← Chapters

အခန်း (၉၆)

Vol. 7 Ch. 96

အခန်း (၉၆)

Vol. 7 Ch. 96

ပန်းပဲဆိုင်တွင် စုစုပေါင်း ရေတွင်း (၇) တွင်း တူးထားပြီး လတ်ဆက်သန့်ရှင်းသော ရေချိုများကို ပေးနိုင်သည်။ နဂါးစီးလမ်းကြားထဲတွင် ခဏကြာ နေထိုင်ခဲ့သော ဆရာရွမ်က အင်မော်တယ် ဓားဖန်တီးသူ တစ်ယောက်ဖြစ်ပြီး နန်းတွင်းကပင် သူ့ကို အလွန်အလေးထားရသည်။

အထွေထွေရေးရာဌာနမှ အရာရှိများနှင့် အမတ်ကြီးဝူတို့ကပင် သူ့ဆီကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လည်ပတ်ကြသည့်အတွက် ဆရာရွမ်က အလွန်အမင်း အရေးပါသော လူတစ်ယောက်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

အတော်များများက ပန်းပဲဆိုင်တွင် အလုပ်လုပ်ရန် သူတို့၏ကလေးများကို စေလွှတ်ချင်ကြသော်လည်း ပန်းပဲဆိုင်က လူထပ်ခေါ်ခြင်း မရှိတော့သည်မှာ ကံဆိုးသွားသည်။ သို့သော် တစ်ကြိမ်တွင်တော့ ဆရာရွမ်က အရက်ဝယ်ရန် မြို့ထဲသို့ ထွက်လာခဲ့သည့်အချိန်တွင် သူ့တပည့်အဖြစ် ကလေး (၂) ယောက်ကို ရွေးချယ်လာခဲ့သည်။

နောက်တစ်နေ့တွင်တော့ အရက်ဆိုင်ထဲတွင် လူပေါင်းများစွာ ပြည့်ကျပ်နေပြီး မိဘများ၊ အစောင့်များက သူတို့၏ကလေးများကို ခေါ်လာခဲ့ကြ၏။ ပြဿနာကတော့ ထိုနေရာတွင် အရက်ဝယ်ရန် လူတစ်ယောက်မျှ ရောက်မလာဘဲ လူတိုင်းက ဆရာရွမ် ရောက်လာပြီး သူတို့၏ကလေးများကို မျက်စိကျစေရန် မျှော်လင့်နေခဲ့ကြသည်။

သို့သော် ကလေးငယ်များကတော့ ထိုအရာများအားလုံးကို ဂရုမစိုက်ခဲ့ကြပေ။ သူတို့က အိမ်ထဲမှ ထွက်လာရသည့်အတွက် အတော်လေး စိတ်လှုပ်ရှားနေကြပြီး သူတို့အားလုံးက အားရပါးရ ဆော့ကစားနေသည့်အတွက် လမ်းကြားထဲတွင် ဆူညံပွက်လော ရိုက်နေခဲ့၏။

အရာရှိဝူယွမ် ရောက်မလာခင် မြို့ထဲတွင် ရှိနေသော မြို့သူမြို့သားများက တာ့လီအင်ပါယာထဲရှိ မြို့သားများအဖြစ်သာ သိနေကြပြီး နဂါးမီးဖိုကြီးများကိုလည်း တာ့လီတော်ဝင်မိသားစုအတွက် အသုံးအဆောင်များ ပြုလုပ်ရန် ဖန်တီးကြသည်ဟုသာ သိထားကြသည်။

မြို့ငယ်လေးထဲကို ဝင်နိုင် ထွက်နိုင်သည်မှာ လူအနည်းငယ်လေးသာရှိပြီး မြို့ထဲတွင် နေထိုင်သူ အများစုကတော့ အပြင်ဘက်တွင် ရှိနေသော မိသားစုများဆီကို သွားရောက်လည်ပတ်ခြင်း၊ ပညာရှာဖွေခြင်းနှင့် တခြားနေရာမှ လူများကို လက်ထပ်ခြင်းများ ပြုလုပ်သည်မှာ ရှားပါးသည်။

ထို့ကြောင့် အပြင်ဘက်ကမ္ဘာကြီးနှင့် ပတ်သက်သော အချက်အလက်များ မရှိကြပေ။ မျိုးရိုးကြီး (၄) ခုနှင့် ကလန် (၁၀) ခုမှ လူများကသာ အပြင်ဘက် ကမ္ဘာကြီး အကြောင်းကို သိနေကြပြီး သူတို့ကလည်း ထိုလျှို့ဝှက်ချက်များကို လူတိုင်းသိအောင် မပြောရဲကြပေ။

အသက်ကြွေ ရွေးချယ်ခံရသော ကံကောင်းသည့် ကလေးငယ်များကသာ အပြင်ဘက်ကမ္ဘာကြီးကို ထွက်သွားရန် အခွင့်အရေး ရှိကြသည်။ လီကျိုးသုခဘုံ မပျက်စီးခင် မြို့ထဲမှ ထွက်သွားခဲ့သော လူတိုင်းက သူတော်စင် (၄) ယောက် ချမှတ်ထားသော စည်းကမ်းများကြောင့် အိမ်ကိုပြန်လာရန် လုံးဝမဖြစ်နိုင်ကြပေ။

တိုင်းပြည်ရုံးတော်မှ ထုတ်ပြန်ထားသော ကြေညာချက်များနှင့် ရှင်းပြချက်များအရ စာဖတ်တတ်သော လူများက လက်ရှိအခြေအနေကို နားလည်လာကြသည်။ ယခင်တုန်းက အလွန်သတိထားရသော လုံချွမ်တိုင်းပြည်မှ တောင်တန်းများကို ဘေးကင်းလုံခြုံစွာ သွားလာနိုင်မည် ဖြစ်သည်။

နန်းတွင်းကလည်း ထိုတောင်တန်းများကြားထဲတွင် လမ်းဖောက်ပေးရန် ကြိုးစားနေပြီး ထိုအရာကို လုပ်ဆောင်ရန်အတွက် တိုင်းပြည်၏ သဘာဝအရင်းအမြစ်များကို အရေးပါသော လူများဆီသို့ ပေးအပ်ရန် တောင်တန်းများကို လက်ဆောင်ပေးခဲ့သည်။

ထိုအချိန်တွင် တိုင်းပြည်ရုံးတော်မှ အရာရှိကြီးများ ဦးဆောင်သော အဖွဲ့တစ်ဖွဲ့က ပြည်သူပြည်သားများအတွက် စည်းမျဉ်းမျိုးစုံကို စတင်ပြောပြနေပြီး သူတို့က အပြင်လူများနှင့် မည်သို့ယှဉ်တွဲနေထိုင်ရမည်ဖြစ်ကြောင်း ရှင်းပြနေကြသည်။

ဥပမာအနေနှင့် ပြောရလျှင် အကြောင်းပြချက် မရှိဘဲ အပြင်လူများကို အပြစ်ရှာခြင်းများ၊ ကလေးငယ်များက လမ်းမပေါ်တွင် ပြေးလွှားဆော့ကစားနေခြင်းမျိုး၊ ခွင့်ပြုချက်မရှိဘဲ အပြင်လူများ၏ မြင်းကို ကိုင်ခြင်းမျိုးကို တင်းတင်းကြပ်ကြပ် တားမြစ်ထားသည်။

