အခန်း (၉၈)
Vol. 7 Ch. 98
တည်ငြိမ်သော စိတ်ဝိညာဉ် ပိုင်ဆိုင်ထားပြီး လူသားပုံသဏ္ဌာန် ပြောင်းလဲနိုင်သော နတ်ဆိုးအဖွဲ့က ထိတ်လန့်တကြား ထွက်ပြေးသွားသည့်အတွက် ကျူးဟယ်၏ လက်ထဲတွင် ရှိနေသော နတ်ဆိုးသတိပေးခေါင်းလောင်းက တိတ်ဆိတ်နေခဲ့သည်။ သို့သော် ထိုနတ်ဆိုးများက နေ့ခင်းကြောင်တောင် သူတို့၏ရှေ့တွင် ပေါ်လာရဲသည့်အတွက် ကျူးဟယ်က အတော်လေးကို ထိတ်လန့်နေခဲ့သည်။
သူက ပုံရိပ်ယောင်တချို့နှင့် တွေ့ဆုံရမှာကို စိုးရိမ်နေခဲ့သည့်အတွက် လက်ရှိအချိန်တွင် ခရီးကို ဆက်မသွားသေးရန် အိုက်လျန်ကို ဖျောင်းဖျ ပြောဆိုလိုက်သည်။ ထို့နောက် သူက မြစ်အောက်ဘက်ကို တစ်ယောက်တည်း စုန်ဆင်းသွားခဲ့ပြီး လက်ထဲတွင် ကိုင်ထားသော ခေါင်းလောင်းကိုမြှောက်၍ မြစ်ထဲတွင် သွားချည် ပြန်ချည် လုပ်ဆောင်နေခဲ့သည်။ နတ်ဆိုးများက အမှောင်ထဲတွင် ပုန်းအောင်းပြီးသူတို့ကို တိုက်ခိုက်ရန် အခွင့်အရေး စောင့်နေခြင်းရှိမရှိ စစ်ဆေးကြည့်နေခဲ့၏။
ထို့ကြောင့် ချန်းပင်အန်းနှင့် တခြားသူများက သူတို့ပစ္စည်းများကို ထုတ်ပိုးပြီးသွားသည့် အချိန်တွင် နေရာ၌ ရပ်နေပြီး မြစ်ထဲတွင် စုန်ချည် ဆန်ချည်သွားလာနေသော ကျူးဟယ်ကို စိုက်ကြည့်နေခဲ့ကြသည်။
ထိုအရာက အတော်လေး ရယ်စရာကောင်းသည်ဟု လီဟွိုင်က တွေးမိခဲ့၏။ လင်းရှို့ယီကတော့ ကျူးဟယ် လုပ်နေသည့်အရာများကို စိတ်ဝင်စားနေပြီး ကျူးလုကတော့ အနည်းငယ် ရှက်ရွံ့နေမိခဲ့သည်။ သူမက အလွန်မာနကြီးသော မိန်းမပျို တစ်ယောက်ဖြစ်ပြီး သူမ အဖေကို ပြန်ဆွဲခေါ်၍ ကိုယ့်ကိုယ်ကိုယ် အရူးမလုပ်ရန် တားဆီးချင်နေခဲ့သည်။
အိုက်လျန်၏အမူအရာက ပြောင်းလဲသွားခဲ့ခြင်း မရှိကြောင်း ချန်းပင်အန်းက သတိထားမိခဲ့၏။ ထို့ကြောင့် သူကတော့ ပုံမှန်အချိန်ကဲ့သို့ ကျူးဟယ်ကို လှောင်ပြောင်ခဲ့ခြင်း မရှိချေ။
ချန်းပင်အန်း၏အကြည့်ကို သတိထားမိသည့်အခါ သူ့ခါးတွင် ရှိနေသော ဘူးသီးခြောက်ကိုယူပြီး အပြုံးနှင့်မေးလိုက်၏။
“မင်းက မသောက်ချင်တာ သေချာရဲ့လား…”
ချန်းပင်အန်းက ခေါင်းခါပြလိုက်ရာ အိုက်လျန်က လင်းရှို့ယီကို ပြောလိုက်သည်။
“မင်းက အခုလေးပဲ နတ်ဆိုးတွေကို မြင်လိုက်ရတယ်။ တစ်ယောက်၊(၂)ယောက်တည်းလည်း မဟုတ်ဘူး။ ဒါက တော်တော်ရှားပါးတဲ့ အတွေ့အကြုံမျိုးပဲ။ မင်းက စိတ်တည်ငြိမ်သွားအောင် သောက်လိုက်ပါ့လား…”
ပထမဆုံးအကြိမ် နတ်ဆိုးတချို့ကို မြင်တွေ့ရခြင်းက အလွန်စိတ်လှုပ်ရှားစရာကောင်းသည်။ သို့သော် ဘာကြောင့်မှန်း မသိသော်လည်း လင်းရှို့ယီက ထိုကမ်းလှမ်းမှုကို စိတ်ဝင်စားသွားပြီ ပထမဆုံးအကြိမ် ခေါင်းညိတ်ပြလိုက်၏။
အိုက်လျန်က ချန်းပင်အန်းကို လှမ်းကြည့်လိုက်ပြီးနောက် စနောက်နေသည့် အမူအရာနှင့် ပြောလိုက်၏။
“တော်တော် ဉာဏ်ကောင်းတဲ့ ကောင်လေးပါလား။ မင်းကတော့ အမှားကြီးတစ်ခု လုပ်မိသွားပြီ…”
လင်းရှို့ယီက အိုက်လျန်ဆီမှ ငွေရောင်ဘူးသီးခြောက်ကို ယူလိုက်ပြီး အရက်တစ်ငုံ သောက်လိုက်သည်။ သူ့မျက်နှာက ချက်ချင်းပင် နီရဲလာခဲ့၏။ သူ၏အရေပြားက အသင့်အတင့်သာ ရှိသော်လည်း ပါးနှစ်ဖက်ပေါ်တွင် နီရဲလာသည်မှာ အတော်လေးကို သိသာနေသည်။ သူက လက်တစ်ဖက်နှင့် ပါးစပ်ကို အုပ်ထားပြီး အရက်ကို မအန်မိစေရန် ကြိုးစားနေခဲ့၏။
ထိုအရက်က လည်ချောင်းထဲတွင် ပူဆင်းသွားခဲ့ပြီး ဗိုက်ထဲကို ရောက်သွားပြီးနောက် ကိုယ်တွင်းအင်္ဂါများကို ဖြတ်ကျော်သွားခဲ့သည်။ သူ့ခန္ဓာကိုယ်တစ်ခုလုံးလည်း တုန်ခါနေသည့်အတွက် ပထမဆုံးအကြိမ် အရက်သောက်သည့် အတွေ့အကြုံက အတော်လေးကို ကြမ်းတမ်းခက်ထန်ကြောင်း သက်သေပြနေခဲ့၏။
ထိုမြင်ကွင်းကို မြင်လိုက်ရသည့်အခါ လီဟွိုင်ကတော့ ရယ်နေမိသည်။ အလွန်မာနကြီးသော လင်းရှို့ယီက သူ့ရှေ့တွင် ဆိုးဆိုးရွားရွား ဖြစ်ချင်ပုံမရချေ။ ထို့ကြောင့် သူက အံကြိတ်ပြီး ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်၍ နောက်တစ်ငုံ သောက်ရန် ပြင်လိုက်၏။
ထိုအချိန်တွင် အိုက်လျန်က သူ့လက်ထဲမှ ဘူးသီးခြောက်ကို ယူလိုက်ပြီး ပုခုံးကို လက်နှင့်ဖိ၍ ပြောလိုက်သည်။
“အရက်ဆိုတာက အေးအေးဆေးဆေးနဲ့ ခံစားတာ အကောင်းဆုံးပဲ။ အခုကပြီး ငါက မင်းကို တနေ့တစ်ငုံ တိုက်မယ်။ ဒါဆိုရင် မင်းရဲ့စိုးရိမ်ပူပန်မှုတွေအာလုံး ပျောက်ကွယ်သွားရမယ်လို့ အာမခံတယ်…”
အိုက်လျန်၏ဆင်ခြေကို လီဟွိုင်က ချက်ချင်းမြင်လိုက်ရသည်။
