အခန်း (၁၀၃)
Vol. 7 Ch. 103
ထိုအချိန်တွင် လီဟွိုင်က ဒယိမ်းဒယိုင်နှင့် နောက်ပြန်ဆုတ်လာပြီး တယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
“အစီအစဉ်ဆိုတာက အရာအားလုံးထဲမှာ အရေးကြီးဆုံးပဲ။ ငါက လီပေါင်ဖျင်ကို လုံးဝကြောက်စရာမလိုတော့ဘူး…”
လီဟွိုင်က အလွန်ဝမ်းသာနေပြီး သူ့အပျော်များကို အိုက်လျန်နှင့် ဝေမျှချင်ခဲ့သည်။ ထို့ကြောင် သူက အော်ပြောလိုက်၏။
“အိုက်လျန် ဘယ်မှာလဲ။ ဒီကိုမြန်မြန်လာခဲ့ဦး…”
အိုက်လျန်က လင်းရှို့ယီနှင့်အတူ ရှိနေကြောင်း တွေ့လိုက်ရသည့်အချိန်တွင် သူလည်း သူတို့ဆီသို့ ပြေးသွားခဲ့သည်။ သို့သော် အိုက်လျန်နှင့်လင်းရှို့ယီတို့က အစောပိုင်းတွင် မြွေဖြူ ထွက်ပေါ်လာခဲ့သော ကမ်းပါးအစွန်တွင် ထိုင်နေကြောင်း နားလည်သွားသည့်အတွက် သူလည်း ချက်ချင်းရပ်လိုက်မိသည်။ သူ့ရင်ထဲတွင် အကြောက်တရား အနည်းငယ် ရှိနေသေး၏။
ခဏကြာစဉ်းစားနေပြီးနောက် သူက ပြန်လှည့်လာပြီး လီပေါင်ဖျင်၏ဘေးကို လျှောက်လာ၍ ချန်းပင်အန်းကို ရှာဖွေနေခဲ့သည်။ လီဟွိုင်၏ မျက်နှာပေါ်တွင် အနည်းငယ် တွေဝေနေသည့် အမူအရာတစ်ခု ပေါ်လာပြီး ချန်းပင်အန်းက မြွေဖြူဆီကို တိုက်ခိုက်လိုက်သည့်အချိန်တွင် ပေါ်လာခဲ့သော သတ္တိနှင့်ခွန်အားကို ပြန်လည်တွေးတောနေမိခဲ့သည်။ အလွန်ကြောက်လန့်ခဲ့သော ကျူးလုနှင့် ယှဉ်လိုက်မည်ဆိုလျှင် ချန်းပင်အန်းက ပို၍အစွမ်းထက်သည်ဟု လီဟွိုင်က ခံစားမိနေခဲ့၏။
ချောက်ကမ်းပါး၏အစွန်တွင် ..
အိုက်လျန်နှင့် လင်းရှို့ယီတို့က ဘေးချင်းယှဉ်၍ထိုင်နေပြီး အဝေးမြင်ကွင်းများကို ငေးမောကြည့်ရှုနေကြ၏။ လင်းရှို့ယီက အိုက်လျန်၏ အရက်ဘူးထဲမှ အရက်တစ်ငုံသောက်လိုက်ပြီးနောက် သူ့ကို ပြန်ပေးလိုက်သည်။ အလွန်ပျင်းရိနေသော အိုက်လျန်ထိုင်နေသည့်ပုံစံနှင့် ယှဉ်လိုက်မည်ဆိုလျှင် လင်းရှို့ယီကတော့ ခါးကိုမတ်မတ်ထိုင်နေခဲ့၏။
“ဒါက သာမန်အရက်မဟုတ်ဘူးမလား အိုက်လျန်…”
လင်းရှို့ယီက မေးလိုက်သည်။
အိုက်လျန်က ခေါင်းညိတ်ပြလိုက်၏။
“ဒီအရက်က ဘာတွေထူးခြားနေတာလဲ…”
လင်းရှို့ယီက မေးလိုက်သည်။
“ကျွန်တော် သိတာကတော့ ဒီအရက်ကို သောက်ပြီးသွားရင် ခန္ဓာကိုယ်ကြံ့ခိုင်မှုက သိသိသာသာ တိုးတက်လာတယ်ဆိုတာပဲ…”
အိုက်လျန်က အရက်ဘူးလေးကို လှုပ်ပြီး ပြောလိုက်သည်။
“သံအဆောင်မြစ်ထဲမှာ ငါတို့ တွေ့ခဲ့တဲ့ နတ်ဆိုးတွေကို မှတ်မိသေးလား။ လူသားပုံသဏ္ဌာန် ပြောင်းထားတဲ့နတ်ဆိုးတွေလေ။ ဒီအရက်ဘူးကို ငါ တမင်တကာ လှုပ်ခါလိုက်တဲ့အချိန် ထွက်လာတဲ့ အရက်ဘူးထဲက အစွမ်းတွေကိုတောင် သူတို့က ကြောက်ပြီး ထိတ်လန့်တကြား ထွက်ပြေးကြတယ်။ ဒါဆိုရင် ဒီအရက်က ဘယ်လောက်အဖိုးတန်လဲ ပြောဖို့ လုံလောက်ပြီပေါ့။ ဒါပေမဲ့ ဒီအရက်ဘူးအဖုံးကို ဖွင့်ထားပြီး ငါက ဘာမှမလုပ်ရင်တောင် ဒီအရက်ရဲ့ရနံ့တစ်ခုတည်းနဲ့ မင်းက တိုးတက်လာနိုင်တယ်…”
“အိုက်လျန် …
ခင်ဗျားက ဘာလို့တောင်တန်းသခင်နဲ့ မြွေ(၂)ကောင်ကို လွှတ်ပေးလိုက်ရတာလဲ…”
လင်းရှို့ယီက ပြောလိုက်သည်။
အိုက်လျန်က သူ၏ဝါးဦးထုပ်ကို သေချာပြင်လိုက်ပြီး အပြုံးနှင့် ရှင်းပြလိုက်သည်။
“တောင်တန်းသခင်က သူ့ရဲ့အဆင့်အတန်းအရ သဘာဝတရားတွေကို ကာကွယ်ဖို့ တာဝန်ပေးထားတာ။ ငါက သူ့ကိုအလွယ်တကူ သတ်ပစ်နိုင်တယ်။ ဒါပေမဲ့ ငါက ပြဿနာကြီးတစ်ခုကို ဖြေရှင်းရလိမ့်မယ်။ လက်ရှိအချိန်မှာတော့ အဲဒီပြဿနာက အကြောက်ဆုံး ပြဿနာပဲ…”
“ပြီးတော့ သူတို့တွေက မင်းတို့ကိုသတ်ဖို့ ကြိုးစားတာ။ အခု သူတို့မှာ ငါနဲ့ဘာသွေးကြွေးမှ မရှိဘူး။ မင်းတို့တွေ အားလုံးကလည်း တစ်ယောက်မှ အထိအခိုက် မရှိကြဘူး။ ကျူးဟယ်ကတော့ အနက်ရောင်မြွေနဲ့ တိုက်ပွဲကနေ ကြီးကြီးမားမား အကျိုးမြတ်ရခဲ့တယ်။ ဒါကြောင့် ငါက ဘာလို့ သူတို့ကိုသတ်ရဦးမှာလဲ..”
