အခန်း (၁၀၁)
Vol. 7 Ch. 101
မြွေဖြူ၏ခန္ဓာကိုယ်က အနက်ရောင်မြွေထက် ပို၍သေးငယ်ပြီး ခန္ဓာကိုယ်နှင့် ယှဉ်လိုက်လျှင် သူ၏အတောင်ပံများက အတော်လေးကို သေးငယ်နေခဲ့သည်။ ထို့ပြင် သူတို့က ကြည်လင်နေသည့်အတွက် သေချာဂရုတစိုက် မကြည့်လျှင် အလွယ်တကူ တွေ့ရလိမ့်မည် မဟုတ်ချေ။
ထိုကဲ့သို့ သေးငယ်သော အတောင်ပံတစ်စုံက သူ့ကို လေထဲ၌ ပျံသန်းနိုင်အောင် လုပ်ဆောင်ပေးနိုင်သည်မှာ အတော်လေးကို အံ့ဩစရာကောင်လှသည်။ ထို့ကြောင့် သူကလည်း ကျင့်ကြံသူများကဲ့သို့ ထူးခြားသော ပျံသန်းမှုစွမ်းရည် ရရှိထားသည်ဟု တွက်ချက်၍ ရနိုင်သည်။
မြွေဖြူက ကျူးလုဆီကို တိုက်ရိုက်ပျံသန်းသွားခဲ့သည်။ သူက ကျူးလု၏ ခန္ဓာကိုယ်ကို တကိုယ်လုံး ဝါးမြိုရန် ပါးစပ်ကို ကျယ်လောင်စွာ ဟလိုက်၏။
ထိုအချိန်တွင် ဓားကိုင်ထားသော လူငယ်လေးက ဘယ်ကမှန်းမသိ ရုတ်တရက်ပေါ်လာခဲ့သည်။ သူက အနက်ရောင်မြွေ၏နောက်ကျောနှင့် ဦခေါင်းကို လှေကားအဖြစ် အသုံးချပြီး လေထဲသို့ခုန်၍ လက်ထဲတွင် ကိုင်ထားသော တောတွင်းသုံးဓားနှင့် မြွေဖြူ၏အတောင်ပံနှင့် ခန္ဓာကိုယ် ဆက်သွယ်ထားသော နေရာကို ခုတ်ချလိုက်ခြင်းဖြစ်သည်။
မြွေဖြူက လေထဲ၌ ပျံသန်းနေစဉ် သူ၏လှုပ်ရှားမှုကို ထိန်းချုပ်ရန် ထိုအတောင်ပံများကို လိုအပ်သည်။ သူ့အတောင်ပံများ ဆိုးဆိုးရွားရွား ထိခိုက်သွားရသည့်အတွက် ခန္ဓာကိုယ်က အရှိန်ကြောင့် ရှေ့ကိုဆက်၍ ပျံသန်းနိုင်ခဲ့သော်လည်း မူလပစ်မှတ်နှင့် (၁၀)ပေခန့်အကွာတွင် လွဲချော်သွားခဲ့သည်။
ရလဒ်အနေနှင့် အလွန်ကြီးမားသော ပါးစပ်ကြီးက ကျူးလု၏ပုခုံးလေးကို ဖြတ်ကျော်သွားခဲ့ပြီး ခန္ဓာကိုယ်က ကျောက်တုံးမျက်နှာပြင်ပေါ်တွင် အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့သည်။
ကျူးလုနှင့် သူမ၏နောက်တွင် ရှိနေသော ကလေးငယ်(၃)ယောက်က သေမင်း၏ လက်ထဲမှ ပွတ်ကာသီကာ လွတ်မြောက်လာခဲ့ကြသည်။ မြွေဖြူကတော့ မြေပြင်ပေါ်တွင် ခေါင်းနှင့် အရင်ဆုံးကျသည့်ဒဏ်ကို ခံစားနေရသေး၏။
ထိုအချိန်တွင် လီပေါင်ဖျင်က သူမ၏စာအုပ်သေတ္တာကို နောက်ကျောတွင် လွယ်လိုက်ပြီး လူတိုင်းကို ထွက်ပြေးရန် အော်ဟစ်လိုက်သည်။ လင်းရှို့ယီကလည်း သူ၏ပစ္စည်းများကို သိမ်းယူပြီး သူမ၏နောက်မှ ပြေးထွက်သွားခဲ့၏။
လီဟွိုင်ကတော့ အလွန်ကြောက်လန့်နေသည့်အတွက် သွားများကပင် အသံမည်နေခဲ့သည်။ တခြားသော ကလေး(၂)ယောက်နှင့်အတူ ပြေးသွားခဲ့ပြီးနောက် ကျူးလုက သူနှင့်အတူ ပါမလာကြောင်း လီဟွိုင်က ရုတ်တရက် သတိထားမိခဲ့သည်။ သူက ကျူးလုကို ပြန်လှည့်ရှာကြည့်လိုက်သည့်အချိန်တွင် သူမက နေရာတွင်ကြောင်၍ ရပ်နေကြောင်း တွေ့လိုက်ရသည်။ ကျူးလုက နေရာတွင် ကြောင်ကြည့်နေမိပြီး သူမက ကိုယ့်ကိုယ်ကိုယ် သားကောင်ဆီသို့ ထိုးကျွေးလိုက်သလို ထင်ရသည်။
“ဘာလုပ်နေတာလဲ ကျူးလု ပြေးတော့လေ…”
လီဟွိုင်က အော်ပြောလိုက်သည်။
ထိုအသံကို ကြားသည့်အခါ ကျူးလု၏ခန္ဓာကိုယ်က အနည်းငယ် လှုပ်ရှားသွားခဲ့၏။ နောက်ဆုံးတွင်တော့ သူမက အနည်းငယ် သတိပြန်ဝင်လာခဲ့သည်။ သို့သော် ငေးငိုင်နေသေး၏။
သူမက ဇဝေဇဝါဖြစ်နေသော အမူအရာနှင့် လီဟွိုင်ကို ပြန်လှည့်ကြည့်လိုက်ရာ လီဟွိုင်က အော်ပြောလိုက်သည်။
“ပြေးလေ … နင်က သေချင်နေတာလား…”
ကျူးလုက သတိပြန်ဝင်လာသည့်အချိန်တွင် ချက်ချင်း သိုင်းပညာရှင်တစ်ယောက်၏ အရှိန်နှင့် ပေါ့ပါးသွက်လက်မှုကို အသုံးချလိုက်ရာ ခြေလှမ်း (၄)လှမ်း (၅)လှမ်းအတွင်း လီဟွိုင်နှင့် တခြားသူများကို ကျော်သွားခဲ့သည်။ သူမက မြွေဖြူနှင့် အဝေးကို ထွက်ပြေးသွားခဲ့၏။
ကျူးလု ထွက်ပြေးသွားသည်နှင့် မြွေဖြူကတော့ အတောင်ပံ ဆုံးရှုံးသွားရသည့် နာကျင်မှုကြောင့် ကျယ်လောင်စွာ အော်ဟစ်နေခဲ့သည်။ သူ၏ဒဏ်ရာထဲမှ အဖြူရောင်သွေးများ ဆက်တိုက်စီးကျလာနေပြီး အမြှီးကလည်း မြေပြင်ကို ကြောက်စရာကောင်းစွာ ရိုက်ခတ်နေခဲ့သည့်အတွက် ကျောက်တုံးအပိုင်းအစများကပင် ပတ်ပတ်လည်သို့ လွင့်ပျံသွားခဲ့သည်။
