က ရေတစ်အိုးယူလာပြီး တံခါးကို ခေါက်ပြီးမှ အခန်းထဲကို ဝင်လာခဲ့၏။ လီပေါင်ဖျင်က ချက်ချင်း ပါးစပ်ပိတ်လိုက်သည်။ ရွမ်ရှို့က ထွက်သွားပြီးနောက် တံခါးပိတ်ရန် မမေ့ခဲ့ပေ။

ကလေးမလေးက တံခါးပိတ်သွားပြီးမှသာ ဆက်၍ ပြောလိုက်၏။

“မြင်းလှည်းသမားက တော်တော်ထူးဆန်တယ်။ ရွှံ့ပုလင်းလမ်းကြားထဲမှာ ချန်းပင်အန်းလို့ခေါ်တဲ့ ကောင်လေးက ဘယ်သူလဲလို့ ငါတို့ကို မေးနေခဲ့တာ။ အဘိုးမာ မှာခဲ့တဲ့စကားတစ်ခွန်း နင့်ကို ပြောစရာရှိတယ်လို့ သူက ပြောခဲ့တယ်။ အဲဒီအချိန်တုန်းကတော့ ငါလည်း ဘာမှပြောစရာမရှိခဲ့ဘူး…”

ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်၏။

“နင်က ကောင်းကောင်းလုပ်နိုင်ခဲ့တာပဲ။ အရင်ဆုံး ဗိုက်ဖြည့်ကြစို့…”

လီပေါင်ဖျင်က ကိတ်မုန့်(၃)တုံးကို တစ်လုတ်တည်းနှင့် မျိုချလိုက်ပြီး ရေတကျိုက် မော့သောက်လိုက်သည်။ ထို့နောက် သူမ၏မျက်နှာကို လက်ခုံနှင့် သုတ်လိုက်ပြီး လျင်မြန်စွာ ပြောလိုက်၏။

“နောက်ပိုင်းမှာတော့ ငါတို့(၅)ယောက်က အချင်းချင်း ဆွေးနွေးဖို့ အခွင့်အရေးတစ်ခု ရခဲ့တယ်။ ငါတို့က သေမှာကို ထိုင်စောင့်နေဖို့လည်း လုံးဝမဖြစ်နိုင်ဘူးလေ။ ဒါကြောင့် ငါတို့က အကြံတစ်ခု ရခဲ့တယ်‌။ ငါတို့က မြို့ငယ်လေးကို မရောက်ခင် တစ်ရက်မှာ ရှစ်ချွန်ကျားက နေမကောင်းဖြစ်ချင်ယောင်ဆောင်ခဲ့တယ်။ ငါက သူ့ကိုတချိန်လုံး ဂရုစိုက်နေခဲ့ရတာ။ ပြီးတော့ ငါက ရွှံ့ပုလင်းလမ်းကြားရဲ့ အခြေအနေတွေ အကြောင်း လီဟွိုင်ကို သီးသန့်ပြောပြခဲ့တယ်။ သူက နင့်ကိုသိတယ်လို့လည်း ဝန်ခံခိုင်းလိုက်တယ်.”

“သူ့အဖေလီအာ့က ယန်မိသားစုဆေးဆိုင်မှာ ဆိုင်အကူ တစ်ယောက် ဖြစ်ခဲ့ဖူးတယ်ဆိုတဲ့ အကြောင်းပြချက်လည်း ရှိတယ်လေ။ ရွှံ့ပုလင်းလမ်းကြားထဲမှာနေတဲ့ ချန်းမျိုးရိုး လူငယ်လေးက ဆေးပင်တွေရောင်းဖို့ ဆိုင်ကို မကြာခဏ လာခဲ့ဖူးတာပဲ။ ဒါပေမဲ့ မြင်းလှည်းသမားက ပထမဆုံး မေးတဲ့အချိန်မှာ သူက အဲဒါကို ချက်ချင်းမတွေးခဲ့မိဘူး…”

ချန်းပင်အန်းက အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

လီပေါင်ဖျင်က ရှင်းပြလိုက်၏။

“နင်က စမ်းချောင်းထဲကနေ တောင်တန်းတွေပေါ် ဆေးပင်ခူးဖို့သွားတာကို ငါက မကြာမကြာ မြင်ခဲ့ဖူးတယ်လေ။ နင်က တောင်ပေါ်ကနေ ပြန်ဆင်လာတဲ့ အချိန်မှာလည်း ဆေးပင်ခြင်းတောင်းတစ်ခုကို သယ်လာတာပဲ…”

ချန်းပင်အန်းက ရယ်ရမလား၊ ငိုရမလားမသိတော့ပေ။ သူက နားလည်ကြောင်း အချက်ပြလိုက်၏။ တချိန်တည်းတွင် ချန်းပင်အန်းက အနည်းငယ် ထိတ်လန့်သွားခဲ့သည်။

သူက အသံတိုးတိုးနှင့် ပြောလိုက်၏။

“နင်တို့လုပ်တဲ့အရာတွေက တော်တော်လေးကို အန္တရာယ်များတယ်…”

ကလေးမလေးက ခေါင်းညိတ်ပြီး ပြောလိုက်သည်။

“ငါ သိတယ်။ ဒါကြောင့် ငါတို့(၅)ယောက်က ဒီကိစ္စကို မဆွေးနွေးခင် သူတို့ကို ရှင်းရှင်းလင်းလင်းပြောခဲ့တာ။ လီပေါင်ဖျင်ရဲ့အသက်က တန်ဖိုးအရှိဆုံးလို့ လင်းရှို့ယီက ပြောခဲ့တယ်။ ပြီးတော့ သူက သေမှာကို မကြောက်ဘူးတဲ့။ သူက စိတ်ရှုပ်စရာကောင်းတဲ့ တရားမဝင်သားတစ်ယောက်ပဲလေ။ ဒါကြောင့် သူ့ကိုဘယ်သူမှ ဂရုမစိုက်ဘူး။ ရှစ်ချွန်ကျားကတော့ နည်နည်းလေး ဉာဏ်တုံးတယ်။ သူက ဘယ်လိုပဲဖြစ်ဖြစ် ငါ့စကားကိုပဲ နားထောင်တယ်။ လီဟွိုင်ကတော့ ဘာများကြောက်စရာလိုလို့လဲလို့ ပြောတယ်။ သူသေသွားမယ်ဆိုရင်တောင် သူ့အဖေ လီအာ့က ငကြောက်တစ်ယောက်ပေမဲ့ သူ့အမေက သူ့ကိုယ်စား သေချာပေါက် လက်တုံ့ပြန်လိမ့်မယ်။ တုံရှိုကျင်းကတော့ အပွင့်လင်းဆုံး လူတစ်ယောက်ပဲ။ သူက အစွမ်းထက်တယ်လို့ ပြောတယ်။ တကယ်လို့ ဒီကိစ္စပေါ်သွားမယ်ဆိုရင်တောင် သူက ငါတို့(၄)ယောက်ကို အရင်ဆုံး ထွက်ပြေးခိုင်းပြီး မြင်းလှည်းသမားနဲ့ သူသေကိုယ်သေ တိုက်ခိုက်မယ်လို့ပြောတယ်။ ဒါပေမဲ့ အဲဒါက အန္တရာယ်များမယ်လို့ မထင်ပါဘူး…”

“တကယ်လို့ မြင်းလှည်းသမားကသာ ငါတို့ကို တကယ်သတ်ချင်နေတယ်ဆိုရင် မြို့ထဲကို ရောက်တဲ့အထိ စောင့်နေစရာမှ မလိုတာ။ သူ့မှာ သေချာပေါက် အကြံအစည်တွေ ရှိနေနိုင်တယ်။ နောက်ကွယ်မှာရှိတဲ့ လူတွေက သေချာပေါက်တစ်ခုခု ပတ်သက်နေနိုင်တယ်…”

လီပေါင်ဖျင်က နောက်ဆုံးကျန်နေသော မက်မွန်ကိတ်(၂)ခုကို စားလိုက်ပြီး သက်ပြင်းရှည်ကြီးချလိုက်သည်။

“နောက်ပိုင်းမှာတော့ ငါတို့က မြို့ငယ်လေးထဲမှာရှိတဲ့ တရုတ်ဇီးသီးပွင့်လမ်းကြားထဲကို ရောက်လာခဲ့တယ်။ ငါက မြင်းလှည်းသမားကို အချိန်ဆွဲထားဖို့ တုံရှိုကျင်းနဲ့ လီဟွိုင်တို့ကို မှာထားတယ်။ အမှန်အတိုင်းပြောရရင် လီဟွိုင်က ကွေ့ပတ်ပြီး သူ့ကိုခေါ်သွားရမှာ။ သူတို့ထွက်သွားတာနဲ့ ငါက မြင်းလှည်းထဲကနေ ချက်ချင်းထွက်လာပြီး ရွှံ့ပုလင်းလမ်ကြားထဲမှာ နင့်ကို လာရှာခဲ့တာပဲ။ ဒါပေမဲ့ နင့်အိမ်က တံခါးပိတ်ထားတာကို တွေ့လိုက်ရတယ်။ အနားက အိမ်နီးချင်းတစ်ယောက် ဖြတ်သွားတဲ့အချိန် ငါက မေးလိုက်တာ ကံကောင်းသွားတယ်။ အဲဒီအချိန်ကျမှပဲ နင်က ပန်းပဲဆိုင်မှာ တပည့်‌တစ်ယောက်ဖြစ်နေတယ်ဆိုတာ သိ‌ခဲ့ရတာ။ ငါက အရမ်းကို စိုးရိမ်သွားတာလေ…”

ချန်းပင်အန်းက ယခုတစ်ကြိမ်တော့ အလွန်ထိတ်လန့်သွားခဲ့သည်။ သူက ပြန်မေးလိုက်၏။

“နင်က ဒီလိုအစီအစဉ်တွေကို တစ်ယောက်တည်း ဆုံးဖြတ်ခဲ့တာလား…”

လီပေါင်ဖျင်က ခေါင်းခါပြလိုက်သည်။

“လင်းရှို့ယီမှာလည်း အကြံဉာဏ်တွေ ရှိတယ်လေ။ ဥပမာအနေနဲ့ပြောရရင် ငါတို့က ရွှံ့ပုလင်းလမ်းကြားနဲ့ မလှမ်းမကမ်း နေရာတစ်ခုကို ရှာဖွေဖို့ မလွယ်ဘူး။ ပြီးတော့ အဲဒီအရာကို ရွှံ့ပုလင်းလမ်းကြားလို့ ပြောလို့ရနိုင်တာပဲ။ ဒါဆိုရင် ငါတို့က အလွယ်တကူ ပေါ်သွားနိုင်ပြီး ဝေးဝေးကိုမပြေးနိုင်ဘူး။ ဒါကြောင့် တရုတ်ဇီးသီးပွင့် လမ်းကြားထဲမှာရှိတဲ့ တုံရှို့ကျင်းရဲ့အိမ်မှာ မြင်းလှည်းကို ရပ်ခိုင်းတာက အကောင်းဆုံးနည်းလမ်းပဲ…”