အိုက်လျန်က ယာယီတိတ်ဆိတ်သွားပြီးနောက် ဆက်ပြောလိုက်သည်။
“ဟုတ်တယ်။ ဒါက အလုံးစုံတော့ မမှန်နိုင်ဘူး။ မင်းတို့တွေထဲမှာ လူတစ်ယောက်ကတော့ ဆုံးရှုံးခဲ့ရတယ်။ ဒါပေမဲ့ သူကတော့ ဒါကိုအလေးထားမယ်လို့ မထင်ပါဘူး။ တခြားသူတွေအတွက် အရေးပါတယ်လို့ သတ်မှတ်ထားတဲ့အရာတွေက သူ့အတွက်တော့ တန်ဖိုးမရှိသလိုပဲ…”
“ခင်ဗျားက ချန်းပင်အန်းကို ပြောနေတာ မဟုတ်လား။ သူ့ရဲ့ဒဏ်ရာတွေက ကျူးဟယ်ထက် ပိုပြီးပြင်းထန်တယ်ဆိုတာ ကျွန်တော် သိတယ်။ ဒါပေမဲ့ သူက တော်တော်လေးကို သိုသိုဝှက်ဝှက် ဖုံးကွယ်ထားနိုင်တယ်…”
လင်းရှို့ယီက မေးလိုက်သည်။
အိုက်လျန်ကတော့ ထိုအကြောင်းကိုမှတ်ချက်ပေးခဲ့ခြင်းမရှိချေ။
လင်းရှို့ယီက ဆက်ပြောလိုက်၏။
“ကျူးလုက သူ့အဖေကို ကယ်တင်ချင်တာ သူ့ရဲ့အမှားမဟုတ်ဘူး။ ဒါပေမဲ့ သူ မှားခဲ့တာက...”
လင်းရှို့ယီ စကားမဆုံးသေးခင် အိုက်လျန်က လက်ကာပြလိုက်သည်။ သူက အပြုံးနှင့် ပြောလိုက်၏။
“တခြားသူတွေရဲ့မကောင်းကြောင်းကို နောက်ကွယ်မှာ ပြောနေတာ မကောင်းဘူး။ သူ မှားလား၊ မှန်လားဆိုတာ လူတိုင်းသိနေတာပဲ…”
လင်းရှို့ယီက ခေါင်းညိတ်ပြလိုက်ပြီး ထိုအကြောင်းကို ထပ်မံပြောဆိုခဲ့ခြင်းမရှိချေ။ အိုက်လျန်ကတော့ လေညှင်းခံနေရင်း အရက်ကို အေးအေးဆေးဆေး သောက်နေခဲ့၏။ သူက စဉ်းစားတွေးတောကြည့်နေခဲ့၏။
“မင်းက တော်တော်ဉာဏ်ကောင်းတဲ့ ကောင်လေးပဲ လင်းရှို့ယီ။ ငါနဲ့မိတ်ဆွေ ဖြစ်တာက အကျိုးအမြတ်တွေ အများကြီးရလာနိုင်တယ်ဆိုတာကို ပထမဆုံး နားလည်တဲ့သူလည်း ဖြစ်နေတယ်။ ရူးတော့မသွားစေနဲ့...”
“ငါက မင်းကို အထင်သေးတဲ့စကားမျိုး ပြောနေတာ မဟုတ်ဘူး။ တစ်ဖက်မှာတော့ ကျင့်ကြံမှုလမ်းကြောင်းမှာ တချို့လူတွေက လီပေါင်ဖျင်လို အရမ်းဉာဏ်ကောင်းကြတယ်။ တချို့လူတွေကတော့ လီဟွိုင်လိုမျိုး ကံကောင်းမှုတွေ ပြည့်နေတယ်။ တချို့ကတော့ မင်းလိုမျိုး ပါရမီရှိတယ်။ အဲဒီအရာတွေအားလုံးက ကောင်းတာပဲ။ ချီကျင့်ချွန်က လူတွေကို ကြည့်တဲ့မျက်လုံး တော်တော်လေးကောင်းတယ်။ မဟုတ်ရင်...”
လင်းရှို့ယီကတော့ အိုက်လျန် ဆက်ပြောမည့်စကားကို စိတ်ဝင်တစား စောင့်နေခဲ့သည်။
အိုက်လျန်က အပြုံးနှင့် ကောက်ချက်ချလိုက်၏။
“မဟုတ်ရင်... သူက ငါနဲ့မိတ်ဆွေဖြစ်လာမှာ မဟုတ်ဘူး….”
လင်းရှို့ယီ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။ အိုက်လျန်က အခွင့်အရေးကို ပုတ်ချတတ်သော လူတစ်ယောက် မဟုတ်ချေ။ လင်းရှို့ယီက ထိုအရာကို ရင်းနှီးနေခဲ့ပြီ ဖြစ်သည်။ အိုက်လျန်က အပေါ်ယံတွင် ဟိတ်ဟန်များပြီး ပျင်းရိနေသော်လည်း အမှန်တကယ် မည်မျှအစွမ်းထက်ကြောင်း လင်းရှို့ယီအပါအဝင် မည်သူမျှပင် မသိနိုင်ပေ။
“နှလုံးသားထဲမှာ ရှိတဲ့အရာတွေအတွက် သီချင်းဆို၊ အရက်သောက်ပြီး ဘဝကြီးထဲမှာ အခွင့်အရေး ဘယ်လောက်များများ ရှာဖွေနိုင်မှာလဲ။ အဝေးကို ထွက်ပြေးသွားတဲ့ မနက်ခင်းမိုးရေစက်တွေလိုပဲ။ အချိန်ကုန်တာ အရမ်းကို မြန်လွန်းတယ်…”
အိုက်လျန်က အရက်တစ်ငုံ သောက်လိုက်ပြီးနောက် ညကောင်းကင်ကြီးကို မော့ကြည့်ပြီး တစ်ယောက်တည်း တီးတိုးရေရွတ်နေခဲ့သည်။
“မိန်းမပျိုတစ်ယောက်က သူ့ချစ်သူ ပြန်အလာကို မြို့နံရံပေါ်ကနေ စောင့်နေတယ်။ သူ့ရဲ့ဝတ်စုံက လေထဲမှာ တဖျတ်ဖျတ်လှုပ်ရှားနေတာ သူ့ရဲ့နှလုံးသားလေးလိုပဲ..”
