← Chapters

အခန်း (၁၀၆)

Vol. 8 Ch. 106

အခန်း (၁၀၆)

Vol. 8 Ch. 106

အစိမ်းရောင်ဝါးပင်က ရုတ်တရက် ထောင်မတ်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အိုက်လျန်က တောင်ထိပ်သခင်၏အနားသို့ ခုန်ဆင်းလာခဲ့ခြင်းကြောင့် ဖြစ်၏။ သူက တိုးတိုးလေး ပြောလိုက်သည်။

“ငါက အင်မော်တယ်လောင်းကစားသမား တစ်ယောက်ဖြစ်ချင်ဖြစ်လိမ့်မယ်။ ဒါပေမဲ့ မင်းကလည်း ကံကောင်းတဲ့ လောင်းကစားသမားတစ်ယောက်ပဲ…”

ဝေ့ပို၏မျက်နှာက စာရွက်တစ်ရွက်ကဲ့သို့ စွတ်စွတ်ဖြူလာပြီး သူ၏မျက်နှာအမူအရာကတော့ အနည်းငယ်လေးပင် စိတ်အေးသွားခဲ့ခြင်း မရှိပေ။ သူက ကံဆိုးမှုမှ အသက်ရှင် လွတ်မြောက်လာပြီး ကျန်‌ရှိနေသော ဝါးတောတစ်ဝက်ကို ထိန်းသိမ်းထားနိုင်သော်လည်း အဝေးတွင် ခေါင်းပြတ်နေသော အဖြူရောင်မြွေကိုကြည့်၍ သူ့ရင်ထဲတွင် အလွန်ရှုပ်ထွေးသော ခံစားမှုများ ထွက်ပေါ်လာခဲ့၏။

သူတို့က နှစ်ရာပေါင်းများစွာ အိမ်နီးချင်းများ ဖြစ်နေခဲ့သည်။ သူတို့က အချင်းချင်း ရန်လိုနေကြသော အိမ်နီးချင်းများ ဖြစ်ကြသော်လည်း အတော်လေးကို တည်ငြိမ်အေးချမ်းခဲ့သည်။ အနည်းဆုံးတော့ သူတို့က သူသေကိုယ်သေတိုက်ပွဲမျိုး လုံးဝမတိုက်ခိုက်ခဲ့ရပေ။

ယနေ့အချိန်ထိ အဖြူရောင်စပါးအုံးမြွေက အခွင့်အရေးများ ပြည့်နှက်နေသော ကျင့်ကြံရေးလမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေသေးသည်။ သို့သော် လူတစ်ယောက်၏ ပြင်းထန်သော ဓားဆန္ဒများကြောင့် သူ၏ဦးခေါင်းက ပြတ်သွားခဲ့ရ၏။ ထို့ကြောင့် ဝေ့ပိုက မည်မျှထိတ်လန့်အံ့ဩနေကြောင်း အလွယ်တကူ ခန့်မှန်းကြည့်၍ပင် ရနိုင်သည်။

သူက သက်ပြင်းချပြီး စိတ်ပျက်လက်ပျက်နှင့် ဦးညွှတ်လိုက်၏။

“စီနီယာ...

စီနီယာ ပြောတာမှန်တယ်။ ကျွန်တော်က တခြားသူတွေအပေါ် အခွင့်အရေးယူဖို့ ကြိုးစားနေတဲ့ ရွံစရာ လူတစ်ယောက်ဖြစ်ခဲ့ဖူးတယ်။ ဒါပေမဲ့ ဒီနေ့ စီနီယာက ကျွန်တော့်ကို လမ်းမှန်ပေါ်တင်ပေးခဲ့တယ်။ စီနီယာအိုက်လျန် ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ အခုကျွန်တော်က အရမ်းကြောက်သွားပါပြီ။ ကျွန်တော်က နောက်ထပ်မကောင်းတဲ့အတွေးတွေ ပေါ်မလာရဲတော့ပါဘူး။ ကျေးဇူးပြုပြီး ကျွန်တော့်ကို စိတ်ကြိုက်အမိန့်ပေးပါ။ ကျွန်တော်က စီနီယာအိုက်လျန်ရဲ့ စကားလုံးတိုင်းကို သေချာပေါက်လိုက်နာပါ့မယ်…”

အိုက်လျန်က သူနှင့် ကစားပွဲတစ်ခု ဆက်လက်ကစားရန် စိတ်ဝင်စားခြင်း မရှိတော့ချေ။ သူက ခေါင်းညိတ်ပြီး ခါးတွင် ချိတ်ထားသော ဝါးဓားအိမ်ကို ငုံ့ကြည့်လိုက်၏။

“ငါ့အတွက် အရည်အသွေးကောင်းတဲ့ ဝါးတစ်ချောင်းယူပေး။ ငါက ဓားမောက်အသစ် တစ်ချောင်း လိုအပ်တယ်။ ဒါက မိတ်ဆွေအတွက် နှုတ်ဆက်လက်ဆောင်လို့ပဲ သတ်မှတ်လိုက်ပါ။ ပြီးတော့ မြေပေါ်ကို လဲကျသွားတဲ့ ဝါးတွေကိုရော ဘာလုပ်မှာလဲ။ အဲဒီဝါးတွေက အရမ်းများတယ်ဆိုတော့ ဒီ‌တိုင်းပစ်ထားလိုက်မယ်ဆိုရင် နှမြောဖို့ကောင်းတယ်…”

ဝေ့ပိုက မျက်နှာပျက်သွားသော်လည်း စိတ်ထဲတွင်သာ ပြန်ပြောရဲသည်။

“စီနီယာအိုက်လျန် …

ဒါက အသိစိတ်လွတ်သွားတယ်လို့ ခေါ်တာလား…”

အိုက်လျန်ကတော့ မေးစေ့ကို လက်နှင့်ပွတ်ပြီး ဆက်ပြောလိုက်သည်။

“ငါ့မိတ်ဆွေက ဆိုးရွားတဲ့ အပေးအယူတစ်ခုကို သဘောတူလိုက်ပြီး ကျန်တဲ့ ဝါးတောတစ်ဝက်ကို မင်းအတွက် ချန်ထားဖို့ သွယ်ဝိုက်တဲ့နည်းလမ်းနဲ့ ကူညီပေးခဲ့တယ်။ ဒီတော့ မင်းက သူ့ကိုပြန်ပြီး ကျေးဇူးသိတတ်ဖို့ အရေးကြီးတယ်။ မင်းက ဘယ်လိုသဘောရလဲ…”

ဝေ့ပိုက မချိပြုံး ပြုံးပြီး ပြန်ဖြေလိုက်၏။

“ဒါက သေချာပေါက် ကျွန်တော် လုပ်သင့်တဲ့အရာပါပဲ…”