အကယ်၍ ပြဿနာတစ်ခုခု ဖြစ်လာလျှင် ပါဝင်ပတ်သက်သူများက တိုင်းပြည်ရုံးတော်ကို သတင်းပို့ရမည် ဖြစ်သည်။ သူတို့က ထိုကိစ္စများကို ကိုယ်တိုင်ဆုံးဖြတ်၍ မရနိုင်ပေ။ ထိုအစား တိုင်းပြည်ရုံးတော်မှ အရာရှိများဆီကိုသွားပြီး ထိုအမှုများကို စစ်ဆေးရမည် ဖြစ်၏။

မျိုးရိုးကြီး (၄) ခုနှင့် ကလန် (၁၀) ခုကတော့ ပြောင်းလဲမှုများကို အလွန်အကျွံ စိတ်ဝင်စားခြင်း မရှိကြသလို တိုင်းပြည်ရုံးတော်၏ လုပ်ဆောင်မှုများကို ကူညီပေးကြခြင်းလည်း မရှိချေ။ ထိုအစား သူတို့က ဘေးမှစောင့်ကြည့်နေကြပြီး တိုင်းပြည်ရုံးတော်က မည်သို့အရူးလုပ်နေကြောင်း စောင့်နေကြသည်။ ထိုမေးခွန်းများ၏ အဖြေကတော့ ဝူယွမ်နှင့် မြေခွေးအိုကြီးများဆီတွင်သာ ဖြစ်နိုင်သည်။

ရွမ်ရှို့က ဘဝတစ်လျှောက်လုံး ဖုန်းရွှယ်ကျောင်းဆောင်တွင် ကြီးပြင်းခဲ့သည်။ ထို့ကြောင့် မြို့ငယ်လေးထဲတွင် ဖြစ်ပေါ်နေသော အပြောင်းအလဲကြီးများက သူမအပေါ် သက်ရောက်မှုမရှိသလို သူမက ဂရုစိုက်နေခြင်းလည်း မရှိချေ။

သူမက အရပ်ပုပု အမျိုးသမီးကို တွေ့ခဲ့ရသည့် အချိန်ကတည်းကစပြီး စိတ်မကြည်မသာ ဖြစ်နေခဲ့၏။ ထိုအမျိုးသမီးက ခွင့်ပြုချက်မရှိဘဲ ချန်းပင်အန်း၏ အိမ်ထဲသို့ ဝင်ခဲ့သည့်အပြင် ခြံဝန်းတံခါးကို ခတ်ထားသော ကြေးသော့နှင့် အရှေ့တံခါးကို ဖျက်ဆီးခဲ့သည်။

ရွမ်ရှို့က သန့်ရှင်းရေးလုပ်ရန် နေအိမ်သို့ သွားခဲ့သည့်အချိန်တွင် တံခါးသော့ လဲလှယ်နေသူများနှင့် တွေ့ခဲ့ရပြီး ဒေါသထွက်သွား၍ ဖြစ်ခဲ့သည့်အရာများကို မေးခဲ့သည်။ ထိုလူများက သူမကို သိနေပုံရပြီး ချက်ချင်းပင် တောင်းပန်လိုက်ကြ၏။ သူမကို တလေးတစား ဆက်ဆံကြသော်လည်း ထိုအကြောင်းအရာများအားလုံး၏ နောက်ကွယ်တွင် ရှိနေသော အဓိကတရားခံကို မေးသည့်အချိန်တွင်တော့ သေချာပြောမပြနိုင်ကြပေ။

အဆုံးတွင်တော့ ရွမ်ရှို့က တံခါးသော့အဟောင်းနှင့် သော့ခလောက်အသစ်အတွက် သော့များကို တောင်းလိုက်သည်။ ထို့နောက် ပန်းပဲဆိုင်သို့ ပြန်သွားသည့်အချိန်တွင် အရှက်မရှိသော အမျိုးသမီးကို တွေ့လိုက်ရ၏။ သူမက တံခါးသော့ကို မမျှော်လင့်ပဲ ဖျက်ဆီးမိခဲ့ကြောင်း သူမကို ပြောခဲ့သည်။

ရွမ်ရှို့ကတော့ ချန်းပင်အန်းနှင့် သဘောတူထားခဲ့သည့်အတိုင်း ရွှံ့ပုလင်းလမ်းကြားထဲရှိ သူ့အိမ်ကို လူတချို့ ငှားရမ်းပြီး ပြင်ဆင်ပေးနေခဲ့သည်။ အမိုးပေါ်တွင် ဧရာမအပေါက်ကြီး တစ်ခုရှိပြီး သစ်သားတန်းများကလည်း ဆွေးမြေ့ပျက်စီးနေခဲ့၏။ အနီရောင် ဆေးများကလည်း စတင်ကွာကျနေပြီ ဖြစ်သည်။

ရွမ်ရှို့က ထိုအရာများအားလုံး လုပ်ဆောင်ရန် အလုပ်သမားများကို ညွှန်ကြားထားပြီး ပြင်ဆင်မှုများ လုပ်ဆောင်နေခဲ့၏။ ထို့သို့ ညွှန်ကြားပြီးသည်ကိုပင် သူမက ထိုလူများကို ယုံကြည်အပ်နှံခဲ့ခြင်း မရှိချေ။ ထို့နောက် သူတို့၏အလုပ်ကို သေချာကြီးကြပ်ရန် တစ်ချိန်လုံး စောင့်ကြည့်နေခဲ့၏။

ထို့ပြင် ချန်းပင်အန်း ပိုင်ဆိုင်ထားသော မုန့်ဆိုင်နှင့် ကုန်စုံဆိုင်၏ကိစ္စများလည်း ရှိနေသေးသည်။ ယခင်ဆိုင် (၂) ဆိုင်၏ မူလပိုင်ရှင်အဟောင်းများက ထွက်ခွာသွားကြပြီ ဖြစ်သည်။ ထို့ကြောင့် သူမက ထိုအရာကို ယူလိုက်ရ၏။ သူမက ကောက်ကျစ်ပြီး ဉာဏ်နီဉာဏ်နက်များသော အလုပ်သမားများကို ရွေးချယ်ရဲခြင်း မရှိသည့်အတွက် ပန်းပဲဆိုင်တွင် အလုပ်လာလုပ်သော သူများကို သေချာမေးမြန်းပြီး ရိုးသားပြီး အလုပ်ကြိုးစားသည့် အမျိုးသမီးများကို ဆိုင်တွင် ခန့်အပ်ထားခဲ့သည်။

မုန့်ဆိုင်က ကိတ်မုန့်နှင့် အစာပြေမုန့်မျိုးစုံကို ဆက်လက်ရောင်းချနေပြီး ကုန်စုံဆိုင်ကတော့ ရှေးဟောင်းပစ္စည်းများ၊ အသုံးအဆောင်များ၊ ပန်းချီ၊ စာရေးကိရိယာပစ္စည်းများကဲ့သို့ ပစ္စည်းမျိုးစုံကို ဆက်လက်ရောင်းချနေခဲ့သည်။

