အခန်း (၈၈)
Vol. 6 Ch. 88
ချန်းပင်အန်းက ကိုယ့်ကိုယ်ကိုယ် ဓားသမားဟု သတ်မှတ်ထားသော ပညာရှင်၏ခါးတွင် ချိတ်ထားသော အစိမ်းရောင် ဝါးဓားအိမ်ကို ကြည့်လိုက်သည်။ သူက ဇဝေဇဝါဖြစ်နေသော အမူအရာနှင့် မေးလိုက်၏။
"ခင်ဗျားက တကယ် ဓားသမားတစ်ယောက်လား…"
ထိုလူက လက်တစ်ဖက်တွင် ဝါးဦးထုပ်တစ်ခုကို ကိုင်ထားပြီး တခြားလက်တစ်ဖက်နှင့် သူ့ဓား၏လက်ကိုင်ကိုပုတ်၍ အပြုံးနှင့် ရှင်းပြလိုက်သည်။
"လက်ရှိအချိန်မှာတော့ ငါ့ဓားနဲ့ ရင်ဆိုင်ဖို့ ထိုက်တန်တဲ့ ပြိုင်ဘက် ရှာမတွေ့သေးဘူး။ ဒါကြောင့် ငါက ဒါကိုပဲ အစားထိုးအနေနဲ့သုံးပြီး ဓားသုံးတဲ့လူတွေကို လှောင်ပြောင်နေတာ..."
ထိုကဲ့သို့ ရင်းနှီးသော စကားသံကို ကြားသည့်အချိန်တွင် ချန်းပင်အန်းက အတော်လေး စိတ်သက်သာရာ ရသွားခဲ့သည်။ ထိုလူက လျှိုပါ့ချောင်ကဲ့သို့ လူတစ်ယောက် ဖြစ်သည်ဟု ခံစားနေခဲ့ရ၏။
ချန်းပင်အန်းနှင့် လီပေါင်ဖျင်၏နောက်တွင်တော့ ကျူးလုနှင့် သူမ၏အဖေက ဘေးချင်းယှဉ်၍ ဖြည်းညင်းစွာ လမ်းလျှောက်လာနေကြသည်။ ကျူးလုကတော့ ထိုလူ၏စကားသံကို သဘောမကျသည့်အတွက် ဝင်ပြောလိုက်၏။
"ကျွန်မက ဒီလောက်မောက်မာတဲ့သူမျိုးကို မမြင်ဖူးဘူး။ သူ့ကိုကြည့်ရတာ ဦးနှောက်ချောင်နေတယ်လို့ မထင်ဘူးလားအဖေ..."
ကျူးဟယ်က တစ်ဖက်လူ၏ခါးတွင် ချိတ်ထားသော ငွေရောင်အရက်အိုးကို မြင်နေရသည်။ ထိုအရက်အိုးကတော့ လက်တစ်ဖက် အရွယ်အစားခန့် ရှိနေပြီး ထိုအရာက အလွန်ရှေးကျသော ဘူးသီးခြောက်တစ်ခု ဖြစ်၏။ ထိုအရာကို မှန်ကဲ့သို့ ကြည်လင်တောက်ပအောင် ဖန်တီးထားခြင်း သိသာနေသည်။
သူက အသံတိုးတိုးနှင့် သတိထား၍ ပြောလိုက်၏။
"အဖေက သူနဲ့ပတ်သက်ပြီး ထူးခြားတဲ့အရာတစ်ခုမှ မခံစားရဘူး။ သူ့ရဲ့အငွေ့အသက်က သာမန်လူတစ်ယောက်ထက်တော့ ပိုပြီးတော့ ထူးခြားနေတယ်။ ဒါပေမယ့် အဖေတို့က သတိထားဖို့ လိုလိမ့်မယ်…"
"သမီးက ဘဝတလျှောက်လုံး ဘယ်နေရာကိုမှ မရောက်ဖူးဘူး။ ဒါပေမဲ့ မျိုးနွယ်ခေါင်းဆောင်ဆီကနေ အပြင်ဘက်ကမ္ဘာကြီးနဲ့ ပတ်သက်တဲ့ ပုံပြင်တွေ အများကြီး ကြားခဲ့ဖူးတယ်။ အပြင်ဘက်ကို ခရီးသွားတဲ့အချိန်မှာ အရေးကြီးဆုံးအရာက တာအိုသခင်မ ၊ ဘုန်းတော်ကြီး ၊ ကလေးတွေနဲ့ အရက်သမားတွေကို သတိထားဖို့ အရေးကြီးဆုံးလို့ ပြောတယ်။ အဲဒီအရာကလွဲရင် ပိုပြီးတော့ အပြစ်ကင်းစင်တဲ့ လူတစ်ယောက် ပေါ်လာလေလေ ပိုပြီးတော့သတိထားဖို့ လိုအပ်လေလေပဲ…"
ကျူးလုက ခေါင်းညိတ်တုံ့ပြန်လိုက်ပြီး သူမကတော့ စိတ်လှုပ်ရှားမှုနှင့် စိုးရိမ်နေသော ခံစားမှု (၂) ခုလုံးကို ခံစားနေရသည်။ အမှန်အတိုင်း ပြောရလျှင်တော့ ထိုလူက လုပ်ကြံသတ်ဖြတ်သူ တစ်ယောက် ဖြစ်နေရန် သူမက မျှော်လင့်နေခဲ့၏။ ထိုသို့ဆိုလျှင် သူမက ကမ္ဘာငယ်လေးထဲမှ ထွက်လာပြီးနောက် ပထမဆုံး အစစ်အမှန် တိုက်ပွဲတစ်ခုကို တိုက်ခိုက်နိုင်ပါလိမ့်မည်။
"ခင်ဗျားက ကျုပ်ကိုလာရှာတာလား…"
ချန်းပင်အန်းက မေးလိုက်သည်။
ထိုလူက အပြုံးနှင့် ပြန်ဖြေလိုက်၏။
"ငါက မင်းကို တာ့ဆွေအင်ပါယာရဲ့နယ်စပ်ဆီ ခေါ်သွားပေးမယ်။ ငါတို့က လမ်းတလျှောက်မှာ အတူတူသွားလာနိုင်သလို အချင်းချင်း စောင့်ရှောက်လို့လည်း ရတယ်လေ…"
"ခင်ဗျားက ပန်းပဲဆိုင်က ဆရာရွမ်ကို သိတာလား.."
