အခန်း (၉၉)
Vol. 7 Ch. 99
ချန်းပင်အန်းတို့အဖွဲ့က နဂါးနှုတ်ခမ်းမွှေးစမ်းချောင်းနှင့် သံအဆောင်မြစ်တို့အတိုင်း တောင်ဘက်ကို ဖြည်းညင်းစွာ ဆက်လက် ထွက်ခွာလာခဲ့ကြသည်။ သူတို့က တစ်ရက်လျှင် ကီလိုမီတာ (၃၀) ခန့် သွားလာနိုင်ခဲ့၏။
လီပေါင်ဖျင်နှင့် လီဟွိုင်တို့ (၂)ယောက်လုံးက သာမန်ကလေးများထက် ပို၍သက်လုံကောင်းသည်။ လင်းရှို့ယီက ချမ်းသာသောမိသားစုမှ ရောက်လာသော်လည်း မြက်ဖိနပ် (၂) ရံ စုတ်ပြတ်သွားသည်ကိုပင် သူကတော့ တခြားကလေး (၂) ယောက်ကို ရှုံးနိမ့်လိုခြင်း မရှိချေ။ ထို့ကြောင့် နာကျင်မှုကို သည်းခံနေခဲ့၏။
ထို့ပြင် ချန်းပင်အန်းက သူ့ခြေထောက်ကို ဒဏ်ရာ သက်သာစေရန် ဆေးပင်များ မည်သို့ထည့်ရမည်ဖြစ်ကြောင်း နည်းလမ်း သင်ကြားပေးခဲ့သည်။ ထို့ကြောင့် သူက လက်ရှိအခြေအနေထိ လိုက်လာနိုင်ခဲ့ခြင်း ဖြစ်၏။ ထို့ပြင် သူတို့၏အထုတ်များကို သယ်ဆောင်ပေးသော မြင်းများနှင့် အိုက်လျန်၏ မြည်းဖြူတို့လည်း ရှိနေသေးသည့်အတွက် ထိုခရီးလမ်းက သူတို့အတွက် အလွန်အမင်း ခက်ခဲကြမ်းတမ်းနေခြင်း မရှိချေ။
ချန်းပင်အန်းက ကလေး (၃) ယောက်ကို အတော်လေး လေးစားနေမိခဲ့သည်။ အထူးသဖြင့် သူတို့က ဤခရီးလမ်းကို လျှောက်လှမ်းလာခဲ့ကြသည်မှာ စာသင်သား တစ်ယောက်ဖြစ်ရန် ရည်ရွယ်ချက်ကြောင့် ဖြစ်သည်။
လုံချွမ်တိုင်းပြည်က တာ့လီအင်ပါယာ၏ ထာဝရခမ်းနားခြင်းစီရင်စုထဲတွင် ရှိနေသည်။ လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်တွင်တော့ အရှေ့ပိုင်းကုန်းမြေကြီးပေါ်တွင် ရှိနေသော တိုင်းပြည်များအားလုံးက စည်းမျဉ်းတစ်ခု ဖန်တီးထားခဲ့သည်။ ထိုအရာကတော့ မည်သည့်ပိုင်နက်တွင်မှ နာမည်တွင် နဂါး(လုံ)ဟူသော စကားလုံး မပါဝင်စေရန် ဖြစ်သည်။
ထိုပိုင်နက်များ၏ နာမည်တွင် ရှိနေသည့် နဂါးဟူသည့် စကားလုံးကို တခြားစကားလုံးနှင့် အစားထိုး လဲလှယ်ခဲ့ကြသည်။ လုံချွမ်တိုင်းပြည်က လီကျူးသုခဘုံဟူသော နာမည်ကြောင့် ထိုစည်းမျဉ်းမှ ချွင်းချက်တစ်ခု ဖြစ်ခဲ့ရ၏။
မူလတုန်းက လီကျူးသုခဘုံက တာ့လီအင်ပါယာ၏ အပေါ်ဘက် ကောင်းကင်ပေါ်တွင် ရှိနေသည်နှင့် ယှဉ်လိုက်မည်ဆိုလျှင် မြေပြင်ကတော့ တောင်ဘက်ကို ပို၍ကျရောက်နေခဲ့သည်။ အကယ်၍ လူတစ်ယောက်ကသာ တရားဝင်လမ်းမကြီးများအတိုင်း ခရီးသွားလာမည်ဆိုလျှင် လုံချွမ်တိုင်းပြည်မှ တာ့လီအင်ပါယာ၏ တောင်ဘက်နယ်စပ်ကိုရောက်ရန် (၂) ပင် အချိန်မပေးရပေ။
ကျူးဟယ်က လီကလန်ထဲတွင် စာအုပ်ပေါင်းများစွာကို ဖတ်ခဲ့ဖူးသည့်အတွက် အပြင်ဘက်ကမ္ဘာကြီးအကြောင်းကို အတော်လေး သိထားခဲ့၏။ ချန်းပင်အန်းဆီတွင် အချိန်ပို ရှိသည့်အချိန်တိုင်း သူက မြို့အပြင်ဘက်တွင် ရှိနေသော ကမ္ဘာကြီးနှင့် ပတ်သက်ပြီး ကျူးဟယ်ကို မေးခွန်းများ မေးတတ်သည်။
အလားတူစွာပင် ကျူးဟယ်ကလည်း တောင်တန်းများ၊ မြစ်များပေါ်တွင် သွားလာရသည့် အခြေအနေများနှင့် ပတ်သက်ပြီး ချန်းပင်အန်းကို စိတ်ဝင်တစား မေးခဲ့၏။
အချိန်ကြာလာသည်နှင့်အမျှ အိုက်လျန်က အရက်များများသောက်ပြီး စကားနည်းနည်းသာ ပြောခဲ့သည်။ အိုက်လျန်၏အရက်ကို သောက်ခဲ့သည့် အချိန်ကတည်းကစပြီး လင်ရှို့ယီက အိုက်လျန်နှင့် အတော်လေး ပို၍ရင်းနှီးလာခဲ့၏။ သူက မတူညီသော ခေါင်းစဉ်များအကြောင်း အိုက်လျန်ကို မေးခွန်းများ မကြာခဏ မေးတတ်သည်။ တစ်ချိန်တွင်တော့ သူ ကိုယ်တိုင်က အရက်သမားတစ်ယောက် ဖြစ်လာတော့မည့် လက္ခဏာများကို ပြသနေခဲ့၏။
