အခန်း (၉၄)
Vol. 7 Ch. 94
ပေ (၂၀၀)ပင် မရှိသော တောင်ကုန်းငယ်လေးတစ်ခုပေါ်တွင် လူတစ်ဒါဇင်ခန့် ရပ်နေကြ၏။ သူတို့အားလုံးက မတူညီသော ဝတ်စုံများ ဝတ်ဆင်ထားကြသော်လည်း သူတို့၏မျက်နှာနှင့် မျက်လုံးပေါ်ရှိ အမူအရာများကတော့ တထပ်တည်းနီးပါး ဖြစ်နေခဲ့သည်။
လူသန်ကြီးက ဒူးတစ်ဖက်ထောက်၍ တောင့်တင်းနေသော အလောင်းများကို ဂရုတစိုက် စစ်ဆေးနေခဲ့သည်။ သူက အလောင်းတစ်ခု၏ မျက်ခွံကို လှန်ကြည့်လိုက်ရာ မျက်ဆံက အက်ကွဲနေသော ကြွေထည်တစ်ခုကဲ့သို့ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။
ချည်ထည်ဝတ်စုံ ဝတ်ဆင်ထားသော အရပ်ပုပု အမျိုးသမီးက တောင်ထိပ်ပေါ်ကိုဖြည်းညင်းစွာ လျှောက်လာခဲ့၏။ သူမ၏နောက်မှနေ၍ ယန်ဟွာနှင့် ရှုဟွင်းရန်တို့ လိုက်လာခဲ့ကြသည်။
သူမကတော့ ထိုအလောင်းနှစ်ခုအနားကို ကပ်လာခြင်းမရှိဘဲ နှာခေါင်းရှုံ့၍ မေးလိုက်၏။
“ဒီနေရာမှာ ဘာတွေဖြစ်နေတာလဲ ဝမ်ယိဖူ…”
ဝမ်ယိဖူက သက်ပြင်းချပြီး ပြောလိုက်သည်။
“သူတို့နှစ်ယောက်လုံးက ဓားမောက်သုံးတဲ့ ပညာရှင်တစ်ယောက်ရဲ့ သိုင်းကွက်(၁)ကွက်တည်းနဲ့ အသတ်ခံလိုက်ရတာ။ သူတို့ရဲ့ခန္ဓာကိုယ်က လုံးဝထိခိုက်သွားတာမျိုး မရှိဘူး။ ဒါပေမဲ့ သွေးကြောတွေ အားလုံး ပျက်စီးသွားပြီး ကိုယ်တွင်းအင်္ဂါတွေအားလုံးက လုံးဝပုတ်သိုးသွားတယ်…”
အမျိုးသမီးက အတော်လေးကို မျက်နှာပျက်သွားပုံရ၏။
“ငါတို့ တာ့လီအင်ပါယာမှာ အရမ်းထူးချွန်တဲ့ ဒီလိုသိုင်းပညာရှင်(၂)ယောက်ကတောင် သတိမထားမိဘဲ တိုက်ခိုက်ခံရတာ ဘယ်လိုများ ဖြစ်နိုင်မှာလဲ။ စုန့်ချန်ကျင့်က နယ်စပ်ကို စောင့်ကြည့်ဖို့အတွက် တာဝန်ရှိတယ်။ သူမသိဘဲ ဘယ်အရာမှ ဝင်မလာနိုင်ဘူး။ ဘာလို့ သူက ဒီတစ်ကြိမ် ဒီလိုအရာမျိုးကို မစစ်ဆေးနိုင်ခဲ့ရတာလဲ။ သူက တရားခံတွေကို တမင်သက်သက် လွှတ်ပေးလိုက်တာများလား…”
ဝမ်ယိဖူက ခဏကြာစဉ်းစားနေပြီး ထပ်ပြောလိုက်သည်။
“မိဖုရားကြီး …
ကျွန်တော်ထင်တာ မမှားရင်တော့ တရားခံက တစ်ယောက်တည်းပဲ ဖြစ်လိမ့်မယ်…”
ထိုစကားကိုကြားသည့်အခါ အမျိုးသမီးက အနည်းငယ်မျက်မှောင်ကြုတ်လိုက်မိသည်။
“ဒါက ဘယ်လိုပြောတာလဲ….”
ဝမ်ယိဖူက ခန္ဓာကိုယ်(၂)ခု၏လည်ပင်းကို လက်ညှိုးထိုးပြလိုက်ရာ ထိုခန္ဓာကိုယ်တစ်ခုချင်းဆီတိုင်းတွင် အနီရောင်မျဉ်းကြောင်းတစ်ခုဆီကို မြင်နေရသည်။
“ဒီမျဉ်းကြောင်းလေးက သေဆုံးသွားတဲ့လူ(၂)ယောက်ရဲ့လည်ပင်းကို ဆက်တိုက် ဖြတ်သွားခဲ့တာ။ ဒါကြောင့် သူတို့နှစ်ယောက်လုံးကို ခုတ်ချက်တစ်ခုတည်းနဲ့ ရှင်းပစ်လိုက်တယ်ဆိုတာ ရှင်းနေတယ်…”
အမျိုးသမီးက ပင့်သက်ရှိုက်လိုက်မိပြီး သူမ၏ဒေါသများ၊ သတ်ဖြတ်ချင်စိတ်များကို ဖိနှိပ်ရန် ကြိုးစားလိုက်သည်။
