အခန်း (၉၅)
Vol. 7 Ch. 95
တဖြည်းဖြည်း အသက်ကြီးလာသည်နှင့်အမျှ သူက တချို့သော အသေးစိတ် အချက်အလက်များကို စတင်မေ့လျော့လာခဲ့သော်လည်း သူ့အပေါ် မကောင်းသော သူများကိုတော့ လုံးဝမေ့လျော့နိုင်ခဲ့ခြင်း မရှိချေ။
ထို့ပြင် ကုစန့်က ထိုနေ့တွင် သူ့ခေါင်းကို ခြေထောက်နှင့် နင်းထားခဲ့သော လူကိုလည်း လုံးဝမမေ့နိုင်ခဲ့ပေ။ ထိုလူ၏နာမည်၊ ထိုလူ နေထိုင်သောလမ်းနှင့် သူ၏မိသားစုများ အကြောင်းကိုပင် အသေးစိတ် သိနေခဲ့သည်။
ကုစန့်က ချန်းပင်အန်းနှင့်အတူ နေထိုင်ခဲ့သည့်အချိန်တိုင်း ထိုလူ၏ဘိုးဘေးအုတ်ဂူကို သွားရောက်တူးဖော်တတ်သည်။ ထိုလူဆီတွင် သမီးတစ်ယောက် ရှိနေသည့်အတွက် သူ့သမီး ကြီးလာသည့်အချိန်တွင် ထိုမိန်းကလေးကို အနိုင်ကျင့်ပြီး ရင်ထဲတွင် စိတ်ဒဏ်ရာရအောင် လုပ်မည်ဟူ၍လည်း ချန်းပင်အန်းကို မကြာခဏ ပြောပြတတ်သည်။
ထိုအသက်အရွယ်တွင် ကုစန့်က တခြားလူတစ်ယောက်နှင့် အိပ်စက်ခြင်း ဟူသောအရာကို လုံးဝမသိသေးပေ။ သူ သိသည်မှာ မြို့ထဲတွင် နေထိုင်သော လူငယ်လူရွယ်များ စနောက်နေသည့် စကားအတိုင်း ပြောလိုက်ခြင်းသာဖြစ်သည်။ ထိုအရာက သူ့အမေ၏ပုံစံကို ပြောဆိုနေသည့် အခြေအနေအတိုင်း ပြန်လည်ပြောဆိုခဲ့ခြင်းလည်းဖြစ်သည်။
ထိုအချိန်တွင် ငယ်ရွယ်နုနယ်သော ကုစန့်၏ မျက်နှာလေးကို ချန်းပင်အန်းက ရှင်းရှင်းလင်းလင်း မှတ်မိနေသေး၏။ အသက်(၅)နှစ်ပင် မပြည့်သေးသော်လည်း သူ၏မျက်လုံးထဲတွင် ရက်စက်ကြမ်းကြုတ်မှုများ ပြည့်နှက်နေခဲ့၏။
ထိုမှတ်ဉာဏ်များကို ပြန်လည်စဉ်းစားကြည့်လိုက်ပြီး ချန်းပင်အန်းက အနည်းငယ် စိုးရိမ်သွားသလို ခံစားလိုက်ရသည်။ သူက ကုစန့်ကို အပြင်ဘက်ကမ္ဘာကြီးထဲတွင် ရှိနေသော လူတိုင်းထက် ပို၍ကောင်းမွန်သောဘဝတစ်ခုကို ရစေချင်ခဲ့၏။ သို့သော် တချိန်တည်းတွင် ကုစန့်က ချိုက်ကျင်းကျန့်နှင့် ဖူနန်းဟွာတို့ကဲ့သို့ နှလုံးသားကင်းမဲ့သော အင်မော်တယ်တစ်ယောက်အဖြစ် မမြင်ချင်ခဲ့ပေ။
ချန်းပင်အန်းက အတော်လေး စိတ်ရှုပ်နေကြောင်း လီပေါင်ဖျင်က သိနေသည့်အတွက် မေးလိုက်၏။
“ဘာဖြစ်လို့လဲ ဦးလေးငယ်…”
ယခင်တုန်းကတော့ ချန်းပင်အန်းက မည်သည့်အရာမျှ မဖြစ်ကြောင်း သူမကို အမြဲတမ်းပြောတတ်သည်။ သို့သော် ယခုတစ်ကြိမ်တွင်တော့ သူက ပွင့်ပွင့်လင်းလင်းပြောပြရန် ဆုံးဖြတ်လိုက်ပြီး သူမ၏အတွေးအခေါ်ကို နားထောင်ချင်ခဲ့သည်။
“ငါက နောက်တစ်ကြိမ် ကုစန့်ကို တွေ့ရမှာ စိုးရိမ်နေတာ။ အဲဒီအချိန်ကျရင် ငါ သူ့ကို မှတ်မိပါ့မလားတောင် မပြောနိုင်တော့ဘူး…”
လီပေါင်ဖျင်၏ မျက်နှာပေါ်တွင် တွေဝေနေသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။
“ကလေးတွေက မြန်မြန်ဆန်ဆန် ကြီးပြင်းလာကြတယ်။ တကယ်လို့ နောက်ထပ်နှစ်အနည်းငယ်အတွင်း ဦးလေးငယ်က သူ့ကို မတွေ့ရဘူးဆိုရင်တော့ အချင်းချင်း မှတ်မိဖို့ မဖြစ်နိုင်တော့ဘူး…”
ချန်းပင်အန်း၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး သူက ခဏကြာ စဉ်းစားနေခဲ့၏။
“ကုစန့်က ရွှံ့ပုလင်းလမ်းကြားထဲကလို နှပ်ချေးတွဲလောင်းကောင်လေးပဲ ဖြစ်နေပါစေလို့ပဲ ဆုတောင်းမိတယ်…”
ကုစန့် သူ့ကို မှတ်မိခြင်း မမှတ်မိခြင်းက ကိစ္စမရှိချေ။ ကုစန့်ကသာ ကောင်းမွန်သောဘဝတစ်ခု၌ နေထိုင်နိုင်မည်ဆိုလျှင် ချန်းပင်အန်းက ဝမ်းသာနိုင်ပါလိမ့်မည်။
သံအဆောင်မြစ်၏ တစ်နေရာတွင် မက်စောက်သော ချောက်ကမ်းပါးတစ်ခု ရှိသည်။ ထိုနေရာတွင် ရေစီးသည့်အရှိန်က သိသိသာသာကို လျင်မြန်လာခဲ့၏။ ချန်းပင်အန်းက ထိုကမ်းပါးစွန်းတွင်ရပ်ပြီး လမ်းလျှောက်သည့် လေ့ကျင့်ခန်းကို လေ့ကျင့်နေခဲ့သည်။