လီပေါင်ဖျင်၏ စာအုပ်သေတ္တာလေးထဲတွင်တော့ တာ့လီအင်ပါယာ၏ နန်းတွင်းမှ ထုတ်ထားသော ရောင်စုံစာအုပ်တစ်ခု ရှိသည်။ ထိုစာအုပ်ထဲတွင် တိုင်းပြည်ထဲရှိ နယ်မြေအမှတ်အသားမျိုးစုံကို ဖော်ပြထားခဲ့၏။ ပြောရမည်ဆိုလျှင် ထိုအရာက တာ့လီအမှုစစ်များသာ ရရှိနိုင်သော အရာတစ်ခု ဖြစ်သည်။
ထိုစာအုပ်အရ သူတို့က သိပ်မကြာခင် သွားစားပွဲတောင်ကို ရောက်တော့မည် ဖြစ်ကြောင်း သိလာခဲ့၏။ ထိုတောင်တက်လမ်းက အရှည်အားဖြင့် ကီလိုမီတာ (၁၅၀)ကျော်ရှိပြီး ထာဝရခမ်းနားမှုစီရင်စုနှင့် တိမ်တိုက်ဖြူစီရင်စု အပါအဝင် စီရင်စု (၄) ခုကို ဖြတ်သန်းသွားခဲ့သည်။
သူတို့အဖွဲ့က တောင်ခြေ၌ အနားယူနေသည့်အချိန်တွင် လီဟွိုင်ကတော့ အံ့သြနေသော အမူအရာနှင့် တောင်တက်လမ်းကို စိုက်ကြည့်နေခဲ့၏။ ထိုလမ်းကြောင်းက နဂါးစီးလမ်းကြားလောက်ပင် ပို၍ကျယ်ဝန်းခြင်း မရှိခဲ့ချေ။
ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက ဒေါသတကြီး ပြန်လှည့်၍ အော်ဟစ်လိုက်၏။
"အိုက်လျန် …
ဒါက တာ့လီအင်ပါယာ တည်ဆောက်ထားတဲ့ ပင်မလမ်းမလား။ ဒီလမ်းကြောင်းက ကြက်အစာအိမ်လောက်တောင် မရှိဘူး။ ဒါက တရားဝင်လမ်းမပဲလား.."
တရားဝင် ပင်မလမ်းကြောင်းကြီးများ အားလုံးက စီရင်စုများနှင့် တိုင်းပြည်များ အချင်းချင်းကို ဆက်သွယ်ပေးထားသည်။ သူတို့က လူသားတစ်ယောက်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော သွေးကြောကွန်ယက်များနှင့် ပို၍တူညီနေသည်။
အကယ်၍ လူတစ်ယောက်၏ သွေးကြောများထဲတွင် ပိတ်ဆို့မှု တစ်ခုခု ရှိလာလျှင် သူတို့၏ချီစွမ်းအင်နှင့် သွေးစီးဆင်းမှုက နှောင့်ယှက်ခံရပါလိမ့်မည်။ အလားတူစွာပင် တရားဝင်လမ်းမများကို ပိတ်ဆို့မှုများက တိုင်းပြည်တစ်ပြည်၏ ဆက်သွယ်မှု လမ်းကြောင်းကို ပြတ်တောက်သွားစေနိုင်သည်။
အိုက်လျန်က လမ်းမဘေးတွင် ရှိနေသော သစ်ငုတ်တိုတစ်ခုပေါ်၌ ထိုင်လိုက်သည်။ သူက အရက်တစ်ငုံ သောက်ပြီး အပြုံးနှင့် ပြောလိုက်၏။
"တရားဝင်လမ်းမတွေကိုတောင် အဆင့်အမျိုးမျိုး ခွဲထားသေးတယ်။ တာ့လီအင်ပါယာထဲမှာ တောင်ပိုင်းနယ်စပ်ကနေ မြောက်ဘက်ကိုသွားတဲ့ တရားဝင်လမ်းမ (၃) ခုရှိတယ်။ သွားစားပွဲတောင်ကို ဖြတ်သွားရတဲ့ ဒီလမ်းက အငယ်ဆုံးပဲ။ ဒါက ကြွေထည် ၊ လက်ဖက်ခြောက်နဲ့ ဆားတွေ သယ်ပို့ကြတဲ့ လမ်းကြောင်းအဖြစ် အများဆုံးသုံးကြတယ်…”
“အရင်တုန်းကတော့ ဒါက တော်တော်လေးအသုံးဝင်တဲ့ လမ်းကြောင်းတစ်ခုပဲ။ ဒါပေမဲ့ အခုတော့ လီကျူးသုခဘုံက ပြုတ်ကျလာပြီး တောင်ပိုင်းနဲ့ မြောက်ပိုင်းကြားထဲမှာရှိတဲ့ လမ်းကြောင်းကို ပိတ်ထားခဲ့တယ်။ ဒီတရားဝင်လမ်းမကို ယာယီစွန့်ပစ်ထားကြတဲ့အတွက် ကုန်သည်တွေလည်း တော်တော်လေးကို ထိခိုက်ခဲ့ကြရတယ်…”
“ကုန်တင်လှေကြီးတွေ အတော်များများကတော့ သွားစားပွဲတောင်ရဲ့ တောင်ဘက်မှာရှိတဲ့ ဆိပ်ကမ်းတစ်ခုမှာ ဆိုက်ကပ်တတ်ကြတယ်။ အဲဒီနေရာကိုတော့ ဖယောင်းတိုင်နီမြို့လို့ ခေါ်တယ်။ အဲဒီကိုလာတဲ့ ကုန်သည်လှေတွေ အများစုက လူ (၂) ယောက် (၃) ယောက်လောက်ပဲ စီးကြတယ်…”
“ညအချိန်တောင် အဲဒီနေရာတစ်ခုလုံးက လင်းထိန်နေတာပဲ။ လှေပေါ်မှာရှိတဲ့ မိန်းကလေးတွေလည်း တော်တော်လှပြီး သူတို့က လှေပေါ်မှာ မျက်နှာချင်းဆိုင်ဖြစ်ဖြစ် ကျောချင်းကပ်ပြီး ဖြစ်ဖြစ် ထိုင်ကြတယ်။ ပြီးတော့ ရှည်လျားသွယ်လျတဲ့ သူတို့ရဲ့ခြေထောက်တွေကို တမင်ရည်ရွယ်ချက်ရှိရှိ ပြသထားတတ်ကြတယ်….”
