← Chapters

အခန်း (၉၇)

Vol. 7 Ch. 97

အခန်း (၉၇)

Vol. 7 Ch. 97

လုံချွမ်တိုင်းပြည်၏ အနောက်တောင်ဘက်‌နယ်မြေထဲတွင် ရှိနေသော နင်းပြားတောင်၏ မြေမျက်နှာသွင်ပြင်က ထိုနယ်မြေထဲတွင် ရှိနေသော တခြားတောင်များနှင့် ယှဉ်လိုက်မည်ဆိုလျှင် အလွန်ထူးခြားနေပြီး စိတ်ဝင်စားစရာ ကောင်းလွန်းလှသည်။

အဖွဲ့တစ်ဖွဲ့က လုံချွမ်တိုင်းပြည်နယ်စပ်သို့ ရောက်လာပြီးနောက် ရွမ်ချုံ သတ်မှတ်ထားသော စည်းမျဉ်းများအရ မြေပေါ်သို့ ဆင်းသက်လိုက်ကြပြီး ခြေလျှင်ဆက်၍ ခရီးဆက်လာကြသည်။

သူတို့က နဂါးကျောရိုးတောင်ကို စစ်ဆေးရန်အတွက် တောင်တန်းများထဲကို ဝင်ရောက်လာခြင်းဖြစ်ပြီး ထိုတောင်ပေါ်တွင် နဂါးခေါင်းဖြတ်စင်မြင့် တည်ရှိနေသည်။ ထိုအရာက (၃)ပိုင်း ပိုင်းလိုက်လျှင်ပင် အရှေ့ပိုင်းကုန်းမြေကြီးတစ်ခုလုံး၌ အကြီးဆုံး ဓားသွေးကျောက်တစ်ခု ဖြစ်လာနိုင်၏။

ကျင့်ကြံသူ အဖွဲ့တစ်ဖွဲ့အတွက်တော့ တောင်တန်းများပေါ်တွင် ခြေလျင် သွားလာရသည်မှာ ခက်ခဲကြမ်းတမ်းသည့် တာဝန်တစ်ခု မဟုတ်ချေ။ မည်သို့ဖြစ်စေကာမူ ဖုန်းရွှယ်ကျောင်းဆောင်မှ စစ်ကျောင်းကျင့်ကြံသူများက ခန္ဓာကိုယ်သန့်စင်မှုကို အလေးထားကြပြီး ထိုအရာက ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်ကို လေ့ကျင့်နိုင်သော ကျင့်ကြံမှုတစ်မျိုးလည်း ဖြစ်သည်။

အဝေးတွင် ရွမ်ချုံကို မြင်လိုက်ရသည့်အချိန်၌ သူတို့(၄)ယောက်က ချက်ချင်း အရှိန်မြန်လိုက်ကြ၏။ ထို့နောက် သူတို့က လက်နှစ်ဖက်ကို ဆုတ်၍ တလေးတစား အရိုအသေ ပေးလိုက်ကြသည်။ ဝါစဉ်အရ ပြောရမည်ဆိုလျှင် ရွမ်ချုံက ဖုန်းရွှယ်ကျောင်းဆောင်ထဲ၌ အဆင့်မြင့်မားမှု မရှိချေ။ သို့သော် သူ့ဆီ၌ ကျော်ကြားသော ဂုဏ်သတင်းတစ်ခု ရှိသည်။

ကုန်းမြေကြီးတစ်ခုလုံး နာမည်ကျော်ကြားသော ဓားဖန်တီးခြင်းစွမ်းရည်ကို ကြေညာလိုက်ပြီးနောက် သူက ဂိုဏ်းအဖွဲ့ဝင်များအတွက် ဓားပေါင်း(၁)ဒါဇင်ကျော် ဖန်တီးပေးခဲ့ပြီး မိတ်ဆွေပေါင်းများစွာ ရှိလာခဲ့သည်။ သို့သော် ရွမ်ချုံက ဖုန်းရွှယ်ကျောင်းဆောင်မှ ဂိုဏ်းခွဲ(၆)ခုလုံး၏ လက်ခံမှုကို ရခဲ့သော အဖြစ်အပျက်တစ်ခုလည်း ရှိသည်။