“ဇာတ်လမ်းလေးက အံ့ဩစရာကောင်းလိုက်တာ…”
အိုက်လျန်က ခေါင်းခါလိုက်မိပြီး မျက်လုံးထဲတွင် ပေါ်လာသော ဝမ်းနည်းပူဆွေးမှုများကို ဖယ်ရှားလိုက်သည်။ ထို့နောက် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်သည့် အပြုံးတစ်ခုပေါ်လာပြီး အဝေးတွင် ရှိနေသော တောင်တန်းကြီးကို လက်ညှိုး၍ ပြောပြလိုက်၏။
“တချို့လူတွေရဲ့ မျက်လုံးထဲမှာ လူသားကမ္ဘာကြီးဆိုတာ ကြယ်အစုအဝေးကြီးတစ်ခုလိုပဲ…”
အိုက်လျန်၏စကားကို ကြားသည့်အခါ လင်းရှို့ယီက အလွန်ထူးခြားသော မေးခွန်းတစ်ခု မေးလိုက်သည်။
“ခင်ဗျားကရော အဲဒီလူတွေထဲက တစ်ယောက်လား…”
အိုက်လျန်က ခေါင်းခါပြီး ပြောလိုက်၏။
“အခုတော့ မဟုတ်သေးဘူး။ ငါက အဲဒီလိုလူစားမျိုး မဖြစ်ချင်ဘူး…”
အိုက်လျန်က လေပူများကို မှုတ်ထုတ်လိုက်ပြီး နောက်ထပ်အရက်မသောက်တော့ပေ။ သူက မေးစေ့ကို လက်ထောက်ပြီး အဝေးကို ငေးကြည့်နေခဲ့၏။
“တချိန်တုန်းက အရမ်းကို ခေါင်းမာတဲ့ အဘိုးကြီးတစ်ယောက် ရှိတယ်။ သူ့ဆီမှာ ကျောင်းသားတွေ တပည့်တွေလည်း အများကြီးပဲ..။ သူ တန်ဖိုးအထားရဆုံး တပည့်တွေထဲမှာ ချီကျင့်ချွန်က အကောင်းဆုံးလက်ရေးပညာရှင်ပဲ။ ချွေးချန်းက အကောင်းဆုံး စီစဉ်သူတစ်ယောက်ပဲ။ ပြီးတော့ ဓားသိုင်းပညာ အထူးချွန်ဆုံး နောက်ထပ် တပည့်တစ်ယောက်လည်း ရှိနေသေးတယ်…”
လင်းရှို့ယီက အိုက်လျန်ကိုပြန်လှည့်ပြီး မေးလိုက်၏။
“ကျွန်တော် ခန့်မှန်းကြည့်လိုက်မယ်။ အကောင်းဆုံးဓားသမားရဲ့နာမည်က အိုက်လျန် မဟုတ်လား…”
ထိုစကားကိုကြားသည့်အခါ အိုက်လျန်က အားရပါးရရယ်လိုက်သည်။
“သေချာပေါက် မဟုတ်ဘူး။ ငါက ဘာလို့ အဲဒီလူဖြစ်ရမှာလဲ…”
ထိုစကားကို ကြားသည့်အခါ လင်းရှို့ယီက အတော်လေးကို စိတ်ပျက်သွားခဲ့၏။ သူ့အဖြေ မှန်ကန်မည်ဟု သူက ခန့်မှန်းမိခဲ့သည်။
အိုက်လျန်က အပြုံးနှင့် ဆက်ပြောလိုက်သည်။
“ဒါပေမဲ့ အဲဒီလူရဲ့ ဓားသိုင်းပညာတွေကို ငါ သင်ပေးထားတာ…”
ထိုစကားကိုကြားသည့်အခါ လင်းရှို့ယီက အံ့ဩသွားခဲ့သည်။ သို့သော် အိုက်လျန်၏ စကားအပေါ် သံသယဝင်နေခဲ့ခြင်း မရှိချေ။
အိုက်လျန်က လင်းရှို့ယီကိုလှည့်ကြည့်ပြီး မေးလိုက်၏။
“တကယ်လို့ ချီကျင့်ချွန်ရဲ့ လက်ရေးပညာကိုလည်း ငါသင်ပေးထားတာလို့ ပြောရင် မင်းက ယုံမှာလား…”
“နောက်ထပ် နှစ်ပေါင်း(၁၀၀၀)ကြာရင်တောင် ကျွန်တော် မယုံဘူး…”
လင်းရှို့ယီက တွေဝေနေခြင်းမရှိဘဲ ချက်ချင်းပြန်ဖြေလိုက်သည်။
အိုက်လျန်က လင်းရှို့ယီ၏ပုခုံးကို ပုတ်လိုက်၏။ ထို့နောက် အဓိပ္ပာယ်ရှိရှိ ပြောလိုက်သည်။
“မင်းက တော်တော်ဉာဏ်ကောင်းတဲ့ကောင်လေးပဲ လင်းရှို့ယီ။ ဒါကြောင့် မင်းက မနက်ဖြန် အရက်မသောက်ရတော့ဘူး…”
လင်းရှို့ယီက ပြုံးလိုက်မိသော်လည်း တိတ်ဆိတ်နေမိခဲ့သည်။
“ဒီကမ္ဘာကြီးက သက်ရှိတွေအားလုံးအတွက် ယာယီနားခိုရာနေရာတစ်ခုပဲ။ စာသင်သားတွေက ကတိတည်တဲ့အရာမျိုးကိုပဲ အမှန်တကယ် လုပ်တတ်တယ်…”
အိုက်လျန်က တစ်ယောက်တည်း ပြောလိုက်မိသည်။
ရုတ်တရက်ဆိုသလို လင်းရှို့ယီက သာမန်မေးခွန်းတစ်ခုကို မေးလိုက်၏။
“အိုက်လျန် …
ခင်ဗျားက ချန်းပင်အန်းကို စိတ်ပျက်နေလား…”
အိုက်လျန်၏အမူအရာက ပြောင်းလဲသွားခြင်းမရှိဘဲ ပြန်ဖြေလိုက်၏။
“ဒါကိုတော့ ငါက မဆုံးဖြတ်ခင် အခြေအနေကို အရင်ဆုံး စောင့်ကြည့်ရမှာပဲလေ…”
……………
သန်းခေါင်ကျော်တွင် ချန်းပင်အန်းနှင့် ကျူးဟယ်တို့က တလှည့်ဆီ စောင့်ကြပ်နေကြသည်။ သူ့အလှည့်ရောက်သည့်အချိန်တွင် ချန်းပင်အန်းက မြက်ဖိနပ်တချို့ ယက်လုပ်နေခဲ့၏။
ဘာကြောင့်မှန်း မသိသော်လည်း ကျူးဟယ်က အိပ်ရာမှထလာပြီး ချန်းပင်အန်း၏ ဘေးတွင် လာထိုင်ခဲ့သည့်အတွက် ချန်းပင်အန်းလည်း အံ့ဩသွားခဲ့သည်။
