အခန်း (၉၃)
Vol. 7 Ch. 93
အိုက်လျန်၏ မျက်နှာပေါ်တွင် အလွန်လျှို့ဝှက်ဆန်းကြယ်သော အမူအရာတစ်ခု ပေါ်လာပြီး ပြန်လည်ပြောဆိုလိုက်သည်။
"ငါ့လက်ရေးက ဆိုးတယ်လို့ သတ်မှတ်စရာ အကြောင်းမရှိဘူး။ ငါက ကိုယ့်ကိုယ်ကိုယ် အမွှန်းတင်ပြီး ပြောတာမဟုတ်ပေမယ့် ဟိုးအဝေးမှာဆိုရင် ငါ့လက်ရေးကို လူတွေအများကြီးက ချီးကျူးကြတယ်…"
"သူတို့က ခင်ဗျားရဲ့မျက်နှာကို ချီးကျူးကြတာလား…"
လီဟွိုင်က လှောင်ပြောင်နေသော အမူအရာနှင့် မေးလိုက်သည်။
"မဟုတ်ဘူး။ သူတို့က ငါ့ကို ချီးကျူးနေတယ်ဆိုတာပဲ ငါက ကြားရတာ..."
အိုက်လျန်က အိုးတိုးအမ်းတမ်း အပြုံးနှင့် ပြန်ဖြေလိုက်၏။
"ကျုပ် သိပါတယ်။ တကယ်လို့ ခင်ဗျားရဲ့လက်ရေးကို ချီးကျူးရလောက်အောင် အရှက်မရှိတဲ့သူတွေ ရှိနေမယ်ဆိုရင် ကျုပ်တောင် သူတို့ရဲ့တပည့် ဖြစ်ချင်သွားပြီ။ ကျုပ်အမေလို စကားပြောကြမ်းတမ်းတဲ့လူတစ်ယောက်ကတောင် အဲဒီလိုလူမျိုးကို အနိုင်ရမှာ မဟုတ်တာ သေချာတယ်…"
"ဘာကိစ္စ သူတို့က မင်းကို တပည့်အဖြစ် လက်ခံမယ်လို့ တွေးနေတာလဲ…"
အိုက်လျန်က ပြန်မေးလိုက်သည်။
"ဘာလို့ လက်မခံရမှာလဲ။ သူက မျက်လုံးကန်းနေလို့လား…"
လီဟွိုင်က လေးလေးနက်နက် အမူအရာနှင့် မေးလိုက်သည်။
အိုက်လျန်က သူ့နဖူးကို လက်ဝါးနှင့် နောက်တစ်ကြိမ် ရိုက်လိုက်မိပြီး အမှန်တကယ်ကို ပြောစရာစကား မရှိတော့ပေ။ အိုက်လျန်က လီဟွိုင်နှင့် စကားမပြောရန် ကြိုးစားလျှင် ပို၍ကျန်းမာရေးကောင်းနိုင်သည်ဟု တွေးလိုက်မိ၏။
သူက ပတ်ပတ်လည်ကို လှည့်ကြည့်လိုက်ပြီးနောက် အနားတွင် ရှိနေသော ကျူးလုကို သတိထားမိခဲ့သည်။ ထို့နောက် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူက ပြန်မေးလိုက်၏။
"ကျူးလု …
ငါ့ဆီကနေ ဓားသိုင်းပညာသင်ဖို့ စိတ်ဝင်စားလား။ ငါက အခုမင်းကို ဓားသိုင်းပညာတွေပြဖို့ စိတ်ပါနေပြီ…"
ထိုအချိန်တွင် ကျူးလုကတော့ မေးထောက်ပြီး ချန်းပင်အန်း ထွက်သွားသော နေရာကို စိုက်ကြည့်နေသည့် လီပေါင်ဖျင်ကိုသာ စိုးရိမ်နေခဲ့သည်။
"ဝေးဝေးသွားစမ်းပါ.."