“ဒါဆိုရင် ကွေ့ပတ်သွားဖို့အတွက် အခြေအနေတစ်ခုလည်း ရှိတယ်။ ပြီးတော့ မြင်းလှည်းသမားက တရုတ်ဆီးသီးပွင့်လမ်းကြားကို ရောက်လာတဲ့အချိန် သူ့ရဲ့ဘိုးဘေးတွေကို သေချာပေါက် မေးလိမ့်မယ်လေ။ အဲဒါက အမှန်ဆိုတာ သေချာသွားရင် သူ့ကို လှည့်စားဖို့အတွက် ပိုပြီးလွယ်ကူသွားနိုင်တယ်…”

လီပေါင်ဖျင်က လေးလေးနက်နက် ပြောလိုက်သည်။

“အဆုံးမှာတော့ အဲဒါက အမှန်ပဲဆိုတာ သက်သေပြနိုင်ပြီလေ…”

ချန်းပင်အန်းက ကလေးမလေး၏ခေါင်းကို ပုတ်ပြီး ချီးကျူးလိုက်သည်။

“နင်က တကယ်အံ့ဩဖို့ကောင်းတာပဲ…”

လီပေါင်ဖျင်က ပြုံးလိုက်၏။

“တကယ်လို့ နင်က အိမ်မှာမရှိရင် လီဟွိုင်နဲ့ တုံရှို့ကျင်းတို့က ပိုပြီးတော့ လုံခြုံသွားလိမ့်မယ်။ သူတို့က တိုက်ခိုက်ဖို့အတွက် စိုးရိမ်စရာ မလိုတော့ဘူး..”

လီပေါင်ဖျင်က စိတ်ဝင်တစား မေးလိုက်၏။

“ဘာလို့ အဘိုးမာနဲ့ မြို့ငယ်လေးရဲ့ ဘာသာစကားမပြောတတ်တဲ့ မြင်းလှည်းသမားတို့က နင့်ကို ရှာချင်နေကြတာလဲ…”

ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်သည်။

“ငါလည်း စိတ်ဝင်စားနေတာ။ ကြည့်ရတာတော့ အဲဒါက ငါ့ကို ဆရာချီပေးခဲ့တဲ့ပစ္စည်းတွေနဲ့ ပတ်သက်နေမယ်လို့ ထင်တယ်…”

ဆရာချီက သူ့အတွက် သစ်ခါးပင်သစ်ရွက် အနည်းငယ် တောင်းဆိုပေးခဲ့သည်။ သို့သော် လက်ထဲတွင် ယောင် ဟူသော စကားလုံးနှင့် သစ်ခါးပင်သစ်ရွက်ကတော့ အသုံးပြုပြီးသွားပြီဖြစ်၏။ သို့မဟုတ် ကျောက်စိမ်းဆံထိုးပင်လော။

သို့သော် ထိုဆံထိုးက သာမန်ပစ္စည်းနှင့် ဖန်တီးထားကြောင်း ဆရာချီနှင့် နင်ယောင်တို့နှစ်ယောက်လုံးက ပြောခဲ့၏။ ထိုအရာက သာမန်ဆံထိုးတစ်ခုသာ ဖြစ်နိုင်သည်။

‘တံဆိပ်တုံးလား…’

ချန်းပင်အန်း၏ခံစားချက်များက လေလံသွားခဲ့၏။ ထိုအရာက ဖြစ်နိုင်ခြေအရှိဆုံး ဖြစ်သည်။ ဆရာချီက သူ့ကို တံဆိပ်တုံး(၂)ခုပေးခဲ့ပြီး စုစုပေါင်း (၄)တုံး ရှိနေသည်။ လွန်ခဲ့သော ရက်အနည်းငယ်တွင်လည်း တိတ်ဆိတ်ခြင်းဟူသည့်စကားလုံး ရှိနေသော တံဆိပ်က ရတနာဖြစ်ကြောင်း အဘိုးကြီးယန်က သူ့ကိုပြောခဲ့ဖူးသည်။

တည်ငြိမ်ခြင်းနှင့် ဂုဏ်ယူဝင့်ကြွားခြင်းဟူသော စကားလုံး(၄)ခုပါဝင်သည့် ပြီးပြည့်စုံသော တံဆိပ်တုံးတစ်ခု။ ထို့ပြင် ဆရာချီက နောက်ပိုင်း စိတ်ဝင်စားစရာကောင်းသော မြေမျက်နှာသွင်ပြင်မျိုး တွေ့ရမည်ဆိုလျှင် ထိုတံဆိပ်တုံးကို အသုံးပြုပြီး သိမ်းဆည်းထား၍ရသည်ဟုလည်း ပြောခဲ့သည်။

လီကျူးသုခဘုံ တည်ရှိနေသော တောင်တန်းများ၊ မြစ်များအကြောင်းကို စဉ်းစားကြည့်လိုက်မည်ဆိုလျှင် ထိုနေရာတွင် တောင်တန်းနတ်ဘုရားများ၊ မြစ်နတ်ဘုရားများ အမှန်တကယ် ရှိနိုင်သည်။ သူတို့ထဲတွင် သူဝယ်‌ထားသော လော်ပိုတောင်တွင်လည်း တောင်တန်းနတ်ဘုရားတစ်ပါး ရှိ၏။

ရုတ်တရက် လီပေါင်ဖျင်က သစ်ရွက်(၃)ရွက်ကိုထုတ်ပြီး ချန်းပင်အန်းကိုပြလိုက်သည်။

“အစိမ်းရောင်သစ်ရွက်(၃)ခုက ညှိုးသွားပြီ…”

ချန်းပင်အန်းက ရုတ်တရက်နားလည်သွားခဲ့၏။ ထိုအစိမ်းရောင်သစ်ရွက်(၃)ရွက်၏ အကူအညီက အဘိုးမာ၏အသက်ကို ဆွဲဆန့်ပေးလိုက်ခြင်းဖြစ်နိုင်သည်။ ထို့ကြောင့်လည်း သူက စကားအနည်းငယ်ပြောနိုင်ခြင်း ဖြစ်၏။

ထိုအရာကလည်း အမှန်တရားဖြစ်သည်။ အကယ်၍ လီပေါင်ဖျင်ကသာ အလွန်ကံကောင်းပြီး သစ်ခါးပင်သစ်ရွက်(၃)ခုကို သူနှင့်အတူ ယူမထားလျှင် အဘိုးအိုက စကားတစ်ခွန်းမျှမပြောနိုင်ဘဲ သေသွားရလိမ့်မည်ဖြစ်၏။

ယခုတော့ ချန်းပင်အန်းက သူ၏အဖိုးတန်ပစ္စည်းများအားလုံးကို ပန်းပဲဆိုင်တွင် သိမ်းဆည်းထားခဲ့သည်။ ဆရာရွမ်က သူ့ကို မိန်းကလေးနင်ယောင် နေခဲ့သော အဝါရောင်ရွှံ့အိမ်လေးတစ်ခု ပေးထားခဲ့၏။ ထိုအချိန်တွင် အရောင်တူညီနေသော မြွေကျောက်တုံး(၈)ခုအပြင် သာမန်မြွေကျောက်တုံး အခု(၁၀၀)လောက်ကိုလည်း ယူထားခဲ့သေး၏။

သူတို့အားလုံးကို ထိုအိမ်ငယ်လေး၏နံရံအောက်ခြေတွင် ပုံထားခဲ့သည်။ သို့သော် ချန်းပင်အန်းကတော့ ဖန်းကျင်းတံဆိပ်နှင့် ဟန်ရှန်တံဆိပ်တုံးကိုတော့ အမြဲတမ်း သယ်ဆောင်သွားခဲ့သည်။

ချန်းပင်အန်းက ခဏကြာစဉ်းစားပြီး ဖြည်းညင်းစွာ ပြောလိုက်၏။

“မြင်းလှည်းသမားက ပန်းပဲဆိုင်ကို လာတဲ့ လမ်းမှာရှိလောက်မယ်။ နင် ဒီမှာအရင်ဆုံး ပုန်းနေလိုက်။ ငါက ရှစ်ချွန်ကျားနဲ့ လင်းရှို့ယီတို့ကို တိတ်တဆိတ်သွားပြီး ကယ်လိုက်မယ်။ တကယ်လို့ မြင်းလှည်းသမားမေးရင် ငါက အပြင်ဘက်ကို လမ်းလျှောက်သွားတယ်လို့ ဒီမှာရှိတဲ့ လူတစ်ယောက်ကိုပြောခိုင်းလို့ရတယ်။ မြင်းလှည်းသမားက ရွှံ့ပုလင်းလမ်းကြားထဲမှာရှိတဲ့ ငါ့အိမ်ကို ရောက်လာတဲ့ အချိန်ကျရင်တော့ သူက နင်ပျောက်သွားတာကို သတိထားမိမှာပဲ။ သူက အပေါ်ယံမှာ ဘာမှမပြောပေမဲ့ တော်တော်လေးကို အန္တရာယ်များနိုင်တယ်…”

လီပေါင်ဖျင်က အနည်းငယ်တွေဝေနေကြောင်း ချန်းပင်အန်းက မြင်လိုက်ရသည်။ သူက လေးလေးနက်နက် ပြောလိုက်၏။

“ငါပြောတာကိုယုံပါ။ တကယ်လို့ နင့်မိသားစုက အဝေးကိုရောက်သွားပြီဆိုရင် မြို့ထဲမှာ အလုံခြုံဆုံးနေရာက ဒီနေရာပဲ ရှိတော့တယ်…”

လီပေါင်ဖျင်က ခဏကြာစဉ်းစားပြီး ပြောလိုက်သည်။

“ပန်းပဲဆိုင်ရှိတဲ့ ဆရာရွမ်ကို နင်ယုံလား….”

ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်သည်။

“ငါက ဆရာချီပြောခဲ့ဖူးတဲ့ စည်းမျဉ်းတွေကိုပဲ ယုံတယ်…”

လီပေါင်ဖျင်က အပြုံးနှင့် ပြောလိုက်၏။

“ငါ နားလည်ပါပြီ…”

လီပေါင်ဖျင်က ဆုံးဖြတ်ချက်ချပြီးသွားသည့်အချိန်တွင် သူမက ပြတ်သားစွာ ပြောလိုက်၏။

“နင်က အစ်မရွမ်ကို ယုံကြည်မှတော့ ငါက ရှစ်ချွန်ကျားနဲ့ လင်းရှို့ယီတို့ကို ဒီနေရာခေါ်လာပေးဖို့ သူ့ကို တောင်းဆိုလိုက်မယ်။ ပြီးတော့ ငါတို့ပုန်းနေဖို့အတွက် နေရာတစ်ခု ရှာကြမယ်။ ဒါဆိုရင်တော့ မြင်လှည်းသမားနဲ့ အေးအေးဆေးဆေး စကားပြောလို့ရပြီ။ သူ့မှာ ဘာအတွေးတွေရှိနေလဲ ကြည့်ကြတာပေါ့…”

ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။

“ကောင်းပြီလေ…”

ချန်းပင်အန်းက လီပေါင်ဖျင်နှင့်အတူ ဓားထုလုပ်ရေးအခန်းထဲမှ ထွက်လာခဲ့သည်။

သူမအပေါ် သံသယဝင်ခြင်းကို ရှောင်တိမ်းရန်အတွက် ရွမ်ရှို့က တံခါးနှင့် ခပ်လှမ်းလှမ်းတွင် ထိုင်နေခဲ့၏။ သူမက ပျင်းရိနေသည့်အတွက် ခန္ဓာကိုယ်လေးကို ဘေးဘယ်ညာ လှုပ်ရှားနေခဲ့သည်။

ချန်းပင်အန်းက တောင်းဆိုပြီးသွားသည့်အချိန်တွင် ရွမ်ရှို့က စဉ်းစားမနေဘဲ ပြောလိုက်၏။

"ကောင်းပြီလေ။ ပြဿနာမရှိဘူး…”

ထို့နောက် ရွမ်ရှို့က ထိုင်ချလိုက်ပြီး အနီရောင်အင်္ကျီနှင့် ကလေးမလေးကို စိုက်ကြည့်လိုက်သည်။ သူမက လီပေါင်ဖျင်ကို ကျောပေါ်သို့ တင်ခေါ်လိုက်၏။

လီပေါင်ဖျင်၏ မျက်နှာပေါ်တွင် တွေဝေမှုများပြည့်နှက်နေသည်။

“ကျွန်မက တော်တော်လေး မြန်မြန်ပြေးနိုင်တယ်…”

ရွမ်ရှို့က အပြုံးနှင့် ပြောလိုက်၏။

“ငါက သေချာပေါက် ပိုမြန်ပါတယ်…”

ကလေးမလေးက ချန်းပင်အန်းကို ဒေါသတကြီး လှည့်ကြည့်လိုက်ပြီး သူမက မြန်မြန်ပြေးနိုင်ကြောင်း သက်သေပြပေးရန် မျှော်လင့်နေခဲ့သည်။

ချန်းပင်အန်းက စကားပြောရန် ပြင်လိုက်စဉ် ရွမ်ရှို့က လေးလေးနက်နက် ပြောလိုက်၏။

“ငါက ခဏလေးအတွင်း သွားချည် ပြန်ချည်လုပ်နိုင်တယ်။ အဲဒီအချိန် နင်နဲ့ချန်းပင်အန်းတို့က မြို့ထဲကိုတောင် သွားနိုင်ဦးမှာ မဟုတ်ဘူး…”

လီပေါင်ဖျင်က ရှုံ့မဲ့သွားခဲ့၏။

“ဒီကမ္ဘာကြီးထဲမှာ အင်မော်တယ်တွေ၊ သရဲတစ္ဆေတွေရှိတယ်ဆိုတာ ကျွန်မသိတယ်။ ဒါပေမဲ့ အင်မော်တယ် တစ်ယောက်ဖြစ်ဖို့ လွယ်တယ်လို့ ထင်နေတာလား…”

ချန်းပင်အန်းကသာ နောက်ဆုံး ဆုံးဖြတ်ချက်ကို ချလိုက်သည်။

"အစ်မရွမ် ပြောတဲ့စကားကို နားထောင်လိုက်၊ မြန်မြန်…”

လီပေါင်ဖျင်က သက်ပြင်းချလိုက်ပြီး ရွမ်ရှို့၏နောက်ကျောတွင် ရပ်လိုက်၏။ သူမ၏နောက်ကျောက အလွန်ပျော့ပြောင်းပြီး သက်တောင့်သက်သာရှိသည်။

ရွမ်ရှို့ ထွက်မသွားခင် ချန်းပင်အန်းကို ပြောလိုက်သည်။

“တစ်ခုခုကိစ္စရှိတယ်ဆိုရင် ငါ့အဖေကို သွားရှာလို့ရတယ်…”

ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်၏။

ဝှစ်...

အနီရောင်အပေါ်ထပ်နှင့် ကလးမလေးက မိန်းကလေးရွမ်၏ လည်ပင်းကို ကိုင်ထားနေရင်း ရုတ်တရက် ကြောက်လန့်သွားသည့်အတွက် တကိုယ်လုံး ကြက်သီးမွေးညင်းထ သွားခဲ့သည်။ သူမ၏နားထဲတွင် ပြင်းထန်သော လေတိုးသံတစ်ခုကိုသာ ကြားလိုက်ရ၏။

သူမက ပြန်လှည့်ကြည့်ပြီး အောက်ကို ငုံ့ကြည့်လိုက်သည်။ ဘာကြောင့် ဖုလုလမ်းကြားထဲတွင် ရှိနေသော အိမ်များက အလွန်သေးငယ်သွားရသနည်း။ စမ်းချောင်းကလည်း ကြိုးတစ်ချောင်းကဲ့သို့ သေးငယ်‌လွန်းလှသည်။

မြေပြင်ပေါ်တွင် ကျန်နေခဲ့သော ချန်းပင်အန်းကတော့ လီပေါင်ဖျင်ကိုခေါ်ပြီး တခဏအတွင်း ပျောက်ကွယ်သွားသော မိန်းကလေးရွမ်ကိုကြည့်ပြီး အံ့ဩနေခဲ့၏။ မိန်းကလေးရွမ်နှင့် မိန်းကလေးနင်တို့(၂)ယောက်လုံးက အင်မော်တယ်များ ဖြစ်ကြသည်ဟု လူငယ်က တွေးနေမိခဲ့သည်။

အလွန်တိတ်ဆိတ်သော အာလန်လမ်းကြားထဲတွင် ချွေးချန်းက ရေကန်အနားတွင် ရပ်နေပြီး ထိုင်ခုံအရှည်တွင်တော့ လူငယ်တစ်ယောက်က ထိုင်နေခဲ့သည်။ ချွေးချန်းက တိုးတိုးလေး အမိန့်ပေးလိုက်၏။

“ရေတစ်ခွက် သွားခပ်လာခဲ့…”

ထိုလူငယ်က ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး လက်နှစ်ဖက်နှင့် ရေတစ်ခွက် ခပ်လာခဲ့သည်။ ချွေးချန်းက ရေခွက်ကို ယူလိုက်ပြီး ‌လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်၏။ ရေခွက်ထဲတွင်‌ ရှိနေသော ရေများက ရေအိုင်ထဲသို့ ကျသွားပြီး အပြာရောင်ရေကန့်လန်ကာတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့နောက် ချွေးချန်း၏အတွေးများက အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး နွားလှည်းနှင့် မြင်းလှည်း မြို့ထဲသို့ ဝင်လာသည့်မြင်ကွင်းများ တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။ လူများနှင့် ပစ္စည်းများအားလုံးလည်း ပေါ်လာခဲ့၏။

ချွေးချန်းက လက်နှစ်ဖက်ကို နောက်ပစ်ထားပြီး သက်တောင့်သက်သာရှိသလို ထင်ရသည်။ ထို့နောက် သူက ခြေဖျား‌ထောက်လိုက်ပြီး ခန္ဓာကိုယ်က အရုပ်တစ်ခုကဲ့သို့ ‌လှုပ်ရှားနေခဲ့၏။ တာအိုကို သက်သေပြရန် အခွင့်အရေးတစ်ခု ရရှိလာသည့်အချိန်တွင် ချီကျင့်ကြံသူများက စိုးရိမ်ထိတ်လန့်ကြသည်သာဖြစ်သည်။

ထိုအချိန်တွင် အနီဝတ်ကလေးမလေးက အဖော်များနှင့်ခွဲပြီး မြင်းလှည်းပေါ်မှ ခုန်ဆင်းသွားခဲ့ကြောင်း ချွေးချန်းက မြင်လိုက်ရ၏။ ထို့နောက် မြင်းလှည်းဆရာက ကလေးငယ်နှစ်ယောက်၏ လှည့်စားမှုကိုခံရပြီး တရုတ်ဇီးသီးပွင့်လမ်းကြားထဲကို ရောက်သွားခဲ့သည်။

တာ့လီတော်ဝင်နန်းဆရာကတော့ တစ်ယောက်တည်း တိုးတိုးလေးပြောလိုက်မိ၏။

“နဂိုတုန်းကတော့ ငါက စုန့်ချန်ကျင့်ရဲ့ သူလျှိုတွေကို လှောင်ပြောင်‌သရော်နေမိခဲ့တာ၊ ငါ လေ့ကျင့်ပေးထားတဲ့ သူလျှိုတွေကတော့ ပိုပြီးတော့တောင် ဆိုးနေသေးတာပဲ။ သူတို့က သေးသောက်ပြီး ကြီးလာတာလားလို့တောင် မေးရလိမ့်မယ်..”

သို့သော် ချွေးချန်းက သိပ်မကြာခင် စိတ်အေးသွားခဲ့သည်။ ရေကန်လန့်ကာက လီပေါင်ဖျင်၏ပုံရိပ်ကို ဆက်လက်ပြသ‌နေခဲ့၏။ သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

“ဒီမှာရှိတဲ့ ကလေးတွေက တော်တော်လေးကို ဉာဏ်ကောင်းကြတာပဲ။ အထူးသဖြင့် စုန့်ကျိရှင်း၊ ကျိုးယောင်တို့အဖွဲ့ပဲ။ သူတို့က နည်းနည်းလေးပိုပြီး အသက်ကြီးတယ်။ ပြီးတော့ ဒုတိယအဖွဲ့ထဲမှာ ဒီကလေးမလေး အပါအဝင်ပဲ။ သူတို့က တော်တော်လေးကို ထူးချွန်ကြတယ်။ အသက်ငယ်ငယ်လေးနဲ့ ဉာဏ်ကောင်းပြီး နားလည်နိုင်စွမ်းလည်း အရမ်းမြင့်တယ်။ သူတို့ကို သေချာပေါက်လျော့တွက်လို့မရဘူး..”