ချန်းပင်အန်းက အဖြူရောင်စပါးအုံးမြွေ၏ အလောင်းဆီသို့ ပြေးသွားခဲ့ပြီး သူ၏လက်ထဲတွင် ကိုင်ထားသောဓားနှင့် ကျန်ရှိနေသော အတောင်ပံကို ဖြတ်ချလိုက်သည်။ ထိုအတောင်ပံက တလက်လက် တောက်ပပြီး ကြည်လင်နေခဲ့၏။ ထိုအရာက သူ့လက်မောင်းလုံးခန့် အရွယ်အစားရှိပြီး ကိုင်ကြည့်လိုက်မည်ဆိုလျှင် အေးစက်နေသည်။

နွေးထွေးသော နေရောင်ခြည်အောက်တွင် ထိုအတောင်ပံဆီမှ တလက်လက် တောက်ပသော အလင်းရောင်များ ဆက်လက်ထွက်ပေါ်လာခဲ့၏။ အစောပိုင်းတွင် အိုက်လျန်နှင့် စကားပြောခဲ့သည့်အတွက် ထိုအဖြူရောင်စပါးအုံးမြွေ၏ တန်ဖိုးအရှိဆုံး အစိတ်အပိုင်းက သူ၏သည်းခြေကျောက်နှင့် အတောင်ပံဖြစ်ကြောင်း သူ့ကို ပြောပြထားသည်။

အတောင်ပံတစ်ခုတည်းကပင် အလွန်ကောင်းမွန်သော ကံတရားတစ်ခုကို ပိုင်ဆိုင်ထားခဲ့၏။ ထို့ပြင် ထိုအရာက ဈေးကွက်တွင် လိုအပ်မှု များပြားသော်လည်း ပစ္စည်းကတော့ အလွန်နည်းပါးသည်။ အဖြူရောင်စပါးအုံးမြွေ၏ အရိုးနှင့် အကြောမျှင်များကတော့ အလွန်ရှားပါးပြီး တန်ဖိုးရှိသော အစိတ်အပိုင်းများဖြစ်၏။ သို့သော် သည်းခြေကျောက်၊ အတောင်ပံများနှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ ထိုအစိတ်အပိုင်းများ၏ တန်ဖိုးက ပြောပလောက်စရာပင် မရှိချေ။

ချန်းပင်အန်းက သူ့ဓားကို ခါးတွင် ပြန်ချိတ်လိုက်ပြီး ဝါးတောဆီသို့ ပြေးသွားလိုက်၏။ ထိုနေရာတွင် တောင်တန်းသခင်က ဆောင့်ကြောင့်ထိုင်ပြီး လက်နှစ်ဖက်နှင့် ဝါးတစ်ပင်ကို နှုတ်နေကြောင်း‌ မြင်လိုက်ရ၏။ မြေအောက်ထဲတွင် ရှိနေသော ဝါးပင်၏အမြစ်များက တဖြည်းဖြည်း ထွက်ပေါ်လာပြီး သူတို့ကို အတင်းအကြပ် ဆွဲထုတ်နေရသည်။ ထိုအချိန်တွင် ပတ်ပတ်လည်၌ ရှိနေသော မြေသားများကလည်း လေထဲသို့ ပါလာခဲ့၏။

ဝေ့ပိုက တကိုယ်လုံးချွေးများ စီးကျနေပြီး ချန်းပင်အန်းကို သတိလက်လွတ် လှည့်ကြည့်လိုက်မိသည်။ သူက ထိုဝါးပင်ကို မြေပေါ်သို့ ဂရုတစိုက် ချထားလိုက်ပြီး ခေါင်းမော့၍ ပတ်ပတ်လည်ကို‌ ကြည့်နေခဲ့၏။ အဆုံးတွင်တော့ သူက ကလေးတစ်ယောက်၏ လက်မောင်းလုံးခန့်ရှိသော အစိမ်းရင့်ရောင် ဝါးတစ်ပင်ကို ရွေးချယ်လိုက်သည်။

သူက သက်ပြင်းချပြီး ချန်းပင်အန်းကို မော့ကြည့်လိုက်၏။ ထို့နောက် အားတင်း၍ ပြောလိုက်သည်။

“မင်းရဲ့ဓားကို ခဏငှားပေးလို့ရမလား…”

ချန်းပင်အန်းက သူ့ဆီကို လျှောက်လာပြီး ဓားကျိုးကို တောင်တန်းသခင်ဆီသို့ ပေးလိုက်သည်။ ဝေ့ပိုက ဓားကိုယူလိုက်ပြီးနောက် သေချာဖြတ်တောက်လိုက်ပြီး အိုက်လျန်ဆီသို့ ပေးလိုက်သည်။

အိုက်လျန်က ခေါင်းခါပြီး ပြုံးလိုက်၏။

“ဒါကို ငါ့ရဲ့ဝါး‌ဓားမောက်လို ဖြစ်အောင်လုပ်ပေးပါ။ ပြီးတော့ မင်းက သွားစားပွဲတောင်ရဲ့နယ်စပ်ကို ရောက်တဲ့အချိန်မှပဲ မြည်းဖြူနဲ့အတူ ငါ့ကိုပြန်ပေးလို့ရတယ်…”

ဝေ့ပိုက ထိုတောင်းဆိုမှုကို ငြင်းဆန်ရဲခြင်း မရှိချေ။ ဓားကို ချန်းပင်အန်းဆီသို့ ပြန်ပေးလိုက်ပြီးနောက် သက်ပြင်းချပြီး ပြောလိုက်၏။

“တော်တော်ထက်တဲ့ဓားသွားပဲ…”

ချန်းပင်အန်းက ဓားသွားကို ယူလိုက်ပြီး ခဏကြာစဉ်းစား၍ ပြန်ဖြေလိုက်သည်။

“တကယ်လို့ မင်း လိုချင်တယ်ဆိုရင် ငါ မင်းကို ပေးလို့ရတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဓားကျိုးက သစ်ပင်တွေ ချုံပုတ်တွေကို ဖြတ်ဖို့ အသုံးမဝင်တော့ဘူး။ ဒီတော့ ငါ့အတွက် အသုံးမဝင်နိုင်တော့ဘူးလေ…”

“အဆင့်မြင့်တဲ့လူတစ်ယောက်က တခြားသူရဲ့ပစ္စည်းကို အခမဲ့ယူလို့မရဘူး…”

ဝေ့ပိုက အပြုံးနှင့် ပြောလိုက်၏။

“မင်းက ယူချင်နေတယ်။ ဒါပေမဲ့ အလကားယူရမှာလဲ ရှက်နေတယ် မဟုတ်လား…”

အိုက်လျန်က အပြုံးနှင့် မေးလိုက်သည်။

“ဒါဆိုရင် မင်းက ဝယ်လိုက်လို့ ရတယ်လေ။ မင်းက ချန်းပင်အန်းနဲ့ မျှတတဲ့ အပေးအယူတစ်ခု လုပ်လိုက်ပေါ့….”

