အခန်း (၉၂)
Vol. 7 Ch. 92
အလွန်ပြင်းထန်သော မိုးကြိုးမုန်တိုင်းကြီးက အချိန်ကြာမြင့်ခဲ့ခြင်း မရှိချေ။ ချန်းပင်အန်းနှင့် အိုက်လျန်တို့ သစ်ပင်ကြီးဆီသို့ ပြန်ရောက်လာပြီး သိပ်မကြာခင် မုန်တိုင်းကြီးက မိုးဖွဲလေးများအဖြစ်သာ ပြောင်းလဲသွားခဲ့သည်။
မိုးရေစက်များက သစ်ရွက်လေးများပေါ်မှ ဆက်တိုက်ကျဆင်းလာနေချိန်တွင် ချန်းပင်အန်းကို စိုးရိမ်နေသည့် လီပေါင်ဖျင်၏မျက်နှာလေးကလည်း ပြေလျော့သွားခဲ့သည်။ သူက ပြုံးပြလိုက်ပြီး သူမ၏ခေါင်းလေးကိုပုတ်၍ သူ အဆင်ပြေကြောင်း ပြောပြလိုက်၏။
သူမ၏ မျက်နှာအမူအရာ ပြေလျော့သွားသည်မှာ မုန်တိုင်းလာပြီးနောက် သက်တန့်တစ်ခု ထွက်ပေါ်လာသလို ထင်မှတ်ရသည်။ ထိုခဏတွင် ချန်းပင်အန်း၏ ရင်ထဲ၌ အပြစ်ရှိသလို ခံစားမှုတစ်ခု ပေါ်လာခဲ့၏။ သို့သော် သူက ထိုအရာကို မည်သို့ပြောပြရမည်ဖြစ်ကြောင်း မသိခဲ့ပေ။
သူ့ဆီတွင် ပြောချင်နေသော အကြောင်းအရာများစွာ ရှိနေသလို ခံစားနေရသော်လည်း ထိုအရာများအားလုံးက လည်ချောင်းထဲတွင် တစ်စို့နေသလို ခံစားနေရ၏။ ထို့ကြောင့် သူက တစ်ယောက်တည်း တိတ်တဆိတ် လေ့ကျင့်နေခြင်းကိုသာ ရွေးချယ်ခဲ့သည်။
ထိုအရာကို မြင်သည့်အချိန်တွင် အိုက်လျန်၏မျက်နှာပေါ်၌ အဓိပ္ပာယ်ရှိသော အပြုံးတစ်ခု ပေါ်လာခဲ့၏။ သို့သော် ကောင်းမွန်သော သူ၏ခံစားချက်လေးများက လီဟွိုင်၏အော်သံကြောင့် လျင်မြန်စွာ ပျက်စီးသွားခဲ့ရသည်။
“အိုက်လျန် …
ခင်ဗျားက တောင်ပေါ်တက်ပြီး ချီးပါနေတယ်လို့ ချန်းပင်အန်းဆီက ကြားတယ်။ ခင်ဗျားက ဖင်တောင် သုတ်မလာဘူးလား…”
အိုက်လျန်က သူ့ကို ပြန်လှည့်ကြည့်ပြီး အပြုံးနှင့် မေးလိုက်၏။
“ချန်းပင်အန်းက တကယ်ပဲ ဒီလိုပြောခဲ့တာလား…”
လီဟွိုင်က အနားတွင် ရပ်နေသော ချန်းပင်အန်းကို လှည့်ကြည့်လိုက်သည်။ ချန်းပင်အန်းက သူ့ကို ဖော်ထုတ်လိုက်မှာ ကြောက်လန့်နေသည့်အတွက် သူက သူ့ကိုယ်သူ ဖြေရှင်းသည့်အနေနှင့် ပြန်ပြောလိုက်၏။
“ချန်းပင်အန်းက အဲဒီလိုတော့ မပြောခဲ့ပါဘူး။ ဒါပေမဲ့ သူ့စိတ်ထဲမှာ အဲဒီလိုမျိုး တွေးနေတယ်ဆိုတာတော့ သေချာတယ်။ ခင်ဗျားက အဲဒီလိုလူမျိုးမဟုတ်ဘူးလို့ ကျုပ်က တွေးကြည့်လို့မှ မရတာ။ အစ်မကြီးကျူးလုကလည်း အဲဒီလိုအရာမျိုးကို သေချာပေါက် မကြိုက်ဘူးဆိုတာ ကျုပ်သိတယ်….”