အရှေ့ပိုင်းကုန်းမြေကြီး၏အလယ်ပိုင်းတွင် အလွန်အစွမ်းထက်သော ရေအဆောင်အင်ပါယာဟုခေါ်သည့် တိုင်းပြည်တစ်ခု ရှိသည်။ တာ့မိုစံအိမ်က ထိုတိုင်းပြည်ထဲတွင် ထိပ်တန်း အင်မော်တယ်ဂိုဏ်းများထဲမှတစ်ခု ဖြစ်သည်။ ထိုအချိန်တွင် သူတို့၏ခေါင်းဆောင်က ဓားအင်မော်တယ် တစ်ယောက်ဖြစ်လာသော ပါရမီရှင် လူငယ်ခေါင်းဆောင်တစ်ယောက်ဖြစ်၏။ သူက ဓားကောင်းတစ်လက်ကို လိုအပ်နေခဲ့သည်။

အလွန်ထူးခြားသော ရွမ်ချုံ၏ ဓားဖန်တီးခြင်းပညာကို ကြားလိုက်ရသည့်အချိန်တွင် သူက ဓားတစ်လက် ဖန်တီးရန်အတွက် ဖုန်းရွှယ်ကျောင်းဆောင်၏ ရေစိမ်းရေကန်ကို ကိုယ်တိုင်လာရောက်လည်ပတ်ခဲ့သည်။ သို့သော် ထိုအချိန်တွင် ရွမ်ချုံက ဂိုဏ်းတူညီလေး တစ်ယောက်အတွက် ဓားတစ်လက် ဖန်တီးပေးရန် သဘောတူပြီးသွားပြီဖြစ်သည်။ သူက ထိုအရာကို နှစ်ပေါင်းများစွာ အချိန်ပေးရဦးမည်ဖြစ်၏။

အလွန်မောက်မာသော ဓားအင်မော်တယ်က မည်မျှပြောဆိုစေကာမူ ရွမ်ချုံက ငြင်းဆန်နေသည်။ သူ့ပုံစံကလည်း ဓားတစ်လက်ကဲ့သို့ ဖြစ်နေခဲ့၏။ သူက တာ့မိုစံအိမ်အတွက် အခမဲ့ ဖန်တီးပေးမည်ဟု ကြေညာခဲ့သော်လည်း သူ လက်ရှိ ဖန်တီးနေသော ဓားပြီးမှသာ လုပ်ဆောင်ပေးမည်ဟု ပြောခဲ့သည်။ လူငယ်ဓားအင်မော်တယ်ကတော့ ထိုငြင်းဆန်မှုကြောင့် အရှက်ကွဲသလို ခံစားခဲ့ရ၏။ ထို့ကြောင့် အလွန်ဒေါသထွက်သွားခဲ့သည်။

ထိုအချိန်တွင် ရွမ်ချုံက အဆင့်(၉) ကျင့်ကြံသူအဆင့်သာ ရှိသေး၏။ သို့သော် ဆိုးဆိုးရွားရွား ဒဏ်ရာရခဲ့သည်ကိုပင် သူကတော့ ငြင်းဆန်နေသေးသည့်အတွက် ထိုတိုက်ပွဲတွင် နာမည်ဂုဏ်သတင်းကျော်ကြားလာခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးတွင်တော့ တာ့မိုစံအိမ်က ထိုအဖြစ်အပျက်အတွက် အလွန်ကြီးမားသော တန်ကြေးတစ်ခုကို ပေးဆပ်လိုက်ရသည်။ ထိုဓားအင်မော်တယ်က ဖုန်းရွှယ်ကျောင်းဆောင်ထဲတွင် နှစ်ပေါင်း(၅၀) ချုပ်နှောင်ခံလိုက်ရသည့်အပြင် (၆)နှစ်အတောအတွင်း ဖုန်းရွှယ်ကျောင်းဆောင်တွင် ရှိနေသော ဂိုဏ်းခွဲ‌(၆)ခုမှ ပညာရှင်များက တာ့မိုစံအိမ်ကို စိန်ခေါ်ရန် ကိုယ်စားပြုတစ်ယောက်ဆီ စေလွှတ်ခဲ့သည်။