အကယ်၍ ကျူးလုကသာ အနည်းငယ် ပို၍နှေးကွေးသွားမည်ဆိုလျှင် သူမကလည်း မြွေဖြူ၏ အမြှီးရိုက်ချက်ကြောင့် အသားစများ ဖြစ်သွားနိုင်သည်။ သူ၏အတောင်ပံဆုံးရှုံးမှုက မြွေဖြူအတွက်တော့ အလွန်ပြင်းထန်သော ဒဏ်ရာတစ်ခု ဖြစ်ပုံရသည်။ သူက အချိန်တော်တော်ကြာသည့်တိုင်အောင် တည်ငြိမ်နိုင်ခြင်းမရှိဘဲ ပြင်းပြင်းထန်ထန် ဆက်လက် ရိုက်ခတ်နေခဲ့၏။
သို့သော် ချန်းပင်အန်း၏အခြေအနေကလည်း ကောင်းမွန်နေခြင်း မရှိချေ။ သူ၏ဓားကိုင်ထားသော ဘယ်ဘက်လက်ထဲရှိ လက်မနှင့် လက်ညှိုးကြားထဲတွင် ရှိနေသော နေရာက လုံးဝကို အက်ကွဲသွားခဲ့ပြီး သွေးများပေပွနေခဲ့သည်။
သူက ဒူးတစ်ဖက် ထောက်ထားပြီး နဖူးပေါ်မှ ချွေးများကို သုတ်လိုက်၏။ ထိုသို့ဆိုလျှင် သူ၏မြင်ကွင်းကို တားဆီးနိုင်ခြင်း မရှိတော့ချေ။ တောတွင်းသုံးဓားကတော့ တစ်ဝက်ခန့် ပျက်စီးသွားခဲ့၏။ အကယ်၍ ချန်ပင်အန်းကသာ အချိန်မီတုံ့ပြန်ပြီး လျင်မြန်စွာ ရှောင်တိမ်းခဲ့ခြင်းမရှိလျှင် ဓားအပိုင်းအစက သူ့ဆီသို့ ရောက်လာပြီး အနည်ဆုံးတော့ သူ၏မျက်နှာက ပြတ်သွားနိုင်သည်။
ထိုအချိန်တွင် ချန်းပင်အန်းက အနက်ရောင်မြွေ၊ အဖြူရောင်မြွေတို့နှင့် တြိဂံပုံသဏ္ဌာန် ဖြစ်နေခဲ့သည်။ အနက်ရောင်မြွေက အလွန်ဉာဏ်နီဉာဏ်နက်များသော အမူအရာမျိုး ရှိနေသည်။ မြွေဖြူ၏ ဒဏ်ရာကို မြင်လိုက်ရပြီးနောက် သူက ချန်းပင်အန်းကို တိုက်ခိုက်ရန်အတွက် ကျူးဟယ်ကို ချက်ချင်း လက်လွှတ်ခဲ့ခြင်း မရှိချေ။
ထိုအစား သူ့ခန္ဓာကိုယ်က ယခင်တုန်းကထက် ပို၍တည်ငြိမ်လာပြီး သူ၏ခန္ဓာကိုယ်အပေါ်ပိုင်းကို စည်းချက်ကျကျ လှုပ်ရှားနေခဲ့၏။ သူက တချိန်လုံး ကျူးဟယ်နှင့် ဆန့်ကျင်ဘက်တွင် ထိန်းသိမ်းထားသည်။ တချိန်တည်းတွင် ကြောက်စရာကောင်းသော ငွေရောင်မျက်လုံးများက အဖြူရောင်မြွေကို စိုက်ကြည့်နေပြီး ထိုမျက်လုံးများထဲမှ အကြည့်က ကျူးလုကို မြွေဖြူ ကြည့်နေခဲ့သောအကြည့်နှင့် ကွဲပြားမှုမရှိချေ။
ထိုအချိန်တွင် တောင်တန်းသခင်အိုကြီးက ကျောက်သားကွင်ပြင်း၏ အလယ်တွင် ရပ်နေပြီး ကြောက်လန့်တုန်လှုပ်နေခဲ့၏။ တောတွင်းသုံးဓား၏ တစ်စိတ်တပိုင်းက သူ့ခြေထောက်နားတွင် ရှိနေသော မြေကြီးထဲသို့ စိုက်ဝင်သွားခြင်းဖြစ်သည်။
သူက ကြောက်လန့်နေသော အမူအရာနှင့် ထိုဓား၏အနားကို ကပ်သွားပြီး ဓားသွားကို လက်ညှိုးနှင့် သေချာစစ်ဆေးကြည့်နေခဲ့၏။ သူက ဂရုတစိုက် ကိုင်ကြည့်လိုက်သော်လည်း သူ၏လက်ညှိုးထဲမှနေ၍ အဝါရောင်သွေးများ ချက်ချင်း စီးထွက်လာခဲ့သည်။ ထို့ကြောင့် သူလည်း လက်ကို အလျင်အမြန် ရုတ်သိမ်းလိုက်ရ၏။
တဖန် ဓားသွား၏ ဘေးကို လက်ညှိုးနှင့် ညှင်သာစွာ တောက်ကြည့်လိုက်ရာ မျက်နှာပေါ်တွင် နားမလည်နိုင်သော အမူအရာတစ်ခု ပေါ်လာခဲ့၏။ သူက တစ်ယောက်တည်း ရေရွတ်လိုက်မိသည်။
“တော်တော် ထက်မြက်တဲ့ဓားသွားပဲ။ ဒါက သာမန်တောတွင်းသုံးဓားတစ်ချောင်းပါပဲ။ ဒါပေမဲ့ အကြိမ်ပေါင်း(၁၀၀)လောက် သန့်စင်ထားတဲ့ သိုင်းပညာရှင်တွေရဲ့ ဓားတွေကတောင် သူ့ရဲ့ထက်မြက်မှုကို မယှဉ်နိုင်ဘူး။ ဒီဓားရဲ့တစ်ခုတည်းသော အားနည်းချက်ကတော့ အရမ်းကို ကျွတ်ဆတ်တာပဲ။ တကယ်လို့ သူ့ရဲ့ခိုင်မာမှုကသာ သူ့ရဲ့ထက်မြက်မှုကို ယှဉ်နိုင်မယ်ဆိုရင် အဲဒီမှော်သားရဲကို သတ်ဖို့ အခွင့်အရေးတောင် ရှိနိုင်တယ်။ ဒါပေမဲ့ အခုတော့ မျှော်လင့်ချက်တွေ အားလုံးပျောက်ဆုံးသွားပြီ…”
တောင်တန်းသခင်အိုကြီးက ဓားသွား၏ ဘေးဘက်ခြမ်းကို သေချာစစ်ဆေးနေရင်း ဆက်ပြောလိုက်သည်။
“ဒီဓားသွား ထက်မြက်နေရတဲ့ အကြောင်းပြချက်က သူ သုံးထားတဲ့ ဓားသွေးကျောက်ကြောင့်ပဲ။ ဒါဆိုရင် မေးခွန်းတစ်ခုရှိလာတယ်။ ဓားသွေးကျောက်က ဒီလောက်တန်ဖိုးမရှိတဲ့ တောတွင်းသုံးဓားတစ်ချောင်းကို ဘယ်လိုဖြစ်ပြီးဒီလောက်ထက်မြက်အောင် လုပ်ပေးနိုင်ရတာလဲ….”
