← Chapters

အခန်း (၁၀၉)

Vol. 8 Ch. 109

အခန်း (၁၀၉)

Vol. 8 Ch. 109

ဖယောင်းတိုင်နီမြို့ထဲတွင် ညမထွက်ရ အမိန့်မရှိကြောင်း ချန်းရှန့် သူတို့ကို ပြောပြထားခဲ့သည်။ မြို့၏အနောက်ဖက်တွင် လမ်းဘေးဈေးငယ်လေးတစ်ခု ရှိပြီး ထိုအရာက သေးငယ်သော်လည်း လိုအပ်သည့် အရာအားလုံးကို ရနိုင်သည်ဟုပြောခဲ့၏။ ထိုနေရာတွင် ကောင်းမွန်သော ကုန်ပစ္စည်းမျိုးစုံနှင့် အလှပြင်ပစ္စည်း လက်ဝတ်ရတနာမျိုးစုံကို တွေ့နိုင်သည်။

ချန်းပင်အန်းတို့အဖွဲ့က ကျောင်းတော်သို့ သွားမည့် ခရီးလမ်းတွင် လိုအပ်သည့် အရာများကို ဝယ်ရမည်ဖြစ်ကြောင်း နားလည်သွားသည့်အခါ ချန်းရှန့်က သူတို့၏လမ်းပြအဖြစ် လိုက်လံကူညီပေးခဲ့သည်။ ထိုအရာကြောင့် သူတို့က အတော်လေးကို အလုပ်ရှုပ်သက်သာသွားခဲ့၏။ အကြောင်းကတော့ ဈေးသည်များက သူတို့ကို ဈေးတင်၍ မရောင်းရဲကြပေ။

ချန်းပင်အန်းက ဤနေရာကို တစ်ကြိမ်ရောက်လာဖူးသော အိုက်လျန်ကို လှည့်ကြည့်လိုက်သည်။

အိုက်လျန်က သူ့ကို ခေါင်းညိတ်ပြလိုက်သည်။ သူက ကမ်းစပ်နှစ်ဖက်တွင် ရှိသော နယ်မြေကိုသာ ရင်းနှီးနေပြီး ဈေးငယ်လေးကိုတော့ မရောက်ဖူးကြောင်း ပြောခဲ့သည်။

ချန်းရှန့်က အိုက်လျန်ကို လှည့်ကြည့်လိုက်၏။ အတွေ့အကြုံရှိသော အမျိုးသားနှစ်ယောက်က အချင်းချင်း နားလည်စွာ ပြုံးပြလိုက်ကြသည်။

ဖူ ရေလက်ကြားထဲတွင် အလှဆင်ထားသော လှေငယ်(၁၀၀)နီးပါးခန့် ရှိသည်။ သူတို့က လှေ အရွယ်အစားနှင့် ပုံစံမျိုးစုံ ဖြစ်ကြ၏။ ညအချိန်တွင် သူတို့က ရေလက်ကြားထဲမှ ထွက်လာပြီး မြစ်အတိုင်း စုန်ဆင်းလာကြသည်။ မြို့ကို တစ်ပတ် ပတ်ပြီးသွားလျှင် အလှဆင်ထားသော လှေများက ဖူ ရေလက်ကြားထဲသို့ ပြန်ဝင်သွားတတ်ကြ၏။

ဤအချိန်အတောအတွင်း ယောကျာ်းလေးများကတော့ အရက်နှင့် မိန်းမပျိုများကို ဝယ်ယူလျက် အလှဆင်ထားသော လှေများပေါ်သို့ ဆက်တိုက် တက်လာတတ်ကြသည်။

ဖယောင်းတိုင်နီမြို့ထဲတွင် ရှိ‌နေ‌သော လှေပေါ်ဖျော်ဖြေသူများနှင့် ပြည့်တန်ဆာများက တာ့လီအင်ပါယာထဲတွင် အဆင့်နိမ့်သူများ ဖြစ်ကြသော်လည်း သူတို့ကို မြို့တော်မှ နန်းတွင်းဂီတဌာနက တိုက်ရိုက်ကြီးအုပ်ချုပ်သည်။ အမှန်အတိုင်း ပြောရလျှင် နယ်မြေရုံးတော်ကပင် သူတို့အဆင့်အတန်းကို မြှင့်တင်ပေးနိုင်သည့် အခွင့်အရေးမျိုး မရှိသည့်အတွက် သူတို့ကို သာမန်မြို့သားများအဖြစ် သတ်မှတ်နိုင်ခြင်း မရှိချေ။

ထို့ကြောင့်ထိုမိန်းမပျိုများ၏ ဘိုးဘေးများက နတ်ဘုရားရေ တိုင်းပြည်၏ နန်းတွင်းမိသားစုဝင်များနှင့် အရာရှိများ ဖြစ်ခဲ့ဖူးသည်ဟု ဖယောင်းတိုင်နီမြို့ထဲတွင် ကောလာဟလများ ပျံ့နှံ့နေခဲ့၏။

အရာရှိ ချန်းရှန့်၏လမ်းညွှန်မှုနှင့် ချန်းပင်အန်းတို့က မြို့၏အနောက်ဖက်ကို လမ်းလျှောက်သွားနေကြသည်။ သူတို့က အနောက်ဖက်ကို ရောက်လာလေလေ ပို၍စည်ကားလာလေလေ ဖြစ်၏။