အိုက်လျန်ကတော့ ကမ်းပါးအစွန်းတွင် ရပ်နေခဲ့၏။ ရေများက တဗွမ်းဗွမ်း ဖြစ်နေပြီး ရေစီးသည့်အသံများကလည်း မရပ်မနား ထွက်ပေါ်လာနေခဲ့သည်။ လေထဲတွင်လည်း ရေငွေ့များ ပြည့်နေခဲ့၏။ နွေဦးရာသီကို ရောက်နေသည့်အတွက် ဆောင်းရာသီအအေးဓာတ်က လျင်မြန်စွာ ပျောက်ကွယ်သွားသည်မှာ ကံကောင်းသွား၏။
အိုက်လျန်က ကျယ်လောင်စွာ ပြောလိုက်သည်။
“မင်း လေ့ကျင့်နေတဲ့ လက်သီးသိုင်းပညာက အရမ်းကို အခြေခံကျလွန်းတယ်။ မင်း လေ့ကျင့်နေတဲ့ လမ်းလျှောက်ကျင့်ကြံမှုကလည်း အပေါ်ယံသက်သက်ပဲ။ အဲဒီလက်သီးသိုင်းကို သာမန်ဂိုဏ်းတွေတိုင်းမှာ တွေ့နိုင်တယ်လေ။ နှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် မင်း မတ်တပ်ရပ်ပြီး လေ့ကျင့်နေတဲ့ဟာကမှ နည်းနည်းလေး တော်သေးတယ်။ အနည်းဆုံးတော့ အဲဒါက မင်းကို အသက်ရှင်ဖို့အတွက် ကူညီပေးနိုင်တယ်။ အဲဒါက လူတစ်ယောက်ရဲ့ အသက်ကို ကယ်တင်ဖို့ အသုံးပြုနိုင်တဲ့ ဆေးတစ်လုံးလိုပဲ။ အဖိုးမတန်ပင်ပေမဲ့ အလုပ်တော့ဖြစ်တယ်…”
ချန်းပင်အန်းက ပြုံးပြလိုက်ပြီး တုံ့ပြန်ပြောဆိုခဲ့ခြင်း မရှိချေ။ အဘိုးကြီးယန်က လက်သီးသိုင်းပညာ လေ့ကျင့်နေသည့်အချိန်တွင် အလွန်အမင်း တုန့်ပြန်တတ်သည့် ချီစွမ်းအင်များကို ဖယ်ရှားရမည်ဖြစ်ကြောင်း သူ့ကို ပြောခဲ့သည့်အချိန်ကကဲ့သို့ တိတ်တိတ်နေရန်သာ ရွေးချယ်လိုက်သည်။
အိုက်လျန်က သူ့ကို ခေါင်းညိတ်ပြီး ဆက်ပြောလိုက်၏။
“ပြောရမယ်ဆိုရင်တော့ အခြေခံအကျဆုံးအရာကိုတောင် မှန်ကန်တဲ့လူက လုပ်ဆောင်နေမယ်ဆိုရင် စိတ်ဝင်စားစရာ ကောင်းတဲ့အရာတွေ ဖြစ်လာနိုင်တာပဲ။ မင်း လေ့ကျင့်နေတဲ့ လက်သီးသိုင်းမှာ ပြဿနာ ကြီးကြီးမားမား မရှိဘူး။ သိုင်းပညာကို လေ့လာမှုက ဖြည်းဖြည်းမှန်မှန်ပဲ သွားရတယ်။ ကျောက်တုံးတစ်တုံးပေါ်ကို ကျသွားတဲ့ ရေစက်တစ်စက်လိုပဲ။ အချိန်တော့ ယူရတာပေါ့…”
လေ့ကျင့်ပြီးသွားသည့်အချိန်တွင် ချန်းပင်အန်းက နဖူးပေါ်မှ ချွေးများကို သုတ်လိုက်သည်။ ထို့နောက် မေးလိုက်၏။
“အိုက်လျန် …
ခင်ဗျားက နတ်ဘုရားစင်မြင့်ဂိုဏ်းခွဲက ဝေ့ကျင်း မဟုတ်ဘူးလား…”
“သေချာပေါက် မဟုတ်ဘူး…”
အိုက်လျန်က အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“သူက ကဗျာရွတ်ဆိုတတ်တဲ့ ပညာရှင် တစ်ယောက်ပဲ။ ဒါပေမဲ့ သူက တော်တော်လေးဆိုးတဲ့ အရက်သမား တစ်ယောက်လို့လည်း ပြောလို့ရတယ်။ သူက အရက်ကို အလွန်အကျွံ သောက်ပြီးသွားတဲ့အချိန်တိုင်း နှာရည်တရှုံ့ရှုံ့နဲ့ ငိုကြွေးတတ်တယ်။ သူက လီဟွိုင်ထက်တောင် ပိုပြီးတော့ ဆိုးသေးတယ်…”
“ငါက ဘာကြောင့် အဲဒီလိုလူမျိုး ဖြစ်ရမှာလဲ…”
ချန်းပင်အန်းက ထိုအဖြေကို ပြန်လည်သုံးသပ်ပြီး အိုက်လျန်က ဝန်ခံလိမ့်မည်ဟု မထင်ထားခဲ့ပေ။
“ဒါဆိုရင် ဒီမြည်းနဲ့ အဲဒီဘူးသီးခြောက်ကရော ဘာတွေလဲ…”
အိုက်လျန်က မျက်ခုံးပင့်ပြီး ပြန်ဖြေလိုက်၏။
“ဒီပစ္စည်းနှစ်ခုလုံးက ဝေ့ကျင်း ပိုင်တာတော့ ဟုတ်တယ်။ ငါက သူ့လို စာအုပ်ကြီးသမား မဟုတ်ဘူး။ ငါလည်း အရက်ကြိုက်တယ် ဆိုတာတော့ ဝန်ခံပါတယ်။ ဒါပေမဲ့ ငါက မြည်းပေါ်မှာ ရှုခင်းကြည့်တတ်တဲ့သူမျိုး မဟုတ်ဘူး။ အဲဒါက အရမ်းနှေးလွန်းတော့ ငါက စိတ်ဓာတ်ကျပြီး သေသွားနိုင်တယ်…”
“သူက မသေသေးဘူးမလား…”
ချန်းပင်အန်းက သတိထား၍ မေးလိုက်သည်။
အိုက်လျန်၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
