အခန်း (၈၆)
Vol. 6 Ch. 86
အာလန်လမ်းကြားထဲတွင် ရှိနေသော ယွမ်ကလန်၏ ဘိုးဘေးနေအိမ်ထဲတွင် တကိုယ်လုံးသွေးများ စိုရွှဲနေသော ချွေးချန်းက ထိုင်ခုံပေါ်တွင် ထိုင်နေခဲ့၏။ သူ၏လက်နှစ်ဖက်ကိုတော့ ရတနာပုလင်းတံဆိပ်ထဲတွင် ပိတ်လှောင်ထားခဲ့ပြီး သူက သူ၏ခန္ဓာကိုယ် တစ်စစီ ပျက်စီးမသွားစေရန် ကာကွယ်နေရသည်။ သူက ထိုသို့လုပ်ဆောင်ခဲ့ခြင်း မရှိသည်မှာ သူ့ခန္ဓာကိုယ်က ရရှိရန် အလွန်ခက်ခဲခြင်းကြောင့် ဖြစ်၏။
သို့သော် ထိုခန္ဓာကိုယ်က သူ၏စိတ်ဝိညာဉ်ကို ပိတ်လှောင်ထားသော အကျဉ်းထောင်တစ်ခုကဲ့သို့ ဖြစ်နေခဲ့၏။ နောက်ပိုင်းတွင်တော့ ခရီးရှည်များ သွားသည့်အချိန်တွင် သူ၏စိတ်ဝိညာဉ်ကို ထုတ်လွှတ်နိုင်ခြင်း မရှိတော့ပေ။ သူက တာ့လီမြို့တော်သို့ ပြန်သွားသည့်အချိန်တွင်ပင် လုပ်နိုင်မည် မဟုတ်ချေ။
ထို့ပြင် အကယ်၍ ဤခန္ဓာကိုယ်သာ ပျက်စီးသွားမည်ဆိုလျှင် သူက စိတ်ဝိညာဉ်နှင့် အာရုံခံစွမ်းရည်များ ပျက်စီးသွားပြီး လုံးဝမပြည့်စုံသော လူတစ်ယောက် ဖြစ်သွားနိုင်သည်။ ထိုသို့ဆိုလျှင် သူက အလယ်ဘုံ(၅)ဆင့်၏ အောက်ခြေသို့ ထာဝရ လျော့ကျသွားရတော့မည်ဖြစ်၏။
အကယ်၍ ထိုသို့ဖြစ်လာမည်ဆိုလျှင် သူ့ခြေထောက်အောက်တွင် ကြောက်လန့်နေခဲ့ကြသူများ အားလုံးကပင် သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ပါလိမ့်မည်။ သူ့ခန္ဓာကိုယ်နှင့် စိတ်အခြေအနေက ကြီးမားသော ထိုးနှက်ချက်ကြီးများကို ခံစားခဲ့ရသော်လည်း ချွေးချန်းကတော့ သွေးတစ်ပွက် အန်လိုက်ပြီးနောက် သူ့ကိုယ်သူ အားတင်းထားနေသေးသည်။
သူက ထိုင်ခုံလက်ရန်းကို သေချာဆုပ်ကိုင်လိုက်ပြီး နောက်ကျောကို မှီလိုက်၏။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးက ထိန်းချုပ်၍ မရနိုင်စွာ တုန်ခါနေခဲ့သည်။ လက်ရှိအချိန်တွင် သူက အဆိုးရွားဆုံး အခြေအနေသို့ ရောက်နေကြောင်း သိသာနေခဲ့၏။ သူက ကျန်ရှိနေသည့် စွမ်းအားအနည်းငယ်ကို ဖက်တွယ်ထားရန်ပင် ပို၍ခက်ခဲလာခဲ့သည်။
သူက အစောပိုင်းတွင် ရွမ်ချုံ၏အသံ ထွက်ပေါ်လာခဲ့သောကောင်းကင်ကြီးပေါ်ကို မော့ကြည့်လိုက်၏။ သို့သော် သူကတော့ ရွမ်ချုံနှင့် တိတ်တဆိတ် ဆက်သွယ်နိုင်သော လျှို့ဝှက်စွမ်းရည်ကိုပင် အသုံးပြုရန် အင်အားမရှိတော့ပေ။
“လာခဲ့ဦး….”
ချွေးချန်းက ကျယ်လောင်စွာ အမိန့်ပေးလိုက်သည်။
ထိုအချိန်တွင် ပြစ်မျိုးမှဲ့မထင် ခန္ဓာကိုယ် ရှိနေသော ကောင်လေးတစ်ယောက်က ကြောက်လန့်တုန်လှုပ်နေသော အမူအရာနှင့် ဘေးဘက်အခန်းထဲမှနေ၍ ထွက်လာခဲ့၏။ သူက ထိုင်ခုံတွင် ထိုင်နေသော ချွေးချန်းရှိရာသို့ လျှောက်လာခဲ့သည်။
ချွေးချန်းက သူ့လက်အောက်တွင် ရှိနေသော သူလျှိုများအပေါ် ယုံကြည်ချက်ရှိသည်။ သို့သော် သူ ယုံကြည်ချက်ရှိနေသည်မှာ သူတို့၏သစ္စာရှိမှုကိုသာ ဖြစ်၏။ သူတို့၏ စွမ်းရည်များကိုတော့ ယုံကြည်ခဲ့ခြင်း မရှိချေ။ ထို့ကြောင့် သူက ထိုလူများအပေါ် မျှော်လင့်ထားရဲခြင်းမရှိဘဲ သူတို့က သူ့ကိုမြို့တော်သို့ လုံလုံခြုံခြုံ ခေါ်သွားနိုင်မည်ဟု မျှော်လင့်ထားခဲ့ခြင်း မရှိချေ။
လက်ရှိအချိန်တွင် စုန့်ချန်ကျင့်နှင့် ထိုအမျိုးသမီးတို့က မျိုးရိုး(၄)ခုနှင့် ကလန်(၁၀)ကြားထဲတွင် ကျားစေ့လေးတစ်စေ့ချန်ထားခဲ့ပြီး သူ့ကို ပစ်မှတ်ထားရန် အခွင့်ကောင်းတစ်ခုလည်း ရှိနေသေးသည်။ ထိုသို့ဆိုလျှင် သူက မြို့ထဲမှ ထွက်သွားရန် အခွင့်အရေးပင် မရှိနိုင်တော့ချေ။
ခေါင်းထဲတွင် ထိုအရာ ပေါ်လာခဲ့သည့်အတွက် ချွေးချန်းက ညွှန်ကြားလိုက်သည်။
“ပန်းပဲဖိုကိုသွားပြီး ဆရာရွမ်ကို လာခဲ့ဖို့ တောင်းဆိုလိုက်ပါ။ ငါ့မှာ သူ့ကို တောင်းဆိုစရာကိစ္စရှိပြီး သူနဲ့ အပေးအယူလုပ်စရာ ရှိတယ်။ အဲဒီအရာက ရှန်ရှို့တောင်ကို တောင်တန်းနတ်ဘုရား ချမှတ်ပေးတာနဲ့ သက်ဆိုင်တယ်လို့ သူ့ကို ပြောလိုက်ပါ။ တကယ်လို့ မင်းက သူ့ကိုရောက်လာအောင် မတိုက်တွန်းနိုင်ဘူး ဆိုရင်တော့ မင်းလည်း ပြန်လာစရာ မလိုတော့ဘူး။ ငါ့ရဲ့ချိတ်ပိတ်မှုသာ မရှိရင် ငါကိုယ်တိုင်ယာယီစုစည်းပြီး မင်းရဲ့ခန္ဓာကိုယ်ထဲ ထည့်ထားတဲ့ စိတ်ဝိညာဉ်ကလည်း ရက်အနည်းငယ်လေးအတွင်း ပျောက်ကွယ်သွားရမှာပဲ…”
ထိုကောင်လေး၏မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့ပြီး အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
ချွေးချန်းက ရှုံးနိမ့်သွားသော အမူအရာနှင့် ထိုင်ခုံတွင် ပြန်ထိုင်ပြီး ဆက်ပြောလိုက်၏။
“မင်းအပြင်ကို သွားတဲ့အချိန်ကျရင် ပုံမှန်အတိုင်းပဲ ရှိပါစေ။ မင်းက မိဘတွေ သေသွားသလိုပုံစံမျိုးနဲ့ လမ်းလျှောက်မသွားနဲ့။ မဟုတ်ရင် ငါ တစ်ခုခုဖြစ်နေပြီဆိုတာ အရူးတစ်ယောက်ကတောင် သိသွားနိုင်တယ်…”
ထိုကောင်လေးက ကြောက်လန့်တကြား တုံ့ပြန်လိုက်ပြီးနောက် လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။
ထိုအချိန်တွင် ချွေးချန်းက မျက်လုံးမှိတ်လိုက်၏။ သူ၏လက်ရှိအခြေအနေက အကြွင်းမဲ့ ဆုံးရှုံးသွားခြင်း မဟုတ်သေးပေ။ သူက သူ၏စိတ်ဝိညာဉ်ကို ဤခန္ဓာကိုယ်ထဲ၌ အတင်းအကြပ် ပိတ်လှောင်ထားရသည့်အပြင် ကိုယ်တိုင်ဖန်တီးထားသော အကျဉ်းထောင်ကိုလည်း ပြန်လည်ပြင်ဆင်နေရသည်။
ထိုအချိန်တွင် ရင်းနှီးသော ခြေသံ ထွက်ပေါ်လာသည့်အတွက် ချွေးချန်းက ချက်ချင်း မျက်လုံးဖွင့်ကြည့်လိုက်၏။ သူ၏ရုပ်သေးကို တာဝန်မကျေပွန်မှုအတွက် အပြစ်တင်တော့မည့် အချိန်တွင် ထိုကြွေထည်ကောင်လေး၏အနား၌ ဖိတ်ခေါ်မထားသော ဧည့်သည်တစ်ယောက်ကို မြင်လိုက်ရသည်။
သူက ချက်ချင်းပင် ကြိုဆိုသည့်အမူအရာနှင့် ညွှန်ကြားလိုက်၏။
“ဆရာကြီးယန်ကို ထိုင်စရာပေးပြီး ရေနွေးခွက် ယူခဲ့လိုက်….”