ကျူးလုက ပြောလိုက်၏။
အိုက်လျန်၏မျက်နှာပေါ်တွင် အပြစ်ကင်းစင်သော အမူအရာတစ်ခုပေါ်လာပြီး မေးလိုက်သည်။
"ငါက ဘယ်ကိုသွားရမှာလဲ။ အပြင်မှာ မိုးရွာနေသေးတယ်လေ။ ငါ့ကိုကြည့် … အခုတောင် ငါ တစ်ကိုယ်လုံး စိုရွှဲနေပြီ…"
ကျူးလု၏ မျက်နှာပေါ်တွင် အေးစက်သော အမူအရာတစ်ခု ပေါ်လာပြီး ခနဲ့သလို ပြုံးလိုက်၏။
"ရှင် လုပ်တတ်တာက မြှောက်ပင့်ပြောဆိုဖို့ပဲ။ ရှင့်မှာ ဘာစွမ်းရည်မှ မရှိပေမယ့် တော်တော်တော့ လေကြီးတာပဲ။ လူကြီးလူကောင်းတစ်ယောက်က ဒီလိုအရာမျိုး လုံးဝမလုပ်ဘူး…"
ထိုစကားကို ကြားသည့်အခါ အိုက်လျန်က ဒေါသထွက်သွားခဲ့ပြီး ကလေး (၃)ယောက်ကို ပြန်လှည့်၍ မေးလိုက်သည်။
"လီဟွိုင် ၊ လင်းရှို့ယီ ၊ ပေါင်ဖျင် …
ငါက လူကောင်းတစ်ယောက် မဟုတ်ဘူးလား…"
"ဒီကိစ္စမှာ ကျုပ်က ကြားနေပဲ။ တကယ်လို့ ခင်ဗျားက ကျုပ်ကို ဘူးသီးခြောက်ပေးမယ်ဆိုရင်တော့ ခင်ဗျားက သေချာပေါက် လူကောင်းတစ်ယောက် ဖြစ်လိမ့်မယ်…"
လီဟွိုင်က ပြန်ဖြေလိုက်၏။
လင်းရှို့ယီက အေးစက်စွာ ပြန်ဖြေလိုက်သည်။
"ကျုပ်ကို အရက်သောက်ဖို့ လိမ်ပြီး ပြောမနေနဲ့တော့...။ ကဗျာဆရာတွေက အရက်မူးနေတဲ့အချိန် အကောင်းဆုံးကဗျာတွေ ရေးနိုင်တယ်လို့ ပြောတဲ့ ပုံပြင်တွေအားလုံးက အလိမ်အညာတွေပဲ…"
လီပေါင်ဖျင်ကသာ အိုက်လျန်အပေါ် မကျေမနပ်ဖြစ်နေသည့် ခံစားချက်မျိုး မရှိချေ။ ထိုအစား သူမက အိုက်လျန်ကို ပြုံးပြလိုက်၏။ အလွန်နွေးထွေးသော အပြုံးလေးကြောင့် သူ့ရင်ထဲတွင် အေးမြသွားခဲ့ပြီး လီဟွိုင်နှင့် လင်းရှို့ယီတို့၏ စကားသံများကိုပင် လျစ်လျူရှုခဲ့မိသည်။ လီပေါင်ဖျင်ကသာ သူ့ဘေးတွင် ရှိနေသေးသရွေ့ သူက ကမ္ဘာကြီးတစ်ခုလုံးကို ရင်ဆိုင်နိုင်မည်ဟု ခံစားခဲ့ရ၏။
ချန်းပင်အန်းနှင့် ကျူးဟယ်တို့ ပြန်ရောက်လာပြီးနောက် သူတို့အဖွဲ့က ခရီးဆက်ခဲ့ကြ၏။ နဂါးနှုတ်ခမ်းမွှေးစမ်းချောင်း၏ စီးဆင်းမှုက အရှေ့တောင်ဘက်မှနေ၍ တောင်ဘက်သို့ ပြောင်းလဲသွားသည့်အချိန်တွင် ထိုအရာက သံအဆောင်မြစ်အဖြစ် တရားဝင် ကူးပြောင်းသွားခဲ့ပြီး ရေပြင်ကြီးကလည်း ပိုနက်ရှိုင်း၍ ပိုကျယ်လာခဲ့သည်။
ချန်းပင်အန်း၏ အကြံပေးမှုနှင့် လူတိုင်းက အနားယူလိုက်၏။ သူတို့က စားစရာချက်ပြုတ်ပြီး နေ့လည်စာ စားပြီးမှသာ ခရီးလမ်းကို ဆက်သွားကြရမည် ဖြစ်သည်။
လီဟွိုင်က လက်နောက်ပစ်၍ မြစ်ကမ်းဘေးတွင်ရပ်နေပြီး မေးလိုက်သည်။
"ခင်ဗျားက ဒီလောက်ကြီးတဲ့မြစ်ကို မြင်ဖူးလား…."
အိုက်လျန်က စမ်းချောင်းနှင့် မြစ် ဆုံသည့်နေရာကို ကြည့်လိုက်ပြီး နောက်ပြန်လှည့်ကြည့်လိုက်သည်။ နောက်ဆုံးတွင်တော့ လီဟွိုင်ကိုကြည့်ပြီး ပြန်ဖြေလိုက်၏။
"ငါ ဘဝမှာ မင်းစားခဲ့ဖူးတဲ့ ဆန်စေ့တွေထက် ပိုများတဲ့မြစ်တွေကို မြင်ခဲ့ဖူးတယ်.."