တောင်ဖက်သို့သွားသော မြစ်ကြောင်းတလျှောက် ကီလိုမီတာ (၁၀၀)ခန့် အတောအတွင်း မြို့ပေါင်းများစွာနှင့် ဆက်သွယ်ရေးစခန်းများ ရှိနေကြောင်း သိလိုက်ရသည့်အခါ ဤနေရာတွင် ရိက္ခာများ အားလုံး ဝယ်ယူမည့်အစီအစဉ်ကို လက်လျော့လိုက်သည်။ သူက ဆန်နှင့် ချက်ပြုတ်ထားသော စားစရာများကို အလွန်အကျွံ မဝယ်တော့ပေ။

သို့သော် သူက ဖြတ်သွားခဲ့သော ဆေးဆိုင်မှနေ၍ ဆေးအမယ်များနှင့် လိမ်းဆေးများကို ဝယ်ယူခဲ့လေသည်။ သူတို့က အအေးဒဏ်၊ အပူဒဏ်၊ ပြတ်ရှရာနှင့် အခြားသော အသေးအဖွဲကိစ္စများကို ကုသရန် ဖြစ်သည်။

ငွေပေးချေရတော့မည့် အချိန်ကို ရောက်သည့်အချိန်မှသာ သူ၏မွေးရပ်မြေနှင့် ဖယောင်းတိုင်နီမြို့၏ ကွာဟချက်ကို သတိထားမိခဲ့သည်။ ငွေစတစ်စဟူသည်မှာ အလွန်အမင်းကို ရှားပါးလှသည်။ ထို့ကြောင့် ချန်းပင်အန်းက အဖြူရောင်ငွေစတစ်စကို တာ့လီအင်ပါယာထဲတွင် ပုံမှန်အသုံးပြုကြသော ကြေးပြားများနှင့် လဲလှယ်လိုက်၏။

သူ၏ငွေစများက အရည်အသွေး ကောင်းမွန်လှသည့်အတွက် ငွေတစ်စကို ကြေးပြား (၂၀၀) ရခဲ့သည်။ ထို့ကြောင့် ချန်းပင်အန်းက ရွမ်ရှို့ကို အလွန်ကျေးဇူးတင်နေခဲ့၏။

ဆက်သွယ်ရေးစခန်း ဒုခေါင်းဆောင်က သူတို့နှင့်အတူ ပါလာသည့်အတွက် ဈေးသို့သွားသော သူတို့၏ခရီးလမ်းက အလွန်ချောမွေ့နေခဲ့၏။ သူက အရာရှိတစ်ယောက် မဟုတ်သော်လည်း တရားမဝင် အရာရှိတစ်ယောက်ဟု သတ်မှတ်နိုင်ခြင်းလည်း မရှိပေ။

အထူးသဖြင့် ချန်းရှန့်က ခရီးသွားလာရေးအရာရှိများ၊ ကုန်သည်များနှင့် မကြာခဏ ပေါင်းသင်းဆက်ဆံနေရခြင်းကြောင့် ဖြစ်သည်။ မြို့ငယ်လေးထဲတွင် ရှိနေသော သာမန်လူများ၏ မျက်လုံးထဲတွင်တော့ ထိုကဲ့သို့သော လူတစ်ယောက်က အစွမ်းထက်ပြီး ပြိုင်ဖက်ကင်းဖြစ်သည်။

ထို့ကြောင့် ချန်းပင်အန်းတို့အဖွဲ့ကို မြင်တွေ့ရသော ဆိုင်ရှင်တိုင်းက သူ့ကို သခင်ကြီးချန်းဟု တလေးတစား ခေါ်ကြသည်။ သူတို့က နတ်ဘုရားတစ်ပါးကဲ့သို့ ဆက်ဆံနေကြ၏။

လီဟွိုင်ကတော့ တစ်ချိန်လုံး တိတ်ဆိတ်နေပြီး အိုက်လျန်၏ နောက်ကျောဖက်တွင် ပုန်းနေခဲ့သည်။ သူက အပြင်ဖက်သို့ ခေါင်းပြူပြီး ကြည့်နေခဲ့၏။ အိုက်လျန်က သူ့ကို စနောက်နေပြီး အိမ်တွင်သာ ကျယ်ရဲသော အိမ်ကျယ်လေး တစ်ကောင်ဟုသာ ခေါ်နေခဲ့သည်။

လီဟွိုင်က အိုက်လျန်နှင့် အော်ဟစ်ငြင်းခုံတော့မည့်အချိန်တွင် သူ့ကိုကြည့်နေသာ လမ်းသွားလမ်းလာများကို သတိထားမိသည့်အတွက် ခေါင်းငုံ့ပြီး အိုက်လျန်၏နောက်တွင် ပုန်းနေခဲ့၏။

ထိုပုံစံကြောင့် အိုက်လျန်ကတော့ အတော်လေးကို ကျေနပ်နေခဲ့သည်။ ရံဖန်ရံခါ သူက လီဟွိုင်၏ခေါင်းကို ပုတ်ခဲ့၏။ ထိုကောင်လေးကတော့ အလွန်ဒေါသထွက်နေသော်လည်း သူ့ဒေါသကို ပြသရဲခြင်း မရှိချေ။ သူက မွန်းကြပ်နေသလို ခံစားနေရ၏။