အဘိုးကြီးယန်က လက်တစ်ဖက်တွင် ဆေးတံကြီးကို သောက်နေပြီး လက်တစ်ဖက်ကို နောက်ပစ်ထားခဲ့သည်။ သူက အလွန်ဆိုးရွားပြီး ဖရိုဖရဲဖြစ်သော ချွေးချန်းကို စိုက်ကြည့်လိုက်၏။
ထို့နောက် ပတ်ပတ်လည်ကို စစ်ဆေးပြီး အပြုံးနှင့် ပြောလိုက်၏။
“ဒီနေရာမှာ မင်းကိုယ်တိုင် အတားအဆီးတွေ လုပ်ထားခဲ့တာ။ ဒါပေမဲ့ အိမ်ရှေ့တံခါးကနေ မင်းအိမ်ထဲကို ဝင်လာခဲ့တဲ့အချိန်မှာတောင် မင်းက သတိမထားမိဘူး။ မင်းက ပြဿနာတစ်ခုခုများ တက်နေတာလား။ ငါ အကူအညီပေးစရာ လိုသေးလား…”
“ဘာမှမလိုပါဘူး…”
ချွေးချန်းက တည်ငြိမ်သောအမူအရာနှင့် ခေါင်းခါပြလိုက်သည်။
အဘိုးကြီးယန်က ကောင်လေး ယူလာပေးသော ထိုင်ခုံတွင် ထိုင်လိုက်သည်။ သူက အရှေ့ဘက်တွင် ထိုင်နေပြီး ချွေချန်းက မြောက်ဘက်တွင် ထိုင်နေခဲ့၏။ ထို့နောက် သူက တောင်ဘက်တွင် ရှိနေသော ခန်းမဆိုင်းဘုတ်ကို တည့်တည့်စိုက်ကြည့်နေခဲ့သည်။
အဘိုးကြီးယန်က ရပ်နေသော ကောင်လေးကို ကြည့်ပြီး စဉ်းစားနေခဲ့၏။
“စိတ်ဝိညာဉ်ထိန်းချုပ်မှုနဲ့ ပတ်သက်လာရင် မင်းက တော်တော်လေး ပါရမီရှိတာပဲ…”
“အခု ကျွန်တော်တို့ ပြောတဲ့စကားတွေကို ရွမ်ချုံ ကြားနိုင်မှာလား…”
ချွေးချန်းက မေးလိုက်သည်။
“မင်းက ရွမ်ချုံရဲ့ အကျင့်စရိုက်ကို မသိဘူးလား။ သူက မင်းစကားကို ဘာလို့ ခိုးနားထောင်မှာလဲ။ တကယ်လို့ မင်းကသာ သူ့ကို အကြိမ်ကြိမ်ရန်မစခဲ့ဘူးဆိုရင် သူက မင်းကို နောက်တစ်ကြိမ် ထပ်ကြည့်မှာတောင် မဟုတ်ဘူး…”
အဘိုးကြီးယန်က ရယ်လိုက်၏။
“သတိထားတာက အသက်ရှင်ဖို့အတွက် သော့ချက်ပဲလေ…”
ချွေးချန်းက တည်ငြိမ်စွာ ပြောလိုက်၏။ ချွေးချန်းက ထိုစကားကို အဘိုးကြီးယန်ဆီသို့ ဒုတိယတစ်ကြိမ် ပြောလိုက်ခြင်းလည်းဖြစ်ပြီး ပထမတစ်ကြိမ်ကတော့ ကြွေထည်တောင်ပေါ်တွင်ဖြစ်သည်။
“အဲဒါကတော့ အမှန်ပါပဲ…”
အဘိုးကြီးယန်က အသိအမှတ်ပြုလိုက်ပြီး သူ၏ဆေးတံကြီးကို အားနှင့် ရှိုက်လိုက်သည်။
ချွေးချန်းက ခဏကြာ တိတ်တဆိတ် စောင့်နေပြီး မေးလိုက်၏။
“အခုဆက်ပြောလို့ အဆင်ပြေပြီလား…”
အဘိုးကြီးယန်က ခေါင်းညိတ်ပြလိုက်၏။
“ပြောလို့ရပါပြီ။ မင်းကြိုက်တဲ့ စကားပြောပါ…”
ချွေးချန်းက သူ၏နှုတ်ခမ်းထောင့်မှ စီးကျလာသော သွေးများကို လက်ခုံနှင့်သုတ်ပြီး မေးလိုက်၏။
“ကျွန်တော်က အသူရာကောင်းကင်သခင် ဒါမှမဟုတ် ပိုပြီးနာမည်ကြီးတဲ့ဂုဏ်ပုဒ်ကို သုံးသင့်လား”
“တော်လောက်ပြီ…”
အဘိုးကြီးယန်က ခံစားချက်ကင်းမဲ့သော အမူအရာနှင့် သူ့ကို စကားဖြတ်ပြောလိုက်၏။
ကံတရားကို အတင်းတွန်းပို့ခြင်းက မကောင်းကြောင်း ချွေချန်းလည်း သိနေသည်။ သူက ခဏကြာ တိတ်ဆိတ်သွားခဲ့ပြီးနောက် မှတ်ချက်ပေးလိုက်၏။
“အမှန်အတိုင်း ပြောရမယ်ဆိုရင် အဲဒီတိုက်ပွဲက ကျွန်တော့်ရဲ့ရင်ထဲမှာ ဒဏ္ဍာရီတစ်ခုလို ရှိနေသေးတယ်…”
ထို့နောက် သူက ဘာကြောင့်မှန်းမသိဘဲ အားရပါးရရယ်ပြီး ဆက်ပြောလိုက်၏။
“ကျွန်တော်က နတ်ဘုရားတွေကို မတွေ့ရတဲ့အတွက် နောင်တမရှိပါဘူး။ ကျွန်တော့်ရဲ့ တစ်ခုတည်းသော နောင်တကတော့ နတ်ဘုရားတွေက ကျုပ်ကို မသိတာပဲ။ ကျုပ်က ဆရာ့ရဲ့လက်အောက်မှာ ပညာသင်နေစဉ် နောက်ကွယ်မှာရှိတဲ့ လျှို့ဝှက်ချက်တွေကို သိခဲ့ရတဲ့အချိန်မှာ အဲဒါက ကျုပ်ရဲ့ ပထမဆုံးတုံ့ပြန်မှုပဲ။ အဲဒီအချိန်မှာ ကျုပ်ရဲ့မောက်မာမှုကြောင့် ကျုပ်ဆရာကတော့ အပြစ်တင်ခဲ့တယ်။ အခုပြန်စဉ်းစားကြည့်လိုက်မယ်ဆိုရင် သူ မှန်ပါတယ်။ ကျုပ်က မှားသွားတာ…”
အဘိုးကြီးယန်က လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။
“ငါက မင်းရဲ့ဆရာနဲ့ မင်းရဲ့ဆရာတူညီလေးအကြောင်းကို စိတ်မဝင်စားဘူး…”
“ဒီလိုဆိုရင် ကျုပ်ကိုလှောင်ပြောင်သရော်ဖို့အတွက် ဒီနေရာကို ရောက်လာခဲ့တာလား.”
ချွေးချန်းက ခနဲ့သလို အပြုံးနှင့် မေးလိုက်သည်။
“မဟုတ်ဘူး ငါ ကိစ္စတစ်ခုကို သိချင်ရုံလေးပဲ။ တာ့လီအင်ပါယာက စုန့်ချန်ကျင့်က ရည်မှန်းချက်ကြီးပြီး အရည်အချင်း ပြည့်မီတဲ့ သိုင်းပညာရှင်တစ်ယောက်ပဲ။ သူက အဆင့်(၁ဝ)ကို ရောက်နိုင်တဲ့ အရည်အသွေးမျိုးလည်း ရှိတယ်။ မင်းက ဘာလို့ သူ့လို လူတစ်ယောက်နဲ့ ရန်သူတွေ ဖြစ်နေရတာလဲ…”
အဘိုးကြီးယန်က မေးလိုက်သည်။
ချွေးချန်းက ခေါင်းခါပြီး တုံ့ပြန်လိုက်၏။
“ကျုပ်က စုန့်ချန်ကျင့်နဲ့ ကိုယ်ရေးကိုယ်တာ ပြဿနာ ဘာမှမရှိဘူး။ အဲဒီအစား တာ့လီအင်ပါယာထဲမှာ သူ့ကို မကျေမနပ်ဖြစ်နေပြီး အစွမ်းထက်တဲ့ မိန်းမတစ်ယောက် ရှိတယ်။ သူကပဲ ချန်းပင်အန်းရဲ့ အသက်ကြွေထည်ကို ဖျက်ဆီးဖို့အတွက် အကွက်ချခဲ့တာ။ သူက အဲဒီလိုလုပ်ခဲ့တဲ့အတွက် အဲဒီကောင်လေးရဲ့ အခွင့်အရေးတွေကို သူ့သားဆီ လွှဲပြောင်းပေးဖို့အတွက် ပိုပြီးလွယ်ကူနိုင်တယ်လေ။ ဒါပေမဲ့ ကျုပ်က အဲဒီအခွင့်အရေးကို အခွင့်ကောင်းယူပြီး ချီကျင့်ချွန်ကို ပစ်မှတ်ထားဖို့အတွက် ချန်းပင်အန်းကို အသုံးချခဲ့တယ်ဆိုတာတော့ မငြင်းပါဘူး။ ဒါက ကျုပ်ဘဝတလျှောက်လုံး လုပ်ခဲ့တဲ့ လှည့်ကွက်တွေထဲမှာ အကောင်းဆုံးတစ်ခုပဲ။ ချီကျင့်ချွန်ကတော့ ဒီကစားပွဲမှာ ကျုပ်ထက်ပိုပြီးတော့ တစ်ဆင့်မြင့်သွားခဲ့တယ်။ ဒါကြောင့် ကျုပ်က ရှုံးနိမ့်သွားခဲ့တာပဲ။ ဒါပေမဲ့ ဒါက မကောင်းတဲ့ လှည့်ကွက်တစ်ခုလို့တော့ ကျုပ်က မတွေးမိသေးဘူး..”
