အခန်း (၈၅)
Vol. 6 Ch. 85
ချန်းပင်အန်း နိုးလာသည့်အချိန်တွင် စားပွဲပေါ်၌ ရှိနေသော ရေနံဆီမီးအိမ်လေးက ငြိမ်းသွားပြီး ပြတင်းပေါက် အပြင်ဘက်တွင် ရှိနေသော ကောင်းကင်ကြီးက တောက်ပနေကြောင်း တွေ့လိုက်ရသည်။
သူကတော့ အရပ်ရှည်ရှည် အမျိုးသမီးပြောခဲ့သော စကားလုံး(၅)ခုကိုသာ အမှတ်ရနေခဲ့သည်။
“မင်း နိုးလာတဲ့အချိန်ကျရင် ငါပြောခဲ့တဲ့ လျှို့ဝှက်ချက်တွေအားလုံးကို မေ့သွားလိမ့်မယ်။ မင်းက အဲဒီအရာတွေကို မှတ်မိဖို့ မကြိုးစားနဲ့။ ငါက မင်းကို ပြောချင်ရုံသက်သက် ပြောပြခဲ့တာ။ တကယ်လို့ အခုချိန်မှာ ငါ ပေါ်လာခဲ့မယ်ဆိုရင် သူတော်စင်တွေကတောင် မင်းနဲ့ ငါ့ကို မဖိနှိပ်နိုင်တဲ့အတွက် မင်းရဲ့လက်ရှိခန္ဓာနဲ့ ဝိညာဉ်က ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ ငါက မင်းအတွက် ကောင်းတယ်ဆိုတာထက် ဆိုးရွားသွားဖို့ပဲ ဖြစ်သွားစေလိမ့်မယ်။ ဒါကြောင့် ငါတို့က နှစ်ပေါင်း(၁၀၀) သတ်မှတ်ချက်တစ်ခု ထားမယ်။ မင်းကသာ နှစ်ပေါင်း(၁၀၀)အတွင်း အဆင့်(၁၀) ချီကျင့်ကြံသူအဖြစ်ကို အောင်အောင်မြင်မြင် ရောက်နိုင်မယ်ဆိုရင် ဒီမြို့ထဲမှာရှိတဲ့ ကျောက်တုံးတံတားကို ပြန်လာပြီး သံဓားကို ယူသွားနိုင်တယ်…”
“ငါက မင်းကို ငါ့ရဲ့သခင်အဖြစ် ရွေးချယ်ပြီးသွားပြီ။ နောက်ပိုင်းမှာ မင်းက ဒီကိစ္စကြောင့် မောက်မာနေစရာ မလိုသလို ဂုဏ်ယူနေစရာလည်း မလိုဘူး။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချနေစရာလည်း မလိုဘူး။ လွန်ခဲ့တဲ့ နှစ်ပေါင်း (၈၀၀၀) အတောအတွင်း ငါက အံ့ဩစရာကောင်းတဲ့ ပါရမီရှင်တွေ အများကြီး မြင်ခဲ့ဖူးတယ်။ အဲဒီထဲမှာ ချောင်ရှီး၊ ရှဲ့ရှစ်နဲ့ မာခူရွှမ်တို့ကတောင် ငါ အလေးထားဖို့ မထိုက်တန်ဘူး။ ဒါကြောင့် ငါက မင်းကို ရွေးချယ်လိုက်တယ်ဆိုတာ ငါသေတော့မှာကြောင့် မဟုတ်ဘူး။ ငါ့မှာ တခြားရွေးချယ်စရာ မရှိတော့လို့ပဲ…”
“ငါက မင်းနဲ့အချိန်အတိုင်းအတာတစ်ခုထိ အတူတူ တိုက်ခိုက်မပေးနိုင်ပေမဲ့ မင်းကို မျက်နှာပေးတဲ့အနေနဲ့ ပစ္စည်းနည်းနည်းပေးလိုက်မယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း(၃၀၀၀)လောက်မှာ နဂါးသတ်တိုက်ပွဲ အတောအတွင်း ငါက ဘာမှလုပ်စရာ မရှိခဲ့ဘူး။ ဒါကြောင့် ငါက ကလေးတွေ တိုက်ခိုက်နေတာကို ကြည့်နေခဲ့တယ်။ အဲဒီအချိန်မှာ တော်တော်လေးကို လှုပ်ရှားခဲ့ပြီး မြေပြင်ပါ်မှာလည်း ပစ္စည်းတွေ ပြန့်ကျဲနေတယ်။ ငါက တော်တော်လေး ကြည့်ကောင်းတဲ့ အဖြူရောင် ကျောက်စိမ်းလေးတစ်ခုကို ကောက်ယူထားတယ်။ အဲဒါက ရိုးရိုးရှင်းရှင်းနဲ့ လှတဲ့အပြင် ဘာမှထွင်းထုထားတာတွေ မရှိဘူး။ ပြီးတော့ သေးငယ်ပြီး ထူးခြားတယ်။ အဲဒီကျောက်စိမ်းလည်ဆွဲလေးထဲမှာ ပစ္စည်းတွေကိုလည်း သိမ်းထားနိုင်တယ်။ အဲဒါက ရှေးကျတဲ့ ကျောက်စိမ်းပြားလေးတစ်ခုလို့ သတ်မှတ်နိုင်တယ်။ နာမည်ကျော်ကြားတဲ့ ဖန်းကန်ဓားအုတ်ဂူတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင်တောင် ပိုပြီးတော့ အဆင့်မြင့်သေးတယ်။ ဒီလေဟာနယ်ရဲ့ အရွယ်အစားက ရွှံ့ပုလင်းလမ်းကြားထဲမှာရှိတဲ့ မင်းရဲ့အိမ်အရွယ်အစားလောက်ရှိမယ်။ မင်းက အဲဒါကို တခြားသူတွေဆီပြဖို့မလိုဘူး။ မင်းရဲ့သွေးကြောမှတ်ထဲမှာ အားဖြည့်ထားရင် ရပြီ။ ငါက မင်းကို အဲဒီအတိုင်း လုပ်ပေးထားမယ်။ မင်းက တစ်ခုခုကို ထိလိုက်ပြီးအဲဒီကျောက်စိမ်းပြားလေးရှိနေတဲ့ သွေးကြောမှတ်ထဲမှာ သိမ်းထားလိုက်လို့ရတယ်။ အဆင့်မြင့်နယ်ပယ်အဆင့်ကို ရောက်နေတဲ့ ကျင့်ကြံသူတစ်ယောက်ကသာ အတင်းအကြပ် မဖျက်ဆီးဘူးဆိုရင် အဲဒါက ပျက်စီးသွားမှာ မဟုတ်ဘူး…”
“သတင်းဆိုးကတော့ မင်းက အလယ်ဘုံ(၅)ဆင့်ကို ရောက်တဲ့အချိန်ကျမှပဲ ကျောက်စိမ်းပြားလေးကို အသုံးပြုနိုင်လိမ့်မယ်။ နောက်ဆုံးတစ်ခုကတော့ မင်း ငါ့ကိုခေါ်ခဲ့တဲ့ အင်မော်တယ်မမဆိုတဲ့ နာမည်ကို ငါ တော်တော်သဘောကျတယ်။ ဒါကြောင့် ငါက မင်းကို ဓားချီစွမ်းအင်အမျှင်လေး(၃)ခု ပေးလိုက်မယ်…”
ချန်းပင်အန်းက တွေဝေနေခဲ့သည်။ သူက ယခင်ဘဝကို ပြန်ရောက်သွားသလို ခံစားလိုက်ရ၏။ သူက အိမ်သို့ ပြန်သွားချင်နေပြီး မြို့ထဲမှ ထွက်မသွားခင် မီးထွန်းချင်ခဲ့သည်။ သူက သူ မလုပ်နိုင်ခဲ့သော နှစ်သစ်ကူးစာသားများကိုလည်း ဖန်တီးချင်ခဲ့၏။
လက်ရှိအချိန်တွင် ချန်းပင်အန်းကတော့ အတော်လေး ခေါင်းကိုက်သွားသလို ခံစားနေရသည်။ ချန်းပင်အန်း၏ လက်ရှိခန္ဓာကိုယ်တွင် အပေါက်များ ပြည့်နှက်နေသည့်အတွက် ချီကျင့်ကြံသူ အဆင့်(၁၀)မပြောနှင့်။ အဆင့်(၅)ပင် မဖြစ်နိုင်ပေ။
သူက မုန်တိုင်းထဲတွင် ပျက်စီးနေသော အိမ်လေးတစ်လုံးကဲ့သို့ ဖြစ်နေ၏။ သူက လေလှိုင်းများကို စုစည်းသိမ်းဆည်းထားရန် အလွန်အမင်း ခက်ခဲသည်။ ထို့ကြောင့် သူက ချီစွမ်းအားများကို မည်သို့ကျင့်ကြံပြီး အင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်မည်နည်း။
ချန်းပင်အန်းက မလေ့ကျင့်နိုင်သည့်အပြင် အသက်ရှင်ချင်သည်ဆိုလျှင် သူ၏ခန္ဓာကိုယ်ကို အားဖြည့်ရန် လိုအပ်နေသည်။ နင်ယောင်ကတော့ သူ့ကို မရည်ရွယ်ဘဲ ပြောပြခဲ့ဖူး၏။ အင်မော်တယ်တစ်ယောက်က လူတစ်ယောက်၏ အုတ်မြစ်နှင့် သွေးကြောမှတ်များကို အလွယ်တကူ ဖျက်ဆီးနိုင်သည်ဟု ပြောခဲ့ဖူးသည်။
ချိုက်ကျင်းကျန့်က ချန်းပင်အန်း၏ သွေးကြောမှတ်များကို အတင်းအကြပ် ဖွင့်ပေးခဲ့လိုက်ခြင်း ဖြစ်သည်။ သို့သော် ပြီးပြည့်စုံသော ခန္ဓာကိုယ်တစ်ခု ပြန်လည်တည်ဆောက်ရန်၊ အထူးသဖြင့် သင့်တော်သော ကျင့်ကြံမှုတစ်ခုကို ပြန်လည်ရွေးချယ်လိုက်ရသည်မှာ ကောင်းကင်ဘုံကို တက်လှမ်းရသည်ထက် ပို၍ခက်ခဲနိုင်သည်။
အမှန်အတိုင်းပြောရလျှင် အကြောင်းပြချက်က အလွန်ရိုးရှင်း၏။ အကယ်၍ ကလေးတစ်ယောက်ကသာ တံခါးကို ဓားတစ်ချောင်းနှင့် ဖျက်စီးလိုက်မည်ဆိုလျှင် အချိန်အနည်းငယ်သာ ပေးရသည်။ သို့သော် ပျက်စီးသွားသော တံခါးကို ပြန်လည်ပြင်ဆင်ရန် အလွန်ခက်ခဲလိမ့်မည်ဖြစ်၏။
အမှန်အတိုင်းပြောရလျှင် ချန်းပင်အန်းက လီပေါင်ဖျင်ကို ချောက်ကမ်းပါးကျောင်းတော်သို့ ခေါ်ဆောင်သွားရန် ပေးထားခဲ့သည့် ကတိကို အကြောက်ဆုံးဖြစ်သည်။ ထိုအရာက ခရီးလမ်းရှည်ကြီးတစ်ခုဖြစ်ပြီး သူက မွေးရပ်မြေကို အသက်ရှင်လျက် ပြန်ရောက်နိုင်ခြင်းရှိမရှိ ပြောပြရန်လည်း ခက်ခဲ၏။ ဘာကြောင့် နှစ်ပေါင်း(၁၀၀)ကတိတစ်ခု နောက်ထပ်ရှိနေရသနည်း။
ထိုအချိန်တွင် ချန်းပင်အန်းက သူမကို ရိုးရိုးသားသား ပြောလိုက်သည်။ သို့သော် အဖြူဝတ်မိန်းမပျိုကတော့ သူ့ကို စကားတစ်ခွန်းတည်းသာ ပြောခဲ့၏။
“အဆင်ပြေပါတယ်။ အခုချိန်ကျမှတော့ ငါက နောင်တရစရာ မရှိတော့ဘူး။ ငါက ချန်းပင်အန်းဆိုတဲ့ မင်းကို ငါ့ရဲ့သခင်အဖြစ် အသိအမှတ်ပြုလိုက်ပြီ။ တကယ်လို့ မင်းသေသွားမယ်ဆိုရင် ငါက သေတဲ့အချိန်ထိ ဒီမှာစောင့်နေရုံပဲပေါ့။ အဲဒီဓားအိုကြီးက တနေ့နေ့ စမ်းချောင်းထဲကို ကျသွားမယ်ဆိုရင် ငါ့ရဲ့စိတ်ဝိညာဉ်ကလည်း လုံးဝကို ပျက်စီးသွားလိမ့်မယ်…”
“အဲဒါက အဆင်ပြေပါတယ်။ မင်းက ငါ့အပေါ် အကြွေးတင်နေတယ်လို့ ခံစားနေစရာ မလိုဘူး။ တကယ်လို့ ငါက တစ်ယောက်ယောက်ကို အပြစ်တင်ချင်နေတယ် ဆိုရင်လည်း ငါ့မှာ အမြင်မရှိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ပဲ အပြစ်တင်ရမှာပေါ့။ တခြားဘယ်သူ့ကိုမှ အပြစ်တင်လို့မရဘူးလေ…”
ထိုအချိန်တွင် ချန်းပင်အန်းက တစ်ယောက်တည်း တွေးလိုက်မိသည်။
“အင်မော်တယ်မမက ဒီလိုပြောနေမှတော့ ကျွန်တော် ဘယ်လိုဆက်ပြီးတော့ နေထိုင်သင့်တာလဲ။ ပြီးတော့ တခြားသူတွေကို အပြစ်တင်လို့ မရနိုင်ဘူးဆိုတာ ဘာကိုပြောချင်တာလဲ။ ဒါက ကျွန်တော်တို့(၂)ယောက်နဲ့ပဲ ပတ်သက်နေတာလား..”