လီဟွိုင်ကတော့ ချက်ချင်းပင် ရှုံ့မဲ့သွားခဲ့၏။
"အိုက်လျန် …
ခင်ဗျားက စကားကောင်းကောင်းပြောမယ့်နေ့ မရှိဘူးလား…"
အိုက်လျန်ကတော့ သူ့ကို အလေးမထားတော့ပဲ မီးဖိုတည်ဆောက်နေသော ချန်းပင်အန်းဆီသို့ လျှောက်သွားခဲ့သည်။ သူက ပြောလိုက်၏။
"ငါနဲ့အတူ မြစ်ကမ်းဘေးမှာ လမ်းလျှောက်ကြရအောင်...။ ငါ မင်းကိုပြောစရာရှိတယ်…"
ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး သူ မရှိသည့်အချိန်တွင် မီးဖို ဆက်ဆောက်ထားရန် လီပေါင်ဖျင်ကို ပြောလိုက်သည်။ လမ်းတလျှောက်တွင် လီပေါင်ဖျင်က အလွန်ကူညီပေးနေပြီး သူမက အိုက်လျန်၏မြည်းကို အစာကျွေးရာတွင်လည်း အတော်လေး ကျွမ်းကျင်လာခဲ့သည်။
ထို့ကြောင့် သူမက ကျူးလုကိုပင် အကူအညီပေးနေပြီး ချန်းပင်အန်းက အရာအားလုံးကို လက်လွှဲပေးနိုင်လောက်အောင် ရင့်ကျက်သည့်ပုံစံမျိုး ပြသနေခဲ့သည်။ ရက်အနည်းငယ် အတောအတွင်း သူမက ကိုယ်ခြင်းတောင်း ကိုယ်သယ်ပြီး ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ချင်ခဲ့သည်။
ချန်းပင်အန်းက တစ်ယောက်တည်း လမ်းလျှောက် လေ့ကျင့်နေသည့် အချိန်တိုင်း သူမက သူနှင့် တိတ်တဆိတ်လိုက်၍ သူ၏လှုပ်ရှားမှုများကို ချစ်စဖွယ်အမူအရာနှင့် ပြောပြတတ်သည်။
ချန်းပင်အန်းနှင့် အိုက်လျန်တို့က မြစ်ကမ်းဘေးသို့ရောက်သွားပြီး စမ်းချောင်းအောက်ဘက်ကို လျှောက်သွားကြ၏။
"ငါက ပေါင်ဖျင်ကို တော်တော်လေး သဘောကျတယ်။ ဒါပေမဲ့ မင်းက သူ့ကို ငါထက်ပိုပြီး သဘောကျမယ်ဆိုတာ သေချာပါတယ်…"
အိုက်လျန်က ပြောလိုက်သည်။
ချန်းပင်အန်းက အလုပ်များနေသော လီပေါင်ဖျင်ကို ပြန်လှည့်ကြည့်လိုက်ပြီး သူမ၏ခြေထောက်တွင် ဘီးတပ်ထားသည့်အလား အရှိန်မျိုးရှိခဲ့သည်ကို အမှတ်ရသွားခဲ့သည်။ တစ်ဖက်တွင်တော့ လင်းရှို့ယီက သူပြောသည့်အတိုင်း လုပ်တတ်၏။ လီဟွိုင်ကတော့ တခြားသူများနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းကို စိတ်မဝင်စားချေ။
လီပေါင်ဖျင်က အသက်ငယ်သေးသော်လည်း သူမဆီတွင် တက်ကြွမှုများ အပြည့်ဖြစ်နေပြီး သူမကို ကြည့်လိုက်ရုံနှင့် ငယ်ရွယ်နုပျိုမှုများကို ခံစားမိနိုင်သည်။ချန်းပင်အန်းက ခေါင်းညိတ်တုံ့ပြန်လိုက်၏။