ကျူးဟယ်က မီးလှုံနေခဲ့ပြီး မီးတောက်ဆီမှ ထွက်ပေါ်လာသော အလင်းရောင်အောက်တွင် ချန်းပင်အန်းကိုကြည့်၍ မေးလိုက်သည်။
“မင်းက ချီစွမ်းအင်တွေ ထွက်လာတာကို ခံစားမိတယ် မဟုတ်လား။ အဲဒီအရာက သွားလာနေတဲ့ နဂါးတစ်ကောင်လိုပဲ မင်းရဲ့ခန္ဓာကိုယ်အတွင်းပိုင်းထဲမှာ ဆက်တိုက်စီးဆင်းနေတာ မဟုတ်လား…”
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်ပြီး မတ်မတ်ထိုင်လိုက်သည်။ ထိုအရာက သူ စိတ်ဝင်စားမှုအရှိဆုံးအရာ တစ်ခုလည်း ဖြစ်၏။
ကျူးဟယ်က ချန်းပင်အန်းကို ဝိုးတဝါး ပြောပြရမည့်အစား သေချာရှင်းပြလိုက်သည်။
“ဒါကြောင့် မင်းက ရွှံ့သန္ဓေသားအဆင့်ကို ရောက်နေပြီလို့ ဆိုလိုနေတာပဲ။ ဒီအတားအဆီးကို လျော့မတွက်မိစေနဲ့။ ဒါက အသေးအဖွဲပုံစံလို့ ထင်ကောင်းထင်ရနိုင်တယ်။ ဒါပေမဲ့ မင်းက သိုင်းပညာလမ်းကြောင်းကို ဆက်ပြီး လျှောက်လှမ်းနိုင်မလားဆိုတာကတော့ အဲဒီချီစွမ်းအင်တွေကို ဘယ်လိုထိန်းချုပ်မလဲဆိုတဲ့အပေါ် မူတည်နေတယ်။ ရှေးဟောင်းစကားပုံတစ်ခု ရှိတယ်လေ။ လူတစ်ယောက်အတွက် ချီစွမ်းအားတွေဆိုတာ ဗုဒ္ဓကိုကပ်လှူတဲ့ အမွှေးနံ့သာတွေလိုပဲ…”
“လက်ရှိအချိန်မှာတော့ မင်းရဲ့ခန္ဓာကိုယ်က မသန့်စင်သေးတဲ့ ရွှံ့သန္ဓေသားတစ်ခုလို ဖြစ်နေသေးတယ်။ ဒါပေမဲ့ မင်းကသာ ဒီချီစွမ်းအင်တွေကို ရသွားပြီဆိုရင် မင်းက သိုင်းပညာရှင်တစ်ယောက် ဖြစ်လာဖို့လမ်းကြောင်းကို တရားဝင်လျှောက်လှမ်းနိုင်ပြီ။ ပြီးတော့ မင်းက နောက်ပိုင်းမှာလည်း အရာအားလုံးကို ပိုင်ဆိုင်နိုင်ဖို့ အခွင့်အရေး ရှိလာနိုင်တယ်။ သိုင်းပညာရှင်အထွဋ်အထိပ်မှာရှိတဲ့ မြင်ကွင်းတွေက ဘယ်လောက်ပဲ ကြီးကျယ်ခမ်းနားပါစေ။ မင်းက ဒီအဆင့်ငယ်လေးတွေကို မတက်လှမ်းနိုင်ဘူးဆိုရင် ဘယ်တော့မှရမှာ မဟုတ်ဘူး….”
ကျူးဟယ်က ချန်းပင်အန်းကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး ချီးကျူးလိုက်သည်။
“မင်းရဲ့ခန္ဓာကိုယ်က ကောင်းကောင်းကြီး လေ့ကျင့်ထားခဲ့တာ တော်တော်လေးကို ကောင်းတယ်။ မင်းရဲ့ခန္ဓာကိုယ် အချိုးအဆစ်ကလည်း မွေးလာကတည်းက ဆေးရည်တွေနဲ့ နေ့တိုင်းရေချိုးနေတဲ့ လူချမ်းသာသခင်လေးတွေထက်တော့ မနိမ့်ဘူး။ မင်းက ဘာတွေကြုံခဲ့ရလဲဆိုတာကို ငါ မသိပေမဲ့ အခုချိန်မှာတော့ မင်းက သစ်သားသန္ဓေသားအဆင့်ကို ရောက်နေပြီ။ အဲဒါက ရွှံ့သန္ဓေသားအဆင့်ပြီးရင် ရောက်လာတဲ့ သိုင်းပညာရှင် ဒုတိယအဆင့်ပဲ။ မင်းရဲ့ခန္ဓာကိုယ်ထဲမှာရှိနေတဲ့ ချီစွမ်းအင်တွေက ဘာလို့အခုချိန်ထိ နေထိုင်ဖို့ သွေးကြောမှတ် မတွေ့သေးတာလဲဆိုတာတော့ ငါလည်း ရှင်းမပြနိုင်ဘူး။ ဒါပေမဲ့ မင်းရဲ့ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ သွေးကြောတွေကတော့ အဆင့်(၂)ကို ရောက်နေပြီ။ ဒါပေမဲ့ မင်းက အဆင့်(၂)အထွဋ်အထိပ်ကို ရောက်ဖို့တော့ အလှမ်းဝေးနေသေးတယ်…”
ချန်းပင်အန်းကတော့ ကျူးဟယ် သင်ကြားပေးသော အဖိုးမဖြတ်နိုင်သည့် ဗဟုသုတများကို ဂရုတစိုက်နားထောင်နေခဲ့သည်။ ကျူးဟယ်က အလွန်ထူးခြားသော ဆရာတစ်ယောက်ဖြစ်ကြောင်း လီကလန်မျိုးနွယ်ခေါင်းဆောင်ကပင် ချီးကျူးထားခဲ့၏။
သူက ဆက်ပြောလိုက်သည်။
“သစ်သားသန္ဓေသားအဆင့်က အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့အဆင့်ပဲ။ ဒီအဆင့်မှာ ဘယ်လောက်ဝေးဝေးသွားနိုင်မလဲ ဆိုတာက မင်းရဲ့ပါရမီအပေါ် မူတည်နေတာ မဟုတ်ဘူး။ အဲဒီအစား အခက်အခဲတွေကို ဘယ်လောက်ထိ ခံနိုင်ရည်ရှိလဲဆိုတဲ့ အရည်အချင်းအပေါ်ပဲ မူတည်နေတာ။ တာ့လီအင်ပါယာရဲ့ လမ်းမကြီးတွေအကြောင်း အိုက်လျန်က ရှင်းပြခဲ့တယ် မဟုတ်လား…”
ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်သည်။
“အဲဒီအရာက သိုင်းပညာနဲ့ တစ်ခုခုများ ပတ်သက်နေလို့လား..”
