အခန်း (၁၀၀)
Vol. 7 Ch. 100
ကျူးဟယ်က ညွှန်ကြားချက်များအတိုင်း မြေသားပုံသွင်းခြင်းနည်းလမ်း လုပ်ဆောင်လိုက်ပြီးနောက် ‘ယွဲ့’ ဟူသောစကားလုံးကို ပုံသွင်း၍ အဝါရောင်အဆောင်လေးကို မီးရှို့လိုက်သည်။ ထို့နောက် မြေကြီးပေါ်သို့ ပစ်ချလိုက်ပြီး လက်ညှိုးနှင့် လက်ခလယ်ကိုသုံးပြီး မြေပြင်ပေါ်တွင် ရှိနေသော အဆောင်လေးကို လက်ညှိုးထိုး၍ ကြေညာလိုက်သည်။
“တောင်(၃)တောင် သခင်(၉)ယောက် အရှင်သခင်ရဲ့အမိန့်…”
ကျူးဟယ်က လက်ချောင်းလေးများနှင့် မြေပြင်ပေါ်ကို လက်ညှိုးထိုးလိုက်ပြီးနောက် သူ၏မျက်နှာပေါ်တွင် အနည်းငယ် ပို၍အိုးတိုးအန်းတမ်း ဖြစ်လာခဲ့သည်။ မြေပြင်ပေါ်တွင် ရှိနေသော ‘ယွဲ့’ ဟူသည့် စကားလုံးလေးကတော့ အနည်းငယ်လေးပင် လှုပ်ရှားခဲ့ခြင်း မရှိပေ။
ကျူးဟယ်၏ နဖူးပေါ်မှ ချွေးသီးချွေးပေါက်များ စတင်ကျဆင်းလာခဲ့၏။ ထိုအဆောင်လေးက အလုပ်ဖြစ်မည်ဟု အလွန်သေချာနေခဲ့သည်။ ဥပမာအနေနှင့် ပြောရလျှင် မှန်ကန်သော သွေးကြောမှတ်များထဲမှနေ၍ အဝါရောင်အဆောင်ထဲသို့ ပေါင်းထည့်ပေးရသော စွမ်းအင်ပမာဏ ဖြစ်သည်။ သူက အဆင့်တိုင်းကို မှန်မှန်ကန်ကန် လုပ်ဆောင်ခဲ့ကြောင်း ကျူးဟယ်က သေချာနေခဲ့၏။ ထို့ကြောင့် အောင်မြင်သင့်သည်။
ရှေးဟောင်းစာအုပ်ထဲတွင် ရှင်းပြမှုများအရ မြေသားပုံသွင်းခြင်းနည်းလမ်းကို တောင်တစ်တောင်ထဲသို့ ပေါင်းထည့်လိုက်မည်ဆိုလျှင် အစစ်အမှန်တောင်တစ်ခု ထွက်ပေါ်လာလိမ့်မည် မဟုတ်ချေ။ ထိုအချက်က စာအုပ်ထဲတွင် ဖော်ပြထားသော တခြားအဆောင်နည်းလမ်းများနှင့် လုံးဝကို ကွဲပြားနေခဲ့၏။
ထိုအရာကတော့ မြေကြီးကို အက်ကွဲသွားစေပြီး မြစ်တစ်စင်း ဖန်တီးနိုင်သည်။ မြေသားပုံသွင်းခြင်းနည်းလမ်းအရ ‘ယွဲ့’ဟူသော စကားလုံးက ဤနယ်မြေထဲတွင် ရှိနေသော တောင်တန်းနတ်ဘုရားကို သူတို့၏နေအိမ်ထဲမှ ထွက်လာစေနိုင်သော တံတားတစ်ခု ဖြစ်လာနိုင်သည်။
တစ်စုံတစ်ယောက်ကသာ တောင်းဆိုမှု လုပ်လိုက်မည်ဆိုလျှင် တောင်တန်းနတ်ဘုရားကို ဆင့်ခေါ်နိုင်ပါလိမ့်မည်။ ထိုအဝါရောင်အဆောင်လေးက သူ့အတွက် လက်ဆောင်တစ်ခုအဖြစ် သူက လက်ခံမည်ဖြစ်၏။
ဤနယ်မြေထဲတွင် ရှိနေသော တောင်တန်းနတ်ဘုရားများ သို့မဟုတ် မြစ်နတ်ဘုရားများ ပေါ်လာမည်ဆိုလျှင် သူတို့က သူတို့၏ပိုင်နက်ထဲတွင် ရှိနေသော ဧည့်သည်ကို ကြိုဆိုချင်သည်ဟု အချက်ပြလိုက်ခြင်းလည်း ဖြစ်သည်။
သို့သော် လက်ရှိအခြေအနေတွင်တော့ ထိုတောင်တန်းနတ်ဘုရား ဖိတ်ခေါ်မှု အစီအစဉ်က ကျရှုံးသွားတော့မည်ဟု ကျူးဟယ်က ခံစားမိနေခဲ့သည်။ ထိုအချိန်တွင် ကျယ်လောင်သော ဆူညံသံတစ်ခု ထွက်ပေါ်လာခဲ့၏။
ကျူးဟယ်က လှမ်းကြည့်လိုက်ရာ တောင်စောင်းတစ်လျှောက်တွင် ရှိနေသော သစ်ပင်ကြီးများ တစ်ခုပြီးတစ်ခု လဲကျသွားကြောင်း တွေ့လိုက်ရသည်။ အလွန်ကြီးမားသော သတ္တဝါကြီးတစ်ကောင်က တောင်မြင့်ကြီးပေါ်သို့ လျင်မြန်စွာ တက်လာနေပုံရသည်။ ထိုအရာက အလွန်ကြီးမားသော အင်အားမျိုးနှင့် ကျောက်တုံးကွင်းပြင်ဆီကို ရောက်လာနေခဲ့၏။ ကျယ်လောင်သောလှုပ်ရှားများကို တောင်တန်းကြီးတစ်ခုလုံးကပင် ကြားရနိုင်သည်။
ကျူးလုနှင့် ကလေးငယ်များက ကျူးဟယ်၏အနားကို အလျင်အမြန်ကပ်လာကြသည့်အတွက် သူက သူတို့ကိုဝေးဝေးသို့ မောင်းထုတ်လိုက်သည်။
“နောက်ဆုတ်။ ဒီကွင်းပြင်ရဲ့အလယ်မှာ ရပ်နေပြီး မလှုပ်ကြနဲ့။ ဘာတွေပဲ ဖြစ်လာဖြစ်လာ ငါ့အနားကို မလာကြနဲ့…”