ထိုအချိန်တွင် လင်းရှို့ယီကတော့ တစ်ကိုယ်တည်းသာ ဆက်လက်နေထိုင်ခဲ့၏။ ထိုကိစ္စများက သူနှင့် မသက်ဆိုင်သည့်အတွက် သူကတော့ အကြောင်းပြချက်မရှိဘဲ မည်သည့်အရာမျှမလုပ်ခဲ့ပေ။ အကယ်၍ နောက်ပိုင်း သူက မြို့တော်သို့သွားသည့် အချိန်တွင်ပင် ထိုကဲ့သို့ ပုံစံအတိုင်း ရှိနေနိုင်သည်။

လီပေါင်ဖျင်ကသာ ခေါင်းမော့ ရင်ကော့ပြီး သူမ၏စာအုပ်သေတ္တာလေးကို နောက်ကျောတွင်လွယ်၍ ဂုဏ်ယူဝင့်ကြွားစွာ လျှောက်နေခဲ့၏။ သူမက လမ်းသွားလမ်းလာများသိအောင် သူမ၏စာအုပ်သေတ္တာကို ကြွားချင်နေပုံရသည်။ ထိုအရာကို သူမ၏ဦးလေးငယ်ကိုယ်တိုင် ဖန်တီးထားသည်ဟု ပြောပြချင်နေခဲ့၏။

လမ်းဘေးဈေးလေးထဲတွင် မြောက်ဖက်မှ တောင်ဖက်သို့သွားသော လမ်းမကြီးတစ်ခု ပါဝင်နေသည်။ တောင်ကြည့်လမ်းမမှ အောက်ဖက်ကို ဆင်းလာပြီးနောက် ချန်းပင်အန်းတို့အဖွဲ့က လမ်းကြားလေးတစ်ခုထဲကို လျှောက်လာခဲ့ပြီး လမ်းမတစ်ခုထဲကို ဝင်လာခဲ့သည်။

သို့သော် သူတို့က လမ်းကြားလေးထဲ၌ တိတ်ဆိတ်သော စာအုပ်ဆိုင်တစ်ခုကို ဖြတ်ကျော်သွားသည့်အချိန်တွင် ချန်းရှန့်က ရှေ့ကို ဆက်လျှောက်သွားသော်လည်း ချန်းပင်အန်းက ရုတ်တရက်ရပ်လိုက်သည်။

သူက ချန်းရှန့်ကို အချက်ပေးလိုက်ပြီး လီပေါင်ဖျင်နှင့် ကလေး(၂) ယောက်ကို ပြောလိုက်၏။

"မင်းတို့က တစ်ယောက်ကို စာအုပ်တစ်အုပ်ဆီ ဝယ်လို့ရတယ်။ ဘယ်လောက်ဈေးကြီးကြီး အဆင်ပြေတယ်…"

စာအုပ်ဆိုင်က အလွန်သေးငယ်ပြီး ရှေ့မျက်နှာစာ (၆) မီတာခန့်သာ ရှိသည်။ အထဲကို ဝင်သွားပြီးနောက် စာအုပ်ဆိုင်၏ တစ်ဖက်ဆီတွင် မြင့်မားသော စာအုပ်စင်(၂)ခုသာ ရှိကြောင်း တွေ့လိုက်ရသည်။

ဆိုင်၏တခြားတစ်ဖက်တွင်တော့ အနက်ရောင်ဝတ်စုံ ဝတ်ထားသော လူငယ်တစ်ယောက် ထိုင်နေသည်။ သူက မျက်လုံးမှိတ်ထားပြီး တင်ပျဉ်ခွေထိုင်၍ အနားယူနေခဲ့၏။ သူ့လက်ထဲတွင်တော့ ခေါက်ယပ်တောင်တစ်ချောင်း ရှိနေခဲ့ပြီး သူက လက်ဖဝါးနှင့် ညင်သာစွာ ခေါက်နေခဲ့သည်။

ထိုလူငယ်ဆိုင်ရှင်က ချောမောခန့်ညားသော ရုပ်ရည် ရှိသည်။ သို့သော် သူက လမ်းတလျှောက်တွင် တွေ့ခဲ့သော ကုန်သည်များ၊ ဆိုင်ရှင်များကဲ့သို့ ကြေးနီရောင် အသားအရည်မျိုး မဟုတ်ချေ။

သူ့ကိုမြင်သည့်အခါ ကျူးလုက ချက်ချင်းလှုပ်ရှားသွားခဲ့၏။ မြို့ငယ်လေးထဲရှိ လမ်းဘေးဈေးထဲတွင် ထိုကဲ့သို့ သန့်ရှင်းသပ်ရပ်သေ ာလူတစ်ဦးကိုတွေ့ရလိမ့်မယ်လို့ သူမလည်း ထင်မထားခဲ့ပေ။