အဘိုးကြီးယန်က မီးခိုးငွေ့များကို မှုတ်ထုတ်လိုက်ပြီး အနည်းငယ် စဉ်းစားကြည့်နေခဲ့၏။
“အသက်ကြွေထည် ပျက်စီးသွားတဲ့အချိန်မှာ ချန်းပင်အန်းက နေရာပေါင်းစုံက လူတိုင်း စိတ်ဝင်စားနေတဲ့ မီးတောက်တစ်ခု ဖြစ်လာတယ်။ ဒါကြောင့် မီးတောက်ထဲကို တိုးဝင်ချင်နေတဲ့ ပိုးဖလံတွေလည်း သေချာပေါက် ရှိနေတာပဲ။ မင်းပြောတဲ့ အမျိုးသမီးရဲ့ခန့်မှန်းချက်တွေ မှန်နေတယ် ထင်တယ်…”
“ပထမတုန်းက အစစ်အမှန်နဂါးရဲ့ အဆီအနှစ်တွေ ရှိနေတဲ့ မိန်းကလေးက ချန်းပင်အန်းကို ပစ်မှတ်ထားခဲ့တာ။ ဒါပေမဲ့ နဂါးသံကြိုးရေတွင်းထဲကနေ လွတ်မြောက်လာပြီး ရွှံ့ပုလင်းလမ်းကြားထဲမှာရှိတဲ့ ချန်းပင်အန်းရဲ့အိမ်ကို သွားတဲ့အချိန်မှာ သူက စုန့်ကျိရှင်းရဲ့ အိမ်ထဲမှာ ရှိနေတဲ့ နဂါးချီစွမ်းအင်တွေကို ခံစားမိခဲ့တယ်။ သူ့အတွက်တော့ အဲဒါက ကောင်းကင်ဘုံအောက်မှာ ဆွဲဆောင်မှုအရှိဆုံး အရာတစ်ခုပဲလေ။ ဒါကြောင့် သူက စုန့်ကျိရှင်းရဲ့ခြံဝန်းတံခါးဆီကို သွားချင်ခဲ့တယ်။ အဆုံးမှာတော့ သူက စွမ်းအားကုန်သွားပြီး ချန်းပင်အန်းရဲ့အိမ်ရှေ့ နှင်းတောထဲမှာပဲ လဲကျသွားခဲ့တယ်။ အဲဒီနောက်မှာတော့ ချန်းပင်အန်းက သူ့ကို ကယ်ထားခဲ့တာပဲ…”
“သူက ချန်းပင်အန်းလို သာမန်လူတစ်ယောက်နဲ့ စာချုပ်မရှိချင်ဘူးလေ။ အဲဒီအရာက ကိုယ့်ကိုယ်ကိုယ် သေကြောင်းကြံလိုက်တာနဲ့ ဘာထူးမှာလဲ။ ဒါကြောင့် သူက စုန့်ကျိရှင်းရဲ့ အစေခံအသစ်လို့ ကိုယ့်ကိုယ်ကိုယ် ပြောလိုက်တယ်။ ချန်းပင်အန်းကလည်း လီကျူးသုခဘုံတစ်ခုလုံးမှာ အကြီးဆုံးအခွင့်အရေးကို အလွယ်တကူ လက်လွှဲပေးခဲ့တယ်။ စဉ်းစားကြည့်လိုက်မယ်ဆိုရင် အဲဒီအချိန်တုန်းက ချန်းပင်အန်းဆိုတာ ကံဆိုးမှုတွေ ပြည့်နှက်နေတဲ့ လူငယ်လေးတစ်ယောက်ပဲ။ သူ့ကို နေရာတိုင်းမှာ ကောင်းကင်တာအိုက နှောင့်ယှက်နေတာ။ ဒီတော့ ဘယ်လိုကံကောင်းမှုတွေကမှ သူ့အပေါ် ကျလာမှာ မဟုတ်ဘူး…”
ချွေးချန်းက အဘိုးကြီးယန်၏စကားလုံးများကို တိတ်တဆိတ်နားထောင်နေခဲ့သည်။ ထို့နောက် သူက ဝင်ပြောလိုက်၏။
“သူ့ညီ စုန့်ချန်ကျင့်က ထီးနန်းကို လုံးဝစိတ်မဝင်စားဘူးလို့ ဘုရင်ကြီးကတောင် လက်ခံထားတယ်။ တချိန်တုန်းကဆိုရင် ဘုရင်ကြီးက သူနဲ့အတူ စမ်းသပ်ရေး ကစားပွဲတစ်ခုကစားဖို့ ကျုပ်ကို တောင်းဆိုခဲ့တယ်။ အဲဒီအမျိုးသမီးကတော့ ဘုရင်ကြီးကို တားဆီးလိုက်တဲ့အတွက် ဒီကစားပွဲက မြန်မြန်ဆန်ဆန် အဆုံးသတ်မသွားခဲ့ဘူး။ ရုတ်တရက်ဆိုသလိုပဲ စုန့်ချန်ကျင့်က မြို့တော်ကို သူ့ရဲ့တပ်ဖွဲ့နဲ့အတူ ပြန်လာပြီး ထီးနန်းကို တောင်းနိုင်လားဆိုတဲ့မေးခွန်းတစ်ခု ဘုရင်ကြီးက ကျုပ်ကိုမေးခဲ့တယ်။ ကျုပ်ကလည်း သူ့ကို အရိုးသားဆုံးပြန်ပြီး ဖြေခဲ့ပါတယ်။ စုန့်ချန်ကျင့်က အဲဒီလိုအရာမျိုးကို လုံးဝလုပ်မှာ မဟုတ်ဘူး။ တကယ်လို့ စုန့်ချန်ကျင့်ရဲ့ လက်အောက်ငယ်သားတွေက အဲဒီလို စိတ်ကူးနေတဲ့ နေ့တစ်နေ့ ရှိလာမယ်ဆိုရင်တောင် စုန့်ချန်ကျင့် ထီးနန်းသိမ်းပိုက်ဖို့ သူတို့က ကူညီဆုံးဖြတ်ပေးနိုင်မှာလား။ ပြောရမယ်ဆိုရင်တော့ သူက အဆင့်(၁၀) ဒါမှမဟုတ် ဒဏ္ဍာရီထဲက အဆင့်(၁၁)ကိုတောင် ရောက်သွားနိုင်တယ်။ ဒါဆိုရင် ဘဝကြီးကလည်း သူ့အတွက် တော်တော်လေးကို ပျင်းစရာကောင်းလာပြီ။ သူ့ရဲ့လက်အောက်ငယ်သားတွေက ထီးနန်းကို သိမ်းပိုက်ဖို့ တိုက်တွန်းမယ်ဆိုရင် တစ်နေ့နေ့မှာ သူက လောဘကြီးပြီး မသိမ်းပိုက်ဘူးလို့ ဘယ်သူက ပြောနိုင်မှာလဲ…”
“ကျုပ်ရဲ့တုံ့ပြန်မှုကို ကြားတဲ့အချိန်မှာ ဘုရင်ကြီးက အားရပါးရ ရယ်နေတာပဲ။ အဲဒီနောက်မှာတော့ သူက ဘေးမှာရှိတဲ့ အမျိုးသမီးရဲ့ထင်မြင်ချက်ကို လှမ်းမေးခဲ့တယ်။ ဘုရင်ကြီးဆီမှာ လုံလောက်တဲ့ ရည်မှန်းချက်မျိုးမရှိဘူးလို့ သူက မှတ်ချက်ပေးခဲ့တယ်။ ပြီးတော့ သူက အရှေ့ပိုင်းကုန်းမြေကြီးရဲ့တစ်ဝက်လောက်နဲ့တင် ကျေနပ်နေပြီ…”
“ဒါပေမဲ့ စုန့်ချန်ကျင့်ကတော့ မတူဘူး။ သူက ကျင့်ကြံမှုလမ်းကြောင်းကို လျှောက်လှမ်းလာလေလေ သူရဲ့ရည်မှန်းချက်တွေက ပိုပြီးတော့ မြင့်မားလာလေလေပဲ။ သူပြောချင်တဲ့စကားကို ကြားတဲ့အချိန်မှာ ဘုရင်ကြီးက ကျုပ်တို့ပြောတဲ့စကားတွေကို ချက်ချင်း သိမ်းထားဖို့ စနောက်ပြီး ပြောခဲ့တယ်။ တကယ်လို့ တစ်နေ့နေ့မှာ သံသယဝင်စရာ နေ့ရက်မျိုး ရှိလာမယ်ဆိုရင်တောင် သူက ကျုပ်တို့ကိုလွှတ်ပေးမှာပဲ…”
“စုန့်ချန်ကျင့်က အရင်ဘဝမှာ တော်တော်ဆိုးရွားတဲ့ကိစ္စတွေကို လုပ်ခဲ့တာပဲဖြစ်ရမယ်။ ဒါကြောင့် သူက စိတ်ဓာတ်ကျစရာ ပြိုင်ဘက်မျိုးတွေနဲ့ ရင်ဆိုင်နေရတာ။ သူတို့တွေထဲက တစ်ယောက်ကတော့ ဘုရင်ကြီးရဲ့အနားမှာ သူ့ရဲ့မကောင်းကြောင်းကို ဆက်တိုက်ပြောနေတယ်။ တခြားတစ်ယောက်ကတော့ ဘုရင်ကြီးရဲ့လူယုံတစ်ယောက် ဖြစ်နေတယ်…”
အဘိုးကြီးယန်က ရယ်ပြီး ပြောလိုက်သည်။
“ခင်ဗျားက ဒီနေ့ ဒီကိုဘာလာလုပ်တာလဲ… ”
ချွေးချန်းက တည့်တည့်သာ မေးလိုက်သည်။
အဘိုးကြီးယန်က လုံးဝမသက်ဆိုင်သော အကြောင်းအရာတစ်ခုကို တုံ့ပြန်ပြောလိုက်၏။
“ကံကြမ္မာက လူတစ်ယောက်ရဲ့ ဘဝလမ်းကြောင်းကို ပြောင်းလဲသွားစေနိုင်တယ်လို့ ငါတို့က ယုံကြည်တယ်။ ဒါပေမဲ့ မင်းတို့ကတော့ အဲဒီလိုယုံကြည်မှုမျိုး မရှိကြဘူး…”
ချွေးချန်းက ထိုအချက်ကို လုံးဝဆန့်ကျင်နေခြင်း မရှိချေ။ သူက လက်ရှိအခြေအနေတွင် မည်မျှအားနည်းနေစေကာမူ ထိတ်လန့်ကြောက်ရွံ့မှုများ မရှိချေ။
“ကျုပ်က လက်ရှိမျိုးဆက်တွေအပေါ် ဘာမှအထင်မကြီးဘူး။ ဒါပေမဲ့ ခင်ဗျားနဲ့ တခြားလူတွေအပေါ်တော့ ပိုပြီးတော့တောင် ထင်မြင်ချက် နည်းသေးတယ်…”
အဘိုးကြီးယန်က ချွေးချန်းကို စိုက်ကြည့်ပြီး ပြောလိုက်၏။
“ချီကျင့်ချွန်က ချန်းပင်အန်းကို သူ့အတွက် ဘာလုပ်ပေးဖို့ ရွေးချယ်ခဲ့တာလဲဆိုတာ ပြောပြပါ…”
“ခင်ဗျားက ဘာလို့ခန့်မှန်းမကြည့်ရတာလဲ…”
ချွေးချန်းက အပြုံးနှင့် မေးလိုက်သည်။ သူက ထိုမေးခွန်း၏အဖြေကို ထုတ်ဖော်ပြလိုခြင်း မရှိချေ။ သူကတော့ တာအိုနှလုံးသား မည်မျှပျက်စီးသွားစေကာမူ ထိုမေးခွန်း၏အဖြေကို ထုတ်ဖော်ပြလိုခြင်း မရှိကြောင်း သိသာနေခဲ့၏။
“ငါက မသတ်ဘူးလို့ ထင်နေတာလား…”
အဘိုးကြီးယန်က မေးလိုက်သည်။
ချွေးချန်းက ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်၏။
“ခင်ဗျား မသတ်ရဲပါဘူး။ မွေးကတည်းက ပျိုးထောင်လာတဲ့ ခွေးတစ်ကောင်က သူ့ရဲ့အကျိုးအမြတ်အတွက် ကျုပ်ကို သတ်ချင်နေတယ်ဆိုရင်တောင် ခင်ဗျားကတော့ ကျုပ်ကို မသတ်ရဲတဲ့လူတွေထဲက တစ်ယောက်ပဲ…”
အဘိုးကြီးယန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက တိုးတိုးလေး ရယ်လိုက်မိ၏။
“မင်းက ဒီလောက်ဉာဏ်ကောင်းရဲ့သားနဲ့ ဘာလို့ ချီကျင့်ချွန်ကို ရှုံးနိမ့်သွားရတာလဲ…”
ချွေးချန်းက ထိုင်ခုံ နောက်ကျောကို မှီလိုက်ပြီး စိတ်ပျက်အားလျော့နေသော အသံနှင့် ပြောလိုက်၏။
“အဲဒီမေးခွန်းကို ပြန်ဖြေဖို့ဆိုရင် ကျုပ်က ချီကျင့်ချွန်ဆီက စကားတစ်ခွန်းကိုငှားပြီး ပြောရလိမ့်မယ်။ သန့်စင်တဲ့ နှလုံးသားရှိသူတွေက ဒီကမ္ဘာကြီးထဲမှာ ခန့်မှန်းရ အခက်ဆုံး လူသားတွေပဲ..”