"ဒါပေမယ့် တစ်ခုခုတော့ မှားနေပြီလို့ မခံစားရဘူးလား။ ငါ ပြောတာ မှန်တယ် မဟုတ်လား.."
အိုက်လျန်က မေးလိုက်သည်။
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်၏။
"သူက ကျွန်တော့်ကို သိုင်းပညာလေ့ကျင့်မှုနဲ့ ပတ်သက်ပြီး ပြောခဲ့တဲ့ အချိန်ကတည်းကစပြီး သူ့ပုံစံက စကားနည်းသွားတဲ့အပြင် ပိုပြီးတော့ငြိမ်သွားတယ်.."
"မင်းက သူမျှော်လင့်နေတဲ့ အရာတစ်ခုခုကို ပြောခဲ့ဖူးလား ဒါမှမဟုတ် နောက်ပိုင်းမှာ သူ့ကိုဘယ်လိုလူမျိုးဖြစ်စေချင်တယ်ဆိုတာ ပြောခဲ့ဖူးလား.."
အိုက်လျန်က မေးလိုက်သည်။
ချန်းပင်အန်းက အလွန်အံ့သြသွားခဲ့၏။ အိုက်လျန်က သူ့ခေါင်းကို တူနှင့် ထုလိုက်သလိုမျိုး ဖြစ်သည်။
ရှားရှားပါးပါး အတွေးမျိုးနှင့် အိုက်လျန်က ဆက်၍ မပြောခဲ့ပေ။ ထိုအစား သူက ချန်းပင်အန်းကို မနာကျင်စေလိုသည့်အတွက် စကားလုံးများကို သေချာစဉ်းစားနေခဲ့ရ၏။ သူက ထိုသို့ ပြောလိုက်ပြီးနောက် ရပ်လိုက်ပြီး မြစ်ဘေးတွင် ဆောင့်ကြောင့်ထိုင်၍ ရေထဲသို့ ကျောက်ခဲတစ်လုံး လှမ်းပစ်လိုက်သည်။ ချန်းပင်အန်းကလည်း သူ့ဘေးတွင် ထိုင်လိုက်၏။
"အလွန်အကျွံ အလေးအနက်ထားတဲ့ ဆက်ဆံရေးတစ်ခုက မတည်မြဲခင် ပျက်စီးသွားတတ်ကြတယ်။ အရမ်းဉာဏ်ကောင်းတဲ့လူတွေကတော့ ကိုယ့်ကိုယ်ကိုယ် ထိခိုက်အောင် လုပ်တတ်တယ်။ အခုအချိန်မှာ လီပေါင်ဖျင်က ကလေးမလေးတစ်ယောက်ပဲ ဖြစ်နေသေးတယ်။ ဒါကြောင့် သူ့မှာ အချစ်ရေးနဲ့ ပတ်သက်ပြီး စိုးရိမ်စရာ မလိုသေးဘူး…”
“ဒီတော့ ဒုတိယအချက်က သူ အားကိုးအားထား ဖြစ်နေတဲ့အရာ အများဆုံး ဖြစ်နိုင်တယ်။ သူက မင်းကို စိတ်ပိုင်းဆိုင်ရာ ထောက်တိုင်တစ်ခုအဖြစ် သတ်မှတ်ထားတယ်။ ဒါကြောင့် မင်းပြောလိုက်တဲ့စကားလုံးတိုင်း မင်းရဲ့လုပ်ရပ်တိုင်းက သူ့အပေါ်မှာ ကြီးမားတဲ့ သက်ရောက်မှုတစ်ခုရှိနိုင်တယ်…”
“စကားလုံးတွေဆိုတာက အရမ်းကို ထူးခြားဆန်းကြယ်တဲ့အရာပဲ။ သူတို့ရဲ့ အကျိုးသက်ရောက်မှုကလည်း တဖြည်းဖြည်း စုပုံလာပြီး လူတစ်ယောက်ရဲ့ နှလုံးသားထဲမှာ အချိန်အကြာကြီး စုစည်းလာနိုင်တယ်။ ငါ့လို စာသင်သားမဟုတ်တဲ့ လူတစ်ယောက်က အပိုတွေ ပြောနေတယ်လို့ မင်းက ခံစားမိချင်ခံစားမိလိမ့်မယ်။ ဒါပေမဲ့ ဒီနေရာမှာ ငါပြောတဲ့စကားတွေကို အလေးထားဖို့ အကြံပေးချင်တယ်.."