သွားစားပွဲတောင်၏ တောင်တန်းသခင်က အချုပ်အနှောင်များမှ လွတ်မြောက်လာပြီးနောက် ငယ်ရွယ်သော ရုပ်ရည်ကို ပြန်ရလာခဲ့သော်လည်း သူကတော့ အရပ်ပုပု အသက်ကြီးကြီးရုပ်ရည်မှ ပြောင်းလဲလာခဲ့ခြင်းဖြစ်သည်။ ထိုအချိန်တွင် ကျူးလု၏ ရင်ထဲတွင်တော့ ဆံပင်စုတ်ဖွားနှင့် ပုံသဏ္ဍာန်သာ ပေါ်လာခဲ့သည်။

လက်ရှိအချိန်တွင်တော့ ထိုဆိုင်ရှင်ငယ်လေးအပေါ် သူမက ပထမဆုံးအမြင်က လုံးဝကို ဆန့်ကျင်ဖက် ဖြစ်နေခဲ့၏။ ကျူးဟယ်ကလည်း အံ့ဩပြီး ဇဝေဇဝါဖြစ်နေခဲ့သည်။ ထိုလူက ပျက်ဆီးနေသော ကလန်တစ်ခု သို့မဟုတ် ဂိုဏ်းတစ်ခုမှ လူတစ်ယောက်ပေလော။ သူ့ပုံစံက လီကလန်မှ သခင်လေး(၂) ယောက်ထက် နိမ့်ကျနေခြင်း မရှိပေ။

သူက မျက်လုံးမဖွင့်ဘဲ ‌ပျင်းရိနေသော လေသံဖြင့် ပြောလိုက်သည်။ "ငါ့ရဲ့စာအုပ်ဆိုင်ထဲမှာ ဈေးဆစ်လို့မရဘူး။ မင်းတို့က ဒီစာအုပ်ကနေ အကျိုးအမြတ်ရှိတာမရှိတာက မင်းတို့အရည်အချင်းပေါ်ပဲ မူတည်တယ်…."

"ဒီစာအုပ်ဆိုင်က မြို့ငယ်လေးထဲမှာ တစ်ဆိုင်ပဲ ရှိတယ်။ ငါတို့မြို့ထဲကို ဖြတ်သွားတဲ့ စာသင်သားတိုင်းက ဒီဆိုင်ကို အမြဲတမ်းလာလည်တတ်တယ်။ ဒါပေမယ့် ဆိုင်ရှင်က တော်တော်လေး ထူးဆန်းတယ်။ သူက ဈေးကွက်တန်ဖိုးထက် ပိုပြီးတော့ ဈေးကြီးကြီးနဲ့ ရောင်းတယ်။ သူက ဆိုင်ထဲကနေ ဈေးဝယ်သူကိုတောင် ကန်ထုတ်ရဲတယ်။ သူက ဝယ်သူရဲ့အဆင့်အတန်းကို လုံးဝဂရုမစိုက်တဲ့ လူတစ်ယောက်ပဲ….”

“တစ်ချိန်တုန်းကဆိုရင် ဘဏ္ဍာရေးဌာနက အရာရှိတစ်ယောက်က လျှို့ဝှက်ပြီး ခရီးသွားလာခဲ့တယ်။ ပြီးတော့ သူက ကျွန်တော့ရဲ့ ခေါင်းအုံးဆက်သွယ်ရေးစခန်းမှာနေဖို့ ရွေးချယ်ခဲ့တယ် ။ သူက ဒီဆိုင်က စာအုပ်တစ်အုပ်ကို သဘောကျသွားတဲ့အတွက် ဈေးနှုန်း ငွေစ(၃၀၀) ကို ငွေစ(၅၀)နဲ့ ဈေးဆစ်ဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့် သူကတော့ ဆိုင်ထဲကနေ ချက်ချင်း ကန်ထုတ်ခံလိုက်ရတယ်….”

‘သူက ချက်ချင်း မျက်နှာပျက်သွားပြီး ဆက်သွယ်ရေးစခန်းကို ပြန်ရောက်တဲ့ထိတောင် တည်ငြိမ်အောင် မကြိုးစားနိုင်ခဲ့ဘူး။ သူက အဲဒီစာအုပ်ဆိုင်ကို ပိတ်ပစ်ဖို့ ရုံးတော်အထိ အမိန့်ပေးဖို့ စဉ်းစားခဲ့တယ်။ ဒါပေမယ့် သူက အဲဒီစာအုပ်ဆိုင်ကို အလွတ်ပေးခဲ့တယ်။ သူက ဒီကိစ္စကြောင့် နာမည်ဆိုးမထွက်ချင်တာလဲ ဖြစ်မှာပေါ့…"

ကျူးဟယ်က နားလည်သည့် အမူအရာနှင့် ခေါင်းညိတ်ပြလိုက်သည်။

ထိုလူက စည်းမျဉ်းများကို ခေါင်းမာစွာ လိုက်နာပြီး လူအများနှင့် မည်သို့လိုက်လျောညီထွေနေရမည်ကို နားမလည်‌သော ကွန်ဖြူးရှပ်စာသင်သား တစ်ယောက် ဖြစ်နိုင်ချေများသည်။