အဘိုးကြီးယန်က ခေါင်းခါပြီး သက်ပြင်းချလိုက်မိသည်။
“မင်းက နားလည်သွားပြီလား။ ဒါက ကံကြမ္မာကို မယုံကြည်တဲ့အတွက် မင်းရတဲ့အရာတွေပဲ။ အဲဒါက ထိတွေ့လို့ မရသလို ဖမ်းဆုပ်လို့လည်း မရနိုင်ဘူး…”
ချွေးချန်းက အားရပါးရ ရယ်လိုက်သည်။
“ခင်ဗျားက ခင်ဗျားရဲ့လမ်းကြောင်းအတိုင်း လျှောက်လှမ်းဖို့ ကျုပ်ကို တိုက်တွန်းချင်နေတာလား…”
“မင်းက အထွဋ်အထိပ်ကို ပြန်မရောက်ချင်ဘူးလား…”
အဘိုးကြီးက တုံ့ပြန်ပြောဆိုလိုက်သည်။
“ပြီးတော့ လက်ရှိ မင်းလျှောက်လှမ်းနေတဲ့ လမ်းကြောင်းက ငါတို့နဲ့မတူတာမှ မဟုတ်တာ…”
ချွေးချန်းက ထိုစကားကို သေချာစဉ်းစားနေပြီး မျက်ရည်ထွက်မတတ် ရယ်လိုက်မိသည်။
သူက အဘိုးကြီးယန်ကို လက်ညှိုးထိုးပြီး ပြောလိုက်၏။
“ကျုပ်က ကျုပ် ဆရာနဲ့ ချီကျင့်ချွန်ကို ယှဉ်နိုင်ချင်မှ ယှဉ်နိုင်လိမ့်မယ်။ ဒါပေမဲ့ ခင်ဗျားကတော့ ကျုပ်ကို အထင်သေးနေတဲ့ အဲဒီခွေးအိုကြီးတွေရဲ့ အစေအပါး တစ်ယောက် ဖြစ်စေချင်နေတယ်။ ပြီးတော့ ကျုပ်က မဖျက်ဆီးနိုင်တဲ့ ခန္ဓာကိုယ်တစ်ခု ရဖို့အတွက်နဲ့ သူတို့ရဲ့အနားမှာ သူတို့ရဲ့စိတ်ကြိုက်တာဝန်ထမ်းဆောင်ရမှာလား။ ကျုပ်က အရူးတစ်ယောက်လား၊ ဒါမှမဟုတ် ခင်ဗျားက ရူးနေတာလား…”
“ငါက မင်းကို အဲဒီလို မဆိုလိုပါဘူး။ ဒါပေမဲ့ မင်းက တော်တော်လေးကို အခြေအနေဆိုးနေပြီ မဟုတ်လား။ မင်းကလည်း ငါ့လို တူညီတဲ့အခြေအနေကို ရောက်နေပြီပဲ။ မင်း အချိန်အကြာကြီး ကြိုးစားခဲ့တဲ့ အစီအစဉ်တစ်ခုကလည်း ကြိုမမြင်နိုင်တဲ့ ပြဿနာတွေကြောင့် ပျက်စီးသွားခဲ့ပြီ မဟုတ်လား။ အနားမှာ ငါရှိနေမှတော့ ဘယ်သူက စိတ်ကြိုက်အမိန့်ပေးနိုင်မယ်လို့ မင်းက ထင်နေတာလဲ…”
အဘိုးကြီးယန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ချွေးချန်းက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်မိပြီး တိတ်ဆိတ်သွားခဲ့၏။ ထိုအချိန်တွင် အဘိုးကြီးယန်က တင်ပျဉ်ခွေထိုင်လိုက်ပြီး ကောင်းကင်ပေါ်ကို မော့ကြည့်လိုက်၏။ အပေါ်ဘက် ကောင်းကင်ကြီးထဲတွင် နတ်ဘုရားများရှိသည်ဟု ပြောတတ်ကြသော်လည်း အမှန်အတိုင်း ပြောရလျှင်တော့ ထိုသို့မဟုတ်ချေ။
ချွေးချန်းက သက်ပြင်းချလိုက်ပြီး ပြောလိုက်၏။
“ကျုပ်က ခင်ဗျားကို အကြံတစ်ခုပေးချင်တယ်။ တကယ်လို့ ခင်ဗျားက ချန်းပင်အန်းကို တစ်ခုခုလုပ်ထားတယ်ဆိုရင်တော့ ခင်ဗျားရဲ့အစီအစဉ်တွေကို ချက်ချင်း လက်လျော့လိုက်ဖို့ အကြံပေးချင်တယ်…”
အဘိုးကြီးယန်က ခေါင်းခါပြီး ပြောလိုက်၏။
“ငါ သူ့ကို ဘာမှလုပ်မထားဘူး…”
ချွေးချန်းက အပြုံးနှင့် ဆက်ပြောလိုက်သည်။
“ချီကျင့်ချွန်က သူ မသေခင် အရာအားလုံးကို ရှင်းပစ်ခဲ့တယ်လို့ ယူဆမိတယ်။ ပြီးတော့ ခင်ဗျားရော ကျုပ်ရော ဘာမှလုပ်လို့မရနိုင်ဘူး။ ကြည့်ရတာတော့ ချန်းပင်အန်းက မြို့တော်မှာရှိတဲ့ မိန်းမကလွဲရင် တခြားဘယ်လိုပညာရှင်မျိုးကိုမှ စိုးရိမ်စရာ မလိုတော့ဘူး။ ကျုပ်တို့ကလည်း တစ်လမ်းတည်း လျှောက်လှမ်းဖို့ မဖြစ်နိုင်ဘူးဆိုတာ ကျုပ် သိနေတယ်…”
“ငါတို့က လမ်းတစ်ခုတည်း လျှောက်လှမ်းဖို့ မဖြစ်နိုင်ဘူးဆိုတာ ငါ သိတယ်။ ဒါပေမဲ့ အဆင်ပြေပါတယ်။ ငါတို့က မျှမျှတတ အပေးအယူလုပ်လို့ ရသေးတာပေါ့…
အဘိုးကြီးယန်က ရုတ်တရက် ပြောလိုက်သည်။
ချွေးချန်းကတော့ အဘိုးကြီးယန်ပြောသည့်စကားများကိုပင် စောင့်မနေတော့ဘဲ ချက်ချင်းတုံ့ပြန်လိုက်၏။
“ကောင်းပြီလေ ကျုပ် လက်ခံတယ်…”
……………
မီတာ(၂၀၀၀)ကျော် လမ်းလျှောက်ပြီးသည့်အချိန်တိုင်း ချန်းပင်အန်းက လီပေါင်ဖျင်ကို အနားယူခိုင်းနေရသည်။ သူတို့က နောက်ထပ် မီတာ(၂၀၀၀)ခန့် လျှောက်လာပြီး ဒုတိယတစ်ကြိမ် နားခဲ့၏။ တတိယတစ်ကြိမ်ကတော့ မီတာ(၁၅၀၀)ခန့် လျှောက်လာပြီးနောက် နားခဲ့ရပြန်သည်။
သူတို့(၂)ယောက်က စမ်းချောင်းအစပ်တွင် ရှိနေသော ချောမွေ့သည့် ကျောက်တုံးများပေါ်တွင် ထိုင်နေခဲ့ကြ၏။ သူတို့က တောင်ဘက်ကို ခရီးသွားလာရန်အတွက် ပို၍ရှည်လျားသော လမ်းကြောင်းကို ယာယီရွေးချယ်ပြီး စမ်းချောင်းများအတိုင်း သွားလာနေကြရသည်။
မဟုတ်လျှင် တောင်တန်းများက သွားလာရန် အလွန်ခက်ခဲသည့်အတွက် လီပေါင်ဖျင်က အမီလိုက်နိုင်တော့မည် မဟုတ်ချေ။ သက်တူရွယ်တူ တခြားကလေးများနှင့် ယှဉ်လိုက်မည်ဆိုလျှင် သူမက သက်လုံကောင်းနေသော်လည်း သူမက အသက်(၈)နှစ်၊ (၉)နှစ်အရွယ်သာ ရှိနေသေး၏။ ထို့ကြောင့် သူမက အရွယ်ရောက်ပြီးသူ တစ်ယောက်ကို နှိုင်းယှဉ်ရန် လုံးဝမဖြစ်နိုင်သေးပေ။
အကယ်၍ သူသာ တစ်ယောက်တည်း ခရီးသွားမည်ဆိုလျှင် ထိုထက်မက မြန်နိုင်ကြောင်း ချန်းပင်အန်းက သိနေခဲ့၏။
လီပေါင်ဖျင်က စမ်းချောင်းဘေးတွင် ထိုင်နေပြီး တကိုယ်လုံးချွေးများ ထွက်နေခဲ့သည်။ ချန်းပင်အန်းက သူ၏မြက်ဖိနပ်ကို ရုတ်တရက် ချွတ်လိုက်ပြီး ဘောင်းဘီကို အပေါ်သို့ လိပ်တင်၍ ရေထဲတွင် လျှောက်သွားခဲ့သည်ကို ရုတ်တရက် သတိထားမိခဲ့သည်။ စမ်းချောင်းက ဤနေရာတွင် အတော်လေး ကျယ်ပြန့်သည့်အတွက် ရေက ပို၍တိမ်နေပြီး ဒူးလောက် အခြေအနေထိသာ ရောက်နေခဲ့၏။
ပတ်ပတ်လည်တွင်လည်း လူတစ်ယောက်၏ လက်တစ်ဖက်စာ အရွယ်အစားခန့် ရှိနေသော ငါးငယ်လေးများစွာ ရှိနေသည်။ ထိုနေရာတွင် ရေများက အနည်းငယ် သိမ်မွေ့စွာ စီးဆင်းနေခဲ့၏။
လီပေါင်ဖျင်က စမ်းချောင်းထဲတွင် ပထမဆုံးအကြိမ် သွားလာခဲ့သည့် အချိန်ကတည်းကစပြီး တနေ့နေ့တွင် ငါးဖမ်းနိုင်ရမည်ဟု သူမက အိပ်မက်မက်ထားခဲ့သည်။ သို့သော် ထိုငါးများက ပုဇွန်နှင့် ဂဏန်းများထက် ပို၍ကောက်ကျစ်သည့်အတွက် သူမက ဖမ်းဆီးရန် ပို၍ခက်ခဲနေခဲ့၏။