“မင်းတို့က ကမ်းစပ်မှာရှိတဲ့ အရက်ဆိုင်ကနေ အရက်တစ်အိုးနဲ့ မြေပဲဆံတစ်ပွဲမှာပြီး တစ်ညလုံး ငွေတစ်ပြားမှမကုန်ဘဲ အဲဒီမိန်းကလေးတွေကို တစ်ညလုံး ထိုင်ကြည့်နေလို့ရတယ်…"
ကျူးလုက အရှေ့ကို ငုံ့လိုက်ပြီး လီပေါဖျင်၏နားကို လက် (၂) ဖက်နှင့် အုပ်လိုက်သည်။ ထိုသို့ဆိုလျှင် သူမက အိုက်လျန် ပြောပြနေသော ရှက်စရာကိစ္စများကို မကြားနိုင်တော့ပေ။ တစ်ချိန်တည်းတွင် သူမ၏မျက်နှာပေါ်၌ ဒေါသထွက်နေသော အမူအရာတစ်ခု ပေါ်လာခဲ့၏။
"ငါတို့က ဖယောင်းတိုင်နီမြို့မှာ ညမအိပ်ဘူး…"
အိုက်လျန်က ချန်းပင်အန်းကို အရက်ဘူးနှင့် လက်ညှိုးထိုးပြီး ပြောလိုက်သည်။
"ငါတို့က အဲဒီမှာ ညအိပ်မလား မအိပ်ဘူးလားဆိုတာ သူ့အပေါ်ပဲ မူတည်တယ်။ သူက ငါတို့ရဲ့ဘဏ္ဍာရေးမှူးပဲလေ…"
ကျူးလု၏ မျက်လုံးထဲတွင် သတ်ဖြတ်ချင်စိတ်များ ပြည့်နှက်လာပြီး အကယ်၍ ချန်းပင်အန်းကသာ ထိုနေရာ၌ ညအိပ်ရန် သဘောတူရဲလျှင် သူ့ကို သတ်ပစ်တော့မလို ထင်မှတ်ရသည်။
ခဏကြာ စဉ်းစားနေပြီနောက် ချန်းပင်အန်းက လေးလေးနက်နက် ပြောလိုက်၏။
"ငါတို့က ရိက္ခာဖြည့်ဖို့အတွက် မြို့မှာတော့ သေချာပေါက်ရပ်ရလိမ့်မယ်။ အဲဒီမှာ ညအိပ်မလား ဆိုတာကတော့ အဲဒီမှာရှိတဲ့ တည်းခိုဆောင်တွေရဲ့ တန်ကြေးအပေါ်ပဲ မူတည်လိမ့်မယ်။ ငါတို့အဖွဲ့ထဲမှာ လူများတယ်။ တကယ်လို့ ဈေးအရမ်းကြီးမယ်ဆိုရင်တော့ ငါတို့က ဖြတ်သွားရလိမ့်မယ်…"
ကျူးလုက မျက်နှာပျက်ပျက်နှင့် ပြောလိုက်၏။
"တကယ်လို့ အဲဒီမှာတည်းဖို့ ဈေးချိုတယ်ဆိုရင်တော့ ပြည်တန်ဆာတွေ ပြည့်နေတဲ့ အဲဒီအမှိုက်ပုံထဲမှာ ငါတို့က ညအိပ်ရမှာလား။ ချန်းပင်အန်း … လင်းရှို့ယီနဲ့ ငါတို့သခင်မလေးက စာသင်သားတွေ...။ သူတို့တွေက ချောက်ကမ်းပါးကျောင်းတော်မှာ တပည့်တွေဖြစ်ကြမှာ...။ သူတို့က အဲဒီလိုမိန်းမမျိုးတွေနဲ့ နီးနီးကပ်ကပ်နေလို့ ရမလား။ တကယ်လို့ သူတို့က အဲဒီလို ရွံစရာကောင်းတဲ့ လုပ်ရပ်မျိုးတွေကို မမြင်ရဘူးဆိုရင်တောင် ဘာတွေဖြစ်နေလဲဆိုတာ သေချာပေါက် ကြားရမှာပဲ…"
"ငါတို့က မြို့ကိုရောက်ပြီးမှပဲ ဆုံးဖြတ်ချက်ချကြမယ်…"
ကျူးလုက ကန့်ကွက်နေသော်လည်း ချန်းပင်အန်းက ဆုံးဖြတ်လိုက်သည်။
ကျူးလုကတော့ လုံးဝကို ဒေါသထွက်နေခဲ့၏။
ကျူးဟယ်က အလျင်အမြန် ဝင်ပြောလိုက်သည်။
"ပင်အန်း ပြောတဲ့အတိုင်းပဲ လုပ်ကြမယ်။ ငါတို့က အခုချိန်ထိ နောက်ဆုံးအတည်ပြုချက် မရောက်သေးဘူး။ ဒီတော့ အရင်ဆုံး အဲဒီကို သွားကြည့်ကြမယ်။ ငါတို့က ဖယောင်းတိုင်နီမြို့မှာ တစ်ညလုံး အချိန်ကုန်ဖို့လည်း မလိုပါဘူး…"
ကျူးလု၏ ဒေါသများက အနည်းငယ်လေးပင် ပျောက်ကွယ်သွားခဲ့ခြင်း မရှိဘဲ ချန်းပင်အန်းကို လက်ညှိုးထိုး၍ ပြောလိုက်သည်။
"နင်က စာသင်သား မဟုတ်တာ ကောင်းကင်ဘုံကို ကျေးဇူးတင်ရမယ်။ မဟုတ်ရင် နင့်ကြောင့် ကျောင်းစာသင်သားတွေအားလုံး အရှက်ရလိမ့်မယ်…"
ဤလမ်းခရီးတွင် ချန်းပင်အန်းက လီပေါင်ဖျင်နှင့် ကျူးဟယ်ဆီမှ စာရေးခြင်း၊ စာဖတ်ခြင်းကို သင်ယူနေပြီး ကျူးလု၏ စကားလုံးက သူ့ကို အတော်လေး အရှက်ရစေခဲ့သည်။
ထိုအချိန်တွင် ပြဿနာမီးမွှေးပေးသူ အိုက်လျန်ကတော့ ချန်းပင်အန်း ပြောဆိုခံရသည်ကို ဝမ်းသာနေခဲ့သည်။
ကျူးလုက ချန်းပင်အန်း၏ ခေါင်းတွင် ရှိနေသော ကျောက်စိမ်းဆံထိုးကိုကြည့်ပြီး ခနဲ့သလို ပြောလိုက်၏။
"နင့်လို မျောက်တစ်ကောင်က ဒီလိုအဖိုးတန်တဲ့ဆံထိုးဝတ်ဖို့ မထိုက်တန်ဘူး…"
