← Chapters

အခန်း (၁၀၂)

Vol. 7 Ch. 102

အခန်း (၁၀၂)

Vol. 7 Ch. 102

ဝါးဓားမောက်၏ လက်ကိုင်ကို လွှတ်လိုက်ပြီးနောက် အိုက်လျန်က တောင်တန်းသခင်၏ ပုခုံးကို ပုတ်လိုက်သည်။

တောင်တန်းသခင်က အသက်ချမ်းသာရသွားသော်လည်း အနည်းငယ်လေးပင် စိတ်သက်သာရာ ရသွားခဲ့ခြင်း မရှိချေ။ ထိုအစား သူက တဖြည်းဖြည်း ပို၍ကြောက်လန့်ပြီး မသက်မသာ ခံစားလာရ၏။ မျက်နှာပေါ်တွင် ရှိနေသော ဝမ်းသာနေသည့် အမူအရာများကလည်း လုံးဝကို ပျောက်ကွယ်သွားခဲ့ရသည်။

သူက‌ နေရာတွင် ငြိမ်သက်စွာ ရပ်နေပြီး အနည်းငယ်လေးပင် လှုပ်ရှားရဲခြင်း မရှိချေ။ သူက ထိတ်လန့်‌တုန်လှုပ်နေသော အသံနှင့် ပြောလိုက်၏။

“ကျွန်တော် တောင်းပန်ပါတယ် စီနီယာ။ ဒါတွေအားလုံးက အထင်လွဲမှားမှုကြီး တစ်ခုပါပဲ…”

အိုက်လျန်က မည်သူဖြစ်ကြောင်း သူ မသိသော်လည်း သူကိုယ်တိုင်ပင် သတိမထားမိဘဲ သူ့အနားတွင် ပေါ်လာနိုင်သည်။ ထို့နောက် သာမန်သာ ‌ဖြစ်သော ဝါးဓားမောက်လေးတစ်ချောင်းက သူ့ရင်ဘတ်ကို ဖောက်ဝင်သွားသည့်အတွက် ထိုလူက သူ ယှဉ်နိုင်သော လူတစ်ယောက် မဟုတ်ကြောင်း တောင်တန်းသခင်က အလွယ်တကူ သိနေခဲ့သည်။

သူက သွားစားပွဲတောင်၏ တောင်တန်းနတ်ဘုရား ဖြစ်လာမှသာ ထိုလူကို ထိပ်တိုက်ရင်ဆိုင်ရဲရန် သတ္တိရှိပါလိမ့်မည်။ ထို့ကြောင့် သူက အတော်လေးကို ခက်ခက်ခဲခဲ ကြုံတွေ့နေရ၏။ သူက သူ၏ကံတရားကို လက်ခံပြီး အဆင့်‌မြင့်သော ပြိုင်ဘက်တစ်‌ယောက်ကို ရိုးရိုးရှင်းရှင်း အညံ့ခံလိုက်သည်။ မဟုတ်လျှင် သူက အားမွေးပြီး ပြန်လည်တိုက်ခိုက်သင့်မည်လော။

တခဏအတွင်း အိုက်လျန်က ဝါးဓားမောက်၏ လက်ကိုင်ကို လွှတ်ပေးလိုက်သည်။ ထိုဓားသွားက တောင်တန်းသခင်ကို အန္တရာယ်မပေးနိုင်ပေ။ သူက တောင်တန်းသခင်‌တစ်ယောက်သာဖြစ်ပြီး သာမန်တိုင်းပြည်တစ်ခုထဲတွင်ပင် တရားဝင်အဆင့်တစ်ခု မရှိသေးပေ။ သို့သော် သူက နတ်တစ်ပါး ဖြစ်နေသေး၏။

သူ ရရှိထားသော ကိုးကွယ်ယုံကြည်မှုများ၏ ကျေးဇူးကြောင့် သူ့ခန္ဓာကိုယ်က အဆင့်(၇) သိုင်းပညာရှင်တစ်ယောက်ကို ယှဉ်နိုင်ပြီး သူ့ခန္ဓာကိုယ်၏ သေစေနိုင်လောက်သော နေရာများကို မထိသရွေ့ မည်သည့်ပြဿနာမျှ မရှိချေ။ ထို့ကြောင့် ဓားသွားက သူ့ရင်ဘတ်ကို ဖောက်ဝင်သွားသော်လည်း သူက ထိခိုက်မှု မရှိသေးပေ။

သို့သော် အိုက်လျန်၏ပုံစံက အေးအေးဆေးဆေး ဖြစ်‌နေလေလေ‌ တောင်တန်းသခင်က ပို၍မသက်မသာ ခံစားရလေလေ ဖြစ်‌သည်။ ထိုကဲ့သို့သော အကြောက်တရားနှင့် မသက်မသာ ခံစားရမှုများက လွန်ခဲ့သော နှစ်ပေါင်းများစွာခန့်တွင် မြေအင်မော်တယ်နှစ်ယောက် လာရောက်ခဲ့သော အခြေအနေကဲ့သို့ ခံစားနေမိခဲ့သည်။

သူတို့ကတော့ ခန့်မှန်းမရနိုင်သော အစွမ်းမျိုးနှင့် သူ၏နတ်ဘုရား ခန္ဓာကိုယ်ကို ဖျက်ဆီးခဲ့၏။ သူတို့က အေးအေးဆေးဆေး လုပ်ဆောင်ခဲ့ခြင်းဖြစ်သော်လည်း သူတို့၏ ကစားပွဲအတောအတွင်း လုပ်ဆောင်ခဲ့သော လုပ်ရပ်တစ်ခုချင်းဆီတိုင်းက အာရုံစိုက်သည်ထက် ပိုနေခဲ့သည်။

တောင်တန်းသခင်၏ ရင်ဘတ်ကို ဓားနှင့် ထိုးလိုက်ပြီးနောက် အိုက်လျန်က ပျင်းတိပျင်းရွဲ့အမူအရာ ပြန်ပြောင်းသွားခဲ့ပြီး ခါးတွင် ချိတ်ထားသော အရက်ဘူးကိုယူ၍ ညှင်သာစွာလှုပ်ရှားနေခဲ့သည်။ လေထဲတွင် မွှေးပျံ့သော အရက်ရနံ့များ‌ထွက်ပေါ်လာနေခဲ့၏။

အရက်တစ်ငုံ သောက်လိုက်ပြီးနောက် အိုက်လျန်က ချောမောခန့်ညားသော တောင်ထိပ်သခင်၏အနားတွင် အေးအေးဆေးဆေး လမ်းလျှောက်နေရင်း စဉ်းစားနေခဲ့သည်။