“ဟုတ်လား…”
အိုက်လျန်က ရယ်လိုက်ပြီး လီဟွိုင်၏နားရွက်ကို ဆွဲလိုက်သည်။
လီဟွိုင်က နာနာကျင်ကျင် အော်ဟစ်လိုက်၏။
“ဒါတွေအားလုံး ချန်းပင်အန်းအမှားပဲ။ သူက ခင်ဗျား အကြောင်းကို ဘာလို့ ဒီလိုဆိုးဆိုးရွားရွားတွေ ပြောနိုင်ရတာလဲ။ ကျုပ်က ခင်ဗျားရဲ့ကိုယ်စား သူ့ကို သင်ခန်းစာပေးလိုက်မယ်လေ…”
အိုက်လျန်က လီဟွိုင်၏နားကို အားနှင့်လိမ်ပြီး မေးလိုက်၏။
“ငါ့ပုံစံက အရူးတစ်ယောက်နဲ့ တူနေလို့လား…”
လီဟွိုင်က နာနာကျင်ကျင် အော်ဟစ်နေသော်လည်း သူ့ကို မည်သူကမျှ အလေးမထားခဲ့ပေ။ သူက ကိုယ့်ကိုယ်ကိုယ် ကာကွယ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြောလိုက်၏။
“အိုက်လျန် …
ကျုပ်မှာ အစ်မ တစ်ယောက်ရှိတယ်။ သူ့နာမည်က လီလျှိုလို့ခေါ်တယ်။ သူ့ရဲ့နာမည်က တော်တော်ဆိုးပေမဲ့ သူက တော်တော်လေးလှတယ်ဆိုတာတော့ အာမခံနိုင်တယ်။ ဟိုအရူးနှစ်ကောင် လင်းရှို့ယီနဲ့ တုံရှိုကျင်းတို့ နှစ်ယောက်လုံးကတောင် ကျုပ်အစ်မကို သဘောကျနေကြတာ…”
“တုံရှိုကျင်းက ကျုပ်အိမ်မှာ ခဏခဏ ထမင်းလာစားတယ်။ သူက ကျုပ်အစ်မကို မြင်တဲ့အချိန်တိုင်း အရူးတစ်ယောက်လို ငမ်းနေတာ။ အဲဒါက တော်တော်ရွံစရာကောင်းတယ်။ အိုက်လျန် … ခင်ဗျားက တုံရှိုကျင်းထက်ပိုပြီးတော့ တော်တယ်လို့ ကျုပ်တွေးမိတယ်။ ခင်ဗျားက တော်တော်လေးလည်း ခန့်ညားတယ်။ အကျင့်စရိုက်လည်း ကောင်းတယ်။ ခင်ဗျားက မြည်းတစ်ကောက်ကို ကျွေးမွေးပြီး အရက်တောင် ဝယ်သောက်နိုင်တယ်။ ကျုပ်က ခင်ဗျားကို ကျုပ်ရဲ့အစ်မနဲ့ မိတ်ဆက်ပေးမယ်လေ…”
အိုက်လျန်က လီဟွိုင်၏နားကို အလျင်အမြန် လွှတ်ပေးလိုက်ပြီး လီဟွိုင်၏ပုခုံးပေါ်သို့ လက်တင်၍ ပြောလိုက်သည်။
“ထိုင်ကြစို့။ မင်းအစ်မ အကြောင်း ငါ့ကိုပြောပါဦး…”
ထိုအချိန်တွင် ချန်ပင်အန်းက ကျူးဟယ်နှင့် ကျူးလုတို့ဆီသို့ လျှောက်သွားပြီး မေးလိုက်သည်။
“ဦလေးကျူးဟယ် ….
ကျွန်တော် စကားနည်းနည်း ပြောလို့ရနိုင်မလား…”
ကျူးဟယ်က အပြုံးနှင့် ပြန်ဖြေလိုက်၏။
“မင်းက ငါ့အနားရောက်လာအောင် ငါလည်း စောင့်နေတာ တော်တော်လေးကြာနေပြီ။ အခု မိုးက ပါးသွားပြီဆိုတော့ လမ်းလျှောက်ထွက်ကြစို့…”
သူတို့နှစ်ယောက်က ဘေးချင်းယှဉ်၍ ဧရာမသစ်ပင်ကြီး၏အရိပ်အောက်မှ ထွက်သွားကြသည်။ ချန်းပင်အန်းက ဘာမှမမေးရသေးခင် ကျူးဟယ်က အရင်ဆုံးပြောလိုက်၏။
“ချန်းပင်အန်း …
မကြာသေးခင် အတောအတွင်း မြို့ငယ်လေးထဲမှာ ထူးဆန်းတဲ့အရာတွေ အများကြီးဖြစ်ခဲ့တယ်။ မင်းကတော့ ကျန့်ယန်တောင်က တောင်ရွှေ့လူဝံကြီးရဲ့ လက်ထဲကနေ အသက်ရှင်လျက် လွတ်မြောက်လာခဲ့ပြီး အပြင်ဘက်က မိန်းကလေးကိုလည်း မဟာမိတ်အနေနဲ့ ခေါ်ထားနိုင်တယ်။ မင်းက အကြောင်းအရာတွေ တော်တော်များကို သိနေမယ်လို့ ထင်ပါတယ်။ ဒါကြောင့် ငါ မင်းကို ဘာမှမဖုံးကွယ်ထားတော့ဘူး…”