ရွမ်ရှို့က ပန်းပဲဆိုင်တွင် အလုပ်မများသည့်အချိန်တိုင်း ထိုဆိုင်တစ်ဆိုင်၏ စားပွဲခုံပေါ်တွင် အနားယူနေတတ်သည်။ တစ်ခါတစ်ရံ ထိုကဲ့သို့ တစ်နေ့လုံး ကုန်ဆုံးသွားတတ်၏။ သူမက ဝယ်သူကိုခေါ်ရန် မလိုအပ်သလို အရောင်းအဝယ် လုပ်ရာတွင်လည်း ကျွမ်းကျင်မှု မရှိပေ။

ထိုဆိုင် (၂) ဆိုင်လုံးက ချန်းပင်အန်း ပိုင်ဆိုင်ထားခြင်း ဖြစ်သည်။ ထို့ကြောင့် အကယ်၍ သူမက ကိုယ်ပိုင်နည်းလမ်းနှင့် လုပ်ဆောင်မည်ဆိုလျှင် မုန့်တစ်ခုချင်းဆီ ရောင်းချသည့်အတွက် ငွေစများစွာ အမြတ်အစွန်း ရနိုင်ပါလိမ့်မည်။

သို့သော် သေချာစဉ်းစားကြည့်လိုက်လျှင် သူမက နှလုံးသားဖြူစင်သော မိန်းကလေးတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် သူမ၏မသိစိတ်က ထိုကဲ့သို့ အရာမျိုးကိုလုပ်ရန် ခွင့်မပြုပေ။

ထိုအချိန်တွင် သူမကတော့ အခြေအနေကိုကြည့်ပြီး လုပ်ဆောင်တတ်သော အလုပ်သမားများကို အနည်းငယ်ငှားရန် စဉ်းစားနေခဲ့သည်။ ထိုသို့ဆိုလျှင် ဆိုင်အတွက် ပို၍များပြားသော အကျိုးအမြတ်များ ရလာနိုင်၏။ သို့သော် တစ်ချိန်တည်းတွင် ချန်းပင်အန်း ပြန်လာသည့်အချိန်၌ သူ့အကျင့်စရိုက်နှင့် မကိုက်နိုင်သော အလုပ်သမားများကို မကြိုက်မှာ စိုးရိမ်နေခဲ့၏။

သူမက တွေးစရာကိစ္စ များပြားလာသည့်အတွက် အလွန်သဘောကျသော အဆာပြေမုန့်များ စားခြင်းကိုပင် ရပ်တန့်လိုက်သည်။ ရလဒ်အနေနှင့် သူမ၏ ပါးဖောင်းဖောင်းလေးက အနည်းငယ် လျော့ကျလာပြီး မေးစေ့က အနည်းငယ် ချွန်လာခဲ့သည်။ ထို့ကြောင့် သူမ၏ပုံစံက အနည်းငယ် ဆွဲဆောင်မှုရှိနေ၏။

ရွမ်ချုံကတော့ မြို့ထဲတွင် ပျင်းသည့်အချိန်တိုင်း ရှန်ရှို့တောင်နှင့် သူ ဝယ်ထားသော တောင်များတွင် ရှုမျှော်ခင်းကြည့်ရန် သွားကြည့်သင့်သည်ဟု အကြံပေးခဲ့သည်။ သို့သော် သူမကတော့ ထိုအကြံကို လုံးဝ စိတ်မဝင်စားချေ။ သူမက ဆင်ခြေ တစ်ခုပြီးတစ်ခု ပေးနေခဲ့သည့်အတွက် ရွမ်ချုံကလည်း ထပ်မံအကြံပေးခဲ့ခြင်း မရှိချေ။

ထို့ပြင် သူမက ထိုကဲ့သို့ ငူငူငိုင်ငိုင်နှင့် လုပ်ဆောင်လာလေလေ ဓားဖန်တီးသည့် အချိန်တိုင်း ပို၍စွမ်းအားပြည့်ဝပြီး အာရုံစူးစိုက်မှုကို ရလာလေလေ ဖြစ်သည်။ ရလဒ်အနေနှင့် သူမ၏ကျင့်စဉ်အဆင့်က လျင်မြန်စွာ တိုးတက်လာနေသည့်အတွက် ရွမ်ချုံ၏ စိုးရိမ်မှုများအားလုံး ပျောက်ကွယ်သွားခဲ့ရသည်။ ထိုအရာက သူမ၏ကျင့်စဉ်အတွက် အကျိုးရှိကြောင်း မြင်လိုက်ရသည့်အခါ သူလည်း နှောင့်ယှက်နေခြင်း မရှိတော့ချေ။

သာမန်လူတစ်ယောက်အတွက်တော့ သူတို့က သေဆုံးသွားသည်မှာ ကြာခဲ့လျှင်ပင် သူတို့၏သားသမီးမြေးမြစ်များက အဘိုးနှင့် အမျိုးသမီးကြီးများ ဖြစ်နေကြပါပြီ။ ထိုသို့ဆိုရာတွင် ကျင့်ကြံမှု လျှောက်လှမ်းသော သူတို့နှင့် သက်တူရွယ်တူ တချို့ကတော့ ယခုအချိန်ထိ လူငယ်ပုံစံသာ ရှိနေသေး၏။

ထိုရက်များ အတောအတွင်း သူမက အတော်လေးကို စိတ်ပျက်နေခဲ့၏။ အဘယ်ကြောင့်ဆိုသော် သူမက ဆိုင်တွင် တစ်ယောက်တည်း ရှိနေသည့်အချိန်တိုင်း စိတ်အနှောင့်အယှက်ပေးတတ်သော လူတစ်ယောက် ရောက်လာတတ်သည်။

ထိုအရာက ခါးတွင် အနီရောင်ပုလွေချိတ်ထားသော လူငယ်တစ်ယောက် ဖြစ်၏။ သူက ကောင်းမွန်စွာ ဝတ်ဆင်ထားပြီး ခေါင်းတွင် ရွှေရောင်သရဖူတစ်ခု ဆောင်းထားသည်။ သူ လုပ်ဆောင်နေသည့် အရာအားလုံးက မောက်မာမှုများ ပြည့်နှက်နေ၏။

သို့သော် သူ့ပုံစံက မည်သူဖြစ်ကြောင်း သူမလည်း မမှတ်မိခဲ့ပေ။ သူမက သူ့ကို သေသေချာချာပင် ကြည့်ရှုခဲ့ခြင်းမရှိဟု ဆိုနိုင်၏။ ရွမ်ရှို့ လူမှန်းသိတတ်ခါစ အရွယ်ကတည်းကစပြီး ထိုကဲ့သို့ လူပေါင်းများစွာကို ကြုံခဲ့ဖူးသည်။

သူမ၏အဖေက ဖုန်းရွှယ်ကျောင်းဆောင်မှ ကျင့်ကြံသူတစ်ယောက် ဖြစ်သည့်အပြင် အရှေ့ပိုင်းကုန်းမြင့်ကြီး တစ်ခုလုံးတွင် အတော်ဆုံး ဓားဖန်တီးသူ တစ်ယောက်လည်း ဖြစ်သည်။ ထို့ကြောင့် သူမ၏အနားကို ကပ်ရန် ကြိုးစားနေသော လူနည်းပါးမှု မရှိခဲ့ပေ။