“တကယ်လို့ ခင်ဗျားက လင်းရှို့ယီကို ထပ်တိုက်ဖို့ ကပ်စေးနည်းနေတယ်ဆိုရင်လည်း ရိုးရိုးသားသားပဲ ပြောလိုက်စမ်းပါ…”
အိုက်လျန်က လင်းရှို့ယီ၏ပုခုံးပေါ်မှ လက်ကို ဖယ်ရှားလိုက်ပြီး သက်ပြင်းချ၍ ပြောလိုက်သည်။
“ငါက ဘာလို့ကပ်စေးမနည်းရမှာလဲ။ ဒီအရက်က အရမ်းအရသာရှိပြီး အရမ်းဈေးကြီးတယ်။ အရေးကြီးဆုံးကတော့ ဈေးထဲမှာတောင် ဝယ်လို့မရနိုင်ဘူး။ လင်းရှို့ယီက ဒီအရက်တစ်ငုံ သောက်ရတာတောင် တော်တော်လေး ကံကောင်းနေပြီ”
“ကျွန်တော်ရော တစ်ငုံသောက်လို့ရလား…”
လီဟွိုင်က မေးလိုက်၏။
အိုက်လျန်က ခါးတွင် ဘူးသီးခြောက်ကို နောက်တစ်ကြိမ် အလျင်အမြန် ပြန်ချိတ်လိုက်ပြီး ပြန်ဖြေလိုက်၏။
“မင်းက အရမ်းငယ်သေးတယ်။ မင်းရဲ့သွေးကြောမှတ်တွေကလည်း အခုထိ ပြည့်ပြည့်ဝဝ မဖွံ့ဖြိုးသေးဘူး။ တကယ်လို့ မင်းကသာ အခုချိန် အစွမ်းထက်တဲ့ အရက်ကို သောက်လိုက်မယ်ဆိုရင် မင်းရဲ့ကျင့်ကြံမှုပါရမီတွေ ပျက်စီးသွားရလိမ့်မယ်..”
ထိုစကားကို ကြားသည့်အခါ လီဟွိုင်က အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ ထို့နောက် ဒေါသတကြီး ပေါက်ကွဲလာခဲ့၏။
“အပိုတွေ မပြောစမ်းပါနဲ့။ နှစ်သစ်ကူး ညစာစားပွဲရောက်တဲ့အချိန်တိုင်း ကျွန်တော်က အရက်သောက်ခွင့်ရှိတယ်။ အဲဒါက ကျွန်တော်တို့မြို့ထဲမှာ အပြင်းဆုံးအရက်ပဲ။ ကျွန်တော်က အရက်ဒဏ်ကို ခံနိုင်ရည်ရှိတယ်လို့တောင် ကျွန်တော့်အဖေက ပြောခဲ့ဖူးတယ်။ ကျွန်တော့်အဖေက လူတိုင်းထက် ပိုပြီးအရက်သောက်နိုင်တယ်ဆိုတာ မြို့ထဲမှာရှိတဲ့လူတိုင်း သိတယ်။ ပြီးတော့ အရင်နှစ်နွေဦးကစပြီး အဖေက ကျွန်တော့်ကို လတိုင်း ဆေးအရက်နဲ့ ရေချိုးခိုင်းတယ်။ ကျွန်တော်က အမြဲတမ်း ခေါင်းနှစ်ပြီး အရက်သောက်နေကျပဲ။ ကျွန်တော်ကို လာပြီး အရူးလုပ်မနေနဲ့…”
အိုက်လျန်က ဒေါသထွက်နေသော လီဟွိုင်ကို စိုက်ကြည့်လိုက်ရာ ထိုကောင်လေး၏ ခန္ဓာကိုယ်က ပြည့်ပြည့်ဝဝဖွံ့ဖြိုးခြင်း မရှိသေးသည်ကိုပင် တခြားသူများကို အမီလိုက်နိုင်ကြောင်း သူလည်း ရှင်းရှင်းလင်းလင်း မြင်လာရသည်။ သူ၏ခန္ဓာကိုယ် တည်ဆောက်ပုံက လင်းရှို့ယီထက်ပင် ပို၍မြင့်မား၏။ ထိုအရာက သူ ပုံမှန်ချိုးခဲ့သော ဆေးအရက်ကြောင့် ဖြစ်နိုင်ခြေများသည်။
အိုက်လျန်၏ မျက်လုံးထဲတွင် စိတ်ဝင်စားနေသော အမူအရာတစ်ခု ပေါ်လာပြီး လီဟွိုင်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်၏။ ယခင်တုန်းတော့ သူက လီဟွိုင်ကို အနီးကပ် စိုက်ကြည့်ခဲ့ခြင်း မရှိချေ။ ယခု သေချာစိုက်ကြည့်လိုက်သည့်အခါ မြင်လိုက်ရသော အရာများအတွက် အံ့ဩမှင်တက်သွားမိခဲ့၏။
သူ၏ခန္ဓာကိုယ် အခြေအနေများက လျှို့ဝှက်ဆန်းကြယ်သော အဆင့်မြင့်စွမ်းရည်တစ်ခုနှင့် ဖုံးကွယ်ထားခြင်းဖြစ်သည်။ ယခုအိုက်လျန်က သေချာစိုက်ကြည့်လိုက်သည့်အခါ ထိုဖုံးကွယ်ထားမှုကို မြင်နိုင်ပြီး သူ့မျက်လုံးထဲတွင် ဆန်းကြယ်သော မြေပုံတစ်ခု ပေါ်လာခဲ့သည်။
သူက လီဟွိုင်၏ အရေပြားနှင့် အသွေးအသားများ၊ သွေးကြောမှတ်များနှင့် သွေးဆင်းမှုများကိုပင် ဖောက်မြင်နေရသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် ခရမ်းရောင်ချီစွမ်းအင် အနည်းငယ် မြင့်တက်လာနေသည်မှာ အလွန်အစွမ်းထက်သော တောင်တန်းကြီးတစ်ခုကဲ့သို့ ဖြစ်နေ၏။
“သူ့ရဲ့သွေးကြောတွေထဲမှာ စီးဆင်းနေတဲ့ ချီစွမ်းအားတွေက သွေးကြောမှတ် တစ်ခုတည်းကို စုစည်းနေတဲ့ မြစ်တစ်စင်းလိုပဲ။ ဒါက တော်တော်လေး ထူးခြားတာကို ပြနေတယ်။ ကြည့်ရတာတော့ သူရဲ့အဖေက သာမန်မဟုတ်ဘူး…”
အိုက်လျန်က အံ့ဩမှင်တက်စွာ တွေးမိနေခဲ့သည်။
“လီဟွိုင် …
မင်းအဖေရဲ့နာမည်က ဘယ်သူလဲ။ ငါ့ဆီမှာ သူနဲ့ရင်းနှီးတဲ့ မိတ်ဆွေတွေ ရှိချင်ရှိနေနိုင်တယ်…”
သူ့အဖေအကြောင်း ပြောသည့်အချိန်တွင် လီဟွိုင်က ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။ ထို့နောက် သူက အိုက်လျန်ကို ထပ်မံစကားပြောလိုခြင်း မရှိတော့ချေ။
လင်းရှို့ယီက တိတ်တဆိတ် ရှင်းပြလိုက်၏။
“လီဟွိုင်ရဲ့အဖေက လီအာ့လိုခေါ်တယ်။ သူက မြို့ထဲမှာ ဘာအလုပ်မှမလုပ်ဘဲ ငပျင်းအရက်သမားဆိုပြီး နာမည်ဆိုးနဲ့ ကျော်ကြားတယ်လေ။ ကျောင်းမှာလည်း လီဟွိုင်က သူ့အဖေကြောင့် မကြာခဏစနောက်ခံရတယ်။ အစတုန်းကတော့ သူက အဲဒီလူတွေကိုတောင် တိုက်ခိုက်တတ်တယ်။ ဒါပေမဲ့ နောက်ပိုင်းတော့ သူ့အဖေက လူတိုင်းပြောသလို အသုံးမကျဘူးဆိုတာ သူ ကိုယ်တိုင်လည်း နားလည်သွားတဲ့အတွက် တခြားသူတွေကို ပြဿနာမရှာတော့ဘူး..”