တစ်ချိန်တုန်းက ရေအဆောင်တိုင်းပြည်ထဲတွင် နံပါတ်(၁)ဂိုဏ်းဖြစ်ခဲ့သော တာ့မိုစံအိမ်က ဖုန်းရွှယ်ကျောင်းဆောင်၏ မညှာမတာ ဖျက်ဆီးမှုကြောင့် ပျက်စီးသွားခဲ့ရပြီး ဒုတိယတန်းစားဂိုဏ်း တစ်ခုအဖြစ်ကို လျော့ကျသွားခဲ့ရသည်။ ယခုအချိန်ထိ ပြန်လည်အသက်ဝင်လာခြင်းမရှိသေးပေ။

ရွမ်ချုံကလည်း အပြုံးနှင့် အရိုအသေပြန်ပေးလိုက်၏။ သူတို့ ဖုန်းရွှယ်ကျောင်းဆောင်ထဲတွင် ရှုပ်ထွေးသော အပြုအမူမျိုး မရှိပေ။ ရိုးရှင်းသော အရိုအသေပေးမှုကပင် နှုတ်ဆက်ခြင်းတစ်မျိုးဖြစ်ပြီး အဆင့်နိမ့် အဖွဲ့သားတစ်ယောက်က ခေါင်းဆောင်နှင့် တွေ့သည့်အချိန်မျိုးတွင်ပင် ရိုးရိုးရှင်းရှင်းသာ နှုတ်ဆက်ရန် လိုပေသည်။

ရွမ်ချုံက နဂါးကျောရိုးတောင်နှင့် ပတ်သက်သော ကိစ္စတချို့ကို သူတို့သိအောင် ပြောပြလိုက်သည်။ ဥပမာအနေနှင့် ပြောရလျှင် တာ့လီအင်ပါယာက လုံချွမ်တိုင်းပြည်နှင့် ပတ်သက်၍ ချမှတ်ထားသော တရားဝင်ဥပဒေများအကြောင်း ဖြစ်သည်။ ထို့နောက် သူက မေးလိုက်၏။

“နတ်ဘုရားစင်မြင့်က ဝေ့ကျင်းက ဒီခရီးလမ်းမှာ မိတ်ဆွေတို့နဲ့အတူ မြောက်ပိုင်းကို လိုက်လာခဲ့သေးလား…”

အဖြူရောင်ဝတ်စုံဝတ်ထားပြီး နောက်ကျောတွင် ဓားတစ်လက် လွယ်ထားသော အဘိုးအိုက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“ဒီကိုလာတဲ့လမ်းမှာတော့ ဂိုဏ်းက ဓားပျံကနေတဆင့် သတင်းတစ်ခု ရခဲ့တယ်။ ဦးလေးဝေ့က မြောက်ဘက်ကို သွားခဲ့ပေမဲ့ ငါတို့အတူတူ လာခဲ့တာတော့ မဟုတ်ဘူး။ ဦးလေးဝေ့က ဒီခရီးကိုလာခဲ့တယ်ဆိုတာကလည်း ကောင်းကင်မိန်းမပျိုဟယ်က ‌တာအိုဂိုဏ်းတွေရဲ့ ကိုယ်စားပြု‌အနေနဲ့ လီကျူးသုခဘုံကို ရောက်လာမယ်ဆိုတာ ကြားလို့လေ။ အခြေအနေလွဲမှားတာမရှိရင် သူက တောင်ဘက်ကိုလာတဲ့လမ်းမှာ ကောင်းကင်မိန်းမပျိုဟယ်နဲ့ တွေ့နေလောက်ပြီပေါ့…”

“ဒါဆိုရင် မိတ်ဆွေတို့က ဝေ့ကျင်းကိုရော တွေ့ခဲ့ဖူးလား…”

ရွမ်ချုံက မေးလိုက်သည်။

သူတို့‌(၄)ယောက်က ခေါင်းခါပြီး ပြောလိုက်ကြ၏။

“ငါတို့တွေတစ်ယောက်မှ သူ့ကို မမြင်ဖူးကြဘူး…”

“ဘာလို့မေးတာလဲ ဆရာရွမ်။ တစ်ခုခုဖြစ်လို့လား…”