သို့သော် မြို့ထဲသို့ ရောက်လာပြီးနောက် ရွမ်ချုံက တာ့လီနန်းတွင်းနှင့် သဘောတူညီမှုတစ်ခု လုပ်ခဲ့ကြောင်း သူမကို ပြောပြခဲ့၏။ သူတို့က မြို့ငယ်လေးထဲတွင် နေထိုင်နေသည်ဟု ပြင်ပကမ္ဘာကြီးတွင် ကြေညာ၍ မရစေရန် တားဆီးထားပြီး သူ၏ဂုဏ်သတင်းကိုသုံး၍ အကျိုးအမြတ်များရအောင် လုပ်ဆောင်ခြင်းကို တားမြစ်ထားသည်။

အကယ်၍ သူတို့ကသာ ထိုသဘောတူညီချက်ကို ချိုးဖောက်လိုက်မည်ဆိုလျှင် သူက နန်းတွင်းနှင့် ဆွေးနွေးရမည်ဖြစ်ပြီး ရလဒ်က မည်သို့ ဖြစ်လာမည်ဖြစ်ကြောင်း သူလည်း အာမမခံနိုင်တော့ပေ။ ရွမ်ချုံက လီကျူးသုခဘုံထဲသို့ ကျရောက်လာသော ကျင့်ကြံသူများကို သတ်ပစ်လိုက်သည့်အတွက် အနီးအနားတွင် ရှိနေသော ကျင့်ကြံသူများက အတော်လေး အမှန်တကယ် ကြောက်လန့်သွားကြသည်။

ထိုအဖြစ်အပျက်အတွင်း တာ့လီနန်းတွင်းနှင့် အင်မော်တယ်ဂိုဏ်းများက ရွမ်ချုံ၏ အကျင့်စရိုက်ကို ပို၍နားလည်လာခဲ့ကြ၏။ မည်သူကမျှ သူတို့၏အသက်ကိုစွန့်စားပြီး ရွမ်ချုံကို စမ်းသပ်လိုခြင်း မရှိကြပေ။ ထိုကဲ့သို့ လုပ်ဆောင်ရဲသော လူတိုင်းက ရွမ်ချုံ၏ ပိုင်နက်ထဲတွင် တရားမျှတစွာ သတ်ပစ်ခံရနိုင်သည်။ မဟုတ်လျှင်လည်း ရွမ်ချုံ၏ ပိုင်နက်ထဲသို့ ဆွဲခေါ်ခံရပြီး တရားမျှတစွာ သတ်ပစ်ခံရမည်ဖြစ်၏။

တာ့လီအင်ပါယာထဲတွင် ရွမ်ချုံကို အစစ်အမှန် ဒုက္ခပေးနိုင်သည်မှာ သူ၏ ပါရမီရှင်သမီးလေး ရွမ်ရှို့ကလွဲလျှင် အလွန်အမင်းကို အစွမ်းထက်သော ပညာရှင် လက်တစ်ဆုပ်စာခန့်သာ ရှိသည်။ အကယ်၍ ရွမ်ရှို့ကြောင့်သာ မဟုတ်လျှင် ရွမ်ချုံက ဖုန်းရွှယ်ကျောင်းဆောင်မှ ထွက်လာပြီး ချီကျင့်ချွန်၏လက်ထဲမှ လီကျူးသုခဘုံလေးကို လက်လွှဲယူလိမ့်မည် မဟုတ်ချေ။

ထိုအချိန်တွင် မည်သူကမျှ ဤကမ္ဘာငယ်လေးကို စိတ်ဝင်စားခြင်း မရှိချေ။ ကမ္ဘာငယ်လေး၏ အတွင်းထဲတွင် လူတစ်ယောက်၏ ကျင့်စဉ်အဆင့်က ကောင်းကင်တာအို၏ ဆက်တိုက် ဖိနှိပ်မှုကိုခံရမည် ဖြစ်သည်။ အကောင်းဆုံး ရလဒ်ကတော့ လူတစ်ယောက်က သူတို့၏ ကျင့်ကြံမှုကို ထိန်းသိမ်းထားနိုင်ပြီး သူတို့၏ခန္ဓာကိုယ် ပျက်စီးမှုကို ကာကွယ်ထားနိုင်ရန်သာ မျှော်လင့်နိုင်သည်။

ချီကျင့်ချွန်ကတော့ ထိုစည်းမျဉ်းတွင် ချွင်းချက်တစ်ခု ဖြစ်သွားခဲ့၏။ သူက လူတိုင်းကို အံ့အားသင့်သွားစေခဲ့သည်။ ရွမ်ရှို့က ရွမ်ချုံအတွက် အလွန်အရေးပါကြောင်း နားလည်နေသည့်အတွက် တာ့လီအင်ပါယာကလည်း ရွမ်ရှို့ကို မထိခိုက်စေရန် သူတို့၏အဆင့်အတန်းကို လျှို့ဝှက်ပေးထားမည်ဟု သဘောတူခဲ့၏။

နဂါးစီးလမ်းကြားထဲတွင် ရှိနေသော ကုန်စုံဆိုင်သို့ လာရောက်လည်ပတ်နေစဉ် အတောအတွင်း ပြောခဲ့ဖူးသော လူငယ်က ရွမ်ရှို့ကို တွေ့သွားခဲ့သည်။ သူက သူမ၏အလှတရားကို လုံးဝစိတ်ဝင်စားသွားခဲ့၏။ သူ့စိတ်ထဲတွင်တော့ သူမက ဤဆိုင်တွင် အလုပ်လုပ်သော မိန်းကလေးတစ်ယောက် ဖြစ်သည့်အတွက် အဆင့်အတန်းမြင့်သော မိန်းကလေးတစ်ယောက် မဖြစ်နိုင်ဟု တွေးထားခဲ့သည်။

ထို့ကြောင့် ချောမောသော သူ၏ရုပ်ရည်၊ အထက်တန်းကျသော အပြုအမူနှင့် အစွမ်းထက်သော နောက်ခံအင်အားများအရ သူမက မြင်မြင်ချင်း သဘောကျမည်ဟု အလွန်သေချာနေခဲ့သည်။ သူက သူမကို သူ၏အစေခံတစ်ယောက်အဖြစ် ခေါ်သွားချင်နေခဲ့သည်။ ထိုသို့ဆိုလျှင် သူမက သူ့အနားတွင် ရှိနေနိုင်၏။

သို့သော် သူ့ကလန်က သူ့ကို ဤနေရာတွင် တောင်ဝယ်ရန် တာဝန်ပေးလိုက်ခြင်း ဖြစ်သည်။ ဤမြို့လေးထဲတွင် သူ ပြဿနာရှာ၍ မရနိုင်သော အစွမ်းထက်ပညာရှင်များစွာ ပြည့်နှက်နေ၏။ အလွန်ဒေါသကြီးသော ရွမ်ချုံကို ဖယ်ထားလိုက်လျှင်ပင် တာ့လီအင်ပါယာ၊ အထွေထွေရေးရာဌာနနှင့် နက္ခတ်ရေးရာဌာနမှ အရာရှိများအပြင် တာ့လီတော်ဝင်နန်းဆရာ၏ တန်ဖိုးအထားရဆုံး တပည့်ကလည်း မြို့စား ဖြစ်နေသေးသည်။

ထို့ကြောင့် သူက မြို့ထဲကို ရောက်သွားပြီးလျှင် သိုသိုသိပ်သိပ် နေရမည်ဖြစ်ကြောင်း သူ့အဖေက သူ့ကို ပြောခဲ့၏။ အကယ်၍ သူ ပြဿနာတက်၍ သေဆုံးသွားမည် ဆိုလျှင်ပင် သူ့ကလန်က ဝင်ရှုပ်ရဲမည် မဟုတ်ချေ။ ထို့ကြောင့် သူက သူ့ကလန်၏ လက်အောက်တွင် ရှိနေသော ပိုင်နက်ထဲတွင် နေထိုင်သကဲ့သို့ စိတ်တိုင်းကျ မလုပ်ရဲခြင်း ဖြစ်သည်။