“ဘယ်လိုပဲဖြစ်ဖြစ် သခင်မလေးရဲ့ဘေးကင်းလုံခြုံမှုက အရေးကြီးဆုံးပဲ။ ကျူးလုနဲ့ငါက လီကလန်ထဲမှာ မွေးလာကြတာ။ ငါတို့က မျိုးရိုးစဉ်ဆက် လီကလန်ကို စောင့်ရှောက်ပေးကြရတယ်။ အဲဒါက ကြားရရင် တော်တော်လေး ဆိုးရွားတဲ့ အခြေအနေဆိုပေမဲ့ မင်း ထင်ထားသလို ဆိုးရွားတာတော့ မဟုတ်ဘူး။ မျိုးနွယ်ခေါင်းဆောင်နဲ့ သခင်မလေးအပါအဝင် လီကလန်မျိုးနွယ်ဝင်တွေ တစ်ယောက်မှ ငါတို့ကို အစေခံတွေလို့ မသတ်မှတ်ထားဘူး။ အထူးသဖြင့် သခင်မလေးပေါင်ဖျင်က ငါ့သမီးနဲ့ တော်တော်လေး ရင်းနှီးတယ်။ သူတို့က ညီအစ်မတွေလိုပဲ…”
စကားပြောနေရင်း ကျူးဟယ်က ဧရာမသစ်ပင်ကြီးအောက်တွင် ရပ်နေသော သူ့သမီးကို လှည့်ကြည့်မိလိုက်သည်။ လက်ရှိအချိန်တွင် သူမ၏ခန္ဓာကိုယ်က ဖွံ့ဖြိုးနေဆဲဖြစ်သော်လည်း နောက်ထပ်တစ်နှစ်ခန့်အတွင်း သူမက ခန္ဓာကိုယ်ဖွံ့ဖြိုးမှု ပြည့်စုံသွားနိုင်သည်။
သူ့သမီးက တာ့လီအင်ပါယာ၏ မြို့တော်ထဲတွင် ရှိသော သခင်မလေးတိုင်းထက် နိမ့်ကျနေခြင်း မရှိကြောင်း သေချာနေ၏။ သူက သူမနှင့်ပတ်သက်ပြီး အလွန်ဂုဏ်ယူနေတတ်သည်။ သူမက တာ့လီအင်ပါယာထဲတွင် တောက်ပလာနိုင်မည် ဖြစ်ကြောင်း သူက ယုံကြည်နေခဲ့၏။
တာ့လီအင်ပါယာက မိန်းကလေးများအပေါ် အမြဲလိုလိုလေးစားတတ်သည်။ သူတို့က မိန်းကလေးများ တပ်ဖွဲ့ထဲ မဝင်ရန် တားမြစ်ထားခြင်းလည်း မရှိချေ။ အမှန်အတိုင်း ပြောရလျှင် ယခင်တာ့လီအင်ပါယာက တပ်ဖွဲ့ထဲတွင် မိန်းကလေး သိုင်းပညာရှင်များ၊ ကျင့်ကြံသူများအတွက် နေရာများစီစဉ်ပေးရန်ပင် အထွေထွေရေးရာဌာနကို အမိန့်ပေခဲ့ဖူးသည်။
သူက ထိုကဲ့သို့သော စနစ်တစ်ခုကို ဖန်တီးပေးခဲ့သည့် ပထမဆုံး ရှင်ဘုရင်တစ်ပါးဖြစ်လာခဲ့၏။ ထိုဆုံးဖြတ်ချက်ကို ကန်ကြည့်ကျောင်းတော် ဦးဆောင်သော စာသင်သားမြောက်မြားစွာက အကြိတ်အနယ် ဆန့်ကျင်ခဲ့ကြပြီး ရလဒ်အနေနှင့် တိုက်ပွဲတစ်ခု ဖြစ်လာခဲ့သည်။
သူတို့အားလုံးက တာ့လီအင်ပါယာကို ပစ်မှတ်ထားခဲ့ကြ၏။ ချီကျင့်ချွန်ကသာ ရှေ့ထွက်လာပြီး ထိုဆုံးဖြတ်ချက်ကို ထောက်ခံ၍ ဆန့်ကျင်သူများအားလုံးကို ဖယ်ရှားခဲ့ခြင်း မရှိလျှင် ဘုရင်ငယ်လေးက အလွန်ကြီးမားသော ဖိအားကြောင့် မိန်းမစိုးများနှင့်အတူ တစ်သက်လုံး ဘေးရောက်သွားရပါလိမ့်မည်။
ကျူးဟယ်က အပြုံးနှင့်ဆက်ပြောလိုက်၏။
“ငါက သိုင်ပညာပါရမီပါတယ်ဆိုတာ တွေ့လိုက်ရတဲ့အချိန် လီကလန်က စဉ်းစားမနေဘဲ ငါ့ရဲ့သိုင်းပညာ တိုးတက်လာအောင် ရင်းနှီးမြုပ်နှံပေးခဲ့တယ်။ ဒါကြောင့် ငါက ဒီနေ့လို အခြေအနေမျိုး ရောက်လာတာပဲ။ ငါ့သမီးအပေါ်လည်း အတူတူပဲ။ တကယ်လို့ သူကသာ လူတိုင်းမျှော်လင့်ထားတဲ့ အတိုင်း ဆက်ရှိနေပြီး ဒုတိယအဆင့်မှာ ရပ်မနေဘူးဆိုရင် ငါ့ထက် ပိုပြီးမြင့်တဲ့အဆင့်ကို ရောက်သွားဖို့ သေချာတယ်…”
“ကျူးလုက သိုင်းပညာနဲ့ပတ်သက်ပြီး ပါရမီရှိတာကို မျိုးနွယ်ခေါင်းဆောင် တွေ့သွာခဲ့တဲ့အချိန်မှာ သူက အဆင့်(၇)ကို ရောက်နိုင်တယ်လို့တောင် ကိုယ်တိုင် ပြောခဲ့တယ်။ ပြောရမယ်ဆိုရင် ငါကတော့ အဆင့်(၅)ကို ရောက်တယ်ဆိုရုံပဲ ရှိတယ်..”