“ဒါဆိုရင် ဘယ်အချိန်တုန်းကများ ဖုန်းရွှယ်ကျောင်းဆောင်က ပြိုင်ဘက်ကင်းဂိုဏ်းတစ်ခု ဖြစ်သွားရတာလဲ။ ဖုန်းရွှယ်ကျောင်းဆောင်က သာမန်သိုင်းပညာရှင် တစ်ယောက်ကတောင် သူတို့နှစ်ယောက်ကို ကြက်ကလေး ငှက်ကလေးသတ်သလို အလွယ်တကူ သတ်ပစ်နိုင်တယ်လို့ ပြောနေတာပဲ။ သူတို့နှစ်ယောက်က ဘယ်သူလဲဆိုတာသိလား ဝမ်ယိဖူ။ ရှုဟွင်းရန်… စစ်သူကြီးဝမ်ကို သူတို့အကြောင်း သေချာပြောပြလိုက်ပါဦး…”
ရှုဟွင်းရန်၏မျက်နှာပေါ်တွင် အိုးတိုးအန်းတမ်း အမူအရာတစ်ခု ပေါ်လာခဲ့သော်လည်း သူကတော့ ရွေးချယ်စရာမရှိသည့်အတွက် ပြောသည့်အတိုင်း လုပ်ရမည်ဖြစ်သည်။ သူက ရှင်းပြလိုက်၏။
“သိုင်းပညာရှင်ကတော့ မကြာသေးခင်ကမှ အဆင့်(၇)ကို ရောက်လာပြီး လက်သီးသိုင်းပညာနဲ့ အနီးကပ်တိုက်ခိုက်မှုကို ကျွမ်းကျင်တယ်။ တခြားတစ်ယောက်ကတော့ အဆင့်(၈) ကျင့်ကြံသူတစ်ယောက်ဖြစ်သလို ဓားပျံနဲ့ တာအိုအဆောင်ပညာရပ်တွေကို အထူးကျွမ်းကျင်တယ်…”
“လွန်ခဲ့တဲ့ ဆယ်စုနှစ်(၂)ခုအတွင်း သူတို့နှစ်ယောက်လုံးက လုပ်ကြံမှု(၆)ခု အတူတူ လုပ်ဆောင်ခဲ့ကြတယ်။ တစ်ကြိမ်မှ ကျရှုံးတာမျိုး မရှိဘူး။ အဲဒီအပြင် သူတို့နှစ်ယောက်လုံးက မိဖုရားကြီးရဲ့ဝါးသစ်ရွက်စံအိမ် လက်အောက်မှာ ထိပ်တန်းအဆင့် ပညာရှင်တွေပဲ…”
အမျိုးသမီးက ဒေါသထွက်နေသော်လည်း တချိန်လုံး သူမ၏ဒေါသကို ဖိနှိပ်နေနိုင်သည်။ သူမက ဒေါသကို ရှုဟွင်းရန်အပေါ် ပုံချရန် ဆုံးဖြတ်လိုက်ပြီးနောက် အော်ပြောလိုက်၏။
“ရှုဟွင်းရန် …
သူတို့ရဲ့နာမည်တွေကိုပါ ပြောပြလိုက်။ သေသွားတဲ့သူတွေမှာလည်း နာမည်ရှိတာပဲ…”
ရှုဟွင်းရန်က မျက်နှာပျက်ပျက်နှင့် ခေါင်းငုံ့ပြီး ပြောလိုက်သည်။
“သိုင်းပညာရှင်ရဲ့နာမည်က လီဟိုလို့ခေါ်တယ်။ ကျင့်ကြံသူရဲ့နာမည်ကတော့ ဟူရင်လင်။ သူတို့နှစ်ယောက်လုံးက ဖိဖုရားကြီးရဲ့လက်အောက်မှာ တာဝန်ထမ်းဆောင်ပြီး ငါတို့ တာ့လီအင်ပါယာအတွက် ထူးထူးခြားခြားကို အကျိုးဆောင်ပေးခဲ့တယ်…”
နောက်ဆုံးတွင်တော့ အမျိုးသမီး၏ အမူအရာက အနည်းငယ် ပြေလျော့သွားခဲ့သည်။ ထို့နောက် သူမ၏မျက်နှာပေါ်တွင် ရှုံးနိမ့်သွားသော အမူအရာတစ်ခု ပေါ်လာပြီး သက်ပြင်းချလိုက်မိ၏။
“ဟုတ်တယ်။ သူတို့ရဲ့နာမည်တွေက လီဟိုနဲ့ ဟူရင်လင်တို့ပဲ။ သူတို့တွေက မင်းတို့ လုအင်ပါယာ နယ်စပ်ကို စောင့်ကြပ်နေတဲ့ စစ်သူကြီးယဲ့ချင်ကို သတ်လိုက်တဲ့လူတွေပဲ။ သူတို့က ငါတို့ တာ့လီအင်ပါယာထဲမှာ သေဆုံးသွားတယ်ဆိုတော့ တိုက်ပွဲထဲမှာ သေဆုံးသွားတာမျိုး ဒါမှမဟုတ် ရန်သူတိုင်းပြည်ထဲမှာ သေဆုံးသွားသလိုမျိုး မဟုတ်တော့ဘူး…”
သူမက ဝမ်ယိဖူ၏ရှေ့တွင် အရူးတစ်ယောက်ကဲ့သို့ လုပ်ဆောင်မိနေကြောင်း နားလည်သွားခဲ့သည်။ ထို့ကြောင့် သူမက ပြန်လည်ထိန်းချုပ်ပြီး ပြောလိုက်၏။
“စဉ်းစားကြည့်လိုက်မယ်ဆိုရင် ယဲ့ချင်ကို လုပ်ကြံသတ်ဖြတ်မှုက တော်တော်လေးကို ရှုပ်ထွေးတယ်။ အစတုန်းကတော့ ယဲ့ချင်လို အရေးပါတဲ့လူတစ်ယောက်ဆီမှာ အမှောင်ထဲကနေ ကာကွယ်ပေးနေတဲ့ အစွမ်းထက်ကျင့်ကြံသူတွေ အများကြီးရှိနေမယ်လို့ ငါတို့က တွေးထားခဲ့တာ။ ဒါကြောင့် သူ့ကို ရှင်းပစ်ဖို့အတွက် ငါလည်း ငါ့ဦးလေးနဲ့ ပူးပေါင်းခဲ့ရတယ်…”