"ကျူးလု တော်လောက်ပြီ…"
ကျူးဟယ်က ရှုတည်တည်နှင့် ဝင်ပြောလိုက်သည်။
ထိုအချိန်တွင် လီပေါင်ဖျင်နှင့် လင်းရှို့ယီတို့ကပင် အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိကြ၏။
တစ်ချိန်တည်းတွင် အိုက်လျန်က အရက်တစ်ငုံ သောက်လိုက်သည်။ အရက်က မည်မျှထူးခြားစေကာမူ တစ်ချိန်လုံး သောက်နေမည်ဆိုလျှင် တဖြည်းဖြည်း ပင်ပန်းလာမည်သာ ဖြစ်၏။ ဖယောင်းတိုင်နီမြို့၏ နွေဦးဇီးသီးအရက်ကို စဉ်းစားမိသည့်အခါ သူလည်း အနည်းငယ် စိတ်လှုပ်ရှားလာခဲ့သည်။ သူက ချန်းပင်အန်းဆီမှ ငွေစတချို့ကို မည်သို့ ညှစ်ထုတ်ရမည်ဖြစ်ကြောင်း စဉ်းစားနေခဲ့၏။ ထိုသို့ဆိုမှသာ သူလည်း အရက်ကို သောက်နိုင်ပါလိမ့်မည်။
ချန်းပင်အန်းက တစ်စုံတစ်ခု ပြောချင်နေခဲ့သော်လည်း အဆုံးတွင်တော့ စကားတစ်ခွန်းမျှ မပြောခဲ့ချေ။ သူက တောင်တန်းကြီးကိုသာ တိတ်တဆိတ် ငေးကြည့်နေခဲ့၏။
တောင်တန်းထဲသို့ ရောက်မလာခင် ချန်းပင်အန်းက သူ လုပ်ဆောင်နေကျအတိုင်း (၃)ကြိမ် အရိုအသေပေးလိုက်သည်။ ထိုအရာက အဘိုးယောင် သူ့ကို လက်ဆင့်ကမ်းပေးခဲ့သော ရှေးဟောင်းရိုးရာတစ်ခုလည်း ဖြစ်၏။ အဘိုးယောင်က သူ့ကို ထိုအပြုအမူနှင့် ပတ်သက်ပြီး လုံးဝရှင်းမပြခဲ့သော်လည်း သူကတော့ တစ်ကြိမ်တစ်ခါမျှမလွဲအောင် ထုံးတမ်းစဉ်လာကို ထိန်းသိမ်းထားခဲ့သည်။
ထိုအပြုအမူကို အိုက်လျန်ကတော့ ဂရုမစိုက်ခဲ့ပေ။ ချန်းပင်အန်းက သစ်ငုတ်တိုပေါ်တွင် မထိုင်ရန် ပြောခဲ့သည်ကိုလည်း သူက လျစ်လျူရှုထားခဲ့၏။ သူ ပင်ပန်းသည့် အချိန်တိုင်း အနီးဆုံးတွင် ရှိနေသော သစ်ငုတ်တိုပေါ်တွင် ထိုင်တတ်သည်။ သူကတော့ အချိန်တိုင်း ထိုကဲ့သို့ လုပ်ဆောင်တတ်၏။
ချန်းပင်အန်းက သူ၏အကျင့်စရိုက်ကို တခြားသူများ လိုက်လုပ်ရန် အတင်းအကျပ် တွန်းအားပေးတတ်သော လူစားမျိုး မဟုတ်ချေ။ ထို့ကြောင့် သူ၏အကြံပေးချက်ကို အိုက်လျန်က (၂) ကြိမ် နားမထောင်သည့်အခါ သူလည်း အိုက်လျန်ကို ထပ်မံပြောဆိုခဲ့ခြင်း မရှိချေ။ မည်သို့ ဖြစ်စေကာမူ မည်သည့်အရာမျှ မဖြစ်သည့်အတွက် သူလည်း ထပ်ပြောရန် အကြောင်းပြချက် မရှိချေ။
ရှည်လျားသော တောင်တက်လမ်းတွင် အပြာရောင် ကျောက်ပြားများ ခင်းထားသော်လည်း သွားလာရန် အတော်လေးကို ခက်ခဲသည်။ ထိုအရာက နွေဦးရာသီနှောင်းပိုင်း ဖြစ်နေသည်ကိုပင် တောင်တန်းထဲ၌ ရှိနေသော သစ်ပင်များက ညှိုးခြောက်မည့် လက္ခဏာမျိုး မရှိသေးပေ။ ထိုအစား ပန်းပွင့်တိုင်း မြက်ပင်တိုင်းက အသက်စွမ်းအင်များ ပြည့်နှက်နေပြီး ယခုနှစ် နွေရာသီက အတော်လေးကို ရှည်ကြာပုံရသည်။
လေတဟူးဟူး တိုက်ခတ်နေသော တောင်တက်လမ်းက အပေါ်သို့ မြွေလိမ်မြွေကောက် တက်သွားပြီး ချန်းပင်အန်းတို့ အဖွဲ့ကတော့ သူတို့ ခြေကုတ်မြဲစေရန် ခြေကျင်းဝတ်တွင် ဖျင်စများကို ပတ်ထားကြသည်။ ထို့ပြင် တစ်ယောက်ချင်းဆီက တုတ်တစ်ချောင်းဆီကို ကိုင်ထားကြ၏။
ကျူးဟယ်နှင့် ကျူးလု အပါအဝင် လူတိုင်းက ချန်းပင်အန်း ယက်ပေးသော မြက်ဖိနပ်ကို ဝတ်ဆင်ထားကြသည်။ ထို့ကြောင့် သူတို့၏ ဖိနပ်များကိုတော့ အိတ်ထဲတွင်သာ သိမ်းဆည်းထားခဲ့ရ၏။
ပထမတွင်တော့ ကျူးလုက ထိုဖိနပ်များကို ဝတ်ဆင်ရန် ငြင်းဆန်ခဲ့သည်။ ထိုအရာများက ကြမ်းတမ်းပြီး လှပမှု မရှိချေ။ သို့သော် မိုးရွာနေသောနေ့တွင် တောင်မြင့်ကြီးက အလွန်ရွှံ့ထူပြီး ချော်ထွက်နေသည်။ သူမက မကြာခဏဆိုသလို ခြေချော်ကျနေခဲ့၏။