ချန်းပင်အန်းက မေးလိုက်သည်။
"ဟုတ်တယ်…"
ထိုလူက အပြုံးနှင့် ခေါင်းညိတ်ပြလိုက်သည့်အတွက် ချန်းပင်အန်း၏ ရင်ထဲတွင် စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
မြို့ငယ်လေးထဲမှ ထွက်မသွားခင် ဆရာရွမ်နှင့် သူ၏သဘောတူညီချက်ထဲမှ တစ်ခုကတော့ တာလီအင်ပါယာ၏ နယ်စပ်သို့ မရောက်ခင် ရွမ်ချုံက ချန်းပင်အန်း၏ ဘေးကင်းလုံခြုံမှုကို အာမခံပေးရမည် ဖြစ်သည်။ ရွမ်ချုံက ကတိတည်မည်ဖြစ်ကြောင်း ချန်းပင်အန်းက ယုံကြည်နေခဲ့၏။
ထိုလူက သူတို့၏ခရီးလမ်းတွင် အစောကြီး ပေါ်လာသည့် အချက်တစ်ခုတည်းသာ ပြောစရာရှိနေပြီး သူတို့က ရွမ်ချုံ၏မျက်စိအောက်တွင်သာ ရှိနေသေးသည့်အတွက် ထိုလူက ကျန့်ယန်တောင်၊ ယွင်ရှားတောင်နှင့် နဂါးအိုမြို့မှ လူမဟုတ်ကြောင်း သိသာနေသည်။
ထို့ပြင် ကျူးလုနှင့် ကျူးဟယ်တို့ ပေါ်လာသည့်အတွက်ကြောင့် ချန်းပင်အန်းက ပို၍ယုံကြည်ချက် ရှိနေခဲ့၏။ သို့သော် ထိုလူဆီတွင် မကောင်းသော ရည်ရွယ်ချက်များ ရှိနေမှာကို သူလည်း အနည်းငယ် စိုးရိမ်နေသေးသည်။
ထို့ကြောင့် သူက မေးလိုက်၏။
"ဒါဆိုရင် ကျွန်တော်တို့က တောင်ပိုင်းကို မသွားခင် ဆရာရွမ်နဲ့တွေ့ဖို့ မြို့ထဲကို လိုက်လာပေးနိုင်မလား။ ကျွန်တော်က မြို့ရဲ့အရှေ့တံခါးကနေ ထွက်သွားရမယ့် လမ်းကြောင်းတစ်ခုကို သိထားတယ်။ အခု ကျွန်တော်တို့ သွားနေတဲ့ လမ်းကြောင်းက ပိုပြီးတော့ရှည်တယ်။ ဒါပေမဲ့ အဲဒီလမ်းမှာဆိုရင် မြင်းလှည်းတွေတောင် သွားလာနိုင်တဲ့အတွက် ကျွန်တော်တို့က တောင်တန်းတွေ၊ မြစ်တွေကို ဖြတ်သွားတာထက် ပိုပြီးတော့မြန်နိုင်တယ်…"
ထိုစကားကို ကြားသည့်အခါ ထိုလူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
"မင်းက တော်တော်လေး သတိထားနေတာပဲ။ မင်းက အေးအေးဆေးဆေးနဲ့ အခွင့်အရေးကို ယူလိုက်လို့ မရဘူးလား…"
ချန်းပင်အန်းက မျက်နှာလွှဲသွားခြင်းမရှိဘဲ ထိုလူကို စူးစူးနစ်နစ် စိုက်ကြည့်နေသေးသည်။ သူက ပြောလိုက်၏။
"ကျူးဟယ် …
လီပေါင်ဖျင်ကို မြို့ထဲပြန်ခေါ်သွားဖို့ ကျူးလုကို ခိုင်းလို့ရမလား။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့က အလျင်စလိုသွားဖို့ မလိုသေးဘူးလေ…"
ကျူးဟယ်က ထိုတောင်းဆိုမှုကို စဉ်းစားနေခဲ့ပြီး ခေါင်းညိတ်တုံ့ပြန်လိုက်သည်။
"ဒါလည်း အကြံကောင်းပဲ…"
ထို့နောက် သူက သူ့သမီးကို လှည့်ကြည့်ပြီး ညွှန်ကြားလိုက်သည်။
"လုအာ …
သခင်မလေးကို မြို့ဆီ ပြန်ခေါ်သွားလိုက်...။ ငါက ဒီမှာ ချန်းပင်အန်းနဲ့အတူ ဆက်နေပြီး အစ်ကိုအိုက်လျန်ကို အဖော်ပြုပေးလိုက်မယ်။ ငါတို့က အရက်သောက်လို့ရသလို လက်ရည်စမ်းလို့လည်း ရတယ်လေ။ ဘယ်လိုပဲဖြစ်ဖြစ် ကံကြမ္မာက ဆုံဖို့ ဖန်လာမှတော့ ရှောင်လွှဲနေလို့မှ မရတာ..."
ကျူးလုက လီပေါင်ဖျင်ကို လက်ဆွဲခေါ်လိုက်သည်။ လီပေါင်ဖျင်ကတော့ အနည်းငယ်လေးပင် တွေဝေနေခဲ့ခြင်း မရှိသလို ရုန်းကန်နေခြင်းလည်း မရှိချေ။ ထိုအစား သူမက အင်္ကျီလက်ကို ညင်သာစွာ ကိုင်လိုက်ပြီး သူ့ကို သတိထားနေရန် ပြောလိုက်သည်။ ထို့နောက် အချိန်ဆွဲနေခြင်းမရှိပဲ ကျူးလုနှင့်အတူ ပြတ်သားစွာ ထွက်ခွာသွားခဲ့၏။ တစ်ဖက်တွင်တော့ ကျူးလုက တိုက်ခိုက်ရန် ဆန္ဒရှိနေသည့်အတွက် တော်တော်လေး စိတ်ပျက်သွားမိခဲ့သည်။ သူမက အဖေဖြစ်သူနှင့် နေရာချင်းလဲရန် ဆန္ဒရှိနေခဲ့၏။
ထိုလူကတော့ အချိန်ဖြုန်းနေသည်ဟု ခံစားနေရသည့်အတွက် မျက်ခုံးပင့်လိုက်မိသည်။ ထို့နောက် သူလည်း ခါးတွင် ချိတ်ထားသော ဘူးသီးခြောက်ကို ဖြုတ်လိုက်ပြီး သူ၏အဖြူရောင်မြည်းကို မှီထားလိုက်သည်။
အရက်တစ်ငုံ သောက်လိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး ပြောလိုက်၏။
"ဒါဆိုလည်း မင်းတို့ (၂) ယောက် ရှေ့က သွားလေ။ ငါတို့ (၃) ယောက်က ဒီနေရာမှာ (၁၅) မိနစ်လောက် နားလို့ရပါသေးတယ်။ ပြီးမှ မြို့ထဲကိုသွားဖို့ သူတို့ရဲ့နောက်ကို လိုက်ကြတာပေါ့…"
ထို့နောက် သူက သူ့မြည်း၏ကျောကုန်းကို လက်နှင့် ပုတ်လိုက်ပြီး လက်ထဲတွင် ကိုင်ထားသော ငွေရောင်ဘူးသီးခြောက်ကို လေထဲသို့ မြှောက်လိုက်သည်။ သူက ကျူးဟယ်ကို အပြုံးနှင့် လှမ်းမေးလိုက်၏။
"မင်းက ဗဟုသုတရှိတဲ့ သိုင်းပညာရှင်တစ်ယောက် မဟုတ်လား။ မင်းက ဒီပစ္စည်းကို မမှတ်မိဘူးလား…"
ထို့နောက် သူ့ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာပြီး ကိုယ့်ကိုယ်ကိုယ် အပြစ်တင်၍ ပြောလိုက်၏။
"မင်းတို့ လီကျူးသုခဘုံလေးက မကြာသေးခင်ကမှ ပွင့်လာတာကို ငါ မေ့သွားတယ်။ ဒါကြောင့် မင်းက ဒီပစ္စည်းကို မသိတာပဲ။ ကိစ္စမရှိပါဘူး။ ငါတို့မှာ စကားပြောဖို့ အချိန်တွေ အများကြီး ရှိပါသေးတယ်…"
ထိုလူက စမ်းချောင်းပေါ်တွင် လဲကျနေသော မိုးမခပင်အိုကြီးကို လက်ညှိုးထိုးပြပြီး အကြံပေးလိုက်သည်။
"ငါတို့ အဲဒီသစ်ပင်ပေါ်မှာထိုင်ပြီး စကားပြောကြရင် မကောင်းဘူးလား…"
ချန်းပင်အန်းနှင့် ကျူးဟယ်တို့က အချင်းချင်း ကြည့်လိုက်မိကြပြီး ထိုအရာက အကောင်းဆုံးဖြစ်ကြောင်း ခံစားမိလိုက်ကြသည်။ သူတို့က ထိုလူကို စောင့်ကြည့်ပြီး သူ၏ရည်ရွယ်ချက်ကို စစ်ဆေး၍ ရနိုင်၏။
ထိုလူက သူ၏အဖြူရောင်မြည်းကို ဆွဲခေါ်လာခဲ့ပြီး ချန်းပင်အန်းနှင့် ကျူးဟယ်တို့၏နောက်မှ လိုက်လာခဲ့သည်။ သူတို့က မိုးမခပင်အိုကြီးဆီကို လျှောက်လာခဲ့ကြ၏။ ထို့နောက် သူက မြင်းဇတ်ကြိုးကို လွှတ်ပေးလိုက်ရာ မြည်းက အနားတွင် ရှိနေသော မြက်ခင်းပြင်ပေါ်တွင် စိတ်ကြိုက်စားသောက်နိုင်သည်။
သူကတော့ မိုးမခပင်ပေါ်သို့ လျှောက်သွားခဲ့ပြီး စမ်းချောင်းပေါ်သို့ ထိုးကျနေသော သစ်ကိုင်းပေါ်သို့ ထိုင်လိုက်၏။ ထို့နောက် သူက ဝါးဦးထုပ်ကို နောက်တစ်ကြိမ် ပြန်ဆောင်းလိုက်ပြီး ငွေရောင်ဘူးသီးခြောက်ထဲမှ အရက်ကို သောက်လိုက်ပြန်သည်။
ရုတ်တရက်ဆိုသလို သူက ချန်းပင်အန်းနှင့် ကျူးဟယ်တို့ကို အပြုံးနှင့် ကမ်းလှမ်းလိုက်၏။
"မင်းတို့တွေထဲက တစ်ယောက်ယောက် အရက်သောက်တတ်လား။ တစ်ယောက်တည်း အရက်သောက်ရတာက သိပ်ပြီးပျော်စရာမကောင်းဘူး။ ဒါက အရက်တစ်အိုးကို အနည်းဆုံး ငွေစ (၂) စနဲ့ ရောင်းတဲ့ အင်မော်တယ်လေလှိုင်းအရက်ပဲ။ ပြီးတော့ တာ့ဆွေအင်ပါယာထဲမှာရှိတဲ့ သူဌေးတွေရဲ့ အကြိုက်ဆုံးအရာတစ်ခုပဲ။ မြောက်ပိုင်းကို သွားတဲ့ခရီးလမ်းမှာ ငါက အရက်အမျိုးအစားပေါင်း (၁၀၀) ကျော် သောက်ခဲ့ဖူးတယ်။ ဒီအရက်က အကောင်းဆုံးပဲ…"
"ကျွန်တော် အရက်မသောက်ဘူး…"
ချန်းပင်အန်းက ခေါင်းခါပြီး ငြင်းလိုက်သည်။
ကျူးဟယ်ကလည်း ခေါင်းခါပြီး ငြင်းဆန်လိုက်၏။
"ငါက သိုင်းပညာရဲ့အထွဋ်အထိပ်ကို မရောက်မချင်း အရက်မသောက်ဘူး…"
ထိုလူက စိတ်ပျက်လက်ပျက်နှင့် ခေါင်းခါပြီး သက်ပြင်းချလိုက်မိသည်။
"မင်းတို့တွေနဲ့ နေရတာ ပျော်ဖို့မကောင်းဘူး။ မကြာသေးခင်က ငါက လူငယ် တစ်ယောက်ကို တွေ့ခဲ့တယ်။ သူကမှ တကယ့်ကို..."