“အံ့ဩခဲ့ရတာကတော့ ဖြစ်စဉ်တစ်ခုလုံးက အရမ်းကို ရိုးရှင်းနေတာပဲ။ သူတို့က နယ်စပ်ကို ခိုးဝင်ပြီး ယဲ့ချင်ရဲ့စခန်းထဲကို ဝင်သွားတယ်။ ပြီးတော့ သူ့ကိုသတ်ပြီး ထွက်ပြေးလာခဲ့တယ်။ လုတိုင်းပြည်ကတော့ လုံးဝတုံ့ပြန်မှုမရှိခဲ့ဘူး။ ယဲ့ချင်က နယ်စပ်မှာ အင်မော်တယ်ဂိုဏ်းတွေ အများကြီးနဲ့ ရန်သူဖြစ်နေတယ်လို့ ငါတို့ကြားတယ်။ ဒါပေမဲ့ နန်းတွင်းက သူ့ကိုမဖမ်းဘူးဆိုတာ သေချာနေတယ်လေ။ မင်းတို့ လုအင်ပါယာဘုရင်က အင်မော်တယ်တွေကို အထင်ကြီးတယ် မဟုတ်လား။ ဘာလို့ အဆုံးမှာတော့ အင်မော်တယ်ဂိုဏ်းတစ်ခုတည်းကပဲ မင်းတို့ လုအင်ပါယာနဲ့အတူ တိုက်ခိုက်ပေးခဲ့ရတာလဲ…”
ရင်ထဲတွင် ရှိနေသော အရာအားလုံးကို ဖွင့်ထုတ်လိုက်ပြီးနောက် အမျိုးသမီး၏ ခံစားချက်များက ပိုကောင်းလာပုံရသည်။ သူမက ခေါင်းထဲတွင် မည်သည့်အရာမျှခံစားမိပုံမရတော့ပေ။ သူမ၏မျက်လုံးထဲတွင်တော့ တစုံတစ်ယောက်က ကျိန်ဆဲလိုက်မည်ဆိုလျှင်ပင် သူမအတွက်တော့ ပို၍ကောင်းမွန်သော ချီးကျူးမှုတစ်ခု ဖြစ်နိုင်သည်။
ထို့ကြောင့်လည်း သူမက သူမ၏ကလေးတစ်ယောက်ကို ချီကျင့်ချွန်အစား ချွေးချန်း၏လက်ထဲသို့ ယုံယုံကြည်ကြည် အပ်နှံထားခဲ့ခြင်းဖြစ်သည်။ အနည်းဆုံးတော့ ချွေးချန်း၏လက်အောက်တွင် သူမ၏ကလေးက အမြဲတမ်း မိဘဆီကို ငိုယိုပြေးလာသော ငကြောက်လေးတစ်ကောင်ကဲ့သို့ ကြီးပြင်းလာမည် မဟုတ်ချေ။
ထိုစကားကို ကြားသည့်အခါ ဝမ်ယိဖူ၏မျက်လုံးထဲတွင် စိတ်ပျက်သွားသော အမူအရာတစ်ခု ပေါ်လာခဲ့၏။ စစ်သူကြီးယဲ့ချင်က သူတို့တိုင်းပြည်၏ ထောက်တိုင်ကြီးတစ်ခုဖြစ်ပြီး တိုင်းပြည်အပေါ် အလွန်သစ္စာရှိသည်။
သူက လုတိုင်းပြည်နယ်စပ်ကို နှစ်ပေါင်း(၃၀)တိတိ ကာကွယ်စောင့်ရှောက်ပေးထားခဲ့ပြီး တာ့လီအင်ပါယာ၏တိုက်ခိုက်မှုကြီး(၃)ခုကိုပင် ခုခံပေးနိုင်ခဲ့သည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာတုန်းက တိုက်ပွဲတစ်ခုတွင် စုန့်ချန်ကျင့်ကပင် တိုက်ပွဲထဲ၌ သေလုမျောပါးဖြစ်ခဲ့ပြီး သူက ယဲ့ချင်ကို ခေါင်းမာသောအဘိုးကြီးဟု အကြိမ်ပေါင်းများစွာ ကျိန်ဆဲခဲ့၏။
သို့သော် သူသေသွားသည့်အချိန်တွင်တော့ သူ့ကို ဘွဲ့ထူးဂုဏ်ထူးများပေးရန် လွှတ်တော်ထဲ၌ (၁၀)ရက်တိတိ အသည်းအသန် ဆွေးနွေးခဲ့သော်လည်း သူ့ဂုဏ်ပုဒ်နှင့် မကိုက်ညီသော ဘွဲ့တစ်ခုကိုသာ ပေးအပ်ခဲ့သည်။ ရလဒ်အနေနှင့် နယ်စပ်တွင် အစွမ်းထက်သောရဲမက် (၆)သောင်းခန့်က ဘုရင်အပေါ် ယုံကြည်မှု ကင်းမဲ့သွားပြီး တစ်စစီပျက်စီးသွားခဲ့ရသည်။
အဆုံးတွင်တော့ စုန့်ချန်ကျင့်က သူ့တပ်ဖွဲ့နှင့်အတူ လုတိုင်းပြည်၏ နယ်စပ်ကို ကျူးကျော်နိုင်ခဲ့သည်။ သူက လုတိုင်းပြည်၏ ပိုင်နက်ထဲသို့ ဝင်ရောက်လာပြီးနောက် ပထမဆုံး လုပ်ခဲ့သည့်အရာကတော့ ယဲ့ချင်၏ အုတ်ဂူဆီကိုသွားပြီး အရက်နှင့် အမွှေးတိုင်များ သွားရောက် ထွန်းညှိခြင်းဖြစ်သည်။