ဝေ့ပိုက ချက်ချင်းပင် နားလည်သွားခဲ့၏။ သူက မတ်တပ်ရပ်လိုက်ပြီး လက်ခုပ်တီး၍ ချန်းပင်အန်းကို အပြုံးနှင့် ပြောလိုက်သည်။

“အရမ်းကိုကြီးမားတဲ့ ဝါးတောက ဝါးတောတစ်ခုလုံး ကြီးထွားမှုကို ပျက်စီးစေနိုင်တယ်ဆိုတာ တောင်တန်းထဲကို မကြာခဏ ဝင်လာကြတဲ့ ရွာသားတွေနဲ့ သစ်ခုတ်သမားတွေက သိထားတယ်။ သင့်တော်တဲ့အကွာအဝေးနဲ့ သိပ်သည်းမှုရှိမှပဲ ဝါးပင်တွေက ပိုပြီးမြင့်မြင့် ကြီးထွားနိုင်ကြတယ်။ ဒီအတွက်ကြောင့် ငါက ဝါးပင်တချို့ကို ဖြတ်ပစ်ခဲ့ရတယ်။ ပြီးတော့ ဒီဝါးတောရဲ့တန်ဖိုးအရှိဆုံး အစိတ်အပိုင်းက ဒီဝါးပင်တွေ မဟုတ်ဘူး။ ဒီဝါးပင်တွေရဲ့အမြစ်ပဲ။ နဂိုတုန်းကတော့ ငါက စီနီယာအိုက်လျန်ဆီကနေ ဝါးဓားကို ငှားပြီးတော့ ပိုနေတဲ့ ဝါးတချို့ကို ဖြတ်ပစ်ဖို့ စဉ်းစားခဲ့တယ်။ ပြီးတော့ ငါက စိတ်အေးလက်အေးအပန်းဖြေပြီး ရှုခင်းတွေကြည့်ဖို့အတွက် ဝါးအိမ်လေးတစ်လုံး ဆောက်ချင်ခဲ့တာ…”

ဝေ့ပိုက စကားပြောနေရင်း သူ၏လေသံက တဖြည်းဖြည်းချောမွေ့လာခဲ့သည်။ သူက ဆက်ပြောလိုက်၏။

“ဒါပေမဲ့ အခုတော့ စီနီယာအိုက်လျန်ရဲ့ ဝါးဓားမောက်က ပျက်စီးသွားပြီ။ ရိုးရိုးသားသား ပြောရမယ်ဆိုရင် ငါက မင်းရဲ့ဓားကျိုးကို မြင်လိုက်တဲ့ အချိန်ကတည်းကစပြီး အရမ်းသဘောကျနေတာ။ ဒီတော့ ငါက ဝါးဓားမောက်တစ်ချောင်းနဲ့ ဝါးအိမ်ငယ်လေး တစ်လုံး ဆောက်ပေးရင် ဘယ်လိုလဲ။ ငါက ဝါးဓားလုပ်ပြီးသွားတဲ့အချိန်ကျရင် စီနီယာအိုက်လျန်ကို ချက်ချင်း ပေးလိုက်လို့ရတယ်။ ဒါပေမဲ့ ဝါးအိမ်လေးကတော့ အချိန်နည်းနည်းပေးရဦးမယ်…”

“အနက်ရောင်မြွေက လော်ပိုတောင်ကိုသွားတဲ့အချိန်ကျရင် ငါက သူနဲ့အတူ လိုက်သွားလို့ရတယ်။ ဒါဆိုရင် ငါက ဘာပြဿနာမှ မဖြစ်နိုင်အောင် တားဆီးနိုင်တယ်။ တချိန်တည်းမှာပဲ ငါက ဒီဝါးတွေကို ငါနဲ့အတူ သယ်သွားမယ်။ ငါတို့က လော်ပိုတောင်ကို ရောက်တဲ့အချိန်ကျရင် နေရာကောင်းရှာပြီး မင်းအတွက် ဝါးအိမ်လေးတစ်ခု ဆောက်ပေးခဲ့မယ်…”

ချန်းပင်အန်းက အိုက်လျန်ကို လှည့်ကြည့်လိုက်ရာ အိုက်လျန်က ရှင်းပြလိုက်၏။

“ဝါးပင်လယ်သုခဘုံမှာ အရေးကြီးတဲ့ကောင်းကင်ဝါး(၁၀)မျိုးရှိတယ်။ အဲဒီဝါးတွေမှာလည်း အ‌ရည်အသွေး(၁၀)မျိုးလောက်ရှိတယ်။ ကောင်းကင်ဝါးတစ်မျိုးချင်းဆီတိုင်းက အဲဒီအရည်အသွေးတမျိုးချင်းဆီကို ကိုယ်စားပြုတယ်။ ငါတို့ရဲ့အနားမှာရှိတဲ့ ဝါးရဲ့ဘိုးဘေးကတော့ သတ္တိဝါးရဲ့မျိုးဆက်ပဲ။ သူ့ရဲ့မျိုးဆက်တွေက ကံကောင်းမှုတချို့ကို သယ်ဆောင်ပေးနိုင်တယ်။ သိုင်းပညာရှင်တွေ၊ စစ်ကျောင်းကျင့်ကြံသူတွေက ဒီဝါးနဲ့ဆောက်ထားတဲ့ ဝါးအိမ်လေးထဲမှာ ကျင့်ကြံမယ်ဆိုရင် တခြားအကျိုးသက်ရောက်မှုတွေ ရလာနိုင်တယ်…”

ဝေ့ပိုက အလျင်အမြန် ဝင်ပြောလိုက်သည်။

“အဲဒါအမှန်ပဲ။ ဒီ‌သစ်တောထဲမှာရှိတဲ့ဝါးက သတ္တိဝါးရဲ့ မျိုးဆက်တွေပါ။ တပ်ဖွဲ့တစ်ဖွဲ့ရဲ့ စိတ်ဓာတ်က မြင့်တက်လာနိုင်ပြီး ငါတို့ရဲ့အရှိန်အဝါက ဒီဝါးထဲကနေတဆင့် ထက်မြက်တဲ့ ဓားတစ်ချောင်းလို ဖြစ်လာနိုင်တယ်။ ဒါတွေက ရှေးဟောင်းမှတ်တမ်းတွေထဲမှာ ဒီဝါးရဲ့စွမ်းရည်တွေကို ဖော်ပြထားတဲ့ စာသားတွေပဲ။ ဒါကြောင့် ဒီလိုဝါး‌အိမ်လေးထဲမှာ လေ့ကျင့်တာက လူတစ်ယောက်ရဲ့ စိတ်ဝိညာဉ်ကို အားဖြည့်ပေးနိုင်တယ်…”

ချန်းပင်အန်းက စကားပြောတော့မည့်အချိန်တွင် အိုက်လျန်က လျင်မြန်စွာ လျှောက်လာပြီး သူ့ပုခုံးကို လက်နှင့် ဖက်လိုက်သည်။ သူက ဝါးတော၏အဝေးကို ဆွဲခေါ်သွားခဲ့၏။

“ငါက ဒီလိုကမ်းလမ်းမှုမျိုးကို ငြင်းဆန်နိုင်ပါ့မလား။ ဧည့်သည်တစ်‌ယောက်ဆိုမှတော့ ငါက အိမ်ရှင်ရဲ့အစီအစဉ်ကို လိုက်နာရမယ်လေ။ ငါ အခုပဲ ထွက်သွားတော့မယ်…”

