အခန်း (၁၀၇)
Vol. 8 Ch. 107
တောလိပ်ကြီးများက သွားစားပွဲတောင်၏ နယ်မြေခံများဖြစ်ကြပြီး တောင်တက်လမ်းနှင့် အလွန်ရင်းနှီးနေကြသည်။ ထို့ပြင် တောင်ကုန်း၊ တောင်တန်းများပေါ်တွင် သွားလာနိုင်သော သူတို့၏စွမ်းရည်ကလည်း မြည်းနှင့် မြင်းလားများထက် အဆပေါင်းများစွာ ပို၍သာလွန်နေခဲ့၏။
သိပ်မကြာခင် သူတို့က သွားစားပွဲတောင်၏ အပြင်ဘက်အစွန်ကို ရောက်လာခဲ့သည်။ အကယ်၍ သူတို့ကသာ လမ်းမကြီးကို အသုံးပြုပြီး တောင်ဘက်ကို နောက်ထပ် (၁၀)ကီလိုမီတာခန့် သွားလိုက်မည်ဆိုလျှင် ဖယောင်းတိုင်နီမြို့ကို ရောက်သွားပါလိမ့်မည်။ လီကျူးသုခဘုံ ပြုတ်ကျလာသည့်အတွက် ထိုလမ်းမကြီးက ပျက်စီးနေသော်လည်း ချန်းပင်အန်းတို့ကတော့ သတိထား၍ အသုံးပြုရန် ဆုံးဖြတ်လိုက်ကြသည်။ တောလိပ်ကြီး(၃)ကောင်ကြောင့် မုဆိုးများ၊ သစ်ခုတ်သမားများနှင့် ကုန်သည်များ ထိတ်လန်သွားမှာကို သူတို့လည်း မလိုချင်ကြပေ။
ချန်းပင်အန်းတို့က တောင်ကုန်းငယ်လေးတစ်ခုပေါ်တွင် အနားယူလိုက်ကြသည်။ လီဟွိုင်က ပတ်ပတ်လည်ကို စိတ်ဝင်တစား ငေးကြည့်နေမိခဲ့၏။ သူက တောင်တန်းသခင်ကို အတော်လေး ကြောက်ရွံ့နေခဲ့သော်လည်း ရတနာများ ပြည့်နေသည့် သေတ္တာငယ်လေးထဲတွင် သူတို့တစ်ယောက်ဆီအတွက် ရတနာတစ်ခု ရှိသည်ဟု အိုက်လျန်က ပြောထားခဲ့သည်။ လီဟွိုင်ကတော့ ထိုအရာကို အလွန်မျှော်လင့်နေခဲ့ပြီး နောက်ပိုင်း သူက သူ့အစ်မနှင့် တွေ့သည့်အချိန်၌ မည်သို့ပြောရမည်ဖြစ်ကြောင်း စဉ်းစားနေခဲ့သည်။
ဝေ့ပိုက ကတိပေးထားသည့်အတိုင်း လျင်မြန်စွာ ရောက်လာခဲ့၏။ ယခုတစ်ကြိမ်တော့ သူက သူ့အစွမ်းကိုသုံးပြီး မြေကြီးထဲမှ ရောက်မလာတော့ပေ။ ထိုအစား အဖြူရောင်ဝတ်စုံကိုဝတ်ပြီး တိမ်တိုက်များကဲ့သို့ ရောက်လာခဲ့ခြင်း ဖြစ်၏။
အလွန်ချောမောခန့်ညားသော တောင်ထိပ်သခင်ကို မြင်သည့်အချိန်တွင် လီပေါင်ဖျင်၏ အစေခံမလေး ကျူးလုကတော့ နောက်သို့ ဆုတ်သွားမိခဲ့သည်။ တောင်တန်းသခင်၏ နောက်တွင်တော့ အိုက်လျန်၏ မြည်းဖြူနှင့် လီကလန်မှ မြင်းတို့ ပါလာခဲ့၏။ သူတို့က လူတိုင်းနှင့် မီလာသည့်အပြင် မြည်းနှင့်မြင်းတို့က ပင်ပန်းနေသည့်ပုံစံမျိုးလည်း မရှိချေ။ ဝေ့ပိုက ထူးခြားသော စွမ်းရည်တချို့ကို အသုံးပြုခဲ့ပုံရ၏။
လက်ထဲတွင် သေတ္တာရှည်ကို သယ်ဆောင်ထားသော ဝေ့ပိုက နှစ်ပေါင်းများစွာ သက်တမ်းရှိနေသော်လည်း အိုက်လျန်ကို အရင်ဆုံး အရိုအသေ ပေးလိုက်သည်။
အိုက်လျန်က ခေါင်းညိတ် အသိအမှတ်ပြုလိုက်၏။ ထိုအချိန်တွင် အလွန်ဉာဏ်နီဉာဏ်နက်များသော တောင်တန်းသခင်နှင့် ပေါ့ပေါ့ပါးပါးနေတတ်သော ဓားသမားတို့က တူညီသော ခံစားမှုတစ်ခု ရနေသည်။ သူတို့က တူညီသော တာအိုလမ်းစဉ်ကို လိုက်နာသော အပေါင်းအဖော်များကဲ့သို့ ထင်မှတ်ရ၏။
ဝေ့ပိုက အနီရင့်ရောင်သေတ္တာကို အိုက်လျန်ဆီသို့ ပေးလိုက်သည်။ လီဟွိုင်က အမျိုးအမည် မသိသောသစ်သားနှင့် ဖန်တီးထားသည့် သေတ္တာကို သေချာပွတ်သပ် ကြည့်နေခဲ့၏။ သေတ္တာက ကိုင်ကြည့်လိုက်မည်ဆိုလျှင် အလွန်နွေးထွေးသည်။ သူက နဂါးစီးလမ်းကြားထဲတွင် ရှိနေသော ပိုးထည်ဆိုင်မှ တန်ဖိုးအရှိဆုံး ပိုးထည်တစ်ခုကို လက်နှင့်ကိုင်ကြည့်ရမိသလို ခံစားမိနေခဲ့၏။
နောက်ဆုံးနှစ်တွင် သူ့အမေနှင့် သူ့အစ်မက အဝတ်အစားဝယ်ရန် ပိုးထည်ဆိုင်သို့ သွားခဲ့သည်။ သူကတော့ ပန်းပွင့်များ၊ ငှက်ပုံများနှင့် အလှဆင်ထားသည့် အလွန်လှပသော ပိုးထည်တစ်စကို တိတ်တဆိတ် ကိုင်ကြည့်လိုက်သည့်အခါ ဆိုင်ရှင်က ဒေါသထွက်ပြီး ခြေထောက်နှင့် ကန်ခဲ့၏။
လီဟွိုင်က မော့ကြည့်ပြီး မေးလိုက်သည်။
“အိုက်လျန် ….
ကိစ္စတစ်ခုလောက် အရင်ဆုံး ဆွေးနွေးကြမယ်။ ရတနာတွေ ခွဲဝေပြီးသွားရင် ကျွန်တော့်ကို ဒီသေတ္တာပေးလို့ရမလား…”
“မင်းကိုယ်မင်း ဘယ်သူထင်နေတာလဲ….”
အိုက်လျန်က ပြန်ဖြေလိုက်၏။
“ခင်ဗျားက ကျွန်တော်ရဲ့အစ်မနဲ့ လက်ထပ်ပြီးရင် ကျွန်တော်က ခင်ဗျားရဲ့ယောက်ဖ ဖြစ်လာမှာပဲလေ…”
လီဟွိုင်က လေလေးနက်နက် ပြောလိုက်၏။
အိုက်လျန်က သူ့ကို ခေါင်းခေါက်ပြီး ပြောလိုက်သည်။
“ဒါဆိုလည်း ငါ့ကို အစ်ကိုကြီးလို့ ခေါ်လိုက်။ အမှန်အတိုင်း ပြောရရင် ငါက မင်းရဲ့ယောက်ဖ မဖြစ်ချင်ဘူး…”
ကလေးငယ်က ရုတ်တရက် ပြောလိုက်သည်။
“ဒီကမ္ဘာကြီးထဲမှာ အဆိုးဆုံး လူတချို့လည်း ရှိနေသေးတာပဲ….”