ရုတ်တရက်ဆိုသလို ချန်းပင်အန်းနှင့် ကျူးဟယ်တို့က ထူးခြားသော အမူအရာနှင့် သူ့ကို စိုက်ကြည့်နေကြောင်း ထိုလူက သတိထားမိခဲ့သည်။ ထို့ကြောင့် သူလည်း ဇဝေဇဝါ ဖြစ်သွားခဲ့၏။ သို့သော် အစစ်အမှန် သိုင်းပညာရှင်တစ်ယောက်ဖြစ်သော သူ့ပုံရိပ်ကို မထိခိုက်ချင်နေသည့်အတွက် သူက အရက်ကိုသာ နောက်တစ်ငုံ သောက်လိုက်သည်။
ချန်းပင်အန်းက လည်ချောင်းရှင်းလိုက်ပြီး ထိုလူကို မေးလိုက်၏။
"အဲဒါက ဘာလဲ…"
ချန်းပင်အန်းက မိုးမခပင်ကြီး၏ အပြင်ဘက်ဆုံးအပိုင်းကို လက်ညှိုးထိုးပြလိုက်သည်။
ထိုလူက အနည်းငယ် မျက်မှောင်ကြုတ်၍ ထိုနေရာကိုကြည့်လိုက်ရာ သူ့မြင်ကွင်းကို ခြေထောက်တစ်စုံက တားဆီးထားကြောင်း တွေ့လိုက်ရသည်။ သူ၏အမူအရာက ချက်ချင်းပင် တင်းမာသွားခဲ့ပြီး ခေါင်းမော့ကြည့်လိုက်ရာ သူ့ကို ငုံ့ကြည့်နေသော သက်လတ်ပိုင်းလူတစ်ယောက်ကို တွေ့လိုက်ရသည်။
ထိုလူ၏ခန္ဓာကိုယ်က အနည်းဆုံး (၇၅) (၈၀) ကီလိုရှိနေသော်လည်း သူက မိုးမခသစ်ကိုင်းပေါ်တွင် သစ်ရွက်လေးတစ်ရွက်ကဲ့သို့ ရပ်နေနိုင်သည်။ ဝါးဦးထုပ်ဆောင်းထားသောသူက မှင်တက်သွားခဲ့ပြီး မိုးမခပင်ပေါ်မှ ခြေချော်၍ စမ်းချောင်းထဲကို ပြုတ်ကျသွားခဲ့သည်။
ရောက်လာသူကတော့ တခြားသူမဟုတ်ဘဲ ရွမ်ချုံ ဖြစ်သည်။ အဘိုးကြီးယန် ပြောခဲ့သလို သူကတော့ လီကျူးသုခဘုံ၏ နယ်မြေအတွင်း ဟုတ်မဟုတ်ကို စိတ်ဝင်စားနေခြင်း မရှိချေ။ သူကတော့ ဓားဖန်တီးခြင်းကိုသာ အလေးထားပြီး စည်းမျဉ်းကို ချိုးဖောက်သည့်အတွက် ချွေးချန်းကဲ့သို့သောလူများ ရန်စခြင်းကို ဂရုမစိုက်ချေ။
ရွမ်ချုံကတော့ သူ့ကိုယ်သူ ယုံကြည်ချက်ရှိနေပြီး မြို့အနားတွင် ရှိနေသော ချန်းပင်အန်းကို မည်သူကမျှ အနှောက်အယှက် မပေးရဲကြောင်း အာမခံနိုင်သည်။ အဆင့် (၁၁) ဓားသမားတစ်ယောက်၏ ဒေါသက တိုင်းပြည်တစ်ပြည်၏ ရှင်ဘုရင်ထက် ပို၍ကြောက်စရာကောင်းသည်။
ထို့ကြောင့် ရွမ်ချုံက ချန်းပင်အန်းနှင့် လီပေါင်ဖျင်တို့ကို အလေးထားနေခဲ့ခြင်းပင် မရှိချေ။ မည်သို့ဖြစ်စေကာမူ သူတို့က ကလေး (၂) ယောက်သာဖြစ်ပြီး သူတို့ကို အလေးထားနေရန် မလုံလောက်ပေ။
သို့သော် သူ့ကို အလေးထားစေနိုင်သော တစ်စုံတစ်ခု ရှိလာခဲ့သည်။ ရွမ်ချုံက အိုက်လျန် ပိုင်ဆိုင်ထားသော ပစ္စည်းတစ်ခုကို ခံစားမိခဲ့၏။ ထိုပစ္စည်းထဲတွင် အလွန်များပြားသန့်စင်သော ဓားချီစွမ်းအင်များ ပြည့်နှက်နေခဲ့သည်။ အထူးသဖြင့် သူက ထိုအရာကို ရင်းနှီးနေခဲ့၏။
ဂိုဏ်းထဲတွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့သော်လည်း ရွမ်ချုံက ထိုအရာကဲ့သို့သော ပစ္စည်းတစ်ခုကို လုံးဝမမြင်ဖူးချေ။ သို့သော် သူက ထိုအရာကို ကြားဖူးထားသည့်အတွက် ဤနေရာကို အလျင်အမြန် ရောက်လာခဲ့ခြင်း ဖြစ်သည်။
အိုက်လျန်၏ အခြေအနေက ရယ်စရာကောင်းသော်လည်း ရွမ်ချုံက သူ့ကို အနည်းငယ်လေးပင် အထင်သေးခဲ့ခြင်း မရှိချေ။ ထိုအစား သူက လေးလေးနက်နက် အမူအရာနှင့် မေးလိုက်၏။
"မင်းက နတ်ဘုရားစင်မြင့်က ဝေ့ကျင်းလား…"
အိုက်လျန်က စမ်းချောင်းထဲတွင် ပြန်ထလိုက်ပြီးနောက် သူ့ကိုယ်သူ သေချာပြင်ဆင်လိုက်သည်။ ထို့နောက် ရေပေါ်တွင် ရှိနေသော အရက်ဘူးကို ကောက်လိုက်ပြီး ဝါးဦးထုပ်ကို ဖယ်ရှားလိုက်သည်။
သူက ရွမ်ချုံကို စောင်းကြည့်ပြီး ပြောလိုက်၏။
"ငါ့နာမည်က အိုက်လျန်…"
ရွမ်ချုံက သူ့ကို သေချာစိုက်ကြည့်ပြီး မေးလိုက်၏။
"မင်းက ငါ့ကို အရက်နည်းနည်း တိုက်လို့ရနိုင်မလား…"
ထိုလူက သူ၏အရက်ဘူးကို ရွမ်ချုံဆီသို့ပစ်ပေးပြီး ပြန်ပြောလိုက်သည်။
"တိုက်လို့ရပါတယ်။ ဒါပေမဲ့ ငါ့ကို ပြန်ပေးရမယ်…"
ရွမ်ချုံက အရက်အိုးကို ဖမ်းလိုက်ပြီးနောက် တစ်ငုံသောက်လိုက်သည်။ ထို့နောက် အပြုံးနှင့် ပြောလိုက်၏။
"ဒါက ရနံ့ (၅) မျိုးအရက် မဟုတ်ပါလား…"
ထိုအရက်အိုးက ထိုလူအတွက်တော့ အလွန်ကောင်းမွန်သော ပစ္စည်းတစ်ခုဖြစ်ကြောင်း သိသာနေသည်။ သူက ဒေါသထွက်နေသော အမူအရာနှင့် ရှင်းပြလိုက်၏။
"သူတို့က ဈေးကြီးသွားပြီလေ..."