ယခင်တုန်းကတော့ သူမက တခြားသူများဆီမှ သင်ယူပြီး ဝါးပင်တစ်ပင်ကိုဖြတ်၍ ငါးမျှားတံတစ်ခု တိတ်တဆိတ် လုပ်ဆောင်ခဲ့သည်။ သို့သော် ဘာကြောင့်မှန်း မသိသော်လည်း သူမက ငါးမျှားကြိုး၊ ငါးမျှားတံနှင့် တီကောင်ကို အစာအဖြစ် အသုံးပြုနေသော်လည်း စမ်းချောင်းထဲမှ ငါးဖမ်းမိခဲ့ခြင်း လုံးဝမရှိခဲ့ချေ။ သူမက စမ်းချောင်းအစပ်တွင်ရှိသော သစ်ပင်အရိပ်အောက်တွင် ပုန်းနေပြီး တနေ့ခင်းလုံး ငါးမျှားနေသော်လည်း လုံးဝကို မမိခဲ့ချေ။
ဤအချိန်အတောအတွင်း တခြားသူများကတော့ ငါးများကို အတွဲလိုက်သီထားပြီး ခြင်းတောင်းထဲတွင်လည်း ငါးများ ပြည့်နေကြသည်။ သူတို့က သူတို့၏ လုပ်ဆောင်ချက်များကို ပြသရန်အတွက် ဝမ်းမြောက်ဝမ်းသာ ပြန်သွားနိုင်ကြသော်လည်း လီပေါင်ဖျင်ကတော့ လုံးဝကံမကောင်းခဲ့ပေ။
တစ်ဖက်တွင်တော့ ချန်းပင်အန်းက အရာအားလုံးကို လုပ်ဆောင်နိုင်သလို ထင်မှတ်ရသည်။ သူက တောင်တန်းများ၊ စမ်းချောင်းများပေါ်တွင် ဖြတ်သန်းသွားလာခြင်း၊ မီးသွေးဖုတ်ခြင်း၊ ဆေးပင်ခူးခြင်းနှင့် ငါးနှင့်မြွေများ ဖမ်းဆီးခြင်း စသည့် သူ မလုပ်နိုင်သည့်အရာ တစ်ခုမျှမရှိခဲ့ချေ။ ထို့ကြောင့် သူမက သူ့အပေါ် အတော်လေးစားနေခဲ့၏။ သို့သော် သူမက ထိုလျှို့ဝှက်ချက်ကို ရှစ်ချွန်ကျားဆီကိုသာ ပြောပြခဲ့ဖူးသည်။
ယခုတစ်ကြိမ်တွင်တော့ ချန်းပင်အန်းက ကမ်းစပ်တွင် နေရာတစ်ခုကို ရွေးချယ်လိုက်သည်။ ထိုနေရာတွင် ငါးများ ပုန်းအောင်းနေတတ်သော ဧရာမကျောက်တုံးကြီးတစ်တုံး ရှိနေ၏။ ထို့နောက် သူက စမ်းချောင်း၏ အမြင့်ပိုင်းတွင် တာရိုးတစ်ခု တည်ဆောက်လိုက်သည်။
ထိုတာရိုးက လီပေါင်ဖျင်၏အရပ်နီးပါးခန့် ရှိ၏။ ထိုတာရိုးကို မတူညီသော အရွယ်အစား ရှိနေသော ကျောက်တုံးများမှ တည်ဆောက်ထားခြင်းဖြစ်ပြီး ထိုအကာအပေါက်များထဲမှနေ၍ အောက်ဘက်သို့ ရေများဆက်၍ စီးကျနေသေး၏။ သို့သော် ချန်းပင်အန်းက ထိုအပေါက်ကို ကျောက်တုံးငယ်လေးများ၊ သဲများနှင့် အလျင်စလို ပိတ်လိုက်ခြင်း မရှိချေ။ ထို့နောက် သူက နောက်ထပ်တာရိုးနှစ်ခု တည်ဆောက်လိုက်သည်။ နောက်ဆုံးတော့ အလွန်သေးငယ်သော ရေလှောင်ကန်တစ်ခုကဲ့သို့ ဖြစ်သွား၏။
လီပေါင်ဖျင်ကလည်း ချန်းပင်အန်း၏အနားတွင် ရှိနေသော စမ်းချောင်းအစပ်သို့ လျှောက်လာခဲ့သည်။ ထို့နောက် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ချန်းပင်အန်း၏ လုပ်ရပ်များကို သေချာစိုက်ကြည့်နေခဲ့၏။ သူ၏လှုပ်ရှားမှုများက လျှပ်စီးကြောင်းသဖွယ် လျင်မြန်လွန်းလှပြီး အလွန်အနုပညာဆန်သော ခံစားချက်မျိုး ပေးနိုင်သည်။
ဆည်ကို တည်ဆောက်နေသည့်အချိန်တွင် ချန်းပင်အန်း၏ အမူအရာက အလွန်အမင်းကို တည်ငြိမ်ပြီး အာရုံစိုက်ထားကြောင်း သူမက သတိထားမိခဲ့၏။ သူက ထိုတာဝန်ကိုသာ သေချာအာရုံစိုက်နေပြီး တခြားသို့ အာရုံလွှင့်သွားခြင်းမျိုး လုံးဝမရှိခဲ့ချေ။ ထိုအရာက ဆရာချီ စာရေးနေသည့်အချိန်တွင်သာ မြင်ခဲ့ဖူးသော အာရုံစိုက်မှုပုံစံမျိုးလည်းဖြစ်သည်။ ဘာကြောင့်မှန်းမသိသော်လည်း ထိုမြင်ကွင်းက သူမအတွက်တော့ အလွန်ရင်းနှီးနေခဲ့၏။
အပေါ်ဘက်တွင် ရှိနေသော ရေကာတာကို လုံးဝပိတ်လိုက်ပြီးနောက် ချန်းပင်အန်းက ဘေးဘက်တွင် ရှိနေသော ရေကာတာကိုလည်း တူညီစွာ ပိတ်လိုက်သည်။ ထိုအချိန်တွင် အောက်ဘက်၌ ရှိနေသော ရေကာတာကတော့ ငါးများအဝေးကို ထွက်မပြေးစေရန် တားဆီးထားခြင်းဖြစ်သည်။ ထို့ကြောင့် ထိုနေရာတွင် တခြားရေကာတာနှစ်ခုကဲ့သို့ ရေများပြည့်နေခဲ့ခြင်း မရှိချေ။
ထိုရေကန်လေးထဲတွင် ရှိနေသော ရေမျက်နှာပြင်က တဖြည်းဖြည်း လျော့ကျလာနေခဲ့၏။ လီပေါင်ဖျင်ကတော့ ရင်ထဲတွင် ဆုတောင်းနေရင်း လက်သီးကို တင်းတင်းဆုပ်လိုက်မိသည်။ အတော်လေးလည်း ဝမ်းသာနေခဲ့၏။ သူမက ကမ်းစပ်တွင် အနားယူနေသော်လည်း ချန်းပင်အန်းထက်ပို၍ စိတ်လှုပ်ရှားနေခဲ့သည်။
ချန်းပင်အန်းက ရေကန်ထဲသို့ လျှောက်သွားခဲ့၏။ ထို့နောက် လက်နှစ်ဖက်နှင့် ရေများကို ခပ်ထုတ်လိုက်သည်။
“ချန်းပင်အန်း …
နင်လုပ်နေတဲ့အရာတွေက ငါးဖမ်းဖို့ ရေကန်ထဲကရေတွေ စုပ်ထုတ်နေတယ်ဆိုတဲ့ စကားအတိုင်း ဖြစ်နေပါလား…”
လီပေါင်ဖျင်က ပြန်ပြောလိုက်သည်။
“နေဦး … အဲဒီစကားက အဆိုးမြင်ဝါဒတွေ လွှမ်းမိုးနေတယ်။ ဒါက အပြင်ကို မျှားခေါ်တယ်လို့ပဲ ပြောရမှာ…”
ချန်းပင်အန်းက ပြုံးလိုက်ပြီး အေးအေးဆေးဆေး ပြန်ဖြေလိုက်သည်။
“နင်က စမ်းချောင်းဘေးမှာ ခဏခဏ ငါးမျှားနေတာကို ငါ မြင်ဖူးတယ်။ နင် ဖမ်းမိတဲ့ အကြီးဆုံးငါးက ဘာငါးလဲ…”
လီပေါင်ဖျင်က စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချလိုက်မိသည်။
“ငါးတွေက အရမ်းဉာဏ်ကောင်းတယ်။ ငါ လုပ်နိုင်တာက မြက်ပင်တစ်ပင်ကို သုံးပြီး ဂဏန်းတွေ တွင်းထဲက ထွက်လာအောင်ပဲ လုပ်နိုင်တယ်။ ငါးမျှားတာကတော့ အရမ်းခက်တယ်…”
ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက ပြုံးလိုက်မိသည်။ သူက ပြန်မေးလိုက်၏။
“နင်က ငါးမျှားတံကို ကိုယ်တိုင်လုပ်ခဲ့တာလား…”
လီပေါင်ဖျင်က ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်သည်။
“ဟုတ်တယ်။ ငါတို့ခြံဝန်းထောင့်မှာ ဝါးသစ်တောတစ်ခုရှိတယ်။ အဲဒီဝါးတောကို ငါ့ရဲ့အဘေးတွေက စိုက်ထားခဲ့တာ။ ဒါကြောင့် ငါ့အဖေကတောင် အဲဒါကို အထိမခံဘူး။ ငါက ငါးမျှားတံတစ်ချောင်း လုပ်မယ်လို့ ပြောတဲ့အချိန်မှာ သူက လက်မခံဘူး။ အဆုံးမှာတော့ ငါက ဘယ်သူမှ မသိအောင်သွားပြီး ဝါးပင်ကို ဖြတ်ပစ်လိုက်တယ်။ အဆုံးမှာတော့ ငါလည်း ယူနိုင်ခဲ့တာပဲလေ…”
ရေကန်ထဲတွင် ရှိနေသော ရေများက တဖြည်းဖြည်း ပို၍နည်းပါးလာပြီး ငါးများက နေရာတိုင်းတွင် ထခုန်နေခဲ့သည်။
ချန်းပင်အန်းကတော့ ထိုအရာနှင့် ရင်းနှီးနေပြီးသား ဖြစ်သည့်အတွက် အပြုံးနှင့် မေးလိုက်၏။
“ဝါးဆိုတာက နဂိုကတည်းက သေးသေးလေး မဟုတ်ဘူးလေ။ နင်က ထိပ်ဖျားတွေကိုရော ဖယ်လိုက်သေးလား…”
ထိုစကားကိုကြားသည့်အခါ လီပေါင်ဖျင်က ခေါင်းကုတ်ပြီး ပြန်ဖြေလိုက်သည်။
