အခန်း (၁၀၅)
Vol. 7 Ch. 105
ဝါးပင်များက စတင်ကြီးထွားလာသည့်အချိန်တွင် သူတို့ကသာ သဘာဝကပ်ဘေးများ၊ သို့မဟုတ် လူလုပ်ကပ်ဘေးများ မဖြစ်လျှင် ပင်လယ်ကြီးကဲ့သို့ သစ်တောတစ်တောပုံစံ လျင်မြန်စွာ ကြီးထွားလာနိုင်ကြသည်။
သို့သော် သွားစားပွဲတောင်ရှိ သေးငယ်ပြီး လျှို့ဝှက်သော ဝါးတောလေးကတော့ လွန်ခဲ့သော နှစ်ပေါင်း(၁၀၀၀)ခန့်တွင်ပင် အလွန်နှေးကွေးစွာသာ ကြီးထွားလာနေခဲ့သည်။ မျိုးရိုးစဉ်ဆက် တောင်တန်းသခင်များစွာ၏ ဂရုစိုက်မှုခံခဲ့ရသည်ကိုပင် သူတို့ကတော့ ပို၍ကြီးမားသော ဝါးတောကြီးတစ်ခုအဖြစ် ကြီးပြင်းလာရန် လက္ခဏာမျိုးမပြသေးပေ။
လက်ရှိအချိန်တွင် သွားစားပွဲတောင်၏ တောင်တန်းသခင်က တိတိရိရိပြတ်နေသော ဝါးပင်နှစ်ပင်အနားတွင် ဆောင့်ကြောင့်ထိုင်နေခဲ့၏။ သူက ဝါးတုတ်ကို သူ့အနားတွင် ရှိနေသော မြေကြီးထဲသို့ စိုက်ချလိုက်ပြီး ဝမ်းနည်းပူဆွေးစွာ အော်ဟစ်ငိုယိုချင်နေခဲ့သည်။
“ဘာလို့ ငါ့ကို ဒီလိုမျိုးအနိုင်ကျင့်ရတာလဲ။ မင်းတို့က ဘယ်လောက်ပဲ ဂုဏ်သရေရှိ ဧည့်သည်တွေပဲဖြစ်ဖြစ် ဧည့်သည်က ဧည့်သည်ပဲလေ။ ဧည့်သည်က ပိုင်ရှင်ကို ဒီလိုမျိုးအနိုင်ကျင့်လို့ရလို့လား။ တစ်ချက်တည်းနဲ့ အကာအကွယ်ဝင်္ကပါကို ဖျက်ဆီးလိုက်ပြီး ဒီရတနာဝါးတောကို ဖော်ထုတ်လိုက်တယ်။ ဒါက အိမ်ရှင်ရဲ့သမီးကို လူလယ်ခေါင်မှာ အဝတ်ချွတ်လိုက်တာနဲ့ အတူတူပဲ မဟုတ်ဘူးလား…”
မြေအဆီအနှစ်နှင့် တိမ်သစ်မြစ်မှ မွေးဖွားလာခဲ့သော မြွေနှစ်ကောင်ကတော့ ဝါးသစ်တော၏ အပြင်ဘက်တွင် ခွေနေကြသည်။ သူတို့၏မျက်လုံးများက အေးစက်နေပြီး လက်ရှိအချိန်တွင် သူတို့ကတော့ ကျေနပ်နေပုံရ၏။ သူတို့က တောင်တန်းသခင်၏ ကံဆိုးမှုကို ကျေနပ်နေကြပုံပေါ်သည်။
ထိုအချိန်တွင် သူ့အနား၌ လှောင်ပြောင်သည့်အသံတစ်ခု ပေါ်လာခဲ့၏။
“ဒါဆိုရင်တော့ မင်းမှာ သမီးတွေ အများကြီးရှိနေတယ် ထင်တယ်။ နောက်ပိုင်း မင်းက လက်ဖွဲ့ငွေတွေ အများကြီးပေးဖို့ ကြိုးစားရတော့မှာပဲ…”
လူငယ်တောင်တန်းသခင်က ကြောက်လန့်တကြား မတ်တပ်ရပ်လိုက်ပြီး ပူဆွေးပြီး ဒေါသထွက်နေသည့် မျက်နှာအမူအရာကို ပြောင်းလဲလိုက်သည်။ သူက အိုက်လျန်ကို ဦးညွတ်ပြီး တောင်းပန်လိုက်၏။
“ကျွန်တော်က အင်မော်တယ်ရဲ့ရှေ့မှာ အရူးတစ်ယောက်လို ဖြစ်သွားမိတာ တောင်းပန်ပါတယ်။ ကျွန်တော်က ဆင်းရဲနွမ်းပါးတဲ့ ဒီနေရာငယ်လေးမှာ နေခဲ့ရတဲ့အတွက် ပစ္စည်းတွေကို တပ်မက်နေမိတာ ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ။ ကျွန်တော်က အင်မော်တယ်လို တစ်ကမ္ဘာလုံး သွားလာပြီး တောင်တန်းတွေ မြစ်တွေများစွာ မြင်ဖူးတဲ့ လူတစ်ယောက်ကို မယှဉ်နိုင်ပါဘူး….”
“အင်မော်တယ်ရဲ့စွမ်းရည်နဲ့ ဗဟုသုတတွေအရ ဒီဝါးတောလေးက ကျွန်တော့်အတွက် ဘယ်လောက်အရေးကြီးလဲဆိုတာ သေချာပေါက် ပြောနိုင်မှာပေါ့။ ဒီနယ်မြေငယ်လေးက ကျွန်တော်ရဲ့ ကြွယ်ဝချမ်းသာမှု အများဆုံးပါပဲ။ ဒီကောင်လေးက ဝါးပင်နှစ်ပင် ခုတ်သွားပေမဲ့ ကျွန်တော်က ဝမ်းနည်းမှုကို ထိန်းချုပ်လို့ မရခဲ့ဘူး။ ကျေးဇူးပြုပြီး ကျွန့်တော်ကို ခွင့်လွှတ်ပေးပါ အင်မော်တယ်။ ကျွန်မေရည်ရွယ်ဘဲ ရန်စသလို ဖြစ်သွားတာကို ခွင့်လွှတ်ပေးပါ…”
ပြန်ရောက်လာပြီးနောက် ယခုတစ်ကြိမ် အိုက်လျန်က အစိမ်းရောင်ဝါးတစ်ပင်ကို မှီထားခဲ့သည်။ သူက အစိမ်းရောင်သစ်ရွက်လေးများကိုကြည့်ပြီး မေးလိုက်၏။
“ဒီဝါးတောရဲ့ဘိုးဘေးကို ဝါးပင်လယ်သုခဘုံကနေ ရလာတာလား။ မင်းက အဲဒါကို ဒီဝါးတောအဖြစ ်ဖန်တီးထားတာလား။ မင်းက အင်မော်တယ်တစ်ယောက်ကို အပြစ်ပြုမိခဲ့တဲ့အတွက် မင်းရဲ့အဆင့်အတန်းကနေ ဖယ်ရှားခံလိုက်ရတာလား..”