လီဟွိုင်က အသက်အငယ်ဆုံးဖြစ်ပြီး သူ့မျက်နှာကတော့ လူသေကောင်ကဲ့သို့ ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ သူက လီပေါင်ဖျင်၏အင်္ကျီလက်ကိုဆွဲပြီး မေးလိုက်၏။
“ငါတို့က လူသားစားမိစ္ဆာတွေ တိုက်ခိုက်ခံရတာ မဟုတ်ဘူးမလား။ ဒါမှမဟုတ် တောင်တန်းနတ်ဘုရားက ဒေါသထွက်နေတာများ ဖြစ်နိုင်မလား။ အစောပိုင်းမှာ ချန်းပင်အန်းက အိုက်လျန်ကို သစ်ငုတ်တိုပေါ်မှာ မထိုင်ဖို့ ပြောခဲ့တယ်။ အဲဒါတွေက တောင်တန်းနတ်ဘုရားတွေရဲ့ ပလ္လင်ဖြစ်နိုင်တယ်လေ…”
လီပေါင်ဖျင်က လက်ပိုက်ထားပြီး ယုံကြည်ချက်ရှိရှိ ပြန်ဖြေလိုက်၏။
“ဘာမှစိုးရိမ်ပြီး ကြောက်မနေကြနဲ့။ ဦးလေးကျူးက အဲဒီအရာကို မတားဆီးနိုင်ရင်တောင် ဦးလေးငယ်နဲ့ အိုက်လျန်တို့က ငါတို့ကိုကူညီပေးဖို့ သိပ်မကြာခင် ပြန်လာလိမ့်မယ်…”
သို့သော် ထိုအချိန်တွင် သူမကလည်း လက်သီးကို တင်းတင်းဆုပ်ထားမိသည့်အတွက် လက်ပေါ်တွင် အကြောများပင် မြင်နေရသည်။ ထို့ကြောင့် သူမကလည်း အပေါ်ယံတွင် မြင်နေရသလို တည်ငြိမ်မှုမရှိကြောင်း ပြသနေခဲ့၏။
အဖွဲ့ထဲတွင် လင်းရှို့ယီက အတည်ငြိမ်ဆုံး ဖြစ်သည်။ သူ၏မျက်နှာပေါ်တွင် မျှော်လင့်ချက် အနည်းငယ် ရှိနေခဲ့၏။ ထိုအချိန်တွင် ကျူးလုက သူမ၏အဖေကို စိုက်ကြည့်လိုက်ပြီး သူမကတော့ လီဟွိုင်ထက်ပင် ပို၍စိုးရိမ်နေခဲ့သည်။
ရုတ်တရက်ဆိုသလို ကျူးဟယ်က ခေါင်းငုံ့ကြည့်လိုက်ရာ ခါးလောက်ပင် မရှိသော အရပ်ပုပု အဘိုးအိုတစ်ယောက်ကို တွေ့လိုက်ရသည်။ သူ၏ဆံပင်ဖြူနှင့် မုတ်ဆိတ်ဖြူများက ဖရိုဖရဲဖြစ်နေပြီး သူ့လက်ထဲတွင် အစိမ်းရောင် ဝါးတုတ်တစ်ချောင်းကို ကိုင်ထားသည်။ သူက ဒေါသထွက်နေသည့်အလား ကျူးဟယ်ကို စိုက်ကြည့်နေခဲ့၏။
ကျူးဟယ်က ငုံ့ကြည့်လိုက်သည့်အတွက် မျက်လုံးချင်း ဆုံသွားသည့်အချိန်တွင် အဘိုးအိုက ကြောက်လန့်တကြား လက်နှစ်ဖက်ကို နောက်ပစ်လိုက်သည်။ ထို့နောက် နောက်ကို ခြေလှမ်းပေါင်းများစွာ ပြန်ဆုတ်သွားပြီး ပြောလိုက်၏။
“မင်းက အရှေ့ပိုင်းကုန်းမြေကြီးရဲ့ ဘာသာစကားကိုသိလား…”
ကျူးဟယ်က အံ့ဩမှင်တက်စွာ ခေါင်းညိတ်ပြလိုက်သည်။
“တာ့လီအင်ပါယာရဲ့ တရားဝင်ဘာသာစကားကိုရော...”
အဘိုးအိုက မေးလိုက်သည်။
ကျူးဟယ်က နောက်တစ်ကြိမ် ခေါင်းညိတ်ပြလိုက်သော်လည်း ထိတ်လန့်နေရာမှ သတိပြန်ဝင်မလာသေးပေ။ ရုတ်တရက်ဆိုသလို အဘိုးအိုက ခုန်လိုက်ပြီး ကျူးဟယ်၏ပုခုံးကို သူ့တုတ်နှင့် ရိုက်လိုက်သည်။ ကျူးဟယ်ကတော့ တိုက်ခိုက်မှုကြောင့် နာကျင်မှုကို ခံစားခဲ့ရခြင်း မရှိချေ။
သို့သော် အဘိုးအိုကတော့ မြေပေါ်သို့ ပြန်ကျသွားခဲ့ပြီး ဒယိမ်းဒယိုင်နှင့် လဲကျလုမတတ်ဖြစ်သွား၏။ သူက ခါးကို လက်တစ်ဖက်နှင့် အလျင်အမြန် ထိန်းထားလိုက်ရပြီး တာ့လီအင်ပါယာ၏ဘာသာစကားနှင့် ကျယ်လောင်စွာ ကျိန်ဆဲလိုက်သည်။
“မင်းကို သတ်မယ်။ မင်းနဲ့ မင်းမိသားစုတစ်ခုလုံးကို သတ်ပစ်မယ်။ မင်းက တခြားသူတွေကို ဒုက္ခပေးတာကလွဲရင် ဘာမှမလုပ်တတ်ဘူးလား။ ငါက ရာစုနှစ်ပေါင်းများစွာ ကြွက်ကလေးတစ်ကောင်လို အဲဒီမှော်သားရဲတွေ လက်ထဲကနေ ပုန်းနေခဲ့တာ။ အခုတော့ ငါက ဒီလိုမျိုး မိသွားရတော့မယ်…”