ထိုစကားကို ကြားသည့်အခါ အိုက်လျန်က စဉ်းစားနေမိခဲ့သည်။
“ဒီအရူးလေးက ဘယ်လောက်ကံကောင်းလဲဆိုတာတောင် မသိဘူးပဲ..”
ထိုအရာက အိုက်လျန်ဆီမှ သာမန်မှတ်ချက်တစ်ခုထက် မပိုခဲ့ပေ။ သို့သော် လင်းရှို့ယီကတော့ အတော်လေးကို စိတ်ဝင်စားနေမိခဲ့၏။ သူက ထိုအချက်များကို ခေါင်းထဲတွင်သာ သိမ်းဆည်းထားခဲ့သည်။
တစ်နာရီနီးပါးခန့်ကြာပြီးနောက် ကျူးဟယ်က ပြန်ရောက်လာပြီး အပြုံးနှင့် ပြောလိုက်၏။
“ခေါင်းလောင်းက (၅)ကီလိုမီတာအတွင်း ဘာကိုမှ မစစ်ဆေးမိခဲ့ဘူး။ ဒါကြောင့် ငါတို့က ဆက်သွားလို့ အဆင်ပြေတယ်….”
“အလုပ်ကြိုးစားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဦးလေးကျူး….”
လီပေါင်ဖျင်က သူ့ကို ရေဘူးပေးလိုက်ပြီး အပြုံးနှင့် ပြောလိုက်သည်။
ကျူးဟယ်က ထိုရေဘူးကိုယူပြီး တည်ငြိမ်စွာ တုံ့ပြန်လိုက်၏။
“ကျွန်တော်က ကိုယ့်အလုပ် ကိုယ်လုပ်နေတာပါ သခင်မလေး…”
ထိုအရာကို မြင်သည့်အခါ ကျူးလုက မျက်နှာပျက်နေခဲ့၏။ သူမက သံအဆောင်မြစ်ထဲတွင် လှုပ်ရှားနေသော မြစ်ရေများကိုကြည့်ပြီး အောက်နှုတ်ခမ်းကိုသာ ကိုက်ထားမိခဲ့သည်။ သူမ၏အတွေးများကလည်း လှုပ်ရှားနေပြီး ရေခိုးရေငွေ့များကဲ့သို့ ဖြစ်နေခဲ့၏။
ထိုအချိန်တွင် ချန်းပင်အန်းကတော့ ကျူးဟယ်၏ လက်ထဲတွင် ကိုင်ထားသော နတ်ဆိုးသတိပေးခေါင်းလောင်းကို စိတ်ဝင်တစား လေ့လာနေမိခဲ့သည်။ နင်ယောင်၏ဓားပျံက လွဲလျှင် ထိုအရာက သူ အနီးကပ် မြင်ခဲ့ဖူးသော ဒုတိယမြောက် ရတနာတစ်ခုလည်း ဖြစ်သည်။ ထို့ကြောင့် သူက အထူးတလည် စိတ်ဝင်စားနေခဲ့၏။
ကျူးဟယ်ကတော့ သဘောကောင်းပြီး ရက်ရောသော လူတစ်ယောက် ဖြစ်သည်။ ထို့ကြောင့် ထိုခေါင်းလောင်းကို ချန်းပင်အန်း၏ လက်ထဲသို့ပေးပြီး ရှင်းပြလိုက်သည်။
“ဒါက ငါ ခရီးထွက်မလာခင် မျိုးနွယ်ခေါင်းဆောင်ပေးခဲ့တဲ့ ရတနာတစ်ခုပဲ။ ဒီရတနာက ဘာမှအဆင့်မြင့်တာတော့ မရှိဘူး။ သူ လုပ်နိုင်တာက အနားမှာ လူသားပုံစံ ပြောင်းထားတဲ့ နတ်ဆိုးတွေ ရှိနေရင် ခေါင်းလောင်းမည်လိမ့်မယ်။ သူ့ရဲ့ခေါင်းလောင်းသံက နတ်ဆိုးတွေ ရှိနေတာကို သတိပေးနိုင်တဲ့အပြင် နတ်ဆိုးပုံရိပ်ယောင်တွေနဲ့ လှည့်စားမခံရအောင်လည်း တားဆီးပေးနိုင်တယ်။ သူ့ရဲ့စွမ်းရည်တွေက စိတ်ကို ကြည်လင်စေပြီး အာရုံစိုက်နိုင်အောင် ကူညီပေးတယ်လို့လည်း မျိုးနွယ်ခေါင်းဆောင်က ပြောခဲ့တယ်…”
“သတ္တိကောင်းတဲ့ ကျင့်ကြံသူတစ်ယောက်ဆိုရင် နတ်ဆိုးတစ်ကောင်ရဲ့ အနားမှာနေပြီး ခေါင်းလောင်းရဲ့အစွမ်းနဲ့ လေ့ကျင့်လိုက်မယ်ဆိုရင် သူတို့ရဲ့ကျင့်ကြံမှုက တိုးတက်လာနိုင်တယ်။ ဒါကတော့ သူတို့ကို အန္တရာယ်မပေးနိုင်တဲ့ နတ်ဆိုးတစ်ကောင်ကို ရှာနိုင်မှပဲ အလုပ်ဖြစ်မယ်လေ။ ပြီးတော့ အဲဒီနတ်ဆိုးက ဆက်တိုက်တီးနေတဲ့ ခေါင်းလောင်းသံကိုလည်း ခံနိုင်မှရမယ်။ အဲဒီလိုအစွမ်းထက်ပြီး သဘောကောင်းတဲ့ နတ်ဆိုးတွေက ရှာဖို့ အရမ်းခက်တယ်။ ဒီတော့ ငါတို့မျိုးနွယ်ခေါင်းဆောင်ရဲ့စကားက ဟာသသက်သက်ပါပဲ…”
ချန်းပင်အန်းက ထိုခေါင်းလောင်းကို သေချာကိုင်ကြည့်နေသည်။
ထိုအချိန်တွင် ကျူးလုက သူမ၏မြင်းနှင့်အတူ အနားကိုလျှောက်လာခဲ့၏။
“ပိုကြီးတဲ့ပုံစံအနေနဲ့ ပြောရမယ်ဆိုရင်တော့ အဲဒါက ဧရာမခေါင်းလောင်းကြီးတစ်ခုလို့ ပြောလို့ရတယ်။ ခေါင်းလောင်းအသေးပုံစံကတော့ သာမန်ခေါင်းလောင်းလေးပဲပေါ့။ ဒီလိုသဘာဝရှိတဲ့ အင်မော်တယ်မှော်ရတနာတွေ အများစုက မကောင်းဆိုးရွား ဝိညာဉ်တွေကို တားဆီးနိုင်တဲ့အတွက် သာမန်လူအများစုက သူတို့ရဲ့အိမ်တံစက်မြိတ်မှာ ချိတ်ထားကြတယ်။ အဲဒါက အလှဆင်တဲ့အနေနဲ့လည်း အသုံးပြုနိုင်တယ်လေ။ တကယ်လို့ တစ်ယောက်ယောက်ကသာ ဘုန်းကြီးကျောင်း ဒါမှမဟုတ် တာအိုကျောင်းဆောင်တစ်ခုကနေ ခေါင်းလောင်းလေးတစ်ခုရမယ်ဆိုရင် အဲဒီခေါင်းလောင်းလေးက ကောင်းမှုကုသိုလ်ပြုလုပ်ထားသူတွေရဲ့ အကျိုးကျေးဇူးကို ရလိမ့်မယ်။ ပြီးရင် လေတိုက်တဲ့အချိန်တိုင်း မကောင်းဆိုးရွားဝိညာဉ်တွေကိုတားဆီးပေးနိုင်ပြီး ကြောက်စရာကောင်းတဲ့ အန္တရာယ်တွေကနေ အိမ်ကို ကာကွယ်ပေးနိုင်တယ်…”
ချန်းပင်အန်းက ခေါင်းလောင်းကို ညင်သာစွာ လှုပ်ရှားကြည့်လိုက်သည်။
ကျူးဟယ်က အားရပါးရ ရယ်လိုက်၏။
“အနားမှာ နတ်ဆိုးမရှိဘဲ ဒီခေါင်းလောင်းက အသံမည်မှာ မဟုတ်ဘူး။ မဟုတ်လို့ နေ့ခင်းကြောင်တောင် အမြဲတမ်းမည်နေမယ်ဆိုရင် ကိုင်ထားတဲ့သူက သံသယ ဝင်လာမှာပေါ့။ ခေါင်းလောင်းကလည်း ပိုပြီးတော့ ပြဿနာများလိမ့်မယ်..”