အိုက်လျန်က ဝေ့ပိုကို လှည့်ကြည့်ပြီး မေးလိုက်၏။
“ဒီသေတ္တာက တန်ဖိုးရှိလား…”
ဝေ့ပိုက အပြုံးနှင့်ပြန်ဖြေလိုက်သည်။
“အရမ်းတော့မဆိုးပါဘူး။ ဒါက နူးညံ့တဲ့ အဝါရောင်ရင်းတိုက်သားနဲ့ ဖန်တီးထားတာ။ ဒါကို မြေကြီးထဲမှာ နှစ်ပေါင်းများစွာ မြုပ်ထားခဲ့တော့ သူ့ရဲ့ရနံ့က ပိုပြီးတော့ မွှေးပျံ့လာခဲ့တယ်။ သူ့ရဲ့အဝါရောင်ကလည်း အနီရောင် ပြောင်းလဲနေတယ်။ ဒါကလည်း တန်ဖိုးရှိတယ်လို့ မခေါ်နိုင်ပေမဲ့ တော်တော်လေးတော့ ရှားတယ်….”
အိုက်လျန်က မျှော်လင့်ချက်များ ပြည့်နှက်နေသော ထိုကောင်လေးကို ငုံ့ကြည့်ပြီး ပြောလိုက်သည်။
“ဒါက တန်ဖိုးမရှိမှတော့ ငါ မင်းကို ပေးလိုက်မယ်…”
လီဟွိုင်က စိတ်လှုပ်ရှားနေသော အမူအရာနှင့် အိုက်လျန်၏ လက်ထဲမှ သေတ္တာလေးကိုယူရန် ပြင်လိုက်သည်။ သို့သော် သူက နောက်တစ်ကြိမ် ခေါင်းခေါက်ခံလိုက်ရ၏။
အိုက်လျန်က ပြစ်တင်ကြိမ်းမောင်းလိုက်သည်။
“မင်းက ရတနာတွေအားလုံးကို ယူသွားမလို့လား…”
အိုက်လျန်က လှည့်ကြည့်လိုက်ပြီး လူတိုင်းကိုလာရန် အချက်ပြလိုက်သည်။ ထို့နောက် သူက ဆောင့်ကြောင့်ထိုင်လိုက်ပြီး သေတ္တာရှည်ကိုဖွင့်၍ အော်ပြောလိုက်၏။
“ချန်းပင်အန်း၊ လီပေါင်ဖျင်၊ လင်းရှို့ယီ၊ ကျူးလု၊ ကျူးဟယ် … ဒီကိုလာခဲ့ကြ။ ငါတို့ရဲ့အကျိုးအမြတ်တွေကို ဝေမျှဖို့ အချိန်ရောက်ပြီ။ အရင်လာတဲ့လူ အရင်ရမယ်။ စည်းမျဉ်းက တစ်ခုပဲရှိတယ်။ မင်းတို့က သေတ္တာထဲက ရတနာတစ်ခုပဲ ယူခွင့်ပေးတယ်။ ရွေးပြီးသွားရင် ပြန်လဲဖို့ ခွင့်မပြုဘူး…”
ချန်းပင်အန်းက တောင်တန်းသခင်ကို လှည့်ကြည့်လိုက်သည်။ ဝေ့ပိုက သူ့အကြည့်ကို သတိထားမိသည့်အတွက် အပြုံးနှင့် ပြောလိုက်၏။
“မင်းက ဒီကံတရားအတွက် မတိုက်ခိုက်တော့ဘူးလား…”
“ကျွန်တော်က သူတို့ကို အရင်ဆုံး ရွေးခွင့်ပေးလိုက်မယ်…”
ချန်းပင်အန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
တိုက်တိုက်ဆိုင်ဆိုင်ပင် ချန်းပင်အန်းဆီတွင် ထိုတောင်တန်းသခင်နှင့် ဆွေးနွေးလိုသော အရာတစ်ခု ရှိနေသည်။ အနက်ရောင်စပါးအုံးမြွေက လော်ပိုတောင်တွင် အခြေချဖို့ လိုအပ်သလို ဤနယ်မြေထဲမှ သူ ထွက်သွားပြီး လုံချွမ်တိုင်းပြည်ထဲသို့ ရောက်သွားသည့်အချိန်တွင် ဝေ့ပို၏ ပတ်ဝန်းကျင်တွင် သေချာနေရာချရန်လည်း လိုအပ်သေးသည်။
ဝါးတောထဲမှ ပြန်ရောက်လာပြီးနောက် အိုက်လျန်က တောင်တန်းနတ်ဘုရား၊ မြစ်နတ်ဘုရားများနှင့် ပတ်သက်၍ ပြောပြထားသည်။ သူတို့က ပိုင်နက်ထဲမှ အလွယ်တကူ ထွက်သွား၍ မရနိုင်ပေ။ ထိုအရာက နယ်မြေအုပ်စိုးရသော နယ်စားများ ရှင်ဘုရင်များ၏ အခြေအနေများကဲ့သို့ ဖြစ်သည်။ အကယ်၍ ထိုစည်းမျဉ်းကိုသာ ဖောက်ဖျက်မည်ဆိုလျှင် အပြစ်ပေးမှုက အလွန်ပြင်းထန်နိုင်၏။
တစ်ဖက်တွင်တော့ သူတို့က နန်းတွင်းထဲတွင် အပြစ်ခံရနိုင်ပြီး သူတို့၏ ကိုးကွယ်ယုံကြည်မှုများလည်း လျော့ကျသွားနိုင်သည်။ အပြင်းထန်ဆုံး အခြေအနေအရ ပြောရမည်ဆိုလျှင် သူတို့၏ နတ်ဘုရားအဆင့်အတန်းက လျော့ကျသွားနိုင်ပြီး နှစ်ပေါင်းများစွာ ကြာသည့်တိုင်အောင် ကိုးကွယ်ယုံကြည်မှုများ မရနိုင်တော့ပေ။
သမိုင်းကြောင်းထဲတွင်တော့ အလွန်ဆိုးရွားသော ကံတရားများ ခံစားခဲ့ရသည့် တောင်တန်းနတ်ဘုရားတချို့နှင့် မြစ်နတ်ဘုရားများ ရှိနေကြသည်။ သူတို့၏ အဆင့်အတန်းက ကျောင်းဆောင်ထဲမှ ဖယ်ရှားခံလိုက်ရပြီး လမ်းဘေးကို ရောက်သွားခဲ့၏။ စည်းကမ်းထိန်းချုပ်သူများကလည်း တခြားသူများကိုသတိပေးသည့်အနေနှင့် သူတို့ကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ကြသည်။
အမှန်အတိုင်းပြောရလျှင် တချို့သော နယ်ခံအရာရှိများကတော့ ရုပ်ထုများကို တူနှင့်ထု၍ အပိုင်းပိုင်းအစစ ဖျက်ဆီးပစ်တတ်သည်။ ထိုကဲ့သို့ အပြစ်ပေးမှုများက အင်ပါယာများ၊ တိုင်းပြည်များထဲတွင် သာမန်ကိစ္စရပ်များသာ ဖြစ်၏။
ထို့ကြောင့် ချန်းပင်အန်းက ဝေ့ပို၏သဘောထားကို လက်ခံရန် ဆန္ဒရှိနေသော်လည်း သူက အနက်ရောင်မြွေကို လော်ပိုတောင်သို့ ကိုယ်တိုင်ခေါ်သွားပေးပြီး သူ့အတွက် သတ္တိဝါးနှင့် အဆောက်အဦးတစ်ခု ဆောက်ပေးလိုက်မည်ဆိုလျှင် ဝေ့ပိုက ဆိုးဆိုးရွားရွား အပြစ်ပေးခံရမှာကို မလိုလားခဲ့ပေ။
