အခန်း (၈၇)
Vol. 6 Ch. 87
အကယ်၍ ချန်းပင်အန်းက တစ်ယောက်တည်းသာဆိုလျှင် သူက ဝန်ထုပ်ဝန်ပိုးကြီးတစ်ခု သယ်ဆောင်ထားရမည်ဆိုလျှင်ပင် အခက်အခဲမရှိဘဲ တောင်တက်လမ်းပေါ်တွင် တစ်ရက်လျှင် ကီလိုမီတာ(၅၀)နီးပါးခန့် သွားလာနိုင်သည်။ သူတို့၏ခရီးလမ်းတွင်တော့ သူတို့က မြေမျက်နှာသွင်ပြင်မျိုးစုံကို ဆွေးနွေးရန် လိုအပ်ပြီး ရေရရှိနိုင်မှုနှင့် တောင်ကုန်း တောင်တန်းအခြေအနေများကို သေချာဆွေးနွေးရန် လိုအပ်သည်။
လီပေါင်ဖျင်ကို စောင့်ဆိုင်းနေရသည့်အတွက်ကြောင့် ချန်းပင်အန်းအတွက်တော့ အလွန်သက်တောင့်သက်သာရှိသော ခရီးတစ်ခု ဖြစ်နေခဲ့၏။ ထို့ကြောင့် သူက လမ်းလျှောက်နေရင်း အချိန်ယူ၍ လေ့ကျင့်ရန် ဆုံးဖြတ်ခဲ့သည်။
အနားတွင် လီပေါင်ဖျင် ရှိနေသည့်အချိန်တွင်တော့ သူက လက်သီးသိုင်းကို ပြည့်ပြည့်ဝဝ အာရုံစိုက်၍ လေ့ကျင့်ခြင်းကို ရှောင်ကျဉ်နေခဲ့၏။ ထိုအစား သူ၏လှုပ်ရှားမှုများက ပို၍သဘာဝဆန်လာခဲ့သည်။ သူက လမ်းလျှောက်နေရင်း ရံဖန်ရံခါ နှေးကွေးပေးနေသည့်အတွက် လီပေါင်ဖျင်ကပင် သူ့ကို အမီလိုက်လာနိုင်ခဲ့၏။
သူက လေ့ကျင့်မှုတွင် သူ၏လမ်းကြောင်းကို စတင်ရှာဖွေနေခဲ့သော်လည်း ကန့်သတ်ချက်များစွာ ရှိနေသည့်အတွက်ကြောင့် သူ၏လှုပ်ရှားမှုများက အတော်လေးကို ထူးဆန်းပြီး အိုးတိုးအမ်းတမ်း ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် သူတို့နှစ်ယောက်က မီတာ(၁၀၀၀)နီးပါးခန့် သွားလာခဲ့ကြသော်လည်း လီပေါင်ဖျင်ကတော့ ပင်ပန်းနွမ်းနယ်သည့် လက္ခဏာမျိုး မပြသေးပေ။ သူမက နဖူးပေါ်မှ ကျလာသောချွေးများကို လက်ခုံနှင့်သုတ်ပြီး မေးလိုက်သည်။
“ဦးလေးငယ်က လက်သီးသိုင်းလေ့ကျင့်နေတာလား…”
“ဟုတ်တယ်…”
ချန်းပင်အန်းက လမ်လျှောက်နေခြင်းကို ရပ်တန့်ပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။
ထို့နောက် လီပေါင်ဖျင်က မေးလိုက်၏။
“ဒါဆို လက်သီးသိုင်းရဲ့ပင်မသွေးကြောမှတ်က ဘာလဲဆိုတာသိလား…”
ထိုမေးခွန်းကြောင့် ချန်းပင်အန်းက ဇဝေဇဝါဖြစ်သွားခဲ့ပြီး ပြန်မေးလိုက်သည်။
“အဲဒါက ဘာကိုပြောချင်တာလဲ။ ငါသိတာကတော့ လူသားတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ သွေးကြောမှတ်တွေ အများကြီးရှိတယ်။ ငါ သင်ထားခဲ့တဲ့ စကားလုံးတွေ အများစုကလည်းအဲဒီသွေးကြောမှတ်တွေရဲ့နာမည်ကို မှတ်သားထားခဲ့တာပဲ။ ဒါပေမဲ့ အဲဒီသွေးကြောမှတ်တွေက လက်သီးသိုင်းနဲ့ ဘာများသက်ဆိုင်လို့လဲ။ ငါက ဒီကိစ္စနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမှ မေးဖို့ အခွင့်အရေး မရခဲ့ဘူး။ နင်ယောင်လို့ခေါ်တဲ့မိန်းကလေးက ငါ့ကို လက်သီးသိုင်းနဲ့ပတ်သက်ပြီး လမ်းပြပေးခဲ့တယ်။ ဒါပေမဲ့ သူက အဲဒါနဲ့ပတ်သက်ပြီး အကုန်လုံးကို မပြောခဲ့ဘူး။ သူပြောတာတော့ လက်သီးသိုင်းကို လေ့ကျင့်တဲ့နေရာမှာ ဖြတ်လမ်းမရှိဘူးတဲ့။ ဖြည်းဖြည်းမှန်မှန် ကြိုးစားအားထုတ်မှပဲ တိုးတက်နိုင်မယ်လို့လည်း ပြောခဲ့တယ်။ ရွမ်ရှို့ကတော့ ဓားသမားတစ်ယောက် ဖြစ်တဲ့အတွက် သူတို့ကလန် လက်ဆင့်ကမ်းလာတဲ့ ချီလှည့်ပတ်ရေးလမ်းကြောင်းတွေကို အပြင်လူတွေဆီ ပြောပြလို့မရဘူးလို့ ပြောခဲ့တယ်။ ဒါကြောင့်လည်း သူက အဲဒီအရာမျိုးနဲ့ ပတ်သက်ပြီး ငါ့ကို သေချာမပြောပြခဲ့ဘူး…”
ချန်းပင်အန်းကတော့ မြို့ငယ်လေးထဲတွင် ဘဝတလျှောက်လုံး နေထိုင်ရမည်ဟု တွေးခဲ့မိသည်။ ထို့ကြောင့် သူက ရွမ်ရှို့ဆီတွင် ထိုမေးခွန်းများကို မေးမြန်းရန် အချိန်မြောက်များစွာ ရှိနေခဲ့၏။ ထို့ကြောင့်လည်း သူက ထိုအကြောင်းအရာများကို အလျင်စလို မမေးခဲ့ခြင်းလည်း ဖြစ်သည်။
လီပေါင်ဖျင်က မျက်လုံးပြူးသွားပြီး ထိတ်လန့်သွားသည့် အမူအရာနှင့် ပြောလိုက်၏။
“ဦးလေးငယ် …
အဲဒီလိုအသိပညာတွေမရှိဘဲ လက်သီးသိုင်းကို လေ့ကျင့်နေတာက ဘယ်လောက်တောင် အန္တရာယ်များလဲဆိုတာ သိလား။ လက်သီးသိုင်းကို လေ့ကျင့်နေရင်း ဆိုးဆိုးရွားရွား ဒဏ်ရာရသွားနိုင်တယ်…”
“သိုင်းပညာ လေ့ကျင့်တာက ဖုန်းရွှေပညာရှင်တွေ သင့်တော်တဲ့နေရာတစ်ခု ရှာဖွေသလိုမျိုးပဲ။ သူတို့က တောင်တန်းတွေ၊ မြစ်တွေရဲ့အဓိကပင်မသွေးကြောမှတ်ကို ရှာဖွေကြရသလို သိုင်းပညာရှင်တွေကလည်း သူတို့ရဲ့ခန္ဓာကိုယ်ထဲမှာ သင့်တော်တဲ့ သွေးကြောမှတ်တွေကို ရှာဖွေကြရတယ်။ အဲဒီသွေးကြောမှတ်တွေကို ရှာတွေ့ပြီးသွားရင်တောင် ဦးလေးငယ်က မှန်ကန်တဲ့နည်းလမ်းကိုသုံးဖို့ လိုနေသေးတယ်။ အဲဒီအချိန်ကျမှပဲ သိုင်းပညာလမ်းကြောင်းကို အမှန်တကယ် လျှောက်လှမ်းနိုင်ပြီလို့ သတ်မှတ်နိုင်တာ။ ဦးလေးငယ်က ဒီလိုမျိုး ဆက်သွားလို့မရဘူး။ ဦးလေးငယ်က လက်သီးသိုင်းပညာကို ဆက်ပြီး မလေ့ကျင့်ရသေးခင် ကျွန်မက အဲဒီအကြောင်းအရာတွေ အားလုံးသင်ပေးမယ်…”
လီပေါင်ဖျင်က ထိုကိစ္စနှင့် ပတ်သက်ပြီး အတော်လေး လေးနက်နေသည်ကို ချန်းပင်အန်းလည်း မြင်လိုက်ရသည်။ သေချာစဉ်းစားကြည့်ပြီးနောက် ထိုအရာကလည်း ဆိုးရွားသော အရာတစ်ခု မဟုတ်ကြောင်း သူက တွေးခဲ့မိ၏။
ထိုအချိန်တွင် သူတို့၏ရှေ့ဘက်၌ တွန့်လိမ်နေသော မိုးမခပင်အိုကြီးတစ်ခု ရှိနေခဲ့သည်။ သစ်ကိုင်းအများစုကတော့ စမ်းချောင်း၏ အပေါ်ဘက်မျက်နှာပြင်ပေါ်တွင် လဲကျနေပြီး ထိုအရာက မပြည့်စုံသော တံတားတစ်စင်းကဲ့သို့ဖြစ်နေခဲ့၏။ ထို့ကြောင့် သစ်ပင်၏ပင်စည်ပေါ်တွင် အနားယူရန် သူလည်း လီပေါင်ဖျင်ကို ဦးဆောင်ခေါ်သွားခဲ့သည်။
သို့သော် သူမကတော့ သစ်ပင်ပေါ်တွင် ထိုင်ရန်သာ ခေါင်းမာနေခဲ့၏။ ထို့ကြောင့် ချန်းပင်အန်းက သူမကိုချီပြီး ပင်စည်ပေါ်သို့ တင်ပေးလိုက်ရသည်။ သူမက ပြုတ်ကျသွားလျှင် အချိန်မီဖမ်းနိုင်စေရန် သူလည်း ဘေးတွင် ရပ်စောင့်နေခဲ့၏။
လီပေါင်ဖျင်ကတော့ ကျေနပ်နေသော အမူအရာနှင့် သစ်ပင်ပေါ်တွင် ထိုင်နေခဲ့သည်။ သူမ၏ပုံစံက ပထမဆုံး သင်ခန်းစာကို သင်ပေးတော့မည့် ဆရာငယ်လေး တစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့၏။
သူမက ချန်းပင်အန်းကို သင်ခန်းစာကောင်းတစ်ခုပေးရန် လည်ချောင်းရှင်းလိုက်သည်။ မဟုတ်လျှင် သူက လမ်းကြောင်းအမှားကို ရောက်သွားနိုင်ပြီး မမှန်ကန်သော ကျင့်စဉ်ကို အသုံးချသည့်အတွက် သူ့ခန္ဓာကိုယ်က ပျက်စီးသွားနိုင်၏။ အကယ်၍ ထိုသို့ဖြစ်လာမည်ဆိုလျှင် သူမ တစ်ယောက်တည်း ကျန်နေတော့မည်ဖြစ်၏။