“ကျွန်တော်က အခုထိ ဓားကျိုးကို မပေးရသေးဘူး…”

ချန်းပင်အန်းက ‌တိုးတိုးလေး ပြောလိုက်သည်။

“မင်းက ဓားကျိုးတစ်ဝက်ကို‌ နောက်မှပဲ ပေးလိုက်ပါ…”

အိုက်လျန်က အေးအေးဆေးဆေး ပြန်ဖြေလိုက်၏။ တခြားသော ဓားကျိုးတစ်ဝက်က ချန်းပင်အန်း၏ ဝါးခြင်း‌တောင်းထဲတွင် ရှိနေသေးသည်။

ထို့နောက် အိုက်လျန်က သူ့ကို သတိပေးရန် မမေ့ခဲ့ပေ။

“မင်းက အဖြူရောင်မြွေရဲ့ သည်းခြေကျောက်ကိုလည်း ယူလာဖို့ မမေ့နဲ့ဦး။ အဲဒီအရာက သွေးတွေ ပြည့်နေတော့ ကြည့်ရတာတော့ ကြောက်စရာကောင်းတယ်။ အဲဒါကို တခြားမြွေအသားတွေနဲ့အတူ အနက်ရောင်မြွေကို ကျွေးလိုက်ပါ။ သူ့ရဲ့အတောင်ပံတွေ မရှိတော့ပေမဲ့ ဒါက နှစ်ပေါင်း(၂၀၀)၊(၃၀၀)လောက် ကျင့်ကြံမှုကို ရနိုင်သေးတယ်။ မင်းက ဒါကိုသဘောထားကြီးတယ်လို့ပဲ သတ်မှတ်လိုက်ပေါ့။ ပြီးတော့ သူ့က လော်ပိုတောင်ကို ရောက်တဲ့အချိန်ကျရင် ကောင်းကောင်းနေပြီး သေချာလေ့ကျင့်ဖို့ သတိပေးလိုက်ပါ…”

နောက်ဆုံးတွင်တော့ အိုက်လျန်က တောင်တန်းသခင်ကို လက်ညှိုးထိုးပြီး ပြောလိုက်သည်။

“မင်းလည်း ကောင်းကောင်းနေတာ ပိုကောင်းမယ်…”

ဝေ့ပိုက ဝါးတော၏အစပ်တွင် ရပ်နေပြီး အိုက်လျန်နှင့် လူငယ်တို့၏နောက်ကျောကို ငေးကြည့်နေခဲ့သည်။ တောင်တန်းပေါ်တွင် တိုက်ခတ်နေသော လေလှိုင်းများက အစိမ်းရောင်သစ်ပင်ကြီးများနှင့် တောက်ပသော အနီရောင်ပန်းပွင့်များကို ဖြတ်သန်းသွားသည့်အတွက် မွှေးပျံ့သောရနံ့များ ပျံ့နှံ့လာခဲ့၏။

ချောမောခန့်ညားသော လူငယ်လေး၏ အဖြူရောင်ဝတ်ရုံက လေလှိုင်းထဲတွင် တဖျတ်ဖျတ်လွင့်နေပြီး တောင်တန်းသခင်ဟူသော အဆင့်အတန်း ရှိနေသော်လည်း သူ့ဆီတွင် ထိတ်လန့်မှု၊ အကြောက်တရားနှင့် တွေဝေမှုများက လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။ ထိုနေရာတွင် တည်ငြိမ်အေးချမ်ပြီး တောင်တန်းတစ်ခု၏ နတ်ဘုရားဟူသော အဆင့်အတန်းနှင့် ကိုက်ညီသည့် အမူအရာတစ်ခုသာ အစားထိုး ဝင်ရောက်လာခဲ့သည်။

သူက ပတ်ပတ်လည်ကို စိုက်ကြည့်ပြီး သက်ပြင်းချ၍ ပြောလိုက်၏။

“တိမ်တိုက်တွေတိုင်းမှာ ငွေရောင်အလင်းတန်းတွေ ရှိနေတာပဲ။ ဒါက အကောင်းဆုံးဥပမာ မဟုတ်ဘူလား။ စီနီယာအိုက်လျန်ရဲ့ လမ်းညွှန်မှုအတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ရဲ့ရင်ထဲမှာ ရှိနေတဲ့ အဖုအထစ်ကို ဖယ်ရှားပြီး ကျွန်တော့်ရဲ့ ကိုယ်တွင်းနတ်ဆိုးကို ဖျောက်ပေးခဲ့တဲ့ အတွက်လည်း ကျေးဇူးတင်ပါတယ်…”

ဝေ့ပိုက မျက်လုံးမှိတ်လိုက်ပြီး သူ၏နှုတ်ခမ်းထောင့်တွင် အပြုံးလေးတစ်ခု ပေါ်လာခဲ့သည်။

“အရင်ကတည်းက နာမည်ကျော်တောင်တန်းတွေဆိုတာ သူတော်စင်တွေ နေထိုင်ကြတဲ့နေရာပဲလေ။ တကယ်လို့ သူတော်စင်တွေ ရောက်မလာရင်ဘောဖြစ်လဲ။ ငါက သေချာလေ့ကျင့်နိုင်ပြီး သူတော်စင်တစ်ယောက်ဖြစ်လာနိုင်တာပဲ..”

သူ နောက်တစ်ကြိမ် မျက်လုံးဖွင့်လိုက်သည့်အချိန်တွင် သူ၏နားထဲ၌ ရွှေရောင်နားကွင်းလေးတစ်ခု ပေါ်လာခဲ့သည်။ ထိုနားကွင်းက လေထဲတွင် ညင်သာစွာ လှုပ်ရှားနေပြီး ချောမောခန့်ညားသော သူ၏ရုပ်ရည်နှင့် လိုက်ဖက်နေခဲ့၏။ ထို့ကြောင့် သူ့ပုံစံက တောင်တန်းနတ်ဘုရားတစ်ပါးကဲ့သို့ ထင်မှတ်ရသည်။

ချန်းပင်အန်းနှင့် အိုက်လျန်တို့က ရေကန်ဆီကို ပြန်လာခဲ့ကြ၏။ သူတို့က အချင်းချင်း နားလည်မှုရှိစွာ ‌ဖြည်းဖြည်းချင်း လမ်းလျှောက်လာနေကြသည်။ သူတို့က အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာသလို ထင်မှတ်ရ၏။

“အိုက်လျန် …

အနက်ရောင်မြွေက အဖြူရောင်မြွေရဲ့အလောင်းကို တကယ် စားပါ့မလား။ သူတို့က နှစ်ပေါင်း(၁၀၀)ကျော် အပေါင်းအဖော်တွေ ဖြစ်ခဲ့ကြတာ မဟုတ်လား…”

ချန်းပင်အန်းက မေးလိုက်သည်။

“အနက်ရောင်မြွေက ရေနဂါးတစ်ကောင်အဖြစ် ပြောင်းလဲဖို့ ရည်မှန်းချက်ရှိတယ်။ ဒါကြောင့် သူက အဖြူရောင်မြွေရဲ့အလောင်းကို စားလိမ့်မယ်…”

