← Chapters

အခန်း (၁၀၈)

Vol. 8 Ch. 108

အခန်း (၁၀၈)

Vol. 8 Ch. 108

ဖယောင်းတိုင်နီမြို့ကိုအလွန်မြင့်မားသော နံရံကြီးတစ်ခု ဝိုင်းရံနေခဲ့သည်။ ချန်းပင်အန်းတို့က မြောက်ဖက်တံခါးမှနေ၍ မြို့ထဲကို ဝင်လာရန် လိုအပ်၏။

သို့သော် သူတို့က ပြဿနာတစ်ခုကို လျင်မြန်စွာ တွေ့ခဲ့ရသည်။ တံခါးတွင်စောင့်နေကြသော ရဲမက်များက မြို့ထဲကိုဝင်ချင်သည်ဆိုလျှင် နာမည်နှင့် ခရီးသွားစာရွက်စာတမ်းများ လိုအပ်သည်ဟု ပြောနေခဲ့သည်။

ထိုစကားကို ကြားသည့်အခါ ချန်းပင်အန်းက နားမလည်နိုင်ခဲ့ပေ။ ထိုစာရွက်စာတမ်းများက မည်သည့်အရာများဖြစ်ကြောင်း သူလည်း သေချာမသိပေ။ အိုက်လျန်ကတော့ ချန်းပင်အန်းဆီမှ ရွှေတုံးတစ်တုံး ရသွားခဲ့ပြီဖြစ်သည့်အတွက် သူ၏အဝတ်အိတ်ထဲမှ ခေါက်ထားသော စာရွက်တစ်ရွက်ကို ထုတ်ပြီး ရဲမက်ကို အပြုံးနှင့်ပေးလိုက်သည်။

စစ်ဆေးမှုကို ဖြတ်ကျော်သွားခဲ့ပြီးနောက် အိုက်လျန်က သူ၏မြည်းဖြူကိုပင် ပစ်ထားခဲ့ပြီး တစ်ယောက်တည်း မြို့ထဲသို့ ပြေးဝင်သွားခဲ့သည်။ သူက မြို့တံခါးကို ရောက်သည့်အချိန်တွင် အံ့ဩမှင်တက်နေသော အဖွဲ့သားများကို လက်ပြနှုတ်ဆက်ရန် မမေ့ခဲ့ပေ။

ထို့ကြောင့် လီဟွိုင်က အလွန်ဒေါသထွက်သွားခဲ့ပြီး မြည်းဖြူကိုသတ်ပစ်မည်ဟု ခြိမ်းခြောက်လိုက်သော်လည်း အိုက်လျန်ကတော့ အားရပါးရရယ်၍ မြို့ထဲကို လျှောက်သွားခဲ့၏။

ကျူးဟယ်ကလည်း ဇဝေဇဝါ ဖြစ်နေခဲ့သည်။ မြို့ထဲမှ ထွက်မသွားခင် ကလန်ခေါင်းဆောင်က သူ့ကို မည်သည့်အရာမျှ ပြောမပြခဲ့ပေ။ အမှန်အတိုင်းပြောရလျှင် ကျူးဟယ်ကလည်း အပြင်ဘက်ကမ္ဘာနှင့်ပတ်သက်ပြီး လုံးဝစိတ်မဝင်စားခဲ့ချေ။ ထို့ကြောင့် ဤအခြေအနေတွင် သူလည်း ချန်းပင်အန်းထက် ပိုသာနေခြင်း မရှိပေ။

တောင်တက်ခြင်း၊ စခန်းချခြင်းများ ယှဉ်လိုက်မည်ဆိုလျှင်ပင် သူက ဆင်းရဲနွမ်းပါးသော ကောင်လေးထက် အဆများစွာ နိမ့်ကျနေခဲ့သည်။ ကျူးဟယ်၏စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့၏။ ငွေကြေးဟူသည်မှာ အရာအားလုံးကို ဖြေရှင်းရန် နည်းလမ်းဖြစ်ကြောင်း အမှတ်ရသွားခဲ့သည်။ ဤနေရာတွင်လည်း ထိုသို့ဖြစ်နိုင်၏။

ခေါင်းထဲတွင် ထိုအရာပေါ်လာသည့်အတွက် သူက အစောင့်ရဲမက်တစ်ဦး၏လက်ထဲကို ငွေစ တစ်စ ထည့်ပေးလိုက်သည်။ သို့သော်အံ့ဩစရာကောင်းသည်မှာ ထိုအစောင့်ရဲမက်က သူ့ရင်ဖက်ကို လှံနှင့်ချိန်ပြီး ဒေါသတကြီး မောင်းထုတ်ခဲ့၏။

ပုံမှန်အားဖြင့် သဘောထားကောင်းမွန်သော ကျူးဟယ်ကပင် အနည်းငယ် ဒေါသထွက်သွားခဲ့သည်။ သူက အဆင့်(၅) သိုင်းပညာရှင်တစ်ယောက်ဖြစ်၏။ အကယ်၍ သူသာ တပ်ဖွဲ့ထဲသို့ ဝင်လိုက်မည်ဆိုလျှင် အလယ်အလတ်အဆင့် စစ်သူကြီးတစ်‌ယောက်တော့ ဖြစ်နိုင်ချေ ရှိသည်။

သို့သော် ကျူးဟယ်က ရဲမက်နှင့်စတင် ငြင်းခုံတော့မည့်အချိန်တွင် ကျူးလုက လက်မောင်းကို ဆွဲထားပြီး တိတ်တဆိတ် သတိပေးလိုက်၏။

"တာ့လီအင်ပါယာရဲ့တပ်ဖွဲ့တွေထဲမှာ အရမ်းတင်းကြပ်တဲ့စည်းမျဉ်းတွေ ရှိ‌တယ်။ ပြီးတော့ အဲ့ဒီစည်းမျဉ်းတွေထဲမှာ ပေါ့ပေါ့ပါးပါး အပြစ်ပေးတာနဲ့ ‌ပြင်းပြင်းထန်ထန် အပြစ်ပေးတာတွေလည်း ရှိတယ်။ ဒါကြောင့် သူတို့နဲ့ အငြင်းအခုံဖြစ်တာ မကောင်းဘူး။ မဟုတ်ရင် အဲဒီရဲမက်တွေက သမီးတို့လို သာမာန်လူတွေကို သေချာပေါက်ဒုက္ခပေးနိုင်တယ်…"

ကျူးဟယ်က မျက်မှောင်ကြုတ်လိုက်မိပြီး ထိုရဲမက်များနှင့် ပြဿနာမဖြစ်ရန် ဆုံးဖြတ်လိုက်သည်။

ကျူးလုက အသံတိုးတိုးဖြင့် နှစ်သိမ့်လိုက်၏။

"အဖေ …

နောက်ပိုင်းကျရင် တရားဝင်ရာထူးတစ်ခုပေးဖို့ ကလန်မျိုးနွယ်ခေါင်းဆောင်ကို တောင်းဆိုကြတာပေါ့..။ အဖေ့ရဲ့အဆင့်အတန်းနဲ့ ကျင့်စဉ်အရဆိုရင် အဖေက အလွယ်တကူ နာမည်တစ်လုံး ရလာမှာပါပဲ။ အဲဒီနေ့ကျရင် အဖေ့ရဲ့ဒေါသတွေကို ဒီလိုမြိုသိပ်ထားစရာ လိုဦးမှာလား…"

ကျူးဟယ်က နားလည်စွာ ခေါင်းညိတ်ပြလိုက်သည်။ ထို့နောက် သူက ရဲမက်ကို လှည့်ကြည့်ပြီး တီးတိုးပြောလိုက်၏။