ခေါင်းထဲတွင် ထိုအတွေးမျိုး ရှိနေသည့်အတွက် သူမက လေးလေးနက်နက် အမူအရာနှင့် ပြောလိုက်သည်။
“ငါက သိုင်းပညာနဲ့ ပတ်သက်တဲ့ သဘောတရားအချို့ကို အကြမ်းဖျင်း နားလည်ထားတယ်။ အဲဒါကလည်း ငါတို့မိသားစုထဲမှာ ကျူးလုလို့ခေါ်တဲ့ အစေခံတစ်ယောက် ရှိနေလို့ပဲ။ သူက အသက်ငယ်ငယ်လေးနဲ့ သိုင်းပညာကို လေ့လာတဲ့နေရာမှာ ပါရမီရှိတယ်လို့ မိသားစုခေါင်းဆောင်ကတောင် ပြောထားတယ်။ ငါက သူနဲ့ အရမ်းရင်းနီးတယ်။ သူက တစ်ယောက်တည်း နေတတ်ပြီး ငါက လွဲရင် တခြားအပြင်လူတွေနဲ့ စကားမပြောတတ်ဘူး။ သူက သိုင်းပညာနဲ့ပတ်သက်ပြီး ငါသိထားတဲ့ အရာအားလုံးကို ပြောပြခဲ့တဲ့ တစ်ယောက်ပဲ…”
“တစ်ရက်မှာ ငါက အစ်မကြီးကျူးလုနဲ့အတူ တိတ်တဆိတ် အဝေးကို သွားခဲ့တယ်။ သူကတော့ သစ်သားတိုင်လုံးတွေ အပေါ်မှာ လေ့ကျင့်နေခဲ့တာ။ အမြင့်ဆုံးတိုင်လုံးက လူတစ်ရပ်ကျော် အမြင့်လောက်ရှိတယ်။ အဲဒါက တော်တော်လေး ပျော်စရာကောင်းတယ်။ ဒါပေမဲ့ တစ်ကြိမ်မှာတော့ ငါက မတော်တဆခြေချော်ပြီး ပြုတ်ကျသွားတယ်။ ငါက အဆင်ပြေပေမဲ့ မိသားစုခေါင်းဆောင်ကတော့ အစ်မကြီးကျူးလုကို ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့တယ်။ အဲဒီနောက်မှာတော့ အစ်မကြီးကျူးလုက မနက်ခင်းနဲ့ ညပိုင်း သိုင်းပညာလေ့ကျင့်တဲ့အချိန်တိုင်း ငါ့ကို လုံးဝခေါ်မသွားတော့ဘူး…”
ထိုစကားကိုကြားသည့်အခါ ချန်းပင်အန်းက အနည်းငယ် အပြစ်ရှိသလို ခံစားလိုက်ရသည်။ လီပေါင်ဖျင် ပြောနေသော အစ်မကြီးကျူးလုဟူသည်မှာ ထိုနေ့တွင် အမိုးအုတ်ပြားနှင့် အပစ်ခံလိုက်ရသော အစေခံဖြစ်နိုင်ခြေများသည်။ သူက ရင်ဘတ်နှင့်ခေါင်းကို အမိုးအုတ်ပြားနှင့် ပစ်ခတ်ခဲ့၏။
ထိုအချိန်တွင် သူက လီကလန်၏ စံအိမ်ထဲသို့ ခိုးဝင်သွားခဲ့ပြီး သူ၏လောက်လေးခွကိုသုံး၍ ငှက်လှောင်အိမ်ထဲတွင် ရှိနေသော အစာခွက်(၂)ခုကိုလည်း ဖျက်ဆီးပစ်ခဲ့သေးသည်။ ကျန့်ယန်တောင်မှ ကလေးမလေးကို ကာကွယ်နေသောအစေခံက သူ့ကို အရင်ဆုံး ရှာတွေ့သွားခဲ့ပြီး သူမက အမိုးပေါ်သို့ လျင်မြန်စွာ ခုန်တက်လာခဲ့သည်။ ယခု သူက ထိုအဖြစ်အပျက်များကို ပြန်လည်စဉ်းစားကြည့်လိုက်သည့်အခါ သူမအပေါ် လေးစားသွားမိခဲ့သည်။
ချန်းပင်အန်းက သူ့ကိုယ်သူ လီပေါင်ဖျင်၏ ဦးလေးငယ်အဖြစ် အသိအမှတ်ပြုရန် တွေဝေနေသေးသော်လည်း သူမကတော့ သိထားသမျှ အရာအားလုံးကို မချွင်းမချန် ပြောပြနေခဲ့သည်။
သူမက ဆက်ပြောလိုက်၏။
“ငါက ဥပမာတစ်ခု ပြောပြမယ်။ ရှစ်ချွန်ကျားတို့ မိသားစုက ဆိုင်တစ်ဆိုင် ပိုင်တယ်။ သူတို့ရဲ့အလုပ်က ဆိုင်အတွက် ဖြည့်ဆည်းဖို့ပဲ။ ပြီးတော့ အကျိုးအမြတ်များတဲ့ ဝင်ငွေတွေ ဖန်တီးလို့ရတယ်။ ဒါကြောင့်လည်း သူတို့ရဲ့ဈေးဆိုင်က ငါတို့မြို့ငယ်လေးထဲမှာ ရှေးအကျဆုံး ဆိုင်တွေထဲက တစ်ခုပဲ။ ဒါပေမဲ့ သူတို့ကသာ ဝယ်သူတွေကို မဆွဲဆောင်ဘဲ ပစ္စည်းတွေလုပ်ဖို့ပဲ ငွေကြေးကို အသုံးပြုနေမယ်ဆိုရင် သူတို့ရဲ့ငွေကြေးတွေ မြန်မြန်ကုန်သွားပြီး ဆိုင်ကိုလည်း ပိတ်လိုက်ရမှာ မဟုတ်လား..”
ချန်းပင်အန်းကဲ့သို့ ငွေမက်သော လူတစ်ယောက်အတွက် ထိုသုံးသပ်မှုက ပြည့်စုံလှသည်။ သူ၏မျက်နှာပေါ်တွင် နားလည်သွားသည့် အမူအရာတစ်ခု ချက်ချင်းပေါ်လာပြီး ပြောလိုက်၏။
“ဒါဆိုရင် နင်ပြောချင်တာက စုဆောင်းထားတာတွေ ရှိနေတဲ့ လူတစ်ယောက်လိုပေါ့။ တကယ်လို့ သူတို့က လက်သီးသိုင်းကို ကောင်းကောင်းလေ့ကျင့်နိုင်မယ်ဆိုရင်တော့ သူတို့ရဲ့ကြွယ်ဝချမ်းသာမှုတွေက တိုးတက်လာနိုင်တယ်။ ပြီးတော့ အပြန်အလှန်ပဲ။ တကယ်လို့ တစ်ယောက်ယောက်က လက်သီးသိုင်းကို ကောင်းကောင်း မလေ့ကျင့်ဘူးဆိုရင် သူတို့သိမ်းဆည်းထားတဲ့အရာတွေက တဖြည်းဖြည်းနဲ့ ကုန်သွားမှာပဲ မဟုတ်လား…”
လီပေါင်ဖျင်က ထိုအရာကို ခဏကြာစဉ်းစားပြီး ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်သည်။
“အဲဒီသဘောမျိုးပါပဲ။ ဦးလေးငယ် … လက်သီးသိုင်းကို လေ့ကျင့်တာက အသက်ဆုံးရှုံးနိုင်တဲ့ နည်းလမ်းတစ်ခုဆိုတဲ့ စကားကိုရော ကြားခဲ့ဖူးလား။ လက်သီးသိုင်းက ကျင့်ကြံသူတစ်ယောက်ကို အချိန်တိုလေးအတွင်း ထူးခြားတဲ့အစွမ်းတွေ ပေးနိုင်တယ်။ ပြီးတော့ အရမ်းကို အစွမ်းထက်ပြီး ကြောက်စရာလည်း ကောင်းတယ်။ အမှန်အတိုင်း ပြောရရင်တော့ သူတို့က အသုံးပြုတဲ့သူကို ပြင်းပြင်းထန်ထန် ထိခိုက်စေတာပဲ။ ဒါကြောင့် ကျင့်ကြံမှုရဲ့ သော့ချက်ကို မတွေ့သေးတဲ့ လက်သီးကျင့်ကြံသူတွေက ပုံစံမမှန်ဘဲ လေ့ကျင့်နေတယ်လို့ ဆိုလိုတာပဲ…”
“သူတို့တွေ အများစုကတော့ အသက်ငယ်ငယ်လေးနဲ့ ဒဏ်ရာပေါင်းစုံ ရသွားတတ်တယ်။ သူတို့က အသက်ကြီးတဲ့အထိ အသက်ရှင်နေနိုင်ဖို့တောင် ခက်ခဲတယ်။ တကယ်လို့ သူတို့က နေနိုင်မယ်ဆိုရင်တောင် အခြေအနေက တော်တော်လေးကို ဆိုးရွားနိုင်တယ်။ သူတို့က လက်သီးသိုင်းကို ပထမဆုံး စတင်လေ့ကျင့်ခဲ့တဲ့ အချက်ကြောင့် ဘာအကျိုးအမြတ်မှမရှိဘဲ ငွေကြေးတွေ ဖြုန်းတီးနေသလို ဖြစ်နေတယ်။ ဒါက သူတို့ရဲ့စုဆောင်းမှုတွေကို ဆက်တိုက်လွှင့်ပစ်နေသလိုမျိုးပဲ…”
လီကလန် မျိုးနွယ်ခေါင်းဆောင်၏စကားအရ လီပေါင်ဖျင်က ဖင်မရှိဘဲ မွေးဖွားလာခြင်း ဖြစ်သည်။ ထို့ကြောင့် သူမက ထိုင်မနေနိုင်ဘဲ အမြဲလှည့်ပတ်သွားလာနေခြင်းဖြစ်၏။ သို့သော် ယခုတော့ သူမက စကားပြောနေရင်း တဖြည်းဖြည်း ပို၍စိတ်လှုပ်ရှားလာခဲ့သည်။
သူမက မိုးမခပင်အိုကြီး၏ သစ်ကိုင်းပေါ်တွင် မတ်တပ်ရပ်ရန် ပြင်လိုက်သော်လည်း ချန်းပင်အန်းက ရှုတည်တည်နှင့် စိုက်ကြည့်လိုက်သည့်အတွက် သူမလည်း ပြန်ထိုင်လိုက်ရပြီး ဆက်ပြောလိုက်၏။
“ဒါကြောင့် ဦးလေးငယ်က ဂရုစိုက်ဖို့ လိုအပ်တယ်။ ဦးလေးငယ်က လက်သီးသိုင်း လေ့ကျင့်တဲ့အချိန်မှာ အစစ်အမှန်သော့ချက်ကို သေချာပေါက် ရှာဖွေရလိမ့်မယ်။ ဒီကမ္ဘာကြီးထဲမှာ မတူညီတဲ့လက်သီးသိုင်းတွေ အများကြီးရှိတယ်။ အဓိက အရေးကြီးဆုံး အချက်တွေထဲက တစ်ခုကတော့ လူတစ်ယောက်က ဘယ်လောက်ထိ အဆင့်မြင့်မြင့် ရောက်နိုင်လဲဆိုတာ သူတို့ရဲ့လက်သီးသိုင်းနဲ့ ဆက်စပ်နေတဲ့ သွေးကြောမှတ်တွေကို ရှာတွေ့မတွေ့အပေါ် မူတည်နေတယ်….”