ထိုစကားကို ကြားသည့်အခါ ရွမ်ချုံက အားရပါးရ ရယ်လိုက်၏။ သူက အရက်ဘူးကို ထိုလူဆီသို့ပြန်ပေးပြီး မေးလိုက်သည်။
"ဘာလို့ မင်းက ဒီနေရာကို အစောကြီး ရောက်လာရတာလဲ။ မင်းက ဒီကိုရောက်ဖို့ အနည်းဆုံး (၁၀) ရက်လောက် ကြာဦးမယ်လို့ ထင်နေတာ..."
"အဲဒါ မင်းကိစ္စလား။ မင်းက သူတော်စင်တစ်ယောက် ဖြစ်နေတာနဲ့ တခြားလူရဲ့ကိစ္စကို ဝင်ပါလို့မရဘူးလေ…"
အိုက်လျန်က ကမ်းစပ်ပေါ်သို့ ပြန်တက်လာပြီး အဝတ်အစားများက တစ်ကိုယ်လုံး စိုရွှဲနေခဲ့သည်။
"မင်းက ငါနဲ့စကားပြောဖို့ ဆိုင်ကို လိုက်ချင်သေးလား။ ငါ့သမီးက မင်းကို အရမ်းလေးစားနေတာ..."
ရွမ်ချုံက ကမ်းလှမ်းလိုက်သည်။
အိုက်လျန်က သူ့ကိုယ်သူ လက်ညှိုးထိုးပြပြီး ရယ်လိုက်၏။
"သူက ငါ့ကိုလေးစားတာလား။ ကြည့်ရတာ သူ့မှာ အမြင်ရှိတယ်ထင်တယ်.."
အိုက်လျန်၏ အကျင့်စရိုက်က အတော်လေးထူးခြားကြောင်း ရွမ်ချုံက သိနေပုံရ၏။ သူက မေးလိုက်သည်။
"မင်းက နဂါးကျောရိုးတောင်နဲ့ ပတ်သတ်တဲ့ကိစ္စကို ကြီးကြပ်ဖို့ တာဝန်ပေးထားတဲ့ လူတစ်ယောက်လား…"
အိုက်လျန်က ခေါင်းခါပြီး ပြောလိုက်သည်။
"အဲဒါ ငါ မဟုတ်ဘူး။ တခြားတစ်ယောက်ပဲ…"
အိုက်လျန်က အနည်းငယ် ဒေါသထွက်နေကြောင်း ရွမ်ချုံက သိနေ၏။ သူက အပြုံးနှင့် မေးလိုက်သည်။
"ဒါဆိုရင် မင်းက ဒီကိုလာတဲ့လမ်းမှာ တာအိုသခင်မတစ်ယောက်ကိုရော တွေ့ခဲ့သေးလား…"
"မင်း ဘာတွေပြောနေတယ်ဆိုတာ ငါမသိဘူး…"
အိုက်လျန်က အေးအေးဆေးဆေး အမူအရာနှင့် ပြန်ဖြေလိုက်သည်။
ရွမ်ချုံက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိ၏။ သူက နောက်ထပ် စစ်ဆေးနေခြင်း မရှိတော့ချေ။
ရွမ်ချုံ လာခဲ့သော ဖုန်းရွှယ်ကျောင်းဆောင်တွင် အလွန်အမင်းကို နာမည်ကျော်ကြားသော ဓားသမားတစ်ယောက် ရှိသည်။ သူက အလွန်ငယ်ရွယ်သော ဓားသမားတစ်ယောက်ဖြစ်ပြီး ဂိုဏ်းထဲတွင် နေထိုင်သည်မှာ အလွန်ရှားပါး၏။ ဖုန်းရွှယ်ကျောင်းဆောင်ထဲတွင်ပင် လူတိုင်းက သူ့ကို မသိကြပေ။
အသက်ငယ်ငယ်တွင် ခရီးသွားနေရင်း ဖုန်းရွှယ်ကျောင်းဆောင်မှ အကြီးအကဲ တစ်ယောက်၏ အလေးထားခြင်းကို ခံခဲ့ရပြီး သူ့ကို တပည့်အဖြစ် သတ်မှတ်ခဲ့သည်။ ထို့ကြောင့် သူက အသက်ငယ်သော်လည်း ဝါစဉ်အရ မြင့်နေခဲ့၏။
ရလဒ်အနေနှင့် သူက အသက် (၂၀) အရွယ်သာ ရှိနေသေးသော်လည်း ဖုန်းရွှယ်ကျောင်းဆောင်သို့ ပထမဆုံး ရောက်လာခဲ့သည့်အချိန်တွင် ဂိုဏ်းထဲ၌ အသက် (၁၀၀) ကျော် ရှိနေသော ကျင့်ကြံသူများစွာက သူ့ကို ဆရာဦးလေးဟု ခေါ်ခဲ့ကြရသည်။
ထို့နောက် သူ့ကို ဂိုဏ်းထဲသို့ ခေါ်လာခဲ့သော အကြီးအကဲက အဆင့်တက်နေရင်း မအောင်မြင်ဘဲ သေဆုံးသွားခဲ့ရ၏။ သူတို့ ဂိုဏ်းခွဲထဲတွင်လည်း ထူးချွန်သော ပါရမီရှင်များ မရှိသည့်အတွက် လူငယ်ဓားသမားလေးက ဖုန်းရွှယ်ကျောင်းဆောင်နှင့် တဖြည်းဖြည်း ဝေးကွာလာခဲ့သည်။
သူက (၇) နှစ်၊ (၈) နှစ်နီးပါးခန့် လောကကြီးထဲတွင် လှည့်လည်သွားလာနေပြီး သူ့ဆရာ၏ သေဆုံးခြင်း အထိမ်းအမှတ်ရှိသည့် အချိန်တွင်သာ ဂိုဏ်းထဲကို ပြန်လာတတ်သည်။ သူက ဖုန်းရွှယ်ကျောင်းဆောင်သို့ ပြန်လာသည့်အချိန်တွင်ပင် တစ်ယောက်တည်းသာ နေတတ်ပြီး မည်သူ့ကိုမျှ စကားမပြောပေ။
သူက အစောပိုင်းတွင် အဖိုးမဖြတ်နိုင်သော ဓားအားဖြည့် ဘူးသီးခြောက်တစ်ခု ရရှိထားသည်ဟု ပြောတတ်ကြ၏။ သို့သော် သူက ထိုအရာကို ဓားပျံများ အားဖြည့်ရန် အသုံးပြုရမည့်အစား သူ၏အရက်ထည့်ရန် ဘူးတစ်ခုအဖြစ်သာ အသုံးပြုတတ်သည်။ သူက အချိန်အများစုတွင် အရက်သောက်နေတတ်သည့်အတွက် သူ့ကို အရက်မူး ဓားအင်မော်တယ်ဟု ခေါ်ဆိုတတ်ကြသည်။ သူ အရက်မူးနေသည့် အချိန်တိုင်း သူ၏ မြည်းနောက်ကျောတွင် လှဲနေပြီး သွားလိုရာကို သွားခိုင်းတတ်သည်။
ဖုန်းရွှယ်ကျောင်းဆောင်မှ ထွက်မလာခင် ရွမ်ချုံက သတင်းတချို့ကိုလည်း ကြားဖူးထားသည်။ သူက အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် အတော်ဆုံး ပါရမီရှိနေသည့် တာအိုမိန်းမပျို တစ်ယောက်ကို မြင်မြင်ချင်း သဘောကျသွားခဲ့ပြီး သူမကို ပိုးပန်းနေခဲ့သည်။ သို့သော် သူ့ခံစားချက်များက လုံးဝအရာမရောက်သည်မှာ ကံဆိုးသွားခဲ့သည်။
လှပသော တာအိုမိန်းမပျိုက တာအိုလက်တွဲဖော်တစ်ယောက် ရှာဖွေရန် ရည်ရွယ်ချက် မရှိချေ။ ထိုပုံပြင်လေးက အရှေ့ပိုင်းကုန်းမြေကြီး တစ်ခုလုံးတွင် တောမီးသဖွယ် ပျံ့နှံ့သွားခဲ့၏။
ခဏကြာ စဉ်းစားနေပြီးနောက် ရွမ်ချုံက ပြောလိုက်သည်။
"ဒါဆိုရင်တော့ သူတို့ကို တာလီအင်ပါယာနယ်စပ်ဆီ ခေါ်သွားဖို့ မင်းကိုပဲ အားကိုးရတော့မယ်…"