အဆင့် (၂) သိုင်းပညာရှင် တစ်ယောက်ဖြစ်သော သူမကပင် ဆိုးဆိုးဝါးဝါး လုံးဝ မကြုံဖူးချေ။ သို့သော် သူမကတော့ ဆက်လက်ရုန်းကန်နေရပြီး ခရီးဆက်ရန် အလွန်ခက်ခဲနေခဲ့၏။ အဆုံးတွင်တော့ သူမလည်း ရွေးချယ်စရာမရှိတော့ဘဲ သူမ၏အဖေဆီမှ မြက်ဖိနပ်ကို လက်ခံလိုက်ရပြီး တိတ်တဆိတ် ဝတ်ဆင်လိုက်ရ၏။
သူမလည်း လီဟွိုင်ကဲ့သို့ စိတ်ဓာတ်ကျနေခဲ့သည်။ ကျူးလုက လီဟွိုင်၏ နောက်ပြောင်မှုကြောင့် ဒေါသထွက်နေခဲ့ပြီး ရွှံ့ဗွက်ထဲသို့ အားနှင့် နင်းချလိုက်သည်။ အဆင့် (၂) အထွဋ်အထိပ် သိုင်းပညာရှင်တစ်ယောက် ဖြစ်သည့်အတွက် သူမ၏ခြေထောက်အားက စွမ်းအားများ ပြည့်ဝနေပြီး လီဟွိုင်၏ ခန္ဓာကိုယ်တစ်ခုလုံး ရွံ့များ ပေသွားခဲ့သည်။
ဆင်းရဲနွမ်းပါးသော မိသားစုထဲတွင် ကြီးပြင်းလာသည့်အတွက် လီဟွိုင်ဆီတွင် အပိုအင်္ကျီများများ မရှိချေ။ ထို့ကြောင့် သူက အတော်လေးကို စိတ်ပျက်ပြီး မျက်ရည်များ စီးကျလာခဲ့၏။
လင်းရှို့ယီကတော့ လုပ်စရာလည်း မရှိသည့်အတွက်တောင်တန်းများကို ငေးကြည့်နေခဲ့သည်။ ထို့ကြောင့် သူက လမ်းဘေးတစ်ဖက်တွင် ထိုင်နားနေခဲ့၏။
ကျူးဟယ်ကတော့ သဘောကောင်းသော လူတစ်ယောက် ဖြစ်သည်။ သူက အဆင့်(၄) သိုင်းပညာရှင်တစ်ယောက် ဖြစ်သော်လည်း လီဟွိုင်ကို တောင်းပန်လိုက်ပြီး မြို့ကို ရောက်လျှင် သူ့အတွက် အဝတ်အသစ်တစ်စုံ ဝယ်ပေးမည်ဟု ကတိပေးခဲ့သည်။
သို့သော် လီဟွိုင် အမှန်တကယ် ဝမ်းနည်းသွားခဲ့သည်မှာ သူ ကြီးပြင်းလာခဲ့ရသော ဆင်းရဲနွမ်းပါးသည့် အခြေအနေကြောင့်သာ ဖြစ်သည်။ ကျူးလုဆီတွင်တော့ ထိုကဲ့သို့ စိတ်နေစိတ်ထားမျိုး ရှိနေသော်လည်း ချမ်းသာသည့် အဖေ တစ်ယောက် ရှိနေသည်မှာ မတရားသလို ခံစားနေရသည်။
ထို့ကြောင့် ကျူးဟယ်၏ ကမ်းလှမ်းမှုက သူ၏ဒဏ်ရာပေါ်သို့ ဆားသိပ်ပေးလိုက်သလို ဖြစ်နေပြီး သူက ပို၍ပင် စိတ်ပျက်သွားသည့်အတွက် ရွှံ့ထဲကို အကြိမ်ကြိမ် ခြေဆောင့်နေခဲ့သည်။ ထို့ကြောင့် သူ့ခန္ဓာကိုယ်တစ်ခုလုံး ရွှံ့များ ပေပွနေခဲ့၏။
ခဏကြာပြီးနောက် လူတိုင်းက သူ၏အပြုအမူကြောင့် စိတ်ဓာတ်ကျနေပြီး ချန်းပင်အန်းက သူ့ကို နှစ်သိမ့်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ့စကားကို နားမထောင်ခဲ့ပေ။ သိပ်မကြာခင် ချန်းပင်အန်း၏ တစ်ကိုယ်လုံးလည်း ရွှံ့များ ပေပွသွားခဲ့၏။ သို့သော် သူကတော့ ထိုကဲ့သို့ အခက်အခဲမျိုးစုံကို ရင်ဆိုင်ခဲ့ဖူးသည်။ ထို့ကြောင့် လီဟွိုင်ကို ဒေါသထွက်နေခြင်းမရှိဘဲ ဘာလုပ်ရမှန်း မသိသလို ဖြစ်သွားခဲ့၏။
ကျူးလုက ထိုအခွင့်အရေးကို အရယူပြီး လီဟွိုင်ကို ဆက်လက် လှောင်ပြောင်ခဲ့သည်။ လီဟွိုင်အပေါ် ထားသော ချန်းပင်အန်း၏ သဘောထားများက ပျက်စီးသွားရသည်ဟုပင် ပြောခဲ့၏။ သူက ကျေးဇူးမသိတတ်သော ကောင်လေးကို ချန်ထားခဲ့ရန် ပြောလိုက်သည်။
ထိုစကားကြောင့် လီဟွိုင်က ပို၍ပင် ကျယ်လောင်စွာ ငိုယိုနေခဲ့ပြီး လီပေါင်ဖျင်၏ ခြိမ်းခြောက်မှုကလည်း သူ၏မျက်ရည်များကို ဖိနှိပ်ရန် မလုံလောက်ခဲ့ပေ။
ခဏကြာ စဉ်းစားနေပြီးနောက် ချန်းပင်အန်းက မေးလိုက်၏။
"ဒီလိုလုပ်ပါလား …လီဟွိုင်။ ငါ မင်းအတွက် စာအုပ်သေတ္တာလေးတစ်ခု လုပ်ပေးမယ်…"
လီဟွိုင်၏ မျက်ရည်များက ချက်ချင်း တိတ်သွားခဲ့ပြီး သူက မျက်ရည်များကိုသုတ်၍ လေးလေးနက်နက် ပြန်မေးလိုက်သည်။
"ဘယ်လောက်ကြီးတဲ့ စာအုပ်သေတ္တာလဲ…"