ထိုအဖြစ်အပျက်ကိုကြားသည့်အခါ တာ့လီအထွေထွေရေးရာဌာနက ထိုအပြုအမူကို စွတ်ဆွဲပြောဆိုခဲ့သည်။ သို့သော် စုန့်ချန်ကျင့်ကတော့ ဘုရင်ကြီးကို အောက်မေ့ဖွယ်အရာတစ်ခု လုပ်ဆောင်ခဲ့သည်ဟုသာ ပြောခဲ့၏။
သူက စကားတစ်ခွန်းတည်းသာ ပြန်ပြောခဲ့သည်။
“ငါတို့တာ့လီအင်ပါယာရဲ့အပြင်ဘက်မှာလည်း သူရဲကောင်းတွေရှိတယ်…”
ထိုစကားကို ကြားသည့်အခါ တာ့လီရှင်ဘုရင်က အားရပါးရ ရယ်ခဲ့မိ၏။ ထို့နောက် သူ့အနားတွင် ရှိနေသော မိန်းမစိုးကို သေချာပြောလိုက်သည်။ ထိုအရာက စုန့်ချန်ကျင့်၏ ရင်ထဲမှ လာသော စကားလုံးများဖြစ်ပြီး ထိုအရာကို သူ့အတွက် တစုံတစ်ယောက်က သေချာပေါက် ရေးထားခြင်းဖြစ်မည်ဟု ပြောခဲ့သည်။
အမျိုးသမီးက တချိန်လုံး ဝမ်ယိဖူ၏ အမူအရာပြောင်းလဲမှုကို သေချာစိုက်ကြည့်နေခဲ့၏။ သူက သူမကို သစ္စာဖောက်မည် မဟုတ်ကြောင်း သေချာနေသေးသော်လည်း မျက်လုံးထဲတွင်တော့ စိတ်ဓာတ်ကျမှုများကို မြင်နေရသေးသည်။
အကယ်၍ သူ့ဆီ၌ သာမန်ခံစားချက်များမရှိလျှင်ပင် သူ၏ ခံစားချက်များကို ဖုံးကွယ်ထားကြောင်း ပြသနေပါလိမ့်မည်။ လက်ရှိတွင်အချိန်တွင် သူ့အတွက် တစ်ခုတည်းသော ဦးတည်ချက်ကတော့ လုတိုင်းပြည်ကို ပြန်လည်ထူထောင်ရန်သာ ဖြစ်၏။ တကယ်၍ ထိုသို့ဆိုလျှင်လည်း သူက သေရန် ဆန္ဒရှိနေသလို ဖြစ်နေပါလိမ့်မည်။
ဝမ်ယိဖူက ဘဝတလျှောက်လုံး တိုက်ခိုက်ရန်သာသိသော သိုင်းပညာရှင် တစ်ယောက်ဖြစ်သည်။ ထို့ကြောင့် သူ၏စိတ်ပိုင်းဆိုင်ရာနှင့် ခန္ဓာကိုယ်အခြေအနေက ယခုလိုလုပ်ရပ်မျိုးအပေါ် လှုပ်ရှားသွားမည်ဆိုလျှင် အတော်လေး ပြောင်းလဲသွားပါလိမ့်မည်။ သို့သော် အကယ်၍ သူက ဟန်ဆောင်နေသည်ဆိုလျှင်ပင် သူမကတော့ ကြောက်လန့်နေခြင်းမရှိပေ။
ရှုဟွင်းရန်၏ မျက်နှာပေါ်တွင် ရှုပ်ထွေးနေသော အမူအရာတစ်ခုပေါ်လာခဲ့၏။
“မိဖုရားကြီးက လုံချွမ်တိုင်းပြည် နယ်မြေအတောအတွင်း မတိုက်ခိုက်ဘူးလို့ ဆရာရွမ်ကို ကတိပေးပြီးသွားပြီ။ ကျွန်တော်တို့က လီဟိုနဲ့ဟူရင်လင်တို့ကိုလည်းသတိထားပြီး ဆောင်ရွက်ဖို့ သတင်းပို့ပြီးသွားပြီ။ သူတို့က တာ့လီအင်ပါယာရဲ့ နယ်စပ်ကို မရောက်မချင်း လှုပ်ရှားမှာ မဟုတ်ဘူး။ ဆရာရွမ်က မိဖုရားကြီးကို ဒီလိုမျိုး ဆန့်ကျင်စရာမရှိတဲ့အတွက် ဖုန်းရွှယ်ကျောင်းဆောင်က ပညာရှင်ကလည်း ဆရာရွမ်နဲ့ မိဖုရားကြီးတို့ရဲ့ဆန္ဒကို ဖယ်ရှားဖို့ မဖြစ်နိုင်သလောက်ပဲ…”
“ငါတို့က တရားခံကို ဖော်ထုတ်လို့ မရနိုင်သေးဘူးလား…”
ဝမ်ယိဖူက မေးလိုက်သည်။
ယန်ဟွာက ခေါင်းခါပြလိုက်၏။
“အခုထိ မသိရသေးဘူး။ ငါတို့က ဆရာရွမ်နဲ့ ဖုန်းရွှယ်ကျောင်းဆောင်ကို သွားမေးလို့လည်းမရဘူး။ ဒီတော့ ငါတို့က တာ့လီအင်ပါယာရဲ့ သတင်းကွန်ယက်ကို အားကိုးလို့ပဲ ရတော့မယ်။ မိဖုရားကြီးက နယ်စပ်မှာရှိတဲ့ သတင်းအချက်အလက်တွေနဲ့ ပတ်သက်ပြီး နေရာကောင်းမရထားတော့ ကံဆိုးသွားတယ်..”