ထိုစကားကို ကြားသည့်အခါ လူငယ်တောင်တန်းသခင်က မှင်တက်သွားမိခဲ့သည်။ သူ၏မျက်နှာပေါ်တွင် ကျိုးနွံသောအမူအရာတစ်ခု ပေါ်မလာခဲ့သော်လည်း စိတ်ပျက်သည့် လက္ခဏာမျိုး ပေါ်လာခဲ့သည်။
သူက ဦးညွှတ်၍ ပြောလိုက်၏။
“ကျွန်တော်က သွားစားပွဲတောင်ရဲ့တောင်တန်းသခင် ဝေ့ပိုပါ။ ကျွန်တော့်ကို နတ်ဘုရားရေ တိုင်းပြည်ရဲ့နောက်ဆုံးဘုရင်က တောင်တန်းနတ်ဘုရားအဖြစ် တာဝန်ပေးခဲ့ပါတယ်။ ကျွန်တော်က သွားစားပွဲတောင်ရဲ့ ကီလိုမီတာ(၁၀၀၀) ပတ်ပတ်လည်ကို တာဝန်ယူခဲ့ရတယ်…”
“နောက်ပိုင်းမှာတော့ တိုင်းပြည်တွေက ပြောင်းလဲသွားပြီး တာ့လီအင်ပါယာက နတ်ဘုရားရေ တိုင်းပြည်ကို သိမ်းပိုက်ခဲ့တယ်။ ကျွန်တော်က အင်ပါယာ တည်ထောင်တဲ့ဘုရင်ကို ဒေါသထွက်အောင် လုပ်မိခဲ့တဲ့အတွက် ကျွန်တော့်ကို တောင်တန်းနတ်ဘုရားအဖြစ်ကနေ တောင်တန်းသခင်အဖြစ် အဆင့်လျော့ပစ်ခဲ့တယ်။ ကျွန်တော် ထိန်းချုပ်နိုင်တဲ့နယ်မြေကလည်း ကီလိုမီတာ(၁၅၀)ပတ်ပတ်လည်အထိ လျော့ကျသွားတယ်။ အဲဒါက ဒီနေ့ထိပဲ။ အခုထိ ကျွန်တော့်ကို အပြစ်သားတစ်ယောက်အဖြစ် သတ်မှတ်ထားသေးတယ်…”
သူက စိတ်ဝိညာဉ်စွမ်းအားများ တလက်လက် တောက်ပနေသော ဝါးတုတ်ကိုမြှောက်ပြီး မချိပြုံးပြုံး၍ ပြောလိုက်သည်။
“ကံကောင်းမှုတွေက အတွဲလိုက် ရောက်မလာပေမဲ့ ကံဆိုးမှုကတော့ တစ်ယောက်တည်း ရောက်မလာတတ်ဘူး။ ကျွန်တော်က ဝါးပင်လယ်သုခဘုံထဲမှာ ဒီဝါးပင်ကို ခုတ်လိုက်တယ်။ ပြီးတော့ ဒီတုတ်ကို ဖန်တီးခဲ့တာပဲ။ ဒါပေမဲ့ အဲဒါက အဲဒီဝါးတောပိုင်ရှင်ရဲ့ မိတ်ဆွေကို မထင်မှတ်ဘဲ ဒေါသထွက်အောင် လုပ်မိသွားတယ်။ သူက ကျွန်တော့်ကို ရောက်လာခဲ့တဲ့နေရာဆီ ပြန်ပို့လိုက်တာပဲ…”
ဝါးပင်ကို မှီထားသော အိုက်လျန်က ပုံစံအနည်းငယ်ပြောင်းလိုက်ရာ သူ့ပုံစံက ပို၍သက်တောင့်သက်သာ ဖြစ်သွားခဲ့သည်။ သူက အံ့ဩနေသော အမူအရာနှင့် မှတ်ချက်ပေးလိုက်၏။
“ကြားရတာတော့ တော်တော်လေး သနားဖို့ကောင်းတာပဲ…”
လူငယ်တောင်တန်းသခင်က အနည်းငယ် စိုးရွံ့သွားခဲ့သည်။
သနားစရာကောင်းသော တောင်တန်းသခင်ကို ခဏတာ လျစ်လျူရှုလိုက်ပြီး အိုက်လျန်က ဝါးတော၏အနားတွင် ရှိနေသော တစ်နေရာကို လှည့်ကြည့်လိုက်သည်။ သူ့မျက်လုံးထဲတွင်တော့ သူနှင့်အတူ ပြန်လိုက်လာသော ချန်းပင်အန်းက တောင်ကုန်းငယ်လေးတစ်ခုပေါ်တွင် ရပ်နေခဲ့၏။
မြွေနှစ်ကောင်ကတော့ အနည်းငယ်ခွာနေပြီး အထူးသဖြင့် အဖြူရောင်မြွေ၏ စိတ်ထဲတွင်တော့ နက်ရှိုင်းသော ခံစားချက်တစ်ခု ရှိနေသေးသည်။ သူ့မျက်လုံးများက အလွန်အမင်းကို သတိထားနေခဲ့၏။
အိုက်လျန်က အပြုံးနှင့်ပြောလိုက်သည်။
“ငါ့မိတ်ဆွေက မင်းတို့နဲ့အပေးအယူတချို့ လုပ်ချင်နေတယ်။ မင်းတို့နှစ်ယောက်က တန်ကြေးတစ်ခု သတ်မှတ်လိုက်ပါ။ တကယ်လို့ အပေးအယူ အောင်မြင်တယ်ဆိုရင်တော့ နောက်ပိုင်း ငါတို့က မိတ်ဆွေတွေဖြစ်လာနိုင်တယ်။ အပေးအယူ မအောင်မြင်ဘူးဆိုရင်တော့ အခြေအနေကို ကိုင်တွယ်ဖို့အတွက် တခြားနည်းလမ်းတွေသုံးရမှာပေါ့…”
ထိုသို့ပြောလိုက်ပြီးနောက် အိုက်လျန်က သူ၏ဓားမောက်လက်ကိုင်ပေါ်ကို လက်တင်လိုက်သည်။ အိုက်လျန်က မြွေနှစ်ကောင်ကို ကြည့်နေရာမှ ပြန်လှည့်လာပြီး အနည်းငယ် စိတ်ဝင်တစား မေးလိုက်၏။
“အဲဒီမှော်သားရဲနှစ်ကောင်က ရေနဂါးတွေရဲ့မျိုးဆက် မဟုတ်ဘူး။ ဒါဆိုရင် အဲဒီအနက်ရောင်မြွေက အနက်ရောင်ရေနဂါးပုံသဏ္ဌာန် ဘယ်လိုဖြစ်လာနိုင်တာလဲ။ သူ့ဆီမှာ လက်သည်(၄)ချောင်း ရှိနေတဲ့ နဂါးလက်သည်း ဘယ်လိုပေါက်လာနိုင်တာလဲ။ အဲဒီစပါးအုံးမြွေက ရှားပါးတဲ့ အခွင့်အရေးတွေ တွေ့ခဲ့တာလား…”
သူ့ကိုယ်သူ ဝေ့ပိုဟု မိတ်ဆက်ခဲ့သော တောင်တန်းသခင်က ဂရုတစိုက် ပြန်ဖြေလိုက်သည်။
“ဟုတ်တယ် ။ သူတို့က တော်တော်လေး ရှားပါးတဲ့ အခွင့်အရေးတစ်ခုကို တွေ့ခဲ့ကြတာ။ ဒါပေမဲ့ အဲဒီအရာက ဘယ်အချိန်လဲဆိုတာတော့ ကျွန်တော်လည်း တိတိကျကျ မပြောတတ်ဘူး။ အဲဒီအရာက လီကျူးသုခဘုံနဲ့ ပတ်သက်နေတယ် ဆိုတာပဲ ခန့်မှန်းမိတယ်။ သူတို့က ထူးဆန်းတဲ့အရာတချို့ကို မတော်တဆ ဝါးမြိုမိခဲ့တယ်။ အဲဒီထူးဆန်းတဲ့အရာက မြွေနဲ့ငါးတွေအပေါ် အရမ်းအကျိုးရှိတဲ့ အရာတစ်ခု သေချာပေါက်ဖြစ်နိုင်တယ်…”
“သွားစားပွဲတောင်နဲ့ အနီးဆုံးမှာ ရှိနေတဲ့ ဖယောင်းတိုင်နီမြို့က မြစ်(၃)စင်းဆုံတဲ့နေရာတစ်ခုပဲ။ အဲဒီမြစ်တွေထဲက တစ်ခုကတော့ လှုပ်ရှားတည်ငြိမ်မြစ်လို့ခေါ်တယ်။ အဲဒီမြစ်ရဲ့အတွင်းထဲမှာ နဂါးနှုတ်ခမ်းမွှေး နှစ်ပင်ပေါက်နေတဲ့ ငါးတစ်ကောင်ရှိတယ်။ အဲဒါက တခြားသူတွေ အရမ်းအားကျနေခဲ့ရတဲ့အရာတစ်ခုပဲ…”
“လွန်ခဲ့တဲ့ နှစ်ပေါင်း(၁၀၀)အတောအတွင်း ဒီငါးက မြစ်ရေစီးကြောင်း၊ စမ်းချောင်းနဲ့ ရေတံခွန်တွေအတိုင်း အထက်ကို ဆက်ပြီး စီးသွားတယ်။ တဖြည်းဖြည်းနဲ့ သွားစားပွဲတောင်ကို ရောက်လာတဲ့အချိန်မှာ ကျွန်တော်က သူ့ကိုဖမ်းမိခဲ့တယ်။ ပြောရမယ်ဆိုရင်တော့ အဲဒီငါးက နှစ်ပေါင်း(၅၀၀)လောက်ရှိမယ်ဆိုရင်တောင် အဲဒီလိုနဂါးနှုတ်ခမ်းမွှေးပေါက်လာဖို့ လုံးဝမဖြစ်နိုင်ဘူး..”