“မင်းရဲ့သရုပ်ဆောင်စွမ်းရည်က တော်တော်လေး ကောင်းတာပဲ။ အဲဒီမြွေဖြူရဲ့ သရုပ်ဆောင်စွမ်းရည်‌ကလည်း တော်တော်ကောင်းတယ်။ မင်းနဲ့ အဲဒီမြွေနှစ်ကောင်က တသားတည်း ဖြစ်နေတယ်။ ဒါပေမဲ့ မင်းတို့ရဲ့ အစစ်အမှန် ပေါ်လာပြီး မင်းတို့က နိုင်သွားပြီလို့ တွေးပြီး ဝမ်းသာနေတဲ့အချိန်ကို ငါ‌က စောင့်နေတာ။ ဒါက ပိုပြီးတော့ ပျော်စရာကောင်းတယ်လေ…”

ထိုအချိန်တွင် အသိဉာဏ်ရှိ‌ပြီး လူသားများ၏ ခံစားချက်မျိုး ရှိနေသော ဧရာမမြွေစုံတွဲက အိုက်လျန် ပေါ်လာသည်နှင့် တပြိုင်နက် ချက်ချင်းပင် နောက်ပြန်ဆုတ်သွားကြ၏။

အနက်ရောင်မြွေက သူ့ခန္ဓာကိုယ်ကြီးကို လျှောတိုက်ပြီး ကွင်းပြင်ကြီး၏ တစ်ဖက်သို့ နောက်ပြန်ဆုတ်သွားခဲ့သည်။ မြွေဖြူကလည်း နောက်ပြန်လျှောထိုးသွားခဲ့ပြီး ကမ်းပါးအစွန်တွင် တိတ်တဆိတ် ရပ်နေခဲ့၏။ ထို့နောက် ယဉ်ပါးသော အကောင်တစ်ကောင်ကဲ့သို့ ခေါင်းငုံ့ပြီး ရပ်နေကြသည်။

ယခုတစ်ကြိမ်တွင်တော့ သူတို့က လုံးဝမလှုပ်ရှားရဲတော့ပေ။ အကြောက်တရားများကြောင့် သူ၏ခန္ဓာကိုယ်ပေါ်တွင် ရှိနေသော အကြေးခွံများအားလုံးကပင် အနည်းငယ် တုန်လှုပ်နေခဲ့၏။ အမှန်အတိုင်း ပြောရလျှင် သူတို့က အိုက်လျန်ကို မော့ပင်မကြည့်ရဲပေ။ အိုက်လျန်က ဝါးဓားတိုက်ခိုက်မှု တစ်ခုတည်းနှင့်ပင် ထိုတိုက်ပွဲကို အဆုံးသတ်နိုင်ခဲ့၏။

အိုက်လျန်၏စနောက်မှုကို ကြားသည့်အခါ ငယ်ရွယ်သော တောင်တန်းသခင်၏ မျက်နှာပေါ်တွင် အိုးတို့အန်းတမ်း အမူအရာတစ်ခု ပေါ်လာခဲ့သည်။

“အဲဒီလို မပြောပါနဲ့ စီနီယာအိုက်လျန်….”

“ငါက စနောက်နေတယ်လို့ မင်း ထင်နေတာလား…

အိုက်လျန်၏ မျက်နှာပေါ်တွင် ရှိနေသော အပြုံးက ပျောက်ကွယ်သွားပြီး မေးလိုက်သည်။

ထိုအချိန်တွင် တောင်တန်းသခင်၏ရင်ထဲ၌ ဆိုးရွားသည့်ခံစားမှုတစ်ခု ပေါ်လာခဲ့သည်။ သူ့စိတ်ထဲတွင်တော့ အိုက်လျန်က ခံစားချက် အလွယ်တကူ ပြောင်းလဲတတ်သော လူတစ်ယောက် ဖြစ်သည့်အတွက် အိုက်လျန်က သူ့ကို ရုတ်တရက် သတ်ပစ်ရန် ဆုံးဖြတ်လိုက်မည်ကို ကြောက်ပြီး အလျင်အမြန် ထွက်ပြေးသွားခဲ့သည်။

တောင်တန်းသခင်တစ်ယောက်၏ လျှို့ဝှက်ဆန်းကြယ်သော စွမ်းရည်ကို အသုံးချလိုက်ရာ သူ့ခန္ဓာကိုယ်က ရွှံ့အဖြစ်ပြောင်းလဲသွားခဲ့သည်။ သူ့ခြေထောက်အောက်တွင် ရှိနေသော မြေကြီးများကလည်း အရည်ပျော်ကျသွားခဲ့၏။ မျက်စိတမှိတ်အတွင်း တောင်တန်းသခင်က မျက်လုံးထဲမှ ပျောက်ကွယ်သွားခဲ့ပြီး ရွှံ့ကဲ့သို့ မြေသားများကလည်း သာမန်ပြန်ဖြစ်သွားသည်။

တောင်တန်းသခင်၏ ခန္ဓာကိုယ်မရှိတော့သည့်အချိန်တွင် ဝါးဓားမောက်ကလည်း လေထဲမှ ပြုတ်ကျလာခဲ့၏။ အိုက်လျန်က သူ့ဓားကို ဖမ်းထားလိုက်ပြီးနောက် မျက်လုံးပြူး အံ့ဩမှင်တက်နေသော အမူအရာနှင့် သူ့ကို စိုက်ကြည့်နေသည့် ကလေး(၃)ယောက်ကို ပြန်လှည့်ကြည့်လိုက်သည်။

အိုက်လျန်က ရင်ကော့ပြီး သူ့ဓားကို ဓားအိမ်ထဲသို့ ပြန်သိမ်းရမည့်အစား မြေပြင်ပေါ်သို့ ဖိစိုက်ချလိုက်သည်။ သူက ကောင်းကင်ကြီးပေါ်ကို မော့ကြည့်ပြီး ပြောလိုက်၏။

“ငါ့ကို ချီးကျူးကြစမ်း။ ငါ့ကို အစွမ်းကုန် ချီးကျူးလိုက်စမ်းပါ။ ငါ့မှာ ထူးခြားတဲ့ အမူအကျင့်နှစ်ခု ရှိတယ်။ ပထမတစ်ခုကတော့ အပြစ်တင်တာကို လက်ခံနိုင်တဲ့ အရည်အချင်းပဲ။ တကယ်လို့ မင်းတို့က ငါ့ကိုအပြစ်တင်မယ်ဆိုရင် ငါက မင်းတို့ကို သေအောင် ရိုက်မယ်။ ဒုတိယတစ်ချက်ကတော့ ချီးကျူးမှုကို လက်ခံနိုင်တဲ့စွမ်းရည်ပဲ။ မင်းတို့တွေက လှောင်ပြောင်တာပဲဖြစ်ဖြစ် အထင်သေးတာပဲဖြစ်ဖြစ် ငါ ဂရုမစိုက်ဘူး..”