"ဒါဆိုရင် ကြားရတဲ့သတင်းတွေက အမှန်ပဲပေါ့ ။ မြေအောက်ကမ္ဘာကြီးရဲ့ ငရဲမင်းကိုတွေ့ဖို့ လွယ်ပေမယ့် သူ့ရဲ့လက်အောက်ငယ်သားတွေကို ဖြေရှင်းဖို့က တော်တော်ခက်တယ်လို့ကြားဖူးတယ်…"

လူတိုင်းက ချန်းပင်အန်းကို လှည့်ကြည့်လိုက်ကြသည်။ ခဏကြာ စဉ်းစားပြီးနောက် ချန်းပင်အန်းက ဖြည်းညင်းစွာ ပြောလိုက်၏။

"ဒီလိုဖြစ်နေမှတော့ ငါတို့က ဖယောင်းတိုင်နီမြို့ကို ပတ်သွားပြီး အပြင်ဘက်မှာပဲ စခန်းချဖို့ ကြိုးစားကြတာပေါ့။ ငါတို့က လိုအပ်တဲ့စားစရာတွေ၊ ပစ္စည်းတွေဝယ်ဖို့ လူတစ်ချို့ကို ငှားလို့လည်း ရတယ်။ ဒါပေမယ့် အကြီးမားဆုံးပြဿနာကတော့ ငါတို့က မြို့ထဲမှာရှိတဲ့ လှေဆိပ်ကို သွားလို့မရနိုင်ဘူး ထင်တာပဲ…”

“ဒါဆိုရင် ငါတို့ရဲ့ မူလအစီအစဉ်ကို ပြောင်းရလိမ့်မယ်။ ငါတို့က ပန်းထိုးမြစ်အတိုင်း အနောက်ဘက်ကို ကီလိုမီတာ(၅၀၀)လောက် သွားရမယ့်အစား ငါတို့ရဲ့ဦးတည်ချက်ကို ခြေလျင်ပဲသွားရလိမ့်မယ်။ ဒါက လှေတစ်စီးနဲ့ သွားရတာထက်တော့ အဆပေါင်းများစွာ ပိုပြီးပင်ပန်းတယ်။ ငါတို့က ပိုပြီးတော့လည်း ဝေးဝေးသွားရလိမ့်မယ်…"

ထိုအချိန်တွင် စိမ်းပြာရောင် အရာရှိဝတ်စုံ ဝတ်ထားသည့် သက်လတ်ပိုင်း လူတစ်ယောက်က မြို့တံခါးမှ ထွက်လာပြီး ချန်းပင်အန်းတို့ကို ခြေဆုံးခေါင်းဆုံး ကြည့်နေခဲ့သည်။

အဆုံးတွင်တော့ သူက ကျူးဟယ်ကိုကြည့်ပြီး လက်နှစ်ဖက်ဆုပ်၍ ပြောလိုက်၏။ "ကျွန်တော့်နာမည်က ချန်းရှန့် လို့ခေါ်တယ်။ ကျွန်တော်က ဖယောင်းတိုင်နီမြို့ရဲ့ ခေါင်းအုံးဆက်သွယ်ရေးစခန်းမှာ လက်ရှိ ဒုခေါင်းဆောင်ပါ။ ဒီက မိတ်ဆွေက လုံချွမ်တိုင်းပြည်က ဆရာကျူးဟယ်လား…"

ကျူးဟယ်က တိတ်ဆိတ်သွားခဲ့သည်။ သူ၏မျက်နှာပေါ်တွင် သတိထားနေသည့် အမူအရာတစ်ခု ပေါ်လာခဲ့၏။

သူ့ကိုယ်သူ ဆက်သွယ်ရေးစခန်း၏ ဒုခေါင်းဆောင်ဟု ပြောနေသော ပညာရှင်က သေချာရှင်းပြလိုက်သည်။

"မိတ်ဆွေတို့ရဲ့ ကလန်ခေါင်းဆောင်က စာတစ်စောင် ရေးလိုက်ပြီး ကျွန်တော်တို့ ရုံးတော်ကို စာပို့လိုက်တယ်။ အဲဒီမှာ မိတ်ဆွေရဲ့ အစီအစဉ်တွေကိုလည်း အကြမ်းဖျင်း ပြောပြခဲ့တယ်။ ပြီးတော့ ကျွန်တော်တို့ရုံးတော်က မိတ်ဆွေတို့ကို ဧည့်ခံပေးပြီး အကောင်းဆုံးကူညီပေးဖို့ကိုလည်း တောင်းဆိုထားတယ်။ အဲဒီအပြင် မိတ်ဆွေတို့မိသားစုနှင့် မိတ်ဆွေတွေဆီက တခြားစာတွေလည်း ခေါင်းအုံးဆက်သွယ်ရေးစခန်းမှာ ရောက်နေကြတယ်..”

“ပြောရမယ်ဆိုရင်တော့ ကျွန်တော်က လွန်ခဲ့တဲ့ (၁၀)ရက်လောက်တည်းက မိတ်ဆွေတို့နေဖို့နေရာကို ပြင်ဆင်ထားပြီးသားပါ။ အဲဒီနေရာက အတော်လေးကို သန့်ရှင်းသပ်ရပ်ဖို့တော့ အာမခံနိုင်တယ်။ ဒါပေမယ့် အဲဒါက ကြီးကျယ်ခမ်းနားမယ်လို့တော့ မပြောရဲဘူး။ အဲဒါနဲ့ ပတ်သတ်ပြီးတော့ ခွင့်လွှတ်နားလည်ပေးပါ။ ဒီကိစ္စကြောင့် ရုံးတော်ကိုလည်း အပြစ်မတင်ပါနဲ့။ မဟုတ်လို့ သခင်ကြီးသာ မကျေမနပ်ဖြစ်သွားရင် ကျွန်တော် မနက်ဖြန် အလုပ်ပြုတ်သွားလိမ့်မယ်.."

ဆက်သွယ်ရေးစခန်း ဒုခေါင်းဆောင်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားခဲ့သည်။ သူက ထပ်ဖြည့်ပြောလိုက်၏။

"တကယ်လို့ ဆရာကျူးက ကျွန်တော့်ကို မယုံဘူးဆိုရင် ကျွန်တော်က ဆက်သွယ်ရေးစခန်းမှာရှိတဲ့ လူတစ်ယောက်ကို ချက်ချင်း ခေါ်ပေးလို့ရတယ်။ အဲဒီလူက လုံချွမ်တိုင်းပြည် ဖုလုလမ်းကြားထဲကလူပဲ။ သူက မီးဖိုကြီးကြပ်သူ အရာရှိဆီမှာတောင် အလုပ်လုပ်ဖူးတယ်။ အမှန်အတိုင်း ပြောရရင် မြို့တော်က စာတစ်စောင်ကိုတော့ သူကိုယ်တိုင် ယူလာခဲ့တာ။ သူက အဲဒီစာကို သခင်လေး လင်းရှို့ယီဆီ ကိုယ်တိုင်ပေးမယ်လို့ ပြောတယ်…"

လင်းရှို့ယီက ချမ်းသာသော သခင်လေးတစ်ယောက်၏ အမူအရာဖြင့် ရှေ့ထွက်လာပြီး မေးလိုက်သည်။

"ကျွန်တော်က လုံချွမ်တိုင်းပြည်က လင်းရှို့ယီပါ။ အဲဒီလူရဲ့နာမည်က ဘယ်သူလဲဆိုတာသိလား ဆက်သွယ်ရေး ဒုခေါင်းဆောင်…."