ချန်းပင်အန်းက ချီကျင့်ကြံသူအဆင့်(၁၀)နှင့် ပတ်သက်ပြီး မည်သည့်အရာမျှမသိခဲ့ချေ။ သူက လက်တစ်ကမ်းအလိုတွင် ရှိနေသည့်အရာများကိုပင် မသိနိုင်လောက်အောင် ဉာဏ်ရည်နိမ့်ပါးလှသည်။ ထို့ပြင် အလွန်ကြီးမားသော ဝန်ထုပ်ဝန်ပိုးကြီးတစ်ခုရှိနေသော်လည်း လူငယ်လေးကတော့ ရင်ထဲတွင် အတော်လေး ဝမ်းသာသွားခဲ့၏။ ယနေ့မှစ၍ ဤကမ္ဘာကြီးထဲတွင် သူ့အပေါ် မှီခိုထားနေရသော နောက်ထပ် လူတစ်ယောက် ရှိလာတော့မည်ဖြစ်သည်။
အိပ်မက်၏ စကားအဆုံးတွင် သူနှင့် အဖြူဝတ်မိန်းမပျိုတို့က ရွှေရောင်ကျောက်တုံး တံတားတစ်ခုအပေါ်တွင် ဘေးချင်းယှဉ်၍ ထိုင်နေကြောင်း မှတ်မိနေ၏။ ထိုတံတားက အလွန်အမင်းကို ရှည်လျားပြီး အဆုံးသတ်ကို မမြင်ရပေ။ တိမ်တိုက်ပင်လယ်ကြီးထဲတွင် နဂါးတစ်ကောင်သွားလာနေသလို ထင်ရသည်။
ချန်းပင်အန်းက သက်ပြင်းရှည်ကြီး ချလိုက်ပြီး စားပွဲပေါ်သို့ မှီအိပ်လိုက်၏။ အဆုံးတွင်တော့ အဘိုးယောင်၏ စကားလုံးများက နားလည်ရန် အလွယ်ကူဆုံးဖြစ်ကြောင်း ခံစားမိခဲ့သည်။
“တကယ်လို့ မင်း ပိုင်ဆိုင်တဲ့ အရာတွေဆိုရင်တော့ ကောင်းကောင်းဂရုစိုက်ပါ။ လွှင့်မပစ်မိစေနဲ့။ တကယ်လို့ မင်းပိုင်ဆိုင်တဲ့ အရာမဟုတ်ဘူးဆိုရင်တော့ အဲဒီအရာကို စဉ်းတောင်မစဉ်းစားနဲ့….”
ချန်းပင်အန်းက ပစ္စည်းများ အားလုံးကို ခြင်းတောင်းငယ်လေးထဲတွင် သေချာထုတ်ပိုးနေခဲ့သည်။ လေးခွများ၊ ငါးမျှားချိတ်များ၊ ငါးမျှားကြိုးများ၊ ကျောက်တုံးလေးများနှင့် အရာမျိုးစုံဖြစ်သည်။ သူတို့က အသေးအဖွဲများဖြစ်ကြ၏။ နောက်ဆုံးတွင်တော့ သူက ရွှံ့အိုးလေး၏ အောက်ခြေမှနေ၍ အဝတ်အိတ်လေးတစ်ခုကို သေချာထုတ်လိုက်သည်။
ထိုအထဲတွင် ပျက်စီးနေသော ကြွေထည်များ ရှိနေခဲ့၏။ ပတ်ပတ်လည်တွင်တော့ ပြန့်ကျဲနေသော အရာများစွာ ရှိနေသော်လည်း သူတို့က လေးလံနေခြင်း မရှိချေ။ ချန်းပင်အန်းက တောင်တက်လမ်းပေါ်တွင် မိုင်(၁၀၀)၊ (၂၀၀)ခန့် မကြာခဏ သွားဖူးသည်။
အကယ်၍ သူက အလွန်များပြားသော အလေးချိန်ကို သယ်ဆောင်သွားရမည်ဆိုလျှင် သေချာပေါက် ဆိုးရွားသော အရာတစ်ခုဖြစ်နိုင်၏။ သူက တောင်တန်းနှင့်မြစ်များကို မည်သို့အသုံးချရမည်ဖြစ်ကြောင်း သိနေခဲ့သည်။
ချန်းပင်အန်းက ခြင်းတောင်းငယ်လေးကို နောက်ကျောတွင် သယ်လိုက်၏။ တံခါးကို သော့ပိတ်လိုက်ပြီးနောက် သူက ခြံဝန်းထဲတွင် ရပ်လိုက်ရာ နံရံကို မှီထောင်ထားသော သစ်ခါးပင်သစ်ကိုင်းကို တွေ့လိုက်ရသည်။
ခဏကြာစဉ်းစားပြီးနောက် သူက နောက်တစ်ကြိမ် တံခါးပြန်ဖွင့်လိုက်ပြီး ထိုအရာကို အိမ်အတွင်းထဲတွင် နေဒဏ်လေဒဏ် မခံရစေရန် သေချာချထားခဲ့၏။ ချန်းပင်အန်းက ဆေးပင်များ သွားခူးခြင်း၊ တရုတ်ဇီးသီးပွင့်လမ်းကြားနှင့် နဂါးစီးလမ်းကြားထဲသို့ စာသွားပို့ခြင်းမှ ရရှိသော ငွေစ(၂)စကို ယူဆောင်လိုက်သည်။
အချိန်က အတော်လေး စောနေသေးသည့်အတွက် မြက်ဖိနပ်နှင့် လူငယ်လေးက ပိတ်ထားသော ဆိုင်အပြင်ဘက်တွင် ထိုင်လိုက်ပြီး စိတ်ရှည်လက်ရှည် စောင့်နေခဲ့သည်။ ဆိုင်ရှင်က သန်းဝေပြီး တံခါးဖွင့်လိုက်သည့်အချိန်တွင် လူငယ်လေးက အမွှေးတိုင်၊ စာရွက်နှင့် မက်မွန်နွေဦးအရက်တစ်အိုးကို ဝယ်လိုက်သည်။
နောက်ဆုံးတွင်တော့ သူက မုန့်ဆိုင်မှ ကိတ်မုန့်တစ်ခု ဝယ်ချင်နေခဲ့၏။ သူငယ်ရွယ်စဉ် သူ့အမေက ထိုအရာကို တစ်ကြိမ်စားခဲ့ပြီး အလွန်အရသာရှိသည်ဟု ပြောခဲ့ကြောင်း မှတ်မိနေခဲ့သည်။ ချန်းပင်အန်း၏ (၅)နှစ်မြောက်မွေးနေ့တွင် သူမက ထိုသို့ပြောခဲ့ပြီး နောက်တစ်ကြိမ် ဝယ်ပေးခဲ့သည်။ ထို့ကြောင့် ချန်းပင်အန်းက ရှင်းရှင်းလင်းလင်း မှတ်မိနေခဲ့၏။
သို့သော် သူ ဆိုင်သို့ ရောက်လာခဲ့သည့်အချိန်တွင် ဈေးဆိုင်၌ ထိုကဲ့သို့ ကိတ်မုန့်များကို မလုပ်တော့ကြောင်း ဆိုင်အကူက ပြောခဲ့သည်။ ယခင်ဆိုင်ရှင်အိုကြီးကသာ ထိုအရာများကို မည်သို့ပြုလုပ်ရကြောင်း သိနေ၏။ ထို့ပြင် ထိုမုန့်ဆိုင်က ပိတ်တော့မည်ဖြစ်၏။ ဆိုင်ရှင်အိုကြီးကတော့ မြို့တော်သို့ လိုက်သွားပြီး အေးအေးချမ်းချမ်း နေထိုင်ချင်ခဲ့သည်။
ချန်းပင်အန်းလည်း ရွေးချယ်စရာ မရှိတော့သည့်အတွက် လီပေါင်ဖျင်ကို ရွမ်ရှို့ပေးခဲ့သော မက်မွန်ကိတ် အနည်းငယ်သာ ဝယ်လာခဲ့ရတော့သည်။ လူငယ်လေးက မြို့အပြင်ဘက်သို့ ထွက်သွားပြီး သူနှင့် နင်ယောင်တို့ ပုန်းနေခဲ့သော ကျောင်းဆောင်ငယ်လေးကို ဖြတ်ကျော်လာခဲ့သည်။ သူက တောင်ဘက်သို့ ဆက်လက်လျှောက်သွားခဲ့ပြီး တောင်ကမ်းပါးတစ်ခုသို့ ရောက်လာခဲ့၏။
ထို့နောက် လူငယ်လေးက အပေါ်ကို တက်လာခဲ့သည်။ သူက တောင်တစ်ဝက်ကို ရောက်လာသည့်အချိန်တွင် နှစ်ပေါင်းများစွာ စိုက်ပျိုးထားခြင်းမရှိသော ကျတ်တီးမြေကြီးကို တွေ့လိုက်ရသည်။
မြေပြင်ပေါ်တွင်တော့ သေးငယ်သော တောင်ပို့ငယ်လေး(၂)ခုရှိ၏။ ထိုတောင်ပို့ပေါ်တွင်တော့ ပေါင်းပင်များ လုံးဝမရှိချေ။ ချန်းပင်အန်းက တောင်ပို့နှစ်ခု၏ရှေ့တွင် မတ်တပ်ရပ်လိုက်ပြီး နောက်ကျောတွင် ရှိနေသော ခြင်းတောင်းလေးကိုဖြုတ်၍ ဘိုးဘေးများကို အရိုအသေပေးရန် အသုံးပြုသော ပစ္စည်းများကို တစ်ခုပြီးတစ်ခု ချလိုက်သည်။
ထိုမြို့ငယ်လေးက နှစ်ထောင်ပေါင်းများစွာ ထိုကဲ့သို့ဖြစ်နေခဲ့၏။ စလာသည့် အချိန်ကတည်းကစပြီး ထိုကဲ့သို့ အခြေအနေမျိုးရှိနေခြင်း၊ သို့မဟုတ် ထုံးထမ်းအစဉ်အလာများက နောက်ပိုင်းတွင် ပြောင်းလဲသွားခြင်း ဟုတ်မဟုတ်ကိုတော့ သူလည်း သေချာမသိခဲ့ပေ။ မည်မျှချမ်းသာသော လူများဖြစ်စေကာမူ ဘိုးဘေးများကို အရိုအသေပေးသည့်အချိန်တွင် ဒူးထောက်ဦးချခြင်း မရှိကြပေ။ သူတို့က အမွှေးတိုင်(၃)တိုင်ထွန်းညှိပြီး ပူဇော်ရန်သာလိုအပ်သည်။
မည်သို့ဖြစ်စေကာမူ ရွှံ့ပုလင်းလမ်းကြားထဲမှ လူငယ်လေးကတော့ မိသားစုထုံးထမ်း အစဉ်အလာများကို နားလည်နေသည့်အတွက် သူလည်း ခြွင်းချက်မရှိခဲ့ပေ။ သို့သော် အမွှေးတိုင်မထွန်းခင် ချန်းပင်အန်းက မြေကြီးလက်တစ်ဆုပ်ကို ယူလိုက်သည်။ ထိုမြေကြီးများကို မြေစာပုံပေါ်သို့ တင်လိုက်ပြီး ညင်သာစွာ ဖိနှိပ်ပေးလိုက်၏။
ယခုတစ်ကြိမ်တော့ သူက အလျင်လိုနေခဲ့သည့်အတွက် အနီးနားတွင် ရှိနေသော မြေကြီးကိုသာ ယူနိုင်တော့သည်။ မဟုတ်လျှင်တော့ လူငယ်လေးက တောင်တန်းများထဲသို့ ဝင်သွားသည့် အချိန်တိုင်း တောင်တစ်တောင်ဆီမှ မြေကြီးလက်တစ်ဆုပ်ဆီကို တိတ်တဆိတ် ယူလာတတ်၏။
ထိုအရာက တခြားထူးခြားသော အဓိပ္ပာယ်မျိုးမရှိပေ။ သူက စိတ်အေးလက်အေး ခံစားကြည့်လိုခြင်းသာဖြစ်သည်။ လူငယ်လေးက သူ့ဘဝတွင် မိဘများနှင့်ပတ်သက်ပြီး လုံးဝပျင်းရိနေခြင်းမရှိခဲ့ပေ။ သူက ခံစားချက်များ ပိုကောင်းလာစေရန် လုပ်ဆောင်နေခြင်းသာဖြစ်၏။
ထို့ပြင် ကြွေထည်များဖန်တီးတတ်သော ထိုထုံးထမ်းအစဉ်အလာကို မျိုးရိုးစဉ်ဆက်လက်ဆင့် ကမ်းလာခဲ့သည်ဟု အဘိုးယောင်က ပြောခဲ့ဖူးသည်။ ထို့ကြောင့် ချန်းပင်အန်းကလည်း နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရ၏။ အုတ်ဂူငယ်လေး(၂)ခုက အချင်းချင်း နီးကပ်နေပြီး တစ်ခုနှင့်တစ်ခု အမှီသဟဲ ပြုနေသလို ဖြစ်နေသည်။ ထိုနေရာတွင် အုတ်ဂူတစ်ခုတော့ မရှိချေ။