ဒုတိယသခင်လေးကတော့ တည်ငြိမ်နေသည့် အချိန်အတောအတွင်း အတွေးအခေါ်များ တည်ငြိမ်စွာ ဆွေးနွေးနေသော သူများကို အရူးများကဲ့သို့ သတ်မှတ်တတ်သည်။ ထိုအရာက ဒုက္ခရောက်နေချိန် သေခြင်းတရားကသာ သစ္စာရှိမှုကို ပြသနိုင်သည့်သဘော ဖြစ်၏။ တာ့လီအင်ပါယာက နှစ်ပေါင်း (၂၀၀)အတွင်း ထိုကဲ့သို့ဖြစ်လာမည်ဟု ဒုတိယသခင်လေးက အပြုံးနှင့်ပြောခဲ့ဖူး၏။ ရလဒ်အနေနှင့် ကျူးဟယ်က စာသင်သားများကို သဘောမကျတော့ပေ။

ဖယောင်းတိုင်နီမြို့ကို ဖြတ်သန်းသွားရသော ပင်မလမ်းမကြီး (၃)ခုထဲမှ တစ်ခုက တောင်ပိုင်းမှနေ၍ တာ့လီမြို့တော်ဆီကို ဦးတည်နေသော လမ်းမဖြစ်သည်။ မြောက်ဖက်ကို ခရီးနှင်ပြီး မြို့တော်နှင့် တခြားမြို့ကြီးများကို သွားရောက် လည်ပတ်ချင်နေသော လူချမ်းသာ ကုန်သည်များနှင့် အရာရှိများက ထိုလမ်းကို ရွေးချယ်တတ်ကြသည်။

အခြားသောလမ်း(၂)ခုက ပို၍ကျယ်သော်လည်း လမ်းတစ်လျှောက်တွင် ရှိနေသော ဆက်သွယ်ရေးစခန်းများက အတော်လေးကို အလုပ်ရှုပ်ပြီး စာပို့ရသည်မှာ ခက်ခဲသည်။ အကယ်၍ အစွမ်းထက်သော နောက်ခံအင်အားမျိုးသာ မရှိလျှင် သူတို့က ထိုဆက်သွယ်ရေးစခန်းများတွင် တည်းရန် အခန်းတစ်ခု ရှာဖွေရန် မပြောနှင့်၊ ဝင်ရန်ပင် လုံးဝမဖြစ်နိုင်ခဲ့ပေ။

နှစ်စဉ်နှစ်တိုင်း အရာရှိများ ချမ်းသာကြွယ်ဝသော ကုန်သည်များက ထိုအခြေအနေကို နားမလည်ခဲ့သည့်အတွက် အရှက်ကွဲရသည့် အခြေအနေများလည်း ရှိသည်။ မြို့တော်သို့ နန်းတွင်း စာမေးပွဲဖြေရန် ခရီးသွားလာသော စာသင်သားများကလည်း ထိုလမ်းကြောင်းကို ရွေးချယ်တတ်ကြသည်။

အဘယ်ကြောင့်ဆိုသော် သူတို့က အရာရှိ မဖြစ်သေးခြင်းကြောင့် ဖြစ်သည်။ ရံဖန်ရံခါ သူတို့က (၂)ယောက်၊ (၃)ယောက် ခရီးသွားလာကြသည့်အတွက် တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ကာ ရှုခင်းများကို ခံစားနိုင်လာကြသည်။

တောင်ပိုင်းသို့ နယ်နှင်ဒဏ်ပေးခံရသော အရာရှိများကလည်း သူတို့နေထိုင်ခဲ့သည့် အခန်းများထဲတွင် ကဗျာများ၊ စာများကို ရေးသားထားတတ်ကြသည်။ သူတို့က‌ဖယောင်းတိုင်နီမြို့ကို ဖြတ်သွားသော လမ်းမကြီးမှ သွားရန် သဘောကျကြ၏။ ထို့ကြောင့် ခေါင်းအုံးဆက်သွယ်ရေးစခန်းထဲ၌ ရှိနေသော အခန်းထဲတွင် စာသင်သားများ ၊ အရာရှိများ စိတ်ဓါတ်ကျနေသည့် စကားလုံးများ ပြည့်နှက်နေခဲ့သည်။

လီပေါင်ဖျင်က ခေါင်းလေးစောင်းပြီး သင့်တော်သော စာအုပ်တစ်ခုကို စတင်ရှာဖွေနေခဲ့သည်။ သူမက ဟိုဟိုဒီဒီ လှည့်ပတ်ကြည့်ရှုနေခြင်း မရှိပေ။ သူမက တခဏအတွင်း ပြီးဆုံးသွားခဲ့၏။

ရံဖန်ရံခါ သူမက စာအုပ်တစ်အုပ်ကို ဆွဲယူပြီး စာမျက်နှာအနည်းငယ်ကို ဖတ်ရှုတတ်သည်။ သဘောမကျသော စာအုပ်များကို ပြန်ထားတတ်၏။ နောက်ဆုံးတွင်တော့ သူမက ငွေစ (၃၀၀) တန်ကြေးရှိသော ခရီးသွားမှတ်တမ်းစာအုပ်ကို ယူလိုက်သည်။

သူမက ထိုမျှများပြားသော ပမာဏကို သုံးရသည့်အတွက် အတော်လေး နှမြောမိသော်လည်း အမှန်တကယ် သဘောကျနေခဲ့၏။ သူမက ဦးလေးငယ်ကို လှည့်ကြည့်လိုက်ရာ အပြုံးနှင့် ခေါင်းညိတ်ပြသည်ကို တွေ့လိုက်ရသည်။