ယန်ဟွာ၏အသံက ထိုနေရာတွင် တိုးသွားခဲ့ပြီ သူမက ထိုကိစ္စကို ဆက်မပြောခဲ့ပေ။ တာ့လီအင်ပါယာနန်းတွင်း၏ ထိပ်ဆုံးတွင် ရှိနေသော လျှို့ဝှက်အားပြိုင်မှုများက အတော်လေး စိုးရိမ်စရာ ကောင်းသည်။
“လီကလန်က အစေခံကျူးဟယ်က တချိန်လုံး သူ့ရဲ့အစွမ်းတွေကို ဖုံးကွယ်ထားတာများ ဖြစ်နိုင်မလား…”
ဝမ်ယိဖူက စဉ်းစားကြည့်လိုက်သည်။
“သူ့ကို ထည့်ပြီး စဉ်းစားဖို့တောင် မလိုပါဘူး။ သူက အဆင့်(၅) သိုင်းပညာရှင် တစ်ယောက်ပဲ…”
အမျိုးသမီးက အပြစ်တင်ပြောလိုက်၏။
“ပြီးတော့ လီကလန်က ဒီကိစ္စကို သေချာပေါက် ဝင်ရှုပ်ရဲမှာ မဟုတ်ဘူး…”
“ဒီလိုဆိုရင်တော့ ကျွန်တော်တို့က တော်တော်လေးကို ခက်ခဲတဲ့ အခြေအနေ ရောက်နေပြီ…”
ရှုဟွင်းရန်က သက်ပြင်းချလိုက်မိသည်။
“ခက်ခဲတာလား... မဟုတ်သေးပါဘူး။ ငါက မြို့တော်ကို အခုချက်ချင်းပြန်ပြီး ဘုရင်ကြီးကို ပြောရမယ်…”
အမျိုးသမီးက ကြေညာလိုက်သည်။
ထိုသို့လျှင် တရားခံက တာ့လီအင်ပါယာ၏ စည်းမျဉ်းများကို အရင်ဆုံး ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။ ထို့ကြောင့် ဘုရင်ကြီးက သူမ၏ကိုယ်စား သေချာပေါက် ရပ်တည်ပေးလိမ့်မည်ဖြစ်၏။
………
ယခု လီပေါင်ဖျင်ဆီတွင် စာအုပ်သေတ္တာအသစ်တစ်ခု ရသွားပြီ ဖြစ်သည့်အတွက် သူမက ခြင်းတောင်းထဲတွင် ရှိနေသော အရာအားလုံးကိုအိမ်အသစ်ထဲသို့ ပြောင်းထည့်နေခဲ့သည်။
ထိုအခွင့်အရေးကို အရယူပြီး ချန်းပင်အန်းနှင့် လီပေါင်ဖျင်တို့က လီဟွိုင်နှင့် တခြားသူများ၏အဝေးကို ရွေးချယ်နေခဲ့၏။ သူတို့က မည်သည့်အရာမျှ ပျောက်ဆုံးပျက်စီးခြင်း မရှိစေရန် သေချာစစ်ဆေးကြည့်နေခဲ့သည်။
ချန်းပင်အန်းကလည်း သူ့နောက်ကျောတွင် ရှိနေသော ခြင်းတောင်းကို ဖယ်ရှားလိုက်ပြီး သစ်ခါးပင်သစ်သားနှင့် ဖန်တီးထားသော ဓားအိုကြီးက ဆရာချီ သူ့ကိုပေးခဲ့ခြင်း ဖြစ်မည်ဟု ယူဆမိခဲ့သည်။ ဆရာချီက ချန်းပင်အန်း၏ခေါင်းတွင် ထိုးထားသော ကျောက်စိမ်းဆံထိုးအတွက် တာဝန်ရှိသည်ဟု ချန်းပင်အန်းနှင့် လီပေါင်ဖျင်တို့နှစ်ယောက်လုံးက သံသယဝင်နေမိသည့်အတွက် ထိုသစ်သားဓားကလည်း သူ ပေးခြင်းသာ ဖြစ်နိုင်ခြေများသည်။
နေ့အချိန်အတွင်း ချန်းပင်အန်းက သစ်သားဓားကို ခြင်းတောင်းထဲတွင်သာ ထည့်ထားပြီးညဉ့်နက်သွားပြီး မည်သူမျှမရှိသည့်အချိန်မှသာ ထိုအရာကိုဆွဲထုတ်၍ ဒူးပေါ်တွင် တင်ထားတတ်သည်။ သူက ထိုသို့လုပ်ဆောင်ခဲ့သည့်အချိန်တိုင်း တည်ငြိမ်အေးချမ်းမှုကို ခံစားနေခဲ့ရ၏။
ချန်းပင်အန်း စုဆောင်းထားခဲ့သော မြွေကျောက်တုံးများထဲတွင် အဝါရောင်မြွေကျောက်တုံးလေးကတော့ နေရောင်အောက်တွင် အလွန်လှပသော သွေးကြောများ တောက်ပနေလေသေည်။
အခြားသော မြွေကျောက်တုံး(၁၂)ခုကတော့ ယခင်တုန်းကလို တောက်ပမှု မရှိတော့ချေ။ သူတို့အားလုံးက ချောမွေ့ပြီး ကောင်းမွန်သော ပုံသဏ္ဌာန်များ ရှိနေသည့်အတွက် သာမန်ကျောက်တုံးများ မဟုတ်ကြောင်း ဖော်ပြနေသည်။
လီပေါင်ဖျင်ကတော့ ထိုကျောက်တုံးလေးများကို အလွန်သဘောကျပြီး အဝါရောင်ကျောက်တုံးလေးကို လက်ဝါးပေါ်တွင်တင်၍ ပြောလိုက်သည်။
“ဒီကျောက်တုံးကို ဘယ်သူ့ကိုမှ မရောင်းနဲ့ ဦးလေးငယ်။ တခြားကျောက်တုံး(၁၂)ခုကိုတော့ ရောင်းမယ်ဆိုရင်တောင် တန်ဖိုးသိတဲ့သူကိုပဲ ရောင်းသင့်တယ်။ တန်ဖိုးမသိတဲ့သူကိုရောင်းရင် ဘာမှထိုက်တန်မှာ မဟုတ်ဘူး…”
“ဟုတ်တာပေါ့…”
ချန်းပင်အန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