ချန်းပင်အန်းက အမွှေးတိုင်(၃)တိုင် ထွန်းလိုက်ပြီးနောက် မြေပုံလေးကို မျက်နှာမူပြီး (၃)ကြိမ် ဦးချလိုက်သည်။ ထို့နောက် မြေပုံလေး၏ရှေ့တွင် အမွှေးတိုင်များကို စိုက်လိုက်၏။ ထို့နောက်တွင်မှ သူက အရက်အိုးကို ဖွင့်လိုက်ပြီး သူ့ရှေ့တွင် ညင်သာစွာ လောင်းပေးလိုက်သည်။ အဆုံးတွင်တော့ ချန်းပင်အန်းက မတ်တပ်ရပ်လိုက်ပြီး မျက်လုံးမှိတ်၍ လက်အုပ်ချီလိုက်၏။
သူက ရင်ထဲတွင် ရှိနေသည့် အရာများကို သူ့မိဘများ သိအောင် ပြောပြလိုက်သည်။ ဥပမာအနေနှင့် ပြောရလျှင် ယခုတစ်ကြိမ် သူက လီပေါင်ဖျင်ဟုခေါ်သော ကလေးမလေးကိုခေါ်၍ ခရီးရှည်တစ်ခု သွားရတော့မည်ဖြစ်ကြောင်း ပြောပြနေခြင်း ဖြစ်သည်။ ထိုအရာက မွေးရပ်မြေမှ မိုင်ပေါင်းမည်မျှဝေးကွာကြောင်း သူလည်း မသိခဲ့ပေ။
…………
ချောမောခန့်ညားသော လူငယ်လေးတစ်ယောက်က လမ်းမပေါ်တွင် ရှိနေသော ကျောင်းဆောင်ငယ်လေးထဲတွင် ရပ်နေခဲ့သည်။ သူက နံရံပေါ်တွင် မီးသွေးနှင့် ရေးထားသော နာမည်များကို မော့ကြည့်နေခဲ့၏။ ထိုနာမည်များက ပြည့်နှက်နေပြီး အကြီးအသေးမျိုးစုံ ဖြစ်နေကြ၏။ မြို့ခံလူများ၏ မျက်လုံးထဲတွင်တော့ ထိုကလေးများ၏ ဆော့ကစားမှုက ပြောပလောက်စရာမရှိချေ။
သို့သော် လက်ရှိအချိန်တွင်တော့ ထိုလူငယ်လေး၏ မျက်လုံးထဲတွင် ထိုအရာက သမိုင်းကြောင်းထဲ၌ အတောက်ပဆုံး ကြယ်စုတန်းတစ်ခု ဖြစ်သည်။ အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် ရှိနေသော တာ့လီပိုင်နက်၏ အပေါ်ဘက်တွင် ရှိနေသော လီကျူးလေဟာနယ်သုခဘုံက သုခဘုံ(၃၆)ခုထဲတွင် အသေးငယ်ဆုံး ဖြစ်သည်။
ထိုအရာက တောင်တန်းနှင့်မြစ် မိုင်(၁၀၀၀)ပတ်ပတ်လည်သာ ရှိ၏။ အကယ်၍ အနီးပတ်ပတ်လည်တွင် မှော်အစွမ်းများ၊ ကန့်သတ်ချက်များသာ မရှိလျှင် လေထဲ၌ ပျံသန်းနေသော ချီကျင့်ကြံသူများအတွက်တော့ ထိုမြင်ကွင်းများက ကြည့်ရှုလောက်စရာ မလုံလောက်ပေ။
သို့သော် လီကျူးသုခဘုံ၏ ရတနာများနှင့် ဘိုးဘေးများ ချန်ထားခဲ့သော အဆောင်များကလွဲလျှင် ဤနေရာ၌ မွေးဖွားသော လူငယ်များကသာ အဆင်ပြေသည်ဟု ဆိုနိုင်သည်။ သူတို့က အတော်လေးကိုမှော်ဆန်ပြီး တခြားနေရာများနှင့် ကွဲပြား၏။
ထိုအရာကို စဉ်းစားကြည့်၍လည်း ရနိုင်သည်။ ကြီးမြတ်သော ချီကျင့်ကြံသူ(၂)ယောက်က တာအိုလက်တွဲဖော်များ ဖြစ်လာကြသည်။ ထို့နောက် သူတို့က အလယ်ဘုံ(၅)ဆင့်ကို သေချာပေါက် ဝင်ရောက်သွားခဲ့ကြ၏။ အထက်ဘုံ(၅)ဆင့်ကို ဝင်ရောက်နိုင်သည့် ဖြစ်နိုင်ချေကတော့ လီကျူးသုခဘုံထဲမှ ခေါ်ထုတ်လာသော ကလေးငယ်များအတွက် အခွင့်အရေးမြင့်မားမှု မရှိချေ။
ထိုမြို့ငယ်လေးထဲတွင် လူပေါင်းမည်မျှ ရှိနေသနည်း။ ထိုအရာက ရေကန်ထဲမှ ထွက်ပေါ်လာသော ရေနဂါးတစ်ကောင်နှင့် ညီမျှနေသည်။ ထို့ပြင် မျိုးဆက်တစ်ခု နှစ်ခုတွင် ရေနဂါးတစ်ကောင် နှစ်ကောင်ခန့်သာ ဖြစ်လာနိုင်၏။ ထို့ကြောင့် ယခုတစ်ကြိမ် လီကျူးသုခဘုံပြိုလဲသွားသည့်အချိန်၌ တိုင်းပြည်အသီးသီးမှ ဘုရင်များက အနည်းငယ် စိုးရိမ်နေကြသလို ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု လျော့ကျသွားသလို ခံစားကြရသည်။
နောက်ဆုံးတွင်တော့ စုန့်ကလန်၏ ရွှေရောင်သွေးကြောကြီးက ပျက်စီးသွားခဲ့ပြီဖြစ်၏။ ထိုအရာက တောင်ဘက်သို့ တိုက်ခိုက်သိမ်းပိုက်ချင်နေသော တာ့လီမြင်းတပ်အပေါ် အကျိုးသက်ရောက်မှုရှိနိုင်သည်။
ချွေးချန်းက အချိန်တော်တော်ကြာစိုက်ကြည့်နေရာမှ မျက်လုံးကို ဖြည်းညင်းစွာ မှိတ်လိုက်သည်။ သူ့ဆီတွင် ခံစားချက်များ ပြည့်နှက်နေခဲ့၏။ ရှေးအချိန်ကတည်းကစပြီး နန်းတွင်းစာမေးပွဲများက ကျောင်းသားအချင်းချင်း၊ အပေါင်းအဖော်အချင်းချင်း ကြားထဲတွင်သာ ရှိနေခဲ့သည်။ ထိုအရာက ကျင့်ကြံမှုလမ်းကြောင်းနှင့် အတူတူသာဖြစ်၏။
ယခုတော့ လီကျူးသုခဘုံထဲတွင် ရှိနေသော ပြဿနာများက ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး လူတစ်ယောက်၏ သေဆုံးမှုနှင့် ကောင်းမွန်သော အဆုံးသတ်တစ်ခုကို လဲလှယ်နိုင်ခဲ့သည်။ လီကျူးသုခဘုံထဲမှ ထွက်လာကြသော ကျင့်ကြံသူအားလုံးက ထိုသနားမှုကြင်နာမှုကို သတိရနေကြမည်ဖြစ်၏။ အနည်းနှင့်အများသာ ကွာခြားသွားနိုင်သည်။
မျိုးရိုးကြီး(၄)ခုနှင့် ကလန်(၁၀)ခု၏နောက်တွင် ရှိနေသူများက ပို၍ပင် ထူးခြားနေသေး၏။ စုန့်ကလန်က ထိုအရှုပ်အထွေးထဲတွင် မည်သည့်အရာကိုမျှ ဆုံးရှုံးခဲ့ခြင်း မရှိသလို မည်သည့်အကျိုးအမြတ်မျှမရခဲ့သည်မှာတော့ နှမြောစရာကောင်းလှသည်။ သို့သော် တာ့လီက ပို၍လူသားဆန်ပေးနိုင်သည်။
ဥပမာအနေနှင့် ပြောရလျှင် ရွမ်ချုံကို လီကျူးသုခဘုံထဲသို့ စောစောဝင်လာရန် တောင်းဆိုခဲ့ခြင်းမျိုး ဖြစ်သည်။ သူတို့က ထိုမျှမြန်မြန်ဆန်ဆန် သဘောမတူသင့်ပေ။ ဥပမာအနေနှင့် ပြောရလျှင် ချီကျင့်ချွန်က ထိုသူတော်စင်များနှင့် တိုက်ခိုက်ရာ၌ သူ၏ကျင့်ကြံမှုစွမ်းရည်ကို အသုံးမပြုခဲ့ဘဲ စကားလုံး(၂)ခုကိုသာ အသုံးပြုခဲ့ကြောင်း သူတို့သိသွားခဲ့မည်ဆိုလျှင်ပင် သူတို့က ဘာမျှနိုင်ကြလိမ့်မည် မဟုတ်ချေ။
ထို့ကြောင့် အင်အားစု(၄)ခုက သူတော်စင်များ၏ အလောင်းအစားကို အတင်းအကြပ် ပြန်မေးလာသည့်အချိန်တွင် တာ့လီ အထွေထွေရေးရာဌာနကပင် ငြင်းဆန်၍ မရနိုင်ပေ။ သူတို့က ထိုအရာကို အချိန်ဆွဲထားသင့်ပြီး စည်းမျဉ်းစည်းကမ်းများကို ဆန့်ကျင်နေသည်ဟု ပြောသင့်၏။
ဥပမာအနေနှင့် ပြောရလျှင် တာ့လီနန်းတွင်းက မျိုးရိုးကြီး(၄)ခုနှင့် ကလန်(၁၀)ခု၏ နာမည်ကို သီးသန့်အသုံးပြု၍မရနိုင်ပေ။ သူတို့က ကလန်တစ်ခုချင်းဆီ၏ မျိုးစေ့များကို လျင်မြန်စွာ ပြန်ထုတ်သွားခဲ့ပြီး ချီကျင့်ချွန်၏ ဆန့်ကျင်မှုက လူတိုင်းကိုဒုက္ခရောက်စေနိုင်ကြောင်း ကြိုတင်သတင်းမပေးသင့်ပေ။
တာ့လီဘုရင်က သတိပြန်ဝင်လာသည့်အချိန်၌ လောဘတက်နေမည်ဆိုလျှင်ပင် တော်ဝင်နန်းဆရာက တိုင်းပြည်အစိုးရရုံး တစ်ဝက်ခန့်ကို ထိန်းချုပ်ထားပြီး ဗျူဟာပေါင်းများစွာကိုလည်း စီစဉ်ထားခဲ့သည်။
သို့သော် ထိုအချိန်တွင် ကျောင်းဆောင်ငယ်လေးထဲ၌ ရပ်နေသော တာ့လီတော်ဝင်နန်းဆရာ၏ မျက်နှာပေါ်တွင် ကျေနပ်မှုများ ပေါ်လွင်နေခဲ့၏။ သူက တာ့လီဘုရင်၏ ဒေါသကို ဂရုမစိုက်ခဲ့ပေ။
ချွေးချန်းက တစ်ယောက်တည်း ပြောလိုက်၏။
“နေဦး... ခဏနေဦး…”
ချွေးချန်းက နံရံရှိရာကို လှည့်ကြည့်လိုက်ပြီး နာမည်များအားလုံးကို ပြန်လည်စဉ်းစားကြည့်နေခဲ့သည်။ သူက အင်္ကျီလက်ကို ဝှေ့ယမ်းပြီး တခြားသူများ ရှုပ်ထွေးအောင် လုပ်ထားသည့် အရာများအားလုံးကို ဖယ်ရှားရန် ကြိုးစားလိုက်၏။
သို့သော် သူက လှုပ်ရှားတော့မည့်အချိန်တွင် ရွမ်ချုံက ကျောင်းဆောင်ငယ်လေး၏ တံခါးတွင် ပေါ်လာပြီး ကြောက်စရာကောင်းစွာ ပြောလိုက်သည်။
“ကောင်စုတ်လေး …
မင်းက သတ္တိရှိနေတာပဲ။ ဘယ်နှစ်ကြိမ်တောင်ရှိပြီလဲ….”
ချွေးချန်းက ရယ်ပြီး ပြောလိုက်သည်။
“ကျုပ်က အခုထိ မပြီးသေးဘူးလေ။ ထွက်သွားပေးရတော့မှာလား…”
ကျောင်းဆောင်ငယ်လေး၏အနားတွင် အသံတစ်ခု ပေါ်လာခဲ့သည်။
“မင်းတို့ အစွမ်းကုန် တိုက်ခိုက်ကြလိုက်စမ်းပါ။ ငါက အရှုပ်အထွေးတွေကို ရှင်းပေးဖို့ တာဝန်ယူတယ်။ ဒီမှာ တောင်တန်းတွေ၊ မြစ်တွေကို ဖျက်ဆီးပစ်စေနိုင်လောက်တဲ့ အခြေအနေမျိုး ပေါ်မလာစေရဘူးလို့ ငါ အာမခံတယ်။ မင်းတို့ထဲမှာ အနိုင်အရှုံး ပေါ်သွားပြီဆိုရင် အများဆုံး ဒီမိုင်(၁၀၀၀)နယ်မြေထဲမှာရှိတဲ့ နယ်မြေ(၂၀) ရာခိုင်နှုန်းလောက်ပဲ ပျက်စီးသွားလိမ့်မယ်…”
“ရွမ်ချုံ...