“ဘာလို့ ငါက သူ့ကိုသတ်ရမှာလဲ။ သူ့ရဲ့ရတနာတွေကို ယူဖို့လား…”
ချန်းပင်အန်းက အိုက်လျန်ကို လှည့်ကြည့်ပြီး ခေါင်းခါပြလိုက်သည်။
“ခင်ဗျား သူ့ကို မသတ်ဘူးဆိုတာတော့ ကျုပ် သေချာသိတယ်…”
အိုက်လျန်က ဓားအားဖြည့်ဘူးသီးခြောက်ထဲမှနေ၍ အရက်တစ်ငုံသောက်ပြီး ရှင်းပြလိုက်သည်။
“သူက ငါ့ကို ဒီဓားအားဖြည့်ဘူးသီးခြောက် လက်ဆောင် ပေးလိုက်တာ။ ငါက သူ့ကို အဆင့်မြင့် ဓားသိုင်းပညာတစ်ခု သင်ပေးခဲ့တယ်။ ပြီးတော့ သူ အချိန်တော်တော်ကြာ ပိတ်မိနေတဲ့ အတားအဆီးကို ဖြတ်ကျော်ဖို့ လိုအပ်တဲ့ မီးပွားလေးတစ်ခုကိုလည်း ပေးလိုက်တယ်။ ဒါကြောင့် သူက တံခါးပိတ်လေ့ကျင့်နေပြီး ဒီဘူးသီးခြောက်ကိုတော့ လက်ဆောင်အနေနဲ့ ငါ့ကိုပေးလိုက်တာ…”
“ငါက ဒီအပေးအယူမှာ ပိုပြီးတော့ အဆင်ပြေတယ်လို့ ထင်တယ်လေ။ တစ်ဖက်မှာတော့ သူက ပိုပြီးတော့ အဆုံးသတ် ကောင်းသွားခဲ့တာပေါ့။ ငါက သူ့အတွက် ဒီမြည်းကိုလည်း စောင့်ရှောက်ပေးရသေးတယ်…”
ဖုန်းရွှယ်ကျောင်းဆောင်မှ ဓားသမားတစ်ယောက်က အဆင့်(၁၀)ကို ကျော်လွန်ရန် အလွန်အမင်းကို ခက်ခဲသည်။ သို့သော် အိုက်လျန်ကတော့ ချန်းပင်အန်းကို ထိုအကြောင်းအရာများ အသေးစိတ် ရှင်းပြလိုခြင်း မရှိချေ။ သူက တစ်ကြိမ်တွင် ခြေလှမ်းတစ်လှမ်းသာ လျှောက်လှမ်းနေခြင်းဖြစ်သည်။ အိုက်လျန်က သူ့ကို ဝေးဝေးထိ မကြည့်စေချင်ခဲ့ပေ။
ချန်းပင်အန်း၏ မျက်နှာပေါ်တွင် စဉ်းစားနေသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။
“ဒါဆိုရင် ဘာလို့ ဆရာရွမ်က ခင်ဗျားကို အသိအမှတ်မပြုရတာလဲ…”
အိုက်လျန်က ထိုင်စရာနေရာတစ်ခု ရှာလိုက်ပြီး လက်ထဲတွင် ကိုင်ထားသော ငွေရောင်ဘူးသီးခြောက်လေးကို လှုပ်ရှား၍ ရှင်းပြလိုက်သည်။
“ဘူးသီးခြောက်ထဲမှာရှိတဲ့ ဓားချီစွမ်းအင်တွေက ပြည့်ပြည့်ဝဝ ရှိနေသေးတယ်။ ဒါကြောင့် ဒီဘူးသီးခြောက်ရဲ့ပိုင်ရှင်က အသက်ရှင်နေသေးတယ်လို့ ဆိုလိုတာပဲ။ သူတို့ရဲ့စိတ်ဝိညာဉ်နဲ့ အာရုံခံစွမ်းရည်တွေကလည်း အကောင်းအတိုင်း ရှိနေသေးတယ်။ အရှေ့ပိုင်းကုန်းမြေကြီးဆိုတာ နေရာငယ်လေး တစ်ခုပဲ။ ဒီကုန်းမြေကြီးပေါ်မှာ ဝေ့ကျင်းကို ချက်ချင်းသတ်နိုင်လောက်အောင် အစွမ်းထက်တဲ့ လူမရှိသေးတဲ့အပြင် သူကလည်း သူ့ရဲ့ဓားပျံနဲ့ မြန်မြန်ဆန်ဆန် ဆက်သွယ်ဖို့ အချိန်မရှိခဲ့ဘူးလေ…”
“အရှေ့ပိုင်းကုန်းမြေကြီးက နေရာသေးသေးလေးလား…”
ချန်းပင်အန်းက အတော်လေး အံ့ဩသွားခဲ့သည်။
“အရှေ့ပိုင်းကုန်းမြေကြီးပေါ်မှာ တိုင်းပြည်တွေ အများကြီးရှိတယ်လို့ ကျွန်တော် ကြားဖူးတယ်။ ကျွန်တော်တို့ကတော့ အခုချိန်ထိ တာ့လီအင်ပါယာရဲ့ နယ်စပ်ကိုတောင် မရောက်သေးဘူး…”
အိုက်လျန်က ပြန်လှည့်လာပြီး ဘူးသီးခြောက်ကို ချန်းပင်အန်းဆီသို့ ပစ်ပေးကာ ပြောလိုက်သည်။
“ဘာလို့လဲဆိုတော့ မင်းက နယ်စပ်မှာ လမ်းလျှောက်နေတဲ့ အတွက်ကြောင့်လေ။ အရက်နည်းနည်း သောက်လိုက်။ ယောကျ်ားတစ်ယောက်က မသေခင် အရက် ဘယ်လိုသောက်ရမလဲ မသိဘူးဆိုရင် သူတို့ဘဝကြီးက လုံးဝကို အကျိုးမဲ့ဖြစ်သွားနိုင်တယ်…”
“မသောက်ဘူး။ သိုင်းပညာရှင်တွေက အရက်မသောက်ရဘူးလို့ ကျူးဟယ်က ပြောတယ်…”
ချန်းပင်အန်းက ဘူးသီးခြောက်ကို သေချာဂရုတစိုက် ဖမ်းထားလိုက်ပြီး အိုက်လျန်၏ဘေးတွင် ထိုင်ချလိုက်သည်။ ထို့နောက် ဘူးသီးခြောက်ကို အိုက်လျန်၏ လက်ထဲသို့ ပြန်ထည့်ပေးလိုက်၏။
သို့သော် အိုက်လျန်က ဘူးသီးခြောက်ကို လက်မခံခဲ့ပေ။ ထို့ကြောင့် ချန်းပင်အန်းက ဘူးသီးခြောက်ကို လက်ထဲတွင် ဂရုတစိုက် ကိုင်ထားပြီး စီးဆင်းနေသော မြစ်ရေများကို စိုက်ကြည့်နေခဲ့၏။