အစေခံမလေး ကျူးလုက အနည်းငယ် မှင်တက်သွားခဲ့၏။ လက်ရှိအ‌ချိန်တွင် လင်းရှို့ယီ၏ပုံစံက သူမ သိထားသော လူငယ်လေးနှင့် လုံးဝကို ကွဲပြားနေပုံရသည် လီပေါင်ဖျင်နှင့် လီဟွမ်တို့ကလည်း အချင်းချင်းကြည့်ပြီး လျင်မြန်စွာ ခေါင်းညိတ်ပြလိုက်ကြ၏။

ဆက်သွယ်ရေး ဒုခေါင်းဆောင်၏ အသံထဲတွင် တွေဝေမှုများ မရှိချေ။

"ကျွန်တော် အမှတ်မမှားရင် သူ့နာမည်က ထန်ရှုတောင်ဖြစ်မယ်။ သူက အသက်(၄၀) ဝန်းကျင်ရှိမယ်။ ပြီးတော့ သူက တာ့လီအင်ပါယာရဲ့ ဘာသာစကားကိုလည်း ကျွမ်းကျွမ်းကျင်ကျင် မပြောတတ်သေးဘူး။ သူက အရက်သောက်ရတာကို သဘောကျတယ်။ အရက်သောက်ပြီးသွားရင် သူ့ရဲ့သဘောထားလည်း....."

လင်းရှို့ယီက ခေါင်းညိတ်ပြ၍ ဆက်မေးလိုက်သည်။

"ဒါဆိုရင် လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်း မင်းတို့က တောင်ပိုင်းတံတားမှာ ငါတို့ကို စောင့်နေခဲ့တာလား…."

ထိုလူက အပြုံးနှင့် ပြန်ဖြေလိုက်သည်။

"ကျွန်တော်က ဟုတ်တယ်လို့ ပြောချင်ပေမယ့် မလိမ်ချင်ပါဘူး။ အမှန်အတိုင်းပြောရရင် ခေါင်းအုံးဆက်သွယ်ရေးစခန်းက ဖယောင်းတိုင်နီမြို့ရဲ့ မြောက်ပိုင်းမှာ တည်ရှိတယ်။ ဒီနေရာနဲ့သိပ်ပြီးမဝေးဘူး။ ဒီနေရာနဲ့ မလှမ်းမကမ်း တောင်ထိပ်ပေါ်မှာ မီးပြတိုက်တစ်ခုရှိတယ်။ အဲဒီနေရာက တခြားမြို့ငယ်လေးနဲ့လည်း အရမ်းနီးတယ် ကျွန်တော်က အဲဒီမှာရှိတဲ့ အရာရှိနဲ့ တော်တော်လေး ခင်နေတာဆိုတော့ ဒီလမ်းမကြီးကို စောင့်ကြည့်နေဖို့ သူ့ကို အကူအညီတောင်းထားခဲ့တာ။ သခင်လေးလင်းနဲ့ ဆရာကျူးတို့ ဖြတ်သွားတာကိုမြင်တဲ့အချိန်ကျရင် သူ့ရဲ့ လက်အောက်ငယ်သားကို လွှတ်ပြီး ကျွန်တော့်ကိုအသိပေးတယ်လေ.."

လင်းရှို့ယီက နားလည်သွားခဲ့သည်။ သူက စကားတစ်ခွန်းမျှမပြောတော့ပဲ ချန်းပင်အန်းကို လှည့်ကြည့်လိုက်ရာ ချန်းပင်အန်းက ခေါင်းညိတ်ပြလိုက်၏။

ကျူးဟယ်က ဆက်သွယ်ရေးစခန်း ဒုခေါင်းဆောင်ကို အပြုံးနှင့် ကျေးဇူးတင် စကားပြောလိုက်သည်။

"ဒါဆိုရင်တော့ သခင်ကြီးချန်းကို ဒုက္ခပေးသလို ဖြစ်သွားပြီ…."

ချန်းရှန့်က အလျင်အမြန် လက်ကာပြလိုက်သည်။

"ကျေးဇူးပြုပြီး ကျွန်တော့်ကို သခင်ကြီးလို့ မခေါ်ပါနဲ့။ ကျွန်တော်က အဆင့်မြင့်တဲ့ သခင်လေးတွေ၊ ဧည့်သည်တွေကို အမှုထမ်းရတဲ့ လက်အောက်ငယ်သား တစ်ယောက်ပါပဲ။ ကျွန်တော်က အဲဒီလိုအဆင့်အတန်းနဲ့ မထိုက်တန်ပါဘူး။ စကားပြောနေတာ တော်လောက်ပြီ။ ကျွန်တော်က အစောင့်ရဲမက်တွေကို အရင်ဆုံး ပြောလိုက်ဦးမယ်။ ပြီးမှ မြို့ထဲကိုသွားကြတာပေါ့…"

ဆက်သွယ်ရေးစခန်း ဒုခေါင်းဆောင်ဟူသောရာထူးက တာ့လီအင်ပါယာ၏ လက်အောက်ခံသာ ဖြစ်၏ ။ သို့သော် ထိုအရာက နန်းတော်ထဲတွင် တရားဝင်ရာထူးအဖြစ် သတ်မှတ်နိုင်ခြင်းမရှိပေ။ ထိုရာထူးက အလွန်အဆင့်နိမ့်ပြီး တရားဝင်အရာရှိများနှင့် ကွာဟချက်အလွန်ကြီးမားသည်။

သိပ်မကြာခင် ချန်းရှန့်က သူတို့ကို မြို့တံခါးဆီသို့ ဦးဆောင်ခေါ်သွားခဲ့၏။ ရဲမက်များက သူတို့ကို ဖြတ်သွားခွင့်ပေးခဲ့သော်လည်း မျက်နှာအမူအရာကတော့ ရင်းနှီးဖော်ရွေမှု မရှိပေ။

ချန်းရှန့်က မြို့နံရံထဲသို့ အရင်ဆုံးရောက်လာပြီးနောက် ကျူးဟယ်ကို ပြန်လှည့်ကြည့်ပြီး အသံတိုးတိုးဖြင့် ပြောပြလိုက်သည်။

"အစောင့်ရဲမက်တွေက ရှေ့တန်းတိုက်ပွဲကနေ အနားယူထားတဲ့ ရဲမက်တွေလေ။ သူတို့ရဲ့စွမ်းရည်က သာမာန်ပါပဲ။ ဒါပေမယ့် သူတို့က တော်တော်လေးခေါင်းမာပြီး ပြောလို့ ဆိုလို့မကောင်းတဲ့သူတွေပဲ။ တစ်ခါတစ်ရံ ရုံးတော်ကတောင် သူတို့ကို မဖြေရှင်းနိုင်ဘူး။ ဆရာကျူး … သူတို့ရဲ့အပြုအမူကို ခေါင်းထဲထည့်မထားပါနဲ့…"

ကျူးဟယ်က အတွေ့အကြုံရှိသူ မဟုတ်သော်လည်း အနည်းဆုံးတော့ မရင်းနှီးသောသူများနှင့် တချို့စကားလုံးများကို မပြောသင့်ကြောင်း နားလည်နေခဲ့သည်။ ထို့ကြောင့် သူက စကားပြန်မပြောခဲ့ပေ။

သူတို့က လူငယ်လူရွယ်နှင့် သက်လတ်ပိုင်း အစွမ်းထက်ပညာရှင်များ ဝင်လိုက်ထွက်လိုက်ဖြစ်နေသည့် ဆိုင်တစ်ဆိုင်ကို ဖြတ်ကျော်သွားခဲ့ကြသည်။ မကြာခဏဆိုသလို ဆိုင်၏အတွင်းထဲမှနေ၍ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့၏။

လီဟွိုင်က ထိုဆိုင်ကို အလွန်စိတ်ဝင်စားနေခဲ့ပြီး နောက်ထပ်ခြေတစ်လှမ်းပင် ထပ်မလှမ်းတော့ချေ။ကျူးဟယ်ကလည်း လှည့်ကြည့်လိုက်သည်။ သို့သော် သူကတော့ စိတ်ဝင်စားမှုမရှိခဲ့ချေ။

“ဒါက ဓားမောက်နှင့်ဓားရှည်တွေ အထူးရောင်းချတဲ့ဆိုင်တစ်ခုပါ။ ရံဖန်ရံခါတော့ အခြားလက်နက်တွေကိုလည်း ရောင်းကြတယ် ..”