သူ့ကို တိုက်ခိုက်ရမဲ့အစား မင်းနဲ့ သူ့ရဲ့အငြိုးအတေးတွေကို အဆုံးသတ်သင့်တယ်လို့ထင်တယ်။ သူခိုးတစ်ယောက် ခိုးမှာကို မကြောက်နဲ့။ သူခိုးတစ်ယောက်က မှတ်မိနေမှာကိုပဲ ကြောက်ရမှာ…”
ချွေးချန်း၏အမူအရာက ပြောင်းလဲသွားခဲ့ခြင်းမရှိချေ။ သူက ရယ်ပြီးပြောလိုက်၏။
“အဘိုးကြီးယန်က သွေးမထွက်ဘဲ လူသတ်ချင်နေတဲ့အပြင် ကြားထဲကနေ အမြတ်ထုတ်ချင်နေတယ်။ တကယ့်ကို အကြံကြီးတာပဲ…”
ရွမ်ချုံက ခေါင်းညိတ်ပြလိုက်၏။
“ငါလည်း အဲဒီလိုပဲ တွေးမိတယ်…”
ချွေးချန်းက အလျင်အမြန် ဦးညွှတ်ပြီး တောင်းပန်လိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
“ကောင်းပြီ... ကောင်းပြီ။ ငါက မြို့ထဲမှာ ဒီတိုင်းလှည့်ပတ်သွားနေရုံပါပဲ။ သူတော်စင်ရွမ်၊ ဆရာကြီးယန် မဟုတ်လား…”
ရွမ်ချုံက အခြေအနေတစ်ခုလုံးကို စဉ်းစားကြည့်နေခဲ့သည်။
ချွေးချန်းက ပေါ့ပေါ့ပါးပါး ပြောလိုက်၏။
“တကယ်လို့ ဆရာကြီးယန်က တောင်တွေ၊ မြစ်တွေအများစုကို ကာကွယ်ပေးနိုင်တဲ့ စွမ်းရည်မျိုး ရှိနေတယ်ဆိုရင်တောင် ရှန်ရှို့တောင်နဲ့ ဟုန်မင်တောင်ထိပ်တို့ကို ဖျက်ဆီးပစ်လိုက်ရင် ဘာလုပ်နိုင်မှာလဲ…”
ရွမ်ချုံ စကားပြောသည်ကို စောင့်မနေဘဲ အဘိုးကြီးယန်၏အသံက နောက်တစ်ကြိမ် ထွက်လာခဲ့သည်။
“တကယ်လို့ အဲဒီနေရာမှာ ငါသာဆိုရင် အဲဒီအရာကို သည်းခံနိုင်မှာ မဟုတ်ဘူး…”
ရွမ်ချုံက မသက်မသာ ပြောလိုက်ရ၏။
“အာလန်လမ်းကိုသာ မြန်မြန်ပြန်ပါ…”
ချွေးချန်းက ခေါင်းခါပြလိုက်ပြီး ကျောင်းဆောင်ငယ်လေး၏ အပြင်ဘက်ကို အေးအေးဆေးဆေး ထွက်လာခဲ့သည်။ သူက ရွမ်ချုံကို ဖြတ်သွားခဲ့သည့်အချိန်တွင် ကလေးဆန်သော သူ၏မျက်နှာက နီရဲသွားခဲ့၏။
ချွေးချန်းက စမ်းချောင်း၏ တခြားတစ်ဖက်သို့ ဖြတ်သွားသည့်အချိန်တွင် ရွမ်ချုံက ပြန်လှည့်ကြည့်လိုက်ရာ ကျောင်းဆောင်ငယ်လေးရှိ သစ်ကိုင်းခြောက်တစ်ခုပေါ်တွင် ထိုင်နေသော အဘိုးအိုကို မြင်လိုက်ရသည်။ သူက လက်ထဲတွင် ကိုင်ထားသော ဆေးတံကြီးကို သောက်နေခဲ့၏။
ထိုအဘိုးအိုက ပထမဆုံးအကြိမ်အဖြစ် သူ့ကို လှောင်ပြောင်နေခဲ့ခြင်း မရှိသလို သရော်နေခဲ့ခြင်းလည်း မရှိချေ။ ထိုအစား သူက ပြုံးပြလိုက်၏။
“မင်းက မင်းရဲ့သမီးကို တော်တော်ဂရုစိုက်တာပဲ…”
ရွမ်ချုံက တိုးတိုးလေး သက်ပြင်းချလိုက်မိသည်။ သူက ချွေးချန်း၏ ရန်စမှုများကြောင့် အပြစ်ရှိနေသလို ခံစားနေရသော်လည်း တိုက်ခိုက်ခဲ့ခြင်း မရှိချေ။ သူက အဘိုးကြီးယန်နှင့် မျက်နှာချင်းဆိုင်တွင် ထိုင်လိုက်ပြီး နံရံကို မှီထားခဲ့၏။
သူက နှုတ်ခမ်းကို တွန့်ကွေး၍ ပြုံးလိုက်သည်။
“ငါက ကမ္ဘာမြေကြီးအပေါ် ဘာမှအကြွေးတင်နေတာမျိုး မရှိဘူး။ အခု ငါက ဘိုးဘေးပညာရှင်ကိုတောင် ပြန်ပြီးတော့ ပေးဆပ်ပြီးသွားပြီ။ ငါက ငါ့သမီးရဲ့အမေအပေါ်ပဲ အကြွေးတင်နေခဲ့တာ။ အခု သူက ကြီးပြင်းနေပြီဆိုတော့ ငါက အဲဒါကို ဘယ်လိုပြန်ပေးရမှာလဲ။ ငါက သူ့အပေါ် တင်နေတဲ့အကြွေးကို ငါ့သမီးဆီ ပေးလိုက်ဖို့ပဲရှိတယ်…”
အဘိုးကြီးယန်က အပြုံးနှင့် ပြောလိုက်၏။
“မင်းရဲ့အဆင့်အတန်းနဲ့ အရည်အချင်းအရ ၊ ပြီးတော့ အဆက်အသွယ်တွေအရ ယင်းရင်မှာရှိတဲ့ ချန်းမိသားစုကတောင် မင်းဇနီးရဲ့ လက်ရှိဘဝကို သတိထားမိဖို့ လုံးဝမဖြစ်နိုင်ဘူး…”
ရွမ်ချုံက ခေါင်းခါပြီး ပြောလိုက်သည်။
“အရင်ဘဝမှာ သူ့ရဲ့ပါရမီက သိပ်ပြီးတော့ မကောင်းဘူး။ သူ မသေခင် အလယ်ဘုံ(၅)ဆင့်ကိုတောင် မရောက်ခဲ့ဘူး။ ဒါကြောင့် သူက လူသားအဖြစ် ပြန်ဝင်စားမယ်ဆိုရင်တောင် သူ့ရဲ့အရင်ဘဝ အသိဉာဏ်တွေ ပြန်လည်နိုးထလာပြီး ကျုပ်ကို သိလာဖို့ ဖြစ်နိုင်ချေ မရှိနိုင်ဘူး။ ကျုပ်အနေနဲ့ ပြောရမယ်ဆိုရင်တော့ အဲဒီမှတ်ဉာဏ်တွေ မရှိရင် ခန္ဓာကိုယ်ဆိုတာက အပေါ်ယံသက်သက်ပဲ။ သူက ကျုပ်ရဲ့ဇနီး မဟုတ်တော့ဘူး။ သူ့ကို ရှာတော့ရော ဘာအကျိုးရှိမှာလဲ။ ကျုပ်က သူ့ကို ရင်ထဲမှာ သိမ်းထားလိုက်ရင် လုံလောက်ပါပြီ…”
အဘိုးကြီးယန်က ခေါင်းညိတ်ပြီး ပြောလိုက်၏။
“မင်းက တော်တော်လေး ပွင့်လင်းတာပဲ။ စစ်ကျောင်းတော်ရဲ့ အဆင့်(၁၀)က ချိုးဖြတ်ဖို့ အခက်ခဲဆုံးပဲ။ ဒါကြောင့်လည်း မင်းက သက်တူရွယ်တူတွေထက် ကျော်လွန်နေခဲ့တာ…”
ရွမ်ချုံကတော့ ထိုကိစ္စကို ထပ်ပြောမနေချင်သည့်အတွက် ပြန်မေးလိုက်သည်။
“အဲဒီလူက အပိုတွေ လုပ်နေတယ်လို့ ထင်လား…”
အဘိုးကြီးယန်က အပြုံးနှင့် ခေါင်းခါပြလိုက်၏။
“ဒါဆိုရင်တော့ မင်းက အဲဒီလူကို လျော့တွက်နေတာပဲ။ မြက်ခင်းပြင်ထဲက လာတဲ့ လူကြီးလူကောင်းတစ်ယောက်က သူ့ရဲ့မြင်းပေါ်ကနေ ဘုရင်ကြီးကို ဆွဲချဖို့ဆိုရင် သူ့ကိုယ်သူ စတေးရလိမ့်မယ်။ ဒီလူကတော့ တာအိုဘိုးဘေးတွေနဲ့ ဗုဒ္ဓဘိုးဘေးတွေကို မြင်းပေါ်ကနေဆွဲချဖို့အတွက် သူ့ကိုယ်သူ စတေးဖို့ ဆန္ဒရှိနေတဲ့ လူတစ်ယောက်လိုမျိုးပဲ။ ငါက သူ့ရဲ့စိတ်နေစိတ်ထားကိုပဲ ပြောတာ။ သူ့ရဲ့စွမ်းရည်တွေကို ပြောနေတာ မဟုတ်ဘူး…”
ရွမ်ချုံက မျက်မှောင်ကြုတ်၍ စဉ်းစားနေခဲ့သည်။
အဘိုးကြီးယန်က သူ၏ဆေးတံကြီးကိုသုံးပြီး ကျောင်းဆောင်၏ ဝင်ပေါက်ရှေ့တွင် ရှိနေသော မြေပြင်ကြီးကို စိုက်ကြည့်နေခဲ့၏။ ထိုနေရာတွင် လမ်းသွားလမ်းလာများ သွားလာနေသော လမ်းတစ်ခုရှိသည်။
သူက ဖြည်းညင်းစွာ ပြောလိုက်၏။
“ဒီလူက ငါတို့နဲ့ ကွဲပြားတယ်။ သူက သစ်ပြားတစ်ပြားတည်းပဲရှိတဲ့ တံတားပေါ်မှာ တစ်ယောက်တည်း လျှောက်နေတယ်လို့ ခံစားနေရတာ။ သူက လမ်းကျဉ်းလေးထဲမှာ တစ်ယောက်ယောက်ကို တွေ့လိုက်တာနဲ့ သူသာ တစ်ဖက်လူမသတ်ရင် သူ့ကို တိုက်ချသွားမှာလို့ ခံစားမိလိမ့်မယ်။ အဲဒါက သေခြင်းတရားကို သွားတဲ့ လမ်းကြောင်းပဲ။ အဲဒီလိုလူတစ်ယောက်က လူကောင်းတစ်ယောက်၊ ဒါမှမဟုတ် လူဆိုးတစ်ယောက်လား ဆိုတာကို မင်းက ရိုးရိုးရှင်းရှင်း မပြောနိုင်ဘူးလေ…”
ရွမ်ချုံက နောက်ထပ် မေးခွန်းတစ်ခုကို ရုတ်တရက် မေးလိုက်သည်။
“ချန်းပင်အန်းရဲ့ဘိုးဘေးတွေနဲ့ မိဘတွေက သာမန်မိသားစုတွေအနေနဲ့ မွေးဖွားလာကြတာ။ ချန်းပင်အန်းရဲ့ဘိုးဘေးတွေနဲ့ မိဘတွေကလည်း သာမန်လူတွေပဲ။ ချန်းပင်အန်းရဲ့မိဘတွေ၊ ဘိုးဘေးတွေက မြို့ငယ်လေးထဲမှာ နေထိုင်တဲ့ သာမန်လူတွေပဲ။ သူတို့က အဲဒါကို ဘယ်လိုလုပ်ခဲ့တာလဲ။ ပြီးတော့ ဒီအသက်ကြွေ လျှို့ဝှက်ချက်တွေကို သူ့ရဲ့အဖေက ဘယ်လိုများ သိသွားတာလဲ။ ဘာလို့ သူက အသက်ကို စတေးပြီး အဲဒီအရာကို ဖျက်ဆီးပစ်ချင်နေရတာလဲ။ တစ်ယောက်ယောက်က အဲဒီလိုအရာတွေလုပ်ဖို့ ကောင်းကင်ဘုံရဲ့ လျှို့ဝှက်ချက်တွေ သူ့ကိုပြောပြလိုက်တာဖြစ်မယ်…”
အဘိုးကြီးယန်က အချိန်တော်တော်ကြာ တိတ်ဆိတ်သွားခဲ့သည်။ သူက မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ပြီး နောက်ဆုံးကျမှ ပြောလိုက်၏။
“အစမှာတော့ အဲဒါက သာမန်မိသားစုတစ်ခုပဲလို့ ငါက တွေးထားခဲ့တာ။ ဒါပေမဲ့ တစ်ခုခု လွဲမှားနေတယ်ဆိုတာကို ငါ နားလည်သွားတဲ့အချိန်မှာ အရမ်းနောက်ကျသွားပြီ။ ဒါပေမဲ့ ငါက ဒီလိုရှုပ်ထွေးတဲ့ ပြဿနာတွေကို ဝင်ပါလို့ မရဘူးလေ။ အဲဒါက ငါက ပျင်းနေတဲ့အချိန်မျိုးမှာ ပုံမှန်စဉ်းစားတတ်တဲ့အရာမျိုးပဲ။ အဲဒီအရာကို သေချာစဉ်းစားကြည့်လိုက်မယ်ဆိုရင် သူတို့အားလုံးက ချီကျင့်ချွန်ကို ပစ်မှတ်ထားနေကြတာ။ ဒါက လှုပ်ရှားမှုသေးသေးလေးတစ်ခုလို့ ထင်ရတယ်။ ဒါပေမဲ့ အဆုံးမှာတော့ ဒီလှုပ်ရှားမှုကမှ အစစ်အမှန် သတ်ဖြတ်ရေးလှုပ်ရှားမှုတစ်ခုဆိုတာ သိလိုက်ရတာပဲ…”
“ပညာရှင်တစ်ယောက်ရဲ့စကားနဲ့ ပြောရမယ်ဆိုရင် အဲဒါက နတ်ဘုရားဆန်တဲ့ လှုပ်ရှားမှုပဲ။ တိတိကျကျ ပြောရမယ်ဆိုရင်တော့ အဲဒါက ကံအရမ်းကောင်းနေတဲ့ ချီကျင့်ချွန်ကို ရင်ဆိုင်လိုက်နိုင်တဲ့အပြင် ကံကောင်းနေတဲ့ စာပေသူတော်စင်မျိုးဆက်ကို ရင်ဆိုင်ဖို့လည်း ဟုတ်တယ်။ ဒါပေမဲ့ အခုတော့ ချီကျင့်ချွန်ရဲ့ နောက်ဆုံးတိုက်ပွဲက အရမ်းကို ကြောက်စရာကောင်းလွန်းတယ်။ လူတိုင်းက ဒီစာပေမျိုးဆက် ရှင်သန်ရေးအတွက် ချီကျင့်ချွန်ရဲ့သေရေးရှင်ရေးနဲ့ ပြောင်းလဲချင်ခဲ့တာ။ အမှန်အတိုင်းပြောရရင် သိပ်ပြီးမကွာပါဘူး…”
အဘိုးအိုက အလွန်တည်ငြိမ်နေသော စစ်ကျောင်းသူတော်စင်ကို စိုက်ကြည့်နေပြီး ပြောလိုက်သည်။
“မင်းက လီကျူးသုခဘုံထဲကို စောပြီး ဝင်လာခဲ့တဲ့အချိန် မင်းက အဲဒီအရာတွေ အားလုံးရဲ့နောက်ကွယ်မှာ ရှိတဲ့ လူတစ်ယောက်လို့ ငါက သံသယဝင်ခဲ့မိတယ်။ ဖုန်းရွှယ်ကျောင်းဆောင်နဲ့ ယင်းရင် ချန်းမိသားစုတို့က အပေးအယူရှိနေတာပဲဖြစ်ဖြစ်၊ မင်းက ဂိုဏ်းအပေါ် အကျိုးဆောင်ချင်တာပဲဖြစ်ဖြစ်၊ ဒါမှမဟုတ် ယင်းရင် ချန်းမိသားစုဆီကနေ တိတ်တဆိတ် အကျိုးအမြတ်ရယူတာပဲဖြစ်ဖြစ် သူတော်စင်တစ်ယောက်လို့ နာမည်ကျော်ကြားတဲ့ မင်းကလည်း ဒီနေရာမှာ ကိုယ်ပိုင်ဂိုဏ်းတစ်ခုကို တည်ထောင်နိုင်တယ်…”
ရွမ်ချုံက တည်ငြိမ်စွာ ပြောလိုက်၏။
“ဆရာကြီးယန်က အတွေးလွန်နေပြီ…”
အဘိုးအိုက ခနဲ့သလို ပြောလိုက်သည်။
“အတွေးလွန်နေတာက မင်းမှားတယ်လို့ ဆိုလိုနေတာ မဟုတ်ဘူးလေ။ မင်းတို့ စစ်ကျောင်းဓားသမားတွေက အရမ်းကိုရိုးရှင်းကြတယ်လို့ နာမည်ကျော်ကြားတယ်။ နောက်ပိုင်း အမှန်တရား ထွက်လာတဲ့အချိန်မှာ မင်းကလည်း အဲဒီကျားစေ့တွေထဲက တစ်ခုပဲဆိုတာ နားလည်သွားလိမ့်မယ်…”
ရွမ်ချုံ၏စိတ်ကတော့ ကျောက်တုံးတစ်တုံးကဲ့သို့ ခိုင်မာနေသေးသည်။ သူက ရယ်ပြီး ပြောလိုက်၏။
“ဒါက ကိစ္စမရှိပါဘူး။ တကယ်လို့ ယင်းရင် ချန်းမိသားစုနဲ့ တခြားအဖွဲ့အစည်းတွေကသာ ကျွန်တော့်ကို ကျားစေ့လေးတစ်ခုအဖြစ် အသုံးချရဲမယ်ဆိုရင် ကျွန်တော်က ကျွန်တော့်ရဲ့သမီး နောက်ပြန်ဆုတ်ဖို့အတွက် အစီအစဉ်တွေ ချပေးခဲ့မယ်။ တနေ့နေ့မှာတော့ ကျွန်တော်က လမ်းမှာ ရှိတဲ့လူတွေအားလုံးကို သတ်ပစ်မယ်…”
ရွမ်ချုံက ရင်ထဲတွင် ခနဲ့သလို ပြောလိုက်သည်။
“တကယ်သာ ဒီလိုဖြစ်မယ်ဆိုရင်တော့ အဲဒါက ငါလိုချင်နေတဲ့အရာပဲ။ နှစ်ပေါင်း(၁၀၀)၊ အများဆုံး နှစ်ပေါင်း(၁၀၀)ပဲ။ ငါက အဲဒီဓားကို ထုလုပ်နိုင်လိမ့်မယ်။ ငါက ဘယ်နေရာကို သွားရမှာလဲ၊ ဘယ်သူ့ကို သတ်ရမှာလဲ…”
ရွမ်ချုံက အတွေးများကို စုစည်းပြီး စိတ်ဝင်တစား မေးလိုက်သည်။
“ရွှံ့ပုလင်းလမ်းကြားထဲက လူငယ်လေးက ချီကျင့်ချွန်ရဲ့ဆက်ခံသူများ ဖြစ်နိုင်မလား…”
အဘိုးကြီးယန်က ဆေးတံကြီးကို မြှောက်လိုက်ပြီး သစ်သားထိုင်ခုံကို ညင်သာစွာ ခေါက်လိုက်သည်။ ထို့နောက် သူက အဝတ်အိတ်ထဲမှ ဆေးရွက်များကိုထုတ်ပြီး ပြောလိုက်၏။
“အဲဒါတော့ ဘယ်သူက သေချာပြောနိုင်မှာလဲ…”
သူ့ရှေ့တွင် ရှိနေသော အဘိုးအိုဆီတွင် လျှို့ဝှက်ချက်များစွာရှိနေကြောင်း ရွမ်ချုံက သိနေခဲ့သည်။ ရွမ်ချုံက အပြုံးနှင့် မေးလိုက်၏။
“တစ်ယောက်ယောက်က မြို့ထဲကို ဝင်ချင်တယ်ဆိုရင် အရင်ဆုံး တံခါးစောင့်ကို ကြေးပြားတစ်အိတ်ဆီ ပေးကြရတယ်။ အဲဒီတံခါးစောင့်က ကျန်းတာ့ဖုန်းလို့ ခေါ်တယ်။ အဖိုးမဖြတ်နိုင်တဲ့ အဲဒီကြေးပြားတွေက တာ့လီအင်ပါယာရဲ့ လက်ထဲကိုလည်း ရောက်မသွားဘူးဆိုတာ ကျွန်တော်သိတယ်။ ဒါဆိုရင် အဲဒီကြေးပြားတွေကို သိမ်းယူနေတဲ့သူက ဆရာကြီးလား။ ဆရာကြီးက အဲဒီငွေကြေးတွေနဲ့ ဘာလုပ်ချင်နေတာလဲ….”