ကလေးများထဲတွင် လီဟွိုင်က အရင်ဆုံး စကားပြောလိုက်သည်။ သူက အိုက်လျန်၏ဘေးသို့ လျှောက်သွာပြီး သူ့ကို ခြေဆုံးခေါင်းဆုံးကြည့်၍ မေးလိုက်၏။

“ခင်ဗျားက ဘာလို့နောက်ကျမှ ဒီနေရာကို ရောက်လာရတာလဲ။ ခင်ဗျားက ချီးသွားပါနေတာလား။ ခင်ဗျားလို ငပျင်းတွေက အပါးခိုဖို့အတွက် အိမ်သာထဲမှာပဲ အမြဲတမ်း ထိုင်နေတတ်တာ။ တကယ်လို့ ခင်ဗျားကသာ နောက်ကျပြီး ရောက်လာခဲ့မယ်ဆိုရင် ခင်ဗျားနဲ့ စကားပြောဖို့ လူတစ်ယောက်မှတောင် ကျန်မှာ မဟုတ်တော့ဘူး။ တကယ်လို့ တစ်ခုခုဖြစ်သွားရင် ခင်ဗျား ကျွန်တော့်ကို လွမ်းနေမှာလား…”

အိုက်လျန်က အလွန်တည်ငြိမ်သော အမူအရာကို ထိန်းသိမ်းထားရန် အကောင်းဆုံး ကြိုးစားနေခဲ့သည်။ သို့သော် လီဟွိုင်ကြောင့် သူ၏ကြိုးစားမှု‌များက ပျက်စီးသွားသလိုထင်မှတ်ရ၏။

သူ့မျက်နှာပေါ်တွင် ဒေါသထွက်နေသော အမူအရာတစ်ခုပေါ်လာပြီး ပြန်ပြောလိုက်သည်။

“ငါက မင်းအမေနဲ့ မင်းအစ်မကိုတော့ လွမ်းချင်လွမ်းလိမ့်မယ်။ မင်းလို ကျေးဇူးမသိတတ်တဲ့ကောင်ကိုတော့ လွမ်းမှာမဟုတ်ဘူး…”

ပထမဆုံးအကြိမ်အဖြစ် လီဟွိုင်က အိုက်လျန်ကို ပြန်မပြောခဲ့ပေ။ ထိုအစား သူက ခေါင်းငုံ့ပြီး မျက်နှာပျက်သွားခဲ့၏။

အိုက်လျန်က သက်ပြင်းချလိုက်ပြီး ‌လီဟွိုင်၏ခေါင်းကိုပုတ်၍ ပြောလိုက်သည်။

“မင်းက အသက်ရှင်နေသေးတယ် မဟုတ်လား။ ဘာလို့မျက်နှာပျက်နေရသေးတာလဲ။ ဝမ်းသာလိုက်စမ်းပါ…”

လီဟွိုင်က ချက်ချင်းပင် ခေါင်းမော့ပြီး အပြုံးနှင့် မေးလိုက်၏။

“အိုက်လျန် …

ကျွန်တော့်ကို သိုင်းပညာသင်ပေးလို့ရနိုင်မလား…”

“မင်းက အခက်အခဲတွေကို ခံနိုင်ရည်ရှိလို့လား…”

အိုက်လျန်က အပြုံးနှင့် မေးလိုက်၏။

“သေချာပေါက် မရှိဘူးပေါ့…”

လီဟွိုင်က လေးလေးနက်နက် ခေါင်းခါပြီး ပြောလိုက်သည်။

“ကျွန်တော် အလွယ်တကူ နားလည်နိုင်ပြီး ပြိုင်ဘက်ကင်းဖြစ်နိုင်တဲ့ နည်းလမ်းမျိုး မရှိဘူးလား…”

“မင်းက ဘယ်လိုတွေးမိလို့လဲ…”

အိုက်လျန်က မကျေမနပ် အမူအယာနှင့် ပြန်မေးလိုက်သည်။

အိုက်လျန်က အထင်သေးနေသော်လည်း လီဟွိုင်ကနှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။

“ခင်ဗျားက စိတ်ပျက်စရာပဲ အိုက်လျန်။ ကျွန်တော်က အဲဒီထက်ပိုပြီး‌တော့ မျှော်လင့်ထားတာ….”

လီပေါင်ဖျင်က အိုက်လျန်ကို ပြုံးပြလိုက်ပြီး နောက်ကျောတွင် စာအုပ်သေတ္တာကို လွယ်၍ ချန်းပင်အန်းဆီသို့ ပြေးသွားခဲ့သည်။

ထိုအချိန်တွင် လင်းရှို့ယီကတော့ တည်ငြိမ်သော အမူအရာနှင့် အိုက်လျန်ဆီကို လျှောက်လာခဲ့၏။ သို့သော် သူကတော့ မေးခွန်းတစ်ခုမျှမမေးခဲ့ချေ။ အိုက်လျန်က ထိုကောင်လေးကို ခေါင်းညိတ်ပြလိုက်ပြီး သူ့ကို သီးသန့်စကားပြောရန် အချက်ပြလိုက်သည်။

ကျူးဟယ်က တင်ပျဉ်ခွေထိုင်နေပြီး သူ့ခန္ဓာကိုယ်တစ်ခုလုံးတွင် သွေးများ ပေပွနေခဲ့၏။ ထို့ကြောင့် သူ့ပုံစံက အလွန်ကြောက်စရာကောင်းနေသော်လည်း သူက အတွင်းဒဏ်ရာ ကြီးကြီးမားမား မရခဲ့ချေ။

သူက မျက်နှာပေါ်ရှိ သွေးများကို သုတ်လိုက်သည်။ သူက သေခါနီး အခြေအနေနှင့် ကြုံခဲ့ရသည်ကိုပင် ပြုံးနေပြီး သူ ခံစားရသည့်အရာထက် ပို၍ပျော်ရွှင်နေပုံရ၏။ တိုက်ခိုက်နေစဉ် အတောအတွင်း သူ့ရင်ထဲ၌ ရှိနေသော မကောင်းသည့် ခံစားချက်များအားလုံး ပျောက်ကွယ်သွားခဲ့ပြီး သူ၏စိတ်အခြေအနေက သက်တောင့်သက်သာရှိ၍ ကြည်လင်အေးချမ်းနေခဲ့သည်။

ကျူးလုက ကျူးဟယ်၏အနားသို့ လျင်မြန်စွာ ပြေးသွားခဲ့၏။ သူမကတော့ သူ့အနားတွင် ဒူးထောက်ပြီး မျက်ရည်များ စီးကျလာနေခဲ့သည်။

ကျူးဟယ်က သူမကို စိတ်အေးအေးထားရန် အချက်ပြလိုက်ပြီး ပြုံးပြလိုက်သည်။

“ကံဆိုးမှုတွေကို ကျော်လွှားနိုင်မယ်ဆိုရင် ကံကောင်းမှုတွေလည်း ပေါ်လာမယ်လို့ ပြောကြတယ ်မဟုတ်လား။ ဒါက အဖေ့အတွက်တော့ အရမ်းကိုကြီးမားတဲ့ ကံကောင်းမှုတစ်ခုပဲ။ အဖေက အဆင့်တက်ဖို့အတွက် အကူတစ်ခုရသွားပြီလို့ ခံစားခဲ့ရတယ်..”