“နန်းတွင်းက ဒီကိစ္စကို ဂရုမစိုက်ဘူးလား။ သာမာန်လူတွေက လက်နက်ကိုင်ပြီး တိုက်ခိုက်မှာကို မကြောက်ဘူးလား…"

လင်းရှို့ယီက စိတ်ဝင်တစား မေးလိုက်သည်။

ဆက်သွယ်ရေးစခန်း ဒုခေါင်းဆောင်က အပြုံးနှင့် ရှင်းပြလိုက်၏။

"နန်းတွင်းက ဒီလိုအရာတွေကို အရမ်းကြီး ဂရုမစိုက်ပါဘူး။ ဒါပေမယ့် ပြဿနာတစ်ခုခု ဖြစ်လာရင်တော့ နန်းတွင်းက လေးလေးနက်‌နက် တုန့်ပြန်တယ်။ တကယ်လို့ အရာရှိတွေရဲမက်တွေ မလုံလောက်ဘူးဆိုရင် ရုံးတော်က သူတို့ရဲ့ပိုင်နက်ထဲမှာရှိတဲ့ ဂိုဏ်တွေကို အကူအညီတောင်းကြတယ်…"

သိုင်းပညာဟူသည်မှာ တာ့လီအင်ပါယာထဲတွင် ပင်မအရေးကိစ္စတစ်ခုဖြစ်သည်။ ဓားနှင့်ဓားမောက်များကို ကိုင်ပြီး လှည့်လည်သွားလာနေကြသော ပညာရှင်များလည်း ရှိ၏။ တချို့ကတော့ ယုံကြည်ချက် ပြင်းထန်နေသော လေလွင့်ပညာရှင်များဖြစ်ကြပြီး တချို့ကတော့ တရားမျှတမှုအတွက် တိုက်ခိုက်ချင်နေကြသော အဆင့်မြင့်သခင်လေးများ ဖြစ်ကြသည်။

ထို့ကြောင့် နန်းတွင်းက လက်နက်ရောင်းချမှုများအားလုံးကို ပြင်းပြင်းထန်ထန် တားမြစ်ထားခဲ့သော်လည်း အဆင့်နိမ့်အရည်အသွေးရှိသော လက်နက်များ ဓားများ ရောင်းချရာတွင်တော့ အခွန်ကြီးကြီး ကောက်ခံထားသည်။ အဆုံးတွင်တော့ ထိုအရာက နယ်မြေခံအရာရှိများ၏ သဘောထားအပေါ်သာ မူတည်နေခဲ့၏။

အကယ်၍ စာသင်သားများဆိုလျှင် သူတို့က ထိုစည်းမျဉ်းကို လေးလေးနက်နက် လုပ်ဆောင်တတ်သည်။ အကယ်၍ ရှေ့တန်းတွင် တိုက်ခိုက်နေသော သိုင်းပညာရှင်များဆိုလျှင်တော့ သူတို့က လက်နက်ရောင်းချမှုကို မျက်လုံးမှိတ်ထားကြ၏။

အစွမ်းထက်သောလေးများ၊ အရည်အသွေးကောင်းသော ချပ်ဝတ်အင်င်္ကျီများ ရောင်းချမှုတွင်တော့ စည်းမျဉ်းတင်းကြပ်ထားခဲ့သည်။ ဖယောင်းတိုင်နီမြို့က စိတ်ကူးနိုင်သမျှ အရာအားလုံးကို ရရှိနိုင်သည်။ မီးပြတိုက်၊ ဆက်သွယ်ရေးစခန်း၊ ဈေး၊ စားသောက်ဆိုင်၊ ပြည့်တန်ဆာနှင့် ဖျော်ဖြေရေးနေရာများစွာလည်း ရှိနေခဲ့၏။

ထိုနေရာက လမ်းတိုင်းတွင် လူများပြည့်နေခဲ့သော မြို့ငယ်လေး တစ်မြို့ ဖြစ်သည်။ ချန်းပင်အန်းတို့ နေထိုင်ခဲ့သော မြို့ငယ်လေးနှင့် ယှဉ်လိုက်မည်ဆိုလျှင်တော့ ဖယောင်းတိုင်နီမြို့က ပို၍စည်ကားသိုက်မြိုက်သည်။ လမ်းပေါ်တွင် ဈေးဆိုင်ပေါင်းများစွာ ရှိနေပြီး ဆူညံသံမျိုးစုံလည်း ထွက်ပေါ်လာနေခဲ့၏။

သူတို့က လမ်းလျှောက်ရင်း စကားပြောနေခဲ့ကြ၏။ (၁၅)မိနစ်ခန့် ကြာပြီးနောက် သူတို့က ခေါင်းအုံးဆက်သွယ်ရေးစခန်းကို ရောက်လာကြသည်။ ဆက်သွယ်ရေးစခန်းမှ အလုပ်သမားများက အလျင်အမြန် ရောက်လာကြပြီး သူတို့ဆီမှ မြည်းဖြူနှင့်ပစ္စည်းများကို ယူဆောင်သွားကြသည်။

ချန်းရှန့်က သူတို့နေထိုင်ရန် အခန်းတချို့ ပြင်ဆင်ထားပေးခဲ့၏။ ထိုအထဲတွင် အရည်အသွေးကောင်းသောအခန်းနှင့် အလယ်အလတ် အရည်အသွေးကောင်းသော အခန်းများ ဖြစ်ကြသည်။ သို့သော် သူက အခန်းများကို မည်သို့ခွဲဝေပေးရမှန်း ဆုံးဖြတ်မပေးနိုင်ခဲ့သည့်အတွက် အခန်း (၅) ခုလုံးကို ကျူးဟယ်၏လက်ထဲသို့ ထည့်ပေးပြီး ဆုံးဖြတ်ခိုင်းခဲ့သည်။

ချန်းပင်အန်း၏ ဆုံးဖြတ်ပေးမှုဖြင့် လီပေါင်ဖျန်ကအရည်အသွေးကောင်းသော အခန်းထဲတွင် ကျူးလုနှင့်အတူ နေထိုင်ရသည်။ ကျူးဟယ်ကတော့ အရည်အသွေးကောင်းသော အခန်းထဲတွင် တစ်ယောက်တည်း နေထိုင်ရမယ်ဖြစ်သည်။

လီဟွိုင်နှင့် လင်းရှို့ယီတို့ကတော့ အလယ်အလတ် အရည်အသွေးရှိသော အခန်းထဲတွင် နေထိုင်ကြသည်။ အကယ်၍ အိုက်လျန်ပြန်လာမည်ဆိုလျှင် သူက အခြားတစ်ခန်းကို ရွေးချယ်နိုင်မည်ဖြစ်၏။ သို့သော် သူ၏ အကျင့်စရိုက်အရ ကျူးလု၏အခန်းထဲတွင် နေထိုင်မည်ဟု သေချာပေါက်တောင်းဆိုနိုင်သည်။ ထိုအချိန်မျိုးတွင် ကျူးလုက သူ့ကို မျက်စောင်းထိုးနိုင်၏။

ညအချိန်ရောက်လာပြီဖြစ်၍ လူတိုင်းက အထုတ်အပိုးများကို သိမ်းဆည်းလိုက်ပြီးနောက် အရည်အသွေးကောင်းသော ကျူးဟယ်၏ အခန်းထဲတွင်စုနေကြ၏။ ချန်းရှန့်က သူတို့အတွက် စာတစ်ထပ် လျင်မြန်စွာလာပို့ခဲ့၏။ သူက ထိုအရာများကို လျင်မြန်စွာ လုပ်ဆောင်ပြီးနောက် ချက်ချင်း ထွက်ခွာသွားခဲ့သည်။ သူတို့လိုအပ်ချိန်တွင် လှမ်းခေါ်ရန်လည်း မှာသွားခဲ့၏။