ထို့ပြင် သူက သဘောကျသော မိန်းကလေးများကို ချဉ်းကပ်ရာတွင် အလွန်ကျွမ်းကျင်သော်လည်း မိန်းကလေးများ လိုလိုလားလားနှင့် လာရောက်ချဉ်းကပ်ခြင်းကို ပို၍သဘောကျသည်။ စားပွဲပေါ်တွင် အမြဲတမ်း အနားယူနေသော မိန်းကလေးက ရွမ်ချုံ၏ သမီးဖြစ်မည်ဟု သူလည်း လုံးဝ ‌ခန့်မှန်းမိလိမ့်မည် မဟုတ်ချေ။

တစ်နေ့တွင်တော့ သူက ကုန်စုံဆိုင်ကို နောက်တစ်ကြိမ် လာရောက်ခဲ့ပြီး စင်ပေါ်တွင် မျက်စိကျသော ပစ္စည်းများကို ကောက်ယူလိုက်သည်။ ထို့နောက် သူက အလုပ်သမား မိန်းမပျိုတစ်ယောက်နှင့် အရောင်းအဝယ် လုပ်ချင်ယောင်ဆောင်လိုက်သည်။ ထို့နောက် သူက ရွမ်ရှို့ကို နှုတ်ဆက်သည့်အလား လှမ်းခေါ်လိုက်၏။

သူက ထိုသို့ လုပ်ဆောင်လိုက်သည့် အချိန်တွင် သူ လက်ထဲ၌ ရှိနေသော အဆောင်ကျောက်တုံးလေးကို ညင်သာစွာ မြှောက်ပြလိုက်သည်။ သူက ထိုအရာကို သဘောကျသည့်အတွက် ဈေးမေးလိုက်ခြင်း ဖြစ်၏။ အကယ်၍ သူ့ကို ထိုကျောက်တုံးလေး ရောင်းမည်ဆိုလျှင် ငွေစ (၃၀) ထက် ဈေးလျော့ပေးနိုင်မလား မေးလိုက်ခြင်းလည်း ဖြစ်သည်။ ထိုပမာဏက သူ့အတွက် ဈေးကြီးနေသည်ဟု ပြောခဲ့၏။ အမှန်အတိုင်းပြောလျှင်တော့ ငွေစ (၃၀) ဟူသည်မှာ သူ့အတွက် အဖိုးတန်နေခြင်း မရှိချေ။

ရွမ်ရှို့ကတော့ သူ့ကို ခေါင်းမော့၍ပင် မကြည့်ခဲ့ပေ။ လူငယ်က ပုခုံးတွန့်လိုက်ပြီး အေးအေးဆေးဆေး အမူအရာနှင့် ထိုကျောက်တုံးကို ဝယ်မည်ဟု ပြောလိုက်၏။ ထို့နောက် သူက နောက်ထပ် ပစ္စည်း (၂) ခုကို ကောက်လိုက်ပြီး ရွမ်ရှို့ကို ဈေးလျော့ပေးနိုင်မလား ထပ်မေးလိုက်သည်။ ထို့ပြင် သူက မြို့ထဲတွင် အချိန်တော်တော်ကြာနေမည် ဖြစ်သည့်အတွက် ဤဆိုင်တွင် ပုံမှန်ဝယ်သူတစ်ယောက် ဖြစ်လာမည်ဟုလည်း ထပ်ဖြည့်ပြောခဲ့သေး၏။

သူက စကားပြောလေလေ ရွမ်ရှို့က ပို၍စိတ်ညစ်ညူးလာလေလေဖြစ်ပြီး စားပွဲခုံပေါ်တွင် လက်တင်၍ အိပ်နေရင်း အေးစက်စွာ ပြန်ဖြေလိုက်သည်။

"တကယ်လို့ နင်က တစ်ခုခု လိုချင်တယ်ဆိုရင် ပါးစပ်ပိတ်ပြီး ဝယ်သွားလိုက်...။ နင်က တန်ဖိုးအတိုင်းပေးမယ်ဆိုရင် လိုချင်တာကို ဝယ်လို့ရတယ်…"

အလွန်ရိုင်းစိုင်းသော သူမ၏တုံ့ပြန်မှုကြောင့် ထိုလူငယ်က ဒေါသထွက်သွားရမည့်အစား အတော်လေး စိတ်ဝင်စားသွားခဲ့၏။ သူ့မျက်လုံးထဲတွင်တော့ ရွမ်ရှို့က သိမ်းသွင်းရန် စောင့်နေသည့် မြင်းရိုင်းတစ်ကောင်ကဲ့သို့ ဖြစ်သည်။ သူကတော့ ဒေါသမထွက်သည့်အပြင် ရွမ်ရှို့၏ အေးတိအေးစက် အမူအရာကြောင့် သူမကို ရင်ထဲတွင် ပို၍လိုချင်လာခဲ့သည်။

တောင်များကို ဝယ်ယူမှုက အပေးအယူ ပြီးဆုံးသွားပြီဖြစ်ပြီး သူကတော့ ထုံးတမ်းစဉ်လာအရ မြို့ထဲကို ရောက်လာပြီး သူ့ကလန်အတွက် တံဆိပ်တုံး နှိပ်ပေးရန်သာ ဖြစ်သည်။ ထို့ကြောင့် သူက ဤနေရာတွင် ရောက်နေစဉ် အတောအတွင်း ဘာကြောင့် အပျော်မရှာရမည်နည်း။

ထိုကြောင့် သူက အလုပ်သမား မိန်းမပျိုကို သူဝယ်ထားသော ပစ္စည်း (၃) ခု ထုတ်ပိုးခိုင်းလိုက်သည်။ သူက ထွက်မသွားခင် အပြုံးနှင့် ပြောလိုက်၏။

"ငါ မနက်ဖြန်ပြန်လာခဲ့မယ် မိန်းကလေး..."

နောက်ဆုံးတွင်တော့ ရွမ်ရှို့က သူ့ကို ပထမဆုံးအကြိမ် မော့ကြည့်ပြီး ပြောလိုက်သည်။

"နောက်တစ်ကြိမ် ပြန်မလာခဲ့နဲ့…"

လူငယ်က ရွမ်ရှို့ကို စိတ်ဝင်တစား လှည့်ကြည့်လိုက်၏။ သူမကို ပို၍ကြည့်လေလေ ပို၍သဘောကျလေလေ ဖြစ်သည်။ သူ၏နယ်မြေထဲတွင် မျက်နှာချေထူထူ လိမ်းထားသော မိန်းကလေးများကပင် သူမ၏အလှနှင့် မယှဉ်နိုင်ခဲ့ပေ။

သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာပြီး မေးလိုက်၏။

"ဘာလို့လဲ…"