အနီဝတ်ကလေးမလေးက ကျောက်တုံးတံတားဆီသို့ ပြေးသွားသည်ကို မြင်သည့်အချိန်တွင် ချွေးချန်း၏ မျက်လုံးထဲ၌ အလင်းတန်းကြီးတစ်ခု ဝင်ရောက်လာခဲ့သည်။ ချွေးချန်းက အကြည့်ကို အနည်းငယ်လွှဲလိုက်ပြီး ရေကန့်လန့်ကာကို ဆက်လက်စိုက်ကြည့်နေခြင်း မရှိတော့ချေ။ သူက မျက်လုံးမှိတ်၍အနားယူနေလိုက်၏။

မျက်လုံးပြန်ဖွင့်လိုက်သည့်အချိန်တွင် ကလေးမလေးက ကျောက်တုံးတံတားကို ဖြတ်ကျော်သွားပြီဖြစ်ကြောင်း တွေ့လိုက်ရသည်။ ချွေးချန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။

“တာ့လီတော်ဝင်မိသားစုရဲ့နည်းလမ်းတွေက တော်တော်လေးကို ရက်စက်ကြမ်းကြုတ်တာပဲ။ ဒါကြောင့် ဓားအိုကြီးကို ရန်စခဲ့မိတာလား။ သူ့ရဲ့ မကျေနပ်ချက်တွေက တာ့လီမှာ နဂါးတစ်ကောင်အဖြစ် ပျိုးထောင်ထားတဲ့ ငါ့ဆီကို ရောက်လာတာလား။ ဒါပေမဲ့ ပြောရမယ်ဆိုရင် ဒီဓားရဲ့အစစ်အမှန်သမိုင်းကြောင်းကို ရှာမတွေ့နိုင်ပေမဲ့ ကောလာဟလတွေတော့ရှိတယ်။ ဒါက ရှေးဟောင်းဓားတစ်ချောင်းဆိုမှတော့ သူ မမြင်ဖူးတဲ့မြင်ကွင်းမျိုး ရှိသေးလို့လား။ ဒီလောက်ထိ ကပ်စေးနည်းစရာမလိုဘူး မဟုတ်လား…”

ရေကန့်လန့်ကာပေါ်တွင် ရှိနေသော မြင်ကွင်းများက တဖြည်းဖြည်းနှင့် ပန်းပဲဆိုင်သို့ နီးကပ်လာခဲ့သည်။ ထိုအချိန်တွင် ရေနှင့် ဖန်တီးထားသော ကန့်လန့်ကာက ချက်ချင်းပင်ပ ျက်စီးသွားခဲ့၏။ ရေစက်များကလည်း ပတ်ပတ်လည်သို့ လွင့်စင်သွားပြီး နံရံ၊ ပြတင်းပေါက်နှင့် တိုင်လုံးများထဲတွင် အပေါက်များဖြစ်သွားစေခဲ့၏။

သို့သော် ချွေးချန်းနှင့် လူငယ်ဆီသို့ ရောက်လာသောရေစက်များကတော့ မမြင်ရသော နံရံတစ်ခုနှင့် တိုက်မိသွားသလို ထင်ရပြီး ချက်ချင်းပင် ရေစက်များအဖြစ် ပြောင်းလဲသွားခဲ့၏။

ထိုအချိန်တွင် ခြံဝန်းထဲ၌ ရွမ်ချုံ၏အသံကို ကြားလိုက်ရသည်။

“မင်းရဲ့ကံတရားကို အတင်းကြီး တွန်းပို့မနေနဲ့…”

ချွေးချန်းက ခေါင်းမော့ပြီး ရယ်လိုက်၏။

“သူတော်စင်တွေက တော်တော်လေးကို ကပ်စေးနည်းတာပဲ။ တကယ်လို့ မင်းက မကြည့်စေချင်ရင်လည်း မကြည့်တော့ဘူး။ မင်းမှာ ပြောစရာရှိတယ်ဆိုရင် စကားကို ကောင်းကောင်းပြောကြရအောင်။ ဘယ်လိုပဲဖြစ်ဖြစ် ဒါက ရွမ်မိသားစု ဘိုဘေးနေအိမ်လေ။ တကယ်လို့ ငါသာ မြို့တော်ကိုပြန်သွားပြီး ဒီအတွက် အပြစ်ပေးခံရမယ်ဆိုရင် ဘယ်လိုလုပ်မလဲ…”

ချွေးချန်းက တီးတိုးပြောလိုက်သည်။

“လုတိုင်းပြည်က အကျဉ်းသားတွေ ဒီနေရာကို ရောက်လာသင့်ပြီ…”

ချွေးချန်းက ခေါင်းညိတ်ပြီး လူငယ်ကိုကြည့်လိုက်သည်။ ထို့နောက် အကြည့်ကို ရုတ်သိမ်းလိုက်ပြီး သူ၏ဘယ်ဘက်နှင့် ညာဘက်လက်ချောင်းလေးများကို ညင်သာစွာ ထိကြည့်နေခဲ့၏။

သူက တိုးတိုးလေး ပြောလိုက်သည်။

“အဆင်ပြေခါနီးနေပြီ…”

…………..

လီဟွိုင်နှင့် တုံရှိုကျင်းတို့က မြင်းလှည်းသမားကို ချန်းပင်အန်းဆီသို့ ခေါ်လာခဲ့သည့်အချိန်တွင် ချန်းပင်အန်းကတော့ လူတစ်ယောက်နှင့် အိမ်ဆောက်နေခဲ့သည်။

လီဟွိုင်က ပတ်ပတ်လည်ကို ကျီးကန်းတောင်းမှောက် လိုက်ကြည့်နေခဲ့၏။ တုံရှိုကျင်း၏ အမူအရာက သာမန်သာဖြစ်သည်။ သူ့ပုံစံက စစ်သူကြီးတစ်ယောက်၏ ပုံသဏ္ဌာန်မျိုးဖြစ်၏။

တကိုယ်လုံးဖုန်များ ပေနေသော ချန်းပင်အန်းက သူတို့(၃)ယောက်ဆီသို့ လျှောက်လာပြီး ရှုပ်ထွေးစွာမေးလိုက်၏။

“မင်းတို့က ငါ့ကိုရှာနေကြတာလား…”

မြင်းလှည်းသမား၏ရုပ်ရည်က သာမန်သာဖြစ်ပြီး သူ့ပုံစံက ရိုးသားသော လယ်သမားတစ်ယောက်နှင့် တူညီနေသည်။ သူက လက်နှစ်ဖက်ကိုပွတ်ပြီး ချန်းပင်အန်းဆီသို့ လျှောက်လာခဲ့၏။

“ငါတို့က ‌တနေရာရာမှာ စကားပြောလို့ရနိုင်မလား…”

ချန်းပင်အန်းက ခေါင်းခါပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။

“ဒီမှာပဲ စကားပြောလို့ရမယ်…”

မြင်းလှည်းသမား၏ မျက်နှာပေါ်တွင် မကျေနပ်မှုများ ရှိနေသော်လည်း ရင်ထဲတွင်တော့ အနည်းငယ် စိတ်အေးသွားခဲ့သည်။ ထိုအရာက လမ်းကြားထဲမှ သာမန်လူငယ်တစ်ယောက်၏ စိတ်နေစိတ်ထားဖြစ်၏။

မြင်းလှည်းသမားက တွေဝေနေခဲ့သသည်။

“မင်းက ကျောင်းက အဘိုးမာကိုသိလား….”

မြက်ဖိနပ်နှင့်လူငယ်လေးက မကျေမနပ်နှင့် ပြောလိုက်၏။

“မြို့ထဲမှာရှိတဲ့ လူတိုင်းက ဆရာချီကို သိတယ်။ ဒါပေမဲ့ ဆရာချီက ကျုပ်တို့အားလုံးကို မှတ်မိပါ့မလားဆိုတာ ပြောဖို့တော့ ခက်တယ်လေ…”

လီဟွိုင်ကတော့ ရယ်ချင်စိတ်ကို ထိန်းထားခဲ့ရသည်။ တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှ တုံရှိုကျင်းကတော့ ချန်းပင်အန်းကို စိုက်ကြည့်နေခဲ့၏။

ထိုအချိန်တွင် အိမ်၏တခြားတစ်ဖက်မှနေ၍ လူတစ်ယောက်က အလျင်အမြန် လှမ်းအော်လိုက်၏။

“ညီလေးချန်း ပျင်းမနေနဲ့၊ စကားမြန်မြန်ပြောပြီး အလုပ်ပြန်လုပ်မယ်…”

လူငယ်က သက်ပြင်းချပြီး မြင်းလှည်းသမားကို ပြောလိုက်သည်။

“ပြောစရာရှိတယ်ဆိုရင် ‌မြန်မြန်ပြောပါ…”

ထိုလူက ပါးနှစ်ဖက်ကို လက်နှင့်ပွတ်လိုက်ပြီး အသံတိုးတိုးနှင့် ပြောလိုက်၏။

“ငါက တာ့လီနန်းတွင်းက အစေခံတစ်ယောက်ပဲ။ ငါက ဒီကလေးတွေကို ချောက်ကမ်းပါးကျောင်းတော်ဆီ ပို့ပေးတဲ့လမ်းကြောင်းမှာ ကာကွယ်ပေးဖို့အတွက် တာဝန်ရှိတယ်။ သူတို့ကို အပြင်လူတွေက ပြန်ပေးဆွဲမသွားရအောင် တာဝန်ရှိတယ်ဆိုတာလည်း မငြင်းပါဘူး။ ဥပမာအနေနဲ့ ပြောရရင်တော့ တာ့ဆွေအင်ပါယာနဲ့ ကန်ကြည့်ကျောင်းတော်တို့ပေါ့။ မင်းက နားမလည်လည်း ကိစ္စမရှိဘူး။ မင်းက ငါ့ကိုယုံတာမယုံတာလည်း ကိစ္စမရှိဘူး။ ပြီးတော့ ငါက မင်းနဲ့ ဆရာချီရဲ့ပတ်သက်မှု၊ မင်းနဲ့ အဘိုးမာတို့ရဲ့ပတ်သက်မှုကိုလည်း ဂရုမစိုက်ဘူး။ မင်းက နောက်ပိုင်းမှာတော့ သေချာဂရုစိုက်ဖို့ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ ချောက်ကမ်းပါးကျောင်းတော်ကို သွားတဲ့လမ်းမှာ အဘိုးမာက အသတ်ခံလိုက်ရတယ်။ သူမသေခင် အဘိုးမာက ငါနဲ့ မကြာခဏစကားပြောခဲ့ပြီး မင်းအကြောင်းကို (၂)ကြိမ် ပြောခဲ့တယ်။ ပထမတစ်ကြိမ်မှာတော့ မင်းက ပြတင်းပေါက်အပြင်ဘက်မှာ ထိုင်ပြီး စာသင်တာကို မကြာခဏ လာနားထောင်တယ်လို့ ပြောတယ်။ ဒုတိယအချက်ကတော့ ဆရာချီက ဆရာအဖြစ်ကနေ နှုတ်ထွက်မသွားခင် မင်းက ကျောင်းသားကောင်းတစ်ယောက်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ သူက မင်းကို ချောက်ကမ်းပါးကျောင်းတော်ဆီ ခေါ်မသွားနိုင်တာကတော့ နှမြောစရာပဲလို့ ပြောခဲ့တယ်…”