စကားပြောနေရင်း ကျူးဟယ်၏ ရင်ထဲတွင် စိတ်ဓာတ်ကျသလို ခံစားနေရသည်။ သိုင်းပညာရှင်များအတွက်တော့ သူတို့နှင့် အဆင့်တူပြိုင်ဘက်များနှင့် သူသေကိုယ်သေ တိုက်ပွဲများက သူတို့၏ အဆင့်တိုးတက်ရန်အတွက် အဓိကသော့ချက်တစ်ခု ဖြစ်သည်။ အကယ်၍ သိုင်းပညာရှင်များက ပါရမီတစ်ခုတည်းကိုသာ အားကိုးနေမည်ဆိုလျှင် သူတို့က ဝေးဝေးမရောက်နိုင်တော့ပေ။
ထို့ပြင် အကယ်၍ တစ်စုံတစ်ယောက်ကသာ အဆင့်တက်ရန် အခွင့်အရေးကို လွဲချော်သွားပြီးတစ်ကြိမ်တည်း အဆင့်မတက်နိုင်လျှင် သူတို့၏သတ္တိနှင့် အားအင်များ အားလုံး ပျက်စီးသွားနိုင်ပြီး အဆင့်တက်ရန် လုံးဝမဖြစ်နိုင်တော့ပေ။
ကျူးဟယ်က ရင်ထဲရှိ စိတ်ပျက်မှုများကို ဖိနှိပ်ပြီး ဆက်ပြောလိုက်၏။
“ငါတို့က ဒီခရီးလမ်းမှာ သခင်မလေးနဲ့အတူ လိုက်သွားဖို့ တာဝန်ပေးခံရတယ်ဆိုတာ သူနဲ့အရင်းနှီးဆုံးဖြစ်နေလို့ပဲ။ အဲဒီအပြင် ငါတို့(၂)ယောက်လုံးက သိုင်ပညာရှင်တွေ ဖြစ်နေတယ်။ ငါတို့မှာ ထူးခြားတဲ့အစွမ်းတွေ ပိုင်ဆိုင်ထားတယ်လို့ မပြောရဲပေမဲ့ အနည်းဆုံးတော့ ငါတို့က သခင်မလေးအပေါ် အကြွင်းမဲ့သစ္စာရှိတယ်လေ…”
“ပြီးတော့ သခင်မလေးက ဒီလိုခရီးရှည်ကြီးတစ်ခုကို ပထမဆုံးအကြိမ် သွားဖူးတာ။ ဒါကြောင့် သူ့ကို နေ့စဉ်ဂရုစိုက်ပေးဖို့ လူတစ်ယောက်လည်း လိုအပ်တယ်။ ကျူးလုက အသင့်တော်ဆုံး လူတစ်ယောက်ပဲ။ သခင်မလေးပေါင်ဖျင်က ကလန်တစ်ခုလုံးမှာ ငါတို့မျိုးနွယ်ခေါင်းဆောင် သဘောအကျဆုံး ကလေးတစ်ယောက်လို့ ပြောလို့ရတယ်။ အမှန်အတိုင်းပြောရင် ဒီခရီးလမ်းမှာ မျိုးနွယ်ခေါင်းဆောင် ကိုယ်တိုင်တောင် သူ့ကိုလိုက်ပို့ချင်နေတာ။ ဒါပေမဲ့ အိုက်လျန်ပေါ်လာတဲ့အတွက် မျိုးနွယ်ခေါင်းဆောင်က မြို့ထဲကိုပြန်သွားခဲ့တယ်…”
“အခုမြို့ထဲမှာ ဘာကန့်သတ်ချက်မှ မရှိတော့ဘူး။ သူက အကန့်အသတ်မရှိဘဲ ကမ္ဘာမြေကြီးရဲ့စွမ်းအားတွေကို စုပ်ယူနိုင်တယ်။ အဲဒါက သုခဘုံတစ်ခုထဲမှာ လေ့ကျင့်တာနဲ့ အတူတူပဲဆိုတော့ မျိုးနွယ်ခေါင်းဆောင်ရဲ့ အဆင့်တက်မှုကလည်း ရောက်ခါနီးနေပြီ။ ဒါက လွဲချော်လို့မရတဲ့ အခွင့်ကောင်းတစ်ခုပဲ။ ဒါကြောင့် သူက သခင်မလေးကို အိုက်လျန်ရဲ့ လက်ထဲထည့်ပေးလိုက်ရတာ…”
စကားလုံးများကို ခဏကြာစဉ်းစားနေပြီးနောက် ကျူးဟယ်က ဆက်ပြောလိုက်သည်။
“ငါတို့မျိုးနွယ်ခေါင်းဆောင်က တော်တော်လေးကို စိတ်သဘောထားပွင့်လင်းတယ်။ ဘဝအပေါ် ထူးခြားတဲ့အမြင်တွေလည်း ရှိတယ်။ သူက ငါတို့သခင်မလေးကို ချစ်ပေမဲ့ သူခရီးသွားတဲ့အချိန်မှာ လုံးဝမတားတဲ့အပြင် မဖြစ်မနေ သွားရမယ့်ခရီးလမ်းလို့လည်း ပြောခဲ့တယ်။ အဲဒီအပြင် သူက ခရီးလမ်းရဲ့နောက်ဆုံးအပိုင်းကို ကိုယ်တိုင်လုပ်ရမယ်လို့လည်း ပြောလိုက်သေးတယ်။ ဒါကတော့ လီကလန်ရဲ့ မျိုးနွယ်ဝင်တွေဆီမှာပဲရှိတဲ့ သတ္တိနဲ့ကြံ့ခိုင်မှုမျိုးပဲ…”