အိုက်လျန်က ခေါင်းညိတ်ပြီး နားလည်စွာ ပြောလိုက်သည်။
“ကြည့်ရတာတော့ လက်ရှိအခြေအနေကို နည်းနည်းတော့ နားလည်သွားပြီ ထင်တယ်…”
ဝေ့ပိုက အိုက်လျန်၏ခါးတွင် ချိတ်ထားသော ဓားကိုကြည့်ပြီး မေးလိုက်၏။
“အင်မော်တယ် …
ဒီဝါးပင်ရဲ့သမိုင်းကြောင်းကို ဘယ်လိုများ သိလာတာလဲ…”
အိုက်လျန်၏မျက်နှာပေါ်တွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက ထိုမေးခွန်းကို ရှောင်တိမ်းပြီး ရယ်ကာမောကာနှင့် ပြောလိုက်၏။
“ငါ ငယ်ငယ်တုန်းက ဝါးပင်လယ်သုခဘုံထဲမှာ လှည့်ပတ်သွားလာခဲ့တယ်။ ငါက အဲဒီကမ္ဘာငယ်လေးထဲမှာ မိန်းကလေးကျူးနဲ့လည်း အသိအကျွမ်းဖြစ်ခဲ့တယ်။ ဒါပေမဲ့ ငါတို့ရဲ့ပတ်သက်မှုက ဘာမှမဟုတ်ပါဘူး။ သာမန်ပါပဲ ..တကယ့်သာမန်ပါပဲ..”
မိန်းကလေးကျူးဟူသော နာမည်ကိုကြားသည့်အခါ ဝေ့ပိုမျက်နှာပေါ်တွင် ထိတ်လန့်သွားသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူမက ဝါးပင်လယ်သုခဘုံထဲတွင် တစ်ဦးတည်းသော နတ်သမီးတစ်ယောက်ဖြစ်ပြီး တခြားသူများ၏ရှေ့တွင် ပေါ်လာသည်မှာ အလွန်ရှားပါးသည်။
သူမက ပိန်ပိန်သွယ်သွယ်နှင့် ယောကျ်ားလေး အများစုထက်ပင် ပို၍အရပ်ရှည်သည်ဟု နာမည်ကျော်ကြား၏။ အတွေး(၁၀၀)ကျောင်းများထဲမှ တစ်ခုဖြစ်သော စိတ်ကူးယဉ်ကျောင်း၏ တည်ထောင်သူက ကမ္ဘာ(၄)ခုကို ဖြတ်သန်းသွားလာခဲ့ပြီး တစ်နေရာချင်းဆီတွင် ရှိနေသော ယဉ်ကျေးမှုထုံးတမ်းစဉ်လာများကို မှတ်တမ်းတင်ထားခဲ့သည်။
သူ၏ခရီးသွားမှတ်တမ်းထဲတွင် မိန်းကလေးကျူးဆီတွင် လှပသောမျက်နှာ၊ ပျော်ရွှင်ဖွယ် အကျင့်စရိုက်နှင့် အနက်ရောင်ဆံထိုးတစ်ခုကို ထိုးထားကြောင်း ဖော်ပြထားခဲ့သည်။
ဝေ့ပိုကလည်း မိန်းကလေးကျူးကဲ့သို့ တောင်တန်းသခင်တစ်ယောက် ဖြစ်သော်လည်း အဆင့်အတန်းနှင့်ကျင့်စဉ်အဆင့်အရ သူမထက် အဆပေါင်းများစွာပို၍နိမ့်ကျသည်။ အမှန်အတိုင်းပြောရလျှင် သူတို့နှစ်ယောက်၏ ကွာဟမှုက အလွန်ကြီးမားလွန်းလှသည့်အတွက် ဝေ့ပိုက သူ့ကိုယ်သူ အရှက်မရချင်ခဲ့ပေ။ သူကတော့ သူမအပေါ် ရိုသေလေးစားမှုများ ရှိသလို ခံစားနေရ၏။
မိန်းကလေးကျူး၏ လုပ်ဆောင်မှုများနှင့် ပတ်သက်သော ပုံပြင်၊ ဒဏ္ဍာရီများက ပြန့်နှံ့နေသည့်အတွက် သူမက အရှေ့ပိုင်းကုန်းမြေကြီးထဲတွင် နာမည်ကျော်ကြားလာခဲ့သည်။
ကမ္ဘာကြီး(၁၀)ခု၏အောက်တွင် ကမ္ဘာငယ်လေး(၃၆)ခု ရှိနေသည်။ တာ့လီအင်ပါယာ၏ အပေါ်ဘက်တွင် ပျံဝဲနေခဲ့သော လီကျူးသုခဘုံလေးကတော့ ကမ္ဘာငယ်လေးတစ်ခုဖြစ်သည်။ ထိုကမ္ဘာငယ်လေးက ကီလိုမီတာ(၁၀၀၀) ပတ်လည်သာရှိသည့်အတွက် ကမ္ဘာငယ်(၃၆)ခုထဲတွင် အသေးဆုံးလည်းဖြစ်သည်။
တစ်ခါတရံ ချီကျင့်ကြံသူများက ထိုကမ္ဘာငယ်လေးများကို ဆန်းကြယ်နယ်မြေများဟု သတ်မှတ်ကြသည်။ ထိုအရာကလည်း သူတို့ကို ကမ္ဘာကြီးများနှင့် ခွဲခြားနိုင်ရန်ဖြစ်၏။ ဆန်းကြယ်နယ်မြေများတွင် စိတ်ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေပြီး ကမ္ဘာကြီး(၁၀)ခုကို ယှဉ်နိုင်ကြသည်။
သူတို့၏ အတွင်းထဲတွင် ရှိနေသော ကုန်းမြေကလည်း သိသိသာသာ ထိခိုက်ပျက်စီးပြီး မပြည့်မစုံ ဖြစ်နေကြ၏။ ထိုအရာကလည်း ဆန်းကြယ်နယ်မြေများက ရှေးဟောင်းအပျက်အစီးများ သို့မဟုတ် တိုက်ပွဲကွင်းပြင်များမှ မွေးဖွားလာခြင်းကြောင့် ဖြစ်သည်။
သူတို့၏သမိုင်းကြောင်းက ရှုပ်ထွေးပြီး ကျွန်းသုခဘုံဟု ခေါ်သော ဆန်းကြယ်နယ်မြေတစ်ခုပင် ရှိခဲ့ဖူးသည်။ ထိုအရာကတော့ ကမ္ဘာကြီးထဲမှ ရှေးဟောင်းကျွန်းများ လျှို့ဝှက်စွာ ပျောက်ကွယ်သွားရသော ဆန်းကြယ်နယ်မြေတစ်ခု ဖြစ်သည်။ အမှန်အတိုင်း ပြောရလျှင်တော့ ထိုဆန်းကြယ်နယ်မြေက ကျွန်းဝါးမြိုခြင်းဝေလငါးဟူသော ကမ္ဘာဦးမှော်သားရဲတစ်ကောင်၏ ဝမ်းဗိုက်ထဲတွင် အံ့ဩစရာကောင်းစွာ တည်ရှိနေသော သုခဘုံတစ်ခု ဖြစ်သည်။
ဝါးပင်လယ် ကမ္ဘာငယ်လေးကတော့ ကမ္ဘာငယ်လေးများထဲတွင် အဆင့်မြင့်ဆုံးထဲမှ တစ်ခုလည်း ဖြစ်သည်။ ထိုကမ္ဘာငယ်လေးထဲတွင် အင်မော်တယ်နှင့် ကျင့်ကြံသူ မျိုးရိုးစဉ်ဆက်အလေးထားရသော ဝါးပင်မျိုးစုံ ပေါက်ရောက်ကြသည်။ ထိုဝါးပင်များကို ကျင့်ကြံရေးကမ္ဘာထဲတွင် လျင်မြန်စွာ နာမည်ကျော်ကြားသော အသုံးအဆောင် ရတနာများစွာအဖြစ် သန့်စင်၍ ရနိုင်၏။