“ကျွန်တော်က ကောင်းကင်ပေါ်မှာ ဓားတွေနဲ့ ပျံသန်းနေတဲ့ အင်မော်တယ်တွေကို မြင်ဖူးတယ်။ သူတို့တွေက လမ်းလျှောက်တာထက်တော့ သေချာပေါက် အဆပေါင်းများစွာ ပိုမြန်နိုင်တယ်…”
ချန်းပင်အန်းက အိုက်လျန်နှင့် ကျူးဟယ်တို့ကို အမြဲလိုလို နှိုင်းယှဉ်နေခဲ့သည်။ ရလဒ်အနေနှင့် ကျူးဟယ်၏နာမည်ကိုကြားသည့်အချိန်တိုင်း အိုက်လျန်က မကျေမနပ် ဖြစ်လာခဲ့၏။
ချန်းပင်အန်းက အပြုံးနှင့် မေးလိုက်သည်။
“အိုက်လျန် …
ခင်ဗျားက ဝေ့ကျင်းကို ဓားသိုင်းပညာ သင်ကြားပေးရလောက်တဲ့အထိ တကယ် အစွမ်းထက်တာလား။ ဒါဆိုရင် ခင်ဗျားက ကျူးဟယ်ထက် အဆပေါင်းများစွာ အစွမ်းထက်တယ်လို့ ဆိုလိုတာ မဟုတ်ဘူးမလား”
“နောက်တစ်ကြိမ် လာပြန်ပြီလား…”
အိုက်လျန်က သက်ပြင်းချလိုက်မိသည်။
“ငါက လူကောင်းတစ်ယောက် ဖြစ်နေတာ မင်းက ဝမ်းသာသင့်တယ်။ မဟုတ်ရင် ဒီလိုမေးခွန်းမျိုးမေးလို့ မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး…”
ချန်းပင်အန်းက ထိုအကြောင်းအရာကို အမှန်တကယ် စိတ်ဝင်စားနေခဲ့သည်။ သူက နောက်ထပ် သိချင်နေသည့်အတွက် ခေါင်းမာမာနှင့် ဆက်မေးလိုက်၏။
“ဒါဆိုရင် ခင်ဗျားက သူ့ထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တယ်လို့ ဆိုလိုတာလား…”
အိုက်လျန်က ချန်ပင်အန်း၏ လက်ထဲမှ ဘူးသီးခြောက်ကိုယူပြီး ခေါင်းပေါ်သို့ ပစ်လိုက်သည်။ ဘူးသီးခြောက်ထဲမှ အရက်များ ထွက်လာပြီးနောက် ချန်းပင်အန်းကို အထင်သေးစွာ စိုက်ကြည့်လိုက်မိ၏။
ချန်းပင်အန်းကတော့ အိုက်လျန်၏ မှုန်ကုတ်ကုတ်မျက်နှာကိုကြည့်ပြီး အားရပါးရ ရယ်လိုက်မိသည်။ ခဏကြာ တိတ်ဆိတ်သွားပြီးနောက် သူက ပြုံးလိုက်၏။
“အမှန်အတိုင်းပြောရင် ခင်ဗျားက ကျူးဟယ်ထက် အဆပေါင်းများစွာ ပိုပြီးအစွမ်းထက်တယ်ဆိုတာ ကျွန်တော်သိတယ်…”
ထိုစကားကိုကြားသည့်အချိန်မှသာ အိုက်လျန်က အနည်းငယ် ပို၍သက်သာသွားသလို ခံစားလိုက်ရ၏။
ချန်းပင်အန်းက ချက်ချင်းပင် စိတ်လိုလက်ရ ထပ်ဖြည့်ပြောလိုက်သည်။
“ကျူးဟယ် နှစ်ယောက်ကတောင် ခင်ဗျားကို အနိုင်ရမှာ မဟုတ်ဘူးလို့ ကျွန်တော် ခံစားမိတယ်…”
“တကယ်လို့ မင်းက ငါ့ကို တကယ်ပဲ အထင်သေးချင်တယ်ဆိုရင်လည်း မင်းရဲ့သဘောထားတချို့ကို ပြလို့မရဘူးလား။ အနည်းဆုံးတော့ ကျူးဟယ်နှစ်ယောက်က ငါ့အတွက် သေချာပေါက် ပြိုင်ဘက်မဟုတ်နိုင်ဘူး…”
အိုက်လျန်က ဆူပုတ်ပုတ်မျက်နှာနှင့် ပြန်ပြောလိုက်သည်။
ချန်းပင်အန်းကတော့ တုံ့ပြန်ခဲ့ခြင်းမရှိဘဲ မျက်နှာပေါ်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့၏။ သူက အလွန်ထူးဆန်းသော ရေတံခွန်ကိုကြည့်ပြီး ရုတ်တရက် ပြောလိုက်သည်။
“ကျေးဇူးတင်ပါတယ် အိုက်လျန်…”
အိုက်လျန်က အရက်ဆက်သောက်နေရင်း ပြန်မေးလိုက်၏။
“ငါ့ကို ဘာလို့ကျေးဇူးတင်နေတာလဲ။ ငါက မင်းကို လက်သီးသိုင်းတွေ၊ ဓားသိုင်းတွေ ဘာမှမသင်ပေးရသေးဘူး…”
ချန်းပင်အန်းက တင်ပျဉ်ခွေထိုင်ပြီး ရင်ဘတ်ရှေ့တွင် လက်ဝါးနှစ်ဖက်ကိုတင်၍ စတင်လေ့ကျင့်လိုက်သည်။
“ခင်ဗျားနဲ့ တွေ့ပြီးသွားတဲ့အချိန်မှာ အပြင်ဘက်ကမ္ဘာကြီးက ကျွန်တော်ထင်ထားသလို ကြောက်စရာမကောင်ဘူးဆိုတာ ခံစားမိလာတယ်။ မြို့အပြင်ဘက်မှာလည်း လူကောင်းတွေ ရှိနေသေးတယ်ဆိုတာ တွေ့လိုက်ရတယ်။ လောကကြီးထဲမှာ ရှိတဲ့သူတွေက အစွမ်းထက်တိုင်း စိတ်ကြိုက်လုပ်နေကြတာ မဟုတ်ဘူးလေ။ လီဟွိုင်နဲ့ ကျူးလုတို့က ဒီခရီးစဉ်တစ်ခုလုံး ခင်ဗျားကို လှောင်ပြောင်နေခဲ့တယ်။ ဒါပေမဲ့ ခင်ဗျားကတော့ သူတို့ကို လုံးဝဒေါသမထွက်ခဲ့ဘူး…”