ထိုအရာကို ချန်းပင်အန်းက နားလည်နေပြီး အဖိုးတန် နတ်ဆိုးသတိပေးခေါင်းလောင်းကိုကျူးဟယ်ဆီသို့ ပြန်ပေးလိုက်သည့်အချိန်တွင် တစ်စုံတစ်ယောက်က အင်္ကျီလက်ကို ဆွဲလိုက်ကြောင်း ခံစားမိလိုက်၏။ သူက ငုံ့ကြည့်လိုက်ရာ လီပေါင်ဖျင်က သူ့ကိုစိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။
ကျူးဟယ်က ခေါင်းညိတ်ပြလိုက်သည့်အခါ သူလည်း ခေါင်းလောင်းကို လီပေါင်ဖျင်၏ လက်ထဲသို့ ထည့်ပေးလိုက်၏။ သူမက လက်နှစ်ဖက်နှင့် ကိုင်ကြည့်နေပြီး သေချာဂရုတစိုက် လေ့လာနေခဲ့၏။ ထို့နောက် သူမက ခေါင်းလောင်း၏ အတွင်းထဲကိုလက်နှိုက်ပြီး အတင်းအကြပ် တီးနေခဲ့သည့်အတွက် ချန်းပင်အန်းကပင် ထိတ်လန့်သွားခဲ့သည်။
သူက လီပေါင်ဖျင်ကို သတိထားရန် ပြောလိုက်ပြီးနောက် သူမ၏လက်ကို ဆွဲထုတ်ခိုင်းလိုက်သည်။ လီပေါင်ဖျင်ကို စိုက်ကြည့်နေရင်း ချန်းပင်အန်းက စိတ်ဝင်တစား မေးလိုက်သည်။
“ဦးလေးကျူး …
အစောပိုင်းတုန်းက ကျွန်တော်တို့တွေ့ခဲ့တဲ့ နတ်ဆိုးတွေက လူသားတွေကို ပြဿနာမပေးနိုင်ဘူးလား။ ကျွန်တော်တို့ တာ့လီအင်ပါယာထဲမှာ နတ်ဆိုးတွေ အများကြီး ရှိနေတာလား…”
ကျူးဟယ်က ပုံပြောတတ်သော လူတစ်ယောက်မဟုတ်ချေ။ ထို့ကြောင့် လီကလန်မျိုးနွယ်ခေါင်းဆောင်ဆီမှ ကိုယ်တိုင်ကြားထားရသော အရာများကိုသာ ပြောပြခဲ့သည်။
“ငါတို့အရှေ့ပိုင်းကုန်းမြေကြီးက အရမ်းကျယ်တဲ့ ကုန်းမြေကြီးတစ်ခုပဲ။ ကုန်းမြေကြီးပေါ်မှာလည်း တိုင်းပြည် တစ်ဒါဇင်ကျော်ရှိတဲ့အပြင် လူပေါင်း(၁၀)သန်းကျော်ရှိတယ်။ ဒီကုန်းမြေကြီးပေါ်မှာ တောင်မြင့်ကြီးတွေ၊ ဧရာမမြစ်ကြီးတွေလည်း အများကြီးရှိတယ်။ ဒီတော့ ကံကောင်းတဲ့ အခွင့်အရေးတွေရပြီး လူသားပုံသဏ္ဌာန် ပြောင်းလဲနိုင်တဲ့ နတ်ဆိုးတွေ၊ ဝိညာဉ်တွေလည်း ရှိတာပဲ။ သူတို့တွေက ကျင့်ကြံမှုလမ်းကြောင်းကို လျှောက်လှမ်းနိုင်ကြတယ်…”
“အဲဒီလိုပြောပေမဲ့ ဒါက သာမန်မြင်ကွင်းတစ်ခုတော့ မဟုတ်ဘူး။ အပြင်ဘက်ကမ္ဘာကြီးထဲမှာ ရှိတဲ့လူတွေက ငါတို့မြို့ထဲမှာ ရှိတဲ့လူတွေနဲ့ ကွဲပြားတယ်လို့ မျိုးနွယ်ခေါင်းဆောင်က ပြောဖူးတယ်။ သူတို့ကသာ အရှေ့ပိုင်းကုန်းမြေကြီးရဲ့ သီးသန့်နေရာတွေမှာ နေတာ မဟုတ်ဘူးဆိုရင် ဒီလိုအရာတွေအကြောင်းကို ကြားဖူးကြမှာပဲ။ လူတိုင်းက အဲဒီလိုအရာမျိုးကို မမြင်ဖူးပေမဲ့ သူတို့နဲ့ ပတ်သက်တဲ့ ပုံပြင်ဒဏ္ဍာရီတွေတော့ ရှိနေတယ်…”
“ဥပမာ တောင်တန်းတွေထဲမှာ ရှိနေတဲ့ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတွေထဲမှာ ခရီးသွားလာနေတဲ့ စာသင်သားတွေကို ဆွဲဆောင်တတ်တဲ့ မြေခွေးနတ်ဆိုးတွေ ရှိနေတဲ့ ဇာတ်လမ်းလိုမျိုးတွေပေါ့။ နတ်ဆိုးတွေက ကမ္ဘာမြေကြီးကို ဖျက်ဆီးပြီး ထိခိုက်အောင်လုပ်တဲ့အချိန်တိုင်း လုံပုတောင်ကို စာပို့လိုက်မယ်ဆိုရင် သူတော်စင်တွေက အဲဒီနတ်ဆိုးတွေကို သုတ်သင်ဖို့ ရောက်လာလိမ့်မယ်..”