ချန်းပင်အန်းက လေပူများကို မှုတ်ထုတ်လိုက်မိသည်။
"ဒါဆိုရင်တော့ ကျွန်တော့်ကိုပဲ အပြစ်တင်ရတော့မှာပဲ။ သူက ချောက်ကမ်းပါးကျောင်းတော်ကိုသွားဖို့ ယုံကြည်ချက်မရှိမှာ စိုးရိမ်နေတဲ့အတွက် သူ့ကို ပထမဆုံး မိန်းကလေး စာသင်သားတစ်ယောက် ဖြစ်လာစေချင်တယ်လို့ ပြောခဲ့မိတယ်.."
အိုက်လျန်က သူ့ကို အပြုံးနှင့် ပြင်ဆင်ပေးလိုက်သည်။
"အဲဒါက မင်းရဲ့အမှားမဟုတ်ဘူး ချန်းပင်အန်း..."
ချန်းပင်အန်းက ရှုပ်ထွေးသွားသော အမူအရာနှင့် ပြန်လှည့်ကြည့်လိုက်သည်။
အိုက်လျန်က အလွန်ကြီးတည်ငြိမ်သော ရေမျက်နှာပြင်ပေါ်ကို ကြည့်လိုက်ပြီးနောက် ပြန်ပြောပြလိုက်သည်။
"မင်းလုပ်တာ မမှားပါဘူး။ မင်းက ဒီထက်ပိုပြီးကောင်းအောင် လုပ်နိုင်ရုံပါပဲ..”
ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက ပို၍ရှုပ်ထွေးသွားခဲ့သည်။ ထိုနေရာတွင် မတူညီသော ဖော်ပြချက် (၂) ခုရှိနေပြီး သူတို့က ဦးတည်ချက်တစ်ခုတည်းကို ရောက်သွားခဲ့ခြင်း မဟုတ်ပေလော။
အိုက်လျန်က ချန်းပင်အန်းကို ပြန်လှည့်ကြည့်လိုက်ပြီး သူ့အတွေးများကို နားလည်နေသယောင် ထင်ရသည်။ သူက ခေါင်းခါလိုက်မိပြီး ရှင်းပြလိုက်၏။
"အဲဒါက တော်တော်ကြီးကို ကွဲပြားမှုရှိတယ်။ ဒီကမ္ဘာကြီးထဲမှာ လူကောင်းတွေက ဘာလို့ ဆိုးဆိုးဝါးဝါး နေထိုင်ရလဲဆိုတာ မင်း သိလား။ ချီကျင့်ချွန်ကိုပဲ ဥပမာအနေနဲ့ သတ်မှတ်လိုက်...။ သူ့ရဲ့အစွမ်းမျိုးနဲ့ သူက ပိုပြီးကောင်းမွန်တဲ့ဘဝမျိုးမှာ အေးအေးဆေးဆေးနေနိုင်တယ်။ ဒါဆိုရင် ဘာလို့သူက ဆိုးရွားတဲ့သေဆုံးမှုမျိုးကို ကြုံတွေ့ခဲ့ရတာလဲ…”
“မင်းက ပတ်ဝန်းကျင်ကို သေချာကြည့်လိုက်တဲ့အချိန်မျိုးမှာ လူဆိုးတွေအားလုံးက အကောင်းဆုံး နေထိုင်နိုင်တယ်ဆိုတာကို တွေ့ရလိမ့်မယ်။ သူတို့က စိတ်ကြိုက် နေနိုင် စားနိုင်ကြတယ်။ ဥပမာအနေနဲ့ ပြောရရင် မင်းရဲ့ရန်သူ (၂) ယောက်ဖြစ်တဲ့ ကျန့်ယန်တောင်က တောင်ရွှေ့လူဝန်ကြီးနဲ့ နဂါးအိုမြို့က ဖူနန်းဟွာတို့ပဲ။ သူတို့က သူတို့ရဲ့ပိုင်နက်အသီးသီးကို ပြန်ရောက်သွားရင် သက်သောင့်သက်သာဘဝမျိုးနဲ့ နေနိုင်ကြလိမ့်မယ်။ ပိုင်ယွမ်က သူ့ဂိုဏ်းထဲမှာ လူတိုင်းလေးစားခံရပြီး အေးအေးဆေးဆေး အနားယူနေလို့ရတယ်။ တစ်ချိန်တည်းမှာ ဖူနန်းဟွာကလည်း ရည်မှန်းချက်တွေ အပြည့်နဲ့ မြောက်ပိုင်းကိုချဲ့ထွင်ဖို့ ကြိုးစားနေလိမ့်မယ်…"
ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက လေးလေးနက်နက် စဉ်းစားနေခဲ့သည်။
အိုက်လျန်က အပြုံးနှင့် ဆက်ပြောလိုက်၏။
"ဒီဇာတ်လမ်းတွေရဲ့ အနှစ်ချုပ်ကတော့ လူကောင်းတစ်ယောက်ဖြစ်ရတာ တော်တော်လေး ပင်ပန်းတယ်။ ဒါကြောင့် မင်းက ဘာပဲလုပ်လုပ် လူကောင်း တစ်ယောက် မဖြစ်စေနဲ့။ မင်းက လိုချင်တဲ့ရလဒ်မရတာနဲ့ အမှားလုပ်မိသွားပြီလို့ မတွေးသင့်ဘူး။ ဒါမှမဟုတ် မင်းရဲ့အပြုအမူတွေက မထင်မှတ်ထားတဲ့ ရလဒ်ဆိုးတွေ ဖြစ်လာမယ်ဆိုရင်လည်း ကိုယ့်ကိုယ်ကိုယ် အမှားလုပ်မိတယ်လို့ မတွေးမိစေနဲ့။ မင်းက အဲဒီလိုအရာမျိုးမှာ သေချာပေါက် အပြစ်မတင်သင့်ဘူး။ ဒါက မှန်ကန်တဲ့ အသက်ရှင်သန်နည်းမျိုး မဟုတ်ဘူး…"
အိုက်လျန်၏ မျက်နှာပေါ်တွင် လေးနက်သော အမူအရာတစ်ခုပေါ်လာပြီး အဓိကအချက်ကို ထပ်ပြောလိုက်သည်။
"ဒါက မှန်ကန်တဲ့ အသက်ရှင်သန်ရေးပုံစံ မဟုတ်ဘူး…"
ထို့နောက် သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူက လွတ်လပ်ပေါ့ပါးသောပုံစံ ပြန်ပြောင်းသွားခဲ့ပြီး ဆက်ပြောလိုက်၏။
"အဲဒါက လီပေါင်ဖျင်ရဲ့အမှားလည်း မဟုတ်ဘူး။ တစ်ဖက်မှာတော့ သူက စိတ်ကူးယဉ်ဆန်တဲ့ ကလေးမလေးတစ်ယောက်ပဲ။ သူက ကိုယ်ပိုင်နည်းလမ်းနဲ့ မင်းကိုပြန်ပေးဆပ်ဖို့ ကြိုးစားနေတာ...။ ဒါကြောင့် အခြေအနေကို ရှုပ်ထွေးမသွားစေနဲ့…"
ချန်းပင်အန်းက ချက်ချင်း အလျင်အမြန် ခေါင်းညိတ်ပြလိုက်သည်။
"ကျွန်တော် နားလည်သွားပြီ…"
"မင်း နားလည်မယ်ဆိုတာ ငါ သိတယ်။ ဒါကြောင့်လည်း ငါက မင်းကို ဒါတွေအားလုံး ပြောပြနေရတာပေါ့…"
အိုက်လျန်က ခေါင်းညိတ်၍ ပြောလိုက်၏။
ထို့နောက် သူက မြေပေါ်တွင် ထိုင်ချလိုက်ပြီး ဝါးဓားမောက်ကို ဒူးပေါ်တွင် ကန့်လန့်ဖြတ်တင်၍ ဆက်ပြောလိုက်သည်။
"ငါက လူတစ်ယောက်ကို သင်ပေးတယ်ဆိုတာ တော်တော်ရှားတယ်။ ငါ သင်ပေးတဲ့အချိန်မှာလည်း..."