“နဂိုတုန်းကတော့ ငါ့အတွက် အခြေအနေ ပြောင်းလဲနိုင်တဲ့ အခွင့်အရေးတစ်ခု ရှိလာပြီ။ ငါက အခုအချိန်ထိ အသက်ရှင်နေသေးတဲ့အတွက် တာ့လီအင်ပါယာက တောင်တန်းနဲ့ မြစ်နတ်ဘုရားအသစ်တွေ တာဝန်ပေးတဲ့အချိန်မှာ ငါက တောင်တန်းသခင်အဖြစ်ကနေ အစစ်အမှန်တောင်တန်းနတ်ဘုရားအဖြစ်ကိုတက်လှမ်းနိုင်လိမ့်မယ်။ အဲဒါဆိုရင် ငါက အဲဒီမှော်သားရဲတွေကို ထပ်ပြီးပုန်းနေစရာ မလိုတော့ဘူး။ ငါက သူတို့ကို မတိုက်ခိုက်နိုင်ရင်တောင် ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်သေးတယ်…”
ကျူးဟယ်ကို ကျိန်ဆဲနေရင်း အဘိုးအိုကတော့ မျက်ရည်များကို သုတ်လိုက်သည်။ သူက အလွန်ဒေါသထွက်နေပုံရ၏။ ထို့နောက် သူ့တုတ်ကိုဝှေ့ယမ်းလိုက်ပြီးနောက် မြေပေါ်ကို အားနှင့်ရိုက်၍ ပြောလိုက်သည်။
“မင်းက အရမ်းသတ္တိရှိနေတယ်ဆိုရင် အဲဒီမှော်သားရဲတွေကို ကိုယ်တိုင်သွားပြီး တိုက်ခိုက်လိုက်လေ။ ငါက မင်းတို့ရဲ့ဘိုဘေးတွေအားလုံးကိုလည်း ကျိန်ဆဲရမှာပဲ။ ဘာလို့ မင်းက အဲဒီအဆောင်နဲ့ ငါ့ကို ခေါ်ခဲ့ရတာလဲ။ အခုတော့ ငါက ပုန်းနေချင်ရင်တောင် ပုန်းနေလို့ မရတော့ဘူး။ ငါလည်း မင်းတို့လို အဲဒီမြွေရဲ့ဗိုက်ထဲမှာပဲ အဆုံးသတ်ရတော့မယ်။ မင်းက ဘာလို့ ငါ့ကိုဒီလိုမျိုး ဆွဲခေါ်လိုက်ရတာလဲ။ မင်းက တမလွန်လမ်းမှာ တစ်ယောက်တည်း အထီးကျန်မှာ စိုးရိမ်လို့လား။ ဘာလဲ... ပြောစမ်းပါဦး ခွေးသားလေးတွေ...”
ရုတ်တရက်ဆိုသလို အဘိုးအို၏အသံက ပြတ်တောက်သွားခဲ့ပြီး တစ်စုံတစ်ယောက်က သူ့လည်ပင်းကို ညှစ်ထားသလို ဖြစ်သွားခဲ့သည်။ တချိန်တည်းတွင် ကျူးဟယ်ကတော့ ကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့လိုက်ရ၏။
အလွန်ကြီးမားပြီးရေအိုးတစ်လုံးခန့် အရွယ်အစားရှိသော အနက်ရောင် ခေါင်းတစ်လုံးက တောင်ကမ်းပါးအစွန်းမှ ဖြည်းညင်းစွာ ထွက်ပေါ်လာပြီး မျက်နှာပြင်ပေါ်သို့ ဖြည်းဖြည်းချင်း ပေါ်လာခဲ့သည်။ သူ့ဆီတွင် ငွေရောင်မျက်လုံးတစ်စုံ ရှိနေပြီးတောက်ပသော အနီရောင်လျှာကြီးလည်း သစ်ပင်တစ်ပင်၏ အရွယ်အစားခန့်ရှိသည်။ ထိုအရာက ရှေ့နှင့်နောက် လှုပ်ရှားနေသလို လေထဲ၌ လှုပ်ရှားနေခဲ့သည်။
အလွန်ကြီးမားသော အနက်ရောင်မြွေကြီးက ခန္ဓာကိုယ်အပေါ်တစ်ပိုင်းကို ဖြည်းညင်းစွာ လှုပ်ရှားပြီး ကျောက်တုံးမျက်နှာပြင်ပေါ်သို့ ရောက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးတွင် အကြေခွံများ ရှိနေပြီး နေကျချိန် အလင်းရောင်အောက်၌ အနက်ရောင် တလက်လက်တောက်ပနေခဲ့၏။
ထိုအရာက တိရစ္ဆာန်တစ်ကောင် ဖြစ်သော်လည်း သူ၏မျက်လုံးများက အလွန်လူသားဆန်သည်။ သူက အဘိုးအိုကို အထင်သေးနေသည့် မျက်လုံးများနှင့် စိုက်ကြည့်နေခဲ့ပြီး နှစ်ပေါင်းများစွာ ကစားပွဲပြီးဆုံးသွားပြီးနောက် အဘိုးအိုကို ဖမ်းနိုင်တော့မည် ဖြစ်သည့်အတွက် ဝမ်းသာနေပုံရ၏။
အဘိုးအိုကတော့ သူ၏ကံကြမ္မာကို လက်ခံလိုက်ပုံရသည်။ သူက ဝါးတုတ်ကို ပစ်ချလိုက်ပြီး မြေပေါ်တွင် ထိုင်ချလိုက်၏။ သူက ရင်ဘတ်ကို လက်နှင့်ရိုက်၍ အော်ဟစ်ငိုကြွေးနေခဲ့သည်။
“ငါက ဘာလို့ ဒီလိုအရာမျိုးကို ထိုက်တန်ရတာလဲ။ ငါက အစွမ်းထက်တဲ့ တောင်တန်းသခင်တစ်ယောက်။ ဒါပေမဲ့ ရာစုနှစ်ပေါင်းများစွာ မှော်သားရဲတစ်စုံရဲ့ လက်ထဲကနေ ကြောက်လန့်တကြား ထွက်ပြေးနေရတယ်။ ငါက ဘယ်လိုဆက်ပြီး အသက်ရှင်ရမှာလဲ…”
အနက်ရောင်မြွေက ကိုယ်လုံးကို ဖြည်းညင်းစွာ ထောင်လိုက်ပြီး ခေါင်းကို မြောက်လိုက်သည်။ ထိုအချိန်တွင် သူ၏ဝမ်းဗိုက်အောက်၌ လက်သည်းငယ်လေးတစ်စုံ ပေါ်လာခဲ့၏။ ထိုလက်သည်း(၅)ချောင်းကို ရှင်ဘုရင်များ ဝတ်ဆင်ကြသည့် နဂါးဝတ်ရုံပေါ်တွင် မြင်တွေ့ရတတ်သည်။