ကျူးဟယ်က ခဏကြာရပ်လိုက်ပြီးနောက် အပြုံးနှင့်ပြောလိုက်သည်။
“ငါက အဲဒါအကြောင်းအရာကို မပြောခဲ့ဘူးဆိုတာ အဲဒီစကားကို ပြောပြီးသွားတာနဲ့ ငါတို့မျိုးနွယ်ခေါင်းဆောင်က ချက်ချင်းကို ငိုချခဲ့တယ်လေ။ သခင်မလေးပေါင်ဖျင်က (၁ဝ)နှစ်တောင် မရှိသေးဘူး။ ဒါပေမဲ့ သူကတော့ ဘဝတလျှောက်လုံး သတ္တိရှိရှိနဲ့ ကြံ့ခိုင်သန်စွမ်းလာအောင် တိုးတက်မှုခရီးလမ်းကို သွားနိုင်ခဲ့တယ်။ အဆုံးမှာတော့ ငါတို့မျိုးနွယ်ခေါင်းဆောင်က သခင်မလေးရဲ့နောက်ကနေ တိတ်တဆိတ် ဆက်မလိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပြီး တွေဝေနေတဲ့ပုံစံနဲ့ ပြန်လာခဲ့တယ်…”
“ငါက မျိုးနွယ်ခေါင်းဆောင်ကို အဲဒီပုံစံနဲ့ ပထမဆုံးအကြိမ် မြင်ခဲ့ဖူးတာပဲ။ ငါတို့မျိုးနွယ်ခေါင်းဆောင်က သခင်မလေးပေါင်ဖျင်ကို ဘယ်လောက်ထိဂ ရုစိုက်လဲဆိုတာ ကျူးလုတောင် နားလည်သွားခဲ့တယ်။ သခင်မလေးက ကျူးလုအပေါ်မှာလည်း အရမ်းကောင်းတယ်။ သူ ကလေးဘဝကတည်းက ကျူးလုနဲ့စကားပြောရတာကို သဘောကျပြီး သူ သိုင်းကျင့်တာကိုကြည့်နေတတ်တယ်။ ကျူးလု ဒီလိုမျိုး ဖြစ်လာတယ်ဆိုတာ သခင်မလေးပေါင်ဖျင်ကြောင့်လည်းအများကြီးပါတယ်…”
ချန်းပင်အန်းက စိတ်သက်သာရာရစွာ သက်ပြင်းချလိုက်မိသည်။
“ဦးလေးကျူးဟယ်နဲ့ ကျူးလုတို့ ဒီခရီးမှာ ပေါင်ဖျင်နဲ့အတူ လိုက်လာပေးတာ ပိုပြီးတော့ကောင်းပါတယ်….”
မြို့ထဲတွင် ချန်းပင်အန်းက ဆရာချီကလွဲလျှင် မည်သူ့ကိုမျှမယုံကြည်ခဲ့ပေ။ ချန်းပင်အန်းက လီပေါင်ဖျင်ကို ပြောခဲ့သလို ဆရာရွမ်နှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် ဆရာရွမ် ပေးသောကတိနှင့် ဆရာချီ လိုက်နာခဲ့ရသော စည်းမျဉ်းများကိုသာ ယုံကြည်နေသည်။ သူက ဆရာရွမ်ကိုယ်တိုင်ကိုပင် ယုံကြည်ခဲ့ခြင်းမရှိချေ။
ထိုအရာက စကားလုံးနှင့် ပြောပြ၍ မရနိုင်သော မသိစိတ်တမျိုးသာဖြစ်သည်။ ထိုအရာက သူ့ဆီတွင် မွေးကတည်းက ပါလာပြီး ဘဝတလျှောက်လုံး တိုးတက်ဖွံ့ဖြိုးလာရမည့် အရာတစ်ခုထက် ပို၏။ တူညီသောမသိစိတ်တစ်မျိုးက ယခင် အိုက်လျန်နှင့် ကျူးဟယ်တို့ဆီတွင်လည်း ရှိခဲ့သည်။
ချန်းပင်အန်းက ကမ္ဘာကြီးကို လုံးဝဂရုစိုက်သော လူတစ်ယောက်မဟုတ်သလို အခက်အခဲများကိုလည်း ခံနိုင်ရည်ရှိသည်။ ထို့ကြောင့် သူက တွေ့ကြုံနေရသည့် လူတိုင်းကို ယုံကြည်ရလောက်အောင် ရူးမိုက်နေခြင်းမရှိချေ။