အဘိုးအိုက အပြန်အလှန် ပြန်မေးလိုက်သည်။
“ရွမ်ချုံ ဆိုတဲ့ မင်းက မင်းရဲ့နှလုံးသားထဲမှာ ဓားတစ်ချောင်းကို ဘယ်လိုဖန်တီးနေလဲဆိုတာ ငါ မေးရင် မင်းက ပြန်ဖြေမှာလား…”
ရွမ်ချုံက တိုးတိုးလေး ရယ်လိုက်မိ၏။
အဘိုးကြီးယန်က တည်ငြိမ်စွာ ပြောလိုက်သည်။
“ငါက ဒီကျောင်းဆောင်ကို ရွှေ့ချင်တယ်….”
ရွမ်ချုံက မှင်တက်သွားခဲ့သော်လည်း လျင်မြန်စွာ ပြန်ဖြေလိုက်၏။
“အပြင်ဘက်ကိုသာ မရွှေ့ဘူးဆိုရင်တော့ ကျွန်တော်က ကန့်ကွက်စရာမရှိပါဘူး…”
အဘိုးအိုက ခေါင်းညိတ်ပြီး ပြုံးလိုက်သည်။
“မင်းက ပွင့်ပွင့်လင်းလင်း ပြောမှတော့ ငါလည်း မင်းကို လျှိူ့ဝှက်ချက်နည်းနည်း ပြောပြမယ်…”
ရွမ်ချုံက ခေါင်းညိတ်ပြလိုက်ပြီး သူက နားထောင်ချင်နေကြောင်း အချက်ပြလိုက်သည်။
အဘိုးအိုက မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်၏။ ထိုမီးခိုးငွေ့များ ပျောက်ကွယ်သွားပြီးနောက် မီးခိုးငွေ့များက ကျောင်းဆောင်ကြီးတစ်ခုလုံးကို လွှမ်းခြုံသွားခဲ့သည်။ အမှန်အတိုင်းပြောရလျှင်တော့ ထိုမတိုင်ခင် ကျောင်းဆောင်ငယ်လေးက အဖြူရောင်မြူခိုးပါးပါးလေး လွှမ်းခြုံနေခဲ့ခြင်း ဖြစ်သည်။ အဘိုးအိုကတော့ ကျောင်းဆောင်ငယ်လေး၏ ဘေးကင်းလုံခြုံမှုအတွက် ပိတ်ဆို့မှုကို တိုးမြှင့်လိုက်ခြင်းဖြစ်သည်။
အဘိုးအိုက သက်ပြင်းချပြီး ဖြည်းညင်းစွာ ပြောလိုက်၏။
“ချီကျင့်ချွန်ရဲ့ လေးစားစရာအကောင်းဆုံးအချက်က ဘာလဲ မင်းသိလား…”
ရွမ်ချုံက အပြုံးနှင့် ပြောလိုက်သည်။
"သူ့ရဲ့ပါရမီ၊ မြင့်မားတဲ့ စွမ်းဆောင်ရည်နဲ့ ကြောက်စရာကောင်းတဲ့ ကျင့်ကြံမှုပဲ။ မဟုတ်ရင် ကောင်းကင်ဘုံကတောင် ချီကျင့်ချွန်လို လူတစ်ယောက်ကို ဆုံးရှုံးခွင့်ပေးပါ့မလား…”
အဘိုးအိုက ခေါင်းခါပြလိုက်သည်။
“တကယ်လို့ ချန်းပင်အန်းကသာ ချီကျင့်ချွန် ရွေးချယ်ထားတဲ့ လူတစ်ယောက်ဆိုရင် အပြင်ဘက်မှာ ရှိနေတဲ့ လူတစ်ယောက်က ချန်းပင်အန်းကို သူ့ရဲ့စုတ်ချက်အဖြစ် အသုံးပြုနေတာပဲ။ အပေါ်ယံမှာတော့ သူက (၁၀)နှစ်လောက် ဘာမှမလုပ်ပေမဲ့ အမှန်အတိုင်းပြောရရင် လျှို့ဝှက်ချက်တွေကို တိတ်တဆိတ် ဖန်တီးနေတာ။ ငါက ဒီအချိန်အတောအတွင်း အဲဒါနဲ့ အသားကျနေခဲ့ပြီ။ အံ့ဩစရာကောင်းတဲ့အရာကတော့ အဲဒီလူက ကျားခုံအပြင်ဘက်ကနေ ကျားစေ့တွေကို ကစားနေတာပဲ။ ကျားစေ့လေးတွေက လက်ထဲကနေ လွတ်မြောက်သွားရင် မာကျောတဲ့ ကျားစေ့တွေ မဟုတ်တော့ဘူး။ သူတို့က တဖြည်ဖြည်းနဲ့ ကိုယ်ပိုင်ဘဝမှာ ဆက်လက်ကြီးထွားလာကြတယ်…”
“ဒါကြောင့် သူက ကျားစေ့တစ်စေ့နဲ့ တဖြည်းဖြည်းမတူတော့ဘူး။ သူ့ရဲ့သတ်ဖြတ်ရေး လှုပ်ရှားမှုတွေကိုလည်း ပိုပြီးတော့ လျှို့ဝှက်လာတယ်။ ပြီးတော့ ဒီကျားစေ့ရဲ့အနားမှာ အရမ်းကို အစွမ်းထက်တဲ့နောက်ထပ်ကျားစေ့တစ်ခုလည်း ချပေးထားတတ်တယ်။ အဲဒါကတော့ စုန့်ကျိရှင်းပဲ။ တာ့လီအင်ပါယာက စုန့်ကလန်တစ်ခုလုံးရဲ့ မျှော်လင့်ချက်အဖြစ် သတ်မှတ်ထားတယ်။ သူက ပတ်ပတ်လည်မှာရှိတဲ့ အာရုံစိုက်မှု အားလုံးကို ခံရပြီး အမှောင်ထဲမှာ အလင်းပြနေတဲ့ အခြေအနေမျိုးကို တမင်တကာ ဖန်တီးထားတာ…”
ရွမ်ချုံ၏ခံစားချက်များက လေးလံသွားသည်။ သူက မေးလိုက်၏။
“ချီကျင့်ချွန်က ဂိုဏ်းတစ်ဂိုဏ်းတည်ထောင်နိုင်တဲ့ အရည်အချင်းမျိုးရှိတယ်လို့ ပြောကြတယ်။ လူတစ်ချို့က ချီကျင့်ချွန်ကို နှိမ့်ချပြီး ပြောနေပေမဲ့ အဲဒါတွေအားလုံးက သေချာပေါက်အပိုတွေပဲ။ သူက သဲလွန်စမသိဘဲ ဖြစ်နိုင်ပါ့မလား။ ငါက အဲဒီလှည့်ကွက် အရွှေ့အပြောင်းတွေကို အဖြေရှာနိုင်ခဲ့တယ်။ အဲဒါက စိတ်ဝင်စားဖို့ကောင်းတယ်.။ တော်တော် စိတ်ဝင်စားဖို့ကောင်းတာ။ တကယ်လို့ အဲဒါကသာ ရပ်ကြည့်နေတဲ့သူဆိုရင် ပါဝင်ပတ်သက်နေတဲ့သူတွေက ဘာတွေလဲ..”
အဘိုးအိုက ရုတ်တရက် ရယ်လိုက်ပြီး အနည်းငယ် ချောင်းဟန့်လိုက်သည်။ သူက လျှာကို လက်နှင့် ကိုင်ကြည့်လိုက်ပြီး ပြောလိုက်၏။
“ဒီကိစ္စမှာ ပါဝင်ပတ်သက်နေတဲ့သူတွေက တွေးထားကြတာ ကြာပါပြီ။ ဒီစာသင်သား ချီကျင့်ချွန်ကလည်း အမှန်တကယ် ရိုးသားတာတော့ မဟုတ်ဘူး။ သူ မသေခင် ဘာလုပ်ခဲ့လဲဆိုတာ မင်းသိလား။ သူက ငါ့အနားကို တမင်တကာ ရောက်လာခဲ့တယ်။ ချန်းပင်အန်းရဲ့လက်ထဲကို တံဆိပ်တုံး(၂)ခု ပေးလိုက်တဲ့အပြင် အဆုံးမှာ ချီကျင့်ချွန်နဲ့ ချန်းပင်အန်းတို့က အချိန်ခဏအထိ သွားလာခဲ့တယ်။ သူက စကားနည်းနည်း ပြောလိုက်ပြီး ချန်းပင်အန်းကို လွှတ်ပေးလိုက်တယ်။ ရွမ်ချုံ… မင်း ခန့်မှန်းကြည့်လိုက်စမ်း…”
ရွမ်ချုံကတော့ လုံးဝကို စိတ်ဝင်စားနေပြီး ပြောလိုက်၏။
“ကျွန်တော်က ချီကျင့်ချွန်ရဲ့အတွေးတွေကို မခန့်မှန်းနိုင်ဘူး…”
အဘိုးကြီးယန်က သက်ပြင်းချပြီး ပြောလိုက်သည်။
“လူကြီးလူကောင်းတစ်ယောက်ဆိုတာ လိမ်ပြောလို့ရတယ်လို့ ချီကျင့်ချွန်က ပြောခဲ့တယ်…”
ရွမ်ချုံက ခဏကြာ စဉ်းစားနေခဲ့၏။ ပထမတော့ သူက ထိုအရာကို သေသေချာချာ မစဉ်းစားမိချေ။ သို့သော် ခဏကြာပြီးနောက် သူ၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့၏။ အဆုံးတွင်တော့ သူက လက်သီးဆုပ်လိုက်ပြီး မျက်နှာက နီရဲနေခဲ့သည်။
သူက မသက်မသာ ခေါင်းခါပြီး ပြောလိုက်၏။
“ကျွန်တော်ရဲ့နိမ့်ကျမှုအတွက် တကယ့်ကို ရှက်မိပါတယ်။ ကျွန်တော်က အရှုံးကိုဝန်ခံရတော့မှာပဲ….”
အဘိုးအိုက ခေါင်းညိတ်ပြလိုက်၏။ သူက အဝေးကိုငေးကြည့်နေခဲ့သည်။
“ပထမဆုံးအဓိပ္ပာယ်ကတော့ ချန်းပင်အန်းကို ငါ့ဆီ ပြောခိုင်းလိုက်တာပဲ။ ဒါမှမဟုတ် တစ်ယောက်ယောက်က ချီကျင့်ချွန်ကို စည်းမျဉ်းတွေထဲကနေ ဘယ်လိုရင်ဆိုင်ရမလဲဆိုတာ ပြောခိုင်းချင်တာလည်း ဖြစ်နိုင်တယ်။ အမှန်အတိုင်းပြောရရင် ဒါတွေက ကိစ္စမရှိတော့ဘူး။ နိုင်တာပဲဖြစ်ဖြစ်၊ ရှုံးတာပဲဖြစ်ဖြစ်၊ သေခြင်းရှင်ခြင်းပဲဖြစ်ဖြစ် ချီကျင့်ချွန်က အဲဒီအရာတွေအားလုံးကို ကြိုသိပြီးနေပြီ….”
အဘိုးအိုက မတ်တပ်ရပ်ပြီး အသံတိုးတိုးနှင့် ပြောလိုက်သည်။
“ဒုတိယကတော့ ချန်းပင်အန်းက အခုကစပြီး (၁၀)နှစ်အတွင်း၊ ဒါမှမဟုတ် အခုကစပြီး နှစ်ပေါင်း(၁၀၀)အတွင်း အမှန်တရားတွေကိုသာ သင်ယူနိုင်မယ်ဆိုရင် သူက ချီကျင့်ချွန်ကို သေဆုံးစေခဲ့တဲ့ ကျားစေ့လေးဆိုတာ သိသွားမယ်ဆိုရင်တောင် သူ့ကိုယ်သူ အပြစ်တင်ဖို့ မလိုတော့ဘူး။ ဘာလို့လဲဆိုတော့ ချီကျင့်ချွန်က အရာအားလုံးကို သိထားပြီးသားမို့လို့ပဲ…”
ရွမ်ချုံက ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး အဝေးသို့ထွက်သွားခဲ့သည်။
“ဒါက တော်တော်လေး ပျင်းစရာကောင်းတယ်။ ဒီလောက်ကြီးမြတ်တဲ့ ချီကျင့်ချွန်က ဒီလိုသူရဲဘောကြောင်တဲ့ပုံစံနဲ့ သေသွားခဲ့ပြီ။ တကယ်လို့ သူ့နေရာမှာ ကျွန်တော်သာဆိုရင် သူ့ရဲ့ကျင့်ကြံမှုတွေ စွမ်းရည်တွေအရ အရှေ့ပိုင်းကုန်းမြေကြီးထဲကို ပြန်သွားပြီး လက်သီးတစ်ချက်တည်းနဲ့ ကမ္ဘာကြီးကို ဖျက်ဆီးပစ်လိုက်မှာ။ တော်ပြီ၊ စိတ်ရှုပ်ဖို့ကောင်းတယ်။ အရက်ပဲ သွားသောက်ကြစို့..”