ထိုလူက မချိပြုံး ပြုံးပြီး ပြောလိုက်၏။

“အခု အဲဒီကလေးတွေက နေစရာအိမ် မရှိတော့ဘူး။ သူတို့က ကျောင်းတော်ကိုလည်း မသွားရဲကြဘူး။ မြို့ထဲမှာလည်း အိမ်မရှိတော့ဘူး။ ဆရာချီ‌ တည်ထောင်ထားတဲ့ ချောက်ကမ်းပါးကျောင်းတော်မှာ လူတိုင်းသင်ကြားလို့မရဘူးဆိုတာ မင်းလည်း သိမှာပေါ့။ ငါတို့ တာ့လီမြို့တော်ထဲမှာ လူတွေသန်းပေါင်းများစွာ ရှိတယ်။ ဒါပေမဲ့ နှစ်ပေါင်းများစွာ ကြာခဲ့တာ‌ကိုတောင် ချောက်ကမ်းပါးကျောင်းတော်က တပည့်တစ်ဒါဇင်လောက်ပဲရှိတယ်။ အခုသူ‌တို့အားလုံးက အဆင့်မြင့်အရာရှိတွေပဲ…”

လီဟွိုင်က ခေါင်းငုံ့နေသည့်အတွက် သူ၏မျက်နှာအမူအရာကို ရှင်းရှင်းလင်းလင်း မမြင်ရပေ။ တုံရှိုကျင်းကတော့ ခံစားချက်ကင်းမဲ့စွာ နေရာတွင် ရပ်နေခဲ့၏။ အဝေးတွင် ရောက်နေသော ရွမ်ရှို့က တိုးတိုးလေး ချောင်းဟန့်လိုက်သည်။

ချန်းပင်အန်းက နားလည်သွားပြီး လီဟွိုင်၏နာမည်ကို လှမ်းခေါ်လိုက်သည်။

“လီဟွိုင် မင်းတို့(၂)ယောက် ဒီကိုလာခဲ့။ ငါက မင်းတို့ကို အရင်ဆုံးမေးစရာရှိတယ်…”

လီဟွိုင်က ခေါင်းညိတ်ပြလိုက်ပြီး တုံရှို့ကျင်းကို ရှေ့သို့ဆွဲခေါ်လာခဲ့သည်။ တစ်စုံတစ်ခု မှားယွင်းနေကြောင်း မြင်းလှည်းမောင်းသမားက နားလည်သွားသည့်အချိန်တွင် ချန်းပင်အန်းက လီဟွိုင်နှင့် တုံရှို့ကျင်းတို့ကို သူ့နောက်တွင် ဆွဲခေါ်ထားလိုက်၏။

သူက ရှေ့တက်လာပြီး လေးလေးနက်နက် ပြောလိုက်သည်။

“ကျုပ်ကို ရှင်းပြပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ နောက်ပိုင်း ကျုပ်က အဘိုးမာရဲ့ကျောင်းထဲမှာရှိတဲ့ ဒီကလေးတွေကို ဂရုစိုက်ပေးလိုက်မယ်။ ကျုပ်က သူတို့ရဲ့သဘောထားကိုသေချာမေးပြီး သူတို့‌မိဘတွေဆီသွားမလား၊ တစ်ခုခုလုပ်မလား သေချာစီစဉ်ပေးလိုက်ပါ့မယ်…”

မြင်းလှည်းသမားက ခြောက်ကပ်စွာ ပြောလိုက်သည်။

“ချန်းပင်အန်း ဒါက မသင့်တော်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းထက်ပိုပြီး သူတို့ရဲ့လုံခြုံရေးကို တာဝန်ယူနိုင်တယ်….”

ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်သည်။

“ဒါဆိုလည်း အဆင်ပြေပါတယ်။ အခု ကျုပ်က ချမ်းသာသွားပြီ။ ကျုပ်က အရာရှိဝူယွမ်နဲ့ အထွေထွေရေးရာဌာနက လက်ယာအမတ်ကြီးတုန်ဟူ တို့ကိုလည်းသိတယ်။ တစ်ခုခုကိစ္စရှိတယ်ဆိုရင် ကျုပ်က သူတို့ကို သွားရှာလိုက်မယ်။ ဪ ပြီးတော့ ..ကျုပ်က သတင်းအရင်ပို့ပေးဖို့ ဆရာရွမ်ကိုလည်း အကူအညီတောင်းလို့ရသေးတယ်…”

မြင်းလှည်းသမားက နှုတ်ခမ်းကို တင်းတင်းစေ့လိုက်မိသည်။ ထိုအချိန်တွင် တံစက်မြိတ်အောက် မလှမ်းမကမ်းတွင် လူတစ်ယောက် ရပ်နေကြောင်း တွေ့လိုက်ရ၏။

ထိုအခါ မူလတုန်းက သူ့ကိုသတ်ချင်နေသော မြင်းလှည်းသမားက ရုတ်တရက် ချွေးပျံလာပြီး ချန်းပင်အန်းကို အပြုံးနှင့်ပြောလိုက်သည်။

“ကောင်းပြီလေ။ အဘိုးမာက မင်းကို ယုံကြည်နေမှတော့ ငါလည်းမင်းကို ယုံပါတယ်။ ချန်းပင်အန်း… နောက်ပိုင်း အကူအညီလိုတယ်ဆိုရင် မြို့မြောက်ပိုင်းမှာရှိတဲ့ မိန်းမပျိုအုတ်ဂူလမ်းကြားထဲမှာ ငါ့ကိုလာရှာလို့ရတယ်။ ငါက အဲဒီလမ်းကြားရဲ့မြောက်ဘက်အစွန်းမှာရှိတဲ့ အိမ်ငယ်လေးထဲမှာနေတယ်…”

ချန်းပင်အန်းက အပြုံးနှင့်ပြောလိုက်၏။

“ကောင်းပါပြီ…”

မြင်းလှည်းသမားက လှည့်ထွက်သွားခဲ့သည်။ ချန်းပင်အန်း၏နဖူးပေါ်တွင်တော့ ချွေးများပြည့်နေခဲ့၏။ ထိုလူ သူ့မြင်ကွင်းထဲမှ လုံးဝပျောက်ကွယ်သွားသည့်အချိန်ကျမှ သူက ကလေး(၂)ယောက်ကို ပြောလိုက်သည်။

“လီဟွိုင်၊ တုံရှိုကျင်း…

လီပေါင်ဖျင်ကိုတွေ့ဖို့ ငါနဲ့လိုက်လာခဲ့…”

လီဟွိုင်က မေးလိုက်၏။

“လီပေါင်ဖျင်က အကုန်လုံး ပြောပြီးသွားပြီလား…”

ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်၏။

တုံရှိုကျင်းက မေးလိုက်သည်။

“ရှစ်ချွန်ကျားနဲ့ လင်းရှို့ယီတို့ကရော…”

ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်သည်။

“သူတို့ကိုလည်း ခေါ်လာပြီးသွားပြီ…”

တုံရှိုကျင်းက သူ့ကိုကြည့်ပြီး စကားတစ်ခွန်းမျှ ထပ်မပြောခဲ့ပေ။ ယာယီဓားထုဆစ်ရေး အခန်းထဲတွင် ချန်းပင်အန်းက ထိုင်ခုံရှည်(၂)လုံးနှင့် တန်းစီ၍ ထိုင်နေသော ကလေး(၅)ယောက်ကို မျက်နှာချင်းဆိုင်၍ ရပ်နေခဲ့သည်။ သူတို့က နဂါးစီးလမ်းကြားထဲမှ ရှစ်ချွန်ကျား၊ မက်မွန်ပွင့်လမ်းကြားထဲမှ လင်းရှို့ယီ၊ တရုတ်ဇီးသီးပွင့်လမ်းကြားထဲမှ တုံရှိုကျင်း၊ ဖုလုလမ်းကြားထဲမှ လီပေါင်ဖျင်နှင့် မြို့၏အနောက်ဘက်ဆုံးအပိုင်းမှ လီဟွိုင်တို့ဖြစ်ကြသည်။ အငယ်ဆုံးဖြစ်သောလီဟွိုင်ကလွဲလျှင် တခြား(၄)ယောက်က လအနည်းငယ်လေးသာ ကွာခြား၏။

ချန်းပင်အန်းက မေးလိုက်သည်။

“လီဟွိုင်နဲ့ တုံရှို့ကျင်းတို့က အခြေအနေကို ရှင်းပြပြီးသွားပြီ။ သူ့ကိုယ်သူ တာ့လီရဲ့ အသေခံရဲမက်လို့ခေါ်တဲ့ အပြင်လူက မင်းတို့ကို ဘာလုပ်ချင်နေတာလဲသိလား…”

ထိုအချိန်တွင် လင်းရှို့ယီက အေးစက်စွာ ပြောလိုက်၏။

“အဲဒီချွေးမျိုးရိုးက အဘိုးမာကို ဘာလို့သတ်ချင်နေလဲဆိုတာ ကျွန်တော်တို့ မသိဘူး။ ဒါကြောင့် ကျွန်တော်တို့က ဘာများပြောနိုင်မှာလဲ…”

ရှစ်ချွန်ကျားက လီပေါင်ဖျင်၏ ပုခုံးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားပြီး သူမ၏မျက်နှာလေးက အနည်းငယ်ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ သူမက ကြောက်လန့်နေသေးပုံရ၏။ သို့သော် မြို့ထဲသို့ ပြန်ရောက်လာပြီးနောက်၊ အထူးသဖြင့် အလွန်ရင်းနှီးသော ချန်းပင်အန်းကို မြင်လိုက်ရပြီးနောက် ထိုကလေးမလေးက စိတ်အေးသွားခဲ့၏။

အနည်းဆုံးတော့ သူမက ဆိုးဆိုးရွားရွားဖြစ်စရာ မရှိတော့ချေ။ သူတို့က အဘိုးမာကို မြှုပ်နှံရန် တွင်းတစ်ခု တူးခဲ့သည့်အချိန်တွင် ရှစ်ချွန်ကျားကတော့ အလွန်ကြောက်လန့်နေသည့်အတွက် အဝေးတွင် ပုန်းအောင်းနေခဲ့၏။ စလာသည့်အချိန်မှ ဆုံးသည့်တိုင်အောင် သူမက လီဟွိုင်ကဲ့သို့ပင် အကူအညီ မပေးနိုင်ခဲ့ပေ။ သူမက အဝေးတွင် ပုန်းနေပြီး နှုတ်ခမ်းက တဆက်ဆက်တုန်နေခဲ့၏။