“အနည်းဆုံးတော့ အဲဒီသွေးကြောမှတ်တွေကို ရှာတွေ့ပြီးသွားရင် လုပ်ရမဲ့အရာကတော့ လမ်းတလျှောက်မှာရှိတဲ့ သွေးကြောမှတ်တွေကို အားဖြည့်ပြီး အကောင်းဆုံး ချီစွမ်းအင်လှည့်ပတ်မှု လမ်းကြောင်းတစ်ခု ရှာဖွေဖို့ပဲ။ အဲဒါက မြေကြီးကို မိုးရေတွေနဲ့ သိပ်သည်းအောင် လုပ်ပေးလိုက်သလိုမျိုးပဲ။ တကယ်လို့ ဦးလေးငယ် လေ့ကျင့်နေတဲ့ လက်သီးသိုင်းက အဆင့်မမြင့်ဘူးဆိုရင်တောင် ဦးလေးငယ်က မှန်ကန်တဲ့လမ်းကြောင်းကို လျှောက်နိုင်မယ်ဆိုရင် ခန္ဓာကိုယ်က အစွမ်းထက်လာပြီး သက်တမ်းက ပိုပြီးတော့ ရှည်လာနိုင်တယ်။ တစ်ဖက်မှာတော့ လမ်းမှားကို လျှောက်မိမယ်ဆိုရင် လက်သီးသိုင်းက ပိုပြီးအဆင့်မြင့်လာလေလေ၊ ဦးလေးငယ်ရဲ့ ကျန်းမာရေးကို ပိုပြီးထိခိုက်လာလေလေပဲ…”
ချန်းပင်အန်း၏မျက်နှာပေါ်တွင် စဉ်းစားနေသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက ခန္ဓာကိုယ်ထဲတွင် ရှိနေသော ချီစွမ်းအင်များ၏ တည်ရှိမှုကို ခံစားမိခဲ့၏။ ထိုအရာက လမ်းပျောက်နေသော မီးနဂါးလေးတစ်ကောင် မီးဖိုကြီးတစ်ခုထဲတွင် ဦးတည်ရာမဲ့ သွားလာနေသလိုဖြစ်နေခဲ့၏။
အတိတ်တုန်းကတော့ ထိုမီးနဂါးလေးက ခေါင်းမရှိသော ကြက်ကလေး တစ်ကောင်ကဲ့သို့ ဦးတည်ချက်မရှိဘဲ နံရံတစ်ခုကို တိုက်မိသည့် အချိန်တိုင်း ပြန်လှည့်လာတတ်သည်။ လက်ရှိအချိန်တွင် သူ လှုပ်ရှားခဲ့သော နယ်မြေများက တဖြည်းဖြည်းပို၍ ကြီးမားလာသော်လည်း သူက ဝမ်းဗိုက်ထဲတွင် ရှိနေသော သွေးကြောမှတ်များ အနားကိုသာ ပြန်သွားတတ်သည်။
သူက ထိုနေရာတွင် တိတိကျကျမရှိဘဲ လှည့်ပတ်သွားလာနေရခြင်းဖြစ်၏။ အပြင်သို့ထွက်၍ ကစားသော ကလေးတစ်ယောက်က မောပန်းသွားပြီးနောက် အိမ်သို့ပြန်သွားချင်နေသော်လည်း အိမ်ပြန်ရန် ဝင်ပေါက်ကို ရှာမတွေ့သလို ဖြစ်နေခဲ့သည်။
အလွန်ထူးဆန်းသော ချီစွမ်းအင်များကြောင့် ချန်းပင်အန်းက နာကျင်မှုနှင့် မသက်မသာ ခံစားမှုများကို လုံးဝခံစားခဲ့ရခြင်း မရှိချေ။ ထိုအစား သူကတော့ အလွန်နွေးထွေးပြီး သက်တောင့်သက်သာရှိသော ခံစားမှုတစ်ခုသာ ရရှိခဲ့၏။ သူက ဆောင်းရာသီတွင် နေပူစာလှုံနေသကဲ့သို့ ခံစားနေရသည်။
ငယ်စဉ်ကတည်းက ချန်းပင်အန်းက သူ၏ကိုယ်တွင်းအင်္ဂါများနှင့် ပတ်သက်ပြီး အာရုံနိုင်စွမ်း အလွန်မြင့်မားသည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်ထဲတွင် တစ်စုံတစ်ခု လွဲမှားသွားသည်နှင့် သူက လျင်မြန်စွာ သတိထားမိနိုင်၏။
ယွင်ရှားတောင်မှ ချိုက်ကျင်းကျန့်က သူ့ကို ကြာကြာအသက်မရှင်နိုင်တော့ကြောင်း ပြောသည့်အချိန်တွင် ချန်းပင်အန်းက ဟာသတစ်ခုကဲ့သို့ ယူဆထားမည်ဟု သူမက တွေးခဲ့မိသည်။ သို့သော် အမှန်အတိုင်း ပြောရလျှင်တော့ သူမက အမှန်အတိုင်း ပြောနေခြင်းဖြစ်ကြောင်း ချန်းပင်အန်းက ချက်ချင်းသိခဲ့၏။
သူက ခန္ဓာကိုယ်ကို ဆိုးရွားစွာ သက်ရောက်စေနိုင်သော ချီစွမ်းအင်များကို မခံစားမိကြောင်း မြင်နေရသည့်အတွက် ထိုအရာကို စိတ်ကြိုက် လုပ်ဆောင်ခွင့်ပေးထားခဲ့သည်။ သူက မည်သည့်သွေးကြောမှတ်ကို သူ့အိမ်အဖြစ် ရွေးချယ်မည်ဖြစ်ကြောင်း သူလည်း တော်တော်လေး စိတ်ဝင်စားနေခဲ့၏။
လီပေါင်ဖျင်က ခြေထောက်လေးနှစ်ဖက်ကို လွှဲယမ်းပြီး လက်ပိုက်၍ ပြောလိုက်သည်။
“သိုင်းပညာကို လေ့ကျင့်ရတဲ့ အဓိကသော့ချက်ကတော့ ချီစွမ်းအင်ဖြန့်ဝေမှုလို့ လူသိများတယ်။ အဲဒါက ကျင့်ကြံသူတွေ အဓိကလိုက်နာရတဲ့ ချီစွမ်းအင်တိုးတက်မှု၊ ချီစွမ်းအင်သန့်စင်မှုတွေနဲ့တော့ လုံးဝကွဲပြားတယ်။ ပြောရရင်တော့ ချီစွမ်းအင် တိုးတက်မှုနဲ့ ချီစွမ်းအင်သန့်စင်မှုတွေက အချိန်ကြာကြာ လေ့ကျင့်လေလေ၊ အကျိုးအမြတ်တွေပိုပြီးတော့ ပေးနိုင်လေလေပဲ….”
“သိုင်းပညာလေ့ကျင့်မှုက ကနဦးချီစွမ်းအင်ပေါက်ကွဲမှုကို ရှာဖွေနိုင်ခြင်းနဲ့ ပတ်သက်နေတယ်။ ပြီးရင်တော့ အတားအဆီးတွေကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်နိုင်လိမ့်မယ်။ အငွေ့အသက်တွေအားလုံးကို ဖယ်ရှားပြီး သွေးကြောမှတ်ထဲမှာ နေရာယူပြီးရင် ကနဦးချီစွမ်းအင်ပေါက်ကွဲမှုတွေအဖြစ် ပြောင်းလဲပစ်နိုင်တယ်။ အဲဒီဖြစ်စဉ်တွေရဲ့ အဆုံးသတ်မှာတော့ ဦးလေးငယ်က ချီစွမ်းအားတွေကို ကိုယ့်ရဲ့စိတ်တစ်ခုလို စိတ်ကြိုက်ထိန်းချုပ်နိုင်လိမ့်မယ်။ ပြီးတော့ တခဏအတွင်း မိုင်ပေါင်းများစွာ လှည့်ပတ်နိုင်ပြီး အဆင့်(၉)ကို ရောက်သွားရင် မီတာ(၁)သောင်းလောက်အထိတောင် ထုတ်လွှတ်နိုင်လိမ့်မယ်….”