ရွမ်ရှို့က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

"ဒီဆိုင်ကို ငါ့မိတ်ဆွေက ဝယ်ထားတာ...။ ဒါကြောင့် ဒီဆိုင်မှာ ဘယ်လိုဝယ်သူတွေပဲ လာရမယ်ဆိုတာ ငါက ဆုံးဖြတ်ပေးနိုင်တယ်။ မျက်စိဆံပင်မွှေး စူးစရာ ဝယ်သူမျိုးကိုတော့ ဝင်ခွင့်မပေးနိုင်ဘူး…"

လူငယ်က မျက်လုံးပြူးသွားခဲ့ပြီး သူ့ကိုယ်သူ လက်ညှိုးထိုး၍ မေးလိုက်သည်။

"ငါက မျက်စိမွှေးစူးစရာ ဖြစ်နေတာလား။ ဘယ်လိုဖြစ်လို့လဲ…"

ရွမ်ရှို့က စားပွဲပေါ်သို့ နောက်တစ်ကြိမ် မှောက်အိပ်လိုက်ပြီး လက်ကာ၍ ပြောလိုက်သည်။

"ဝေးဝေးကို သွားတော့...။ ငါ နင့်လိုလူတစ်ယောက်နဲ့ စကားမပြောချင်ဘူး…"

ဆိုင်အပြင်ဘက်တွင် စောင့်နေသော အရပ်ရှည်ရှည် သန်သန်မာမာ လူက ရွမ်ရှို့ကို မကျေမနပ်အမူအရာနှင့် အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။ လူငယ်က ပြုံးလိုက်ပြီး သူ့အစေခံကို အေးအေးဆေးဆေးနေရန် အချက်ပြလိုက်၏။

ထို့နောက် ပစ္စည်း (၃)ခုအတွက် ငွေကြေးပေးချေပြီးနောက် သူက ဆိုင်ဝင်ပေါက်သို့ ထွက်သွားခဲ့ပြီး ပြန်လှည့်၍ ပြောလိုက်သည်။

"မနက်ဖြန်ကျရင် တွေ့မယ်…"

ရွမ်ရှို့က တိုးတိုးလေး သက်ပြင်းချလိုက်မိ၏။ ထို့နောက် မတ်တပ်ရပ်လိုက်ပြီး စားပွဲခုံနောက်မှထွက်၍ လူငယ်ကို မျက်နှာချင်းဆိုင်ပြီး ပြောလိုက်သည်။

"အကြံတစ်ခုတော့ ပေးမယ်။ နောက်ပိုင်းကျရင် သူများပြောတဲ့စကားကို နားထောင်သင့်တယ်…"

လူငယ်က အလွန်ဆွဲဆောင်မှုရှိသော ရွမ်ရှို့ကို တစ်ကိုယ်လုံး စိုက်ကြည့်နေခဲ့သည်။ သူကတော့ ထိုကဲ့သို့ မိန်းကလေးမျိုးကို တွေ့ခဲ့ရသည့်အတွက်လည်း အတော်လေး ဝမ်းသာသွားသလို ခံစားနေရသည်။ သူက ရွမ်ရှို့ ပြောခဲ့သည့်အရာများကို ကြားသော်လည်း အလေးအနက် မထားခဲ့ပေ။

ရုတ်တရက်ဆိုသလို သန်သန်မာမာအစောင့်၏ ခန္ဓာကိုယ်က တင်းကျပ်သွားခဲ့ပြီး အရေပြားများက ရှုံ့တွသွားသလို ခံစားလိုက်ရ၏။ သူ၏ခန္ဓာကိုယ် တစ်ခုချင်းဆီတိုင်းက အန္တရာယ်အငွေ့အသက်များကို ခံစားလိုက်ရသည်။ သို့သော် သူ ဘာမှမလုပ်နိုင်သေးခင် ရွမ်ရှို့နှင့် လူငယ်တို့က နဂါးစီးလမ်းကြား၏ တစ်ဖက်ခြမ်းတွင် ရှိနေသော နံရံဆီသို့ တဟုန်ထိုး ရောက်သွားကြောင်း တွေ့လိုက်ရသည်။

ရွမ်ရှို့က လူငယ်၏နဖူးကို ကိုင်ထားကြောင်း မြင်လိုက်ရ၏။ ထို့နောက် နံရံဆီသို့ အားနှင့် စောင့်ချလိုက်ရာ သူ့ခေါင်းနှင့် လက်ခုံက နံရံထဲတွင် နစ်ဝင်သွားခဲ့သည်။ လူငယ်က ချက်ချင်း သတိလစ်သွားခဲ့ပြီး ခန္ဓာကိုယ်ထဲမှနေ၍ သွေးများစီးကျလာခဲ့၏။ သူ့နောက်တွင် ရှိနေသော နံရံပေါ်တွင်လည်း အက်ကွဲကြောင်းများစွာ ပေါ်လာခဲ့သည်။

ရွမ်ရှို့က သတိလစ်နေသော လူငယ်ကိုကြည့်ပြီး ပြန်ပြောလိုက်၏။

"ဒါကြောင့် တခြားလူပြောတဲ့စကားကို နားထောင်ခိုင်းတာလေ။ ကြည့်ရတာ နင်က နားမထောင်ချင်သေးဘူးထင်တယ်…"

ရွမ်ရှို့က ခြေထောက်မြှောက်ပြီး အားနှင့်ကန်ချလိုက်သည်။ ထိုအချိန်တွင် လူငယ်၏ ခန္ဓာကိုယ်က နံရံထဲသို့ ကျွံဝင်သွားခဲ့ပြီး အလွန်ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခု ပေါ်လာခဲ့သည်။

ရွမ်ရှို့က ခြေထောက်ကို ရုတ်လိုက်ပြီးနောက် ပြန်လှည့်ပြီး ဆိုင်သို့ ထွက်သွားခဲ့၏။ အစေခံကတော့ အနည်းငယ်လေးပင် လှုပ်ရှားရဲခြင်းမရှိချေ။

သူမက သူ့ကို ပြောလိုက်၏။

"သူ့ကို ဒီနေရာကနေ ခေါ်သွားလိုက်တော့...။ နံရံကို ပြန်ပြင်ခဲ့ဖို့လည်း မမေ့နဲ့…"

အစေခံက အဆင့် (၅) သိုင်းပညာရှင်တစ်ယောက် ဖြစ်သည်။ သို့သော် သူက ရွမ်ရှို့ကို စကားပြန်ပြောရဲခြင်းပင် မရှိချေ။ အပေါ်ယံတွင်တော့ သူက သခင်လေး၏ ကိုယ်ရံတော် တစ်ယောက်ဖြစ်သော်လည်း ကလန်၏ အစစ်အမှန် ထောက်တိုင်ဖြစ်သော ပြင်ပ ဧည့်သည်အကြီးအကဲတစ်ယောက် ဖြစ်သည်။

သို့သော် တခြားသော အစွမ်းထက်ပညာရှင်များ၏ ကိုယ်စားလှယ်များကဲ့သို့ ထိုဧည့်သည်အကြီးအကဲက အထွေထွေရေးရာဌာနမှ လက်ယာအမတ်ကြီးနှင့် နက္ခတ်ရေးရာဌာနမှ ဖုန်းရွှေပညာရှင်များကို ချဉ်းကပ်ပြီး သူတို့ကလန်ဝယ်ထားသော တောင်တန်းများကို စစ်ဆေးရန် လိုက်လာခဲ့ခြင်း ဖြစ်သည်။