“အမှန်အတိုင်း ပြောရရင်တော့ အဲဒီလိုပုံပြင်တွေက ကုန်းမြေကြီးတစ်ခုလုံးမှာရှိတဲ့ ကလေးငယ်တွေကြားထဲမှာ တော်တော်လေး နာမည်ကျော်ကြားတယ်။ ဒါကြောင့် နတ်ဆိုးတွေ ဖျက်ဆီးတဲ့နေရာတိုင်း သူတော်စင်တွေရှိတယ်ဆိုတဲ့ စကားလုံးတောင် ပေါ်လာခဲ့တယ်။ ဒါကြောင့် ငါတို့က ခရီးလမ်းမှာ အဲဒီလိုအရာမျိုးတွေကို များများတွေ့ရမယ်ဆိုရင်တောင် ဂရုစိုက်စရာမလိုဘူး…”
“ဒါပေမဲ့ တစ်ခုတော့ သေချာမှာထားတယ်။ တကယ်လို့ နတ်ဆိုးတစ်ယောက်က လူသားပုံစံကို ပြောင်းလဲနိုင်တယ်ဆိုရင် ပုံရိပ်ယောင်တစ်ခုကိုသုံးပြီး လူသားပုံစံ ပြောင်းလဲထားတာ မဟုတ်နိုင်ဘူးလို့ ငါတို့မျိုးနွယ်ခေါင်းဆောင်က ပြောခဲ့တယ်။ အထူးသဖြင့် သူက ကျင့်ကြံသူတစ်ဝက် ဖြစ်နိုင်တယ်…”
“တာ့လီနန်းတွင်းက အဲဒီအရာမျိုးကို ဝမ်းမြောက်ဝမ်းသာ ကြိုဆိုကြတယ်။ သူတို့က အဲဒီနတ်ဆိုးတွေ၊ ဝိညာဉ်တွေကို မဖိနှိပ်တဲ့အပြင် သူတို့အတွက် ချွင်းချက်တွေထားပြီး တာ့လီအင်ပါယာထဲမှာ ကိုယ်ပိုင်ဂိုဏ်းတွေတောင် တည်ထောင်ခွင့်ပေးထားတယ်။ သူတိုလုပ်ဖို့ လိုအပ်တာက အထွေထွေရေးရာဌာနမှာ စာရင်းသွင်းရုံပဲ။ ဒါပေမဲ့ တချို့စည်းမျဉ်းတွေ ၊ ထုံးလမ်းအစဉ်အလာတွေကြောင့် တာ့လီနန်းတွင်းထဲမှာ တာဝန်ထမ်းဆောင်နေတဲ့ နတ်ဆိုးတွေတော့ မရှိဘူး။ ဒါပေမဲ့ နတ်ဆိုးကျင့်ကြံသူတွေက နယ်စပ်တိုက်ပွဲတွေမှာ တော်တော်လေး အကျိုးဆောင်ပေးခဲ့ဖူးတယ်လို့ ကြားဖူးတယ်။ သူတို့လည်း ငါတို့လို နေထိုင်ကြတာပဲ။ ပုံမှန်ဆိုရင် သူတို့က လူသားတွေနဲ့ လုံးဝကိုခွဲခြားလို့မရနိုင်ဘူး…”
ကျူးဟယ်၏ဇာတ်လမ်းက အလွန်စိတ်ဝင်စားရာကောင်းပြီး နားလည်လွယ်သည်။ ထို့ကြောင့် ချန်းပင်အန်းက စိတ်ဝင်တစား နားထောင်နေပြီး လီဟွိုင်နှင့် လင်းရှို့ယီတို့ကလည်း အတူတူသာဖြစ်သည်။
တစ်ဖက်တွင်တော့ အိုက်လျန်က အဖွဲ့၏ ရှေ့ဆုံးမှ လျှောက်နေပြီး ကျူးဟယ်ပြောသည့် စကားလုံးများကို အလေးမထားခဲ့ပေ။ သူက ဝါးဓား၏လက်ကိုင်ကို လက်နှင့် ပွတ်နေပြီး ကိုယ်ပိုင်သီချင်းတစ်ပုဒ်ကိုသီဆိုနေခဲ့၏။
ထိုအချိန်တွင် ကျူးလုက အဖွဲ့၏ အနောက်ဘက်မှ လိုက်လာသည့်အတွက် သူမက ပို၍ပင် စိတ်မဝင်စားခဲ့ပေ။ ကြည့်ရသည်မှာ သူမက အိမ်နှင့်အဝေးကို ရောက်လာလေလေ အိမ်ကိုပို၍လွမ်းလာလေလေ ဖြစ်သည်။
……………….
သူတို့အဖွဲ့က နောက်ထပ်(၂)နာရီခန့် သွားလာခဲ့ပြီးနောက် နဂါးနှုတ်ခမ်းမွှေး စမ်းချောင်း၏အစပ်တွင် ရှိနေသော ရေတံခွန်ပေါ်ရှိ ကျောက်တုံးပေါ်တွင် သက်လတ်ပိုင်းအရွယ် အမျိုးသမီးတစ်ယောက် ပေါ်လာခဲ့၏။ သူမက ကမ်းပါးအစွန်တွင် ထိုင်နေပြီး သူမဆီတွင် ပေ(၅၀)၊ (၆၀)ခန့် အရှည်ရှိသော အစိမ်းရင့်ရောင် ဆံပင်မွှေးရှိသည်။
ထိုဆံပင်က သူမ၏ခြေထောက်ကိုကျော်၍ ရေထဲထိအောင် ရောက်နေခဲ့သည်။ သူမက သံအဆောင်မြစ်ထဲတွင် လှုပ်ရှားနေသော ရေများကို စူးစူးနစ်နစ် စိုက်ကြည့်နေပြီး မျက်လုံးထဲတွင်တော့ စိတ်ဆန္ဒများ ပြည့်နှက်နေခဲ့သည်။ တချိန်တည်းတွင် သူမ၏မျက်နှာအမူအရာများက ဆက်တိုက်ပြောင်းလဲသွားနေခဲ့၏။
သူမက သူမ၏ပုံစံကို အမှန်တကယ် တည်ငြိမ်နိုင်စေသော အကူပစ္စည်းတချို့ကို စောင့်ဆိုင်းနေပုံရသည်။ မြစ်နတ်ဘုရားနှင့် မြစ်အစောင့် ကွဲပြားချက်က စကားလုံးတစ်ခုတည်းသာ ဖြစ်သော်လည်း ထိုအရာနှစ်ခု၏ ကြားထဲတွင် အဆင့်အတန်းနှင့် စွမ်းအားကွာခြားမှုက နေ့နှင့်ညကဲ့သို့ဖြစ်သည်။
ဤနေရာက သူမ ရောက်နိုင်သော အဝေးဆုံးနေရာဖြစ်သည်။ ဆက်သွားလိုက်မည်ဆိုလျှင် သူမက ပိုင်နက်ထဲမှ ထွက်သွားရတော့မည်ဖြစ်၏။ လူသားအရာရှိ တစ်ယောက်က သူတို့၏နေရာမှ စိတ်ကြိုက်ထွက်သွား၍ မရနိုင်သလို တောင်တန်းနှင့် ရေနတ်ဘုရားများကလည်း သူတို့ကာကွယ်နေသော ပိုင်နက်ထဲမှ စိတ်တိုင်းကျ ထွက်သွားပိုင်ခွင့်မရှိကြပေ။ မဟုတ်လျှင် ကမ္ဘာမြေလောကတခွင်လုံး သဘာဝကပ်ဆိုးမျိုးစုံ ဖြစ်လာနိုင်၏။
သူမက နတ်ဘုရားအဖြစ်ကို သေချာပေါက် ရောက်နိုင်သော်လည်း ထိုကဲ့သို့အရေးပါသောအခြေအနေမျိုးတွင် ကိုယ့်ကိုယ်ကိုယ် ဒုက္ခအရောက်မခံနိုင်ပေ။ သူမက တာ့လီအင်ပါယာမှ ဖုန်းရွှယ်ပညာရှင် ခေါင်းဆောင်ကို တွေ့ခဲ့ရသည့်အချိန်တွင် စမ်းချောင်းအတိုင်း အပေါ်ဘက်ကို တိတ်တဆိတ် ကူးခတ်လာခဲ့သည်။