အိုက်လျန်က အရက်တစ်ငုံ သောက်ပြီး ပြုံးလိုက်သည်။ ထိုတစ်ငုံကတော့ အနည်းငယ် ပို၍နှေးကွေး၏။ သူက ပြောလိုက်သည်။
“မင်းဆီကနေ ဒီလိုချီးကျူးမှုမျိုးရမယ်လို့ ငါလည်း လုံးဝမထင်ထားခဲ့ဘူး။ ဒီတော့ ငါ့ရဲ့ခန္ဓာကိုယ်ကို တည်ငြိမ်အောင်လုပ်ဖို့ အရက်တစ်ငုံ သောက်ရတာပေါ့။ ဒါကြောင့် မင်းကြောက်နေတဲ့အရာတွေ ရှိတယ်ဆိုရင်တောင် ငါ့ကို ပြောပြလို့ရတယ် မဟုတ်လား…”
“ခင်ဗျားလို လူတစ်ယောက်က အင်မော်တယ်တွေကို သတ်ရဲသလို တောင်ရွှေ့လူဝံကြီးကိုလည်း ထိပ်တိုက်ရင်ဆိုင်နိုင်တယ်။ ပြီးတော့ လီပေါင်ဖျင်ကို တာ့ဆွေအင်ပါယာထဲထိ အကြောက်အလန့်ကင်းကင်းနဲ့ ပို့ပေးနိုင်စွမ်းရှိတယ်လို့ တွေးမိတယ်…”
ချန်းပင်အန်းက တိတ်တိတ်ဆိတ်ဆိတ် ပြောလိုက်၏။
“ကျွန်တော်က တချို့ကိစ္စတွေကို လုပ်ခဲ့တယ်ဆိုတာ လုပ်သင့်လို့ လုပ်ခဲ့တာ။ မကြောက်လို့ လုပ်ခဲ့တာတော့ မဟုတ်ဘူး။ ကျွန်တော်က နဂါးမီးဖိုကြီးမှာ အလုပ်သမား တစ်ယောက်ဖြစ်ခဲ့တယ်။ ကျွန်တော့်မှာ ဘယ်လိုသတ္တိမျိုး ပိုင်ဆိုင်ထားနိုင်မှာလဲ..”
“ဒါလည်း အဓိပ္ပာယ်ရှိတာပဲ…”
အိုက်လျန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။
သူတို့(၂)ယောက်က တိတ်ဆိတ်သွားခဲ့ပြီးနောက် ရေစီးဆင်းသည့် အသံတစ်ခုတည်းကိုသာ ကြားနေရသည်။ အိုက်လျန်က တိတ်ဆိတ်မှုကို အရင်ဆုံးဖြိုခွင်းပြီး မေးခွန်းတစ်ခု မေးလိုက်၏။
“တကယ်လို့ မင်းက နေရာတစ်ခုမှာ နာမည်အရမ်းကြီးသွားအောင် တစ်ခုခုလုပ်နိုင်ခဲ့တယ်ဆိုရင် မျိုးဆက်ပေါင်းများစွာက လေးစားအားကျတဲ့ လူတစ်ယောက်အဖြစ် အခွင့်အရေးတစ်ခုရနိုင်တယ်။ ဒါဆိုရင် မင်းက ဘယ်မျိုးရိုးအဖြစ်ကို ရွေးချယ်မှာလဲ…”
ထိုမေးခွန်းကို ခဏကြာစဉ်းစားပြီးနောက် ချန်းပင်အန်းက ပြန်ဖြေလိုက်သည်။
“ဖြစ်နိုင်ခြေရှိတာကတော့ ကျွန်တော့်ရဲ့မျိုးရိုးနာမည်ပေါ့။ ကျွန်တော့်မိဘ နှစ်ယောက်လုံးက ချန်းမျိုးရိုး။ တကယ်လို့ ကျွန်တော်ကသာ ချန်းမျိုးရိုးနာမည်ကို ရေးထိုးနိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပဲ…”
“အဖြေကလည်း ပျင်းစရာ ကောင်းလိုက်တာ…”
အိုက်လျန်က ခေါင်းခါပြီး သက်ပြင်းချလိုက်မိသည်။
“မင်းက ငါနဲ့လုံးဝမတူဘူး။ ပြီးတော့ ဒါက မျှော်လင့်ထားရုံပဲရှိတာ။ ဘယ်လိုပဲဖြစ်ဖြစ် ငါ့လို ပါရမီရှင်တစ်ယောက်က ဇာမဏီအတောင်ပံနဲ့ မီးငှက်ကြေးခွံလို အရမ်းရှားပါးတယ်။ ငါက သိုးအုပ်ကြီးထဲမှာ တစ်ယောက်တည်း ဖြစ်နေတဲ့ ကျားတစ်ကောင်လိုပဲ…”
ကြည့်ရသည်မှာ အိုက်လျန်ဆီတွင်လည်း ကိုယ်ပိုင်အတွေးအခေါ်များ ရှိနေပုံရသည်။ သူက ခံစားချက်များကို ဖယ်ရှားရန် အရက်ကို လျင်မြန်စွာ သောက်လိုက်၏။
ရုတ်တရက်ဆိုသလို ချန်းပင်အန်း၏ မျက်နှာပေါ်၍ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ သူကတော့ အလွန်ပျော်ရွှင်စေနိုင်သော တစ်စုံတစ်ခုကို တွေးမိသွားသလို ထင်မှတ်ရ၏။
ထိုအရာက ကြုံတောင့်ကြုံခဲ အခြေအနေဖြစ်သည့်အတွက် အိုက်လျန်က မေးလိုက်သည်။
“မင်းက အရူးတစ်ယောက်လို ရယ်နေတာဆိုတော့ ဘာတွေစဉ်းစားမိနေတာလဲ..”
ချန်းပင်အန်းက အနည်းငယ် ရှက်ရွံ့သွားပြီး ပြန်ဖြေလိုက်သည်။
“တကယ်လို့ ကျွန်တော်ကသာ စကားလုံးတွေ အများကြီးရေးနိုင်တယ်ဆိုရင် ကျွန်တော် သဘောကျတဲ့ မိန်းကလေးရဲ့နာမည်ကို ရေးမိမှာပဲလို့ စဉ်းစားနေမိတာ..”