ခေါင်းထဲတွင် ထိုအရာမျိုး ပေါ်လာခဲ့သည့်အတွက် တောင်တန်းသခင်အိုကြီးက ထိုအဖွဲ့၏ပစ္စည်းများကို လောဘတကြီး စိုက်ကြည့်နေမိခဲ့သည်။ ပြောရမည်ဆိုလျှင် ထိုအရာများထဲ၌ ဓားသွေးကျောက်လည်းပါလာနိုင်၏။
သို့သော် သူက ချက်ချင်း သက်ပြင်းချလိုက်မိသည်။ အကယ်၍ သူက ထိုကဲ့သို့ ထူးခြားသော ဓားသွေးကျောက်တစ်ခုကို ရမည်ဆိုလျှင်ပင် သိပ်မကြာခင် သေရတော့မည် ဖြစ်သည့်အတွက် မသုံးနိုင်တော့ချေ။
သူကတော့ မြေသားပုံသွင်းခြင်းနည်းလမ်းကို အသုံးပြုခဲ့သော အဆင့်(၅)သိုင်းပညာရှင်ကိုသာ အပြစ်တင်မိခဲ့သည်။ ထိုအရာက ပျောက်ဆုံး သွားသည်မှာ နှစ်ပေါင်းမြောက်များစွာ ကြာခဲ့ပြီဖြစ်သော ကျင့်စဉ်တစ်ခု ဖြစ်သည်။
တောင်တန်းသခင်အိုကြီးက မြေအောက်ထဲ၌ ပုန်းအောင်းနေသည့်အချိန်တွင် ကျူးဟယ်ကို စိတ်ဝင်တစား ကြည့်မိခဲ့သည်။ သို့သော် မြေသားပုံသွင်းနည်းလမ်းက သူ့အပေါ် ကျရောက်လာလိမ့်မည်ဟု သူလည်း လုံးဝမထင်ထားခဲ့ပေ။ ထိုမြေသားပုံသွင်းခြင်းနည်းလမ်းက လျှို့ဝှက်ဆန်းကြယ်သော အဆင့်မြင့်နည်းလမ်းတော့ မဟုတ်ချေ။ တောင်တန်းသခင်အိုကြီးက သတိလွတ်သွားခဲ့ခြင်းကြောင့်သာ ဖြစ်သည်။
ထိုကျင့်စဉ်က သူ၏စံအိမ်ထဲ၌ ဖိတ်ခေါ်ရန် တစ်ကြိမ်သာ အသုံးပြုနိုင်သည်။ တခြားအချိန်မျိုးတွင်တော့ တောင်ထိပ်ကို အသုံးပြုခဲ့သော အင်မော်တယ်စုံတွဲများကဲ့သို့ပင် မဟုတ်နိုင်ချေ။ ထိုနှစ်ယောက်ကတော့ အလွန်အစွမ်းထက်သော မြေအင်မော်တယ်များ ဖြစ်ကြပြီး အဆင့်(၅) သိုင်းပညာရှင် တစ်ယောက်ဖြစ်သော ကျူးဟယ်ကတော့ သူတို့၏အစေခံဖြစ်ရန်ပင် ထိုက်တန်ခြင်း မရှိချေ။
ထိုအချိန်တွင် ထိုအင်မော်တယ်(၂)ယောက်ကလည်း မြေသားပုံသွင်းခြင်းကျင့်စဉ်ကိုသုံးပြီး သူ့ကို ဖိတ်ခေါ်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် သူတို့က ရှေးဟောင်းထုံးတမ်းစဉ်လာများကို မဖျက်ဆီးချင်သောကြောင့် ဖြစ်သည်။ သူတို့က သူ့လို အဆင့်နိမ့် တောင်ထိပ်သခင်တစ်ယောက်ကို ရန်စမိမှာ ကြောက်စရာ မလိုအပ်ပေ။
ချန်းပင်အန်းကတော့ ထိုအခွင့်အရေးကို အရယူပြီး မြွေဖြူ၏အသက်ကို အဆုံးသတ်ရန် မဖြစ်နိုင်ခဲ့ပေ။ အဓိကပြဿနာကတော့ သူ၏ကိုယ်တွင်းအင်္ဂါများက ပြင်းပြင်းထန်ထန် လှုပ်ရှားနေခဲ့၏။ သူက မည်သည့်အရာမျှလုပ်ဆောင်ရန် အင်အားမရှိခဲ့ချေ။
သူက မျက်နှာပေါ်မှချွေးများကို သုတ်လိုက်သည့်အချိန်တွင် အစားထိုးရန် အလွှာတစ်ခုလျင်မြန်စွာ ပေါ်လာခဲ့၏။ အဆုံတွင်တော့ ချန်းပင်အန်းက ထိုအရာကို ထပ်မံအလေးထားနေခြင်း မရှိတော့ချေ။ ထိုအစား သူ၏ အသက်ရှုသံကို ထိန်းချုပ်ရန်ကြိုးစားနေပြီး ရှုပ်ထွေးနေသော အငွေ့အသက်များကို တည်ငြိမ်ရန် အကောင်းဆုံးပြင်ဆင်လိုက်သည်။
ထိုကဲ့သို့ပြင်ဆင်မှုက မိုးရွာနေသော အချိန်တွင် ပျက်စီးနေသော ပြတင်းပေါက်များကို ပြင်ဆင်နေသလို ဖြစ်နေခဲ့သည်။ ထူးခြားမှု မရှိသော်လည်း သူက အကောင်းဆုံး လုပ်ဆောင်နေရ၏။
ထို့နောက် သူ၏ရင်ဘတ်ထဲမှနေ၍ ဗုံတစ်လုံးတီးခတ်သလို အသံတစ်ခုထွက်လာပြီး တဖြည်းဖြည်းနှင့် အသံပိုကျယ်လာခဲ့သည်။ သို့သော် ထိုအသံက သူ့နားထဲကို ရောက်မလာခဲ့ပေ။ ထိုအစား အတွင်းထဲတွင် ပဲ့တင်ထပ်လာပြီး သူ့ခန္ဓာကိုယ်က ခံနိုင်ရည်ရှိလာခဲ့၏။
ထိုကဲ့သို့ မသိစိတ်ခံစားမှုများက ချန်းပင်အန်း၏ဘဝတွင် နှစ်ကြိမ်သာ ကြုံခဲ့ဖူးသည်။ ပထတစ်ကြိမ်ကတော့ ရွှံ့ပုလင်းလမ်းကြားထဲတွင် နာနာကျင်ကျင် ငိုကြွေးခဲ့ရသောအချိန်၌ ဖြစ်သည်။ ဒုတိယတစ်ကြိမ်ကတော့ တောင်ပေါ်သို့သွားသော ခရီးစဉ်တစ်ခုတွင် ဖြစ်၏။ သို့သော် လက်ရှိအခြေအနေတွင်တော့ သူက မြေပြင်ပေါ်၌ လူးလှိမ့်ပြီး နာကျင်နေခဲ့ခြင်း မရှိချေ။ အဘယ်ကြောင့်ဆိုသော် သူ့ခန္ဓာကိုယ်ထဲတွင် ရှိနေသော မီးနဂါးအငွေ့အသက်များကြောင့် ဖြစ်သည်။
ထိုအငွေ့အသက်များက သူ၏ဗိုက်ထဲသို့ ဆန်တက်လာပြီး သူ့ခန္ဓာကိုယ်ထဲတွင် မြင့်တက်လာခဲ့၏။ သူက စုန့်ကျိရှင်း၏ အိမ်ထဲတွင် တွေ့ခဲ့သော သစ်သားရုပ်ထုပေါ်ရှိ သွေးကြောမှတ်များကို ဖြတ်ခြင်း မဖြတ်ခြင်း ခန္ဓာကိုယ်ထဲတွင် ဆက်သွယ်ထားသော အရေးပါသည့် အမှတ်များထဲကို ဝင်ရောက်ခြင်းရှိမရှိက အရေးမပါပေ။ ထိုအစား သူပုန်များကို ရှင်းလင်းရန် တပ်ဖွဲ့တစ်ဖွဲ့ကို ဦးဆောင်နေသည့် စစ်သူကြီး တစ်ယောက်ကဲ့သို့ ထင်မှတ်ရ၏။
အကျိုးသက်ရောက်မှုက အလွန်ထူးခြားလှသည်။ သူက နေရာတွင် ဒဏ်ရာများကို ကုသပေးနိုင်ခဲ့ခြင်း မရှိသော်လည်း အနည်းဆုံးတော့ နာကျင်မှုကို ခံနိုင်ရည်ရှိနေသေး၏။