ဖယောင်းတိုင်နီမြို့၏ ညဈေးက တာ့လီမြောက်ပိုင်းနယ်မြေထဲတွင် အတော်လေး နာမည်ကျော်ကြားသည်ဟု ပြောခဲ့သည်။ အကယ်၍ သူတို့ဆီ၌ အခွင့်အရေးရှိလျှင် သေချာပေါက် သွားကြည့်သင့်သည့်ဟုလည်း ပြောခဲ့သည်။ ထိုထဲတွင် လင်းရှို့ယီအတွက် စာတစ်စောင် ၊ လီပေါင်ဖျင်အတွက် စာ(၃)စောင်နှင့် တခြားသူများအတွက် စာများဖြစ်ကြသည်။ အံ့ဩစရာကောင်းသည်မှာ ချန်းပင်အန်းအတွက်ပင် စာတစ်စောင် ရှိနေခဲ့၏။

လီဟွိုင်ကတော့ လက်ဗလာနှင့်ဖြစ်သည်။ အဆုံးတွင်တော့ သူက အခြေအနေ တူညီသော ကျူးလုဆီသို့ လျှောက်သွားလိုက်ပြီး အပြုံးနှင့် ပြောလိုက်၏။

"ငါက တစ်ယောက်တည်း မဟုတ်တာ တော်သေးတာပေါ့…"

ကျူးလုက သူ့စကားကို မကြားချင်ယောင်ဆောင်ပြီး ပြတင်းပေါက်နားသွားကာ အပြင်ဖက်ကိုငေးကြည့်နေခဲ့သည်။ ခေါင်းအုံးဆက်သွယ်ရေးစခန်းက ကြီးမားမှု မရှိသော်လည်း အတွင်းထဲတွင် လမ်းပေါင်းများစွာ ရှိနေခဲ့သည့်အတွက် ချမ်းသာကြွယ်ဝသော ကလန်တစ်ခု၏ဥယျာဉ်ကဲ့သို့ထင်မှတ်ရသည်။

ပြတင်းပေါက်မှ ကြည့်လိုက်မည်ဆိုလျှင် သူမက လက်ဖဝါးအရွယ်အစားခန့်သာ ရှိသော ရေကန်ငယ်လေးတစ်ခုကို မြင်လိုက်ရ၏။ ထိုရေကန်ထဲတွင်တော့ အနီရောင်နှင့် အဝါရောင် ကြာပန်းပွင့်များစွာ ရှိနေ၏။

လင်းရှို့ယီ၏စာကတော့ စကားလုံးအနည်းငယ်နှင့် စာရွက်တစ်ရွက်တည်းသာ ဖြစ်သည်။ သူက ထိုစာရွက်ကိုပြန်ချလိုက်ပြီး သက်ပြင်းချလိုက်မိ၏။ ထို့နောက် မျက်နှာပျက်ပျက်နှင့် အခန်းထဲမှ ထွက်လာခဲ့သည်။ သူက ထိုစာရွက်ကို လက်ထဲတွင် တင်းတင်းဆုပ်ထားမိခဲ့၏။

ထိုစာရွက်ပေါ်တွင် စနစ်တကျ ရေးသားထားသော စကားလုံး(၃၀)အပြင် စာအိတ်ထဲ၌ ငွေစ(၃၀၀)ခန့် တန်‌းကြေးရှိသော ငွေတိုက်စာရွက်တစ်ခု ရှိသည်။ ထိုအရာက တာ့လီအင်ပါယာထဲတွင် ရနိုင်သော အကြီးဆုံးငွေတိုက်စာရွက်တစ်ခုလည်း ဖြစ်၏။

ထိုလူငယ်က အခန်းထဲသို့ပြန်ဝင်သွားပြီး စာရွက်ကို စားပွဲပေါ်သို့ တင်လိုက်သည်။ သူက ဒေါသထွက်နေသည့်အတွက် ရင်ဘတ်ကပင် နိမ့်ချည်မြင့်ချည်ဖြစ်နေ၏။

ချန်းပင်အန်းက တိတ်ဆိတ်‌သောနေရာတစ်ခုကို ရွေးချယ်ပြီး ထိုင်ချလိုက်သည်။ လီပေါင်ဖျင်က ပြေးလာပြီး သူ့ကို တစ်ခုခုပြောချင်နေသော်လည်း မည်သို့ပြောရမှန်းမသိခဲ့ချေ။

ချန်းပင်အန်းက အပြုံးဖြင့် ပြောလိုက်၏။

"တကယ်လို့ ငါ နားမလည်တဲ့စကားလုံးရှိရင် နင့်ကိုလာမေးမယ်…"

ထိုစကားကို ကြားသည့်အခါ လီပေါင်ဖျင်က စားပွဲဆီသို့ ပြန်သွားလိုက်သည်။ သူမက သူမ၏အဖေ ၊ အစ်ကိုကြီးနှင့်အစ်ကို (၂)တို့ ပို့လိုက်သောစာများကို ဖွင့်ဖတ်ကြည့်လိုက်သည်။ လီပေါင်ဖျင်က စာများကို တစ်ခုပြီး တစ်ခု ဖွင့်ကြည့်နေခဲ့၏။

သူမအဖေ၏စာက သူမ လုပ်နေသည့်အရာများကို မေးမြန်းနေခဲ့ခြင်းဖြစ်ပြီး အနည်းဆုံးတော့ တင်းကြပ်သည့်အရာမျိုး မရှိချေ။ သူက အသေးအဖွဲကိစ္စများမှအစ အရာအားလုံးကို ဂရုစိုက်ရန် ပြောထားခဲ့သည်။ ဥပမာအနေဖြင့် ပြောရရင် ယခုရာသီဥတုက အေးနေပြီဖြစ်သည့်အတွက် သူမကနွေးနွေးထွေးထွေးနေရန်၊ ခရီးသွားလာ‌နေစဉ် ငွေကုန်သွားမှာကို ကြောက်နေစရာမလိုရန် မှာကြားနေခြင်းမျိုး ဖြစ်သည်။ သူမက ဆက်သွယ်ရေးစခန်းတစ်ခုကို ရောက်သည့်အချိန်တိုင်းလည်း မိဘများဆီသို့ စာပြန်ရေးရန် မှာကြားနေခဲ့၏။

သူမအ‌ဖေ၏စာက ထိုစာများကိုသာ ဆက်တိုက်ရေးသားနေခဲ့ခြင်းဖြစ်သည်။ စာရွက် (၅)ရွက် ၊ (၆)ရွက်တွင် ထိုအရာများသာ ပြည့်နေခဲ့၏။

လီပေါင်ဖျင်က သက်ပြင်းချလိုက်ပြီး မျက်နှာချင်းဆိုင်တွင် ထိုင်နေသည့် ကျူးဟယ်ကို မော့ကြည့်လိုက်သည်။

"အဖေနှင့်အမေက ဘယ်တုန်းကများ ကျွန်မကို ကလေးလေး တစ်ယောက်လို သတ်မှတ်နေခဲ့တာလဲ…"

သူမက မျက်နှာပျက်ပျက်နှင့် မေးလိုက်သည်။

ကျူးဟယ်က ရယ်ချင်စိတ်ကို ဖုံးကွယ်ထားလိုက်ပြီး ရေနွေးသောက်လိုက်၏။

လီပေါင်ဖျင်က သူမ၏အစ်ကိုအကြီးဆုံးဆီမှ ဒုတိယမြောက် စာကိုဖတ်ကြည့်လိုက်သည်။ သူကတော့ ကျမ်းစာများလေ့ကျင့်နေခြင်း၊ အိမ်အလုပ်များ လုပ်ဆောင်ခြင်းနှင့် နောက်နှစ်တွင် နန်းတွင်းစစ်ဆေးပွဲကိုဖြေဆိုရန် ပြင်ဆင်နေကြောင်း ပြောပြထားသည်။ စာထဲတွင် ပါဝင်နေသောအရာများက ရိုးရှင်းလှ၏။