အိုက်လျန်က စဉ်းစားနေရင်း ပြုံးလိုက်သည်။
“ဒါဆိုရင်တော့ မင်းမိန်းမ ဖြစ်လာမဲ့သူမှာ နာမည်(၂)လုံးပဲ ရှိလာပါစေလို့ မင်းက ဆုတောင်းရတော့မယ်။ တကယ်လို့ (၃)လုံး၊ (၄)လုံးဆိုရင်တော့ မင်းရဲ့လက်ထဲမှာပဲ ပြည့်နေလိမ့်မယ်…”
ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက အနည်းငယ် လှုပ်ရှားသွာခဲ့သည်။
“နာမည်(၄)လုံးနဲ့ လူတွေ ရှိတာလား။ အဲဒါက တော်တော်လေး ထူးဆန်းတယ် မဟုတ်ဘူးလား…”
အိုက်လျန်က ချန်းပင်အန်း၏ပုခုံးကိုပုတ်ပြီး အကြံပေးလိုက်သည်။
“မင်းက နောက်ပိုင်း စာအုပ်တွေ များများဖတ်သင့်တယ် ချန်းပင်အန်း…”
ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက အနည်းငယ် ရှက်ရွံ့သွားခဲ့သည်။
ရုတ်တရက် ဆိုသလို အိုက်လျန်က နားလည်သွားခဲ့ပြီး တီးတိုးပြောလိုက်၏။
“နေဦး။ မင်းမှာ သဘောကျရတဲ့ မိန်းကလေး တစ်ယောက် ရှိတာလား။ ဘယ်သူလဲ... ငါလည်း ရယ်လို့ရအောင် ပြောပြပါဦး…”
“အခုထိတော့ တစ်ယောက်မှ မရှိသေးပါဘူး…”
ချန်းပင်အန်းက ခပ်ရဲရဲမျက်နှာနှင့် ပြောလိုက်သည်။
“မင်းက တော်တော်လေးကို လျှို့ဝှက်တဲ့ကောင်လေးတစ်ယောက်ဆိုတာ ငါသိပါတယ်”
အိုက်လျန်က ပြောလိုက်၏။
“အိုက်လျန်...
ခင်ဗျားကရော အခုထိ တကိုယ်တည်းသမား မဟုတ်လား…”
ချန်းပင်အန်းက တိတ်တဆိတ် ပြန်မေးလိုက်သည်။
“ပါးစပ်ပိတ်ထားလိုက်တော့…”
အိုက်လျန်က ပြန်ပြောလိုက်၏။
“ခင်ဗျားက တကိုယ်တည်းသမားဆိုတာ စလာကတည်းက ကျွန်တော် သိတယ်…”
ချန်းပင်အန်းက အိုက်လျန်၏စကားကို ဆန့်ကျင်ပြီး ထပ်ပြောလိုက်သည်။
အိုက်လျန်က သူ့ကိုယ်သူ လက်ညှိုးထိုးပြီး ပြောလိုက်၏။
“ငါ့မိန်းမ ဖြစ်ချင်နေတဲ့ သူရဲကောင်း မိန်းမလှလေးတွေ၊ ကောင်းကင်မိန်းမပျိုတွေ ရေတွက်ကြည့်လို့တောင် မရဘူး။ ငါက မိန်းကလေးတွေကြားထဲမှာ ဘယ်လောက်နာမည်ကြီးလဲဆိုတာ မင်းသိလား…”
“သေချာပေါက် မသိဘူးပေါ့…”
ချန်းပင်အန်းက လေးလေးနက်နက် ပြန်ဖြေလိုက်သည်။
ထိုတုံ့ပြန်မှုကြောင့် အိုက်လျန်က လုံးဝကို စိတ်ဓာတ်ကျသွားခဲ့၏။ သူက တိတ်ဆိတ်သွားခဲ့ပြီး အရက်အိုးကိုသာဆက်၍ သောက်နေခဲ့သည်။
“စကားမစပ် ခင်ဗျားကရော ဘယ်လိုစကားလုံးမျိုးကို ရေးချင်တာလဲ အိုက်လျန်။ ကျွန်တော့်ကို ပြောပြလို့ရနိုင်မလား…”
ချန်းပင်အန်းက မေးလိုက်၏။
ထိုမေးခွန်းကြောင့် အိုက်လျန်က ချက်ချင်းပင် စိတ်ဓာတ်များ တက်ကြွလာခဲ့ပြီး သူ၏မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“အခုတော့ အဲဒါက ပုံပြင်ဟောင်းတစ်ပုဒ် ဖြစ်သွားပြီပေါ့။ ငါ ရေးချင်တဲ့စကားလုံးက သူ့ရဲ့ပုံသဏ္ဌာန်၊ အလှတရားတွေနဲ့ မကိုက်ညီနိုင်ဘူး။ အရေးကြီးဆုံးအရာကတော့ အရမ်းအရမ်းကို အဓိပ္ပာယ်ရှိတယ်။ ဒါက မျိုးရိုးနာမည်တစ်ခု ဆိုတာထက်ကို ပိုပြီးတော့ အဓိပ္ပာယ်ရှိတယ်။ ငါက အဲဒီစကားလုံးကို မရေးနိုင်အောင် အဘိုးကြီးတစ်စုက တားဆီးထားကြတာ…”
“အဲဒီအဘိုးကြီးတွေက ဝါစဉ်အရ တော်တော်လေးကို အဆင့်မြင့်ပြီး သူတို့က လုံးဝကို ဒေါသထွက်နေကြတာ။ သူတို့က အရမ်းရူးသွပ်နေတဲ့အတွက် ငါ့ကို တိုက်ခိုက်ဖို့တောင် ပြင်ဆင်ခဲ့ကြတယ်။ ငါကတော့ သူတို့ကို ပြန်လှည့်ကြည့်ဖို့တောင် အချိန်မရဘူး။ အရှက်မရှိတဲ့ အဲဒီခွေးအိုကြီးတွေက ငါ့ကို ဝိုင်းဝန်းတိုက်ခိုက်ဖို့ ပြင်နေကြတာ။ ငါက အရူးမဟုတ်ဘူးလေ... ဒါကြောင့် ထွက်ပြေးခဲ့တာပဲ။ ငါက နာမည်ရေးပြီးတာနဲ့ ချက်ချင်း အဝေးကို ထွက်ပြေးခဲ့တယ်…”
ထိုမေးခွန်းကို မေးလိုက်မိသည့်အတွက် ချန်းပင်အန်းက နောင်တရလာခဲ့သည်။
အိုက်လျန်က သူ့ကို တချိန်လုံး စိုက်ကြည့်နေပြီး ပြောလိုက်၏။
“ဆက်မေးပါ။ အဲဒါက ဘာစကားလုံးလဲဆိုတာ ငါ့ကိုမြန်မြန်မေးလိုက်တော့..”