အမှန်အတိုင်း ပြောရလျှင် ချန်းပင်အန်းကတော့ ပတ်ဝန်းကျင် နတ်ဘုရားများနှင့် ကိုးကွယ်ယုံကြည်မှုများ၊ တိုင်းပြည်နှင့် ဖုန်းရွှယ်ဟူသော အခြေအနေများကို အနည်းငယ်လေးသာ နားလည်ထားခဲ့သည်။ ထိုအရာကလည်း အိုက်လျန်က ထိုခေါင်းစဉ်များနှင့် ပတ်သက်၍ ပြောပြနေခြင်းကြောင့်ဖြစ်၏။
သူ၏ရှင်းလင်းမှုများက အတော်လေးကို ရှုပ်ထွေးသည်။ သူ၏ဗဟုသုတများကို ပြသရန်အတွက် အိုက်လျန်က အရှုပ်ထွေးဆုံး စကားလုံးများကို အသုံးပြုတတ်ပြီး အရိုးရှင်းဆုံးအရာများကို ရှင်းပြတတ်သည်။
အဆုံးတွင်တော့ လီပေါင်ဖျင် ဥပမာပေးခဲ့သည့် ကျေးဇူးကြောင့် ချန်းပင်အန်းက အခြေအနေကို နားလည်လာခဲ့ရသည်။ အမွှေးတိုင်ပူဇော်ခြင်းနှင့် ကံတရားများ ဆိုသည်မှာ မြို့ငယ်လေး၏ အပြင်ဘက်တွင် ရှိနေသော နဂါးနှုတ်ခမ်းမွှေးစမ်းချောင်း၏ ပတ်ပတ်လည်ရှိ အခြေအနေကဲ့သို့ ဖြစ်နေသည်ဟု ထိုကလေးမလေးက ပြောခဲ့သည်။
ဤနယ်မြေထဲတွင်တော့ ရေအရင်းအမြစ် တစ်ခုတည်းသာရှိပြီး သာမန်လူများက သူတို့၏ လယ်ယာမြေများကို စိုက်ပျိုးနိုင်ရန်အတွက် ထိုရေကို ရရှိရန် တိုက်ခိုက်နေကြသည်။ အလွန်ကြီးမားသော စစ်ပွဲကြီးများကလည်း နှစ်စဉ်နှစ်တိုင်း ဖြစ်လာတတ်၏။
လီပေါင်ဖျင်က ချန်းပင်အန်းဆီကို ပြေးလာပြီး စိုးရိမ်တကြီး ပြောလိုက်သည်။
“ဦးလေးငယ်…
ဘာလို့ရတနာတစ်ခု သွားမယူရတာလဲ။ လင်းရှို့ယီတောင် မြန်မြန်ပြေးသွားနေပြီ။ လီဟွိုင်ကတော့ ရတနာသေတ္တာထဲကိုတော့ ခေါင်းစိုက်တော့မယ်…”
“အဆင်ပြေပါတယ်။ ငါ နောက်ဆုံးမှ ရွေးတော့မယ်…”
ချန်းပင်အန်းက အေးအေးဆေးဆေး ပြန်ဖြေလိုက်၏။
“ဘာမှမစိုးရိမ်ပါနဲ့ ဦးလေးငယ်။ ကျွန်မက ဦးလေးငယ်အတွက် ရတနာတစ်ခု ရွေးထားပေးမယ်…”
လီပေါင်ဖျင်က ပြန်လှည့်ပြီး ပြေးသွားခဲ့သည်။
ချန်းပင်အန်းက စကားပြောတော့မည့်အချိန်တွင် အနီရောင်အင်္ကျီ ဝတ်ထားသော ကလေးမလေးက အိုက်လျန်၏အနားသို့ ရောက်သွားပြီး လီဟွိုင်၏ခေါင်းကို လက်တစ်ဖက်နှင့်ဆွဲ၍ လင်းရှို့ယီ၏ ပုခုံးကို နောက်သို့ တွန်းလိုက်သည်။
“လီပေါင်ဖျင် …
နင်က အနိုင်ကျင့်နေတာပဲ…”
လီဟွိုင်က ဝမ်းနည်းစွာ အော်ဟစ်လိုက်သည်။
လီပေါင်ဖျင်က သူ့ကိုကြည့်ပြီး ပြောလိုက်၏။
“ငါက ဦးလေးငယ်အတွက် ရတနာရွေးပေးမလို့…”
သူက ယခုအချိန်ထိ စာအုပ်သေတ္တာတစ်ခု မရသေးသည်ကို စဉ်းစားမိသွားသည့်အခါ လီဟွိုင်က သက်ပြင်းချပြီး ပြောလိုက်သည်။
“ကောင်းပြီလေ ။ ဒါဆိုလည်း နင်ရွေးလိုက်…”
လင်းရှို့ယီကတော့ ဘေးသို့ တွန်းဖယ်ခံလိုက်ရသည့်အတွက် စိတ်ပျက်သွားခြင်း မရှိချေ။ သူက ရတနာသေတ္တာထဲတွင် ရှိနေသော အဝါရောင်ရှေးဟောင်းစာအုပ်ကိုသာ လက်ညှိုးထိုးပြလိုက်သည်။ ထိုစာအုပ်ကို ရွှေရောင်ချည်မျှင်များနှင့် ရစ်ပတ်ထားခဲ့၏။ ထိုစာအုပ်ပေါ်တွင် စာသားအနည်းငယ်ကိုလည်း ရေးသားထားခဲ့သည်။
“ငါက ‘တိမ်တိုက်ပေါ်မှာ ရွတ်ဖတ်ခြင်းကျမ်းစာ’ဆိုတဲ့ အဲဒီတာအိုစာအုပ်ကို ရွေးမလို့။ ငါက အဲဒါပဲ လိုချင်တာ။ ငါက တခြားရတနာတွေကို နင်တို့နဲ့ လုနေမှာမဟုတ်ဘူး…”
လီဟွိုင်က ရှေ့ကို ငုံ့ပြီး လီပေါင်ဖျင်ကို ကျော်ကြည့်လိုက်သည်။ သူက ရတနာများကိုကြည့်ပြီး မေးလိုက်၏။
“ရှို့ယီ …
မင်းက ဘာလို့ အဲဒီဓားကို မရွေးရတာလဲ။ ဓားက တော်တော်လေး လှတယ်လေ။ တကယ်လို့ ငါသာဆိုရင် အဲဒီဓားမောက်ကို သေချာပေါက် ရွေးမိမှာ…”
လင်းရှို့ယီအနေနှင့် ပြောရမည်ဆိုလျှင် ရတနာသေတ္တာထဲတွင် နေရာအများစု ယူထားသော ထိုဓားမောက်က ဆွဲဆောင်မှု ရှိနေသည်။
“ငါက သိုင်းပညာလေ့ကျင့်ဖို့ မသင့်တော်ဘူး။ ပြီးတော့ ငါက ဓားရှည်တွေ၊ ဓားမောက်တွေ ကိုင်ရတာကိုလည်း သဘောမကျဘူး…”
သူက တိုးတိုးလေး ပြောလိုက်၏။
လင်းရှို့ယီက သူ၏ရွေးချယ်ပေးမှုကို ငြင်းဆန်လိုက်ကြောင်း မြင်သည့်အခါ လီဟွိုင်က လီပေါင်ဖျင်ကို လှည့်ကြည့်ပြီး ပြောလိုက်သည်။
“ဒီဓားက တော်တော်လေး ထက်မြက်တဲ့ ဓားသွား ရှိနေတဲ့ ပြိုင်ဘက်ကင်း လက်နက်တစ်ခု ဖြစ်နိုင်တယ်။ အဲဒီအရာက သံကြိုးရေတွင်းရဲ့အပေါ်မှာရှိတဲ့ သံကြိုးကိုတောင် ဖြတ်ပစ်နိုင်လောက်တယ်။ လီပေါင်ဖျင်.. နင်က ဒီရတနာကို မလိုချင်ဘူးလား။ ဘယ်လိုပဲဖြစ်ဖြစ် နင့်ရဲ့ဦးလေးငယ်က လက်နက်အသစ်တစ်ခု လိုနေတာ မဟုတ်လား။ ဒီဓားက သူ့အတွက် အကောင်းဆုံးဖြစ်မယ်လို့ ထင်တယ်။ ပြောရမယ်ဆိုရင် သူက ဒီဓားမောက်ကိုသုံးပြီး လမ်းတလျှောက်မှာရှိတဲ့ သစ်ပင်တွေ၊ ချုံပုတ်တွေကို ရှင်းနိုင်မယ်ဆိုရင် ဘယ်လောက်တောင် အံ့ဩစရာကောင်းမလဲ။ အဲဒါက ဓားကျိုးတစ်လက်ကို သုံးနေတာထက်တော့ သေချာပေါက် ပိုကောင်းတယ် မဟုတ်လား…”