အဖြူဝတ်အဘိုးအိုက ပြန်မေးလိုက်သည်။

ရွမ်ချုံက လက်ကာပြလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

“ကျွန်တော် သိချင်ရုံပါပဲ။ ကျွန်တော် မှတ်မိသလောက် ပြောရမယ်ဆိုရင် ဝေ့ကျင်းက အသက်(၄၀)လောက်ပဲ ရှိသေးတယ်။ ဒါပေမဲ့ သူ့ရဲ့ ကျင့်ကြံမှုက အဆင့်(၁၀)မှာ တည်ငြိမ်နေပြီ။ နတ်ဘုရားစင်မြင့်က ဘိုးဘေးလျှိုရဲ့မျိုးဆက်ကို ဆက်လက် သယ်ဆောင်ဖို့အတွက် သူ့လို လူတစ်ယောက်ကို လိုအပ်တယ်…”

အဖွဲ့သား(၅)ယောက်က တောင်တက်လမ်းပေါ်တွင် တိတ်တဆိတ် လျှောက်လှမ်းနေကြသည်။ ဖုန်းရွှယ်ကျောင်းဆောင်မှ ဧည့်သည်(၄)ယောက်ထဲတွင် အဖြူဝတ်အဘိုးအိုက ဝါစဉ်အရ အဆင့်မြင့်ဆုံးဖြစ်ပြီး တခြား(၃)ယောက်ကတော့ ဝေ့ကျင်းကို ဦးလေးငယ်ဟု ခေါ်ကြသည်။

ထိုအဖွဲ့၏ ခေါင်းဆောင်ဖြစ်သော အဘိုးအိုကတော့ ရွမ်ချုံနှင့် ဘေးချင်းယှဉ်၍ လျှောက်လာ၏။ ဖုန်းရွှယ်ကျောင်းဆောင်၏ ဂိုဏ်းခွဲ(၆)ခုထဲတွင် နတ်ဘုရားစင်မြင့်‌ဂိုဏ်းခွဲက လူအနည်းဆုံးဖြစ်ပြီး အခြေအနေက မျိုးဆက်တစ်ခုတွင် ဆက်ခံသူတစ်ယောက်နီးပါးသာ ရှိ‌သည့်အတွက် အလွန်ဆိုးရွားနေသည်။ သို့သော် တချိန်တည်းတွင် ထိုဂိုဏ်းခွဲက လွန်ခဲ့သော နှစ်ပေါင်း(၃၀၀)အတောအတွင်း ဖုန်းရွှယ်ကျောင်းဆောင်အပေါ် အကြီးမားဆုံး အကျိုးဆောင်ထားသော ဂိုဏ်းခွဲလည်း ဖြစ်သည်။

ရွမ်ချုံ အဖွဲ့ဝင် ဖြစ်ခဲ့သော ရေစိမ်းရေကန်ဂိုဏ်းခွဲနှင့် အဖြူဝတ်အဘိုအို၏ ကင်းလိပ်ချောဂိုဏ်းခွဲတို့က နတ်ဘုရားစင်မြင့်ဂိုဏ်းခွဲအပေါ် ကောင်းမွန်သောဆန္ဒများ ရှိကြသည်။

ဖုန်းရွှယ်ကျောင်းဆောင်မှ ဂိုဏ်းခွဲ(၆)ခုက တစ်ခုနှင့်တစ်ခု အနည်းနှင့် အများ ပြဿနာဖြစ်နေကြသော်လည်း နတ်ဘုရားစင်မြင့်ဂိုဏ်းခွဲက ရိုးရာအစဉ်အလာအရ နာမည်ကျော်ကြားသည်။ သူတို့သာ လုံးဝပျောက်ကွယ်သွားခြင်းမရှိလျှင် တခြားသော ဂိုဏ်းခွဲများအားလုံးအပေါ်တွင်လည်း အကျိုးသက်ရောက်မှုများ သေချာပေါက် ရှိလာနိုင်၏။

အဘိုးအိုက သူ၏မုတ်ဆိတ်ကို လက်နှင့်သပ်ပြီး အပြုံးနှင့် ပြောလိုက်သည်။

“ဦလေးဝေ့က တော်တော်လေး ထူးချွန်တယ်။ သူက တစ်ယောက်တည်း နေရတာကို သဘောကျပေမဲ့ ကုန်းမြေကြီးတစ်ခုလုံးမှာ နာမည်ကျော်ကြားအောင် လုပ်ဆောင်နိုင်တယ်။ ငါတို့ သူ့ကို နောက်တစ်ကြိမ်တွေ့တဲ့အချိန်ကျရင် သူက အရှေ့ပိုင်းကုန်းမြေကြီးထဲမှာ အထက်ဘုံ(၅)ဆင့်ကို ရောက်နိုင်တဲ့ အသက်အငယ်ဆုံး ပညာရှင် တစ်ယောက် ဖြစ်လာလိမ့်မယ်…”