“ငါ လုပ်ခဲ့တယ်။ ငါးမျှားတံက အရမ်းသေးသွားရင် ငါးကြီးတွေ ချိတ်တဲ့အခါ ကျိုးသွားမှာပဲ စိုးတာ။ ဒါကြောင့် ငါက နောက်ထပ်ဝါးပင်တစ်ခုကို ခုတ်ချပြီး ဒုတိယမြှောက်ငါးမျှားတံ လုပ်ခဲ့တယ်။ တကယ်လို့ ငါ့အဖေက ရိုက်မယ်ဆိုရင်တောင် ငါကတော့ နောက်တစ်ကြိမ် ကတ်ကြေးနဲ့ ခိုးဖြတ်ဖို့ စဉ်းစားထားတာ။ အဲဒါကြောင့် ငါလည်း တော်တော်လေး ခေါင်းကိုက်ခဲ့ရတယ်…”
ချန်းပင်အန်း၏ မျက်နှာပေါ်တွင် တွေဝေနေသည့် အမူအရာတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
“ဘယ်သူကကော ဝါးနှင့် ငါးမျှားမှာလဲ။ ငါတို့ စမ်းချောင်းထဲမှာရှိတဲ့ ငါးတွေက သိပ်မကြီးဘူး။ တကယ်လို့ နင့်ရဲ့ငါးမျှားတံက အရမ်းကြီးနေမယ်ဆိုရင်တော့ ငါးက ငါးစာကို လာချိတ်မယ်ဆိုရင်တောင် နင်က သတိထားမိမှာ မဟုတ်ဘူး။ ပြီးတော့ ငါးမျှားချိတ် လှုပ်သွားရုံပဲ ရှိမယ်။ ပထမအကြိမ်တွေမှာ သူတို့က အရင်ဆုံး စမ်းသပ်ကြတယ်။ သူတို့က ငါးမျှားချိတ်ကို ချက်ချင်း ကိုက်ကြတာ မဟုတ်ဘူး။ သူတို့က ဉာဏ်လည်း မတုံးဘူး။ ငါးမျှားတံကို အစောကြီး ရုတ်လိုက်မယ်ဆိုရင် ငါးဖမ်းမိဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ ငါးမျှားတံတစ်ချောင်းက သင့်တော်တဲ့ လုံးပတ်ရှိရမဲ့အပြင် ရာသီဥတုအခြေအနေ၊ နေရာနဲ့ ငါးမျှားတံ၊ ငါးစာတွေအကုန်လုံးကို ထည့်ပြီး စဉ်းစားဖို့လိုတယ်…”
လီပေါင်ဖျင်ကတော့ ချန်းပင်အန်း၏ စကားများကို နားထောင်နေရင်း အတော်လေးကို စိတ်ပျက်သွားမိခဲ့သည်။ သူမက ပါးစပ်အဟောင်းသား ဖြစ်နေခဲ့၏။ တချိန်တည်းတွင် သူမက အနည်းငယ် ရှက်ရွံ့သွားသလို ခံစားလိုက်ရသည်။
သူမက ချန်းပင်အန်းကို ပြောမပြခဲ့သော အကြောင်းအရာတစ်ခုလည်း ရှိနေသေး၏။ ထိုအရာကတော့ သူမက ငါးမျှားတံ၏ အဆုံးတွင် ချိတ်ထားသည်မှာ ငါးမျှားချိတ် မဟုတ်ဘဲ လက်ချုပ်အပ်ကို ကွေးပြီး ငါးမျှားတံအဆုံးတွင် ချိတ်ထားခဲ့ခြင်းဖြစ်သည်။ ယခု ပြန်လည်စဉ်းစားကြည့်လိုက်သည့်အခါ ထိုအရာက အလွန်ကြီးမားနေသည့်အတွက် ငါးက ဟပ်ရန်ကြိုးစားမည်ဆိုလျှင်ပင် သေချာပေါက် ဟပ်မိလိမ့်မည်မဟုတ်ချေ။
သူမကတော့ စိတ်ထဲတွင် ကိုယ့်ကိုယ့်ကိုယ် နှစ်သိမ့်နေခဲ့ပြီး သူမ၏ မသိနားမလည်မှုက အသက်ငယ်ရွယ်မှုကြောင့်ဖြစ်ကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်ပြောနေခဲ့၏။
သူမက အနည်းငယ် စိတ်ပျက်နေကြောင်း ချန်းပင်အန်းက မြင်နေရသည်။ ထို့ကြောင့် သူက သူမကို နှစ်သိမ့်သည့်စကားလုံးအနည်းငယ်သာ ပြောပြခဲ့၏။
“နင်က အရင်နှစ်တွေ အတောအတွင်း ငါးတစ်ကောင်မှ မဖမ်းမိနိုင်တာ ပိုပြီးတော့ အံ့ဩစရာကောင်းတယ်လို့ ခံစားမိတယ်…”
ထိုစကားကို ကြားသည့်အခါ လီပေါင်ဖျင်၏ မျက်လုံးများက ဝင်းလက်တောက်ပသွားခဲ့သည်။ သူမ၏ရင်ထဲတွင် ရှိနေသော အဖုအထစ် တစ်ခုကလည်း ရုတ်တရက် ပြေလျော့သွားသလို ခံစားလိုက်ရပြီး သူမက အလွန်ဝမ်းသာပျော်ရွှင်နေခဲ့သည်။
“ဘာလို့ ငါတို့က ငါးဖမ်းနေတာလဲ…”
သူမက စိတ်ဝင်တစား မေးလိုက်၏။
“ငါတို့မှာ စားစရာတွေ အများကြီး ရှိနေသေးတယ်လေ…”
ချန်းပင်အန်းက ရှင်းပြလိုက်သည်။
“ငါတို့ဆီမှာ စားစရာတွေ တောင်ပုံကြီးလို ဖြစ်နေမယ်ဆိုရင်တောင် လုံးဝပြန်မဖြည့်ဘူးဆိုရင် တချိန်ချိန် စားစရာကုန်သွားမဲ့ အခြေအနေမျိုး ရောက်လာနိုင်တယ်။ တကယ်လို့ ငါတို့က အဲဒီရိက္ခာတွေကို ဂရုတစိုက် မထိန်းသိမ်းဘူးဆိုရင် ဘယ်လောက်ကြာကြာ အသုံးပြုနိုင်မှာလဲ။ ငါတို့က သွားစရာ အဝေးကြီးလိုသေးတယ်။ ဒါကြောင့် ငါတို့က တတ်နိုင်သမျှ စားစရာတွေများများ သိုလှောင်ထားဖို့ လိုအပ်တယ်…”
လီပေါင်ဖျင်က ထိုစကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။ သူမ၏မျက်နှာလေးပေါ်တွင်လည်း စိတ်လှုပ်ရှားနေသော အမူအရာတစ်ခု ပေါ်နေခဲ့၏။
“စကားပုံတစ်ခု ရှိတယ်လေ။ လူတစ်ယောက်ကို ငါးတစ်ကောင်ပေးမဲ့အစား သူတို့ကို ငါးဖမ်းနည်း သင်ပေးလိုက်မယ်ဆိုရင် တစ်ဘဝလုံးစာ အသက်မွေးဝမ်းကြောင်း ပြုနိုင်သွားပြီ။ ဒါကြောင့် နင်က ငါ့ကို ငါးမျှားတံ ဘယ်လိုလုပ်ရမလဲဆိုတာနဲ့ ဘယ်လိုငါးမျှားရမလဲဆိုတာ သင်ပေးရမယ်…”
“ဖမ်းလိုက်…”
ချန်းပင်အန်းက အနီရောင်နှင့် အစိမ်းရောင်ငါးတစ်ကောင်ဆီကို လီပေါင်ဖျင်ဆီသို့ ရုတ်တရက် ပစ်ပေးလိုက်သည်။ သူမကတော့ စိုးရိမ်တကြီး လှမ်းဖမ်းလိုက်၏။
ထို့နောက် သူက ပြောလိုက်သည်။
“နင်က အရမ်း ငယ်သေးတယ်။ ဒီတော့ ကိုယ်လုပ်နိုင်တဲ့အရာကိုပဲ လုပ်ပါ။ အရာအားလုံးကို ငါနဲ့ပြိုင်ပြီး ကြိုးစားဖို့ မလိုဘူး။ ငါ့ရဲ့တာဝန်က နင့်ကို ချောက်ကမ်းပါးကျောင်းတော်ဆီ လုံလုံခြုံခြုံနဲ့ ပိုပေးနိုင်ဖို့ပဲ။ ဒါဆိုရင် နင်က ပညာဆက်သင်လို့ရပြီ…”
ခက်ခက်ခဲခဲ ရုန်းကန်လိုက်ပြီး နောက်ဆုံးတွင်တော့ လီပေါင်ဖျင်က ငါးနှစ်ကောင်ကို လက်ထဲတွင် သေချာဖမ်းနိုင်ခဲ့သည်။ သူမက တရားမျှတသော အမူအရာနှင့် ပြောလိုက်၏။
“အဲဒါတော့ မမှန်ဘူး။ ဆရာချီက ငါတို့ကို ပြောခဲ့ဖူးတယ်။ ပြီးပြည့်စုံတဲ့ စာသင်သားတစ်ယောက်က စာအုပ်တွေ ဖတ်ဖို့လိုသလို၊ ခရီးသွားလာဖို့လည်း လိုအပ်တယ်လို့ ပြောဖူးတယ်။ ငါ့ရဲ့ခြင်းတောင်းထဲမှာ စာအုပ်(၅)အုပ်ပဲ ရှိတယ်။ ငါက တခြားစာအုပ်တွေကို ဖတ်ဖို့အတွက် ကျောင်းတော်ကို သွားဖို့လည်း လိုတယ်။ ဒါပေမဲ့ ခရီးသွားလာတာကလည်း စာသင်သားတစ်ယောက်ဖြစ်တဲ့ ငါ့အတွက် လိုအပ်တယ်။ ခရီးသွားလာနေရင်း အခြေအနေတွေကို လေ့လာသင်ယူဖို့ လိုအပ်တယ်ဆိုတဲ့ စကားတစ်ခွန်းလည်း ရှိတယ်။ ဒါကြောင့် ငါက အဆုံးမဲ့လောကကြီးထဲမှာ ခရီးသွားလာဖို့၊ စာအုပ်တွေကိုသင်ယူဖို့၊ လက်တွေ့အတွေ့အကြုံတွေ သင်ယူဖို့ဆိုရင် ငါ့ရဲ့စာအုပ်ကို တချိန်လုံး သယ်ဆောင်သွားဖို့လိုအပ်တယ်။ တကယ်လို့ အဲဒီပစ္စည်းနှစ်ခုမရှိဘူးဆိုရင် ငါ့ရဲ့ပညာသင်ကြားမှုကလည်း ပြည့်စုံမှာ မဟုတ်ဘူး။