ဘဝအခက်အခဲများ၊ လူသားသဘာဝ၏ အမှောင်ဘက်ခြမ်းနှင့် ဆင်းရဲဒုက္ခများကို ခံစားရခြင်း စသည့်အရာအားလုံးက သူ့အပေါ်တွင် အမှတ်အသားများ ကျန်နေပြီး သူက မည်သူ့ကိုမျှအားမကိုးသော အဖိုးတန်လူငယ်လေးတစ်ယောက်ဖြစ်လာခဲ့သည်။
ကျူးဟယ်က ချန်ပင်အန်း၏ပုခုံးကို ပုတ်လိုက်မိ၏။ ချန်းပင်အန်း၏အရိုးများက အလွန်သန်မာကြောင်း တွေ့လိုက်ရသည့်အခါ သူလည်း အံ့ဩသွားမိခဲ့သည်။ ချန်းပင်အန်းက ပိန်ပိန်ပါးပါးသာ ဖြစ်သော်လည်း သူ့အရိုးများက အလွန်ခိုင်မာ၏။
သို့သော် ထိုအရာကိုလည်း နားလည်၍ ရနိုင်သည်။ မဟုတ်လျှင် သူက တောင်ရွှေ့လူဝံကြီးနှင့် မည်သို့ထိပ်တိုက်ရင်ဆိုင်ရဲမည်နည်း။ သူကိုယ်တိုင်ပင် ထိုကောင်လေးကဲ့သို့ သတ္တိနှင့် စွမ်းရည်မျိုး ပိုင်ဆိုင်ခဲ့ခြင်း မရှိကြောင်း ကျူးဟယ်က ဝန်ခံရပါလိမ့်မည်။
သူ့ဆီ၌ ထိုအတွေးမျိုးပေါ်လာသည့်အချိန်တိုင်း သူက တစ်ယောက်တည်း စိတ်ပျက်လက်ပျက် ခံစားနေခဲ့ရ၏။ သူက အသက်(၄၀)ပင် မရှိသေးသော်လည်း သတ္တိနှင့် မျှော်လင့်ချက်များ ဆုံးရှုံးသွားရပြီး သိုင်းပညာလမ်းကြောင်းကို ယခုမှစတင်လျှောက်လှမ်းနေသည့် လူငယ်လေးတစ်ယောက်ထက် နိမ့်ကျနေကြောင်း ဝန်ခံရပါလိမ့်မည်။
တချိန်တည်းတွင် ကျူးဟယ်က အနည်းငယ်စိတ်ဝင်စားနေခဲ့၏။ သူက အပြုံးနှင့် ပြောလိုက်သည်။
“ငါက မြို့ထဲကနေ လုံးဝထွက်မသွားဖူးဘူး။ ဒါကြောင့် အပြင်ဘက်ကမ္ဘာကြီးထဲမှာရှိတဲ့ စည်းမျဉ်းတွေကို မသိဘူး။ ဒါပေမဲ့ ငါတို့မျိုးနွယ်ခေါင်းဆောင်နဲ့ စကားပြောခဲ့တဲ့အချိန် အပြင်ဘက်ကမ္ဘာကြီးထဲမှာရှိတဲ့ လူတချို့နဲ့တွေ့တဲ့အခါ တချို့အရာတွေကို သေချာမှတ်ထားရမယ်လို့ ပြောလိုက်တယ်…”
“ဥပမာအနေနဲ့ပြောရရင် ဘုန်းတော်ကြီးတစ်ပါးကို နာမည်မေးတာနဲ့ တာအိုသခင် တစ်ယောက်ကို အသက်မေးတာက အပြစ်ရှိတယ်လို့ သတ်မှတ်နိုင်တယ်။ ပြီးတော့ မင်းက သိုင်းပညာရှင် တစ်ယောက်ကို ဆရာဘယ်သူလဲ မေးလို့ရပေမဲ့ ဘယ်လိုသိုင်းပညာမျိုး လေ့ကျင့်ထားလဲဆိုတာတော့ မေးလို့မရဘူး။ မင်းက တောင်ရွှေ့လူဝံကြီးရဲ့ လက်ထဲကနေ ဘယ်လိုလွတ်မြောက်လာလဲဆိုတာ ငါ တော်တော်လေး စိတ်ဝင်စားနေတာ။ ငါက အဲဒီအဖြစ်အပျက်ပြီးသွားမှ မျိုးနွယ်ခေါင်းဆောင်ဆီကနေ ကြားခဲ့ရတယ်…”
ထိုစကားကိုကြားသည့်အခါ ချန်ပင်အန်းက အနည်းငယ်ရှက်ရွံ့သွားခဲ့သည်။ သူက ရှင်းပြလိုက်၏။
“အဲဒါက တော်တော်လေး ခက်ခဲတဲ့ တိုက်ပွဲတစ်ခုပါပဲ။ ကျွန်တော်က ဘဝတလျှောက်လုံး ရွှံ့ပုလင်းလမ်းကြားထဲကနေ တောင်တန်းတွေပေါ်ကို ပြေးနေခဲ့ရတာ။ နင်ယောင်ကြောင့်သာ မဟုတ်ရင် ကျွန်တော်ကသေသွားလောက်ပြီ..”