သူ့လက်ရေးက ဖတ်၍ရပြီး သေသေသပ်သပ်ရှိသည်။ ထိုစကားလုံးများက လူတစ်ယောက် မတ်မတ် ထိုင်နေသကဲ့သို့ဖြစ်၏။ စုတ်ချက်တစ်ခုချင်းဆီတိုင်းတွင် သတိထားတတ်သည့် အငွေ့အသက်များရှိနေခဲ့သည်။ သူ့စာထဲတွင် သူတော်စင်၏ ထူးခြားသော သင်ကြားမှုများ ပြည့်နှက်နေသည်။

ကျူးဟယ်နှင့် ကျူးလုတို့ကိုလည်း မလေးမစားမလုပ်ရန် ပြောပြထားသည်။ သူမက သူတို့ကို အစေခံများအဖြစ် သတ်မှတ်ထား၍မရပေ။ သူမက ချန်းပင်အန်း၏ စကားကိုလည်း နားထောင်ရန် ပြောထားသေး၏။ သူမကို အလုပ်ကြိုးစားရန်၊ ဇွဲရှိရန် ပြောထားခဲ့သည်။ ထိုသို့ဆိုလျှင် သူမက အခြားသူများကို ဝန်ထုတ်ဝန်ပိုး မဖြစ်နိုင်တော့ပေ။

စာ၏အဆုံးသတ်တွင်တော့ အလွန်စည်းကမ်းရှိသော သူမ၏အစ်ကိုကြီးက စမ်းချောင်းထဲမှ ဖမ်းလာသော ဂဏန်းမွေးမြူသည့် စွမ်းရည်တိုးတက်လာပြီဟု ပြောခဲ့သည်။ ထို့ကြောင့် သူမက စိတ်အေးသွားခဲ့၏။

လီပေါင်ဖျင်က စာကိုလေထဲသို့ မြှောက်ပြီး ကျူးဟယ်ကို အတွန့်တက်လိုက်သည်။ "အနည်းဆုံးတော့အစ်ကိုကြီးက ကျွန်မကိုဂရုစိုက်သေးတယ်…"

ကျူးဟယ်က ရယ်ချင်စိတ်ကို မြိုသိပ်ထားခဲ့သည်။ သခင်မလေးက ဟန်မဆောင်တတ်ပေ။ ဒီကလန်ထဲတွင် အစ်ကိုကြီးက သူ့ကိုဂရုစိုက်ဆုံးဖြစ်ကြောင်း ဘယ်သူက မသိသနည်း။

ထိုစာကြမ်းပိုးက အလွန်ထူးဆန်းသော စည်းမျဉ်းနှင့် သဘောတရားများကို စတင်လေ့လာချိန်တွင် မျိုးနွယ်ခေါင်းဆောင်ကပင် ခေါင်းကိုက်ခဲ့ရသည်။ အမှန်အတိုင်းပြောရလျှင် သူ ပထမဆုံးအကြိမ် အရက်သောက်သည်မှာ သူ့ညီမလေးက သူတို့၏ကလန်တွင် ရှိနေသော မက်မွန်ပွင့်အရက်ကို ရေနွေးနှင့် တိတ်တဆိတ် လဲထားခဲ့သည့်အချိန်တွင်ဖြစ်သည်။

သူက အလွန်ဒေါသထွက်သွားခဲ့သည့်အတွက် စိတ်ဓါတ်ပြိုကျလုနီးပါး ဖြစ်သွားခဲ့ပြီး သူတို့၏မိဘများကပင် သူ့ကိုဖျောင်းဖျနိုင်ခြင်း မရှိပေ။ သူ့ညီမလေးကို ဒေါသတကြီး သွား‌ရောက်ရှာဖွေနေသော သူ့နောက်မှ တိတ်တဆိတ်လိုက်သွားခဲ့ကြ၏။ သူက လီပေါင်ဖျင်ကို ရိုက်နှက်မှာ စိုးရိမ်နေခဲ့ကြ၏။

သို့သော် သူခြံဝင်းထဲသို့ ရောက်လာသည့်ချိန်တွင် ကလေးမလေးက လက်ပိုက်၍ ရပ်နေကြောင်း တွေ့လိုက်ရ၏။ သူမ၏ပုံစံက အပြစ်ရှိသလို အမူအရာမျိုးဖြစ်သည်။ သူကတော့ သူမကို ဆူပင်မဆူနိုင်ခဲ့ပေ။

ထို့ကြောင့် သူ့ကိုယ်သူ ဒေါသထွက်လာခဲ့၏။

အဆုံးတွင် သူက လှည့်ထွက်သွားခဲ့ပြီး ရက်ပေါင်းများစွာ ဒေါသထွက်နေခဲ့သည်။ ထိုနှစ်တွင် သူက မက်မွန်ပွင့်အရက်တစ်အိုးဝယ်ပြီး မြေမြှုပ်ထားရန် ဆုံးဖြတ်ခဲ့သည်။ လီပေါင်ဖျင်မေးသည့်အချိန်တွင် ထိုအရာက သူ လက်ထပ်သည့် အချိန်တွင် သောက်ရန်အရက်ဟု ပြောခဲ့သည်။

ကလေးမလေးက အလွန်ကြောက်လန့်သွားခဲ့ပြီးနောက် အိမ်ထဲမှ ထွက်ပြေးသွားခဲ့ပြီး နဂါးနှုတ်ခမ်းမွှေးစမ်းချောင်းနားတွင် တစ်ရက်လုံး သွားလာနေခဲ့သည်။ ပြောရလျှင် သူမက ပုန်းနေရန် တောင်တန်းထဲသို့ သွားချင်ခဲ့၏။

လီပေါင်ဖျင် ပျောက်သွားကြောင်း သိလိုက်ရသည့်အခါ ကလန်ခေါင်းဆောင်က အလွန်ဒေါသထွက်သွားခဲ့၏။ သူက အရူးမလေးကိုရှာဖွေရန် လူတိုင်းကို အမိန့်ပေးလိုက်၏။ အဆုံးတွင်တော့ သူ့လုပ်ရပ်မှားသွားကြောင်း နားလည်သွားသည့် အစ်ကိုကြီးဖြစ်သူက သူမကို စမ်းချောင်း၏ မျက်နှာချင်းဆိုင်တွင် ရှိနေသော ကျောင်းဆောင်ငယ်လေးတစ်ခုထဲတွင် ရှာတွေ့သွားသည်။ ထိုကလေးမလေးက ခုံတန်းရှည်တစ်ခုတွင် အိပ်ပျော်နေခဲ့၏။ သူ့ကို ရှာတွေ့ပြီးနောက် အိမ်ကိုပြန်သယ်လာခဲ့သည်။

လီပေါင်ဖျင်က အပြုံးနှင့် ပြောလိုက်၏။

"ဒါပေမယ့် ကျွန်မကတော့ အစ်ကိုကြီးကို သဘောအကျဆုံးပဲ.."