ထိုအချိန်တွင် လီဟွိုင်က ဗိုက်ကိုပွတ်ပြီး ကျယ်လောင်စွာ ငိုကြွေးနေခဲ့သည်။

“ဗိုက်ဆာတယ်၊ ရေဆာတယ်။ ဒါက သေချာပေါက် ဆာလောင်မှုနဲ့ အေးစက်မှုပဲ‌ဖြစ်ရမယ်။ အဖေ..အမေ… သားက တော်တော်ခက်ခဲတဲ့ဘဝကိုရောက်နေပြီ…”

လီပေါင်ဖျင်က ပြန်လှည့်ကြည့်ပြီး အော်လိုက်၏။

“လီဟွိုင်…”

လီဟွိုင်က ခေါင်းမော့ကြည့်လိုက်ပြီး တုံရှို့ကျင်း၏ အင်္ကျီလက်ကို တိတ်တဆိတ် ကိုင်လိုက်မိသည်။

“ရှိုကျင်း …မင်းရော ဗိုက်ဆာလား…”

တုံရှိုကျင်းက အေးစက်စွာ ပြောလိုက်၏။

“ငါက ဗိုက်မဆာချင်ယောင်ဆောင်လို့ရတယ်…”

လီဟွိုင်က မျက်ခုံးပင့်လိုက်မိသည်။ လီပေါင်ဖျင်ကတော့ မကျေမနပ်ဖြစ်နေခဲ့၏။ သူမက ရှစ်ချွန်ကျား၏ ကျစ်ဆံမြှီးကို သတိလက်လွတ် လှမ်းဆွဲလိုက်သည်။

“အမှန်အတိုင်းပြောရရင် အရာအားလုံးက ဝေဝေဝါးဝါးပဲ။ ငါတို့က သိလည်းမသိသလို ခန့်လည်း မခန့်မှန်းနိုင်ဘူး…”

“လင်းရှို့ယီ ပြောတာဟုတ်တယ်။ တစ်ဖက်မှာရှိတဲ့ ပညာရှင်က သေချာပေါက် ဆရာကြီးတစ်ယောက်ပဲ။ ငါတို့က ဘာ‌အတွေ့အကြုံမှ မရှိဘူး။ အရေးကြီးဆုံးအရာကတော့ ငါတို့ရဲ့အသက်တွေကို ကာကွယ်နိုင်ဖို့ပဲ။ အန္တရာယ်မရှိဘူးဆိုတာ အတည်ပြုပြီးသွားရင် ငါတို့က တခြားကိစ္စတွေကို ပြောနိုင်တယ်…”

“ဥပမာအနေနဲ့ ပြောရရင် ငါတို့က တာ့လီမြို့တော်ကို ရွှေ့သွားတဲ့ ငါတို့မိသားစုတွေကို မြန်မြန်ဆက်သွယ်ပြီး ငါတို့လုံခြုံနေကြောင်း ပြောဖို့ပဲ…”

သူတို့လုံခြုံနေသည်ဟု လီပေါင်ဖျင်က ပြောလိုက်ပြီးနောက် လူတိုင်းက မျက်နှာချင်းဆိုင်တွင် ရှိနေသော မြက်ဖိနပ်နှင့် လူငယ်လေးကို စိုက်ကြည့်လိုက်မိကြသည်။

ချန်းပင်အန်းက အချိန်တော်တော်ကြာ တိတ်ဆိတ်နေခဲ့၏။ ထို့နောက် သူက မေးလိုက်သည်။

“တခြားသူတွေ ဘာ‌စဉ်းစားနေလဲဆိုတာ ငါတို့က အဖြေမရှာနိုင်မှတော့ ငါတို့စဉ်းစားနေလဲဆိုတာပဲ အဖြေရှာကြမယ်…”

သူနှင့်မျက်နှာချင်းဆိုင်တွင် ရှိနေသော ကလေး(၅)ယောက်က ကန့်ကွက်နေကြခြင်း မရှိချေ။

ချန်းပင်အန်းက မေးလိုက်၏။

“မင်းတို့က တာ့လီမြို့တော်ကို လုံလုံခြုံခြုံနဲ့ သွားပြီး မင်းတို့မိဘတွေ၊ အကြီးအကဲတွေကို ရှာချင်လား။ ဒါမှမဟုတ် တခြားတစ်ခုခု လုပ်ချင်လား…”

လီဟွိုင်က နာကျင်စွာ ငိုကြွေးလိုက်သည်။

“ကျွန်တော်ရဲ့မိဘတွေက ကျွန်တော့်အစ်မကိုခေါ်ပြီး ဘယ်ကမ္ဘာကိုသွားလဲဆိုတာ ကျွန်တော် မသိဘူး။ ကျွန်တော်က ဘာလို့မြို့တော်ကို သွားရမှာလဲ။ ကျွန်တော့်ဦးလေးမိသားစုရဲ့အကျင့်စရိုက်အရ သူတို့ချမ်းသာသွားပြီဆိုရင် ကျွန်တော့်ကို ပိုပြီးတော့တောင် နှိပ်စက်ကြဦးမယ်။ အရင်တုန်းကတော့ သူတို့က ကျွန်တော့်ကို သူခိုးတစ်ယောက်လို သတ်မှတ်ထားတာ။ နောက်ပိုင်းကျရင် ကျွန်တော့်ကို ရန်သူတစ်ယောက်လို့တောင် သတ်မှတ်ချင်သတ်မှတ်နိုင်တယ်။ ဒီကမ္ဘာကြီးက အကြီးကြီးဆိုပေမဲ့ ကျွန်တော် လီဟွိုင်အတွက် နေစရာ နေရာမရှိတော့ဘူးလား..”

လီပေါင်ဖျင်က ရှစ်ချွန်ကျားဆီမှ ပြန်လှည့်လာပြီး လီဟွိုင်ကို ရိုက်လိုက်သည်။ လီဟွိုင်က ချက်ချင်းပင် ပါးစပ်ပိတ်သွားခဲ့၏။

တုံရှိုကျင်းက ခဏကြာစဉ်းစားပြီး မျက်နှာပျက်ပျက်နှင့် ပြောလိုက်သည်။

“ငါက စာပေလေ့လာချင်သေးတယ်။ တကယ်လို့ ငါ့မိဘတွေက မြို့ထဲမှာ ရှိနေဦးမယ်‌ဆိုရင်တော့ ငါက စာသင်ကြားလို့ရမှာ မဟုတ်ဘူး။ ငါက သူတို့နဲ့အတူ လယ်ထဲမှာ လိုက်ပြီး အကူအညီပေးရလိမ့်မယ်။ တကယ်လို့ ငါက မြို့တော်ကို သွားမယ်ဆိုရင်ရော ဘာလုပ်နိုင်မှာလဲ။ ငါက တာ့လီဘာသာစကားကို ဘယ်လိုပြောရမလဲဆိုတာတောင် မသိသေးဘူး။ ပြီးတော့ ငါက အရာအားလုံးကို မြန်မြန်ဆန်ဆန်သင်ယူနိုင်တဲ့ လီပေါင်ဖျင်လည်း မဟုတ်ဘူး။ ပြီးတော့ ငါ့ရဲ့အဘိုး သေသွားခဲ့တဲ့အချိန်မှာ သူက ငါ့ကို ကျောင်းထဲမှာပဲ သေသွားစေချင်ခဲ့တယ်။ တကယ်လို့ ငါက နောက်ပိုင်း စာသင်သားတစ်ယောက် မဖြစ်နိုင်ဘူးဆိုရင် သူလည်း အသေဖြောင့်မှာမဟုတ်ဘူး။ သူက ငါ့ကိုမြေးအဖြစ်လည်း အသိအမှတ်ပြုမှာ မဟုတ်ဘူး။ မြို့ထဲမှာရှိတဲ့ ကျောင်းက ဆက်ပြီးတော့ ဖွင့်ထားဦးမယ်ဆိုရင် ငါက မြို့ထဲမှာပဲနေတော့မယ်…”

ရှစ်ချွန်ကျား၏မျက်လုံးများက နီရဲနေခဲ့၏။ သူမက ကြောက်လန့်စွာ ပြောလိုက်သည်။

“ငါက မြို့တော်ကိုသွားပြီး ငါ့ရဲ့မိဘတွေကို ရှာချင်တယ်…”

ထိုင်ခုံရှည်၏ အဝေးဆုံးတွင် ထိုင်နေသော လင်းရှို့ယီက မျက်မှောင်ကြုတ်လိုက်၏။

“ငါကတော့ ဘယ်နေရာပဲဖြစ်ဖြစ် လုံခြုံတဲ့နေရာကိုပဲ သွားချင်တယ်…”

လီပေါင်ဖျင်က လက်ပိုက်လိုက်ပြီး သူမ၏မျက်လုံးထဲတွင် တက်ကြွမှုများ ပြည့်နှက်နေခဲ့၏။ သူမက ကျယ်လောင်စွာ ပြောလိုက်သည်။

“ငါက ချောက်ကမ်းပါးကျောင်းတော်ကို သွားချင်တယ်။ ငါက ဆရာချီ စာပေလေ့လာခဲ့တဲ့နေရာကို သွားချင်တယ်…”

လီပေါင်ဖျင်က မတ်တပ်ရပ်လိုက်ပြီး ချန်းပင်အန်းနှင့် သူ့အဖော်(၄)ယောက်၏ ကြားထဲတွင် ရပ်လိုက်သည်။ သူမက တုံရှိုကျင်းကို လက်ညှိုးထိုးလိုက်၏။

“တာ့လီကို မပြောနဲ့။ အရှေ့ပိုင်းကုန်းမြေကြီးတစ်ခုလုံးမှာတောင် ဆရာချီရဲ့ ချောက်ကမ်းပါးကျောင်းတော်က နာမည်အကျော်ကြားဆုံးပဲ။ တကယ်လို့ နင်ကသာ မြို့ထဲမှာ စာပေလေ့လာနေပြီး ချောက်ကမ်းပါးကျောင်းတော်ကို မသွားခဲ့ဘူးဆိုတာ နင့်အဘိုးသိရင် သူ့အခေါင်းကိုတောင် ပိတ်ခွင့်ပေးမှာ မဟုတ်လောက်ဘူး။ တကယ်လို့ နင်က ‌သေမှာ ကြောက်မယ်ဆိုရင်တော့ မသွားနဲ့။ တကယ်လို့ နင်တို့က ဒီမှာနေပြီး နောက်ထပ်(၁၀)နှစ်လောက် စာပေလေ့လာနေမယ်ဆိုရင်တောင် စာသင်သားတစ်ဝက်လို့ပဲ သတ်မှတ်နိုင်သေးတယ်။ အဲဒါက ကျောင်းတော်ကို သွားတဲ့လမ်းမှာ သေသွားတာထက်တော့ ပိုပြီး‌တော့ကောင်းပါသေးတယ်…”