ခဏကြာစဉ်းစားနေပြီးနောက် ကျူးဟယ်က ပြောလိုက်၏။
“မင်းက နင်ယောင်နဲ့ ဆရာရွမ်တို့ရဲ့ ပတ်သက်မှုတွေကို သေချာပေါက် ထိန်းသိမ်းထားပါ။ အထူးသဖြင့် ဆရာရွမ်နဲ့ ပတ်သက်မှုကို ထိန်းထားပြီး ပြတ်တောက်မသွားစေနဲ့…”
ထိုစကားကိုကြားသည့်အခါ ချန်းပင်အန်းက ဇဝေဇဝါ ဖြစ်သွားခဲ့သည်။ ကျူးဟယ်က ဆက်ပြောလိုက်၏။
“ငါတို့က ဘဝတလျှောက်လုံး လီကျူးသုခဘုံထဲမှာ ပိတ်မိနေခဲ့ကြတာ။ ငါတို့က အပြင်ဘက်ကမ္ဘာကြီးကိုလည်း မမြင်ခဲ့ရဘူး။ ဒါကြောင့် လူတစ်ယောက်နဲ့ တစ်ယောက်ကြား ကွာဟချက် ဘယ်လောက်ကြီးလဲဆိုတဲ့ ကန့်သတ်ချက်ကိုလည်း မသိဘူး…”
“ဥပမာအနေနဲ့ပြောရရင် မင်းနဲ့ ငါ (၂)ယောက်လုံးက သိုင်းပညာ လေ့ကျင့်တယ်။ အများဆုံး ငါတို့ရဲ့အရည်အချင်းက အဆင့်(၅)အထိပဲ ရောက်နိုင်လိမ့်မယ်။ အဆင့်အတန်းအရ ပြောရမယ်ဆိုရင်တော့ ငါက လီကလန်ရဲ့ အစေခံတစ်ယောက်ပဲ။ ဒါကြောင့် ငါက မင်းလို လွတ်လပ်တဲ့ အပြင်လူတစ်ယောက်ကို နှိမ့်ချပိုင်ခွင့်မရှိဘူး။ ဒါပေမဲ့ အပြင်ဘက်ကမ္ဘာကြီးထဲမှာတော့ အခြေအနေတွေက မတူတော့ဘူး။ မင်းက ဝေးဝေးကို ရောက်လေလေ၊ အပြင်ဘက်ကမ္ဘာကြီးထဲမှာ အချိန်ကြာကြာ ပိုနေလေလေ အဲဒီအရာတွေကို ပိုပြီးတော့ နားလည်နိုင်လေလေပဲ..”
“ကျွန်တော်က အဲဒီလောက်ထိ စဉ်းစားမထားဘူး…”
ချန်းပင်အန်းက အမှန်အတိုင်း ဝန်ခံလိုက်သည်။
“ကောင်းပါတယ်။ အခုမှအဲဒီအရာတွေကို စပြီးစဉ်းစားကြည့်လို့လည်း ရတာပဲ..”
ကျူးဟယ်က ပြုံးလိုက်၏။
ချန်းပင်အန်းက ခေါင်းညိတ်တုံ့ပြန်လိုက်သည်။ သူကတော့ သူ့အပေါ် ဂရုစိုက်လျှင် ပြန်လည်ပေးဆပ်တတ်၏။ သူ့အပေါ် မှားယွင်းလုပ်ဆောင်ခဲ့သည့်လူများကိုလည်း ချက်ချင်း မတုံ့ပြန်နိုင်လျှင်ပင် လက်တုံ့ပြန်ရန် အမှတ်ရနေတတ်၏။ သူက ရှေ့ဆက်လျှောက်ရန် ခရီးလမ်းအရှည်ကြီးကျန်နေသေးပြီး ပြန်လည်တုံ့ပြန်ရန် အချိန်အကြာကြီး ရှိနေသေးသည်။
သစ်ပင်အရိပ်အောက်တွင် လီဟွိုင်က သူ့အစ်မကို ရောင်းစားခဲ့ပြီးနောက် အိုက်လျန်၏ရှေ့တွင်ရပ်ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
“အိုက်လျန် …
ကျူပ်က ချန်းပင်အန်းကို ခင်ဗျားအတွက် အရက်ဘူးတစ်ခု လုပ်ပေးခိုင်းလိုက်မယ်။ ခင်ဗျားက အဲဒီဘူးသီးခြောက်လေး ကျုပ်ကိုပေးပါ့လား။ တကယ်လို့ ကျုပ်တို့က မိသားစုဖြစ်သွားပြီဆိုရင် ကျုပ်က ခင်ဗျားကို သေချာပေါက် ကောင်းကောင်းပြုစုပါ့မယ်။ ကျုပ်ရဲ့ယောက်ဖက အိုမင်းပြီး ရှေးကျတဲ့အရက်အိုးနဲ့ မလိုက်ဘူးလေ..”