ခြင်းတောင်းထဲတွင် လေးထောင့်ပုံစံ အနက်ရောင်ကျောက်တုံးလေးတစ်ခုလည်း ရှိနေခဲ့သည်။ ထိုအရာက နဂါးခေါင်းဖြတ်ကျောက်တုံးနှင့် တူသော်လည်း ထိုအရာက အစစ်အမှန် နဂါးခေါင်းဖြတ် ကျောက်တုံး ဟုတ်၊မဟုတ် ချန်းပင်အန်းလည်း သေချာမပြောနိုင်ပေ။
နင်ယောင်ကတော့ နဂါးခေါင်းဖြတ်ကျောက်တုံးကို ခွဲရန်အတွက် ဓားအင်မော်တယ် တစ်ယောက်နှင့် နတ်ဘုရာလက်နက်၏ အကူအညီကို လိုအပ်သည်ဟု ပြောခဲ့ကြောင်း အမှတ်ရသွားခဲ့၏။ လက်ရှိချန်းပင်အန်း၏ မျက်လုံးထဲတွင်တော့ အစွမ်းထက်ပြီး အဖိုးတန်သော လက်နက်တိုင်း၊ ပစ္စည်းတိုင်းက အဖိုးတန်သည်ဟု သတ်မှတ်နိုင်သော်လည်း နင်ယောင်၏ မျက်လုံးထဲတွင်တော့ သူမ ပြိုင်ဘက်အားလုံး၏ တိုက်ခိုက်စွမ်းရည်များက ချန်းပင်အန်းများစွာနှင့် ညီမျှနေနိုင်သည်။
ထိုအရာက ဆရာရွမ် သူ့ကို ပေးလိုက်ခြင်း မဟုတ်ကြောင်း ချန်းပင်အန်းက သိနေခဲ့၏။ ထိုသို့ဆိုလျှင် သစ်သားဓားနှင့် ဓားသွေးကျောက်ကို သူ့ဆီသို့ ပေးလိုက်သည်မှာ ဆရာချီသာ ဖြစ်နိုင်၏။ သို့မဟုတ် အဖြူဝတ် အမျိုးသမီးက လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်များနှင့် ပေးလိုက်ခြင်းများ ဖြစ်နိုင်မည်လော။ သို့မဟုတ် ရွမ်ရှို့က သူ့အတွက် တစ်စုံတစ်ခု ထားခဲ့ခြင်းများဖြစ်နိုင်မည်လော။
ချန်းပင်အန်းက ထိုကိစ္စကို စဉ်းစားနေရင်း ခေါင်းကိုက်လာခဲ့သည်။ ရွမ်ရှို့က လီပေါင်ဖျင်၏အိတ်ထဲတွင် ရေွှတုံး(၁)တုံး၊ ငွေတုံး(၂)တုံးနှင့် သာမန်ကြေးပြားတစ်အိတ်ကို ထည့်ထားပေးခဲ့၏။
တချိန်တွင်တော့ လီပေါင်ဖျင်က သူမ၏ငွေအိတ်ကို မရည်ရွယ်ဘဲ ဖွင့်ကြည့်လိုက်ရာ ချန်းပင်အန်းက အံ့ဩသွားခဲ့ရသည်။ ထိုသာမန်ကြေးပြားများထဲတွင် ရွှေအဆီအနှစ်ကြေးပြားတစ်ခု ရောနေခဲ့၏။ ထိုနွေဦးကြေးပြားကို ရွမ်ရှို့က လျှို့ဝှက်ပြီး အိတ်ထဲသို့ ထည့်ပေးလိုက်ခြင်းဖြစ်ပုံရသည်။
ထိုအချိန်တွင် ချန်းပင်အန်းက အံ့ဩမှင်တက်သွားခဲ့ပြီး တကိုယ်လုံး ချွေးများထွက်လာ၏။ အကယ်၍ သူကသာ ရွှေအဆီအနှစ်ကြေးပြားကို သတိမထားမိလိုက်ဘဲ သာမန်ကြေးပြားအဖြစ် အသုံးပြုလိုက်မည်ဆိုလျှင်... ထိုအရာကို တွေးလိုက်မိရုံနှင့် ကိုယ့်ကိုယ်ကိုယ် ရိုက်ချင်စိတ်ပေါ်လာခဲ့သည်။
ချန်းပင်အန်းက သူတို့ပိုင်ဆိုင်ထားသောအရာများကို သေသေသပ်သပ်နှင့် အစီအရီ ပြင်ဆင်နေသည်မှာ အိမ်ငယ်လေးတစ်အိမ်ကို စနစ်တကျ နေရာချနေသော အိမ်ရှင်မတစ်ယောက်ကဲ့သို့ ဖြစ်နေခဲ့သည်။ လီပေါင်ဖျင်က ထိုအရာကို မြင်သည့်အချိန်တိုင်း ပြုံးလိုက်မိပြီး ချန်ပင်အန်းက အလွန်စနစ်ကျသည်ဟု တွေးနေမိခဲ့၏။
ထိုအချိန်တွင် နောက်ပိုင်း ချန်းပင်အန်း၏ မိန်းမဖြစ်လာမည့် မိန်းကလေးက မည်ကဲ့သို့ မိန်းကလေးမျိုးဖြစ်မည်နည်းဟု သူမက တစ်ယောက်တည်း တွေးနေမိခဲ့သည်။ သူမကတော့ ထိုကဲ့သို့ မိန်းမပျိုတစ်ယောက်ကို ရှာတွေ့ရန် လုံးဝမဖြစ်နိုင်ဟု တွေးနေမိခဲ့၏။ ထို့နောက် သူမ၏ခံစာချက်များက အနည်းငယ်စိတ်ပျက်သွားခဲ့သည်။
ထိုအချိန်တွင် လီဟွိုင်က သူတို့နှစ်ယောက်ဆီကို လျှောက်လာခဲ့၏။ လီပေါင်ဖျင်ကို မြင်သည့်အခါ သူက သူမ၏အနားတွင် ရှိနေသော စာအုပ်သေတ္တာလေးကို ကြည့်လိုက်ပြီး ချန်းပင်အန်းကို ပြောလိုက်၏။
“ချန်းပင်အန်း…
တကယ်လို့ ငါ့ကို လီပေါင်ဖျင်ထက် ပိုကြီးပြီး ပိုလှတဲ့စာအုပ်သေတ္တာတစ်ခု လုပ်ပေးမယ်ဆိုရင် ငါလည်း မင်းကို ဦးလေးငယ်လို့ခေါ်မယ်။ ဘယ်လိုသဘောရလဲ…”
ချန်းပင်အန်းက သူ့ကို စိုက်ကြည့်လိုက်ပြီး စကားတစ်ခွန်းမျှမပြောခဲ့ပေ။
လီဟွိုင်က ထိုကဲ့သို့ စကားမပြောဘဲ တုံ့ပြန်မှုနှင့် အသားမကျသည့်အတွက် အထွန့်တက်ရန် ဆုံးဖြတ်လိုက်သည်။