ကျူးဟယ်က ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားသည်ကိုပင် သူ၏အငွေ့အသက်များက အနည်းငယ် မြင့်တက်လာခဲ့၏။ သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် တိုက်ခိုက်ရေး အငွေ့အသက်များ ထွက်ပေါ်လာခဲ့သည်။ သူ၏အင်္ကျီလက်က လေထဲတွင် တဖျတ်ဖျတ် လွင့်နေပြီး သူက သိုင်ပညာရှင်တစ်ယောက်၏ပုံရိပ်ကို ထိန်းသိမ်းထားနိုင်၏။
အနက်ရောင်မြွေက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီးကွင်းပြင်ကြီး၏ ပတ်ပတ်လည်ကို စိုက်ကြည့်မိလိုက်သည်။ ကျူးဟယ်ဆီတွင် ကြောက်စရာကောင်းသော တိုက်ခိုက်စွမ်းရည် ရှိနေသော်လည်း သူကတော့ တည်ငြိမ်နေခဲ့၏။ သူ့ခေါင်းက ဘယ်မှညာသို့ အလိုလို ယိမ်းခါနေပြီး ကျူးဟယ်၏ ခုခံမှုတွင် ဟာကွက်တစ်ခုကို ရှာဖွေနေသလို ထင်ရသည်။
သို့သော် ထိုနေရာတွင် ကျူးဟယ်ကတော့ သူ၏ဒဏ်ရာများ၊ သက်ရောက်မှုများကိုမကြာခဏ ဖိနှိပ်နေရ၏။
တောင်တန်းသခင်က သူ့ဘေးမှနေ၍ ကြည့်နေပြီး ခဏကြာ တွေဝေနေပြီးနောက် အသံတိုးတိုးနှင့် သက်ပြင်းချလိုက်၏။
“မင်းက အချည်းနှီး ရုန်းကန်မနေဖို့ အကြံပေးချင်တယ်။ ဒီမြွေက မင်းကို အလျင်စလို စားမှာမဟုတ်ဘူး။ ဘာလို့လဲဆိုတော့ သူက မင်းရဲ့ချီစွမ်းအားနဲ့ စိတ်ဝိညာဉ်စွမ်းအားတွေကို ပြည့်ပြည့်ဝဝ အသက်သွင်းတဲ့အချိန်ထိ စောင့်နေမှာပဲ။ သူက သစ်သီးရင့်မှည့်တဲ့ အချိန်ကို စောင့်နေတာ။ ဒါဆိုရင် သူက မင်းကိုအနိုင်ရဖို့ အစွမ်းမရှိဘူးလို့ ထင်စရာ အကြောင်းမရှိတော့ဘူး။ မဟုတ်ရင် သူက မင်းရဲ့ခန္ဓာကိုယ်ကို ဝါးမြိုလိုက်မယ်ဆိုရင်တောင် မင်းရဲ့စွမ်းအားအဆီအနှစ်နဲ့ စိတ်ဝိညာဉ်ကို ချေဖျက်နိုင်မှာ မဟုတ်ဘူး။ ဒါက သူလိုချင်နေတဲ့ အကြီးဆုံးဆုလာဘ်ပဲလေ…”
တောင်တန်းသခင်အိုကြီးက သက်ပြင်းချလိုက်မိသည်။ ထို့နောက် ရှုပ်ထွေးနေသော ဆံပင်များနှင့် အဝတ်အစားများကို သပ်သပ်ရပ်ရပ်ပြင်ဆင်လိုက်ပြီး သူ့ကိုယ်သူ ပြောလိုက်၏။
“တကယ်လို့ ငါက ဒီမှာသေရမယ်ဆိုရင်တောင် တောင်တန်းသခင် တစ်ယောက် ဖြစ်နေသေးတယ်။ ဒါကြောြင် ငါက ဂုဏ်သိက္ခာရှိရှိသေသင့်တယ်”
တောင်တန်းသခင်အိုကြီးက မြေပေါ်တွင် ထိုင်လိုက်ပြီး သူ့ကိုယ်သူ သေချာသန့်ရှင်းရေး လုပ်နေခဲ့သည်။ သူ့မျက်နှာပေါ်တွင် အေးက်သော အပြုံးတစ်ခုပေါ်လာပြီး ပြောလိုက်၏။
“စကားမစပ် ငါ ပြောဖို့မေ့နေတာ။ သူ့မှာ အရှိန်နဲ့ အစွမ်းထက်တဲ့ ခန္ဓာကိုယ်ရှိတဲ့အပြင် ဒီမြွေက လွန်ခဲ့တဲ့နှစ်ပေါင်း(၁၀၀)လောက်မှာ အလယ်ဘုံ(၅)ဆင့် တာအိုကျင့်ကြံသူတစ်ယောက်ကို ဝါးမြိုခဲ့ဖူးတယ်။ အဲဒီအချိန်မှာ သူက အနည်းဆုံး လျှို့ဝှက်စွမ်းရည်တစ်ခု၊ (၂)ခုလောက်တော့ သေချာပေါက်ရမယ် ထင်တာပဲ။ အဲဒီစွမ်းရည်တွေက အပေါ်ယံဆန်ပေမဲ့ သူကသာ အဲဒီအရာတွေကိုသုံးဖို့ ဆုံးဖြတ်လိုက်မယ်ဆိုရင် မင်းက အသက်ရှင်နိုင်ဖို့ ခက်မယ်…”
“မင်း အပြစ်တင်လို့ ရနိုင်တာကတော့ မင်းရဲ့ကံဆိုးမှုကြောင့်ပဲ။ တကယ်လို့ မင်းကသာ အဆင့်(၆) သိုင်းပညာရှင်တစ်ယောက်ဆိုရင် အဲဒီမြွေနှစ်ကောင်က မင်းကိုဝါးမြိုနိုင်လိမ့်မယ်။ ဒါပေမဲ့ သူတို့က ဆိုးဆိုးရွားရွား ဒဏ်ရာရမှာ ကြောက်တဲ့အတွက် မင်းနဲ့ သူသေကိုယ်သေ ထိပ်တိုက်ရင်ဆိုင်ကြမှာ မဟုတ်ဘူး။ တကယ်လို့ မင်းက အဆင့်(၇) သိုင်းပညာရှင်တစ်ယောက်ဆိုရင်တော့ သူတို့က မင်းနဲ့ဝေးဝေးနေလိမ့်မယ်။ မင်းက သွားစားပွဲတောင်ကနေ မြန်မြန်ထွက်သွားဖို့ သူတို့ရဲ့လိုဏ်ဂူထဲမှာ ကြောက်လန့်တကြား ဆုတောင်းနေကြလိမ့်မယ်…”
ထိုစကားကို ကြားသည့်အခါ ကျူးလုက အလွန်ကြောက်လန့်သွားခဲ့ပြီး သူမ၏မျက်လုံးထဲတွင် စိတ်ဓာတ်ကျမှုများ ပြည့်နှက်လာခဲ့သည်။
“စီနီယာအိုက်လျန်က ဘယ်မှာလဲ..”
လင်းရှို့ယီက တစ်ယောက်တည်း ရေရွတ်လိုက်သည်။
ရုတ်တရက်ဆိုသလို လီပေါင်ဖျင်က သူမ၏စာအုပ်များကို လှန်လျောရှာဖွေနေကြောင်း လီဟွိုင်က သတိထားမိခဲ့သည်။ သူမက လက်ထဲတွင် ကြွေပုလင်းလေးတစ်ခုကို ထုတ်လိုက်၏။ ထို့နောက် သူမက ချန်းပင်အန်းရှိရာကို အဝေးမှနေ၍ ခေါင်းညိတ်ပြလိုက်သည်။
သူကတော့ လီပေါင်ဖျင်နှင့် ဦးလေးငယ်တို့၏ နားလည်မှုအပေါ် အနည်းငယ် အားကျသွားမိခဲ့သည်။ သူ ဖတ်ခဲ့ဖူးသော စာအုပ်များထဲတွင်တော့ ထိုအရာက နှလုံးသားနှစ်ခု ဆက်သွယ်နေခြင်းဟု သတ်မှတ်နိုင်သည်။
တောင်တန်းသခင်အိုကြီး၏ စကားလုံးကို ကြားလိုက်ရသော်လည်း ကျူးဟယ်ကတော့ အနည်းငယ်လေးပင် ကြောက်လန့်သွားခြင်း မရှိချေ။ ထိုအစား သူ၏လက်ကောက်ဝတ်ကို လှုပ်ရှားပြီး အေးအေးဆေးဆေး ပြုံးလိုက်၏။