ထိုလက်သည်း(၄)ခုကတော့ သာမန်လူသားတိုင်းပြည်များ၏ အရာရှိများ ဝတ်ဆင်သော ဝတ်စုံပေါ်တွင် ပန်းထိုးထားတတ်သည်။ ထိုအရာကိုတော့ တောင်တန်းသခင်နှင့် တောင်ထိပ်ပေါ်တွင် ရှိနေသော လူတိုင်းက လုံးဝသတိမထားမိကြပေ။
ရုတ်တရက်ဆိုသလို အဘိုးအိုက အကြံတစ်ခု ရသွားပုံပေါ်၏။ သူက ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ဝမ်းသာနေသည့် အမူအရာနှင့် အနက်ရောင်မြွေကြီးကို မော့ကြည့်လိုက်သည်။ သူက ပြောလိုက်၏။
“ဒီသိုင်းပညာရှင်ရဲ့ အသွေးအသားက စားဖို့ အရမ်းကို မာလိမ့်မယ်။ ဒါကြောင့် မင်းက သူ့နောက်မှာရှိတဲ့ ကလေးငယ်လေးတွေကို ပစ်မှတ်ထားသင့်တယ်။ မင်းက သူတို့နောက်ကို ဘာလို့လိုက်နေလဲဆိုတာ ငါသိတယ်။ သူတို့အားလုံးဆီမှာ အသက်စွမ်းအားတွေ ပြည့်နေတယ်လေ…”
အဘိုးအိုကတော့ စကားပြောနေရင်း ပို၍စိတ်လှုပ်ရှားလာခဲ့သည်။ သူ၏ပါးစပ်ထဲမှနေ၍ ဦးတည်ရာမဲ့စကားလုံးများလည်း ထွက်လာခဲ့၏။
“စားစမ်း။ စားလိုက်စမ်း။ သူတို့ရဲ့နှလုံးသားတွေကို စားပစ်လိုက်ရင် မင်းက ရေနဂါးတစ်ကောင် ဖြစ်လာလိမ့်မယ်။ အဲဒီလိုဖြစ်လာရင် မင်းက ငါ့ဆီကိုလာဖို့ ဆန္ဒရှိမှာ မဟုတ်တော့ဘူး။ ငါက ဒီသွားစားပွဲတောင်ရဲ့ တောင်တန်းနတ်ဘုရားအဖြစ် ဆက်ပြီး ထမ်းဆောင်နိုင်လိမ့်မယ်။ မင်းကတော့ နဂါးတစ်ကောင်ဖြစ်ဖို့ ရေထဲကို သွားရလိမ့်မယ်။ အဲဒီမတိုင်ခင် မင်းက ဒီတောင်တန်းရဲ့ အုပ်ချုပ်သူတစ်ယောက် ဖြစ်နေသေးတယ်။ မင်းက စိတ်ကြိုက်လုပ်နိုင်တယ်ဆိုတော့ အခုအချိန်မှာ ငါ့ကိုစားဖို့ မလိုသေးဘူး။ ငါ့ကို စားလိုက်မယ်ဆိုရင် မင်းရဲ့ကျင့်စဉ်အဆင့်က နည်းနည်းလေးပဲ တိုးတက်သွားမှာ….”
“ဒါပေမဲ့ ငါက တောင်တန်းသခင်တစ်ယောက်ဆိုတာ မမေ့ပါနဲ့။ တကယ်လို့ မင်းက ငါ့ကိုစားလိုက်မယ်ဆိုရင် မြစ်ထဲကနေ ပင်လယ်ကို သွားတဲ့အချိန်ကျရင် ကြီးကြီးမားမား အတားအဆီးတစ်ခုကိုကြုံရလိမ့်မယ်။ မြစ်နတ်ဘုရားတွေအားလုံးက မင်းကို လက်တုံ့ပြန်ဖို့ သေချာပေါက် ပစ်မှတ်ထားပြီး နှောင့်ယှက်ကြမှာပဲ…”
ရုတ်တရက်ဆိုသလို အနက်ရောင်မြွေက သူ၏အစွယ်များကို အနည်းငယ် ထုတ်လိုက်သည်။ သူက လှောင်ပြောင်သရော်နေပုံရပြီး အဘိုးအို၏ခေါင်းနောက်တွင် တစ်စုံတစ်ခုရှိနေကြောင်း ညွှန်ပြနေသလို ဖြစ်နေသည်။
အဘိုးအိုက နောက်တစ်ကြိမ် တိတ်ဆိတ်သွားခဲ့၏။ ထို့နောက် ရှုံးနိမ့်သွားသည့် အမူအရာနှင့် မြေပေါ်တွင် ပြန်ထိုင်လိုက်သည်။ ယခုတစ်ကြိမ်တော့ သူကတော့ စိတ်ဓာတ်ကျစွာ ငိုယိုနေခြင်း မရှိတော့ချေ။
“ဒါဆိုရင် မင်းနဲ့မင်းအဖော်နှစ်ယောက်လုံးက တာအိုအကူပစ္စည်းတွေကို ရှာနေကြတာပေါ့။ မင်းက နောက်ပိုင်းရေနဂါးတစ်ကောင်အဖြစ် အသွင်ပြောင်းဖို့အတွက် အဲဒီကလေးတွေကိုစားပြီး အုတ်မြစ်တစ်ခု တည်ဆောက်ချင်တယ်။ မင်းရဲ့ဇနီးကတော့ နောက်ထပ်တောင်တန်း နတ်ဘုရား ဖြစ်လာဖို့အတွက် ငါ့ကို သတ်ချင်နေတယ်။ ကြည့်ရတာတော့ မင်းတို့က အကုန်လုံး စီစဉ်ထားပြီးသားပဲ။ ငါက ငါ့ရဲ့ကံကြမ္မာကိုလက်ခံပါပြီလေ…”
အဘိုးအို၏မျက်နှာပေါ်တွင် ငေးငိုင်နေသည့် အမူအရာတစ်ခုပေါ်လာပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
“မဟာတာအိုက တော်တော်လေးကို ကြောက်စရာကောင်းပြီး ခန့်မှန်းလို့မရနိုင်ဘူး..”
လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်တွင် အလွန်အစွမ်းထက်သော အင်မော်တယ်စုံတွဲတစ်တွဲက ကောင်းကင်ပေါ်တွင် ဖြတ်သန်းသွားနေရင်း တောင်ပေါ်၌ ဆင်းသက်၍ တောင်ထိပ်ပေါ်တွင် ကျားကစားပွဲတစ်ခု ကစားနေခဲ့သည်။ သူတို့ထဲမှ တစ်ယောက်က အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ရာ တောင်ထိပ်က တိတိရိရိ ပြတ်တောက်သွားခဲ့သည်။
ထို့နောက် သူက လက်ညှိုးကို ဓားတစ်ချောင်းအဖြစ် အသုံးပြုပြီး အကွက်(၁၉)ကွက် ပုံဖော်ခဲ့၏။ ထိုအချိန်တွင် တခြားသော အင်မော်တယ်ကတော့ မြေသားများ၏ဝိညာဉ်ကို ယူဆောင်ပြီး သူတို့ကို အနက်ရောင်ကျောက်တုံးများအဖြစ် ပြောင်းလဲလိုက်သည်။ တိမ်သစ်မြစ်များကိုတော့ အဖြူရောင်ကျောက်တုံးများအဖြစ် ဖန်တီးလိုက်၏။
ထိုကစားပွဲက တစ်လနီးပါးခန့် ကြာခဲ့ပြီး ကျောက်တုံးတစ်ခုချင်းဆီက ထိုနေရာတွင် အခြေကျ၍ သက်ရှိတစ်ယောက်ဆီအဖြစ် ပြောင်းလဲသွားခဲ့သည်။ အနက်ရောင်ကျောက်တုံးများက အနက်ရောင်မြွေများအဖြစ် ပြောင်းလဲသွားခဲ့ပြီး အဖြူရောင်ကျောက်တုံးများက အဖြူရောင်မြွေများအဖြစ် ပြောင်းလဲသွားခဲ့သည်။ သူတို့က တောင်ထိပ်ပေါ်၌ ရှိနေသော ကျားကွက်ပေါ်တွင် လှုပ်ရှားမှုကင်းမဲ့စွာ ရပ်နေကြ၏။
အဖြူရောင်ကျောက်တုံးတစ်တုံးကို ဖမ်းမိသွားသည့်အချိန်တိုင်း အဖြူရောင်ကျောက်တုံးက အနီးနားတွင် ရှိနေသော အနက်ရောင်မြွေများ၏ ဝါးမြိုခြင်းကို ခံလိုက်ရသည်။ အခြေအနေက အပြန်အလှန်ဖြစ်၏။
အစွမ်းထက် အင်မော်တယ်နှစ်ယောက်က အညီအမျှဖြစ်နေကြပြီး နောက်ဆုံးတွင်တော့ ကစားပွဲက အဆုံးသတ်ကို ရောက်သွားခဲ့သည်။ နောက်ဆုံး သူတို့နှစ်ယောက်က ထွက်ခွာသွားခဲ့ပြီး သူတို့ ကစားခဲ့သောအရာများတော့ ကျန်နေသေး၏။
သူတို့ထွက်သွားသည့်အချိန်တွင် တောင်ထိပ်ပေါ်၌ အနက်ရောင်နှင့် အဖြူရောင်မြွေ(၁၀၀)ကျော် ကျန်နေခဲ့သည်။ ထိုမြွေများက အချင်းချင်း ရူးသွပ်စွာ ဝါးမြိုလာခဲ့ကြ၏။ အဆုံးတွင်တော့ ကျန်ရှိနေသည့် အရာအားလုံးက အနက်ရောင် မြွေနဂါးတစ်ကောင်အဖြစ် အသွင်းပြောင်းရန် အရည်အချင်းရှိသော အနက်ရောင် မြွေတစ်ကောင်နှင့် အတောင်ပံပေါက်တော့မည်ဖြစ်သော အဖြူရောင်မြွေတစ်ကောင်တို့သာ ကျန်နေတော့သည်။
ဘာကြောင့်မှန်းမသိသော်လည်း ထိုမြွေနှစ်ကောင်က အချင်းချင်း တိုက်ခိုက်ခြင်း မရှိတော့ဘဲ လက်တွဲဖော်များ ဖြစ်သွားကြသည်။ သူတို့က အလွန်အမင်းကို ဉာဏ်နီဉာဏ်နက်များပြီး ကောက်ကျစ်၏။
သူတို့က အန္တရာယ်ပေးနိုင်သော ကျင့်ကြံသူများကိုရှောင်တိမ်းပြီး ခရီးသွားများ၊ ကုန်သည်များကိုသာ ပစ်မှတ်ထားရန် ရွေးချယ်ခဲ့သည်။ ထို့ပြင် သူတို့က မကြာခဏ အမဲလိုက်တတ်ပြီး မိုးသည်းထန်စွာ ရွာနေသည့်အချိန် သို့မဟုတ် နှင်းကျသည့် အချိန်မျိုးကိုသာ ရွေးချယ်တတ်သည်။ အလွန်ရှည်လျားသော သူတို့၏သက်တမ်းကြောင့် သူတို့က ရာစုနှစ်ပေါင်းများစွာ စွမ်းအားကို ဖြည်းညင်းစွာ စုဆောင်းလာနိုင်ပြီး တာအိုအကူတစ်ခု ရောက်လာသည့်အချိန်ကို စိတ်ရှည်ရှည်နှင့် စောင့်နေကြသည်။
သူတို့ရွေးချယ်ထားသော ပစ်မှတ်များကလည်း တဖြည်းဖြည်း ပို၍တိကျလာပြီး သူတို့က သိုင်းပညာရှင်များ၊ ကျင့်ကြံသူများကိုပင် စတင်ပစ်မှတ်ထား ဝါးမြိုလာသည့်အတွက် သူတို့၏တိုးတက်မှုက ပို၍ပင် လျင်မြန်လာသည်။ သိပ်မကြာခင် သူတို့က တောင်တန်းသခင်ကိုပင် ပစ်မှတ်ထားလာကြ၏။
သို့သော် တောင်တန်းသခင်က သူတို့ကို ဆန့်ကျင်ခဲ့ခြင်း မရှိချေ။ သူတို့ကလည်း အလွန်အရှောင်အတိမ်း ကျွမ်းကျင်သော တောင်တန်းသခင်ကို ဖမ်းဆီးနိုင်ခြင်းမရှိကြပေ။ ထို့ကြောင့် နှစ်ပေါင်းများစွာ အတောအတွင်း နှစ်ဖက်လုံးက သူမသာ ကိုယ်မသာ ဖြစ်နေခဲ့သည်။
လီဟွိုင်က သူ့ကိုယ်သူ ဆက်လက်ထိန်းချုပ်နိုင်ခြင်း မရှိတော့ဘဲ ကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ခင်ဗျားလို အမှိုက်က ဘယ်လိုဖြစ်ပြီး တောင်တန်းသခင်ဖြစ်လာရတာလဲ။ နတ်ဘုရားတွေက မျက်စိကန်းနေတာပဲဖြစ်မယ်…”
ကလေးများကို နောက်ကျောပေးထားသော အဘိုးအိုက သူ၏ဝါးတုတ်ကို မြေပြင်ပေါ်သို့ နောက်တစ်ကြိမ် ရိုက်ချလိုက်ပြီး တစ်ယောက်တည်း ပြောလိုက်သည်။
“သူတို့က မျက်စိကန်းနေတယ်လို့ ထင်တာပဲ..”