“နင့်ရဲ့ပတ်ပတ်လည်မှာ မြက်ပင်တွေ အများကြီးရှိတယ်။ နင်က ငါးတွေကို အဲဒီမြက်တွေနဲ့ ကြိုးချည်လို့ရတယ်။ တကယ်လို့ မြက်ပင်တွေ ဖုံးသွားမှာ ကြောက်တယ်ဆိုရင်လည်း တစ်ကြိမ်ကို (၂)ကောင်၊ (၃)ကောင်လောက်ပဲ ချည်လိုက်…”
ငါးများကို မည်သို့ ကြိုးချည်ရမည်ဖြစ်ကြောင်း လီပေါင်ဖျင်ကို သင်ကြားပေးနေရင်း သူက မေးလိုက်သည်။
“ခရီးသွားလာနေရင်း သင်ယူတယ်ဆိုတာ နောက်ကျောမှာ စာအုပ်သေတ္တာလေးတစ်ခု သယ်သွားတာကို ပြောချင်တာလား။ လုံဝေတိုင်းပြည်က ချန်းစုန့်ဖုန်း သယ်နေတဲ့ ပုံစံမျိုးလား။ အဲဒါကို ဝါးနဲ့ ယက်ထားပြီး တော်တော်လေးလည်း ကောင်းတယ်။ တကယ်လို့ ငါတို့က ခရီးသွားနေရင်း ဝါးသစ်တောတစ်ခုကို ဖြတ်သွားရမယ်ဆိုရင် ငါ မင်းအတွက် တစ်ခု လုပ်ပေးမယ်။ ငါက ငါးမျှားတံတစ်ခုတည်း လိုတယ်။ တကယ်လို့ ငါတို့က စမ်းချောင်းအတိုင်း ဆက်ပြီးသွားမယ်ဆိုရင် ရေထဲကနေ ရိက္ခာရှာမှဖြစ်မယ်။ တကယ်လို့ ငါတို့က ဒီနေရာကနေ အဝေးကို ရောက်သွားမယ်ဆိုရင် ရေက တဖြည်းဖြည်းပိုပြီးတော့ နက်လာတော့မှာ။ ဒါကြောင့် ငါတို့က ဒီနည်းလမ်းကိုသုံးပြီး ငါးမျှားလို့ မရနိုင်တော့ဘူး…”
လီပေါင်ဖျင်က ကမ်းစပ်တွင် ထိုင်နေပြီး ငါးနှစ်ကောင်ကို လက်တစ်ဖက်နှင့်ကိုင်၍ သေချာစည်းနှောင်နေခဲ့သည်။ ထိုစကားကို ကြားသည့်အချိန်တွင် သူမက အလွန်ဝမ်းသာသွားသည့်အတွက် ချက်ချင်းပင် ထခုန်လိုက်၏။
“တကယ်လား…”
ချန်းပင်အန်းက အပြုံးနှင့် အတည်ပြုလိုက်သည်။
“ငါက နင့်ကို ဘာလို့ လိမ်ပြောရမှာလဲ။ သတိထား... ဘေးမှာ ပတ်ခုန်နေမယ်ဆိုရင် နင်က ငါးတွေနဲ့အတူ ချောင်းထဲကိုပြုတ်ကျသွားလိမ့်မယ်။ ဒီငါးတွေက မလှုပ်နိုင်ပေမဲ့ ရေထဲရောက်သွားရင် နင်ဖမ်းနိုင်မှာလား…”
လီပေါင်ဖျင်က ပြောနေရင်း အပြုံးနှင့် ထိုင်လိုက်သည်။
“ငါ အရမ်းပျော်သွားပြီ။ ငါ့မှာ ကိုယ်ပိုင်စာအုပ်သေတ္တာတစ်ခု ရှိလာတော့မယ်…”
ချန်းပင်အန်းက သူကိုယ်တိုင် ဖန်တီးထားသော ရေကန်လေးထဲတွင် လေးဖက်ထောက်လိုက်သည်။ ထိုနေရာတွင် ရေမျက်နှာပြင်က အလွန်နိမ့်ကျနေသည့်အတွက် စမ်းချောင်းကြမ်းခင်းကိုပင် မြင်လုနီးပါးဖြစ်နေ၏။
ထို့နောက် သူက ကျောက်တုံးအောက်ထဲကို လှမ်းကြည့်ပြီး ငါးဖမ်းရန် ပြင်လိုက်သည်။
“ဒီလိုငါးမျိုးတွေက နေရောင်အောက်မှာ အခြောက်ခံပြီးသွားရင် ဒီတိုင်းစားလို့ရတယ်။ တကယ်လို့ ညစ်ပတ်တယ်လို့ထင်ရင်တော့ ငါက နင့်အတွက် ကိုယ်တွင်းအင်္ဂါတွေကို ဖယ်ပေးမယ်။ ငါကိုယ်တိုင်ကတော့ ဒီလိုငါးမျိုးကို တစ်ကောင်လုံး စားပစ်တာပဲ…”
ခဏကြာ စဉ်းစားနေပြီးနောက် လီပေါင်ဖျင်က အထစ်ထစ်အငေါ့အငေါ့နှင့် ပြောလိုက်သည်။
“နင်က ငါ့အတွက် ကိုယ်တွင်းအင်္ဂါတွေ ဖယ်ပေးလို့ ရမလား…”
ချန်းပင်အန်းက ကျောက်တုံးအောက်မှ နောက်ထပ် ငါးတစ်ကောင် ဆွဲထုတ်လိုက်ပြီး မြက်ခင်းပြင်ကမ်းစပ်ပေါ်သို့ လှမ်း၍ ပစ်တင်လိုက်သည်။
“ဒါကတော့ နင့်သဘောပဲ။ ငါ လုပ်ပေးပါ့မယ်…”
“မဟုတ်ဘူး။ ငါ ကိုယ်တိုင်လုပ်လို့ရတယ်…”
လီပေါင်ဖျင်က အလျင်အမြန် ပြောလိုက်၏။ ထိုအချိန်တွင် သူမက ငါးတွဲ (၃)တွဲကို ကိုင်ထားပြီးသား ဖြစ်သည်။
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူက ကျောက်တုံးအောက်မှ နောက်ထပ် ငါးများကို ဆက်၍ ဆွဲထုတ်နေခဲ့သည်။ ခဏကြာပြီးနောက် ကျယ်လောင်သော အသံကြီးတစ်ခု ကြားလိုက်ရပြီး လီပေါင်ဖျင်က ရေထဲတွင် ရပ်နေကြောင်း တွေ့လိုက်ရ၏။
ချန်းပင်အန်းက အလျင်အမြန် မတ်တပ်ရပ်လိုက်ပြီး သူမဆီကို ပြေးသွားလိုက်သည်။ သူက စိုးရိမ်နေသော အမူအရာနှင့် မေးလိုက်၏။
“ဘာဖြစ်တာလဲ…”
လီပေါင်ဖျင်က စိတ်ပျက်လက်ပျက်နှင့် ပြောလိုက်သည်။
“ငါးတစ်ကောင်က သေခါနီးပုံစံ ဖြစ်နေတာနဲ့ ငါက အစည်းထဲကနေ ဆွဲထုတ်လိုက်တယ်။ ဒါပေမဲ့ ငါက ရေထဲကို ချလိုက်တဲ့အချိန်မှာပဲ ချက်ချင်း ထွက်ပြေးသွားတာ။ ငါက အဲဒီငါးကို မဖမ်းလိုက်ဘူး…”
ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက ပြုံးလိုက်မိ၏။ သူက ရေစိုသွားသော သူမ၏ဘောင်းဘီကို လိပ်တင်ပေးလိုက်ပြီး သူမကို ကမ်းစပ်တွင် သိမ်မွေ့စွာ ပြန်တင်ပေးလိုက်သည်။ ထို့နောက် သူမ၏ဖိနပ်ကို ချွတ်ပေးလိုက်ပြီး ငါးကို ဂရုမစိုက်တော့ရန် ပြောလိုက်၏။
လီပေါင်ဖျင်က သူ ပြောသည့်အတိုင်း လုပ်ဆောင်နေပြီး သူမ၏ဖိနပ်ကို ချွတ်လိုက်သည်။ ထိုအချိန်တွင် သူမကတော့ ဆိုးရွားသည့်အရာတစ်ခု လုပ်ဆောင်မိခဲ့ကြောင်း ခံစားမိနေသေး၏။ သူမ၏ခေါင်းပေါ်သို့ ကောင်းကင်ကြီး ပြိုကျလာတော့မလို ခံစားနေရသည်။
ထိုအချိန်တွင် ချန်းပင်အန်းကတော့ ငါးများကို ပုံမှန်အတိုင်း လုပ်ဆောင်နေပြီး ငါးဗိုက်ကိုခွဲ၍ အတွင်းကလီစာများကို ဖယ်ထုတ်နေခဲ့သည်။ တစ်ချိန်တည်းတွင် လီပေါင်ဖျင်၏ ဒဏ်ရာကို ဆားသိပ်ပေးသလို မဖြစ်ချင်သည့်အတွက် မရယ်မိစေရန် အကောင်းဆုံး ကြိုးစားနေခဲ့၏။
နောက်ဆုံးတွင်တော့ သူက လီပေါင်ဖျင်ဆီကို ပြန်လှည့်လာပြီး ကလီစာများ ဖယ်ထုတ်ထားသော ငါးတွဲ(၃)တွဲကို မြှောက်ပြလိုက်သည်။
ထိုအရာက အလွန်များပြားသော ပမာဏတစ်ခု ဖြစ်သည့်အတွက် လီပေါင်ဖျင်က ဝမ်းသာသွားခဲ့၏။ သူမ၏မျက်နှာပေါ်တွင် မျက်ရည်များ စီးကျနေသော်လည်း သူမက ဝမ်းသာအားရ ပြောလိုက်သည်။
“ငါတို့မှာ အများကြီး ကျန်နေသေးတာပဲ။ တစ်ကောင်တည်း လွတ်သွားပေမဲ့ ကိစ္စမရှိဘူး…”
ချန်းပင်အန်းက သူမ၏အနားသို့ လျှောက်လာပြီး ထိုင်လိုက်သည်။ ထို့နောက် ငါးတွဲ(၃)တွဲကို ပေးလိုက်ပြီး သူမ၏ခေါင်းကို ပုတ်လိုက်၏။
“ဒီလိုမျိုး နောက်တစ်ကြိမ် ထပ်ဖြစ်မယ်ဆိုရင်တောင် ဘာမှဝမ်းနည်းနေစရာ မလိုဘူး…”
လီပေါင်ဖျင်က ငါးတွဲ(၃)တွဲကို မြှောက်လိုက်ပြီး သေချာစိုက်ကြည့်နေခဲ့သည်။ သူမက ဝမ်းသာအားရ ပြောလိုက်၏။
“ဟုတ်တယ်…”
“ငါ နင့်အတွက် နောက်ထပ် မြက်ဖိနပ်တွေ ယက်ပေးဦးမယ်။ ဒါဆိုရင် နင်က ချော်မကျနိုင်တော့ဘူး….”