အိုက်လျန်က ပြောလိုက်သည်။

အမှန်အတိုင်းပြောရလျှင် ဝိညာဉ်၊ နတ်ဆိုးနှင့် မိစ္ဆာများအားလုံးက သူတို့၏ကျင့်ကြံမှု တိုးမြင့်လာရန် တခြားသူများကို စားသုံးကြရသည်။ ထိုအရာက မြွေနှင့် ရေနဂါးများအတွက်လည်း ထူးခြားမှု မရှိချေ။ သို့သော် တောင်တန်းများထဲတွင် နေထိုင်ကြသော မြွေများက သူတို့၏‌မျိုးနွယ်တူများကို သတ်ဖြတ်စားသောက်ရာတွင် အလွန်ရက်စက်ကြမ်းကြုတ်ကြသည်။ ထိုအရာက တောင်တစ်တောင်ထဲတွင် ကျားနှစ်ကောင်မနေနိုင် ဟူသောအရာနှင့် တူညီနေခဲ့၏။

“အမှန်အတိုင်းပြောရရင် အနက်ရောင်မြွေက အသိဉာဏ်ရှိနေတာကြာပြီ။ သူက အဖြူရောင်မြွေကို အသက်ရှင်ခွင့်ပေးထားတယ်ဆိုတာ မှော်သားရဲသလင်းကျောက် ပေါ်လာတာကို စောင့်နေတာပဲ။ အဲဒီအချိန်ကျရင်တော့ သူ့အတွက် ကျေနပ်စရာ စားစရာတစ်ခု ဖြစ်သွားပြီလေ။ ဪ ဒါနဲ့ … အနက်ရောင်မြွေက အဖြူရောင်မြွေကို စားနေတာ ကြည့်ချင်တယ်ဆိုရင် ငါတို့က ပြန်လှည့်ပြီး သွားကြည့်လို့ရတယ်….”

“တော်ပါပြီ အဆင်ပြေပါတယ်…”

“ဘယ်လိုပဲဖြစ်ဖြစ် ငါက မင်းရဲ့ကိုယ်စား ဆုံးဖြတ်ပြီး အနက်ရောင်မြွေကို အဖြူရောင်မြွေရဲ့ သည်းခြေကျောက် ကျွေးခိုင်းလိုက်တဲ့အတွက် အပြစ်မတင်ပါနဲ့။ သူက မင်းရဲ့ကံကြမ္မာကို ကာကွယ်ပေးဖို့အတွက် လော်ပိုတောင်ကိုသွားဖို့ သဘောတူပြီဆိုမှတော့ သူ့ကို သည်းခြေကျောက် ပေးလိုက်တာက တခြားသူတစ်ယောက်ဆီမှာ ရောင်းလိုက်တာထက် အဆပေါင်းများစွာပိုများတဲ့ အကျိုးအမြတ်တွေ ရ‌လာနိုင်တယ်။ မင်းက ဘယ်ဈေးနဲ့ပဲရောင်းရောင်း ကိစ္စမရှိဘူး..”

“အမှန်အတိုင်း ပြောရရင် မင်းက အဖြူရောင်မြွေကိုသတ်ဖို့ ဘာကြောင့် ဆုံးဖြတ်လိုက်လဲဆိုတာကို ငါက ပိုပြီး စိတ်ဝင်စားနေတာ။ မင်းက ဘာလို့ ငါ့ရဲ့အကူအညီကို မစောင့်ခဲ့ရတာလဲ။ တကယ်လို့ ငါက အဖြူရောင်မြွေကို ဖိနှိပ်နိုင်မယ်ဆိုရင် မင်းက ရတနာတောင်၊ ဒါမှမဟုတ် ‌တိမ်တိုက်နီတောင်တို့ကိုသွားဖို့ အမိန့်ပေးလို့ ရနိုင်တယ်လေ။ သူက ဘယ်တောင်ကိုပဲသွားသွား မင်းအတွက် ရလဒ်ကောင်းတွေ ဖြစ်လာမှာပဲ။ ငါက အကူအညီမပေးမှာ စိုးရိမ်နေလို့လား….”

“ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ကျွန်တော်က အိုက်လျန်ကို ယုံကြည်ပါတယ်….”

“ဒါဆိုရင် ဘာလုပ်တာလဲ…”

အိုက်လျန်က ပြန်မေးလိုက်၏။

“အဲဒီမေးခွန်းကို ပြန်မဖြေခင် ကျွန်တော် မေးခွန်းတစ်ခု မေးချင်တယ်။ အိုက်လျန်.. ကျွန်တော်က ကျူးဟယ်နဲ့ တိုက်ခိုက်နေတဲ့အချိန် ကျွန်တော် ရှာတွေ့ခဲ့တဲ့ သွေးကြောမှတ်(၃)ခုရဲ့ တည်နေရာကို စစ်ဆေးနိုင်ခဲ့တယ် မဟုတ်လား။ ပြီးတော့ အဲဒီသွေးကြောမှတ်(၃)ခုရဲ့ အမှန်တရားကိုလည်း ရှာတွေ့ခဲ့တယ် မဟုတ်လား..”

ချန်းပင်အန်းက မေးလိုက်သည်။

“အမှန်အတိုင်း ပြောရရင်တော့ မင်းကို ပထမဆုံးတွေ့တဲ့အချိန်မှာ အဲဒီသွေးကြောမှတ်(၃)ခုက တစ်ခုခု ထူးဆန်းနေတယ်လို့ သတိထားမိခဲ့တယ်။ အဲဒီအရာတွေနဲ့ ပတ်သက်ပြီး တော်တော်လေးကို ထူးခြားဆန်းကြယ်နေတယ်။ ငါကိုယ်တိုင်ကတောင် အဲဒီနောက်ကွယ်မှာရှိတဲ့ အမှန်တရားကို ရှာမတွေ့ဘူးလို့ ပြောရင်တော့ နည်းနည်းတော့ ရှက်စရာကောင်းမှာပေါ့….”