လင်းရှို့ယီကတော့ စနစ်တကျ ကြည့်နေခဲ့၏။ သူက စာအုပ်စင်၏ ဘယ်ဘက်မှ ညာဘက် ၊ အပေါ်ဘက်မှ အောက်ဘက်ကို ရှာဖွေနေခဲ့ခြင်းဖြစ်သည်။ သူက စာအုပ်တစ်အုပ်ကို ယူလိုက်သည့် အချိန်တိုင်း စာအုပ်ခေါင်းစဉ်မှနေ၍ စဖတ်သည်။ သူက စာအုပ်အတွင်းပိုင်းကို အနည်းငယ် လှန်ဖတ်ကြည့်ပြီးနောက် စာရေးသူ နာမည်မပါသော ဖုန်းရွှေစာအုပ်တစ်ခုကို သဘောကျသွားခဲ့၏။ ထိုစာအုပ်က ကြေးပြား(၄၀၀)တန်ကြေးရှိသည်။ ချန်းပင်အန်းကလည်း လင်းရှို့ယီ၏တောင်းဆိုမှုကို သဘောတူလိုက်၏။

စာအုပ်ဆိုင်ထဲသို့ ဝင်လာပြီး ဆူညံနေသည့် လမ်းမများပေါ်မှ လွတ်မြောက်လာသည့်အတွက် လီဟွိုင်က မူလပုံစံကို ပြန်ရောက်သွားခဲ့သည်။ သူက မြင်းဇောင်းထဲမှ လွတ်လာသော မြင်းရိုင်းတစ်ကောင်ကဲ့သို့ ဖြစ်နေ၏။ သူက အဖွဲ့ထဲတွင် အငယ်ဆုံး အရပ်အပုဆုံးဖြစ်သည့်အတွက် အိုက်လျန်၏ ပုခုံးပေါ်တွင် ထိုင်ပြီး စာအုပ်ရွေးရန် တောင်းဆိုခဲ့သည်။

အိုက်လျန်က လီဟွိုင်၏ တောင်းဆိုချက်ကို သဘောတူလိုက်သော်လည်း အကယ်၍ သူသာ ဝယ်ရန် စာအုပ်တစ်အုပ် မရွေးလျှင် လမ်းပေါ်၌ ပစ်ချထားမည်ဟု ခြိမ်းခြောက်ခဲ့သည်။ အဆုံးတွင်တော့ လီဟွိုင်က အားမွေးပြီး စာအုပ်စင်၏ အမြင့်ဆုံးတွင် ရှိနေသော စာအုပ်တစ်အုပ်ကို ယူလိုက်သည်။

ထိုစာအုပ်က ငွေစ (၉) စနှင့် ကြေးပြား(၂) ပြား တန်ကြေးရှိသည်။ ဈေးနှုန်းကို မြင်သည့်အခါ လီဟွိုင်က စာအုပ်ကို ကြောက်လန့်တကြား ပြန်ထားရန် ဟန်ပြင်လိုက်၏။ သို့သော် သူ၏ဖရိုဖရဲ လှုပ်ရှားမှုကြောင့် စာအုပ်က ပြုတ်ကျသွားခဲ့၏။

ဆိုင်ရှင်လူငယ်က မျက်လုံးဖွင့်ပြီး ကြမ်းပြင်ပေါ်က စာအုပ်ကို ကြည့်လိုက်သည်။

"မင်းကြောင့် စာအုပ်ပျက်စီးသွားပြီ။ မင်း ဒီစာအုပ်ကို ဝယ်ရမယ်။ ဒါက အသစ်ထုတ်ဝေထားတဲ့ ရေပြတ်တောင်ထိပ် စာအုပ်ပဲ ။ ငွေစ (၉) စနှင့် ကြေးပြား(၂)ပြား…"

လီဟွိုင်က လူစိမ်းကို စကားပြန်ပြောရဲခြင်းပင် မရှိပေ။ ထို့ကြောင့် သူက မျက်နှာပျက်ပျက်နှင့် ချန်းပင်အန်းကို လှည့်ကြည့်လိုက်၏။

"တကယ်လို့ ငါ ဝယ်ပေးမယ်ဆိုရင် မင်းက ဖတ်မှာလား…"

ချန်းပင်အန်းက မေးလိုက်၏။

လီဟွိုင်က ခေါင်းညိတ်ပြလိုက်သည်။

ချန်းပင်အန်းက အပြုံးနှင့် ပြောလိုက်၏။

"ဒါဆိုလည်း ငါ မင်းအတွက် ဝယ်ပေးမယ်…"

"ချန်းပင်အန်း …

မင်းအတွက်ရော စာအုပ်တစ်အုပ် မဝယ်ဘူးလား…"

အိုက်လျန်က မေးလိုက်သည်။

ချန်းပင်အန်းက ခေါင်းခါပြီး ပြောလိုက်၏။

"ကျွန်တော်က စကားလုံးတွေကို မှတ်မိရုံပဲ ရှိသေးတယ်။ စာအုပ်ဝယ်တော့ရော ဘာများထူးမှာလဲ…"

ကျူးဟယ်က သူ့သမီးကို လှည့်ကြည့်ပြီး မေးလိုက်သည်။

"သမီး ဝယ်ချင်တဲ့စာအုပ်ရော ရှိလား…"