“အဲဒီလို လုပ်နိုင်မယ်ဆိုရင် ဦးလေးငယ်ရဲ့ ခန္ဓာကိုယ်ထဲမှာရှိတဲ့ စွမ်းအင်တွေအားလုံးကို ချက်ချင်း အသုံးပြုနိုင်လိမ့်မယ်။ ရလာတဲ့စွမ်းအားတွေက အရမ်းကို များလွန်းတဲ့အတွက် ကောင်းကင်ဘုံကို ပျံသန်းနိုင်တဲ့ ကျင့်ကြံသူတွေထက်တော့ နိမ့်ကျမှာမဟုတ်ဘူး။ အစ်မကြီးကျူးလုက ကျွန်မကို တစ်ကြိမ်ပြောခဲ့ဖူးတယ်။ သိုင်းပညာရှင်တွေက နံရံတွေ၊ အမိုးတွေပေါ်မှာ အလွယ်တကူ ပြေးလွှားနိုင်ကြတယ်။ သူတို့က ကျင့်ကြံသူတွေလိုတောင် ပျံသန်းနိုင်ကြတယ်။ တကယ်လို့ သိုင်းပညာလမ်းကြောင်းမှာ ပိုပြီးအဆင့်မြင့်မြင့် ရောက်နိုင်မယ်ဆိုရင်တော့ မောက်မာတဲ့ ကျင့်ကြံသူတွေကိုတောင် အလွယ်တကူ သတ်ပစ်နိုင်လိမ့်မယ်…”
ချန်းပင်အန်းက အပြုံးနှင့် မေးလိုက်သည်။
“သိုင်းပညာလမ်းကြောင်းကို လေ့ကျင့်ပြီး အဲဒီလောက် အစွမ်းထက်လာနိုင်တယ်ဆိုရင်တော့ တော်တော်လေးကို ကောင်းတဲ့အရာတစ်ခုပဲ။ ဒါပေမဲ့ ဘာလို့ တခြားသူကို အလွယ်တကူ သတ်ပစ်နိုင်ခြင်းရှိမရှိဆိုတာနဲ့ လူတစ်ယောက်ရဲ့အစွမ်းကို တိုင်းတာနေကြရတာလဲ…”
ထိုစကားကိုကြားသည့်အခါ လီပေါင်ဖျင်က အနည်းငယ်တွေဝေသွားခဲ့၏။ သူမက ခေါင်းခါပြီး အမှန်အတိုင်း ပြန်ဖြေလိုက်သည်။
“ကျွန်မက အဲဒီကိစ္စကို လုံးဝမစဉ်းစားဖူးဘူး။ အစ်မကြီးကျူးလု ပြောခဲ့တဲ့အတိုင်း ပြန်ပြောပြတာပဲ။ အဲဒီအကြောင်းအရာတွေ ပြောပြခဲ့တဲ့အချိန်မှာ သူက အဲဒီအဆင့်ကို ရောက်ချင်တဲ့အကြောင်း ပြောခဲ့တယ်။ ကျွန်မက နေ့တိုင်းငါး(၁)ကောင်ဖမ်းမိဖို့ အိပ်မက် မက်နေသလိုမျိုးပဲ…”
ခဏကြာစဉ်းစားနေပြီးနောက် လီပေါင်ဖျင်က ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အခု သေချာစဉ်းစားကြည့်လိုက်တော့ အစ်မကြီးကျူးလု ပြောခဲ့တဲ့စကားတွေအရ သိုင်းပညာရှင်တွေနဲ့ ကျင့်ကြံသူတွေက ရန်သူတွေဖြစ်ကြမယ် ထင်တယ်။ ကျင့်ကြံသူတွေက သိုင်းပညာရှင်တွေကို အမြဲတမ်း နှိမ့်ချဆက်ဆံနေကြတာ။ သိုင်းပညာရှင်တွေဆိုတာ အဆင့်နိမ့်တဲ့ ကျင့်ကြံသူတွေဖြစ်ပြီး သူတို့ဆီမှာ ကျင့်ကြံရေးပါရမီမရှိဘူးလို့ သတ်မှတ်ထားကြတာ။ ဒါကြောင့် သိုင်းပညာရှင်တွေကို သူတို့ထက်နိမ့်ကျတယ်လို့ သတ်မှတ်ပြီး သူတို့က သာမန်နောက်လိုက်ခွေးတွေလို့ပဲ သတ်မှတ်ထားတာ…”
“အလားတူပဲ ကျင့်ကြံသူတွေအားလုံးက မောက်မာပြီး ဘဝင်မြင့်နေတယ်လို့ သိုင်းပညာရှင်တွေက ခံစားနေကြရတယ်။ သူတို့ကို အဆင့်နိမ့်တယ်လို့ သတ်မှတ်ခံရတာလည်း မတရားဘူးလို့ သိုင်းပညာရှင်တွေက တွေးမိကြလိမ့်မယ်။ အဲဒီအချိန်မှာ ကျင့်ကြံသူတွေကတော့ စိတ်တိုင်းကျနေရာတွေ၊ သုခဘုံတွေကို အလွယ်တကူ ရရှိနိုင်ကြတယ်။ သူတို့ကတော့ ကြိုးစားအားထုတ်မှုနည်းနည်းလေးပဲ လုပ်ကြရပေမဲ့ အကျိုးအမြတ် အများကြီးရကြတယ်….”
“အဲဒီအပြင် သူတို့က ကိုယ့်ကိုယ်ကိုယ် အင်မော်တယ်အဖြစ်လည်း သတ်မှတ်နိုင်ကြသေးတယ်။ သူတို့က လျှို့ဝှက်ဆန်းကြယ်တဲ့ ကျင့်စဉ်တွေကို ကျင့်ကြံပြီး ထာဝရရှင်သန်မှုကို ရနိုင်ကြတယ်။ သူတို့ကို သာမန်လူတွေ၊ သိုင်းပညာရှင်တွေက လေးစားကိုးကွယ်ကြရမယ်လို့ သူတို့က တွေးကြတယ်လေ..”
ထိုစကားကို ပြောနေရင်း လီပေါင်ဖျင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာခဲ့သည်။
“ဒါပေမဲ့ ဦးလေးငယ်က အဲဒီအရာတွေကို ဂရုစိုက်စရာ မလိုပါဘူး။ အဲဒါတွေက ပျင်းစရာကောင်းပြီး အခြေအမြစ်မရှိတဲ့အရာတွေပါပဲ…”
ထို့နောက် လီပေါင်ဖျင်၏ မျက်နှာပေါ်တွင် တွေဝေနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူမက အပြစ်တစ်ခု လုပ်မိထားသည့်အလား တွေဝေနေပုံရ၏။ အဆုံးတွင်တော့ သူမက ချန်းပင်အန်းကို မလိမ်ချင်ခဲ့ပေ။ ထို့ကြောင့် အမှန်အတိုင်း ရှင်းရှင်းလင်းလင်း ပြောပြရန် ဆုံးဖြတ်လိုက်၏။
“အစ်မကြီးကျူးလုနဲ့ သူ့အဖေ ဦးလေးကျူးဟယ်တို့က တောင်ပိုင်းနယ်စပ်ကို ကျွန်မတို့နဲ့အတူ လိုက်လာဖို့ တောင်းဆိုခဲ့တယ်။ ဒါပေမဲ့ ဦးလေးငယ်က သူတို့ကို မကြိုက်မှာ စိုးရိမ်တဲ့အတွက် သူတို့ကို လိမ်ပြောလိုက်ပြီး မြို့ရဲ့အရှေ့ဘက်တံခါးမှာ သွားပြီး စောင့်နေဖို့ ပြောခဲ့တယ်။ တကယ်လို့ ဦးလေးကျူးဟယ်သာ ကျွန်မတို့နဲ့အတူ ပါလာမယ်ဆိုရင် ဦးလေးငယ်ရဲ့လက်သီးသိုင်းပညာကို ညွှန်ကြားပေးနိုင်လိမ့်မယ်..”