“ငါ့အတွက် သေချာတဲ့ အရာတစ်ခုကတော့ အဲဒီသွေးကြောမှတ်တွေထဲမှာ ဓားချီစွမ်းအင် အမျှင်(၃)ခု ရှိနေတယ်။ အဲဒီဓားချွီစွမ်းအင်တစ်ခုချင်းဆီတိုင်းမှာ မတူညီတဲ့ တာအိုဆန္ဒတွေ ပါဝင်နေတယ်။ ဘာ တာအိုဆန္ဒတွေလဲဆိုတာကတော့ ငါလည်း ကောက်ချက်မချရဲဘူး…”

“တကယ်လို့ ငါကသာ မင်းရဲ့ခန္ဓာကိုယ်နဲ့ ချီစွမ်းအားတွေကို ဖျက်စီးပစ်ချင်တယ်ဆိုရင်တော့ မင်းရဲ့သွေးကြောမှတ်ထဲမှာရှိတဲ့ အခြေအနေတွေကို အတင်းအကြပ် လေ့လာကြည့်ဖို့ အရမ်းလွယ်ကူတယ်။ ဒါပေမဲ့ အဲဒါကလည်း အဆင်မပြေတဲ့ လုပ်ရပ်တစ်ခုပဲ။ ထိပ်တန်းပညာရှင် တစ်ယောက်ဖြစ်နေမှတော့ ငါက ငါ့ရဲ့ပုံရိပ်ကို ထိန်းသိမ်းထားဖို့ လိုအပ်တယ်လေ…”

“ကျွန်တော် နားလည်ပြီ။ အိုက်လျန် … ကျွန်တော်တို့မြို့ငယ်လေးထဲမှာရှိတဲ့ အထိမ်းအမှတ်အဆောက်အဦးကိုသိလား။ အဲဒီအဆောက်အဦးပေါ်မှာရှိတဲ့ ဆိုင်းဘုတ်(၄)ခုကိုရော သိလား…”

“သိတာပေါ့…”

အိုက်လျန်က ပြန်ဖြေလိုက်သည်။

“ချီကျင့်ချွန်က ငါ့ကို အဲဒီအကြောင်းတွေ ပြောခဲ့ဖူးတယ်။ ဒါပေမဲ့ ငါက အသေးစိတ်ကိုတော့ မေ့သွားပြီ…”

“အဲဒီဆိုင်းဘုတ်တွေထဲမှာရှိတဲ့ စကားလုံးတစ်ခုကတော့ ‘ပြင်ပအကူအညီကို မတောင်းဆိုနဲ့’ဆိုတဲ့ စကားလုံးပဲ။ ကျွန်တော်ရဲ့အိမ်နီးချင်းက ကျွန်တော်နဲ့အသက်တူပေမဲ့ တော်တော်ဗဟုသုတစုံတဲ့ လူတစ်ယောက်လို့ ပြောလို့ရတယ်။ အဲဒီစကားလုံးတွေက ဗုဒ္ဓဝါဒကနေ ဆင်းသက်လာတယ်လို့ သူ ပြောဖူးတယ်။ လူသားတွေက ဗုဒ္ဓကို ကိုးကွယ်ဖို့ပဲ လိုအပ်ပြီး တခြားသင်ကြားမှုတွေ၊ ဂိုဏ်းတွေကို လိုက်ရှာစရာမလိုဘူးလို့ သူက ပြောခဲ့တယ်…”

“အစတုန်းကတော့ အဲဒီစကားတွေက တော်တော်လေး သင့်တော်တယ်လို့ တွေးမိတာပဲ။ ဒါပေမဲ့ ကျွန်တော်က ထင်းရှာဖို့အတွက် တောင်တန်းထဲကို သွားတဲ့အချိန်မှာ အဲဒီစကားလုံးတွေကို သေချာစဉ်းစားကြည့်မိခဲ့တယ်။ ကျွန်တော် ပျင်းတဲ့အချိန်တိုင်း အဲဒီအရာတွေကို စဉ်းစားမိခဲ့တယ်။ အဲဒီအချိန်မှာ ကျွန်တော်က ဗုဒ္ဓကို အမွှေးတိုင် မပူဇော်ခင် ဒါမှမဟုတ် ဗုဒ္ဒဗောဓိတဗ္ပတွေကို အရိုအသေမပေးခင် အကောင်းဆုံး ကြိုးစားတာက ပိုကောင်းတယ်လို့ ခံစားမိလာခဲ့တယ်..”

“ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုတွေ မအောင်မြင်သေးတဲ့အချိန် အဲဒီနတ်ဘုရားတွေကို အကူအညီပေးဖို့ တောင်းဆိုလိုက်တာက နောက်ဆုံးအခြေအနေပဲ ဖြစ်သင့်တယ်။ အဲဒီအခြေအနေမျိုးမှာ သူတို့က အကူအညီသဘောမျိုးပဲ ဖြစ်နိုင်မှာလေ။ မဟုတ်ရင် သူတို့က ကျွန်တော်တို့ကို ဘာလို့ကူညီပေးသင့်တာလဲ။ ဟုတ်တယ်မဟုတ်လား အိုက်လျန်…”

“ဗုဒ္ဓရဲ့အဖြေတွေထဲမှာ အဖြေရှာတယ်…”

အိုက်လျန်က ကောက်ချက်ချလိုက်၏။

“ဟုတ်တယ် အဲဒါပဲ။ ကျွန်တော် ပြောချင်နေတာက အဲဒီအဓိပ္ပာယ်မျိုးပဲ…”

“ဒါက ဖြစ်နိုင်ခြေရှိတဲ့ ရှင်းပြချက်တစ်ခုပဲ ဖြစ်နိုင်သေးတယ်။ ဒါပေမဲ့ ငါ မင်းကို ရှင်းရှင်းလင်းလင်းတစ်ခု ပြောပြမယ်။ ငါ့အတွက် အပိုသဘောလောက်ပဲ ရှိတဲ့ ပစ္စည်းတွေက မင်းရဲ့တစ်ဘဝလုံးစာ ကြွယ်ဝချမ်းသာမှုထက် ပိုနိုင်တယ်။ မင်းက ငါ့ကို ဒုက္ခပေးသလို ဖြစ်နေတယ်လို့လည်း ခံစားမိနိုင်တယ်…”

“ဒါကြောင့် မင်းက အဲဒီဓားချီစွမ်းအင်အမျှင်တစ်ခုကို အသုံးပြုလိုက်တာ မဟုတ်လား။ အမှန်အတိုင်း ပြောရမယ်ဆိုရင် ငါက ဓားသွားလေးကို လှုပ်ရှား‌လိုက်ရုံနဲ့ အဖြူရောင်စပါးအုံးမြွေကို ရှင်းပစ်နိုင်တယ်။ မင်းက ဒါကို ဘယ်လိုသဘောထားတာလဲ..”

“အဲဒီအရာတွေက မတူဘူး…”

ချန်းပင်အန်းက ပြန်ဖြေလိုက်သည်။

“ဟမ်….”