ဤကမ္ဘာကြီးထဲတွင် တစ်ခုတည်းသော ပြိုင်ဘက်ကင်း အင်မော်တယ်ကလန်ကို စိမ်းပြာနတ်ဘုရားတောင်တန်းပေါ်တွင် တည်ထောင်ထားခဲ့သည်မှာ ကြာခဲ့ပါပြီ။ ဒဏ္ဍာရီများအရ ထိုကလန်၏ တည်ထောင်သူက ကွန်ဖြူးရှပ်အတွေးအခေါ်များကို ရှာဖွေသင်ယူခဲ့သည်။
ထို့နောက် သူက ကုသိုလ်ဝါးသစ်ပင်လေးတစ်ပင်ကို လက်ဆောင်အဖြစ် ယူလာခဲ့၏။ ထိုဝါးသစ်ပင်လေးက ကိုယ်ကျင့်တရားသစ်တောထဲတွင် ကြီးပြင်းလာပြီး ကွန်ဖြူးရှပ်ဂိုဏ်း၏ အထွဋ်အမြတ်နယ်မြေထဲတွင် တည်ရှိနေခဲ့သည်။
တစ်ဖက်တွင်တော့ ဝါးပင်လယ်သုခဘုံထဲတွင် ရှိနေသော ကုသိုလ်ဝါးသစ်ပင်က တဖြည်းဖြည်း ခြောက်ကပ်ပြီး ညှိုးခြောက်လာခဲ့သည်။ ထိုကဲ့သို့ ဝါးပင်က လူအများ၏ ကောင်းမှုကုသိုလ်ကို မှတ်တမ်းတင်ထားနိုင်သည်ဟု ပြောကြ၏။ လက်ရှိအချိန်တွင်တော့ ထိုအရာကို ကုသိုလ်စုဆောင်းသူအဖြစ်ပင် သာမန်အားဖြင့် ခေါ်ဆိုကြသည်။
အိုက်လျန်နှင့်ဝေ့ပိုတို့ စကားပြောနေသည့်အချိန်တွင် ချန်းပင်အန်းကတော့ လက်ထဲတွင် တောတွင်းသုံးဓားကိုကိုင်ပြီး ကျောက်တုံးကြီးတစ်တုံးပေါ်၌ ထိုင်နေခဲ့၏။ အနားတွင်တော့ အလွန်ကြီးမားပြီး ကြောက်စရာကောင်းသော မြွေနှစ်ကောင်ရှိနေသည်။
သူတို့က ချန်းပင်အန်းကိုစိုက်ကြည့်နေပြီး အလွန်ရှည်လျားသော တောင်တက်လမ်းကြီးသဖွယ် ဖြစ်နေသည့် သူတို့၏ခန္ဓာကိုယ်နှစ်ခုကတော့ သစ်တောထဲတွင် ပျောက်ကွယ်သွားခဲ့၏။ ကျယ်လောင်သော အမြှီးရိုက်သံကိုသာ မကြာခဏကြားနေရသည်။
ခရီးသွားလာစဉ် အတောအတွင်း ချန်းပင်အန်းက လီပေါင်ဖျင်ဆီမှ စကားလုံးများကို သင်ယူခဲ့သည့်အပြင် တာ့လီအင်ပါယာ၏ ဘာသာစကားကိုလည်း သင်ယူခဲ့သည်။ သူ၏တိုးတက်မှုကလည်း အတော်လေးကို မြန်ဆန်လှသည့်အတွက် သူက မြို့ငယ်လေး၏ ဘာသာစကားမှနေ၍ အသံထွက်များကို အလွယ်တကူ သင်ယူနိုင်ခဲ့သည်။
ထိုသို့ဆိုရာတွင် သူက ပုံမှန်စကားပြောဆိုနေစဉ် အတောအတွင်း သေချာပြောဆိုနိုင်ခြင်း မရှိသေးပေ။ အသစ်သင်ယူထားသော တရားဝင်ဘာသာစကားကို အသုံးပြု၍ ချန်းပင်အန်းက လုံချွမ်တိုင်းပြည်ထဲတွင် သူ ဝယ်ထားခဲ့သော တောင်(၅)တောင်အကြောင်း ရန်လိုနေသည့် မြွေနှစ်ကောင်ကို ပြောခဲ့သည်။ သူတို့က လော်ပိုတောင်ကို ရွှေ့သွားနိုင်ပြီး သူတော်စင်ဖြစ်သော ဆရာရွမ်က သူ့ဆီမှ တောင်(၃)တောင် ငှားထားသည့်အချက်ကိုလည်း ပြောပြရန် မမေ့ခဲ့ပေ။
ချန်းပင်အန်းနှင့် ယှဉ်လိုက်မည်ဆိုလျှင် ထိုမြွေများကတော့ လီကျူးသုခဘုံကို စောင့်ကြပ်နေသော သူတော်စင်များ၏အစွမ်းကို ပို၍သိနေကြသည်။ တစ်ချိန်လုံး အေးတိအေးစက် အမူအရာရှိနေသည့် အနက်ရောင်မြွေကပင် အနည်းငယ်ထိတ်လန့်နေခဲ့၏။
အဖြူရောင်မြွေကတော့ လုံချွမ်တိုင်းပြည်၏ နာမည်ကိုကြားလိုက်ရုံနှင့် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ တာ့လီအင်ပါယာက နက္ခတ်ရေးရာဌာနမှ မြေတိုင်းအရာရှိများ၊ အထွေထွေရေးရာဌာနမှ အရာရှိများကို စေလွှတ်ပြီး တောင်တန်းများကို တိုင်းတာနေသည့်အကြောင်း ကြားလိုက်ရသည့်အပြင် ရှင်ဘုရင်က တောင်တန်းနတ်ဘုရား တစ်ယောက်ထက်မက ပို၍တာဝန်ချပေးမည်ဖြစ်သည့်အတွက် အဖြူရောင်မြွေ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာခဲ့သည်။ သူ၏ခံစားချက်များကို ဖုံးကွယ်ထားနိုင်ခြင်းပင်မရှိခဲ့ချေ။
သို့သော် အနက်ရောင်မြွေကတော့ ခေါင်းငုံ့ပြီး တိတ်ဆိတ်နေခဲ့၏။ ထိုမြွေများက သူ၏တောင်းဆိုမှုကို ချက်ချင်း ငြင်းဆန်ခဲ့ခြင်း မရှိသည့်အချိန်တွင် ချန်းပင်အန်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိခဲ့၏။
သူက ဆက်ပြောလိုက်သည်။
“ငါက ကျင့်ကြံမှုအကြောင်းကို နည်းနည်းပဲ နားလည်ပေမဲ့ သွားစားပွဲတောင်မှာရှိတဲ့ စွမ်းအားတွေက ငါ့ရဲ့တောင်ထဲမှာရှိတဲ့ စွမ်းအားတွေထက် အဆပေါင်းများစွာပိုပြီး နိမ့်ကျတာတော့ သေချာတယ်။ ငါ့ရဲ့တောင်တွေထဲမှာ နှစ်ပေါင်း(၁၀၀)လောက် ကျင့်ကြံတာက ဒီနေရာမှာ နှစ်ရာပေါင်းများစွာ လေ့ကျင့်တာနဲ့ညီမျှတယ်..”