"အရမ်းတော့ ကြီးမှာ မဟုတ်ဘူး။ လက်ရှိအချိန်မှာ မင်းရဲ့ခန္ဓာကိုယ်က အရမ်းသေးတယ်။ ဒီတော့ စာအုပ်သေတ္တာက အရမ်းကြီးမယ်ဆိုရင် မင်းက ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ တကယ်လို့ မင်းက မလိုချင်ဘူးဆိုရင်လည်း ဘာမှမပြောခဲ့ဘူးလို့ သဘောထားလိုက်...။ မင်းက ဆက်ပြီးငိုနေတော့။ ငါတို့သွားတော့မယ်။ လိုက်လာတာ လိုက်မလာတာကတော့ မင်းသဘောပဲ…"
ချန်းပင်အန်းက ပြန်ဖြေလိုက်သည်။
လီဟွိုင်က အပြုံးနှင့် ပြောလိုက်၏။
"သေးလည်းရတယ်။ ဒါပေမယ့် ကြည့်ကောင်းမှရမယ်။ အနည်းဆုံးတော့ လီပေါင်ဖျင်ရဲ့ စာအုပ်သေတ္တာလို ကြည့်ကောင်းရမယ်…"
"နင့်လို အသက်အရွယ်နဲ့ ကောင်လေးက တခြားသူတွေကို စိတ်အနှောင့်အယှက်ပေးဖို့ သနားစရာကောင်းတဲ့ အလုပ်မျိုးတောင် ဘယ်လိုလုပ်ရမလဲ သိနေတာပဲ။ အဖေတူသားဆိုတာ ဒီလိုမျိုးပဲ ဖြစ်မယ်ထင်တယ်။ ငါကတော့ နင့်မိဘတွေက ဘယ်လိုမိဘမျိုးဆိုတာတောင် မမြင်ခဲ့ရဘူး…"
ကျူးလုက ပြောလိုက်သည်။
စာအုပ်သေတ္တာတစ်ခု လုပ်ပေးရန် ချန်းပင်အန်းက ကတိပေးလိုက်သည့်အတွက် လီဟွိုင်က ကျူးလု၏စကားများကို ဂရုမစိုက်တော့ပေ။ သူ၏မျက်နှာတွင် ရန်စလိုသည့် အမူအရာတစ်ခုသာ ပေါ်လာပြီး သူမက အတော်လေးကို ဒေါသထွက်နေခဲ့၏။
"ငါက မင်းအတွက်ရော စာအုပ်သေတ္တာတစ်ခု လုပ်ပေးရမလား…"
ချန်းပင်အန်းက လင်းရှို့ယီကို လှည့်ပြီးမေးလိုက်သည်။
လင်းရှို့ယီက ငြင်းဆန်တော့မည့်အချိန်တွင် ချန်းပင်အန်းက ဆက်ပြောလိုက်၏။
"ဘယ်လိုပဲဖြစ်ဖြစ် ငါ့အတွက်တော့ အခက်အခဲမရှိဘူး…"
ထိုစကားကို ကြားသည့်အခါ လင်းရှို့ယီက ခဏကြာ တွေဝေနေခဲ့ပြီး ခေါင်းညိတ် တုံ့ပြန်လိုက်သည်။
သွားစားပွဲတောင်၏ ထိပ်ဆုံးတွင် ရှိနေသော မြင်ကွင်းများက အလွန်အမင်းကို ထူးခြား၏။ ထိုအရာက အလွန်ကြီးမားသော မြေပြန့်လွင်ပြင်ကြီးကဲ့သို့ ဖြစ်နေပြီး မြို့ထဲတွင် သာမန်မြင်ကွင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။ မြေပြင်က အလွန်ပြန့်ပြူးနေသည်မှာ မြက်ခင်းပြင်ကဲ့သို့ဖြစ်နေပြီး တောင်ထိပ်ကို အစွမ်းထက် အင်မော်တယ်တစ်ယောက်က ဓားနှင့် ခုတ်ပိုင်းထားသလို ဖြစ်နေခဲ့၏။
ကလေးများအားလုံးက ဝမ်းသာသွားကြပြီး ကျူးလုကတော့ ပင်ပန်းနွမ်းနယ်မှုများကို ဖြေဖျောက်ရန် အားကုန်အော်ဟစ်ချင်နေခဲ့သည်။ ချန်းပင်အန်းကတော့ တောင်ထိပ်ပေါ်တွင် ရှိနေသော မြင်ကွင်းများကို မြင်ရသည်မှာ အသားကျနေပြီ ဖြစ်သည်။
အထူးသဖြင့် သူက တောင်တန်းထဲသို့ ခရီးသွားလာနေစဉ် အတောအတွင်း တောင်ထိပ်များစွာကို လေ့လာရှာဖွေခဲ့ဖူးသည်။ ထို့ကြောင့် သူက အဖွဲ့ထဲတွင် အတည်ငြိမ်ဆုံး ဖြစ်၏။ ညအချိန်တွင် သူတို့က တောင်ထိပ်ပေါ်၌ တစ်ညလုံး အနားယူရတော့မည် ဖြစ်သည်။
ထို့ကြောင့် ကျူးဟယ်နှင့် ကျူးလုတို့က တဲများ တပ်ဆင်နေကြပြီး လီဟွိုင်နှင့် လင်းရှို့ယီတို့ကတော့ ထင်းများ သွားကောက်နေကြသည်။ ထိုအချိန်တွင် ချန်းပင်အန်းနှင့် လီပေါင်ဖျင်တို့ကတော့ ကျောက်တုံးများကိုသုံးပြီး မီးဖိုတစ်ခု ဖန်တီးနေကြ၏။
လက်ရှိအချိန်တွင် လူတိုင်းက အစာခြောက်များ ကုန်ဆုံးသွားပြီ ဖြစ်သည့်အတွက် သူတို့၏ရိက္ခာများကို ပြန်ဖြည့်ရန် လိုအပ်သည်။ ထိုရည်ရွယ်ချက်ကြောင့် ချန်းပင်အန်းက လမ်းတစ်လျှောက်တွင် မြင်တွေ့ရသော ဆေးပင်များအားလုံးကို ခြင်းတောင်းထဲသို့ ခူးလာခဲ့သည်။ သူ၏ရင်းနှီးကျွမ်းဝင်မှုကြောင့် သူက ဆေးပင်များခူးရန် အနည်းငယ် ပိုရှည်သော လမ်းကြောင်းမှ လိုက်လာလျှင်ပင် သူတို့ကို လျင်မြန်စွာ မှီလာခဲ့သည်။ သူ့အတွက် အချိန်ကုန်ဆုံးရခြင်း မရှိချေ။