အဘိုးအိုက ပြုံးလိုက်ပြီး လက်တစ်ဖက်ကို နောက်ပစ်၍ ကျောင်းဆောင်ငယ်လေးထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။ ထို့နောက် သူ့နောက်ကျောဘက်တွင် ရှိနေသော လက်တစ်ဖက်ကို အနည်းငယ်လှုပ်ရှားလိုက်ရာ ကျောင်းဆောင်ငယ်လေးက အဘိုးအို၏ လက်ဖဝါးထဲတွင် ပျောက်ကွယ်သွားခဲ့သည်။ သူက ထိုအရာကို သိမ်မွေ့စွာ ကိုင်ထားလိုက်၏။
“တာ့လီတော်ဝင်နန်းဆရာ ချွေးချန်း...စာပေသူတော်စင်ရဲ့ပထမတပည့်။ မင်းရဲ့ကျင့်ကြံမှုက ဒီလိုကန့်သတ်ချက်မရှိဘူးဆိုတာ ငါ ခံစားမိတယ်။ ဒါဆိုရင်တော့ ငါက စောင့်ကြည့်ရမှာပေါ့…”
မြို့ငယ်လေးထဲမှ အပြင်ဘက်သို့ ထွက်သည်မှာ အလွန်ရှားပါးသော အဘိုးကြီးယန်က ကျောက်တုံးတံတားဆီသို့ လမ်းလျှောက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်က တဖြည်းဖြည်း ပို၍ ခါးကုန်းလာပြီး သူ၏အမူအရာကလည်း ပို၍တည်ငြိမ်နေခဲ့၏။ သူက စကားတစ်ခွန်းမျှ မပြောခဲ့ချေ။
သူက ကျောက်တုံးတံတားပေါ်တွင် (၂)ကြိမ်တိတိ ဟိုဘက်ဒီဘက် လျှောက်နေခဲ့၏။ သူ လျှောက်လှမ်းသွားသည့် အချိန်တိုင်း တည်ငြိမ်အေးချမ်းနေခဲ့သည်။ အဘိုးအိုက ကျောက်တုံးတံတားပေါ်မှ ဆင်းလာသည့်အချိန်တွင် ဝမ်းနည်းသွားခဲ့၏။
သူက တစ်ယောက်တည်း တွေးနေမိခဲ့သည်။
“ဒါက တကယ့်ကို လွဲချော်လို့မရတဲ့ အခွင့်အရေးတစ်ခုလား။ အဲဒါက နောက်တစ်ကြိမ် လုံးဝရောက်မလာတော့ဘူးလား။ ကောင်းကင်ကံကြမ္မာနဲ့ မွေးဖွားလာတဲ့ မာခူရွှမ်ကတောင် မင်းနဲ့တွေ့ဖို့ အရည်အချင်းမမီဘူးလား။ တကယ်လို့ သူက မင်းရဲ့အပေါင်းအဖော်တစ်ယောက် ဆိုရင်တောင် သူက အရည်အချင်း မမီသေးဘူးလား။ မင်းက ဘယ်လိုလူမျိုးကိုတွေ့မှ ခေါင်းညိတ်လက်ခံမှာလဲ။ နှစ်ပေါင်း(၅၀၀၀)ကို မပြောနဲ့၊ လီကျူးသုခဘုံရဲ့ တည်ရှိမှုတစ်ခုတည်းကတင် နှစ်ပေါင်း(၃၀၀၀) ဖြစ်နေပြီ၊ နှစ်ပေါင်း(၃၀၀၀)…. ဒီလောက်အချိန်အတောအတွင်း အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ သူရဲကောင်းတွေ ဘယ်လောက်များများ ပေါ်လာခဲ့တာလဲ။ တကယ်လို့ သူတို့ကသာ မင်းရဲ့အကူအညီကို ရခဲ့မယ်ဆိုရင် အဆင့်နည်းနည်း တက်သွားနိုင်ဖို့ အခွင့်အရေးမရှိနိုင်ဘူးလား။ အဆင့်(၁၁)၊ ဒါမှမဟုတ် အဆင့်(၁၂)အထက်မှာ နောက်ထပ်(၂)ဆင့်ပဲ ရှိမယ်ဆိုရင်တောင် ဘယ်လိုအဆင့်မျိုး ရှိနိုင်မှာလဲ…”
ကျောက်တုံးတံတားကြီးက တိတ်ဆိတ်နေခဲ့သည်။ တံတားအောက်ခြေတွင် ချိတ်ဆွဲထားသော သံဓားကလည်း လှုပ်ရှားမှုမရှိချေ။ အဘိုးအိုက သက်ပြင်းချလိုက်ပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်သလို ပြောလိုက်၏။
“စကားပုံတစ်ခုတော့ ရှိတယ်။ သူရဲကောင်းဆိုတာက အခမဲ့ မဟုတ်ဘူး။ ထားလိုက်ပါတော့လေ။ ဒီလိုဆိုမှတော့ မင်းက ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်။ ငါက အချင်းချင်းမှီခိုနေရတဲ့ ကံကောင်းမှု ကံဆိုးမှုတွေကို စိုးရိမ်စရာမလိုတော့ဘူး။ မင်းက လုံးဝပျက်စီးသွားဖို့ စွမ်းအားဘယ်လောက်ပဲ ကျန်တော့တာလဲ။ ဒီလိုဆိုရင်လည်း ကောင်းပါတယ်လေ။ အလောင်းအစားသေးသေးလေးက ပျော်စရာကောင်းပေမဲ့ ဘာမှဆုံးရှုံးစရာ မရှိတော့ဘူးပေါ့…”
…………
ချန်းပင်အန်းက နောက်ကျောတွင် အလယ်အလတ် အရွယ်အစားရှိသော ခြင်းတောင်းတစ်ခုကို သယ်ဆောင်ပြီး တောင်တန်းပေါ်မှ ပြန်ဆင်းလာခဲ့သည်။ လမ်းတွင် ကျောင်းဆောင်က ပျောက်ဆုံးသွားကြောင်း တွေ့လိုက်ရ၏။
လူငယ်လေးက ပတ်ပတ်လည်ကို လှည့်ကြည့်နေသော်လည်း သူက နေရာမမှားကြောင်း မှတ်မိနေခဲ့သည်။ လူအများ အနားယူခဲ့ရသော ကျောင်းဆောင်ငယ်လေးက အမှန်တကယ်ကို ပျောက်ကွယ်သွားခဲ့ခြင်းဖြစ်၏။ ချန်းပင်အန်းက ထိုအရာကို အသားကျနေပြီးသားဖြစ်သည်။
ချန်းပင်အန်းက ပန်းပဲဆိုင်သို့ အရင်ဆုံးပြန်လာပြီး သူ ပိုင်ဆိုင်ထားသောအရာများ သိမ်းထားသည့် အဝါရောင်ရွှံ့အိမ်လေးကို လျှောက်လာခဲ့၏။ ထို့နောက် သူက ယူသွားသင့်သည့် အရာများကို ယူလိုက်သည်။ ထို့နောက် သူက လီပေါင်ဖျင်ကို သွားခေါ်လိုက်၏။
လီပေါင်ဖျင်က သူ့ရှေ့တွင် ရပ်နေပြီး သူမ၏မျက်နှာပေါ်တွင် ဝမ်းသာပျော်ရွှင်မှုများ ပြည့်နှက်နေခဲ့၏။ ထိုကလေးမလေး၏ ခန္ဓာကိုယ်ပေါ်တွင်တော့ ပန်းထိုးအိတ်များ၊ ပုဆိန်လေးများ ပြည့်နှက်နေပြီး တခြားပစ္စည်း(၇)မျိုး၊ (၈)မျိုးခန့်လည်း ရှိသေးသည်။
သူမကလည်း ခြင်းတောင်းငယ်လေးတစ်ခုကို သယ်ဆောင်ထားပြီး လေဒဏ်မိုးဒဏ်ကို တားဆီးနိုင်သည့် ဝါးဦးထုပ်တစ်လုံးကို ဆောင်းထားသည်။ ထိုအရာက ခြင်းတောင်းထဲတွင် ရှိနေသော ပစ္စည်းများကို ဖုံးကွယ်ရန် လုံလောက်၏။ ထိုကလေးမလေး၏ အကြံဉာဏ်အတိုင်း ရွမ်ရှို့က ကူညီထုတ်ပိုးပေးခဲ့ခြင်းဖြစ်သည်။
အစိမ်းဝတ်မိန်းမပျို ရွမ်ရှို့ကတော့ လီပေါင်ဖျင်၏ အနားတွင် ရပ်နေပြီး သူမ၏ပုံစံက စိတ်ပျက်နေပုံရသည်။
ချန်းပင်အန်းက ကလေးမလေးကိုကြည့်ပြီး အပြုံးနှင့်မေးလိုက်၏။
“နင်က စားစရာတွေ ယူလာခဲ့တာလား…”
လီပေါင်ဖျင်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
“ခြင်းတောင်းထဲမှာရှိတဲ့ ပစ္စည်းအများစုက အစ်မရွမ် ပေးလိုက်တဲ့ စားစရာတွေပဲ။ တခြားအရာတွေကတော့ စာအုပ်တွေပါ။ အဲဒါတွေက မလေးပါဘူး၊ သိပ်ပြီး မလေးဘူး…”
ချန်းပင်အန်းက ပြောလိုက်၏။
“နင် ပင်ပန်းတဲ့အချိန်ကျရင် ငါ့ကိုပြောပါ…”
ကလေးမလေးက ရင်ဘတ်ကို လက်နှင့်ပုတ်လိုက်ပြီး တက်ကြွစွာ ပြောလိုက်သည်။
“ငါက ဘယ်လိုလုပ်ပြီး ပင်ပန်းမှာလဲ…”
ရွမ်ရှို့က ညင်သာစွာ ပြောလိုက်သည်။
“အရှေ့ပိုင်းကုန်းမြေကြီးရဲ့ မြောက်ပိုင်းမှာရှိတဲ့ မြေပုံရယ်၊ တာ့လီနဲ့ တာ့ဆွေစီရင်စုတွေ၊ တိုင်းပြည်တွေရဲ့ မြေပုံတွေအားလုံး လီပေါင်ဖျင်ရဲ့ ခြင်းတောင်းထဲမှာရှိတယ်။ ဒါပေမဲ့ နင်က တာ့လီနယ်စပ်ကို ကျော်သွားပြီးရင်တော့ မကြာခဏ လမ်းမေးဖို့ လိုလိမ့်မယ်။ လီပေါင်ဖျင်က တာ့လီဘာသာစကားနဲ့ အရှေ့ပိုင်းကုန်းမြေကြီးတစ်ခုလုံးရဲ့ ဘာသာစကားကို သိနေတာ ကံကောင်းသွားတယ်။ ဒါကြောင့် ပြဿနာကြီးတစ်ခု မဟုတ်တော့ဘူး။ ပြီးတော့ ငါက အတွင်းထဲမှာ ငွေစနဲ့ကြေးပြားတွေလည်း ထည့်ပေးလိုက်တယ်။ နင် ငါ့အဖေကို ပေးတဲ့ကြေးပြားတွေနဲ့ ယှဉ်လိုက်မယ်ဆိုရင်တော့ သူတို့က ဘာမှမဟုတ်ပါဘူး။ ဒါကြောင့် ချန်းပင်အန်း ငါ ပေးတာကို မငြင်းပါနဲ့…”
ချန်းပင်အန်းက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည်။
“ငါက အရူးမဟုတ်ပါဘူး။ ငါက ငွေကို ဘာလို့ငြင်းရမှာလဲ…”
ရွမ်ရှို့က အနည်းငယ် စိတ်ပျက်သွားပြီး ပြောလိုက်သည်။
“နင်က ငတုံး မဟုတ်ဘူးလား။ သူတို့အတွက်တော့ နင်က ဘာမှမဟုတ်ဘူးလေ…”
သို့သော် သူမ၏နှုတ်ဖျားမှ ထိုကဲ့သို့ နာကျင်စရာကောင်းသောစကားများ ထွက်လာသည့် အချိန်တွင် မိန်းမပျိုက နောင်တရသွားခဲ့၏။ သူမက လျင်မြန်စွာ ရပ်လိုက်ပြီး တခြားမည်သည့်စကားမျှ ထပ်မပြောခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် မလှမ်းမကမ်းတွင် အတူတူခရီးသွားရမည့် ကျောင်းသား(၄)ယောက်ရှိနေသည်။
အနည်းငယ် စိတ်ပူနေသော ချန်းပင်အန်းက စိတ်သက်သာရရသွားပြီး တိုးတိုးလေး ပြောလိုက်၏။
“ဒါဆိုရင်တော့ ကျွန်တော်တို့ မနေ့တုန်းက ပြောထားတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး မိန်းကလေးရွမ်ကိုပဲ ဒုက္ခပေးရတော့မယ်…”
ရွမ်ရှို့က ခေါင်းညိတ်ပြီး ပြောလိုက်၏။
“ဘာမှ မစိုးရိမ်ပါနဲ့။ ငါက အဲဒီသော့တွေကို သိမ်းထားလိုက်မယ်။ ငါက ရက်နည်းနည်းကြာတိုင်း အိမ်တွေကို သန့်ရှင်းရေး လုပ်ပေးမယ်…”
ချန်းပင်အန်းက သက်ပြင်းချပြီး လီပေါင်ဖျင်ကို ပြောလိုက်သည်။
“သွားကြစို့…”
လီပေါင်ဖျင်က ဝမ်းသာအားရ ပြောလိုက်သည်။
“သွားကြမယ်လေ…”
လူငယ် တစ်ယောက်နှင့် ကလေးငယ်တစ်ယောက် …
ခြင်းတောင်းကြီးတစ်ခုနှင့် ခြင်းတောင်းလေးတစ်ခု …
လူတိုင်း၏ မျက်လုံးထဲတွင်တော့ သူတို့(၂)ယောက်က တဖြည်းဖြည်းအဝေးသို့ လျှောက်သွားခဲ့သည်။ သူတို့က တာ့ဆွေအင်ပါယာ ရှိနေသော တောင်ဘက်ပိုင်းသို့ လျှောက်သွားခဲ့၏။ ျ
လမ်းတလျှောက်တွင် ကလေးမလေးက မြို့ငယ်လေးထဲရှိ စိတ်ဝင်စားစရာကောင်းသောအရာများ အကြောင်းကို ပြောနေပြီး နောက်ဆုံးတွင်တော့ ခရီးသွားခြင်းနှင့် ပတ်သက်သောအရာများကို ပြောနေခဲ့၏။
သူမက အဘိုးအိုတစ်ယောက်ကဲ့သို့ ချန်းပင်အန်းကို ပြောလိုက်သည်။
“စာသင်သားတွေက လေ့လာဖို့အတွက် စာအုပ်တွေနဲ့အတူ ခရီးသွားကြတယ်။ အသက်ကြီးတဲ့ လူတွေကတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့အတွက် ဓားတစ်ချောင်းကို အသုံးပြုဖို့လိုအပ်တယ်။ အဲဒါကြောင့် စာသင်သားတွေက စုတ်တံတစ်ချောင်းနဲ့ ဓားတစ်ချောင်းရှိနေရင် အဆင်ပြေတယ်…”
ချန်းပင်အန်းက ပျော်ရွှင်နေသော အမူအရာနှင့် ပြောလိုက်၏။
“ဟုတ်တယ်။ အဲဒါက စာသင်သားတွေအတွက်ပဲ။ ငါကတော့ စာသင်သားမှ မဟုတ်တာ…”
ကလေးမလေးက မှင်တက်သွားခဲ့ပြီး ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ ကြည့်ရသည်မှာ အမှန်တရားကြောင့် အနည်းငယ် အားလျော့သွားပုံပေါ်၏။
……….