“တကယ်လို့ ငါက သေရမယ်ဆိုရင်တောင် သူ့ဆီမှာအစားခံရတာထက် သူနဲ့ သူသေကိုယ်သေ တိုက်ခိုက်ပြီး သေရတာက ပိုကောင်းသေးတယ်။ တကယ်လို့ ငါက မဖြစ်မနေ သေရမယ်ဆိုရင်တောင် ဘာလို့ ဒီမှော်သားရဲအတွက် ခြေနင်းကျောက်တုံး လုပ်ပေးရမှာလဲ။ ငါ သေသွားလို့ သူ နဂါးတစ်ကောင် ဖြစ်သွားမဲ့အဖြစ်မျိုး လက်မခံနိုင်ဘူး…”
အဆင့်(၅) သိုင်းပညာရှင် တစ်ယောက်ဖြစ်သည့်အတွက် ကျူးဟယ်က အလွန်ခိုင်မာသော စိတ်ဓာတ်တစ်ခုကို ပိုင်ဆိုင်ထားသည်။ သေခြင်းတရားနှင့် ရင်ဆိုင်ရသည့်အချိန်တွင်ပင် သူကတော့ ကြောက်လန့်နေခဲ့ခြင်း မရှိခဲ့ပေ။ သူ၏အငွေ့အသက်များက အထွဋ်အထိပ်ကို ရောက်ရှိလာခဲ့၏။
သူက သင့်တော်သော အခြေအနေတွင် ခန္ဓာကိုယ်ကို အမြင့်ဆုံးသို့ ပြောင်းလဲထားခဲ့ပြီး ထိုအရာများအားလုံက သူ့အတွက် နောက်ဆုံးရပ်တည်ချက်လည်း ဖြစ်သည်။
ရုတ်တရက် ဆိုသလို အနက်ရောင်မြွေကလည်း အေးအေးဆေးဆေး အမူအရာနှင့် စတင်လှုပ်ရှားလာခဲ့၏။ ကျူးဟယ်က သူ၏စွမ်းရည်အထွဋ်အထိပ်ကိုရောက်ပြီဖြစ်ကြောင်း သူလည်း သေချာသွားခဲ့သည်။
ထိုအချိန်တွင် သူ၏စိတ်ဝိညာဉ်နှင့် အာရုံခံစွမ်းရည်အားလုံးက သွေးကြောမှတ်များထဲတွင် စုစည်းလာခဲ့ပြီး သူ၏ချီစွမ်းအားနှင့် သွေးများကတော့ ခန္ဓာကိုယ်တစ်ခုလုံးတွင် လျင်မြန်စွာ လည်ပတ်လာခဲ့သည့်အတွက် ခူးယူရန် စောင့်နေသော သစ်သီးတစ်လုံးကဲ့သို့ ဖြစ်နေသည်။
အနက်ရောင်မြွေက ခေါင်းမော့ကြည့်လိုက်၏။ တချိန်တည်းတွင် ပါးစပ်ဟလိုက်ရာ လူငယ်တစ်ယောက်၏ လက်ကောက်ဝတ် အရွယ်အစားရှိသော အဖြူရောင်အစွယ်များကို တွေ့လိုက်ရသည်။
အဖြူရောင်မြွေနှင့် မတူဘဲသူ့ပါးစပ်ထဲမှ ထွက်လာသော အရည်များကတော့ ပို၍သန့်စင်နေခဲ့သည်။ သူ၏ပါးစပ်ပေါက်ကလည်း အဖြူရောင်ဖြစ်နေပြီး ပါးစပ်ထဲမှ ရေခဲစွမ်းအင်များ ထွက်ပေါ်လာနေခဲ့၏။
အဖြူရောင်နှင့် အနက်ရောင်ကြားထဲတွင် ရှိနေသော မီးပွားလေးများက အလွန်ကြီးကျယ်ခမ်းနားပြီး မြင့်မားသော စွမ်းအားတစ်ခုကို အတည်ပြုနေခဲ့သည်။ သူက ဆံပင်ဖရိုဖရဲဖြစ်နေသော အဘိုးအိုထက်ပင် တောင်တန်းသခင် တစ်ယောက်နှင့် ပို၍တူညီနေခဲ့၏။
အနက်ရောင်မြွေက နောက်တစ်ကြိမ် လှုပ်ရှားလိုက်ပြီး ယခုတစ်ကြိမ်တွင်တော့ ကျူးဟယ်ဆီကို ခေါင်းနှင့် အရင်ဆုံး ရောက်မလာတော့ပေ။ ထိုအစား ပါးစပ်ဟလိုက်ပြီး ကျူးဟယ်၏ ခေါင်းကို မြိုရန် ကြိုးစားလိုက်၏။
အမှန်အတိုင်း ပြောရလျှင်တော့ ထိုအရာက လှည့်စားလိုက်ခြင်းဖြစ်သည်။ သူက ကျူးဟယ်ဆီကို တိုးဝင်သွားသည့်အချိန်တွင် သူ၏ပါးစပ်ထဲမှနေ၍ အလွန်ဆိုးရွားသော မြူခိုးတိမ်တိုက်တစ်ခု ထွက်လာခဲ့သည်။ ထိုမြူခိုးများက မြားတစ်စင်းကဲ့သို့ မြေပြင်ဆီကို ကျရောက်လာခဲ့၏။
ကျူးဟယ်က ဘဝတလျှောက်လုံး လီကလန်တွင် ကြီးပြင်းခဲ့ရသည့်အတွက် တိုက်ပွဲ အတွေ့အကြုံများများ မရှိချေ။ သူ၏သိုင်းပညာ လေ့ကျင့်မှုခရီးလမ်းတွင် သူက လီကလန် မျိုးနွယ်ခေါင်းဆောင် တစ်ယောက်တည်းနှင့်သာ လက်ရည်စမ်းခဲ့ဖူးသည့်အတွက် ဤအရာက သူ့အတွက် ပထမဆုံးအကြိမ် သူသေကိုယ်သေ တိုက်ပွဲတစ်ခု ဖြစ်သည်။
သို့သော် အနက်ရောင်မြွေ၏ အလစ်ချောင်းတိုက်ခိုက်မှုကို ခံလိုက်ရပြီးနောက် ထိုမြွေက အလွန်ကောက်ကျစ်စဉ်းလဲပြီး ဉာဏ်များကြောင်း ကျူးဟယ်က သေချာသိနေခဲ့သည်။ သူက ချက်ချင်းပင် ရှောင်တိမ်းလိုက်ပြီး တိုက်ခိုက်မှုကို ထိပ်တိုက်ရင်ဆိုင်ခဲ့ခြင်း မရှိချေ။
ထိုအချိန်တွင် မြေပြင်ပေါ်၌ အနက်ရောင်စွမ်းအင်များ ကျဆင်းလာပြီး မြေပြင်ကြီးက ပျက်စီးသွားခဲ့သည်။ ကြောက်စရာကောင်းသော လေလှိုင်းရောက်လာခဲ့သည့် အချိန်တွင် ကျူးဟယ်ကတော့ ထိုနေရာနှင့် ခြေလှမ်းပေါင်းများစွာအကွာကို ရွှေ့သွားပြီးသားဖြစ်သည်။
နောက်တစ်ကြိမ်မြွေက တိုက်ခိုက်လိုက်ပြန်သည်။ ထိုအရာကိုလည်း ကျူးဟယ်က ကြိုတင်တွေးထားပြီးသာ ဖြစ်၏။ သူက နောက်ဆုတ်ရမည့်အစား ရှေ့ကိုတည့်တည့်ပြေးဝင်သွားခဲ့ပြီး ထိုအနက်ရောင်မြွေ၏ဗိုက်ကို လက်သီးနှင့် ထိုးလိုက်သည်။
တုံ့ပြန်သည့်အနေနှင့် အနက်ရောင်မြွေက နောက်ဆုတ်သွားခဲ့ပြီး သူ၏ပါးစပ်ထဲမှနေ၍ ရေခဲမြူခိုးများကို တစ်ခုပြီးတစ်ခု ထုတ်လွှတ်လိုက်သည်။ ထိုအရာက ကျူးဟယ်ကို တိုက်ခိုက်မိခြင်း မရှိသော်လည်း သူ ရှေ့ဆက်တိုးလာမည့်အရှိန်ကိုနှေးကွေးသွားစေနိုင်သည်။
တချိန်တည်းတွင် သူ၏အမြှီးက တောင်ထိပ်ကို စတင်ရစ်ပတ်လိုက်ပြီး ကျူးဟယ်ကို အတွင်းထဲတွင် ထောင်ချောက်ဆင်ထားချင်ခဲ့သည်။ ထိုသို့ဆိုလျှင် သူက အနက်ရောင်မြွေနှင့် ထိပ်တိုက်ရင်ဆိုင်ရတော့မည်ဖြစ်၏။ အနက်ရောင်မြွေက အလွန်ရှည်လျားလွန်းလှသည့်အတွက် ကျူးဟယ်ကို နှစ်ပတ် ပတ်လိုက်သည်ကိုပင် အမြှီးကို ဆက်၍ မြှောက်နိုင်သေးသည်။ သူက ကျူးဟယ်ကို ချုပ်နှောင်မှုမှ ထွက်ပြေးမသွားစေရန် စောင့်ကြပ်နေသလို ထင်မှတ်ရ၏။