အဖွဲ့ထဲတွင် ကျူးလုက ဒေါသအထွက်ဆုံးဖြစ်သည်။ သို့သော် အနက်ရောင်မြွေကြီးကို မြင်လိုက်ရသည့်အချိန်တွင် သူမက ခန္ဓာကိုယ်တစ်ခုလုံး အလိုလို တုန်ရီလာခဲ့၏။ သူမက အဆင့်(၂) အထွဋ်အထိပ်သိုင်းပညာရှင် တစ်ယောက်ဖြစ်သော်လည်း ထိုကဲ့သို့ ကြောက်စရာကောင်းသော မကောင်းဆိုးရွားတစ်ကောင်ကို ရင်ဆိုင်ရန် သတ္တိမရှိချေ။ သူမက ခြေတစ်လှမ်း လှမ်းရန်ပင် အလွန်ကြောက်လန့်နေခဲ့၏။
အဆင့်(၅) သိုင်းပညာရှင် တစ်ယောက်ဖြစ်သော ကျူးဟယ်ကတော့ သူ့သမီးထက် ပို၍သတ္တိရှိခဲ့သည်။ ထို့ပြင် သူက သူ့သခင်မလေးနှင့် သူ့သမီးတို့၏ရှေ့တွင် ကြောက်နေ၍ မရနိုင်ပေ။
သူက ပြန်လှည့်မလာဘဲ အစွမ်းကုန် အော်ဟစ်လိုက်၏။
“မင်းတို့ရဲ့ နောက်မှာရှိတဲ့ကမ်းပါးကို သေချာစောင့်ကြည့်ထား ကျူးလု။ အမှောင်ထဲမှာ နောက်ထပ် ပုန်းနေတဲ့တစ်ကောင် ရှိနေသေးတယ်…”
ကျူးလု၏နှုတ်ခမ်းများက အနည်းငယ် လှုပ်ရှားသွားခဲ့ပြီး သူမ၏အဖေကို မစိုးရိမ်ဖို့ ပြောရန် ကြိုးစားသော်လည်း ထိုအသံက သူမအတွက် ခြင်တစ်ကောင်၏အသံထက် ပိုကျယ်လိမ့်မည်မဟုတ်ချေ။
ကျူးဟယ်က သူ့သမီး၏ စိတ်အခြေအနေကို စိုးရိမ်ရန် အချိန်မရခဲ့ပေ။ လက်ရှိအချိန်တွင် သူ့ရှေ့၌ ရှိနေသော အနက်ရောင်မြွေက သူ့ကိုတိုက်ခိုက်ရန် ပြင်ဆင်နေခဲ့၏။
ရုတ်တရက်ဆိုသလို ကျောက်ကမ်းပါး၏ အပြင်ဘက်လေထဲ၌ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ ကျူးလုနှင့် တခြားသူများက ပြန်လှည့်ကြည့်လိုက်ရာ ကမ်းပါးနှင့် မလှမ်းမကမ်း လေထဲတွင် ပျံသန်းနေသော အဖြူရောင်မြွေတစ်ကောင်ကို တွေ့လိုက်ရသည်။
သူ့ဆီတွင် လက်သည်းများအစား ကြည်လင်နေသော အတောင်ပံတစ်စုံကို ပိုင်ဆိုင်ထားပြီး ထိုအတောင်ပံများကို လျင်မြန်စွာ ခတ်နေခဲ့သည်။ သူ့မျက်လုံးများကတော့ ကျူးလုကို စိုက်ကြည့်နေပြီး လျှာနှစ်ခွကို မကြာခဏ ထုတ်နေခဲ့သည်။ သူ၏မေးရိုးမှနေ၍ စေးကပ်သော အဖြူရောင်တံတွေးများ တစက်စက်ကျနေပြီး အလွန်အရသာရှိသော စားစရာတစ်ခုကို စားရတော့မည်ဟု တွေးနေပုံရ၏။
သူက ရှေ့တွင်ရှိနေသော ကျူးလု၏ခန္ဓာကိုယ်တစ်ခုလုံးကို စိုက်ကြည့်နေပြီး နောက်ဆုံးတွင်တော့ သူမ၏မျက်နှာလေးပေါ်တွင် အဆုံးသတ်သွားခဲ့သည်။
မြွေဖြူ၏ စေ့စေ့စပ်စပ် စိုက်ကြည့်မှုကြောင့် ကျူးလုကတော့ ခြေထောက်ပင် မခိုင်တော့သလို ဖြစ်သွားပြီး သူမ၏ခန္ဓာကိုယ်ထဲမှ စွမ်းအားများ ပျောက်ကွယ်သွားသလို ခံစားနေရသည်။ သူမက မြေပေါ်သို့ လဲကျသွားခဲ့ခြင်း မရှိဘဲ သူမ၏ အသက်ရှုသံက ပို၍ပြင်းထန်လာခဲ့သည်။ သူမက လက်ရှိအခြေအနေကို သိနေ၏။ လက်ညှိုးလေး တစ်ချောင်းကို မရန်ပင် အလွန်ခက်ခဲသော တာဝန်တစ်ခု ဖြစ်နေသည့်အတွက် မြွေကြီးကို တိုက်ခိုက်ရန် ဆိုလျှင်တော့ ဆိုဖွယ်ရာပင် မရှိတော့ချေ။
အမှန်အတိုင်းပြောရလျှင် ဂုဏ်ယူဝင့်ကြွားမှုများ ပြည့်နှက်နေသော သူမ၏မျက်နှာပေါ်၌ မျက်ရည်များ ပြည့်နေသည်ကိုတော့ ကိုယ်တိုင်ပင် သတိမထားမိခဲ့ချေ။ သူမက သိုင်းပညာကို စတင်လေ့လာခဲ့သည့် အချိန်ကတည်းကစပြီး တိုက်ပွဲများ၊ စွန့်စားခန်းများကို မျှော်လင့်နေခဲ့သည်။
သို့သော် လက်ရှိအချိန်တွင်တော့ သူမ၏ရင်ထဲတွင် နာကျင်မှုနှင့် စိတ်ဓာတ်ကျမှုများသာ ပြည့်နှက်နေခဲ့၏။ သူမက ဘာကြောင့် ဤကဲ့သို့သော နေရာမျိုးတွင် သေဆုံးသွားရမည်နည်း။ မျက်ရည်များ ပြည့်နေသော သူမ၏မျက်လုံးများက အဖြူရောင်မြွေ လွှတ်ပေးရန်ကို တောင်းဆိုနေသလို စိုက်ကြည့်နေမိခဲ့သည်။