လီပေါင်ဖျင်၏စကားကိုကြားသည့်အခါ တုံရှိုကျင်း၏မျက်နှာက နီရဲသွားခဲ့၏။

လီပေါင်ဖျင်က လင်းရှို့ယီကို လက်ညှိုးထိုးလိုက်သည်။

“နင်က တခြားသူတွေကို အမြဲတမ်း အထင်သေးတတ်တဲ့ တရားမဝင်ကလေး တစ်ယောက်မဟုတ်ဘူးလား။ နင်က ငါ့လို ဖုလုလမ်းကြားထဲမှာ မွေးလာတဲ့ လူချမ်းသာကလေးတစ်ယောက်ကိုလည်း အထင်သေးနေတာလား။ နင်သာ ချောက်ကမ်းပါးကျောင်းတော်ကို သွားရင် ဘယ်သူက နင့်ကိုအထင်သေးရဲမှာလဲ။ ဆရာချီ အမြဲတမ်းပြောခဲ့တာ ရှိတယ်။ လူကြီးလူကောင်းတစ်ယောက်ဆိုတာ ပြိုကျတော့မယ့် နံရံအောက်မှာ ရပ်မနေရဘူး။ လင်းရှို့ယီ .. တကယ်လို့ ဒီမှာနေချင်တယ်ဆိုရင်လည်း ငါ နင့်ကို အတင်းတိုက်တွန်းမနေတော့ဘူး…”

လီပေါင်ဖျင်က သူမကို လက်ညှိုး‌ထိုးနေကြောင်း ရှစ်ချွန်ကျားက မြင်လိုက်သည့်အချိန်တွင် သူမက မျက်ရည်များ စီးကျလာခဲ့၏။ လီပေါင်ဖျင်၏ မျက်နှာပေါ်တွင် ဒေါသနှင့် ဝမ်းနည်းမှုများ ပြည့်နှက်နေပြီး နေရာတွင် ပြန်ထိုင်လိုက်သည်။

လီဟွိုင်ကတော့ ဇဝေဇဝါဖြစ်နေပြီး ပြောလိုက်၏။

“လီပေါင်ဖျင် …

နင်က ဘာလို့ငါ့ကိုမေဆူတော့တာလဲ…”

လီပေါင်ဖျင်က ပြောလိုက်သည်။

“ငါ နင်နဲ့စကားမပြောချင်ဘူး…”

လီဟွိုင်က မှင်တက်သွားခဲ့သည်။ ထို့နောက် သူက တိတ်တဆိတ် ခေါင်းမော့လာပြီး သူ၏မျက်နှာပေါ်တွင် ဝမ်းနည်းမှုနှင့် ဒေါသများ ပြည့်နေခဲ့၏။

ချန်းပင်အန်းက တခြားကလေး(၄)ယောက်ကို လှည့်မကြည့်တော့ပေ။ သူက အနီရောင်အင်္ကျီနှင့် ကလေးမလေးကိုကြည့်ပြီး မေးလိုက်၏။

“နင်က ချောက်ကမ်းပါးကျောင်းတော်ကို သွားချင်တာ သေချာရဲ့လား…”

လီပေါင်ဖျင်က ခေါင်းညိတ်ပြလိုက်သည်။

“ငါတို့ရဲ့ချောက်ကမ်းပါးကျောင်းတော်မှာ စုဆောင်းထားတဲ့ စာအုပ်တွေက ကုန်းမြေကြီးပေါ်မှာ အကောင်းဆုံးလို့ ဆရာချီက ပြောတယ်။ တကယ်လို့ ငါ့ရဲ့မေခွန်းတွေ အားလုံးကို သူ မဖြေနိင်ဘူးဆိုရင်တောင် အဲဒီမှာရှိတဲ့ စာအုပ်ထဲမှာ အဖြေရှာနိုင်တယ်လို့ ဆရာချီက ပြောခဲ့တယ်…”

“ငါတို့ရဲ့ ချောက်ကမ်းပါးကျောင်းတော်…”

ထိုကလေးမလေးက သူ့ကိုယ်သူ ကျောင်းတော်မှ စာသင်သားတစ်ယောက်အဖြစ် သတ်မှတ်ထားခဲ့သည်မှာ ကြာခဲ့ပါပြီ။

နောက်ဆုံးတွင်တော့ ချန်းပင်အန်းက မေးလိုက်၏။

“နင်က အခက်အခဲတွေကို မကြောက်ဘူးလား…”

ကလေးမလေး၏ အငွေ့အသက်က အနည်းငယ် အားနည်းသွားခဲ့သည်။

“တစ်ယောက်တည်းဆိုရင်တော့ နည်းနည်းကြောက်တာပေါ့…”

ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။

“ကောင်းပြီလေ”

လီပေါင်ဖျင်က ပို၍ပင် ရှုပ်ထွေးသွားခဲ့သည်။

“ဘာဖြစ်လို့လဲ…”

ချန်းပင်အန်းက လေးလေးနက်နက် ပြောလိုက်၏။

“ငါက နင်နဲ့အတူ ချောက်ကမ်းပါးကျောင်းတော်ကို လိုက်ခဲ့ပေးမယ်…”

လီပေါင်ဖျင်က တစ်စုံတစ်ခု ပြောချင်နေသော်လည်း ရပ်တန့်လိုက်၏။ သူမ၏မျက်လုံးများက နီရဲနေသည်။ သူမက အနားတွင် ရှိနေသော သူရဲဘောကြောင်သည့် လူ(၄)ယောက်နှင့် ဆက်၍ မနေချင်တော့ပေ။

လွန်ခဲ့သောနေ့ရက်များအတွင်း သူမက စမ်းချောင်းထဲတွင် ပထမဆုံးဂဏန်းသွားဖမ်းခဲ့သည့်အချိန်၌ အိမ်အပြင်ဘက်တွင် တိတ်တဆိတ် ငိုကြွေးခဲ့သည်။ ထို့ကြောင့်လည်း သူမက အိမ်ထဲသို့ ဝင်လာခဲ့သည့်အချိန်တွင် အလွန်ဂုဏ်ယူနိုင်ခဲ့ခြင်းဖြစ်၏။

ချန်းပင်အန်းက လီပေါင်ဖျင်ကို လက်ဝှေ့ယမ်းပြလိုက်သည်။ လီပေါင်ဖျင်က သူ့ရှေ့သို့ လျှောက်လာသည့်အချိန်တွင် ခုံတန်းရှည်၌ ထိုင်နေသော တခြား(၄)‌ယောက်ကို ပြောလိုက်၏။

“မင်းတို့(၄)ယောက်ကတော့ ဒီနေရာမှာ ခဏစောင့်ရမယ်။ လီပေါင်ဖျင်နဲ့ ငါက လူတစ်ယောက်ကို သွားရှာပြီး မင်းတို့နဲ့ ပတ်သက်တဲ့ကိစ္စတွေကို ပြောပြရမယ်။ ဒါကြောင့် အလျင်စလို ထွက်မသွားနဲ့…”

ထို့နောက် ချန်းပင်အန်းက ကလေးမလေး၏လက်ကိုကိုင်ပြီး ဓားထုလုပ်ရေးအခန်းထဲမှ အတူတူ ထွက်သွားခဲ့ကြသည်။ မြက်ဖိနပ်နှင့် လူငယ်လေးက တစ်ယောက်တည်း စကားပြော‌နေသလို ထင်မှတ်ရသော်လည်း လူတစ်ယောက်ကို စကားပြောနေသလို ထင်ရ၏။

“ငါက ကတိပေးထားတဲ့ကိစ္စကို သေချာပေါက်လုပ်ရလိမ့်မယ်…”

လီပေါင်ဖျင်က မျက်ရည်များကိုသုတ်ပြီး ပြောလိုက်၏။

“တကယ်လို့ နင် မလုပ်နိုင်တဲ့အရာရှိရင်လည်း ပြောလို့ရပါတယ်…”

ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်သည်။

“ဆရာချီက ဒီမှာ မရှိတော့ဘူး။ တကယ်လို့ ငါပြောမယ်ဆိုရင်တောင် သူက မကြားနိုင်တော့ဘူး…”

နာရီဝက်ခန့် ကြာပြီးနောက် လူငယ်လေးက အနီဝတ်ကလေးမလေးနှင့်အတူ ထွက်သွားပြီးသော်လည်း စစ်ကျောင်းသူတော်စင် ရွမ်ချုံကတော့ ဝါးထိုင်ခုံလေးပေါ်တွင် ထိုင်နေသေးသည်။ သူက အံ့ဩမှင်တက်နေသေး၏။

ရွမ်ရှို့ကလည်း ထိုင်ခုံတွင် ထိုင်နေခဲ့သည်။ လူမရှိသော ဝါးထိုင်ခုံလေးကိုကြည့်ပြီး သူမ၏ရင်ထဲတွင် ရှုပ်ထွေးနေခဲ့၏။ လူငယ်လေးက တောင်(၅)တောင်ကို ဝယ်ယူရန် ရွမ်ချုံကို အကူအညီတောင်းခဲ့ပြီး သူကတော့ သိပ်မကြာခင် မြို့ထဲမှ ထွက်သွားတော့မည်ဖြစ်သည်။

အကယ်၍ သူပြန်မလာလျှင် တောင်(၅)တောင်ထဲမှ တောင်(၄)တောင်ကို ပေးလိုက်ရန်လည်း တောင်းဆိုထားခဲ့၏။ လော်ပိုတောင်၊ ရတနာတောင်၊ တိမ်တိုက်နီတောင်နဲ့ အင်မော်တယ်မြက်ပင်တောင်တို့ကို လျှိုရှန်းယန်၊ ကုစန့်၊ နင်ယောင်နှင့် ရွမ်ရှို့တို့ကိုပေးရန် တောင်းဆိုခဲ့သည်။ ကျန့်ကျူးတောင်ကိုသာ သူ့အတွက် နှစ်ပေါင်း(၃၀၀)ချန်ထားပေးရန် တောင်းဆို‌ခဲ့၏။

ထို့ပြင် မြို့ထဲတွင်ကျန်နေသော ဆိုင်(၂)ဆိုင်ကိုလည်း လူငှားပြီး ကြည့်ရှုစောင့်ရှောက်ပေးရန် ဆရာရွမ်ကို တောင်းဆိုခဲ့သည်။ အကယ်၍ အလုပ်အဆင်မပြေလျှင် ထိုဆိုင်များကို ပိတ်လိုက်လည်း ကိစ္စမရှိချေ။ သို့သော် သူကတော့ ထိုနေရာတွင် ရောင်းချရန် သာမန်မြွေကျောက်တုံး(၁၀၀)ကျော်ကို ချန်ထားခဲ့သည်။ ရရှိသော ငွေကြေးများက ဈေးဆိုင်လည်ပတ်ရန်အတွက် အသုံးပြု၍ရနိုင်၏။