“အဖေ့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ အဓိကသွေးကြောမှတ်တွေက နှစ်ပေါင်းများစွာ ပိတ်ဆို့နေခဲ့တာ။ ဒါပေမဲ့ သူတို့တွေက အသစ်တဖန် ပြန်လည်ရှင်သန်လာပြီ။ အဲဒါက ပြောင်းလဲမှုသေးသေးလေးပဲ ဆိုပေမဲ့ သိုင်ပညာတိုးတက်မှု အဆုံးသတ်သွားတဲ့ အဖေ့အတွက်တော့ ဒါက အရမ်းကိုကြီးမားတဲ့ကံကောင်းမှုကြီးတစ်ခုပဲ…”

ထိုစကားကိုကြားသည့်အခါ ကျူးလုက အံ့ဩသွားခဲ့သော်လည်း သူမ၏မျက်နှာပေါ်တွင် စိုးရိမ်နေသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။

“မြန်မြန်စကားမပြောနဲ့ဦး အဖေ။ အဖေရဲ့ဒဏ်ရာတွေ ပွင့်ထွက်လာလိမ့်မယ်…”

ကျူးဟယ်က ဒူးပေါ်သို့ လက်နှစ်ဖက် ထောက်လိုက်ပြီး ပို၍ပင် ကျေနပ်စွာ ပြုံးလိုက်မိသည်။ သူ၏ခန္ဓာကိုယ်ထဲတွင် စွမ်းအားများ ပြည့်နှက်နေသလို ထင်ရ၏။

“ဒီအသေးအဖွဲ့ ဒဏ်ရာတွေက ကိစ္မရှိပါဘူး။ တကယ်လို့ အဖေကသာ အဲဒီမြွေနဲ့ နောက်ထပ် (၁၅)မိနစ်လောက် တိုက်ခိုက်နိုင်မယ်ဆိုရင် အဆင့်(၆)ကိုတောင် ရောက်သွားနိုင်တယ်။ ဒါပေမဲ့ အရင်ဆုံးအဖေ မသေဖို့တော့လိုတာပေါ့…”

ကျူးဟယ်က အိုက်လျန်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။ ထို့နောက် သူက အိုက်လျန်ကို လက်မထောင်ပြီး ပြောလိုက်၏။

“စီနီယာအိုက်လျန်...

ကျွန်တော်တို့ဖယောင်းတိုင်နီမြို့ကိုရောက်ရင် စီနီယာအိုက်လျန်အတွက် နွေဦးဆီးသီးအရက်ဝယ်တိုက်မယ်…”

အိုက်လျန်က ကျူးဟယ်ကို နောက်ကျောပေးထားပြီး လက်ပြလိုက်၏။

“အကြီးကျယ်ဆုံး ကျေးဇူးတရားကို စကားလုံးနဲ့ ဖော်ပြလို့မရဘူးဆိုတဲ့ စကားပုံကို မကြားဖူးဘူးလား။ မင်းက ပြောတဲ့စကားကို‌ မှတ်မိနေမှရမယ်။ မင်းက ငါလုပ်ပေးခဲ့တဲ့ အရာတွေကိုလည်း မှတ်မိနေသင့်တယ်။ မင်းက အဲဒီအရာကို ပါးစပ်က ထုတ်ပြောလိုက်တဲ့အချိန်မှာ ကျေးဇူးတရားက‌တော့ နည်းနည်းလျော့သွားတာပေါ့..”

ချန်းပင်အန်းက လီပေါင်ဖျင်ပေးလိုက်သော ကြွေပုလင်းလေးကို ယူလိုက်သည်။ ထိုအရာက ယန်မိသားစုဆေးဆိုင်တွင် ရောင်းချသော ဆေးတစ်မျိုးဖြစ်ပြီး မျိုးရိုးစဉ်ဆက် လက်ဆင့်ကမ်းလာခဲ့သည့် လျှို့ဝှက်‌ဆေးအညွှန်းတစ်ခုလည်း ဖြစ်သည်။ ထိုဆေးတွင် အကျိုးသက်ရောက်မှုတစ်ခုတည်းသာ ဖြစ်ပြီး နာကျင်မှုကို သက်သာစေနိုင်၏။

ချန်းပင်အန်းက အင်မော်တယ်အုတ်ဂူတွင် မာခူရွှမ်နှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲအတွင်း ထိုဆေးကို တစ်ကြိမ် သုံးခဲ့ဖူးသည်။ အကယ်၍ အိုက်လျန်ကသာ အချိန်မီ ရောက်လာခဲ့ခြင်း မရှိလျှင် ထိုဆေးက သေချာပေါက် အသုံးဝင်လာနိုင်၏။ သို့သော် ယခုတော့ မလိုအပ်တော့ပေ။ ချန်းပင်အန်း၏ခန္ဓာကိုယ်တစ်ခုလုံးတွင် နာကျင်မှုများ ခံစားနေရ‌သော်လည်း ထိုနာကျင်မှုက ဤဆေးကို လိုအပ်လောက်သည်အထိ ပြင်းထန်နေခြင်း မရှိချေ။

အဘိုးကြီးယန်က သူ့ကို တစ်ကြိမ် ပြောခဲ့ဖူး၏။ ဆေးများအားလုံးက အတိုင်းအတာတစ်ခုထိ အဆိပ်ရှိကြပြီး တတ်နိုင်သမျှ ဆေးများကို အသုံးပြုရန် ရှောင်ရှားသည်မှာ အကောင်းဆုံးဖြစ်သည်။ အကယ်၍ သိုင်းပညာရှင်တစ်ယောက်သာ စဉ်းစားနေခြင်း မရှိဘဲ ဆေးရည်များ၊ ဆေးလုံးများကို သောက်သုံးနေမည်ဆိုလျှင် အချိန်ကြာလာသည်နှင့်အမျှ သူတို့၏အုတ်မြစ်ကို ဖျက်ဆီးပစ်သလို ဖြစ်ပါလိမ့်မည်။

ချန်းပင်အန်း၏မျက်နှာအမူအရာက အတော်လေးဖြူဖပ်ဖြူရော် ဖြစ်နေကြောင်းလီပေါင်ဖျင်က မြင်လိုက်ရ၏။ ထိုအချိန်တွင် တောတွင်းသုံးဓားကို ကိုင်ထားခဲ့သော လက်ကလည်း တချိန်လုံး တုန်ခါ‌နေကြောင်း မြင်လိုက်ရသည်။