နောက်ဆုံးစာကတော့ အစ်ကို (၂)ဆီမှ စာတစ်ထပ်ဖြစ်သည်။ သူကတော့ မြို့တော်တွင် သူ၏အတွေ့အကြုံများကို ပြောပြပြီး သူမြင်ခဲ့ကြားခဲ့သမျှ အရာအားလုံးကို ပြောပြထားသည်။ သူ စာရေးထားသည့်ပုံစံက အလွန်သိမ်မွေ့နူးညံ့ပြီး သေချာလေ့လာထားပုံရ၏။ သူက ကျွမ်းကျင်သော ကဗျာဆရာတစ်ယောက်ကဲ့သို့ ရေးဖွဲ့ထား၏။

လီကလန်ထဲတွင် ဒုတိယသခင်လေးက သူ့အစ်ကိုကြီးထက် ပို၍နာမည်ကျော်ကြားသည်။ သူက ချောမောခန့်ညားသည့်အပြင် စကားပြောပုံကလည်း သိမ်မွေ့နူးညံ့သည်။ သူက စစ်တိုက်ခြင်း အနုပညာစာအုပ်များ ဖတ်ရခြင်းကို သဘောကျပြီး ငယ်ငယ်တည်းက အစေခံများနှင့် တိုက်ပွဲပုံဖော်ရသည်ကို သဘောကျသည်။

အလွန်ခေါင်းမာပြီး ပေါင်းသင်းရခက်သော အစ်ကိုကြီးနှင့်ယှဉ်လိုက်မည်ဆိုလျှင် ကလန်က လူများက အစ်ကို(၂)ကို‌ သဘောကျကြသည်။ ပျော်ပွဲရွင်ပွဲများ ရောက်သည့်အချိန်တွင်လည်း သူက လမ်းတွင် တွေ့သော လူတိုင်းကို‌ ငွေစများ ပစ်ပေးတတ်၏။ အကယ်၍ သူတို့ဆီက မင်္ဂလာရှိသောစကားများ ကြားရမည်ဆိုလျှင် ငွေစတစ်အိတ်ပင် ပစ်ပေးတတ်သည်။

လီပေါင်ဖျင်ကတော့ ထိုစာကို အလွန်လျင်မြန်စွာ ဖတ်လိုက်၏။ ထို့နောက် သူက ဒုတိတစ်ဝက်ကို ဖတ်မည့်အချိန်တွင် ကျူးလုကို မော့ကြည့်၍ ပြောလိုက်သည်။ "အစ်ကို(၂)က နင်ကို ပြောထားတယ်။ နင်တို့(၂)ယောက် ဆွေးနွေးခဲ့ဖူးတဲ့ မီးပြတိုက်နှင့် ပတ်သတ်ပြီး မီးပြတိုက်တွေက မြို့တော်မှာ အရာအားလုံး အဆင်ပြေကြောင်း အချက်ပြတဲ့အရာတွေပဲဆိုတာ သူကိုယ်တိုင်မြင်ခဲ့ရကြောင်း ပြောထားတယ်။ အဝေးကနေ ကြည့်လိုက်မယ်ဆိုရင် နဂါးပုံသဏ္ဍာန် မီးတောက်ပုံစံမျိုးပဲ ..”

ကျူးလုက စားပွဲဆီကို အမြန်လျှောက်လာခဲ့သည်။

“သခင်မလေး သူက တခြားကိစ္စတွေရော ပြောသေးလား…"

လီပေါင်ဖျင်က စာရွက်ကို ကျူးလု၏လက်ထဲသို့ ထည့်လိုက်သည်။

အစ်ကို(၂)က သူမြင်ခဲ့ရသည့် ထူးခြားမှုများကိုသာ ရေးသားထားခြင်းဖြစ်သည့်အတွက် တခြားသူများကို ဖုံးကွယ်ထားရန် မလိုအပ်ပေ။

ကျူးလုက စာကိုယူပြီး မေးလိုက်၏ ။

"ကျွန်မက ဒါကိုယူသွားပြီး ဖြည်းဖြည်းချင်း ဖတ်လို့ရမလား.."

"မပျောက်ရင်ရတယ်…"

လီပေါင်ဖျင်က ခေါင်းညိတ်ပြလိုက်သည်။ သူမက အလွန်ဝမ်းသာသွားခဲ့၏။

ထိုအချိန်တွင် ဆက်သွယ်ရေးစခန်း ဒုခေါင်းဆောင်က တံခါးခေါက်လိုက်ပြီး ဝင်လာခဲ့သည်။ သူ့လက်ထဲတွင် လတ်ဆတ်သော သစ်သီးတစ်ပန်းကန် ပါလာခဲ့၏။သူ့နောက်မှနေ၍ ဝါးဦးထုပ် ဆောင်းထားတဲ့ လူတစ်ယောက် ပါလာခဲ့သည်။ ‌

လီဟွိုင်က ဒေါသထွက်သွားပြီး ချက်ချင်း ထိုလူကို အခန်းထဲမှ တွန်းထုတ်ရန် ကြိုးစားလိုက်သည်။ အိုက်လျန်က စားပွဲဘေးတွင် ရှိနေသော ခုံတစ်ခုံတွင် ဝင်ထိုင်လိုက်ပြီး လီဟွိုင်ကို ဘေးဖယ်၍ အပြုံးနှင့် ပြောလိုက်သည်။

"ဘာဖြစ်နေတာလဲ။ ကျူးလု … နင်က ဘာလို့အရမ်းဝမ်းသာတဲ့ ပုံပေါက်နေတာလဲ။ နင့်ပုံစံက ပုံမှန်အခြေအနေထက်တောင် လှသွားသေးတယ်…"

ကျူးဟယ်က မျက်နှာပျက်နေသော်လည်း စကားတစ်ခွန်းမျှ မပြောခဲ့ပေ။

လင်းရှိုးယီကတော့ ပြန်လှည့်လာပြီး ချန်းပင်အန်း၏အနားတွင် ထိုင်လိုက်သည်။ အိုက်လျန်က သူ၏ငွေရောင်အရက်ဘူးလေးကို ပစ်ပေးလိုက်ရာ သူက ဖမ်းပြီး တစ်ငုံသောက်လိုက်သည်။

အိုက်လျန်က ချန်းရှန့်ကို လှည့်ကြည့်ပြီး မေးလိုက်သည်။

"ဖယောင်းတိုင်နီမြို့မှာ ဖူရေလက်ကြားလို့ခေါ်တဲ့ ရေလက်ကြားရှိလား။ အဲဒါက ဆိပ်ကမ်းနဲ့မဝေးဘူး မဟုတ်လား…"

“ဟုတ်တယ် …”

ချန်းရှန့်က ခေါင်းညိတ်ပြီး ဖြေလိုက်သည်။ သို့သော် သူ့မျက်နှာပေါ်တွင် ထူးဆန်းသော ပုံရိပ်တစ်ခု ပေါ်လာခဲ့၏။

အိုက်လျန်က အံ့ဩနေသည့် အမူအရာနှင့် ပြောလိုက်သည်။

"အဲဒါက ငွေဖြုန်းတဲ့နေရာပဲ။ ငါပြောပြမယ် တကယ့်ကိုငွေဖြုန်းတဲ့နေရာပဲ…"

မြစ်ကမ်းစပ်တွင် လခြမ်းပုံသဏ္ဍာန်မြင်ကွင်းတစ်ခု ရှိနေသည်။ ထိုနေရာတွင် အလွန်လှပစွာ ဆင်ထားသော လှေများကို တွေ့ရနိုင်၏။ ထိုလှေများက (၆)မီတာ မှ (၉)မီတာခန့် အရှည်ရှိကြပြီး အရောင်စုံဝါးချောင်းလေးများနှင့် ဆင်ယင်ထားကြ၏။ ထိုလှေများ၏ အတွင်းပိုင်းကတော့ ပိုင်ရှင်၏ကြွယ်ဝချမ်းသာမှုကို ဆုံးဖြတ်ပေးနိုင်သည်။

လှေတစ်စီးချင်းဆီတွင် မိန်းကလေး(၂)ယောက် (၃)ယောက် ရှိကြသည်။ အများစုကတော့ ငယ်ရွယ်နုနယ်ပြီး လှပသော မိန်းမလှများ ဖြစ်ကြ၏။ ထိုမိန်းမပျိုများက အနည်းဆုံး ဂီတစွမ်းရည်၊ လက်ရေးအတတ်ပညာ၊ ပန်းချီ၊ ရေနွေးငှဲ့ခြင်းပညာနှင့် အရက်ငှဲ့ခြင်းပညာကဲ့သို့သော စွမ်းရည်တစ်ခု၊ (၂)ခုကို ပိုင်ဆိုင်ထားကြသည်။