ကျူးဟယ်က ထင်းများကို မီးပုံထဲသို့ ထိုးထည့်လိုက်ပြီး သိုင်းပညာကျင့်ကြံမှုနှင့် ပတ်သက်သော သဘောတရားများကို ရိုးရိုးရှင်းရှင်း နားလည်နိုင်အောင် မည်သို့ရှင်းပြရမည်နည်းဟု စဉ်းစားနေခဲ့၏။ စကားလုံးများကို ခဏကြာစဉ်းစားပြီးနောက် သူက အပြုံးနှင့် ပြောလိုက်သည်။
“ငါတို့ရဲ့ခန္ဓာကိုယ်ထဲမှာရှိတဲ့ သွေးကြောတွေက လမ်းမကြီးတွေလိုပဲ။ မြင်းလှည်းတွေ လွတ်လွတ်လပ်လပ် ဖြတ်သန်းသွားလာနိုင်ဖို့အတွက် ငါတို့က တောင်ကြားလမ်းတွေ ဖောက်ရတယ်။ မြစ်ချောင်းတွေပေါ်မှာ တံတားတွေ ခင်းရတယ်။ တချို့လူတွေက ပျင်းရိနေတော့ အခက်အခဲတွေကို ခံနိုင်ရည်မရှိကြဘူး။ ဒါကြောင့် သူတို့က လမ်းကျဉ်းကျဉ်း၊ တံတားကျဉ်းကျဉ်းပဲ တည်ဆောက်ကြတယ်။ ဒါက သူတို့ရဲ့ရည်ရွယ်ချက်တွေကို ဖြတ်တောက်ပစ်လိုက်ပြီး သူတို့က သိုင်းပညာလမ်းကြောင်းကို ဝေးဝေးရောက်လာလေလေ၊ သူတို့ရဲ့ ဖြတ်လမ်းနည်းတွေကြောင့် ပိုပြီးတော့ ကန့်သတ်ခံရလေလေပဲ…”
“အဲဒီအရာက တိုင်းပြည်(၂)ခုကြားထဲမှာ တိုက်ပွဲဖြစ်နေသလိုပဲ။ အဲဒီလိုတိုက်ပွဲမျိုးမှာ အချိန်က အရေးပါတယ်။ မင်းဆီမှာ တကမ္ဘာလုံးကို သိမ်းနိုင်တဲ့ ရဲမက်တွေ၊ မြင်းတွေ ရှိနေရင်တောင် မင်းရဲ့လမ်းကြောင်းတွေက မင်းရဲ့တပ်ဖွဲ့ဖြတ်သွားဖို့ အရမ်းကျဉ်းနေမယ်ဆိုရင် ဘာလုပ်နိုင်မှာလဲ…”
“ဒါလည်း အဓိပ္ပာယ်ရှိတာပဲ…”
ချန်းပင်အန်းက နားလည်သွားသည့် အမူအရာနှင့် ပြောလိုက်သည်။
“ဒါကြောင့်လည်း ဒီအဆင့်ကို တောင်ဖောက်ခြင်းအဆင့်လို့လည်း ခေါ်ကြတယ်။ အဲဒီအရာက လူတစ်ယောက်ရဲ့ စိတ်ရှည်သည်းခံနိုင်စွမ်းကို စမ်းသပ်တဲ့ စစ်ဆေးမှုတစ်ခုပဲ။ မောက်မာရိုင်းစိုင်းတဲ့ ကျင့်ကြံသူတွေက ငါတို့သိုင်းပညာရှင်တွေကို အဆင့်နိမ့်တယ်လို့ သတ်မှတ်ရတဲ့ အဓိကအကြောင်းပြချက်တွေထဲက တစ်ခုကတော့ သိုင်းပညာရှင်တွေက ဒီအဆင့်မှာ အရမ်းကို ကြိုးစားအားထုတ်ရတဲ့အတွက်ကြောင့်ပဲ။ ဒီအဆင့်ကို ဖြတ်ကျော်နိုင်ဖို့အတွက် သိုင်းပညာရှင်တွေက နည်းနည်းလေးတောင် ပျင်းရိနေလို့ မရဘူး။ ပြောရမယ်ဆိုရင် ငါတို့က စပါးကောင်းထွက်ချင်နေတဲ့ လယ်သမားတွေလိုပဲ။ ငါတို့ရဲ့ဦးတည်ချက်ကတော့ ကြိုးစားအားထုတ်မှပဲ ရနိုင်တယ်..”
“အခက်အခဲတွေကို ခံနိုင်ရည်ရှိတာနဲ့ ပတ်သတ်ရင် ကျွန်တော်က အဆင်ပြေပါတယ်။ အနည်းဆုံးတော့ ကျွန်တော်က ဒီနယ်ပယ်မှာ သာမန်လူတစ်ယောက်ထက် နိမ့်ကျမှာ မဟုတ်ဘူး…”
ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်သည်။
ထိုစကားကို ကြားသည့်အခါ ကျူးဟယ်က ပြန်ပြောစရာစကားလုံး မရှိခဲ့ချေ။ အကယ်၍ ချန်းပင်အန်းက အခက်အခဲများကို ရင်ဆိုင်နိုင်သော စွမ်းရည်အပေါ် ယုံကြည်ချက်ရှိနေလျှင်ပင် လူတိုင်းတွင် ထိုသို့ရှိနိုင်မည်လော။ ကျူးဟယ်၏ မျက်နှာပေါ်တွင် တည်ငြိမ်သော အမူအရာတစ်ခုပေါ်လာပြီး ဆက်ပြောလိုက်၏။
“မင်း သေချာမှတ်ထားဖို့ ကိစ္စတစ်ခုရှိတယ်။ အဲဒါကတော့ ကြိုးစားတယ်ဆိုတာက ကောင်းတဲ့အရာတစ်ခုပဲ။ ဒါပေမဲ့ ဒီအဆင့်မှာ တည်ငြိမ်တဲ့အုတ်မြစ်တစ်ခုကို တည်ဆောက်ရမယ်။ မင်းက ဒီနေရာမှာ အချိန်အကြာကြီး ပိတ်မိနေလို့မရဘူး။ တာအိုပညာရှင်တွေရဲ့ မူလပြန်ရောက်ခြင်း သဘောတရားက ရိုးရှင်းမှုကို သွားတယ်။ ဘာလို့လဲဆိုတော့ သူတို့ရဲ့ဘဝမှာ အစောပိုင်းအဆင့်တွေက အရမ်းကိုရိုးရှင်းပြီး သန့်စင်နေလို့ပဲ။ တဖြည်းဖြည်း ကြာလာတာနဲ့အမျှ အဲဒီသန့်စင်မှုတွေက တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး ဒီကမ္ဘာကြီးထဲမှာ အဆိုးမြင်ခံစားချက်တွေ၊ မကောင်းတဲ့စွမ်းအားတွေပဲ ဖုံးလွှမ်းလာခဲ့တယ်…”
“ဒါက လက်ဖက်ပင်တစ်ပင် စိုက်သလိုမျိုးပဲလေ။ အပင်ရဲ့အနားမှာ ပေါင်းပင်တွေ ကြီးထွားမလာအောင် အကောင်းဆုံး ကြိုးစားရမယ်။ ပုံမှန်အားဖြင့် ပြောရမယ်ဆိုရင်တော့ မင်းက အသက်(၁၆)နှစ် မရောက်ခင် အဆင့်(၃) ပြဒါးမှန်အဆင့်ကို ဖြတ်ကျော်ဖို့အတွက် ကြိုးစားရလိမ့်မယ်။ အနည်းဆုံးတော့ မင်းက အသက်(၁၈)နှစ်မတိုင်ခင် အဲဒီအဆင့်ကိုရောက်မှ ဖြစ်မယ်…”
“မင်းက အဲဒီအဆင့်ကို ရောက်သွားရင် မင်းရဲ့ချီစွမ်းအားတွေက ပိုပြီးအစွမ်းထက်လာတဲ့အပြင် မင်းရဲ့သွေးတွေကလည်း ပြဒါးတွေလို စေးကပ်လာလိမ့်မယ်။ တချိန်တည်းမှာ မင်းရဲ့ခန္ဓာကိုယ်က ပိုပြီးပေါ့ပါးလာလိမ့်မယ်။ မင်းရဲ့အရိုးတွေကလည်း ပိုပြီးကြံ့ခိုင်သန်စွမ်းလာလိမ့်မယ်။ ချီနဲ့သွေးတွေက စစ်သူကြီး တစ်ယောက်ရဲ့လက်အောက်မှာရှိတဲ့ ရဲမက်တွေလိုပဲ။ ဒါကြောင့် မင်းက တပ်မှူးတစ်ယောက်လို သူတို့တွေ ကြောက်စရာကောင်းပြီး အစွမ်းထက်လာအောင် လုပ်ပေးဖို့လိုအပ်တယ်။ သူတို့တွေက အားနည်းတဲ့ ငကြောက်ကလေးတွေ ဖြစ်မသွားစေနဲ့။ အဲဒါက အဓိပ္ပာယ်ရှိတယ် မဟုတ်လား…”
ချန်းပင်အန်းက သူယက်လုပ်နေသော မြက်ဖိနပ်လေးများကိုငုံ့ကြည့်လိုက်သည်။ သူက အနည်းငယ် ရှက်ရွံ့စွာ ပြန်ဖြေလိုက်၏။
“နားလည်ပါတယ်…”
ထိုအရာကိုမြင်သည့်အခါ ကျူးဟယ်က တွေးတောနေခဲ့၏။ သူက ပြုံးလိုက်သည်။
“မင်းက အဆင့်(၂)အထွဋ်အထိပ်ကို ရောက်သွားတဲ့အချိန်ကျရင် မင်းရဲ့အရေပြားမျှင်တွေနဲ့ ကြွက်သားတွေက ပိုပြီးတော့ သန်မာလာလိမ့်မယ်။ အဲဒါက ရတနာတွေပေါ်မှာ ကျင့်ကြံသူတွေ ရေးဆွဲထားတဲ့ မှော်အင်းကွက်တွေရဲ့ အကျိုးသက်ရောက်မှုလိုပဲ။ မင်းရဲ့သွေးကြောတွေ ပွင့်သွားတဲ့အချိန်ကျရင် မင်းရဲ့လမ်းကြောင်းက ပိုကျယ်လာလိမ့်မယ်။ ဒါကြောင့် မင်းက ကျင့်ကြံမှုလမ်းကြောင်းမှာ ပိုပြီးတိုးတက်နိုင်တဲ့ အခွင့်အလမ်းတစ်ခု ရှိလာနိုင်တယ်..”