“အစ်မကြီးကျူးလုက သူ့အဖေရဲ့လမ်းညွှန်မှုနဲ့ သိုင်းပညာကို လေ့ကျင့်နေခဲ့တာ။ သိုင်းပညာ လေ့ကျင့်တဲ့နေရာမှာ ဦးလေးကျူးဟယ်ရဲ့ပါရမီက ကန့်သတ်ချက် ရှိနေပေမဲ့ တခြားသူတွေကို သင်ပေးတဲ့နေရာမှာ အရမ်းတော်တယ်လို့ မျိုးနွယ်ခေါင်းဆောင်ကတောင် တစ်ကြိမ်ပြောခဲ့ဖူးတယ်။ ဒါကြောင့် သူက တကယ်တော်တဲ့ ဆရာတစ်ယောက်လို့ သတ်မှတ်နိုင်တယ်။ တာ့လီ မြို့တော်မှာရှိတဲ့ ကလန်ကြီးတွေထဲမှာတောင် သူက အထူးဧည့်သည်တစ်ယောက်အဖြစ် ဆက်ဆံခံရမှာ။ ဒါပေမဲ့ ကျွန်မကြောင့် ဦးလေးကျူးဟယ်နဲ့ အစ်မကြီးကျူးလုတို့ ပါမလာကြတော့ဘူး…”
ချန်းပင်အန်းက အလျင်အမြန် နှစ်သိမ့်ပေးလိုက်သည်။
“ဒါလည်း အဆင်ပြေပါတယ်။ ငါ့ရဲ့လက်သီးသိုင်းပညာကို လမ်းညွှန်ပေးဖို့ ဆရာတစ်ယောက် မလိုအပ်ပါဘူး။ ငါ့ရဲ့ကျင့်ကြံရေးလမ်းပြစာအုပ် ရှိနေတာပဲ။ လက်ရှိအချိန်မှာတော့ ငါက ကျင့်ကြံရေးလမ်းပြ စာအုပ်ထဲမှာရှိတဲ့ စကားလုံးတွေ အားလုံးကို မသိသေးဘူး။ ဒါကြောင့် ငါက မျက်ကန်းတစ်ယောက်လို လေ့ကျင့်နေလို့လည်း မရဘူး။ အခုကစပြီး ငါလုပ်လို့ရတာက လမ်းလျှောက်တဲ့ပုံစံနဲ့ မတ်တပ်ရပ်ပြီး လေ့ကျင့်လို့ရတဲ့အရာတွေကို လုပ်ဆောင်ဖို့ပဲ…”
“အဲဒီလေ့ကျင့်မှုတွေက လုံခြုံပြီး ငါ့ရဲ့ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်မယ်ဆိုတာကတော့ သေချာနိုင်တယ်။ တကယ်လို့ ငါ့ရဲ့လက်သီးသိုင်းပညာမှာ တိုးတက်မှု ရှိချင်တယ်ဆိုရင်တော့ ငါက ကျင့်စဉ်စာအုပ်တစ်ခုလုံးကို ကိုယ်တိုင်ဖတ်ပြီး သင်ယူနိုင်ဖို့ လိုလိမ့်မယ်။ ဒါပေမဲ့ ငါက အလျင်မလိုပါဘူး။ လက်သီးသိုင်းကို လေ့ကျင့်ရတဲ့ ငါ့ရဲ့ရည်ရွယ်ချက်က အစွမ်းထက်တဲ့ သိုင်းပညာရှင်တစ်ယောက်ဖြစ်လာဖို့ မဟုတ်ဘူး။ ငါလိုချင်တာက အသက်ရှည်ရှည် နေထိုင်နိုင်ဖို့ပဲ။ ငါ့မှာ တခြားဘာရည်မှန်းချက်မျိုးမှ မရှိဘူး…”
သို့သော် လီပေါင်ဖျင်ကတော့ သူမ အမှားလုပ်မိပြီဟူသော အတွေးကိုသာ ဆွဲကိုင်ထားပြီး စက္ကန့်နှင့်အမျှ တဖြည်းဖြည်းပို၍ အပြစ်ရှိလာသလို ခံစားနေရသည်။ သူမ၏နှုတ်ခမ်းကလည်း တဖြည်းဖြည်း ပို၍ ရှုံ့မဲ့လာပြီး မျက်လုံးထဲတွင် မျက်ရည်များ ဝိုင်းလာခဲ့သည်။
“သိုင်းပညာမှာ ဆရာက အခြေခံကို သင်ကြားပေးဖို့ပဲ တာဝန်ရှိတယ်။ တပည့်ရဲ့ပါရမီနဲ့ ကြိုးစားအားထုတ်မှုအပေါ် မူတည်ပြီး သူတို့က ဘယ်လောက်ဝေးဝေး ရောက်နိုင်လဲဆိုတာကို ဆုံးဖြတ်ကြတာ။ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် ဆရာက အရေးပါတဲ့နေရာတစ်ခု ရှိနေသေးတယ်။ ဆရာတစ်ယောက်ရဲ့အရည်အချင်းက သူ့တပည့်ရဲ့စမှတ် ဘယ်လောက်ထိမြင့်လဲဆိုတာကို ဆုံးဖြတ်ပေးလိမ့်မယ်။ အဲဒီအပြင် တချို့ဆရာတွေက သူတို့ရဲ့ အရည်အချင်း ကန့်သတ်ချက် ရှိနေတဲ့အတွက် သူတို့မှာ ရွေးချယ်ခွင့်မရှိဘဲ တပည့်ကို ကိုယ့်အစွမ်းအစနဲ့ကိုယ် ဆက်သွားဖို့ ခွင့်ပြုကြရတယ်။ ဒါပေမဲ့ ပိုပြီးအရည်အချင်းရှိတဲ့ ဆရာတွေကတော့ လွှတ်မပေးခင် သူတို့ရဲ့ တပည့်တွေကို မြင့်မြင့်ရောက်အောင် လမ်းညွှန်ပေးနိုင်ကြတယ်။ ဒါကြောင့် ဆရာကောင်း တစ်ယောက်ကိုရှာဖို့လိုသလို သူတို့က အရည်အချင်းရှိတဲ့ ဆရာတစ်ယောက်ဆိုတာ သေချာဖို့ လိုအပ်တယ်။ အဲဒီလူက နာမည်ကျော်ကြားဖို့ မလိုဘူး…”
လီပေါင်ဖျင်က ဝမ်းနည်းပက်လက် အမူအရာနှင့် ပြောလိုက်ပြီး မျက်လုံးထဲမှ မျက်ရည်များ စီးကျလာတော့မလို ဖြစ်နေခဲ့သည်။
သူမက ဆက်ပြောလိုက်၏။
“ဦးလေးငယ်…
ဦးလေးငယ်က သိုင်းပညာပါရမီရှင်တစ်ယောက်ပဲ။ ကျွန်မ လိမ်လိုက်တဲ့အရာက ဦးလေးငယ်ကို သိုင်းပညာရှင် တစ်ယောက် ဖြစ်လာစေဖို့ အနှောင့်အယှက်တစ်ခု ဖြစ်သွားပြီ…”
သူက သိုင်းပညာ ပါရမီရှင် တစ်ယောက်ဖြစ်သည်ဟု သူမက မည်သို့ကောက်ချက်ချခဲ့ကြောင်း ချန်းပင်အန်းလည်း နားမလည်နိုင်ခဲ့ပေ။ သို့သော် သူကတော့ ထိုအတွေးကို ဆက်လက်အာရုံစိုက်နေရန် အချိန်မရှိခဲ့ပေ။ ယခုအချိန်တွင် ပထမဦးစားပေးက သူမ မငိုအောင် တားဆီးရန်သာ ဖြစ်သည်။
လီပေါင်ဖျင် စိတ်ဓာတ်ကျနေသည့် အချိန်တိုင်း သူမ၏ခံစားချက်များက အမှန်တကယ်ကို နှလုံးကွဲကြေနေခြင်း ဖြစ်သည်။ သူမက အာရုံစိုက်မှု ရရှိစေရန် သာမန်ကလေးများကဲ့သို့ အပေါ်ယံ ဟန်ဆောင်နေခြင်းမျိုး မဟုတ်ချေ။
ရုတ်တရက်ဆိုသလို ချန်းပင်အန်းက အတွေးတစ်ခုရ သွားခဲ့၏။ သူက လက်ကို မြှောက်လိုက်ပြီး လီပေါင်ဖျင်၏ မျက်နှာရှေ့တွင် လက်ဖဝါး ဖြန့်လိုက်၍ လက်သီးဆုပ်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။
“ဒါဆိုရင် လုံလောက်ပြီ…”
ထိုအပြုအမူကြောင့် လီပေါင်ဖျင်က ချက်ချင်းပင် စိတ်ဝင်စားသွားခဲ့၏။ ရလဒ်အနေနှင့် သူမ၏မျက်ရည်စီးကြောင်းများက ချက်ချင်း တိတ်သွားခဲ့သည်။
“ဘာလုပ်တာလဲ ဦးလေးငယ်….”
ချန်းပင်အန်းက လက်သီးကို ဝှေ့ယမ်းပြီး အားရပါးရ ရယ်လိုက်၏။
“အခု ဦးလေးငယ်က ဘာလုပ်နေတယ်လို့ ထင်လို့လဲ။ ဒါက တော်တော်လေး အံ့ဩစရာကောင်းတယ် မဟုတ်လား။ ငါက မင်းကို ချက်ချင်း အငိုတိတ်အောင် လုပ်နိုင်ခဲ့ပြီ…”
ချန်းပင်အန်းက လီပေါင်ဖျင်ကို နှစ်သိမ့်ရန် နည်းလမ်းပေါင်းစုံ ကြိုးစားခဲ့သည်။ ထိုအရာက သူမ၏ဦးလေးငယ်အဖြစ် ပထမဆုံးအကြိမ် ကိုယ့်ကိုယ်ကိုယ် တရားဝင် အသိအမှတ်ပြုလိုက်ခြင်းလည်း ဖြစ်၏။
လီပေါင်ဖျင်က မျက်ရည်များ ကျနေသော်လည်း ချက်ချင်းပင် ပြုံးလိုက်မိသည်။ သူမက စိတ်ပျက်နေခြင်းကြောင့် မဟုတ်ဘဲ သူမ၏အပျော်က စိတ်ပျက်မှုထက် ကျော်လွန်သွားခြင်းကြောင့်ဖြစ်၏။
ထိုအရာကို မြင်သည့်အခါ ချန်းပင်အန်းက အလွန်စိတ်အေးသွားခဲ့သည်။ သူက မိုးမခပင်အိုကြီး၏ သစ်ကိုင်းပေါ်တွင် လက်နှစ်ဖက် ထောက်လိုက်ပြီး လီပေါင်ဖျင်က ဘေးတွင် ထိုင်လိုက်သည်။ သူတို့၏ခြေထောက်နားတွင်တော့ ခြင်းတောင်းတစ်စုံ ရှိနေခဲ့၏။
လီပေါင်ဖျင်က တိတ်တဆိတ် ပြောလိုက်သည်။
“ဦးလေးကျူးဟယ်က အစ်မကြီးကျူးလုကို မကြာခဏ ဆုံးမတတ်တယ်။ လက်သီးကျင့်စဉ် လေ့ကျင့်တဲ့နေရာမှာ နည်းလမ်းလွဲသွားရင် ခန္ဓာကိုယ်ကို ပျက်စီးသွားစေနိုင်တယ်တဲ့။ ဒါပေမဲ့ လက်သီးသိုင်းရဲ့ အစစ်အမှန်အနှစ်သာရကို ရှာဖွေနိုင်တဲ့သူကတော့ လက်သီးတစ်ချက်တည်းနဲ့ နတ်ဘုရားတွေကိုတောင် သတ်ပစ်နိုင်တယ်လို့ ပြောတယ်။ တကယ်လို့ သိုင်းပညာရှင်တစ်ယောက် နေမကောင်းဖြစ်သွားပြီဆိုရင် သာမန်လူတစ်ယောက်ထက် ကုရတာ ပိုပြီးတော့ ခက်တယ်။ အစ်မကြီးကျူးလုတောင် (၂)ကြိမ် ဖြစ်ခဲ့ဖူးတယ်…”
“ပထမတစ်ကြိမ်မှာ သူက နှစ်ဝက်လောက်နီးပါး ပြန်မကောင်းခဲ့ဘူး။ အဲဒီအချိန် အတောအတွင်း သူက ဆက်တိုက်ကို နေမကောင်းဖြစ်ပြီး ခန္ဓာကိုယ်က အရိုးပေါ်အရေတင်ပဲ ကျန်ခဲ့တယ်။ သူက အရမ်းအားနည်းလွန်းလို့ ရေ(၁)ပုံးတောင် မနိုင်ဘူး…”