ကျူးဟယ်က လျင်မြန်စွာ တုံ့ပြန်လိုက်ပြီး ထိုအမြှီးစက်ဝိုင်းထဲမှ ရုန်းထွက်ရန် ကြိုးစားလိုက်သည်။ သို့သော် သူ လေထဲသို့ခုန်လိုက်သည့်အချိန်တွင် အနက်ရောင်မြွေအမြှီးက ကြောက်စရာကောင်းသည့်အရှိန်နှင့် ရောက်လာခဲ့၏။
ကျူးဟယ်က သူ့ခေါင်းကို လက်နှစ်ဖက်နှင့် ကာလိုက်ရသော်လည်း မြေပြင်ပေါ်သို့ အရှိန်ပြင်းစွာ ပြုတ်ကျသွားခဲ့သည်။ သူ၏ကိုယ်တွင်းအင်္ဂါများက ထိခိုက်မှုမရှိသေးသော်လည်း ချီစွမ်းအားများကတော့ ဆူပွက်နေသော ရေများကဲ့သို့ ဖြစ်လာခဲ့၏။ သူ့မျက်နှာကလည်း နီရဲနေခဲ့သည်။ သူက နောက်ထပ်ဒဏ်ရာမရစေရန် သူ၏စိတ်ဝိညာဉ်နှင့် အာရုံခံစွမ်းရည်များကို အရေပြားနှင့် အသွေးအသားများထဲသို့ ပို့ဆောင်ထားခဲ့ရ၏။
အနက်ရောင်မြွေ၏မျက်လုံးထဲတွင် ကြောက်စရာကောင်းသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ အကယ်၍ ထိုမတိုင်ခင် ကျူးဟယ်ကသာ (၇၀)ရာခိုင်နှုန်းခန့် ချက်ပြုတ်ပြီးသော အသားတစ်ခုဖြစ်မည်ဆိုလျှင် ယခုသူ့အခြေအနေက (၉၀)ရာခိုင်နှုန်းခန့် ဖြစ်နေပြီး ဝါးမြိုရန် အဆင်သင့်ဖြစ်နေသည်။
ထို့ကြောင့် အနက်ရောင်မြွေက နောက်ထပ်အချိန်ဆွဲနေခဲ့ခြင်း မရှိဘဲ ဧရာမပါးစပ်ကြီးကိုဟ၍ ကျူးဟယ်ဆီကို ဝင်သွားပြန်သည်။
ကျူးဟယ်က သူ့လက်သီးနှင့် တိုက်ခိုက်လိုက်ပြီး အနက်ရောင်မြွေ ပိတ်ဆို့ထားသော နယ်မြေထဲတွင် အလွန်သွက်လက်ဖြတ်လတ်စွာ လှုပ်ရှားနေခဲ့၏။ သူ့လက်ထဲမှနေ၍ စိမ်းပြာရောင်စွမ်းအင်များ ထွက်ပေါ်လာနေပြီး လက်သီးချက်တစ်ခုချင်းဆီတိုင်းက ကြမ်းတမ်းခက်ထန်သော လေလှိုင်းများ ထွက်ပေါ်လာစေခဲ့သည်။
ဆိုးရွားသော အခြေအနေကို ရောက်နေခဲ့သော်လည်း ကျူးဟယ်၏ မျက်လုံးများက အလွန်ထက်မြက်ပြီး ပြတ်သားနေခဲ့၏။ သူ၏စွမ်းအင်အနှစ်သာရနှင့် စိတ်ဝိညာဉ်စွမ်းအားများက အလွန်အမင်းကို များပြားလှသည်။
ထိုအရာကို မြင်သည့်အခါ တောင်တန်းသခင်အိုကြီးက အတော်လေး စိတ်ဝင်စားနေခဲ့၏။ သူက ထိုတိုက်ပွဲကို မမြင်ရသော်လည်း ဖြစ်ပျက်နေသည့် အရာများကိုတော့ အကြမ်းဖျင်း နားလည်နိုင်သည်။ ကျူးဟယ်က သိုင်းပညာရှင် တစ်ယောက်အဖြစ် ဆက်လက်တိုးတက်ရန် အလားအလာကောင်းများ ရှိနေသော်လည်း ဤနေရာတွင် သေဆုံးရတော့မည် ဖြစ်သည့်အတွက် အတော်လေး နှမြောစရာကောင်းသည်။
ရုတ်တရက်ဆိုသလို သူက အနားတွင် ရှိနေသော တစ်စုံတစ်ခုကြောင့် မတ်တပ်ရပ်လိုက်မိ၏။ သူက မြေပြင်ပေါ်မှ အစိမ်းရောင်ဝါးတုတ်ကို ကောက်လိုက်ပြီးနောက် ကျူးလုတို့ဆီကိုလှည့်၍ အော်ဟစ်လိုက်သည်။
“မင်းတို့ထဲက တစ်ယောက် ဒီကိုလာခဲ့။ မင်းတို့တွေက ကလေးတွေဆိုတော့ ဒါကိုလုပ်နိုင်မှာပဲ။ မင်းတို့ရဲ့ခြေထောက်နဲ့ ဒီ ‘ယွဲ့’ စကားလုံးကို နင်းချေလိုက်။ ဒါဆိုရင် ငါက ဒီအဆောင်ရဲ့ချုပ်နှောင်မှုကနေ လွတ်သွားလိမ့်မယ်။ ပြီးရင် ငါက သူ့ကို တိုက်ပွဲထဲမှာ ကူညီပေးနိုင်လိမ့်မယ်။ ငါတို့က အဲဒီမကောင်းဆိုးရွားတွေကို မသတ်နိုင်ပေမဲ့ အနည်းဆုံးတော့ သူ့ကိုလွတ်အောင် ကူညီပေးနိုင်တယ်။ မြန်မြန်လုပ်…”
အဘိုးအိုက စကားပြောနေရင်း ကျူးလုနှင့် တခြားသူများကို လှည့်ပတ်ကြည့်နေခဲ့သည်။
တောင်တန်းသခင်အိုကြီး ပြောသည့်စကားကို ကြားလိုက်ရသည့်အခါ လင်းရှို့ယီ၏ မျက်နှာပေါ်တွင် ခနဲ့သည့်အမူအရာတစ်ခု ပေါ်လာခဲ့သည်။ လီဟွိုင်က အားတင်းပြီး တောင်တန်းသခင် ညွှန်ကြားသည့်အတိုင်း လုပ်ဆောင်ရန် ပြင်ဆင်တော့မည့်အချိန်တွင် လီပေါင်ဖျင်က သူ့ကို ဆွဲထားလိုက်၏။
ထိုအရာကို မြင်သည့်အခါ တောင်တန်းသခင်အိုကြီးက အလွန်အံ့ဩသွားခဲ့သည်။ သူက စိတ်ဓာတ်ကျသည့် အမူအရာနှင့်ခြေဆောင့်ပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
“အရူးလေးတွေ …
အဲဒီမြွေက သူ့ကို သတ်သွားတာ မင်းတို့ မြင်ချင်လို့လား။ မင်းတို့အားလုံးရဲ့ ဦးနှောက်တွေကို ခွေးစားသွားပြီလား…”
နောက်ဆုံးတွင်တော့ ကျူးလုက ထပ်မံထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ချေ။ သူမက တောင်တန်းသခင်အိုကြီး၏ ညွှန်ကြားချက်အတိုင်း အဆောင်ရှိနေသော နေရာသို့ ပြေးသွားခဲ့သည်။
ထိုအခါ အဝေး၌ရှိနေသော ချန်းပင်အန်းက အလျင်အမြန် အော်ပြောလိုက်၏။
“မသွားနဲ့ ကျူးလု။ တကယ်လို့ နင်က သူ့ကို အကူအညီမပေးနိုင်ဘူးဆိုရင် သူလည်း ဒီမှာ ငါတို့နဲ့အတူ ပိတ်မိနေလိမ့်မယ်။ ဒါဆိုရင် သူက ငါတို့နဲ့အတူ တိုက်ခိုက်ပေးချင်စိတ် ရှိနိုင်သေးတယ်။ တကယ်လို့ နင် သူ့ကို ကူညီပေးလိုက်မယ်ဆိုရင်တော့ သူက ချက်ချင်း ထွက်ပြေးသွားမှာ..”