“အဆင့်(၃) အထွဋ်အထိပ်အတွက်ကတော့ အရမ်းကို အရေးပါတဲ့နယ်မြေတစ်ခုပဲ။ မင်းက အဲဒီကိုရောက်ဖို့ဆိုရင် ကပ်ဘေးတစ်ခုကို ဖြတ်ကျော်ဖို့ လိုအပ်တယ်။ အဲဒီကပ်ဘေးကတော့ သိုင်းပညာရှင်တွေအခေါ်အရ ရွှံ့ရုပ်ထုမြစ်ဖြတ်ကူးခြင်းဆိုတဲ့ကပ်ဘေးလို့ သတ်မှတ်နိုင်တယ်။ အသေးစိတ် အချက်အလက်တွေကတော့ အရမ်းကို ထူးခြားနေတဲ့အတွက် ဒီကိစ္စကို ပြောဖို့အတွက် အကောင်းဆုံး မဟုတ်သေးဘူး…”
“လူတစ်ယောက်ချင်းဆီမှာ ကိုယ်ပိုင်ကံကြမ္မာတွေ ရှိကြတယ်။ ငါ့ရဲ့အတွေ့အကြုံတွေကို မင်းဆီ သင်ကြားပေးလိုက်တာက ကောင်းတာထက် ဆိုးတာတွေပဲ ပိုပြီးတော့ဖြစ်လာစေလိမ့်မယ်…”
ချန်းပင်အန်းက ကျူးဟယ် ပြောသောအရာများအားလုံးကို သေချာမှတ်သားထားခဲ့သည်။ ကျူးဟယ်က ဆက်ပြောလိုက်၏။
“ပထမအဆင့်(၃)ဆင့်က ခန္ဓာကိုယ်သန့်စင်မှုနဲ့ ပတ်သက်တယ်။ ဒါကြောင့် လေ့ကျင့်ရတာ ပိုပြီးအဆင်ပြေတယ်။ ဒါပေမဲ့ အဲဒီနောက်မှာရှိတဲ့ အဆင့်(၃)ဆင့်ကတော့ ပိုပြီးတော့ ရှုပ်ထွေးတယ်။ သူတို့တွေက မင်းရဲ့စိတ်ဝိညာဉ် အာရုံခံနိုင်စွမ်း တိုးတက်မှုနဲ့ ဖြစ်စဉ်အပေါ် သတ္တိရှိမှုတွေ ပါဝင်နေတယ်…”
ထိုအသိပညာများကို ချန်းပင်အန်းဆီသို့ ပြောပြလိုက်ပြီးနောက် ကျူးဟယ်က တစ်ယောက်တည်း လေးလေးနက်နက် စဉ်းစားနေခဲ့သည်။ သူက အနက်ရောင်မြွေနှင့် တိုက်ပွဲမှ အတော်လေးကို အကျိုးအမြတ်ရှိခဲ့၏။ သူ တိုက်ပွဲထဲမှ ရရှိခဲ့သော အရာများကို ပြန်လည်သုံးသပ်ရမည်ဖြစ်သည်။
ချန်းပင်အန်းက သူ့ကို မနှောင့်ယှက်ရဲပေ။ သူလည်း ကျူးဟယ် ပြောပြသောအရာများအားလုံးကို သေချာစဉ်းစားနေခဲ့၏။
အချိန်တော်တော်ကြာပြီးမှသာ ကျူးဟယ်က သတိပြန်ဝင်လာပြီး အပြုံးနှင့် ပြောလိုက်သည်။
“မင်းက ချီသန့်စင်မှု အဆင့်(၃)ဆင့်ကို ရောက်တဲ့အချိန်ကျရင်တော့ တိုးတက်မှုက အလိုလို ဖြစ်လာလိမ့်မယ်။ မင်းက အဆင့်တစ်ဆင့်ကိုရောက်တဲ့အချိန်ကျရင် ဘာလုပ်ရမယ်ဆိုတာ အလိုလိုနားလည်သွားမှာပဲ။ အဲဒီအဆင့်မှာတော့ တခြားလူတွေက အသုံးဝင်တဲ့ လမ်းညွှန်မှုမျိုးပေးဖို့ တော်တော်ခက်တယ်။ ပြီးတော့ အစစ်အမှန် လမ်းညွှန်မှုဆိုတာက ယေဘုယျအကြံပေးချက်တွေထဲကနေ လုံးဝရမလာနိုင်ဘူး။ မင်းကိုယ်တိုင် အစစ်အမှန်လမ်းကြောင်းတစ်ခုကို ရှာတွေ့ပြီး တတိယလူတစ်ယောက်ရဲ့အမြင်ကနေ ကြည့်မှပဲ တချို့အရာတွေကိုရှင်းပြနိုင်လိမ့်မယ်..”