“ဒုတိယအကြိမ်ကတော့ ပိုပြီးတော့တောင် ဆိုးသေးတယ်။ ဆူဆူညံညံ အသံတွေကြားတော့ ကျွန်မက ထိုင်ခုံပေါ်မှာ မတ်တပ်ရပ်ကြည့်ခဲ့တယ်။ ပြီးတော့ ပြတင်းပေါက်စက္ကူကို အပေါက်ဖောက်ပြီး ကြည့်လိုက်တဲ့အချိန်မှာ အစ်မကြီးကျူးလုက အရမ်းနာကျင်နေပြီး အိပ်ရာပေါ်မှာ လူးလှိမ့်နေတာကို တွေ့ခဲ့ရတယ်။ တခြားသူတွေကတောင် သူ့ကို ထိန်းမထားနိုင်ကြဘူး။ အဆုံးမှာတော့ သူ့ရဲ့လက်သည်းတွေအားလုံးတောင် ကွာကျသွားတယ်။ နေရာတိုင်းမှာ သွေးတွေပြည့်နေပြီး ကျွန်မက သူ့အတွက် တော်တော်လေးကို ဝမ်းနည်းခဲ့ရတယ်…”
“အဲဒီနောက်မှာတော့ ကျွန်မတို့က ယန်မိသားစုဆေးဆိုင်က ဆေးတချို့ကို တောင်းဆိုခဲ့ရတယ်။ အဲဒီအချိန်ကျမှပဲ သူ့ရဲ့နာကျင်မှုတွေ ပျောက်သွားခဲ့တာ။ အဲဒီအချိန်မှာ မျိုးနွယ်ခေါင်းဆောင်က ခြံဝန်းဝင်ပေါက်မှာ ရပ်နေခဲ့တယ်။ ဒါပေမဲ့ သူက အထဲကို ဝင်မသွားခဲ့ဘူး။ သူက ခေါင်းခါပြီး ထွက်သွားခဲ့တာပဲ…”
“သူ့ပုံစံက တစ်ခုခုကို စိတ်ပျက်သွားသလို ပုံစံမျိုးလို့ ပြောရမယ်။ ကျွန်မက သူ့ကို ဘာလို့ စိတ်ပျက်သွားတာလဲ မေးခဲ့တယ်။ အဲဒီဆေးက အစ်မကြီးကျူးလုရဲ့ အသက်ကို ကယ်တင်နိုင်ခဲ့ပေမဲ့ သူက ဘဝတလျှောက်လုံး အဆင့်(၈)ကို တက်လှမ်းဖို့ မျှော်လင့်ချက်မရှိတော့ဘူးလို့ ပြောခဲ့တယ်။ ဒါကြောင့် သူ့ရဲ့တိုးတက်မှုအတွက် ထပ်ပြီး ရင်းနီးမြုပ်နံှပေးဖို့ မလိုတော့ဘူး။ ဒါကြောင့် သူ့ကို ပစ်ထားခဲ့ကြတယ်။ တကယ်လို့ သူက အရမ်းကို ကံကောင်းမယ်ဆိုရင်တော့ အဆင့်(၇)ကို ရောက်နိုင်တယ်။ တကယ်လို့ ကံဆိုးမယ်ဆိုရင်တော့ အဆင့်(၆)ကိုတောင် ရောက်နိုင်မှာမဟုတ်ဘူး…”
လီပေါင်ဖျင်က အလွန်စိုးရိမ်နေသော အမူအရာနှင့် ချန်းပင်အန်းကို ပြန်လှည့်ကြည့်ပြီး ပြောလိုက်သည်။
“ကျေးဇူးပြုပြီး နေမကောင်းမဖြစ်ပါနဲ့ ဦးလေးငယ်။ ကျွန်မက ဘာမှမသိဘူး။ တကယ်လို့ ဦးလေးငယ်သာ နေမကောင်းဖြစ်မယ်ဆိုရင် ကျွန်မလည်း ဘာမှကူညီမပေးနိုင်ဘူး…”
ချန်းပင်အန်းက အပြုံးနှင့် နှစ်သိမ့်လိုက်သည်။
“ဘာမှမစိုးရိမ်ပါနဲ့။ ငါက ဘာမှဖြစ်မှာ မဟုတ်ဘူး။ တကယ်လို့ ဖြစ်ခဲ့တယ်ဆိုရင်တောင် ငါ့အတွက် ဘာမှစိုးရိမ်ဖို့မလိုဘူး။ ငါက မြှောက်ပြောနေတာ မဟုတ်ဘူး။ ငါက နာကျင်မှုကို ခံနိုင်ရည်အရမ်းမြင့်တယ်…”
လီပေါင်ဖျင်က ထိုစကားကို စိတ်ဝင်စားဟန်မပြဘဲ သူ့လက်မောင်းကို ဖျစ်ကြည့်လိုက်သည်။
“အဲဒါနာလား…”
ချန်းပင်အန်းက သူမ၏ခေါင်းကို ပွတ်လိုက်သည်။ ထို့နောက် သူတို့လာခဲ့သောလမ်းကို ပြန်လှည့်ကြည့်ပြီး မေးလိုက်၏။
“ငါ့ရဲ့ဘဝမှာ အနာကျင်ရဆုံး အတွေ့အကြုံအကြောင်းကို ပြောပြခဲ့ဖူးလား…”
လီပေါင်ဖျင်က ခေါင်းခါပြလိုက်သည်။
ချန်းပင်အန်းက သစ်ပင်ကြီး၏ပင်စည်ကို လက်နှစ်ဖက်ထောက်လိုက်ပြီး အောက်သို့ ခုန်ဆင်းလိုက်သည်။ သူက အေးအေးဆေးဆေး အမူအရာနှင့် လမ်းလျှောက်နေခဲ့၏။
ထို့နောက် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်သည်။
“အဲဒါက ငါကိုယ်တိုင် ဆေးပင်တွေ ခူးဖို့အတွက် တောင်တန်းပေါ်ကို ဒုတိယတစ်ကြိမ် သွားခဲ့တဲ့အချိန်ပဲ။ အဲဒီအချိန်မှာ ငါက အသက်(၄)နှစ်ပဲ ရှိသေးတယ်။ ငါ အိမ်က ထွက်သွားတဲ့ အချိန်တုန်းကတော့ ငါ့မှာ ပါလာတဲ့ ခြင်းတောင်းကြီးအပြည့် ဆေးပင်တွေ ခူးမယ်လို့ စဉ်းစားထားခဲ့တာ။ ငါ မြို့ထဲကနေ မထွက်ရသေးခင်တောင် တော်တော်လေး ပင်ပန်းနေပြီ။ အဲဒီအချိန်က နေကလည်း တော်တော်လေးပူတယ်။ နေပူရှိန်ကြောင့် ပုခုံးမှာ လွယ်ထားတဲ့ကြိုးတွေက မီးလောင်နေသလိုမျိုးပဲ။ နောက်ကျောက နာကျင်မှုက ပိုပြီးတော့တောင်ဆိုးသေးတယ်…”
“အဲဒီအချိန်တုန်းက နာကျင်မှုက ခံနိုင်ရည် ရှိသေးတယ်။ ငါက သိပ်ပြီး ထူးထူးခြားခြား မကြောက်ခဲ့ဘူး။ ဒါပေမဲ့ ငါက တော်တော်လေးကို စိတ်ပျက်ခဲ့ရတယ်။ ဘာလို့လဲဆိုတော့ တောင်တန်းက အရမ်းကို ဝေးနေသေးသလို ထင်ရလို့ပဲ။ ငါက ဘဝတလျှောက်လုံး လမ်းလျှောက်မယ်ဆိုရင်တောင် အဲဒီနေရာကို မရောက်နိုင်သလို ခံစားနေရတယ်။ အဲဒီအပြင် ငါက တောင်တန်းထဲကို ပထမဆုံးအကြိမ် ဝင်သွားပြီး သိပ်မကြာခင်မှာပဲ ငါ့ရဲ့ခြေထောက်မှာ ဒဏ်ရာတွေ စပြီးရလာခဲ့တယ်။ ငါက အံကြိတ်ပြီး လမ်းတလျှောက် ငိုနေခဲ့တာပဲ…”
“ခြေလှမ်းတစ်လှမ်း လှမ်းလိုက်တဲ့အချိန်တိုင်း ငါက အခုထိ တောင်ခြေကို မရောက်သေးဘူးဆိုတဲ့ အကြောင်း ငါ့ကိုယ်ငါ ပြန်ပြောပြခဲ့တယ်။ ဒါပေမဲ့ ငါက ပြန်လှည့်ပြီး အိမ်ပြန်သွားလို့ရတယ်။ ငါက အရမ်းငယ်ပြီး ငါ့ရဲ့ခြင်းတောင်းက အရမ်းကြီးတယ်။ တောင်တန်းက အရမ်းကို ဝေးလွန်းတော့ ငါက ပြန်လှည့်မယ်ဆိုရင်လည်း ရှက်စရာမလိုဘူး။ ငါ့အမေက အဲဒီအတွက်ကြောင့်နဲ့ ငါ့ကို သေချာပေါက် အပြစ်တင်မှာ မဟုတ်ဘူး…”
လီပေါင်ဖျင်က သူ၏ဇာတ်လမ်းကို အလွန်စိတ်ဝင်စားနေပြီး တိတ်တဆိတ် မေးလိုက်သည်။
“ဦးလေးငယ်က အဆုံးမှာ လက်လျော့လိုက်တာလား…”
ချန်းပင်အန်းက ခေါင်းခါပြလိုက်သည်။
“ငါက လက်မလျော့ခဲ့ဘူး။ အဲဒီအချိန်မှာ ဘယ်လိုပဲဖြစ်ဖြစ် ငါက တောင်ခြေကို ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဲဒီနောက်မှ ငါက ပြန်လှည့်လာမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ အဆုံးမှာတော့ ငါက တောင်ခြေကို ရောက်သွားခဲ့ပြီး မြေပြင်ပေါ်မှာထိုင်ပြီး ငိုနေခဲ့တယ်။ ငါက တောင်ပေါ်ကိုရောက်အောင် လာနိုင်ခဲ့တယ်လို့လည်း ငါ့ကိုယ်ငါ တွေးခဲ့မိတယ်။ ဒါကြောင့် ငါက အိမ်မပြန်ခင် ဆေးပင်(၁)ပင်ခူးခဲ့တယ်။ အဲဒီနောက်မှာတော့ ငါက တောင်ပေါ်ကို တက်ပြီး ဆေးပင်တွေ တွေ့တဲ့အချိန်မှာ ရုတ်တရက် အားအင်တွေရလာသလိုပဲ။ ဒါက တော်တော်လေးကို ထူးဆန်းတယ်…”
ထိုစကားကိုကြားသည့်အခါ လီပေါင်ဖျင်၏မျက်နှာပေါ်တွင် လေးစားသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူမက ချီးကျူးလိုက်၏။
“ဒါဆိုရင် အိမ်မပြန်ခင် ဦးလေးငယ်ရဲ့ခြင်းတောင်းတစ်ခုလုံး ဆေးပင်တွေ ပြည့်နေတာ မဟုတ်လား…”
ထိုစကားကို ပြောနေရင်း လီပေါင်ဖျင်၏မျက်လုံးထဲတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေခဲ့သည်။ သူမက ချန်းပင်အန်း၏ကိုယ်စား ဂုဏ်ယူနေသလို ခံစားနေရ၏။
ချန်းပင်အန်းက ခေါင်းခါပြလိုက်သည်။
“မဟုတ်ဘူး။ ငါက နေမကျခင် အဲဒီအပေါ်ကို တက်သွားခဲ့တာ။ ဒါပေမဲ့ ငါ တောင်ပေါ်ကနေ ပြန်ဆင်းလာတဲ့အချိန် ငါ ရှာထားတဲ့ ဆေးပင်တွေက ခြင်းတောင်းအောက်ခြေတောင် မရောက်သေးဘူး။ ဆေးပင်တွေက ရှာရတာ မလွယ်ဘူး။ ပြီးတော့ အဲဒီအချိန် ငါက ခန္ဓာကိုယ် အရမ်းသေးနေသေးတော့ ခြင်းတောင်းကြီးတစ်ခုနဲ့ တောင်တက်လမ်းတွေကိုသွားပြီး ဆေးပင်တွေ ခူးရတာက တော်တော်လေးကို ခက်ခဲတယ်။ အဲဒီအပြင် ငါက အမှန်တကယ် ပင်ပန်းနေပြီ။ ငါက အဲဒီအချိန် မပြန်နိုင်တော့ဘူးလို့တောင် ကိုယ့်ကိုယ်ကိုယ် တွေးထားနေခဲ့တာ။ ငါက တစ်ညလုံး တောင်ပေါ်မှာ ပိတ်မိနေခဲ့တယ်။ ဒါကြောင့် တော်တော်လေးကို ကြောက်လန့်သွားခဲ့တာ။ ဒါပေမဲ့ ငါ အကြောက်ဆုံးအရာကတော့...”