“ကြယ်တစ်ပွင့်က ပိုပြီးတော့တောက်ပလေလေ၊ ပိုပြီးတော့ လူစိတ်ဝင်စားခံရလေလေပဲ။ သူ့လို ထူးခြားတဲ့ပါရမီရှင်မျိုးက အရမ်းဂရုစိုက်ဖို့ လိုအပ်တယ်…”

ရွမ်ချုံက သတိထား၍ ပြောလိုက်သည်။

အဘိုးအိုက ရွမ်ချုံကို လှည့်ကြည့်လိုက်၏။ အလွန်တည်ငြိမ်သော ရွမ်ချုံ၏ မျက်နှာအမူအရာကို မြင်လိုက်ရသည့်အခါ သူလည်း ရွမ်ချုံ၏စိုးရိမ်မှုကို ချက်ချင်း နားလည်သွားခဲ့သည်။

“ငါက ဖုန်းရွှယ်ကျောင်းဆောင်ကို ပြန်ရောက်တဲ့အချိန်ကျရင် ဦးလေးဝေ့ကို ဂိုဏ်းဆီပြန်ခေါ်ဖို့ ဂိုဏ်းချုပ်ကို အကြံပေးလိုက်မယ်။ ဦးလေးဝေ့က အထက်ဘုံ(၅)ဆင့်ကို ရောက်မှပဲ အပြင်ဘက်ကမ္ဘာကို တစ်ယောက်တည်း ထွက်ခိုင်းတာ အကောင်းဆုံးဖြစ်လိမ့်မယ်…”

‌ရွမ်ချုံက ခေါင်းညိတ်တုံ့ပြန်လိုက်သည်။

“ဒါက မှန်ကန်တဲ့ ချည်းကပ်ပုံမျိုးပဲ။ ကုန်းမြေကြီးပေါ်မှာ နှစ်ပေါင်းများစွာ သွားလာခဲ့ပြီးပြီဆိုတော့ ကြောက်စရာကောင်းတဲ့လူတွေက ဘယ်လိုမျိုးလဲဆိုတာ ဝေ့ကျင်းလည်း သေချာပေါက် သိနေမှာပဲ။ သူက ဂိုဏ်းရဲ့ ရည်ရွယ်ချက်ကို သဘောတူမှာ သေချာပါတယ်…”

အဘိုးအိုက စကားပြောချင်နေသော်လည်း အဆုံးတွင်တော့ တိတ်ဆိတ်နေခဲ့သည်။

ရွမ်ချုံက ခေါင်းခါပြီး ပြောလိုက်၏။

“တကယ်လို့ ဝေ့ကျင်းက လေ့ကျင့်ဖို့အတွက် ဖုန်းရွှယ်ကျောင်းဆောင်ကို ပြန်မလာဘူးဆိုရင်တော့ သူ့သဘောအတိုင်းပဲ ထားလိုက်ပေါ့…”

ရုတ်တရက်ဆိုသလို ရွမ်ချုံက မြို့ငယ်လေးဆီကို လှည့်ကြည့်လိုက်ပြီး လက်သီးဆုပ်၍ အရိုအသေပြုပြီး ပြောလိုက်သည်။

“ကြည့်ရတာ ရှို့ရှို့က ပြဿနာတက်နေတယ် ထင်တယ်။ ကျွန်တော် သွားကြည့်လိုက်ဦးမယ်။ အခုတော့ ကျွန်တော်တို့က ခဏလူချင်းခွဲကြစို့…”

အဘိုးအိုက မျက်မှောင်ကြုတ်လိုက်မိပြီး သူ့ဆီတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်လာခဲ့၏။ သူက ပြောလိုက်သည်။

“‌ဆရာရွမ် …

တကယ်လို့ ဆရာရွမ်ရဲ့လက်တွေ မညစ်ပတ်ချင်ဘူးဆိုရင် ဒီကိစ္စကို ကျွန်တော့်တာဝန်ပဲ ထားလိုက်ပါ။ ဘယ်သူက ရှို့ရှို့ကိုပြဿနာရှာရဲတာလဲ။ သူတို့က သေချင်နေတာလား…”