အလွန်ပါးလွှာသော ဓားမောက်က အခန်းထဲတွင် ပုန်းအောင်းနေသော မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ ဖြစ်နေသည်။ ဓားသွားက အဖြူရောင်ဓားအိမ်ထဲတွင် တိတ်တဆိတ် ရှိနေခဲ့၏။ ဓားသွား၏ပုံသဏ္ဌာန်ကလည်း အလွန်လှပသော မိန်းမပျိုလေးတစ်ယောက်ကဲ့သို့ ဖြစ်သည်။
အိုက်လျန်က ထိုဓားကို ဆွဲထုတ်ကြည့်လိုက်၏။ ထိုဓား၏အစွမ်းများကို ထိန်းချုပ်ထားခြင်း မရှိသည့်အတွက် ဓားသွား၏ အလင်းရောင်က ကမ္ဘာကြီးထဲတွင် တောက်ပသွားခဲ့၏။ ထိုဓားပေါ်တွင် စကားလုံးတစ်ခုမျှ ရေးထိုးထားခြင်း မရှိပေ။ သို့သော် တာအိုအင်မော်တယ်များ သေချာရေးထိုးထားပုံရသော တိမ်တိုက်ပုံသဏ္ဌာန် အင်းကွက်များ ရှိနေခဲ့၏။
အိုက်လျန်က အနည်းငယ် အံ့ဩသွားခဲ့သည်။ သူက လက်ညှိုးနှင့် ထိုဓားမောက်ကို ညှင်သာစွာ တောက်ကြည့်လိုက်၏။ ထိုအခါ သူက ကြည်လင်ချိုသာသော အသံတစ်ခုကိုသာ ကြားလိုက်ရသည်။
အိုက်လျန်က ခဏကြာနားထောင်ပြီး ခေါင်းညိတ်၍ ပြောလိုက်၏။
“မဆိုးပါဘူး။ ဒါက အနိမ့်ဆုံးအဆင့် မင်္ဂလာအဆောင် ဖြစ်နိုင်တယ်….”
အိုက်လျန်က ထိုဓားကို ဓားအိမ်ထဲသို့ ပြန်ထည့်လိုက်ပြီး လီပေါင်ဖျင်ကို အပြုံးနှင့် ပေးလိုက်၏။
“ဒါကိုယူလိုက်။ ဒီဓားက မင်းအတွက် အရမ်းသင့်တော်တယ်။ နောက်ပိုင်းမှာ မင်းက ဓားအားဖြည့်ဘူးသီးခြောက်တစ်လုံး ရှာပြီး ဒီဓားမောက်နဲ့ တွဲလို့ရတယ်။ ခါးတစ်ဖက်မှာ ဓားမောက်ကို ချိတ်ပြီး တဖက်မှာ ဘူးသီးခြောက်ကို ချိတ်ထားလိုက်။ ပြီးတော့ မြင်းလှလှလေးတစ်ကောင်ဝယ်ပြီး အနီရောင်ဝတ်စုံ လှလှလေး ရှာဝတ်လိုက်။ မြင်းစီးပြီး လောကတခွင်ကို သွားလာမယ်ဆိုရင် လမ်းသွားနေတဲ့ လူတိုင်းကတောင် သဘောကျနိုင်တယ် မဟုတ်လား…”
အိုက်လျန်က ကျေနပ်စွာ ရယ်ပြီး မှတ်ချက်ပေးလိုက်သည်။
“အမှန်အတိုင်းပြောရရင် အဲဒီလို မိန်းကလေးမျိုးကို ဘယ်သူကကော မကြိုက်မှာလဲ…”
လီပေါင်ဖျင်က ထိုဓားကို မှင်တက်စွာ လက်ခံလိုက်မိသည်။
ကျူးဟယ်က အနားတွင် ထိုင်နေခဲ့ပြီး ပထမတွင်တော့ သူ့သမီးကျူးလုက ထိုနေရာကို မလာချင်ခဲ့ပေ။ သူမက ထိုအရာများကို စိတ်မဝင်စားသည့်အလား စူပုတ်ပုတ်မျက်နှာနှင့် ပြောလိုက်၏။
သို့သော် ကျူးဟယ်က သူမကို ဆူဆဲပြီး ဆွဲခေါ်လာခဲ့သည်။ သူမ၏အဖေ ဒေါသထွက်နေသည်ကို ကျူးလုက ပထမဆုံးအကြိမ် မြင်ဖူးခြင်းလည်းဖြစ်၏။ ပထမတော့ သူမက အနည်းငယ် ကြောက်ရွံ့နေပြီး သူမ၏အဖေ၏ အနားတွင် ထိုင်ရန် ငြင်းဆန်နေသေးသည်။ အဆုံးတွင်တော့ မျက်နှာပျက်ပျက်နှင့် သူ့အနားတွင် ထိုင်လိုက်ရ၏။
လီပေါင်ဖျင်က ငြိမ်သက်နေသည့်အချိန်တွင် လီဟွိုင်က အခွင့်အရေးကို အရယူပြီး ထူးခြားစွာ ဖန်တီးထားပုံရသော ရုပ်သေးတစ်ခုကို လှမ်းယူလိုက်သည်။ ထိုအရာက သူ၏ အစစ်အမှန်ပစ်မှတ်ဖြစ်၏။
လင်းရှို့ယီကတော့ ရှုံ့တွနေသော အဖြူရောင်စာအုပ်ကို ရွေးယူလိုက်သည်။ စာအုပ်ကို လက်ထဲတွင် ကိုင်ထားနေရင်း ထိုလူငယ်လေး၏မျက်နှာပေါ်တွင် ရှားရှားပါးပါး ဝမ်းသာသွားသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။
ထိုအချိန်တွင် ကျူးဟယ်က စာအုပ်တစ်အုပ်နှင့် ရွှံ့ပုလင်းထဲတွင် ထည့်ထားသော ဆေးလုံးတစ်လုံးကို ကောက်ယူလိုက်သည်။ သူက အိုက်လျန်ကို လျင်မြန်စွာ မော့ကြည့်လိုက်၏။
အိုက်လျန်က အပြုံးနှင့် ပြောလိုက်သည်။
“ဘာလဲ .. မင်းရဲ့သမီး လိုအပ်နေတဲ့အရာနဲ့ တိုက်ဆိုင်နေတာလား။ ငါ့ကို ကျေးဇူးတင်ဖို့ မလိုပါဘူး။ တကယ်လို့ မင်းက တစ်ယောက်ယောက်ကို ကျေးဇူးတင်ချင်တယ်ဆိုရင်တော့ ဝေ့ပိုနဲ့ အဲဒီစပါအုံးမြွေတို့က အဖိုးတန်ရတနာတွေကို နှစ်ပေါင်း(၁၀၀)ကျော် စုဆောင်းထားတာကိုပဲ ကျေးဇူးတင်ရလိမ့်မယ်။ သူတို့က အင်မော်တယ်ဂိုဏ်းက လျှို့ဝှက်ကျင့်စဉ်တစ်ခုနဲ့ စစ်တောင်တန်းက အထူးဆေးလုံးတစ်လုံးကို ငါတို့ဆီ ပေးချင်နေတာလေ…”
ကျူးဟယ်က ထိုဆေးလုံးကို ကိုင်ထားပြီး တုန်ရီနေသောအသံနှင့် မေးလိုက်သည်။
“စီနီယာအိုက်လျန် …
ဒီဆေးက ဒဏ္ဍာရီထဲက သူရဲကောင်းသည်းခြေဆေးလုံးလား…”