“ချီစွမ်းအင်သန့်စင်မှုမှာ ကျင့်ကြံသူတွေနဲ့ ယှဉ်လိုက်ရင် သိုင်းပညာရှင်တွေက အမြဲတမ်း ဆန့်ကျင်ဘက်လမ်းကြောင်းကို ရွေးချယ်ကြတယ်။ နောက်ပိုင်းကျရင်တော့ မင်းက အဲဒီအရာတွေကိုနားလည်သွားပါလိမ့်မယ်…”
ပြောနေရင်း ကျူးဟယ်၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားသည့် အမူအရာတစ်ခု ပေါ်လာခဲ့သည်။
“မင်းကို ဒါတွေပြောဖို့ အရမ်းစောသေးတယ်ဆိုတာ ငါသိတယ်။ ဒါပေမဲ့ မင်းက သိုင်းပညာလမ်းကြောင်းမှာ ဒဏ္ဍာရီထဲက နောက်ဆုံးအဆင့်(၃)ဆင့်ကို ရောက်နိုင်မယ်လို့ မျှော်လင့်ပြီး ငါက မင်းကိုပြောပြနေတာ။ ဒီအရာတွေကို သိထားတာက ကောင်းပါလိမ့်မယ်။ ဒါဆိုရင် နောက်ပိုင်း သိုင်းပညာရှင်တစ်ယောက်ကို ရန်စနေတဲ့ ကျင့်ကြံသူတိုင်းကို တုံ့ပြန်နိုင်ပြီ…”
“အဆင့်(၇)ဆိုတာက ရွှေခန္ဓာ အဆင့်ပဲ။ မင်းက အဲဒီအဆင့်ကို ရောက်သွားရင် အဆင့်နိမ့် သိုင်းသခင်တစ်ယောက် တရားဝင်ဖြစ်လာပြီ။ အဲဒီအဆင့်မှာတော့ မင်းက ဗုဒ္ဓအယူအဆအရ ဖျက်ဆီးလို့မရတဲ့ ခန္ဓာကိုယ်တစ်ခုကို ပိုင်ဆိုင်ထားလိမ့်မယ်။ တာအိုသခင်တွေကတော့ အဲဒီအရာကို အစက်အပျောက်မဲ့ ခန္ဓာကိုယ်လို့ သတ်မှတ်ကြတယ်။ ပြီးတော့ သိုင်းပညာရှင်တွေက သူတို့ရဲ့ခန္ဓာကိုယ်ကို စစ်ဆေးကြည့်တာမျိုး မလုပ်နိုင်အောင် ကြိုးစားနိုင်တဲ့ နည်းလမ်းတွေလည်း ရှိတယ်..”
“အဆင့်(၈)ဆိုတာကတော့ လေလွင့်သိုင်းပညာရှင်အဆင့်ပဲ။ အဲဒီအဆင့်မှာရှိတဲ့ သိုင်းပညာရှင်တွေက လေလှိုင်းတွေလို ပျံသန်းနိုင်ကြတယ်။ ဒါကြောင့် ဒီအဆင့်ကို လေလွင့်သိုင်းပညာရှင်အဆင့်လို့ ခေါ်ကြတာ။ ငါတို့လို သိုင်းပညာရှင်တွေက ကြမ်းတမ်းပြီး မသန့်စင်ဘူးလို့ ဘယ်သူကပြောလဲ။ လေလွင့်သိုင်းပညာရှင်အဆင့်က အရမ်းကို အံ့ဩစရာကောင်းတဲ့နာမည်တစ်ခုပဲ….”
“အဆင့်(၉)နဲ့ နောက်ဆုံးအဆင့်ကတော့ အထွဋ်အထိပ်အဆင့်ပဲ။ မင်းနဲ့ငါက အခုသွားစားပွဲတောင်ရဲ့တောင်ထိပ်ပေါ်မှာ ရောက်နေသလိုမျိုးပဲ။ တောင်ထိပ်ပေါ်ကို ရောက်တဲ့သူတိုင်းက တောင်အောက်မှာရှိတဲ့ တခြားသူတွေကို ငုံ့ကြည့်နိုင်တယ်။ ဒီအဆင့်ကို ရောက်နေတဲ့သိုင်းပညာရှင်တွေက တောင်တန်းသခင်အဆင့်ကို ရောက်သွားကြပြီ။ သူတို့က သိုင်းပညာလမ်းကြောင်းရဲ့ အမြင့်ဆုံးအဆင့်ကိုလည်း ရောက်သွားကြပြီ…”
ကျူးဟယ်က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။
ထို့နောက် သူက အလွန်စိတ်လှုပ်ရှားနေသော အမူအရာနှင့် မီးဖိုကိုပတ်၍ လျှောက်နေခဲ့သည်။ သူက လက်သီးဆုပ်ပြီး ဆက်ပြောလိုက်၏။
“တောင်တန်းသခင်တွေက တောင်တန်းတွေကို ရွှေ့ပစ်ပြီး ပင်လယ်ကြီးတွေကို ထက်ပိုင်းဖြတ်တဲ့ အလုပ်မျိုး မလုပ်နိုင်ပေမဲ့ သူတို့ရဲ့လက်သီးနဲ့ မြို့နံရံတွေကို ဖျက်ဆီးပစ်နိုင်တယ်။ မြစ်တွေကို လက်ဝါးနဲ့ ထက်ခြမ်းခွဲပစ်နိုင်တယ်။ သူတို့ရဲ့ခန္ဓာကိုယ်က ကြောက်စရာကောင်းတဲ့ စွမ်းအားတွေ ပြည့်နေတဲ့ အကာအကွယ်တွေလို ကာကွယ်ပေးနိုင်တယ်။ သူတို့က ရန်သူတပ်ဖွဲ့ကြီးတစ်ဖွဲ့လုံးကိုတောင် ရင်ဆိုင်နိုင်တယ်။ သူတို့ရဲ့ခန္ဓာကိုယ်တွေက ဗုဒ္ဓရသေ့ကြီးတွေထက်တောင် ပိုပြီးတော့ အစွမ်းထက်တယ်။ တကယ်လို့ ကျင့်ကြံသူတစ်ယောက်က သူတို့နဲ့ပေ(၁၀၀)အတွင်း ရောက်လာရဲတဲ့သတ္တိရှိရင်တောင် သူတို့ဆီမှာ အဆင့်မြင့် အကာအကွယ်ရတနာတွေမရှိရင် သေဆုံးသွားနိုင်တယ်…”
ကျူးဟယ်၏မျက်လုံးထဲတွင် မျှော်လင့်ချက်များနှင့် ပြည့်နှက်လာခဲ့သည်။ သူ၏သွေးများကလည်း ဆူပွက်လာပြီး ချန်းပင်အန်းကို ငုံ့ကြည့်နေသော သူ့ဆီတွင်လည်း အလားတူခံစားချက်များ ရှိပုံရ၏။
သူက ဆက်ပြောလိုက်သည်။
“စဉ်းစားကြည့်လိုက်စမ်း။ တကယ်လို့ မင်းကသာ တောင်တန်းသခင် တစ်ယောက် ဖြစ်လာမယ်ဆိုရင် ကမ္ဘာကြီးတစ်ခုလုံးက မင်းရဲ့ခြေထောက်အောက်ကို ရောက်လာလိမ့်မယ်။ မင်းက အင်မော်တယ်တွေကို ငုံ့ကြည့်နိုင်ပြီး ရှင်ဘုရင်တွေကလည်း မင်းကို ခစားလာရလိမ့်မယ်…”