“ဒီနေရာကို လာခဲ့တဲ့အချိန်မှာ ငါးနဲ့ မြွေတွေ နဂါးအဖြစ် ပြောင်းလဲနိုင်တဲ့ဖြစ်စဉ်ကို အိုက်လျန် ငါ့ကို ပြောပြခဲ့တယ်။ အဲဒါက အရမ်းကို ခက်ခဲကြမ်းတမ်းတဲ့ လမ်းကြောင်းပဲ။ တောင်တန်းနတ်ဘုရားတွေ၊ မြစ်နတ်ဘုရားတွေက မင်းတို့ကို အခက်တွေ့အောင် ရည်ရွယ်ချက်ရှိရှိ နှောင့်ယှက်ကြလိမ့်မယ်။ တကယ်လို့ မင်းတို့ကသာ စောစောကတည်းက ဆရာရွမ်နဲ့ တာ့လီအင်ပါယာက အရာရှိတွေကို ရင်းနှီးအောင်လုပ်ထားမယ်ဆိုရင် ဒီလမ်းကြောင်းက ပိုပြီးတော့လွယ်ကူလိမ့်မယ်..”
ချန်းပင်အန်းက ပထမစကားတစ်ဝက်ကို ကိုယ်တိုင်ပြင်ဆင်ထားခြင်းဖြစ်သည်။ ဒုတိယတစ်ဝက်ကတော့ အိုက်လျန် သင်ပေးထားသောစကားလုံးများကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။
ချန်းပင်အန်းက တည်ငြိမ်စွာ ဆက်ပြောလိုက်၏။
“ငါ့ကို ကြွေထည်လုပ်နည်း သင်ပေးခဲ့တဲ့အဘိုးအိုက ပြောခဲ့ဖူးတယ်။ တောင်တန်းဝိညာဉ်တွေ၊ နတ်ဘုရားတွေနဲ့ မြစ်နတ်ဆိုးတွေ၊ မကောင်းဆိုးရွားတွေက လူသားတွေလောက် မကောင်းဆိုးရွားမဆန်ဘူး။ ငါမင်းတို့နှစ်ယောက်ကို မြင်တဲ့အချိန်မှာ သူ့ရဲ့စကားတွေက အဓိပ္ပာယ်မရှိဘူးလို့ ခံစားမိခဲ့တယ်။ ဒါပေမဲ့ မင်းတို့က အိုက်လျန်ကို ရှုံးနိမ့်သွားတဲ့အချိန်မှာ သူပြောသမျှ အရာအားလုံးကို လုပ်ရတာပဲ။ တကယ်လို့ ငါသာ အိုက်လျန်လောက် အစွမ်းထက်လာမယ်ဆိုရင် မင်းတို့နှစ်ယောက်က ငါ့ကိုရန်စရဲဦးမှာလား။ ဒါမှမဟုတ် ငါ့ရှေ့မှာ လူသားစားရဲဦးမှာလား…”
ချန်းပင်အန်းက သူ့လက်ထဲတွင် ကိုင်ထားသော တောတွင်းသုံးဓားကျိုးကို ဆုပ်ကိုင်၍ အဖြူရောင်မြွေကို စိုက်ကြည့်ပြီး ဆက်ပြောလိုက်သည်။
“အဲဒါဆိုရင်တော့ မင်းက အတောင်ပံတစ်ဝက်ကိုပဲ ဆုံးရှုံးသွားရမှာ မဟုတ်ဘူး။ အဲဒီအစား နောက်ဆုံးညစာအတွက် မြွေစွတ်ပြုတ်တစ်ခု ဖြစ်သွားနိုင်တယ်…”
အတောင်ပံကို ဆုံးရှုံးလိုက်ရပြီးနောက် အဖြူရောင်မြွေ၏ကျင့်ကြံမှုက ဆိုးဆိုးရွားရွား ထိခိုက်သွားခဲ့ရသည်။ ထိုအရာက သူ့ကို အကြီးအကျယ် စိတ်ပျက်သွားစေခဲ့၏။ လူငယ်က သူ၏ဒဏ်ရာကို ဆားသိပ်ပေးလိုက်သည့်အတွက် အလွန်အေးစက်သော မှော်သားရဲက ဒဏ်ရာကို လာဆွသလို ခံစားလိုက်ရသည်။ သူက ဒေါသထွက်သွားပြီး ထိုကောင်လေးကို တိုက်ခိုက်ရန် ကြိုးစားလိုက်သည်။
ချန်းပင်အန်းကတော့ နေရာမှ မလှုပ်ခဲ့ပေ။
အနက်ရောင်မြွေက လှုပ်ရှားလာခဲ့၏။ သို့သော် သူက အဖြူရောင်မြွေကိုကူညီပြီး ချန်းပင်အန်းကို တိုက်ခိုက်ရန် မဟုတ်ချေ။ ထိုအစား ပါးစပ်ဟပြီး အဖြူရောင်မြွေ၏ လည်ပင်းကိုကိုက်၍ ဘေးတွင် ပြန်ချထားလိုက်၏။
ထို့ကြောင့် အဖြူရောင်မြွေက အံ့ဩမှင်တက်ပြီး တွေဝေနေခဲ့သည်။
ဝေ့ပိုက လှုပ်ရှားပြီး မြွေနှစ်ကောင်ကို ဖျောင်းဖျရန် ကြိုးစားလိုက်သည်။ အကယ်၍ သူတို့က လူငယ်လေးကို မတော်တဆ ဒဏ်ရာရမိအောင် လုပ်လိုက်မည်ဆိုလျှင် သူတို့အတွက် ပြဿနာက ရှုပ်ထွေလာနိုင်၏။
သို့သော် အိုက်လျန်က ခေါင်းခါပြီး ပြောလိုက်သည်။
“ဝင်မရှုပ်နဲ့…”
လူငယ်တောင်တန်းသခင်က အနည်းငယ် ဇဝေဇဝါဖြစ်သွားခဲ့၏။ သူက ထိုလူငယ်ကို စိုက်ကြည့်လိုက်သည်။ အိုက်လျန်ကတော့ ဝါးပင်ကို မှီထားပြီး လက်ပိုက်၍ ရပ်နေခဲ့၏။ သူ့ပုံစံက အလွန်ပျင်းရိနေသော်လည်း သူ၏အမူအရာက တည်ငြိမ်နေခဲ့သည်။
ထိုအချိန်တွင် မြွေနှစ်ကောင်ကတော့ အချင်းချင်း ရန်စောင်၍ ကြည့်နေခဲ့၏။ ချန်းပင်အန်းက နေရာတွင် ရပ်နေပြီး ကျောက်တုံးကြီးပေါ်မှ ခုန်မခင်းခဲ့ပေ။ ထိုအစား ကျိုးနေသော ဓားကိုသာ တင်းတင်းဆုပ်ကိုင်ထားခဲ့၏။ မြွေနှစ်ကောင်က မည်သည့်အရာကို အချင်းချင်းရန်စောင်နေကြောင်း သူလည်း မသိခဲ့ပေ။
နောက်ဆုံးတွင်တော့ အဖြူရောင်မြွေက အနည်းငယ် တည်ငြိမ်သွားကြောင်း မြင်လိုက်ရ၏။ သို့သော် သူ၏မျက်လုံးထဲတွင် ရန်လိုမှုများ ပြည့်နှက်နေသေးပြီး ချန်းပင်အန်းကို စိုက်ကြည့်နေခဲ့သည်။
ချန်းပင်အန်းက အဖြူရောင်မြွေကိုကြည့်ပြီး ပြောလိုက်သည်။