အိုက်လျန်က အလွန်ဝမ်းသာနေသော ကျူးဟယ်ကို လျစ်လျူရှုထားခဲ့သည်။ သူက အဝေးလှမ်းကြည့်လိုက်ရာ ချန်းပင်အန်းက ဝေ့ပိုနှင့်အတူ လမ်းလျှောက်လာကြောင်း မြင်လိုက်ရ၏။
ဝေ့ပိုက ရတနာသေတ္တာထဲတွင် ကျန်နေသော ရွှေရောင်မျိုးစေ့လေးနှင့် လီပေါင်ဖျင်၏ လက်ထဲတွင် ကိုင်ထားသော ဓားမောက်ကိုကြည့်ပြီး သူ၏အမူအရာက တည်ငြိမ်အေးချမ်းနေခဲ့သည်။ သို့သော် စာအုပ်နှင့် ဆေးလုံးကို မြင်သည့်အချိန်တွင်တော့ အနည်းငယ် လှုပ်ရှားသွားခဲ့၏။ သူက အိုက်လျန်ကို လှည့်ကြည့်လိုက်မိသည်။
အိုက်လျန်က သူ့အကြည့်ကို လျစ်လျူရှုလိုက်ပြီး ချန်းပင်အန်းကို အပြုံးနှင့် ပြောလိုက်၏။
“ပစ္စည်းတစ်ခုပဲ ကျန်တော့တယ်။ ဒါပေမဲ့ မင်းက စောစောပဲရောက်လာရောက်လာ၊ နောက်ကျမှပဲ ရောက်လာရောက်လာ ဒီပစ္စည်းကိုပဲ ရမှာလေ…”
ချန်းပင်အန်းက ရွှေရောင်ကြာပန်းမျိုးစေ့လေးကို အပြုံးနှင့် ကောက်ယူလိုက်ပြီး လက်ပေါ်တွင် တင်ကြည့်လိုက်သည်။
“ဦးလေးငယ် …
ကျွန်မက ဒါနဲ့လဲပေးမယ်…”
လီပေါင်ဖျင်က တိုးတိုးလေး ပြောလိုက်၏။
“ဒီဓားက အရမ်းအစွမ်းထက်တယ်လို့ အိုက်လျန်က ပြောတယ်…”
ကလေးမလေးက ပါးစပ်ပိတ်လိုက်ပြီး သူမ၏မျက်နှာပေါ်တွင် နောင်တရနေသော အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူမက ဒုတိယစကားကို မပြောသင့်ပေ။
ချန်းပင်အန်းက သူမ၏ခေါင်းကိုပုတ်ပြီး ပြောလိုက်၏။
“ဒီဓားက ထူးခြားတယ်ဆိုရင်တော့ မင်းကိုယ်တိုင်ပဲ သိမ်းထားလိုက်ပေါ့။ ဦးလေးငယ်က ဓားမောက်သိုင်းပညာကို မလေ့ကျင့်ဘူး။ တောတွင်းသုံးဓားကပဲ တောင်တန်းတွေပေါ်မှာ သွားလာဖို့ လုံလောက်ပါတယ်…”
“ဟုတ်တယ် ။ ချန်းပင်အန်းက ဓားသမားတစ်ယောက်ပဲ။ ဒါကြောင့် ဓားမောက်တစ်လက်ကို သုံးတာက သိပ်ပြီးမသင့်တော်ဘူး…”
အိုက်လျန်က ပြောလိုက်၏။
“ဒါဆိုရင် ဘာလို့ ခင်ဗျားကရော ဝါးဓားမောက်တစ်ချောင်းကို သုံးနေရတာလဲ…”
ချန်းပင်အန်းက ပြန်မေးလိုက်သည်။
“အဲဒါက မင်းနဲ့ဘာဆိုင်လို့လဲ…”
အိုက်လျန်က ပြန်ပြောလိုက်၏။
“အိုက်လျန် …
ဒီသစ်သားသေတ္တာက ကျွန်တော် ပိုင်သွားပြီ မဟုတ်လား…”
လီဟွိုင်က တိတ်တဆိတ် ပြန်မေးလိုက်သည်။
အိုက်လျန်က သူ့ကိုကြည့်ပြီး မေးလိုက်၏။
“မင်းက ဘာလို့ဒီသေတ္တာကို အဲဒီလောက် လိုချင်နေရတာလဲ။ မင်းမှာ သိမ်းဖို့ ရတနာတွေ၊ ပစ္စည်းတွေ အများကြီးရှိနေလို့လား…”
“အဲဒါကရော ခင်ဗျားနဲ့ ဘာဆိုင်လို့လဲ…”
လီဟွိုင်က အိုက်လျန် မေးသကဲ့သို့ ပြန်မေးလိုက်သည်။
လူတိုင်းက အကျိုးအမြတ်တစ်ခုဆီ ရခဲ့ပြီး တောင်တန်းသခင် ဝေ့ပိုနှင့် အနက်ရောင်စပါးအုံးမြွေတို့ပင် ရခဲ့သည်။ အသတ်ခံရပြီး စားသုံးခံလိုက်ရသော အဖြူရောင်စပါးအုံးမြွေကလွဲလျှင် လူတိုင်းက ဝမ်းမြောက်ကျေနပ်ရသည်ဟု ဆိုနိုင်၏။
ချန်းပင်အန်းက လက်မအရွယ်အစားခန့်ကြီးမားသော ကြာပန်းမျိုးစေ့တစ်ခုကိုရခဲ့သည်။ လီပေါင်ဖျင်က မင်္ဂလာအဆောင်ဟု ခေါ်သော ဓားမောက်တစ်ချောင်းကို ရခဲ့သည်။ သို့သော် သူမကတော့ ဘာကြောင့်မှန်းမသိဘဲ မျက်နှာပျက်နေခဲ့၏။ သူမက ဆူပုတ်ပုတ်မျက်နှာနှင့် ထိုအရာကို စာအုပ်သေတ္တာလေးထဲတွင် သိမ်းထားလိုက်သည်။ ထို့နောက် ဦးလေးငယ်၏ အကြံပေးချက်အတိုင်း အဝတ်စများနှင့် ပတ်ထားခဲ့၏။
ထိုအချိန်တွင် လီဟွိုင်ကတော့ ရောင်စုံရုပ်သေးတစ်ခုနှင့် သစ်သားသေတ္တာတစ်ခုကို ရခဲ့၏။ မူလတုန်းက လီပေါင်ဖျင် သုံးခဲ့သော ခြင်းတောင်းလေးက သူ့အတွက် ယာယီထည့်စရာတစ်ခုဖြစ်ပြီး သူက ထိုအရာကို ထည့်၍ အသုံးပြုနေရသည်။ သူက ရင်ဘတ်ကို လက်နှင့်ပုတ်ပြီး သူ၏ကိုယ်ပိုင်စာအုပ်သေတ္တာရလာလျှင် ပိုကျယ်သောအိမ်သို့ ရွှေ့ပေးမည်ဟု ပြောနေခဲ့၏။
လင်းရှို့ယီကတော့ ‘တိမ်တိုက်ပေါ်တွင် ရွတ်ဖတ်ခြင်း’ဟူသော ကျမ်းစာ စာအုပ်ကို ရခဲ့သည်။ ထိုစာအုပ်၏နာမည်က ထူးဆန်းသော်လည်း ရှေးဟောင်းအငွေ့အသက်များ ပြည့်နှက်နေခဲ့၏။
ကျူးလုက လက်မခံချင်သော်လည်း သူမက လျှို့ဝှက်အင်မော်တယ် ကျင့်စဉ်တစ်ခုဖြစ်သော ခရမ်းချီကျင့်စဉ်ကို လက်ခံရရှိခဲ့သည်။ ကျူးဟယ်က ရေငတ်တုန်း ရေထဲကျသွားသော လူတစ်ယောက်ကဲ့သို့ ဖြစ်နေ၏။ သူ့မျက်နှာပေါ်ရှိ အပြုံးကို ထိန်းချုပ်နိုင်ခြင်းပင် မရှိခဲ့ချေ။
လက်ရှိအချိန်တွင် သူက အလွန်ကံကောင်းလှသည်ဟု ခံစားမိနေခဲ့၏။ ယခု သူ့အတွက်တော့ စစ်တောင်တန်းမှ သူရဲကောင်းသည်းခြေဆေးလုံးက ရွှေတောင်ကြီးတစ်တောင်၊ သို့မဟုတ် ငွေတောင်ကြီးတစ်တောင်ထက်ပင် ပို၍ တန်ဖိုးရှိနေခဲ့သည်။