ထိုလူက ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ ရွမ်ချုံက သူ့ကို အရိုအသေ ပေးလိုက်ပြီးနောက် တခဏအတွင်း နေရာမှ ပျောက်ကွယ်သွားခဲ့၏။ ထိုနေရာတွင် သစ်ကိုင်းလေး လှုပ်ရှားနေခြင်းကသာ သူရောက်ခဲ့ဖူးသည်ဟူသော အချက်ကို ပြသနေခဲ့၏။
ကျူးဟယ်၏ မျက်နှာပေါ်တွင် သတိထားနေသော အမူအရာတစ်ခုပေါ်လာပြီး မေးလိုက်သည်။
"စီနီယာအိုက်လျန် …
စီနီယာက ဖုန်းရွှယ်ကျောင်းဆောင်ကလား…"
"ငါက ဖုန်းရွှယ်ကျောင်းဆောင်နဲ့ ဘာပတ်သက်မှုမှ မရှိဘူး.."
အိုက်လျန်က ခံစားချက် ကင်းမဲ့နေသော လေသံနှင့် ပြန်ဖြေလိုက်သည်။
ကျူးဟယ်က ပြုံးပြလိုက်ပြီး အိုက်လျန်၏ တုံ့ပြန်မှုအပေါ် အိုးတို့အမ်းတမ်းဖြစ်သွားခဲ့ခြင်း မရှိချေ။ သိုင်းပညာရှင်များက ကျင့်ကြံသူများအပေါ် အဆိုးမြင်ခံစားချက်များ ရှိကြသော်လည်း ဖုန်းရွှယ်ကျောင်းဆောင်နှင့် စစ်တောင်တန်းမှ ကျင့်ကြံသူများကိုတော့ အမှန်တကယ် လေးစားကြသည်။
ထိုမတိုင်ခင် အိုက်လျန်က အလွန်မောက်မာသည်ဟု ကျူးဟယ်က ခံစားခဲ့ရသော်လည်း ရွမ်ချုံ ရောက်လာပြီးသွားသည့် အချိန်တွင်တော့ အိုက်လျန်က အလွန်အစွမ်းထက်သော ပညာရှင်တစ်ယောက်ဖြစ်ကြောင်း ကျူးဟယ်က နားလည်သွားခဲ့သည်။ သူ၏ခါးတွင် ချိတ်ထားသော အစိမ်းရောင် ဝါးဓားအိမ်ထဲတွင် တောင်တန်းများ၊ မြစ်များကို ဖျက်ဆီးနိုင်သော နတ်ဘုရားလက်နက်တစ်ခု ရှိနေမည်ဟု ခံစားမိခဲ့၏။
အိုက်လျန်က သူ၏အရက်ဘူးကို လွှဲယမ်းနေပြီး ချန်းပင်အန်းကို ပြန်လှည့်ပြောလိုက်သည်။
"အဲဒီမိန်းကလေးပြန်လာပြီ…"
ချန်းပင်အန်းက ပြန်လှည့်ကြည့်လိုက်ရာ လီပေါင်ဖျင်နှင့် ကျူးလုတို့က သူတို့ထွက်သွားခဲ့သော လမ်းအတိုင်း ပြန်လာနေသည်ကို တွေ့လိုက်ရသည်။ သူတို့နှင့်အတူ အလွန်လေးလံသော အိတ်ကြီးများ သယ်ဆောင်ထားသည့် လားတစ်ကောင်နှင့် တခြားရင်းနှီးနေသော မျက်နှာလေးနှစ်ခုကိုလည်း တွေ့လိုက်ရသည်။ သူတို့ကတော့ လီဟွိုင်နှင့် လင်းရှို့ယီတို့ ဖြစ်ကြ၏။
ချန်းပင်အန်းက သူတို့ဆီကို ပြေးသွားခဲ့သည့်အချိန်တွင် လီပေါင်ဖျင်၏မျက်နှာက အတော်လေး မကျေမနပ် ဖြစ်နေခဲ့သည်။
ထိုအချိန်တွင် ကျူးလုက ရှင်းပြလိုက်၏။
"ငါတို့က မြို့ကိုပြန်သွားတဲ့အချိန် သူတို့နဲ့ တွေ့ခဲ့တယ်။ သူတို့က သခင်မလေးနဲ့အတူ ချောက်ကမ်းပါးကျောင်းတော်ကို သွားချင်တယ်လို့ပြောတယ်။ အဲဒီအချိန်မှာ ငါတို့မျိုးနွယ်ခေါင်းဆောင်ပေါ်လာပြီး နင့်ကို သွားရှာဖို့အတွက် လှည့်ပြန်ဖို့ ငါတို့ကို ပြောခဲ့တယ်…"
ကျူးလုပြောနေသည့် မျိုးနွယ်ခေါင်းဆောင်က မည်သူ့ကို ရည်ညွှန်းနေခြင်းဖြစ်ကြောင်း ချန်းပင်အန်းက မမေးခဲ့ပေ။ ထိုအစား သူက လီဟွိုင်နှင့် လင်းရှို့ယီတို့ (၂)ယောက်ကိုသာ အလေးထားလိုက်၏။
လီဟွိုင်က ခေါင်းမော့ပြီး ကြေညာလိုက်၏။
"မင်းတို့နောက်ကို လိုက်တာကလွဲရင် ငါတို့က ဘယ်ကိုသွားရဦးမှာလဲ။ မြို့ထဲမှာ ဆက်နေပြီး သူတောင်းစားလုပ်ရမှာလား…"
လင်းရှို့ယီကတော့ အေးစက်သော အမူအရာနှင့် ပြောလိုက်သည်။
"စွန့်စားမှုနဲ့ ဆုလာဘ်တွေဆိုတာက ဒွန်တွဲနေတာပဲလေ…"
လီပေါင်ဖျင်ကတော့ အတော်လေး မကျေမနပ်ဖြစ်နေပြီး အေးစက်စွာ ပြောလိုက်သည်။
"နင်တို့ (၂) ယောက်က အရှေ့တံခါးကနေ ကျောင်းတော်ကို ကိုယ့်ဘာသာ သွားလို့ရတာပဲ။ ဘာလို့ ဦးလေးငယ်နဲ့ ငါက နင်တို့ကိုခေါ်သွားပေးရမှာလဲ…"
လီဟွိုင်က ဒေါသတကြီး ပြန်ပြောလိုက်၏။
"လီပေါင်ဖျင် …
ငါတို့က သေရေးရှင်ရေး အခြေအနေကို အတူတူဖြတ်ကျော်လာခဲ့တာ...။ နင်က ဘာလို့ဒီလိုစကားမျိုး ပြောနိုင်ရတာလဲ…"
လင်းရှို့ယီကတော့ လီဟွိုင်ကဲ့သို့ အရှက်မရှိသော လူတစ်ယောက် မဟုတ်ချေ။ သူက တည်ငြိမ်စွာ ပြောလိုက်၏။
"တကယ်လို့ လီဟွိုင်နဲ့ ငါကသာ ကိုယ့်ဘာသာ ချောက်ကမ်းပါးကျောင်းတော်ကိုသွားဖို့ ကြိုးစားလိုက်မယ်ဆိုရင် ငါတို့က တာ့လီအင်ပါယာနယ်စပ်ကိုတောင် ရောက်မှာမဟုတ်ဘူး…"
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက လီပေါင်ဖျင်၏ခေါင်းကို လက်ဝါးနှင့် ပုတ်လိုက်ပြီး ဆက်မပြောတော့ရန် သူမကို ဖျောင်းဖျလိုက်သည်။
"ရှစ်ချွန်ကျားနှင့် တုံရှိုကျင်းတို့က လိုက်မလာတာ သေချာရဲ့လား…”
“မုန့်ဆိုင်က လူတစ်ယောက်က ရှစ်ချွန်ကျားကို မြို့တော်ဆီ ခေါ်သွားလိမ့်မယ်။ မြို့ထဲမှာရှိတဲ့ ကျောင်းက နောက်ပိုင်းပြန်ဖွင့်မယ်ဆိုတာ ကြားထားတဲ့အတွက် တုံရှိုကျင်းက ပန်းပဲဖိုမှာ အလုပ်လုပ်နေတယ်.."