အိုက်လျန်က သူ ရှင်းပြမည့်စကားကို စောင့်နေခဲ့၏။

“ကျွန်တော့်ကို ကြွေထည်မီးဖုတ်တဲ့ နည်းလမ်း သင်ပေးခဲ့တဲ့ အဘိုးယောင်က ကျွန်တော့်ကို စကားပြောတာ အရမ်းရှားတယ်။ ဒါပေမဲ့ သူက ကျွန်တော့်ကို လေးလေးနက်နက် စကားပြောတဲ့ အချိန်(၂)ချိန်ရှိတယ်။ ပထမအချိန်ကတော့ ကျွန်တော် မီးဖိုကြီးထဲမှာ တပည့်တစ်ယောက် ဖြစ်လာခဲ့တဲ့အချိန်ပဲ။ ကျွန်တော်က သူ့ဆီကနေ သင်တာ အဆင်ပြေတယ်။ ဒါပေမဲ့ ကျွန်တော်သာ ပျင်းနေမယ်ဆိုရင် မီးဖိုကနေ ကန်ထုတ်မယ်လို့ ပြောခဲ့တယ်…”

“ဒုတိယအချိန်ကတော့ သူနဲ့အတူ တောင်တန်းတွေထဲကို ဝင်သွားတဲ့အချိန်မျိုးပဲ။ ကျွန်တော်က သူနဲ့အတူ ရွှံ့တွေ ရှာဖွေဖို့ လိုက်သွားနိုင်တယ်လို့ ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်က သူ့ရှေ့မှာ ငိုနေမယ်ဆိုရင်တော့ ကျွန်တော့်ကို တောင်တန်းတွေထဲ နောက်တစ်ကြိမ် လုံးဝခေါ်သွားမှာ မဟုတ်တော့ဘူး။ ကျွန်တော်က ခြေထောက်ကျိုးတာ မကျိုးတာတွေကို သူ ဂရုမစိုက်ဘူး…”

“အဲဒီအရာက ဘာများသက်ဆိုင်လို့လဲ။ မင်းက ဘာပြောဖို့ကြိုးစားနေတာလဲ ချန်းပင်အန်း…”

“ကျွန်တော် ပြောချင်တာက ရှင်းပါတယ်။ အိုက်လျန် …ခင်ဗျားက အိပ်ရတာကို သဘောကျလား”

“အပိုတွေမပြောနဲ့။ မင်းကရော သဘောမကျဘူးလား…”

အိုက်လျန်က ပြန်ပြောလိုက်သည်။

“ကျွန်တော်လည်း သေချာပေါက် သဘောကျပါတယ်။ ဒါပေမဲ့ ခင်ဗျား ယုံချင်ယုံမယုံချင်နေ ကျွန်တော်က မီးဖိုကြီးမှာ တပည့်တစ်ယောက် ဖြစ်လာခဲ့တဲ့ နေ့ကစပြီး လုံးဝမအိပ်ခဲ့ဘူး။ ကျွန်တော်က အချိန်တိုင်း နိုးကြားနေခဲ့တယ်…”

“မင်းက ဘယ်လိုဖြစ်ပြီး ကွေ့ဝိုက်ပြီး ရှင်းပြနေရတာလဲ။ မင်းက ငါ့ကို ဘာပြောချင်နေတာလဲ။ မင်းက ငါ စာမတတ်ဘူးဆိုပြီး လှည့်စားဖို့ကြိုးစားနေတာလား..”

အိုက်လျန်က မေးခွန်းထုတ်လိုက်သည်။

“ကျွန်တော်တို့စိတ်ထဲမှာ ဆိုးတယ်လို့ မြင်တဲ့အရာတွေကို ကျွန်တော်တို့က လုံးဝမပတ်သက်သင့်ဘူးလို့ ပြောချင်တာပါ။ တစ်ကြိမ်တည်းဆိုရင်တောင် မပတ်သက်သင့်ဘူး။ ကျွန်တော်တို့ရဲ့ဘဝမှာ ပထမဆုံးအကြိမ်ဆိုတဲ့ အရာမျိုးကိုတောင် ခွင့်မပြုသင့်ဘူး။ မဟုတ်ရင် တကယ်ခံစားရမှာက ကိုယ်ကိုယ်တိုင်ပဲ…”

ချန်းပင်အန်းက ရှင်းပြလိုက်သည်။

“ကျွန်တော့်ကိုပဲ ဥပမာအနေနဲ့ သတ်မှတ်လိုက်။ တကယ်လို့ ကျွန်တော်သာ တစ်ကြိမ်လောက် အပျင်းခိုလိုက်မယ်ဆိုရင် ကျွန်တော်က မီးဖိုကြီးမှာ တပည့်တစ်ယောက် ဖြစ်လာမှာ မဟုတ်တော့ဘူး။ အဲဒီအပြင် ကျွန်တော်က အဘိုးယောင်နဲ့အတူ တောင်တန်းတွေပေါ်ကို လိုက်သွားနိုင်မှာလည်း မဟုတ်တော့ဘူး။ အဲဒီလိုဆိုရင် အခုကျွန်တော်က ဘယ်နေရာကို ရောက်သွားမှာလဲ။ ကျွန်တော်က မြို့ငယ်လေးထဲမှာရှိတဲ့ လူငယ်တွေလို အခြေအနေကို ရောက်သွားမှာပေါ့။ ကျွန်တော်က တောင်တက်လမ်းခင်းပြီး နေ့တိုင်း တံတားဆောက်နေရမယ်။ ပြီးတော့ ကြေးပြားလေးတစ်ပြားအတွက် ပင်ပင်ပန်းပန်း အလုပ်လုပ်နေရလိမ့်မယ်…”

“တကယ်လို့ ကိစ္စတွေကသာ ဒီလိုဖြစ်သွားမယ်ဆိုရင် ကျွန်တော်က တောင်(၅)တောင် ပိုင်ဆိုင်ဖို့ ဖြစ်နိုင်ပါ့မလား။ တောင်(၅)တောင်.. သူတို့တွေက ဘယ်လောက်တန်ကြေးရှိလဲ။ ကျွန်တော်ပြောတာ နားလည်ပြီလား အိုက်လျန်။ တကယ်လို့ နောက်ပိုင်း အခွင့်အရေးတစ်ခုရမယ်ဆိုရင် ကျွန်တော့်ရဲ့တောင်တွေကို သေချာပေါက် သွားကြည့်သင့်တယ်…”

“ရပ်လိုက်တော့ ရပ်လိုက်တော့ ချန်းပင်အန်း။ မင်းက အချိန်ကြာကြီးလှည့်ပတ်ပြောပြီး မင်းရဲ့ချမ်းသာကြွယ်ဝမှုတွေကို ကြွားချင်နေတာပဲ…”

အိုက်လျန်က ရေရွတ်လိုက်သည်။

“အိုက်လျန် ခင်ဗျားက စာမတတ်ဘူးဆိုတာ သေချာသွားပြီ…”

ချန်းပင်အန်းက ပြန်ဖြေလိုက်၏။

“အိုက်လျန် …

တကယ်လို့ ဝါးအိမ်လေးက လော်ပိုတောင်မှာ ဆောက်ထားမယ်ဆိုရင် အဲဒီဝါးအိမ်လေးကို နာမည်ပေးဖို့ ကူညီပေးပါလား…”

“အမိုက်စား အိုက်လျန်ရဲ့စံအိမ်လို့ နာမည်ပေးရင်ရော…”

အိုက်လျန်က အကြံပေးလိုက်သည်။

“အဲဒီနာမည်က မကောင်းဘူးလား။ ဘာလဲ အဲဒီအငွေ့အသက်တွေက တောင်တန်းပိုင်ရှင် မင်းထက် ပိုပြီးကျော်သွားမှာ ကြောက်နေတာလား။ ဒါဆိုလည်း ကောင်းပြီလေ ။ ပိုပြီးတော့ အဆင်ပြေမယ့်နာမည်ကို ပြောင်းလိုက်မယ်။ အဲဒါကို အမိုက်စားစံအိမ်လို့ နာမည်ပေးလိုက်။ ငါက အများကြီး လျော့ပေးထားတယ်လေ။ မင်း ဘယ်လိုသဘောရလဲ…”