ချန်းပင်အန်းက ပြောလိုက်၏။
လီပေါင်ဖျင်၏မျက်လုံးများက တလက်လက် တောက်ပလာပြီး သူမက မေးလိုက်သည်။
“တကယ်ယက်ပေးမှာလား…”
ချန်းပင်အန်းက ရေစိုနေသော ဘောင်းဘီစကို ဆွဲညှစ်ပြီး ပြန်ဖြေလိုက်၏။
“ဒါက အရမ်းရိုးရှင်းပါတယ်…”
“နင်က အရာအားလုံးကို ဘယ်လိုလုပ်ရမလဲ သိတယ်။ ငါကတော့ ဘာကိုမှမသိဘူး…
လီပေါင်ဖျင်က သက်ပြင်းချလိုက်မိသည်။
ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။
“နင်က ငါ့ကို ဘယ်လို စာရေးရမလဲ၊ ဘယ်လို စာဖတ်ရမလဲဆိုတာ သင်ပေးလို့ ရတယ်လေ။ အခုဆိုရင် စကားလုံး အများကြီးမသိဘူး။ စကားလုံး (၅၀၀)လောက်ပဲသိတယ်…”
လီပေါင်ဖျင်က ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။
“ငါ့တာဝန်ပဲ ထားလိုက်…”
သူတို့နှစ်ယောက်က ဘေးချင်းယှဉ်၍ ထိုင်နေပြီး စမ်းချောင်းထဲတွင် ဖြည်းညင်းစွာ စီးဆင်းနေသော ရေများကို ကြည့်နေခဲ့သည်။ လီပေါင်ဖျင်က ရုတ်တရက် မေးလိုက်၏။
“ဒီစမ်းချောင်းကို ဘယ်လိုခေါ်လဲ သိလား…”
“နဂါးနှုတ်ခမ်းမွေး စမ်းချောင်း…”
“နင်က ဘယ်လိုသိတာလဲ…”
“အရင်တစ်ခေါက် တောင်တန်းထဲကို ဝင်သွားတဲ့အချိန် ငါ့မှာ မြေပုံတွေ ရှိတယ်လေ။ အဲဒီမြေပုံတွေထဲမှာ နဂါးစမ်းချောင်းတိုင်းပြည်ရဲ့ မြေပုံတွေလည်း ပါတယ်လို့ ဆရာရွမ်က ပြောတယ်။ ဒီစမ်းချောင်းကိုတော့ မြေပုံပေါ်မှာ နဂါးနှုတ်ခမ်းမွေး စမ်းချောင်းလို့ နာမည်ပေးထားတယ်။ ဒါပေမဲ့ သူ့ရဲ့ရေစီးကြောင်းက အရှေ့တောင်ဘက်ကနေ တောင်ဘက်ကို ရောက်တဲ့အချိန်မှာ ပြောင်းလဲသွားတယ်။ မြေပုံမှာရှိတဲ့ အနီရောင်မျဉ်းကြောင်းကလည်း တဖြည်းဖြည်း ကြီးလာပြီး သူ့ရဲ့နာမည်က သံအဆောင်မြစ်လို့ နာမည်ပြောင်းသွားတယ်…”
“ငါ နားလည်ပြီ…။ ဒါတွေအားလုံးက ဘယ်လိုအလုပ်လုပ်လဲဆိုတာ ငါ နင့်ကို ပြောပြမယ်။ ငါတို့ တာ့လီအင်ပါယာရဲ့နန်းတွင်းမှာ ဌာနကြီး(၆)ခုရှိတယ်။ အထွေထွေရေးရာဌာနမှာတော့ အရာရှိ(၃)မျိုး ရှိတယ်။ သူတို့တွေကတော့ ကောင်းကင်အရာရှိ၊ မြေပြင်အရာရှိနဲ့ လူသားအရာရှိတို့ပဲ။ သူတို့တွေထဲမှာ မြေပြင်အရာရှိကတော့ ဒီလိုမြေပုံတွေလုပ်ဖို့အတွက် တာဝန်ယူထားရတယ်။ ဒါပေမဲ့ သူတို့ကလည်း နက္ခတ်ရေးရာဌာနက ဖုန်းရွှေပညာရှင်တွေရဲ့အကူအညီကို ယူကြရတယ်…”
“သူတို့တွေက ကမ္ဘာကြီးအကြောင်းကို စူးစမ်းလေ့လာနေတဲ့အချိန် မြေပညာရှင်တွေကို ဦးဆောင်ကြရတယ်။ အထူးသဖြင့် သူတို့တွေက သူတို့ရဲ့ခြေနှစ်ချောင်းနဲ့ပဲ ဘုရင်ကြီးရဲ့ ပိုင်နက်နေရာတိုင်းကို တိုင်းတာပြီး မြေပုံပေါ်မှာ မှတ်သားကြရတယ်။ အဲဒီမြေအရာရှိတွေနဲ့ ဖုန်းရွှေပညာရှင်တွေက အံ့ဩစရာ မကောင်ဘူးလား…”
“နင်က အရွယ်ရောက်လာတဲ့အချိန်ကျရင် မြေအရာရှိ တစ်ယောက်ဖြစ်ချင်တာလား။ ဒါမှမဟုတ် ဖုန်းရွှေပညာရှင်တစ်ယောက် ဖြစ်ချင်တာလား…”
“ချန်းပင်အန်း …
မိန်းကလေးတွေက အရာရှိမဖြစ်နိုင်ဘူးဆိုတာ နင် မသိဘူးလား။ ဒါက ငါတို့တာ့လီအင်ပါယာထဲမှာတင် မဟုတ်ဘူး။ နေရာတိုင်းမှာ အတူတူပဲ။ ရှစ်ချွန်ကျားနဲ့ ငါ့လိုမိန်းကလေးတွေက ပညာသင်ကြားလို့ ရနိုင်ပေမဲ့ မိန်းကလေးတစ်ယောက်က ဆရာတစ်ယောက် ဖြစ်လာတယ်၊ စာသင်သား တစ်ယောက်ဖြစ်လာတယ်ဆိုတာ လုံးဝမကြားဖူးဘူး…”
“ငါ နားလည်ပြီ…”
“စကားမစပ် နင်အခု ဝတ်ထားတဲ့ ကျောက်စိမ်းဆံထိုးလေးက ဆရာချီရဲ့ ဆရာပေးခဲ့တာလို့ ပြောတယ်။ အခုနင့်ကို ဆရာချီက ပေးလိုက်တာ မဟုတ်လား။ ဒါဆိုရင် အခုကစပြီး ငါက နင့်ကို ဆရာဦးလေးငယ်လို့ခေါ်မယ်…”
“ဘာလို့လဲ…”
“နင်က ငါ့ရဲ့ဆရာဦးလေးငယ် ဖြစ်သွားပြီဆိုရင် နင် ငါ့ကိုတစ်ခုခု လုပ်မယ်ဆိုရင်တောင် နင့်ရဲ့မသိစိတ်က ငါ့ကို စွန့်ပစ်ဖို့ ခွင့်ပြုမှာ မဟုတ်တော့ဘူး။ နင့်ဘာသာပဲ သေချာစဉ်းစားကြည့်လိုက်လေ။ ‘လီပေါင်ဖျင်က ငါ့ကို မော့ကြည့်နေပြီး သူ့ရဲ့ဆရာဦးလေးငယ်အဖြစ် သတ်မှတ်ထားတယ်။ ငါက သူ့ကို ချန်ထားခဲ့လို့မရနိုင်ဘူး’ နင် အဲဒီလိုတွေးမှာ မဟုတ်လား…”
“ငါက နင့်ရဲ့ဆရာဦးလေးငယ် မဖြစ်နိုင်ဘူးလေ။ တကယ်လို့ ငါက နင့်ရဲ့ဆရာဦးလေးငယ် မဖြစ်ရင်တောင် နင့်ကို ချန်ထားခဲ့မှာ မဟုတ်ပါဘူး…”
“မရဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါက....”
“ဒီလိုဆိုရင်တော့ ငါ နင့်အတွက် စာအုပ်သေတ္တာနဲ့ မြက်ဖိနပ် လုပ်မပေးတော့ဘူး…”
“ငါ ဂရုမစိုက်ဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ငါက နင့်ကို ဆရာဦးလေးငယ်လို့ ခေါ်မှာပဲ။ ငါ့ရဲ့ဆရာဦးလေးငယ်ဆိုမှတော့ နင်က ငါ့အတွက် စာအုပ်သေတ္တာတစ်ခုနဲ့ မြက်ဖိနပ်လုပ်ပေးဖို့ တာဝန်ရှိတယ်…”
Translated by Hein Htet.