အဆင့် (၅) သိုင်းပညာရှင်ဟူသည်မှာ အလွယ်တကူ တိုက်ခိုက်နိုင်သော အရာတစ်ခုတော့ မဟုတ်ချေ။ ထိုအစား ရွမ်ရှို့က အလွန်ကြောက်စရာကောင်းနေခြင်းသာ ဖြစ်သည်။

သူ့သခင်လေးက အဆင့် (၄) ကျင့်ကြံသူ တစ်ယောက် ဖြစ်သည်။ သူက အင်မော်တယ်ကလန်များမှ အစစ်အမှန် ပါရမီရှင်များကို မယှဉ်နိုင်သော်လည်း သူသာ အဆင့် (၅) ကို ရောက်မည်ဆိုလျှင် သူ၏ပိုင်နက်ကို အုပ်စိုးရန် အရည်အချင်း ရှိလာပါလိမ့်မည်။

မည်သို့ဖြစ်စေကာမူ သိုင်းပညာရှင်များသာ အတွေ့များသော တာ့လီအင်ပါယာထဲတွင် ကျင့်ကြံသူများက ပို၍လေးစားခံရသည်။ ဝယ်ယူထားသော တောင် (၂)တောင်ကလည်း ထိုလူငယ်၏ အနာဂတ်အင်ပါယာအတွက် စမှတ်တစ်ခု ဖြစ်သည်။ သူ မည်သည့်ကလန်မှ ရောက်လာခြင်းဖြစ်ကြောင်း အဆင့် (၅) သိုင်းပညာရှင်က ရွမ်ရှို့ကို ခြိမ်းခြောက်ရန် ကြေညာတော့မည့်အချိန်တွင် အခြေအနေက အလွန်အလျင်လိုနေခဲ့၏။

သူက လမ်းကြား၏ တစ်ဖက်တွင်ရှိနေသော နံရံဆီသို့ အလျင်အမြန် ပြေးသွားခဲ့သည်။ ခဏကြာပြီးနောက် သူက ဒေါသတကြီး ပြန်အော်လိုက်၏။

"ကောင်မစုတ်လေး …

မင်းက ငါတို့သခင်လေးရဲ့ ကျင့်ကြံမှုအုတ်မြစ်ကို ဖျက်ဆီးပစ်ခဲ့တာပဲ…"

ထိုအချိန်တွင် ရွမ်ရှို့ကတော့ ဆိုင်ကို ပြန်သွားနေပြီ ဖြစ်သည်။ သူမက ပြန်လှည့်မကြည့်ဘဲ ပြောလိုက်၏။

"ကျွန်မ သိတယ်။ သူ့ကို တမင်တကာ ဒုက္ခခံစားရအောင် အသက်ရှင်လျက် ထားပေးလိုက်တာ..."

သိုင်းပညာရှင်က ရူးသွပ်သွားတော့မလို ခံစားနေရ၏။ သူက ရူးနေသော မိန်းမပျို တစ်ယောက်ကို ရင်ဆိုင်နေရသည်ဟုပင်‌ တွေးမိလာခဲ့သည်။

ရွမ်ရှို့က အပြုံးနှင့် ဆက်ပြောလိုက်၏။

"အစောပိုင်းမှာ ရှင့်ရဲ့သခင်လေးက ကျွန်မကို စော်ကားခဲ့တယ်။ ဒါပေမဲ့ ကျွန်မက သူ့ကို မတုံ့ပြန်ခဲ့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက ရှင်တို့ရဲ့ကလန်ကိုပဲ ပစ်မှတ်ထားတာမို့လို့ပဲ။ ရှင်တို့ရဲ့ကလန်က ဘယ်လိုကိစ္စတွေပဲလုပ်လုပ် သူတို့က လက်တုံ့ပြန်ဖို့ လူလွှတ်မယ်လို့ ထင်တာပဲ။ ရှင့်ရဲ့အကြီးအကဲတွေ ဒါမှမဟုတ် မိတ်ဆွေတွေကို ဒီမှာဖြစ်တဲ့ အကြောင်းတွေကိုပြောပြပြီး ဒီကိုလာခိုင်းလိုက်...။ စိတ်မပူပါနဲ့။ ကျွန်မက ဘယ်ကိုမှမသွားဘူး။ ကျွန်မက ရှင်တို့ကို ဒီနေရာမှာပဲ စောင့်နေမယ်။ ဒါပေမဲ့ ကိစ္စတစ်ခုခုကိုတော့ သေချာရှင်းရှင်းလင်းလင်း ပြောလိုက်မယ်။ တကယ်လို့ ရှင်က ကျွန်မ နောက်ကိုလိုက်ဖို့ လူတစ်ယောက်မှ မလွှတ်ဘူးဆိုရင် ဒါမှမဟုတ် ရှင်ကလန်က ဒီကိစ္စကို တောင်းပန်ဖို့အတွက် ဘယ်သူမှမလာဘူးဆိုရင် ကျွန်မက အကုန်လုံးကို တစ်စစီ ဖျက်ဆီးပစ်ရလိမ့်မယ်။ ဘာမှမဖြစ်သလို ပြီးသွားမယ်လို့မထင်နဲ့…"

ခဏကြာ စဉ်းစားနေပြီးနောက် ရွမ်ရှို့က ဆက်ပြောလိုက်သည်။

"တကယ်လို့ ရှင်တို့မျိုးနွယ်ခေါင်းဆောင် ဒါမှမဟုတ် ကျွန်မကို အနိုင်တိုက်နိုင်တဲ့ တစ်ယောက်ယောက်ကို ခေါ်လာမယ်ဆိုရင်တော့ ကျွန်မက ကျွန်မရဲ့အဖေကိုပဲ ခေါ်ရလိမ့်မယ်။ ကျွန်မမှာ မိသားစုဆိုလို့ သူတစ်ယောက်ပဲရှိတာဆိုတော့ ကျွန်မမှာ ရွေးချယ်စရာမရှိဘူး…"

ရုတ်တရက်ဆိုသလို သူမ၏ရင်ထဲ၌ ဝမ်းသာပျော်ရွှင်မှုတစ်ခုကို ခံစားလိုက်ရပြီး ကိုယ့်ကိုယ်ကိုယ် ဖိနှိပ်ထားခဲ့ရသည်။ ယခုတော့ သူမဆီတွင် အဖေအပြင် မိတ်ဆွေ တစ်ယောက်ရှိပြီး ထိုအရာကတော့ ဤဆိုင်ပိုင်ရှင် ဖြစ်၏။

သိုင်းပညာရှင်က ရွမ်ရှို့၏မျက်နှာပေါ်ရှိ အပြုံးကို အံ့ဩမှင်တက်စွာ စိုက်ကြည့်နေမိခဲ့သည်။ လက်ရှိအချိန်တွင် သူမကတော့ လုံးဝကို ရူးသွပ်သွားပြီဖြစ်ကြောင်း တွေးနေမိခဲ့၏။

လက်ရှိအချိန်တွင် သူ့အတွက် အရေးကြီးဆုံး အရာကတော့ သူ့သခင်လေး၏ ကျင့်စဉ်အဆင့်ကို တတ်နိုင်သမျှ ထိန်းသိမ်းထားရန် ဖြစ်သည်။ ထို့ကြောင့် သူက အချိန်မဆွဲရဲပေ။