ချန်းပင်အန်းက စီးဆင်းနေသော မြစ်ကြီးကို ပြန်လှည့်ကြည့်လိုက်ပြီးနောက်ထပ်မေးခွန်းများ မမေးတော့သည့်အတွက် အိုက်လျန် တစ်ယောက်တည်းသာ ငူငူကြီး ကျန်နေခဲ့သည်။
ထိုအရာက မည်သည့်စကားလုံး ဖြစ်ကြောင်း ချန်းပင်အန်းက မမေးတော့ကြောင်း နားလည်သွားပြီးနောက် သူလည်း အရက်အိုးကို အဖုံးပိတ်လိုက်ပြီး နောက်ထပ်သောက်ရန် ခံစားချက်လည်း မရှိတော့ချေ။
ထိုအချိန်တွင် ချန်းပင်အန်းက မျက်လုံးပြူးသွားခဲ့၏။ သူက သံအဆောင်မြစ်ပေါ်တွင် ရေဆန်ဘက်မှ ကူးလာသော လူ (၄)ယောက်၊ (၅)ယောက် အဖွဲ့တစ်ဖွဲ့ကို သတိထားမိခဲ့သည်။ သူတို့ထဲတွင် ဆံပင်ဖြူနှင့် အဘိုးကြီးတစ်ယောက်က သူတော်စင်တစ်ပါးနှင့် တောင်တစ်တောင်အကြောင်း သီချင်းဆိုနေပြီး ဆွဲမက်ဖွယ်အလှတရားမျိုး ရှိသောမိန်းမပျိုတစ်ယောက်ကတော့ ပြုံးနေခဲ့သည်။
တာအိုဝတ်စုံဝတ်ထားသော ကလေးတစ်ယောက်ကလည်း ဝါးတုတ်တစ်ချောင်းကို ကိုင်ထားပြီး အသက်နှင့် ယှဉ်လိုက်လျှင် သူ့ပုံစံက ပို၍ရင့်ကျက်နေပုံရသည်။
“သူတို့က အင်မော်တယ်တွေလား…”
ချန်းပင်အန်းက မျက်လုံးပြူး၍ တီးတိုးရေရွတ်လိုက်မိသည်။
တစ်ဖက်တွင်တော့ အိုက်လျန်က သူတို့ကို လှည့်ကြည့်ခြင်းပင် မရှိချေ။ ကျူးဟယ်က အနီရောင် ခေါင်းလောင်းတစ်ခုကို ကိုင်ထားပြီး ချန်းပင်အန်းနှင့် အိုက်လျန်တို့ဆီကို အလျင်အမြန် ပြေးလာခဲ့သည်။
သူက မျက်နှာပျက်ပျက်နှင့်ပြောလိုက်၏။
“ဒါက ကျွန်တော်တို့ မျိုးနွယ်ခေါင်းဆောင် ပေးလိုက်တဲ့ နတ်ဆိုးသတိပေးခေါင်းလောင်းပဲ။ တကယ်လို့ ခေါင်းလောင်းရဲ့ ပေ(၁၀၀၀)ပတ်လည်အတွင်း နတ်ဆိုးတွေ ရှိနေရင် ဒါမှမဟုတ် မကောင်းတဲ့ဝိညာဉ်တွေ ရှိလာရင် ဒါက အလိုလို မြည်လာလိမ့်မယ်။ စီနီယာအိုက်လျန်၊ ချန်းပင်အန်း ငါတို့က မလိုအပ်တဲ့ ပြဿနာတွေမဖြစ်ရအောင် ဒီနေရာကနေ သတိထားပြီး ထွက်သွားဖို့ အကြံပေးချင်တယ်…”
ထိုအကြံပေးချက်ကို ခဏကြာစဉ်းစားပြီးနောက် ထွက်သွားခြင်းက အကောင်းဆုံးဖြစ်ကြောင်း ချန်းပင်အန်းက ဆုံးဖြတ်လိုက်သည်။
သို့သော် အိုက်လျန်ကတော့ မြစ်ကို ဖြတ်ကူးလာသော ထိုအဖွဲ့ကို ကြည့်ပင်မကြည့်ခဲ့ချေ။ ထိုအစား သူက ဘူးသီးခြောက်အဖုံးကို ဆွဲထုတ်လိုက်ပြီး ချန်းပင်အန်းနှင့် ကျူးဟယ်ကို ဝှေ့ယမ်းပြလိုက်ပြီး အပြုံးနှင့်ပြောလိုက်သည်။
“ဒီအရက်တစ်ငုံ သောက်ပြီးသွားရင် သွားမယ်လေ။ ဘာမှမစိုးရိမ်ပါနဲ့... ငါမြန်မြန်သောက်မှာပါ…”
ကျူးဟယ်၏မျက်နှာပေါ်တွင် အလျင်လိုသည့် အမူအရာတစ်ခုပေါ်လာခဲ့သည်။ သူက ပြောလိုက်၏။
“စီနီယာအိုက်လျန် …
ကျွန်တော်တို့ တာ့လီအင်ပါယာက တောင်တန်းဝိညာဉ်တွေ၊ နတ်ဆိုးတွေနဲ့ ဆက်ဆံတဲ့နေရာမှာ အမြဲတမ်း ပြေပြေလည်လည်ရှိခဲ့တယ်။ ပြောရမယ်ဆိုရင် လူသားတွေရဲ့ အသက်မဆုံးရှုံးဘူးဆိုရင် နန်းတွင်းက ဝင်ပါမှာမဟုတ်ဘူး…”
အိုက်လျန်ကတော့ တုံ့ပြန်ခဲ့ခြင်း မရှိဘဲ မတ်တပ်ရပ်လိုက်ပြီး ချန်းပင်အန်း၊ ကျူးဟယ်တို့နှင့်အတူ ထွက်ခွာသွားခဲ့၏။ ထိုသို့ဆိုလျှင် သူတို့က မဖိတ်ခေါ်ထားသော ဧည့်သည်များကို ရှောင်တိမ်းနိုင်ပါလိမ့်မည်။
သို့သော် သူတို့က မည်သည့်နေရာကိုမျှ သွားစရာမလိုကြောင်း သိပ်မကြာခင် ထင်ရှားလာခဲ့၏။ မြစ်ကို ဖြတ်ကူးလာသော ထိုအဖွဲ့ထဲတွင် ပထမဆုံး လှုပ်ရှားလိုက်သည်မှာ အဘိုးအို ဖြစ်သည်။ သူကတော့ အဖွဲ့ထဲတွင် ရှိသော လူတိုင်းထက် ကျင့်စဉ်အဆင့် အမြင့်ဆုံး ပိုင်ဆိုင်ထားပုံရ၏။
သူက လျှပ်စီးကြောင်းနှင့် အပစ်ခံလိုက်ရသည့်အလား နေရာတွင် ချက်ချင်း ရပ်သွားခဲ့သည့်အတွက် အဖွဲ့ထဲမှ တခြား(၄)ယောက်ကလည်း နောက်မှ လျင်မြန်စွာ ရပ်လိုက်မိခဲ့သည်။