“အခုတောင်ပေါ်ကို သွားတဲ့လမ်းမှာ လူတွေ သောင်းပေါင်းများစွာ ရှိနေတယ်။ လေ့ကျင့်ဖို့အတွက် တောင်ပေါ်ကိုသွားပြီးရင် မင်းတို့က အစာရဖို့ သက်သက်နဲ့ လူသတ်ဖို့ ခွင့်မပြုဘူး။ ဒါပေမဲ့ မင်းတို့က ကိုယ့်ကိုယ်ကိုယ် ကာကွယ်တဲ့အနေနဲ့ သတ်ဖြတ်မယ်ဆိုရင်တော့ ကိစ္စမရှိဘူး။ ဥပမာ မင်းတို့ကို အမဲလိုက်ဖို့ လာတဲ့လူတွေကို သတ်လိုက်တဲ့ အရာမျိုးပေါ့…”
“ဒါပေမဲ့ မင်းတို့နှစ်ယောက်က အကျိုးအမြတ်တွေအားလုံးကို ရပြီးသွားရင် စည်းမျဉ်းတွေကို လိုက်နာဖို့ အမှတ်ရပါ။ တကယ်လို့ မင်းတို့က အကျိုးအမြတ်တွေရပြီးလို့ စည်းမျဉ်းကို ချိုးဖောက်မယ်ဆိုရင်တော့ ဆရာရွမ်က သနားငဲ့ညှာနေမှာ မဟုတ်ဘူးဆိုတာမမေ့ပါနဲ့။ အခုအချိန်မှာ မင်းတို့လုပ်ခဲ့တဲ့ အရာတွေက ငါနဲ့ ဘာမှမဆိုင်ဘူး။ ဒါပေမဲ့ မင်းတို့ကသာ ငါ့ရဲ့တောင်းဆိုမှုကို သဘောတူပြီး ငါ့ရဲ့တောင်ပေါ်ကို သွားမယ်ဆိုရင် နောက်ပိုင်း မင်းတို့နှစ်ယောက်နဲ့ ပတ်သက်တဲ့အရာအားလုံးက ငါနဲ့ ဆိုင်သွားပြီ။ ဒါကြောင့်လည်း ငါက ဒီလိုနားမခံသာတဲ့ သတိပေးချက်တွေကို ပြောနေရတာပဲ…”
ချန်းပင်အန်းက လေးလေးနက်နက် ပြောလိုက်သည်။
အနက်ရောင်မြွေက မလှုပ်မယှက် တိတ်ဆိတ်နေခဲ့၏။ သို့သော် အဖြူရောင်မြွေကတော့ အလွန်ဒေါသထွက်နေပုံရသည်။ သူက တိုက်ခိုက်ချင်စိတ်ကို လက်လျော့ထားခဲ့သော်လည်း သူ့ရှေ့တွင် ရှိနေသော မဟာတာအို၏ ဆွဲဆောင်မှုနှင့်ပင် သူကတော့ ဝမ်းဗိုက်နှင့် ခန္ဓာကိုယ်ကို ပွတ်တိုက်နေသည့်အတွက် စိတ်မရှည်ဘဲ ကြမ်းတမ်းခက်ထန်သည့် လက္ခဏာမျိုးပေါ်နေခဲ့သည်။
အဝေးတွင် ရှိနေသော ဝါးသစ်တောထဲတွင် …
အိုက်လျန်ကတော့ ဝါးပင်တစ်ပင်ပေါ်တွင် ထိုင်နေရန် ရွေးချယ်ခဲ့၏။ ထိုဝါးက အလွန်အမင်းကို ပျော့ပြောင်းပြီး မာကျောသော ဝါးပင်လည်းဖြစ်၏။ အိုက်လျန်က ထိုင်နေသည့်အတွက် ထိုဝါးက အခုံးတစ်ခုကဲ့သို့ ဖြစ်နေခဲ့သည်။
ဝါးပင်ကို တည့်တည့်ထားရန် တိုက်တွန်းချင်နေသော ဝေ့ပိုကတော့ ချန်းပင်အန်းနှင့် မြွေနှစ်ကောင်၏ အခြေအနေကို ခိုးကြည့်နေပြီး ရှင်းပြလိုက်သည်။
“အနက်ရောင်မြွေက ပိုပြီးရက်စက်ကြမ်းကြုတ်ပေမဲ့ သူတို့နှစ်ကောင်ထဲမှာ ပိုပြီးတော့ အသိဉာဏ်ရှိတယ်။ အမှန်အတိုင်းပြောရရင် သူက အခြေအနေကို သုံးသပ်နိုင်စွမ်းရှိသလို လိုက်လျောညီထွေ လုပ်ဆောင်တတ်တယ်။ ပြီးတော့ ဘယ်အချိန်မှာ ရှေ့တက်ရမယ်။ ဘယ်အချိန်မှာ နောက်ဆုတ်ရမယ်ဆိုတာကိုလည်း နားလည်တယ်…”
“အဖြူရောင်မြွေက တခြားလူတွေကို အမဲလိုက်တဲ့အချိန်မှာ အန္တရာယ်မရှိသလို ထင်ရတယ်။ ဒါပေမဲ့ သူက စကားပြောဖို့ပိုပြီးတော့ ခက်တယ်။ ဒါတွေအားလုံးကလည်း သူတို့ရဲ့ မူလမသိစိတ်တွေအပေါ် အခြေခံနေတာပဲလေ။ စိတ်ဝင်စားစရာ ကောင်းတာကတော့ အဲဒီအရာကလည်း သွားစားပွဲတောင်မှာရှိတဲ့ သူတို့ရဲ့မူလနေရာတွေနဲ့ ပတ်သက်နေတယ်…”
“အဖြူရောင်မြွေကတော့ ငြိမ်နေရတဲ့ ကျားစေ့ပဲ။ အနက်ရောင်မြွေကတော့ ရန်သူကို ရှင်းလင်းရတဲ့ အဓိကကျားစေ့တစ်ခုပဲ။ ရလဒ်အနေနဲ့ သွားစားပွဲတောင်ရဲ့ အုပ်ချုပ်သူနှစ်ယောက်မှာ မတူညီတဲ့အကျင့်စရိုက်တွေ ရှိတယ်။ အဖြူရောင်မြွေက ပတ်ပတ်လည်ကို လှည့်ပတ်သွားလာပြီး ပြဿနာရှာနေတဲ့အချိန်မှာ အနက်ရောင်မြွေကတော့ လေ့ကျင့်မှုကို အာရုံစိုက်ပြီး နေ့ရောညပါ နေနဲ့လရဲ့ အဆီအနှစ်တွေကို စုပ်ယူနေတယ်။ ဒါကြောင့်လည်း သူ့ဆီမှာ ရည်မှန်းချက်ကြီးတွေ ရှိနေရတာပေါ့…”
အိုက်လျန်က ခေါင်းညိတ်ပြီး တုံ့ပြန်လိုက်သည်။
ဝေ့ပိုက အနည်းငယ် တွေဝေနေပြီး ပြောလိုက်၏။
“ဒီကောင်လေးက မမှားဘူး။ သူ ပြောတဲ့အရာအားလုံးက ကျိုးကြောင်းသင့်လျော်တယ်။ ဒါပေမဲ့ သူက မြွေတွေရဲ့ အကျင့်စရိုက်တွေကို နားမလည်သေးဘူး။ ကျင့်ကြံမှုလမ်းကြောင်းကို ရောက်လာပြီးရင် သူတို့ရဲ့နှလုံးသားနဲ့ အစစ်အမှန် စိတ်ဆန္ဒအတိုင်း နေထိုင်တာက မဟာတာအိုရဲ့ အဓိကအုတ်မြစ်ပဲ။ ပြီးတော့ မြွေတွေက မျက်နှာထောက်ထားတတ်တာမျိုးလည်းမရှိဘူး..”