ထိုအချိန်တွင် သူ့ဆီမှ အကြည့်တစ်ချက်တည်းကပင် သူမက နေရာတွင် သေဆုံးသွားတော့မလို ခံစားခဲ့ရ၏။ ထိုအချိန်မှစ၍ သူမက မြို့အပြင်ဘက်မှ ပညာရှင်များအပေါ် လေးစားကြောက်ရွံ့မှုများ ရှိလာခဲ့၏။
သူမက ချန်းပင်အန်းတို့အဖွဲ့၏ နောက်မှလိုက်၍ ဤနေရာသို့ ရောက်လာခဲ့ခြင်း ဖြစ်သည်။ သူမဆီတွင် မကောင်းသော စိတ်ဆန္ဒများ ရှိနေခြင်းကြောင့် မဟုတ်ဘဲ အိုက်လျန်ကို စောင့်ကြည့်ရန် ရွမ်ချုံက တာဝန်ပေးထားခြင်းကြောင့်ဖြစ်သည်။ လွန်ခဲ့သော ရက်အနည်းငယ် အတောအတွင်း သူမက တာဝန်ကို နေ့ရောညပါ အကောင်းဆုံး စွမ်းဆောင်နေခဲ့ပြီး အနည်းငယ်လေးပင် ပျင်းရိနေခဲ့ခြင်း မရှိချေ။
လက်ကောက်ကို မီးနဂါးတစ်ကောင်အဖြစ် ပြောင်းလဲနိုင်သော မိန်းမပျိုကိုလည်း သူမက ကြောက်လန့်နေခဲ့သည်။ သူမက အဘိုးကြီးယန်ကိုလည်း ကြောက်လန့်နေခဲ့၏။ သူမက အဘိုးကြီးယန်၏စကားကို ပြန်လည်ကြားယောင်နေမိခဲ့သည်။ တနေ့နေ့တွင် ထိုမိန်းကလေးက တာအိုအကူပြည့်ဝရန် သူမကို ဖျက်ဆီးပစ်လိမ့်မည်ဟု ပြောခဲ့သည်။
မြစ်အစောင့် တစ်ယောက် ဖြစ်လာပြီးနောက် သူမဆီတွင် မှော်စွမ်းရည်တချို့ ရလာခဲ့သည်။ ဥပမာအနေနှင့် ပြောရလျှင် သူမက နေ့စဉ်နှင့်အမျှ ပို၍ငယ်ရွယ်သော ရုပ်ရည်တစ်ခု ရှိလာပြီး မြစ်ထဲတွင် သက်တောင့်သက်သာ ကူးခတ်နိုင်သည်။ ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းသည့် အချိန်များတွင် သူမက မိုးရေများကိုဖြတ်၍ မြို့ထဲကို မြင်နိုင်၏။ ထို့ပြင် မြေအောက်ရေများကိုဖြတ်၍ မြို့ထဲကို လှမ်းကြည့်နိုင်သည်။
ထိုသို့ မပင်မပန်း ရှာဖွေနေသည့် နေ့ရက်များတွင် သူမက ရေကန်အောက်ခြေ၌ ရှိနေသော အဖိုးတန်မှော်ရတနာများစွာကိုလည်း တွေ့လိုက်ရသည့်အတွက် ထိုအရာများက အားလုံးက သူမ၏ပိုင်ဆိုင်မှု တစိတ်တပိုင်း ဖြစ်လာခဲ့သည်။ ထိုမှော်ရတနာများထဲမှ တစ်ခုကတော့ သူမ၏လက်ညှိုးတွင် ဝတ်ဆင်ထားသော ကျောက်စိမ်းလက်စွပ်တစ်ကွင်းဖြစ်သည်။
သူမက အချိန်ရသည့်အချိန်တိုင်း ထိုအရာကို သေချာစိုက်ကြည့်နေပြီး ရွှေငွေလက်ဝတ်ရတနာများ မက်မောနေသော သာမန်မိန်းမတစ်ယောက်ကဲ့သို့ ဖြစ်သည်။ သူမက သာမန်လူသားကမ္ဘာကြီး၏ အထက်ကို ရောက်လာလေလေ အဘိုးကြီးယန်နှင့် ရွမ်ရှို့တို့ကို ပို၍ကြောက်လာလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနှစ်ယောက်က သူမဆီတွင် လက်ရှိရှိနေသော အရာအားလုံးကို ဖျက်ဆီးနိုင်စွမ်း ရှိနေခဲ့၏။
သူမက အတွေးပေါင်းစုံကို ဖယ်ရှားလိုက်ပြီး ပတ်ပတ်လည်ကို စစ်ဆေးကြည့်လိုက်သည်။ ထိုအချိန်တွင် တာ့လီအင်ပါယာ၏ တစိတ်တပိုင်း ဖြစ်နေသည့်အတွက် လီကျူးသုခဘုံထဲတွင် ရှိနေသော စွမ်းအင်များက အလွန်အမင်းကို များပြားလှပြီး လေ့ကျင့်ရန်အတွက် အကောင်းဆုံး နေရာတစ်ခု ဖြစ်နေသည်။ ထိုအရာက တခြားသောသုခဘုံ (၇၂)ကဲ့သို့ဖြစ်၏။
ရလဒ်အနေနှင့် ကုန်းနေရေနေသတ္တဝါများစွာက လီကျူးသုခဘုံထဲကို စတင်ရောက်ရှိလာကြသည်။ အထူးသဖြင့် ဉာဏ်ရည်ဖွံ့ဖြိုးနေသော တောင်တန်းဝိညာဉ်များက ဤနေရာကို အလိုလို ရောက်လာကြပြီး တခြားသူများမရောက်ခင် သူတို့အတွက် နယ်မြေအပိုင်စားပေးရန် မျှော်လင့်နေကြသည်။
တောင်တန်းနှင့်မြစ်နတ်ဘုရားများ၏တာဝန်က ကုန်းမြေကြီးကို ကာကွယ်ရန် ဖြစ်သည်။ လက်ရှိအချိန်တွင် သူမကတော့ သူမ၏လက်အောက်တွင် နှုတ်ခမ်းမွှေးပေါက်နေသော ငါးပေါင်းများစွာကို ခေါ်ယူထားသည်။ သူမ အပြင်သွားသည့်အချိန်တိုင်း ထိုရေနေသတ္တဝါများက သူမ၏အစေခံများ၊ အစောင့်အရှောက်များကဲ့သို့ လုပ်ဆောင်နေသည့်အတွက် အတော်လေးကို ကျေနပ်နေမိခဲ့သည်။
ယခုတော့ သူမက သံအဆောင်မြစ်ထဲတွင် ကူးခတ်နိုင်ခြင်း မရှိသေးသော်လည်း ထိုရေတံခွန်တွင်ရပ်ပြီး မြစ်နှင့်စမ်းချောင်း၏ လမ်းကြောင်းကို သေချာစိုက်ကြည့်နေခဲ့သည်။ အဘိုးကြီးယန်ကတော့ သူမကို မြစ်ထဲသို့သွားရန် ခွင့်ပြုထားခဲ့၏။
ထို့ကြောင့် သူမက အလွန်ယုံကြည်ချက် ရှိနေပြီး ဤနေရာတွင် သူမ၏အစွမ်းနှင့် စိတ်ကြိုက်လုပ်ဆောင်နိုင်သည်ဟု တွေးမိခဲ့၏။ သို့သော် သူမကတော့ သဘာဝတရားကြီးကို အတော်လေး သတိထားမိခဲ့ပြီး ဂရုစိုက်နေခဲ့သည်။ ထို့ပြင် ခန့်မှန်း၍ မရနိုင်သော အစွမ်းထက်ပညာရှင်တစ်ယောက်က တနေ့နေ့တွင် ဖြတ်လာပြီး သူမကိုသတ်ပစ်မှာလည်း ကြောက်လန့်နေသေး၏။
နောက်ဆုံးတွင်တော့ မြစ်အစောင့်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိပြီး သံအဆောင်မြစ်အတိုင်း ခိုးကြောင်ခိုးဝှက်ရောက်လာသော လူ(၅)ယောက်အဖွဲ့ကို စိုက်ကြည့်လိုက်သည်။