သူက ထိုနေရာတွင် ယာယီရပ်တန့်လိုက်သည်။ ထို့နောက် အစိမ်းရောင် ဝါးဓားမောက်ကို လက်နှင့်ပုတ်၍ ကောက်ချက်ချလိုက်၏။
"အရင်တုန်းကတော့ ငါနဲ့အတူ ဓားရှည်တစ်ချောင်း အမြဲတမ်းပါတယ်။ အခုတော့ ငါ့ရဲ့ဓားမောက်ပေါ့…"
မိုးမရွာတော့သည့်အချိန်နှင့် နေရောင်ခြည် မတောက်ပသည့် အချိန်မျိုးတွင် အိုက်လျန်က မထင်မရှား ဝါးဦးထုပ်ကို အမြဲဆောင်ထားတတ်သည်။ သူက ဦးထုပ်ကို ပြန်ညှိပြီး ပြောလိုက်၏။
"တကယ်လို့ ဆံထိုးလေးက ငါ ထင်ထားသလို အရေးမကြီးဘူးဆိုရင်တောင်၊ တကယ်လို့ မင်းက ချီကျင့်ချွန် ရွေးချယ်ထားတဲ့ လူတစ်ယောက်ဖြစ်မယ်ဆိုရင်တောင် ငါသဘောမကျရင် အဲဒီအရာတွေအားလုံး ပြောမှာ မဟုတ်ဘူး။ ငါက မင်းကို တာ့ဆွေအင်ပါယာရဲ့ နယ်စပ်ဆီ အလွယ်တကူခေါ်သွားပြီး အဲဒီနေရာမှာ ချထားခဲ့လို့ရတယ်။ အဲဒါက ငါအတွက် အဆပေါင်းများစွာ ပိုပြီးတော့ရိုးရှင်းတယ်…"
အိုက်လျန်၏ မျက်နှာပေါ်တွင် ထိုကဲ့သို့ လေးနက်သော အမူအရာတစ်ခု မြင်ရသည်မှာ အတော်လေး ရှားပါးသည်။ သူက ဝါးဓားမောက်ကို ညင်သာစွာပုတ်ပြီး ပြောလိုက်၏။
"ငါ့မျက်လုံးထဲမှာတော့ လူတိုင်းက ကိုယ်ပိုင်လမ်းကြောင်းအတိုင်း လျှောက်လှမ်းကြရမှာပဲ။ ကိုယ့်စိတ်ကိုယ် နားလည်ရမယ်။ ကိုယ့်ကိုယ်ကိုယ် အစစ်အမှန်ဖြစ်အောင် ကြိုးစားရမယ်။ မင်းကလည်း အဲဒီစည်းမျဉ်းတွေအတိုင်း လိုက်နာသင့်တယ်လို့ ငါ တွေးမိတယ် ချန်းပင်အန်း။ မင်းက ငါနဲ့ အတိအကျတူစရာ မလိုဘူး။ မင်းဆီမှာလည်း ကိုယ်ပိုင်အစွမ်းအစရှိတယ်။ မင်းက ကိုယ့်ရဲ့ ဦးတည်ချက်တွေကို သိမ်းပိုက်နိုင်လောက်အောင် အစွမ်းထက်လာဖို့ လိုအပ်တယ်.."
ထို့နောက် အိုက်လျန်က အားရပါးရရယ်ပြီး ဆက်ပြောလိုက်သည်။
"ဒါပေမယ့် အသက်ရှည်ရှည် နေနိုင်ဖို့တော့ မမေ့ပါနဲ့။ အဲဒါက အရေးကြီးဆုံးအရာပဲ.."
ချန်းပင်အန်းက အမှန်အတိုင်း ပြန်ဖြေလိုက်၏။
"ခင်ဗျား ပြောနေတဲ့အရာတွေကို ကျွန်တော် တစ်ပိုင်းတစ်စ နားလည်ပါတယ်။ ကျွန်တော် သေချာနားမလည်တဲ့ အပိုင်းတချို့လည်း ရှိသေးတယ်။ ဒါပေမယ့် အဲဒီအရာတွေကို သေချာမှတ်ထားပြီး အခွင့်သာတဲ့ အချိန်ကျရင် ဂရုတစိုက် စဉ်းစားလိုက်ပါမယ်.."
အိုက်လျန်က ခေါင်းညိတ်၍ တုံပြန်လိုက်သည်။
"ဒါဆိုရင် လုံလောက်တာထက်ပိုပါတယ်…"
ထို့နောက် သူက မတ်တပ်ရပ်လိုက်ပြီး ထွက်ခွာသွားလိုက်၏။ သူက ခြေလှမ်းအနည်းငယ် လျှောက်သွားပြီးနောက် ပြန်လှည့်ပြီး ပြောလိုက်သည်။
"ချန်းပင်အန်း ငါ့ရဲ့အစာခြောက်တွေ ကုန်သွားပြီ…"
ထို့နောက် သူက လီပေါင်ဖျင်နှင့် ကျူးလု တို့ဆီသို့ လျင်မြန်စွာ လျှောက်သွားပြီး အော်ပြောလိုက်သည်။
"ငါတို့ စားလို့ရပြီးလား။ ငါ ဗိုက်ဆာနေပြီ…"
ချန်းပင်အန်းကတော့ နေရာတွင် တွေဝေငေးငိုင်စွာ ထိုင်နေမိခဲ့သည်။ အိုက်လျန် ချန်းပင်အန်းကို ပြောခဲ့သော အရာအားလုံးက အရှက်မရှိ စားစရာတောင်းဆိုခြင်း ဖြစ်မည်ဟု ထင်မှတ်စရာ ရှိသည်။ ချန်းပင်အန်း၏ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခုပေါ်လာပြီး တခြားသူများဆီသို့ ပြန်လျှောက်သွားခဲ့၏။