သို့သော် အဖြူရောင်မြွေကတော့ သူ့ဆီမှ အနည်းငယ်လေးပင် လွှဲဖယ်သွားခြင်း မရှိချေ။ ထိုအစား ကျူးလု၏ မျက်နှာလေးကို စူးစူးနစ်နစ်စိုက်ကြည့်၍ သူ၏ပါးစပ်ထဲမှ အရည်များစတင်ကျဆင်းလာခဲ့သည်။ သူက ကျူးလုကိုဝါးမြိုပြီးသွားလျှင် သူမ၏ရုပ်ရည်ကို ပြောင်းလဲရန် စဉ်းစားနေပုံရ၏။
ထိုအချိန်တွင် တောင်တန်းသခင်အိုကြီးကတော့ လုံးဝကို ရှုံးနိမ့်သွားပြီး စိတ်ပျက်နေပုံရသည်။ သို့သော် အမှန်အတိုင်း ပြောရလျှင်တော့ သူ့မျက်လုံးများက တစ်ချိန်လုံး လှည့်ပတ်ကြည့်ရှုနေခဲ့ခြင်းဖြစ်၏။
ထိုအချိန်တွင် သူက မြေသားများနှင့် ဖန်တီးထားဟော ‘ယွဲ့’ ဟူသည့်စကားလုံးကို မြင်တွေ့မိနေခဲ့သည်။ ထိုနေရာတွင် မီးရှို့ထားသော အဝါရောင်အဆောင်မှ ပြာများလည်း ရှိသည်။ အကယ်၍ ထိုအရာကသာ အကျိုးသက်ရောက်မှုရှိသည်ဆိုလျှင် သူက ဒူးထောက်ပြီး ‘ယွဲ့’ စကားလုံးဆီမှ ပြာများကို လေမှုတ်ပစ်ပါလိမ့်မည်။ သို့သော် ထိုကဲ့သို့ လုပ်ဆောင်မှုက အချည်းနှီးဖြစ်ကြောင်း သူလည်း သိနေမိခဲ့၏။
တချိန်တည်းတွင် လင်းရှို့ယီကတော့ စိုးရိမ်နေသည့် အမူအရာနှင့် ပတ်ပတ်လည်ကို စတင်လှည့်ကြည့်နေခဲ့သည်။ လီဟွိုင်က မျက်ရည်အပြည့်နှင့် ငိုချင်နေသော်လည်း အသံပင် မထွက်နိုင်တော့ပေ။ သူက မြေပေါ်တွင် ထိုင်ချလိုက်ပြီး လီပေါင်ဖျင်၏ စာအုပ်သေတ္တာလေးကိုမီ၍ ဒူးနှစ်ဖက်ကို လက်နှင့် ဖက်ထားခဲ့သည်။
နောက်ကျောတွင် ရှိနေသော စာအုပ်သေတ္တာငယ်လေးမှ အေးစက်သောခံမှုကို ခံစားမိသည့်အခါ သူလည်း သူ့အဖေနှင့် သူ့အမေတို့၏ ကျယ်လောင်သော ဆူပူကြိမ်းမောင်းသံများကို ပြန်လည်တမ်းတလာမိခဲ့သည်။
တစ်ဖက်တွင်တော့ လီပေါင်ဖျင်၏ အမူအရာက တဖြည်းဖြည်း ပို၍ ပြတ်သားလာခဲ့၏။ သူမက တကိုယ်လုံး ချွေးများ ထွက်နေသော်လည်း ခေါင်းမော့ပြီး မျက်နှာပေါ်တွင် အကြောက်တရားလုံးဝ မရှိခဲ့ချေ။
ရုတ်တရက်ဆိုသလို အနက်ရောင်မြွေက ကျူးဟယ်ဆီကို ခုန်ဝင်လိုက်သည်။
ကျူးဟယ်က တချိန်လုံး သတိထားနေခြင်း ဖြစ်သည့်အတွက် ချက်ချင်းတုံ့ပြန်လိုက်ပြီး ခြေထောက်တစ်ဖက်ကို နောက်ဘက်သို့ ပို့၍ တခြားတစ်ဖက်နှင့် ကန်လိုက်သည့်အပြင် အနက်ရောင်မြွေ၏ ဧရာမခေါင်းကြီးကို လက်သီးနှင့် ထိုးလိုက်သည်။
ကျူးဟယ်၏လက်သီးထဲတွင် ကြောက်စရာကောင်းသော စွမ်းအားများ ပြည့်နှက်နေပြီး အလွန်ကျယ်လောင်သောအသံနှင့် မြွေခေါင်းကို ထိုးလိုက်မိသည်။ ပြင်းထန်သော တုံ့ပြန်မှုနှင့်အတူ ဧရာမမြွေခေါင်းကြီးက နောက်ပြန်လွင့်သွားခဲ့ပြီး ဧရာမခန္ဓာကိုယ်ကြီး၏ အပေါ်ပိုင်းတစ်ဝက်လည်း ပါသွားသည်။
ထိုအချိန်တွင် ကျူးဟယ်၏လက်က ထုံကျင်သွားသလို ခံစားလိုက်ရ၏။ သူ့ခြေထောက်ကလည်း မြေပြင်ပေါ်သို့ ပေဝက်ခန့် နစ်ဝင်သွားခဲ့သည်။ သူက အံကြိတ်လိုက်ပြီး မြေကြီးထဲမှ ခြေထောက်ကို လျင်မြန်စွာ ဆွဲထုတ်၍ နောက်ဆုတ်သွားရမည့်အစား အစွမ်းကုန် ရှေ့သို့ပြေးသွားခဲ့သည်။
သူ၏ခြေလှမ်းတိုင်းက ကျောက်သားမျက်နှာပြင်ပေါ်တွင် နက်ရှိုင်းသောခြေရာများပင် ပေါ်နေခဲ့၏။ ပထမဆုံးတိုက်ပွဲတွင် ထိုမြွေကြီးက တိုက်ခိုက်၍ မရနိုင်သော ပစ်မှတ်မဟုတ်ကြောင်း ကျူးဟယ်က တွေ့လိုက်ရသည်။