ထိုရှုခင်းများကို ကြည့်နိုင်သော သီးခြားနေရာမှလွဲလျှင် ထိုလှေများပေါ်တွင် တခြားရည်ရွယ်ချက်များအတွက် အသုံးပြုရန် အိပ်ခန်းတစ်ခန်းဆီလည်း ပါတတ်ကြသည်။

လှေပေါ်တွင် ဧည့်ခံသော မိန်းမပျိုလေးများက တာ့လီအင်ပါယာထဲတွင် အဆင့်နိမ့်သူများ ဖြစ်ကြသည်။ သူတို့က မျိုးရိုးစဉ်ဆက် ထိုကဲ့သို့ နေခဲ့ကြ၏။ ဒဏ္ဍာရီများတွင် အဆိုအရ သူတို့က နတ်ဘုရား ရေ တိုင်းပြည်မှ ထွက်ပြေးလာသော ဒုက္ခသည်များ ဖြစ်ကြသည်။

တာ့လီအင်ပါယာရဲ့ဘုရင်က သူတို့ကို ကုန်းပေါ်သို့ တက်မလာရန် အမိန့်ထုတ်ခဲ့သည်။ ထို့ကြောင့် သူတို့က မျိုးရိုးစဉ်ဆက် မြေမရှိသော ဗေဒါပင်များကဲ့သို့ ဖြစ်နေခဲ့၏။ ထိုအချိန်တွင် ဖယောင်းတိုင်နီမြို့၏‌ ဒေသခံများကတော့ ဝေ့ပိုကို ချီးကျူးထားသော ဇာတ်လမ်းတစ်ပုဒ်ကို ပြောပြခဲ့ကြသည်။

သွားစားပွဲတောင်၏ တောင်တန်းသခင်က အလွန်သစ္စာရှိပြီး ဖြောင့်မတ်သည်ဟု ထောက်ခံကြ၏။ အဘယ်ကြောင့်ဆိုသော် သူတို့က တိုက်ပွဲဖြစ်နေသော မွေးရပ်မြေမှ ထွက်ပြေးလာသည့်အချိန်တွင် သူတို့၏ဘိုးဘေးများကို ကာကွယ်ပေးခဲ့သည့်အတွက် ဖြစ်သည်။

ထိုအရာက တာ့လီအင်ပါယာကို‌ ဒေါသထွက်စေခဲ့ပြီး ဝေ့ပိုက တောင်တန်းနတ်ဘုရားအဖြစ်မှ တောင်တန်းသခင်အဖြစ် အဆင့်လျော့ခံလိုက်ရသည်။ တချိန်တည်းတွင် ရှင်ဘုရင်က ထိုတောင်တန်းသခင်၏ရုပ်ထုကို ဖျက်ဆီးပစ်ရန် ထိုကလန်၏မျိုးဆက်များကို အမိန့်ပေးခဲ့ပြီး အပျက်အဆီးများကို မြစ်ထဲသို့ ပစ်ချခဲ့သည်။

ချန်းရှန်က စကားလုံးများကို သေချာရွေးချယ်ပြီး သူ၏အထူးဧည့်သည်များကို မထိခိုက်စေနိုင်သော ပုံပြင်တစ်ချို့ ပြောပြနေခဲ့သည်။

ဖယောင်းတိုင်နီမြို့က တာ့လီအင်ပါယာ၏ မြောက်ပိုင်းနှင့် တောင်ပိုင်းကို ဆက်သွယ်ထားသော နေရာတစ်ခုဟု သတ်မှတ်နိုင်ခြင်းမရှိပေ။ သို့သော် ကုန်တင်လှေကြီးများစွာ ဝင်ရောက်ဆိုက်ကပ်ကြသော ဆိပ်ကမ်းတစ်ခုလည်း ဖြစ်သည်။ ထိုနေရာတွင် တိုင်းပြည်အသီးသီးမှ ထွက်ကုန်ပစ္စည်းများ သယ်ဆောင်လာကြ၏။ ထိုနေရာက လှုပ်ရှားတည်ငြိမ်မြစ်၊ ပန်းထိုးမြစ်နှင့် အရက်မြစ်တို့ (၃)ခုပေါင်းစုံနေသော မြို့တစ်မြို့လည်းဖြစ်သည်။

မြစ်နတ်ဘုရားတစ်ယောက်ချင်းဆီတိုင်းတွင်လည်း ကျောင်းဆောင်တစ်ခုဆီ ဆောက်ထားခဲ့သည်။ အတွင်းပိုင်းထဲတွင် သူတို့၏ ရွှေရောင်ရုပ်ထုများလည်း ရှိနေကြ၏။ သူတို့က ရေကြောင်းတိုက်ပွဲတွင် အသတ်ခံခဲ့ရသော တာ့လီနန်းတွင်းမှ ရေကြောင်းတပ်မှူးများ ဖြစ်ကြသည်။

လှုပ်ရှားတည်ငြိမ်မြစ် တစ်ခုတည်းတွင်သာ မြစ်နတ်ဘုရားနှင့် ကျောင်းဆောင်မရှိခြင်း ဖြစ်သည်။ အလွန်ကျော်ကြားသော နတ်ဘုရားမကျောင်းဆောင်တစ်ခုက မြစ်ကမ်းပေါ်တွင် ပေါ်လာခဲ့ဖူးသည်။ နတ်ဘုရားမက မြို့ထဲတွင် သူမ၏ဖြူစင်မှုကို ဖော်ပြရန်အတွက် မြစ်ထဲ၌ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားခဲ့သော သူရဲကောင်းမိန်းမပျိုတစ်ဦးကို ကိုးကွယ်သည့်နန်း‌ဆောင်ဖြစ်သည်။

သို့သော် ထိုအရာက တရားမဝင်နန်းဆောင်ဖြစ်ကြောင်း တာ့လီအင်ပါယာက လျင်မြန်စွာ ကြေညာခဲ့သည်။ ထို့ကြောင့်ကျောင်းဆောင်ပျက်ကြီးတစ်ခု ဖြစ်လာခဲ့ပြီး ယခုတော့ မြွေများ၊ ကြွက်များ ကျက်စားရာနေရာ ဖြစ်ခဲ့သည်။

သွားစားပွဲတောင်၏ တောင်တန်းသခင်နှင့် ပတ်သတ်သော ပုံပြင်ဒဏ္ဍာရီများကို ကြားသည့်အချိန်တွင် လီဟွိုင်က သက်ပြင်းချလိုက်ပြီး တိုးတိုးလေးပြောလိုက်၏။

“ဒီအဘိုးကြီးက ဖယောင်းတိုင်နီမြို့မှာ ဒီလိုဂုဏ်သတင်းမျိုး ရှိနေတာပဲ..”

“ငါတို့အားလုံးက အခက်အခဲတွေ အများကြီးကို ရင်ဆိုင်နေရတာပဲ။ မိသားစုတွေအားလုံးမှာ သူတို့အခက်အခဲတွေ ရှိနေတာပဲလေ…”

လင်းရှို့ယီက တည်ငြိမ်စွာ ပြောလိုက်သည်။

ချန်းပင်အန်းက ရွမ်ရှို့ပေးလိုက်သော စာကို သိမ်းလိုက်သည်။ စာထဲတွင်တော့ လော်ပိုတောင်ကို စောင့်ရှောက်ရန် တောင်တန်းနတ်ဘုရား အသစ်တစ်ပါး နေရာချပေးထားသည်ဟု ပြောခဲ့သည်။ ထို့ပြင် သူ၏လော်ပိုတောင်က ပိယွင်တောင်နှင့် သူမအဖေ၏ ရှန်ရှို့တောင်တို့ ထက်သာ နိမ့်ကျကြောင်း ပြောထားခဲ့၏။

Translated by Hein Htet.

All Chapters