လင်းရှို့ယီက ရှင်းပြလိုက်သည်။
ချန်းပင်အန်းက သူ့ရှေ့တွင် ရှိနေသော ကလေး (၃) ယောက်ကို လှည့်ကြည့်လိုက်၏။ သူက အပြုံးနှင့် ပြောလိုက်သည်။
"ဒါဆိုလည်း အတူတူသွားကြတာပေါ့…"
အိုက်လျန် စမ်းချောင်းအစပ်မှနေ၍ သူ၏မြည်းဖြူလေးကို ဆွဲခေါ်လာရင်း လီဟွိုင်နှင့် လင်းရှို့ယီကိုကြည့်၍ သူ၏မျက်နှာပေါ်တွင် မကျေနပ်သည့် အမူအရာတစ်ခု ပေါ်လာသည်။
"ငါက ချစ်စရာကောင်းတဲ့ ကလေးမလေးကို ခေါ်သွားဖို့တော့ ကိစ္စမရှိဘူး။ ဒါပေမဲ့ ဒီသူတောင်းစားလေး (၂) ယောက်ကို ဘယ်လိုဖြေရှင်းရမှာလဲ.."
"ခင်ဗျားက ဘယ်သူလဲ…."
လီဟွိုင်က ဒေါသတကြီး ပြန်မေးလိုက်သည်။
"ငါက ပျောက်ဆုံးနေတဲ့ မင်းအဖေလေ…"
အိုက်လျန်က လေးလေးနက်နက် ပြန်ဖြေလိုက်၏။
ထိုအချိန်တွင် လီဟွိုင်၏ မျက်နှာပေါ်၌ အံ့ဩမှင်တက်နေသော အမူအရာတစ်ခု ချက်ချင်း ပေါ်လာခဲ့သသည်။ သူက မိုးကြိုးအပစ်ခံရသလို ဖြစ်သွားခဲ့ပြီး အိုက်လျန်ကို သေချာစိုက်ကြည့်နေခဲ့၏။
လီဟွိုင်၏အကြည့်ကို ရင်ဆိုင်ရသည့်အချိန်တွင် အိုက်လျန်ကပင် အတော်လေး မသက်မသာ ခံစားနေရသည်။ သူက လီဟွိုင်၏ အဖေယောင်ဆောင်နေသည်မှာ အမှန်တကယ် ဟုတ်သည်ဟုပင် တွေးမိလာခဲ့သည်။
သို့သော် လီဟွိုင်က မှင်တက်နေသော အမူအရာကို ချက်ချင်း ရုပ်သိမ်းလိုက်ပြီး ခနဲ့သလို အမူအရာနှင့် ပြောလိုက်၏။
"ခင်ဗျားက ကျုပ်ကို အခွင့်အရေး ယူချင်နေတာပဲ…"
အစောပိုင်းတွင် သူက ရှုံးနိမ့်သွားခဲ့ရသော်လည်း အိုက်လျန်ကတော့ လေးစားသွားမိသည်။
"သေစမ်း။ ဒီမြို့က ကလေးတွေက တစ်ခုခုတော့ တစ်ခုခုပဲ…"
"ကျုပ်က နားမထောင်ဘူး ။ ကျုပ် နားမထောင်ဘူး…"
လီဟွိုင်က နား (၂) ဖက်ကို လက်နှင့်အုပ်ပြီး ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။
"အိုက်လျန် …
ခင်ဗျားက ကျုပ်တို့မြို့ငယ်လေးရဲ့ဘာသာစကားကို ဘယ်လိုပြောတတ်တာလဲ…"
ချန်းပင်အန်းက ရုတ်တရက် မေးလိုက်သည်။
"အဲဒါသိချင်ရင်တော့ မင်းက ရွမ်ချုံကို သွားမေးလို့ရတယ်…"
အိုက်လျန်က အပြုံးနှင့် ပြန်ဖြေလိုက်၏။
ချန်းပင်အန်းကလည်း အပြုံးနှင့် ပြန်ဖြေလိုက်သည်။
"ကိစ္စမရှိပါဘူး။ ကျုပ်က ဒီအတိုင်းသိချင်ရုံပါပဲ…"
အိုက်လျန်၏ မျက်နှာပေါ်တွင် အနည်းငယ် လက်မခံလိုသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။
"မင်းလို လူငယ်တစ်ယောက်က ဒီလောက်ထိ အတွေးလွန်နေတာ သိပ်တော့မကောင်းဘူး…"
သူတို့ (၇) ယောက်အဖွဲ့က ခရီးစဉ်ကို စတင်လိုက်ကြပြီး အိုက်လျန်နှင့် သူ့မြည်းက ရှေ့မှဦးဆောင်၍ ချန်းပင်အန်းနှင့် ကလေးငယ်များက သူ့နောက်မှ လိုက်လာခဲ့သည်။ ကျူးဟယ်နှင့် ကျူးလုတို့ကတော့ နောက်ဆုံးမှ လိုက်လာကြ၏။
ဤနေရာမှစ၍ သူခေါ်သွားမည့် လမ်းကြောင်းက အလွန်ခက်ခဲကြမ်းတမ်းမည်ဟု အိုက်လျန်က သူတို့ကို ပြောခဲ့သည်။ သူတို့ လုပ်ဆောင်ရမည်မှာ သံအဆောင်မြစ်အတိုင်း တောင်ဘက်သို့ ဆင်းသွားပြီးနောက် တာ့လီအင်ပါယာ၏ ပင်မလမ်းမကြီးကို လျင်မြန်စွာ သွားရမည်ဖြစ်သည်။
သို့သော် သူတို့ အနားယူနေစဉ် အတောအတွင်း အိုက်လျန်က ချန်းပင်အန်း၏ အကြံပေးချက်များကိုလည်း နားထောင်ပေးခဲ့၏။
အနားယူနေရင်း တစ်ကြိမ်တွင်တော့ လီဟွိုင်က အိုက်လျန်ဆီသို့ ပြေးသွားခဲ့ပြီး သူကတော့ မရင်းနှီးသော ဓားသမားကို ကြောက်လန့်နေခဲ့ခြင်း မရှိချေ။ သူက မေးလိုက်၏။
"ခင်ဗျားရဲ့မြည်းက အထီးလား အမလား…"
အိုက်လျန်က လီဟွိုင်ကို ရွံရှာနေခြင်း မရှိသော်လည်း ထိုကလေးငယ်က အနည်းငယ် စိတ်ပျက်စရာကောင်းသည်ဟု တွေ့လိုက်ရသည်။
"အဲဒါက မင်းနဲ့ဘာဆိုင်လို့လဲ…"
"ကျုပ်ကို ငှားစီးပါလား…"
"ဒါက ငါကိုယ်တိုင်စီးဖို့တောင် အရမ်းအဖိုးတန်တယ်။ ငါက ဘာလို့မင်းကို ပေးစီးရမှာလဲ။ မင်းက တကယ်ပဲ ငါ့သားလို့ ထင်နေတာလား…"
"တကယ်လို့ ခင်ဗျားက ကျုပ်ကို အဲဒီမြည်းပေးမယ်ဆိုရင် ကျုပ်အမေကို ကျုပ်အဖေနဲ့ ကွာရှင်းဖို့ တောင်းဆိုလိုက်မယ်။ ပြီးတော့ ခင်ဗျားကို လက်ထပ်ခိုင်းလိုက်မယ်။ ဘယ်လိုသဘောရလဲ။ ဒါပေမဲ့ ကျုပ်အမေ သဘောမတူရင်တော့ ခင်ဗျားလည်း ကျုပ်ကို အပြစ်တင်လို့မရဘူး။ ကျုပ်ကတော့ မြည်းကို ယူရမှာပဲ…"
"ဝေးဝေးသွားစမ်း…"
"ဟား ဟား ဟား ဟား အိုက်လျန် ခင်ဗျားလို အဖေတစ်ယောက်က ဒေါသကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ပြောပြသင့်တယ်လို့ ခံစားနေရပြီ…."