“သူက ပေါ်လာကတည်းက ငကြောက်တစ်ယောက်လို ဖြစ်နေတာကို မမြင်ဘူးလား။ ပြီးတော့ သူက အဲဒီမြွေနှစ်ကောင်နဲ့ မဟာမိတ်ဖွဲ့ထားတာ ဟုတ်မဟုတ် ငါတို့က သေချာမပြောနိုင်သေးဘူး။ စလာကတည်းက သူက ငါတို့ကို တချိန်လုံး ရပ်ကြည့်နေတာလေ။ ဒါပေမဲ့ နင်က အဲဒီလိုမျိုး တကယ်တွေးနေတယ်ဆိုရင် နင်က ဦးလေးကျူးကို ဘာမှကူညီပေးနိုင်မှာ မဟုတ်ဘူး…”
ကျူးလုက ချန်းပင်အန်း၏စကားကို နားထောင်ရန် ဆန္ဒမရှိချေ။ သူမက စိတ်တိုင်းကျ ဆုံးဖြတ်ပြီး ရှေ့ကိုဆက်၍ပြေးသွားခဲ့၏။
ချန်းပင်အန်းက ကျူးလုကို သတိပေးလိုက်သည့်ခဏတွင် သူလည်း တောင်တန်းသခင်အိုကြီးဆီသို့ ပြေးသွားခဲ့ပြီး သူ့အရှိန်က ကျူးလုထက် အနည်းငယ်လေးပင် နိမ့်ကျနေခဲ့ခြင်း မရှိချေ။ ကြိုမမြင်နိုင်သော အဖြစ်အပျက်များကို တားဆီရန်အတွက် သူက သူမကို တားဆီးရလိမ့်မည်ဖြစ်သည်။
ထိုအရာကို မြင်သည့်အခါ တောင်တန်းသခင်အိုကြီးက အနည်းငယ် မျက်မှောင်ကြုတ်လိုက်မိ၏။
အတောင်ပံတစ်ဖက် တိုက်ခိုက်ခံလိုက်ရပြီးနောက် ခဏကြာ နာကျင်နေခဲ့ပြီး မြွေဖြူက လျင်မြန်စွာ တည်ငြိမ်သွားခဲ့သည်။ သူက တိုက်ပွဲထဲတွင် ဆက်လက်တိုက်ခိုက်ရန် အစွမ်းမရှိတော့သလို ထင်မှတ်ရ၏။
သို့သော် ချန်းပင်အန်းက တောင်တန်းသခင်အိုကြီးဆီသို့ ပြေးသွားခဲ့ပြီး သူက မြွေဖြူ၏ဦးခေါင်းနှင့် မီတာအနည်းငယ်အခန့်အကွာကို ဖြတ်သွားရမည်ဖြစ်ကြောင်း မြင်လိုက်ရသည့်အခါ မြွေဖြူက ချက်ချင်းပင် ချန်းပင်အန်းကို ဝါးမြိုရန် ကြိုးစားလိုက်သည်။ သူ့ပုံစံက အစောပိုင်းတွင် အားနည်းစွာ လဲကျနေသောပုံစံနှင့် လုံးဝမတူတော့ပေ။
ချန်းပင်အန်းက ချက်ချင်း ရပ်လိုက်၏။
သူက မြွေဖြူ၏တိုက်ခိုက်မှုကို ရှောင်တိမ်းပြီး အော်ပြောလိုက်သည်။
“မြင်လား ကျူးလု။ ဒီမြွေကလည်း ဦးလေးကျူး ဖန်တီးထားတဲ့ ‘ယွဲ့’ စကားလုံးကို ဖျက်ဆီးစေချင်နေတယ်။ တကယ်လို့ နင်သာ ငါ့ကို သေချာမေးမယ်ဆိုရင် အဲဒီလူကလည်း ဒီမြွေနှစ်ကောင်နဲ့ ပူးပေါင်းနေဖို့ အခွင့်အရေး ရှိနိုင်တယ်…”
ချန်းပင်အန်း၏ မျက်လုံးကို မြွေဖြူ၏ခန္ဓာကိုယ်က ကာကွယ်ထားသည့်အတွက် ရှေ့တွင် ဖြစ်နေသည့်အရာများကို မမြင်ရပေ။ ထိုအချိန်တွင် မြွေဖြူကတော့ စိုးရိမ်ထိတ်လန့်နေသော မျက်လုံးများနှင့် ကျူးလုကို လှည့်ကြည့်လိုက်၏။ ထို့နောက် သူက ချန်းပင်အန်းကိုလျင်မြန်စွာ ပြန်လှည့်ကြည့်လိုက်သည်။
ထိုခဏတွင် ချန်းပင်အန်း၏ ရင်ထဲတွင်တော့ စိတ်ဓာတ်ကျမှုများ ပြည့်နှက်လာခဲ့၏။ ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်လာသည့် ရလဒ်အနေနှင့် သူ၏သွေးကြောမှတ်များထဲတွင် စီးဆင်းနေသော မီးနဂါးက နှေးကွေးသွားခဲ့ပြီး ပို၍ကြောက်လန့်လာခဲ့သည်။ သို့သော် ချန်းပင်အန်းကတော့ သူ့ရှေ့တွင် ရှိနေသော ပြောင်းလဲမှုများကို အာရုံစိုက်နေခဲ့၏။
လက်ရှိအချိန်တွင် ကျူးလု၏စိတ်က လုံးဝကို ရှုပ်ထွေးနေပြီး သူမ၏မျက်နှာပေါ်မှ မျက်ရည်များ စီးကျလာနေခဲ့၏။ သူမက ငိုရှိုက်နေရင်း ‘ယွဲ့’ ဟူသော စကားလုံးရှိရာကို ပြေးသွားခဲ့သည်။
“ငါက ငါ့အဖေကို ကယ်ရမယ်။ နင်တို့တွေက သူ့ကိုဂရုစိုက်မှာမှ မဟုတ်တာ။ သူက နင်တို့အဖေ မဟုတ်ဘူးလေ။ ဒါပေမဲ့ ငါကတော့ ငါ့အဖေကို ကယ်မှရမယ်…”
‘ယွဲ့’စကားလုံးပေါ်တွင် ရှိနေသော အဝါရောင်ပြာမှုန့်လေးများက ရွှံ့များအဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျူးလု၏နင်းချေမှုကြောင့် ‘ယွဲ့’ဟူသောစကားလုံးကလည်း လျင်မြန်စွာ ပြားသွားခဲ့သည်။
တောင်တန်းသခင်အိုကြီးက ကျူးလု၏ခြေထောက်ကို စူးစူးနစ်နစ်စိုက်ကြည့်နေခဲ့ပြီး တခဏအတွင်း သူ၏မျက်နှာပေါ်တွင် ကြောက်မက်ဖွယ်ရာ အပြုံးတစ်ခု ပေါ်လာခဲ့သည်။ ထို့နောက် သူက ခေါင်းမော့လာပြီး စိုးရိမ်ထိတ်လန့်နေသည့် ကျူးလုကိုကြည့်၍ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်သည်။
ထိုအချိန်တွင် သူ့လက်ထဲ၌ ကိုင်ထားသော ဝါးတုတ်ဆီမှ အစိမ်းရောင် အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။ အစိမ်းရောင်အလင်းတန်းက သူ့ခန္ဓာကိုယ်တစ်ခုလုံးကို သန့်စင်သွားခဲ့သည့်အတွက် သူ၏မျက်နှာက လျင်မြန်စွာ ပြောင်းလဲလာ၍ အပြုံးနှင့် ခေါင်းညိတ်လိုက်မိသည်။
“တကယ့်ကို သမီးကောင်းလေးပါလား…”