“ကောင်းပြီလေ။ ငါ့ကို လီပေါင်ဖျင်နဲ့ အရွယ်အစားတူ စာအုပ်သေတ္တာတစ်ခုပဲ လုပ်ပေးတော့။ ငါက အများကြီးမတောင်းဆိုပါဘူး…”
ချန်းပင်အန်းက လီဟွိုင်ကိုကြည့်လိုက်ရာ လီဟွိုင်၏ဖိနပ်များက ပျက်စီးနေသည့်အတွက် ခြေချောင်းလေးများပင် ထွက်နေကြောင်း သူက သတိထားမိခဲ့သည်။ ထို့ကြောင့် သူကပြောလိုက်၏။
“ငါက မင်းအတွက် မြက်ဖိနပ်တစ်စုံ လုပ်ပေးမယ်…”
ထိုစကားကိုကြားသည့်အခါ လီဟွိုင်က ဒေါသထွက်သွားပြီး အော်ပြောလိုက်၏။
“ငါက မင်းရဲ့မြက်ဖိနပ်အစုတ်တွေ မလိုချင်ဘူး။ ငါက စာအုပ်သေတ္တာပဲလိုချင်တယ်။ စာအုပ်သေတ္တာဆိုတာ ဉာဏ်ကောင်းတဲ့ သူတော်စင်တွေ ရေးထားတဲ့စာအုပ်တွေကို သိမ်းထားရတာပဲ။ ငါလည်း ဆရာချီရဲ့တပည့်ပဲလေ…”
ထိုစကားကိုကြားသည့်အခါ ချန်းပင်အန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိသည်။
“ဝေးဝေးသွားလိုက်စမ်း…”
လီဟွိုင်က တိတ်ဆိတ်သွားခဲ့ပြီး ချန်းပင်အန်း၏ အမူအရာကို သေချာဂရုတစိုက် စစ်ဆေးကြည့်နေခဲ့၏။ သူတို့နှစ်ယောက်က အချင်းချင်း ခဏကြာစိုက်ကြည့်နေပြီးနောက် လီဟွိုင်က အနည်းငယ်ကြောက်လန့်သွားခဲ့၏။
သူက ရှားရှားပါးပါး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်ခဲ့ပြီး နောက်ထပ်တုံ့ပြန်ပြောဆိုခဲ့ခြင်း မရှိချေ။ ထိုအစား သူက နောက်ဆုတ်သွားခဲ့ပြီး ခြေလှမ်းအနည်းငယ် လှမ်းပြီးနောက် ပြန်လှည့်လာ၍ တွန့်ဆုတ်တွန့်ဆုတ်နှင့် ပြောလိုက်၏။
“ဒါဆိုလည်း ငါ့အတွက် မြက်ဖိနပ် လုပ်ပေးဖို့ မမေ့ပါနဲ့။ ငါက အလဲအလှယ်နဲ့ စီးလို့ရအောင် (၂)ရံလိုချင်တယ်…”
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။
လီဟွိုင် ထွက်သွားသည့်အချိန်တွင် လီပေါင်ဖျင်က ချန်းပင်အန်းကို လေးလေးစားစားစိုက်ကြည့်လိုက်၏။
“အံ့ဩဖို့ကောင်းလိုက်တာ ဦးလေးငယ်။ လီဟွိုင်က ဘယ်သူ့စကားကိုမှ နားမထောင်ဘူး။ ကျွန်မကတောင် သူ့ကိုရိုက်ပြီးမှပဲ ပြောစကား နားထောင်တာ။ ဘယ်သူကမှ သူနဲ့ အငြင်းအခုံမလုပ်ရဲဘူး။ ဆရာချီက သူ့ကို သင်ပေးတဲ့ အချိန်မျိုးမှာတောင် သူ လုံးဝ နားမထောင်ခဲ့ဘူး…”
ချန်းပင်အန်းက လီပေါင်ဖျင်၏ခေါင်းကို ဖွဖွလေး ပုတ်လိုက်ပြီးနောက် နောက်ကျောတွင် ခြင်းတောင်းကိုလွယ်ပြီး ပြောလိုက်သည်။
“သွားဖို့အချိန်ရောက်ပြီ။ နောက်ထပ် ရက်အနည်းငယ်အတွင်း ငါတို့က တာ့လီအင်ပါယာရဲ့ ပင်မလမ်းမကြီးကို ရောက်လိမ့်မယ်…”
လီပေါင်ဖျင်ကလည်း သူပြောသည့်အတိုင်းလုပ်လိုက်ပြီး နောက်ကျောတွင် စာအုပ်သေတ္တာငယ်လေးကို လွယ်လိုက်သည်။
သူတို့က ခရီးလမ်းကိုစသည့်အချိန်တွင် အိုက်လျန်ကတော့ လီပေါင်ဖျင်၏ အဝတ်အစားရွေးချယ်မှုကို မတားဆီးမိစေရန် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နေရသည်။ သူက ချန်းပင်အန်းနှင့် လီပေါင်ဖျင်တို့ကို ပြောပြချင်နေခဲ့၏။ လီပေါင်ဖျင်က ချစ်စရာကောင်းသော အချက်ကြောင့်သာ မဟုတ်လျှင် သူမ၏အနီရောင်အင်္ကျီနှင့် အစိမ်းရောင်စာအုပ်သေတ္တာ တွဲဖက်မှုက လူတိုင်းကို ရယ်မိသွားစေနိုင်သည်။
ရုတ်တရက်ဆိုသလို လီပေါင်ဖျင်က ပြောလိုက်၏။
“အခုသေချာစဉ်းစားကြည့်လိုက်မယ်ဆိုရင် လီဟွိုင်က ရွှံ့ပုလင်းလမ်းကြားထဲမှာနေတဲ့ နှပ်ချေးတွဲလောင်းကောင်လေးနဲ့ တော်တော်လေးတူတယ်…”
ထိုစကားကိုကြားသည့်အခါ ချန်းပင်အန်းက အနည်းငယ်လှုပ်ရှားသွားခဲ့၏။ သူကတော့ ထိုကလေးနှစ်ယောက်ကို လုံးဝနှိုင်းယှဉ်ခဲ့ခြင်း မရှိပေ။ ခဏကြာစဉ်းစားလိုက်ပြီးနောက် သူက ခေါင်းခါပြီး ပြောလိုက်၏။
“သူတို့က မတူကြပါဘူး။ တကယ်လို့ မင်းကသာ ကုစန့်နဲ့တွေ့ဖို့ အခွင့်အရေး တစ်ကြိမ်ရခဲ့တယ်ဆိုရင် ငါ ပြောတဲ့စကားကို နားလည်ပါလိမ့်မယ်…”