“ဘာမှမစိုးရိမ်ပါနဲ့။ ဒါက ပြဿနာကြီး မဟုတ်ပါဘူး…”

ရွမ်ချုံက အပြုံးနှင့် ပြန်ဖြေလိုက်သည်။ ထို့နောက် လေထဲသို့ ပျံသန်းသွားပြီး တခဏအတွင်း ပျောက်ကွယ်သွားခဲ့၏။

ထိုအဘိုးအိုက ရွမ်ရှို့ကို အလွန်သဘောကျနေကြောင်း မြင်လိုက်ရသည့်အခါ ဖုန်းရွှယ်ကျောင်းဆောင်မှ တခြားကျင့်ကြံသူ(၃)ယောက်က အံ့ဩနေမိကြသည်။ လွန်ခဲ့သော (၇)နှစ်၊ (၈)နှစ်ခန့်အတောအတွင်း အဘိုးအိုက ကမ္ဘာကြီးထဲတွင် လှည့်ပတ်သွားလာနေသည့်အတွက် သူက ဂိုဏ်းထဲတွင် မရှိခဲ့သလို ရွမ်ရှို့နှင့် ရင်းနှီးနေခြင်းလည်း မရှိချေ။

အမှန်အတိုင်း ပြောရလျှင် သူက တခြားကျင့်ကြံသူ(၃)ယောက်ထက်ပိုပြီးရွမ်ရှို့နှင့် ရင်းနှီးနေသည်။ တစ်ဖက်တွင်တော့ ကင်းလိပ်ချောဂိုဏ်းခွဲမှ ဘိုးဘေးချင်က သူမကို အလွန်သဘောကျတတ်သည်။ ဓားသမားအဘိုးအိုက ရှေ့ကို ဖြည်းညင်းစွာ ဆက်လျှောက်နေရင်း သူ့ပုံစံက တည်ငြိမ်နေခဲ့၏။

ဘိုးဘေးချင် တိတ်တဆိတ် ပြောခဲ့သော စကားလုံးများက သူ့ခေါင်းထဲတွင် ပေါ်လာခဲ့သည်။

“ဖုန်းရွှယ်ကျောင်းဆောင်က ရွမ်ရှို့ရဲ့ အရည်အသွေးတွေကို ပြည့်ပြည့်ဝဝ နားလည်ဖို့အတွက် အရမ်းကို သေးငယ်တဲ့ နေရာလေးတစ်ခု ဖြစ်နေတယ်…”

ရွမ်ချုံက ကုန်စုံဆိုင်သို့ ပြန်ရောက်လာပြီး ခဏကြာ စဉ်းစားနေပြီးနောက် သူက သူ့သမီးကို အရှေ့ပိုင်းကုန်းမြေကြီး၏ ဘာသာစကားနှင့် မပြောရန် ဆုံးဖြတ်လိုက်သည်။

ဆိုင်ထဲတွင် ရှိနေသော မိန်းကလေး အလုပ်သမားများက ဈေးဝယ်သူများနှင့် ဆက်သွယ်ပြီး တရားဝင် ဘာသာစကားတချို့ကို နားလည်ထားသည်။ သို့သော် သူတို့ထဲမှ တစ်ယောက်က ကြားသွားနိုင်ပြီး သူ ပြောသည့်စကားကို နားလည်သွားနိုင်၏။

ထိုအရာကို စိတ်ထဲတွင် တွေးလိုက်မိသည့်အတွက် ရွမ်ချုံက စားပွဲကို လက်နှင့် ညင်သာစွာ ပုတ်လိုက်ရာ ရွမ်ရှို့က ‌ဇဝေဇဝါဖြစ်နေသော အမူအရာနှင့် ခေါင်းထောင်လာခဲ့သည်။

“ဒီကိုဘာလာလုပ်တာလဲ အဖေ။ ဒီနေ့ ပန်းပဲဖိုမှာ အဖေ အလုပ်လုပ်နေတာ မဟုတ်ဘူးလား…”

“အပြင်ကို ထွက်ခဲ့ဦး။ အဖေ စကားပြောစရာရှိတယ်…”