တစ်နေ့တွင် မှောင်ရီပျိုးစအချိန်၌ ချန်းပင်အန်းတို့အဖွဲ့က စိမ်းလန်းစိုပြေသော ဝါးတောကြီးတစ်ခုကို ဖြတ်သွားခဲ့ရသည်။
လီပေါင်ဖျင်က ချန်းပင်အန်း၏ အင်္ကျီလက်ကိုဆွဲပြီး ဝါးတောကို လက်ညှိုးထိုး၍ ပြောလိုက်၏။
"ဒီဝါးတောကိုကြည့်လိုက် ဦးလေးငယ်…။ တော်တော်လှတယ်မဟုတ်လား…"
ချန်းပင်အန်းကတော့ ရှေ့တွင် သွားလာရမည့် ခရီးလမ်းကိုသာ အာရုံစိုက်နေမိသည့်အတွက် ခေါင်းညိတ်တုံ့ပြန်၍ ဆက်ထွက်လာခဲ့သည်။ သူတို့က တာ့လီအင်ပါယာ၏ တရားဝင်လမ်းမကြီးကို ရောက်တော့မည် ဖြစ်သည့်အတွက် အနည်းငယ် ရှုပ်ထွေးနေခြင်း ဖြစ်သည်။ ထိုအရာကိုတော့ အိုက်လျန်က ပင်မလမ်းမကြီးဟု ပြောခဲ့၏။
လီပေါင်ဖျင်က တိတ်ဆိတ်သွားခဲ့ပြီး နောက်ကျောတွင် လွယ်ထားသော ဝါးခြင်းတောင်းကို သေချာပြင်ဆင်လိုက်သည်။ သူမက ချန်းပင်အန်း၏နောက်မှ ဆက်၍ လိုက်လာခဲ့၏။
ညအချိန်တွင် ကျူးလု တည်ဆောက်ပေးခဲ့သော တဲငယ်လေးထဲ၌ အိပ်နေသည့် အချိန်တွင် လီပေါင်ဖျင်က ချန်းပင်အန်း၏ တုံ့ပြန်မှုကြောင့် အနည်းငယ် စိတ်ပျက်လက်ပျက် ခံစားနေမိခဲ့၏။ ချန်းပင်အန်းက အလွန်ကောင်းသည်ဟုသာ သူမက ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်နေရသည်။ ခေါင်းထဲတွင် ထိုအတွေးမျိုးနှင့် သူမက တဖြည်းဖြည်း အိပ်ပျော်သွားခဲ့သည်။
မနက်နိုးလာသည့်အချိန်တွင် သူမက ပင်ပန်းနွမ်းနယ်နေပြီး နီရဲနေသော မျက်လုံးများနှင့် နိုးထလာခဲ့၏။ သို့သော် သူမကြောင့် ခရီးစဉ်နှောင့်နှေးမှာ စိုးသည့်အတွက် ဆက်မအိပ်ရဲတော့ပေ။ သူမက လျင်မြန်စွာ အဝတ်လဲလိုက်ပြီး ချန်းပင်အန်း ရက်ပေးထားသော မြက်ဖိနပ်လေးကို စီးလိုက်၏။
သူမ တဲထဲမှ ထွက်လာသည့်အချိန်တွင် တစ်နေရာကို စိုက်ကြည့်လိုက်မိသည်။ တဲ၏ အပြင်ဘက်တွင်တော့ အလွန်လှပသော အစိမ်းရောင် စာအုပ်သေတ္တာလေးကို တွေ့လိုက်ရသည်။ လီပေါင်ဖျင်က ထိုနေရာတွင် အချိန်တော်တော်ကြာ ရပ်နေမိခဲ့၏။ သူမ၏ မျက်လုံးများထဲမှ မျက်ရည်စများလည်း ကျဆင်းလာခဲ့သည်။
ချန်းပင်အန်းက တစ်ညလုံး စာအုပ်သေတ္တာလေးကို လုပ်ဆောင်ပေးခဲ့၏။ သူက အဝေးတွင် အိပ်နေသည့်အချိန် လီပေါင်ဖျင်၏ ငိုသံကြောင့် နိုးလာခဲ့ခြင်း ဖြစ်သည်။ သူက ချက်ချင်းပင် အလျင်အမြန် မတ်တပ်ရပ်ပြီး သူမဆီသို့ ပြေးလာခဲ့၏။ သူက ဘာလုပ်ရမှန်းမသိ ဖြစ်နေခဲ့သည်။ သူမကို မည်သို့ နှစ်သိမ့်ရမှန်းလည်း မသိခဲ့သည့်အတွက် ခေါင်းကုတ်ပြီး မျက်မှောင်ကြုတ်နေမိ၏။
လီပေါင်ဖျင်က စာအုပ်သေတ္တာကိုမြင်သွားလျှင် အလွန်ဝမ်းသာသွားမည်ဟု သူက တွေးခဲ့မိသည်။ သူမက ထိုကဲ့သို့ ငိုကြွေးနေသည်ကို သိလိုက်ရသည့်အခါ သူ့ရင်ထဲတွင် နာကျင်သွားသလို ခံစားလိုက်ရသည်။
လီပေါင်ဖျင်က မျက်ရည်များနှင့် ဆက်မငိုတော့ပေ။ သူမက မျက်လုံးဖွင့်ကြည့်လိုက်ရာ ချန်းပင်အန်းကို မြင်လိုက်ရ၏။ သူမက သူ့ဆီသို့ ပြေးသွားခဲ့ပြီး တင်းတင်းကျပ်ကျပ် ဖက်ထားလိုက်သည်။
"ကျွန်မတောင်းပန်ပါတယ် ဦးလေးငယ်။ ဘာမှမဖြစ်ပါဘူး အဆင်ပြေပါတယ်…"
ချန်းပင်အန်းက သူမ၏ခေါင်းကို ညင်သာစွာ ပုတ်ပြီး နှစ်သိမ့်လိုက်သည်။ သို့သော် လီပေါင်ဖျင်ကတော့ နှလုံးကွဲကြေသွားသည့်အလား ဆက်လက်ငိုကြွေးနေခဲ့၏။