လီပေါင်ဖျင်က ခေါင်းညိတ်ပြလိုက်ပြီး ထိုစကားကိုလျင်မြန်စွာ မေ့ပစ်လိုက်သည်။ ထိုအရာက သူမအတွက်တော့ ဖြတ်သွားဖြတ်လာတစ်ခုပမာ ဖြစ်၏။ သူမ၏ခေါင်းထဲတွင်တော့ တာ့လီအင်ပါယာ၏ ပင်မလမ်းမကြီးက မည်ကဲ့သို့သော ပုံစံရှိနိုင်ကြောင်း စဉ်းစားနေခဲ့၏။
ပထမတွင်တော့ လီဟွိုင်နှင့်ကုစန့်တို့က အတော်လေးတူညီသည်ဟု ချန်းပင်အန်းလည်း လီပေါင်ဖျင်၏အတွေးကို လက်ခံမိခဲ့သည်။ သို့သော် သူက ကလေးနှစ်ယောက်နှင့် ဆက်ဆံကြည့်လေလေ သူတို့က ပို၍ကွဲပြားကြောင် နားလည်လာလေလေဖြစ်၏။ လီဟွိုင်နှင့် ကုစန့်တို့ဆီတွင် တူညီသောအကျင့်စရိုက်များ ရှိကြသည်။ သူတို့နှစ်ယောက်လုံးက နှုတ်သီးကောင်းလျှာပါး ဖြစ်ပြီးလူတစ်ယောက်ကို ဒေါသထွက်အောင် ပြောဆိုနိုင်ကြ၏။
သို့သော် ချန်းပင်အန်း၏မျက်လုံးထဲတွင်တော့ သူတို့က အတော်လေးကွဲပြားကြသည်။ သူတို့နှစ်ယောက်လုံးက အပေါ်ယံတွင် ထိန်းချုပ်ရန် ခက်ခဲသော်လည်း သူတို့က မည်သည့်အရာမျှပိုင်ဆိုင်ကြပုံ မပေါ်ပေ။
ကုစန့်ကတော့ အမြဲလိုလို ခိုးကြောင်ခိုးဝှက်နေတတ်ပြီး မျက်လုံးများက ကျီးကန်းတောင်းမှောက် လျှောက်ကြည့်နေတတ်သည်။ သို့သော် သူက အသက်အရွယ်နှင့် မလိုက်အောင် အလွန်ဉာဏ်ကောင်းပြီး ကိုယ့်ကိုယ်ကိုယ် ကာကွယ်တတ်၏။
တစ်ဖက်တွင်တော့ လီဟွိုင်က လူတိုင်းကို ရန်စနေသော ဖြူကောင်လေး တစ်ကောင်ကဲ့သို့ဖြစ်၏။ သူ့မိဘနှစ်ယောက်လုံးက အသက်ရှင်နေသေးပြီး သူ့ဆီ၌ အစ်မတစ်ယောက် ရှိနေသေးသည့်အတွက် သူ၏အကျင့်စရိုက်က လုံးဝရှုပ်ထွေးနေခြင်း မရှိချေ။
သူက ကျောင်းသွားနိုင်ပြီး သူ၏အတန်းဖော်များအာလုံးကလည်း သူ့ထက် အသက်ပိုကြီးသော ကလေးငယ်များဖြစ်၏။ ထို့ကြောင့် သူက အခက်အခဲများကို ရင်ဆိုင်ခဲ့ရခြင်း မရှိချေ။
ကုစန့်ကတော့ အခြေအနေမတူတော့ချေ။ သူ့ကို မွေးကတည်းက အမေ တစ်ယောက်တည်း ထိန်းကျောင်းလာခဲ့ခြင်း ဖြစ်၏။ သူ့အမေကလည်း အကောင်းဆုံး သွန်သင်နိုင်ခြင်း မရှိသည့်အတွက် ကုစန့်က သာမန်ကလေးများထက် အခက်အခဲများကို ပို၍ရင်ဆိုင်ခဲ့ရသည်။
တစ်ကြိမ်တွင်တော့ ချန်းပင်အန်းက ရွှံ့ပုလင်းလမ်းကြားထဲမှ ဒယိမ်းဒယိုင်ထွက်လာသော အရက်မူးသမားတစ်ယောက်ကို မြင်လိုက်ရသည်။ သူက ပါးစပ်မှနေ၍ ဆဲဆိုကြိမ်းမောင်းနေစဉ် အပြင်တွင် ကစားပြီး အိမ်ပြန်လာသော ကုစန့်ကို တွေ့သွား၏။
အရက်မူးသမားက ကုစန့်ဆီကို လျှောက်သွားပြီး အကြောင်းပြချက်မရှိ သူ့ဗိုက်ကို အားနှင့်ပိတ်ကန်လိုက်သည်။ ကုစန့်က မြေပေါ်သို့ လဲကျသွာပြီးနောက် မထိခိုက်စေရန် ခန္ဓာကိုယ်ကို ကွေးထားခဲ့၏။ ကုစန့် လုပ်နိုင်သည်မှာ ဗိုက်ကို လက်နှင့်အုပ်ပြီး နံရံကိုဆန့်ကျင်၍ ဘောလုံးတစ်လုံးကဲ့သို့ ခွေခွေလေး ဖြစ်နေခဲ့၏။ သူက အော်ဟစ်ငိုယိုနိုင်ခြင်းပင်မရှိပေ။
ထိုအချိန်တွင် ချန်းပင်အန်းက မြင်လိုက်ရသည်မှာ ကံကောင်းသွားခဲ့၏။ သူက ချက်ချင်း ပြေးလာပြီး အရက်မူးသမားကို လက်သီးနှင့် ထိုးလိုက်ကာ ကုစန့်ကို နောက်ကျောပေါ်တွင်တင်၍ ယန်မိသားစုဆေးဆိုင်သို့ ပြေးသွားခဲ့သည်။ မဟုတ်လျှင် သနားစရာကောင်းသော ကလေးငယ်က မည်သည့်အရာများ ဖြစ်နေကြောင်း မည်သူက သိနိုင်မည်နည်း။
အခက်အခဲများကို ရင်ဆိုင်ခဲ့ရသည့် အတွက်ကြောင့် ကုစန့်က ပို၍ခေါင်းမာပြီး အငြိုးအတေး ထားတတ်သည်။ သူက သူ့အပေါ်အပြစ်လုပ်ထားသော လူတိုင်းကို စိတ်ထဲတွင် မှတ်ထားတတ်၏။ ဥပမာအနေနှင့်ပြောရလျှင် သူ့အမေကို နှိမ့်ချစော်ကားနေသော အရှက်မရှိသည့်လူစားမျိုး ဖြစ်၏။
Translated by Hein Htet