လက်ရှိအချိန်တွင် သူကတော့ ခြင်းတောင်းတစ်ဝက်နီးပါးခန့် အဖိုးတန် ဆေးပင်များ ပြည့်နှက်နေပြီ ဖြစ်သည်။ ထိုအရာများကို ရောင်းချရန် စဉ်းစားနေခဲ့၏။
အသီးအရွက်များနှင့် ရောနှောထားသော ထမင်းတစ်ပန်းကန် စားလိုက်ပြီးနောက် အိုက်လျန်က တူနှင့် ပန်းကန်လုံးကို ခေါက်ပြီး ဆန္ဒပြနေခဲ့၏။ သူတို့က ညစာတွင် အသားမပါသည့်အတွက် သူက အထွန့်တက်နေခဲ့၏။
ချန်းပင်အန်းက သူတို့၏စကားကို အသိအမှတ်ပြုလိုက်ပြီး ယနေ့ညတွင် ကြက်ထောင်ဖမ်းရန် ထောင်ချောက်ဆင်ထားကြောင်း ပြောလိုက်သည်။ တောင်တန်းပေါ်တွင် နေထိုင်သော တိရစ္ဆာန်များက ထူးခြားသော ခြေရာလက်ရာများ ချန်ထားခဲ့တတ်သည်။
ချန်းပင်အန်းက ထိုခြေရာများနှင့် အလွန်ရင်းနှီးနေ၏။ သေချာစစ်ဆေးလိုက်ပြီးနောက် သူက သားရဲတိရစ္ဆာန်များ ရေသောက်သွားသည့် လမ်းကြောင်းအနည်းငယ်ကို အလွယ်တကူ ရှာတွေ့ခဲ့သည်။ ထို့ပြင် သစ်ကိုင်းများ၊ ကျောက်တုံးများနှင့် တည်ဆောက်ရသော ထောင်ချောက်များက ရှုပ်ထွေးမှု မရှိသည့်အတွက် သူက လုပ်ဆောင်ရာတွင် အလွန်ကျွမ်းကျင်နေသည်။
မှောင်ရီပျိုးစအချိန်တွင် ချန်းပင်အန်းက သူ၏ကံတရားကို စမ်းသပ်ရန်အတွက် တောင်ထိပ်ပေါ်မှ ထွက်လာခဲ့၏။ ခဏကြာပြီးနောက် တောင်ထိပ်၏ ပတ်ပတ်လည်တွင် ရှိနေသော တိမ်တိုက်များက စတင်စုစည်းလာပြီး ရယ်ချင်စရာ မျက်နှာပုံစံ ရှိနေသော ကလေးများ ပုံသဏ္ဍာန် ပြောင်းလဲသွားသည်။
သို့သော် လေလှိုင်းများကတော့ ထူးထူးခြားခြား အစွမ်းထက်ခြင်း မရှိချေ။ တစ်ချိန်တည်းတွင် အလွန်ခမ်းနားပြီး လှပသော မြင်ကွင်းများက ကြောက်စရာကောင်းသော အငွေ့အသက်များနှင့် ရောနှောလာခဲ့၏။
ထိုပြောင်းလဲမှုများကို ခံစားမိသည့်အခါ ကျူးဟယ်က အနည်းငယ် မသက်မသာ ခံစားလာရသည်။ သို့သော် သူက စာအုပ် ဖတ်နေသော ကလေး (၃) ယောက်ကို မနှောင့်ယှက်ချင်တော့သလို ချောက်ကမ်းပါးအစပ်တွင် ငေးငေးငိုင်ငိုင်နှင့် ထိုင်နေသော သူ့သမီးကိုလည်း ဒုက္ခမပေးချင်တော့ပေ။
သူက သီးသန့်နေရာတစ်ခုသို့ လျှောက်လာပြီး အဝါရောင် စာအုပ်တစ်ခုကို ဆွဲထုတ်လိုက်၏။ ထို့နောက် သူက စာအုပ်ကိုဖွင့်ပြီး စာမျက်နှာတစ်ခုကို လှန်လိုက်သည်။ သူက ထိုစာမျက်နှာပေါ်တွင် မြေသားပုံသွင်းခြင်းနည်းလမ်းဟူသော စာကို ထောက်လိုက်ပြီး အနီရောင်စာလုံးများကို သေချာဂရုတစိုက် ဖတ်ကြည့်လိုက်သည်။
ထို့နောက် သူက အင်းကွက်တစ်စုံကို စာရွက်ပေါ်သို့ တင်လိုက်၏။ ထိုအရာက တောင်ငယ်လေး တစ်တောင် ဖြစ်သော်လည်း တောင်ကျယ်တွင်တော့ မျှစ်စို့များ ပုံသဏ္ဍာန် ဖြစ်နေသည်။ ထို့ပြင် တောင်တန်းအဆောင်ဟူသော တံဆိပ်ပုံရိပ်တစ်ခုလည်း ရှိနေခဲ့၏။
ကျူးဟယ်က ထိုစကားလုံးများကို မှတ်မိစေရန် တစ်ယောက်တည်း တိတ်တဆိတ် အကြိမ်ကြိမ် ရွတ်ဖတ်ကြည့်နေခဲ့သည်။
"အရှေ့ဘက်က မြေကြီး လက်တစ်ဆုပ်ကိုယူပြီး တောင်ရဲ့ တောင်ဘက်အပိုင်းကို သွားရမယ်။ အဲ့ဒါနဲ့ ‘ယု’ ဆိုတဲ့ပုံသဏ္ဍာန်ကို မြေသားနဲ့ အကောင်းဆုံး ပုံဖော်ရမယ်။ ဒါပေမယ့် တောင်တန်းဆိုတဲ့ စကားလုံးက အပေါ်ယံမှာ ရှိနေရမယ်။ တောင်တန်းနတ်ဘုရားအဆောင်ကို ပူဇော်မှုအနေနဲ့ မီးရှို့လိုက်တဲ့အချိန် ခြေထောက်ကို သေချာရပ်နေပြီး အငွေ့တွေကို ရှုရှိုက်ရမယ်။ ပြီးရင်တော့ မင်းက ဒီနယ်မြေနဲ့ တောင်တန်းနတ်ဘုရားရဲ့စွမ်းအားတွေကို ခေါ်ယူနိုင်လိမ့်မယ်…"