ထိုဆိုင်(၂)ဆိုင်က ငွေကြေးရရှိရန် စိုးရိမ်စရာ မလိုအပ်သော်လည်း ဆိုင်ရှင်က ရွှံ့ပုလင်းလမ်းကြားထဲမှ ချန်းမျိုးနွယ်ဝင် တစ်ယောက်ဖြစ်ကြောင်း အလုပ်သမားများ သိထားရန်သာ မျှော်လင့်ခဲ့သည်။

ထို့ပြင် ရွမ်ချုံက မြို့တော်သို့ ကျောင်းသား(၄)ယောက်ကို လုံလုံခြုံခြုံ‌ ပို့ပေးရမည်ဖြစ်သည်။ ဆုကြေးအ‌နေနှင့် ချန်းပင်အန်းက နဂါးခေါင်းဖြတ် ကျောက်တုံးတစ်ဝက်နှင့် ကျန်ရှိနေသော ကြေးပြားအားလုံးကို ဆရာရွမ်ဆီသို့ ပေးခဲ့သည်။

ရွမ်ချုံက ငြင်းဆန်နေခဲ့ခြင်း မရှိချေ။ သို့သော် သူနှင့် လီပေါင်ဖျင်တို့ကို တာ့လီ၏ တောင်ပိုင်းနယ်စပ်အထိသာ ပို့ပေးနိုင်ကြောင်း ရွမ်ချုံက အာမခံခဲ့၏။ နယ်စပ်ကို ကျော်သွားလျှင်တော့ သူတို့၏သေခြင်း၊ရှင်ခြင်းက ကောင်းကင်ဘုံအပေါ်သာ မူတည်ပါလိမ့်မည်။ ချန်းပင်အန်းကလည်း ခေါင်းညိတ်သဘောတူခဲ့၏။

ကလေး(၅)ယောက်၏ကိစ္စကို စီစဉ်ပေးခဲ့ပြီးနောက် ကြယ်ရောင် တလက်လက် တောက်ပနေသည့်အချိန်တွင် ချန်းပင်အန်းက မြို့ငယ်လေးဆီသို့ တစ်ယောက်တည်း ထွက်လာခဲ့၏။ သူက ကျောက်တုံးတံတားက်ု ဖြတ်ကျော်သွားပြီး မြို့ထဲသို့ဝင်၍ ရွှံ့ပုလင်းလမ်းကြားထဲတွင် ရှိနေသော အိမ်ကို ပြန်သွားခဲ့သည်။

ညရောက်သည့်အချိန်တွင် လူငယ်လေးက တလက်လက် တောက်ပနေသော မီးအိမ်ကိုကြည့်ပြီး တည်ငြိမ်နေခဲ့၏။ လူငယ်လေးက မီးအိမ်ကို စိုက်ကြည့်နေသည့် အချိန်တွင် သူကတော့ နှစ်သစ်ကူးပွဲတော်ကျင်းပနေစဉ် အချိန်ကကဲ့သို့ အိပ်မပျော်နိုင်ခဲ့ပေ။ မီးအိမ်က တလက်လက် တောက်ပနေပြီး လူငယ်လေး၏ မျက်လုံးများကတော့ တိတ်ဆိတ်ငြိမ်သက်နေခဲ့၏။

ကျောက်တုံးတံတားပေါ်တွင် လူတစ်ယောက်က ရယ်ပြီးမေးလိုက်သည်။

“နှစ်ပေါင်း(၁၀၀၀)ကျော် မှောင်မည်းနေတဲ့ အခန်းလေးက အလင်းရောင်တစ်ခု လင်းလာပြီ။ ဆရာကြီး ဘယ်လို‌သဘောရလဲ…”

လူတစ်ယောက်က ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်…”

ချန်းပင်အန်း နိုးလာသည့်အချိန်တွင် သူက ထိုလူကို စတုတ္ထအကြိမ်မြောက် တွေ့လိုက်ရသည်။ သူက လေထဲတွင် ပျံဝဲနေပြီး လေထဲတွင် အဖြူရောင်ဝတ်စုံက တဖျတ်ဖျတ် လွင့်နေခဲ့၏။

ထိုလူ၏ခြေထောက်က မြေပြင်ကို ထိနေပြီး သူက ချန်းပင်အန်းဆီသို့ သိမ်မွေ့စွာ လျှောက်လာခဲ့သည်။ ခြေတစ်လှမ်းနီးလာသည်နှင့်အမျှ ထိုလူ၏ မျက်နှာက ပို၍ရှင်းလင်းလာခဲ့၏။ သူက အရပ်ရှည်ပြီး ခန္ဓာကိုယ်က သွယ်လျသည်။ ထိုအရာက အမျိုးသမီးတစ်ယောက်ဖြစ်၏။

လူငယ်လေးအတွက်တော့ သူမက အလွန်အမင်းကို လှပ‌သည်ဟုသာ ဆိုနိုင်သည်။ မည်မျှလှပသလဲဟူသည်ကိုတော့ သူကိုယ်တိုင်ပင် ပြောပြနိုင်ခြင်း မရှိချေ။ သူမက လူငယ်လေး၏ရှေ့တွင် ရပ်လိုက်၏။ သူမက ခေါင်းငုံ့ပြီး ကြည်လင်တောက်ပနေသော လူငယ်လေး၏ မျက်လုံးထဲကို စိုက်ကြည့်လိုက်သည်။

သူမက တိုးတိုးလေး ပြောလိုက်၏။

“ငါက နှစ်ပေါင်း(၈၀၀၀)တိတိ စောင့်နေခဲ့တာ။ ချန်းပင်အန်း .. မင်းရဲ့ကျင့်ကြံမှုပါရမီက ငါ့ရဲ့အရင်သခင်ကို မမီသေးပေမဲ့ ကိစ္စမရှိပါဘူး…”

သူမက ခေါင်းငုံ့ပြီး အနားသို့ ကပ်လာခဲ့သည်။ ထို့နောက် ချန်းပင်အန်း၏ နဖူးကို လက်နှင့် ထိလိုက်၏။

“ချန်းပင်အန်း …

မင်းက အပြင်ဘက်ကို စကားတစ်ခွန်းပါးပေးဖို့ အကူအညီတောင်းချင်တယ်။ အဆင်ပြေရဲ့လား…”

ချန်းပင်အန်းက သတိလက်လွတ် ခေါင်းညိတ်ပြလိုက်သည်။

အရပ်ရှည်ရှည်အမျိုးသမီးက ရုတ်တရက် ပြုံးလိုက်မိ၏။ သူမက ဒူးတစ်ဖက် ထောက်လိုက်သည်။ ထိုသို့ဆိုရာတွင် သူမက ပိန်ပိန်ပါးပါးနှင့် ချန်းပင်အန်း၏ မျက်လုံးကို တည့်တည့်စိုက်ကြည့်ရန် အနည်းငယ် ခေါင်းမော့နေရသေးသည်။

“ကောင်းပြီလေ ..ဒီနေ့ကစပြီး ချန်းပင်အန်းဆိုတဲ့ မင်းက ငါ့ရဲ့ဒုတိယမြောက်နဲ့ နောက်ဆုံးသခင်ပဲ…”

ချန်းပင်အန်းက အံ့ဩမှင်တက်သွားခဲ့၏။

အဖြူဝတ်အမျိုးသမီးက ပြုံးလိုက်သည်။ သူမက မသိနားမလည်သော လူငယ်လေးကို ဒူးတစ်ဖက် ထောက်ထားခဲ့၏။ သူမ၏ပုံစံက အလွန်တက်ကြွနေပုံရပြီး သူမ၏မျက်လုံးထဲတွင် တောင်တန်းများ၊ မြစ်များ၏မြင်ကွင်းများ ပြည့်နှက်နေပုံရသည်။

သူမက လေးလေးနက်နက် ပြောလိုက်၏။

“ချန်းပင်အန်း …

ကျေးဇူးပြုပြီး ငါနဲ့အတူ သစ္စာလိုက်ဆိုပါ၊ အဆင်ပြေလား…”

သူမက လက်တစ်ဖက်ကို ထုတ်လိုက်ပြီး လူငယ်လေး၏ရှေ့တွင် မြှောက်ထားခဲ့သည်။ ချန်းပင်အန်းကလည်း လက်ဖဝါးထောင်ပြီး ထိုလက်ကို ညင်သာစွာ ထိလိုက်၏။

သူမက မျက်လုံးမှိတ်ပြီး ဖြည်းညင်းစွာ ပြောလိုက်သည်။

“ကောင်းကင်တာအိုက ပြိုကျသွားခဲ့ပြီ။

ငါ ချန်းပင်အန်းဆီမှာ ဓားတစ်လက်ပဲ ရှိတယ်။

ငါက တောင်တွေကို ရွှေ့နိုင်တယ်။

မြစ်တွေကို ဖြတ်နိုင်တယ်။

ပင်လယ်ကြီးကို ထက်ခြမ်းခွဲနိုင်တယ်။

နတ်ဆိုးတွေကို သုတ်သင်နိုင်တယ်။

မကောင်းဆိုးရွားတွေကို ဖိနှိပ်နိုင်တယ်။

နတ်ဘုရားတွေကို အမိန့်ပေးပြီး ကြယ်တွေကိုခူးဆွတ်နိုင်တယ်။

မြို့တွေကို ဖျက်ဆီးပြီး ကောင်းကင်ဘုံကို ထက်ခြမ်းခွဲနိုင်တယ်…

ဓား…လာခဲ့…..”

လူငယ်လေးကလည်း သူမ၏နောက်မှနေ၍ ရင်ထဲတွင် တီးတိုးလိုက်ဆိုနေခဲ့သည်။

“ကောင်းကင်တာအိုက ပြိုကျသွားခဲ့ပြီ။

ငါ ချန်းပင်အန်းဆီမှာ ဓားတစ်လက်ပဲ ရှိတယ်။

ငါက တောင်တွေကို ရွှေ့နိုင်တယ်။

မြစ်တွေကို ဖြတ်နိုင်တယ်။

ပင်လယ်ကြီးကို ထက်ခြမ်းခွဲနိုင်တယ်။

နတ်ဆိုးတွေကို သုတ်သင်နိုင်တယ်။

မကောင်းဆိုးရွားတွေကို ဖိနှိပ်နိုင်တယ်။

နတ်ဘုရားတွေကို အမိန့်ပေးပြီး ကြယ်တွေကိုခူးဆွတ်နိုင်တယ်။

မြို့တွေကို ဖျက်ဆီးပြီး ကောင်းကင်ဘုံကို ထက်ခြမ်းခွဲနိုင်တယ်…

ဓား…..လာခဲ့….”

Translated by Hein Htet.

All Chapters