ကျူးလုက စာအုပ်ဆိုင်၏ ဝင်ပေါက်တွင်သာ တချိန်လုံး ရပ်နေခဲ့သည်။ သူမက စာအုပ်စင်(၂) ခုကို လှည့်ကြည့်ပြီး ခေါင်းခါပြလိုက်၏။

ဆိုင်ရှင်လူငယ်ကတော့ ချန်းပင်အန်းဆီမှ ငွေလက်ခံရန် မတ်တပ်ရပ်လိုက်သည်။ သူ့ဆံပင်များကို ရင်းတိုက်သား ဆံထိုးတစ်ခုနှင့် ချည်နှောင်ထားပြီး လက်ထဲတွင် ကိုင်ထားသော ခေါက်ယပ်တောင်ကလည်း အရိုးဖြူကဲ့သို့ ဖြစ်နေသည်။

သူက အနီဝတ် ကလေးမလေးနှင့် တစ်ယောက်တည်း သီးသန့်နေသော ကောင်လေးတို့ကို တလှည့်ဆီ စိုက်ကြည့်နေခဲ့၏။ နောက်ဆုံးတွင်တော့ ရေပြတ်တောင်ထိပ် စာအုပ် ကိုင်ထားသော ကောင်လေးကို ကြည့်လိုက်၏။ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာခဲ့သည်။

အိုက်လျန်က ရယ်လိုက်၏။ စာအုပ်ဆိုင်ထဲမှ ထွက်လာပြီးနောက် ချန်းပင်အန်းတို့က မြစ်ကြည့်လမ်းမဆီသို့ လျှောက်လာခဲ့ကြသည်။

ကျူးဟယ်က တစ်စုံတစ်ခုကို ခံစားမိသည့်အတွက် နောက်ပြန်လှည့်ကြည့်လိုက်ရာ ဆိုင်ရှင်လူငယ်က တံခါးဝတွင် မှီ၍ရပ်နေပြီး သူတို့ကို လိုက်ကြည့်နေကြောင်း တွေ့လိုက်ရ၏။ ကျူးဟယ်၏ အကြည့်ကို သတိထားမိသည့်အခါ အသိအမှတ်ပြုသည့်အနေဖြင့် သူက ခေါင်းညိတ်ပြလိုက်သည်။

ကျူးဟယ်က ပြန်လှည့်လာပြီး မျက်မှောင်ကြုတ်လိုက်မိသည်။ လမ်းကြားလေးထဲမှ ထွက်လာပြီးနောက် သူက အိုက်လျန်၏ဘေးသို့ အလျင်အမြန် လျှောက်လာပြီး မေးလိုက်သည်။

"စီနီယာအိုက်လျန်…

ဒီဆိုင်ရှင်က တစ်ခုခုထူးဆန်းနေတာလား…"

အိုက်လျန်က သူ၏ဝါးဦးထုပ်ကို ပြန်တည့်လိုက်ပြီး ထူးဆန်းသော စကားတစ်ခုကို ပြောလိုက်သည်။

"သူနှင့် ယှဉ်လိုက်မယ်ဆိုရင် တကယ့်အစစ်အမှန် ပြဿနာက ငါတို့ရှေ့မှာ ရှိနေသေးတယ်။ ဒါပေမယ့် ဒါက မင်းတို့နဲ့တော့ မဆိုင်ပါဘူး…"

…………….

လှုပ်ရှားတည်ငြိမ်မြစ်ထဲတွင် ရှိနေသော မြစ်ရေများက အကြမ်းတမ်းဆုံးဖြစ်ပြီး ထိုမြစ်ထဲတွင် လျှို့ဝှက်ကျောက်တန်းများနှင့် အန္တရာယ်သဲသောင်ပြင်များ ရှိနေသည့်အတွက် နန်းတွင်းထဲတွင်ပင် အလွန်နာ‌မည်ကျော်ကြားသည်။

ရေထဲမှ ထိုးထွက်လာနေသော အရွယ်အစားမျိုးစုံ‌ ကျောက်တန်းများ ရှိနေသည်။ သူတို့ကိုတော့ လူအများက နွေဦးရာသီတွင် ထိုးထွက်လာသော မျှစ်စို့များဟု သတ်မှတ်ခေါ်ဆိုကြသည်။ သေးငယ်ပြီး လျင်မြန်သွက်လက်သည့် လှေငယ်လေးများကသာ ထိုကျောက်တိုင်ဝင်္ကပါကို ဖြတ်သန်းသွားနိုင်ကြသည်။

ပိုကြီးသော လှေကြီးများကတော့ ဖြတ်သန်းသွားရန် အလွန်ခက်ခဲ၏။ မြစ်ထဲတွင် ကြီးပြင်းလာသော လှေသမားများကပင် ထိုမြစ်ကို လှေဖြင့် မဆင်မခြင် မဖြတ်ရဲကြပေ။ အမှန်အတိုင်း ပြောရလျှင် ဤနေရာ၏ ဂုဏ်သတင်းကိုကြားပြီး ရောက်လာကြသော စာသင်သားများက ငွေကြေးများစွာပေးမှသာ လုပ်‌ဆောင်ခဲ့ကြသည်။ ထို့ကြောင့် ‘စာရွက်လို ပါးလွှာတဲ့လှေနဲ့ သံတုံးလို ကြံ့ခိုင်တဲ့ လှေသမား’ ဟူသော စကားပေါ်လာရသည်။