ထို့နောက် ချက်ချင်းဆိုသလိုပင် အဘိုးအိုက အလွန်စိုးရိမ်ထိတ်လန့်စွာ ထွက်ပြေးသွားခဲ့၏။ သူက ထိုအဖော်(၄)ယောက်ကိုစောင့်ပြီး အဝေးကို ထွက်ပြေးသွားချင်နေပုံရသည်။ တခြား(၄)ယောက်ကလည်း နောက်မှ လျင်မြန်စွာ လိုက်သွားခဲ့ကြ၏။
အိုက်လျန်ဆီတွင် ရှုပ်ထွေးနေသော အမူအရာတစ်ခု ပေါ်လာသော်လည်း သူ၏နှုတ်ခမ်းကတော့ ပြုံးသည်ဆိုရုံလေး ပြုံးလိုက်၏။
ကျူးဟယ်က အနည်းငယ် စိုးရိမ်သွားခဲ့သည်။ ထိုအချိန်တွင် သူ့လက်ထဲ၌ ကိုင်ထားသော ခေါင်းလောင်းသံက လုံးဝကို တိတ်ဆိတ်နေခဲ့၏။
“စီနီယာအိုက်လျန် …
အဲဒါက စီနီယာ လုပ်လိုက်တာလား…”
သူက သတိထား၍ မေးလိုက်၏။
အိုက်လျန်က သူ၏ခါးတွင် ချိတ်ထားသော ငွေရောင်ဘူးသီးခြောက်လေးကို ကိုင်လိုက်ပြီး မေးစေ့ကို လက်နှင့်ပွတ်၍ ပြောလိုက်၏။
“ငါ့ရဲ့သတ်ဖြတ်ချင်စိတ်တွေက ဒီလောက်တောင် သိသာသွားတာလား…”
“အဲဒီလူတွေက ခင်ဗျားရဲ့ဓားအားဖြည့်ဘူးသီးခြောက်ကို မှတ်မိသွားတာများ ဖြစ်နိုင်မလား..”
ချန်းပင်အန်းက တိတ်တဆိတ်မေးလိုက်သည်။
ထိုစကားကို ကြားသည့်အခါ အိုက်လျန်က အားရပါးရရယ်လိုက်၏။ သူက ချန်းပင်အန်း၏ ပုခုံးကိုလက်နှင့်ပုတ်လိုက်ပြီး ကမ်းပါးပေါ်မှ အတူတူ ပြန်ဆင်းလာခဲ့ကြသည်။
“သေချာပေါက်ဖြစ်နိုင်ပါတယ်။ ဒီဓားအားဖြည့်ဘူးသီးခြောက်တွေမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိတယ်။ ငါက သာမန်လူတွေကိုတောင် မပြောနိုင်တဲ့ လျှို့ဝှက်ချက်တွေပေါ့…”
ရုတ်တရက်ဆိုသလို အိုက်လျန်က ချန်းပင်အန်း၏ ပုခုံးပေါ်မှ သူ့လက်ကို ဖယ်လိုက်ပြီး သူ့ကို ရှေ့ဆက်သွားရန် ပြောခဲ့သည်။
ချန်းပင်အန်းက ရှေ့သို့ လျှောက်သွားသည့်အချိန်တွင် အိုက်လျန်က ကျူးဟယ်၏ပုခုံးပေါ်သို့ လက်တင်ပြီး မေးလိုက်၏။
“ကျူးဟယ် …
မင်းက အဆင့်(၅)သိုင်းပညာရှင် မဟုတ်လား။ မင်းက သိုင်းပညာရှင် တစ်ယောက်ဆိုတာ ချန်းပင်အန်းက ဘယ်လိုသိသွားတာလဲ။ မင်းက ငါ့ကို သင်ပေးလို့ရနိုင်မလား။ ငါကတော့ ခန့်မှန်းလို့ မရနိုင်တဲ့ ပညာရှင်တစ်ယောက်ပုံစံ ကိုယ့်ကိုယ်ကိုယ် ပြင်ဆင်ထားပေမဲ့ ငါဘယ်လောက်အစွမ်းထက်လဲဆိုတာ သူမသိသေးဘူး…”
ကျူးဟယ်၏ခန္ဓာကိုယ်က ချက်ချင်းပင်တောင့်တင်းသွားခဲ့ပြီး သူက မသက်မသာပြန်ဖြေလိုက်ရသည်။
“စီနီယာအိုက်လျန်က ဘာတွေပြောနေတာလဲ ကျွန်တော်မသိဘူး…”
ထိုတုံ့ပြန်မှုကြောင့် အိုက်လျန်က အတော်လေး မကျေမနပ်ဖြစ်သွာခဲ့၏။
“မင်းက ဒီလောက်လည်း ကပ်စေးမနည်းပါနဲ့…”
“ကျွန်တော် တကယ်မသိတာပါ စီနီယာအိုက်လျန်…”
ကျူးဟယ်က မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။
ထိုအချိန်တွင် ချန်းပင်အန်းက ပြန်လှည့်လာပြီး အဝေးမှနေ၍ အိုက်လျန်ကို လှမ်းပြောလိုက်သည်။
“အိုက်လျန် ခင်ဗျားရဲ့စကားလုံးက ဘာလဲ…”
အိုက်လျန်၏မျက်နှာပေါ်တွင် ဝမ်းသာသွားသည့် အမူအရာတစ်ခု ချက်ချင်းပေါ်လာခဲ့သည်။ သူက လည်ချောင်းရှင်းလိုက်ပြီး သူ၏ဦးထုပ်ကိုပြင်၍ ကောင်းကင်ပေါ်သို့ လက်မထောက်လိုက်သည်။
“အဲဒါက အမိုက်စား ဆိုတဲ့စကားလုံးပဲ…”
ချန်းပင်အန်းကလည်း အစောပိုင်းတွင် မြစ်ကို ဖြတ်ကူးလာသော လူ(၅)ယောက်ကဲ့သို့ နေရာတွင် ချက်ချင်းရပ်သွားမိခဲ့သည်။ ထို့နောက် သူက တိတ်တဆိတ် ပြန်လှည့်သွားခဲ့ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်နေရင်း အဝေးကိုထွက်သွားခဲ့လေ၏။
“ဒါက တော်တော်လေးကို ကြောင်တောင်တောင်နိုင်တာပဲ…”
Translated by Hein Htet.