ရွမ်ချုံက သိမ်မွေ့စွာ ပြောလိုက်သည်။

သူတို့(၂)ယောက် ဆိုင်ထဲမှ ထွက်လာပြီးနောက် လူသူကျဲပါးသော နဂါးစီးလမ်းကြားထဲသို့ ရောက်လာခဲ့သည်။ ရွမ်ချုံ ရောက်လာသည့်အချိန်တွင် အနီးအနား၌ ရှိနေသော တာ့လီအင်ပါယာ၏ သူလျှိုများအားလုံးက သူတော်စင်ကို လေးစားသောအနေဖြင့် တိတ်တဆိတ် ဆုတ်ခွာသွားခဲ့ကြသည်။

ထိုအရာကို မြင်သည့်အခါ ရွမ်ချုံက အတော်လေး ကျေနပ်သွားခဲ့၏။ ပြောရမည်‌ဆိုလျှင် ထိုကဲ့သို့ အသေးစိတ် အချက်အလက်များကပင် တာ့လီအင်ပါယာကို ရောက်လာရသည့် အကြောင်းပြချက်များထဲမှ တစ်ခုလည်း ဖြစ်သည်။

ရွမ်ရှို့က အနည်းငယ် စိတ်ပျက်လက်ပျက်နှင့် မေးလိုက်၏။

“ချမ်းသာခြင်းမြို့က ချူးကလန်က အဖေ့ကိုလာပြီး ဆင်ခြေပေးနေလို့လား။ သမီးက ဒီကိစ္စကို‌ ရှင်းရှင်းလင်းလင်း ပြောမယ်။ သမီး သူ့ကို မတိုက်ခိုက်ခင် အကြိမ်ပေါင်းများစွာ သတိပေးခဲ့တယ်…”

ရွမ်ချုံက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

“ချူးကလန်က ဒီလိုရူးနှမ်းတဲ့ ဆင်ခြေမျိုးနဲ့ အဖေ့ကို ပြဿနာရှာရဲမှာ မဟုတ်ဘူး။ အမှန်အတိုင်း ပြောရရင် သူတို့က သိပ်မကြာခင် အဖေ့ကို တောင်းပန်ဖို့အတွက် လက်ဆောင်နဲ့ လူတချို့တောင် လွှတ်ချင် လွှတ်နေလောက်ပြီ…”

ရွမ်ရှို့က အထင်သေးသောအသံနှင့် တီးတိုးရေရွတ်လိုက်သည်။

“အဲဒီခွေးကောင်စုတ်က သမီးကို မျက်စိနောက်အောင် လုပ်နေတာ။ သူက မိန်းမပျက်တွေကိုပဲ သဘောကျတယ်လေ။ သူတို့(၂)ယောက်လုံးမှာ ကံဆိုးမှုတွေပဲ ပြည့်နေတယ်။ တကယ်လို့ သူ့လို လူတစ်ယောက်ကသာ အလယ်ဘုံ(၅)ဆင့်ကို ရောက်သွားမယ်ဆိုရင် သူက လူပေါင်းများစွာရဲ့ အသက်ကို ပျက်စီးသွားအောင် လုပ်လိမ့်မယ်။ တကယ်လို့ သမီးကသာ အဖေ ပြဿနာတက်မှာကို မစိုးရိမ်ရင် သူ့ကို နေရာမှာပဲ ချက်ချင်း သတ်ပစ်မှာ။ ဒါဆိုရင် ကမ္ဘာကြီးထဲက အညစ်အကြေးတွေ ပျောက်ကွယ်သွားနိုင်တာပေါ့…”

ရွမ်ချုံက သက်ပြင်းချလိုက်မိပြီး နဖူးပေါ်မှ ချွေးစေးများ ကျလာခဲ့သည်။ သူကတော့ အစောပိုင်းတွင် သူ၏အငွေ့အသက်ကို ထုတ်လွှတ်ပြီး နဂါးစီးလမ်းကြားတစ်ခုလုံးကို ဖုံးကွယ်ထားသည့်အတွက် မည်သူကမျှ သူတို့၏စကားကို ခိုးနားထောင်နိုင်ခြင်း မရှိချေ။ မဟုတ်လျှင် ရွမ်ရှို့ပြောသောစကားကသာ တခြားသူများဆီသို့ ရောက်သွားမည်ဆိုလျှင် အကျိုးဆက်‌က ကြောက်စရာကောင်းနိုင်သည်။