ချန်းပင်အန်းက ထိုနေရာတွင် စကားသံ ပြတ်တောက်သွားခဲ့သည်။ လီပေါင်ဖျင်က သူ ဆက်ပြောမည့်စကားကို အချိန်တော်တော်ကြာ စောင့်နေခဲ့သော်လည်း သူကတော့ တိတ်ဆိတ်နေခဲ့၏။
သူမ၏မျက်နှာပေါ်တွင် စိတ်ဝင်စားနေသည့် အမူအရာတစ်ခု ပေါ်လာပြီး သူမက မေးလိုက်သည်။
“ဦးလေးငယ်က ဘာကို အကြောက်ဆုံးလဲ….”
“ဘာမှမဟုတ်ပါဘူး…”
ချန်းပင်အန်းက ခေါင်းခါပြီး ဖြေလိုက်သည်။
“အနည်းဆုံးတော့ အဆုံးမှာ ငါက အဲဒီအရာကို မကြောက်တော့ဘူးလေ…”
လီပေါင်ဖျင်က ချန်းပင်အန်း၏ ခံစားမှုကို အလွန်စဉ်းစားပေးနေသည့်အတွက် သူ အလွန်ကြောက်သည့်အရာကို ဆက်ပြောရန် အတင်းတိုက်တွန်းနေခြင်း မရှိချေ။ သတိပြန်ဝင်လာပြီးနောက် လီပေါင်ဖျင်ကို ပြန်လှည့်ပြီး အပြုံးနှင့် ပြောလိုက်၏။
“ငါက ဒီအကြောင်းတွေအားလုံး ပြောပြနေတယ်ဆိုတာ ငါ ဘယ်လောက် သန်မာကြံ့ခိုင်ကြောင်း ပြောပြနေတာ မဟုတ်ဘူး။ မြို့ထဲမှာ ဆင်းရဲနွမ်းပါးတဲ့ ကလေးတွေ အားလုံးက အလားတူ အတွေ့အကြုံမျိုးတွေ ရှိကြတယ်။ ဒါကြောင့် ငါ တစ်ယောက်တည်း ထူးခြားနေတာ မဟုတ်ဘူး။ ငါက မင်းကို ဒါတွေ ပြောပြနေတယ်ဆိုတာ သိုင်းပညာကျင့်ကြံမှုနဲ့ ပတ်သက်ပြီး မင်းငါ့ကို ရှင်းပြတာ အရမ်းတော်တယ်ဆိုတာ တွေးစေချင်လို့ပဲ။ ငါက ကျောင်းမှာ ဆရာချီရဲ့ သင်ခန်းစာတွေကို တိတ်တဆိတ်လာပြီး ခိုးနားထောင်ခဲ့တဲ့ အချိန်တွေကို ပြန်ပြီး အမှတ်ရသွားခဲ့တယ်။ ဒီလောကကြီးထဲမှာ မိန်းကလေးဆရာတွေ၊ စာသင်သားတွေ မရှိဘူးလို့ ပြောခဲ့တယ် မဟုတ်လား။ နင်က ချောက်ကမ်းပါးကျောင်းတော်ကို ရောက်သွားပြီး စာအုပ်တွေ ဖတ်ပြီးသွားပြီဆိုရင် ပထမဆုံး မိန်းကလေးဆရာ တစ်ယောက်ဖြစ်လာနိုင်တဲ့ အခွင့်အရေးရှိတယ်လို့ ခံစားမိနေတယ်…”
ချန်းပင်အန်း၏ စကားကို ကြားလိုက်ရပြီးနောက် လီပေါင်ဖျင်က ချက်ချင်းပင် အားအင်တက်ကြွလာပြီး ရည်မှန်းချက်များ ပြည့်ဝလာခဲ့သည်။ သူမက လက်သီးဆုပ်ပြီး ကိုယ့်ကိုယ်ကိုယ် အားတင်းလိုက်၏။
“နင် လုပ်နိုင်တယ် လီပေါင်ဖျင်၊ ငါ နင့်ကို ယုံကြည်တယ်…”
ချန်းပင်အန်းကတော့ ကိုယ့်ကိုယ်ကိုယ် အားပေးနေသော သူမကို တိတ်တဆိတ် ကြည့်နေပြီး ဆရာချီကသာ ထိုအရာကို မြင်တွေ့ခွင့်ရမည်ဆိုလျှင် အလွန်ဝမ်းသာနေမည် ဖြစ်ကြောင်း သိနေခဲ့သည်။
သို့သော် သူမ နောက်ထပ် ပြောလိုက်သော စကားလုံးများကြောင့် သူက ဝမ်းသာကြည်နူးသွားခဲ့၏။
“ငါက ဒါကို သေချာပေါက် လုပ်နိုင်လိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီကမ္ဘာကြီးထဲမှာ အတော်ဆုံး ဦးလေးငယ်တစ်ယောက် ရှိတယ်လေ…”
ချန်းပင်အန်းကတော့ ထိုစကားကို မကြားချင်ယောင်ဆောင်ထားခဲ့သည်။
အလွန်လှပသော မြင်ကွင်းများ ရှိနေသည့်ရာသီတွင် ပန်းပွင့်လေးများက နေရာတိုင်းတွင် ပေါ်နေခဲ့၏။ သူတို့နှစ်ယောက်က ဘေးချင်းယှဉ်၍ ထိုင်နေပြီး နှစ်ယောက်စလုံးတွင် အနာဂတ်အတွက် အလွန်လှပသော စိတ်ကူးစိတ်သန်းများ ရှိနေကြသည်။
…………
စမ်းချောင်း၏ တခြားတစ်ဖက်၌ ရှိနေသော လျှို့ဝှက်နေရာတစ်ခုတွင် သက်လတ်ပိုင်းအရွယ် လူကြီးတစ်ယောက်နှင့် မိန်းကလေးတစ်ယောက်က အစာခြောက်များကို စားနေရင်း တင်ပျဉ်ခွေထိုင်နေကြသည်။
မိန်းကလေး၏ မျက်လုံးထဲတွင်တော့ အလင်းရောင်များ တောက်ပနေပြီး သူမက တီးတိုးပြောလိုက်၏။
"အဖေ….
သခင်မလေးက အဲဒီအရူးနဲ့အတူ တာ့လီအင်ပါယာရဲ့နယ်စပ်ကို တကယ်ပဲ လုံလုံခြုံခြုံ သွားနိုင်ပါ့မလား။ နယ်စပ်မှာ တိုက်ပွဲတွေ မကြာမကြာ ဖြစ်နေတယ်လို့ သမီးကြားတယ်။ ပြီးတော့ အဲဒီနေရာမှာ ဓားပြအဖြစ် ပြောင်းနေတဲ့ ရဲမက်တွေလည်း အများကြီးရှိတယ်…”
“သူ ပေးခဲ့တဲ့ သင်ခန်းစာတွေကို သမီး မေ့သွားပြီလား…”
ထိုလူကြီးက စနောက်ကျီစယ်လိုက်သည်။
“အဲဒါက သိုင်းပညာရှင် တစ်ယောက်အနေနဲ့ သမီးရဲ့ ပထမဆုံးတိုက်ပွဲပဲ။ သမီးက သူ့ကို ရှုံးခဲ့တဲ့အပြင် ဆိုးဆိုးရွားရွားကို ရှုံးနိမ့်ခဲ့တာ..”