“သူတို့က သွားစားပွဲတောင်ပေါ်မှာ အုပ်စိုးရတာ အသားကျနေမှတော့ အဲဒီကောင်လေးရဲ့ တောင်ကို သွားမယ်ဆိုရင် ဖိနှိပ်ပြီး ထိန်းချုပ်ခံရမယ်လို့ ခံစားမိနိုင်တယ်။ အထူးသဖြင့် သူက သူတော်စင်ရဲ့နာမည်ကို ပြောခဲ့ပြီး လူသားတွေကို စားမယ်ဆိုရင် သူတို့ကို သတ်ပစ်မယ်လို့လည်း ခြိမ်းခြောက်သေးတယ်။ ဒါကြောင့် ချန်းပင်အန်းက သူတို့ကို ဖိနှိပ်ဖို့ ကြိုးစားနေတယ်လို့ မြွေတွေက ခံစားရလိမ့်မယ်…”
“ဘယ်လိုပဲဖြစ်ဖြစ် သူ့ရဲ့တောင်းဆိုမှုကို သဘောတူလိုက်တယ်ဆိုရင် သူတို့က နှစ်ရာပေါင်းများစွာ သူနဲ့ပတ်သက်သွားရတော့မှာ။ ဒီတော့ သူ့ရဲ့အကျင့်စရိုက်နဲ့ စိတ်နေစိတ်ထားကို သူတို့က စိုးရိမ်နေတာ သာမန်ပါပဲ…”
အိုက်လျန်က တောင်တန်းသခင်ကို ကြားဖြတ်ပြီး ပြောလိုက်သည်။
“မင်းက မင်းရဲ့အိမ်နီးချင်းတွေအတွက် ဒီလိုကွေ့ဝိုက်ပြီး ပြောပေးဖို့မလိုပါဘူး။ ငါက ဒီကိစ္စမှာ ဝင်မပါဘူးလို့ ပြောပြီးပြီလေ။ မင်းက ဘာကိုကြောက်နေတာလဲ။ အဆုံးမှာတော့ မြွေနှစ်ကောင်က အလွယ်တကူ လက်ခံမှာ မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ ချန်းပင်အန်းက သူတို့နဲ့ ညှိနှိုင်းဖို့ အရည်အချင်းမရှိဘူးလို့ ခံစားမိနေလို့ပဲ။ ဘယ်လိုပဲဖြစ်ဖြစ် သူက အဆင့်(၂) သိုင်းပညာရှင်အဆင့်ပဲ ရှိသေးတယ်။ တကယ်လို့ သူ့ရဲ့တောင်းဆိုမှုက သင့်တော်မယ်ဆိုရင်တောင် အဲဒါတွေက အရမ်းကိုဆိုးရွားပြီး သည်းမခံနိုင်ဘူးလို့ မြွေတွေက ခံစားရဦးမှာပဲ။ တကယ်လို့ အဲဒီအစား သူတို့က ငါနဲ့သာ ဆွေးနွေးမယ်ဆိုရင် ဘယ်လိုလုပ်မယ်လို့ထင်လဲ…”
ဝေ့ပိုက ကိုယ့်ကိုယ်ကိုယ် လှောင်ပြောင်သလိုပြောပြီး ချီးကျူးလိုက်သည်။
“အင်မော်တယ်က အခြေအနေတစ်ရပ်လုံးကို ကောင်းကောင်းနားလည်နေတာပဲ..”
“ငါ့မေးခွန်းကိုပဲ ဖြေစမ်းပါ…”
အိုက်လျန်က တည်ငြိမ်စွာ ပြောလိုက်သည်။
ဝေ့ပိုက ကြောက်လန့်တကြား တိတ်ဆိတ်သွားခဲ့၏။ သူက ခေါင်းထဲတွင် စကားလုံးများကို သေချာစဉ်းစားလိုက်ပြီးနောက် တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
“သူတို့က စဉ်းစားမနေဘဲ ချက်ချင်း သဘောတူမှာပါ။ သူတို့ဆီမှာ ဒေါသတွေ၊ မကျေနပ်တဲ့ ခံစားမှုတွေတောင် ရှိလာရဲမှာ မဟုတ်ဘူး..”
အိုက်လျန်က သက်တောင့်သက်သာ အမူအရာနှင့် အခြေအနေကိုစိုက်ကြည့်ပြီး ခေါင်းညိတ်ပြလိုက်သည်။
“ဟုတ်တယ်။ မင်းက မင်းရဲ့ဝါးတောတစ်ဝက်လောက်ကို ထိန်းသိမ်းနိုင်ခဲ့ပြီ…”
ထိုအချိန်တွင် ဝါးတော၏ ပတ်ပတ်လည်၌ တဖြောင်းဖြောင်း မည်သံများ ထွက်ပေါ်လာခဲ့သည်။ အံ့ဩစရာကောင်းသည်မှာ ဝါးတောတဝက်ခန့်က ခါးလယ်မှ ပြတ်သွားခဲ့ခြင်းဖြစ်ပြီး ဝါးချောင်းများက မြေပေါ်သို့ပြတ်ကျလာခဲ့သည်။
ဝေ့ပိုက ချက်ချင်းဒူးထောက်ပြီး ဒယိမ်းဒယိုင်နှင့် ပြောလိုက်၏။
“ကျေးဇူးပြုပြီး စိတ်လျော့ပါ အင်မော်တယ်…”
အိုက်လျန်က သူ့ကိုအေးစက်စွာ ပြန်ဖြေလိုက်သည်။
“ငါက ငါ့ရဲ့အစွမ်းကိုပြပြီး တခြားသူတွေကို ခြောက်လန့်နေပေမဲ့ တောင်တန်းသခင် တစ်ယောက်က ငါ့ကို အရူးတစ်ယောက်လို သတ်မှတ်ထားသေးတယ်။ ဘာလို့လဲဆိုတော့ ငါက ရင်းရင်းနှီးနှီးနဲ့ ပျော့ပျော့ပြောင်းပြောင်း စကားပြောနေလို့ပဲ။ ဒါကြောင့်လည်း လူကောင်းတစ်ယောက်ဖြစ်ရတာ တော်တော်ခက်တယ်လို့ ပြောကြတာပေါ့…”
လူငယ်တောင်တန်းသခင်က နောက်ထပ်စကားပြောရဲခြင်း မရှိချေ။
အိုက်လျန်က ရုတ်တရက် အပြုံးနှင့် ပြောလိုက်၏။
"မတ်တပ်ရပ်ပြီး စကားပြော။ မင်းက ဆက်ပြီး ဒူးထောက်နေမယ်ဆိုရင် အခြေအနေက မကောင်းဘူး။ ငါ မင်းနဲ့ အလောင်းအစားတစ်ခု လုပ်မယ်။ အခြေအနေဆိုးနေတဲ့ ကောင်လေးက အလျော့ပေးမလား၊ အလျော့မပေးဘူးလားဆိုတာ ငါတို့လောင်းကြမယ်။ မင်းက သူ အလျော့ပေးမယ်လို့ လောင်းလို့ရတယ်။ ငါက သူအလျော့မပေးဘူးလို့ လောင်းမယ်။ တကယ်လို့ မင်းနိုင်မယ်ဆိုရင် ကျန်တဲ့ ဝါးတောတစ်ဝက်ကို ထိန်းသိမ်းနိုင်တယ်။ မင်း ရှုံးသွားမယ်ဆိုရင်တော့… မင်းရဲ့ခန္ဓာကိုယ်က အခုမှ ပြန်ရလာခဲ့တာ မဟုတ်လား။ ငါက မင်းကို မူလပုံစံပြန်ရသွားအောင် လုပ်လိုက်မယ်…”
ဝေ့ပိုက ချက်ချင်းမတ်တပ်ရပ်လိုက်ပြီး သူ့ပုံစံက ဤနေရာတွင် ချက်ချင်း သေချင်သွားသလို ခံစားလိုက်ရသည်။