"နင်က စာအုပ်သေတ္တာလေးကို မကြိုက်ဘူးလား။ ဒါက မလှလို့လား…"
ချန်းပင်အန်းက သိမ်မွေ့စွာ မေးလိုက်သည်။
"ဒါဆိုလည်း အဆင်ပြေပါတယ်။ ငါက နောက်တစ်ကြိမ်ကျ ပြင်ပေးမယ်လေ။ ငါက စာအုပ်သေတ္တာကို တစ်ကြိမ်ပဲ မြင်ခဲ့ဖူးတယ်။ ဒါကြောင့် အဲဒီအရာကိုပဲ အတုယူခဲ့ရတာ...။ ငါတို့က လူတွေအများကြီးနဲ့ တွေ့တဲ့အချိန်ကျရင် သဘောကျတဲ့ စာအုပ်သေတ္တာကို မှတ်ထားပြီး ငါ့ကိုပြောပြပေါ့…"
လီပေါင်ဖျင်က ခေါင်းမော့လာပြီး မျက်နှာပေါ်တွင် မျက်ရည်များ ပြည့်နှက်နေခဲ့သည်။
"ကျွန်မ သဘောကျတယ်။ ကျွန်မက အရာအားလုံးထက် ပိုပြီးသဘောကျတယ်…"
သို့သော် သူမက စာအုပ်သေတ္တာလေးကို ပိုပြီးသဘောကျလေလေ ချန်းပင်အန်းအပေါ် ပို၍အပြစ်ရှိသလို ခံစားရလေလေ ဖြစ်သည်။ ထိုအချိန်တွင် သူမ၏မသိစိတ်က သူမကို ဖိအားပေးနေခဲ့၏။ သူမက မြေပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး ချန်းပင်အန်းကို မကြည့်ရဲပဲ ငိုနေမိခဲ့သည်။
အိုက်လျန် အစောပိုင်းတွင် ပြောခဲ့သော စကားများကို စဉ်းစားမိသည့်အခါ လီပေါင်ဖျင်က ဘာကြောင့် အလွန်စိတ်ပျက်နေကြောင်း ချန်းပင်အန်းက နားလည်သွားခဲ့၏။
ထိုအရာကို တွေးမိလိုက်သည့်အတွက် သူလည်း လီပေါင်ဖျင်၏ အနားတွင် ထိုင်ချလိုက်ပြီး သူမ၏ခေါင်းပုတ်၍ ညင်သာစွာ ပြောလိုက်၏။
"လီပေါင်ဖျင် …
ငါက နင်နဲ့အတူ ချောက်ကမ်းပါးကျောင်းတော်ကို သွားရတာ တော်တော်လေး ပျော်ပါတယ်။ အရင်ကတော့ ငါ နင့်ကို ဒီကိစ္စတွေ မပြောခဲ့ဘူး။ ဒါကြောင့် အခုပြောပြတာ...။ တကယ်လို့ နင်က ဒီလိုတန်ဖိုးမရှိတဲ့ ဝါးသေတ္တာငယ်လေးကို သဘောကျတယ်ဆိုရင် ငါက ပိုပြီးတော့တောင် ပျော်တာပေါ့။ ငါက တကယ်ပြောတာပါ။ လိမ်ပြောနေတာ မဟုတ်ဘူး…"
လီပေါင်ဖျင်က ဖြည်းညင်းစွာ ခေါင်းမော့လာခဲ့သည်။ သို့သော် သူမက မျက်နှာကို လက်(၂) ဖက်နှင့် အုပ်ထားသေး၏။ သူမက လက်ချောင်းလေးများကြားထဲမှ သူ့ကို စိုက်ကြည့်နေခဲ့သည်။ အလွန်တောက်ပသော သူမ၏မျက်လုံးလေးများကလည်း နီရဲနေပြီး ကလေးဆန်သောအသံနှင့် ပြောလိုက်၏။
"ဦးလေးငယ် ကျွန်မကို မလိမ်ဘူးဆိုတာ သေချာလို့လား…"
ချန်းပင်အန်းက သူမကို ပြန်လှည့်ကြည့်လိုက်ပြီး ခေါင်းညိတ်ပြလိုက်သည်။
"ငါက တခြားသူတွေကို လိမ်ချင်လိမ်မယ်။ ဒါပေမယ့် နင့်ကို လုံးဝမလိမ်ဘူး…"
လီပေါင်ဖျင်က မျက်နှာပေါ်မှ လက် (၂) ဖက်ကို လျင်မြန်စွာ ဖယ်ရှားလိုက်ပြီး လှပစွာ ပြုံးလိုက်မိသည်။ တခဏတွင် သူမက ချန်းပင်အန်း မှတ်မိနေသော ကလေးမလေးအဖြစ် ပြောင်းလဲသွားသလို ခံစားရလိုက်၏။ သူမက ဤကမ္ဘာကြီးထဲတွင် အပူအပင်မရှိဘဲ အပြစ်ကင်းစင်သော ကလေးမလေး ဖြစ်သည်။
ထိုအရာကို မြင်သည့်အခါ ချန်းပင်အန်းလည်း အလွန်ဝမ်းသာသွားခဲ့၏။ သူ့အပြုံးကလည်း အလွန်တောက်ပနေခဲ့သည်။ လူတချို့၏ နှလုံးသားက ပန်းပွင့်လေးများ၊ သစ်ပင်များကဲ့သို့ ထင်ရပြီး သူတို့က အလင်းရောင်ကို အမြဲတမ်း ရှာဖွေနေတတ်သည်။ ထိုအရာက ချန်းပင်အန်းနှင့် လီပေါင်ဖျင်တို့အတွက်တော့ အမှန်တရားသာ ဖြစ်ပေ၏။
Translated by Hein Htet.