ဤကမ္ဘာကြီးထဲတွင် ကျင့်ကြံရေးကလန်များ၊ ဂိုဏ်းများ မြောက်များစွာရှိနေသလို အတွေးအခေါ်ကျောင်း(၁၀၀)လည်း ရှိသည်။ ထိုအထဲတွင် သဘာဝကျောင်းတော်များကတော့ တခြားသူများ၏ ကံတရားနှင့် ကံကြမ္မာကို ဖတ်ရှုရန် အကျွမ်းကျင်ဆုံး ဖြစ်ကြသည်။

သို့သော် ထိုစွမ်းရည်များအားလုံးက ကျင့်ကြံမှုမှတဆင့် တိုးတက်လာခြင်းဖြစ်ပြီး သူတို့က ဖြည်းညင်းစွာ မြှင့်တင်ရသော ဆန်းကြယ်သည့်စွမ်းရည်မျိုး ဖြစ်သည်။ အချိန်ကြာမြင့်စွာ ဖြည်းဖြည်းချင်း လေ့ကျင့်ရခြင်းလည်းဖြစ်၏။ ဗုဒ္ဓလမ်းစဉ်တွင်တော့ ထိုအရာက အလွန်အပြစ်ရှိသော ကျင့်ကြံမှုတစ်ခုဟု သတ်မှတ်နိုင်သည်။

စစ်ကျောင်းကျင့်ကြံသူများကတော့ မည်သည့်အရာကိုမျှဂရုမစိုက်ဘဲ စိတ်ကြိုက်လူသတ်ရဲကြ၏။ သို့သော် ထိုအရာက အပေါ်ယံအခြေအနေများသာဖြစ်ပြီး ရွမ်ရှို့အတွက်တော့ မဟုတ်ချေ။ သူမ ကလေးဘဝကတည်းကစပြီး တခြားသူများ၏ နှလုံးသားကို မြင်တွေ့နိုင်သည်။ သူတို့၏ခံစားချက်၊ စိတ်ဆန္ဒနှင့် ကံကြမ္မာကို သိနိုင်၏။

သူမ၏ကျင့်စဉ်အဆင့် တိုးတက်လာနေသည်နှင့်အမျှ သူမက ကံကြမ္မာကို တိုက်ရိုက်ဖြတ်ပစ်နိုင်သော စွမ်းရည်ရှိလာပြီး လူတစ်ယောက်ကို သတ်ပစ်လိုက်မည်ဆိုလျှင် မထင်မှတ်ထားသော ရလဒ်များ ထွက်လာနိုင်သည်။ ထိုအရာက သူမ၏မီးနတ်ဘုရား ခန္ဓာကိုယ်နှင့် ပတ်သက်ခြင်းလည်း မရှိချေ။

သူ့သမီးနှင့် ပတ်သက်ပြီး ရွမ်ချုံ သိထားသည်မှာတော့ သူမက ဤကမ္ဘာကြီးအပေါ် တခြားလူများနှင့် မတူညီသော အမြင်တစ်ခု ရှိသည်။ ထိုအရာကို နားလည်ရန်အတွက် ရွမ်ချုံက ဖုန်းရွှယ်ကျောင်းဆောင်ထဲတွင် တန်ဖိုးအထားရဆုံး ကျမ်းစာများကို ဖတ်ခဲ့သည်။

ထိုအခါ ရှင်းပြပေးနိုင်သော ရှေးဟောင်းအတွေးအခေါ် တစ်ရပ်တည်းကိုသာ တွေ့ခဲ့ရ၏။ ထိုအရာကတော့ ကမ္ဘာမြေကြီး၏ စိတ်ဆန္ဒမှ မွေးဖွားလာသော လူများကသာ ထိုကဲ့သို့သော မွေးရာပါစွမ်းရည်မျိုး ပိုင်ဆိုင်ထားသည်ဟု အကြံပေးထားခဲ့သည်။

ထို့ကြောင့်လည်း ရွမ်ချုံက လီကျူးသုခဘုံလေးကို ထိန်းချုပ်ရန် တောင်းဆိုလိုက်ခြင်းဖြစ်ပြီး ရွမ်ရှို့ကို ဤကမ္ဘာငယ်လေးထဲတွင် နှစ်ပေါင်း(၆၀)တိတိ လုံလုံခြုံခြုံနှင့် တိုးတက်လာစေရန် ဖုံးကွယ်ထားလိုခြင်းလည်း ဖြစ်သည်။

Translated by Hein Htet.

All Chapters