အနက်ရောင်မြွေကြီးက ကျူးဟယ်ဆီကို နောက်တစ်ကြိမ် တည့်တည့်ပြန်လာခဲ့၏။ ကျူးဟယ်၏ ခန္ဓာကိုယ်ထဲတွင် ရှိနေသော ချီစွမ်းအင်များကတော့ မြစ်ရေစီးကြောင်းတစ်ခုကဲ့သို့ လျင်မြန်စွာ စီးဆင်းနေခဲ့သည်။ လက်မောင်းပေါ်တွင် ရှိနေသော ကြွက်သားများကလည်း သူ၏လက်ထဲမှ ထွက်လာတော့မလို ဖြစ်နေခဲ့၏။
သူကတော့ မြွေခေါင်း၏ အလယ်တည့်တည့်ကို လက်သီးနှင့် ပြင်းပြင်းထန်ထန် တိုက်ခိုက်ချင်ခဲ့သည်။ ထိုအရာက ကျူးဟယ်ဆီမှ အစွမ်းကုန် တိုက်ခိုက်ခြင်းဖြစ်ပြီး ဧရာမခေါင်းလောင်းကြီးတစ်ခုကို ထိုးလိုက်သော သတ္တုချောင်းတစ်ခုကဲ့သို့ ဖြစ်နေသည်။
လက်သီးချက်ကြောင့် ဧရာမမြွေခေါင်းကြီးက မျက်နှာပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ဖုန်မှုန့်များ ပတ်ပတ်လည်သို့ လွင့်ပျံသွားခဲ့သည်။ ကျူးဟယ်က အခွင့်ကောင်းကို အသာစီးယူတော့မည့်အချိန်တွင် တောင်တန်းသခင်အိုကြီးက သက်ပြင်းရှည်ကြီး ချလိုက်မိသည်။
ရုတ်တရက်ဆိုသလို မြွေခေါင်းထက်ပင် အဆပေါင်းများစွာ ပို၍ လျင်မြန်သောအရာတစ်ခုက ကျူးဟယ်ကို ရိုက်ချလိုက်သည့်အတွက် သူလည်း လေထဲတွင် ပေ(၁၀၀)ကျော် လွင့်ထွက်သွားခဲ့သည်။ ထိုတိုက်ခိုက်မှုက သေစေနိုင်လောက်ခြင်း မရှိသော်လည်း သူ့မျက်နှာတစ်ခုလုံး ဆိုးရွားသော ဒဏ်ရာများ ပြည့်နှက်သွားခဲ့သည်။ ထိုအရာက ပြင်းထန်သော တိုက်ခိုက်မှုတစ်ခုဖြစ်ကြောင်း ပြသနေခဲ့၏။
သူက မြေကြီးပေါ်တွင် အကြိမ်အနည်းကယ် လှိမ့်သွားခဲ့ပြီးမှသာ အရှိန်ကို ထိန်းနိုင်ခဲ့ပြီး ပါးစပ်ထဲသို့ ဆန်တက်လာသော သွေးများကို မြိုချလိုက်မိသည်။ သူက ဒဏ်ရာများကို ကုသရန် အချိန်မရှိဘဲ မြွေကြီးဆီသို့ နောက်တစ်ကြိမ် ပြေးသွားရန် ပြင်ဆင်လိုက်သည်။
အနက်ရောင်မြွေက ကျူးဟယ်ကို တမင်တကာ ရည်ရွယ်ချက်ရှိရှိ လှည့်ဖျားလိုက်ခြင်းဖြစ်ပြီး လျှပ်စီးကြောင်းသဖွယ် လျင်မြန်သော အမြှီးနှင့် ရိုက်လိုက်ခြင်း ဖြစ်သည်။
ရုတ်တရက်ဆိုသလို ကျူးဟယ်က မျက်လုံးပြူးပြီး ကြောက်လန့်သွားခဲ့၏။ သူ၏မျက်လုံးထောင့်တွင် တိုက်ခိုက်လိုက်သော အဖြူရောင်မြွေကို မြင်လိုက်ရသည်။ အဖြူရောင်မြွေက ဧရာမပါးစပ်ကြီးကိုဟပြီး ကျူးလုဆီသို့ တည့်တည့်ပျံသန်းသွားခဲ့၏။ သူက ကျူးလု၏ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုတော့မည့်ပုံပေါ်သည်။
ထိုအချိန်တွင် အနက်ရောင်မြွေ၏ ကျောပေါ်မှ ပြေးထွက်လာသော ပိန်ပိန်ပါးပါး လူငယ်လေးတစ်ယောက် ပေါ်လာပြီး သူက အနက်ရောင်မြွေ၏ ခေါင်းပေါ်မှတဆင့် လေထဲကို ခုန်လိုက်သည်။ သူ့လက်ထဲတွင် တောတွင်းသုံးဓားတစ်ချောင်းကို ကိုင်ထားခဲ့၏။
ချန်းပင်အန်းက သူ၏တောတွင်းသုံးဓားနှင့် မြွေဖြူ၏ ဘယ်ဘက်အတောင်ပံကို ဖြတ်တောက်ပစ်လိုက်ပြီးနောက် မြွေဖြူ၏ခန္ဓာကိုယ်ကို ကန်ပြီး လေထဲမှ ပြန်ခုန်ဆင်းလာခဲ့သည်။
ကျောက်တုံးမျက်နှာပြင်၏ အောက်ဘက်ကမ်းပါးပေါ်ရှိ တစ်နေရာတွင်တော့ အိုက်လျန်က ထင်းရှုးပင်တစ်ပင်၏ သစ်ကိုင်းပေါ်တွင် ထိုင်ပြီး အရက်ကို အေးအေးဆေးဆေးသောက်နေခဲ့သည်။
သူက ခေါင်းပေါ်တွင် ဆောင်းထားသော ဝါးဦးထုပ်ကို သေချာကိုင်လိုက်ပြီး မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။
Translated by Hein Htet.