ထိုမတိုင်ခင် သူမက ရေတံခွန်အပေါ်၌ ပုန်းအောင်းနေခဲ့၏။ ထို(၅)ယောက်က အဆင့်အတန်းမြင့်သည့် ပုံစံမျိုးရှိကြောင်း သူမက မြင်လိုက်ရသည်။ သူတို့က ခရီးသွားလာနေသော အင်မော်တယ်များကဲ့သို့ ထင်မှတ်ရ၏။ ထို့ကြောင့် သူမက ကြောက်လန့်တကြား ပုန်းအောင်းနေမိခဲ့သည်။
သို့သော် ဘာကြောင့်မှန်း မသိသော်လည်း ထို(၅)ယောက်က စိုးရိမ်ထိတ်လန့်တကြီး ထွက်ပြေးသွားခဲ့၏။ သူတို့ ဘာကြောင့် ထွက်ပြေးသွားစေကာမူ သူမက သူတို့ကို မကြောက်တော့ပေ။ ထိုအစား လုပ်စရာ မရှိသည့်အတွက် သူတို့ကို ဖိနှိပ်ရန် စဉ်းစားခဲ့၏။
သူမက သူတော်စင်ရွမ်ကို တရားဝင် အလုပ်လုပ်ပေးနေသလို ရေထဲတွင် ရှိနေသော ယင်စွမ်းအားကို မြှင့်တင်၍ သူ၏ဓားဖန်တီးမှုကို ကူညီပေးနေခဲ့သည်။ သူမက ရွမ်ရှို့နှင့် မီးနဂါးကို ရင်ဆိုင်ရာတွင်လည်း အသက်ရှင်နေနိုင်ခဲ့သည်။ ထိုအရာများက သူမအတွက် ဂုဏ်ယူစရာ မဟုတ်ပေလော။
ခေါင်းထဲတွင် ထိုအရာများ ရှိနေသည့်အတွက် သူမက ပို၍ပင်စိတ်အေးသွားခဲ့၏။ သူမ၏ပုံစံက တည်ငြိမ်နေသယောင် အကောင်းဆုံးကြိုးစားပြီး ကမ်းပါးအစွန်တွင် ထိုင်၍ မြစ်ကိုကူးလာသော နတ်ဆိုး(၅)ယောက်ကို အေးစက်စွာ စိုက်ကြည့်နေခဲ့သည်။
သူတို့ထဲတွင် မိုးကာအင်္ကျီ ဝတ်ထားသော အဘိုးအိုကတော့ တောင်တက်ခြင်းနှင့် ခရီးသွားလာခြင်းကို သဘောကျသော အသက်ကြီးကြီး စာသင်သားတစ်ယောက်နှင့် တူညီသည်။ ထို့ပြင် ဆွဲဆောင်မှုရှိသော မျက်လုံးတစ်စုံနှင့် ဆွဲဆောင်မှုရှိနေသော အဝတ်အစားများ ဝတ်ထားသည့် မိန်းမပျိုတစ်ယောက်၊ အလွန်နက်ရှိုင်းသော မျက်လုံးတစ်စုံရှိနေပြီး ခရမ်းရောင်ဝါးတုတ် တစ်ချောင်း ကိုင်ထားသည့် ကလေးငယ်တစ်ယောက်နှင့် လူငယ်စုံတွဲတစ်တွဲ ပါဝင်နေသည်။
သူတို့ဆီမှ နတ်ဆိုးအငွေ့အသက် အများစု ပျောက်ကွယ်နေပြီး သူတို့က ကြောက်လန့်နေသည့် အမူအရာနှင့် အဘိုးအို၏နောက်တွင် ပုန်းအောင်းနေကြသည်။ သူတို့က မည်သူ့ကိုမျှတည့်တည့် စိုက်ကြည့်ရဲခြင်း မရှိချေ။
နတ်ဆိုးများက လူသားများကို ရှောင်ရှားရပြီး နတ်ဘုရားများကို လေးစားရသည်။ ထိုအရာက ရှေးအချိန်ကတည်းက ဆင်းသက်လာခဲ့သော သံမဏိစည်းမျဉ်းတစ်ခု ဖြစ်၏။ သို့သော် ယနေ့ခေတ်တွင်တော့ နတ်ဘုရားများကို မြင်တွေ့ရန် အလွန်ခက်ခဲသည်။ သူတို့ကို ကျောင်းဆောင်များထဲတွင် ရုပ်တုများအဖြစ်သာ မြင်ရတော့၏။ ထို့ကြောင့် ကလေးငယ်များကပင် တောင်တန်းများ၏ပေါ်၌ နေထိုင်သော အင်မော်တယ်များစွာ ရှိကြောင်း သိနေကြသည်။
နန်းတွင်းမှ တရားဝင် တာဝန်ပေးထားသော တောင်တန်းနှင့် မြစ်နတ်ဘုရားများက တောင်(၅)တောင်၏ နတ်ဘုရားများ မဟုတ်လျှင်ပင် တောင်တန်းနတ်ဆိုးများ၊ ဝိညာဉ်များ၏ မျက်လုံးထဲတွင်တော့ သူတို့က ခန့်မှန်း၍မရနိုင်သော ပညာရှင်များ ဖြစ်ကြသည်။ နတ်ဆိုးများနှင့် ဝိညာဉ်များက ထိုတောင်တန်းနတ်ဘုရားထက် ကျင့်စဉ်အဆင့် မြင့်မားနေလျှင်တော့ ပြောစရာမလိုတော့ပေ။
အမှန်အတိုင်း ပြောရလျှင်တော့ သူတို့အတွက် မြစ်အစောင့်တစ်ယောက်ကပင် သွားရှုပ်၍ မရနိုင်သော အဆင့်မြင့်ပညာရှင်တစ်ယောက်ဟု သတ်မှတ်နိုင်သည်။
“ကျွန်တော်တို့က တာ့လီနယ်စပ်မှာ လှည့်လည်သွားလာနေတဲ့ အိမ်ခြေရာမဲ့ ကျင့်ကြံသူတွေပါ။ ကျွန်တော်တို့က မြစ်နတ်ဘုရားကို အရိုအသေပေးဖို့အတွက် ရောက်လာတာပါ…”
အဘိုးအိုက မြစ်အစောင့်အရှောက်ကို တရိုတသေ ဦးညွှတ်လိုက်သည်။
ထို့နောက် တည်ငြိမ်စွာ ပြောလိုက်၏။
“ရှေးအချိန်ကတည်းကစပြီ နာမည်ကျော်ကြားတဲ့ တောင်တန်းတွေက သူတော်စင်တွေရဲ့ သဘောကျတာကို ပိုခံရတယ်။ ကျွန်တော်တို့တွေကတော့ ကိုယ့်ကိုယ်ကိုယ် သူတော်စင်တွေလို့ မသတ်မှတ်ရဲပါဘူး။ ကျွန်တော်တို့မှာ မကောင်းတဲ့စိတ်လည်း မရှိဘူး။ ကျွန်တော်တို့က သူတော်စင်ကို အရိုအသေပေးဖို့ပဲ ရောက်လာတာပါ…”
“အခုဒီကမ္ဘာငယ်လေးက ပွင့်သွားပြီ။ ကျွန်တော်တို့ လိုချင်တာက ဒီနေရာမှာရှိတဲ့ သူတော်စင်ရဲ့ မျက်စိအောက်မှာ ငြိမ်းငြိမ်းချမ်းချမ်း လေ့ကျင့်ချင်ရုံပါပဲ။ တကယ်လို့ ကျွန်တော်တို့ကသာ ကျင့်ကြံမှုလမ်းကြောင်းကို သွားနိုင်မယ်ဆိုရင် ဒီနေရာကို အကျိုးပြုဖို့ အာမခံနိုင်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ကို ဒီနေရာကနေ သွားခွင့်ပေးပါ….”