“ငါ့ကိုမစိုးရိမ်ပါနဲ့။ ဒါက ကြီးကြီးမားမားဒဏ်ရာ မဟုတ်ပါဘူး…”

ချန်းပင်အန်းက သိမ်မွေ့ညင်သာစွာ ဖျောင်းဖျပြောဆိုလိုက်သည်။

“အမှန်အတိုင်းပြောရရင် ဒါက နောက်ပိုင်း ငါ့အတွက် အကျိုးရှိလာနိုင်တယ်လို့ အလိုလိုသိနေတယ်…”

လီပေါင်ဖျင်က ခေါင်းညိတ်ပြလိုက်၏။ ချန်းပင်အန်းက သူမကို လုံးဝမလိမ်ကြောင်း ပြောခဲ့ဖူးသည်။ ထို့ကြောင့် သူမက သူ၏စကားလုံးတိုင်းကို ပြည့်ပြည့်ဝဝ ယုံကြည်နေခဲ့၏။

အိုက်လျန်က ဧရာမမြွေစုံတွဲကို စိုက်ကြည့်လိုက်သည်။ ခဏကြာစဉ်းစားနေပြီးနောက် သူက ဓားမောက်၏ လက်ကိုင်ကို အနည်းငယ်အားစိုက်လိုက်ရာ ဓားထိပ်ဖျားက မြေကြီးထဲသို့ တစ်လက်မခန့် နစ်ဝင်သွားခဲ့သည်။

ထိုအချိန်တွင် တောင်တန်းသခင်ကတော့ တောင်အတွင်းပိုင်းထဲတွင် ရှိနေသော သူ၏လိုဏ်ဂူစံအိမ်ထဲသို့ ထိတ်လန့်တကြား ထွက်ပြေးသွားခဲ့သည်။ ရုတ်တရက်ဆိုသလို သူ့ခေါင်းပေါ်မှ လျှပ်စီးကြောင်းတစ်ခု တိုက်ခိုက်လိုက်သလို ခံစားလိုက်ရပြီး သွေးများ ဖြာထွက်လာခဲ့၏။

ထိုအရာကြောင့် သူ၏စိုးရိမ်ထိတ်လန့်မှုက ပို၍ဆိုးရွားလာခဲ့ပြီး သူက ခြေလှမ်းအနည်းငယ်ရွေ့ပြီး အပေါ်ကို မော့ကြည့်လိုက်ရာ အပေါ်မှနေ၍ အစိမ်းရောင် ဓားမောက်ထိပ်ဖျားလေးကို တွေ့လိုက်ရသည်။

ခဏကြာ‌ စဉ်းစားနေပြီးနောက် တောင်တန်းသခင်က အံကြိတ်ပြီး ဖနောင့်ပေါက်လိုက်သည်။ တခဏအတွင်း သူကမျှစ်စို့ကြီးတစ်ခုကဲ့သို့ ‌သွားစားပွဲတောင်၏ တောင်ထိပ်ပေါ်တွင် ပေါ်လာခဲ့၏။

သူက ဒဏ်ရာကို လက်တစ်ဖက်နှင့်ဖိပြီး အိုက်လျန်ကို ဆူပုတ်ပုတ်မျက်နှာနှင့် စိုက်ကြည့်နေခဲ့သည်။ အကယ်၍ အိုက်လျန်ကသာ သူ့ကိုချမ်းသာပေးမည်ဆိုလျှင် ဒူးထောက်တောင်းပန်ရမည်ဆိုလျှင်လည်း သူကတော့ လုပ်ဆောင်မည်ဖြစ်၏။

“ကျေးဇူးပြုပြီး ကျွန်တော့်ကို နောက်ထပ်အပြစ်မပေးပါနဲ့တော့ အင်မော်တယ်…”

တောင်တန်းသခင်က တောင်းပန်လိုက်သည်။

ကျူးလုကတော့ တောင်တန်းသခင် ပြန်ရောက်လာသည့်အတွက် အလွန်ကြောက်လန့်သွားခဲ့၏။ ဘာကြောင့်မှန်းမသိသော်လည်း သူမက ဒေါသတကြီး ပြေးလာပြီး အိုက်လျန်ကို အော်ပြောလိုက်သည်။

“သူတို့ကို သတ်ပစ်လိုက်…”

နီရဲနေသော ကျူးလု၏မျက်နှာကို အပြုံးနှင့် ပြန်လှည့်ကြည့်ပြီး အိုက်လျန်က ပြောလိုက်၏။

“ဘာလို့ ငါက သူတို့ကိုသတ်ရမှာလဲ။ ငါက သူတို့နဲ့ ဘာပြဿနာမှမရှိဘူးလေ…”

ကျူးလု၏ မျက်နှာလေးကတော့ ဒေါသနှင့် မကျေနပ်မှု‌များကြောင့် ပို၍ရှုပ်ထွေးနေခဲ့သည်။ သူမက အိုက်လျန်ကို လက်ညှိုးထိုးပြီး ပြောလိုက်၏။

“ရှင်က သူတို့နဲ့ ပြဿနာမရှိဘူးလား။ အဲဒီမကောင်းဆိုးဝါးနှစ်ကောင်က ကျွန်မတို့ကိုစားဖို့ ကြိုးစားနေတာ။ တောင်တန်းသခင်က အဲဒီအရာတွေအားလုံးကို စီစဉ်နေတဲ့သူပဲ…”

အိုက်လျန်ကတော့ အံ့ဩသွားချင်ယောင်ဆောင်ပြီး တောင်တန်းသခင်နှင့် မြွေနှစ်ကောင်ကို တလှည့်ဆီကြည့်၍ မေးလိုက်၏။

“မင်းတို့က ငါ့ကိုစားချင်နေတာလား။ ဒါမှမဟုတ် မင်းတို့နှစ်ယောက်ထဲက တစ်ကောင်က စားချင်တာလား…”

တောင်တန်းသခင်နှင့် မြွေနှစ်ကောင်က ခေါင်းကို ခါယမ်းပြလိုက်သည်။

ကျူးလုက ဒေါသတကြီး ပြောလိုက်၏။

“ကျွန်မအဖေက သေလုမြောပါးဖြစ်ခဲ့တယ်။ ကျွန်မတို့အားလုံးလည်း သေလုမြောပါးပဲ…”

သူမ၏မျက်လုံးထဲမှ မျက်ရည်များ စီးကျလာပြီး အိုက်လျန်ကိုကြည့်၍ အော်ပြောလိုက်သည်။

“ရှင့်ဆီမှာ အဲဒီအမှိုက်တွေကို ရှင်းပစ်နိုင်တဲ့ အစွမ်းမျိုး ရှိနေတာပဲ။ ဘာလို့မရှင်းရတာလဲ။ အဲဒီမကောင်းဆိုးဝါးနှစ်ကောင်က ဒီနယ်မြေမှာ ဖြတ်သွားတဲ့ လူတိုင်းကို အန္တရာယ်ပေးနေတာ။ တောင်တန်းသခင်ကတော့ သူ့တောင်ပေါ်မှာ ခြေချတဲ့သူတိုင်းကို ကာကွယ်ပေးရမှာဆိုပေမဲ့ သူက အဲဒီမကောင်းဆိုးဝါးတွေနဲ့ ပူးပေါင်းပြီး လူတိုင်းကို ဒုက္ခပေးနေတယ်။ ဒါကြောင့် သူတို့ကိုမသတ်သင့်ဘူးလား..”