ကျူးဟယ်က ရှေးဟောင်းနတ်ဘုရားစာအုပ်ကို သေချာစိုက်ကြည့်နေပြီးနောက် အင်္ကျီအိတ်ထဲမှ အဝါရောင် အဆောင်တစ်ထပ်ကို ထုတ်လိုက်သည်။ ထို့နောက် သူက ဖတ်ထားသော ညွှန်ကြားချက်များအတိုင်း အရှေ့ဘက်မှ မြေသား လက်တစ်ဆုပ်ယူလာပြီး တောင်ဘက်တွင် ‘ယု’ ဟူသော စကားလုံးကို ရေးလိုက်သည်။
သူက မျိုးနွယ်ခေါင်းဆောင်လီ ပေးထားခဲ့သော အဝါရောင်စာရွက်များကို မီးရှို့တော့မည့်အချိန်တွင် အလွန်ကြောက်လန့်သွားခဲ့သလို ခံစားလိုက်ရ၏။ အိုက်လျန်က ကျူးဟယ် ကိုယ်တိုင်မသိလိုက်ဘဲ သူ့အနားသို့ ရောက်လာခဲ့သည်။
သူက သူ့ဘေးတွင် ထိုင်ပြီး အရက်ဘူးကိုင်၍ အပြုံးနှင့် ပြောလိုက်၏။
"မင်း ကိုင်ထားတဲ့အဆောင်က တော်တော်လေးကို တိကျတယ်။ ဒါပေမဲ့ အသုံးပြုတဲ့ပစ္စည်းတွေကတော့ သာမန်ပဲ။ အဆောင်နဲ့ပတ်သက်လာရင် နေရာတိုင်းမှာ တသမတ်တည်း လုပ်လို့မရဘူး။ သုံးထားတဲ့စာရွက်ရဲ့ပစ္စည်းတွေက လူတစ်ယောက်ရဲ့ ကျင့်ကြံမှုပါရမီလိုပဲ အဆောင်အတွက် အရမ်းအရေးပါတယ်။ ဒါကြောင့် အဲဒီအရာက ‘ယု’ဆိုတဲ့စကားလုံးကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး။ မင်းက ‘ယွဲ့’ဆိုတဲ့စကားလုံးကိုပဲ ပုံဖော်ဖို့ အကြံပေးချင်တယ်။ မဟုတ်ရင် မင်းက သူတို့ရဲ့အစွမ်းကို ရမယ့်အစား တောင်တန်းနတ်ဘုရားကို ဒေါသထွက်အောင် လုပ်မိသလို ဖြစ်သွားနိုင်တယ်.."
ထိုအရာက ဒဏ္ဍာရီထဲတွင်သာ ကြားဖူးသော အကြောင်းအရာများနှင့် ပတ်သက်ပြီး ကျူးဟယ် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းလည်း ဖြစ်သည်။ ထို့ကြောင့် သူက အနည်းငယ် စိုးရိမ်သွားသလို ခံစားလိုက်ရပြီး မသက်မသာအသံနှင့် မေးလိုက်၏။
"စီနီယာအိုက်လျန် …
သွားစားပွဲတောင်ပေါ်မှာ တကယ်ပဲ တောင်တန်းနတ်ဘုရားတစ်ပါး ရှိတာလား။ ဒီလိုဆိုရင် လေထဲမှာ ဘာလို့ ကြောက်စရာကောင်းတဲ့ အငွေ့အသက်မျိုး ရှိနေရတာလဲ.."
အိုက်လျန်က အရက်တစ်ငုံ သောက်လိုက်ပြီးနောက် အပြုံးနှင့် ပြောလိုက်သည်။
"တောင်တန်းနတ်ဘုရားတွေက လူကောင်းတွေပဲလို့ မင်းကိုဘယ်သူက အာမခံထားလို့လဲ…"
"အဲဒီလို မဟုတ်ဘူးလား…"
ကျူးဟယ် မှင်တက်သွားသော အမူအရာနှင့် မေးလိုက်သည်။
"ငါလည်း မသိဘူး။ ငါက ဒီအတိုင်းပဲ ပြောလိုက်ရုံပါပဲ.."
အိုက်လျန်က ပြန်ဖြေလိုက်၏။
"ဒီနေရာမှာရှိတဲ့ တောင်တန်းနတ်ဘုရားရဲ့အကျင့်စရိုက်က ဘယ်လိုရှိလဲဆိုတာ ဘယ်သူက သိမှာလဲ…"
ရုတ်တရက်ဆိုသလို ကျူးဟယ်၏ရင်ထဲ၌ အတွေးတစ်ခုပေါ်လာပြီး ပြန်ပြောလိုက်သည်။
"ချန်းပင်အန်းက တစ်ယောက်တည်း ထွက်သွားတယ်။ သူ အန္တရာယ်ရှိနိုင်တယ်…"
အိုက်လျန်က ခေါင်းညိတ်ပြလိုက်၏။ ကျူးဟယ်၏ မျက်နှာပေါ်တွင် အလျင်လိုသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။
"စီနီယာအိုက်လျန် …
ကျွန်တော်က ဒီမြေသားပုံသွင်းခြင်းနည်းလမ်းကို ပြီးအောင် လုပ်နေတဲ့အချိန် ချန်းပင်အန်းကို သွားရှာပေးလို့ ရနိုင်မလား။ ကျွန်တော်က အဆင့် (၅) သိုင်းပညာရှင် တစ်ယောက်ဆိုတော့ တခြားကျင့်ကြံသူတွေ သိုင်းပညာရှင်တွေနဲ့ တိုက်ခိုက်ဖို့ ယုံကြည်ချက်ရှိတယ်။ ဒါပေမဲ့ ထူးဆန်းတဲ့အရာတွေနဲ့တော့ ရင်ဆိုင်ဖို့ နည်းလမ်းမသိဘူး…"
အိုက်လျန်က အပြုံးနှင့် မတ်တပ်ရပ်လိုက်ပြီး ဒယိမ်းဒယိုင်နှင့် အဝေးကို ထွက်ခွာသွားခဲ့သည်။
"ဒါဆိုလည်း ကောင်းပြီလေ။ မင်းက ကိုယ့်ဘာသာ ဂရုစိုက်ပါ…"
Translated by Hein Htet.