ထိုစကားကို ကြားသည့်အခါ မိန်းမပျိုက ဒေါသထွက်သွားခဲ့ပြီး ချက်ချင်းပင် ငြင်းဆန်လိုက်သည်။
“အဲဒါက သမီးရဲ့အငွေ့အသက်တွေကို အသက်မသွင်းဖို့ အဖေ တားမြစ်ထားလို့လေ။ အခုဆိုရင် လက်တစ်ဖက်ကို ချုပ်ထားရင်တောင် သူ့ကို အနိုင်ရနိုင်သေးတယ်…”
“သေချာရဲ့လား…”
ထိုလူကြီးက အပြုံးနှင့် မေးလိုက်၏။
“သေချာပါတယ်။ အခု သမီးက အဆင့်(၂) အထွဋ်အထိပ်ကို ရောက်နေပြီဆိုတာ မမေ့နဲ့ဦးလေ…”
မိန်းမပျိုက သူ့ကိုယ်သူ သတိပေးလိုက်သည်။ ထိုလူကြီးက ရေဘူးထဲမှ ရေတစ်ငုံ သောက်လိုက်ပြီး ခေါင်းခါပြလိုက်၏။
“သမီးက သူ့ကို တိုက်ခိုက်နိုင်မှာ မဟုတ်ဘူး။ လက်ရည်စမ်းတဲ့ ပြိုင်ပွဲမျိုးမှာတောင် သမီး အနိုင်ရဖို့ အခွင့်အရေးသိပ်မရှိဘူး..”
မိန်းမပျိုကတော့ လုံးဝကို လက်မခံနိုင်ခဲ့ပေ။ သူမ၏မျက်လုံးထဲတွင် ချန်းပင်အန်းက သိုင်းပညာကျင့်ကြံမှုလမ်းကြောင်းကို ယခုမှ စတင်လျှောက်လှမ်းနေခြင်း ဖြစ်သည်။ လီကလန်၏ စံအိမ်အမိုးပေါ်ရှိ တိုက်ပွဲတွင် သူက အနိုင်ရခဲ့သည်မှာ မြေမျက်နှာသွင်ပြင် အခြေအနေကြောင့်ဖြစ်သည်။ ထိုလူကြီး၏ မျက်နှာပေါ်တွင် စဉ်းစားနေသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။
“သမီးက တော်တော် ကျေးဇူးမသိတတ်တဲ့ လူတစ်ယောက်ပဲ။ တိုက်ပွဲအတွင်း သမီး အမိုးပေါ်ကနေ ပြုတ်ကျတဲ့အချိန် သူက သမီးအကျ သက်သာအောင် လက်ကို ဆွဲထားပေးခဲ့တယ်။ တကယ်လို့ အဖေသာ သူ့နေရာမှာဆိုရင် သမီးရဲ့ခေါင်းပေါ်ကို နောက်ထပ် အုတ်ပြားတစ်ချပ် ပစ်ချလိုက်မှာပဲ။ ဒါဆိုရင် သမီးက အဖေ့ရဲ့လမ်းကို နောက်တစ်ကြိမ် တားဆီးနိုင်မှာ မဟုတ်တော့ဘူး…”
“ဒါကြောင့်လည်း သမီးက သူ့ကို အရူးလို့ခေါ်တာပေါ့…”
မိန်းမပျိုက ပြုံးလိုက်သည်။
“သူက သိုင်းပညာရှင် တစ်ယောက်ဖြစ်လာဖို့ လေ့ကျင့်နေတယ်။ ဒါပေမဲ့ သူ့ရဲ့နှလုံးသားကတော့ မိန်းကလေးတွေလို အရမ်းပျော့ပြောင်းနေတယ်။ ဒီလိုမျိုးဆိုရင် သူက အချိန်ကြာကြာ အသက်ရှင်နိုင်မှာ မဟုတ်ဘူး…”
ထိုစကားကို ကြားသည့်အခါ ထိုလူကြီးက ပြန်မေးလိုက်သည်။
“သမီးက အရည်အချင်းရှိတဲ့ သိုင်းပညာရှင်တစ်ယောက် မဟုတ်နိုင်ဘူး။ ပြီးတော့ သမီးက အသက်ငယ်ငယ်လေးနဲ့ ဒီကိစ္စတွေ အများကြီးကို သိနေသလိုပဲ။ ဒါတွေအားလုံး ဘယ်သူသင်ပေးတာလဲ။ အဖေက သမီးကို ဒီလိုစကားတွေ လုံးဝမပြောဖူးဘူး…”
မိန်းမပျိုက ဂုဏ်ယူဝင့်ကြွားစွာ ပြန်ဖြေလိုက်သည်။
“ဒုတိယသခင်လေးက ဒီအကြောင်းတွေ အကုန်လုံး သင်ပေးခဲ့တာ။ သူက စာအုပ်တွေအများကြီး ဖတ်ခဲ့တယ်။ ဒါပေမဲ့ ကျင့်ဝတ်တွေ၊ စည်းကမ်းတွေနဲ့ ပတ်သက်ပြီး တစ်ခုမှသင်မပေးခဲ့ဘူး။ သူပြောတာကတော့ နူးညံ့တဲ့ နှလုံးသားရှိတဲ့သူတွေက အဖွဲ့တစ်ခုကို အကျိုးရှိရှိ ဦးဆောင်နိုင်မှာ မဟုတ်ဘူး။ လူတစ်ယောက်က တိုက်ပွဲထဲမှာ ဆုံးဖြတ်ချက်ပြတ်သားပြီး နှလုံးသားကင်းမဲ့ရမယ်လို့ ပြောတယ်…”
ထိုစကားကို ကြားသည့်အခါ လူကြီးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။ သူက သူ့သမီးကို ဆူပူကြိမ်းမောင်းတော့မည့် အချိန်တွင် ချက်ချင်းပင် မတ်တပ်ရပ်လိုက်ပြီး အလျင်စလို အမိန့်ပေးလိုက်၏။
"အဖေတို့က စမ်းချောင်းကိုဖြတ်မှ ဖြစ်မယ်…”
မိန်းမပျိုက ဇဝေဇဝါ အမူအရာနှင့် မတ်တပ်ရပ်လိုက်သည်။
“ဘာလို့လဲ။ သမီးတို့က သခင်မလေးတို့ နောက်ကနေ တိတ်တဆိတ် လိုက်သွားသင့်တာ မဟုတ်လား…”
သူမ၏မေးခွန်းကို ပြန်ဖြေရမည့်အစား ထိုလူကြီးက တိုက်တွန်းလိုက်၏။
"လူတစ်ယောက် လာနေပြီ။ အဖေတို့က သတိထားနေဖို့လိုတယ်…”
သူတို့နှစ်ယောက်က စမ်းချောင်းလေးကို လျင်မြန်စွာ ကျော်သွားခဲ့ကြသည်။
…………
ချန်းပင်အန်းနှင့် လီပေါင်ဖျင်တို့ကတော့ မိုးမခပင်အိုကြီးမှ ထွက်လာပြီး ခရီးကို ဆက်လက်ထွက်ခွာနေသည့်အချိန်တွင် အဝေးရှိ လူတစ်ယောက်ကို မြင်လိုက်ရသည်။
ချန်းပင်အန်းက နောက်ကျောတွင် လွယ်ထားသော ခြင်းတောင်းကိုချလိုက်ပြီး လီပေါင်ဖျင်ကို သူ့နောက်တွင်ရပ်ရန် ညွှန်ကြားလိုက်သည်။ အကယ်၍ သူတို့ကသာ မြို့၏အရှေ့ဘက်၌ ရှိနေမည်ဆိုလျှင် ချန်းပင်အန်းက ထိုနေရာ၌ လူတစ်ယောက် တွေ့ရသည့်အတွက် အံ့ဩနေလိမ့်မည် မဟုတ်ချေ။
သို့သော် တောင်ဘက်ကိုသွားသော လမ်းကြောင်းက သိပ်မကြာခင် အဆုံးသတ်တော့မည်ဖြစ်သည်။ ထို့ကြောင့် ဤနေရာတွင် တစုံတစ်ယောက်ကို တွေ့ရသည်မှာ ထူးခြားနေ၏။
အဝေးတွင်တော့ အရပ်သိပ်မရှည်သော်လည်း ခန္ဓာကိုယ် အချိုးအဆစ်တောင့်တင်းသော လူတစ်ယောက်က ချန်းပင်အန်းနှင့် လီပေါင်ဖျင်တို့ဆီကို တိုက်ရိုက်လျှောက်လာခဲ့သည်။ သူနှင့်အတူ အဖြူရောင် မြည်းတစ်ကောင်ကို ဆွဲလာပြီး ခေါင်းပေါ်တွင်တော့ ဦးထုပ်အချွန်တစ်ခုကို ဆောင်းထားသည်။
သူက ပုခုံးပေါ်တွင် အဝတ်အိတ်တစ်ခုကို စလွယ်သိုင်းလွယ်ထားပြီး သူ၏ခြေထောက်ပတ်လည်တွင် အဝတ်စများ ချည်နှောင်ထားသည်။ သူ၏လက်တစ်ဖက်တွင်တော့ ဝါးတုတ်တစ်ချောင်းကို ကိုင်ထား၏။ သူ၏ခါးတွင်တော့ အစိမ်းရောင် ဝါးဓားအိမ်နှင့် ဓားမောက်တစ်ချောင်းကို ချိတ်ထားသည်။
ထိုလူက ချန်းပင်အန်း၊ လီပေါင်ဖျင်တို့နှင့် ခြေလှမ်း(၅)လှမ်း၊(၆)လှမ်းခန့်အကွာတွင် ရပ်လိုက်သည်။ သူက ရှေ့ကို ဆက်၍ လျှောက်မလာတော့ပေ။ သူက ဝါးဦးထုပ်ကို ချွတ်လိုက်သည့်အခါ ထူးခြားမှုမရှိသော မျက်နှာတစ်ခု ပေါ်လာခဲ့သည်။
သူက အပြုံးနှင့် မေးလိုက်သည်။
“မင်းက ချန်းပင်အန်း မဟုတ်လား။ ငါ့နာမည်က အိုက်လျန်လို့ခေါ်တယ်။ လျန်ဆိုတာက သနားကြင်နာမှုကို ပြောတာလေ…”
Translated by Hein Htet.