“အိုက်လျန် …

ကျွန်တော်က အဲဒီစံအိမ်ကို နာမည်မပေးဘဲထားတာ ပိုကောင်းမယ်လို့ ခံစားမိတယ်…”

ချန်းပင်အန်းက ပြောလိုက်၏။

အိုက်လျန်က မျက်ခုံးပင့်ကြည့်လိုက်မိသည်။

ချန်းပင်အန်းက အားရပါးရရယ်ပြီး ပြောလိုက်၏။

“ကျွန်တော်က စနေတာပါ။ အမိုက်စားစံအိမ်လို့ပဲ နာမည်ပေးလိုက်မယ်…”

အိုက်လျန်က ရုတ်တရက်ပြန်လှည့်လာပြီး မေးလိုက်၏။

“မင်းက ဓားပညာသင်ချင်လား…”

ချန်းပင်အန်းက ခေါင်းခါပြီး ပြန်ဖြေလိုက်သည်။

“အခုတော့ မသင်ချင်သေးဘူး…”

အိုက်လျန်က နားလည်နေပြီး အပြုံးနှင့် ခန့်မှန်းကြည့်လိုက်၏။

“မင်းက အာရုံပြန့်သွားမှာ စိုးရိမ်နေတာ မဟုတ်လား။ မင်းရဲ့လက်သီးသိုင်း လေ့ကျင့်မှု နှောင့်နှေးသွားမှာကို စိုးရိမ်နေတာ မဟုတ်လား…”

ချန်းပင်အန်းက ခေါင်းညိတ်ပြီး အတည်ပြုပေးလိုက်သည်။

ချန်းပင်အန်း၏ အခြေအနေကို နားလည်နေသည့်အတွက် အိုက်လျန်က သက်ပြင်းချလိုက်မိ၏။ သွားစားပွဲတောင်တွင် စပါးအုံးမြွေများနှင့် တိုက်ပွဲအတောအတွင်း ထိုလူငယ်လေးက အဖြူရောင်စပါးအုံးမြွေ၏ တိုက်ခိုက်မှုကို တားဆီးပြီး ကျူးလုကို ကယ်တင်ရန်အတွက် သူ စုဆောင်းထားခဲ့သော စွမ်းအင်များအားလုံး သုံးခဲ့ရသည်။

သူက လမ်းလျှောက်ကျင့်စဉ်ကို ခက်ခက်ခဲခဲ ကြိုးစားအားထုတ်ခဲ့ပြီးနောက် ယောင်ရှန်သိုင်းပညာတွင် တိုးတက်မှုတချို့ ရှိလာခဲ့သည်။ သို့သော် သူ၏လုပ်ရပ်များကြောင့် ချက်ချင်းပင် သုညအဖြစ် ပြန်ရောက်သွားခဲ့၏။

ထိုအရာကတော့ ငွေကြေးအနည်းငယ်ပိုင်ဆိုင်သော လူဆင်းရဲတစ်ယောက်က အရာအားလုံးကို ဆုံးရှုံးသွားလိုက်ရသလို ဖြစ်နေခဲ့သည်။ သူက လေဒဏ်မိုးဒဏ်ပင် မခံနိုင်သော အိမ်ငယ်လေးတစ်ခုထဲကို ဆိုးဆိုးရွားရွား ပြန်သွားရသလို ဖြစ်နေခဲ့၏။ မည်သို့ဖြစ်စေကာမူ လမ်းလျှောက်ကျင့်စဉ်က သူ၏ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်သော အရာတစ်ခုဖြစ်သည်။

တချိန်တည်းတွင် ချန်းပင်အန်းက သူ့အသက်ကို ဆွဲဆန့်နိုင်ရန်အတွက် မဖြစ်မနေ လေ့ကျင့်ရန်လည်း လိုအပ်၏။ ထိုအချိန်တွင် မတ်တပ်ရပ်ကျင့်စဉ်ကတော့ သူ၏စိတ်ဝိညာဉ်ကို အားဖြည့်နိုင်သော အရာတစ်ခုဖြစ်သည်။

မြွေများနှင့်တိုက်ပွဲအတွင်း တိုးတက်မှုတချို့ ရှိလာပြီးနောက် ချန်းပင်အန်းက ကျူးဟယ်နှင့် လက်ရည်စမ်းမှုကို အခွင့်ကောင်းယူပြီး ဓားချီစွမ်းအင်(၃)ခု ပုန်းအောင်းနေသော သွေးကြောမှတ်(၃)ခုကို တိတိကျကျ ရှာဖွေနိုင်ခဲ့သည်။ ထို့နောက် သူက အရာအားလုံးကို ပြင်ဆင်နိုင်ခဲ့၏။

“မင်းက အစွမ်းထက်တဲ့ အသက်ကယ်ဝှက်ဖဲတစ်ချပ် ဆုံးရှုံးလိုက်ရလို့ ဝမ်းနည်းနေတာလား…”

အိုက်လျန်က စနောက်၍ မေးလိုက်၏။

“မဟုတ်ပါဘူး…”

ချန်းပင်အန်းက တွေဝေနေခြင်းမရှိဘဲ ပြန်ဖြေလိုက်သည်။

“နောက်ဆုံးတော့ ကျွန်တော့်ရဲ့ ခန္ဓာကိုယ်ထဲမှာ ရှုပ်ထွေးနေတဲ့ အရာတွေကို ဖော်ထုတ်နိုင်ပြီလေ။ အခုကျွန်တော်က ပိုပြီးတော့ အဆင်ပြေသွားပြီ…”

“ငါ့ကို အဲဒီအကြောင်းပြောပြပါဦး…”

အိုက်လျန်က အပြုံးနှင့် ပြောလိုက်၏။

ချန်းပင်အန်းက ခေါင်းမော့ပြီး ပြောလိုက်သည်။

“ကျွန်တော်က တခြားသူတွေနဲ့ ဆွေးနွေးဖို့ ဆန္ဒရှိတယ်။ ကျွန်တော် ပြောတဲ့စကားတွေကို တခြားသူတွေက နားထောင်လာအောင် တိုက်တွန်းဖို့လည်း ဆန္ဒရှိတယ်။ ဒီလိုခံစားမှုမျိုးက တော်တော်လေး အံ့ဩဖို့ကောင်းတယ်။ အရင်တုန်းကတော့ ကျွန်တော်က ခန္ဓာကိုယ် သန်မာလာဖို့အတွက်ပဲ သိုင်းပညာကို လေ့ကျင့်ခဲ့တာ။ တိတိကျကျ ပြောရမယ်ဆိုရင်တော့ အသက်ရှည်ဖို့ အတွက်ပဲပေါ့။ ဒါပေမဲ့ အခုတော့ ကျွန်တော်ရဲ့ပန်းတိုင်က ပိုပြီးတော့မြင့်မားလာပြီလို့ ခံစားမိတယ်…”

Translated by Hein Htet.

All Chapters