မတူညီသော သွေးကြောမှတ်များထဲ၌ ပြန့်ကျဲနေမည်ဟုဆိုလျှင်ပင် ထိုအရာက လူတစ်ယောက်၏ စိတ်ဝိညာဉ်ကို စုစည်းပေးနိုင်သော ဆေးလုံးတစ်လုံးဖြစ်သည်။ အဆုံးတွင်တော့ ထိုအရာက ရေနတ်ဘုရား တည်ရှိနေသော သူရဲကောင်းတစ်ယောက်၏ သည်းခြေကို ဖွံ့ဖြိုးတိုးတက်လာအောင် ကူညီပေးနိုင်သည်။
ကျူးဟယ်က ချီကျင့်ကြံသူတစ်ယောက် မဟုတ်သလို စစ်ကျောင်းကျင့်ကြံသူ တစ်ယောက်လည်း မဟုတ်ချေ။ သို့သော် သူရဲကောင်းသည်းခြေဆေးလုံးက အလွန်ရှားပါးပြီး တန်ဖိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် ထိုအရာက သူ့လို သိုင်းပညာရှင်များအတွက် အသုံးဝင်ခြင်းကြောင့်ဖြစ်၏။ အထူးသဖြင့် သူ့လို အဆင့်(၅)အထွဋ်အထိပ်တွင် ရပ်တန့်နေသောသူများအတွက်ဖြစ်သည်။ သူရဲကောင်းသည်းခြေဆေးလုံးကို ရရှိခြင်းက သူ့အသက်ကို (၂)ဆမြှင့်တင်လိုက်သည်နှင့် ညီမျှ၏။
“မင်းနဲ့ တောင်တန်းသခင်က ဘယ်လိုအခြေအနေရှိလဲ…”
အိုက်လျန်က တိုးတိုးလေး မေးလိုက်၏။
ချန်းပင်အန်းက အပြုံးနှင့် ပြန်ဖြေလိုက်သည်။
“ကောင်းကောင်းပြီးသွားပါတယ်။ ကျွန်တော်က အဲဒီပစ္စည်းတွေကိုလည်း သူ့ကို ပေးလိုက်တယ်…”
အိုက်လျန်က အပြုံးနှင့် ပြောလိုက်၏။
“ကောင်းပါတယ်။ မင်းက ကပ်စေးနည်းနေတဲ့ လူတစ်ယောက်တော့ မဟုတ်ဘူး။ ငါက မင်းကိုပြောရုံပဲ ရှိသေးတယ်။ မင်းက စဉ်းစားမနေဘဲ ပေးလိုက်တယ်။ တကယ်လို့ စီးပွားရေးအရ ပြောရမယ်ဆိုရင် မင်းက သူတို့နဲ့ အပေးအယူလုပ်ဖို့ လမ်းကြောင်းတစ်ခုအဖြစ် အသုံးချခဲ့တာလေ…”
“အဲဒီစပါးအုံးမြွေနှစ်ကောင်ရဲ့ ကြွယ်ဝချမ်းသာမှုတွေအရ အနက်ရောင်စပါးအုံးမြွေက ဘယ်လောက်ပဲ ကပ်စေးနည်းနည်း အဖိုးတန်ပစ္စည်းကို ချန်ထားခဲ့မှာပဲ။ လူတစ်ယောက်ရဲ့ ကြိုးစားအားထုတ်မှုကနေ ဖန်တီးထားတဲ့ အကျိုးအမြတ်တွေကို တခြားသူတွေကို ယူသွားခွင့်ပေးမှာ မဟုတ်ဘူး…”
“နွေရာသီမှာစိုက်တဲ့ သစ်ပင်တစ်ပင်ကို ဆောင်းရာသီမှာရိတ်သိမ်းရမယ်။ ကျွန်တော်က ဒီဖြစ်စဉ်ကိုတော့ နားလည်ထားပါတယ်…”
ချန်းပင်အန်းက ပြန်ဖြေလိုက်သည်။
အိုက်လျန်က ခေါင်းညိတ်ပြလိုက်၏။ သူက ဝါးဦးထုပ်ကို သေချာပြင်ပြီး ပြောလိုက်သည်။
“ငါတို့က ဖယောင်းတိုင်နီမြို့ကို ရောက်ခါနီးနေပြီ…”
ထို့နောက် သူက ပါးစပ်ပြင်ပြီး တီးတိုးရေရွတ်လိုက်၏။
“အသစ်ဖောက်ထားတဲ့ နွေဦးဇီးသီးအရက်နဲ့ မိန်းမလှလေးတွေ ရှိနေတဲ့ ဈေးတွေ။ ငါ အိုက်လျန်က ပြန်လာပြီကွ…”
အိုက်လျန်က ထိုမြို့ကို အလွန်လွမ်းဆွတ်နေကြောင်း မြင်လိုက်ရသည့်အခါ ဖယောင်းတိုင်နီမြို့နှင့် ပတ်သက်ပြီး ချန်းပင်အန်းက ဆိုးရွားသော ခံစားမှုတစ်ခု ပေါ်လာခဲ့သည်။
ဝေ့ပိုကတော့ တောင်တန်းပေါ်မှ ပျောက်ကွယ်သွားသောလူများကိုကြည့်ပြီး သက်ပြင်းချလိုက်မိ၏။ သူက ခြေထောက်ကို အနည်းငယ်လှုပ်ရှားလိုက်ရာ ဧရာမလိပ်ကြီးတစ်ကောင်၏ အပေါ်တွင် ပြန်ပေါ်လာခဲ့သည်။ သူက ထိုနေရာတွင် တင်ပျဉ်ခွေထိုင်ပြီး ပြန်သွားနေခဲ့၏။
အနက်ရောင်မြွေတော့ သူ့နောက်မှနေ၍ လိုက်လာခဲ့သည်။ သူ့ခန္ဓာကိုယ်က အလွန်အမင်း ဖောင်းကားနေသော်လည်း သူ၏အငွေ့အသက်များက မြင့်တက်လာသည်မှာ သိသာနေသည်။ သူ၏ပတ်ပတ်လည်တွင် အလွန်ထူးခြားသော အငွေ့အသက်များ ထွက်ပေါ်လာနေခဲ့၏။
ဝေ့ပိုက ပြုံးလိုက်ပြီး အနက်ရောင်မြွေ၏ လမ်းကြောင်းထဲသို့ အိတ်တစ်ခု ပစ်ချပေးလိုက်သည်။ အနက်ရောင်မြွေက သေချာခေါင်းငုံ့ပြီး ထိုအိတ်ကို စိုက်ကြည့်လိုက်၏။ ထိုအရာက အန္တရာယ်မရှိကြောင်း မြင်လိုက်ရသည့်အခါ သူက တောလိပ်ပေါ်တွင် ထိုင်နေသော တောင်ထိပ်သခင်ကို ကြည့်လိုက်သည်။
တောင်တန်းသခင်က အပြုံးနှင့် ပြောလိုက်၏။
“ဒါက အဲဒီကောင်လေးရဲ့ ကြိုဆိုခြင်းလက်ဆောင်လို့ပဲ သတ်မှတ်လိုက်ပါ…”
ခြေ(၄)ချောင်း၊ လက်သည်း(၄)ခု ရှိနေသော အနက်ရောင်မြွေက သူ၏အစွယ်ကိုသုံးပြီး အိတ်ကို ဖွင့်လိုက်သည်။ ထိုအခါ နဂါးနှုတ်ခမ်းမွှေးစမ်းချောင်းထဲမှ ချန်းပင်အန်း စုထားခဲ့သော မြွေကျောက်တုံးများ ထွက်လာခဲ့သည်။ သို့သော် သူတို့၏အရောင်က မှေးမှိန်နေခဲ့၏။