ထိုမြစ်ထဲတွင် ရှိနေသော ကျောက်တိုင်များကို ဖြတ်ကျော်ရန် ကြိုးစားရာမှ နှစ်စဉ်နှစ်တိုင်း လှေသမားများနှင့် အပြင်လူများစွာ အသက်ဆုံးရှုံးသွားခဲ့ကြရသည်။ ယနေ့ညတွင် လူများစွာက လှုပ်ရှားတည်ငြိမ်မြစ်ထဲတွင် သွားလာနေကြ၏။

ကြမ်းတမ်းခက်ထန်သော မြစ်ရေက ကျောက်တိုင်များကို ဆက်တိုက် ရိုက်ခတ်နေသော်လည်း ထိုကျောက်တိုင်များပေါ်တွင် ခန္ဓာကိုယ်အပေါ်ပိုင်းဗလာနှင့် လူတစ်ယောက် ထိုင်နေခဲ့သည်။ သူက ဘာမျှမရှိသော အရက်အိုးကို မြစ်ထဲသို့ လွင့်ပစ်လိုက်၏။ သူ့ဘေးတွင်တော့ မဖွင့်ရသေးသော အရက် (၃) အိုးရှိနေခဲ့သည်။

အဝေးတွင်တော့ အနီရောင်တစ်စက်က အနားကို ရောက်လာခဲ့၏။ ထိုအရာက လက်ထဲတွင် အလွန်ကြီးမားသော အနီရောင်မီးအိမ်ကို ကိုင်ထားသည့် ခါးကုန်းကုန်းအဘိုးအို တစ်ယောက် ဖြစ်သည်။ ကျောက်တိုင်ပေါ်သို့ ခြေနင်းလိုက်ပြီးနောက် သူက ရေပြင်ပေါ်တွင် ပုစဉ်းတစ်ကောင်ကဲ့သို့ ပျံသန်းလာခဲ့၏။

အစွမ်းထက်သော လူတစ်ယောက်ကလည်း ကောင်းကင်ပေါ်မှ ရုတ်တရက် ကျဆင်းလာပြီး ကျောက်တိုင်ပေါ်တွင် ဆင်းသက်လိုက်သည်။ သူဆင်းသက်လိုက်သည့် အရှိန်ကို ခံနိုင်ရည်မရှိသည့်အတွက် ကျောက်တိုင်ကြီးက အပိုင်းပိုင်း ကွဲထွက်သွား၏။ သို့သော် ထိုလူကတော့ မြစ်ထဲတွင် ထိုကဲ့သို့ ရပ်နေခဲ့သည်။

တစ်နေရာတွင်တော့ သက်လတ်ပိုင်း အမျိုးသမီးတစ်ယောက်က အေးအေးဆေးဆေး အမူအရာနှင့် ရေစီးကြောင်းကို ဆန့်ကျင်၍ လျှောက်လာသည်။ သူမ၏ ခေါင်းပေါ်တွင်တော့ စွတ်စွတ်ဖြူနေပြီး လက်သီးဆုပ်အရွယ် ပုလဲလုံးလေး တစ်လုံး လွင့်မျောနေခဲ့၏။

ထိုပုလဲလေးက မြစ်ကြမ်းပြင်တစ်ခုလုံးကို တောက်ပသော အလင်းရောင်များ ဖြာကျနေခဲ့သည်။ ထို့ကြောင့် မြစ်ကြမ်းပြင်တစ်ခုလုံး နေ့အချိန်ကဲ့သို့ ထင်မှတ်ရ၏။ သူမက ပျင်းရိနေသော အမူအရာနှင့် ပြောလိုက်သည်။

"ငါက ဒီမြစ်ကို ကီလိုမီတာ (၅၀၀)လောက် ဖြတ်ပြီး လျှောက်လာခဲ့တယ်။ ဒါပေမယ့် ရတနာတစ်ခုမှ မတွေ့ဘူး။ ဘယ်သူက တန်ဖိုးရှိတဲ့ရတနာရှိတယ်လို့ ငါ့ကို ပြောခဲ့တာလဲ…"

ကျောက်တိုင်ပေါ်တွင် အရက်သောက်နေသောလူက မြစ်အောက်ခြေကိုကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။

"ငါတို့ရဲ့သခင်က ဖယောင်းတိုင်နီမြို့ကို ရောက်နေပြီ…"

အဘိုးအိုကလည်း သူ၏အနီရောင်မီးအိမ်ကို လှုပ်ရမ်းပြီး ‌အက်ရှရှလေသံဖြင့် ရယ်လိုက်၏။

"သခင်က တစ်ယောက်တည်း ရောက်လာတာလား။ ဒါဆိုရင် ဘာလို့ ငါတို့(၄)ယောက်ကို ခေါ်လိုက်ရတာလဲ။ ဒီမှာထိုင်ပြီး သူနဲ့အတူ အရက်သောက်ဖို့လား.."

အရက်သောက်နေသောလူက အရက်တစ်ငုံသောက်လိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"အဲဒီလိုဖြစ်ဖို့ မျှော်လင့်ရတာပဲလေ…"

Translated by Hein Htet.

All Chapters