ထို့နောက် လီဟွိုင်က လက်နောက်ပစ်ပြီး စိတ်ပျက်လက်ပျက်နှင့် သက်ပြင်းချ၍ ထွက်ခွာသွားခဲ့၏။
အိုက်လျန် တစ်ယောက်တည်းကသာ မှင်တက်နေသည့်အမူအရာနှင့် ကျန်နေခဲ့သည်။ ………..
တစ်ချိန်တည်းတွင် လူ (၂) ယောက်က စမ်းချောင်းအတိုင်း လမ်းလျှောက်လာပြီး ပန်းပဲဖိုဆီသို့ ပြန်သွားနေခဲ့ကြ၏။ ထို (၂) ယောက်ကတော့ ရွမ်ချုံနှင့် ဆံဖြူအကြီးအကဲတစ်ယောက်ဖြစ်ပြီး သူ့ပုံစံက ကျန်းမာနုပျို၍ မျက်နှာအမူအရာက ဖြူဖျော့နေသည်။
ထိုအရာကတော့ ကျူးလုပြောခဲ့သော မျိုးနွယ်ခေါင်းဆောင်ဖြစ်ပြီး သူက လီကလန်၏ အစစ်အမှန်နောက်ခံအင်အားလည်း ဖြစ်သည်။ လီကလန်က လီပေါင်ဖျင်အပေါ် မျှော်လင့်ထားခဲ့သည့်အတွက် သူတို့က ကျူးလုနှင့် ကျူးဟယ်တို့ကိုသာ ယုံကြည်အပ်နှံထားခဲ့ခြင်း မဟုတ်ချေ။ အကယ်၍ ရွမ်ချုံကသာ ဤကိစ္စ၌ ပါဝင်ခဲ့ခြင်းမရှိလျှင် မျိုးနွယ်ခေါင်းဆောင်လီက သူမ၏ ဘေးကင်းလုံခြုံမှုအတွက် နယ်စပ်သို့ ကိုယ်တိုင်လိုက်ပို့ပေးမည် ဖြစ်သည်။
မျိုးနွယ်ခေါင်းဆောင်လီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုပေါ်လာပြီး မေးလိုက်၏။
"ဆရာရွမ် …
အဲဒါ ဖုန်းရွှယ်ကျောင်းဆောင်က တောင်းဆိုထားတဲ့အကူအညီလား…"
"ဒါက ဘယ်လိုဖြစ်ရတာလဲ။ သူ့ပုံစံက လမ်းဘေးကနေ အလွယ်တကူ ခေါ်ထားတဲ့ သိုင်းပညာရှင်တစ်ယောက်လို့ တွေးနေတာ မဟုတ်လား…"
ရွမ်ချုံက တည့်တည့်သာ မေးလိုက်သည်။
"ငါက သူ့ရဲ့အရက်ကို သောက်လိုက်တဲ့အချိန်မှာ သူ့ကို သေချာစစ်ဆေးနိုင်ခဲ့တယ်။ ဓားအားဖြည့်ဘူးသီးခြောက်ထဲမှာရှိနေတဲ့ ဓားချီစွမ်းအင်တွေက အသက်ဝင်နေသေးတယ်။ ဒါကြောင့် သူက သေချာပေါက် ဖုန်းရွှယ်ကျောင်းဆောင်က ရောက်လာတာ ဖြစ်လိမ့်မယ်…”
“ဖုန်းရွှယ်ကျောင်းဆောင်ရဲ့ နတ်ဘုရားစင်မြင့်ဂိုဏ်းခွဲမှာ နဂိုကတည်းက လူအများကြီးမရှိဘူး။ ဝေ့ကျင်းက တော်တော်လေးကို အေးစက်ပြီး တစ်ယောက်တည်း နေရတာကို သဘောကျတယ်။ သူက တစ်နေရာနဲ့ တစ်နေရာ ခရီးသွားလာနေတဲ့အတွက် သူ့ရဲ့ထူးခြားတဲ့ အကျင့်စရိုက်တွေကို နားလည်ပေးနိုင်ပါတယ်။ ပြီးတော့ လူသတ်ပြီး ရတနာလုနိုင်တဲ့နည်းလမ်းတွေလည်း အများကြီးရှိတယ်။ ဒါပေမယ့် ဝေ့ကျင်းက အဲဒီလို လူတစ်ယောက် မဟုတ်ဘူး။ သူ့ရဲ့ဓားအားဖြည့်ဘူးသီးခြောက်ကို ယူနိုင်တဲ့ အစွမ်းထက်ပညာရှင်တစ်ယောက် ရှိနေမယ်ဆိုရင် ငါတောင် အဲဒီလူကို တားဆီးနိုင်မှာ မဟုတ်ဘူး…"
မျိုးနွယ်ခေါင်းဆောင်လီက သက်ပြင်းချပြီး တုံ့ပြန်လိုက်သည်။
"ဆရာရွမ်က အရမ်းကို နှိမ့်ချတာပဲ။ တကယ်လို့ ဝင်္ကပါသာ အကောင်းတိုင်းရှိနေပြီး ရတနာ (၄) ခုကိုသာ ယူမသွားခဲ့ကြဘူးဆိုရင် ဆရာရွမ်က ကိစ္စတွေအများကြီးကို ပိုပြီးလွတ်လွတ်လပ်လပ် လုပ်နိုင်လိမ့်မယ်…"
ခဏကြာ တွေးတောနေပြီးနောက် ရွမ်ချုံက ပြောလိုက်၏။
"နောက်ပိုင်း ငါက ဖုန်းရွယ်ကျောင်းဆောင် ကင်းလိပ်ချောဂိုဏ်းခွဲက လူတွေနဲ့ သွားတွေ့ရမယ်။ ပြီးတော့ သူတို့ဆီက အခြေအနေကို နားထောင်ရဦးမယ်။ အခု သူတို့က ဒီနေရာနဲ့ မလှမ်းမကမ်းကို ရောက်နေပြီ။ စစ်တောင်တန်းက လူတွေ ရှိနေတဲ့အချိန် ကျုပ်က နဂါးကျောရိုးတောင်တန်းပေါ်မှာရှိတဲ့ နဂါးခေါင်းဖြတ်ကျောက်တုံး ခွဲဝေမှုနဲ့ပတ်သက်ပြီး တည့်တည့်ပြောလို့မရနိုင်သေးဘူး။ ဒါကြောင့် ဒါက သင့်တော်ပါတယ်။ တကယ်လို့ ဒီအချိန်အတောအတွင်း မြို့ငယ်လေးက မထင်ထားတာ တစ်ခုခု ဖြစ်သွားခဲ့မယ်ဆိုရင် မင်းက ရှို့ရှို့ကို သွားရှာပြီး ဓားပျံကနေတဆင့် ငါ့ကိုသတင်းပို့လိုက်..."