ထိုနတ်ဆိုးများက သူတို့ကိုယ်သူတို့ တောင်တန်းပေါ်တွင် နေထိုင်သော ကျင့်ကြံသူများဟု ပြောတတ်ကြသည်။ ထိုအရာက သူတို့ထက် အဆင့်မြင့်သူများနှင့် ရင်ဆိုင်ရသည့်အချိန်တွင် အနှိမ့်ချဆုံး အမူအရာတစ်ခုလည်း ဖြစ်၏။
မြစ်အစောင့်က ခပ်တည်တည်နှင့် ပြောလိုက်သည်။
“မင်းတို့တစ်ယောက်ချင်းဆီက ငါ့ကို လက်ဆောင်တစ်ခုဆီပေးရမယ်။ တကယ်လို့ မင်းတို့ရဲ့လက်ဆောင်ကို သဘောကျတယ်ဆိုရင်တော့ ငါကိုယ်တိုင်မြို့ရဲ့ အနောက်ဘက်ပိုင်းမှာရှိတဲ့ တောင်ပေါ်ကိုခေါ်သွားပေးမယ်..”
ထိုစကားကို ကြားသည့်အခါ အဘိုးအိုက အနည်းငယ် လှုပ်ရှားသွားသည်။ ထိုမြစ်အစောင့်က ယခုလို တည့်တိုးဆန်လိမ့်မည်ဟု သူလည်း မထင်ထားခဲ့ပေ။
ထိုစကားကို ကြားသည့်အခါ ဝါးတုတ် ကိုင်ထားသော ကလေးငယ်က ဒေါသထွက်သွားခဲ့သည်။
“သူက အဆင့်နိမ့်တဲ့မြစ်အစောင့်တစ်ယောက်ပဲ။ ကျွန်တော်တို့ကတော့ သူ့ကိုမြစ်နတ်ဘုရားတစ်ယောက်လို လေးလေးစားစား ဆက်ဆံတယ်။ သူက ကျွန်တော်တို့ဆီကနေ ဒီလိုမျိုး လာဘ်စားချင်သေးတာလား။ တာ့လီနန်းတွင်းက သူ့ကိုနေရာကနေ ဖယ်ထုတ်ပြီး လေလွင့်ဝိညာဉ်ဖြစ်သွားအောင် လုပ်ပစ်မှာကို မကြောက်ဘူးလား…”
ယခင်ဘဝတွင် ထိုမိန်းမပျိုက တရုတ်ဇီးသီးပွင့်လမ်းကြားထဲ၌ အပေါက်ဆိုးသည်ဟု နာမည်ကျော်ကြားခဲ့သူ တစ်ယောက်ဖြစ်သည်။ ထို့ပြင် အဘိုးကြီးယန်ကလည်း သူမ၏လက်ရှိအခြေအနေကို သေချာပြောပြခဲ့၏။ ထို့ကြောင့် သူမကတော့ ထိုခြိမ်းခြောက်မှုများကို စိတ်မဝင်စားခဲ့ပေ။ ထိုအစား သူတို့က မည်မျှအသည်းအသန် သွားချင်နေကြောင်း သူမက နားလည်နေခဲ့၏။
ထို့ကြောင့် သူမက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
“မင်းတို့က ဒီလိုပြောတယ်ဆိုရင်တော့ အခုချက်ချင်း ငါ့မျက်စိရှေ့ကနေ ထွက်သွားလိုက်တော့။ မင်းတို့က နဂါးနှုတ်ခမ်းမွှေးစမ်းချောင်းရဲ့ ပေတစ်ရာအတွင်း ရောက်လာရဲမယ်ဆိုရင်တောင် မင်းတို့က တာ့လီအင်ပါယာရဲ့စည်းမျဉ်းတွေကိုချိုးဖောက်သလိုဖြစ်သွားပြီ။ မင်းတို့က တုံ့ပြန်မှုတွေကို ဘယ်လိုခံနိုင်ရည်ရှိမလဲ ကြည့်ကြသေးတာပေါ့…”
ကလေးငယ်က ပို၍ဒေါသထွက်သွားပြီး မြစ်အစောင့်ကို ပြောဆိုတော့မည့်အချိန်တွင် အဘိုးအိုက သူ့ကို စိုက်ကြည့်လိုက်သည်။ သဘောကောင်းသော အဘိုးအို၏ မျက်နှာပေါ်တွင် ကြောက်စရာကောင်းသည့် အမူအရာများ အစားထိုး ရောက်လာခဲ့သည့်အတွက် ကလေးငယ်က ချက်ချင်းပင် ကြောက်လန့်ပြီးတိတ်ဆိတ်သွားခဲ့သည်။
(၁၅)မိနစ်ခန့် ကြာပြီးနောက် တောင်တန်း မှီခိုကျင့်ကြံသူ(၅)ယောက်က စမ်းချောင်းအတိုင်း လုံချွမ်တိုင်းပြည်ဆီကို ရောက်လာခဲ့ကြသည်။ မြစ်အစောင့်အတွက်တော့ သူမ၏ပိုင်ဆိုင်မှုထဲတွင် ပစ္စည်း(၅)ခု တိုးလာ၏။
သူတို့ထဲမှ တစ်ခုကတော့ ကလေးငယ် ပိုင်ဆိုင်သော ခရမ်းရောင်ဝါးတုတ်ဖြစ်သည်။ ထိုဝါးတုတ်က တလက်လက် တောက်ပနေပြီး စိတ်ဝိညာဉ်စွမ်းအားများ ပြည့်နှက်နေခဲ့၏။ မြစ်အစောင့်က ထိုပစ္စည်းများကို ဝမ်းမြောက်ဝမ်းသာ စစ်ဆေးကြည့်နေရင်း ရင်ထဲတွင် ဝမ်းနည်းမှုတစ်ခု ပေါ်လာခဲ့သည်။
“တကယ်လို့ ငါ့မြေးသာ တရုတ်ဆီးသီးပွင့်လမ်းကြားထဲမှာ ဆက်နေဦးမယ်ဆိုရင် ဒီပစ္စည်းတွေအားလုံး သူ့ကိုပေးလို့ရတယ်…”
သူမက သူမ၏မြေးကို နောက်တစ်ကြိမ် ပြန်တွေ့နိုင်ခြင်းရှိမရှိ သေချာမသိပေ။ သို့သော် ကျင့်ကြံမှုလမ်းကြောင်းပေါ်တွင် အနည်းငယ် လမ်းကြောင်းလွဲသွားသည်နှင့် လူတစ်ယောက်က သေဆုံးသွားနိုင်ပြီး စွမ်းရည်ပြည့်ဝသော ပါရမီရှင်များကပင် အစွမ်းကုန်တိုးတက်လာသည်မှာ အလွန်အမင်းရှားပါးသည်ဟု ကြားထားခဲ့သည်။
ထိုအရာက ခေါင်းထဲတွင် ပေါ်လာခဲ့သည့်အတွက် သူမ၏ခံစားချက်များက ချက်ချင်းပျက်စီးသွားခဲ့ပြီး သူမက မြစ်ကြမ်းပြင်ဆီသို့ ကူးခတ်သွား၍ တိတ်တဆိတ် ငိုကြွေးနေခဲ့လေသည်။
Translated by Hein Htet.