ကြည့်လိုက်မည်ဆိုလျှင် သူတို့က သာမန်ကျောက်တုံးများနှင့် ကွဲပြားမှု မရှိချေ။ သို့သော် သေချာကြည့်လိုက်ပြီးနောက် အနက်ရောင်မြွေ၏ မျက်လုံးထဲတွင် စိတ်လှုပ်ရှားမှုများ ပေါ်လာခဲ့၏။ တချိန်တည်းတွင် သူက မသက်မသာ ခံစားနေရသည်။ သူက တခဏအတွင်း မထင်မှတ်ထားသည့်အရာများ ကြုံရမှာကို ကြောက်လန့်နေခဲ့၏။ ထို့ကြောင့် သူက ကျောက်တုံးများကို တစ်တုံးပြီး တစ်တုံး ပါးစပ်ထဲသို့ မျိုချလိုက်သည်။
ထိုအရာကို မြင်သည့်အခါ ဝေ့ပိုက တောလိပ်ကို ဆက်သွားရန် အမိန့်ပေးလိုက်သည်။
“သူတို့က ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုနဲ့ စနေကြပြီ။ ဒီဆက်ဆံရေးက ကောင်းခြင်းနဲ့ အဆုံးသတ်မလားဆိုတာတော့ ငါလည်း မသိတော့ဘူး…”
သူက တစ်ယောက်တည်း တီးတိုးရေရွတ်လိုက်သည်။
ခဏကြာစဉ်းစားပြီးနောက် အနက်ရောင်စပါးအုံးမြွေက သူ့နောက်ဘက်တွင် လက်သည်းနှင့် တူးလိုက်ပြီး ကောင်းကင်ပေါ်သို့ မော့ကြည့်၍ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ့အော်သံကြောင့် ငှက်များပင် ထွက်ပြေးသွားခဲ့၏။
တောင်တန်းသခင်က အနည်းငယ် အားကျပြီး တီးတိုးရေရွတ်နေခဲ့သည်။
“လီကျူးသုခဘုံကလွဲရင် ဒီလိုရတနာမျိုးက အရှေ့ပိုင်းကုန်းမြေကြီးမှာတောင် ပျောက်ကွယ်လုနီးပါး ဖြစ်နေပြီ။ ဒီကျောက်တုံးတွေကို ဝါးမြိုပြီးသွားရင် မြွေနဲ့ရေနဂါးမိသားစုတွေမှာ နဂါးအရိုးနဲ့ နှုတ်ခမ်းမွှေးတွေ ပေါက်လာနိုင်တယ်..”
သူတို့က ဖယောင်းတိုင်နီမြို့အနားသို့ ရောက်လာသည့်အချိန်တွင် အပြာရောင်ကျောက်ပြားပေါ်သို့ မြည်းခွာနင်းနေသည့်အသံများ ထွက်ပေါ်လာခဲ့သည်။
အိုက်လျန်က သူ့မြည်းကို ကိုင်ထားခဲ့ခြင်း မရှိချေ။ သို့သော် ထိုမြည်းက သူ့နောက်မှနေ၍ ထပ်ချပ်မကွာ လိုက်လာခဲ့၏။ ထိုအချိန်တွင် အိုက်လျန်က သူ့နောက်မှ အော်သံကြီးကို ဝိုးတဝါး ကြားလိုက်ရသည်။ သူက အပြုံးနှင့်ပြောလိုက်၏။
“ကြည့်ရတာတော့ တော်တော်လေး အသုံးဝင်တယ် ထင်တယ်…”
“ကျွန်တော်က တန်ဖိုးအရှိဆုံး မြွေကျောက်တုံးတွေကို သိမ်းထားတယ်။ အဲဒီအရာတွေကိုတော့ မပေးချင်တော့ဘူးလေ…”
ချန်းပင်အန်းက တိုးတိုးလေး ပြောလိုက်၏။
အိုက်လျန်က အားရပါးရရယ်ပြီး ပြောလိုက်သည်။
“မင်းက တော်တော် သနားစရာကောင်းတာပဲ…”
အဖွဲ့၏နောက်ဆုံးမှ မြင်းနှင့်အတူ လိုက်လာသော ကျူးဟယ်က လီဟွိုင်တို့နှင့် အနည်းငယ် ခပ်ခွာခွာနေပြီး သူ့သမီးကို တီးတိုးပြောလိုက်သည်။
“သမီးက အဲဒီခရမ်းချီကျင့်စဉ်ကို သေချာလေ့ကျင့်ရမယ်။ တကယ်လို့ အကုန်လုံး အဆင်ပြေသွားပြီဆိုရင် သမီးက အဆင့်(၅)ထိ ရောက်အောင် လေ့ကျင်နိုင်လိမ့်မယ်။ အဲဒီအချိန်ကျရင်တော့ သူရဲကောင်းသည်းခြေဆေးလုံးကို သုံးလိုက်မယ်ဆိုရင် အဆင့်(၆)ကို အေးအေးဆေးဆေး တက်လှမ်းနိုင်လိမ့်မယ်…”
မိန်းမပျိုကတော့ အံ့ဩသွားခဲ့ပြီး ပြန်မေးလိုက်သည်။
“တကယ်လို့ သမီးက ဒီဆေးကို သုံးလိုက်မယ်ဆိုရင် အဖေကရော…”
“အဖေက အသက်ငယ်ပါသေးတယ်…”
ကျူးဟယ်က ပြန်ဖြေလိုက်၏။
“အခုအဖေ့ရဲ့စွမ်းအားတွေက ပြန်ပြီး လှုပ်ရှားလာတာကို တွေ့လိုက်ရပြီ။ အဖေက နောက်တဆင့်ကို ကိုယ့်အစွမ်းနဲ့ ကိုယ်တက်နိုင်သွားပြီ။ တကယ်လို့ အဖေကသာ အဲဒီအဆင့်ကို တက်လှမ်းနိုင်ပြီဆိုရင် အဆင့်(၇)ကို မျှော်မှန်းကြည့်လို့ ရသွားပြီ။ အခုတော့ အဖေက အဲဒီအရာကို အိပ်မက် မက်ကြည့်လို့ရသွားပြီပေါ့…”
နောက်ဆုံးတွင်တော့ စိတ်ပျက်နေသော မိန်းမပျို၏မျက်နှာပေါ်တွင် အပြုံးတစ်ခုက အစားထိုး ဝင်ရောက်လာခဲ့သည်။ သူမက စနောက်လိုက်၏။
“ငယ်သေးတာလား အဖေ။ ဒါဆိုရင် အဖေက ဖယောင်းတိုင်နီမြို့ကို ရောက်တဲ့အချိန်ကျရင် မိန်းမငယ်ငယ်လေး တစ်ယောက်လောက် ထပ်ရှာပါလား။ ဘာမှမစိုးရိမ်ပါနဲ့။ သမီးက အဖေ့ကို မတားပါဘူး…”
ကျူးဟယ်၏ မျက်နှာပေါ်တွင် အိုးတိုးအန်းတမ်း အမူအရာတစ်ခု ပေါ်လာခဲ့သည်။ သူက သူ့သမီးကို စိုက်ကြည့်ပြီး ပြောလိုက်၏။
“ဘယ်လို စကားတွေပြောနေတာလဲ…”
ကျူးလုက ခဏကြာစဉ်းစားပြီး အကြံပေးလိုက်သည်။
“အဖေ …
ဒီဆေးလုံးကို အဖေ့အတွက်ပဲ သိမ်းထားသင့်တယ်။ သမီးက အခုမှအဆင့်(၂) အထွဋ်အထိပ်ပဲ ရှိသေးတယ်။ ဒီတော့ အဆင့်(၅)ကိုရောက်ဖို့ အဝေးကြီးပဲ…”
ကျူးဟယ်က ဝမ်းသာစွာရယ်ပြီး ပြန်ဖြေလိုက်၏။
“ကောင်းပြီလေ။ ဒါဆိုလည်း အဖေပဲ သိမ်းထားလိုက်မယ်။ နောက်ပိုင်းကျရင် သမီးအတွက် လက်ဖွဲ့ပစ္စည်းအဖြစ် ပြင်ထားပေးလို့ရတာပေါ့….”