ချွေးချန်းက မြို့ငယ်လေး၏ အရက်ဆိုင်မှ အရက်ကောင်းကောင်းတစ်အိုး ဝယ်လာပြီး အာလန်လမ်းကြားထဲသို့ ဖြည်းညင်းစွာ လျှောက်လာသည်။ ယွမ်မိသားစု ဘိုးဘေးနေအိမ်သို့ ရောက်လာသည့်အချိန်တွင် ချွေးချန်းက ရပ်လိုက်ပြီး အဆုံးတွင်တော့ အပြုံးနှင့် တံခါးကို တွန်းဖွင့်လိုက်၏။
သူက အတွင်းထဲသို့ လျင်မြန်စွာ ဝင်သွားခဲ့ပြီး တံခါးကို ပြန်ပိတ်လိုက်သည်။ သူက ရေကန်၏ဘေးသို့ လျှောက်သွားပြီး ခန်းမကြီးအောက်တွင် ထိုင်နေသော လူငယ်ကို ကြည့်လိုက်၏။ သူ့ပုံစံက ပိုရိပ်ယောင်ကဲ့သို့ ဖြစ်နေပြီး အလင်းတန်းများကဲ့သို့ ဖြစ်နေခဲ့သည်။
ချွေးချန်းက ရေကန်ဘေးတွင် ရှိနေသော ထိုင်ခုံတွင် ထိုင်လိုက်သည်။ သူက အရက်အိုးကို ဖွင့်လိုက်ပြီး အနံ့ခံကြည့်လိုက်၏။ ထို့နောက် သူက ပြန်လှည့်လာပြီး အပြုံးနှင့်ပြောလိုက်သည်။
“တကယ်လို့ မင်းက လက်ကျန်စိတ်ဝိညာဉ်တစ်ခုပဲ ကျန်နေတယ်ဆိုရင်တောင် သူများအိမ်ထဲကို ခွင့်မတောင်းဘဲ ဝင်လာတာက လူကြီးလူကောင်းမဆန်ဘူးလေ။ ချီကျင့်ချွန်... ဆရာတူညီလေးချီ၊ ငါ ပြောတာ ဟုတ်တယ်မလား…”
ထိုလူက ပြန်လှည့်လာသည့်အချိန်တွင် သူ့မျက်နှာကို ဝိုးတဝါးသာ မြင်ရနိုင်သည်။ ထိုအရာကတော့ ကျောင်းဆရာ ချီကျင့်ချွန်ဖြစ်၏။ သူက ချောက်ကမ်းပါးကျောင်းတော်မှ တောင်ထိပ်သူတော်စင်ဖြစ်ပြီး ကိုယ်ပိုင်အစွမ်းနှင့် ကောင်းကင်သူတော်စင်များကို တိုက်ခိုက်ခဲ့သူလည်း ဖြစ်သည်။
ချီကျင့်ချွန်က အပြုံးနှင့် ပြောလိုက်၏။
“အဲဒီနေ့တုန်းက မင်းနဲ့ချွေးမင်ဟွမ်တို့က အပေါ်ယံမှာ ဝူယွမ်ကို ပြောပြနေသလို ဟန်ဆောင်နေကြပေမဲ့ မင်းတို့က ငါ့ကို ရည်ညွှန်းနေတာပဲ။ မင်းက ပင်ပန်းသွားပြီလား…”
ချွေးချန်းက ထိုင်ခုံကို ရွှေ့ပြီး ထိုင်ချလိုက်သည်။ သူက အပြုံးနှင့်ပြောလိုက်၏။
“ဟုတ်လား ဒါဆိုရင် မင်းက ဘာမြင်ခဲ့လဲ…”
ချီကျင့်ချွန်က ရေကန်၏ မြောက်ဘက်တွင် မတ်တပ်ရပ်နေပြီး တောင်ဘက်တွင် ထိုင်နေသော ချွေးချန်းကို လှည့်ကြည့်လိုက်သည်။ သူက ပြန်မေးလိုက်၏။
“မင်းက ဘာလို့ အဆင့်(၁၂)ကနေ အဆင့်(၁၀) ချီကျင့်ကြံသူအဖြစ် အဆင့်ကျသွားခဲ့ရတာလဲ…”
ချွေးချန်းက ထိုင်ခုံကို မှီလိုက်ပြီး အရက်အိုးကို လှုပ်ရှားနေခဲ့သည်။
“ဒါတွေ အားလုံးကတော့ ငါတို့ရဲ့ဆရာကြောင့်ပဲလေ။ သူက တစ်ခုခုစပြီး လုပ်တော့မယ်လို့ ဘယ်သူက သိမှာလဲ။ ဆရာ့ရဲ့ရုပ်ထု လဲကျသွားတဲ့အချိန်မှာ မင်းကတော့ သက်ရောက်မှုမရှိတဲ့အပြင် အဆင့်တောင် တက်သွားသေးတယ်။ တစ်ဖက်မှာတော့ ဆရာ့ကို အချိန်ကြာကြီး သစ္စာဖောက်ထားတဲ့ ငါကတော့ သူ့ကျောင်းနဲ့ စာပေမျိုးဆက်ရဲ့လွှမ်းမိုးမှုကို မဖယ်ရှားနိုင်ခဲ့ဘူး။ အဲဒီအရာက ငါ့ဘဝတလျှောက်လုံး မျှော်လင့်ချက်အမဲ့ဆုံး အရာတစ်ခုလို့ ခံစားမိခဲ့တယ်။ ငါက ဆရာ့ကို ဖိနှိပ်ဖို့၊ ကျော်လွန်ဖို့အတွက် ငါ့ရဲ့ဗဟုသုတတွေကိုသုံးဖို့ မျှော်လင့်ချက်မရှိတော့ဘူး။ ငါက ဆရာနဲ့အတူ နစ်မြုပ်မသွားချင်ဘူးလေ…”
“ပြဿနာကတော့ ဆရာ့ရဲ့ ရုပ်ထုပျက်စီးသွားမှုက အတော်လေးကို သက်ရောက်မှုကြီးတယ်။ အဲဒါက ရေကန်ထဲကို ကျောက်တုံးတစ်တုံး ပစ်ချလိုက်သလို မဟုတ်ဘူး။ ရေကန်ထဲကို တောင်ကြီးတစ်တောင် လဲကျသွားသလိုပဲ။ လှိုင်းလုံးတွေက အရမ်းကြီးတော့ မင်းလို ကမ်းစပ်ကို ရောက်နေတဲ့လူတွေကလွဲရင် အများစုက ရှောင်လွှဲနိုင်မှာ မဟုတ်ဘူး။ ဒါကြောင့် ငါက အကြံသေးသေးတစ်ခု တွေးမိခဲ့တယ်။ ဆရာတူညီလေးချီ မင်းက ဘယ်လိုထင်လဲ…”
ချီကျင့်ချွန်က အပြုံးနှင့် ပြောလိုက်၏။
“တခြားသူတွေရဲ့ကျောက်တုံးကိုသုံးပြီး ငါ့ရဲ့ခေါင်းမာမှုကို ဖျက်ဆီးမှာလား…”
ချွေးချန်း၏မျက်လုံးများက အေးစက်သွားခဲ့၏။ သူက အရက်အိုးကိုလှုပ်ရှားနေရာမှ ရပ်တန့်လိုက်သည်။
ချွေးချန်းက သက်ပြင်းချပြီး ပြောလိုက်၏။
“အကောင်းဆုံးရလဒ်ကတော့ မင်းရဲ့အသိပညာက ဆရာနဲ့ငါ့ထက် ကျော်လွန်သွားခဲ့တာပဲ။ ချီကျင့်ချွန်... မင်းက ကောင်းကင်ဘုံ၊ မြေပြင်၊ လူသားနဲ့ နတ်ဘုရားတွေရဲ့ အသိအမှတ်ပြုမှုကို ရခဲ့တယ်။ ဒါပေမဲ့ မင်းက အဲဒီအတိုင်း လက်မခံခဲ့တာတော့ နှမြောစရာပဲ။ ဒုတိယအချက်ကတော့ ဆရာ့ရဲ့စာပေမျိုးဆက်က ငါ့လက်ထဲမှာ အဆုံးသတ်ရလိမ့်မယ်လို့ မင်းက မျှော်လင့်နေတယ်။ ဒါကြောင့် မင်းက အဲဒါကို လက်လွှဲယူလိုက်တာပဲ။ တကယ်လို့ မင်းက ကွန်ဖြူးရှပ်ကျောင်းတော်ထဲမှာ ဆရာ့ရဲ့အဆင့်မျိုးကို မရောက်နိုင်ရင်တောင် တာ့လီတော်ဝင်နန်းဆရာ ဆိုတာထက်တော့ အဆပေါင်း(၁)သန်းလောက် ပိုကောင်းသေးတယ်…”
“နောက်ဆုံးတစ်ချက်ကတော့ မင်းရဲ့အရိပ်အဖြစ် လူတစ်ယောက်ကို အသုံးပြုနိုင်သေးတယ်။ ပြီးတော့ မင်းက တရားထိုင်ပြီး ဗုဒ္ဓကျင့်စဉ်တွေကို လေ့ကျင့်နိုင်တယ်။ တကယ်လို့ အဲဒီလူကသာ သူ့ရဲ့နှလုံးသားထဲမှာ အစစ်အမှန် ရှိနေနိုင်မယ်ဆိုရင် မင်းရဲ့နှလုံးသားထဲမှာ အတားအဆီးတစ်ခု ရှိနေလိမ့်မယ်။ အဆုံးမှာတော့ အဲဒီအရာက အဆင့်(၁၀)ကနေ အဆင့်(၁၁)ကို တက်လှမ်းနိုင်တဲ့ အခွင့်အရေးတစ်ခု ဖြစ်သွားနိုင်တယ်…”
ချီကျင့်ချွန်က ခေါင်းခါပြီး ပြောလိုက်သည်။
“ချွေးချန်း...
ဒီအပေးအယူမှာ မင်းကပဲ အနိုင်ရနိုင်မယ်လို့ သေချာပေါက် တွေးထားတာလား။ မင်းဆီမှာ အစီအစဉ်တစ်ခု ထပ်ပြီးတော့ ရှိနေတယ်ဆိုတာ ငါသိတယ်။ တကယ်လို့ ချန်းပင်အန်းရဲ့ စိတ်အခြေအနေက တည်ငြိမ်နေဦးမယ်ဆိုရင်တောင် မင်းဆီမှာ နောက်ထပ်အစီအစဉ်တစ်ခု ရှိနေသေးတယ်…”
“ဥပမာအနေနဲ့ ပြောရရင် မင်းက အဲဒီကလေးရဲ့ အားနည်းချက်ကို ကြီးမားလာအောင်လုပ်ပြီး ချန်းပင်အန်းရဲ့စိတ်ကို ဖျက်ဆီးချင်နေတာပဲ။ အဲဒါက မှန်တစ်ချပ်ကို ကျောက်တုံးနဲ့ ဖျက်ဆီးလိုက်သလိုပဲလေ။ မင်းက မှန်ကို ကြမ်းကြမ်းတမ်းတမ်း လုပ်လိုက်မယ်ဆိုရင် တဖြည်းဖြည်းနဲ့ ပျက်စီးသွားနိုင်တယ်။ ပြီးတော့ ချန်းပင်အန်းကသာ နောက်မျိုးဆက်အတွက် ငါ ရွေးချယ်ထားတဲ့ စာသင်သားတစ်ယောက် ဖြစ်လာပြီဆိုရင် မင်းက အောင်မြင်သွားလိမ့်မယ်။ မင်းက ဆရာရဲ့ကံကြမ္မာနဲ့ ချီကျင့်ချွန်ရဲ့ စာပေမျိုးဆက်ကို ယူသွားနိုင်လိမ့်မယ်။ နောက်ဆုံးရလဒ်ကတော့ တတိယနည်းလမ်းထက်တောင် ပိုပြီးတော့ ကောင်းသေးတယ်…”
ချွေးချန်း၏ မျက်နှာအမူအရာက ဖြူဖပ်ဖြူရော် ဖြစ်သွားခဲ့၏။ ချီကျင့်ချွန်က အပြုံးနှင့် ပြောလိုက်သည်။
“တကယ်လို့ မင်းကသာ အခုအချိန် လက်လွှတ်လိုက်မယ်ဆိုရင် မင်းက တတိယရလဒ်ကို ရနိုင်ဦးမယ်လို့ ငါ ကတိပေးနိုင်တယ်။ အဲဒါက အဆိုးဆုံးဆိုပေမဲ့ မင်းအတွက်တော့ ကောင်းတဲ့အရာတစ်ခုပဲလေ။ နှစ်ပေါင်းများစွာ လှည့်စားမှုတွေ လုပ်လာခဲ့တော့ နောက်ဆုံး မင်းလိုချင်တဲ့အရာကိုရသွားခဲ့တာပဲ…”
ချွေးချန်းက မတ်တပ်ရပ်လိုက်ပြီး ခနဲ့သလိုပြောလိုက်သည်။
“ချီကျင့်ချွန်…
မင်းက သေရတော့မဲ့ လူတစ်ယောက်ပဲ။ မင်းက လူတစ်ဝက် တစ္ဆေတစ်ဝက်ဖြစ်နေပြီ။ မင်းက ငါနဲ့ ညှိနှိုင်းဆွေးနွေးဖို့ အရည်အချင်းရှိမယ်လို့ ထင်နေတာလား…”
ချီကျင့်ချွန်၏မျက်နှာက ပုံမှန်အတိုင်း အေးစက်တည်ငြိမ်နေသည်။
“ငါက မင်းကို နောက်ဆုံးအခွင့်အရေးတစ်ခု ပေးမယ်…”
ချွေးချန်း၏ မျက်နှာပေါ်တွင် ကြောက်စရာကောင်းသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“မင်းက ငါ့ရဲ့စိတ်အခြေအနေကို ဖျက်ဆီးရဲတာလား…”
ချီကျင့်ချွန်က ဝမ်းနည်းသွားသော အမူအရာနှင့် တိုးတိုးလေး ပြောလိုက်၏။
“ဆရာတူအစ်ကိုချွေး…”
ချွေးချန်းက သူ့လက်ထဲတွင် ကိုင်ထားသော အရက်အိုးကို ရုတ်တရက် ပေါက်ခွဲလိုက်သည်။ သူက ရှေ့ကို တစ်လှမ်း လျှောက်သွားလိုက်၏။ သူက ရေကန်တစ်ခု ခြားထားသော ချီကျင့်ချွန်ကို လက်ညှိုးထိုးလိုက်ပြီး ရှုတည်တည်နှင့် ပြောလိုက်သည်။
"ငါ မင်းကိုမယုံဘူး ချီကျင့်ချွန်။ ချီကျင့်ချွန်ဆိုတဲ့ မင်းက ငါ့ကို တိုက်ခိုက်နိုင်မယ်လို့ ငါ မယုံဘူး…”