“မင်း ဘာမှမသိပါဘူး…”
အိုက်လျန်က အလွန်လျှို့ဝှက်ဆန်းကြယ်သောအမူအရာနှင့် ကြိမ်းမောင်းအပြစ်တင်လိုက်သည်။
“ဒီဘူးသီးခြောက်က ဓားအားဖြည့်ဘူးသီးခြောက်လို့ ခေါ်တယ်။ ဒါက ရှားပါးတဲ့ ရတနာတစ်ခုပဲ။ ပြီးတော့ သူ့ပုံစံက ဘာမှတန်ကြေးမရှိဘူး ထင်ရပေမဲ့ အရမ်းအဖိုးတန်တယ်။ မင်းမှာ အစ်မ ဘယ်နှစ်ယောက်ရှိလဲ။ မင်းရဲ့ အစ်မတစ်ယောက်တည်းအတွက် ငါက ဒီဘူးသီးခြောက်ကို ပေးဖို့တော့ လုံးဝမဖြစ်နိုင်ဘူး..”
အိုက်လျန်က ထိုကဲ့သို့ မတ်တပ်ရပ်ပြီး စကားပြောသည်မှာ အလွန်ရှားပါးသည့်အတွက် လီဟွိုင်ကပင် မည်သို့စကားဆက်ပြောရမှန်း မသိခဲ့ချေ။ သူက ဘူးသီးခြောက်လေးကို တမ်းတမ်းတတ စိုက်ကြည့်ပြီး အဝေကို ငေးကြည့်လိုက်၏။
“ကျုပ်ရဲ့မိဘတွေကို နောက်ထပ်ညီမလေးတွေ ထပ်မွေးခိုင်းလိုက်မယ်လေ။ ပြီးရင် ကျုပ်တို့က ဆွေးနွေးလို့ရတယ် မဟုတ်လား…”
အိုက်လျန်က သူ့နဖူးသူသာ လက်နှင့် ပြန်ရိုက်လိုက်မိသည်။ တစ်ချိန်တည်းတွင် သူက တောင်ပေါ်မှ ပြန်ဆင်းလာသည့်အချိန်၌ ချန်းပင်အန်းနှင့် ပြောခဲ့ဖူးသောစကားများကို ရုတ်တရက်အမှတ်ရသွားခဲ့၏။ ချန်းပင်အန်းက သူနှင့်ကျူးဟယ်ကိုနှိုင်းယှဉ်ပြီး သူ့ကို အထင်သေးနေခဲ့သည်။
အိုက်လျန်က သက်ပြင်ချလိုက်မိပြီး ခေါင်းထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့၏။ ထို့နောက် သူက သစ်ကိုင်းတစ်ခုကို ကောက်လိုက်ပြီး မြေပေါ်တွင် တစ်စုံတစ်ခုကို ရေးဆွဲလိုက်သည်။
လီဟွိုင်က အနားသို့ ကပ်လာကြည့်လိုက်သည့်အချိန်တွင် အိုက်လျန်က မြေပေါ်၌ စကားလုံးများ ရေးနေကြောင်း တွေ့လိုက်ရ၏။ သူ့လက်ရေးက လီဟွိုင်ကဲ့သို့ ကလေးတစ်ယောက်ကိုပင် မယှဉ်နိုင်ပေ။ ဆရာချီ၏ ချီးကျူးမှုကိုပင် ခံရသော လင်းရှို့ယီကဲ့သို့ လူငယ်လေးနှင့်တော့ ယှဉ်ရန် လုံးဝမဖြစ်နိုင်ပေ။
လီဟွိုင်က အိုက်လျန်၏လက်ရေးကိုကြည့်လေလေ၊ အိုက်လျန်၏ကိုယ်စားပို၍ ရှက်မိလာလေလေ ဖြစ်သည်။ သူက အိုက်လျန်၏ခါးတွင် ချိတ်ထားသော ငွေရောင်ဘူးသီးခြောက်လေးကိုကြည့်ပြီး မျက်နှာပေါ်တွင် ရှုပ်ထွေးနေသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။
“အိုက်လျန် …
ကျုပ်က ခင်ဗျားရဲ့ယောက်ဖ မဖြစ်ချင်တော့ဘူး။ ကျုပ် မိဘတွေ နှစ်ယောက်လုံးက ကျုပ်အစ်မကို စာသင်သားတစ်ယောက်နဲ့ပဲ လက်ထပ်စေချင်နေတာ…”
အိုက်လျန်က နားမလည်နိုင်သောအမူအရာနှင့် မော့ကြည့်လိုက်သည်။
“ဒီလက်ရေးက အဲဒီလောက်တောင်ဆိုးလို့လား…”
လီဟွိုင်က ခေါင်းညိတ်ပြလိုက်သည်။ အကယ်၍ သူ့အစ်မကသာ နောက်ပိုင်းတွင် သူနှင့် စားစရာလုမည်ဆိုလျှင် သူကတော့ ကျေးဇူးမသိတတ်သလို ကြေညာမိပါလိမ့်မည်။ မည်သို့ဖြစ်စေကာမူ သူက သူမကိုယ်စား ဓားအားဖြည့်ဘူးသီးခြောက်တစ်လုံးကို လက်လျော့လိုက်ခြင်းဖြစ်၏။
Translated by Hein Htet.