လူတစ်ယောက်ကို စဉ်းစားမိသွားသည့်အခါ ကျူးလု၏မျက်နှာလေးက ချက်ချင်း နီရဲသွားခဲ့သည်။
ကျူးဟယ်ကတော့ အနည်းငယ် ထိတ်လန့်သွားခဲ့ပြီး ယုံကြည်ချက်ရှိရှိ ပြောလိုက်၏။
“နောက်ပိုင်း အဖေတို့ တာ့လီမြို့တော်ကို ရောက်တဲ့အချိန်ကျရင် ဘယ်အဆင့်မြင့်သခင်လေးတွေက ငါ့သမီးကို လက်ထပ်ပြီး ကံကောင်းဦးမလဲ ကြည့်ချင်သေးတယ်…”
ကျူးလုက ရှက်ရွံ့စွာ ခြေဆောင့်လိုက်၏။ ထို့ကြောင့် ကျူးဟယ်က လက်ကာပြလိုက်ပြီး ပြောလိုက်သည်။
“ကောင်းပြီ ကောင်းပြီ။ အဖေထပ်ပြီး မပြောတော့ဘူး…”
အလင်းရောင် ရှိနေသေးသော လမ်းမပေါ်တွင် လျှောက်နေရင်း အိုက်လျန်က လက်နှစ်ဖက်ကိုပွတ်၍ အဝေးတွင် ရှိနေသော ဖယောင်းတိုင်နီမြို့ကို ငေးကြည့်နေမိခဲ့သည်။ သူကတော့ စားသောက်ဆိုင်ထဲတွင် အရက်မူးပြီး လဲှနေသော မိန်းမလှလေးတစ်ယောက်ကို ကြည့်နေရသလို ထင်မှတ်ရ၏။
“ချန်းပင်အန်း ငါတို့က အရင်ဆုံးကိစ္စတစ်ခုကို သဘောတူထားမယ်။ ငါ မင်းဆီကနေ ရွှေတုံးတစ်တုံး ချေးချင်တယ်…”
သူက အလျင်အမြန် ပြောလိုက်၏။
ချန်းပင်အန်းက ခေါင်းညိတ်သဘောတူလိုက်သည်။ သို့သော် သူက အနည်းငယ် ရှုပ်ထွေးစွာ မေးလိုက်၏။
“အိုက်လျန် …
ခင်ဗျားမှာ ငွေမရှိဘူးလား…”
“မင်းက အဲဒါကို နားမလည်ဘူးလား။ လောကတခွင်လုံး ခရီးသွားတဲ့အချိန် ငွေချေးပေးတဲ့သူတွေက ရိုးသားသူတွေပဲ။ ငွေချေးနိုင်တဲ့သူတွေကမှ သူဌေးတွေလေ။ ငါတို့ရဲ့ခရီးစဉ်တလျှောက်မှာ ငါက လီဟွိုင်နဲ့ ကျူးလုလို ကလေးတွေ အထင်သေးတာကို ခံခဲ့ရတယ်။ ဒါကြောင့် ငါက ငါ့ကိုယ်ငါ လျော်ကြေးပေးဖို့အတွက် သူဌေးတစ်ယောက်လို ခံစားမှုမျိုး လိုချင်တယ်လေ…”
“ဒါဆိုလည်း ကျွန်တော်က ရွှေတုံးတစ်တုံး အလကားပေးပါ့မယ်…”
ချန်းပင်အန်းက ပြောလိုက်၏။
“ခင်ဗျားကို ချေးပေးမှာ မဟုတ်ဘူး။ အလကားပေးမှာ…”
အိုက်လျန်က သူ့ပုခုံးကိုပုတ်ပြီး ရယ်လိုက်သည်။
“ရတယ်။ ရွှေတုံးတစ်တုံး အလကားပေါ့…”
အိုက်လျန်က ရှေ့တည့်တည့်ကိုကြည့်လိုက်ပြီး လက်သီးဆုပ်၍ ပြောလိုက်၏။
“မင်းလို ဆင်းရဲတဲ့လူတစ်ယောက်ဆီကနေ ရွှေတုံးတစ်တုံး အလကား ယူရတယ်။ ငါက တော်တော်လေးကို ကြမ်းတမ်းခက်ထန်ပြီး လူမဆန်တဲ့လူတစ်ယောက်ပါလား..”
ထိုစကားကိုကြားသည့်အခါ သူ၏ဆုံးဖြတ်ချက်ကို နောင်တမရခဲ့ပေ။ ထိုအစား တဖြည်းဖြည်း နီးကပ်လာသော မြို့ကိုသာ စိုက်ကြည့်နေခဲ့၏။ မြို့နားသို့ ရောက်လာသည့် အချိန်တွင် လတ်ဆတ်သော တောင်ကုန်း၊ တောင်တန်းများ၊ ရေစီးသန်သောနေရာ၌ ရင်းနှီးသော မွှေးရနံ့များက ထွက်ပေါ်လာခဲ့သည်။
ချန်းပင်အန်းက ပြန်လှည့်ပြီး လီပေါင်ဖျင်ကို ပြောလိုက်၏။
“မြို့ကိုရောက်တဲ့အချိန်ကျရင် ငါတို့ခရီးမှာ လိုအပ်တဲ့ စားစရာနဲ့ပစ္စည်းတွေ ဝယ်ပြီးသွားရင် ဒုတ်ထိုးသကြားလုံး ရှာဝယ်ရမယ်…”
လီပေါင်ဖျင်က ဝမ်းသာသွားခဲ့ပြီး သူမ၏အစိမ်းရောင် စာအုပ်သေတ္တာလေးကို ညင်သာစွာ လှုပ်ရှားနေခဲ့၏။
“ဦးလေးငယ် …
ဒုတ်ထိုးသကြားလုံး(၂)ခုဝယ်မယ်။ သေးတဲ့တစ်ခုက ပိုပြီးတော့ အရသာရှိတယ်…”
Translated by Hein Htet.