အိုက်လျန်က ခဏကြာတိတ်ဆိတ်သွားပြီးနောက် အားရပါးရရယ်လိုက်သည်။

“မင်း ငါ့ကို ပြောနေတဲ့ပုံစံက ငါ့မိန်းမက ငါ့ကို ပြောနေသလိုဖြစ်နေပြီ။ ငါက မင်းကို စိတ်ပျက်မိတော့မှာပဲ။ အမှန်အတိုင်း ပြောရရင်တော့ ငါက ခန္ဓာကိုယ် အချိုးအစားကျတဲ့ အသက်ကြီးကြီးမိန်းကလေးတွေကိုပဲ ပိုပြီးတော့သဘောကျတယ်…”

အိုက်လျန်က မြေကြီးထဲမှ သူ၏ဝါး‌ဓားမောက်ကို ဆွဲထုတ်ပြီး ဓားအိမ်ထဲသို့ ထည့်လိုက်၏။ ထို့နောက် သူက လက်နှစ်ဖက်နှင့် သဲနာရီပုံသဏ္ဌာန်ဆွဲပြပြီး ပြောလိုက်သည်။

“ငါက အဲဒီလိုခန္ဓာကိုယ် အချိုးအစားရှိတဲ့ ကောင်မလေးတွေကိုပဲကြိုက်တာ..”

ကျူးလုက ခဏကြာ တိတ်ဆိတ်သွားခဲ့ပြီး ပြန်ပြောလိုက်သည်။

“ရှင်က တော်တော်လေးကို တဏှာကြီးတာပဲ…”

ကျူးဟယ်က ခက်ခက်ခဲခဲ မတ်တပ်ရပ်လိုက်ပြီး သူ့သမီး၏ပုခုံးကိုပုတ်၍ အပြစ်တင်လိုက်သည်။

“စီနီယာအိုက်လျန်အပေါ် မရိုင်းနဲ့။ ခံစားချက်တွေက သမီးကိုဖုံးလွှမ်းသွားတာမျိုး မဖြစ်စေနဲ့။ အကုန်လုံး စီနီယာအိုက်လျန်ရဲ့သ ဘောအတိုင်း လုပ်ပါစေ…”

ကျူးလုက ပြန်လှည့်ပြီး စိတ်ပျက်လက်ပျက်နှင့် အဝေးကို ငေးကြည့်နေမိ‌ခဲ့သည်။

အိုက်လျန်က ချန်းပင်အန်းကို လှည့်ကြည့်လိုက်ရာ ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်၏။

“ခင်ဗျား စိတ်ကြိုက်ဆုံးဖြတ်လို့ရတယ် အိုက်လျန်…”

“ကောင်းပြီလေ ဒီလိုဆို‌မှတော့ ငါပဲ ဒီနေရာမှာ ဆုံးဖြတ်လိုက်တော့မယ်…”

အိုက်လျန်က ပျင်းရိနေသောအသံနှင့် ပြောလိုက်သည်။

“လူတစ်ယောက်ရဲ့တံတားတွေကို ဖျက်စီးပစ်တာက လုံးဝမကောင်းဘူးလို့ ပြောရတယ်။ ဒီတော့ ငါတို့တွေက ပိုပြီးတော့ သည်းခံသင့်တာပေါ့…”

တောင်တန်းသခင်က ထိုစကားကို ခေါင်းညိတ်ထောက်ခံလိုက်သည်။ မြွေနှစ်ကောင်ကတော့ အနည်းငယ် ခေါင်းငုံ့သွားခဲ့၏။

သို့သော် အိုက်လျန်၏ စကားက ချက်ချင်း ပြောင်းသွာခဲ့သည်။

“မင်းက ငါ့ကို တော်တော်လေး ကြောက်သွားအောင်လုပ်ခဲ့တယ်ဆိုတော့ ဘာလျော်ကြေးမှမရဘဲ မင်းကို လွှတ်‌မပေးနိုင်ဘူး…”

ထိုစကားကို ကြားသည့်အခါ တောင်တန်းသခင်က မျက်ရည်ကျလုမတတ် ခံစားလိုက်ရ၏။ အိုက်လျန် ပြောသောစကားကြောင့် သူက အလွန်ထိတ်ရွံ့သွားခဲ့သည်။

ခဏကြာစဉ်းစားနေပြီးနောက် အိုက်လျန်က တောင်တန်းသခင်၏ ပုခုံးပေါ်သို့ လက်တင်လိုက်သည်။ ပို၍အိုးတိုးအန်းတမ်းဖြစ်စရာကောင်းသည်မှာ တောင်တန်းသခင်က အိုက်လျန်ထက် သိသိသာသာပို၍အရပ်မြင့်နေခဲ့၏။ သို့သော် တောင်တန်းသခင်က အိုက်လျန်နှင့် အရပ်တူသည်အထိ ကိုယ့်ကိုယ်ကိုယ် ပြောင်းလဲလိုက်သည်။ ထိုသို့ဆိုလျှင် အိုက်လျန်က ခြေဖျားထောက်ရန်မလိုတော့ပေ။

အိုက်လျန်က တောင်တန်းသခင်ကို တီးတိုးပြောနေစဉ် တစ်ဖက်လူက အရာအားလုံးကို ခေါင်းညိတ်ကာ အနည်းငယ်လေးပင် ကန့်ကွက်နေခြင်း မရှိချေ။ အဆုံးတွင်တော့ တောင်တန်းသခင်၏ မျက်နှာပေါ်တွင် အံ့ဩမှုဝမ်းသာမှုများ ပေါ်လာခဲ့၏။ အိုက်လျန်၏ တောင်းဆိုမှုကြောင့် သူက ‌အတော်လေး အံ့ဩနေပုံရသည်။

အိုက်လျန်က အထင်သေးစွာ လက်ကိုဝှေ့ယမ်းပြီး ပြောလိုက်၏။

“ငါ စိတ်မပြောင်းခင် မျက်စိရှေ့က ထွက်သွားတော့…”