ချီကျင့်ချွန်က လက်တစ်ဖက်ကို နောက်ပစ်ထားပြီး တခြားလက်တစ်ဖက်နှင့် လက်ဖျောက်တီးလိုက်သည်။ ထိုအချိန်တွင် ချွေးချန်း၏ ပတ်ပတ်လည်၌ ရှိနေသော အရက်များက ရေကန်ထဲသို့ ရောက်ရှိသွားပြီး အလွန်လျှို့ဝှက်ဆန်းကြယ်သည့် ရေကန့်လန်ကာတစ်ခု ပေါ်လာခဲ့၏။
ထိုအရာက ချွေးချန်း၏လုပ်ရပ်ကဲ့သို့ ဖြစ်သည်။ သူတို့က အတိတ်တွင် ဂိုဏ်းတစ်ခုမှ ဆရာတူညီအစ်ကိုများ ဖြစ်ကြ၏။ လှုပ်ရှားမှုတိုင်းတွင် စာသင်သားတစ်ယောက်၏ သိမ်မွေ့ညင်သာမှုများ ပြည့်နှက်နေသည်။
ရေကန့်လန်ကာထဲတွင်တော့ နောက်ကျောတွင် ခြင်းတောင်းလွယ်ထားသော လူငယ်တစ်ယောက်နှင့် ကလေးမလေး တစ်ယောက် ရှိနေသည်။ အနီဝတ်ကလေးမလေးက ဘေးမှ လျှောက်နေခဲ့၏။ သူမက ခေါင်းမော့၍ လူငယ်ကို မေးခွန်းများ မေးနေခဲ့သည်။
မြက်ဖိနပ်နှင့်လူငယ်လေးက ပြုံးနေပြီး ကလေးမလေး၏ ထူးဆန်းသော မေးခွန်းများကို စိတ်ရှည်လက်ရှည် ဖြေပေးနေခဲ့၏။ အကယ်၍ ခက်ခဲသောမေးခွန်းတစ်ခုတွေ့ရလျှင် လူငယ်လေးက သူမသိကြောင်းသာ ပြောခဲ့သည်။ လူငယ်က ရှက်ရွံ့နေခဲ့ခြင်း မရှိချေ။ ကလေးမလေးကလည်း ပျင်းနေခဲ့ခြင်း မရှိချေ။
ချီကျင့်ချွန်က မေးလိုက်၏။
“ချွေးချန်း …
မင်းက အခုထိ နားမလည်နိုင်သေးဘူးလား…”
ချွေးချန်းက ထိုမြင်ကွင်းကို စိုက်ကြည့်နေခဲ့၏။ သူ၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေပြီး နှုတ်ခမ်းများက တုန်ယင်နေခဲ့သည်။ သူက တိုးတိုးလေး ရေရွတ်လိုက်၏။
“ဒါ.. ဒါ လုံးဝမဖြစ်နိုင်ဘူး…”
နောက်ဆုံးတွင်တော့ သူက ခေါင်းမော့လိုက်သည်။ မျက်ခုံးကြားထဲတွင် မှဲ့တစ်လုံး ရှိနေသော တော်ဝင်နန်းဆရာ၏ မျက်နှာအမူအရာက အလွန်ကြောက်စရာ ကောင်းလာခဲ့၏။
“ချီကျင့်ချွန် …
မင်းက အဲဒီကလေးမလေးကို မင်းရဲ့တိုက်ရိုက်တပည့်အဖြစ် တကယ်ရွေးချယ်ခဲ့တာလား…”
ချီကျင့်ချွန်က သူ မရင်းနှီးသော လူငယ်၏မျက်နှာကိုကြည့်ပြီး အပြုံးနှင့် ပြန်ပြောလိုက်သည်။
“ဘာလို့ မရမှာလဲ…”
ချွေးချန်းက သက်ပြင်းချလိုက်မိပြီး ရှုံ့မဲ့သွားခဲ့၏။
“ဒါပေမဲ့ ဒီကောင်လေးရဲ့ စိတ်နေစိတ်ထားက ပြောင်းလဲသွားမှာ မဟုတ်ဘူး။ တကယ်လို့ အဆိုးဆုံး အခြေအနေတွေ ရောက်လာမယ်ဆိုရင်တောင် ငါက အရံအစီအစဉ်တွေအားလုံးကို လက်လျော့လိုက်ပြီး သူ့အတွက် ခြေနင်းကျောက်တုံးတွေ ရှာဖွေဖို့ ကူညီပေးနိုင်တယ်။ ငါက ဆက်ပြီး အနိုင်ရဦးမှာပဲ။ ငါက ထင်ထားသလောက် အနိုင်မရတာပဲရှိတယ်။ မင်း ချီကျင့်ချွန်က ငါ့ကိုပြန်လှည့်စေချင်တယ်ဆိုတာ ငါက ချန်းပင်အန်းရဲ့လမ်းကြောင်းကို တားပြီး ထိခိုက်အောင်လုပ်မှာ စိုးရိမ်နေလို့လား…”
ချွေးချန်း၏ မျက်နှာက ရူးသွပ်နေသလို ထင်မှတ်ရပြီး သူ့ပုံစံက အလွန်ဂုဏ်ယူနေခဲ့သည်။
“ဟားဟား...ဟားဟား…
ငါက ရွှံ့ပုလင်းလမ်းကြားလေးထဲမှာရှိတဲ့ အဲဒီကောင်လေးနဲ့ အရာအားလုံးကို ဝေမျှလို့ရတယ်။ ချီကျင့်ချွန် … မင်းက ငါ့ကို ဘယ်လိုတိုက်ခိုက်မှာလဲ…”
ချီကျင့်ချွန်က တည်ငြိမ်စွာ ပြောလိုက်၏။
“မင်းက အဲဒီဆက်သွယ်မှုကို အခုပဲ ဖြတ်လိုက်ဖို့ ငါက အကြံပေးချင်တယ်။ အခုရပ်လိုက်မယ်ဆိုရင် အရမ်းနောက်မကျသေးဘူး။ အများဆုံး မင်းက အဆင့်(၁၀)ကနေ အဆင့်(၆)ထိ ကျသွားတဲ့အတွက် အလယ်ဘုံ(၅)ဆင့်မှာတော့ ဆက်ပြီး ရှိနေနိုင်သေးတယ်…”
ချွေးချန်းက မျက်နှာပျက်သွားခဲ့သည်။
“ချီကျင့်ချွန် …
မင်းက ဦးနှောက်ပျက်သွားတာလား…”
ချီကျင့်ချွန်က ချွေးချန်းကိုကြည့်ပြီး သက်ပြင်းချလိုက်မိသည်။ သူက လက်(၂)ချောင်း ထုတ်လိုက်ပြီး ညင်သာစွာ လှုပ်ရှားလိုက်၏။
မြက်ဖိနပ်လူငယ်လေးနှင့် အနီဝတ် ကလေးမလေးကတော့ မည်သည့်အရာကိုမျှသတိမထားမိခဲ့ချေ။ သို့သော် ချွေးချန်းက လူငယ်လေး၏ ခေါင်းပေါ်တွင် ရုတ်တရက် ပေါ်လာသော ကျောက်စိမ်းဆံထိုးလေးကိုကြည့်ပြီး မသက်မသာ ခံစားလိုက်ရ၏။ ချွေးချန်း၏မျက်နှာပေါ်တွင် ထိတ်လန့်ကြောက်ရွံ့မှုများ ပြည့်နှက်လာခဲ့သည်။
သူက တုန်ယင်နေသော လက်အစုံနှင့် ချီကျင့်ချွန်ကို လက်ညှိုးထိုးလိုက်၏။
“ချီကျင့်ချွန် မင်း... မင်း….”
နောက်ဆုံးစကားကိုပင် ဆက်၍မပြောနိုင်တော့ဘဲ တခဏအတွင်း တာအိုနှလုံးသားပျက်စီးလုဆဲဆဲ အခြေအနေ ဖြစ်သွားသော ချွေးချန်း၏ ကိုယ်တွင်းပေါက်(၇)ခုမှနေ၍ သွေးများ စီးကျလာခဲ့၏။ သူက ထိုင်ခုံပေါ်သို့ လဲကျသွားခဲ့ပြီး လက်နှစ်ဖက်နှင့် တံဆိပ်တစ်ခုကို လျင်မြန်စွာ ဖန်တီးလိုက်သည်။
သူက အက်ရှရှလေသံနှင့် ပြောလိုက်၏။
“ဝိညာဉ်ကို တည်ငြိမ်ပြီး စိတ်ဝိညာဉ်ကို အခြေချမယ်…”
ချီကျင့်ချွန်က ခြံဝန်းထဲကို လှမ်းကြည့်လိုက်သည်။ သူကတော့ အလွန်ဆိုးရွားသော အခြေအနေသို့ ရောက်သွားသည့် ချွေးချန်းကို လှည့်မကြည့်ခဲ့ပေ။ သူက ပြောလိုက်၏။
“မင်းက ဆုံးရှုံးသွားခဲ့တာကို သတိရနေဖို့ လိုမယ်။ တကယ်လို့ မင်းကသာ နှစ်ပေါင်း(၆၀)အတွင်း ငါ့ကို တိတ်တဆိတ် လှည့်စားရဲမယ်ဆိုရင် ငါက မင်းကို အဆင့်(၅) ချီကျင့်ကြံသူအဖြစ်ကနေ သာမန်လူအဖြစ် ရောက်အောင် လုပ်နိုင်တယ်။ ဒါပေမဲ့ မင်းရဲ့အကျင့်စရိုက်အရ ငါ့ကို သေချာပေါက်ယုံမှာ မဟုတ်ဘူး။ ဒါလည်း အဆင်ပြေပါတယ်။ ယုံတာ မယုံတာက မင်းကိစ္စပဲ…”
“ပထမဆုံးတစ်ကြိမ်မှာ မင်းက ငါ့အပေါ် ယုံကြည်မှုမပျက်ဖို့ ငါ မင်းကို ပြောခဲ့တယ်။ ဒါပေမဲ့ မင်းက ငါ့ကို မယုံကြည်တဲ့အတွက် အဆင့်ကျသွားခဲ့တယ်။ လီကျူးသုခဘုံကို မလာခင် ချောက်ကမ်းပါးကျောင်းတော်ကို ဘာမှမလုပ်ဖို့ ငါမင်းကို ပြောခဲ့တယ်။ မင်းက ငါ့ကို မယုံကြည်ခဲ့ဘူး။ ဒါကြောင့် ဒီတစ်ကြိမ်တော့ မင်းရဲ့သဘောအတိုင်းပဲ…”
ချီကျင့်ချွန်က ယွမ်မိသားစုဘိုးဘေးနေအိမ်ထဲမှ ထွက်ခွာသွားခဲ့ပြီး နောက်ဆုံးတစ်ကြိမ်အဖြစ် လူသားကမ္ဘာကြီးထဲကို လျှောက်သွားခဲ့သည်။ ပထမဆုံး သူက ကျောင်းတော်သို့ သွားခဲ့ပြီး ထို့နောက် ကျောက်တုံးတံတား၊ ထို့နောက် ဆရာတူညီလေးမာကျန်း၏ အုတ်ဂူသို့ သွားခဲ့သည်။ နောက်ဆုံးတွင်တော့ ချီကျင့်ချွန်က ကောင်းကင်ပေါ်သို့ တက်လှမ်းသွားခဲ့၏။ ထိုအရာက အဆုံးသတ်လည်းဖြစ်သည်။
ချီကျင့်ချွန်က မြေပြင်ပေါ်သို့ ပြန်ရောက်လာပြီးနောက် မြက်ဖိနပ်လူငယ်လေး၏ အနားတွင် တိတ်တဆိတ် လမ်းလျှောက်နေခဲ့၏။ သူက သူတို့နှင့်ဘေးချင်းယှဉ်၍ လျှောက်နေခဲ့ခြင်းဖြစ်သည်။ သူတို့က မသိခြင်းသာ ဖြစ်၏။
သူတို့က ခြေလှမ်း(၃)လှမ်း လျှောက်လိုက်သည့်အချိန်တွင် ဆရာချီ၏ပုံရိပ်က အနည်းငယ် ပျောက်ကွယ်သွားခဲ့သည်။ နောက်ဆုံးတွင်တော့ သူက ရပ်လိုက်ပြီး တောင်ဘက်သို့ ဦးတည်သွားနေသော ကလေး(၂)ယောက်၏ နောက်ကျောကို ကြည့်နေခဲ့၏။ ထိုစာသင်သားက စိုးရိမ်ပြီး နောင်တရနေသည်။ ထို့ပြင် သူက တွေဝေနေပြီး ကျေးဇူးတင်သည့်အပြင် ဂုဏ်ယူဝင့်ကြွားနေခဲ့၏။ သူက လက်ဝှေ့ယမ်းပြီး သူ့တို့ကို နှုတ်ဆက်လိုက်သည်။
“ဒါပါပဲလေ…”
“ဟမ် နင့်ခေါင်းပေါ်မှာ ဘယ်တုန်းက ကျောက်စိမ်းဆံထိုး ရောက်နေရတာလဲ…”
“ငါလည်းမသိဘူးလေ။ ဘယ်အချိန်တုန်းက ဒီလိုဖြစ်နေတာလဲ…”
“ချန်းပင်အန်း …
နင်က တော်တော်လေး ချမ်းသာတယ် မဟုတ်လား…”
“တကယ်ချမ်းသာတာ မဟုတ်ပါဘူး။ အနည်းဆုံးတော့ အခု မဟုတ်တော့ဘူး။ ငါက ရက်နည်းနည်းလောက်ပဲ ချမ်းသာခဲ့တာပါ…”
“ဒါဆိုရင် နင့်ရဲ့ခြင်းတောင်းထဲမှာရှိတဲ့ သစ်သားဓားကရော ဘာလဲ…”
“အဲဒါလည်း ငါ မသိဘူး…”
“ချန်းပင်အန်း …
နင် ဒီလိုဆက်လုပ်နေမယ်ဆိုရင် ငါ နင့်ကို ဒီနေ့ မကြိုက်တော့ဘူး…”
“ငါ တကယ်မသိဘူး…”
“ထားလိုက်တော့...ထားလိုက်တော့ ငါ နင့်ကို မနက်ဖြန်ကစပြီး မကြိုက်တော့ဘူး..”
လူငယ်လေးက တောင်တန်းများ၊ ရေပြင်များကို ဖြတ်ကျော်ပြီး ကလေးမလေးနှင့်အတူ အဝေးကို လျှောက်လှမ်းသွားခဲ့လေ၏။
Translated by Hein Htet.