ချန်းပင်အန်းက အနည်းငယ်အိုးတိုးအန်းတမ်းဖြစ်သလို ခံစားလိုက်ရ၏။ သူက မည်သို့ပြန်ဖြေရမှန်းမသိခဲ့ချေ။ လက်ရှိအချိန်တွင်တော့ သူ့စိတ်တစ်ခုလုံးတွင် လမ်းလျှောက်သည့်လေ့ကျင့်ခန်း၊ လက်သီးသိုင်း လေ့ကျင်မှုများနှင့်သာ ပြည့်နေခဲ့သည်။ သူ့စိတ်ထဲတွင်တော့ သူသာ ထိုအရာများကို အားကြိုးမာန်တက် လေ့ကျင့်မည်ဆိုလျှင် အဆင့်(၃)ကို ရောက်နိုင်မည်ဟု ခံစားမိနေခဲ့သည်။
ထိုအရာထက် ကျော်လွန်နေသော အရာများကတော့ သူ စဉ်းစားရန် အလွန်ဝေးကွာနေသေး၏။ မည်သို့ဖြစ်စေကာမူ နင်ယောင် သူ့ကို တာဝန်ပေးခဲ့သော လက်သီးသိုင်းကို အကြိမ်တစ်သန်းခန့် လေ့ကျင့်ခိုင်းသည့်အရာကသာ သူ့ခေါင်းထဲတွင် စွဲမြဲနေခဲ့၏။
ကျူးဟယ် ထွက်ခွာသွားသည့်အချိန်တွင်ပင် သူကတော့ အလွန်စိတ်လှုပ်ရှားနေသလို ခံစားနေရသေးသည်။ ချန်းပင်အန်းက နောက်တွင် ကျန်နေပြီး မြက်ဖိနပ်များကိုဆက်၍ ယက်လုပ်နေခဲ့၏။
နောက်တစ်နေ့ အရုဏ်တက်ချိန် အိုက်လျန်က အိပ်ချင်မူးတူးနှင့် နိုးလာသည့်အချိန်တွင် ချန်းပင်အန်းက ကမ်းပါးပေါ်တွင် လမ်းလျှောက် လေ့ကျင့်နေကြောင်း တွေ့လိုက်ရသည်။ လေများ တိုက်ခတ်နေသော်လည်း သူက တကိုယ်လုံးချွေးများ စိုရွှဲနေခဲ့၏။
ထိုအချိန်တွင် လူရိပ်တစ်ခုက အိုက်လျန်ကိုဖြတ်ကျော်သွားခဲ့ပြီး ချန်းပင်အန်း၏ ဘေးကိုသွား၍ လေ့ကျင့်မှုကို ကူညီပေးနေခဲ့သည်။ အိုက်လျန်က အရက်တစ်ငုံ သောက်လိုက်ပြီးနောက် ဘူးသီးခြောက်ကို ခါးတွင် ချိတ်လိုက်ပြီး သူလည်း လျှောက်သွားခဲ့၏။
သိပ်မကြာခင် သူ့နားထဲ၌ လီပေါင်ဖျင်၏အသံကိုကြားလိုက်ရသည်။
“အိုက်လျန် …
ရှင့်ရဲ့ပုံစံကမမှန်ဘူး။ ရှင့်ရဲ့လက်မောင်းက ကွေးနေတယ်…”
“အိုက်လျန် …
ရှင့်ရဲ့ခြေလှမ်းက အရမ်းကြီးတယ်။ ရှင်က ခြေလှမ်းကို နည်းနည်းကျဉ်းဖို့လိုတယ်။ ကျွန်မက မှားတဲ့ဟာတွေ သင်ပေးတာ မဟုတ်ဘူးဆိုတာ သေချာတယ်။ တကယ်လို့ မယုံဘူးဆိုရင် ဦးလေးငယ်ကို ကြည့်လိုက်။ သူ့ရဲ့ခြေလှမ်းတွေက တော်တော်လေးကို တည်ငြိမ်နေပြီ…”
“အိုက်လျန် …
ရှင်က ဒီလိုမျိုး စိတ်မပါလက်မပါ လုပ်နေမယ်ဆိုရင် ကျွန်မက အော်မိတော့မယ်…”
နောက်ဆုံးတွင်တော့ အိုက်လျန်က ဆက်၍မနေနိုင်တော့ဘဲ ပြောလိုက်သည်။
“လီပေါင်ဖျင် …
မနေ့တုန်းက တိုက်ပွဲကို မမြင်ခဲ့ဘူးလား။ ငါက ထူးထူးခြားခြား အစွမ်းထက်တဲ့ ဓားသမားတစ်ယောက်ဆိုတာ နားမလည်ဘူးလား…”
လီပေါင်ဖျင်ကတော့ လမ်းလျှောက်လေ့ကျင့်မှုကိုသာ စိတ်လိုလက်ရလေ့ကျင့်နေပြီး ခေါင်းညိတ်၍ ပြောလိုက်သည်။
“ကျွန်မ သိတယ်လေ။ ဒါပေမဲ့ လက်သီးသိုင်းကို လေ့ကျင့်တဲ့နေရာမှာတော့ ဖြတ်လမ်းနည်း မရှိဘူး။ လူတိုင်းက သူတို့ကျွမ်းကျင်တဲ့အရာတွေကို လုပ်နိုင်တယ်လို့ ဆရာချီက ပြောခဲ့တယ်။ ဒါကြောင့် ရှင်က ဘာမှရှက်နေစရာ မလိုဘူး။ ဖြည်းဖြည်းပဲလုပ်ပါ။ ကျွန်မက ရှင့်ကိုမရယ်ဘူးလို့ ကတိပေးတယ်…”
အိုက်လျန်က ဒေါသတကြီး ပြောလိုက်၏။
“ငါက ဒီလက်သီးသိုင်းကို မလေ့ကျင့်ချင်ဘူး…”
အိုက်လျန်က ပြန်လှည့်သွားလိုက်ရာ လီပေါင်ဖျင်က ချစ်စရာမျက်လုံးလေးများနှင့် စိုက်ကြည့်နေကြောင်း တွေ့လိုက်ရသည်။ သူ့ကြောင့် လီပေါင်ဖျင်က ပို၍ပင် ရယ်ချင်နေခဲ့၏။ လီပေါင်ဖျင်က ချက်ချင်းပင် အဝေးကိုပြန်လှည့်သွားပြီး သူ့ကို လျစ်လျူရှုလိုက်သည်။
ချန်းပင်အန်း၏ မျက်နှာပေါ်တွင်တော့ အပြုံးလေးတစ်ခု ပေါ်လာခဲ့၏။
အိုက်လျန်က ချန်းပင်အန်းနှင့် လီပေါင်ဖျင်တို့ကို အဝေးမှ လှမ်းကြည့်နေပြီး သူ့မျက်နှာပေါ်တွင်လည်း ကျေနပ်သည့် အပြုံးတစ်ခု ပေါ်လာခဲ့သည်။
ထိုနေ့က အလွန်လှပသော နေ့တစ်နေ့ဖြစ်ပြီး နေလုံးကြီးက ဖြည်းညင်းစွာ မြင့်တက်လာနေခဲ့၏။ လေပြည်လေညင်းလေးများကလည်း တိုက်ခတ်လာနေခဲ့သည်။
Translated by Hein Htet.