သခင်လေးကို နောက်ကျောပေါ်တွင် အလျင်အမြန် တင်လိုက်ပြီး နဂါးစီးလမ်းကြားထဲမှ လျင်မြန်စွာ ထွက်သွားခဲ့၏။ သူက ထိုကလန်တွင် အရေးပါသော လူတစ်ယောက်၏ ကိုယ်ရံတော် တစ်ယောက်အဖြစ် လုပ်ဆောင်နေသည့်အတွက် သူ ကိုယ်တိုင်နှင့် နဂါးစီးလမ်းကြား၏ ကြားထဲတွင် ရှိနေသော အကွာအဝေး သတင်းအချက်အလက်များကို သိနေခဲ့သည်။

သူက ချက်ချင်းပင် အော်ပြောလိုက်၏။

"ငါ့သခင်လေးက ချူးကလန်ရဲ့ ချမ်းသာခြင်းမြို့ကနေ ရောက်လာတာ...။ ငါတို့ကလန်က တာ့လီအင်ပါယာရဲ့ အထူးဧည့်သည်တွေပဲ။ ငါတို့မျိုးနွယ်ခေါင်းဆောင်က ခလောက်တောင်ရဲ့ ဒုဂိုဏ်းချုပ်ပဲ…"

သို့သော် သူ၏ကြေညာချက်ကို တုံ့ပြန်သည့် လူတစ်ယောက်မျှ မရှိသည့်အတွက် ရင်ထဲတွင် လေးလံသွားခဲ့သည်။ အမှောင်ထဲတွင် ပုန်းနေသော တာ့လီအင်ပါယာမှ သူလျှိုများက ဝင်ပါရန် ရွေးချယ်ခဲ့ခြင်း မရှိချေ။

"ဒါက အဓိပ္ပါယ်မရှိဘူး…"

သိုင်းပညာရှင်က ဒဏ်ရာရနေသော ခွေးတစ်ကောင်ကဲ့သို့ ထွက်ပြေးသွားခဲ့ပြီး သူ့သခင်လေးက ရန်မစသင့်သူတစ်ယောက်ကို ရန်စမိခဲ့ခြင်း ဟုတ်မဟုတ် တွေးနေမိခဲ့သည်။

သို့သော် သူတို့၏ မျိုးနွယ်ခေါင်းဆောင်က ‌ဤတိုင်းပြည်ထဲတွင် နေထိုင်သော ရွမ်ချုံနှင့် တာ့လီအင်ပါယာမှ အရာရှိများ အကြောင်းကို သေချာပြောထားခဲ့သည်။ သူတို့က တခြားသူများကို စိုးရိမ်နေရန် မလိုအပ်ပေ။ ဘာကြောင့် သာမန်ဆိုင်တစ်ဆိုင်တွင် နေထိုင်သော မိန်းကလေးငယ်လေး တစ်ယောက်က ထိုကဲ့သို့ အစွမ်းထက်သော သိုင်းပညာရှင်တစ်ယောက် ဖြစ်နေရသနည်း။

အဝေးတွင်တော့ လူငယ်တစ်ယောက်က နံရံပေါ်တွင် လက် (၂) ဖက်ထောက်၍ ထိုင်နေခဲ့၏။ သူက ပျင်းရိစွာ သမ်းဝေပြီး ပြောလိုက်သည်။

"ငါတို့ တာ့လီအင်ပါယာက မင်းတို့ချူးကလန်ကို ကြောက်မယ်လို့ ထင်နေတာလား..”

ထို့နောက် သူက ကုန်စုံဆိုင်ကို လှည့်ကြည့်လိုက်ရာ ရွမ်ရှို့က စားပွဲနောက်တွင် မရှိတော့ကြောင်း တွေ့လိုက်ရသည်။ သူက အပြုံးနှင့် ပြောလိုက်၏။

"ဖုန်းရွှယ်ကျောင်းဆောင်ထဲက ရိုးရိုးရှင်းရှင်း နေတတ်တဲ့ မိန်းကလေးပါလား.."

ထို့နောက် သူ့အပြုံးက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့ပြီး သူ၏ပတ်ပတ်လည်ကို ဆက်လက်စစ်ဆေးနေခဲ့သည်။ သူကတော့ အနီးအနားတွင် ရှိနေသော တာ့လီအင်ပါယာမှ သူလျှိုများအားလုံးကို ဆင့်ခေါ်ပြီး ပစ်မှတ်တိုင်းကို လိုက်လံတိုက်ခိုက်နိုင်စွမ်း ရှိသည်။ သူတို့၏နောက်ခံ အဆင့်အတန်းကို ဂရုစိုက်နေစရာ မလိုအပ်ပေ။

တစ်ချိန်တည်းတွင် ဤကိစ္စက ဤနေရာတွင် အဆုံးသတ်သွားမည်မဟုတ်ကြောင်း သိနေခဲ့၏။ အနည်းဆုံးတော့ ရွမ်ချုံက ဤကိစ္စကို သေချာပေါက် ကြားပါလိမ့်မည်။ ဘုရင်ကပင် ချမ်းသာခြင်းမြို့မှ ချူးကလန်ကို သေချာပေါက် အပြစ်ပေးရမည် ဖြစ်၏။ တာ့လီအင်ပါယာက သူတို့အတွက် ရပ်တည်ပေးလျှင် ဖိအားများ ကြုံရနိုင်သည်။

လက်ရှိအချိန်တွင် တာ့လီအင်ပါယာက စွမ်းအားအထွဋ်အထိပ်ကို ရောက်နေပြီး မည်သည့်အရာကိုမျှ ကြောက်စရာမလိုအပ်ပေ။ သို့သော် စာသင်သားများ၏ အပြစ်တင်မှုကိုတော့ အလေးထားသည်။ သို့သော် ယခင်ဘုရင်ကြီးနှင့် လက်ရှိဘုရင်တို့ကတော့ စာသင်သားများကို အလွန်အလေးထားပြီး ရက်ရက်ရောရော ဆက်ဆံခဲ့သည်။

ဈေးဆိုင်တွင်ရှိနေသော မိန်းကလေး အလုပ်သမားများက အလွန်ကြောက်လန့်နေကြသည့်အတွက် အသက်ပင် ကောင်းကောင်းမရှူရဲကြပေ။ ပုံမှန်အားဖြင့် ရွမ်ရှို့က သဘောကောင်းပြီး ချစ်စရာကောင်းသော မိန်းကလေး တစ်ယောက် ဖြစ်သည်။ သူမက ထိုကဲ့သို့အရာမျိုး လုပ်နိုင်လိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ထိုအချိန်တွင် ရွမ်ရှို့ကတော့ စားပွဲခုံပေါ်တွင် ငေးငိုင်စွာ ဆက်လက် အနားယူနေခဲ့၏။ ရုတ်တရက် ဆိုသလို သူမက အတွေးတစ်ခုပေါ်လာပြီး အံဆွဲထဲမှ ကျောက်တုံးလေးတစ်တုံးကို ထုတ်လိုက်သည်။ ထိုကျောက်တုံးကို စားပွဲပေါ်သို့ တင်လိုက်ပြီး ကျောက်တုံးကို လက်ညှိုးလေးနှင့် ဆော့ကစားနေခဲ့၏။

အလွန်လှပသော မိန်းမပျို၏ မြင်ကွင်းထဲတွင်တော့ ထိုအရာက အတော်လေးကို ကျေနပ်စရာကောင်းသည်။

Translated by Hein Htet.

All Chapters