“အင်မော်တယ် ကျွန်တော်က ဒီအလောင်းအစားမှာ နိုင်ဖို့အခွင့်အရေး ဘယ်လောက်ရှိလဲ…”
အိုက်လျန်က လက်ညှိုးတစ်ချောင်း ထောင်ပြလိုက်သည်။
ဝေ့ပို၏မျက်နှာအမူအရာက ပြောင်းလဲသွားခဲ့ပြီး သူ၏မျက်နှာက ဇီးရွက်လောက်သာ ရှိတော့သည်။
အိုက်လျန်က အပြုံးနှင့်ပြောလိုက်၏။
“(၁)ရာခိုင်နှုန်းပဲ…”
ထို့နောက် သူက ချန်းပင်အန်းကို လှည့်ကြည့်ပြီး အော်ပြောလိုက်သည်။
“ချန်းပင်အန်း …
မင်းကြိုက်တဲ့ တောင်းဆိုချက်တွေ လုပ်လိုက်။ အဲဒီတောင်းဆိုချက်တွေက သင့်တော်တော်၊မတော်တော် ကိစ္စမရှိဘူး။ ငါက ဒီအရာတွေအားလုံးကို စောင့်ကြည့်နေမယ်။ ဒီတော့ ဒီမှော်သားရဲနှစ်ကောင် ဒေါသထွက်သွားမှာကိုလည်း မကြောက်နဲ့။ တကယ်လို့ တိုက်ခိုက်ရမယ်ဆိုရင်လည်း ငါက ဒီမြွေနှစ်ကောင်ကို တိုက်ခိုက်ပြီး လေ့ကျင့်ဖို့ အခွင့်အရေးရတာပေါ့။ စိတ်မပူပါနဲ့။ ငါက အရာအားလုံးကို စောင့်ကြည့်နေတယ်။ တကယ်လို့ အခြေအနေက မထူးခြားရင် ငါ သေချာပေါက်လာကူမယ်…”
“ဘယ်လိုပဲဖြစ်ဖြစ် မင်းက အဆင့်(၅)သိုင်းပညာရှင် ကျူးဟယ်နဲ့ အခုလေးမှ လက်ရည်စမ်းထားခဲ့တာ မဟုတ်လား။ မင်းက လက်ရည်စမ်းပြီးသွားတဲ့အတွက် တစ်ခုခုနားလည်နေမှာ သေချာတယ်လေ။ ဒါကြောင့် သံကို ပူတုန်း ပုံသွင်းကြည့်ပါလား။ မင်းက ပိုပြီးများတဲ့အရာတွေကို နားလည်လာနိုင်လိမ့်မယ်…”
ဝေ့ပိုက လုံးဝကို မှင်တက်သွားခဲ့သည်။
အိုက်လျန်က အပြုံးနှင့်ပြောလိုက်၏။
“စိတ်မကောင်းပါဘူး။ အနိုင်ရဖို့ မင်းရဲ့အခွင့်အရေးက သုည ဖြစ်သွားပြီ…”
ဝေ့ပို၏အမူအရာက ရှက်ရွံ့သွားခဲ့ပြီး သူကတော့ ဒေါသထွက်ရမည့်အစား အလွန်ခက်ခဲသော အခြေအနေကို ကျရောက်သွားခဲ့သည်။ သူက မချိပြုံး ပြုံးပြီး ပြောလိုက်၏။
“ဆရာကြီးက တကယ့်ကို အင်မော်တယ်လောင်းကစားသမားတစ်ယောက်ပဲ…”
အိုက်လျန်က ထူးဆန်းသောစကားနှင့် ပြန်ပြောလိုက်သည်။
“ငါက အနိုင်ရဖို့အတွက် ဒီလိုဒုက္ခတွေအားလုံးကို ဖန်တီးထားတယ်လို့ ထင်နေတာလား။ ငါ အိုက်လျန်က မင်းအတွက်တော့ ဘာမှဦးနှောက်မရှိတဲ့ လူတစ်ယောက်နဲ့ တူနေတာလား…”
တောင်တန်းသခင်က သူ၏စကားလုံးများကို သေချာစဉ်းစားကြည့်နေခဲ့သည်။ သူက ချန်းပင်အန်းကို သေချာစိုက်ကြည့်လိုက်သည့်အချိန်တွင် အားကျမှုများ၊ သနားမှုများ ပြည့်နှက်နေခဲ့၏။
ခဏကြာပြီးနောက် တောင်တန်းကြီးကိုပင် လှုပ်ရှားသွားစေနိုင်သော အဖြူရောင် ဓားအလင်းတန်းတစ်ခု ကောင်းကင်ကြီးပေါ်တွင် ပေါ်လာခဲ့သည်။ ဝေ့ပိုက ထိတ်လန့်တကြား နောက်ဆုတ်သွားမိခဲ့၏။
အိုက်လျန်က ဝါးပင်ပေါ်မှ ချက်ချင်း ပျောက်ကွယ်သွားခဲ့ပြီး သွားစားပွဲတောင်၏ အပေါ်ဘက်ကို ရောက်လာခဲ့သည်။ သူက အစိမ်းရောင်ဝါးဓားမောက်ကို ကြောက်စရာကောင်းစွာ ဆွဲထုတ်လိုက်၏။
ထိုအဖြူရောင်အလင်းတန်းက ကြောက်စရာကောင်းစွာ ပြတ်တောက်သွားပြီး နောက်ထပ်ထွက်မလာစေရန် တားဆီးထားခဲ့သည်။ ခဏကြာပြီးနောက် အိုက်လျန်က မတ်မတ်ပင် ပြန်မဖြစ်သေးသော ဝါးပင်ပေါ်တွင် ပြန်ပေါ်လာခဲ့၏။
သူက ပျက်စီးသွားသော ဝါးဓားမောက်ကို ဘေးသို့ပစ်ချလိုက်သည်။ သူက ရုတ်တရက် တိုက်ခိုက်လိုက်ခြင်း မဟုတ်သော်လည်း ဓားမောက်၏ဓားသွားက ခွဲဖြာသွားခဲ့ပြီး ပုံသဏ္ဌာန်ပေါ်လာနိုင်ခြင်း မရှိနိုင်ပေ။
အနက်ရောင်စပါးအုံးမြွေကတော့ သွားစားပွဲတောင်၏ သစ်တောကြီးထဲကို ကြောက်လန့်တကြား ထွက်ပြေးသွားခဲ့၏။ လူငယ်လေးကို သတိမပေးဘဲ ရုတ်တရက် တိုက်ခိုက်ရန် ပြေးဝင်လာသော အဖြူရောင်မြွေကတော့ ခေါင်းမရှိဘဲ လဲကျနေခဲ့သည်။ ပြတ်နေသော လည်ပင်းက လုံးဝကို ပေါ်နေပြီး အတွင်းထဲတွင် ဟောင်းလောင်းဖြစ်၍ အလွန်ကြောက်စရာကောင်းနေခဲ့၏။
သို့သော် ချန်းပင်အန်း၏ အမူအရာကတော့ တည်ငြိမ်နေခဲ့သည်။ သူ့မျက်လုံးထဲတွင် ရှိနေသော အကြည့်က လမ်းကျဉ်းလေးထဲတွင် ယွင်ရှားတောင်မှ ချိုက်ကျင်းကျန့်ကို သတ်ခဲ့သောပုံစံနှင့် တစ်ထပ်တည်းနီးပါးဖြစ်နေခဲ့၏။
အိုက်လျန်က သူ့ခါးတွင် ချိတ်ထားသော ဘူးသီးခြောက်လေးကိုဖြုတ်ပြီး ပြုံးလိုက်သည်။ သူက အရက်တစ်ငုံသောက်လိုက်ပြီးနောက် တိုးတိုးလေး ပြောလိုက်၏။
“အခုတော့ အကြောင်းအရာတွေက နည်းနည်းလေးပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပြီ..”
Translated by Hein Htet.