ဖုန်းရွှယ်ကျောင်းဆောင်နှင့် စစ်တောင်တန်းတို့က အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် အဓိကသိုင်းပညာရှင်ဂိုဏ်း (၂) ခု ဖြစ်ကြသည်။ တစ်ခုက တောင်ဘက်တွင် တည်ရှိပြီး တခြားတစ်ခုက မြောက်ဘက်တွင် တည်ရှိ၏။ ထိုဂိုဏ်း (၂) ခု၏ ပတ်သက်မှုကလည်း ကောင်းမွန်ခြင်း ဆိုးရွားခြင်း မရှိကြပေ။
ပုံမှန်အားဖြင့် ပြောရမည်ဆိုလျှင်တော့ သူတို့က သီးသန့်နေထိုင်ကြပြီး တစ်ခုနှင့်တစ်ခု ပတ်သက်ခြင်းကို ရှောင်ရှားကြသည်။ သို့သော် သေရေးရှင်ရေး အခြေအနေမျိုးနှင့် ရင်ဆိုင်ရသည့်အချိန်တွင်တော့ သူတို့ကတော့ မတူကွဲပြားမှုများကို ဘေးဖယ်ထားကြပြီး ဘုံရန်သူကို ပူးပေါင်းတိုက်ခိုက်တတ်ကြသည်။
ထိုဂိုဏ်း (၂) ခုထဲတွင် စစ်တောင်တန်းက လူသားအင်ပါယာများ၏ တိုးတက်မှုကို ပို၍အလေးထားသည်။ တာ့လီအင်ပါယာထဲတွင် စစ်တောင်တန်းမှ ကျင့်ကြံသူများစွာ ရှိနေသလို တာ့ဆွေအင်ပါယာနှင့် ပျက်စီးသွားသော လုတိုင်းပြည်တို့တွင်လည်း အတူတူသာ ဖြစ်သည်။ သူတို့အများစုက တိုက်ပွဲကွင်းပြင်ထဲတွင် စစ်သူကြီးများ၊ ကိုယ်ရံတော်များဖြစ်ကြပြီး တပ်ဖွဲ့ထဲတွင် အစွမ်းထက်သော ရဲမက်အရာရှိများ ရှိကြသည်။
တစ်ဖက်တွင်တော့ ဖုန်းရွှယ်ကျောင်းဆောင်က သူတို့၏ကိုယ်ပိုင် ဖွံ့ဖြိုးတိုးတက်မှုကိုသာ ပို၍အလေးထားပြီး သူတို့က ရှေးဟောင်းတိုက်ပွဲကြီးများ ဖြစ်ခဲ့သည့် နေရာများကို စူးစမ်းရှာဖွေကြသည်။ သူတို့က သိုင်းပညာကိုသာ စိတ်ဝင်စားသော ခရီးသွားသူရဲကောင်းဂိုဏ်းတစ်ခုနှင့် တူညီနေကြ၏။
သူတို့က လုပ်ချင်သည့်အရာကို လုပ်တတ်သည်။ အကယ်၍ သူတို့က ခံစားချက် ကောင်းမွန်နေလျှင် မကောင်းသူပယ် ကောင်းသူကယ်တတ်ကြသည်။ အကယ်၍ သူတို့၏ခံစားချက်များ ဆိုးရွားနေလျှင်တော့ တခြားလူများကို ရှာဖွေစိန်ခေါ်တတ်ပြီး အများစုတွင်တော့ မဖိတ်ခေါ်ဘဲ အတင်းအကြပ် ကျူးကျော်တတ်သည်။ သူတို့၏ပြိုင်ဘက်က စိန်ခေါ်မှုကို သဘောတူသည်ဖြစ်စေ သဘောမတူသည်ဖြစ်စေ သူတို့က အတင်းအကြပ် တိုက်ခိုက်တတ်သည်။
သို့သော် ဖုန်းရွှယ်ကျောင်းဆောင်မှ ကျင့်ကြံသူများ၏ ထူးခြားမှုကတော့ သူတို့၏ဂုဏ်သတင်းကို မြှင့်တင်ရန် တိုက်ခိုက်ခဲ့ခြင်း မရှိကြသလို သူတို့တိုက်ခိုက်သည့် ပညာရှင်ကိုလည်း သတ်ဖြတ်ခဲ့ခြင်း မရှိကြချေ။
ထို့ကြောင့် တစ်စုံတစ်ယောက်က ဖုန်းရွှယ်ကျောင်းဆောင်မှ ပညာရှင်တစ်ယောက်၏ လက်ထဲ၌ ဆိုးဆိုးဝါးဝါး ရှုံးနိမ့်သွားမည်ဆိုလျှင်ပင် သူတို့နှင့် ပတ်သက်ပြီး သတင်းဖြန့်ခံရမှာကို လုံးဝစိုးရိမ်နေရန် မလိုအပ်ပေ။
ဓားပျံအကြောင်းကို ကြားသည့်အခါ မျိုးနွယ်ခေါင်းဆောင်လီ၏ မျက်နှာပေါ်တွင် အနည်းငယ် တည်ငြိမ်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက ပြောလိုက်၏။
"ဆရာရွမ် …
ကျွန်တော်တို့စံအိမ်ထဲမှာလည်း အရည်အသွေးကောင်းတဲ့ သတင်းပို့ဓားပျံတွေ အများကြီးရှိတယ်…"
"အဲဒါက မတူဘူး…"
ဆရာရွမ်က အပြုံးနှင့် ငြင်းဆန်လိုက်သည်။
"အမှန်အတိုင်းပြောရရင် ကွဲပြားမှုက တော်တော်လေးကို သိသာတယ်…"
မျိုးနွယ်ခေါင်းဆောင်လီက ဆရာရွမ် ပြောချင်သည့်စကားကို ချက်ချင်း နားလည်သွားခဲ့ပြီး သူ၏မျက်နှာပေါ်တွင် ရှက်ရွံ့နေသည့် အပြုံးတစ်ခု ပေါ်လာခဲ့၏။
"ကျွန်တော်က ဆရာရွမ်ရဲ့ရှေ့မှာ ကျွန်တော့်ရဲ့ဓားပျံတွေကို ချီးကျူးနေသလို ဖြစ်နေတာပဲ…"
ရုတ်တရက်ဆိုသလို ရွမ်ချုံက သက်ပြင်းချလိုက်သည်။
"ငါလိုချင်တာက ငြိမ်းချမ်းမှုနဲ့ တိတ်ဆိတ်မှုပဲ။ ဒါပေမဲ့ ရည်မှန်းချက် အရမ်းကြီးတာကလည်း ဆန္ဒတစ်ခု ဖြစ်လာတယ် ထင်တယ်…"
………….
ထိုအချိန်တွင် နန်းတွင်းဝတ်စုံဝတ်ထားပြီး ကိုယ်လုံးကိုယ်ပေါက်လှပသော အမျိုးသမီးတစ်ယောက်က ရွှံ့ပုလင်းလမ်းကြားထဲတွင် လမ်းလျှောက်နေခဲ့သည်။ သူမ၏နောက်ဘက် မလှမ်းမကမ်းမှနေ၍ လူ (၃) ယောက် လိုက်လာပြီး သူတို့က သန်သန်မာမာနှင့် သက်လတ်ပိုင်းအရွယ် လူတစ်ယောက်၊ မျက်နှာပေါ်တွင် အမွှေးအမျှင်မရှိသော လူငယ်အကြီးအကဲတစ်ယောက်နှင့် လက်ထဲတွင် ဓားရှည်တစ်လက်ကို ကိုင်ထားသော မိန်းမပျိုတစ်ယောက်တို့ ဖြစ်ကြသည်။
ရင်ဘတ်ပေါ်တွင် တင်ထားသော သူမ၏ဓားလက်ကိုင်မှနေ၍ ရွှေရောင် အမွှေးအမျှင်လေးများ ကျဆင်းလာနေခဲ့သည်။
အမျိုးသမီးက စုန့်ကျိရှင်း၏ ခြံဝန်းတံခါးရှေ့တွင် ရပ်ပြီး ပြုံးလိုက်သည်။
"ချွေးချန်း တစ်ယောက်တည်းပဲ နှစ်သစ်ကူးစာသားတွေကို ခိုးယူတဲ့အလုပ်မျိုး လုပ်နိုင်တာ..."
Translated by Hein Htet.