တောင်တန်းသခင်နှင့် မြွေနှစ်ကောင်က အချင်းချင်း လျှို့ဝှက်ဆက်သွယ်နေကြပုံ ပေါ်သည်။ သူတို့က တောင်တန်းသခင်၏နောက်မှ လျင်မြန်စွာ လိုက်သွားခဲ့ကြ၏။ ထို့နောက် မြွေဖြူက ပြတ်သွားသော အတောင်ပံကို ပါးစပ်နှင့် ကိုက်လိုက်သည်။ သူတို့ထွက်မသွားခင် မြွေနှစ်ကောင်က မြေပေါ်သို့ ဦးညွှတ်လိုက်ပြီး အိုက်လျန်ကို အညံ့ခံကြောင်း ဖော်ပြနေခဲ့၏။ ထို့နောက်မှသာ သူတို့က ထွက်သွားရဲကြသည်။

ထို့ကြောင့် အပေးအယူက တရားဝင်ပြီးဆုံးသွားခဲ့သည်။

မှောင်စပျိုးချိန်တွင် ဒဏ်ရာများ ဆေးကြောရန် စမ်းချောင်းတစ်ခုဆီသို့ သွားရန်အတွက် ကျူးဟယ်က ချန်းပင်အန်းကို ခေါ်လိုက်သည်။ ကျူးလုကလည်း တိတ်တဆိတ် လိုက်လာခဲ့၏။

ကျူးဟယ်နှင့် ချန်းပင်အန်းတို့က စမ်းချောင်းဘေးတွင် ထိုင်လိုက်ပြီး မျက်နှာနှင့် အဝတ်အစားပေါ်ရှိ သွေးများကို သန့်ရှင်းလိုက်သည်။ ကျူးဟယ်က တစ်စုံတစ်ခု ပြောချင်နေခဲ့သော်လည်း စကားလုံး ရှာတွေ့ခဲ့ခြင်း မရှိချေ။

ချန်းပင်အန်းကတော့ စမ်းချောင်းဘေးတွင် ရှိနေသော ကျောက်တုံးတစ်တုံးပေါ်တွင် ထိုင်နေသည့် ကျူးလုကို သတိထားမိခဲ့၏။ ထို့ကြောင့် သူပြန်တော့မည်ဖြစ်ကြောင်း ကျူးဟယ်ကို ပြောခဲ့သည်။ ကျူးဟယ်က ခေါင်းညိတ်ပြလိုက်ပြီး ချန်းပင်အန်းကို ဆက်ခေါ်ထားခြင်း မရှိချေ။

ချန်းပင်အန်း ထွက်သွားသည့်အချိန်တွင် ကျူးဟယ်က မတ်တပ်ရပ်လိုက်ပြီး သူ့သမီး ထိုင်နေသည့်နေရာကို လျှောက်သွား၍ ညင်သာစွာ ပြောလိုက်သည်။

“သမီး ဘာလို့ သူ့ကို မတောင်းပန်ရတာလဲ…”

ကျူးလုက သူမ၏ဖိနပ်နှင့် ခြေအိတ်ကို ချွတ်လိုက်ရာ ဖြူဖွေးနေသော ခြေထောက်တစ်စုံပေါ်လာခဲ့သည်။ သူမအဖေ၏ မေးခွန်းကို ကြားသည့်အခါ သူမက မျက်လုံးပြူးသွားပြီး မေးလိုက်၏။

“အဖေက ဘာပြောချင်တာလဲ…”

အလွန်လှပသော ကျူးလု၏မျက်လုံးများက သူမ၏အမေနှင့် အလွန်တူညီနေခဲ့သည်။ ကျူးဟယ်က အပြစ်ပြောရန် ပြင်ဆင်ထားသော စကားလုံးများကို မပြောနိုင်တော့ပေ။ ခဏကြာ တိတ်ဆိတ်နေပြီးနောက် သူက သက်ပြင်းချပြီး တည်ငြိမ်စွာ ပြောလိုက်၏။

“အခြေအနေတွေကို ကြည့်လိုက်မယ်ဆိုရင် ‘ယွဲ့’ဆိုတဲ့စကားလုံးကို မဖျက်ဆီးဖို့ ချန်းပင်အန်းပြောလိုက်တာက ‌မှန်နေတာပဲလေ..”

ကျူးလုက ဒူးနှစ်ဖက်ကို လက်နှင့်ပိုက်ပြီး စမ်းချောင်းထဲကိုကြည့်၍ အေးစက်စွာ ပြောလိုက်သည်။

“အဖေက သူ့အဖေမှ မဟုတ်တာ။ ဒါကြောင့် သူက အဖေ့ကို ဂရုစိုက်မှာ မဟုတ်ဘူး။ အဲဒီအချိန်မှာ သမီးကတော့ ဘာမှစဉ်းစားနေဖို့ အချိန်မရခဲ့ဘူး။ တကယ်လို့ သူပြောတာ မှားသွားရင်ရော ဘယ်လိုလုပ်မလဲ။ သမီးက အဖေသေသွားတာကို ဒီတိုင်းပဲ ရပ်ကြည့်နေရမှာလား…”

ကျူးဟယ်က ထိုစကားကို တုံ့ပြန်နိုင်ခြင်း မရှိခဲ့ပေ။ ကျူးလု၏ မျက်လုံးထဲတွင် မျက်ရည်စများ စီးကျလာပြီး မေးလိုက်၏။

“အဖေ …

တကယ်လို့ အဲဒီအချိန်မှာ ဘာမှမလုပ်ဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် သမီးက အဖေ့ရဲ့သမီးဖြစ်နိုင်ဦးမှာလား…”

ကျူးဟယ်ကတော့ သူ့သမီးကို အပြစ်တင်မည့်စကားများကို နောက်တစ်ကြိမ် မျိုချလိုက်ရပြန်သည်။ အဆင့်(၂)အထွဋ်အထိပ် သိုင်းပညာရှင် တစ်ယောက်ဖြစ်သည့်အတွက် သူမက အစွမ်းထက်သော ပြိုင်ဘက်များကို ရင်ဆိုင်ရသည့် အချိန်တွင်လည်း အလွယ်တကူ မစိုးရိမ်သင့်ကြောင်း သူ့သမီးကို ပြောချင်ခဲ့သည်။

အကယ်၍ ကျူးလုက သိုင်းပညာရှင်တစ်ယောက် ဖြစ်နေသည့်အတွက် ထိုအရာက သေချာပေါက် ပြောရမည့်အရာတစ်ခု ဖြစ်သည်။ အဖေတစ်ယောက် ဖြစ်သည့်အတွက် ထိုစကားကို ပြောရသည်မှာ အလွန်နာကျင်စရာကောင်းလှသည်။ အနည်းဆုံးတော့ သူက ထိုကဲ့သို့ အပြစ်တင်သည့်စကားမျိုးကိုပင် မပြောနိုင်ခဲ့ပေ။

သူကတော့ အခွင့်သာသည့် အချိန်ကို‌ စောင့်နေပြီးမှသာ ပြောရန် စဉ်းစားခဲ့သည်။ သို့သော် သူ့ရင်ထဲတွင်‌တော့ တစုံတစ်ခု လွဲမှားနေသည်ဟု ခံစားမိခဲ့သည်။ တချိန်တည်းတွင် မည်သည့်အရာလွဲမှားနေကြောင်း သူလည်း မသိခဲ့ပေ။ ရုတ်တရက်ဆိုသလို သူ့ဆီ၌ အပြစ်ရှိသလို ခံစားလိုက်ရ၏။

“တကယ်လို့ သူ့အမေသာ အသက်ရှင်နေဦးမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ..”