ထို့နောက် အဘိုးအိုက လျင်မြန်စွာ အရပ်ရှည်လာပြီး သူ၏ရုပ်ရည်ကလည်း ပို၍ငယ်ရွယ်နုပျိုလာခဲ့သည်။ သူ၏အရိုးအဆစ် ကြွက်သားများကလည်း စတင်ရှည်ထွက်လာခဲ့၏။ သိပ်မကြာခင် သူက သက်လတ်ပိုင်းအရွယ် လူတစ်ယောက် ပုံစံပြောင်းလဲသွားခဲ့ပြီး ကောင်းကင်ပေါ်ကို ဝမ်းသာအားရကြည့်နေမိခဲ့သည်။
ရုပ်ရည်ပြောင်းလဲသွားသည့်အတွက် အလွန်ချောမောခန့်ညားလာသော တောင်တန်းသခင်က မြွေဖြူကို အပြုံးနှင့် ပြောလိုက်၏။
“ငါတို့ရဲ့သဘောတူညီမှုအရ ငါက အဲဒီငကြောက်ဓားသမားတွေကို ဖြေရှင်းမယ်။ တခြားသူတွေကိုတော့ မင်းတို့ကြိုက်သလို လုပ်နိုင်တယ်။ ဒါပေမဲ့ ငါတို့က လွန်ခဲ့တဲ့ ရာစုနှစ်တွေအတောအတွင်း အတူတူယှဉ်တွဲပြီး မနေနိုင်ခဲ့ဘူး။ စိတ်မပူပါနဲ့.. ငါက တောင်တန်းနတ်ဘုရားဖြစ်သွားရင် မင်းကို တောင်တန်းသခင်အဖြစ် ရာထူးတိုးပေးမယ်။ ပြီးတော့ ငါက မင်းရဲ့အဖော်ကိုလည်း ပင်လယ်ထဲသွားတဲ့ ခရီးလမ်းမှာ အကူအညီတွေရအောင် ကူညီပေးမယ်။ ငါတို့သာ ပူးပေါင်းလိုက်မယ်ဆိုရင် အရာအားလုံးက အဆင်ပြေမှာပဲ…”
မြွေဖြူဆီသို့ သူ၏သဘောထားကို ပြောပြလိုက်ပြီးနောက် တောင်တန်းသခင်က အံ့ဩမှင်တက်နေသော ကျူးလုကို အပြုံးနှင့်ပြောလိုက်သည်။
“သေချာစဉ်းစားကြည့်လိုက်ရင် ငါက မင်းအဖေကို ကျေးဇူးတင်ရမှာပဲ။ ပုံမှန်ဆိုရင် အများဆုံး ငါက တာ့လီအင်ပါယာ တာဝန်ပေးထားတဲ့ တောင်တန်းနဲ့ မြစ်နတ်ဘုရားတာဝန်မှာ တောင်တန်းသခင် အဆင့်အတန်းကိုပဲ ပြန်ရနိုင်မှာ။ ဒါပေမဲ့ မင်းအဖေက တောင်(၃)တောင် အရှင်သခင်(၉)ယောက်ရဲ့နာမည်ကို ထုတ်ဖော်ခဲ့တယ်။ အဲဒါက ငါတောင် တော်တော်လေး ထိတ်လန့်သွားခဲ့တယ်။ အထူးသဖြင့် သူက ငါ့ကို အဲဒီအင်မော်တယ်တွေ ဖယ်ရှားလိုက်တဲ့ တောင်တန်းသခင်ဆိုတဲ့ ဂုဏ်ပုဒ်ကိုတောင် ပြန်ရအောင် ကူညီပေးနိုင်ခဲ့တယ်။ အမှန်အတိုင်း ပြောရရင်တော့ သူသာ ‘ယွဲ့’ ဆိုတဲ့စကားလုံးအစား ‘ယု’ ဆိုတဲ့စကားလုံးကို ပုံသွင်းလိုက်မယ်ဆိုရင် ငါက တာ့လီအင်ပါယာတောင် တာဝန်ပေးစရာ မလိုဘဲ သွားစားပွဲတောင်ရဲ့ တောင်တန်းနတ်ဘုရားဖြစ်လာမှာ..”
တောင်တန်းသခင်က ရှေ့နောက်သွားလာနေရင်း အလွန်ဝမ်းသာနေခဲ့သည်။ သူက လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်၏။
“ဒါလည်း အဆင်ပြေပါတယ်။ ငါက လက်ရှိရနေတဲ့အရာတွေအတွက် အရမ်းကို ကျေနပ်နေပြီ။ မင်းအဖေက လူကောင်းတစ်ယောက်ပဲ။ မင်းလည်းအ တူတူပဲ။ မင်းတို့နှစ်ယောက်လုံးက ငါ့အတွက် ကျေးဇူးရှင်တွေပဲ။ ငါက မင်းတို့ရဲ့ ကျေးဇူးတရားကို ပြန်မဆပ်နိုင်တာတော့ နှမြောဖို့ကောင်းတယ်…”
ကျူးလု၏မျက်နှာလေးက ဖြူဖပ်ဖြူရော်ဖြစ်သွားခဲ့သည်။ သူမ၏နှုတ်ခမ်းကလည်း တုန်ရီနေပြီး အကြိမ်ပေါင်းများစွာ တီးတိုးရေရွတ်နေသည်။
“ရှင် ကျွန်မကို လိမ်တယ်။ ရှင် ကျွန်မကိုလိမ်တာ…”
တောင်တန်းသခင်က မြွေဖြူကိုကြည့်ပြီး ဆက်ပြောလိုက်သည်။
“မင်းရဲ့အတောင်ပံက ဒီလောက် ဆိုးဆိုးရွားရွား ထိခိုက်သွားရလိမ့်မယ်လို့ ငါတို့တွေ တစ်ယောက်မှ ထင်မထားဘူး။ အခု ငါ့မှာလည်း မင်းကိုပေးစရာ ဘာမှမရှိဘူး။ မင်းတို့နှစ်ယောက်က သွားစားပွဲတောင်ရဲ့ ကီလိုမီတာ (၁၀၀)အတွင်းရှိတဲ့ အဖိုးတန်အရင်းအမြစ်တွေအားလုံးကိုယူပြီးသွားပြီ။ ငါ့မှာ ဘာမှမကျန်တော့ဘူး။ ဒီအခြေအနေက တော်တော်လေးကို ရယ်စရာကောင်းတယ်…”
မြွေဖြူက ရိုရိုသေသေ ခေါင်းညိတ်ပြလိုက်ပြီ သူမ၏ဦးခေါင်းကို ဘယ်မှညာသို့ ညင်သာစွာ လှုပ်ရှားနေခဲ့သည်။ တောင်တန်းသခင်က သူ၏ဝါးတုတ်ကို ဝှေ့ယမ်းပြီး ပြောလိုက်၏။
“ငါက နှစ်ပေါင်းများစွာ မင်းတို့စုဆောင်းထားတဲ့ အမှိုက်တွေကို စိတ်မဝင်စားဘူး။ ဒီတော့ ငါတို့ရဲ့ကွဲပြားမှုတွေအားလုံးကို ဖယ်ထားလိုက်ပြီး ပြီးခဲ့တာတွေအားလုံး ပြီးပါစေတော့…”
ထို့နောက် သူက ပတ်ပတ်လည်ကို စစ်ဆေးကြည့်ပြီး မေးလိုက်သည်။
“ဒါနဲ့ အိုက်လျန်လို့ခေါ်တဲ့လူက ဘယ်မှာလဲ။ သူက တောင်ကို ဦးမညွှတ်တဲ့အပြင် ငါ့ရဲ့ပလ္လင်ပေါ်မှာလည်း ထိုင်ရဲသေးတယ်။ သူက ‘ယု’ ဆိုတဲ့စကားလုံးကနေ ‘ယွဲ့’ ဆိုတဲ့စကားလုံးကိုတောင် အဆင့်နှိမ့်ဖို့ အကြံပေးခဲ့သေးတယ်…”
ရုတ်တရက်ဆိုသလို ဝမ်းသာနေသော တောင်တန်းသခင်၏ မျက်နှာက ရှုံ့မဲ့သွားခဲ့ပြီး သူ့ရင်ဘတ်မှ ဖောက်ထွက်လာသော သာမန်ဝါးဓားလေးကို ငုံ့ကြည့်နေမိသည်။
ထိုအချိန်တွင် ဝါးဦးထုပ်ဆောင်းထားသော လူတစ်ယောက်က သူ့နောက်တွင် ရပ်နေ၏။ ထိုလူက ဝါးဓားမောက်၏ လက်ကိုင်ကို လွှတ်ပေးလိုက်ပြီးနောက် တောင်တန်းသခင်၏ ပုခုံးကိုပုတ်ပြီး မေးလိုက်သည်။
“မင်းက ငါ့ကို ခေါ်တာလား…”
Translated by Hein Htet