……………….

ချန်းပင်အန်းက ကွင်းပြင်သို့ ဦးတည်သော တောင်တက်လမ်းအတိုင်း ဖြည်းညင်းစွာ တက်လာခဲ့သည်။ ကျဆင်းလာသော နေလုံးကြီး၏ အလင်းရောင်အောက်တွင် သူ့အရိပ်က အတော်လေးရှည်နေခဲ့၏။

တောင်ထိပ်ပေါ်တွင် လီပေါင်ဖျင်က သူမ၏ အသုံးအဆောင်ပစ္စည်းများကို သိမ်းဆည်းနေပြီး လီဟွိုင်ကတော့ သူမ၏အနားတွင် ဆောင့်ကြောင့်ထိုင်နေခဲ့သည်။ ရုတ်တရက်ဆိုသလို သူက ပြောလိုက်၏။

“လီပေါင်ဖျင် …

ငါလည်း သိပ်မကြာခင် စာအုပ်သေတ္တာတစ်ခု ရတော့မယ်…”

လီပေါင်ဖျင်က သူ့ကို အထင်သေးစွာ စိုက်ကြည့်ပြီး ပြောလိုက်သည်။

“အဲဒါက ဘာဖြစ်လဲ။ ဒါပေမဲ့ နင်က ငါ့ရဲ့ဦးလေးငယ်ကို နင့်ရဲ့ဦးလေးငယ်လို့ခေါ်လို့မရဘူး…”

“ဘာလို့ မရမှာလဲ…”

လီဟွိုင်က မေးလိုက်သည်။

လီပေါင်ဖျင်က လက်သီးနှင့်ထိုးရန် ရွယ်လိုက်ပြီး မျက်မှောင်ကြုတ်၍ မေးလိုက်၏။

“နင့်ကို အကြောင်းပြချက်ပေးစရာ လိုလို့လား…”

လီဟွိုင်က ကြောက်လန့်သွားခဲ့ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။

“သူက ငါ့ရဲ့ဦးလေးငယ် မဟုတ်တော့ရော ဘာဖြစ်လဲ။ ငါလည်း သူ့လို ဦးလေးငယ် တစ်ယောက် မလိုချင်ပါဘူး။ ငါက ဘာလို့ ကလေးတစ်ယောက်ကို ဦးလေးငယ်လို့ ခေါ်ရမှာလဲ…”

လီဟွိုင်က မတ်တပ်ရပ်လိုက်ပြီးနောက် တင်ပါးတွင်ပေနေသော ဖုန်များကို ခါလိုက်သည်။ လီပေါင်ဖျင်၏အဝေးသို့ ရောက်သွားပြီးမှသာ သူကပြန်လှည့်လာပြီး ပြောလိုက်၏။

“လီပေါင်ဖျင် …

ချန်းပင်အန်းနဲ့ ငါက တနေ့နေ့ ညီအစ်ကိုတွေဖြစ်သွားရင် နင်က ဘယ်လိုလုပ်မလဲ။ အဲဒီအချိန်ကျရင် နင် ငါ့ကိုဘယ်လိုခေါ်မှာလဲ…”

လီပေါင်ဖျင်က ပြုံးလိုက်ပြီး မတ်တပ်ရပ်၍ သူမ၏လက်ကောက်ဝတ်ကို စတင်လှုပ်ရှားလိုက်သည်။

ထိုအခါ လီဟွိုင်၏မျက်နှာပေါ်တွင် စိုးရိမ်နေသည့် အမူအရာတစ်ခုပေါ်လာပြီး ပြောလိုက်၏။

“လီပေါင်ဖျင် …

နင်က ငါ့ကိုစကားပြောတာ မနိုင်တိုင်း လက်ပါမယ်လို့ မခြိမ်းခြောက်နဲ့။ ငါတို့က ပိုပြီးတော့ အဆင့်အတန်းရှိရှိ ပြောလို့မရဘူးလား။ ငါတို့က စာသင်သားတွေလေ။ စာသင်သားတွေက...”

လီဟွိုင်က စကားကိုဆုံးအောင် မပြောနိုင်သေးခင် လီပေါင်ဖျင်က သူ့ကိုရိုက်ရန် ပြေးထွက်လာခဲ့သည်။ ထိုအခြေအနေမျိုးတွင် လီဟွိုင်ကတော့ ချက်ချင်းပင် အတွေးရသွားပြီး မတ်တပ်ရပ်၍ ပြောလိုက်၏။

“လီပေါင်ဖျင် …

နင်က ကြမ်းတမ်းခက်ထန်ပြီး ရိုင်းစိုင်းတဲ့ သခင်မလေးတစ်ယောက်လို့ နင့်ရဲ့ဦးလေးငယ်က ထင်သွားမှာကို မကြောက်ဘူးလား။ တကယ်လို့ သူသာ နင့်ကို သဘောမကျတော့ဘူးဆိုရင် နင်က ဘယ်သူ့ကိုငိုပြီး ပြောနေဦးမှာလဲ။ အခုချိန်မှာ ငါက အပေါ်ယံပဲလေ။ ဒါကြောင့် ငါက သတိ‌မပေးဘူးလို့ ငါ့ကိုအပြစ်မတင်နဲ့…”

လီပေါင်ဖျင်က နေရာတွင် ချက်ချင်းရပ်လိုက်ပြီး မျက်မှောင်ကြုတ်နေမိသည်။

ထို့နောက် လီဟွိုင်က ပြောလိုက်၏။

“ဘာမှမစိုးရိမ်ပါနဲ့။ ချန်းပင်အန်းက ငါတို့(၃)ယောက်ထဲမှာ နင့်ကို သဘောအကျဆုံးပဲ။ နင်သာ ကျူးလုလိုဖြစ်လာမယ်ဆိုရင် နင်က သူ သဘောကျတာကို ခံရဦးမှာပါ..”

လီပေါင်ဖျင်က ပြုံးလိုက်ပြီး သူမ၏စာအုပ်သေတ္တာလေးဆီသို့ ပြန်သွားခဲ့သည်။ ထို့နောက် သူမ၏ပစ္စည်းများကို ဆက်လက်သိမ်းဆည်းနေခဲ့၏။

Translated by Hein Htet.

All Chapters